ဘ၀ကို နေ့ပြန်တိုးပေး၍

ဘ၀ကို နေ့ပြန်တိုးပေး၍

ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

တစ်နေ့လုပ်မှ တစ်နေ့စား
ယောင်္ကျားက ဆိုက်ကားသမား
မိန်းမက ဟင်းရွက်သည်
သား၊သမီး ကလေးတွေ တစ်ကြိတ်နဲ့
အဖေ၊အမေပြန်မလာမီ တစ်ရေးအိပ်လို့စောင့်ကြရ။

အဖေမှာ ဆိုက်ကား အုံနာခ(၅၀၀)ကျပ်ကိုအရင်ရှာ
ပိုတဲ့ငွေ နဲ့ ဆန်ဝယ် ဆီဝယ်
ညနေစောင်းလို့ အိမ်ကို အပြေးပြန်ခဲ့ရတယ်။

အမေဟင်းရွက်သည် နွမ်းလျှတဲ့ကန်ဇွန်းရွက်ကို
ရေလုံပြုပ်၊ ခေါင်းတစ်ရာသား ငါးအိုးကပ်ဟင်းကိုတည်
အရင်း အနှီးငွေက တစ်ရာကို နှစ်ဆယ်အတိုးနဲ့
ဈေးဂေါင်းကတော် မစိန်ချယ်ဆီက နေ့ပြန်တိုးချေးရပါတယ်။

အာဂ ဟင်းရွက်သည် သားသမီးတွေရှင်ပြုဖို့
တစ်ရက် ငွေငါးဆယ်နဲ့ နှစ်တော်တော်ကြာအောင်စုခဲ့တယ်
တတ်အားသမျှ ဒါန သီလ ဘာဝနာကို လက်ကိုင်ပြုထားတယ်
သာရေး၊နာရေး လူမှုရေးဆိုလည်း ပန်းကန်ဆေး၊ခွက်ဆေးကူညီပါတယ်။

ဆိုက်ကားဆရာနဲ့ ဟင်းရွက်သည် သားရှင်ပြုတဲ့နှစ်မှာ
နေကြပ်၊ လကြပ်တဲ့နှစ်၊စီးပွားရေးကြပ်တဲ့နှစ်
အလှူမှ ဓာတ်စက်က သားအဇာတသတ်မင်းက
ထီးနန်းအပ်တဲ့ ဖခင် ဗိမ္မိသာရမင်းကိုအပြတ်ရှင်းဇာတ်ထုပ်ကိုဖွင့်။

အင်း.. ရာထူး အာဏာရှိသူ ငွေအသပြာချမ်းသာသူများ
လောဘ အတောမသတ်ကြ ။အဖေကိုတောင် အရှင်မထားချင်ကြ
ဒင်း တို့ဘ၀နဲ့ ငါတို့ဘ၀၊ ဘာနဲ့မှ နှိုင်းယှဉ်လို့မရ
နေ့ပြန်တိုးချေး၍ လှူတဲ့ ကျွန်တော်၊ကျမတို့အလှူမှ
အမျှ..အမျှ..အမျှ ………………………………………
သာဓု..သာဓု..သာဓု ခေါ်ဆိုနိုင်ပါလေစ…………………………………..။

(လူဆင်းရဲသော်လည်း…ဘ၀အသိနဲ့ချမ်းသာနေကြသူများကို ဂုဏ်ပြုပါသည်။)


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၃၁)ရက်၊ည(၁၀း၃၁)ရေးသည်။
 

လောကဓံ ထဲမှ လူသုံးမျိုး

လောကဓံ ထဲမှ လူသုံးမျိုး

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်


လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်

ဒီလောကဓံပုံပြင်စာတမ်းလေးနဲ့ပဲ ဒီနေရာမှ နှုတ်ဆက်ခဲ့ပါတယ်။ မြန်မာပြည်မှာ အခြေအနေပေးလို့၊ ဘလော့လည်းဖွင့်ရလို့ အခွင့်ကြုံရင်တော့ ရေးရအုန်းမှာပေါ့လေ။ လူတိုင်းဟာ ဘ၀ရဲ့ လောကဓံနဲ့ မကင်းနိုင်ပါဘူးနော်.။ အဲဒီတော့ ဒီလောကဓံ ပုံပြင်လေးကို ဖတ်ပြီး...စာဖတ်သူ သူငယ်ချင်းးများ ဘ၀ရဲ့ လောကဓံအထွေထွေကို အပြုံမပျက် ရင်ဆိုင် ကျော်လွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း

လူမုံလာဥ၊ လူကြက်ဥနဲ့ လူလက်ဖက်ခြောက်
တစ်ခါက ဤလောကရဲ့ တစ်နေရာမှာ သားအဖနှစ်ယောက် ရှိလေသတဲ့။
တစ်နေ့မှာ သမီးလုပ်တဲ့သူက ဖအေကို တိုင်တည်တယ်။ သူ့ဘ၀မှာ အဆင်မပြေတာတွေက များနေတယ်ပေါ့။ ဘာလုပ်လုပ် အဆင်မပြေတာတွေချည်းမို့ အားကပျက်နေပြီး အရာရာကို လက်လျှော့လိုက်ချင်စိတ်က ပေါက်နေပြီ ဖေဖေရယ်။ တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာ မောလှပါပြီ။ ပန်းလှပါပြီရှင်။ ပြဿနာတစ်ခု ပြေလည်သွားလို့မှ မနားရသေးဘူး၊ နောက်ထပ် ပြဿနာတစ်ခုက ထပ်တက်လာနဲ့၊ ဘ၀ဆိုတာ ဒုက္ခတွင်းကြီးထဲ စောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်။ သမီးတော့ စိတ်ညစ်တယ်။ လူတောင်ဆက်မလုပ်ချင်တော့ဘူး ဘာညာစသဖြင့် ဖအေကို တိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့သူက စားဖိုမှူးကြီးပါ။
သမီးကလည်း အဲသလို ညည်းညူတိုင်တည်လာရော ဖအေက ဘာမပြောညာမပြောနဲ့ သမီးကို လက်ဆွဲပြီး မီးဖိုချောင်းထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့ အိုးသုံးလုံးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တည်လိုက်တယ်။ မကြာပါဘူး၊ မီးတွေကပြင်းတော့ သုံးအိုးစလုံးထဲက ရေတွေ ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုံလာဥတွေထည့်၊ နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့ လက်ဖက်ခြောက်တွေ ထည့်လိုက်ပါတယ်။
ပြီးတော့ အိုးတွေကို သည်အတိုင်း ဆက်တည်ထားလိုက်တယ်။ စကားတော့ တစ်လုံးမှာမပြောဘူး။


သမီးလုပ်တဲ့သူက ဖေဖေ့နှယ် ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်း စိတ်ကတယ်မရှည်ချင်ဘူး။ ဒါပေမယ့် ဘာကိုမဆိုအကြောင်းမဲ့ မလုပ်တတ်တဲ့ ဖအေ့အကြောင်းကို သိထားတော့ အံကလေးတင်းရင်း စိတ်မရှည်စွာနဲ့ပဲ စောင့်နေရပါတော့တယ်။


ဆယ်မိနစ်လောက်ကြာတော့ ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကို သတ်လိုက်ကြီး ပထမအိုးထဲက မုံလာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်၊ နောက်တစ်အိုးထဲက ကြက်ဥတွေကိုလည်း ဆယ်ပြီး တစ်ခြားပန်းကန်တစ်လုံးထဲထည့်တယ်။ နောက်ဆုံးအိုးထဲက လက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။ ပြီးတော့မှ သမီးဘက် လှည့်တဲ့ပြီး မေးလိုက်တယ်။
“ကဲ…သမီးလေးရေ၊ ဒါတွေက ဘာတွေလဲ…”
“မုံလာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ”
သမီးက အဲလိုဖြေလိုက်တော့ ဖအေက သမီးကို သူ့နားလာခိုင်းပြီး မုံလာဥတွေကို စမ်းခိုင်းတယ်၊ သမီးက ဖအေခိုင်းတဲ့အတိုင်း မုံလာဥပြုတ်တွေကို ဇွန်းနဲ့ ထိုးကြည့်လိုက်ပြီးတဲ့နောက် “ဖေဖေ့ မုံလာဥတွေကလည်း ပျော့ပြဲနေပြီ…”လို့ပြောလိုက်ပါတယ်။
ဖအေက သမီးစကားကို အမှုမထားဘဲ ကြက်ဥပြုတ်တစ်လုံးကို ယူပြီး သမီးကို ခွဲခိုင်းပြန်တယ်၊ အပေါ်က အကာကိုခွါလိုက်တဲ့အခါမှာတော့ ကောင်းကောင်းကြီးကျက်နေပြီးဖြစ်တဲ့ ကြက်ဥပြုတ်ပေါ့။
နောက်ဆုံးမှာတော့ ရေနွေးကြမ်းကို မြည်းကြည့်ဖို့ ဖအေက ခိုင်းလိုက်ပြန်တယ်။ သမီးလုပ်တဲ့သူက ပြုံးလိုက်ရင်းကနေ ဖအေခိုင်းတဲ့အတိုင်း အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးကြမ်းပူပူကို တဖူးဖူးမှုတ်လို့ မြည်းလိုက်ရပါတယ်။ အင်မတန်မွှေးပျံ့ပြီး အရသာရှိတဲ့ လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း သတိထားလိုက်မိတယ်။
“ဖေဖေ ဘာကို ပြောချင်တာလဲဟင်….”
လက်ဖက်ရည်ကြမ်းကို အရသာခံရင် သမီး မအောင့်နိုင်တော့ဘဲ မေးလိုက်မိပါတော့တယ်။


ဖအေက ရှင်းပြတယ်။
“မုံလာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့ မတူတဲ့ အရာသုံးမျိုးဟာ တူညီတဲ့ ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်းတည်း၊ တစ်ညီတည်း ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။
“မုံလာဥဟာ ရေနွေးပူထဲ မရောက်ခင်တုန်းကတော့ သန်သန်မာမာ၊ တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ…ဒါပေမယ့် ရေနွေးနဲ့လည်း အပြုတ်ခံလိုက်ရရော တစ်ခါတည်းကို ပျော့ဖတ်ပြီး ချိနဲ့သွားတော့တာပဲ…”


“ကြက်ဥကကျတော့ ရေနွေးထဲမရောက်ချင်က အထိမခံဘူး။ ထိလိုက်တာနဲ့ ဖတ်ခနဲကွဲမှာ အသေအချာနော်။ အပေါ်ခွံပါးပါးလေးက အထဲက အရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားရတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးဆူဆူထဲမှာလည်း ကြာကြာလေး နေလိုက်ရရော အဲသည်ပျော့အိအိအတွင်းသားတွေအားလုံး မာကုန်တာပဲ မဟုတ်လား သမီးရဲ့…”


“အေး…လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်း ရောက်သွားရော အဲသည်ပွက်ပွက်ဆူနေတဲ့ ရေကိုပါ လက်ဖက်ရည်အဖြစ် ပြောင်းလဲ ပစ်လိုက်တယ်…”


“ကဲ..အဖေ့ သမီးကရော ဘာလဲ၊ မုံလာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား၊ လောကဓံဆိုတာတော့ လူတိုင်းရင်ဆိုင်ကြရတာပဲ သမီး။ အဲသည် လောကဓံနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။ မုံလာဥလို တုံ့ပြန်မလား၊ ကြက်ဥလို တုံ့ပြန်မလား၊ လက်ဖက်ခြောက်လို တုံ့ပြန်မလား သမီးဘာသာစဉ်းစား ပေတော့ကွယ်…”
ပုံပြင်လေးကတော့ ဒါပါပဲ။


စာဖတ်သူ သူငယ်ချင်းကရော ဘယ်လိုပါလဲ။
အပြင်ပန်းအမြင်မှာတော့ မုံလာဥလို မာမာကျောကျော တောင့်တောင့် တင်းတင်းကြီးနဲ့၊ လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့ အခါကျရင်တော့ ပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးပါလား။
ဒါမှမဟုတ် ကြက်ဥလို လူစားလား၊ အစတုန်းကတော့ ထိလွယ် ရှလွယ်တယ်၊ စိတ်ကလည်း ပျော့တယ်၊ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲ ကွဲတာလို၊ စီးပွားရေးစသည် ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို အပြင်းအထန် ခံစားရပြီးတဲ့ နောက်မှာတော့ နင်လားဟဲ့….လောကလဓံဆိုတဲ့ စိတ်ဓာတ်၊ ထီမထင်တဲ့ စိတ်ဓာတ်နဲ့ မာကျောကျော၊ တောင့်တင်းတင်းကြီး ဖြစ်သွားမယ့် လူစားမျိုးလား၊ မပြုတ်ခင် ကြက်ဥနဲ့ ပြုတ်ပြီးသား ကြက်ဥလိုပဲ၊ အပြင်ပန်းအမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာ ခါးသီးမာကျောနေတဲ့ နှလုံးသားနဲ့ လူစားမျိုး ဖြစ်နေမှာလား။
ဒါမှမဟုတ် စာဖတ်သူ သူငယ်ချင်းဟာ လက်ဖက်ခြောက်လို လူမျိုးလား။ ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်တာမျိုးလေ၊ လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ၊ ပွတ်လေလေ လက်ဖက်ရည် အရသာကောင်းလေလေပေါ့။ လက်ဖက်ခြောက်လို လူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ အရည်အချင်းတွေ ပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့အခြေနေကို ဖန်းတီးပေးနိုင်သူ ဖြစ်နေပါလိမ့်မယ်။
ကဲ….ဒီစာဖတ်သူ သူငယ်ချင်း လောကဓံကို ဘယ်လိုရင်ဆိုင်မယ် စိတ်ကူးပါသလဲ။
ကိုယ့်ဘာသာ ဆင်ခြင်ပိုင်းဖြတ်လိုက်ကြရုံပါပဲ။


+++++++++++++++++++++++++++++++++++++++++++++++

မေးလ်က ရတာလေးကို မျှဝေလိုက်တာပါ.. တစ်ခုခုတော့ ရသွားမယ် ထင်ပါတယ်နော..

အားလုံးသော ဓမ္မမောင်နှမများ လောကဓံ ရှစ်ပါးကနေ လွန်မြောက်စေဖို့ မဂ္ဂင်ရှစ်ပါး မြတ်တရားအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်

လေးစားစွာဖြင့်
ဖိုးသား


ကိုဖိုးသားပေးပို့သော မေးလ်အားပြန်လည်တင်ဆက်ပေးလိုက်ရပါသည်။

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၃၀)ရက်၊နံနက်(၂း၃)နာရီ ကူးယူ၏။
 

လောကနှစ်မျိုး (ဆရာကြီး ရွှေဥဒေါင်း)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၁)
လောကနှစ်မျိုး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ဟူသော ဗုဒ္ဓသြဝါဒအရ အလေ့အကျင့် ပြုလုပ်လာခဲ့သော ကျွန်ုပ်အမြင်၌ လောကသည် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာ “ပညတ်လောက” သို့ မဟုတ် အိပ်မက်လောက (dream world) ဖြစ်၍ ဒုတိယတစ်မျိုးမှာ “ပရမတ်လောက” သို့ မဟုတ် ဒိဋ္ဌလောက (actual world) ဟူ၍ ဖြစ်သည်။ သတ္တဝါဟူသမျှသည် သံသရာလဆန်း တစ်ရက်နေ့ မှစ၍ “အိပ်မက်လောက” ထဲ၌သာလျှင် တစ်လျှောက်လုံး မွေ့ လျော်ပျော်ပိုက်လာခဲ့ကြ၏။ အဘယ်ကြောင့် “အိပ်မက်လောက” ဆိုနိုင်ပါသနည်း။ (ကျွန်ုပ်မှာ စာတတ်ပေတတ်မဟုတ်သောကြောင့် စာတတ်သူများ၏ အမြင်၌ အသုံးအနှုန်း၊ အခေါ်အဝေါ်များမှာ မှန်ကောင်းမှ မှန်ပေ၏။ သို့ ရာတွင် စာမတတ်သော အရပ်သားများ နားလည်အောင် “စိတ်ဝင်စားအောင်” ရေးသားတင်ပြခြင်းဖြစ်၍ ၄င်းတို့ နားလည်ကြလျင် ပြီးရောဟု သဘောပိုက်မိပါတော့သည်။)

အိပ်မက်လောက

ရှင်းဦးအံ့။
နိုင်ငံရေးသမား တစ်ယောက်သည် (၄င်းတို့ လူစု မျှော်မှန်းသော ပန်းတုံးတိုင်သို့ ရောက်၍) ၀န်ကြီးဖြစ်လာသည် ဆိုအံ့။ မျှော်မှန်းသော အရာကို ရခါစ လူများ၏ထုံးစံအတိုင်း “ငါတမူကား ၀န်ကြီးတစ်ယောက် ဖြစ်လာပေပြီ” ဟူသော သတိရမှုသည် မကြာခဏ ဖြစ်ပေါ်လာပေလိမ့်မည်။ အိပ်ရာမှနိုး၍ မျက်နှာသစ်သော အချိန်မှသည် မျက်စိနှစ်လုံး မှိတ်သော အချိန်တိုင်အောင် (လက်ထပ်ပြီးခါစ သတို့ သားနှင့် သတို့ သမီးသဖွယ်) အခြားသော အလုပ်ကိစ္စများ ဆောင်ရွက်ခိုက် အချိန်များမှတပါး၊ အားလပ်သော နာရီပိုင်း၊ မိနစ်ပိုင်းဟူသမျှတွင် မိမိအဖြစ်ကို အကြိမ်ပေါင်းများစွာ အနုလုံ-ပဋိလုံ ပြန်လှန်သတိရ ဆင်ခြင်မိပေလိမ့်မည်။ အိမ်ရှေ့ တွင် ဆိုဖာကြီးပေါ်၌ ပက်လက်လှန်၍ ဆေးလိပ်သောက်ရင်းလည်း “ငါဝန်ကြီးဖြစ်လာပေပြီ။ ငါ့ကို ကူညီသော မည်သူအား မည်သည့်ရာထူးပေး၍ ငါ့ကိုထောက်ခံသော မည်ဝါအား မည်ကဲ့သို့  အကျိုးခံစားခွင့်ရှိအောင် လုပ်ပေးအုံးမှ တော်မည်။ ငါ့ကို ပမာမခန့် ရေးသားသော မည်သည့်အယ်ဒီတာကို တရားစွဲပြီး ထောင်ချမည်ဆိုလျင် ချနိုင်သော အာဏာ ငါ့လက်ထဲသို့  ရောက်လာပေပြီ။ ငါတို့ အဖွဲ့ ပြုတ်အောင် ကြံကြသော မည်သူမည်ဝါတို့ အားလည်း ပုဒ်မ ၅ နှင့် ဖမ်းချုပ်မည်ဆိုက ချုပ်နိုင်ပေပြီ” စသည်ဖြင့် စိတ်ကူးလျက်ရှိစဉ် သတင်းစာရောက်လာ၍ ကောက်ကြည့်လိုက်ရာ မြို့ တစ်မြို့ သို့  မိမိရောက်ခဲ့စဉ်က အရာရှိများနှင့် မြို့ မိမြို့ ဖဆိုသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး အမျိုးသမီးကလေးများက မိမိအား ပန်းစည်းဆက်နေကြသော ဓာတ်ပုံကိုမြင်လိုက်ရ၍ ၀န်ကြီးတစ်ယောက်ဖြစ်ရခြင်းအတွက် တိုး၍ကြည်နူးပြန်သည်။ တဖန်သတင်းစာထဲ၌ မိမိပြောခဲ့သော မိန့် ခွန်းကို တွေ့ ရ၍ ဖတ်ကြည့်ရာ သြဘာလက်ခုပ်တီးကြသော အသံများပင် နားထဲသို့ ဝင်လာ၍ “တယ်တော်တဲ့ ငါပေတကား” ဟု ဆထက်ထမ်းပိုး စိတ်ကြည်နူးခြင်း ဖြစ်မိပြန်သည်။ ထိုအခိုက်တွင် ၀န်ကြီးကတော် ပြေးဝင်လာ၍ “ကောင်းနိုင်ကြသေးရဲ့ လားရှင်၊ တင်တင်မြင့်ကျောင်းအသွားမှာ ကားမှောက်ပြီး ဆေးရုံရောက်နေပြီတဲ့။ တယ်လီဖုန်းလာနေတယ်။” ဟုပြောလိုက်ရာတွင် ပန်းစည်းဆက်သဖြင်းများ ခံယူနေသည့်အသွင်အပြင်နှင့် မိန့် ခွန်းကို ချီးကျူးကြသည့် သြဘာလက်ခုပ်သံများသည် (အိပ်ယာမှ လန့် နိုးသူ၏ အိပ်မက်ကဲ့သို့ ) ၀န်ကြီး၏ မျက်စိထဲ၊ နားထဲမှာ ရုတ်တရတ်ချက်ချင်း ကွယ်ပျောက် သွားကြလေတော့သည်။

နှိုင်းယှဉ်ချက်

ဤနေရာ၌ ဆိုဖာပေါ်တွင် ၀န်ကြီး၏စိတ်ကူးနှင့် လူတစ်ယောက်၏ အိပ်မက်မက်ခြင်းတို့ သည် မည်ကဲ့သို့ ခြားနားခြင်း ရှိပါသနည်း။

ဝန်ကြီး၏ စိတ်ကူးမှာ တကယ့်အဖြစ်အပျက်ဖြစ်၍ အိပ်မက်မှာ တကယ်မဟုတ်ဟု ဆိုခဲ့လျင် အိပ်မက်ထဲက အဖြစ်အပျက်မှာလည်း မနိုးသေးမီ အခိုက်အတန့် တွင် အဟုတ်တကယ်ပင် ထင်ရသည် မဟုတ်ပါလော။ အိပ်မက်ထဲတွင်လည်း ၀မ်းသာစရာရှိလျင် ၀မ်းသာရသည်။ ၀မ်းနည်းစရာရှိလျင် ၀မ်းနည်းရသည်။ ကြောက်စရာရှိလျင် တကယ်ကြောက်ရသည်ပင် မဟုတ်ပါလော။ နိုးလာသောအခါ၌ ထိုအခြင်းအရာများ ပျောက်ကွယ်ရသည့်နည်းတူ ၀န်ကြီးမှာလည်း သမီးကားမှောက်သည်ဆိုသော သတင်းကိုကြားရသောအခါတွင် ပန်းစည်းဆက်သော အမျိုးသမီးကလေးများနှင့် သြဘာလက်ခုပ်သံများသည် ချက်ချင်း ကွယ်ပျောက် သွားတော့သည် မဟုတ်ပါလော။ ဤမျှသာမကသေး၊ ပန်းစည်းဆက်သော ရူပါရုံနှင့် သြဘာလက်ခုပ်တီးသော သဒ္ဒါရုံတို့ ကြောင့် ဖြစ်ပေါ်ခဲ့သော ကြည်နူးမှုလည်း ကွယ်ပျောက်သွား၍ သမီးအတွက် ရတက်ပွေရသည့် သောကစိတ် ၀င်ရောက်လာတော့သည် မဟုတ်ပါလော။ တခဏချင်း ကွယ်ပျောက်နိုင်၍ တခဏချင်း ပြောင်းလဲနိုင်သော အခြင်းအရာကို အဟုတ်တကယ်ဟူ၍ မှတ်ယူထိုက်ပါသလော။ အိပ်မက်ထက် ဘယ်လောက်များ ပိုပြီးခိုင်မြဲမှု ရှိပါသေးသနည်း။
Posted by The Bliss Of Emancipation at 5:00 AM
Labels: Dhamma Articles, Shweoodaung, ဒိဋ္ဌေဒိဋ္ဌမတ္တံ

++++++++++++++++++++++++++++++++++++++++++++

http://www.vimuttisukha.com/ ၀ိမုတ္တိသုခ ဘလော့မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ...။

ဖိုးသား မှမေးလ်ပို့ပေး၍ ကျေးဇူးတင်ပါသည်

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၈)ရက်၊ညနေ(၅း၅၂)နာရီ ကူးယူဖေါ်ပြ၏။
 

ရေရေရာရာ မရှိ၊ ဇဝေဇ၀ါသိနှင့် ကျွန်တော်

ရေရေရာရာ မရှိ ဇဝေဇ၀ါသိ နှင့် ကျွန်တော်

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

ဟာ.. ဘလော့ဂါတွေ..ဘလော့ဂါတွေ
များလိုက်တဲ့ ကောင်းကင်ပေါ်
မြေပြင်မှာ ကျွန်တော့်စာတွေမသုံးလို့
သိကြားမင်းရဲ့ ညီတော်၊ညီမတော်
ဘလော့ဂါ အယ်ဒီတာမင်းများထံ
စာချွန်လွှာတွေ အခစား တင်ခဲ့မိပါပြီ နော်..။

အိုင်တီပညာ လာမမေးပါနှင့်
နိုင်ငံရေး လာမမေးပါနှင့်
ကမ္ဘာ့အရေး လာမမေးပါနှင့်
စီပွားရေး လာမမေးပါနှင့်
ဘာသာရေး လာမမေးပါနှင့်
လူမှုရေး လာမမေးနှင့်
အတတ်ပညာ လာမမေးပါနှင့်
အသိပညာ လာမမေးပါနှင့်
ရေရေရာရာ သိအောင် ပညာရှာနေဆဲပါနော်။

ဟိုက်! ကောင်ကင်ပေါ်က
ဘလော့ဂါ ဆွေမျိုးရင်းများရဲ့
စာပေတွေက အလွန်ကောင်း
အလွန်တော် ရသတွေကလည်းစုံပါသနော်။

မြေပြင်ပေါ် အယ်ဒီတာမရွေးတာက လူမသိ
ကောင်းကင်ပေါ်တက် စာရေးခါမှ
ကိုယ်မတတ်တာ မတော်တာတွေကို
တကမ္ဘာလုံးက ကြည့်လို့
ပျက်ရယ်တွေပြုနေကြမှာနော်။

သြော် ဒါပေမဲ့..
ကောင်ကင်အွန်လိုင်းပေါ်က
လောကီ၊ လောကတ္တရာ
အသိတရား သတိတရားတွေ
ရခဲ့ရတာ နောက်များကျနေပြီလားနော်။

ငါ..ဘလော့ဂါ..၊ငါ..သိကြားမင်း..
ငါ..ပြည့်ရှင်မင်းတရားကြီး .လို့အထက်ကောင်ကင်က
မကျတော့ဘူးအထင်နဲ့ အော်သူတွေကအော်..
လူပြည်က သူဆင်းရဲတွေလည်း
သာဒင်ကို ဘာထင်နေသလဲ?
ကျွေးကြော်သူတွေလည်း အော်…
အရင်းစစ်တော့ အမြစ်မြေက ဆိုသလို
လူဘုံဆိုတာ လမ်းဆုံလမ်းခွထိုင်နေတာပါတဲ့
အထက် တက်မည်လား?၊ အောက်ဆင်းမည်လား?
သစ္စာအမှန်တရား နိဗ္ဗာန် နန်းကိုသွားမည်လား?
ကြိုက်ရာ ဘုံဘ၀ကို ရွေးဘို့ အချိန်မီပါသေးသနော်။


ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့မခန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတမ်း၊
နှစ်အရှည် နစ်မည့်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောက်အသစ် တကယ်ပြင်လျင်၊ ကောင်းဖို့ အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား....



ဒါ… တန်ဘိုးရှိတဲ့ လယ်တီဆရာတော်ရဲ့တေးထပ်
ကျွန်တော်တို့လို ဘေးကပ်နေသူတွေအတွက် ဆုံးမစာ
အွန်လိုင်းပေါ်က ပေးလိုက်တဲ့ အသိပါ
ဆရာတော်ဆုံးမထားခဲ့သလို
ခွင့်သာတုံးမှာ ရုန်းကြပါစို့နော်။

ကျွန်တော် ကျွန်တော် ကဗျာရေးပြီး
တရားထိုင်နေရင်း အိပ်လို့ပျော်……
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
အမိုက်နင့်ပြင် ရှိသေးလိမ့်လား…….။

(လယ်တီဆရာတော်ဘုရားကြီနှင့် အွန်လိုင်းဓမ္မဘလော့ဂါများအား ဤကဗျာဖြင့်ပူဇော်ပါသည်။)


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၆)ရက်၊ ည(၁၁းး၃၃)ရေး၏။
 

အဖိုးတန်တဲ့ မိုယံ ရွှေလမင်းထီဆိုင် သူဌေး ဒေါ်တင်တင်မြင့်နှင့် ထီအရောင်းကိုယ်စားလှယ်တော်ကြီးများ တွေ့ဆုံပွဲ




၂၃-၈-၀၉ နေ့ နံနက်(၁၁)နာရီမှ ညနေ(၅)နာရီ အထိ ဟော်တယ်မန္တလေးတွင်ကျင်းပသည်။
ယင်းနေ့ နံနက်ပိုင်းတွင် သူဌေးဒေါ်တင်တင်မြင့်သည် မန္တလေး
စာနယ်ဇင်းဆရာများနှင့် မန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ
တွေ့ဆုံမိတ်ဆက်ပွဲသို့လည်းတက်ခဲ့ရ၍ ထီအရောင်းကိုယ်စားလှယ်ကြီးများထံ
နေ့(၁၁း၃၀)နာရီမှ လာရောက်ကျင်းပပေးနိုင်ခဲ့ပါသည်။

အထက်မြန်မာပြည်မှ မိုးယံ၏ ထီအရာင်းကိုယ်စားလှယ်တော်ကြီးများ
စုစုပေါင်း(၆၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရ၏။တောင်ကြီးပင်ရင်းမှ
ဦးအောင်ခိုင်ဝင်း ၊ မုံရွာပင်ရင်းမှ ဦးကျော်ဌေး၊ နေပြည်တော်ပင်ရင်းမှ
ဦးဝင်းမင်း၊ မကွေးပင်ရင်းမှ ဦးဝင်းကြည်၊ မြစ်သားပင်ရင်းမှ
ဦးထွန်းနိုင်ဝင်း၊ မန္တလေးပင်ရင်း(၅)၊ မြစ်ကြီးနားပင်ရင်း။
ဗန်မော်ပင်ရင်း၊ မိုးကောင်း၊ မိုးညင်းပင်ရင်း၊ ရွှေဘိုပင်ရင်း။
မင်းဘူးပင်ရင်း။ ပွင့်ဖြူပင်ရင်း ကိုအောင်ဝင်းသန်း။ လယ်ဝေးပင်ရင်း၊
မိထ္ထီလာပင်ရင်း။မြင်းခြံပင်ရင်း၊ ပခုက္ကူပင်ရင်း၊စသည့်ပင်ရင်းဆိုင် များမှ
ကိုယ်စားလှယ်တော်ပေါင်း(၆၀)တက်ရောက်ကြပါသည်။

ဒေါ်တင်တင်မြင့်မှ သက်ဆိုင်ရာပင်ရင်းတစ်ဆိုင်ခြင်း၏
ကိုယ်စားလှယ်တော်ကြီးများအား တစ်ယောက်စီ ဆွေးနွေးမေးမြန်း၍
မိုးယံထီလုပ်ငန်းအမြဲထာဝရတိုးတက်အောင်မြင်လာအောင် လိုအပ်သည်များကို
ကူညီဆောင်ရွက်ပေးပါသည်။ ယခုကဲ့သို့ အားကြိုးမာန်တက် ရောင်းချပေးနေကြသော
မိုးယံ၏ထီကိုယ်စားလှယ်တော်ကြီးများမှ ထိုက်တန်သူများအား ရွေးချယ်၍
ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးစဉ်ဖြင့် ချီးမြှင့်ပေးသွားပါမည်ဟု
နည်းဂုံးချူပ်စကားပြောကြားသွားကြောင်း ကြားသိခဲ့ရပါသည်။

ဓာတ်ပုံများ ပူးတွဲ(၃)ပုံ

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၄)ရက်နေ့တွင် ရေး၏။
 

၂၂-၈-၂၀၀၉ ခုနေ့ ဟော်တယ် မန္တလေးတွင် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီး၏ (၂၄၇)ကြိမ်မှ သိန်း(၁၅၀၀) ကျပ် ဂုဏ်ပြုချီးမြှင်ပွဲ


















မြန်မာပြည် အောင်ဘာလေထီလောကတွင် (၁၀)နှစ်တာကာလတိုအချိန်အတွင်း
အောင်မြင်ကျော်ကြားလာသော ထီဆိုင်ကြီးဖြစ်ပါသည်။ ပိုင်ရှင်သူဌေးများမှာ
ဦးမျိုးညွန်+ဒေါ်တင်တင်မြင့် (လူငယ်သူဌေးများ) ဖြစ်ကြ၏။
သိန်း(၅၀၀)အောင်ဘာလေ ထီခေတ်မှာလည်း အမြင့်ဆုံးစံချိန်တင်၍
နေရာယူထားခဲ့ကြပါသည်။ ယခု သိန်း(၁၀၀၀)အောင်ဘာလေ ထီခေတ်တွင်လည်း
အပိုဆုသိန်း(၅၀၀)ကျပ်အား နှစ်လ၊ နှစ်ကြိမ်ဆက်တိုက်
ခမ်းနားကြီးကြယ်စွာဖြင့် ဂုဏ်ပြုခဲ့ပါသည်။ (၂၄၆) ကြိမ်မှ သိန်း(၁၅၀၀)ကျပ်
ကံထူးရှင် ဒေါ်နွဲ့နွဲ့(ဖြူးမြို့) အား ရန်ကုန်မြို့ စီဒိုးနားဟော်တယ်တွင်
ကြီးကြယ်ခမ်းနားစွာ ဂုဏ်ပြုပေးခဲ့ပါ၏။

ယခု (၂၄၇)ကြိမ်မှ သိန်း(၁၅၀၀)ကျပ် ကံထူးရှင် ဒေါ်နော်စတယ်လာ (ကလေးဝမြို့)
အား ဟော်တယ်မန္တလေးတွင် (၂၂-၈-၀၉)နေ့၊ နေ့လည်(၃)နာရီမှ ညနေ(၅)နာရီအထိ
ဂုဏ်ပြုဧည့်ခံပွဲကျင်းပသည်။ ညနေ(၅း၃၀)နာရီမှ ည(၁၁)နာရီ အထိ
အလှပြကားကြီးဖြင့် ကံထူးရှင်များ ၊ရုပ်ရှင်မင်းသမီးများ ပုလဲဝင်း၊
ခရာဇ်တီးနား၊ အဆိုတော်များ၊ တင်မိုးလွင် မော်ဒယ်အဖွဲ့များဖြင့်
မန္တလေးမြို့အတွင်း လှည့်လည်ပြသ အောင်ပွဲခံခဲ့ကြပါသည်။

မန္တလေး စာနယ်ဇင်းဆရာများနှင့် မန်းမြို့သူ၊မြို့သားများ အံ့သြော် ဘနန်း
လိုက်လံ၍ အားပေးကြည့်ရှုကြပါသည်။

သတင်း ဓာတ်ပုံများအား တင်ပြပေးလိုက်ရပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၄)ရက်နေ့တွင် ရေး၏။
 

“ညီလေးဖတ်ဖို့”

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်

13 August, 2009
သောက်လက်စကော်ဖီခွက်ထဲက ကဗျာ

(၁)
ရေးလက်စတွေ ခဏခေါက်ထားလိုက်တယ်။
သောက်လက်စကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့ '' ဆိုပဲ။
ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကဗျာက ဒါပါပဲ။
ဒါပဲဆိုပေမယ့် သောက်လက်စ ကော်ဖီကတော့ အေးခဲသွားတယ်။
စီးကရက်မသောက်တတ်တာပဲ ခပ်ကောင်းကောင်း။
နှုတ်ခမ်းမီးလောင်သွားမှာ စိုးလို့၊
အဖွဲ့အစည်း တစ်ခုက ထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို အမှတ်တမဲ့ လှန်လှောရင်း ငြိယှက်သွားစေတဲ့ ကဗျာ။
ကဗျာရေးသူက 'ကိုသစ် (ကေတုမတီဆောင်)' တဲ့၊
ကဗျာရေးသူရဲ့ အမည်ကို မကျက်မိပေမယ့် ရင်ထဲမှာ ၀မ်းစာအတော်များများ ဒါမှမဟုတ် ၀န်ထုပ်ဝန်ပိုးတစ်ခုကို
နှလုံးသားနဲ့ ထမ်းထားတာ သေချာနေပါတယ်။
ညီလေးဖတ်ဖို့ တဲ့။
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ကို ညီလေး လို့ ခေါ်ရင် ခုဖတ်နေမိတဲ့သူလည်း ညီလေး ပေါ့။

(၂)


ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကဗျာရဲ့ အစပိုဒ်က မောင်းနှင်လိုက်တဲ့ အတွေးတွေက ငယ်စဉ်က စာသင်ဇရပ်လေးဆီ ကျောင်းပြန်တက်သွားကြပါတယ်။
ကြိမ်လုံးဝင့်သံတွေ၊ အော်ဟစ် ကြိမ်းမောင်းသံတွေကြားမှာ အားငယ်စိုးရွံစွာ ရုန်းထနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို ပြန်ထူပေးနေချင်မိပါရဲ့။
စေတနာဆိုတဲ့ ဝေါဟာရကို ကရုဏာဒေါသောတွေနဲ့ မသဲမကွဲ ရောထွေးပစ်တတ်တဲ့ စာသင်ခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ညီလေးဟာ ကဗျာဖတ်သူကိုယ်တိုင်ဖြစ်နေခဲ့ပါရောလား။
ကဗျာရေးသူကိုယ်တိုင်ကရော။

ကြိုးကိုင်ကြမ်းမှ လိမ္မာသတဲ့လား။
မဟုတ်ဘူး မဟုတ်ဘူး။
လွှတ်ချလိုက်၊
လွှတ်ချပစ်လိုက်။
လက်ဆင့်မကမ်းချင်ပါနဲ့တော့။
ကဗျာဆရာနဲ့ အတူ ရောယောင်အော်မိတယ်၊

လူဆိုတာ ဘာသာစကားရှိတယ်။
ဘာသာစကားမရှိတဲ့ ခိုင်းနွားတစ်ကောင်ဆိုရင်တောင် 'ဟိတ်' ဆိုတဲ့ အသံကို ဘာသာပြန်တတ်တာပါပဲ။
''လူသားတစ်ယောက်နဲ့ တစ်ယောက်
နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' ဆိုတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ စကားက ပိုပြီး အမှတ်ရစရာပါ။


မျက်ရည်တွေေ၀၀ါးနေတဲ့ကြားထဲ
အဲဒီ ကြိမ်လုံးတွေနောက်ကို ၀င်ပုန်းကြည့်ချင်ခဲ့ပါတယ်။
လူဆိုတာ ရတနာပဲ တဲ့။
မိဘဆရာတွေကို ထိထိရှရရှ လွမ်းမိသွားပါတယ်။

ပြီးတော့ မပြောဖြစ်ခဲ့ပဲ(ပြောခွင့်လည်း မရခဲ့ပဲ) ရင်ဘတ်ထဲမှာ တငွေ့ငွေ့လောင်ခဲ့တဲ့စကားတွေကိုတော့ နောက်ထပ်မျိုးဆက်တစ်ခုရဲ့ နှလုံးသားထဲ ဆက်လောင်မြိုက်ဖို့ ချန်မထားလိုတော့တာ သေချာသွားပါတယ်။


(၃)

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ကျောင်းမှန်မှန်တက် စာမခက်။ စာမှန်မှန်ကျက် အတန်းတက်။ နံရံပေါ်က တွန်းတွန်းတိုက်တိုက် ကန်ချက်တွေကို အလူးအလဲ ပုတ်ထုတ်ဖို့ ကုန်းထ။ ညီလေးက ကျောပိုးအိပ်ထဲကို စာအုပ်တွေ အပြည့်အသိပ် ထည့်ပြီးချိန်မှာ ညီလေးကိုလည်း စာသင်ခန်းတွေထဲ အပြီးအပိုင် ထိုးထည့်ခံလိုက်ရတော့တာပါပဲ။
ညီလေးကိုယ်တိုင်က စာသင်ခန်းတွေထဲ တိုးဝင်သွားတာလား၊
တစ်စုံတစ်ရာက တွန်းပို့လိုက်တာလား။
ဘာပဲဖြစ်ဖြစ် ဒီနေ့ထိ ညီလေးက စာသင်ခန်းထဲမှာ။
ပြီးတော့ ညီလေးကိုယ်တိုင်ကလည်း သင်ခန်းစာဖြစ်သွားခဲ့သေးရဲ့။
ဟောဒီမှာ
သင်တန်းဆင်းလက်မှတ်တွေ များလားတယ်၊
မတောက်တခေါက် သိတာတွေ များလာတယ်။
မသေချာတာတွေ များလာတယ်။
ပန်းတိုင်တွေ များလာတဲ့အထိ အန္တရာယ်ကြီးထွားစေတဲ့ အဲဒီသင်ရိုးဆန်လွန်းတဲ့ နေ့ရက်တွေထဲမှာ
ညီလေးရေ အမှန်တကယ်ရော ပျော်ပါရဲ့လားကွယ် ။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

လူတွေရဲ့ စိတ်နဲ့ စာရိတ္တထက် ဗဟိဒ္ဓကိုပဲ တို့မီးရှို့မီးလုပ်တတ်တဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်ဖို့၊ အဲဒီ သူပြောလူပြောလူ့ကျင့်ဝတ်တွေထဲ ရောယောင်ပြီး လူဖြစ်မရှုံးဖို့ ။
၂၁ ရာစုကို ၂၁ ရာစုအတိုင်းနေတတ်ဖို့တော့ အတိအကျလိုအပ်တယ်။
စိတ်ကိုသာ လှပအောင် ၀တ်ဆင်တတ်ရင် အပေါ်ယံအကြောင်အကျားတွေက ဘယ်လိုမှ သိမ်ငယ်စရာမရှိဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အရေးကြီးတယ်၊
အရေးကြီးနေတယ်။
အရေးတကြီး ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာကြတယ်။
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာလက်ဖြန့်တောင်းနေကြရတယ်။
တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို တစ်ယောက်က တံခါးပိတ်ပစ်လိုက်ကြတယ်။
ကမ္ဘာတစ်ခြမ်းက စစ်ပွဲတစ်ပွဲဟာ
ကမ္ဘာတစ်ခြမ်းက ငတ်မွတ်ခေါင်းပါမှုဟာ
ကမ္ဘာတစ်ခြမ်းက ငလျင်နဲ့ မုန်တိုင်းတွေဟာ
ကိုယ့်ရဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာလောက် အရေးမကြီးဘူး တဲ့။
တကယ်က အဲဒီလို မဟုတ်ဘူးနော်။
ကမ္ဘာပြုမိုးတွေ ရွာဖို့ ညီလေးရဲ့ လက်တွေကို ဆေးကြောထား၊
ကမ္ဘာပြုပန်းတွေ ပွင့်ဖို့ ညီလေးရဲ့ စိတ်တွေကို ပျိုးထား။
ကမ္ဘာမြေကို သင်ယူဖို့တော့ ညီလေးကိုယ်တိုင်ရဲ့ အရေးပေါ်ကိစ္စ။
ကဗျာဆရာနဲ့အတူ။
ညီလေးနဲ့အတူ ကမ္ဘာမြေရဲ့ စာမျက်နှာတွေကို ဖတ်ကြရမှာပါ။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကော်ဖီက အေးစက်သွားပြီမို့ ကဗျာကိုပဲ မော့ချပစ်လိုက်တယ်။
Posted by DHAMMA GANGA at 11:24 AM 1 comments

ဓမ္မဂင်္ဂါ ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၂၀)ရက်၊ည(၉း၃၅)နာရီ ကူးယူ၏။
 

ဘ၀သံသရာ နှင့် ဘ၀ကံကြမ္မာ





စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်


ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ

သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်


အံ့သြထိန့်လန့်ဖွယ်ရာ မြွေကြီးတစ်ကောင်နှင့် စင်ကာပူနိုင်ငံတွင် ကြုံတွေ့ရသူတစ်ဦး၊ ပရလောကမှ စင်ကာပူနိုင်ငံသူ မြစိမ်းရောင်မင်းသမီးနှင့် ကြုံရသူ။
MAI ဘိုရင်း လေယာဉ်ကြီး ပေါ်မှ လေထီး မပါဘဲ ခုန်ချချင်သည့် အပြေးမတက် ထမင်းငတ်သူ။
စင်ကာပူနိုင်ငံ (VIEW ROAD HOSPITAL) စိတ္တဇဆေးရုံ၊ စင်ဘောင်ဝဲ ထောင်ကြီးနှင့် လင်မ်ချုကောင် ရဲစခန်း ထဲ ရောက်ရပြီး လူမှား၍ လက်ထိပ်ခတ်ခံခဲ့ရသူ တစ်ဦးက ဘ၀ကံကြမ္မာကို လှည့်စား ကုစားခဲ့ရသည် ဖြစ်ရပ်မှန် ကိုယ်တွေ့ အကြောင်းအရာ များကိုတင်ပြထားပါသည်။ (မှတ်ချက်။ ။စင်ကာပူနိုင်ငံသို့(၈)ခေါက်တိတိ သွား၍ (၆)နှစ်ကြာအောင် အလုပ်လုပ်ခဲ့သော်လည်း ရေနံ့သာအောင်ချမ်းဇော်သည် လောကိစီးပွားရေးမှာ မွဲမြဲ မွဲလျှက်ပါ…။ လောကုတ္တရာ ချမ်းသာသည်ကား..? )

အမှတ်၂၅၊ မြနန္ဒာလမ်း(ဗိုလ်ချုပ်လမ်းဒေါင့်)၊ သိင်္ဂါဂီရိ ရပ်ကွက်- မကွေးမြို့နေ စာရေးဆရာ ရေနံ့သာ အောင်ချမ်းဇော်က သီလ၀ ဘာသာရေး မဂ္ဂဇင်းတွင် လစဉ်ပင်တိုင် ရေးသားခဲ့ပြီး ယခု အခါ ၄င်းစာမူများအား စုပေါင်း၍(ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာ) လုံးချင်း ၀တ္ထု အဖြစ် ထုတ်ပေလိုက်ပြီ ဖြစ်ကြောင်း..။

စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သား တစ်ဦး၏ တွေ့ကြုံခံစားရပုံများကို ဘ၀သံသရာနှင့် ဘ၀ကံကြမ္မာစာအုပ်တွင် ရေနံ့သာ အောင်ချမ်းဇော်က ရင်ဖွင့် တင်ပြထား သဖြင့် ဖတ်ရှုလေ့လာခံစားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၉)ရက်၊ည(၁၁း၁၅)ရေး၏။
 

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေထိုင်ခြင်း

အေးချမ်းလေး ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်။

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

at 4:15 AM
၁ ။ မည်သူ့အပေါ်တွင် မဆို အရင်းအဖျား မခွဲခြားဘဲ စိတ်ကောင်း နှလုံးကောင်း ထားပါ ။

၂ ။ ကောင်းသော ဣဌာရုံနှင့် တွေ့သောအခါ လွန်စွာဝမ်းသာ အားရ သောမနဿ လောဘမဖြစ်ပါနှင့် ။

၃။ မကောင်းသော အနိဌာရုံနှင့် တွေ့သောအခါ၌လည်း ၀မ်းနည်းပက်လက် မနှစ် သက်သော ဒေါမနဿဒေါသမဖြစ်ပါနှင့် ။

၎ ။ မိမိပိုင် မဟုတ်သော ပစ္စည်းဥစ္စာများကို မတရား ပိုင်ဆိုင်လို့သည့် မတရားရယူလိုသည့်လောဘ မထွက်ပါနှင့်။ ရောင့်ရဲပါ ၊ တင်းတိမ်ပါ၊ ဆင်းရဲသည်ကို ဂုဏ်ယူပါ ။ မတရားချမ်းသာတာကို ဂုဏ်မယူပါနှင့် ။

၅ ။ သတ္တ၀ါတို့ကို မညှဉ်းဆဲပါနှင့် ၊ မနှိပ်စက်ပါနှင့် ၊ကာယ အားဖြင့် ၊ နှုတ်အားဖြင့် ၊စိတ်အားဖြင့်မညှဉ်းဆဲပါနှင့်။

၆ ။ သတ္တ၀ါအားလုံး မိမိနှင့် ထိတွေ့သိရှိသူ ၊ မိမိနှင့် ထိတွေ့သိရှိခြင်း မရှိသူ ၊ မိမိအား ချစ်ခင်လိုလားသူ ၊မိမိအား မုန်းတီးစက်ဆုပ်သူ ၊မိမိအားချစ်လည်းမချစ် ၊ မုန်းလည်းမမုန်း အလယ်အလတ်သဘောရှိသူ အားလုံးအပေါ် သန့်ရှင်းကြည်လင်သော မိမိနှင့်ထပ်တူဖြစ်သော မေတ္တာထားရှိပါ။

၇ ။ လိမ်ညာ မုသားစကားပြောခြင်းမှ ရှောင်ကြည်ပါ ။

၈ ။ မည့်သည့်စိတ်ဖြင့် ဖြစ်စေ ၊ ကောင်းစေလို၍ပဲ ဖြစ်ဖြစ် ၊ ဆိုးစေလို့၍ပဲဖြစ်ဖြစ် ၊ ဖရုသ၀ါစာတည်းဟူသောဆဲဆိုခြင်းမှ ရှောင်ကြဉ်ပါ ။

၉ ။ ချစ်သူနှစ်ယောက်ကွဲသွားအောင် ကုန်းတိုက်သော ၊ ရန်တိုက်ပေးသော ပိသုဏ၀ါစာစကားကိုရှောင်ကြဉ်ပါ။

၁၀။ ကလေးသူငယ်များနှင့် လူဖျင်းလူပေါ့တို့ နားထောင်၍ ကောင်းရုံသာ ဖြစ်သော( အနက်အဓိပ္ပာယ်မရှိ ၊အကျိုးမရှိသော)
အပျက်အချော် ပျော်ရုံသာဖြစ်သော သမ္ဇပ္ပလာပစကားကို ရှောင်ကြဉ်ပါ ။ ဟိုစပ်စပ် ဒီစပ်စပ်ပါဝင်ကာ အာလာပ သလ္လာပ
ဗရုတ်သုတ်ခမဟုတ်က ဟုတ်ကစကားများ မပြောပါနှင့် ။


၁၁။ ဆိုရေးရှိက ဆိုသည့်စကားကို နားခံသာအောင် ၊ သဘောပေါက်လွယ်အောင် သာယာပျောင်းညင်းစွာ ပြောဆိုပါ ၊ လူပုံအလယ်တွင်အရှက်ကွဲစေခြင်း ၊ ဒေါသတကြီး ပြုမူ ပြောဆိုခြင်းတို့မှရှောင်ကြဉ်ပါ ။

၁၂ ။ ငါးပါးသီလကို မြဲမြံစွာ ကျင့်ကြံအားထုတ်ပါ ။

၁၃ ။ သရဏဂုံသုံးပါးကို တည်ပြီးလျှင် ဗုဒ္ဓါနုဿတိ ဘာဝနာ ၊ မေတ္တာဘာဝနာကိုပွားပါ ။ဝိ ပဿနာလမ်းသို့တက်လှမ်း နိုင်ပါစေ ။

၁၄ ။ သူတော်ကောင်းတို့ကို ဆည်းကပ်ပါ ။

၁၅ ။ သူတော်ကောင်း တရားတို့ကို ကြားနာမှုများပါ ။

၁၆ ။ အစဉ် ကြည်လင်သော ကောင်းသော စိတ်ကိုမြှုပ်နှံထားပါ ။

၁၇ ။ လောကုတ္တရာတရားတော်တွင် စိတ်ကို မြှုပ်နှံထားပါ ။

၁၈ ။ * ခန္တီစ သည်းခံခြင်းတရားကို မမေ့မလျော့လေနှင့် ။
* ရန်ကိုရန်ချင်း မတုံနှင်းနှင့် ။
* မေတ္တာဖြင့်သာ ရန်ကို အောင်နိုင်ရာ၏ ။

၁၉ ။ ကာယ ၊ ၀စီ ၊ မနောအားဖြင့် ပြုမှုလှုပ်ရှား ပြောဆိုမှု ၊ ကြံစည်တွေးတောမှု မှန်သမျှသည် သင့်မသင့်လျော်မလျော် ၊ အချိန်အခါဟုတ် မဟုတ် ၊ ပြောလျှင်ဘာဖြစ်မလဲ ၊မပြောလျှင်ဘာဖြစ်မလဲ ၊ ဆင်ခြင်ပြီးမှ ပြောသင့်၏ ၊ လုပ်သင့်၏ ၊ စဉ်းစားသင့်၏ ။အကျိုးအပြစ်ဝေဖန်ပြီးမှလုပ်သင့်၏ ။ စိတ်နောက်ကိုပါ ၊ အချွန်းမရှိ ၊ ပညာမရှိ မပြုမူသင့် ။

၂၀ ။ ဧကောဓမ္မော ဟူသည့်အတိုင်း မိမိစိတ်ကို စောင့်ထိန်းမှသာ တရားလည်းရ ၊ လူကောင်း သူကောင်းလည်းဖြစ် ၊ ယခုဘ၀တွင်ရော ၊သံသရာတွင်ပါ ချမ်းသာသုခ ရနိုင်သည် ။နိဗ္ဗာန်ရောက်ကြောင်း ၊ မဂ်တရား ၊ ဖိုလ်တရားကို ကျင့်ကြံ အားထုတ်နိုင်ပါစေ ။

၂၁ ။ စိတ်ကို မေတ္တာဖြင့် ထုံမွမ်းပါလေ ။

၂၂။မိမိစိတ်ကိုအစဉ်သတိဖြင့်ကပ်ထားပါလေမလွတ်လိုက်ပါနှင့်။စိတ်ဟူသည်ဖြန့်ကျက်တက်သောသဘောရှိ၏ ။

စာဖတ်သူ မိတ်ဆွေများ ပျော်ရွင်ချမ်းမြေ့ပါစေ...


Posted by ye Sunday, August 16, 2009
Labels: ဘာသာရေူး


အေးချမ်းလေး ဘလော့မှ ကူးယူဖေါ်ပြပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၇)ရက်၊ ည(၁၀း၂၀)နာရီတွင် ကူးယူပါ၏။
 

ကိုယ်ကျင့်တရား ဟူသည်မှာ...

နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်

ယမင်း ထံမှ ကူးယူဖေါ်ပြပေးပါသည်။
Friday, 14 August 2009
ကိုယ်ကျင့်တရားဟူသည်မှာ...

၁။ လူတစ်ယောက်ရဲ့ဘ၀ ကောင်းခြင်း၊ မကောင်းခြင်းဟာ သူရဲ့စိတ်နဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲ ရပ်တည်တယ်။ အခြားဘာဆိုတာနဲ့မှ ပတ်သက်စရာမရှိဘူး။

၂။ ဘ၀ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ဟာ ကိုယ်ကျင့်တရားဆိုတာမသိထားကြလို့ လူတွေဟာ အောင်မြင်သူနည်းလှတယ်။

၃။ ကြီးမားခိုင်ခံ့တဲ့ ကိုယ်ကျင့်တရားဟာ ရိုးစင်းသေးငယ်တဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လေးတွေက ပေါက်ဖွားလာတာဖြစ်တယ်။

၎။ ကိုယ်ကျင့်တရားကောင်းကို ဘယ်ကုသိုလ်ကောင်းမှုကမှ လိုက်မမီဘူး။

၅။ လူငယ်တစ်ယောက်ကို ပညာသင်ပေးနေရခြင်းဟာ သူပညာတက်ဖို့ထက် စာရိတ္တပြုပြင်ဖို့သာဖြစ်တယ်။

၆။ သူတစ်ပါး ကိုယ်ကျင့်တရားတွေ၊ ပြုပြင်ပေးချင်တဲ့ စိတ်ရှိရင် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကို ကိုယ်အရင်ဆုံးခိုင်မာအောင်ပြင်ပါ။

၇။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားက ဖြစ်ချင်ရာမဖြစ်ရ၊ ဖြစ်သင့်တာပဲဖြစ်ရပါမယ်။

၈။ အသက်ရှင်နေထိုင်ခြင်းမှာ အသက်ရှူရန်နှင့် စားသောက်ရန်အတွက်သာမဟုတ်ဘဲ အမြဲတစေပဲ ကိုယ်ကျင့်တရားကို မွေးဖွားပြုစုရမှာဖြစ်တယ်။

၉။ စိတ်ထားညံ့ပြီး ကိုယ်ကျင့်တရားပျက်တဲ့သူဟာ ကိုယ်လုံးတီး လမ်းလျှေက်တဲ့လူထက် ပိုပြီး ရှက်ဖွယ်လိလိ။

၁၀။ အရာရာတိုင်းရဲ့ သော့ချက်ဟာ ကိုယ်ကျင့်တရားပဲ။ အဲဒီသော့သာကိုင်ထား၊ လိုတာတွေ အကုန်ဖွင့်ယူလို့ရတယ်။

၁၁။ လူတစ်ယောက်ဒုက္ခရောက်ခြင်းဟာ ကံမကောင်းလို့ထက် အကျင့်မကောင်းလို့ဖြစ်မှာ။

၁၂။ အကျင့်မကောင်းသူမှန်သမျှ ကိုယ်အင်္ဂါစုံပြီး တောင့်တင်းချောမောလှပပေမယ့် ဒုက္ခိတတစ်ယောက်သာဖြစ်တယ်။

၁၃။ စိတ်ချမ်းသာရင် ကိုယ်ကျန်းမာတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားပျက်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနေတဲ့သူဟာ အကုသိုလ်လည်း ချမ်းသာပြီးရင်း ချမ်းသာနေလိမ့်မယ်။

၁၄။ ကိုယ်ကျင့်တရားဆိုတဲ့ အဓိပ္ပာယ်က ရှင်းရှင်းကလေးပါပဲ။ ကိုယ်ကျင့်တဲ့တရားမို့ ကိုယ်ကျင့်တရားလို့ဆိုတယ်။ သူများကျင့်တဲ့တရားက ကိုယ်ကျင့်တရားဖြစ်မလာဘူး။

၁၅။ ကောင်းတဲ့ အကျင့်ကို အတုယူပါ။ မကောင်းတဲ့ အကျင့်ကို မပြုမူပါနဲ့။

၁၆။ ဘယ်နေရာကိုပဲရောက်ရောက်၊ ဘာဒုက္ခပဲတွေ့တွေ့၊ ဘယ်လိုလူနဲ့ ဆုံဆုံ၊ အသက်ထက် ကိုယ်ကျင့်တရားကိုစောင့်ရှောက်ပါ။

၁၇။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ တော်တော်နဲ့မသေဘူးတဲ့။ ဘုန်းကြီးလို့အသက်ရှည်သတဲ့။ အချို့ဆို သေကိုမသေဘူးတဲ့။ လူကိုမမြင်တာပဲရှိသတဲ့။

၁၈။ ဒုက္ခဆိုတာ ကိုယ်ကျင့်တရားကောင်းတဲ့သူဆီလည်း အ၀င်အထွက်ရှိတာပဲ။ သူလာလည်တဲ့အခါ ကိုယ်ကျင့်တရား နေမကောင်းမဖြစ်ရန် အရေးကြီးတယ်။

၁၉။ နာမည်၊ ခန္ဓာကိုယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ၊ ဆွေမျိုးဉာတိထက် အဖိုးတန်ဆုံးအရာကတော့ ကိုယ်ပိုင်ကိုယ်ကျင့်တရားပဲ။ ကောင်းနိုင်သမျှ တန်ဖိုးမြင့်တယ်။

၂၀။ ကိုယ်ကျင့်တရားထက်ပိုပြီး အရေးကြီးတာဘာများရှိသေးလို့လဲ။

၂၁။ ကိုယ်ကျင့်တရားကောင်းသောသူဟာ သေခြင်းကို ဂရုစိုက်စရာမလိုဘူး။

၂၂။ အရွယ်(၃)ပါးထိန်းသိမ်းရမှာက ပထမအရွယ်- ကိုယ်ကျင့်တရား၊ ဒုတိယအရွယ်-ပိုမိုတည်ငြိမ်တဲ့ ကိုယ်ကျင့်တရား၊ တတိယအရွယ် - ဘ၀ပြတ်နိုင်တဲ့ကိုယ်ကျင့်တရား။

၂၃။ ကိုယ်ကျင့်တရားကို မွေးမြူတတ်ဖို့လိုတယ်။ ကိုယ်ကျင့်တရားကို ထိန်းသိမ်းတတ်ဖို့က ပိုပြီးလိုတယ်။ ကိုယ်ကျင့်တရားကို မြှင့်တင်တတ်ဖို့က သာ၍လိုတယ်။

--
yamin
http://goldmyanmar.myanmarbloggers.org
http://yamin.iblogger.org
နှစ်သက်သောစာစုများ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၆)ရက်၊ ည၈း၃၀ နာရီကူးယူတင်ပြပါသည်။
 

မကွေးမြို့ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း သမိုင်းအကျဉ်း






ဤအသင်းကို (၁၉၅၇)ခု၊ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။မကွေးမြို့ပေါ်ရှိ
စာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအား နာယက အမှုထား၍ မြို့မိ၊မြို့ဖ
အမှုဆောင်လူကြီးများဖြင့် ဖွဲ့စည်းလာခဲ့ကြပါသည်။ မဟာဓမ္မိကရာမ(
မြောက်စာသင်ကျောင်း တိုက်) ကျောင်းဝိုင်း၏
အနောက်ဘက်ခြမ်းတွင်တည်ရှိပါသည်။ဖုန်းနံပါတ်(၀၆၃-၂၆၀၂၆)။ လိပ်စာ =
နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း၊ဘုရားလမ်း၊ ဈေးလယ်စိုးရပ်ကွက်။
မကွေးမြို့။

မကွေးမြို့ပေါ်ရှိကျောင်းတိုက်ကြီး(၁၈)တိုက်နှင့်
ဘုန်းတော်ကြီးကျောင်းအားလုံးတွင် သီတင်းသုံးတော်မူနေကြသော ဆရာတော်
သံဃာတော်များအား နေ့စဉ် အာရုံတက်ချိန်မှစ၍ နံနက်(၆)နာရီခန့်အထိ
အာရုံဆွမ်းဘုန်းပေးသုံးဆောင်နိုင်ကြရန် လောင်းလှူပေးကြပါ၏။

အများဆုံး ထာဝရဆွမ်းပဒေသပင်အလှူရှင်မှာ ဦးဗေဒါ
ငွေကျပ်သိန်း(၅၀)ဖြစ်ကြောင်း သိရ၏။ယနေ့အထိ ဆွမ်းပဒေသပင်အလှူရှင်များ၏
လှူဒါန်းထားသောငွေများကို မြန်မာ့ စီးပွားရေး ဘဏ်တွင်
စုပေါင်းအပ်နှံထားပါသည်။ ယင်းငွေများမှ တစ်နှစ်ရရှိသော
ဘဏ်တိုးငွေများဖြင့်သာဆွမ်းလောင်းရန်အသုံးပြုကြပါသည်။ ဆွမ်းအလှူရှင်
မရှိသော နေ့များတွင်သာ နေ့စဉ်မပျက်အောင် ဆွမ်းလောင်းအသင်းမှ
လောင်းလှူပေးကြပါသည်။ ယခုလက်ရှိ ၀ါဆိုသံဃာစာရင်းအရ
သံဃာအပါး(၁၉၀၀)ရှိပါသည်။

ဆွမ်းဆန်အိပ်(၈)အိပ်ကို ပေါင်းအိုးများဖြင့်ချက်ရပါသည်။ ပထမတန်စား အလှူ
ငါးခြောက်ကြော်၊ ပဲဟင်း၊သရက်ချဉ်။ငရုပ်သီးကြော်များနှင့်
လောင်းလှူပါလျှင် (၇၅၀၀၀၀) ကျပ် ကုန်ကျပါမည်။ ၀က်သားဟင်း
ပိသာချိန်(၈၀)ပိသာနှင့် သရက်ချဉ်၊ ငရုပ်သီးငါးပိ
ဆီကြော်များဖြင့်လောင်းလှူပါလျှင်(၇၅၀၀၀၀)ကျပ် ကုန်ကျပါမည်။
(ကြက်၊ဆိတ်သား၊ ငါးကြီးသားများဖြင့်လည်း ဤဈေးနှုန်းခန့်သာကုန်ကျပါမည်။
ဗူးသီး၊ အာလူး စသည့် အရောများပါလျှင် (၄၅၀၀၀၀)ကျပ်၊ (၅၅၀၀၀၀)ကျပ်ခန့်သာ
ကုန်ကျပါမည်။

ကုလားပဲနှင့်သီးစုံပဲဟင်း၊ သရက်ချဉ်၊ ငါးတကွန်ငါးခြောက်နှင့်
ငရုပ်သီးကြော်ဟင်း များဖြင့် လောင်းလှူပါလျှင် (၂၇၀၀၀၀)ကျပ် ကုန်ကျပါမည်။
(နေ့စဉ်သံဃဒါန ဆွမ်းလောင်း အသင်းမှ လောင်းလှူသောဟင်းများဖြစ်၏။)
ဆွမ်းအတွက်ကို ဆလုံအလတ်ဖြင့် အမောက် အပြည့် တစ်ပါးစာ သုံးဆောင်နိုင်ရန်
လောင်းလှူပေးပါသည်။

ဆွမ်းလောင်းအသင်းတွင် အမှုဆောင်ကော်မတီ လူကြီးမင်းများသည် စေတနာဝန်
ထမ်းဖြင့် (အခမဲ့) တာဝန်ထမ်းဆောင်ကြပါသည်။ ငွေစာရင်းကိုင် စာရေးကြီးနှင့်
ဆွမ်းချက်ရန် ၀န်ထမ်း(၅)ဦးဖြင့် တာဝန်ပေးခန့်ထားပါသည်။
ဆွမ်းအလှူရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊တိုက်တာများတွင်
အာရုံဆွမ်းကပ်လောင်းလှူလိုပါလျှင်လည်း နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းမှ
အသံချဲ့စက်၊မဏ္ဍပ်ဆင်၊ ဆွမ်းပေါင်းအိုး။ ဟင်းချက်အိုး၊စသည့်
လိုအပ်သောပစ္စည်းအစုံတို့အား အခမဲ့ငှါးရမ်းပေးပါသည်။ ဆွမ်းချက်၊
ဆွမ်းလောင်းရာ တွင်လည်း အမှုဆောင်ကော်မတီ လူကြီးများဦးဆောင်၍
ဝန်ထမ်းများဖြင့် စည်းကမ်းကျနစွာ အားလုံးတာဝန်ကျေအောင် လိုက်လံကူညီ
ဆောင်ရွက်ပေး ကြပါသည်။ ဆွမ်းလောင်းလှူပြီး၍ ဆွမ်းရေစက်ချသည့်အထိ
နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်းမှ လိုအပ်မူမရှိစေရအောင်
အစစအရာရာတာဝန်ကျေပွန်စွာဖြင့် သာသနာ၏ အကျိုးအား မျက်နှာကြီးငယ်မလိုက်၊
ကိုယ်ကျိုးမဖက် တည့်တည့်မတ်မတ် ဆောင်ရွက်ပေးနေကြပါသည်။

သိုသော်လည်း..နေ့စဉ်သံဃာတော်အပါး(၁၉၀၀)ပါးအတွက်ကိုဆွမ်းလောင်းအသင်း၏
ဆွမ်းပဒေသပင်ငွေများဖြင့် ထုတ်ယူဖြည့်ဆည်းလောင်းလှူနေရသော ရက်များက
တစ်နှစ်ထက် တစ်နှစ်များပြားစွာကုန်ကျနေပါ၏။ဘဏ်မှ အတိုးနှုန်းရငွေများဖြင့်
ယခုကုန် ဈေးနှုန်း များအား သုံးစွဲနေရသောငွေများမှာ လောက်ငမှု မရှိကြောင်း
မြင်တွေ့နေရပါသည်။ ဆွမ်လောင်းအသင်း စတင်ထူထောင်သော ကာလ အချိန်အခါက
ဆွမ်းဆန်အိပ်များကို အစိုးရမှ ဈေးနှုန်းသက်သာစွာဖြင့်
ထုတ်ယူရရှိခဲ့ကြောင်း ကြားသိရပါ၏ ။ယခုအခါ ကိုယ်ထူ ကိုယ်ထဖြင့်
စီမံဆောင်ရွက်နေရပေပြီ။ တစ်နှစ်လျှင် တစ်လတိတိ အချိန်ယူ၍
ဆရာတော်ကြီများကိုယ်တိုင်ကြွချီတော်မူပြီး မြို့ပေါ်ရပ်ကွက်များသို့
ဆွမ်းဆန်စိမ်းများ အလှူခံတော်မူနေကြပေပြီ။ နေ့စဉ်သံဃဒါန ဆွမ်းလောင်းအသင်း
အမူဆောင်ကော်မတီ လူကြီးများက ရှေမှ အသံချဲ့စက်ဖြင့်အလှူခံရ၏။ ဆရာတော်သံဃာ
တော်ကြီးများကလည်း နေပူ၊မိုးရေစိုခံတော်မူ၍ တစ်လမ်းဝင် တစ်လမ်းထွက်
အလှူခံနေကြရပါသည်။

သို့ပါ၍ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်းအား ဆက်လက်တည်တန့်
ဆောင်ရွက်နိုင်ကြစေရန် ရပ်ဝေး၊ရပ်နီး၊ပြည်တွင်း၊ပြည်ပ မှ
သာသနာ့ဆွေတော်မျိုး တော်အပေါင်းတို့ခင်ဗျား ထာဝရဆွမ်းပဒေသပင်များကို
မိမိတို့သဒ္ဒါကြည်ဖြူစွာဖြင့် တတ်စွမ်း သမျှ လှူဒါန်းပေးတော်မူကြပါရန်
သာသနာ၏ အကြိုးကိုမျှော်လျှက် နှိုးဆော် လိုက်ရပါသည်။

ယခုသတင်းဓာတ်ပုံများသည် နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း၏ နှစ်(၅၀) ရွှေရတု
သဘင်ပွဲဖြစ်ပါသည်။ စားသောက်စရာမှုန့်မျိုးစုံခင်းကျင်း၍ ကျွေးမွေးပေး
လှူနေ ကြသော စတုဒိသာ နိဗ္ဗာန်ဈေးတော်ကြီးဖြစ်ပါ၏။

မှတ်ချက်။ ။ မကွေးမြို့ နေ့စဉ်သံဃဒါနဆွမ်းလောင်းအသင်း အား အွန်လိုင်း
တင်ရန်အတွက် အချက်အလက်၊သတင်းဓာတ်ပုံများအား ပြည့်စုံစွာဖြင့်
ထပ်မံစုဆောင်းတင်ပြပါဦးမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၅)ရက်၊နံနက်(၁း၂၆)နာရီတွင်ရေး၏။
 

စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်း






၁၀-၈-၂၀၀၉ နေ့ နံနက် စစ်ကိုင်းတောင်ရိုး သံဃဒါနဆွမ်းလောင်းအသင်းသို့
ရောက်ခဲ့ ပါသည်။ သံဃာတော်အပါး(၆၀၀)ကျော် ဆွမ်းခံကြွလာတော်မူကြောင်း
မြင်တွေ့ခဲ့ရပါသည်။ ယင်းဆွမ်းလောင်းအသင်းကို ဆရာတော် ဦးကောဝိဒ နှင့်
ဆရာတော်သံဃာတော်များ၊ စေတနာ သဒ္ဒါတရား ထက်သန်ကြသောဒကာ၊ဒကာမများမှ စတင်
ထူထောင် လောင်းလှူ နေကြပါသည်။ အနယ်နယ်အရပ်ရပ်မှ အွန်လိုင်း ဘလော့ဂါများမှ
တစ်နှစ်စာ အလှူရှင်များဖြင့် စုပေါင်းလှူဒါန်းထားသောစာရင်း များကို
တွေ့ခဲ့ပါသည်။(ဆရာတော်ဦးကောဝိဒ ဘလော့နှင့် ဆွမ်းလောင်းအသင်းဘလော့တွင်
ကြည့်ရှုနိုင်ပါသည်။ http://kovida.multiply.com/journal
www.everyoneit.com )

ဆရာတော် ဦးကောဝိဒ မှာ သံဃာတော်များအား အခမဲ့ ကွန်ပျူတာ သင်တန်းများ
ကိုလည်းဖွင့်ထားကြောင်း မြင်တွေ့ခဲ့ရပါ၏။ ယင်း ပရဟိတ အခမဲ့ကွန်ပျူတာ
သင်တန်းများ အတွက် အလှူရှင်များ များစွာလိုအပ်နေကြောင်း ကြားသိ
မြင်တွေ့ခဲ့ရပါသည်။
(၁၉-၈-၀၉)နေ့တွင်အမှတ်စဉ်(၄)သင်တန်းဖွင့်ပွဲစတင်ပါမည်။
ယင်းသင်တန်းဖွင့်ပွဲတွင် ကြွရောက် လာ ကြသော
ဆရာတော်ဘုရားကြီးများထံလျှောက်ထား၍ ဆွမ်းလောင်းအသင်းအား
စစ်ကိုင်းမြို့ရှိ စေတနာရှင်ပုဂ္ဂိုလ်များဖြင့် ထပ်မံစုပေါင်းပြီး ပြန်လည်
ဖွဲ့စည်းပေးမည်ဟု ဆရာတော် ဦးကောဝိဒ မှမိန့်ဆိုပါသည်။
ဆရာတော် ဦးကောဝိဒ ဦးစီးထူထောင်ထားသော စစ်ကိုင်းတောင်ရိုး သံဃဒါန
ဆွမ်းလောင်း အသင်းအား ရေရှည်ထာဝရ ဆွမ်းလောင်းလှူနိုင်ရေးအတွက်
ပြည်တွင်း၊ပြည်ပမှ ထာဝရ ဆွမ်းပဒေသာပင်အလှူရှင်များအား လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။

လှူဒါန်းဆက်သွယ်ရန်ဖုန်း (09-2110202)
www.everyoneit.com

သတင်းဓာတ်ပုံများ ပူးတွဲဖေါ်ပြပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁၃)ရက်၊ နေ့(၁း၃၈)ရေး၏။
 

ကြာကြာနေရင် နင့်ကလေး ပထွေးပိုက်လိမ့်မယ်....

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်


ဂျပန်ခေတ်ကာလပါ။ ကျွန်တော်တို့ရွာက ပခန်းငယ်ရွာ ဧရာဝတီမြစ်ဘေး အရှေ့ဘက်ကမ်းမှာတည်ထားပါတယ်။ လှေခေတ် ကောင်းချိန်ပေါ့။ အောက်ပြည် အောက်ရွာသို့ဆန်၊ဆား သွားဝယ်ရပါတယ်။ အသွားရေအစုန်မှာ အညာ ပဲစေ့ ပဲဆန် နဲ့ ဓားသွေးကျောက်တွေကိုတင်ပြီးသွားရပါတယ်။ အပြန် အဆန်ခရီးမှာ ဆန်နဲ့ ဆားကို တင်လာရပါတယ်။ မြစ်ကြောင်းတစ်လျှောက် ကျွဲညီနောင် လေယာဉ်ပျံနှစ်စီးက ဗုံးကြဲနေတဲ့အချိန်အခါပေါ့..။ ဂျပန်အတက် အင်္ဂလိပ်စစ်ပြေးနေရတဲ့ ကာလပျက်ကြီးပါ..။

ကျွန်တော့ အဖေက ကျောင်းဆရာပါ။ အဘက လှေသူကြီးဦးမှတ်ကြီး။ အမေကြီးက ဇာတ်မင်းသမီးဒေါ်မုံစီတဲ့ ။ အဖေ့ မှတ်စု စာအုပ်ထဲက ကဗျာမဟုတ်၊နဘေထပ်နဲ့ ကျွန်တော့် အမေကြီးရဲအ မှာစကား တွေကိုရေးထားတဲ့စာလေးပါဗျာ..၊ တော်တော်ရယ်စရာကောင်းပြီး မှတ်သားလောက်တဲ့အကြောင်းပါ..( အဘ လှေသူကြီးကို အောက်ပြည်သို့လှေ ထွက်ခါနီးမှာ အမေးကြီးဒေါ်မုံစီက သူ့လင်တော်မောင်အား ပြောလိုက်တဲ့ အမှာစကား..။)


အမေကြီး ဒေါ်မုံစီ၏ မှာတမ်းတော်..။


မုံစီ..မုံစီ..ယုံကြည်မှ ထား

ဂျပန်တက် သူတက် ငါတက်

ငွေရရင်လည်း ယူခဲ့ကွယ်

လင်ရရင်လည်း ယူနှင့်မယ်

ကြာကြာနေရင် နင့်ကလေး

ပထွေး ပိုက်လိမ့်မယ်....။( ၃- ခါပြန်သီဆိုမှာကြားနေပါ၏)


ထမိန်ကို မကာ မကာနှင့်သူ့ယောင်္ကျားကို မှာကြားနေသော အမေကြီး ဒေါ်မုံစီအား လှေထိုးသားများက ၀ိုင်းလို့ ရယ်နေကြမှာပါဗျာ...။

(မယ်တစ်ရွာ မောင်တစ်မြို့ ခွဲခွါနေရသော မိသားစုများအတွက် စကားလက်ဆောင်ကောင်း ဖြစ်ပါသည်။)


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၇)ရက်၊နံနက်(၁း၃၀)နာရီ ရေး၏။
 

ဝေဖန်ခြင်း သည်းခံပါ (ကာတွန်း ငွေကြည်။ ကြေးမုံ သတင်းစာ၊ ၂၃-၅-၇၄)


သက်ဆိုင်သော ဘလော့ဂါ၊နှင့် ကာတွန်းဆရာငွေကြည် ထံသို့ ကြိုတင်ခွင့်ပြုချက်
မယူနိုင်ခဲ့ခြင်းအား ခွင့်လွတ်ပေးကြပါရန် လေးစားစွာဖြင့်
တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၆)ရက်၊ ညနေ (၃း၀၀)နာရီ ကူးယူဖေါ်ပြပါသည်။
 

သတင်းထောက်သစ္စာ




သက်ဆိုင်သော ဘလော့ဂါနှင့် ကာတွန်းဆရာ၏ မိသားစုထံသို့ ကြိုတင်ခွင့်ပြုချက်
မယူနိုင်ခဲ့ခြင်းအား ခွင့်လွတ်ပေးကြပါရန် လေးစားစွာဖြင့်
တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၆)ရက်၊နံနက်(၇း၃၀)နာရီ ကူးယူဖေါ်ပြပါသည်။
 

လပြည့်ည၏ အမှန်တရား

လပြည့်ည၏ အမှန်တရား

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

လပြည့်ည၏ အလင်းရောင်သည်အေးမြ၏။ နေရာတိုင်းမှ မြင်နေရသူတိုင်း လမင်းရဲ့အေးမြခြင်းကို ခံစားနိုင်ကြမည်။ ခေါင်းဆောင်ကောင်းဟူသည် နေရာ၊ဒေသ၊လူမျိုး၊ပုဂ္ဂိုလ်၊ဘာသာမရွေး၊ မိတ်ဆွေ၊ရန်သူ၊ ဆင်းရဲချမ်းသာ၊ ဆူကြုံ၊နိပ့်မြင့် မခွဲခြားပဲ လမင်း၏အလင်းရောင်ကဲ့သို့အေးမြမူကို တန်းတူရည်တူ ပေးရပေမည်။

ကျွန်တော် လမင်းကြီးကို ငေးကြည့်နေရင်းမှ ဆရာကြီး ဦးရွှေအောင် ရေးသားခဲ့တဲ့ အထက်က စာပုဒ်ကို ပြန်စဉ်းစားမိပါတယ်…။ အင်း.. အနှိုင်းမဲ့ကျေးဇူးရှင်..စာအုပ်မှာထင်ပါရဲ့လေ..။ ဒီနေ့ မြန်မာလို ၀ါခေါင်လပြည့်နေ့ပါ..။(၅-၈-၀၉)နေ့၊ ဥပုဒ်နေ့ပါဗျာ။ မှန်ကန်သော စကားကိုပြောပါရစေ..။ ခေါင်းဆောင်ကောင်းဆိုတာ ကျွန်တော်တို့ရဲ့ အနှိုင်းမဲ့ ဗုဒ္ဓရှင်တော်ဘုရားကို ရည်ရွယ်ထားတာပါနော်..။

ဘုရားရှင်တော် ကြွလေရာနေရာတိုင်းမှာ တပည့်သံဃာတော်တွေအပါး(၅၀၀)စသည်ဖြင့် ပါကြတယ်လို့စာပေတွေမှာ ဖတ်ရပါတယ်။ ဆိုလိုချင်တာက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သာသနာ၏ခေါင်းဆောင်ကောင်း၊ ကိုယ်တော်မြတ်ကြီးပါပေတည်း..။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး အဓိက ဆိုဆုံးမခဲ့တဲ့ (သီလ၊သမာဓိ၊ပညာ) သုံးပါးထဲက ယနေ့ ကျွန်တော် သီလယူခဲ့ပါတယ်..။ (၈)ပါးသောသီလပါခင်ဗျာ..။ ကြွားနေတယ်တော့မထင်လိုက်ပါနဲ့နော်..။ ယခုစာရေးနေချိန်အထိ သီလယူထားလျှက်ပါ…။

အဲ.. မနက်က ကျွန်တော် မင်းဘူးမြို့၊ စက္ကိန်းတဲဘုရားတောင်တော်မှ သစ္စာမေတ္တာဆရာတော်ကျောင်းမှာ သီလယူလာခဲ့ပါတယ်။ မကွေးအိမ်ကို ရောက်တော့ ဆရာမကွေးဝင်းမြင့်က ကျွန်တော့်ကိုစောင့်နေပါတယ်။ ကိစ္စမှာ အများအကျိုးအတွက် မြေလတ်မြို့တော်မဂ္ဂဇင်းဘိုးငွေများ ကြွေးတောင်းသွားရပါတယ်..။ သွားတဲ့နေရာက (၃)ဌါနပါ။ သေချာပေါက် ပေးပါ့မယ်.ဆိုတဲ့နေရာစပြီး မရဘူးပြောပါတော့ဗျာ..။ သုံးနေရာလုံးသွားတာ မရတော့ ကျွန်တော်က စိတ်ဆိုး၊ ဒေါပွတာပေါ့လေ..။ ဥပုဒ်စောင့်ထားတာကိုလည်း မေ့သွားတာပေါ့။

““ဆရာ ဦးဝင်းမြင့်ရေ စာအုပ်ထွက်တာ၊ ရောင်းဖို့ပေးထားတာ..သူတို့ဆီမှာ(၄)လ တောင်ကြာနေပါပြီဆရာရယ်..။ ကျွန်တော်ကတော့ စိတ်လည်းဆိုးတယ်၊ စိတ်လည်းပျက်လှပါပြီ ဗျာ..ရန်ကုန်ပုံနိပ့်တိုက်ကလည်းကြွေးတွေ ပူလှပြီဆရာ…အများအတွက်မို့သာ ဒါလောက်အောက်ကျခံနေတာပါနော်။”””

ဆရာမကွေးဝင်းမြင့်ကတော့ အေးတိအေးစက်နဲ့ (မေတ္တာရှင် ဆေးတိုက်)ပိုင်ရှင် နာမည်နဲ့ လိုက်အောင် ကျွန်တော့ကို ပြန်ပြီး အားပေးစကားဆိုပါတယ်..။

“ အိုဗျာ ကိုဝင်းကြည်ကလည်း..သူတို့ဆီမှာကြာနေတာ(၆)လမှ မပြည့်သေးတာပဲ..သည်းခံပြီး စောင့်ရအုံးမှာပေါ့လေ…”။

ဆရာမကွေးဝင်းမြင့် ပြောလိုက်တဲ့စကားကြောင့် ကျွန်တော် အသိအတွေးတစ်ချက်စဉ်းစားမိလိုက်ပါတယ်..။

ကျွန်တော်တို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နှင့် တပည့်သံဃာတော်တွေများစွာခြံရံလျှက် ဇေတ၀န်ကျောင်းဝိုင်းကြီးထဲတွင် သီတင်းသုံးနေထိုင်တော်မူစဉ်ကာလ..။ ဘုရားရှင်ထံသို့ တန်ခိုးပြိုင်ဘက် ဒိဌိကြီးတွေဝိုင်းလာကြတယ်..။ ဘုရားရှင်ကို ကြမ်းတမ်းသော စကားတွေနဲ့ ဆဲရေးတိုင်းထွာကြတယ် ။ အုတ်ခဲတွေနဲ့ထုကြပါတယ်..။ အခြားတဘက်က ဒေါသပေါက်ကွဲပြီး ပြုမူဆောင်ရွက်နေကြသော်လည်း ရှင်တော်ဘုရားမှ တိတ်ဆိတ်ငြိမ်သက်စွာ သည်းခံတော်မူနေပါတယ်..။ တဘက်က ဘာမှ မတုံ့ပြန်ကြတော့ ..ဒိဌိဆရာကြီးတွေ..မောပြီးပြန်သွားကြပါသတဲ့..။

သူတို့ပြန်သွားကြတော့မှ သံဃာတော်တွေက.. ဘုရားရှင်ကို မေးမြန်းတော်မူကြပါတယ်…။

“ အို.. အရှင်တို့ သူတို့ယူလာသော..လောဘ၊ဒေါသ၊မောဟ ကာယကံ၊၀ဇီကံလက်ဆောင်တွေကို သည်းခံစိတ်ထားပြီး ငါတို့က လက်ခံ မယူလိုက်ကြဘူးကွယ်..။ ငါ့ တို့ လက်ခံမယူလိုက်တဲ့ အတွက် သူတို့ပစ္စည်းတွေ သူတို့ထံကိုသာ..ပြန်ယူသွားကြပေပြီးမဟုတ်လား…“။

ကျွန်တော့အတွေးတရားတော်ကိုဖတ်ဖူးး၊ ကြားဖူး၊သိဖူးကြမှာပါနော်..။ အဲဒီတရားနဲ့ယှဉ်ပြီး ဆရာမကွေးဝင်းမြင့် စကားကို ပြန်လည်ကြားယောင်မိရင်းမှ ..

နေ့လည်က ကျွန်တော် စိတ်ဆိုးခဲ့မိတဲ့ လောဘ၊ဒေါသ၊မောဟ၊သောက စတဲ့ စိတ်ကို ညစ်နွမ်းစေခဲ့တဲ့ ကိလေသာ(၁၁)မီးမှ စိတ်တစ်ခုဖြစ်ပြီး၊ စိတ်တစ်ခုပျက်သွားတာကို အမှန်မြင်ရအောင် ယခုည နာရီမဆိုင်းတော့ပဲ စောင့်ထိမ်းထားတဲ့သီလကို အခြေခံလို့ သမာဓိ၊ ပညာစခမ်းသို့ အချိန်ရှိခိုက် လုံးလစိုက်လိုက်ရပေအုံးတော့မည်……။

ငါ့ ကိုယ်ထဲတွင်
ဒေါသ ၀င်က
ဝင်လာ ဒေါသ
အနိုင် ရရန်
ဒေါသ ကင်းစင်
ဘုရားရှင်ကို
ငါလျှင် ကြည်ညိုမိပါ၏....။


မင်းကွန်း တိပိဋက ဆရာတော်ကြီး။


အမှားများပါခဲ့ပါလျှင်..ပြင်ဆင် တည့်မတ်ပေးတော်မူကြပါခင်ဗျား…။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၆)ရက်၊ နံနက်(၁း၁၅)နာရီ ရေးပြီးသည်။
 

ရွှေလမ်းငွေလမ်းဝင်းကြည်၏ ကိုယ်ရေးအကျဉ်း

စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ - ဦးဝင်းကြည် ဖြစ်သည်။
အဖ- ဦးကျော်ရှိန်(စာရေးဆရာ ပခန်းကျော်ရှိန်)+ အမိ- ဒေါ်ရီတို့မှ ၁၉၅၇ ခုနှစ်၊ ဇန်န၀ါရီလ(၉)ရက်နေ့တွင် ချောက်မြို့နယ်၊ မင်းကန်ရွာ၌ မွေးဖွားသည်။ အခြေခံပညာအထက်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၉၄-ခု၊ ကြီးပွားရေးလမ်းညွှန်ဂျာနယ် အတွဲ(၃)(၁၂)၌ “ ထီလောကမှ အ၀စား စူစကာကြီးများ” စာပေ ဆောင်းပါးဖြင့် လည်းကောင်း၊ (၁၉၉၇)ခုနှစ် ရုပ်ရှင် စတားရသစုံမဂ္ဂဇင်းမှ ကဗျာဝတ္ထု ( မုန်းချောင်းရေနဲ့ ဆေးပါ့မယ်ဖြင့်လည်းကောင်း၊ စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ပါသည်။

“ရွှေလမ်းငွေလမ်း”(စက်ဘီးထီသည်ဘ၀) ဖြင့် စာပေနယ်သို့ စတင်ချေချ၍ ကလောင်အမည် “ရွှေလမ်းငွေလမ်းဝင်းကြည် ”နှင့် “၀ိုင်းကြည်အောင်” အမည်များ ပေးခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ၀တ္ထုတို၊ ဆောင်းပါးနှင့် သတင်းများပုဒ်ရေ(၁၀၀)ကျော် ရေးသားခဲ့ပြီး ဖြစ်ပါသည်။

မကွေးမြို့နယ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။

မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ( မကွေးပင်ရင်း) ထီကိုယ်စားလှယ် တာဝန်ခံ ဖြစ်ပါသည်။

ယခုအခါ ဇနီး ဒေါ်ခင်စီ၊ သား မောင်ထွန်းဝင်းကျော်၊ သမီး မအိအိချော၊ မြေးချောလေး မောင်ဘုန်းနေခန့် တို့နှင့်အတူ မကွေးမြို့တွင် နေထိုင်ရင်းး စာပေများ ဆက်လက်ရေးသားဆဲ ဖြစ်ပါသည်။



shwelannwelan@gmail.com
uwinkyi0@gmail.com
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၄)ရက်၊ ည(၁၁း၂၀)ရေး၏။
 

စာရေးဆရာ ကိုငြိမ်း(မန္တလေး)+မရီရီစီုး တို့၏ နောက်ဆက်တွဲ ပြသနာ ....

၂-၈-၂၀၀၉ နေ့ မန္တလေး စာပေအသိုင်းအ၀ိုင်းမှ ပေးပို့သော အီးမေးလ်ဖြစ်ပါသည်။ ယနေ့ ညနေ ဇမ္ဗူရစ်ရွှေလဘက်ရည်ဆိုင်တွင် သူတို့ဇနီးမောင်နှံအား လက်ထပ်ပေးသော တရားရုံးချုပ်ရှေနေ၊ စာရေးဆရာ ဦးအောင်ကျော်စိုး(မောင်မွန်မြတ်-ကျေးလက်)မကွေး မှ ပြောကြားချက်မှာ သူတို့ဇနီးမောင်နှံအား ဘာသာအယူဝါဒ တူညီအောင်၊ တရားဥပဒေနှင့်ညီအောင် ကာယကံရှင်တို့ကိုယ်တိုင် မိမိတို့၏သဘောဆန္ဒတူညီစွာဖြင့် ကျမ်းသစ္စာကိုင်ဆိုပြီးမှသာ တရားဝင်လက်ထပ်စာချုပ် ချုပ်ဆိုပေးကြောင်း ပြောကြားပါသည်။ ဆရာကိုငြိမ်း(မန္တလေး)မှာ ပထမဇနီးကြီးကွယ်လွန်ခဲ့တာ(၁၀)နှစ်ကျော်ပြီ ဖြစ်ကြောင်းပြောကြားပါသည်။ မရီရီစိုး မှာ မွေးချင်းသုံးဦးအနက် အကြီးဆုံးသမီး အသက်(၄၅)နှစ် အပျိုကြီးဖြစ်ကြောင်း ပြောကြားပါသည်။ မကွေးတွင် လက်ခံကူညီ ဆောင်ရွက်ပေးသော ပန်ချီဆရာ ဦးမျိုးညွန့် ကလည်း လျှပ်တစ်ပြက်ဂျာနယ်သို့ နောက်ဆက်တွဲရှင်းတမ်း ပေးပို့လိုကြောင်း
ပြောကြားသိရှိရပါသည်။

သတင်းဓာတ်ပုံ(၃)ပုံ အားပူးတွဲပေးပို့ပါသည်။





ရွှေလမ်းငွေလမ်းဝင်းကြည်
 

အကြွေပါလား ( ကာတွန်းဆရာကြီး ဦးဘဂျမ်း )








မူရင်းကာတွန်းဆရာကြီး၏သားသမီးများနှင့် သက်ဆိုင်သူဘလော့ဂါထံခွင့်ပြုချက် မယူခြင်းအား ကြိုတင်တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁)ရက်၊နေ့(၄း၀၀)ကူးယူတင်ပြ၏။
 

ဂေါ်စကနတ်သားနှင့် အလွမ်းကြော်ငြာ ( ကာတွန်းဆရာကြီး ဦးဘဂျမ်း )












မူရင်းကာတွန်းဆရာကြီး၏သားသမီးများနှင့် သက်ဆိုင်သူဘလော့ဂါထံခွင့်ပြုချက် မယူခြင်းအား ကြိုတင်တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁)ရက်၊နေ့(၄း၀၀)ကူးယူတင်ပြ၏။
 

ရသေ့ကြီး၏ အရက်အလှူခံ ( ကာတွန်းဆရာကြီး ဦးဘဂျမ်း )








မူရင်းကာတွန်းဆရာကြီး၏သားသမီးများနှင့် သက်ဆိုင်သူဘလော့ဂါထံခွင့်ပြုချက် မယူခြင်းအား ကြိုတင်တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊သြဂုတ်လ(၁)ရက်၊နေ့(၄း၀၀)ကူးယူတင်ပြ၏။