မြန်မာ့ရိုးရာ အကြောပြင်လင်္ကာနှင့်စကားပြေ(မကွေးဝင်းမြင့်)

၅၀။ မြန်မာ့ရိုးရာ အကြောပြင်လင်္ကာ

စာဖတ်သူသုတေသီများ ပိုမို သဘောပေါက်စေခြင်းငှာ ရည်သန်၍ သိမ်ဖြူဆရာတော် ရေးသားပြုစုတော်မူသော အကြောတတ်ပညာကျမ်း မှ မြန်မာ့ရိုးရာ အကြောပြင် လင်္ကာကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
ဤနည်းကိုကား ရှေးဟောင်း ပေတစ်ခုမှ ရရှိသည့်အတိုင်း မူရင်းမပျက် ဖော်ပြထားပါသည်။ ကျမ်းပြုစုသော ပေစာမူကိုသာ တွေ့ရ၍ ကျမ်းပြုပုဂ္ဂိုလ်၊ ခုနှစ်သက္ကရာဇ်တို့ကား ပြည့်ုစုံစွာ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ရိုးရာ အကြောပြင်လင်္ကာဟူသော အမည်တပ်၍ ဖော်ပြထားခြင်း မရှိပါသဖြင့် ရှေးမြန်မာ့ရိုးရာ အကြောပြင်လင်္ကာဟု အမည်တပ်၍ ဖော်ပြထားပါသည်။ အကြောပြင်ဆရာ အကျော်အမော်များ စီရင်ခဲ့သော ယင်းအနှီလင်္ကာကျမ်းကို ရေးသား ဖော်ပြပါအံ့။
၁။ ကိုယ့်ဆယ့်ခြောက်ပါး ၊ ရောဂါများကို ၊ လက်ဖျားထိရောက် ၊ ကင်းကွာ ပျောက်လိမ့်၊ မှတ်လောက်စရာ၊ ရှေးဆရာတို့၊ သင်လာဥပဒေ၊ ထားခဲ့ပေသား၊ အသေအချာ နှိပ်ပုံမှာကား၊ ဂုပ်မှာ နားထင်၊ နောက်ဖယ်ပြင်၌၊ နာကျင်သလို၊ အပူရှို၍ ၊ ရင်ကိုလေးပင့်၊ တအင့်အင့်နှင့်ခံတွင်းအိမ်ထဲ၊ တသွေးခဲ၍၊ ခေါင်းခဲ အနားထိုင်း ရောဂါသည်၊ ဆရာလက်သည်၊ ဥာဏ်ကြီးကျယ်သား၊ အလွယ်တကူ၊ မှတ်ယူခြားနား ၊ ဖော်ပြငြားအံ့၊ ဒူးဖျားအထက်၊ လေးသစ် တက်၍၊ နှိပ်ချတစ်ဖုံ ဆိုတုံမပျက်၊ ပုံအတွက်နှင့် နားရွက်နောက်ပါး၊ ၀ဲယာခြား၍၊ မေးဖျား နားထင်၊ မျက်မှောက်ပြင်၌၊ လက်ပြင်ညွန့်ဖု၊ ခုလုလုဟု၊ လက်စုံချောင်းမွေ့၊ ထိထိတေ့၍၊ စေ့စေ့နှိပ်က ပျောက်နေကျတည်း၊ ပွဲရ အဟုတ်၊ ဆံပင် ချုပ်တော့ ။ ယူနုတ်ထူပစ်၊ စစ်စစ်ခေါင်းခဲ ၊ ပျောက်စမြဲတည်း။
၂။ မလွဲတစ်ချက်၊ နားလေထွက်၍၊ နားရွက်နားထူ၊ နားအူ နားလေး ၊ နားပြည်မှေး၍၊ ခေါ်မေးမရ၊ နားထိုင်းစသော ၊ ဝေဒနာကို ၊ နှိပ်လိုပါမူ၊ ကဏ္ဏအထက်၊ နားသယ်ဇက်နှင့် နားရွက်၏ နောက်၊ နားရွက်အောက်ကို၊ လျှောက်၍ အပြီး၊ နှိပ်ပုံမှီးလော့၊ စည်တီးမကြား၊ ပင်းသည့်နားလည်း၊ ကြား၏ မသက်၊ ချက်ချင်းသက်၏။
၃။ လေတက်တုံလေ၊ မူးမှိုင်းချေ၍၊ မနေမသာ၊ ရှိလေပါသော်၊ ဂီဝါ ဂုပ်စောင်း၊ အလယ်ခေါင်းနှင့်၊ တကြောင်းမျက်မှောက်ကြား၊ မျက်စုံနားရင်း၊ ဦးပြင်းဆံဇက်၊ နှိပ်ပုံထွက်၏။
၎။ တစ်ချက်ထိုမှ၊ လေပူထသော်၊ ကဏ္ဏနောက်(ပေါ်) ၊ နှိပ်ခါတော်လော့။
၅။ ထို့နောက် တစ်မျိုး၊ ကြို့ကြီးထိုးသော်၊ ဂုပ်ရိုးတစ်လျှောက်၊ နှိပ်လျှင် ပျောက်၏။
၆။ တစ်ထောက် ဒန္တာ၊ သွားဖုံးနာနှင့်၊ သွားနိုင်သွားကိုက်၊ သွားနှုတ်ရောဂါ၊ စွဲကပ်လာသော်၊ လျင်စွာပြောက်အောင်၊ လက်ထောက် မြဲမြဲ၊ မှန်မလွဲ၍ ၊ လက်ဝဲလက်ယာ၊ နှိပ်ဖိလာသော်၊ တဖြာတ၀၊ ဓားလျှင် ရှုသို့၊ သတ္တတလေ၊ တက်တွေ တပြိုင်၊ မေးခိုင်ပါမူ၊ လက်နိုင်နှိပ်လု၊ ပုံအဆိုက လည်မျိုတစ်လျှောက် နားရင်း ရောက်အောင်၊ နှိပ်မြောက်တုံလေ၊ လွတ်မြဲပေတည်း။
၇။ တတွေတဆန်၊ လေပုပ်ဆန်သော် အော့အန်တစ်မျိုး၊ ပခုံးရိုးက ဂုပ်ရိုးကျအောင်၊ ပြ၏ နှိပ်ချက်။
၈။ ပါဒရက်ကြောင့် ၊ လေတက်လက်တုန်၊ မျက်စိမှုန်၍၊ မျက်အုံဝေရီ၊ မျက်စိသီလျှက်၊ မျက်နီ မျက်ဝါ၊ မျက်စိနာနှင့် သလာတိမ်ဖုံး၊ မျက်လုံး ကြောင်တောင်၊ မျက်စိအောက်၍၊ မျက်တောင် မကြွ၊ မျက်မှောင်ကျနှင့်၊ မျက်စပိုးရှိ၊ ကျိမ်းစက်ဘိသည်၊ မျက်စိဝေေ၀၊ မျက်ရည်တွေသာ၊ ဆိုတွေ တစ်ချက်၊ မျက်တွန့်တက်၍၊ လက်တစ်လှမ်းလှမ်း၊ ဖြတ်ခြင်ယမ်းသော်၊ မျက်ခမ်းမျက်နီ၊ မှုန်သီသီနှင့်၊ ဟန်ချီမရ၊ လမ်းမဂ္ဂကို၊ ထကြွဖြောင့်မတ်၊ မသွားတတ်အောင်၊ စွဲကပ်ရိုးစု၊ ရောဂါပြု၍၊ စက္ခုအနာ အာဗာဓာကု၊ မကြာလျှင်စွာ၊ ပျောက်လိုငြားမူ၊ ကြွက်သားအဖုံ၊ ခြေသလုံးနှင့်၊ ပခုံးနှစ်ဖက်၊ အလယ်ချက်ကို၊ စုံတက်စစ်ကြော၊ နှိပ်တုံမော့သော် အဆောမကြာ၊ လွန်ချမ်းသာသည်၊ လွယ်ကနှိပ်ဖု့ စာတမ်းတည်း။
၉။ လက်ခွဲတဖြာ၊ မိန့်မှာလိုက်အံ့၊ ကံလျှာရှုဖွယ်၊ သားမိမယ်တို့၊ ကိုယ်ဝန်စွဲကပ်၊ တေဇောဓာတ်ကြောင့်၊ မီးယပ်ရင်သို့၊ ဖြစ်တုံပျို့သော်၊၊ စိမ်းညို့ဖတ်ဖတ်၊ သားမြတ်အထက်၊ မွေ့မွေ့ညက်ဘိ၊ မောင်ဆက်အနား၊ ရင်နို့သားကို ၊ နှိပ်ငြားတုံပါ လွန်ချမ်းသာလိမ့်။
၁၀။ ဟတ္တလက်ကပ်၊ လက်သေလတ်သော်၊ သားမြတ်ထက်မှာ၊ လေးသစ်ကျနှင့်၊ ရင်ဝအောက်နား၊ မောင်းကွေ့ခြားတည်း။
၁၁။ မှတ်သားတုံမြု့၊ လေဗူးဆို့လျှင်၊ ရင်ဆို့ရင်ကျပ်၊ လေထိုးလတ်သော်၊ လက်ဖို့ လက်ပြန်၊ တစ်ဖန်မဆွံပုံအရနှင့် ၊ ရင်ဝလေကြော၊ တသွယ်မှတ်ရာ။
၁၂။ နံဘေးနာနှင့် ဒူလာလေနာ၊ ရင်ဘတ်နာသော်၊ မှန်စွာမပျက်၊ နှစ်ဘက်ဘေးကြော၊ ချက်အောက်လျှော၍၊ နှိပ်သောဆရာ၊ သုံးသစ်ခွာ၍၊ ပုတ္တာဖွားမိ၊ ပယ်အိမ်ထဲကြောင့်၊ သွေးထိမကျ၊ ရှိကနှိပ်မူ၊ ရာသီခု၍၊ ဥတုမဖြောင့်၊ ဆီးကျင့်အောက်သော်၊ မီးညှောင့် အထက်၊ နှစ်သစ်တက်၍ နှိပ်ချက်အဖုံ၊ လက်ကုန်ထိုးသိပ်၊ ကောင်းစွာ နှိပ်လော။
၁၃။ အိပ်လည်း မပျော်၊ ရှိတုံသော်လည်း ဒူးဘေးတစ်လျှောက်၊ ပေါင်ခြံရောက်အောင်၊ ထို့နောက် နှိပ်ရိုး၊ ခြေဖမိုးရင်း၊ ဖနှောင့်သွင်းဖို့။
၁၄။ ကိုက်ခြင်းဆစ်မျက်၊ မုံဝေတက်သော်၊ ခြေမျက်စိနဲ့၊ ရောဂါထဲတွင်၊ အိပ်လည်း မပျော်၊ ခြေဆန့်သော်လျှင်၊ ချက်ကျော်ဝဲယာ၊ ဥာဏ်ဖွေရှာ၍၊ နှိပ်ခါမယွင်း ဒူးဖျားတွင်းက၊ နာရင်း ရောက်အောင်၊ လက်ဝါးစောင်းနှင့်၊ ထောင်၍ နှိပ်လျှင်၊ ပျောက်မြဲပင်တည်း။
၁၅။ မီးတွင်းအတူ ခြေဒူးပူသော်၊ ထိုသူမယွင်း၊ ပုဆစ်တွင်းကို မပျင်းမလျော့၊ လက်နုချောနှင့်၊ နှိပ်လော့မှန်စွာ၊ ပျောက်၏ မှန်သည်၊ ချမ်းသာ ဧကန် မလွဲတည်း။
၁၆။ မလွဲမှန်စွာ၊ ငါမိန့်မှာအံ့၊ ခါးနာခါးကိုက်၊ ခါးနှိုက်ဝေဒနာ၊ စွဲကပ်လာသော်၊ ခြေမှာ ခေါင်ရိုး၊ ခြေဖမိုးက ဒူးဆစ်ကျအောင် နှိပ်ကမှန်စွာ၊ ပျောက်မည် သာတည်း။
၁၇။ ကျင်ဝါကျင်အောင့်၊ ကျင်မဖြောင့်သော်၊ ဖနောင့်အထက်၊ ကြွက်သား သက်ကို၊ လျှောက်ကာ နှိပ်ပါ၊ လွန်ချမ်းသာတည်း။
၁၈။ ပူကာ တစ်ဖန်၊ ချမ်းကာ တစ်ဖုံ၊ ဖျားနာတုံသော်၊ နှိပ်ပုံအရ၊ မှန်စွာပြအံ့၊ ခြေမအကြား၊ ခြေဖ၀ါးမှာ၊ နှိပ်ပါလေလော့။
၁၉။ ကြီးစွာ အဖျား၊ တက်သော အားကြောင့်၊ မေးငြားမရ ၊ ငန်းလျှင်ကြွ၍ ခေါ်က မထူး၊ အပူအအေး၊ ရောဂါလေးသော်၊ နှိပ်လေအသော့၊ ဖနောင့်ကြောတည်း။
၂၀။ မှတ်လော့တစ်ခန်း၊ ငန်းငူဖမ်းသော်၊ နှိပ်လမ်းမပျက်၊ ပုံမှာတွက်သား၊ ခြေမျက်စိအောက်၊ နာနာထောက်လော့။
၂၁။ ထို့နောက် တခြား၊ တုန်၍ ဖျားသော် ခြေမခွကြား၊ ခြေဖ၀ါးလယ်၊ ဖနောင့်သွယ်ကို၊ နယ်ကာ နှိပ်မူ၊ ပျောက်မြဲဟူရှင့်။
၂၂။ ခြေမူချည့်နဲ့၊ ဖြစ်တုံခဲ့သော်၊ တဲ့တဲ့ဒူးဖျား၊ နှိပ်ချက်ထား၏။ မှတ်သားကုန်ပါ၊ ရှေးပုံလာ၍၊ လင်္ကာချိုပြား၊ သီကုံးထားရှင့်၊ နှိပ်ငြားလိုမ၊ စံပုံယူ၍ ၊ နာသူတို့ကို ကယ်စေလိုသည်၊ မဂ်ဖိုလ် နိဗ္ဗာန် စာတမ်းတည်း။


လင်္ကာ အဓိပ္ပါယ် ရှင်းလင်း ဖော်ပြချက်

ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာများကို အကြောပြင်ဆရာ၏ လက်နှင့်ထိတွေ့ပါ။ ထို ရောဂါ ဝေဒနာများ ပျောက်ကင်းသွားလိမ့်မည် ဖြစ်ပေသည်။
၁။ ဇက်ကြောတင်ခြင်း၊ ဂုတ်နားထင် နောက်ဖယ်တို့၌ နာကျင်သကဲ့သို့ အပူရှိခြင်း၊ ရင်ခေါင်းကို လေပင့်သဖြင့် တအင့်အင့်နေခြင်း၊ ခံတွင်း၌ သလိပ်ခဲခြင်း၊ ခေါင်း ထိုင်းမှိုင်း လေးလံခြင်း၊ ဝေဒနာတို့ကို ဥာဏ်ရှိသော အကြောပြင်ဆရာသည် ဒူးဖျားအထက် လက်လေးသစ် အကွာရှိ( ရေအိုးတွင် ပါဒရက်ကြော) ကို လည်းကောင်း၊ နားရွက်နောက်ပါးတွင် ရှိသော ( ဦးဆက်ကြော)များသို့ လည်းကောင်း၊ နားရွက်အထက်ရှိ နားထင်ကြောများကိုလည်းကောင်း၊ လက်ပြင်ညွန့်ဖုတွင် ရှိသော အကြောခုလုလု အကြောထုံးလေးများကိုလည်းကောင်း၊ အကြောပြင်ဆရာ၏ လက်ချောင်းကလေးများဖြင့် စု၍စု၍ဆွဲသဖြင့် အကြောကို ပြုပြင်ပေးရာ၏။
၂။ နားလေထွက်ခြင်း၊ နားထူခြင်း၊ နားအူခြင်း၊ နားလေးခြင်း၊ နားပြည်ယိုခြင်း၊ နားထိုင်းခြင်း၊ စည်တီး နားမကြား နင်းပင်းခြင်းစသော နားနှင့် ပတ်သက်သော ဝေဒနာများ ဖြစ်လျှင် နား၏ အထက် နားသယ်ကြောကို လည်းကောင်း၊ ဇက်ကြောကိုလည်းကောင်း၊ နားရွက်၏ အောက် နားကြောကို လည်းကောင်း အစဉ်အတိုင်း ဖော်ပြပါ နှိပ်ကွင်း နှိပ်ကွက်တို့ကို ပြုပြင်ပေးရာ၏။
၃။ လေတက်ခြင်း၊ တုန်တုန်ယင်ယင်ရှိခြင်း၊ မူးခြင်း၊ မှိုင်တွေခြင်း ဖြစ်လျှင် လည်ဂုတ်စောင်းရှိ အကြောကို လည်းကောင်း၊ ဦးခေါင်း၏ အလယ်တွင် ရှိသော ငယ်ထိပ်ကြောကို လည်းကောင်း ပြုပြင်ပေးရာ၏။
၎။ လေပူထလျှင် နား၏နောက် ဦးဆက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၅။ ကြိ့ကြီးထိုးလျှင် ဂုတ်ရိုးတစ်လျှောက်ရှိ အကြောများကို ပြုပြင်ပေးရာ၏။
၆။ သွားနာခြင်း၊ သွားဖုံးနာခြင်း ၊ သွားကိုက်ခြင်း စသော သွားနှင့် ပတ်သက်သော ရောဂါများ ဖြစ်ခဲ့သော် နှုတ်ခမ်းပါး စောင်းတွင် ရှိသော ပါးအကြောများကို လည်းကောင်း၊ မေးရိုး တစ်လျှောက်မှ နားဖျား အထက်ရောက်အောင် မေးကြောများကို လည်းကောင်း၊ လက်ဝဲ လက်ယာဖြန့်၍ လက်ချောင်းဖြင့် ထောက်၍ ဆွဲ၍ နှိပ်ရာ၏။
၇။ လေပုပ်ဆန်ခြင်း၊ အော့အန်ခြင်း ဖြစ်ခဲ့သော် ပခုံးစွန်း အရိုးမှ လည်ဆစ်ဂုတ်ရိုးအထိ ဆန့်တန်းလျှက်ရှိသော ပုခုံးကျောကို ထစ်၍ ထစ်၍ ညစ်၍ ညစ်၍ နှိပ်ပေးရာ၏။
၈။ ပါဒရက်ကြောင့် အထက်သို့ သည်းခြေ ဒေါသလေခိုးတက်၍ မျက်စိမှုန်ခြင်း၊ မျက်စိ ဝေရီခြင်း၊ မျက်စိသီခြင်း၊ မျက်စိနီခြင်း၊ ၀ါခြင်း၊ နာခြင်း၊ သလ္လာတိမ်ဖုံးသဖြင့် မျက်စိ ကြောင်တောင် ကွယ်ခြင်း၊ မျက်စိအောင့်ခြင်း၊ မျက်စိ မှေးခြင်း၊ မျက်တွန့်တက်ခြင်း( မျက်စိ၌ ဖြုတ်၊ ခြင်များ နားနေသည်ဟု ထင်ခြင်း)၊ မျက်ခမ်းစပ်ခြင်းဟူသော မျက်စိရောဂါတို့ကြောင့် လမ်းဖြောင့်မတ်စွာ မသွားတတ်အောင် ဖြစ်နေပါက ခြေသလုံးကြွက်သွား၏ အောက်စွန်းရှိ( သလုံးကြော)ကိုလည်းကောင်း၊ ပခုံးစွန်း နှစ်ဘက်မှ ဂုတ်ဆက်သို့ သွယ်တန်းလျှက်ရှိသော ပုခုံးကြောကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၉။ အမျိုးသမီး ပဋိသန္ဓေတည်သောအခါ ကိုယ်ဝန်၏ တေဇောဓာတ်ကြောင့် မီးယပ်အခိုးတို့သည် အထက်သို့ တက်၍ ရင်ဆို့ခြင်း၊ ပျို့အန်ခြင်း၊ ရင်ခံခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏အထက် လက်မောင်းဆက်၏ အနီးတွင် ရှိသော သားမြတ်ကြောကို နှိပ်ပေးရာ၏။
၁၀။ လက်ကပ်ခြင်း၊ လက်သေခြင်းတို့ ဖြစ်ခဲ့သော် သားမြတ်၏ အထက် လက်လေးသစ်ရှိ သားမြတ်ကြောကို လည်းကောင်း၊ ရင်ဝ၏ အ၀င်ကြောကို လည်းကောင်း၊ လက်မောင်းအောက် သားမြတ်ကြောဘေးရှိ မောင်းကွင်းကြောကိုလည်း နှိပ်ပေးရာ၏။
၁၁။ လေဆို့ခြင်း၊ ရင်ဆို့ခြင်း၊ ရင်ကျပ်ခြင်း၊ လေထိုးခြင်းတို့ ဖြစ်ခဲ့သော လက်ပြင်ကြောကိုလည်းကောင်း၊ နောက်ကြော၏ အလယ်ကို လည်းကောင်း၊ နှိပ်ပေးရာ၏။
၁၂။ နံဘေးထိုးခြင်း၊ နာခြင်း၊ ဒူလာ ညောင်းကိုက်ခြင်း၊ လေနာခြင်း၊ ရင်ဘတ်နာခြင်းတို့ ဖြစ်ခဲ့သော် နံဘေးကြောကို လည်းကောင်း၊ ချက်အောက် လက်သုံးသစ်အကွာရှိ ၀မ်းကြောကိုလည်းကောင်း၊ နှိပ်နယ်ပြုပြင်ပေးရာ၏။ ထိုသို့ ၀မ်းကြောကို နှိပ်သောအခါ သားအိမ်ကို ထိသွားတတ်သည်။ သားအိမ်သည် ၀မ်းကြောနှင့် ကပ်နေသည်။ သားအိမ်ကို နှိပ်သဖြင့် ဥတု သွေးထိန်ခြင်း၊ မမှန်ခြင်း၊ ဆီးကျင်ခြင်း၊ အောင့်ခြင်း ဖြစ်လျှင် မီးညှောင့်အထက် လက်နှစ်သစ်ရှိ မိလ္လာကြောကို လက်ကုန်ထိုးသိပ်နှိပ်ရာ၏။ ပြုပြင်ရာ၏။
၁၃။ အိပ်မပျော်လျှင် ပေါင်တွင်း အာရုံကြော တစ်လျှောက်ကိုလည်းကောင်း၊ ခြေဖမိုးဆိုင်များ ကြောကိုလည်းကောင်း၊ ဖနောင့်အနီး ခြေမျက်စိအောက်ရှိ ပထ၀ီသွေးကြောကိုလည်းကောင်း နှိပ်ရာ၏။
၁၄။ အဆစ်အမြစ် ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်း၊ တသမ်းသမ်းတက်ခြင်း၊ ခြေထောက်နှင့် ခြေမျက်စိ မျက်ခြင်း။ အိပ်၍ မပျော်ခြင်း၊ ခြေထောက်ဆန့်တန်းနေခြင်းတို့ ဖြစ်လျှင် ချက်၏ အထက် ဘ၀င်ကြောကို လည်းကောင်း၊ ချက်ဝဲယာ သကြီး(သူကြီး) ကို လည်းကောင်း၊ ဒူးဖျားအတွင်း၊ တကောက်ကြောများမှ နားရင်းအထိ ပါဒရက် လိုင်းကြောကို လည်းကောင်း၊ လက်ဝါးစောင်းဖြင့် ထောင်လျက် နှိပ်ရာ၏။
၁၅။ မီးတွင်းသကဲ့သို့ ခြေဒူးပူခဲ့သော် ဒူးဆစ်အတွင်း တကောက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၁၆။ ခါးနားခြင်း၊ ခါးကိုက်ခြင်း၊ ခါးပူခြင်း၊ ခါးအောင့်ခြင်း၊ ခါးမျက်ခြင်း၊ ခါးစောင်းခြင်း၊ ခါးတောင့်ခြင်း စသော ခါးနှင့် ပတ်သက်သော ရောဂါများ ဖြစ်ခဲ့သော် ခြေဖမိုးမှ ဒူးဆစ်အထိ ပါဒရက်ကြောကို နှိပ်နယ်ပြုပြင်ပေးရာ၏။
၁၇။ ဆီးဝါခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးမဖြောင့်ခြင်း( မုတ္တကိစ်) တို့ ဖြစ်လျှင် ဖနောင့်အထက် မိုးခိုကြောတစ်လျှောက် နှိပ်ပေးရာ၏။
၁၈။ ပူတစ်ခါ ချမ်းတစ်လှည့် ငှက်ဖျားကဲ့သို့ ဖျားခဲ့သော် ခြေမအကြားရှိ ပါဒရက် ဆုံကြောကိုလည်းကောင်း၊ ခြေဖ၀ါးရှိ ပထ၀ီကြောကို လည်းကောင်း။
၁၉။ အဖျားပြင်းစွာ ကတ်သောကြောင့် မေးမြန်းမရ ငန်းဖမ်းသည် အထိ ဖြစ်ခဲ့သော် ဖနောင့်ကြော ကြွက်သား မောင်းကြောထိပ်ကို လျှင်မြန်စွာ ပြုပြင်နှိပ်ပေးရာ၏။
၂၀။ အပူကြီး၍ ငန်းဖမ်းသော် ခြေမျက်စိအောက် အပြင်ဒူလာ ပါဒရက်ကြောကို လည်းကောင်း၊ အတွင်း ပထ၀ီကြောကို လည်းကောင်း နှိပ်ရာ၏။
၂၁။ တုန်၍ ပြင်းထန်စွာ ဖျားသော် ခြေမခွကြားရှိ အကြောကိုလည်းကောင်း၊ ဖြေဖ၀ါးရှိ ပထ၀ီကြောကိုလည်းကောင်း၊ ဖနောင့်အထက်ရှိ ပါဒရက်ကြောကို လည်းကောင်း၊နယ်၍နယ်၍ နှိပ်ရာ၏။
၂၂။ ခြေထောက် ချည့်နဲ့ဖြစ်ခဲ့လျှင် ဒူးဖျားအောက်ရှိ ညို့သကြီး (သူကြီး) နှိပ်ရာ၏။
ဤကား ပေမူမှ ရရှိသော ရှေးဟောင်း မြန်မာရိုးရာ အကြောပြင် နည်းတစ်ရပ် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၆)ရက်၊ည(၉)နာရီ ကူးယူတင်ပါသည်။
 

အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်း(မကွေးဝင်းမြင့်)

၄၈။ အကောင်းဆုံး အုန်းမှုတ်ခွက်နင်းနည်း
နောက်ဆုံးတွေ့ရှိချက်


တလောက၊ ရုပ်ပြတွေ ရေးသည့် ရာမထံ ရောက်သွားသည်။ ရာမသည် မကွေးသား စစ်စစ် ဖြစ်ပါသည်။ သူ့ကို “ ရာမ” ဘ၀ရောက်အောင် ကျွန်တော်က ကာတွန်း ကိုသုတ ဆီ ရာမကို လက်ခံ၍ သုံးပေးပါဟု စာရေးပေးလိုက်ရသည်။
ရာမ အောင်မြင်ပါသည်။ အောင်မြင်သည်နှင့်အမျှ လူကြီးသူမ များကို ရိုသေ ကိုင်းရှိုင်းပါသည်။ ပြောစကားကိုလည်း နားထောင်ပါသည်။
“ ဟိုတစ်လောက ဆရာ ဦးသော်ဇင်က ခင်ဗျားကို မေးနေတယ် ” ရာမက ပြော၏။
“ ဒါဖြင့် သူအိမ်သွားရအောင်”
ရာမ အိမ်နှင့် ဆရာ ဦးသော်ဇင်အိမ် နီးပါသည်။ ကျွန်တော်တို့ ရောက်သွားတော့ ဆရာသည် အုန်းမှုတ်ခွက် တစ်လုံးပေး ခြေထောက်တင်၍ ထိုင်နေပါသည်။ လက်က ရေနွေးကြမ်းပန်းကန်ကို ကိုင်၍ သောက်နေ၏။
“ အတော်ပဲ ကိုရင်လာတာ၊ ကိုရင့်ကို ကျုပ်သတိရနေတာ ”
“ ဆရာ အခု ဘာလုပ်နေတာလဲ ”
ကျွန်တော်သည် မျက်စိပေါက် ပိတ်မတတ် ရယ်မိပါသည်။ ပြီးမှ…
“ ဆရာရယ်….အုန်းမှုတ်ခွက် နင်းတာ အဲဒီလို မဟုတ်ဘူး ဆရာရဲ့”
“ ဒါဖြင့် ဘယ်လိုလဲ”
“ အုန်းမှုတ်ခွက်နင်းတော့မယ်ဆိုရင် အပေါ်က လက်တန်းလုပ်ရမယ်၊ ၀ါးလုံးတောင့်တောင့် ခိုင်ခိုင်ပေါ့ဆရာ၊ နင်းမယ့်လူရဲ့ လက်ခုပ် တစ်ဖောင်လောက် တန်းလုပ်ရမယ်၊ အဲဒါကို လက်နှစ်ဖက် ဆွဲပြီး အုန်းမှုတ်ခွက် နှစ်လုံးပေါ် ဘယ်ယိမ်း ညာယိမ်း ယီးလေးခိုပြီး ခြေသလုံးကြော၊ ပေါင်တွင်းကြော၊ ဖနောင့်ကြေမိအောင် နင်းရတယ်ဆရာ၊ဒီလို နင်းတဲ့အခါ အောက်ပိုင်း အပူအခိုးတွေ ထွက်ပြီး ချွေးတွေ စို့လာတာပေါ့ ဆရာ၊ အပေါ်ပိုင်း၊ အောက်ပိုင်း ခန္ဓာကိုယ် မ လေးမ ၊ ခွ လေးခွ၊ ချွေးထွက်ညီနေရေင် ကျန်းမာပါတယ်ဆရာ”
“အေးဗျ၊ကိုယ်ရင်ပြောမှပဲ ဒီလို နင်းရမှပဲ သာဓု၊ သာဓု၊ သာဓု” ဟု ဆရာက ဆုပေးပါသည်။



၄၉။ မနင်းတက်ရင် ဘေးဖြစ်သွားမယ်

“ အုန်းမှုတ်ခွက်နင်းတာ ဘာမှတ်သလဲ၊ သတိထားကိုယ့်လူ၊ မနင်းတတ်ရင် ဘေးဖြစ်သွားမယ်” ဟု အတည်လိုလို၊ နောက်သလိုလိုနှင့် ပြောတတ်ကြပါသည်။
ကျွန်တော်သည်လည်း မသိဟန်ဆောင်၍ ခပ်ကုတ်ကုတ်၊ ခပ်ရို့ရို့ကလေး မေးမြန်းမိပါသည်။
“ မနင်းတတ်ရင် ဘာဖြစ်ပါသလဲ”
“ သိချင်ရင် စာအုပ်ဝယ်ဖတ်ပေါ့ဗျ၊ စာအုပ်ဝယ်ဖတ်ပြီးမှာ နည်းမှန် လမ်းမှန် သိရမှာပေါ့”
ထိုသူက ခပ်ပြတ်ပြတ်၊ ခပ်မာမာနှင့် ပြောပါသည်။
သြော်….သိပြီ…သိပြီ ။ သူက စာအုပ်ရောင်းသူကိုး။ စာအုပ်ရောင်း ကောင်းအောင် ဖန်တီး ပြောဆိုသည့်စကား။
ခပ်မာမာနှင့် စာအုပ်ရောင်းသူရဲ့ အဟောက်ခံရပေမယ့် ကျွန်တော် စိတ်မဆိုးပါ။ ကျွန်တော် ပြုံးမိပါသည်။
အဘယ်ကြောင့်ဆိုသော စာအုပ် ရောင်းသူသည် ကျွန်တော့် ကျေးဇူးရှင်များဖြစ်၍ စာအုပ်ဖတ်သူများသည် ကျွန်တော့်ထမင်းရှင်များ ဖြစ်သောကြောင့်ပါတည်း
အုန်းမှုတ်ခွက်နင်း၍ ရောဂါ ခပင်း ကင်းဝေးကြပါစေ။


မကွေးဝင်းမြင့်
၂၃-၆-၁၉၈၉
အမှတ်(၆)၊ မဲထီးလမ်း၊
ဈေးရပ်၊ မကွေး


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၅)ရက်၊နေ့(၁၁း၃၀)နာရီ ကူးရေးတင်၏။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)

ဝိမုတ္တိရသ (http://www.vimuttirasa.com)
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၃)
ဒိဋ္ဌလောက

ဒိဋ္ဌလောကဟူသည်ကား အဘယ်သို့ နည်း။

အထက်ပါ ဥဒါဟရုဏ်၌ ၀န်ကြီးသည် ၄င်း၏နေအိမ်အတွင်း ဆိုဖာပေါ်၌ထိုက်လျက် ဆေးလိပ်သောက်နေသည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။ ထိုအခိုက်တွင် လမ်းပေါ်မှ ကားသွားသံနှင့် ဟွန်းသံများ ကြားကောင်းကြားပေလိမ့်မည်။ နောက်တခဏတွင် ကားသံရော၊ ဟွန်းသံပါ (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ဆုံးကွယ်ပျောက် သွားကြပေလိမ့်မည်။ သူ၏ စပယ်နီယယ် ခွေးကလေးတက်လာသည်ကို မြင်လိုက်ရ၍ သူ၏ခြေသလုံးကို ပွတ်သီးပွတ်သပ် လုပ်ခြင်းကြောင့် ရူပါရုံထိခိုက်ခြင်းနှင့် ဖောဋ္ဌဗ္ဗရုံ အတွေ့ သဘောတို့  (သူ သတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ဖြစ်ပေါ်ပြီး ကွယ်ပျောက်ကုန်ဆုံးသွားကြပေလိမ့်မည်။ ဆေးလိပ်ကို ဖွာလိုက်သည့်အခါ ဖြစ်ပေါ်လာသော ရသာရုံနှင့် ဆေးလိပ်မှထွက်သော မီးခိုးငွေ့ များသည် အထက်သို့ တလိပ်လိပ်တက်ခြင်းကို မြင်ရ၍ (သူသတိပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ) ကုန်ခန်းကွယ်ပျောက်သွားပေလိမ့်မည်။ စားပွဲပေါ်ရှိ ပန်းစိုက်ကရားထဲမှ နှင်းဆီပန်းရနံ့ သည် သူ၏နှာဝသို့  တစ်ချက်တစ်ချက်တိုးဝင်၍ မွှေးကြိုင်သော ဂန္ဓာရုံကို ခံစားရပေလိမ့်မည်။ ထို့ နောက် လေမသင့်ပြန်သဖြင့် ကွယ်ပျောက်သွားပေလိမ့်မည်။ ထိုင်လျက်ရှိသော ဆိုဖာကြီး၏ နူးညံ့သော အ၀တ်ခင်းနှင့် စပရိန်တို့ ၏ ပျော့အိသော အတွေ့ ကို (သတိပြုမိတိုင်း) ခံစားခွင့်ရှိပေလိမ့်မည်။ သတိမပြုမိသော အခါ၌ ခံစားသောဝေဒနာသည်လည်း ကွယ်ပျောက်ကုန်ဆုံးသွားပေလိမ့်မည်။ ၀န်ကြီး၏ “ဒိဋ္ဌလောက” ၌မူကား ပန်းစည်းဆက်သော အမျိုးသမီးကလေးများလည်း မရှိ။ ပမာမခန့် ရေးသော အယ်ဒီတာလည်း မရှိ။ သောင်းသောင်းဖြဖြ ကြိုဆိုကြသော ပရိတ်သတ်လည်း မရှိချေ။ အကယ်၍ ထိုဝန်ကြီးသည် “အိပ်မက်လောက” ထဲ၌ မနေမူ၍ “ဒိဋ္ဌလောက” ထဲ၌သာ နေမိပါမူ အယ်ဒီတာအပေါ်၌ ဒေါပွသောစိတ်လည်း ဖြစ်စရာမရှိ။ ငါလုပ်ချင်တိုင်း လုပ်နိုင်ပြီဟု အထင်ရောက်သော မာနသဘောလည်း ၀င်လာနိုင်ခွင့် ရှိလိမ့်မည် မဟုတ်ချေ။

လက္ခဏာတင်နိုင်ခြင်း

အကြင် ယောဂီပုဂ္ဂိုလ်သည် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” ဟူသော ဗုဒ္ဓ၏ သြ၀ါဒအတိုင်း လိုက်နာကျင့်သုံးသောအခါတွင် ၄င်း၏စိတ်သည် အိပ်မက်လောကထဲ၌ မျော၍မပါတော့ဘဲ (အချိန်အပိုင်းအခြားနှင့် ဖြစ်စေ) ဒိဋ္ဌလောက၌ နေဖို့ ကြိုးစားရလေတော့သည်။ ယင်းသို့ ကြိုးစားရာ၌ လက်ငင်းအချိန်ကာလနှင့် “ဤနေရာ ဤဌာန” အပေါ်၌သာ (now & here) စိတ်ကိုထိန်းထားနိုင်သည့်အခါ အသစ်အသစ်ဖြစ်ပေါ်လာသော အခြင်းအရာကလေးများသည် နောက်တခဏတွင် ကုန်ဆုံးပျောက်ကွယ်တတ်သော သဘောကို ကြာလေမြင်လေ ဖြစ်လာပေလိမ့်မည်။ တစ်ခါတစ်ရံ အလိုမကျမှုတည်းဟူသော ဒေါမနဿဖြစ်ရာမှ သတိရ၍ ဒိဋ္ဌလောကထဲသို့  ပြန်ဝင်လိုက်သောအခါ ဒေါသစိတ်ပျောက်ကွယ်သွားခြင်းကို တွေ့ ရမည့်ပြင် ခုနက ဖြစ်ခဲ့မိသော ဒေါသစိတ်သည် ဘယ်ဆီသို့ ရောက်သွား၍ ဘယ်နေရာ ဘယ်ဌာန၌ စုပုံလျက်ရှိလေသနည်းဟူသည်ကို ရှာဖွေရင်း၊ စုပုံလျက်မရှိခြင်းကို သိခြင်းဖြင့် တစ်ဆင့်တက်၍ ရင့်ကျက်သောစိတ် ဖြစ်လာနိုင်သည်။ တောင်တောင်အီအီ စဉ်းစားခြင်းမဟုတ်ဘဲ၊ ဒိဋ္ဌလောကထဲမှ ပေါ်ထွက်လာသည့် အနိစ္စသဘော၊ အနတ္တသဘော စသည်ဖြင့် အလျဉ်းသင့်သလို ဆင်ခြင်သုံးသပ်ခြင်းကို သမ္မာသင်္ကပ္ပ ဟု ခေါ်ဆိုရပေလိမ့်မည်။ လက္ခဏာရေးသုံးပါးကို ပါးစပ်မှ ရွတ်ဆို၍ စိပ်ပုတီးအပတ်တစ်ထောင် စိပ်ခြင်းအားဖြင့် ရုပ်၏ အနိစ္စသဘော၊ စိတ်၏ အနတ္တသဘော စသည်ကို တစ်ကြိမ်တစ်ခါမျှပင် ထိုးထွင်းသိမြင်ဖို့  ခဲယဉ်းပေလိမ့်မည်။


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၅၅)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၂)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၂)
“ထင်ကြေး” နှင့် ကြည်နူးခြင်း

တဖန် သောင်းသောင်းဖြဖြကြိုဆိုကြခြင်းများ၊ ပန်းစည်းဆက်ကြခြင်းများသည် အတိတ်ကာလ၌ဖြစ်ပျက်ခဲ့သော အခြင်းအရာများသာဖြစ်၍ ဆိုဖာကြီးပေါ်၌ ၀န်ကြီးထိုင်လျက်ရှိသောအချိန်တွင် ပြီးပျက်ကုန်ဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ ထိုအချိန်တွင် ကြိုဆိုကြသော အရာရှိများနှင့် မြို့ မိမြို့ ဖများအနက်မှ တစ်ယောက်နှစ်ယောက်ပင် ကွယ်လွန်ချင် ကွယ်လွန်နိုင်ပြီ မဟုတ်ပါလော။ ၀န်ကြီးအား စည်စည်ကားကား ကြိုဆိုနိုင်စေရန်အတွက် အချို့ အလုပ်ရုံမှ အလုပ်သမားများအား ပိုက်ဆံပေးပြီး အလုပ်ပိတ်ပေးရခြင်းလည်း ဖြစ်နိုင်သည်။ ရှက်တတ်ပါသည်ဆို၍ ပန်းစည်းမဆက်ချင်သော အမျိုးသမီးကလေးအားလည်း ချော့မော့၍ဖြစ်စေ၊ ခြိမ်းခြောက်၍ဖြစ်စေ တိုက်တွန်းခဲ့ရခြင်းလည်း ဖြစ်နိုင်သည်။ ကြိုဆိုကြရသော အရာရှိများအနက်တွင်လည်း ၀န်ကြီးတွေ ခဏခဏ ကြိုဆိုကြရ၍ အလုပ်ပျက်လှသည်ဆိုကာ မလွဲမရှောင်သာ၍ စူစူအောက်အောက်နှင့် လိုက်ပါလာရသူများလည်း ပါနိုင်သည်။ ရာထူးတိုးဖို့ မျှော်လင့်ချက်ဖြင့် ကြည်ကြည်ဖြူဖြူ ကြိုဆိုကြသော အရာရှိများလည်း ပါနိုင်သည်။ ၀န်ကြီးတစ်ယောက်နှင့် မျက်မှန်းတန်းမိလျင် မြတ်သည်ထင်သော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။ မနေ၀ံ့သောကြောင့် မလွှဲသာ၍ လိုက်ပါလာကြသော မြို့ မိမြို့ ဖများလည်း ပါနိုင်သည်။

သို့ ပါလျက် ၀န်ကြီးကမူ ယာဉ်ပေါ်မှဆင်း၍ ပရိတ်သတ်ထုကြီးကို မြင်လိုက်ရသည်နှင့် တပြိုင်နက် “ငါ့ကို ကြည်ညိုလေးစားခြင်းကြောင့် ကြိုဆိုကြသည်” ဟု အားလုံးသိမ်းကျုံး၍ “ထင်” လိုက်ပြီး နှုတ်ခမ်းမွေးသပ်မိလေတော့သည်။ မူလကတည်းက ထင်ကြေးဖြင့် ကြည်နူးခဲ့ရသော အခြင်းအရာတစ်ခုခု ပြီးဆုံးသွားသည်တိုင်အောင် နောင်အခါကာလ၌ ပြန်လည်တွေးတောခြင်းအားဖြင့် (ချေးခြောက်ကို ရေနှူးပြီး) ကြည်နူးရခြင်းသည် ဘယ်လောက်များ ခံတွင်းတွေ့ ဖို့ ထိုက်ပါသနည်း။ အိပ်မက်ထက်ပိုပြီး ဘယ့်ကလောက် ခြေခြေမြစ်မြစ် မည်မည်ရရ ရှိပါသနည်း။

ဝန်ကြီးတစ်ယောက်ကို ဥဒါဟရုဏ်ဆောင်၍ပြရခြင်းမှာ ဤလက်ထက်၌ လူအများမက်မောကြသော အခြေအနေမျိုးဖြစ်သောကြောင့် ထင်ရှားစေရန်အတွက်သာ ဖြစ်ပေရာ၊ ခပ်သိမ်းသော လူတို့ သည်လည်း ဤနည်းနှင်နှင် စိတ်ကူးယဉ်ကာ အိပ်မက်လောကထဲ၌ တစ်သံသရာလုံးလုံး နေလာခဲ့ကြသည်ချည်း ဖြစ်လေသည်။



ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၅၀)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၁)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၁)
လောကနှစ်မျိုး

ဒိဋ္ဌေဒိဋ္ဌမတ္တံ ဟူသော ဗုဒ္ဓသြဝါဒအရ အလေ့အကျင့် ပြုလုပ်လာခဲ့သော ကျွန်ုပ်အမြင်၌ လောကသည် နှစ်မျိုးရှိ၏။ ပထမတစ်မျိုးမှာ “ပညတ်လောက” သို့ မဟုတ် အိပ်မက်လောက (dream world) ဖြစ်၍ ဒုတိယတစ်မျိုးမှာ “ပရမတ်လောက” သို့ မဟုတ် ဒိဋ္ဌလောက (actual world) ဟူ၍ ဖြစ်သည်။ သတ္တဝါဟူသမျှသည် သံသရာလဆန်း တစ်ရက်နေ့ မှစ၍ “အိပ်မက်လောက” ထဲ၌သာလျှင် တစ်လျှောက်လုံး မွေ့ လျော်ပျော်ပိုက်လာခဲ့ကြ၏။ အဘယ်ကြောင့် “အိပ်မက်လောက” ဆိုနိုင်ပါသနည်း။ (ကျွန်ုပ်မှာ စာတတ်ပေတတ်မဟုတ်သောကြောင့် စာတတ်သူများ၏ အမြင်၌ အသုံးအနှုန်း၊ အခေါ်အဝေါ်များမှာ မှန်ကောင်းမှ မှန်ပေ၏။ သို့ ရာတွင် စာမတတ်သော အရပ်သားများ နားလည်အောင် “စိတ်ဝင်စားအောင်” ရေးသားတင်ပြခြင်းဖြစ်၍ ၄င်းတို့ နားလည်ကြလျင် ပြီးရောဟု သဘောပိုက်မိပါတော့သည်။)

အိပ်မက်လောက

ရှင်းဦးအံ့။
နိုင်ငံရေးသမား တစ်ယောက်သည် (၄င်းတို့ လူစု မျှော်မှန်းသော ပန်းတုံးတိုင်သို့ ရောက်၍) ၀န်ကြီးဖြစ်လာသည် ဆိုအံ့။ မျှော်မှန်းသော အရာကို ရခါစ လူများ၏ထုံးစံအတိုင်း “ငါတမူကား ၀န်ကြီးတစ်ယောက် ဖြစ်လာပေပြီ” ဟူသော သတိရမှုသည် မကြာခဏ ဖြစ်ပေါ်လာပေလိမ့်မည်။ အိပ်ရာမှနိုး၍ မျက်နှာသစ်သော အချိန်မှသည် မျက်စိနှစ်လုံး မှိတ်သော အချိန်တိုင်အောင် (လက်ထပ်ပြီးခါစ သတို့ သားနှင့် သတို့ သမီးသဖွယ်) အခြားသော အလုပ်ကိစ္စများ ဆောင်ရွက်ခိုက် အချိန်များမှတပါး၊ အားလပ်သော နာရီပိုင်း၊ မိနစ်ပိုင်းဟူသမျှတွင် မိမိအဖြစ်ကို အကြိမ်ပေါင်းများစွာ အနုလုံ-ပဋိလုံ ပြန်လှန်သတိရ ဆင်ခြင်မိပေလိမ့်မည်။ အိမ်ရှေ့ တွင် ဆိုဖာကြီးပေါ်၌ ပက်လက်လှန်၍ ဆေးလိပ်သောက်ရင်းလည်း “ငါဝန်ကြီးဖြစ်လာပေပြီ။ ငါ့ကို ကူညီသော မည်သူအား မည်သည့်ရာထူးပေး၍ ငါ့ကိုထောက်ခံသော မည်ဝါအား မည်ကဲ့သို့  အကျိုးခံစားခွင့်ရှိအောင် လုပ်ပေးအုံးမှ တော်မည်။ ငါ့ကို ပမာမခန့် ရေးသားသော မည်သည့်အယ်ဒီတာကို တရားစွဲပြီး ထောင်ချမည်ဆိုလျင် ချနိုင်သော အာဏာ ငါ့လက်ထဲသို့  ရောက်လာပေပြီ။ ငါတို့ အဖွဲ့ ပြုတ်အောင် ကြံကြသော မည်သူမည်ဝါတို့ အားလည်း ပုဒ်မ ၅ နှင့် ဖမ်းချုပ်မည်ဆိုက ချုပ်နိုင်ပေပြီ” စသည်ဖြင့် စိတ်ကူးလျက်ရှိစဉ် သတင်းစာရောက်လာ၍ ကောက်ကြည့်လိုက်ရာ မြို့ တစ်မြို့ သို့  မိမိရောက်ခဲ့စဉ်က အရာရှိများနှင့် မြို့ မိမြို့ ဖဆိုသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး အမျိုးသမီးကလေးများက မိမိအား ပန်းစည်းဆက်နေကြသော ဓာတ်ပုံကိုမြင်လိုက်ရ၍ ၀န်ကြီးတစ်ယောက်ဖြစ်ရခြင်းအတွက် တိုး၍ကြည်နူးပြန်သည်။ တဖန်သတင်းစာထဲ၌ မိမိပြောခဲ့သော မိန့် ခွန်းကို တွေ့ ရ၍ ဖတ်ကြည့်ရာ သြဘာလက်ခုပ်တီးကြသော အသံများပင် နားထဲသို့ ဝင်လာ၍ “တယ်တော်တဲ့ ငါပေတကား” ဟု ဆထက်ထမ်းပိုး စိတ်ကြည်နူးခြင်း ဖြစ်မိပြန်သည်။ ထိုအခိုက်တွင် ၀န်ကြီးကတော် ပြေးဝင်လာ၍ “ကောင်းနိုင်ကြသေးရဲ့ လားရှင်၊ တင်တင်မြင့်ကျောင်းအသွားမှာ ကားမှောက်ပြီး ဆေးရုံရောက်နေပြီတဲ့။ တယ်လီဖုန်းလာနေတယ်။” ဟုပြောလိုက်ရာတွင် ပန်းစည်းဆက်သဖြင်းများ ခံယူနေသည့်အသွင်အပြင်နှင့် မိန့် ခွန်းကို ချီးကျူးကြသည့် သြဘာလက်ခုပ်သံများသည် (အိပ်ယာမှ လန့် နိုးသူ၏ အိပ်မက်ကဲ့သို့ ) ၀န်ကြီး၏ မျက်စိထဲ၊ နားထဲမှာ ရုတ်တရတ်ချက်ချင်း ကွယ်ပျောက် သွားကြလေတော့သည်။

နှိုင်းယှဉ်ချက်

ဤနေရာ၌ ဆိုဖာပေါ်တွင် ၀န်ကြီး၏စိတ်ကူးနှင့် လူတစ်ယောက်၏ အိပ်မက်မက်ခြင်းတို့ သည် မည်ကဲ့သို့ ခြားနားခြင်း ရှိပါသနည်း။

ဝန်ကြီး၏ စိတ်ကူးမှာ တကယ့်အဖြစ်အပျက်ဖြစ်၍ အိပ်မက်မှာ တကယ်မဟုတ်ဟု ဆိုခဲ့လျင် အိပ်မက်ထဲက အဖြစ်အပျက်မှာလည်း မနိုးသေးမီ အခိုက်အတန့် တွင် အဟုတ်တကယ်ပင် ထင်ရသည် မဟုတ်ပါလော။ အိပ်မက်ထဲတွင်လည်း ၀မ်းသာစရာရှိလျင် ၀မ်းသာရသည်။ ၀မ်းနည်းစရာရှိလျင် ၀မ်းနည်းရသည်။ ကြောက်စရာရှိလျင် တကယ်ကြောက်ရသည်ပင် မဟုတ်ပါလော။ နိုးလာသောအခါ၌ ထိုအခြင်းအရာများ ပျောက်ကွယ်ရသည့်နည်းတူ ၀န်ကြီးမှာလည်း သမီးကားမှောက်သည်ဆိုသော သတင်းကိုကြားရသောအခါတွင် ပန်းစည်းဆက်သော အမျိုးသမီးကလေးများနှင့် သြဘာလက်ခုပ်သံများသည် ချက်ချင်း ကွယ်ပျောက် သွားတော့သည် မဟုတ်ပါလော။ ဤမျှသာမကသေး၊ ပန်းစည်းဆက်သော ရူပါရုံနှင့် သြဘာလက်ခုပ်တီးသော သဒ္ဒါရုံတို့ ကြောင့် ဖြစ်ပေါ်ခဲ့သော ကြည်နူးမှုလည်း ကွယ်ပျောက်သွား၍ သမီးအတွက် ရတက်ပွေရသည့် သောကစိတ် ၀င်ရောက်လာတော့သည် မဟုတ်ပါလော။ တခဏချင်း ကွယ်ပျောက်နိုင်၍ တခဏချင်း ပြောင်းလဲနိုင်သော အခြင်းအရာကို အဟုတ်တကယ်ဟူ၍ မှတ်ယူထိုက်ပါသလော။ အိပ်မက်ထက် ဘယ်လောက်များ ပိုပြီးခိုင်မြဲမှု ရှိပါသေးသနည်း။





ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၄၅)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၀)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁၀)
စဉ်းစားတွေးတော၍ မဖြစ်

အထက်တွင် ရေးသားဖော်ပြခဲ့သမျှမှာ အောက်တွင် ရေးသားဖော်ပြလတ္တံ့ သော အကြောင်းအရာများအတွက် ပဏာမပျိုးလိုက်ခြင်းမျှသာ ဖြစ်သည်။

ဗုဒ္ဓဟောတော်မူခဲ့သည့် တရားတော်များ၏ အဆီအနှစ် အကျဉ်းချုပ်မှာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတို့ ၏ သဘော သဘာဝတ္တ အစစ်အမှန်ကို သိမြင်ကြစေခြင်းအတွက်မျှသာ ဖြစ်၏ ။ လောကဟူသည် ဘယ်မျှလောက် ကျယ်ဝန်းသည်ဖြစ်စေ၊ လိုရင်းအချူပ်၌ ရုပ်နှင့် နာမ်မျှသာ ရှိ၏။ တစ်နည်းဆိုသော် ခန္ဓငါးပါးမျှသာ ရှိ၏။ ခန္ဓငါးပါးအနက်တွင်လည်း တစ်ပါးပါးကို ယထာဘူတကျကျသိလျှင် ကိစ္စပြီးနိုင်သည်ဟု ဟောတော်မူ၏ ။

ရုပ်အကြောင်းကို ကျယ်ဝန်းစွာသိကြသော လောကဓာတ်ဆရာကြီးများ၊ စိတ်အကြောင်းကို အသေးစိတ်သိကြသော စိတ်ပညာဆရာကြီးများသည် အဘယ့်ကြောင့် အရိယာတွေ ဖြစ်မကုန်ကြဘိသနည်း။ အထက်ပါ ကျွန်မသည် စိတ်အကြောင်းကို တစ်ချက်တည်း သိမြင်လိုက်ကာမျှနှင့် အဘယ့်ကြောင့် သောတာပန် ဖြစ်ပါလေသနည်း။ ပညာရှိကြီးများ၏ သိခြင်းသည် ယထာဘူတမကျ၊ ကျွန်မ၏ သိခြင်းသည် ယထာဘူတ ကျခြင်းကြောင့် ဟူ၍ ဖြေဆိုရပေမည်။

အကြင်သူသည် အဘယ်မျှလောက် ဦးနှောက်ကောင်း၍ ရုပ်အကြောင်း၊ သို့ မဟုတ် စိတ်အကြောင်းများကို ကိုယ့်ဟာကိုယ် တစ်သက်ပတ်လုံး စဉ်းစားဆင်ခြင်စေကာမူလည်း ( ဗုဒ္ဓ အလိုတော်ရှိသည့်အတိုင်း ) ယထာဘူတကျကျ သိမြင်နိုင်လိမ့်မည် မဟုတ်ချေ။ လောကီပညာရှိကြီးတစ်ယောက်ကားဖြစ်လာနိုင်ပေသည်။ သို့ သော်အရိယာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ချေ။ ကိုယ့်နည်းနှင့်ကိုယ် ထိုးထွင်းသိမြင်နိုင်သည် ဆိုလျှင်လည်း ( ဗုဒ္ဓ၏ ကျမ်းဂန်များအရ ) ပစ္စေကဗုဒ္ဓတစ်ဆူ ဖြစ်လာရပေတော့မည်။ သို့ ဆိုလျှင် ရုပ်
သို့ မဟုတ် စိတ်အကြောင်းကို ယထာဘူတကျကျ သိမြင်အောင် ဘယ်ကဲ့သို့ ပြုလုပ်ရပါမည်နည်း။

ဤအချိန် ဤနေရာ

ရုပ်တရား နာမ်တရားတို့ ၏ သဘာဝကို ထိုးထွင်းမြင်နိုင်စေခြင်းငှာ နည်းအမျိုးမျိုး ဟောတော်မူခဲ့သည့်အနက် ကျွန်ုပ်အလွန်နှစ်သက်၍ ယုံယုံကြည်ကြည် လေ့လာခဲ့သောနည်းမှာ ဘာဟိရနှင့် မာလုကျပုတ္တတို့ အား ဟောပြတော်မူခဲ့သည့် “ ဒိဋ္ဌေဒိဋ္ဌမတ္တံ ” ဟူသော နည်းပင်ဖြစ်သည်။

မြင်ကာ မတ္တ၊ ကြားကာ မတ္တဖြင့် ပြီးဆုံးစေ၍ ရှည်လျားစွာတောက်လျှောက်ကြီး လိုက်မသွားရအောင် အားထုတ်သော ပုဂ္ဂိုလ်သည် (နံပါတ် ၁ ဆောင်းပါးတွင် ဖော်ပြခဲ့ဖူးသည့်အတိုင်း ) မိမိ၏စိတ်ကို ပစ္စုပ္ပန်တည့်တည့်အပေါ်တွင် ထားနိုင်သော အလေ့အကျင့် ရင့်ကျက်လာပေလိမ့်မည်။ အချိန်ကာလ အားဖြင့် ပစ္စုပ္ပန်၊ ဋ္ဌာနအားဖြင့် ဤနေရာ ( now & here ) မှတပါး အခြားသို့ စိတ်ရောက်မသွားစေရအောင် “ သတိ ” ကို မွေးမြူရသည်။ လွန်လေပြီးသော အတိတ်အကြောင်းကိုလည်းကောင်း၊ မိမိရှိနေသော ဋ္ဌာနမှတပါး ထိုထိုသောအရပ်၊ ထိုထိုသောနေရာများအကြောင်းကို လည်းကောင်း စိတ်ကူးတွေးတောခြင်း မပြုလုပ်မိစေရန် “ သတိ” ဖြင့် စောင့်ထိန်းရသည်။ ဤအလုပ်သည် လွယ်ကူသလို ထင်ရသော်လည်း လုပ်ကြည့်သောအခါ မလွယ်ကူပုံ အခြင်းအရာကို နံပါတ် ( ၁ ) ဆောင်းပါးတွင် ဖော်ပြခဲ့လေပြီ။

ပရမတ် ဆတ်ဆတ်သဘော

“ ကြားကာမတ္တ၊ မြင်ကာမတ္တ ” တည်းဟူသော လုပ်ရပ်၏ အဖိုးတန်ပုံမှာ ဤသို့ တည်း။

ကြားလိုက်သည်နှင့် တပြိုင်နက်၊ မြင်လိုက်သည်နှင့် တပြိုင်နက် အာရုံနောက်သို့ လိုက်၍ ရှည်လျားစွာ စဉ်းစားနေကြသော ( သတ္တ၀ါတို့ ၏ သံသရာတစ်လျှောက်လုံး ) အလေ့အကျင့်ကို အထိုက်အလျောက် ချိုးနှိမ်နိုင်သောအခါ အကြင်ယောဂီပုဂ္ဂိုလ်၏ စိတ်သည် ကြားသောအခိုက်တွင် “အသံ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ မြင်သောအခိုက်တွင် “ အဆင်း ” အပေါ်၌သာ ပြီးဆုံးသွား၏ ။ နံသောအခိုက်တွင် “အနံ” အပေါ်၌သာ ပြီးဆုံးသွား၏။ စားသောအခိုက်တွင် “အရသာ” အပေါ်၌သာ ပြီးဆုံးသွား၏။ ထိတွေ့ သော အခိုက်တွင် “အတွေ့ ” အပေါ်၌သာ ပြီးဆုံးသွား၏ ။

အဆင်း၊ အနံ့ ၊ အသံ၊ အရသာ၊ အတွေ့ ဟူသော သဘာဝများသည် စင်စစ်အားဖြင့် ပရမတ် သဘောတရား များသာ ဖြစ်ကြ၏။ သို့ သော် အကြင်ယောဂီပုဂ္ဂိုလ် တို့ သည်၎င်းတို့ ကို ပရမတ် သဘောတရားဟူ၍ ပိုင်းပိုင်းခြားခြား သိမြင်နိုင်သေးသည် မဟုတ်ချေ ။ ဤလုပ်ရပ်၏ တန်ဖိုးရှိခြင်းမှာကား အဆင်းသက်သက်၊ အသံသက်သက် အစရှိသည်တို့ အပေါ်၌ချည်း စိတ်ကိုထားတတ်ဖို့  သတိနှင့် အလေ့အကျင့်ပြုလုပ်ခြင်းသည် ( ပရမတ် သဘောတရားမှန်း မသိမြင်သေးစေကာမူလည်း) ပရမတ် သဘောတရားပေါ်မှာချည်း ထားမိလျက်သား ဖြစ်နေလေတော့သည်။ ဥပမာ ရွှေတုံးတွေဟူ၍ မသိသေးစေကာမူလည်း ရွှေတုံး တစ်ခုပြီးတစ်ခုပေါ်သို့ ခြေချလျက်သား ဖြစ်နေခြင်းနှင့် တူပေတော့သည်။

အကြင် ယောဂီပုဂ္ဂိုလ်သည် ပါရမီရင့်သန်၍ အဆင်းသက်သက် အသံသက်သက်မျှ အပေါ်မှာချည်း ထားနိုင်အောင် လေ့ကျင့်နိုင်သော “ ဇွဲ ” ရှိသည်ဆိုငြားအံ့။ တစ်ကြိမ်တစ်ခါတွင် အဆင်းဓာတ်၊ အသံဓာတ်တို့ ၏ ပရမတ်ဆတ်ဆတ် သဘောကိုဖြစ်စေ၊ သို့ တည်းမဟုတ် စက္ခုဝိညာဏ်စိတ်၊ သောတ၀ိညာဏ်စိတ်တို့ ၏ ပရမတ္တသဘာဝကို ဖြစ်စေ ( အထက်ဖော်ပြပါ ကျွန်မကဲ့သို့ ) ထိုးထွင်းသိမြင်နိုင်လိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၄၅)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၉)
သညာသိနှင့် ပညာသိ


စိတ်အကြောင်း သိပုံနှင့်ပတ်သက်၍ ကလေးသိ၊ ကျောင်းသားသိ၊ ကမ္မဋ္ဌာန်းသမားသိ၊ သင်္ဂြိုဟ်သမားသိ စသည်ဖြင့် အမျိုးမျိုး သိကြပေရာ မည်သည်ကိုမျှ မှားသည်ဟု မဆိုသင့်။ မှန်သလောက် မှန်သည် ဟူ၍သာ ဆိုရပေမည်။ အနောက်တိုင်းမှ စိတ်ပညာ ဆရာကြီး ( psychologists ) များနှင့် စိတ်ကိုစစ်၍ ရောဂါကုသသော ပညာသည်ကြီးများ ( psychiatrists and psycho-anaylists ) ရှိကြပေရာ ၎င်းတို့ သိထားပုံမှာလည်း အလွန်ပင် နက်နဲပေသည်ဟု ၀န်ခံရပေမည်။ ပဏ္ဍိတဝေဒနိယကျမ်းကို ဖတ်ရပြီးနောက် ကျွန်ုပ်သိရပုံမှာလည်း အတော်ကြီး
နက်နဲလှပြီဟု ထင်ခဲ့မိသည်။ သို့ သော် အဆိုပါ သိပုံသိနည်း အားလုံးတို့ သည် သညာသိ (intellect) မျှသာဖြစ်ကြ၍ ဗုဒ္ဓရည်ရွယ်သည့် (ထိုးထွင်းသိမြင်သော) ပညာသိမဟုတ်သေးချေ။


သဿတ ဒိဋ္ဌိ


တဖန် အနောက်တိုင်းသားများ ယခုတလောတွင် အထူး အလေးပေး၍ လေ့လာလိုက်စားလျက်ရှိကြသော စိတ်ပညာတစ်ရပ် ရှိသေး၏ ။ ၎င်းတို့ သည် ကာယကံရှင်ကိုယ်တိုင်က သိသောစိတ် ( conscious ) ကိုသာ မကသေးဘဲ ကိုယ်တိုင်က မသိရသော ဘ၀င်္ဂ ခေါ် ဘ၀င်စိတ် ( unconscious of subconscious ) အကြောင်းကိုပင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာလျက်ရှိကြလေသည်။ ဤပညာသည် တကယ်နက်နဲသည်ကား မှန်သည်။ သို့ ရာတွင် ၎င်းပညာရှိကြီးများ၏ အတွေးခေါ်မှာ လူသတ္တ၀ါတို့ ၏ အတွေ့ အကြုံများသည် မသိသောစိတ် ( ဘ၀င်္ဂ ) ထဲတွင် အခါခပ်သိမ်း နစ်မြုပ်သိုလှောင်လျက်ရှိ၍ အရေးကြုံမှ ပေါက်လာတတ်သည်ဆိုရာ ၎င်းအတွေးအခေါ်၏ မှန်ခြင်း၊ မှားခြင်းကို အပထား၍ သဿတဒိဋ္ဌိ ဘက်သို့  ယိမ်းတတ်သောကြောင့် ဗုဒ္ဓအလိုတော်ကျ မဟုတ်ချေ။ မမေ့ပျောက်နိုင်သကဲ့သို့  မှတ်သားထားသည်ဟု ထင်ရသည်ကားမှန်၏ ။ သို့ ရာတွင် ဗုဒ္ဓဟောတော်မူသည့် ဘ၀င်စိတ်သည်ပင်လျှင် မြစ်ရေအလျဉ်သဖွယ် အခါခပ်သိမ်း တသွင်သွင်စီးလျက်ရှိသည်ဆိုသောကြောင့် ရေထဲ၌ ( ကျောက်ဆူး ချထားဘိသကဲ့သို့  )
အမြဲတည်နေနိုင်သော အခြင်းအရာ တစ်စုံတစ်ခု ရှိသည့်အလား မှတ်ယူထားခြင်းသည် သဿတဒိဋ္ဌိအယူ ဖြစ်သွားတတ်လေသည်။


ဦးနှောက်နှင့် နှလုံး


ထို့ ပြင် စိတ်၏ တည်နေရာဌာနနှင့် ပတ်သက်သော အယူအဆ တစ်ခုလည်းရှိသေး၏ ။ စိတ်နှင့် ပတ်သက်သမျှတွင် အနောက်တိုင်း ပညာသည်များသည် ဦးနှောက်ကို အလေးပေး၍ ဖော်ပြတတ်၏ ။ ဗုဒ္ဓ၀ါဒအရမူ နှလုံးအိမ်ကို အရေးတကြီး ဖော်ပြထားသည်။ ဤခေတ်တွင် ဥာဏ်ကောင်းခြင်း၊ စဉ်းစားစိတ်ကူးခြင်း စသော အခြင်းအရာများမှာ ဦးနှောက်ကို အမှီပြု၍ ဖြစ်ပေါ်လာသည်ဟု လက်ခံနားလည်လျက် ရှိကြသော်လည်း ရိုးဖြောင့်ခြင်း၊ စိတ်သဘောကောင်းခြင်း စသော အခြင်းအရာမျိုးတို့ မှာမူ နှလုံးအိမ်တွင် အမှီပြု၍ ဖြစ်ရသည်ဟု ယုံကြည်ကြသည့် လက္ခဏာရှိသည်။ ထို့ ကြောင့် ( good heart ) စိတ်နှလုံးကောင်းခြင်း ဟူ၍လည်းကောင်း၊ ( change of heart ) စိတ်နှလုံးနှင့် တကွ ပြောင်းလဲပါမှ တန်ဖိုးရှိသည် ဟူ၍လည်းကောင်းသုံးနှုန်းကြခြင်း ဖြစ်လေသည်။ ဥာဏ ( ဦးနှောက် ) ဘယ်လိုပင်ကောင်းစေကာမူ စိတ်နှလုံး ( အကျင့် စာရိတ္တ ) မကောင်းလျှင် တန်ဖိုး များစွာမရှိနိုင်ဟူသော အသုံးအနှုန်းလည်း ရှိပေသေးသည်။ “ လူတော်လူကောင်း ” ဟူသော စကားလုံးတွင်လည်း ( လူတော် ) သည် ဦးနှောက် ကောင်းခြင်းကို ဆိုလို၍ “လူကောင်း ” သည် နှလုံးကောင်းခြင်းကို ဆိုလိုပေသည်။ ထို့ ကြောင့် စိတ်နှင့် ပတ်သက်၍ ဖော်ပြသည့်အခါ ဦးနှောက်ကို အလေးပေးချင်ကြသော်လည်း နှလုံးကို လွှတ်ထား၍ မဖြစ်နိုင်ပေ။


တိုက်ခတ်မှ ဖြစ်ပေါ်ခြင်း


စိတ်နှင့်ပတ်သက်၍ အထက်တွင် ဖော်ပြခဲ့သည့် အသိအမျိုးမျိုးတို့ သည် မည်မျှပင် ခက်ခဲနက်နဲစေကာမူ ( လောကီတွင် တန်ဖိုးရှိသည် ဆိုစေဦး ) စဉ်းစားဥာဏ် ( intellect ) ဖြင့် သိခြင်းမျှသာ ဖြစ်ကြပေရာ ဗုဒ္ဓသိစေလိုသော ( ထိုးထွင်း၍ သိခြင်းခေါ် ) ပညာသိ မဟုတ်သောကြောင့် ကြီးစွာသော တန်ဖိုးရှိကြသည် မဟုတ်ချေ။ ပညာသိဟုခေါ်သည့် သိခြင်းမျိုးမှာ လွန်စွာနက်နဲသည်ဖြစ်၍ ဥပမာအားဖြင့်သာ ဖော်ပြနိုင်ပေမည်။

သုတ္တန်ကျမ်းတစ်နေရာ၌ ကျွန်မတစ်ယောက်သည် ၎င်း၏သခင်မအတွက် သနပ်ခါးသွေးလျက်ရှိစဉ် လက်ကောက်နှစ်ဖက် ၀တ်ထားသည်ဖြစ်၍ တစ်ဖက်နှင့်တစ်ဖက် တိုက်ခတ်မိခြင်းကြောင့် တချွင်ချွင်အသံ ထွက်လျက်ရှိ၏ ။ ဤတွင် ကျွန်မသည် တစ်ဖက်ကို ဖြုတ်ထားလိုက်ရာ တိုက်ခတ်စရာ မရှိခြင်းကြောင့် အသံမထွက်တော့ခြင်း ကို တွေ့ ရ၏ ။ ဤနေရာတွင် ဆင်ခြင်သုံးသပ်မိသည်မှာ တိုက်ခတ်စရာ ရှိ၍ အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော “ ၀ိညာဉ်စိတ် ” ဆိုသည်မှာ ဤအတိုင်းပေတကားဟု ထိုးထွင်းသိမြင်လိုက်သည်နှင့် တစ်ချက်တည်း သောတာပန်တည်သွားသည်ဟု တွေ့ ရဖူးလေသည်။


ထိုးထွင်း သိမြင်ခြင်း


၎င်းကျွန်မသည် စိတ်တစ်ခုယုတ် ၉၀၊ အကျယ် ၁၂၀ ပါး ကိုလည်း ရေတွက်တတ်မည်မထင်။ စိတ္တက္ခဏ၏ လျင်မြန်ပုံအကြောင်းကိုလည်း (ကျွန်မတစ်ယောက်သာ ဖြစ်၍ ) ကြားဖူးကောင်းမှ ကြားဖူးပေမည်။ ဘ၀င်စိတ်၏ တသွင်သွင်စီးခြင်း အကြောင်းကိုလည်း နားစွန်နားဖျားဖြင့် ကြားဖူးမည်လော မပြောတတ်ချေ။ သို့ ရာတွင် အကြောင်းတိုက်ဆိုင်ပါမှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်ဆိုသောကြောင့် အကြောင်းမတိုက်ဆိုင်လျှင် မဖြစ်၊ ဖြစ်ခြင်းကြောင်းလည်း ရှိသည်။ ချုပ်ရာသော လမ်းစဉ်လည်း ရှိသည်။ ချုပ်ခြင်းသဘောလည်း ရှိသည် စသည်ဖြင့် ထိုးထွင်းသိမြင်သွားဟန်ရှိသည်။

ဤစာကို ဖတ်သောသူသည်လည်း ကျွန်ုပ်ရေးပြသည့်အတိုင်း နားလည်ပါသည်ဟု ဆိုစေကာမူ ကျွန်မ မြင်သကဲ့သို့  မမြင်ခြင်းမှာ ထိုးထွင်းမှုဟု ဆိုအပ်သော ၀ိပဿနာဥာဏ် မပါသောကြောင့် ဖြစ်လေသည်။ ၎င်း ကျွန်မသည် ပါရမီခံ ရင့်သန်သော ပုဂ္ဂိုလ်ဖြစ်ရမည် ဆိုခြင်းမှာ ယုံမှားဖွယ်ရာ မရှိချေ။ သို့ ရာတွင် နောက်ဆုံးအချိန်၌ လုပ်နေသော အလုပ်မှာ သနပ်ခါးသွေးခြင်းဖြစ်၍ သူ၏ နှလုံးသွင်းတရားမှာ လက်ကောက်ခြင်း တိုက်ခတ်မိ၍ တချွင်ချွင်မြည်ခြင်းနှင့် အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာသော ၀ိညာဉ်စိတ်၏ တူညီပုံအခြင်းအရာပင် ဖြစ်လေသည်။

ထို့ ကြောင့်လည်း နည်းခြင်း များခြင်းသည် အရေးမကြီးလှ။ အရာဟုတ်-မဟုတ်သာလျှင် အရေးကြီးသည်ဟု ဗုဒ္ဓဟောတော်မူခြင်းဖြစ်သည်။


ဥာဏ်ကောင်းတိုင်း မဟုတ်သေး


ဘုရားလက်ထက်တော်၌ သစ္စကပရိဗိုဇ် သိဉ္စည်းဆရာကြီးမှစ၍ ဥာဏ် (intellect ) ကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၏ ။ ဤလက်ထက်တွင်လည်း လောကဓာတ် ဆရာကြီးများ၊ အဘိဓမ္မာ ဆရာကြီးများ၊ သင်္ချာ ဆရာကြီးများ၊ စိတ်ပညာ ဆရာကြီးများသည် စဉ်းစားဥာဏ်အရာ၌ အလွန်ကြီးကျယ်သော ပုဂ္ဂိုလ်ကြီးများ ဖြစ်သည်ဟု ( ဘယ်သူမှ မယုံချင်နေ ) ကျွန်ုပ်ယုံကြည်၏ ။ ဤမျှသာမကသေး၊ ဗုဒ္ဓ အဘိဓမ္မာကို “ အရည်ကျို ” သောက်ပြီး ကျမ်းကြီး ကျမ်းငယ်များ ရေးထုတ်နိုင်ကြသည့် အရှေ့ တိုင်းသားများ၊ အနောက်တိုင်းသားများလည်း အမြောက်အမြား ရှိကြ၏ ။ “ စိတ် ” အကြောင်းဆိုလျှင် စာအုပ်ပေါင်း အမြောက်အမြား ရေးထုတ်နိုင်ကြ၏ ။ အထက်ပါ ကျွန်မသည် ဥာဏ် ( intellect ) အရာတွင် ၎င်းပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက ရေနှင့်ဆီလောက် ကွာပေလိမ့်မည်။ သို့ ပါလျက် “ စိတ် ” အကြောင်းနှင့် ပတ်သက်၍ ကျမ်းအစောင်စောင် ပြုနိုင်သော ပညာရှိကြီးများသည် ၎င်းကျွန်မကဲ့သို့ စိတ်အကြောင်းကို ဗုဒ္ဓအလိုတော်ကျ မသိမြင်ကြသဖြင့် သောတာပန် မတည်နိုင်ကြခြင်းမှာ စဉ်းစားစရာကောင်းလှသည်။


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၃၅)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၈)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၈)
ကျွန်ုပ်တွေ့ သော စိတ်သဘာဝ ( ၂ )


မတ်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် “ ကျွန်ုပ်တွေ့ သော စိတ်သဘာဝ ” အကြောင်းကို ရေးသားဖော်ပြခဲ့ရာ နက်နဲစွာ စဉ်းစားဆင်ခြင်ခြင်း အလုပ်၌ ၀ါသနာပါရှိသူများ စိတ်ဝင်စားကြသည်ဟု သိရ၍ လူကိုယ်တိုင် လာရောက်၍ သော်လည်းကောင်း၊ စာဖြင့် ရေးသား၍သော်လည်းကောင်း မရှင်းမလင်း အချက်အလက်များကို စုံစမ်းမေးမြန်းခြင်း၊ စာမတတ်သော လူပြိန်းများ စိတ်ဝင်စားလောက်အောင် ရေးတတ်ပေသည်ဟု ချီးကျူးခြင်း၊
ဤအကြောင်းကို ဆက်လက်ရေးသားဖော်ပြပါဦးဟု တောင်းပန်တိုက်တွန်းခြင်း စသည်ဖြင့် အားပေးကြသည် ဖြစ်သောကြောင့် နက်နဲသောသဘာဝကို ဖော်ထုတ်တင်ပြခြင်းအလုပ်တွင် အားတက်လာပြန်သည်ဖြစ်၍ ဆက်လက်ဖော်ပြလိုက်ရပြန်ပေသည်။ ရေးပို့ ကြသော စာများအနက်တွင် “ ကိုယ်တွေ့ ဆိုသော်လည်း စိတ်ကူးနှင့် ရေးခြင်းမဟုတ်သော ဆရာကြီး ”” ဟု ဂွမေးသူ တစ်ယောက်တလေ ပါရှိသည်လည်း မှန်သည်။ သို့ သော် တရုတ်ပြည် ပီကင်းအကြောင်းကို ကျွန်ုပ် ရေးသားခဲ့စဉ်က တကယ်ရောက်ခဲ့၍လော၊ သို့ တည်းမဟုတ် စာထဲမှာ တွေ့ ၍ ကူးချခြင်းလော ဟူသည်ကို အကဲဖြစ်နိုင်ဘိသကဲ့သို့  ဤကိစ္စတွင်လည်း စဉ်းစားဥာဏ်ရှိသူများ အကဲဖြစ်နိုင်ဖို့  ရှိသောကြောင့် တစ်ယောက်တလေ “ ဂွမေး ” ခြင်းမျှကို အရေးလုပ်မည် မဟုတ်ချေ။


အမျိုးမျိုးနားလည်တတ်ခြင်း


“ စိတ်ဆိုတာ ဘာလဲ-သိသလား ” ဟု မေးခဲ့လျှင် ကိုယ့်အသိကလေးနှင့် ကိုယ် ဖြေဆိုကြပေလိမ့်မည်။ ကျောင်းသားအရွယ် ကလေးတစ်ယောက်က “ဗိုက်ထဲကနေပြီး ကြံကြံနေတာ စိတ်ပေါ့ ” ဟု ဖြေဆိုဖူး၏ ။ အတော်အတန် ခေတ်ပညာတတ်တစ်ယောက်ကမူ “ ခေါင်းထဲက ( ဦးနှောက်ထဲ )ကြံစည်စိတ်ကူးတတ်တာဟာ စိတ်ပေါ့ ” ဟု ဖြေပြန်၏ ။ သာမန်သိသော ဗုဒ္ဓဘာသာဝင် တစ်ယောက်ကမူ “ သိတတ်တဲ့ သဘောတရားကလေးဟာ စိတ်ပေါ့ ” ဟု ဖြေဆိုတတ်သည်။ ကမ္မဋ္ဌာန်းသမားတစ်ယောက်ကမူ “ ထွက်သက် ၀င်သက်ကို ရှုမှတ်နေတဲ့အခါမှာ ထွက်လေ၀င်လေက ရုပ်တရား၊ ၀င်ခြင်း ထွက်ခြင်းကို သိတာက စိတ် ” ဟု
ဖြေဆိုပေလိမ့်မည်။ သင်္ဂြိုဟ်သမား တစ်ယောက်ကို မေးလျှင် “ စိတ်တစ်ခု ယုတ် ၉၀ အကျယ် ၁၂၀ပါးရှိသည် ” ဟု ဖြေဆိုပေလိမ့်မည်။ တစ်နည်းလည်း ခန္ဓာငါးပါးရှိသည့်အနက် ရုပ်ခန္ဓာတစ်ပါးသာဖြစ်၍ နာမ်ခန္ဓာလေးပါးရှိသည်ဟု ဖြေဆိုပေလိမ့်မည်။


“ နာမ် ” နှင့် “ စိတ် ” အတူတူပင် ဖြစ်သလော၊ သို့ မဟုတ် ခြားနားခြင်း ရှိသေးသလောဟု ဆင့်၍မေးခဲ့သော် စိတ်နှင့်စေတသိက်ကို နာမ်ခေါ်သည်ဟု ဖြေဆိုတတ်ပေလိမ့်မည်။ စေတသိက်မှာလည်း ၅၂ပါးရှိသည်ဟု ပြောတတ်၍ အမည်နာမများကိုပင် ရေတွက်၍ ပြတတ်ပေလိမ့်မည်။ သို့ ရာတွင် စိတ်နှင့်စေတသိက် ယှဉ်တွဲပြီး အလုပ်လုပ်ကြပုံကို ဥဒါဟရုဏ်ဆောင်၍ ဟောပါဟု ဆိုလိုက်လျှင် အတော်အတန် စာတတ်သူများမှာ ချာလည်လည်ဖြစ်၍ သွားတတ်ကြ၏ ။ များစွာသော လူတို့ သည် မိမိတို့ ၏ ဥာဏ်ထဲ၌ ရှင်းလင်းပြတ်သားစွာ နားလည်သည် မဟုတ်ပါဘဲလျက် အမည်နာမများကို ရွတ်ဆို၍ အနက်အဓိပ္ပါယ်ကို အသင့်အတင့် ပြောပြ တတ်သည်ဆိုလျှင် နားလည်လှပြီဟု မှတ်ထင်တတ်ကြလေသည်။


စိတ်နှင့် စေတသိက်


“ စိတ် ” ဟူသော စကားလုံးမှာ အရပ်သုံး နှင့် စာသုံး ခြားနားခြင်းဖြစ်၏ ။ ဗုဒ္ဓအဘိဓမ္မာ အလိုအားဖြင့် “ စိတ် ” ဟူသည်မှာ ၀ိညာဏက္ခန္ဓာ တစ်ခုတည်းကိုသာ ဆိုလို၍ “သိတတ်ခြင်း” သဘောတရားသက်သက်မျှသာ ဖြစ်၏။ ကြံစည်ခြင်း၊ တွေးတောခြင်း၊ သိမှတ်ခြင်း စသော အလုပ်များမှာ စိတ်သက်သက်ဖြင့် လုပ်တတ်သည် မဟုတ်။ စေတသိက်နှင့် ပူးပေါင်းမှသာလုပ်နိုင်၏ ။ ( mind ) ဟူသောစကားကို “ စိတ် ” ဟူ၍ ပြန်ဆိုနေကြခြင်းမှာ မမှန်ကန်ချေ။ စင်စစ်အားဖြင့် “ နာမ် ” ဟူ၍ ပြန်ဆိုသင့်သည်။ အနောက်တိုင်းသားများသည် “ စေတသိက် ” ဟူသော အဘိဓမ္မာစကားကို နားမလည်ကြသည် ဖြစ်၍ သိမှုသက်သက်မျှသာမကဘဲ ကြံစည်ခြင်း၊ တွေးတောခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း စသော အလုပ်အားလုံးကို လုပ်တတ်သော အရာတစ်ခုရှိသည်ဆို၍ (mind) ဟု နာမည်ပေးထားကြရာ၊ နားမလည်သူခြင်း ဆုံဆည်းမိသည်နှင့် မြန်မာကလည်း “စိတ် ” ဟု ပြန်ဆိုခဲ့ကြသည်။ အမှန်မှာ ( mind ) ဟူသည် စိတ် ( ၀ိညာဏက္ခန္ဓာ) ကို ဆိုလိုခြင်းမဟုတ်။ စိတ်ရော စေတသိက်ပါ ပူးပေါင်းထားသည့် “ နာမ် ” တရားကို ဆိုလိုခြင်းဖြစ်သည်။ ( တရားအားထုတ်ခါစအချိန်က ကျွန်ုပ်ကိုယ်တိုင် စိတ်နှင့် စေတသိက်အကြောင်း ပြတ်ပြတ်သားသား နားမလည်သေးဘဲရှိရာ “ပဏ္ဍိတဝေဒနိယကျမ်း ” ကို ကြည့်ခါမှ ကောင်းကောင်းသဘောပေါက်ခဲ့၍ စာအုပ်ကိုချထားပြီး သစ်ချတောင် ဦးတိလောက ထေရ်အား ကန်တော့လိုက်ရဖူးပါသေးသည်။ )


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၃၅)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၇)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၇)
ဉာဏ်အမြင် ရင့်လာပုံ


ပြင်ပသို့  အာရုံမပြုဘဲ အတွင်းဘက်သို့ ချည်း လှည့်ထားသည့် အလေ့အကျင့် ရင့်သန်လာသောအခါ ဖြစ်ပေါ် လာလေသမျှသော မြင်မှု၊ ကြားမှုမှစ၍ စိတ်ကူးစိတ်သန်းဟူသမျှသည် မိမိအတွင်း၌သာ အကြောင်းအားလျော်စွာ ဖြစ်လာကြ၍ ဖြစ်ပြီးသောအခါ ပျောက်ပျက်သွားကြသည်။ နေအိမ်ကို သတိရသော အခါ မိမိ၏ မနောတွင် ( မှန်ပေါ်၌ အရိပ်ထင်ခြင်းကဲ့သို့ ) ထင်လာသော အရိပ်မျှသာဖြစ်သည်။ အရိပ်တစ်ခုပြီး တစ်ခုထင်လာခြင်း၊ တကယ့်ဟာတွေ တကယ့်အဖြစ်အပျက်တွေဟူ၍ မှတ်ထင်ရခြင်း ဖြစ်သည်။ မိမိက အဟုတ်ကြီး ထင်မှတ်နေသော အရာခပ်သိမ်းသည် မနောတွင် ခဏကလေးမျှပင် အရိပ်ထင်၍ဖြစ်ပြီး ပျောက်ပျက်သွားကြသည်ချည်းဖြစ်သည်။ အဟုတ်ရှိ၊ တကယ်ရှိမဟုတ်၊ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့် အားဖြင့် တစ်ခုပြီးတစ်ခု ဖြစ်နေကြခြင်းသာ ဖြစ်သည်ဟူသော ဥာဏ်အမြင်ပေါ်ပေါက်လာပါတော့သည်။


ငြိမ်းချမ်းမှုရခြင်း


ထိုသို့ သော ဉာဏ်အမြင်သို့  ရောက်သောအခါ မနောအကြည်ဓာတ်ပေါ်တွင် ခဏချင်း ခဏချင်း အကြောင်းတိုက်ဆိုင်၍ သူ့ ဘာသာ အရိပ်ထင်လာသော ‘‘ အာရုံ ’’ များအတွက် မိမိက ဘာများကြောင့်ကြစရာ၊ ဂရုစိုက်စရာ ရှိသနည်း။ မိမိနှင့် ဘာဆိုင်သနည်း။ တွယ်တာစရာလည်း မဟုတ်၊ ပူပန်စရာလည်း မဟုတ်၊ စိုးရိမ်စရာလည်းမဟုတ်။ ဖြစ်လာသမျှသော အခြင်းအရာများသည် ခဏတဖြုတ်ကလေးဖြစ်ပြီး ပျောက်ပျက်သွား သည်ချည်း ဖြစ်သည်ဟု ထင်မြင်လာသည်တွင် အကြီးအကျယ် စိတ်ငြိမ်းချမ်းမှု ရရှိပါသည်။


တကယ်ရှိသော သဘောတရား


ထိုနောက်တဖန် မနောအကြည်ဓာတ်ပေါ်၌ အကြောင်းတိုက်ဆိုင်၍ အခိုက်အတန့် အားလျော်စွာ ခဏတဖြုတ် ဖြစ်ပေါ်လာသော အခြင်းအရာများ (အရိပ်များ ) သာ ဖြစ်သည်ဟု နေ့ ရက် အတန်ကြာရှည်စွာ ဆင်ခြင်သုံးသပ်ခဲ့ရာမှ တစ်နေ့ သ၌ ‘‘ ကောင်းပါပြီ။ မနော၌ ဖြစ်ပေါ်လာသော အခြင်းအရာ အားလုံးသည် ဖြစ်ရုံကလေးဖြစ်ပြီး ပျောက်ပျက်သွားသည်ချည်း ဖြစ်သောကြောင့် အဟုတ်ရှိ တကယ်ရှိ မဟုတ်နိုင်ခြင်းကား မှန်ပါပြီ။ သို့ သော် အဟုတ်ရှိ တကယ်ရှိ သဘောတရားမျိုးကော မရှိနိုင်ပါသလော၊ ရှိနိုင်လျှင် ဘယ်မှာရှိပါသနည်း ’’ ဟူသော မေးခွန်းသည် စိတ်ထဲတွင် ပေါ်လာပါတော့သည်။


နောက်တစ်ခဏ၌ အာရုံတစ်ခု ဘွားခနဲ ပေါ်လာပါသည်။ ‘‘ဟုတ်လိုက်လေခြင်း၊ ဒါကမှ တကယ်ရှိတဲ့ သဘောတရားပဲ။ ကြည့်စမ်းပါဦး။ အနားတွင် ကပ်နေပြီး နှစ်ပေါင်းများစွာ မမြင်မိဘဲ လျှံနေခဲ့မိတာ အံ့သြပါရဲ့ ’’ စသည်များဖြင့် ဆင်ခြင်သုံးသပ်မိပါသည်။ ဥပမာဆောင်ရသော် ဒင်္ဂါးတစ်ပြားကို ‘‘ ပန်းဘက် ’’ ချည်းကြည့်ခဲ့မိရာမှ လှန်ကြည့်လိုက်သောအခါ ‘‘ ခေါင်းဘက် ’’ ကိုမြင်ရခြင်းကဲ့သို့ နီးလျက်နှင့် ဝေးနေသည်ဟု
သဘောပေါက်ခြင်းကြောင့် အံ့သြမိခြင်းမျိုးနှင့်တူပါတော့သည်။


တကယ်အဟုတ်ရှိသောအနေဖြင့် မြင်လိုက်ရသော သဘောတရားမှာ ‘‘အာရုံ ’’ မျှသာဖြစ်၍ ပုံသဏ္ဌာန် အသွေးအရောင်အားဖြင့် ဖော်ထုတ်ပြောပြနိုင်သော အခြင်းအရာမျိုးကား မဟုတ်ပါ။ ထိုအခြင်းအရာကို စာတတ်သူများ ခေါ်ချင်ရာ ခေါ်ကြစေ။ ကျွန်ုပ်၏ စိတ်ထဲ၌ကား ‘‘ ဖြစ် ’’ နေသောအခြင်းအရာမျိုး မဟုတ်။ အခါခပ်သိမ်း အမြဲတမ်းရှိနေသော သဘောတရားဟူ၍သာ သိမြင်ထားခြင်း ဖြစ်ပါသည်။


ကွန်ုပ်၏ ရည်ရွယ်ချက်


ကျွန်ုပ်မှာ ဤအခြင်းအရာကို ချောင်ချောင်နှင့် တွေ့ ရခြင်းမဟုတ်။ နှစ်ပေါင်း ၃၀ကျော်အနက် ပြတ်တောင်းပြတ်တောင်းနှင့် ကြိုးစားအားထုတ်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်မျှလည်းကောင်း၊ ခပ်ပြင်းပြင်း အားထုတ်သော နှစ်ပေါင်း လေး ငါးနှစ်မျှလည်းကောင်း၊ တစ်ကြိမ်လျှင် ရက်သတ္တတစ်ပတ်မျှ ပြင်းပြင်းထန်ထန်ကြီး အားထုတ်သည့် ရက်သတ္တပတ်ပေါင်း ၂၀ ခန့် မျှလည်းကောင်း ကြာရှိခဲ့ပြီးမှ တွေ့ ရသော “ စိတ်သဘာဝ ’’ ဖြစ်ပါသည်။ ဤအကြောင်းကို ရေးသားဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း၊ အသားယူလိုခြင်းကြောင့် မဟုတ်ပါ။ ပါရမီခံ ရင့်သန်၍ အထုံဝါသနာ ပါရှိသူများ ဖတ်မိကြလျှင် စိတ်အားတက်ကြွ၍ သဒ္ဓါတရား တိုးတက်စေလိုသော ရည်ရွယ်ချက် စေတနာဖြင့် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။


ပြဋ္ဌာန်းချက်


ကျွန်ုပ်အဖို့ ရာ၌မူ အာသဝေါကင်းသောအဖြစ်သို့  မရောက်မချင်း ( ဤတစ်ဘ၀အတွင်း ) ဆက်လက်အားထုတ်ဖို့  အားခဲလျက်ပင်ရှိရာ ပရိယေသန ၀မ်းစာအတွက် လုံလောက်စွာရှိသော တစ်နေ့ တွင် မျှော်မှန်းသည့် ပန်းတုံးတိုင်သို့  မရောက်မနေဆိုကာ အချိန်ရှိသမျှ တစ်စဉ်တစ်တန်းတည်း ဆက်တိုက်အားထုတ်ဖို့  ပြဋ္ဌာန်းပြီး ဖြစ်ပါသတည်း။

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀း၃၀)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၆)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၆)
မနောဝိညာဉ် စိတ်

ဒုတိယအချက်၌ အတွင်းနှင့် အပြင် တိုက်ခတ်မှုကြောင့် (အာယတနသဘော) ဖြစ်ပေါ်လာသည့် အသိစိတ်ကလေးမျှသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် သိမြင်လာပါတော့သည်။ ယခင်က ထင်မှတ်ခဲ့သည်မှာကား (အသိ) စိတ်သည် မိမိ၏ ကိုယ်အတွင်း၌ အခါခပ်သိမ်း အမြဲတစေ တည်လျက်ရှိသည်ဟုထင်ခဲ့၏ ။ ယခုသော် တိုက်ခတ်မှုဖြစ်ပေါ်လာသော ( ၀ိညာဉ် ) အသိစိတ်ကလေးတွေ တစ်ခုပြီး တစ်ခု ဖြစ်ချည်ပျက်ချည် နေကြသည် ဟု မြင်ကာ၊ သိတတ်သော ‘‘မနောဓာတ် ’’ သည် ကိုယ်တွင်း၌ အမြဲတစေရှိနေခြင်း ကားမှန်ပါ၏ ။ သို့ သော် အာရုံနှင့် တိုက်ခတ်သောအခါမှ ( အကြောင်းဆုံဆည်း၍ ) ဖြစ်ပေါ်လာသော အသိစိတ်ကလေးဟူ၍ ဆိုလိုခြင်း ဖြစ်ပါသည်။ စာထဲ၌ ဖော်ပြထား၍ နားလည်ခြင်းနှင့် ကိုယ်တိုင်စောင့်ကြည့်၍ သဘောပေါက်လာခြင်းတို့ သည် ကြီးစွာသော ခြားနားခြင်း ရှိပါသည်။ ထိုအခါမှ မနောဓာတ်နှင့် ( ၀ိညာဉ် ) အသိစိတ်၏ ခြားနားခြင်းကို ပိုင်းပိုင်းခြားခြားကြီး သဘောပေါက်လာပါတော့သည်။


သဘောပေါက်ပုံ တစ်မျိုး

ထိုကဲ့သို့  သဘောပေါက်လာခြင်းအတွက်ကြောင့် မည်ကဲ့သို့  ထူးခြားသွားခြင်းကို ဥပမာဆောင်၍ ဖော်ပြပါဦးမည်။

ယခင်က ထင်မှတ်ခဲ့ပုံမှာ ‘‘ ငါ၌ မယားရှိ၏ ။ သားသမီးရှိ၏ ။ ဤပစ္စည်း ထိုပစ္စည်းရှိ၏ ။ ၎င်းတို့ 
မသေဆုံးသမျှ ကာလပတ်လုံး၊ သို့ မစဟုတ် မပျောက်ပျက်သမျှ ကာလပတ်လုံး ငါ့အဖို့  အမြဲတစေ ရှိနေ၏ ’’ ဟူ၍ မှတ်ထင်ခဲ့မိသည်။ ယခုသော်ကား ငါ၏ မနောဓာတ်၌ အာရုံအဖြစ်နှင့် ထင်လာခိုက်သာလျှင်၎င်းတို့ ခေတ္တခဏ ရှိလိုက်ကြသည်။ ပြီးနောက် ချုပ်ပျောက် သွားကြသည်ဟု သဘောပေါက်လာသည် ။ ဆိုလိုရင်းမှာ
ဓာတ်ပုံရိုက်ကူးထားသော အရုပ်ကား၏ ရှိခြင်း မျိုးမဟုတ် ။ မှန်ပေါ်တွင် အကြောင်းတိုက်ဆိုင်၍ ထင်ပေါ်လာသည့် ‘‘ အရိပ် ’’ ၏ ရှိခြင်းမျိုးမျှသာ ဖြစ်သည်ဟု သဘောပေါက်လာသည် ဟူလို။

ထိုအချိန်မှစ၍ ကျွန်ုပ်ပိုင်ဆိုင်သည်ဆိုသော ပစ္စည်းဟူသမျှ အပေါ်တွင် တွယ်တာမှု အပုံကြီး လျော့ပါးသွားခဲ့ပြီ။ တွယ်တာမှု ဖြစ်ပေါ်လာမိလျှင်လည်း အထက်ပါ အခြင်းအရာကို ဆင်ခြင် သုံးသပ်လိုက်သည်နှင့် တစ်ပြိုင်နက် ‘‘ ရေ ’’ ဖြစ်၍ လျှောဆင်းသွားလေတော့သည်။

အာရုံပြုမှ ရှိခြင်း

ရှင်းပါဦးအံ့။ လူတစ်ယောက်သည် ငွေထုပ်ကို မြုပ်နှံထားရာ မြုပ်နှံထားမိသည့် အဖြစ်ကို လုံးဝ သတိမေ့နေ မိသည် ဆိုအံ့။ ငွေထုပ်သည် မြုပ်နှံထားသောနေရာ၌ ရှိနေသော်လည်း ထိုသူ့ အဖို့ ၌ ငွေထုပ် မရှိတော့ချေ။

တဖန် ထိုသူမြုပ်နှံထားသော ငွေထုပ်ကို တစ်စုံတစ်ယောက်သောသူက တိတ်တဆိတ် တူးဖော်၍ ယူသွားရာ၊ ထိုသူကမူ ထိုအကြောင်းကို မသိသောကြောင့် သူ့ မှာ ငွေထုပ်ရှိသည်ဟူ၍ပင် မှတ်ထင်လျက် ရှိနေ၏ ။

ဤနေရာ၌ ရှိနေပါလျက်နှင့် မရှိပုံ၊ မရှိပါဘဲလျက်နှင့် ရှိသည်ထင်မှတ်ပုံမှာ ထင်ရှားရှိလေပြီ။ ဆိုလိုရင်းမှာ အကယ်ရှိခြင်း မရှိခြင်းသည် အကြောင်းမဟုတ်လှ။ စိတ်ထဲက ရှိနေသည်ထင်လျှင် ရှိဘိသကဲ့သို့ ကြောင့်ကြမှု ဖြစ်နေ၍ လုံးဝသတိမရလျှင် မရှိသကဲ့သို့  ကြောင့်ကြမှု ကင်းလျက်ရှိသည်။ စင်စစ်သော်ကား ငွေထုပ်ကို သတိရခြင်း ဟူသည်မှာ ထိုသူ၏ မနော ( အကြည် ) ဓာတ်တွင် အရိပ်ထင်လာခြင်းမျှဖြစ်ရာ ထိုအတွက် ကြောင့်ကြမှု ၀င်လာ၏။ ၎င်းအခိုက်အတန့် တွင်သာ ထိုလူ၌ ငွေထုပ်ရှိနေ၏ ။ ခြေထောက်၌ ပုရွက်ဆိတ်ကိုက်၍ ကုန်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် အာရုံပြောင်းသွား၍ ငွေထုပ် မရှိတော့ချေ။

ဤသည်ကား ကျွန်ုပ်တွေ့ ရသော စိတ်သဘာဝ တစ်ခုပေတည်း။ ကျွန်ုပ်၏ ပစ္စည်းများသည် ကျွန်ုပ်အဖို့  တစ်ပြိုင်တည်း အပြွတ်လိုက် ရှိနေကြသည်မဟုတ်။ သတိရသော ၀တ္ထုပစ္စည်းသည်သာလျှင် အခိုက်အတန့် အရ တစ်လှည့်စီ ရှိနေကြခြင်း ဖြစ်လေမည်။ ငါ့ပစ္စည်းတွေ ပေါများလှသည်ဟု ဘာများကြွားဝါစရာ ရှိပါသနည်း။ မနောဓာတ်၌ အရိပ်ထင်လာခိုက်တွင်သာ ရှိသည်ဟု ထင်မှတ်မိခြင်း မဟုတ်ပါလော။


ရင့်ကျက်လာခြင်း

တတိယအချက်၌ ( ဒိဋ္ဌေဒိဋ္ဌမတံ္တ ) ကြားကာမတ္တ၊ မြင်ကာမတ္တ ထားခြင်းအလုပ်၌ အလေ့အကျင့်ရ၍ ရင့်ကျက် လာသောအခါ သဘောပေါက်လာပြန်သည်မှာကား ကြားခြင်း၊ မြင်ခြင်း၊ နံခြင်း စသည်တို့ သည်သာလျှင် တကယ်လက်တွေ့  ( actuality ) ဖြစ်သည်။ အသံ တစ်ခုကြားပြီးသည့်နောက် ‘‘ ငါ့ကို ဆဲရေးခြင်းဖြစ်သည်။ တယ်မိုက်တဲ့လူပဲ’’ စသည်ဖြင့်လိုက်၍ စဉ်းစားခြင်းသည် စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာနေခြင်းသည် စွဲလမ်းခြင်း၊ တပ်မက်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းကင်း၍ အလွန်တရာ
ငြိမ်းချမ်းပါပေသည်တကား ဟူ၍ သဘောပေါက်လာတော့သည်။

ဤတွင် ဒွါရနှင့် တိုက်ခိုက်ခြင်းသည်သာလျှင် မလွှဲမရှောင်နိုင်သော အခြင်းအရာဖြစ်၍ ဆက်လက်ပြီး အရှည်ကြီး စဉ်းစားခြင်းသည် စိတ်ကူးခြင်း ( အိပ်မက်သဖွယ် ) ရှိပါဘိတော့သည် ဟု ထင်မြင်လာတော့သည်။

လူတစ်ယောက်က မိမိအား ဆဲရေးနေသော်လည်း ‘‘ အသံ ’’ ဟုသိခြင်းအဖြစ်၌သာ ရပ်တန့် ထားနိုင်ပါမူ၊ နာတတ် သောစိတ် ဖြစ်ပေါ်လာမည် မဟုတ်ချေ။ သို့ သော် တစ်လောကလုံးသည် အရှည်ကြီးလိုက်၍ စဉ်းစားမှု (အိပ်မက်မက်မှု)ကြောင့် ချစ်ခြင်း၊ မုန်းခြင်း စသော အခြင်းအရာများ ဖြစ်ပေါ် လျက်ရှိသည်ဟု သိမြင်လာတော့သည်။ ထိုအခါတွင် ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် အချိန်အတန်ကြာအောင် နေနိုင်သောအဖြစ်သို့  ရောက်လာခဲ့လေပြီ။

သတိနှင့် သမ္မာသတိ

ဤနေရာ၌ သတိနှင့် သမ္မာသတိ ခြားနားပုံကို ရှင်းပြလို၏ ။ လမ်းလျှောက်သွားရာ၌ ခါးပိုက်နှိုက်မခံရအောင်၊ ခလုတ်မတိုက်မိအောင်၊ ကားမတိုက်မိအောင် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းသည် ‘‘ သတိ ’’ မည်၏။ သို့ သော် ၎င်းသတိသည် မဂ္ဂင်ရှစ်ပါးထဲမှ သတိမဟုတ်ချေ။ မဂ္ဂင်ထိုက်သော သတိဟူသည်ကား မိမိ၏ နာမ်ရုပ်ကို စောင့်၍ကြည့်သော သတ္တိမျိုးဖြစ်၏ ။ (ဤနေရာ၌ ကြားကာမတ္တ၊ မြင်ကာမတ္တ ဖြင့်သာ နေနိုင်အောင် စောင့်ထိန်းထားသော သတိကို ဆိုလိုသည် ) အလေ့အကျင့်ရ၍ နိုင်နင်းလာသောအခါ မိမိ၏ စိတ်ကို အလိုမရှိအပ်သော အာရုံမျိုးတို့ ၌ မမျောမပါစေဘဲ၊ အကျိုးရှိစေမည့် အာရုံမျိုးတို့ ၌သာ ထားနိုင်လောက်အောင် ပိုင်ပိုင်နိုင်နိုင် ဖြစ်လာသည်။ ထိုနောက်တွင်ကား ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့်သာ နေနိုင်အောင် အထူးတလည် မကြိုးစားရတော့ဘဲ ထိုကဲ့သို့  နေရသော အဖြစ်သာလျှင် ငြိမ်းချမ်းသည်ဟု ကြာလေ သဘောကျလေ ဖြစ်လာတော့သည်။ ထိုအခါ၌ စိတ်သည် မြင်ရုံကြားရုံကလေးများ အပေါ်တွင်သာ တည်ငြိမ်လျက်ရှိရာ ထိုအခြင်းအရာကို ‘‘ သမ္မာသမာဓိ ’’ ဟူ၍ ကျွန်ုပ် နားလည်သည်။

စိတ်က ဖန်ဆင်းခြင်း

၎င်းအခြေအနေသို့  ရောက်လာသောအခါ၌ အပြင်ပသို့  မလိုက်တော့ဘဲ အတွင်းဘက်သို့ သာ လှည့်ကာအာရုံပြုတတ်သော အလေ့အကျင့် ဖြစ်ပေါ်လာ၏ ။ ဥပမာ အသံတစ်ခု ကြားလိုက်ရသောအခါ ဘယ်ဆီမှလာသော အသံဟူ၍ ဂရုမပြုတော့ဘဲ မိမိအတွင်း၌ ( သောတ၀ိညာဉ် ) ကြားစိတ်ကလေး ဖြစ်ပေါ်လာသည်ဟူ၍ အမှတ်ပြုလိုက်တော့သည်။ တိုး၍ ရင့်ကျက်လာပြန်သောအခါ လောကဟူသည် တခြား၌ ရှိခြင်းမဟုတ်၊ မိမိအတွင်း၌သာ ဖြစ်ချည် ပျက်ချည် လုပ်နေခြင်း ဖြစ်သည်ဟု ထင်မြင်လာတော့သည်။ စိတ်သည် လောကကို ဖန်ဆင်းသည် ဟူသော ဗုဒ္ဓ၏ စကားတော် မှန်ကန်လှခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ သဘောကျလာတော့သည်။ သဘောကျပုံမှာ ဤသို့ တည်း။

အခန်းတစ်ခန်းထဲ၌ လူလေးငါးယောက် ထိုင်လျက်ရှိကြသည် ဆိုပါစို့ ။ စကားမပြောဘဲ တိတ်ဆိတ်စွာ ငြိမ်နေခိုက်တွင် တစ်ယောက်သည် သားကလေးသေဆုံးမှုကို စဉ်းစားမိ၍ ပူလောင်လျက်ရှိ၏။ ဒုတိယ တစ်ယောက်သည် ထီပေါက်၍ ၀ယ်ဖို့ ခြမ်းဖို့  စိတ်ကူးနှင့် ပျော်လျက်ရှိ၏ ။ တတိယတစ်ယောက်သည် ကြွေးပူ၍ စိတ်ညစ်လျက် ရှိ၏ ။ စတုတ္ထလူသည် သားတစ်ယောက် ဘီအေအောင်၍ ၀မ်းသာလျက်ရှိ၏ ။

ဤလူလေးယောက်တို့ သည် ကိုယ့်လောကကို ကိုယ်ဖန်ဆင်းလျက်ရှိကြသည် မဟုတ်လော။ အမှန်မှာ ထိုလူလေးယောက်လုံးသည် တစ်ခန်းတည်းတွင် တစ်ချိန်တည်း အတူထိုင်လျက်ရှိကြသောကြောင့် အခန်းတွင်းရှိ စားပွဲ ကုလားထိုင်စသော အိမ်ထောင်မှုပစ္စည်းများကို အတူတူပင် မြင်နိုင်ကြ၏ ။ လမ်းပေါ်မှ ကားမောင်းသံကိုလည်း အတူတူပင် ကြားကြ၏ ။ အကြော်ဆိုင်မှ အညေုာ်နံ့ ကိုလည်း အတူတူပင် နံကြ၏ ။ သောက်နေကြသော ကော်ဖီကိုလည်း အတူတူပင် ချိုကြ၏။ ထိုင်ကြသော ဆိုဖာများ၏ နူးညံ့ခြင်းကိုလည်း အတူတူပင် ခံစားကြ၏ ။ သို့ ပါလျက် စိတ်ကူးတစ်မျိုးစီရှိကြသည့်အတွက်ကြောင့် ပူသူကပူ၊ ၀မ်းသာသူက ၀မ်းသာ၊ စိတ်ညစ်သူကညစ်၊ ပျော်သူကပျော် ဖြစ်ကြရခြင်းမှာ ကိုယ့်လောကကို ကိုယ့်စိတ်က ဖန်ဆင်းခြင်းပင် မဟုတ်ပါလော။

အကယ်၍ ထိုလူလေးယောက် တို့ သည် မြင်မှု ကြားမှုများနှင့် ပတ်သက်၍ ပစ္စုန်ပ္ပန်တည့်တည့်ကိုသာ အာရုံပြုကာ ရှုကြည့်နေကြမည် ဆိုပါက စိတ်ကူးလောကထဲတွင် မနေဘဲ လက်တွေ့ လောကထဲတွင် အတူတူရှိနေကြမည် မဟုတ်ပါလော။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတ္တံ ’‘ ကျင့်စဉ်၏ တန်ဖိုးမှာ စိတ်ကူး ( အိပ်မက် ) လောကသို့ မရောက်စေဘဲ လက်တွေ့ လောကထဲ၌သာ စိတ်ကို ထားစေခြင်းအားဖြင့် တစ်ချိန်တွင် အဟုတ်ရှိ အမှန်ရှိ ပရမတ္တ သဘောတရားကို ထိုးထွင်းသိမြင်နိုင်စေရန် ဖြစ်လေသည်။


ဆက်လက်ဖေါ်ပြပေးပါမည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၄)ရက်၊နံနက်(၁၀)နာရီ၊ ကူးတင်ပါသည်။
 

ကောလိပ်ကျောင်းသားနှင့် ရွာမှ အမေတို့ရဲ့ စာ

ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်
ဒေါက်တာခိုင်မျိုး၏ ဘလော့မှတဆင့်ဖေါ်ပြပေးပါသည်။
http://drkhaingmyo.myanmarbloggers.org


အပြန်အလှန်-ပေးစာ(သားနဲ့မိဘ)

ဖတ်ပြီးသူတွေအတွက် မရည်ရွယ်ပါဘူး။ အီမေးက တစ်ဆင့်ရလာတဲ့ ဟာသလေးတွေဗျာ..။

သဘောကျလွန်းလို့တင်ဖြစ်ပါတယ်။

(ဒေါက်တာခိုင်မျိုး)


၁။ ကောလိပ်ကျောင်းရောက် သားထံမှ မိဘများသို့ ပေးစာ

အဖေနဲ့ အမေ ခင်ဗျား ... ကျန်းခံ့သာလို့ မာပါစ။
ဒီမှာတော့ ကျောင်းရောက်တဲ့ ပထမတစ်လလုံးလုံး ဘာစာမှ မသင်ရပါဘူး။ စာသင်ခန်းတွေဆီမှ မသွားဖြစ်လို့၊၊ သွားဖြစ်တဲ့ တစ်ရက်ကလည်း ညဘက် ဖြစ်နေတယ်။ အဲဒီညက မီးမလာဘူး။ ပြီးတော့ ဆရာလည်း မလာဘူး။

စာသင်တဲ့ တစ်နေ့မှာကျတော့ ဆရာက အတန်းထဲမှာ ပြောတယ်၊ `ဒီအခန်းထဲမှာ နလပိန်းတုံးရှိရင် မတ်တတ်ရပ်စမ်းဟေ့´တဲ့။ သားတို့ တစ်တန်းလုံးငြိမ်ပြီး ဘယ်သူမှ မလှုပ်ကြဘူး။ ဒါနဲ့ ခဏနေတော့ သား မတ်တတ်ရပ်လိုက်တယ်။ အခန်းထဲမှာ ဆရာတစ်ယောက်တည်း ရပ်နေတာကို အားနာလို့။

ကောလိပ်ကျောင်းသားဆိုပြီး ဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ ကျောင်းတက်လို့ မရပါဘူးဗျာ။ သချာင်္တွက်ချိန်ကျလို့ ဆယ်ဂဏန်းကျော်သွားရင် ရှူးဖိနပ်ကို ချွတ်ပစ်နေရတာ အလုပ်ရှုပ်လွန်းလို့။

ကောလိပ်ကျောင်းမှာ ကျောင်းသူလေးတွေ ချောတယ်။ အဖေတို့ အမေတို့အတွက် ချွေးမလောင်းကိုရွေးပြီး ရည်းစားစာတစ်စောင် အင်္ဂလိပ်လိုရေးပြီး ပေးလိုက်တယ်။ သားကို အင်္ဂလိပ်လို တက်လှပြီမထင်နဲ့။ သားမရေးတတ် ပါဘူး။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကောင်မလေးကလည်း အင်္ဂလိပ်လို မဖတ်တတ်ဘူး။

စာရေးတာ နားဦးမယ်။ သား သိပ်နေမကောင်းဘူး။ ဟိုတစ်ပတ်က ဆရာက `မင်းတို့ အပြင်စာတွေ များများ ဖတ်ရမယ်´ဆိုတာနဲ့ ညဘက်အပြင်ထွက်ပြီး စာဖတ်တာ အအေးမိသွားတယ်။ နေမကောင်းဖြစ်လိုက်တာ ပိန်သွားလို့ ရွာကယူလာတဲ့ ဦးထုပ်တောင် မတော်တော့ဘူး။ အဲဒါ နောက်စေ့ကို တူနဲ့ ထုထားရတယ်။ ဒီတော့မှ နောက်စေ့မှာ ဘုထွက်ပြီး ဦးထုပ်က ကျွတ်မကျတော့ဘူးပေါ့။

ပြီးတော့ မနက်ဖြန်မှာ သားတို့ကို Blood Test စစ်မယ်ဆိုလို့ ဒီည တစ်ညလုံး စာကြည့်ရဦးမယ်။

ချစ်သား
စာကြွင်း ။ ။ ဒါနဲ့ အမေ၊ နောက်တစ်ပတ်မှာ ဘရစ်နေးစပီးယားစ်အကြောင်း အရေးတကြီး လေ့လာရဦးမယ်။ အဲဒါပိုက်ဆံလိုတယ် ပို့ပေးပါဦး။


၂။ ကောလိပ်ကျောင်းရှိ သားထံ အမေ့ပေးစာ

ချစ်စွာသောသား....
အမေ အသက်ရှင်နေဆဲပဲ ရှိသေးတယ်ဆိုတာ သားသိရအောင် စာလှမ်းရေးလိုက်တာပါ။ မင်း စာမြန်မြန် မဖတ်နိုင်မှန်းသိလို့ အမေ ဒီစာကို ဖြည်းဖြည်းပဲ ရေးလိုက်တယ်။
မင်း အိမ်ပြန်လာရင် အိမ်ဘယ်မှာမှန်းသိမှာ မဟုတ်ဘူး။ အမေတို့ ပြောင်းသွားကြပြီ။
မင်းအဖေလား။ အခု အလုပ်ကောင်းကောင်း တစ်ခုရနေပြီ။ သူ့အောက်မှာ လူ ၅၀၀ လောက်ရှိတယ်။ သချိုင်းမှာ မြက်ရိပ်နေရတယ်လေ။
အခု အမေတို့အိမ်အသစ်မှာ အ၀တ်လျှော်စက်တစ်လုံးရှိတယ်။ သိပ်တော့ မကောင်းလှပါဘူး။ ပြီးခဲ့တဲ့ အပတ်က အမေအဲဒီထဲ ရှပ်အကျီ ၁၄ထည် ထည့်တယ်။ ပြီး ခလုပ်နှိပ်လိုက်တာ အဲဒီအကျီတွေကို အဲဒီကတည်းက ပြန်မတွေ့ရတော့ပါဘူး။
သားအမ မမရီလည်း ဒီနေ့မနက်ပဲ ကလေးမွေးတယ်။ သားလေးလား၊ သမီးလေးလားတော့ အမေ မသိသေးဘူး။ အဲဒီတော့ မင်းက အန်တီဖြစ်မလား၊ အန်ကယ်လ်ဖြစ်မလား အမေလည်း မပြောတတ်ဘူး။
ပြီးခဲ့တဲ့အပတ်ထဲမှာ မင်းရဲ့ အန်ကယ်ချစ်လည်း တို့မြို့က အရက်ချက်စက်ရုံမှာ ၀ီစကီကန်ထဲ ကျပြီးနစ်လို့ သူ့လုပ်ဖော်ကိုင်ဖက်အချို့က ခုန်ဆင်းပြီးကယ်ကြသေးတယ်။ ဒါပေမယ့် သူက ကယ်တဲ့သူအားလုံးကို သတ္တိရှိရှိ တွန်းလှန်နိုင်ခဲ့တယ်။ သူ့ကို သဂြိုဟ်တော့ အဲဒီမီးကို ငြိမ်းရတာ ၃ ရက်ကြာတယ်။
ပြီးခဲ့တဲ့အပတ်က မိုး ၂ ခါရွာတယ်။ တစ်ခါက ၃ ရက်ကြာပြီး နောက်တစ်ခါက ၄ ရက်ကြာတယ်။ တနင်္လာနေ့တုန်းကများ လေတွေတိုက်လိုက်တာ ခြံထဲက ကြက်မတစ်ကောင်ဟာ ကြက်ဥတစ်လုံးတည်းကို လေးခါ ဥရတယ်။
အသုဘအလောင်းပြင်ဆင်ပေးတဲ့ အိမ်က စာတစ်စောင်မနေ့က ရတယ်။ သူက အမေတို့ပေးစရာရှိတဲ့ ကြွေးကျန်ကို ၇ ရက်အတွင်း မပေးရင် မင်းဘွားအေကြီးကို ပြန်ထအောင် လုပ်လိုက်မယ်တဲ့။
ချစ်တဲ့ အမေ
P.S : အမေ သားအတွက် ငွေ၅ထောင်-ထည့်ပို့မလို့ပဲ။ ဒါပေမယ့် စာအိတ်က ပိတ်ပြီးသွားပြီ။
ပြုံးပျော်နိုင်ပါစေ..။

ဒေါက်တာခိုင်မျိုး၏ ဘလော့မှတဆင့်ဖေါ်ပြပေးပါသည်။
http://drkhaingmyo.myanmarbloggers.org


ရယ်စရာ
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်၊ည(၉း၄၅)နာရီ ကူးယူ၏။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)

ဝိမုတ္တိရသ (http://www.vimuttirasa.com)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၅)
ခုန်ချင်တိုင်း ခုန်ရာမှ


သတ္တ၀ါတို့ ၏ ‘‘ စိတ် ’’ သဘာဝမှာ ပစ္စုပ္ပန်ဟူ၍လည်း သတိမပြုမိ၊ ပစ္စုပ္ပန်တည့်တည့် အပေါ်၌လည်း မနေလို။ အာရုံနှင့် အာရမ္မဏိတ တိုက်မိ၍ (၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်ပေါ်လာသည်နှင့် တပြိုက်နက် အတိတ်၊ အနာဂတ်နှင့် ဆက်စပ်သည့် ဆင်ခြင်စဉ်းစားမှုများသည် ချက်ချင်းပင် ၀င်လာတတ်သောကြောင့် အားထုတ် ခါစတွင် စိတ်ပျက်မိမတတ် အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့ သော် လက်တွေ့ စမ်းသပ် ကြိုးစား သည့် အခါ အားရှိဖွယ်သော ‘‘ ပေါင်းကူး ’’ ကလေးများလည်း တွေ့ ရတတ်ပါသည်။


အားထုတ်လျှင်အားထုတ်ချင်း ပစ္စုပ္ပန်တည့်တည့်အပေါ်၌ ထား၍မဖြစ်သည်မှာ လူတိုင်း၏ အတွေ့ အကြုံ ဖြစ်ကောင်း ဖြစ်ပေမည်။ ‘‘ တကူးကူး ’’ ဟူသော အသံကို ကြားလိုက်ရလျှင် ကြားလိုက်ရခြင်း‘‘ ချိုး ’’ ဟု အသိစိတ်ဝင်လာခြင်းမှာ ဓမ္မတာပင် ဖြစ်ပေလိမ့်မည်။ အချို့ ကမူ မည်သည့်သစ်ပင်ပေါ်မှ ကူလေသနည်း။ ‘‘ချိုး ’’ ကူတဲ့ ရာသီက စောလှချေတကား၊ ချိုးသား မစားရသည်မှာ အတန်ကြာလေပြီ စသော စိတ်ကူးများပင် ဖြစ်ပေါ်လာပေလိမ့်မည်။ ပထမ၌ လေး ငါး ခြောက်ချက် ထိုကဲ့သို့  ကူးကျော်ပြေးလွှားရာမှ သတိနှင့်ကြိုးစားသော သူသည် ၂-ခုန်၊ ၃-ခုန်နှင့်မျှ သတိရ၍ ‘‘ ဘရိတ်အုပ် ’’ လိုက် နိုင်ပေလိမ့်မည်။ အားရှိဖွယ်သော အချက်ဟူသည် မှာ မည်မျှလောက် ခုန်၍ ကူးကျော်သွားမိသည်ဖြစ်စေ၊ နောက်ဆုံးတွင် သတိရ၍ ပစ္စုပ္ပန်တည့်တည့် သို့ ပြန်ခေါ် လာနိုင်ခြင်းတည်းဟူသော သတိသည် တန်ဖိုးရှိ၍ ရှေ့ အဖို့ ရာ၌ တိုးတက်စေဖို့  ပါရမီဖြစ်သည်ဟု နားလည် သင့်သည်။ အဘယ့်ကြောင့်ဆိုသော် သတ္တ၀ါသည် တစ်သံသရာလုံးတွင် ပစ္စုပ္ပန်တည့်တည့်ထားဖို့ ဘယ်တော့မှ သတိမရဘဲ ပေါက်လွှတ်ပဲစား ခုန်ချင်တိုင်း ခုန်လာခဲ့ကြသည်ချည်း ဖြစ်ပေသောကြောင့်တည်း။


တိုးတက်လာခဲ့ပုံ


‘‘ တတ်စရှိလျှင် တတ်ချင်ချင်တည့် ’’ ဟူသော လင်္ကာကလေးမှာလည်း ဤအလုပ်အတွက် အားရှိဖွယ်သော အထောက်အထား တစ်ခုဖြစ်၏ ။ သတိပြုစရှိလျှင် ကြာလေလေ သတိကောင်းလေလေ ဖြစ်လာတတ်သည်။ အသံတစ်ခုခုကို ကြားလိုက်ရ၍ လေး ငါး ခြောက်ခုန် ခုန်ပြီးမှ သတိရရာမှ သုံး လေးခုန် နှင့် သတိရခြင်း၊ တစ်ခုန်
နှစ်ခုန်နှင့် သတိရခြင်း စသည်ဖြင့် တိုးတက်မှုရှိလာသည်။ ထို့ နောက်တစ်ခါတရံတွင် တစ်ခုန်မျှပင် မခုန်တော့ဘဲ ကြားကာမတ္တ၊ မြင်ကာမတ္တဖြင့် တစ်မိနစ် နှစ်မိနစ် စသည်ဖြင့် နေနိုင်သော အခြေအနေသို့ ရောက်လာ တော့ သည်။


ကျွန်ုပ်အဖို့ မှ ထိုကဲ့သို့  ၁၅မိနစ်ခန့် မျှနေနိုင်အောင် သုံးလေးနှစ်မျှ လေ့ကျင့်ယူရသည်ဖြစ်ရာ ယခုအခါ၌မူ တစ်နာရီခန့် မျှ နေနိုင်သောအခြေသို့  ရောက်လျှက်ရှိပါ၏ ။ ဤကဲ့သို့  နေနိုင်ခြင်းအားဖြင့် မည်ကဲ့သို့ သော အကျိုးအာနိသင်များ ကြုံတွေ့ ရပါသနည်း။


ဘာဝနာသတ္တိ


ပထမအချက်၌ စိတ်၏ အနိစ္စသဘောတရားကို သဘောပေါက်လာတော့သည်ဖြစ်ရာ ဥပမာဆောင်၍ ပြပါအုံးမည်။


မီးရထားဖြင့်ခရီးသွားသောသူသည် အဝေး၌ရှိသော တောင်တန်းများကို မျှော်ကြည့်နေခဲ့သောအခါ မီးရထား၏ လျင်မြန်စွာ ခုတ်နှင်နေသော အဖြစ်ကို မြင်ဖို့ ခဲယဉ်း၏။ ထို့ ထက် အနီးရှိ သစ်ပင်များကို လှမ်းကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားလာ၏။ ထို့ ထက် မီးရထားအနီး၌ ကပ်လျက်ရှိသော မြေကြီး၊ ကျောက်ခဲ၊ မြက်ပင်စသော အရာဝတ္ထုများကို စိုက်ကြည့်သည့်အခါ ရွေ့ လျားမှုသည် သာ၍ထင်ရှားပြန်၏။ ကြာရှည်စွာ စိုက်ကြည့်သည့်အခါ မူးသလိုလိုပင် ဖြစ်လာတတ်သည်ကို ကြုံဖူးပေလိမ့်မည်။

ထိုနည်းအတူ အတိတ်အကြောင်း၊ အနာဂတ်အကြောင်း စသည်ဖြင့် တွေးတောနေသောသူသည် စိတ်၏ရွေ့ လျားမှုကို မြင်နိုင်ခွင့်မရှိ။ ကြားကာမတ္တ၊ မြင်ကာမတ္တ၊ နံကာမတ္တစသည်ဖြင့် အသိအမှတ်ပြု၍ ရှုမှတ်သောအခါ အသိစိတ်တွေ ခဏချင်း၊ ခဏချင်း ပြောင်းလဲလျက် ရှိခြင်းကို မြင်လာတော့သည်။ မီးရထားပေါ်မှ လမ်းနံဘေးရှိ ကျောက်ခဲကလေးများကို ကြာရှည်စွာကြည့်နေ၍ အရိပ်ရိပ်ဖြစ်ပြီး “မူး” လာတတ်ခြင်းကဲ့သို့ သော အဘောမျိုး ခပ်ဆင်ဆင် ဖြစ်လာခြင်းကိုပင် ကြုံရဖူးသည်။ သို့ သော် တကယ် “မူး” လာသည်ဟူ၍ နားလည်ကြရန် မဟုတ်ပါ။ အကြိမ်ကြိမ် အထပ်ထပ် (ဘာဝနာ) လေ့ကျင့်ခြင်း၏ သတ္တိကို ဖော်ပြခြင်းမျှသာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်နေ့လည်(၃း၃၀)နာရီ ကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)

ဝိမုတ္တိရသ (http://www.vimuttirasa.com)


ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၄)
ဒိဋ္ဌေဒိဋ္ဌမတံ္တ


ကျွန်ုပ်သည် သောတာပန် ပုဂ္ဂိုလ်အကြောင်းရင်းနှင့် ပတ်သက်၍ နိကာယ်ကျမ်းများကို မွှေနှောက်ရှာဖွေရင်း အတ္တုပ္ပတ္တိကို ဖတ်ရှုမိရာ ‘‘ဒိဋ္ဌေဒိဋ္ဌမတံ္တ ’‘ ဟူသော ဗုဒ္ဓ၏ သြ၀ါဒကို အလွန်နှစ်သက်၍ ပီတိဖြစ်သည့်အလျောက်
၎င်းနည်းအတိုင်း အားထုတ်ဖို့  သန္နိဋ္ဌာန်ချလိုက်သည်။


စိတ်ရိုးရိုး သဘာဝ

ဒိဋ္ဌေဒိဋ္ဌမတံ္တ ဟူသော ပါဠိတော်အရမှာ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နံကာမတ္တ စသည်ဖြင့် အာရုံ ၆ပါးတို့ ၌ မိမိ၏စိတ်ကို ‘‘ ဘရိတ်အုပ် ’’ ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းငယ် ရှင်းလင်းရသော် အသံတစ်ခုကြားလျှင်
ဘာသံဟူ၍ပင် မစဉ်းစားစေဘဲ စိတ်ကို ထိန်းထားရမည့်အဓိပ္ပာယ်မျိုး ဖြစ်၏။ အခြားသော ဒွါရပေါက်များ တွင်လည်း ဤအတိုင်းပင်။ ဒွါရခြောက်ပေါက်အနက် မနောဒွါရသည် ထိန်းချုပ်ရန် အခက်ဆုံးဖြစ်သည်ကို တွေ့ ရ၏ ။ ဥပမာ လမ်းပေါ်မှ အော်ဟစ်သံကြားလိုက်ရသည့်အခါ ‘‘ ဘယ်သူ့ အသံပါလိမ့်၊ ဘာကြောင့်အော်ပါလိမ့်၊
ရန်ဖြစ်ကြတာလေလား၊ ငါ့အိမ်သားများနဲ့  ရန်ဖြစ်ကြလေရော့လား၊ ဟိုဘက်အိမ်က လူများနဲ့  မနေ့ က စကားများကြဖူးတယ်၊ သူတို့ ဟာ တယ်ဆိုးတဲ့ လူတွေပဲ၊ အသံကတော့ မိန်းမသံပဲ၊ ရန်တွေ့ တာနဲ့  တူတယ် ’’ စသည်များဖြင့် ရှည်လျားစွာ စဉ်းစားမိတတ်လေတော့သည်။ ဤကား ပြုလုပ်နေကျ စိတ်သဘာဝပေတည်း။


ကြံစည်ခြင်းဖြင့် အချိန်ဖြုန်းခြင်း

ထို့ ပြင် ၎င်းသြ၀ါဒအတိုင်း ကြိုးစား၍ အားထုတ်သောအခါ အာရုံတစ်ခုအကြောင်းနှင့် ပတ်သက်၍ ရှည်းလျားစွာ လိုက်ပြီး စိတ်မကူးရဟု ဆိုခြင်းအားဖြင့် လွန်လေပြီးသော အတိတ်ကာလအကြောင်း၊ မဖြစ်သေးသော အနာဂတ်ကာလအကြောင်းများကို စိတ်မကူးရ ဟူသော အဓိပ္ပာယ်တွေ့ ရှိရသည်။ စိတ်သည် ပစ္စုပ္ပန်တည့်တည့် အပေါ်၌ မနေတတ်ဘဲ ရှေ့ အကြောင်း နောက်အကြောင်းများကို စဉ်းစားချင်တတ်သော သဘာဝရှိ၏ ။ မြင်ခြင်း ၊ ကြားခြင်း ၊ နံခြင်း ၊ လျက်ခြင်း ၊ ထိတွေ့ ခြင်းစသော ပဉ္စာရုံများနှင့် မကြုံကြိုက်ပြန်လျှင်လည်း လွန်လေပြီးသော အဖြစ်အပျက်များ သို့ တည်းမဟုတ် ရှေ့ အဖို့  မည်ကဲ့သို့ ပြုလုပ်မည်ဟူသော အကြံအစည်၊ မည်ကဲ့သို့  ဖြစ်လိမ့်မည်ထင်သည် ဟူသော မှန်းဆချက်၊ မည်ကဲ့သို့  ပြုလုပ်လျှင် ကောင်းပါမည်နည်း ဟူသောစိတ်ကူးတွေး တောချက်များဖြင့် အချိန်ကုန်လျက်ရှိသည်ကို တွေ့ ရသည်။ လွန်လေပြီးသော အဖြစ်အပျက်များနှင့် ပတ်သက်၍လည်း ဤသို့ ပြုမိခဲ့၍သာ တော်ပေတော့သည်။ ထိုသို့ ပြုမိခဲ့လျှင်ကိုယ်ကျိုးနည်းရချေရဲ့ ဆိုကာ
ကိုယ့်ဟာကိုယ် ကျေနပ်ခြင်း၊ ဤသို့ ပြုမိ၍ ခံရသည်၊ ထိုသို့ ပြုမိပါလျှင် တော်လေဦးမည် စသည်ဖြင့် ကိုယ့်ဟာကိုယ် မကျေနပ်ခြင်း စသည်များဖြင့် အချိန်ကုန်တတ်သော သဘာဝရှိသည် ကို တွေ့ ရသည်။


နီးစပ်ရာ ကူးကျော်ပုံ

ထိုကဲ့သို့  စူးစူးစိုက်စိုက် စဉ်းစားဆင်ခြင်ရန် ပြဿနာမရှိသော အခါများတွင်လည်း စိတ်ကလေး အလုပ်လုပ် တတ်ပုံမှာ အတော်ဆန်းကြယ်၏။ ဥပမာ မိတ်ဆွေတစ်ယောက် လေယာဉ်ပျံနှင့် ဆိုက်ရောက်မည့် အကြောင်းကို ဖျတ်ခနဲ သတိရလိုက်မိသည့်အခါ `` ခုတလောမှာ လေယာဉ်ပျံတွေက သိပ်စိတ်မချရဘူး။ ကမ္ဘာမှာ လေယာဉ်ပျံ ပျက်ကျတဲ့သတင်းတွေ ခဏခဏကြားရတယ်။ မန္တလေး ၀ါးတန်းက ‘ ရေချို ’ကိုအေး မောင်တစ်ယောက် ကံကောင်းလို့ ပါလား၊ ဒါထက် ငါးပိရေချိုမစားရတာ တော်တော်ကြာသွားပြီ။ ငံပြာရည်ဖျော်နဲ့ ချည်း စားရတာ ငြီးငွေ့ နေပြီ။ မြိတ်ငံပြာရည်စစ်စစ်ရလျှင်လဲ တော်သေးရဲ့ ၊ တစ်ပြည်လုံး နှံ့ နေအောင်ရောက်ဖူးပြီဆိုပေမယ့် မြိတ်တစ်ခုတော့ ငါမရောက်သေးဘူး။ ပင်လယ်ကူးသင်္ဘောလဲ စီးဖူးအောင် မြိတ်ကိုတော့ တစ်ခေါက်လောက် သွားလည်ဦးမှပဲ။ ဒါပေမယ့် သင်္ဘောစီးချင်းစီးရင်း ဗုဒ္ဓဇယန္တိပွဲတော်ကြီးအတွင်းမှာ အိန္ဒိယ သွားလည်လျှင်တော့ တစ်ဝက်ခနှုန်း ရတယ်ဆိုပဲ။ ဒါပေမယ့် ပတ် ( စ်)ပုတ်အတွက် အခက်အခဲများ ရှိနေဦမလား မဆိုနိုင်ဘူး။ အစိုးရက ငါလိုလူကျမှ ကြေးထူချင် ထူနေဦးမယ် ’’ စသည်များဖြင့် တရှည်တလျားကြီးကူးကျော်ပြေးလွှား တတ်လေသည်။


စိတ်ကလေး၏ ကူးကျော်ပြေးလွှားပုံ အခြင်းအရာမှာ ငယ်စဉ်က ရဖူးသည့် လင်္ကာကလေးတစ်ပုဒ်နှင့် တူလှသည်။


ဘုရားကျွန်တော်
တောင်ပေါ်ကျွန်းက
ဆင်တော်တစ်စီး
အမြီးငွေလိပ်
လိပ်သည့်သင်ဖြူး
ဖြူးသည့်လေညင်း
ညင်းသည့်အမည်း
မည်းသည့်မီးသွေး
သွေးသည့်နံ့ သာ
သာသည့်လမင်း........စသည်ဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ် ပေတည်း။ စိတ်သည်လည်း အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကဲ့သို့  အခြားအရေးကြီးသော အာရုံတစ်ခုနှင့် မတိုက်မချင်း ရှည်လျားစွာ ကူးကျော်ပြေးလွှားတတ်သည်ကို တွေ့ ရသည်။


ပစ္စုပ္ပန်တည့်တည့်


ဤခေတ်တွင် ၀ိပဿနာတရား အားထုတ်ကြသော ပုဂ္ဂိုလ်များသည် ပစ္စုပ္ပန်တည့်တည့်ထားရမည်ဟူသော စကားကို အသုံးပြုတတ်ကြသည်။ ၎င်းတို့ ဆိုလိုပုံရသည်မှာ မိမိတို့  အားထုတ်သော ကမ္မဋ္ဌာန်းအာရုံတည့်တည့် အပေါ်၌သာ စိတ်ကိုထားရမည်ဟု ပြောလိုဟန်တူသည်။ ‘‘ ဒိဋ္ဌေဒိဋ္ဌမတံ္တ ’’ ဟူသော သြ၀ါဒအရ အားထုတ်သော သူအဖို့ မှာ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိ ။ အာရုံနှင့် အာရမ္မဏိက တိုက်ခိုက်၍ ဖြစ်ပေါ်လာသည့် ( ၀ိညာဉ် ) အသိစိတ်ကလေး ဖြစ်တိုင်း ဖြစ်တိုင်း သိစေ၍ ရှေ့ လျှောက်ပြီး တရှည်တလျားကြီး ကူးကျော်ပြေးလွှား ခြင်း မပြုစေရန် သတိဖြင့် စောင့်ထိန်းထားရသော အလုပ်မျှသာ ရှိသေးသည်။ တစ်နည်းဆိုသော် ကျရောက်လေ သမျှသော အာရုံ တို့ ကိုသိ၍ အတိတ် အနာဂတ်တို့ ကို မလိုက်စေပဲ ပစ္စုပ္ပန် တည့်တည့်အပေါ်တွင် အခါခပ်သိမ်း ထားရခြင်းပင် ဖြစ်သည်။ ကမ္မဋ္ဌာန်းအာရုံဟူ၍ အထူးတလည်မရှိဘဲ အလုပ်တစ်ခုလုံးမှာ မိမိ၏စိတ်ကို ပစ္စုပ္ပန် တည့်တည့်အပေါ်၌ အခါခပ်သိမ်းတည်နေစေဖို့ ပင် ဖြစ်သည်။


စဉ်းစားစိတ်ကူးခြင်း၊ တွေးတောကြံဆခြင်း ဟူသမျှသည် ပစ္စုပ္ပန်တည့်တည့်ထားခြင်း မဟုတ်သောကြောင့် ပယ်ဖျက်ထားရာ၏ ။ အသံတစ်ခု ကြားလိုက်ရသည့်အခါ ‘‘ ဘာသံပါလိမ့် ’’ ဟူ၍ ဆင်ခြင်ခြင်းသည် ပစ္စုပ္ပန် တည့်တည့် မဟုတ်တော့ချေ။ အသံသည် ကုန်ဆုံးသွားပြီဖြစ်၍ ထိုအသံအကြောင်းကို ဆင်ခြင်တွေးတောမိခြင်း သည် အတိတ်ဖြစ်သော အခြင်းအရာကို စဉ်းစားဆင်ခြင်ခြင်းမျှသာ ဖြစ်သည်ဟု နားလည်ရပေမည်။ သို့ မှ သာလျှင် ‘‘ကြားကာမတ္တ၊ မြင်ကာမတ္တ’’ ဟူသော သြ၀ါဒနှင့် ကိုက်ညီပေလိမ့်မည်။


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၃)ရက်၊နံနက်(၈း၃၀)နာရီကူးတင်ပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃)

ဝိမုတ္တိရသ (http://www.vimuttirasa.com)


ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၃)
ရဟန်းပြုဖူးခြင်း

ကျွန်ုပ်မှာ `တရားသမား `တစ်ယောက်၏ နာမည်မျိုးထွက်ခဲ့ပုံ ရသော်လည်း မိရိုးဖလာအားဖြင့် `တရားသမား ` မိဘနှစ်ပါးတို့ မှ ပေါက်ဖွားခဲ့၍ မဂ်ဆိုက် ဖိုလ်ဆိုက် အားထုတ်ခဲ့သော ဆရာတော်ကြီးတစ်ပါး၏
တပည့်ဖြစ်သည်။ တစ်ဖက်တွင် ဆရာတော်ဘုရားနှင့် မိဘနှစ်ပါးတို့ ၏ အကျင့်သီလနှင့် သြ၀ါဒသည် လည်းကောင်း၊ အခြားတစ်ဖက်တွင် အဖော်အပေါင်းနှင့် ခပ်ပျော်ပျော် နေချင်တတ်သည့် ကျွန်ုပ်၏ ၀ါဒနာသည်လည်းကောင်း လွန်ဆွဲသကဲ့သို့  ဖြစ်ခဲ့ရာတွင် တစ်ဖက်တစ်လှည့်စီ ပါခဲ့မိသည်။ သို့ သော်
လူတစ်ယောက်၌ အဆိုးနှင့် အကောင်း ယှဉ်တွဲလျက်ရှိရာတွင် (အကောင်းချည်းသက်သက်ဆိုသောလူမှာ တကယ်ရှားလိမ့်မည်ထင်သည် ) အဆိုးဘက်က ပို၍နာမည်ထွက်ခြင်းမှာ လောက၏ ဓမ္မတာဖြစ်၏ ။ သို့ ဖြစ်၍ ‘‘ ပျော်ချင်တတ်သောရွှေဥဒေါင်း ’’ ဟူ၍သာ လူသိများဟန်ရှိ၍ သားမယားကို စွန့် ပစ်ပြီး ရဟန်းပြု၍
အားထုတ်ခဲ့ဖူးသော အဖြစ်ကိုမူ လူသိနည်းပုံ ရသည်။ သို့ သော် ၃၅နှစ်အရွယ်တွင် ရဟန်းပြုပြီး မဂ်တရား ဖိုလ်တရားအတွက် အကြိတ်အနယ်အားထုတ်ခဲ့ဖူးခြင်းကား အမှန်ဖြစ်ပါသည်။ သို့ သော် တောရကျောင်း တစ်ကျောင်း၌ငှက်ဖျား ဖျား၍ မိဘများ၏ တောင်းပန်ချက် အရ ၅၂ ရက်နှင့်ပင်လူဝတ်လဲခဲ့ရပေသည်။

နှစ်သက်သောနည်းများ

ရဟန်းပြုခဲ့စဉ်က အထက်ပါ ငယ်ဆရာတော်၏ နည်းနာနိသျှအတိုင်းသော်လည်းကောင်း၊ ထို့ နောက် ဤခေတ်တွင် ပေါ်ပေါက်လျက်ရှိသော (မဂ်ပေါက်ဖိုလ်ပေါက်ဆိုသည့်) နည်းနာနိသျှအမျိုးမျိုးအတိုင်းသော် လည်းကောင်၊ ကျင့်ကြံအားထုတ်ခဲ့ဖူးရာ ကျွန်ုပ်အနှစ်သက်ဆုံးသောနည်းမှာ စိတ္တာနုပဿနာခေါ် ၀ိပဿနာ ရှုနည်းနှင့် မာလုကျပုတ္တနှင့် ဗာဟိရတို့ အား ဗုဒ္ဓကိုယ်တော်တိုင် ညွှန်ပြသည့် “ဒိဋ္ဌေဒိဋ္ဌမတ္တံ” နည်းပင်ဖြစ်ပါသည်။

စိတ္တာနုပဿနာရှုပုံ

ကျွန်ုပ်သည် စိတ္တနုပဿနာရှုမှတ်ရာ၌ အတွင်းနှင့်အပြင် (အာရုံနှင့်အာရမ္မဏိက) တိုက်မိခြင်းဖြစ်ပေါ်လာသည့် (၀ိဥာဏ်) စိတ်ကိုသိအောင် ကြိုးစားပါသည်။ ဥပမာ မျက်စိနှင့် အဆင်းတိုက်မိသော အခါ “မြင်စိတ်” ဖြစ်လာခြင်းကိုသိ၍၊ နားနှင့်အသံတိုက်မိသောအခါ “ကြားစိတ်” ဖြစ်လာသည်ဟု သိအောင် သတိပြုကာ စောင့်ကြည့်ပါသည်။ ဒွါရခြောက်ပါးရှိသည့်အနက် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယတည်းဟူသော ဒွါရများ၌ တိုက်မိခြင်းထက် မနောဒွါရနှင့် ဓမ္မာရုံတို့ တိုက်မိခြင်းသည် အကြိမ်ပေါင်းများစွာပိုမိုသည်ဟု တွေ့ ရပါသည်။ (ဆိုလိုရင်းမှာ လူသတ္တ၀ါသည် ကြံစည်စိတ်ကူးနေခြင်းများဖြင့် အချိန်ကုန်ကြရသည်ဟု သိရသည်ဟူလို) ယင်းကဲ့သို့ စိတ်ဖြစ်တိုင်း သိအောင်ရှုမှတ်ရာတွင် ပထမ၌ တစ်ခုတည်းသောစိတ်ကလေးသည် မြင်ချည်တစ်ခါ၊ ကြားချည်တစ်လှည့်၊ စဉ်းစားချည်တစ်ဖုံ၊ တောင်ခုန်မြောက်ခုန် ခုန်လျက်ရှိသည်ဟု မှတ်ထင်မိပါသည်။

သဲလွန်စရခြင်း

ထိုကဲ့သို့ သတိမြဲမြဲရှုမှတ်၍ တစ်နှစ်ခွဲခန့် ကြာရှိသောအခါ တစ်နေ့ သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုကို ကြည့်လျက် ရှိစဉ် တစ်ယောက်သောသူက ကျွန်ုပ်၏နာမည်ကို ခေါ်လိုက်သည်နှင့် ရုတ်ကနဲ လှည့်ကြည့်လိုက်ရာတွင် ဘွားကနဲ အသိဉာဏ်တစ်ခု ပေါ်လာ၍ ဒိတ်ကနဲဖြစ်သွားပါသည်။ ကျွန်ုပ်သိလိုက်ရသည်မှာကား အသံကြား၍လှည့်ကြည့်လိုက်သော တစ်ခဏတွင် “မြင်စိတ်” ချုပ်သွား၍ “ကြားစိတ်” ဖြစ်ပေါ်လာသည်ဟူသော အသိဉာဉ်ပင်ဖြစ်သည်။ ကျွန်ုပ်မှာထိုအသိဉာဏ်ကြောင့် အလန့် တကြားနှင့် တအံ့တသြ ဖြစ်သွားမိပါသည်။ ဤတွင်တစ်ခုတည်းသောစိတ်က ဤမှထိုမှ ခုန်နေခြင်းမဟုတ်။ တစ်အာရုံအပြီးတွင် ကုန်ဆုံးသွာ၍ အခြားတစ်အာရုံတွင် အသစ်ဖြစ်လာသည်ဟု ထိုးထွင်း၍ သိမြင်လိုက်ခြင်းဖြစ်သည်။ ဤတွင် ငယ်စဉ်က ဆရာတော်ဘုရားသင်ကြားခဲ့သည့် “ဓူရင်္ဂမံ ဧကစာရံ” ဟူသောပါဠိတော်အရ တစ်ခုချုပ်ပြီးမှ တစ်ခုဖြစ်ခြင်းဆိုသည်ကို အသည်းနှလုံးတည်းမှ သဘောကျနိုင်သဖြင့် အကြီးအကျယ် ၀မ်းသာမိပါတော့သည်။ ထိုအချိန်မှစ၍ ကျွန်ုပ်မှာ စိတ်အကြောင်းကို လက်တွေ့ သိမြင်ခြင်းနှင့် ပတ်သတ်၍ သဲလွန်စရခဲ့ပါသည်။

ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်း

စာပေသမားဝိုင်းတစ်ခုတွင် စကားစပ်မိသည်နှင့် ဤအဖြစ်အပျက်ကို ပြောပြမိရာ “ခင်ဗျားကစိတ်အကြောင်းကို ခုမှသိတာကိုးဗျ။ မြတ်စွာဘုရားက ဓူရင်္ဂမံ-ဧကစာရံ အသရိရံ-ဂူဟာသယံ လို့  ဟောထားတယ် မဟုတ်ဘူးလားဗျ” ဟု ၀ိုင်း၍ပြောကြသည်။ ဤသို့ သောအခြင်းအရာမျိုးကြောင့် “စာသမားများ” နှင့် ဆွေးနွေးခြင်းကို ကျွန်ုပ်ရှောင်ကွင်းခဲ့ခြင်းဖြစ်သည်။ သို့ သော် ၄င်းတို့ အနက် တစ်ယောက်သောသူက စဉ်းစားဉာဏ်ရှိပုံရသည်။ ထိုသူက “ခင်ဗျားဖြစ်ပုံ ကောင်းတယ်ဗျ။ စိတ်၏ ဖြစ်ပျက်ခြင်းသဘောတရားကို ယထာဘူတကျကျ မြင်လိုက်ခြင်းဖြစ်လို့ မို့  ဥဒယဗ္ဗယဉာဏ်လို့ ခေါ်ထိုက်တယ်ဗျ။ နောက်နောင် ဘ၀များမှာ ဒီဉာဏ်ဟာ ခင်းဗျာ့အဖို့  မဂ်အခြေဖိုလ်အခြေဖြစ်ပြီး အထောက်အပံ့ဖြစ်စေနိုင်ပါတယ်” ဟုပြောဖော်ရပါသည်။ ကျွန်ုပ်သည် ဥဒယဗ္ဗယဉာဏ်ပေါ်ခြင်းကို လက်ခံသော်လည်း နောင်ဘ၀များကျကာမှ အထောက်အပံ့ဖြစ်ရမည် ဆိုချက်ကိုမူ ၀မ်းထဲက ကျိတ်၍ ပြုံးမိပါတော့သည်။


ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၂)ရက်၊ည(၈)နာရီ ကူးတင်ပါသည်။
 

အုန်းမှုတ်ခွက်၏ ပဲ့တင့်သံများ ပြန်ကြားချက်များ(မကွေးဝင်းမြင့်)

၃၃။ လားရှိုးက ရဲဘော်

ရဲဘော်တစ်ဦးသည် လားရှိုးက ဆေးရုံမှာ သွက်ချာပါဒလေဖြတ်ရောဂါကြောင့် ခြောက်လမျှ အိပ်ရာထက် ပက်လက်ဖြစ်နေရ၏။ သူ့ကို ထမင်းခွံ့ပေးရသည်။ တစ်နေ့ သင့်ဘ၀ မဂ္ဂဇင်းတွင် စာရေးသူ၏ အုန်းမှုတ်ခွက်နင်း ဆောင်းပါးကို ခုတင်နီး လူနာ တစ်ဦးက ဖတ်ပြသဖြင့် သူသည် စိတ်ဝင်စားလှ၍ လူနှစ်ယောက် အကူအညီဖြင့် အုန်းမှုတ်ခွက်နင်းသည်။
သုံးလနင်းသည်။ ပျောက်ကင်းသွားသည်။ သွားနိုင်လာနိုင် အကောင်းပကတိဖြစ်လာတော့ ၀မ်းသာပီတိ ဖြစ်လျှက် လားရှိုးဈေးထဲမှာမီးရထားပေါ်မှာ ဇီဝိတ ဒါနအဖြစ် ထိုရဲဘော်က လေဖြတ်လျှင် အုန်းမှုတ်ခွက်နင်းကြဖို့ တိုက်တွန်းသည်။ လှုံ့ဆော်သည်။သူခံစားရသည့် ဝေဒနာ ပျောက်ကင်း၍ ကုသိုလ်လဲရအောင် တာဝန်ကြီး တစ်ရပ်ပမာ ဟောပြောသည်။ ဤအကြောင်းကို စာရေးသူ၏ မိတ်ဆွေ အမျိုးသမီး လားရှိုးကို ခရီးထွက်ရာမှာ တွေ့မြင်ကြားသိခဲ့ရပုံကို အပြန်မှာ ၀င်ပြောခြင်းဖြစ်၏။
“ဒေါ်ဒေါ်ရယ် ၊ အဲဒီရဲဘော်လေးရဲ့ လိပ်စာကလေး တောင်းခဲ့ရောပေါ့၊ ကျွန်တော့် စာအုပ် ဒုတိယအကြိမ်မှာ ထည့်လိုက်ချင်လှတယ်”
စာရေးသူက ပြောတော့…
“အေးလေ၊ ဒေါ်ဒေါ်လဲ ဒီလိုမှန်း မသိဘဲကိုး”



၃၄။ ဒါရိုက်တာ ဦးစိုးသန်း

မကွေးသို့ ယဉ်ကျေးမှု ကဇာတ် အမှတ်၉၂) ရောက်လာသည်။ စီမံကွပ်ကဲအုပ်ချုပ်လာသူက ဒါရိုက်တာ ဦးစိုးသန်း။ ဟိုတုန်းက တေးယမုံ ဦးစိုးသန်း အမည်ဖြင့် တေးသံချင်းပေါင်း မြောက်မြားစွာ ရေးသည်။ ယခုတော့ ယဉ်ကျေးမှု အမှတ်(၂)မှာ အရာရှိ ဒါရိုက်တာ လုပ်နေသည်။ ပဏ္ဍိတ ကုမ္မာဇာတ်လမ်းသည် သူ့လက်ရာ ဖြစ်သည်။
သူတို့ ဇာတ်အဖွဲ့ ရောက်လာတော့ ဦးစိုးသန်းနှင့် ကျွန်တော် ပေါင်းဟောင်း သင်းဟောင်း။
သူတို့ ရောက်လာလျှင် အိမ်ရှင်ဖြစ်တဲ့ ကျွန်တော်က တာဝန်ကျေရသည်။ သည်တစ်ခေါက်တော့ သူက…
“ ဘာမှ လုပ်မနေနဲ့၊ ဘယ်မလဲ ခင်ဗျားရေးတဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်၊ ရန်ကုန်မှာ ၀ယ်မရဘူး၊ အဲဒါ တစ်အုပ်ရအောင် လုပ်ပေးပါ” ဟု ဆို၏။
ပြီးတော့သူက..
“ ကျုပ် ခင်ဗျားရေးတဲ့ ဆောင်းပါ ဖတ်ပြီးကတည်းက နင်းလာတာ ကောင်းသဗျာ၊ ဟိုတုန်းကများ ခါး ခဏခဏ နာတာ၊ အိမ်သာ တက်ဖို့ဆိုရင် ကြောက်တောင်၊ ကြောက်တယ်၊ မထိုင်နိုင်ဘဲကိုး၊ အကြောတွေတင်းပြီး သိပ်နာတာ၊ ဒါနဲ့ ကိုရင်ပြောတဲ့ နည်းအတိုင်း၊ နင်းလိုက်တာ ဒီတစ်ပတ်၊ နှစ်ပတ်အတွ်း ခါးနာကြီးလဲ မရှိတော့ဘူး၊ ဇက်ကြောလဲ တင်းမနေတော့ဘူး၊ ကျန်းမာရေးအတွက် တကယ်ဟန်ကျသကိုး၊ ဒါကြောင့် ရုံးမှာ တစ်စုံ၊ အိမ် လလာဆောင်မှာ တစ်စုံ၊ အိမ်ခန်းမှာ တစ်စုံ၊ ဟော- ခုဇာတ်က ထွက်လာတာလဲ တစ်စုံပါတယ်”
ဦးစိုးသန်းကို ပြောနေတုန်း ကိုမင်းကြည်( မင်းကြည်-ယဉ်ကျေးမှု ကလောင်အမည်ဖြင့် ဆောင်းပါးရေးနေသူ) ရောက်လာ၏။
“ ဟုတ်သဗျာ၊ ခင်းဗျားနည်း ကောင်းသဗျ၊ ဆရာ ဦးစိုးသန်း အုန်းမှုတ်ခွက်ကလေး နှစ်လုံးပါလာတာ ကျုပ်တို့ဇာတ်က လူပေါင်း တစ်ရာ့ သုံးဆယ်ရှိတယ်။ အဲဒါ တစ်ယောက်ပြီး တစ်ယောက် တက်နင်းတာ ခုဆိုရင် အုန်းမှုတ်ခွက်ကလေးကို ချောနေတာပဲဗျ” ဟူ၏။



၃၅။ အုန်းမှုတ်ခွက် ပျောက်မှုကြောင့် ရပ်ကွက် တရားရုံးရောက်

တစ်နေ့ စာရေးသူသည် မကွေးက အလုပ်ရုံ အလုပ်သမား ဥပဒေ စစ်ဆေးရေး အရာရှိ ဦးသန်းအောင်နှင့်အတူ နတ်မောက်မြို့သို့ သွားသည်။ နတ်မောက်ဗိုလ်တဲမှာ တည်းသည်။ ညနေ(၅)နာရီလောက်တွင် ရပ်ကွက်ထဲ ဆူဆူညံညံ ကြားရသည်။ ဘာဖြစ်တာလဲဟု ဗိုလ်တဲစောင့်ကို ဦးသန်းအောင်က မေးသည်။
“ အလကား ပါ ဆရာ ရယ်၊ အုန်းမှုတ်ခွက်ဆိုလား၊ အဲဒီစာအုပ်ကို တစ်ယောက်က ငှားသတဲ့၊ ပြန်တောင်းတော့ ပျောက်ပြီပြောတော့ အဲဒါ ရန်ဖြစ်ကြတာပဲ၊ ခု ရပ်ကွက် တရားရုံး ရောက်သွားကြလေရဲ့ ”
ဦးသန်းအောင်က စားပွဲတင် စာရေးနေသော ကျွန်တော့်ကို ပခုံးတွန့်ပြ၏။ ကျွန်တော်လည်း ခေါင်းငုံ့ပြုံးနေလိုက်ရသည်။



၃၆။ မွန်ပြည်နယ်က စာအား အကြောင်းပြန်ရ


မွန်ပြည်နယ်က အမျိုးသမီးတစ်ဦးက မေးသည်။ သူ့မှာ ကိုယ်ဝန် (၇)လရှိပါသည်။ အုန်းမှုတ်ခွက်နင်းလို့ ဖြစ်ပါ့မလားဟူသော အမေးဖြစ်သည်။ အုန်းမှုတ်ခွက်နင်းလို့ ဖြစ်ပါ့မလားဟူသော အမေးဖြစ်သည်။ ဒါကြောင့် သူ့အမေးကို အကြောင်းပြု၍ အားလုံးသိအောင် ဖြေကြားရသော် အမျိုးသမီးများ နှုတ်ငုံရှိသည်မှ မွေးဖွားသည်အထိ အုန်းမှုတ်ခွက် နင်းနိုင်းပါသည်။ အကျိုးကား အညောင်းပြေပြီး အကြောများ လျော့သည်အပြင် မနာကျင်ဘဲ လွယ်ကူစွာ မွေးဖွားပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်များ နင်းကြပါဟူလို။
ကိုယ်ဝန်ဆောင်များ ၊ သက်ကြီးရွယ်အိုများ နင်းသောအခါ သိပ်ချွန်လွန်းအားကြီးသော အုန်းမှုတ်ခွက်ကို မနင်းဘဲ ပြေပြေချောချောများကိုသာ ရှာကြံ၍ နင်းက အကျိုးပိုမို ထိရောက်ပါသည်။ အုန်းမှုတ်ခွက်နင်းကြရာတွင် ဖင်ဘက်ခေါင်းဘက် မျက်ကွင်းပါသည့်ဘက် မရွေးပါ။ အားလုံးနင်းနိုင်ပါသည်။ သို့သော် မျက်ကွင်းပါသည့်ဘက်တွင် ရှမှာ စိုးသည့်အတွက် ချောမွေ့စွာ ပြုလုပ်အသုံးပြုနိုင်ပါသည်။

အမှတ်(၆)၊ မဲထီးလမ်း၊ ဈေးရပ်၊ မကွေးမြို့



၃၇။ တောင်ကြီးမြို့ကစာ


တောင်ကြီးမြို့ ရှမ်းလူထုကတော့ အုန်းမှုတ်ခွက်နင်းသည်ကို ကျကျ နန လက်ခံပါသည်။ စာအုပ်ဝယ်မရပါ။ စာအုပ်အငှားဆိုင်တွင် ငှားဖတ်ကြပါသည်။ တစ်နေ့ ငှားရမ်းခ ၇- ကျပ်အထိ ယူနေကြပါသည်။ ထို့ကြောင့် နောက်ထုတ်လျှင် ရှမ်းပြည်ဒေသကို စာအုပ်များများရအောင် ပို့ပေးဖို့ တိုက်တွန်းပါရစေ။


ခင်မောင်
သတင်းထောက်
တောင်ကြီးမြို့



၃၈။ မသေကောင်း မပျောက်ကောင်း နိုင်ငံ့သားကောင်း


တစ်နေ့ စာရေးသူထံသို့ လူရွယ်တစ်ဦး ရောက်လာသည်။ ကျွန်တော့်အမည်ကို မေးသည်။
“ ကျွန်တော် ကိုဝင်းမြင့်ပါခင်ဗျာ၊ ဘာအကူအညီများ ပေးရမလဲ”
“ သြော်…ဆရာ့ကို တမင်တွေ့ချင်လွန်းလို့ လာခဲ့တာပါ။ ဒီလိုပါ၊ ဆရာဟာ ကျွန်တော့် ကျေးဇူးရှင်ပါ။
“ ဗျာ၊ ဘာဖြစ်လို့ ”
“ ဒီလိုပါ ခင်ဗျာ၊ ကျွန်တော့် နာမည် ရဲဘော်ရွှေရပါ။ ဆက်သွယ်ရေး တပ်ကပါ၊ ကျွန်တော် ရှေ့တန်း စစ်မျက်နှာမှာ တာဝန် ထမ်းဆောင်နေတုန်း၊ ညာဘက်ခြေထောက် ကွေးမရ၊ ဆန့်မရ ဖြစ်သွားပါတယ်”
“ ဘာဖြစ်လို့လဲ ”
“ ကျွန်တော့်တို့ ရှေ့တန်း စစ်မျက်နှာမှာ အင်မတန် အေးပါတယ်၊ နှင်းကလည်း ကျတယ်၊ ကျွန်တော်တို့ ရဲဘော်တွေက ကိုယ်ခံ ကျန်းမာရေးတွေ ကောင်းလွန်းလို့သာပေါ့၊ ဒါပေမယ့် ဆရာရယ်၊ တစ်ခါတစ်လေ သွေးနဲ့ကိုယ်ဆိုတော့ အဆင်မသင့်တဲ့အခါ ဖျားတာ နာတာ ရှိသပေါ့ နည်းပါတယ်။ အဲဒီနေ့ကတော့ စက်ခလုတ်ခုံ အထမှာ ညာခြေထောက်လှမ်းမရဘဲ ခွေကျသွားပါတယ်။ လေးဘက်ထောက်သွားရပါတယ်။ ခြေထောက်ကွေးလိုက်ရင် နာတာပဲ၊ ဆန့်လိုက်ရင်လည်း သိပ်နာတာပဲ၊ ဇောချွေးများတောင် ပြန်တယ်ဆရာ၊ ဒါနဲ့ ကျွန်တော့်ကို ကျိုင်းတုံ ဆေးရုံကို ပို့တယ်ဆရာ၊ ကျိုင်းတုံ ဆေးရုံမှာ ခုနှစ်ရက် ကြာပါတယ်။ အကြောရောဂါသည်တွေ ထားတဲ့အဆောင်မှာ ထားပါတယ်။ ဇနီးနဲ့ ယောက္ခမများလည်း လိုက်လာပါတယ်။ ကျွန်တော့်အဖြစ်က အိပ်ယာထက် ပက်လက်ဆရာ၊ ညာခြေထောက်ဆန့်မရတဲ့အပြင် ညာလက်ပါ လှုပ်လို့မရအောင် ဖြစ်လာတယ်၊ ကော်ဖီသောက်မလို့ မတ်ခွက်ကို ကိုင်ပြီး ပါးစပ်နားဖြည်းဖြည်းတေ့တော့မယ်ဆိုရင် အကြောတွေက ဖျင်းကနဲ၊ ဖျင်းကနဲ ဖြစ်သွားပြီး မတ်ခွက်လွတ်ကျတော့တာပဲ၊နာရီနဲ့ အမျှ ခံစားနေရတော့ လူလဲ ပိန်ချုံးလာတယ်၊ မိန်းမကလည်း ကျွန်တော် သေတော့မှာပဲ ဆိုပြီး ငိုတယ်၊ ဆရာဝန်ကြီးကတော့ အကောင်းဆုံးဆေးတွေ၊ စားဆေးသောက်ဆေးတွေနဲ့ ကျကျနန ပြုစုယုယပါတယ်”
သူက စကားကို ခေတ္တရပ်ပြီး..
“ အင်း… ဆက်ပြောပါဦး”
“ တစ်နေ့တော့ ကျွန်တော့် အစ်ကို တစ်ယောက် လူနာလာမေးတယ်၊ သူက မိတ်တွေ တစ်ယောက် အုန်းမှုတ်ခွက်နင်းလို့ အကြောရောဂါပျောက်ကြောင်း ပြောပါတယ်၊ ကျွန်တော့်ကိုလည်း နင်းဖို့ တိုက်တွန်းသည်၊ အဲဒီတုန်းကတော့ ဆရာ့ စာအုပ်ထွက်ခါစ၊ ကောင်းကောင်းကြီး ကျွန်တော်မှတ်မိတယ်၊ အောက်တိုဘာလကြီး၊ နောက်တစ်နေ့ အစ်ကိုက အုန်းမှုတ်ခွက် နှစ်လုံးယူလာပြီး ကျွန်တော့်ကို နင်းခိုင်းတယ်၊ အပေါ့အပါးသွားဖို့ မတ်တပ်ရပ်က ခြေလှမ်းတာတောင်မှာ အသည်းခိုက်အောင် ဝေဒနာ ခံစားနေရတာ၊ အုန်းမှုတ်ခွက်နင်းဖို့ ကိစ္စကို မစဉ်းစားဝံ့ဘူး၊ ဘေးနားက ခုတင်နားနီးလူတွေက ကန့်ကွက်ကြတယ်၊ တစ်ချို့က ပြောင်ကြ နောက်ကျသပေါ့လေ၊ ကျွန်တော်ကတော့ ပျောက်ချင်တဲ့ စိတ်ကြောင့် လူဆိုတာ ခံစားနေရတဲ့ ရောဂါ ပျောက်မယ်ဆိုရင် ဘာလုပ်ရ လုပ်ရပေါ့ ဆရာရယ်။ ဒါနဲ့ ကျွန်တော် နင်းဖို့ စရတော့တာပဲ၊ မိန်းမက တစ်ဖက်၊ အစ်ကိုက တစ်ဖက် တွဲစေပြီး ငါးမိနစ်လောက် နင်းလိုက် နားလိုက်၊ ဒီလိုနဲ့ သုံးရက်လောက်ရှိတော့ သိသိသာသာ သက်သာလာတယ်၊ မင်္ဂလာဒုံ စစ်ဆေးရုံက ဆရာ၊ ဆရာမတွေ သိပ်အံ့သြသွားကြတယ်၊ သူတို့မျက်စိအောက်မှာ လုပ်နေတာကိုး၊ ခုတင်နီးမိတ်ဆွေတွေလည်း နင်းကုန်ကြတယ်၊ ကျွန်တော် ရှိတုန်းက ခုတင်တိုင်မှာ အုန်းမှုတ်ခွက်ကလေးတွေ ကိုယ်စီနဲ့ ခင်ဗျ။ ကျွန်တော် အခု သုံးလ နားခွင့်ရပါတယ်။ အဲဒါ ဆရာ့ကို အမှတ်တရ ကျေးဇူးပြုချင်လွန်းလို့ လာခဲ့တာပါဟု ပြောသည်။သူ့မျက်နှာသည် ၀င်းပနေသည်။ မျက်လုံးအစုံသည် ရွှမ်းလဲ့နေ၏။ သူ့အသက်သုံးဆယ်ဝန်းကျင်။သူ့ကို ကြည့်ပြီး စာရေးသူ ၀မ်းသာပီတိ ဖြစ်လိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။ စိတ်ထဲကလည်း သြော်…မသေကောင်း မပျောက်ကောင်း နိုင်ငံကောင်း ရတနာ ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ဆုတောင်းမိသေး၏။



၃၉။ ရခိုင်ကစာ

ဦးဝင်းမြင့်
စာရေးဆရာ သတင်းထောက်
အမှတ်(၆)၊ မဲထီးလမ်း၊
ရေးရပ်၊ မကွေးမြို့။

ရက်စွဲ၊ ၁၉၇၇ ခု၊ ဒီဇင်ဘာလ ၇ ရက်

အကြောင်းအရာ ။ ။ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ရောဂါကင်း စာအုပ်ပို့ပေးရန် ကိစ္စ

လေးစားစွာဖြင့်
ဆရာ ဦးဝင်းမြင့်ခင်ဗျား-
ဆရာကိုယ်တိုင် သုတေသန ပြုစုရေးသား ထုတ်ဖေါ်လိုက်သော အုန်းမှုတ်ခွက်နင်း ရောဂါကင်းစာအုပ်ကို လွန်ခဲ့သော နှစ်ရက်ခန့်က တပည့်တစ်ဦး လာပြ၍ ဖတ်ရှုလိုက်ရပါသည်။ အဖတ်ရ၊ အသိရ နောက်ကျလှသဖြင့် အားမရလှပါ။ ပြီး မာန်အောင်၊ သံတွဲ၊ စာအုပ်ဆိုင်တွေကို ထပ်ဆင့်မှာသော်လည်း မရလိုက်ပါ။ မာန်အောင် တစ်မြို့လုံး အုန်းမှုတ်ခွက်ပေါပါတယ်၊ အလကားလဲ ရပါတယ်။ အခုလို အုန်းမှုတ်ခွက် တန်ဖိုး သိကုန်လို့ ဈေးတွေ အဆမတန် တက်လာမှာ စိုးပါရဲ့။ ဟိုလူဒီလူက အစ အုန်းမှုတ်ခွက် နင်းကြဖို့ ပြောနေကြပြီဆရာ၊ ကျွန်တော်တို့ မိသားစုလည်း မနေ့ကစပြီး နင်းနေကြပါတယ်။ ဆရာပေးတဲ့ နည်းအတိုင်းပဲပေါ့၊ ညဘက်အိပ်ပျော်တာတော့ မပြောလိုက်နဲ့တော့ ဆရာရေ၊ အိမ်သူခိုးကပ်တာတောင် သိမည် မထင်ပါ။ ခုလို အဖိုးတန်တဲ့ စာအုပ်ကောင်းကျမှ အပိုင်မရလိုက်လို့ (စာပေ၀ါသနာအိုး) တစ်ဦးအနေနဲ့ သိက္ခာကျလှတယ် ဆရာရေ။ ဒါကြောင့် အကြံတစ်ခုရပြီး ဆရာတို့ မကွေးမြို့က ဆရာ့လက်မှတ်လည်း အမှတ်တရ ဖြစ်အောင် ရေးထိုးပြီး လေကြောင်းက ဗွီပီပီနဲ့ ကျွန်တော့်ဆီ ပို့ပေးစေလိုပါတယ်ခင်ဗျာ။


အားကိုးလျှက်
ဦးသောင်းညွန့်
(ကျောင်းအုပ်ဆရာကြီး)
ကမားအစိုးရ အလယ်တန်းကျောင်း
ကမားမြို့နယ်ခွဲ၊ မာန်အောင်မြို့နယ်
ရခိုင်ပြည်နယ်။



၄၀။ အမျိုးသားရေးဖြစ်သွားပြီ



တစ်နေ့ စာရေးသူ၏ ဆရာလဲဖြစ် အစ်ကိုရင်းပမာ ချစ်ခင်ရသော တောင်တွင်းကြီးမြို့ အစိုးရအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအောင်ဥာဏ်နှင့်တွေ့သည်။ သူက……
“ ဟေ့ကောင်…မင်းစာအုပ် စွံတယ်ဟေ့၊ တစ်ပြည်လုံးနင်းကုန်ကြပြီ။ အမျိုးသားရေး ဖြစ်သွားပြီကွ ” ဟု ၀မ်းပန်းတသာ ပြောပါသည်။
ဟုတ်ပါသည်။ တစ်ပြည်လုံးနင်းလျှင် တစ်ပြည်လုံး ကျန်းမာကြပါမည်။ တစ်ပြည်လုံး တစ်မျိုးသားလုံးကျန်းးမာကြလျှင်မူကား ကုန်ထုတ်စွမ်းအား တိုးတက်၍ လုပ်အားအသီးအပွင့်တွေ တပြည်လုံး အတူတကွ ခံစားကြရမည်။ စာရေးသူတွင် ယုံကြည်ချက် တစ်ခုရှိပါသည်။ ထိုယုံကြည်ချက်မှာ စစ်မှန်သော စေတနာဖြင့် ပြည်သူကို အလုပ်အကျွေး ပြုလျှင် ပြည်သူကလည်း ပြန်လည် ဂုဏ်ပြလိမ့်မည် ဖြစ်ပါသတည်း။
အုန်းမှုတ်ခွက် နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။


၄၁။ ဘုန်းကြီးတွေ သဘောကျ

၁၉၇၇ ခုနှစ်၊ဥာဏ်လင်း စာပေတိုက်မှ “ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ” စာအုပ် ထုတ်ဝေခဲ့ပါသည်။ ကျွန်တော့်ကိုပင် နာမည်မခေါ်တော့ဘဲ “ အုန်းမှုတ်ခွက်ကြီး ” ဟု ခေါ်ပါတော့သည်။ ယနေ့အထိ ခေါ်တုန်း။
အချိန်အားဖြင့် (၁၂)နှစ်ကြာခဲ့ပါပြီ။ သို့သော် ယခုအထိ ဂယက်ထတုန်း။ ကျွန်တော်လည်း ကျွန်တော်ပဲ။ အိမ်မှာနေသည် မရှိ။ တစ်မြို့၊ တစ်ရွာ ရောက်နေတတ်သည်။ ရောက်သည့် မြို့ရွာတိုင်းမှာ အုန်းမှုတ်ခွက် နင်းကြသည်။ အချို့ တစ်ကြိမ်မျှ မနင်းရလျှင် မနေတတ် မထိုင်တတ်ဟု ဆို၏။ အချို့ကတော့ ညောင်းညာ ကိုက်ခဲမှ နင်းပါသည်ဟု ပြော၏။ တောင်ပုလု ဆရာတော် ဘုရားကြီးးကတော့ ခန္ဓာဝန်ချတော်မူသည်အထိ နင်းသွားပါသည်။ မဟာစည် ဆရာတော်ဘုရားကြီးလည်း ထိုနည်းလည်းကောင်းပါပဲ။
တစ်နေ့က ကမ္ဘာအေး သာသနာရေးဦးစီးဌာနသို့ ရောက်၏။ မှတ်မှတ်ရရဆိုရသော်(၄-၅-၈၈)ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ဖြစ်ပါတော့သည်။ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်နှင့်အတူ ဆုံပါသည်။ ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်သည် မောင်အံ့( မဟာဝိဇ္ဇာ) ကလောင်အမည်နှင့် ဗုဒ္ဓစာပေများ ကျမ်းကြီး ကျမ်းငယ် အဆူဆူကို ပြုစု ရေးသားခဲ့သော စာပေ ပညာရှင် တစ်ဦး ဖြစ်ပါသည်။
ဆရာအံ့နှင့်အတူ စာကြောင်း၊ ပေကြောင်း ပြောဖြစ်ပါသည်။
ဆရာအံ့က
“အေးဗျာ၊ ခင်ဗျား အုန်းမှုတ်ခွက်နင်း ရောဂါကင်း စာအုပ်ကို ဘုန်းကြီးတွေ သိပ်သဘောကျတယ်ဗျ” ဟု ၀မ်းသာအားရ ပြော၏။
ဆရာအံ့ပြောသည့်အတိုင်း မှန်ပါသည်။ ဘုန်းတော်ကြီးများ သဘောကျရခြင်း အကြောင်းမှာ ဘုန်းတော်ကြီးများသည် စာအံ စာကျက်ကြရပါသည်။ သာသာနာတော် အရှည်တည်တံ့ရေးအတွက် ဗုဒ္ဓစာပေ ပိဋကတ်များကို နှုတ်ငုံ အာဂုံရအောင် စာအံ၊ စာပြန်၊ စာတက်၊ စာကျက်၊ ဆွမ်းခံ၊ ၀ိနည်းတော်နှင့်အညီ နေကြရပါသည်။ ထို့ကြောင့် ညောင်းညာ ကိုက်ခဲကြပါသည်။ ညဥ့်မကျိန်းစက်မီ ကျောင်းသားများကို ဆရာတော်ကြီးများက “ ငါ့ခြေဖ၀ါးကို တစ်ထောင်ဆစ်နဲပ နာနာထောင်းစမ်းဟဲ့” ဟု မိန်တော်မူတတ်၏။
“အုန်းမှုတ်ခွက်နင်း ရောဂါကင်း” စာအုပ် ထွက်လာသောအခါ ဦးပဉ္ဇင်းများနှင့် ကျောင်းထိုင်ဆရာတော်များအတွက် အံဝင်ခွင်ကျ ဖြစ်သွားရပါတော့ည်။ ညောင်းညာကိုက်ခဲလျှင် ကျောင်းသားများကို ခြေဖ၀ါးအလည်ခေါင် တံတောင်နှင့် ထောင်းခိုင်းစရာ မလိုတော့ပေ။ မိမိတို့ ကိုယ်တိုင် စာအံမပျက် အုန်းမှုတ်ခွက်ပေါ် တက်နင်း ရင်းဖြင့် ရောဂါခပင်း ကင်းဝေစေပါတော့သတည်း။




၄၂။ အုန်းမှုတ်ခွက်နင်း အမြောက်သံကင်း

ကျွန်တော်သည် လားရှိုးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကမ္ဗောဇခင်လှိုင်၏ ပံ့ပိုးကူညီမှုဖြင့် လားရှိုးမြို့ဝန်းကျင် ဒေသပေါက် တိုင်းရင်းဆေးဝါးပင်များ လေ့လာခွင့်ရရှိပါသည်။ (၂၇-၂-၈၇) ရက်နေ့တွင် ဒေါက်တာ ကမ္ဗောဇခင်လှိုင်၏ အစီအစဉ်ဖြင့် တိုင်းရင်းဆေး ၀ါသနာရှင်များ၊ သုတေသီများနှင့် တွေ့ဆုံပါသည်။
ထို့နေ့ ညနေစောင်းတွင် လားရှိုးမြို့ သိန္နီလမ်း၊ တွင်ခုံစက်ပြင် ဆရာကြီး ဦးကြီးခိုင်နှင့် တွေ့ဆုံပါသည်။
လားရှိုးမြို့ ၊ ဦးကြီးခိုင်နှင့် မိတ်ဆက်ပေးသူမှာ လားရှိုးမြို့ “ ကဗျာဆရာ မောင်ပင်နီ(ကျေးလက်) ဖြစ်ပါသည်။
“ ဦးကြီးခိုင်၊ ဒါစာရေးဆရာ မကွေးဝင်းမြင့်ပဲ၊ အဲအဲ..အဲ..အုန်းမှုတ်ခွက်” ဟု ခပ်ရွှန်းရွှန်းကလေး မိတ်ဆက်ပေးတော့ ဦးကြီးခိုင်က ကျွန်တော့်ကို ပြုံးစိစိနှင့် ခေါင်းညိတ် အသိအမှတ်ပြုပါသည်။
“ အေးဗျ၊ ခင်ဗျားကို ကြုံတုန်း ပြောရအုံးမယ်၊ ၁၉၇၇ ခုနှစ်လောက်ကပေါ့၊ ကျုပ်တို့ လားရှိုးမြို့တစ်မြို့လုံး ခင်ဗျား အုန်းမှုတ်ခွက်ဂယက် သိပ်ရိုက်ခတ်နေတယ်၊ ရေပန်းစားကြတယ်ပေါ့၊ ကျုပ်လဲ သူပြောငါပြောနဲ့ မဟုတ်ပါဘူး၊ ကျကျနန စာအုပ်ဖတ်ပြီး ညတိုင်းနင်းအိပ်တာပါ၊အဲ…တစ်ညမှာပေါ့၊ ထုံးစံအတိုင်း အုန်းမှုတ်ခွက်နင်းပြီး တချိုးတည်း ကျုပ်အိပ်ပျော်သွားတာပေါ့။ မနက်လင်းတော့ ကျုပ်တပည့်တစ်ယောက်က ဘာပြောတယ်မှတ်သလဲ၊ သူပြောတာက ဆရာရယ်…ညက သောင်းကျန်းသူတွေက ခြင်တောင်ကနေပြီး အမြောက်နဲ့ လှမ်းထုတာ ဆရာရဲ့။ တစ်မြို့လုံး တထိတ်ထိတ်တလန့်လန့်နဲ့ မအိပ်ရဘူး၊ ဟင်းဆရာကဖြင့် တခေါခေါနဲ့ အိပ်မောကျနေလိုက်တာ ၊ နိုးကို မနိုးဘူးတဲ့။ အဲဒီတော့ ကျုပ်က ပြန်ပြောလိုက်တယ်။ ဟကောင်တွေရ၊ ငါက အုန်းမှုတ်ခွက်နင်း အိပ်တာကွ၊ ဒါကြောင့် အုန်းမှုတ်ခွက်နင်း အမြောက်သံကင်းကွ..ဟား ..ဟား .ဟား ကျုပ်တို့ လားရှိုးမှာ ၁၉၇၇ ခုနှစ်လောက် ၀န်းကျင်လောက်က အခုလို မအေးချမ်းသေးဘူး ဆရာ၊ အလစ်လစ်မှ အမြောက်နဲ့ ထုချင်တယ်” ဟုတွင်ခုံ စက်ပြင်ဆရာကြီး ဦးကြီးခိုင်က ပြောပါသည်။
ကျွန်တော်က …
“ ခုကော ဦးကြီးခိုင် အုန်းမှုတ်ခွက် နင်းသေးလား”
နင်းတာပေါ့ဗျာ၊ သိပ်နင်း၊ နင်းမှလဲ အိပ်ကောင်းတာဗျ” ဟူ၏။


၄၃။ နှလုံးခုန် သိပ်မြန်နေသူ တစ်ဦး

သူကတော့ တောင်ကြီးမြို့ စ၀်စံထွန်း ဆေးရုံကြီးမှ ဘဏ္ဍာစိုး ဦးအုန်းဖြစ်ပါသည်။ ဦးအုန်းသည် ကျွန်တော်နှင့် သိဟောင်း ကျွမ်းဟောင်း ဖြစ်ပါသည်။
ကျွန်တော် တောင်ကြီးမြို့သို့ ရောက်တိုင်း ဓာတ်ပုံ သန်းဝေ( တောင်ကြီး)နှင့် သတင်းထောက်ခင်မောင်၊ မြို့လယ် ဓမ္မာရုံဂေါပက တွဲဘက် အတွင်းရေးမှူး ဦးထွန်းအေးတို့နှင့် တွေ့ဆုံသလို ဦးအုန်းထံသို့ ရောက်လေ့ရှိပါသည်။ (၂၀-၅-၈၆)ရက်နေ့က ဦးအုန်းနှင့် တွေ့တော့ ဦးအုန်းက…
“ဆရာ ၀င်းမြင့်ရာ၊ ကျုပ်ဗျာ ဟိုတစ်လောက နှလုံးခုန်သိပ်မြန်နေတာဗျ၊ နှလုံးခုန်တော့ မူးတာပေါ့ဗျာ၊ ခေါင်းကို နောက်နေတာပဲ၊ အိပ်ရာထဲလှဲနေရတယ်။ ကျုပ်က ပြည်နယ်ဆေးရုံ ဘဏ္ဍာစိုးဆိုတော့ ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြု၊ ဆေးရုံအလုပ်သမားတွေကအစ ရင်းနှီးကျွမ်းဝင်တယ်လေ..။ ဒါကြောင့် ကောင်းပေ့ဆိုတဲ့ ဆေးတွေ ထိုးပေး၊ ဆေးတွေ ကျွေးပေါ့ဗျာ၊ မပျောက်ပါဘူးဗျာ၊ တစ်နေ့ တစ်ခြား ပိုတောင် ဆိုးလာတယ်၊ အဲ ကျူပ်တို့ ဆေးရုံအုပ်ကြီးက ရန်ကုန်ကို ဆေးကုဖို့ ကျုပ်ကို တစ်ခါတည်း ခေါ်တယ်၊ ရန်ကုန် ဆေးရုံကြီးမှာ ဆရာကြီးက အပ်နှံ ဆေးကုစေတာပေါ့၊ ဆေးရုံမှာ တစ်လခွဲတိတိပါပဲဗျာ၊ သက်သာတယ် ဆိုရုံပါပဲ၊ မပျောက်ပါဘူး၊ ဒါနဲ့ တောင်ကြီး ပြန်လာခဲ့တယ်။ ရုံးမတက်နိုင်ဘူးပေါ့ဗျာ၊ အိပ်ရာထဲ လှဲနေရတယ်”
ဦးအုန်းသည် စကားကို ခေတ္တရပ်ကာ ရေနွေးကြမ်းတစ်ခွက်ကောက် သောက်လိုက်သည်။
“ ခဏ ဦးအုန်း၊ ကျွန်တော် မရှင်းတာလေး မေးပါရစေဦး၊ နှလုံးသိပ်ခုန်တာ ဘယ်လောက်အထိ မြန်လို့လဲ”
“ ဟာ …တစ်မိနစ် အကြိမ် ၉၀ ကျော်တာ ၊ ခေါင်းကို မူးနေတာပဲ၊ အဲ..ကျုပ်လဲ အိပ်ရာထဲ လှဲနေရတာ စိတ်ညစ် စိတ်ပျက်လာတယ်၊ ဘုရားစင်ပေါ်ကို လှမ်းကြည့်လိုက်တော့ ဘုရားစင်ပေါ်မှာ ခင်ဗျား ကျုပ်ကိုလက်ဆောင်ပေးထားတဲ့ အုန်းမှုတ်ခွက်နင်း ရောဂါကင်း ဆိုတဲ့ စာအုပ်ကလေး ပြေးမြင်တယ်။ စိတ်တော့မရှိနဲ့ဗျာ။ အဲဒီစာအုပ် ခင်ဗျားပေးလို့သာ ယူထားလိုက်ရတယ်။ ဖတ်မကြည့်ဖြစ်ဘူး၊ အလုပ်ကလည်း များတာ တစ်ကြောင်းပေါ့ဗျာ၊ ခုတော့ ရောဂါက နှိပ်စက်လာတော့ ရောဂါပျောက်နိုးနိုး မျှော်လင့်ချက်ကလေးနဲ့ ဖတ်ကြည့်မိတယ်၊ အကြာကြီး မဖတ်နိုင်ပါဘူး၊ နားနားပြီး ဖတ်ရတယ်။ ခင်ဗျား စာအုပ်ထဲမှာ နှလုံးခုန်နှုန်းသိပ်မြန်ရင် နင်းရမယ် ဆိုတာတော့ မပါဘူးဗျ၊ ဘာပဲဖြစ်ဖြစ် “ အုန်းမှုတ်ခွက်နင်းလို့ ဆိုထားတာကြောင့် ခံစားနေရတဲ့ ရောဂါ ပျောက်လို ပျောက်ငြား၊ အုန်းမှုတ်ခွက် နင်းကြည့်ဖို့ စိတ်ကူးမိတယ်။ အုန်းမှုတ်ခွက်က(၂)လုံးလိုတာဆိုတော့ အုန်းသီး ၀ယ်ပြီး မိသားစု အုန်းထမင်းချက်စားကြရသေးတယ်။ ဟဲ..ဟဲ ကျုပ်ကတော့ အုန်းထမင်း မစားပါဘူး။ အုန်းမှုတ်ခွက် နှစ်လုံးရှိရင်ပဲ ၀မ်းသာအားရ မြေမှာမှောက်ပြီး ဘယ်/ညာ အကြိမ် တစ်ရာစီ နင်းလိုက်တယ်။ အမယ်..ဘယ်က ဘယ်လို အဆင်သင့်သွားလဲ မဆိုနိုင်ဘူး။ နှလုံးခုန် ပုံမှန် ဖြစ်သွားသဗျ။ ကျုပ်လဲ သိပ်ဝမ်းသာသွားတယ်။ အံ့လည်း အံ့သြမိတယ်လေ။ အိပ်လို့လဲ ကောင်းတယ်။ ဒါနှဲ့ နှစ်ရက်လောက်ကျတော့ ရုံးတက်နိုင်တယ်။ ဆရာဝန်တွေ ၊ ဆေးရုံဝန်ထမ်းတွေကလဲ တအံ့တသြ မေးကြမြန်းကြတယ်။
ကျုပ်ကတော့ ခင်ဗျား အုန်းမှုတ်ခွက်ကို သဘောကျသွားပြီ။ ဒါကြောင့် ညတိုင်း ၊ အိပ်ရာဝင်တိုင်း နင်းအိပ်တယ်။ စားလို့ကောင်း၊ အိပ်လို့ပျော်၊ နှလုံးခုန် ပုံမှန်ဖြစ်နေပြီလေ။ ဒီလိုနဲ့ ခြောက်လလောက် ကြာတော့ အုန်းမှုတ်ခွက် မနင်းဘဲ ရက် ၂၀ ရပ်ထားကြည့်တယ်။ မကြာဘူးဗျို့၊ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ နှလုံးခုန်မြန်လာတယ်။ လူလဲ ထိတ်လန့်သွားတယ်။ ညဥ့် အိပ်ရာဝင်တိုင်း ဘယ် ညာ အကြိမ် တစ်ရာ တိတိ နင်းအိပ်ပါတယ်။ အခုဆိုရင် ၈ လတင်းတင်း ရှိပါပြီ။ အိုကေပါပဲ။ ခင်ဗျား ရောက်လာတာ အတော်ပဲ။ အဲဒီအကြောင်း ပြောချင်နေတာ ” ဟု ဦးအုန်းက အားရပါးရ ပြောပြပါသည်။
ကဲ…စာရှုသူ မိတ်ဆွေ။ နှလုံးခုန် မြန်လျှင် အုန်းမှုတ်ခွက် နင်းလျှင် ပျောက်ကင်း သက်သာကြောင်း အစီရင်ခံပါရစေ။





ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၂)ရက်၊ည(၇း၃၂)နာရီ ကူးရေးပါသည်။
 

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂)

ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၂)



ကျွန်ုပ်တွေ့ သော စိတ်သဘာဝ (၁)

ဆိုက်ကိုလိုဂျီပညာဖြင့် သက္ကာယဒိဋ္ဌိ မပြုတ်နိုင်

ဗုဒ္ဓ၏နည်းဖြင့်သာ တတ်နိုင်သည်

ဥပုသ်ဇရပ်တစ်ခု၌ “စာတတ်ပေတတ်” ခေါ်ကြသော လူကြီးနှစ်ယောက်နှင့် ဆုံမိကြရာ တစ်ယောက်က-
“ကျွန်တော်တို့ တစ်တွေအကြောင်းကို ခင်ဗျားက မဂ္ဂဇင်းထဲမှာ ရေးတယ်ဆို၊ ကျွန်တော်တို့ ကတော့ မဂ္ဂဇင်းဖတ်တဲ့အထဲက မဟုတ်ပါဘူး။ သူများကပြောလို့ ကြားရတာပါ။”

ကျွန်ုပ်။ ။ “ဘယ်လိုရေးတယ် ကြားလို့ လဲခင်ဗျာ”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ ကစာတတ်ရုံသာတတ်တယ်၊ ခင်ဗျားကတော့လက်တွေ့ အလုပ်လုပ်တယ်ဆို”
ကျွန်ုပ်။ ။ “ခင်ဗျားတို့ လဲ လက်တွေ့ အလုပ်လုပ်တယ်ဆိုလျင် ကျွန်တော်ရေးတဲ့ စာတတ်ပေတတ်တွေထဲမှာ ခင်ဗျားတို့ မပါဘူးပေါ့။”
ပ-လူကြီး။ ။ “ကျွန်တော်တို့ လက်တွေ့ လုပ်တယ်လို့ တော့ မပြောလိုပါဘူး။ သို့ သော် ခင်ဗျားလက်တွေ့ လုပ်ပုံ က ဘယ်လိုလဲသိပါရစေ။”
ကျွန်ုပ်။ ။ (အကြံတစ်ခု ပေါ်လာသည်နှင့်) “နှုတ်နဲ့ တော့ ရေလည်အောင် ပြောမပြတတ်ဘူးခင်ဗျာ။ မဂ္ဂဇင်းထဲမှာ ကျွန်တော်ရေးပြမယ်။ ဖတ်ကြည့်ကြတော့”
ဒု-လူကြီး။ ။ “ကျွန်တော်တို့ က မဂ္ဂဇင်းဖတ်တဲ့ လူစားမျိုး မဟုတ်ဘူး ခင်ဗျ။”
ကျွန်ုပ်။ ။ “ဒီလိုဆို ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ဒု-လူကြီး။ ။ “ခင်ဗျာ၊ ဘယ်လိုများ ဆုံးရှုံးပါလိမ့်”
ကျွန်ုပ်။ ။ “ဆုံးရှုံးတာကတော့ ဒီလိုပါ။ ကျွန်တော်အလုပ်လုပ်ပုံကို ခင်ဗျားတို့ ကသိချင်လို့  မေးတယ် မဟုတ်လား။ ကျွန်တော့် အဖြေကို မဂ္ဂဇင်းထဲမှာ ခင်ဗျားတို့ ဖတ်မကြည့်လိုဘူးဆိုလျင် ခင်ဗျားတို့ သိချင်တာ မသိရတဲ့အတွက် ခင်ဗျားတို့ ဆုံးရှုံးတာပေါ့။”
ပ-လူကြီး။ ။ “သြော်.....ဒီလိုလား။ ဒါဖြင့်လဲ စောင့်ဖတ်ကြရသေးတာပေါ့ဗျာ။ ဘယ်တော့လောက် ရေးမှာလဲ”
ကျွန်ုပ်။ ။ “မူလတုန်းကတော့ ရေးဖို့ မကြံရွယ်သေးပါဘူး။ ခင်ဗျားတို့ နဲ့ တွေ့ ရလို့ ရှေ့ အပတ် ရေးပို့ မယ် ကြံတယ်။ ကျွန်တော် တွေ့ တာ မြင်တာ ရေးပေမယ့် စာနဲ့ မကိုက်လျှင် ပြောပြပေါ့ဗျာ”
ဒု-လူကြီး။ ။ “ခင်ဗျားစာနဲ့ ညှိပြီး ရေးမယ်မဟုတ်လား”
ကျွန်ုပ်။ ။ “ဒီလိုရှိပါတယ်။ ကျွန်တော် တရုတ်ပြည်သွားလို့ ပြန်လာတော့ ကျွန်တော်မြင်ခဲ့တွေ့ ခဲ့တာတွေ ရေးပြရာမှာ ဘယ်စာနဲ့ မှ ကျွန်တော်ညှိမနေဘူး။ ကိုယ်တွေ့ ခဲ့တာတွေ ကိုယ်ရေးတာပဲ။ လက်တွေ့ ဆိုလျှင် ဒီလိုပဲ ဖြစ်ရမယ် မဟုတ်ဘူးလား”
နှစ်ယောက်စလုံး။ ။ “တယ်လာတဲ့ လူပါကလား”
ကျွန်ုပ်။ ။ “ကျွန်တော်ရေးပြတာ တရုတ်ပြည်မဟုတ်သေးဘူး ဆိုလျင်လဲ ခင်ဗျားတို့ က ပြောပြပေါ့”
ပ-လူကြီး။ ။ “ဒီလောက်ပဲ သေချာသလားဗျာ”
ကျွန်ုပ်။ ။ “ကိုယ်ဖြစ်တာ တွေ့ တာတွေကို ရေးတာလောက်တော့ သေချာတာပေါ့။ သို့ သော် ကျွန်တော် ရောက်ခဲ့တာဟာ ပီကင်းမဟုတ်သေးဘူ။ စာဆိုနဲ့ မကိုက်သေးဘူးဆိုလျှင်လဲ ဝေဖန်နိုင်ခွင့်ရှိတယ်”

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၂)ရက်၊နံနက်(၉)နာရီ ကူးယူတင်ပါသည်။
 

ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်(၁)(ဆရာကြီးရွှေဥဒေါင်း)

ကျွန်တော်၏ ဘ၀အတွက်လမ်းကြောင်းမှန်အား ရွေးချယ်ပေးသော စာအုပ်ကောင်းဖြစ်၏။
ဤ စာအုပ်အား ရင်းနှီးသောမိတ်ဆွေများအား ၀ယ်၍လက်ဆောင်ပေးခဲ့ပါသည်။ အားမရ၍ ယခုဘလော့မိတ်ဆွေများအတွက် ဆက်လက် ဓမ္မဒါနပြူလိုက်ရပါသည်။ကူးယူခွင့်ပြုပေးသော ၀ိမုတ္တိရသ ဘလော့အား အထူးကျေးဇူးတင်ပါသည်။ ရှာဖွှေပေးသော ကိုဖိုသားနှင့် စကားဝါမြေ ဘလော့စာအုပ်စဉ်တို့ကိုလည်း အထူးကျေးဇူးတင်မိပါသည်ခင်ဗျား.. ။

လူသားအားလုံး ကိုယ်စိတ်နှစ်ပါး ရွင်လန်းချမ်းသာနိုင်ကြပါစေ…….။


ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်



ဝိမုတ္တိရသ (http://www.vimuttirasa.com)

Monday, May 11, 2009
ဆရာကြီး ရွှေဥဒေါင်း၏ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ ကျင့်စဉ် (၁)
Blogger's Preface

ဒီစာအုပ်ဟာ ကျွန်တော်ခဏခဏဖတ်ဖြစ်တဲ့ စာအုပ်များထဲမှ တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်လေးက ပါးပါးလေးပါ။ ဆရာကြီးကတော့ ဒီစာအုပ်ကို သူ့ ရဲ့ ဘာသာရေးစာပေတွေထဲမှာ Masterpiece လို့ သတ်မှတ်ထားခဲ့ ပုံရပါတယ်။ ဆရာကြီးကို တော်တော်များများက ဘာသာပြန်စာပေတွေနှင့်ဘဲ အသိများကြပါတယ်။ နောက်ပြီး သူ့ ရဲ့ ဘ၀တစ်သက်စာမှတ်တမ်းစာအုပ်အထူကြီးကိုလည်း တော်တော်လေးသိကြပါတယ်။

ကျွန်တော် မြန်မာနိုင်ငံပြင်ပရောက်လာတော့ ဒီစာအုပ်ကို အင်တာနက်ပေါ်မှာရှာကြည့်တာ မတွေ့ ပါဘူး။ နီးစပ်တဲ့ပုဂ္ဂိုလ်တွေကို မေးကြည့်တော့လည်း မရှိကြပါဘူး။ အဲဒါနှင့် မြန်မာပြည် ပြန်မှာလိုက်တာ အခုလက်ထဲတော့ ရောက်လာပါပြီ။ ဆူနာမီဆရာတော်က ဒီစာအုပ်ကို ဖတ်ပြထားတဲ့ MP3 ခွေတော့ ရှိပါတယ်။ ဒါပေမယ့် တချို့ နေရာတွေမှာ မသင့်တော်ဘူးလို့ ယူဆပြီးချန်ထားခဲ့တာလေးတွေရှိပါတယ်။ နောက်တစ်ခုက တချို့ က အကြားအာရုံထက် အမြင်အာရုံအားသန်တဲ့သူတွေက စာလေးဖတ်လိုက်ရမှ အားရကြတာရှိပါတယ်။ ဒါကြောင့်အခုစာအုပ်ကို နဲနဲချင်း တင်သွားမယ်လို့ စိတ်ကူးပါတယ်။

ဆရာကြီးရဲ့ ဘာသာရေးစာပေအယူအဆတွေနှင့်ပတ်သက်ပြီး သူ့ လက်ထက်ကစလို့ ယခုအချိန်အထိ ဝေဖန်ခံ နေရဆဲဖြစ်ပါတယ်။ ကျွန်တော့်ကတော့ သူ့ ရဲ့ စာရေးဟန်နှင့် ဘာသာရေးအပေါ် ရိုးသားမှုကို သဘောကျ ပါတယ်။ ဒီစာအုပ်နှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲလွဲမှုတွေရှိပါတယ်။ ကျွန်တော့်အနေနှင့် ကတော့ စာဖတ်သူများ ကိုယ်တိုင် ဖတ်ရှု ဝေဖန်၊ စမ်းသပ်ကြည့်ပြီး သင့်တော်မယ်ထင်တာကို ယူပြီး၊ မသင့်တော်ဘူး ထင်တာကို ပယ်လိုက်တာက ပိုကောင်းလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့်မူရင်းအတိုင်းဘဲ အကုန်ဖော်ပြပေးသွား ပါမယ်ခင်ဗျား။

လေးစားစွာဖြင့်
ဝိမုတ္တိသုခ
**********************************************************************

အမှာ

ဝတ္ထုရေးသမားတစ်ယောက်၊ သတင်းစာသမား၊ တစ်ယောက်က လောကုတ္တရာရေးဆိုင်ရာ “စိတ်သဘော” အကြောင်းကို ကိုယ်တွေ့ အနေဖြင့် ရေးသားခြင်းအတွက် အံ့သြမိသူများလည်း ရှိကြပေလိမ့်မည်။ သို့ ဖြစ်ရ သည့်အထဲတွင် ပါဠိပါဋ္ဌ်သားများ မပါရှိရုံသာမက ရေးပုံရေးနည်းမှာလည်း ပြတ်ပြတ်တောက်တောက် တင်းတင်းမာမာရှိလှသည်ဟု စွပ်စွဲဖွယ် ရှိသည့်အတွက်ကြောင့် အနည်းငယ် ဖြေရှင်းလိုပါသည်။

စာအရေးအသားနှင့်ပတ်သတ်၍ ကောင်းပုံကောင်းနည်း အမျိုးမျိုးရှိကြသည့်အနက် သာယာနာပျော်ဖွယ် ရှိအောင် ပျော့ပျော့ပျောင်းပျောင်း ညက်ညက်ညောညောနှင့် နူးညံ့သိမ်မွေ့ စွာ ရေးသားခြင်းအားဖြင့် စာဖတ်သူ ၏စိတ်ဓါတ်ကို နူးညွတ်၍ပါလာအောင် ဆွဲဆောင်နည်းကားတစ်မျိုး၊ အဓိပ္ပါယ်ပေါ်လွင်မှုနှင့် ရှင်းလင်းစေမှုကိုသာ အလေးပေး၍ ဒိုးဒိုးဒေါက်ဒေါက်နှင့် ဖြန်းဖြန်းကွဲရေးသားနည်းလည်း တစ်မျိုးရှိပါသည်။ လောကုတ္တရာရေးရာနှင့် ပတ်သတ်သည့် စာပေမျိုးမှာ ဒုတိယနည်းမျိုးထက် ပထမနည်းမျိုးသည် သာ၍သင့်လျော်ခြင်းကိုလည်းကောင်း၊ ရှေးအဆက်ဆက်က ဆရာ့ဆရာတော်ကြီးများသည် အများအားဖြင့် ပထမနည်းအတိုင်း စီရင်ရေးသားကြသည့် အစဉ်အလာရှိခြင်းကို လည်းကောင်း ကျွန်ုပ်နားလည်၍ ၀န်ခံပါသည်။ သို့ ရာတွင် ကျွန်ုပ်အဖို့ မှာ ရေးပုံရေးနည်းနှင့်ပတ်သတ်၍ အစဉ်အလာအတိုင်း မလိုက်နာနိုင်အောင် ဖြစ်ရသည့် အကြောင်းနှစ်ရပ် ရှိပါသည်။

ပထမအကြောင်းမှာ အထက်ပါကောင်းနည်းနှစ်ရပ်ရှိသည့်အနက် ကျွန်ုပ်ကိုယ်နှိုက်က ဒုတိယရေးနည်းကို ပို၍ နှစ်သက်လာခဲ့သူ ဖြစ်ပါသည်။ တစ်သက်ပတ်လုံး ရေးခဲ့ရသည်များမှာလည်း စွန့် စားခန်းများ၊ စုံထောက်ခန်းများ၊ သတင်းစာခေါင်းကြီးများ၊ ဝေဖန်ချက်များ စသည်တို့ ဖြစ်ပေရာ ၄င်းတို့ မှာ ပထမရေးနည်းမျိုးထက် ဒုတိယရေးနည်းမျိုးသည် သာ၍လျော်ကန်သည်ဟု ထင်မြင်ပါသည်။ ဤတွင် ကျွန်ုပ်၏အကြိုက်နှင့် ကျွန်ုပ်၏အလုပ် ကိုက်ညီလျက်ရှိသည်ဖြစ်၍ တစ်သက်ပတ်လုံး ကျွတ်ကျွတ်ဆတ်ဆတ်ရေးတတ်သော အလေ့အထုံတစ်ခု ဖြစ်လာခဲ့ပါသည်။

ဒုတိယအကြောင်းမှာ ကျွန်ုပ်သည် “စိတ်သဘာဝ” အစရှိသည့် လောကုတ္တရာရေးရာ ဆောင်းပါးမျိုးကို “ဒေါသ” ပယ်နိုင်သော အဆင့်သို့ ရောက်ကာမှ တိုင်းပြည်သို့  ရေးသားတင်ပြမည်ဟု ကြံရွယ်ထားခဲ့ပါသော်လည်း (ကျွန်ုပ်၏ “ဖြောင့်ချက်” ဆောင်းပါးများတွင် ရှင်းလင်းဖော်ပြခဲ့ဖူးသည့်အတိုင်း) မခံချင်သော အချင်းအရာများနှင့် ရင်ဆိုင်ရသည်ဖြစ်သောကြောင့် ယခုထက်ရင့်ကျက်အောင် မဆိုင်းတော့ဘဲ တုံ့ ပြန်သောအနေဖြင့် ရေးသားရသည်တွင် “ကိုယ်ရည်သွေး” ဟု စွပ်စွဲချင်စရာများလည်း ပါရှိကောင်း ပါရှိပေလိမ့်မည်။ ကိုယ်ရည်သွေးသည်ဟု အထင်ရောက်သည်နှင့် တစ်ပြိုင်နက် စာဖတ်သူသည် စာရေးသူအပေါ်တွင် အထင်သေးတတ်ခြင်းကိုလည်း ကျွန်ုပ်နားလည်ပါသည်။

စာဖတ်သူများအား ကျွန်ုပ်တောင်းပန်လိုသည်မှာ အထက်ပါအကြောင်းများကြောင့် ကျွန်ုပ်၏စာတွင် အလင်္ကာဒေါသ ငြိစွန်းခြင်း အစရှိသော အပြစ်မျိုးကို ခွင့်လွှတ်၍ ကျွန်ုပ်ဆိုလိုသော အဓိပ္ပါယ်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြမှုရှိ မရှိ၊ အထောက်အထား အကိုးအကားများသည် သဘာဝကျ မကျ အစရှိသည့် အချက်များကိုသာ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်၍ ဆုံးဖြတ်စေလိုပါသည်။

အချုပ်၌ ကျွန်ုပ်၏စာများသည် ပရိသတ်ကိုချော့၍ ဆွဲခြင်းမဟုတ်။ ငေါက်၍ပြောသည့် သဘောမျိုးပင် အချို့ နေရာ၌ ပါရှိသည်ဖြစ်ရာ ဟုတ် မဟုတ်၊ မှန် မမှန်၊ သဘာဝကျ မကျသည်သာ လိုရင်ဖြစ်၍ ပြတ်ပြတ်သားသား စဉ်းစားတတ်သူများအဖို့  အထူးသဖြင့် ရည်ရွယ်ရေးသားသည့် စာများဖြစ်ပါသတည်း။

ရွှေဥဒေါင်း
၂၈-၆-၆၀

ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၂)ရက်၊နံနက်(၉)နာရီ ကူးယူတင်ပြပါသည်။
 

လွယ်လွယ်နှင့်အဖိုးတန်သောနည်း ။ကျေးဇူးတင်လွှာ (မကွေးဝင်းမြင့်)

၃၀။ ကျေးဇူးတင်လွှာ

အထက်ပါ ဆောင်းပါးမှာ ၁၉၇၆ ခု၊ စက်တင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်း အတွဲ ၂၄၊ အမှတ်၊ ၂ မှာ ဖြစ်ပါသည်။ “ အာရောဂျံ၊ ပရမံ၊ လာဘံ”(ကျန်းမာခြင်းသည် မွန်မြတ်သော လာဘ်ကြီးတစ်ပါးဖြစ်၏ ) ဟူသည့်အတိုင်း လူတိုင်းလူတိုင်း၏ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သည့် ဤစာတန်းငယ်ကို အခမဲ့ ကုသိုလ်ဖြစ် ရိုက်နှိပ်ကမ်းလှမ်းခြင်း ဖြစ်ပါသည်။
ဤစာတမ်းပါ နည်းလမ်းကို ကျွန်တော်နှင့် ကျွန်တော့်မိတ်တွေ သင်္ဂဟများပါ ဆောင်းပါး မထွက်ပေါ်မီကပင် စမ်းသပ် လေ့ကျင့်ခဲ့ရာ အမှန်အကျိုးရှိကြောင်း တွေ့ရှိရပါသဖြင့် ယုံယုံကြည်ကြည်ဖြင့် လေ့ကျင့်ကြပါရန် တိုက်တွန်းအပ်ပါသည်။
သင့်ဘ၀ မဂ္ဂဇင်းတိုက်ရှင်များနှင့် ဆောင်းပါးရှင် မကွေး ၀င်းမြင့် အားလည်းကောင်း၊ ဤကုသိုလ်ဖြင့် စာတန်းဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးသူ ဓမ္မဃောသက ဦးမောင်မောင်အားလည်းကောင်း၊ ကျေးဇူးတင်ရှိပါကြောင်း။

(၁-၂-၇၇)

အလှူရှင် ဦးစိန်ရိုး
၇-ကြိုးစက် ၂ လမ်း၊ လင်းလွန်းရပ်ကွက်
စမ်းချောင်း၊ ရန်ကုန်မြို့။





၃၁။ နိဂုံး

တစ်နေ့ စာရေးသူသည် မကွေးဈေးကြီးအတွင်းသို့ ရောက်သွားပါသည်။ ဈေးကြီးအရှေ့ဘက်တန်းတွင် ရှိသော ဘသက်ပေါ အုန်းငှက်ပျောဆိုင်နားသို့ မယောင်မလည် ရပ်ကြည့်နေမိပါသည်။
ဘသက်ပေါသည် အသက်ခြောက်ဆယ့်ငါးနှစ် ပတ်ဝန်းကျင်လောက် ရှိပါမည်။ နွေနွေ မိုးမိုးဆောင်းဆောင်း အင်္ကျီ ၀တ်လေ့ မရှိပါ။ အင်မတန်အေးပါမှ စွပ်ကျယ်လက်စကနှင့်သာ တွေ့ရတတ်ပါသည်။ စာရေးသူကား..
ဘသက်ပေါဆိုင်သည် အုန်းသီး အမျိုးမျိုးကို ရောင်းရသည်။ အုန်းရည် ၊ အုန်းဆန်သာမက အုန်းမှုတ်ခွက်ပါရသည် စာရေးသူ မယောင်မလည် အကဲခတ်ကြည့်နေစဉ် အသက်ဆယ့်ရှစ်နှစ်အရွယ်ခန့်ရှိ မိန်းမငယ်တစ်သိုက်ဝင်လာပြီး ဘသက်ပေါထံမှာ အုန်းမှုတ်ခွက် ခြောက်လုံးကို တစ်လုံး တစ်ကျပ်ပေးပြီး ၀ယ်ယူသွားပါသည်။
“ အဘ ဟိုအမျိုးသမီးတွေ အုန်းမှုတ်ခွက်တွေ ၀ယ်လှချည့်လား ဘယ်ကလဲ ဘာလုပ်ကြတာတုန်း”
ဘသက်ပေါက စာရေးသူကို အတော်ထူးသည့် သူငယ်ပဲဟူသော အကြည့်ဖြင့်
“ အိုး…သုငယ် မသိဘူးလား၊ အဲဒါ မကွေးကောလိပ်ကျောင်းသူတွေကွယ့်၊ အုန်းမှုတ်ခွက် ဆယ်လုံးတောင်လိုချင်လို့ မနေ့ညနေကတည်းက လာမှာထားတာ၊ ပေးရမယ့်သူတွေက များလွန်းလို့ မနက်ဖြန် လေးလုံးယူပါလို့ တောင်းပန်လွှတ်ရတယ်”
ဘသက်ပေါက အုန်းမှုတ်ခွက်ကို ဓားဖြင့် အချောသတ်နေရာမှာ ပြော၏။
“ဘာလုပ်ဖို့ ၀ယ်ကြာတာတုန်း အဘရဲ့”
“ ရော..ခက်ပြီ၊ မင်းမသိဘူးလား ခုတလော အုန်းမှုတ်ခွက် ရောဂါ ထနေကြတာလေ”
“ဟင့်အင်း မသိပေါင်၊ ဘာလုပ်ဖို့”
“ ဟ နင်းတာကွ နင်းတာ။ အုန်းမှုတ်ခွက်နင်းရင် ကျန်းမာရေးကောင်းသတဲ့၊ လေငန်း-သွေးတိုး၊ ဇက်ကြောတက်တွေပါ ပျောက်သတဲ့”
“ဘကော နင်းကြည့်ဖူးသလား၊ တကယ်အညောင်းအကိုက်ပျောက်ရဲ့လား”
“ အေး၊ ပျောက်မပျောက်တော့ မသိဘူး၊ ငါလဲ အလုပ်မအားလို့ နင်းမကြည့်ရသေးဘူး၊ အုန်းမှုတ်ခွက် ရောင်းကောင်းတာတော့ မတရားဘဲ”
“ ဘ အုန်းမှုတ်ခွက် နင်းဖို့ကောင်းတယ်”
“ အင်း ညတော့ နင်းကြည့်ဦးမယ်လို့ စိတ်ကူးမိတာ”
“ ဒါနဲ့ အုန်းမှုတ်ခွက် တစ်လုံး ဘယ်လောက်လဲ အဘ”
“ တစ်လုံး တစ်ကျပ်ကွ”
“ များဘူးလား အဘရာ”
“ မများပါဘူး၊ မများဘူး ဟိုတုန်းက အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ပြီး ရေမှုတ်လုပ်တယ် ၊ ဆေးလိပ်ခွက် လုပ်သုံးကြတယ်၊ ခုအုန်းမှုတ်ခွက်နင်းဖို့ ဆိုပြီး ဟိုလူလာလဲ အုန်းမှုတ်ခွက်နင်းဖို့၊ ဒီလူလာလည်း အုန်းမှုတ်ခွက်နင်းဖို့နဲ့။ (ချီးမှပဲ) ခုတလော အုန်းမှုတ်ခွက် ရောဂါ ထ ထနေလိုက်ကြာ လွန်ပါရော”
အဘိုးကြီး ပြောရင်း ဆိုရင်း ဒေါဖောင်းလာ၏။ စာရေးသူလည်း ခတ်မဆိတ်နေပြီး ဘသက်ပေါဆိုင်ရှေ့မှ အသာခွာခဲ့ရပါသည်။ ဓားမတို တစ်ချောင်းဖြင့် အုန်းမှုတ်ခွက်တစ်လုံး အချောသတ်နေသော ဘသက်ပေါကတော့ ကျွန်တော် ဘယ်သူဘယ်ဝါမှန်း မသိပါ။
မည်သို့ပင် ဖြစ်စေ၊ ဘသက်ပေါဆိုင် အုန်းမှုတ်ခွက် လှိုင်လှိုင် ရောင်းနေရလျှင် ကျွန်တော် ၀မ်းသာပါသည်။
ပြည်သူတွေ၏ ကျန်းမာရေး၊ အလုပ်သမား၊ လယ်သမား၊ တက္ကသိုလ် ကောလိပ်တို့မှ ပါမောက္ခမှ အောက်ခေါင်းရွက်ဗျတ်ထိုးအထိ ကျန်းမာမှုနှင့် ပြည့်စုံနေကြလျှင် စာရေးသူသည် လေ့လာရေးသား ကြိုးပမ်းရကျိုးနပ်ပြီ ဟူ၍။
အုန်းမှုတ်ခွက် နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။


မကွေးဝင်းမြင့်
စာပေလုပ်သား အမှတ်(၀၀၁၆)
အမှတ်(၆)မဲထီးလမ်း။ ဈေးရပ်၊ မကွေးမြို့။



၃၂။ လွယ်လွယ်နှင့် တန်ဘိုးကြီးသောနည်း

အုန်းမှုတ်ခွက်နင်း ရောဂါကင်း သတင်းများကို ဟိုကကြား၊ ဒီကကြားနှင့် ကြားနေရသည်မှာ ကြာပြီ။ ကြားရုံသာမဟုတ်။ ရောက်လေရာ အိမ်၊ ကျောင်းအချို့တွင်လည်း အုန်းမှုတ်ခွက်များပြင်ဆင်ထားသည်ကို တွေ့ရသည်။
စာပေနှင့် စတင်လှုံ့ဆော်သူမှာ သင့်ဘ၀မဂ္ဂဇင်းတွင် သတင်းထောက် မကွေး ၀င်းမြင့်၏ ဆောင်းပါးဖြစ်၏။ ကြေးမုံတွင်လည်း လူထုအော်သံဖြင့် အုန်းမှုတ်ခွက် လှုံ့ဆော်မှု တစ်ရပ် ဖတ်ရသည်။
မကွေးဝင်းမြင့်ကပင် ယခု သီးခြား စာအုပ်ငယ်ဖြင့် တင်ပြလှုံ့ဆော်လာသည်ကို တွေ့ရပြန်သည်။ နှယ်နှယ်ရရ မဟုတ်။ အုန်းမှုတ်ခွက်ကြောင့် ရောဂါ ကင်းပုံကို ဆရာတော်နှင့် လူပေါင်းများစွာတို့၏ ဖွင့်ဟ ထောက်ခံမှုနှင့် ကွင်းဆင်း မေးမြန်းချက်များကို နေရပ်လိပ်စာများနှင့် ဖော်ပြထားသည်။
သာမန် အညောင်းပြေမဟုတ်။ လေငန်း၊ သွေးတိုးရောဂါများပင် ပျောက်ကင်းကြောင်း ဖော်ပြထားသည်။ ကိုယ်တွေ့ ထောက်ခံသူများတွင် စာရေးဆရာ သတင်းထောက်များ အပါအ၀င် လူထု ဒေါ်အမာတို့ပင် တွေ့ရ၏
ကျန်းမာစေကြောင်း အခြားနည်းလမ်းကောင်းများ ပူးတွဲပါရှိပါ၏။ ကျွန်တော်မူကား ဘာရောဂါမျှ မရှိစေကာမူ စာအုပ်ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် အုန်းမှုတ်ခွက်နှစ်လုံး ပြင်ဆင်လိုက်သည်။ လွယ်လွယ်နှင့် တန်ဖိုးကြီးသော နည်းလမ်းဖြစ်၍ စမ်းသပ်ကြည့်ကြပါကုန်ဟု နှိုးဆော်လိုက်ရပါသည်။


ဦးကြီးမောင်( ငွေဥဒေါင်း)



ဆက်လက်ဖေါ်ပြပေးပါမည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၂၀)ရက်၊ ည(၁၀း၂၀)နာရီ ကူးရေးပါသည်။
 

လူထုအော်သံ(မကွေးဝင်းမြင့်)

၂၇။ လူထုအော်သံ


(၂၂-၂-၇၇) နေ့ထုတ် ကြေးမုံ သတင်းစာတွင် လူထုအော်သံ အခန်းမှ “ အောင်သပြေ ဦးအေး၊ တာမွေ” ဆိုသော ပုဂ္ဂိုလ်တစ်ဦးက အုန်းမှုတ်ခွက် နင်းခြင်းများ၏ အကျိုးကျေးဇူးများကို အများသူငါတို့ သိကြစေခြင်းငှာ အုန်းမှုတ်ခွက်နင်းခြင်းများ၏ အကျိုးကျေးဇူးကို မခြွင်းမချန် စေတနာ အမှန်ထား၍ ရင်ဖွင့် ရေးသားထားသည်ကို တွေ့ရပါသည်။ ၎င်းတင်ပြသည့် မူရင်းအတိုင်း ဖော်ပြလိုက်ပါသည်။


အယ်ဒီတာခင်ဗျား။

ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးကိုက်၊ ခါးနာ၊ ခြေထောက်ကိုက်၊ ပေါင်ကိုက်မှ တစ်စစနှင့် ရောဂါဝေဒနာ ကြီးလာပြီး သွေးတိုးရောဂါ။ လေငန်းရောဂါ၊ မျက်စိမှုန်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အကြောအခြင်တက်ခြင်း ဝေဒနာများအထိ လူတိုင်း ဖြစ်တတ်ကြပါတယ်။

အထက်ပါ ဝေဒနာများသည် ပထ၀ီနှင့် ၀ါယော စ၍ ဖြစ်ပေါ်သော ဝေဒနာ ဖြစ်၍ ၎င်းပထ၀ီနှင့် ၀ါယောဓာတ်ကို ဆောင်ရွက်ရာတွင် ဆေးမသောက်ဘဲနှင့် အထက်ပါဝေဒနာများကို ပျောက်ကင်းစေရန်မှာ နေ့စဉ် နံနက်တစ်ကြိမ် ညအိပ်ရာဝင် တစ်ကြိမ် ရက်မပျက် မှန်မှန် လုပ်ကိုင်ရမည်။

လုပ်ရမည့် တာဝန်မှာ အုန်းမှုတ်ခွက် နှစ်ခုကို မှောက်လျှက်ထားပြီး ကိုင်စရာ နေရာတွင် ၎င်းအုန်းမှုတ်ခွက်နှစ်ခုကို ချထားပြီး အုန်းမှုတ်ခွက်နှစ်ခုကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး၊ ဘယ်ညာဟူ၍ အကြိမ်တစ်ရာ ပြည့်သောအခါ အချိန်မှာ ငါးမိနစ်မျှသာ ကြာပါသည်။ ညအိပ်ရာ ၀င်ခါနီးတွင် ခြေထောက်နှစ်ချောင်းကို ရေးဆေးပါ၊ ဆေးပြီးသောအခါ အထက်ပါအတိုင်း ဘယ်ညာ အကြိမ်တစ်ရာ ပြုလုပ်ပြီး အိပ်ပါ။

အထက်ပါ ရောဂါဝေဒနာများ မုချမသွေ ပျောက်ကင်းပါသည်။ သွေးတိုး၊ လေငန်းရောဂါ ဝေဒနာရှင်းများသည် တစ်ရက်မျှ မပျက်မကွက် ရက်ပေါင်း ခြောက်ဆယ်အတွင်း အကျိုးထူးရှိလာကြောင်း သိရပါလိမ့်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည် ခင်ဗျား။

အောင်သပြေ ဦးအေး
တာမွေ




၂၈။ စာလေးတစ်စောင် အမှတ်-၁
( ကျွန်မ အမေ မျက်စိအလင်းပြန်ရပြီ)

တစ်လောက တစ်ညနေ မကွေးတိုင်း သာသနာရေးရာ အရာရှိ ဦးတင်လှိုင်အိမ်သို့ ရောက်သွားပါသည်။ ဦးလေး ဦးတင်လှိုင်သည် ဧည့်ခန်းနှင့် မလှမ်းမကမ်းတွင် အုန်းမှုတ်ခွက် နင်းနေပါသည်။ အုန်းမှုတ်ခွက်နင်းသည် ဆိုသည်မှာ အုန်းမှုတ်ခွက် နှစ်ခုကို ကြမ်းပြင်တွင် မှောက်၍ လူက အပေါ်မှာ ခြေဖ၀ါး၊ ခြေဖနောင့်၊ ခြေဖျားတို့ဖြင့် လိုသလို နင်းခြင်းကို ဆိုလိုပါသည်။
“ ထိုင်ဗျို့….ကိုဝင်းမြင့်ကြီး၊ ပြီးခါနီးပါပြီ”
ငါးမိနစ်လောက်အကြာတွင် ဦးလေး ဦးတင်လှိုင်သည် တစ်ဘက်စောင်တစ်ထည်ဖြင့် မျက်နှာသုတ်ရင်း ဧည့်ခန်းလာထိုင်ပါတော့သည်။
“အခုတစ်လော မျက်စိ သိပ်ကြည့် မကောင်းလို့ပါဗျာ။ ဒါကြောင့် အုန်းမှုတ်ခွက်နင်းနေတာ”
“မျက်စိမှုန်တာကို အုန်းမှုတ်ခွက်နင်းရင် ပျောက်သလား ဦးလေး”
“ ပျောက်သပေါ့ဗျာ၊ ပျောက်ဆို လွန်ခဲ့တဲ့ သုံးနှစ်က ကျုပ်နဲ့ညီ အစ်ကို တစ်ဝမ်းကွဲတော်တဲ့ ဂျော်ကီဘင် ရွှေစက်တော်ဘုရားဖူးလာရင်း အိမ်မှာ တည်းသွားတယ်။
“ သူဖြစ်ပုံက မျက်စိမှုန်ရာကနေ တဖြည်းဖြည်း လုံးဝ မမြင်ရဘဲ ဖြစ်သွားတာ၊ ဒါနဲ့ သူလည်း ဟိုတုန်းက ကြားဖူးနားဝရှိတဲ့ အုန်းမှုတ်ခွက်နင်း လေ့ကျင့်ခန်း လုပ်တော့တာပဲတဲ့၊ ခြောက်လလောက် လုံးဝ ကွယ်နေတဲ့ မျက်စိဟာ အုန်းမှုတ်ခွက် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် နေ့စဉ်မပျက် သုံးလလောက် နင်းလိုက်တာ တဖြည်းဖြည်းမျက်စိတွေ ကြည်လာပြီး ခုဆိုရင် သတင်းစာကိုတောင် ဖတ်နိုင်တဲ့ အဆင့်ရှိပြီဗျ
“တယ်ဟုတ်ပါလား”
“ ဟုတ်ဆို ဒီအုန်းမှုတ်ခွက်နင်းတာဟာ အခုမှ ပေါ်လာတာမှ မဟုတ်ဘဲဗျာ။ ရှေးမြန်မာလူကြီးတွေ လက်သုံး ဆေးစွမ်းကောင်းပဲ၊ ဒါကြောင့် ကျုပ်လဲ ယုံယုံကြည်ကြည်နဲ့ နင်းနေတာ တစ်ပတ်လောက်တော့ ရှိသွားပြီ၊ မယုံလို့တော့ မဖြစ်ဘူးဗျ၊ သူက ပထ၀ီကြော မိသကိုး၊ ပြီးတော့ ဇာက်ကြောတက်၊ ခေါင်းကိုက်ပျောက်၊ အိပ်ပျော် စားဝင်ကိုးဗျ”
ကျွန်တော်လည်း အုန်းမှုတ်ခွက်နင်းသည့် လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ကြားသမျှ၊ မြင်သမျှ၊ ကိုယ်တွေ့ တွေ့သမျှ ဗဟုသုတများ ဖောက်သည်ချရင်း အိမ်ပြန်ခဲ့ပါတော့သည်။
အိမ်ရောက်တော့ အိမ်သူက…
“ အစ်ကို..လူကြုံနဲ့ စာတစ်စောင်လာတယ်၊ ထန်းလျက်တစ်ထုပ်လဲ ပေးသွားတယ်”
“ ဘယ်ကလဲ၊ ဘယ်သူ့ဆီကလဲ”
“ မကွေးကောလိပ်နေသွားတဲ့ မညိုစိမ့်ဆီက”

မညိုစိမ့်စာက…


ဦးဝင်းမြင့်ရှင့်….

တစ်အိမ်သားလုံးကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်၊ ကျွန်မလည်း ဆီမီးခုံ တွဲဘက် အ-ထ-က ကျောင်းမှာ ဆရာမ လုပ်နေပါတယ်။ ကျွန်မ အိမ်ထောင်လည်း ကျပါပြီ၊ ကလေးတစ်ယောက်ရပါပြီ၊ ကျွန်မ ခင်ပွန်းကိုတော့ ဦးဝင်းမြင့် သိမည် မထင်ပါ။ ဆီမီးခုံ ရွာကပါပဲ၊ အမေနဲ့ ကျွန်မတို့ အတူနေပါတယ်။
ကျွန်မ ရေးချင်တဲ့ အကြောင်းက တခြား မဟုတ်ပါ။ ကျွန်မ မိခင် အကြောင်းဖြစ်ပါတယ်၊ တစ်နေ့ အမေ ယာထဲက မိုးချုပ်မှ ပြန်လာပါတယ်။ ထမင်းစားဖို့ ထမင်းပြင်၊ ထမင်းစားပွဲမှာ မီးခွက်ထွန်းပါတယ်။
“ ဟဲ့ မီးခွက်ထွန်းကြပါအုံး” လို့ အမေက ပြောတယ်၊ “ ထွန်းလို့ပါကော အမေရဲ့၊ မီးခွက်ကြီး” ကျမက ဒီလိုပြောတော့ “ ညည်းတို့ ထွန်းတယ် သာ ပြောတယ်၊ ငါမမြင်ရပါလား၊ ဟုတ်ရဲ့လား” ၊ “ဟုတ်ပါတယ် အမေရဲ့”၊ “ င့ါမျက်စိ ဘယ်လိုဖြစ်တယ် မသိဘူး၊ ငါဘာမှ မမြင်ရတော့ဘူး” လို့ ဆိုမှ ကျွန်မ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပါတယ်။ အဲဒီညက တစ်ညလုံး စိတ်မကောင်းပါ၊ ရွာထဲက နားလည်သူတွေပြောတော့ ချောက်ဆေးရုံပို့ခိုင်းတယ်။ အမေကလည်း ဆေးရုံပို့မှာ သိပ်ကြောက်တယ်။ ဒီလိုနဲ့ တစ်လလောက် ကြာသွားတယ်။ တစ်နေ့မှာ ဦးဝင်းမြင့်ရေးလိုက်တဲ့ “ အုန်းမှုတ်ခွက်နင်း” ဆောင်းပါးကို သင့်ဘ၀မဂ္ဂဇင်းထဲမှာ အမှတ်မထင် ကျောင်းစာတိုက်ကြည့်တိုက်က ရလို့ ဖတ်လိုက်ရတယ်။ ဆောင်းပါးထဲမှာ လေဖြတ်တာ၊ ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေ ပျောက်ကင်းတယ်လို့ ဆိုထားပါတယ်။ အမေ့မျက်စိလည်း အထက်အခိုးမှုတ်ပြီး ဖြစ်တာဆိုတော့ ကျွန်မ အုန်းမှုတ်ခွက် အမေ့ကို နင်းခိုင်းဖို့ စိတ်ကူးမိပါတယ်။
စိတ်ကူးဟာ စိတ်ကူးပါပဲ။ လက်တွေ့ မလုပ်ဖြစ်ပါဘူး။ ကလေးက တစ်ဖက်၊ ကျောင်းက တစ်ဖက်နဲ့မို့ မအားလပ်တာကြောင့်ပါ၊ ဒီလိုနဲ့ အမေ မျက်စိကွယ်တာ သုံးလအကြာမှာ ကျွန်မ ဘေးက တွဲပြီး အမေ့ကို အုန်းမှုတ်ခွက် နင်းခိုင်းပါတယ်။ ဦးဝင်းမြင့် ဆောင်းပါးထဲ သတိပေးထားသလို အုန်းမှုတ်ခွက် နင်းပြီး ရေမချိုး၊ ရေမဆေးမိဘို့ အထူးသတိထားပြီး ဆယ်ရက်လောက် နင်းခိုင်းကြည့်တော့ အမေက “ ငါ မျက်စိ အလင်းရောင် ပျပျကလေး မြင်ရတယ်အေ့” ကျွန်မ ကတော့ အမေ ဆေးရုံသွားရမှာ ကြောက်လို့ အောက်မေ့မိတာပေါ့။
နောက်တစ်နေ့ မနက်လင်းတော့ အံ့မခန်း အမေ့ မျက်စိ အလင်းဓာတ် ရလာပါတော့တယ်။ ခုဆို သူ့မြေးကြီးကို ချီပိုးပြီး ရွာထဲ လည်ပတ်နိုင်ပါပြီ။ ဒါပါပဲ ၊ ဦးဝင်းမြင့်၊ အုန်းမှုတ်ခွက်နင်းဆောင်းပါးကို အခြေခံပြီး ကျွန်မအမေ မျက်စိကွယ်တာ စမ်းသပ်ခိုင်းရင်းက မျက်စိ အလင်းရလို့ ဦးဝင်းမြင့်ကို ၀မ်းပမ်းတသာ ကျေးဇူးတင်ရင်း အုန်းမှုတ်ခွက် နင်းတာဟာ မျက်စိကွယ်တာပါ ပျောက်ကင်းကြောင်း သင့်ဘ၀မဂ္ဂဇင်းထဲ ဆောင်းပါး ရေးပေးပါရှင့်။

မညိုစိမ့်
တွဲဘက် အ-ထ-က
ဆီမီးခုံကျေးရွာ

ကျွန်တော်သည် မညိုစိမ့်ဆီက စာဖတ်ပြီး မဖော်ပြနိုင်လောက်အောင် ၀မ်းသာ ပီတိ ဖြစ်မိပါသည်။ မျက်စိမှုန်သူများ၊ လတ်တလော အပူခိုးကြောင့် ကင်းဝေးကြပါစေ။




၂၉။ ဓမ္မဒါန ဤသို့ ပြုကြ

သင့်ဘ၀ မဂ္ဂဇင်းတွင် ပါရှိသော စာရေးသူ၏ ဆောင်းပါးကို ဤသို့ ကူးယူ၍ ဓမ္မဒါန ပြုကြသည်။
အုန်းမှုတ်ခွက်နင်း ရောဂါကင်း

(လေဖြတ် ရောဂါသည်တစ်ဦး၏ တွေ့ရှိချက် မယုံနိုင်စရာ)

ရန်ကုန်မြို့၊အောင်ဆန်း အားကစားပြိုင်ဝင်းအတွင်းမှာ ပြည်နယ်နှင့်တိုင်း လက်ဝှေ့ပြိုင်ပွဲအတွက် တိုင်းနှင့် ပြည်နယ် အသီးသီးမှ လက်ဝှေ့အသင်း အုပ်ချုပ်သူများ၊ နည်းပြ ဆရာများ၊ ၁၉၇၆ ခု၊ဇူလိုင်လ ဒုတိယ အပတ်လောက်က စပြီး ရောက်နေကြပါတယ်။ စာရေးသူလည်း မကွေးတိုင်း အားကစားမှူး ဦးတင်ထွဋ်နှင့်အတူ အောင်ဆန်း အားကစား ပြိုင်ဝင်းထဲက အခန်းတစ်ခန်းထဲမှာ ရောက်နေပါတယ်။
ညတိုင်း သူ့အခန်း ကိုယ်ဝင်၊ ကိုယ့်အခန်းသူထွက်ဆိုသလို တစ်ယောက်အခန်း၊ တစ်ယောက် ကူးသန်းပြီး အားကစားအကြောင်း၊ ရုပ်ရှင်အကြောင်း၊ ထွေရာလေးပါး ပြောဆိုကြရင်း ကျန်းမာရေးအကြောင်း၊ ဘာသာရေးအကြောင်းများပါ စုံတကာ စေ့နေပါတော့သည်။
ကျွန်တော်တို့ နှစ်ဦး တည်းခိုနေထိုင်သည့် အခန်းထဲ မကြာခဏ ရောက်လာတတ်သူကတော့ မန္တလေးတိုင်း လက်ဝှေ့အသင်းအုပ်ချုပ်သူ ဦးဘကျော် ဖြစ်ပါသည်။ သူသည် အသက်ခြောက်ဆယ် နီးနေပါပြီ။ သို့သော် လူငယ်များလို ဖျတ်လတ် သွက်လက်သည်။ စာရေးသူက…
“ ဦးလေး ဦးဘကျော်က ကွန်လွန်သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇာတ်နဲ့ သိပ်တူတာပဲ“ ဟုပြောသောအခါ ဦးဘကျော်က သူသည် ဆရာကြီး ဦးရာဇာတ်၏ ညီအရင်း အငယ်ဆုံးပင် ဖြစ်ကြောင်း၊ ပြောသဖြင့် အံ့အားသင့်ရပါတော့သည်။ သူ၏ ကျန်းမာရေး ကောင်းပုံကို မှတ်ချက် စကားပြောမိရာ…
“ ကျုပ်၊ ခုလို ကျန်းမာနေတာက တခြား ဘာဆေးမှ မစားပါဘူး၊ အုန်းမှုတ်ခွက် နင်းတာပဲ”
“ ဗျာ၊ အုန်းမှုတ်ခွက် နင်းတယ်၊ ဟုတ်လား ”
“ ဟုတ်တယ်၊ အုန်းမှုတ်ခွက် နင်းတယ်၊ ဒါကြောင့် အခုလို လူငယ် လက်ဝှေ့ သမားတွေနဲ့ နင်လားငါလား အစွမ်းပြနိုင်တာ အုန်းမှုတ်ခွက် နင်းလို့ပေါ့၊ အုန်းမှုတ်ခွက်ဟာ ဆေးပဲ”
“ ဘယ်လို နင်းတာ လဲ သိပါရစေ”
“ ဒီလိုလေ၊ အုန်းမှုတ်ခွက်ကို မြေမှာ မှောက်ဗျ၊ အဲဒါ လူကတက်နင်း၊ နင်းရင်း နင်းရင်း နင်းရင်းနဲ့ သဘောပေါက်လာလိမ့်မယ်။ ခြေဖ၀ါး အလယ်နဲ့ဖိနင်း၊ ကန်နင်းရမယ်၊ ခြေဖနောင့်နဲ့ ဖိနင်း၊ ကန်နင်းရမယ်၊ နင်းရင်းနဲ့ ကိုယ့်ဘာသာ အကြောမိ သဘောသိလာမယ်။ တစ်နေ့ နှစ်ကြိမ်ပေါ့ဗျာ၊ အနည်းဆုံးနာရီဝက်လောက် နင်းဗျ၊ သွက်ချပါဒ လို့ ခေါ်တဲ့ လေဖြတ်တာတို့၊ သွေးတိုးရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ဇက်လေး၊ ဇက်ကြောတက်၊ အို…အကုန်ပျောက်တယ်၊ လူမှာ အဓိက အရေးကြီးဆုံးက သွေးကြော လေကြောပဲဗျ။ သွေးကြော၊ လေကြော ပိတ်တာတွေကို ဖွင့်ပေးတဲ့ သဘောပဲ”
“ တယ်ဟုတ်ပါလား၊ လေဖြတ်တာတောင် ရသကိုး”
စာရေးသူက တအံ့တသြမေးတော့…
“ ဒီမှာ ကျုပ်၊ အုန်းမှုတ်ခွက် နင်းဖို့ ကြံတာကလည်း ကျုပ်လေဖြတ်ဖူးတယ်၊ ဟောဒီ ဘယ်လက်နဲ့ ဘယ်ခြေထောက်ပေါ့၊ လက်ဆုပ်လို့ လှုပ်လို့ကို မရဘူး၊ မိတ်ဆွေ တစ်ယောက်က တစ်ခြား ဘာမှ လုပ်မနေနဲ့၊ အုန်းမှုတ်ခွက်နင်းဖို့ အကြံပေးတာနဲ့ ကျုပ်လဲ စမ်းကြည့်တာ၊ ဟုတ်သဗျို့၊ တစ်နေ့ နာရီဝက် သာသာပဲ နင်းတယ်၊ ဆယ့်ငါးရက်နဲ့ ရှင်းရှင်း ပျောက်သဗျ၊ ဇက်ကြောတက်၊ ခေါင်းကိုက်၊ ဇက်လေး၊ သွေးတိုးဒါတွေ အကုန်ရတယ်။ ကျုပ်ကတော့ အုန်းမှုတ်ခွက်ကို လက်မလွှတ်တော့ဘူး၊ အဲ…. တစ်ခု သိထားရမှာက အုန်းမှုတ်ခွက် နင်းပြီးရင် ရေမချိုးမိဘို့ပဲ၊ အကောင်းဆုံးကတော့ အိပ်ယာဝင်မှာ နင်းရင် အကောင်းဆုံးပဲ”
ဦးလေး ဦးဘကျော်က အုန်းမှုတ်ခွက်နင်း၍ မည်သူလေဖြတ်တာ ပျောက်ကြောင်း၊ သွေးတိုးရောဂါကင်းရှင်းကြောင်း၊ စာပေလောက၊ ရုပ်ရှင်လောက၊ အားကစားလောကမှ နာမည်ကျော် ပုဂ္ဂိုလ်တွေ တစ်ယောက်ပြီး တစ်ယောက် အထောက်အထား နာမည်နှင့်တကွ ပြောပြ သွားပါသည်။
ထို့ကြောင့် စာရေးသူက အလကား မနေဘဲ အုန်းမှုတ်ခွက် နင်းကြသူများထံ သွား၍ စုံစမ်းပါသည်။ မီးရထားဘက်က မိတ်ဆွေ တစ်ယောက်နှင့် စကားစပ်မိကြတော့ သူလည်း အုန်းမှုတ်ခွက် တိတ်တဆိတ်နင်းလာတာ ဆယ်နှစ်ကျော်ပင် ကြာပြီ ဖြစ်ကြောင်း ပြောပြပါတော့သည်။ ထိုပုဂ္ဂိုလ်လည်း ဦးလေး ဦးဘကျော်လိုပင် ဖျတ်လတ် သွက်လက် နေပါသည်။ တစ်လောက ရုပ်ရှင်ရုံထဲ ဆိုးသွမ်းလူငယ်နှစ်ဦးက အမျိုးသမီးလေးတစ်ဦးကို ရိုင်းရိုင်းပြပြ လုပ်သည်ကို ကြားက သည်းမခံနိုင်၍ လက်သီးစွမ်းပြလိုက်သည်ဟု ဆိုပါသည်။
မန္တလေးတိုင်းမှ လက်ဝှေ့ အသင်းအုပ်ချုပ်သူ ဦးဘကျော် ပြောပြသည့် စာပေ လောကမှ ပုဂ္ဂိုလ်အချို့အိမ်ကို မယောင်မလည် အကဲခတ်၍ ကြည့်မိပါသည်။ ဟုတ်ပါသည်။ သူတို့ အုန်းမှုတ်ခွက်ကို နင်းနေကြပါသည်။
အံ့သြစရာ အကောင်းဆုံးကတော့ ဆရာဝန်မ တစ်ဦး၏ မိဘနှစ်ပါးက သမီးဆေးထိုးတာ သူတို့ သွေးတိုးရောဂါ မပျောက်၊ အုန်းမှုတ်ခွက် နင်းမှာ ဇက်ကြောတက်၊ သွေးတိုး ပျောက်တော့ကြောင်း တအံ့တသြ ကြားသိရပါသည်။
ထို့ကြောင့် ဆေးဖိုးဝါးခ မကုန်၊ ကရီကထလည်းမများ၊ အနင်းအနှိပ်သည်လည်း ခေါ်စရာ မလိုသော အုန်းမှုတ်ခွက်နင်းခြင်းကို ကိုယ်တွေ့ မဟုတ်၍ မယုံကြည်သေးသည့်တိုင် စမ်းသပ်ကြည့်ကြပါကုန်ဟူ၍ စေတနာကောင်းနှင့် တင်ပြလိုက်ရပါသတည်း။
အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ရောဂါခပင်း ကင်းဝေးကြပါစေ။

မကွေးဝင်းမြင့်



ဆက်လက်ဖေါ်ပြပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၁၉)ရက်၊ည(၇း၃၀) ကူးရေးပါသည်။