ဇရာအို ဗျာပိုမျက်ကန်း

ကျုပ်က အသက်ကြီးပြီ..သမီးရဲ့သား
ကျုပ်မြေးလေးကို ကျုပ်မသေခင် လှူချင်သေး။
ကျုပ်တုံးကလည်း မလှူခဲ့ရ သားမွေးတော့လည်း
အလှူက ဝေလာဝေးခဲ့ရတဲ့ဘ၀တွေ…….။

တစ်နေ့ တစ်နေ့ ရှာလိုက်ရတဲ့ငွေတွေ..
လုပ်လိုက်ရတဲ့အလုပ်တွေ..
ကောင်းတာတွေရော မကောင်းတာတွေပါ
ကျေနပ်တာတွေရော မကျေနပ်တာတွေလဲပါ
လူဘ၀ဆိုတာ ခဏကလေးပါလို့ပြောကြပေလို့သာ
ဘယ်တော့မှ မသေကြဘူးဆိုရင်
ပင်လယ်ရေတွေခမ်းကုန်အောင် ၀ိုင်းလို့ လုသောက်ကြမှာ…။

လက်ရှိ့ဘ၀ကို ကျေနပ်နေတယ်ဆိုတာ အရှားသား
ကိုယ့်ထက်သာ မနာလို ၀န်တိုစိတ်တွေကြောင့်
ဒေါသမုန်းတိုင်းကြားမှာ သောကလှေကိုစီးပြီး
ဆင်သေကောင်ကြီးကို တကမ္ဘာမှတ်လို့
ပင်လယ်ထဲအထိ လိုက်မိလာတဲ့ ကျီးမိုက်..။

ဘယ်မှာလဲ အချစ်၊ ဘယ်မှာလဲ ငါ့ဇနီး၊ငါ့သားသမီးမြေးလို့
ကမ်းစပ်ကိုမှန်း တောင်ပန်တဖျန်းဖျန်းခပ်ပြန်နေတဲ့
ကျီးမိုက်..(ကြီးတဲ့အထိ ဆက်တိုက်မိုက်နေတဲ့ ကျုပ်ကို)
အိုချင်းဆိုး၊နာချင်းဆိုး၊သေချင်းဆိုး တွေက
ဟားတိုက်ရယ်မောလို့ ကြိုဆိုနေကြလေပြီ……..။

ရွှေလမ်းငွေလမ်းဝင်းကြည် (27-4-2009)နံနက်၉း၄၅ ရေး၏။