ဝမ်းသာလိုက်ပါပြီ..မြစ်မင်းဧရာဝတီ...








မင်္ဂလာသတင်းကြီးပါ။

ဒီနေ့ နံနက်(၉)နာရီတွင် မကွေးမြို့ တောင်တွင်းလမ်း၊ ကပ်ကျော်ကမ္ဘာအေးကျောင်း၊ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ဆီမှာ သတင်းမီဒီယာတွေ့ဆုံပွဲလေး လုပ်ဖြစ်ပါတယ်။ သင်တန်းနည်းပြဆရာကတော့ ရန်ကုန်မှ ဆရာဦးရဲနိုင်မိုးပါ။ မြန်မာပြည်က မျိုးဆက်သစ် သတင်းမီဒီယာများရဲ့ လူငယ်မီးရှုးတန်ဆောင်တစ်ဦးဆိုရပါမည်။ နှစ်နာရီခန့် သတင်းမီဒီယာပညာရပ်ဆိုင်ရာများကို ပြောကြားပေးပါတယ်။ မှတ်သားစရာများပါ။ ဒါကြောင့်လည်း ကမ္ဘာအရပ်ရပ်က ဆရာဦးရဲနိုင်မိုးအား ဖိတ်ကြားပြီး သင်တန်းပို့ချစေတာကို။ ယနေ့ မြန်မာပြည်မှာ အားကိုးထိုက်တဲ့ သတင်းမီဒီယာဆရာတစ်ဦး ဆိုလျှင်မှားမည် မဟုတ်ပါ။

သင်တန်းပြီးလို့ ဆရာရဲနိုင်မိုးနဲ့ ကျွန်တော်တို့ဧည့်ခံစားသောက်ဝိုင်းမှာ ဆရာရဲနိုင်မိုးထံ တယ်လီဖုန်းသတင်းများဆက်တိုက် ဆက်တိုက် ၀င်လာပါပြီ..။ မြန်မာပြည်အတွက် အလွန်အရေးကြီးတဲ့ (မင်္ဂလာ..မင်္ဂလာ သတင်းကောင်းကြီးဖြစ်ပါတယ်။)မြန်မာတစ်ပြည်လုံးစိတ်ဝင်တစား စိုးရိမ်သောကဖြစ်နေတဲ့ ( ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးအား သမ္မတဦးသိန်းစိန်မှ လုံးဝရပ်ဆိုင်းလိုက်ကြောင်း၊ လွှတ်တော်များသို့ သ၀ဏ်လွှာပို့လိုက်ပါကြောင်း) သတင်းများ ဆက်တိုက်ဆက်တိုက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဂျာနယ်တိုက်များက ဖုန်းဆက်သတင်းပေးပို့ ကြပါတယ်။

ကျွန်တော်တို့ တစ်တွေများစွာ ၀မ်းသာအားရဖြစ်လိုက်ရပါတယ်။ စားသောက်နေတာကတွေကို အားလုံးရပ်ဆိုင်းလိုက်ပြီး ဒီသတင်းကို တယ်လီဖုန်း၊ အင်တာနက်၊ ၀က်ဆိုဒ်များမှ ဖြန့်ဝေလိုက်ရပါတယ်။ ကျွန်တော်တို့ ၀မ်းသာလိုက်ရပါပြီ..မြစ်မင်းဧရာဝတီ....။

ရွှေလမ်းငွေလမ်းဝင်းကြည်

(Facebook မှာ တွေ့ရတာကို ကူးယူ ဖော်ပြပါတယ်)
ပြည်သူ့ဆန္ဒနှင့် ပြည်သူ့သမ္မတ
မောင်ဝံသ

ယနေ့ သတင်းကောင်း ကြားကြားချင်း ၀မ်းသာအားရ ရေးလိုက်တာပါ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို မိမိတို့ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ရှုထောင့်က ကြည့်ရင် အတိုင်းမသိ ၀မ်းမြောက် အားတက်ဖွယ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုလိုဆုံးဖြတ်လိုက်ခြင်း ဟာ မြစ်ဆုံဆည်စီမံကိန်းကြောင့် မအိပ်နိုင် မစားနိုင်လောက်အောင် သောက ဗျာပါဒတွေ ဖိစီးခံနေရတဲ့ ကချင်ပြည်သူများအပါအ၀င် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးက ပြည်သူလူထုအများစုကြီးရဲ့ လိုအင်ဆန္ဒနဲ့ တစ်ထပ်တည်း ကိုက်ညီနေလို့ ဖြစ်ပါတယ်။

ပြည်သူ့သမ္မတဂုဏ်ပုဒ်
သမ္မတကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းတွင် သွား တော့မှာ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဆောင်ရွက်ချက်ကို အချိန်မနှောင်းမီ ဖော်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဦးသိန်းစိန်ဟာ ပြည်သူ့သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန် သွားပြီလို့ ကျွန်တော်တို့ ရည်ညွှန်းလိုပါတယ်။

အရင်အစိုးရနဲ့မတူ
မြစ်ဆုံဆည်စီမံကိန်းဟာ အရင် အစိုးရရဲ့ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရ မတူကွဲပြားတာက လက်ရှိအစိုးရဟာ ရွေးကောက်ပွဲနည်းနဲ့ တက်လာတာ ဖြစ်ပါတယ်။ ပြည်သူကို တာဝန်ခံရပါတယ်။ ပြည်သူတွေ လိုလားတာကို ဆောင်ရွက်ရမှာ ဖြစ်ပြီး ပြည်သူတွေ မလိုလားတာကို ပယ်ဖျက် ရုပ်သိမ်းဖို့ တာဝန်ရှိပါတယ်။

ဥပဒေက အုပ်ချုပ်တဲ့စနစ်သို့
လူမပြောင်းသည့်တိုင်အောင် မူပြောင်းရင် ပြောင်းလဲတဲ့ မူအတိုင်း ဆောင်ရွက်ခြင်းဟာ မူကို အလေးထားသော အကောင်အထည်သူများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ လူက အုပ်ချုပ်တာ မဟုတ်ဘဲ မူ (တစ်နည်း) ဥပဒေက အုပ်ချုပ်တဲ့ စနစ်ဟာ အလိုလားအပ်ဆုံး ဖြစ်တဲ့အတွက် အများပြည်သူတို့က လှိုက်လှဲစွာ ကြိုဆိုကြမှာ သေချာပါတယ်။


ဆက်လုပ်ဦးမှာလား
လက်ရှိအစိုးရလက်ထက်မှာ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား မယ်ဆိုတော့ နောင်အခါ မြစ်ဆုံဆည်ကြီးကို မဖြစ်မနေ ဆက်လက် တည်ဆောက်မယ်လို့ သန္နိဋ္ဌာန်ချထားသူများ အစိုးရဖြစ်လာရင် ဆက်လုပ်ကြလေမလားလို့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအတွက် မပူပါဘူး။ ပြည်သူလူထုရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်လိုတဲ့ အင်အားစုများ ခေါင်းထောင်မလာ အောင် ပြည်သူ့စွမ်းအားနဲ့ ပယ်ရှားသွားဖို့ပဲ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများသာ ရှိနေပါစေ၊ ပြည်သူ့အဆုံးအဖြတ်ကသာ ပဓာန ဖြစ်လာတော့မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုက်ပါရစေ။

အများမျှော်လင့် စောင့်စားနေကြတဲ့ နိုငှ်ု့ရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပါ တစ်ဆက်တည်း လိုက်ပါလာရင်ဖြင့် ပြည်သူ့သမ္မတကြီးလို့ ပြည်သူတွေက ခေါ်ဆိုလာကြတော့မယ်လို့ ကျွန်တော် မြင်ယောင်နေပါတယ်။

ပြည်သူတို့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်သည့် ပြည်သူ့အစိုးရများ ပေါ်ထွန်းလာသည့်နှင့်အမျှ ပြည်သူ့ဆန့်ကျင်ရေးသမားများအတွက် နေရာမရှိတော့မှာ ဧကန် ဖြစ်ပါတော့သည်။
====================



ဧရာဝတီ ဘလော့မှ တဆင့်ကူးယူဖော်ပြပါသည်။


မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းထားမည်ဟု သမ္မတ က လွှတ်တော်သို့ သဝဏ်လွှာပို့
- လင်းဝေကျော် |38- Hits|

Posted by လင်းဝေကျော် on Sep 30, 2011 in Myanma News, News | 14 comments

အငြင်းပွားမှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေသော မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားရန် နေပြည်တော်တွင်ကျင်းပလျှက်ရှိသော လွှတ်တော်နှစ်ရပ်လုံးသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သ၀ဏ် လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားချက် ကို ပြည်တွင်းမီဒီယာများက မှန်ကန်ကြောင်း အတည်ပြုပြောကြားနေကြပါသည်။
၂၀၁၁ မတ်လ ၃၀ ရက်နေ့မှ စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်မှာ ၅ နှစ်တာသက်တမ်းတာဝန်ထမ်းဆောင်သွားမည်ဖြစ် ကြောင်း ၄င်း၏ သက်တမ်းအတွင်း ဤစီမံကိန်းကို ရပ်တန့်ထားမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း အင်တာနက် စာမျက်နှာများပေါ်တွင် ဖော်ပြနေကြပြီဖြစ်သည်။

သဝဏ်လွှာတွင် အချက် ၅ချက်ပါရှိပါသည်။
နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်မှာ
နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

(၅) ဧရာဝတီမြစ် ထိခိုက်ပျက်စီးနိုင်ခြင်း စသည့် အချက်များကြောင့် ပြည်သူ့အချို့မှာ စိုးရိမ်ပူပန်မှု ရှိနေသည်ကို ကြားသိနေရပါသည်။ မိမိတို့အစိုးရသည် ပြည်သူများရွေးချယ်တင်မြောက်သည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သိုပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အကြောင်းကြားအပ်ပါသည်။

စသည်များ သဝဏ်လွှာတွင် ပါဝင်ကြောင်း ကြားသိရပါသည်။

သမ္မတဦးသိန်းစိန်အား ကျေးဇူးတင်ပါကြောင်း လှိုက်လှဲစွာ ဂုဏ်ပြုပါကြောင်း အင်တာနက်စာမျက်နှာများပေါ်တွင် ဝမ်းသာဖွယ်ရာ ပျံ့နှံ့နေပါသည်။
ဤသတင်းသာ အမှန်ဖြစ်ခဲ့ပါလျှင် မြန်မာပြည် သည် သဘောထားကြီးမြတ်သော၊ လူထုနှင့် တိုင်းပြည်ကို ငဲ့ကွက်သောသူ၏ ဦးဆောင်မှုတွင် ရောက်နေပြီလားဟု ဝမ်းသာဖွယ်ရာတွေးမိကြသူများလည်း အပြန်အလှန် ဆက်သွယ်ထင်မြင်ချက်များပေးနေကြပါသည်။
သို့သော်လည်း အချို့သော နေရာများ၌ အစိုးရဘက်မှဟု ယူဆရသူများက ဒီမိုကရေစီအုပ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချရေးသားနေမှုများ အင်တာနက်ပေါ်တွင် အီးမေးလ်တွေထဲတွင် ဆက်လက် ရေးသားလျှက်ရှိပြီး ဝါဒဖြန့်မှု ဆက်လက်ရှိနေဆဲကိုလည်း တွေ့နေရပါသေးသည်။
About လင်းဝေကျော်

မန္တလေးဂေဇက် မှ ကူးယူးဖော်ပြပါသည်။
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)






မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)
၁၈-၉-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းက (၄၄)မြောက်ကြိမ်ပါ။ဧည့်သည်တော် မန္တလေးမြို့က ခေတ္တရာမန်း သန်းမြင့် ရောက်လာပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာ ကိုမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာတက္ကသိုလ်ရည်ရွယ် နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်စကားဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့ `ဒေါသ´ပါပဲ။ ဒေါသကြောင့် ကြေကွဲစရာတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ဒေါသကြောင့် ဘ၀တိုးတက် ကြီးပွားချမ်းသာရေး အဟန့်အတားဖြစ်ကြရပါတယ်။ အဲဒီဒေါသကို သတိကြီးစွာထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်တိုးတက် ကြီးပွားချမ်းသာကြပါတယ်။ လူရဲ့စိတ်ထဲမှာ ဒေါသဟာ အမြဲရှိမနေပါဘူး။ မကြေနပ်တာတွေကို မြင်ရ၊ ကြားရမှ ဒေါသစိတ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ နွားနှစ်ကောင်း ဝှေ့တာကို မြင်ဘူးကြပါလိမ့်မယ်။ တစ်ကောင်နဲ့ တစ်ကောင် ဒေါသတစ်ကြီးနဲ့ ဝှေ့နေကြတာ။ ဦးခေါင်း ဦးချိုတွေမှာ သွေးသံရဲရဲ။ နောက်ဆုံးတော့ အားငယ်တဲ့ နွားကထွက်ပြေးတယ်။ အားကြီးတဲ့နွား ကျန်ရစ်ခဲ့တယ်။ အဲဒီအားကြီးတဲ့နွားကိုကြည့်လိုက်တော့ နွားဦးချိုမှာ သွေးသံရဲရဲနီပြီး တဆတ်ဆတ်တုန် လို့ နာကျင်ကျန်ရစ်ခဲ့ပါတယ်။ ပြိုင်ဘက်နွား ထွက်ပြေးသွားတော့ အဲဒီနွားမှာ ဒေါသ မရှိတော့ဘူး။
ဒေါသဆိုတာ ယမ်းနဲ့ မီးတွေ့မှ လောင်ကျွမ်းပါတယ်။ အဲသလိုပါဘဲ။ ဒေါသကို သတိတရားနဲ့ ထိမ်းသိမ်းမယ်ဆိုရင် ရပါတယ်။ ဥပမာ တစ်ခုပြောရရင်တော့ တောရကျောင်း ဆောက်တည်နေတော်မူတဲ့ ဆရာတော်ကြီးတစ်ပါးက သူဆွမ်းဘုန်းပေးပြီး ဆွမ်းကျန်များကို ခွေးနှစ်ကောင်အား ကျွေးပါတယ်။ အဲဒီခွေးနှစ်ကောင်ဟာ စားအိုးစားခွက် တစ်ခုစီနဲ့ ထည့်ကျွေးပေမယ့် ဖြောင့်ဖြောင့်တန်းတန်း မစားကြပါဘူး။ တစ်ကောင်နဲ့ တစ်ကောင် အစားမာန်ထနေကြတယ်။ နေ့တိုင်း ဒီလိုဖြစ်နေတော့ တုတ်တစ်ချောင်းနဲ့ရှာကိုင်ပြီး ဆွမ်းကျန်တွေ ကျွေးပါတယ်။ ဒါလည်းမရဘူး။ တစ်ကောင်နဲ့ တစ်ကောင် မာန်ဖီနေကြတော့ ဆရာတော်ကြီးကလည်း တုတ်ကြီးတစ်ချောင်းနဲ့ တဟဲ့ဟဲ့ နဲ့ ငေါက်နေတယ်။ မရဘူး ခွေနှစ်ကောင်က ကိုက်နေကြတာဘဲ။ ကြာတော့ ဆရာတော်ကြီးလည်း ဒေါသစိတ်ဝင်လာပါတယ်။ တဟဲ့ဟဲ့ကြားက ကိုက်ရမလားဆို ကိုင်ထားတဲ့ တုတ်ကို မြှောက်တဲ့ပြီး ရိုက်ဆုံးမဖို့ မြှောက်နေရင်းက ရုတ်တရက် သတိတရားလေး ဖြတ်ကနဲဝင်လာတယ်..။ (ဒီခွေးနှစ်ကောင်နော်..ငါရိုက်လိုက်ရ..၊ ငါပါသုံးကောင်ဖြစ်သွားတော့မှာဘဲ။) ဆိုပြီး သူ့စိတ်ထဲဝင်လာတဲ့ ဒေါသကို သတိကြီးစွာထားပြီး ပြန်ထုတ်လိုက်ပါသတဲ့..။ အဲဒီတော့ဗျာ.. ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ ဒေါသကလေးများ ဖြစ်လာမယ်ဆိုရင်.. တစ်ကနေ..တစ်ရာအထိ ရေလိုက်ပါ။ သတိကလေးနဲ့ ဒေါသကို ထိန်းသိမ်းနိုင်ကြပါစေ..။ ဟု ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာခေတ္တရာမန်း သန်းမြင့်ကတော့ ရှိတ်ဂျာနယ် မှာ သတင်းအားနည်းနေပါကြောင်း၊ ကျန်နေတဲ့ အခြားမြို့နယ်များသို့ ယခုထက်ပိုမို ဖြန့်ချိစေလိုပါကြောင်း တို့ကို အကြံပြုပြောဆိုသွားပါတယ်။ ဆရာဇော်မင်းကြည်ကလည်း ရှိတ်ဂျာနယ်မှာ ဖော်ပြပေးတဲ့ ရှေးအကျဆုံး သရက်မြို့မှ ဂေါက်ကွင်း နဲ့ သရက်မြို့က သမိုင်းဝင် အထကကျောင်း သတင်းဆောင်းပါးကို ဖတ်ရလို့ အားရ၀မ်းသာ ဖြစ်မိပါကြောင်း၊ သတင်းဆောင်းပါးရှင် ဆရာအေးဝေ(သရက်) (ခ) ၀ရဇိန်(သရက်) အား အထူးကျေးဇူး တင်မိပါကြောင်း၊ ကျွန်တော်တို့ လူငယ်တွေအတွက် မသိသေးတာများကို ဆက်လက်ဖော်ထုတ်ရေးသား ပါရန် တောင်းဆို မေတ္တာရပ်ခံသွားပါတယ်။
ဒီတစ်ပတ်မှာတော့ ၁၉၉၅၊ သြဂုတ်လထုတ် ကြီးပွားရေးလမ်းညွှန်ဂျာနယ် စာအုပ်မှ ကွယ်လွန်သွားခဲ့သော ကလေးမြို့က(အထင်ကရ၊နာမည်ကြီးဆရာတော်ဘုရား) ကဗျာဆရာ မြဆင့်ချယ် ရေးသားဖော်ပြခဲ့တဲ့ သမိုင်းမှာ ကဗျည်းတင်ပြီး ပထဆုရ (ရထားအမေ) ဆိုတဲ့ကဗျာနဲ့ အထူးအမှတ်တရ ရွတ်ဆိုဂုဏ်ပြုလိုက်ပါတယ်..။
ရထားအမေ
*ရွှေတိဂုံဘုရားဖူး မသွားရရင်နေပါစေ
မသေခင်တစ်ခါတော့
ရထားစီးဖူးသွားချင်တယ်ဆိုတဲ့ အမေ။
အမေရေ…
ရထားစီးရဖို့ အောက်ပြည်အောက်ရွာသွား
ဒုက္ခများစရာ မလိုပါဘူးအမေ။
အဖေ့မွေးရပ်မြေ`ကလေး´က ပြေးထွက်လာမယ့်ရထားဟာ
အမေ့မွေးရပ်မြေ`နတ်ချောင်း´ဆီ ဦးတည်ခုတ်မောင်းဖို့
အသင့်ဖြစ်လို့နေပေါ့။
*တက်..အမေ..တက်တက်
သားလက်ကို မြဲမြဲကိုင်
ရထားခုံဖြူဖြူတွေပေါ် ရဲရဲထိုင်စမ်းပ။
အမေမှမဟုတ်
ရှင်ဘုရင်ကနေ သူတောင်းစားထိုင်
လွတ်လပ်စွာတက်စီး ခရီးနှင်နိုင်ပါတယ် အမေ။
*ကလေးမြို့သက်တမ်း နှစ်ထောင်ကျော်မှ
ပေါ်လာတဲ့ရထားဟာ
မိုးပေါ်က ကျလာတာ မဟုတ်ဘူး
မြေကြီးထဲက ထွက်ပေါ်လာတာ မဟုတ်ဘူး
ဘုရားသခင်က ဖန်ဆင်းပေးလိုက်တာလည်း မဟုတ်ဘူး အမေ။
ဟောသည်မြေက..
အဖေတွေ..အမေတွေ
သားတွေ…သမီးတွေ
ချွေးသီး ချွေးပေါက်တွေကို ရွှေလိုဥ
ပညာရှင်တွေက…ထုဆစ်
ခရီးတန်ဆာသစ်ဖော်သူတွေက ဖြန့်ဝေတော့
အမေရေ….
ရထားတဲ့ဗျ
ထိုင်နေရတာအားမရလို့ မတပ်ရပ်စီးချင်စီး
ထခုန်ပြီး နေလိုနေ
လမ်းခရီးမှာ တွေ့သမျှလက်ပြပြီး အော်ချင်အော်
အမေရယ်…ပျော်လိုက်စမ်းပ
ပျော်လိုက်စမ်းပ…အမေရယ်။
*ကလေး- နတ်ချောင်းကို
အဦးဆုံးခုတ်မောင်းမယ့်
ဟောသည်…ရထားဟာ
ဥရောပက သံလိုက်ရထားထက်လည်း အဖိုးတန်တယ်..
ဂျပန်က ကျည်းဆန်ရထားထက်လည်း အမျိုးမှန်တယ်…
ဂျပန် ဥရောပက ရထား…အလကား
ဟောသည်…ကလေး-နတ်ချောင်းရထားကမှ
အမေတွေနဲ့ ကျွန်တော်တို့ဘ၀တွေကို သယ်ဆောင်
လူမွှေး သူမွှေးပြောင်စေမှာပါ အမေ။
*ဟော မကြာခင်ဆို
အမေ့သားကြီး မှန်းမှန်းပြီးပြောနေရတဲ့
ဂန့်ဂေါကိုပဲ သွားမလား…
အမေ့သမီးကြီး`တုပ်ဖြူ´ရှိတဲ့
ပခုက္ကူကိုပဲ သွားမလား
ဘွားခနဲ…ဘွားခနဲ
ရထားသံလမ်းတွေ ရင်ခုံသံချင်းဆက်
ခရီးထွက်ရမှာ ကြောက်တဲ့ အမေဟာ
အိမ်မှာမှ နေတတ်ပါဦးမလား။
*ဟော… ဟိုမှာအမေ
အထင်ကြီးတစ်ခွဲသားနဲ့ မဟုတ်
ရိုးရိုးရုပ်လေးနဲ့ပါ အမေ
အမေ့သားကြီးလို ညိုမောင်းမောင်းနဲ့
ဖုန်တထောင်းထောင်း လူတွေအကြား
အားရပါးရ စကားပြောနေတာ
``ရထားဝန်ကြီး ဦးဝင်းစိန်´´…တဲ့
အမေတို့ ကျွန်တော်တို့ ဇိမ်ကလေးနဲ့ ခရီးသွားနိုင်ဖို့
သူမို့ လုပ်နိုင်တယ် အမေရယ်။
*ကြည့်စမ်းပါအုံးအမေ
ရထားလမ်း လုပ်အားပေးတုန်းက
အမနာပပြောသူတွေ
သွားပုပ် လေလွှင့် ပြောသူတွေလည်း
ခုတော့မှ သဘောပေါက်
ချွေးပေါက်ပေါက် ကျရကျိုးနပ်…
အောင်မယ်…ရထားကြီးနဲ့တောင်
အမှတ်တရ ဓာတ်ပုံတွေတွဲရိုက်ဖို့
ဓာတ်ပုံဆရာတွေကိုလက် လိုက်လိုက်ဆွဲနေကြတယ်အမေ။
*ဟောသည် ရထားလမ်းဟာ
ဂျပန်ခေတ်ကလို ချွေးတပ်ဆွဲ စေခိုင်းခဲ့တာမဟုတ်
အင်္ဂလိပ်ခေတ်ကလို အာဏာနဲ့ စေခိုင်းခဲ့တာမဟုတ်
ဒါ…တို့လုပ်ကိုလုပ်ရမယ်လို့ ယုံကြည်
အားနဲ့ မာန်နဲ့
လုပ်အားကိုယ်စီ ပေးဆပ်ခဲ့ကြတာပါအမေ။
*ဒါဟာ…
ကျွန်တော်တို့ယုံကြည်စွာ ၀တ်ဆင်ခဲ့တဲ့
မော်ကွန်းသမိုင်းလည်းဖြစ်တယ်။
အမေရေ….
ဟောသည်ရထားဟာ
လူတွေ…ကုန်စည်တွေကိုတင်
တင်ဆောင်လာတာ မဟုတ်ဘူးအမေ။
*ယဉ်ကျေးမှုတွေ
စည်းလုံးညီညွတ်မှုတွေ
စည်ပင်ဖွံ့ဖြိုးမှုတွေ…ကို
တနင့်တပိုး သယ်ဆောင်လာလို့
ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက်
မဆုံးတဲ့ခရီးရှည် ခုတ်မောင်းပေးနေတယ်ဆိုတာလည်း
အမေ့အသည်းထဲ မြဲအောင်မှတ်
အလှရိုက်ဓာတ်ပုံတစ်ပုံလည်း မဟုတ်ဘူးအမေ။
*မေနဲ့ဖေရေ…
မေနဲ့ဖေ ပျိုရွယ်စဉ်ကလို
ကလေး-နတ်ချောင်းခရီးကို
လှည်းကြီးတအီအီစီးလို့
အချိန်တွေ မနည်းကြီးပေးပြီး
အနီးကလေးတွေကို
အဝေးကြီး မဖြစ်စေတော့ပါဘူးအမေ။
ကလေးမြို့က ထမင်းပေါင်း
နတ်ချောင်းမှာ ပူပူနွေးနွေးစား
နတ်ချောင်းက သပြေပန်း
ကလေးမြို့ဘုရားခန်းတွေမှာ အညွန့်တလူလူနဲ့
နတ်ချောင်းသားနဲ့ ကလေးသူ
နတ်ချောင်းသူနဲ့ ကလေးသား
အောင်သွယ်တော်ရထားလည်း ဖြစ်လိမ့်မယ်။
*အမေရေ…..
ရထားတွေဟာ
ဘူတာနဲ့ ခရီးလမ်းတွေကို ဖြတ်သန်းခဲ့သလို
အမေတွေဆိုတာလည်း
ဘ၀ခရီးကြမ်းများစွာကို ဖြတ်သန်းခဲ့၊
ပျော်ရွင်မှု ဘူတာတွေမှာလည်း ရပ်နားခဲ့
ဒီလိုနဲ့ မျိုးဆက်သစ်တွေဖြစ်လာ
တိုင်းပြည်လည်း သစ်သထက်သစ်လာပေါ့။
*အမေရေ..
ကျွန်တော်တို့ ဘ၀တွေ
ရ-ထားသင့်သမျှတွေ ရ-ထားစေဖို့
``ရထား´´လာပြီအမေ…
ရ…ရထားကြီးပျော်ပျော်စီးနိုင်ဖို့
ရထားကြီးလာပြီအမေ…
အမေတွေလာပြီအမေ။
*ဘ၀တွေမှာ ကြားနေခဲ့ရတဲ့
ထပ်ပြန်တလဲလဲ ကျယ်လောင်သံတွေထဲ
ကျယ်လောင်သံတွေ ထပ်ပြန်တလဲလဲမှာ
ဒီအသံသာ အချိုးမြိန်ဆုံး..
ဒီအသံသာ အင်အားအသစ်ကို ဖြစ်စေဆုံး..
ဒီအသံသာ ယုံကြည်စိတ်အချရဆုံး…
ဒီအသံသာ ဘ၀တွေကို ကျေနပ်စေရဆုံး…
ဂျုံး ဂျက်ဂျက်…ဂျုံးဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်..နဲ့
ဘ၀ဂ်လျံထွက်မဲ့- ရ- ရထားသံပါအမေ။ ။
မြဆင့်ချယ်
မှတ်ချက်။ ။ ပခုက္ကူ-ကလေးရထားလမ်းနှင့် ပတ်သက်၍ စာပေပြိုင်ပွဲတစ်ရပ် ကလေးမြို့တွင် ကျင်းပခဲ့သည်ဟုဆိုပါသည်။ ဖော်ပြပါ ကဗျာပြိုင်ပွဲတွင် ပထဆုရ ကဗျာဖြစ်ပါသည်။ (အယ်ဒီတာ-ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ တွဲ(၄)အမှတ်(၉)။ ၈/၁၉၉၅)

စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADEစာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

SHADE Journal | အတွဲ(၅)| အမှတ်( ၄၁ )

  • အမည် : SHADE Journal | အတွဲ(၅)| အမှတ်( ၄၁ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၅)| အမှတ်( ၄၁ )
  • ရက်စွဲ : 28.9.2011
 

`အပိုဆုတွေနဲ့ မက်လုံးပေးပြီး အောင်ဘာလေထီဈေးတွေ ဈေးကြီးနေတော့မှာလား..?´



`အပိုဆုတွေနဲ့ မက်လုံးပေးပြီး အောင်ဘာလေထီဈေးတွေ ဈေးကြီးနေတော့မှာလား..?´
ပြည်သူ့လွှတ်တော်မှာ အစိုးရအောင်ဘာလေထီကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမေးမြန်းတာ ကြားလိုက်ရ ပါတယ်။ အောင်ဘာလေထီတစ်စောင် အစိုးရဈေး(၂၀၀)ကျပ်မှ ထီတစ်စောင်(၃၅၀)ကျပ်အထိဖြစ်နေလို့ အများပြည်သူ များအတွက် အစိုးရထုတ်ဈေး(၂၀၀)ကျပ်နဲ့ ထီထိုးနိုင်အောင်မည်ကဲ့သို့ဆောင်ရွက်ပေးမည်လဲ အဆို မေးမြန်းချက်အား ကြားလိုက်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးကဖြေကြားရာမှာ အောင်ဘာလေထီစနစ်သည် ရောင်းရငွေ၏(၄၀%)ကို နိုင်ငံတော်မှနုတ်ယူပြီး ကျန်(၆၀%)အား ဆုငွေများအဖြစ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် ၀င်ငွေ ရငွေများရဲ့(၉၀%) မှာ အခွန်ဦးစီးဌာနမှရှာဖွှေပေးနေပါကြောင်း၊ အောင်ဘာလေထီဌာနမှ အများပြည်သူများအတွက် လူတစ်ဦးလျှင်(၂၀၀)ကျပ်ဖြင့် ထီထိုးနိုင်အောင် လက်လီရောင်းချပေးစေလိုတာကို မဖြစ်နိုင်ပါကြောင်း၊ အောင်ဘာလေ ထီဌာနမှ ယခင်ကပေးထားတဲ့အတိုင်း လက်ကားထုတ်ယူခွင့်ရသူ ကိုယ်စားလှယ်များကိုသာ ဆက်လက်ထုတ်ပေးနေပါ ကြောင်း၊ အောင်ဘာလေထီလက်မှတ် များကို ထုတ်ယူသူကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်ထားသောခွဲတမ်းအရ အပြတ်ထုတ် ပေးခြင်းဖြစ်ပါကြောင်း၊ မရောင်းရတဲ့ လက်ကျန်ထီလက်မှတ်များကို အောင်ဘာလေထီဌာနမှ ပြန်လည် လက်မခံပါကြောင်း၊ အောင်ဘာလေထီဌာန အနေဖြင့် တလလျှင် အက္ခရာ(၂၄) လုံးထုတ်လျှင် ယင်းထီလက်မှတ် များကို တစ်လချင်း အပြီးအပြတ်ရောင်းချပေးထားပါ ကြောင်း၊ ဒါကြောင့် ထီလက်ကားထုတ်ယူရောင်းချနေသော ကိုယ်စားလှယ်များ အနေနှင့် ကျန်နေသောထီလက်မှတ်များအားမရှုံးစေရအောင် ထီလက်မှတ်မကျန်စေရအောင် အပိုဆုများ ဖြင့်မက်လုံးပေးပြီး ရောင်းချ ပေးနေရတာဖြစ်ပါကြောင်း စတဲ့ မေးမြန်းဖြေကြားချက်များကို ကြားသိလိုက်ရပါတယ်။ (၈-၉-၂၀၁၁ နေ့ ပြည်သူ့လွှတ်တော်မှ ပြောကြားချက်များအား နားလည်သမျှကို ကောက်နုတ်ဖော်ပြပါသည်။ ၈-၉-၂၀၁၁ နေ့ထုတ်ကြေးမုံ သတင်းစာ မိတ္တူဖော်ပြလိုက်ပါ၏။)
အထက်မှပြောကြားအပြီး နောက်တစ်နေ့မှာ ယခု(၂၇၃)ကြိမ်အောင်ဘာလေထီ အက္ခရာ(၂၄)စောင်ပါ မင်္ဂလာစုံတွဲ ထီတစ်အုပ်လျှင် လက်ကား ဈေးနှုန်း(၆၇၀၀)ကျပ်မှ (၂၀၀)ကျပ်ဈေးတက်သွား၍ မင်္ဂလာစုံတွဲ ထီတစ်အုပ်ဈေးနှုန်း (၆၉၀၀)ကျပ်သို့ ဈေးတက်သွားပါသည်။ လက်လီဈေးကွက်တွင် မင်္ဂလာစုံတွဲ တစ်အုပ်လျှင် (၇၅၀၀)ကျပ် ရောင်းချရကြောင်း၊ ထီတစ်စောင် ဈေးကို(၃၇၅)ကျပ် လက်လီရောင်းချနေရပါကြောင်း ထီကိုယ်စားလှယ်တစ်ဦးက ပြောကြား၍ သိရပါတယ်။ ဘာကြောင့်ထီဈေးကြီးနေရပါသလဲ လို့ ကုန်သည်တစ်ဦးအား မေးမြန်းကြည့်ရာ.. `ကျွန်တော်တို့လိုထီဆိုင်ရှိပြီး အောင်ဘာလေထီဌာနမှ ထီခွဲတမ်းနည်းနည်းသာ ရသူကိုယ်စားလှယ်တွေက အမှန်တကယ် ထီမရောင်းပဲ အကြောင်း အမျိုးမျိုးနဲ့ ထီခွဲတမ်းဝယ်ယူခွင့်ရရှိထားသူတွေဆီမှ တဆင့်ဝယ်ယူရောင်းချနေရလို့ စရိတ်တွေ တက်တက်သွားလို့ ထီဈေးကြီးရခြင်းဖြစ်ပါတယ်။ ဈေးကွက်မှာ လက်ကားရောင်းလိုအားကနည်းပြီး ၀ယ်လိုအားက များနေပါတယ်။ လက်ကားဝယ်လိုအားများနေလို့ ယခုလက်ရှိထုတ်နေတဲ့ အက္ခရာ(၂၄)လုံးကနေ နောက်အက္ခရာထပ် တိုးထုတ်ရင်တော့ ထီဈေးကျသွားနိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ်ထီမရောင်းပဲ အောင်ဘာလေထီခွဲတမ်းရသူ ပုဂ္ဂိုလ်တစ်ချို့နဲ့ ထီလောကမှ ကိုယ်စားလှယ်ကြီးတစ်ချို့တို့က နှစ်ဖွဲ့ပေါင်းပြီးထီဈေးကွက်ကို နည်းမျိုးစုံနဲ့ ထိမ်းထားကြ တယ်လို့ ကျွန်တော်ထင်ပါတယ်.။ အဲဒီ ထီခွဲတမ်းရသူပုဂ္ဂိုလ်များရဲ့ ထီခွဲတမ်းပါမစ်တွေကို ထီလက်ကားကုန်သည်ကြီးတစ်ချို့မှ နှစ်ပြတ်နဲ့ အမြတ်ပေးဝယ်ထားပြီး ထီဈေးကွက်ကို ထိမ်းထားပြီး ကစားနေကြတာလို့ဆိုချင်ပါတယ်ဗျာ.လူတစ်စုကောင်းစားရေးအတွက် ပြည်သူလူထုက အစိုးရထုတ် အောင်ဘာလေထီကို ဈေးကြီးပေးပြီးထိုးနေရတဲ့သဘောပါဘဲခင်ဗျ....။´ ဟု ထီရောင်းချနေသူ ကိုယ်စားလှယ်တစ်ဦးက ပြောကြားပါတယ်။
စာရေးသူစဉ်းစားမိတာကို ပြောကြားလိုပါတယ်။ အများပြည်သူများ ဆင်းရဲခြင်းလွတ်ကင်းအောင် လောင်းကစား တစ်လုံး၊ နှစ်လုံး၊ သုံးလုံးတွေ ကိုရအောင်ထိမ်းသိမ်းထားနိုင်ကြပြီး အစိုးရပိုင်အောင်ဘာလေထီဆိုင်တွေကြတော့ ဗလာမပါကံစမ်းမဲ (ကောင်းသော၊ တန်ဘိုးကြီးသော ပစ္စည်းများကိုပြပြီး မဲလိပ်ထဲမှာမပါ) လှည့်ကွက်တစ်မျိုးလုပ်ခြင်း။ သိန်း(၁၀၀၀)ပေါက်လျှင် အပိုဆုသိန်း(၅၀၀)၊ သိန်း(၆၀၀) နဲ့ လိုက်အိတ်ကား(၂)စင်းပေးမယ်လို့ မက်လုံးတွေပေးပြီး ထီဈေးတွေကို (၂၀၀) ကျပ်ကနေ နှစ်ဆတိုးပြီး (၄၀၀) ကျပ်အထိ ဈေးတက်ပြီးရောင်းနေကြခြင်းအား လက်ပိုက်ကြည့်မနေသင့်ပါ။ ထီရောင်းချနေကြသောဆိုင်ကြီးများမှ သူတို့ချမ်းသာလို့ သူတို့ထီရောင်းအားကောင်း အောင် အပိုဆုတွေကို ကြိုက်သလို၊နည်းမျိုးစုံနဲ့ အများပြည်သူတွေလက်ထဲကိုရောက်အောင် မှန်မှန်ကန်ကန်ပေးကြပါ။ လောင်းကစားဥပဒေနဲ့လည်း လွတ်ကင်းစေချင်ပါတယ်။ အောင်ဘာလေထီဈေးနှုန်းကိုလည်း သင့်လျှော်တဲ့ဈေးနှုန်းဖြင့် သက်ဆိုင်ရာမှ တားဆီး သတ်မှတ်ပေးသင့်ပါတယ်လို့ အများအတွက် တင်ပြလိုက်ရပါတယ်။

ဝိုင်းကြည့်အောင်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၃)




Shade43
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၃)
၁၁-၉-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့လည်(၁)နာရီ မှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၃)ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ပတ် စာပေ၀ိုင်းတော်သားများက တော့ မိုးထဲလေထထဲမှာ မပျက်အကွက် အားခဲလို့လာကြသူတွေဖြစ်ကြပါတယ်။ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာဇော်မင်းကြည်၊ နဲ့ စာရေးသူ တို့ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ…။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ အလွန်အရေးကြီးတဲ့ ကျန်းမာရေးအကြောင်းကလေးကို တင်ပြဆွေးနွေးပါရစေ..။ လူမှာ စားဝတ်နေရေး အရေးအကြီးဆုံးပါလို့ ဆိုကြပေမယ့် မကျန်းမာရင် ဘာမှ မလုပ်နိုင်ပါဘူး။ ဒါကြောင့် မြတ်ဗုဒ္ဓကလည်း (အာရောဂျံ ပရမံ လာဘံ) လို့ဟောကြားတော်မူခြင်းဖြစ်ပါတယ်။ ယနေ့ ကမ္ဘာသူ ကမ္ဘာသားတွေကို ဒုက္ခအများဆုံးပေးတဲ့ ရောဂါကတော့ သွေးတိုးရောဂါဖြစ်ပါတယ်။ သွေးတိုးရောဂါဆိုတာ သွေးတွေများလာတာ သွေးတွေပွါးလာတာ မဟုတ်ပါဘူး။ လူ့ခန္ဓာကိုယ်ထဲက သွေးတွေဟာ တစ်ကိုယ်လုံး လည်ပတ်နေရာမှာ ပုံမှန်လည်ပတ်နေတာထက် အရှိန်မြင့်လည်ပတ်တာကို သွေးတိုးရောဂါလို့ခေါ်ကြတာပါ။ အဲဒီသွေးတွေ လေဖိအားကြောင့် အရှိန်မြင့်လည်လာရင် မျက်စိတွေဝေမယ်၊ ဇက်ကြောတွေထိုး၊ နောက်ကျောတွေတက်လာပါတယ်။ သွားလာ လှုပ်ရှားရာမှာလည်း လေးလံထိုင်းမှိုင်းလာပါတယ်။ ခန္ဓာကိုယ်က အဲဒီလို ဖြစ်နေတုန်းအချိန်မှာ ရေအေးလောင်းချိုးလိုက်မယ်ဆိုရင် လူ့ခန္ဓာကိုယ်မှာ ဖွဲ့စည်းတည်ဆောက် ထားတဲ့ သွေးပြန်ကြော သွေးကြောမျှင် ဆံခြည်မျှင်သွေးကြောကလေးတွေဟာ ရေအေးကြောင့် ကျုံ့သွားပါတယ်။ တစ်ကိုယ်လုံး သွေးတွေက အရှိန်အဟုန်နဲ့ ခါတိုင်းထက် မြန်နေရတုန်းအချိန် ဦးခေါင်းပိုင်း နားနှစ်ဘက်အထက် သွေးကြောမျှင်ကလေး ပြတ်တောက်သွားပြီး သတိလစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်ရပ်ကို အနောက်တိုင်းဆေးပညာရှင် များက ဦးနှောက် သွေးကြောပြတ်တယ်လို့ မှတ်ချက်ချပါတယ်။ မြန်မာအခေါ်ကတော့ လေဖြတ်သွားတယ်လို့ ခေါ်ဆိုကြ ပါတယ်။ အယူအဆ အတူတူပါဘဲ။ အခေါ်အဝေါ်ဘဲကွာတာပါ။ ဦးနှောက်သွေးကြောမပြတ်ဘဲ အကြော(သွေးကြော) အတွင်းမှာ အအေးကြောင့် သွေးခဲပြီး ဆို့ပိတ်သွားရင်လည်း သတိမေ့တတ်ပါတယ်။ ခြေလက်လှုပ်ရှားမရဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါမှတဆင့် လေငန်းရောဂါဖြစ်လာတတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိလျှင် အထူးသတိထားပြီး ရေချိုးမိုးချိုးဆင်ခြင်ဖို့ အစားအသောက်များကို ဂရုစိုက်ဖို့ ဆွေးနွေးပြောကြားလိုတာဖြစ်ပါတယ်။
``ကြိုတင်ကာကွယ်စောင့်ရှောက် ဘေးမရောက်´´ ဆိုစကားအတိုင်း ရောဂါကိုမဖြစ်မီက ကာကွယ်တာ အကောင်းဆုံးပါဘဲ။ သွေးတိုးရောဂါဘာ့ကြောင့်ဖြစ်လဲဆိုတော့ ၀က်သား၊ ဘဲသား၊ ပုဇွန်၊ ငါးသလောက်၊ ငါးသေတ္တာ၊ ငါးပိ၊ ငံပြာရည်၊ အဆီအစေးများတဲ့ အစားအစာတွေ။ အချိုအဆိမ့်တွေကို အစားများလို့ ဖြစ်ကြတာပါ။ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု နည်းတာလဲ ပါပါတယ်။ အဆီ အစေး အချို အဆိမ့်တွေ အစားများလာရင် ခန္ဓာကိုယ်သွေးကြောထဲမှာ အဆီဓါတ်တွေများလာပြီး သွေးကြောကျဉ်းလာပါတယ်။ လေဖိအားများပြီး သွေးတိုးတော့တာပါဘဲ။ နှလုံးသွေးကြောကျဉ်း ရောဂါပါ ယှဉ်တွဲလာပြီး နှလုံးသွေးကြောပိတ်သွားနိုင်ပါတယ်။ အဓိကသိရမှာက သွေးတိုးရောဂါဆိုတာ အစားအစာကလာ တာပါ။ မီးဖိုချောင်က လာတာပါ။ ဒါကြောင့် မီးဖိုချောင်ထဲကလာတဲ့ သွေးတိုးရောဂါကို မီးဖိုချောင်ထဲ ပြန်ပို့လိုက်ပါလို့ တင်ပြဆွေးနွေးရပါကြောင်း၊ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ..။ ဟု မကွေးဝင်းမြင့် မှပြောကြားသွား ပါတယ်။
ပန်းချီဆရာမင်းသူ ကလည်း ဒီလိုဆိုပြန်ပါတယ်။ ဒိသာပါမောက္ခကြီးတစ်ဦးထံ ဗေဒင်အတတ်ပညာကို အတူတူသင်ကြားလာခဲ့တဲ့ တပည့်နှစ်ယောက်ရဲ့ အကြောင်းကို အကျယ်တ၀င့်ပြောကြားပါတယ်။ ပညာစုံလို့ တပည့်နှစ်ဦး မိမိတို့နိုင်ငံတော်ကို အတူတူပြန်လာကြပါတယ်။ လမ်းက ရွာတစ်ရွာရောက်တော့ အမျိုးသမီးတစ်ယောက်က ငိုနေတာကို တွေ့ပါတယ်။ ဘာကြောင့်ငိုတာလည်း မေးကြည့်တော့ သူ့မရဲ့ လင်တော်မောင် တောထဲသို့ ထင်းခုတ်သွားတာ ပြန်မလာတော့လို့ မျှော်ရင်းငိုနေရပါကြောင်း ဖြေဆိုပါတယ်။ ဒါနဲ့ ပထမ တပည့်က သူသင်ကြားလာတဲ့ ဗေဒင်ပညာကို လက်တွေ့ အသုံးချဟောကြားလိုက်ပါတယ်။ `ဟဲ့ ကလေးမလေး နင့် လင်တော်မောင် ပြန်လာမှာမဟုတ်တော့ဘူး၊ သေဆုံးသွားပြီလို့ ´ ဟောလိုက်ပါတယ်။ ဒုတိယ တပည့်ဖြစ်သူကလည်း သူသင်ကြားလာတဲ့ ဗေဒင်ပညာကို လက်တွေ့တိတိကျကျဖြစ်အောင် အသုံးချပြီးဟောကြားလိုက်ပါတယ်။ ` ဟဲ့ သူငယ်မလေး နင်ရဲ့ လင်တော်မောင်ဟာ မကြာခင်အချိန်က တောထဲထင်းခုတ်သွားရင် ဒီအနီးအနား တောာင်တစ်ခုပေါ်က ကျောက်ဖြာပေါ်မှာ ကျားကိုက်သွားလို့ အသက်ဆုံးရှုံးသွားပါပြီ..။ ရွာသားတွေကိုခေါ်ပြီး လိုက်ရှာရင် ငါပြောတဲ့အတိုင်း တွေ့မြင်ရပါလိမ့်မယ်..´ လို့ ဟောကြားလိုက်ပါတယ်။ ဒုတိယ တပည့်ဟောတဲ့အတိုင်း အတိအကျ တွေ့ရပါသတဲ့။ အသေအချာ မှန်တဲ့ ဗေဒင်ဆရာဘဲ ဆိုပြီး တစ်ရွာလုံးက ဒုတိယဗေဒင်ဆရာကို ၀ိုင်းပြီးအရေးပေး ကိုးကွယ်ကြပါတယ်။ ဒါနဲ့ ပထမ တပည့်ဖြစ်သူဗေဒင်ဆရာက ဒုတိယတပည့်ဖြစ်သူဗေဒင်ဆရာကို မကျေမနပ်ဖြစ်ပြီး မေးပါတယ်။ ` မင်းနဲ့ငါ ဆရာကြီးဆီက ဗေဒင်ပညာတွေကို အတူတူသင်ကြား လာခဲ့ကြပြီး မင်းက ငါ့ထက် တိတိကျကျ အသေးစိတ် ဘာကြောင့် ဟောကြားနိုင်ပါသလဲ..?။ ငါတို့ ဆရာကြီးက မင်းကို ပညာတွေပိုသင်ပေးလိုက်တယ်လို့ ငါထင်တယ်။ အဲဒါငါမကြေနပ်ဘူးကွာ။ လာ.. ဆရာကြီးထံ ငါတို့ နှစ်ယေက် ပြန်လှည့်သွားပြီး မေးကြမယ်လို့´ ပြောဆိုကြသတဲ့။ ဒါနဲ့ ဆရာကြီးထံသို့ သူတို့တပည့်နှစ်ဦးပြန်ရောက် လာကြပါတယ်။ အကြိုးအကြောင်းဖြစ်စဉ်အား ပထမ တပည့်က ဆရာကြီးထံ ပြောပြီး သူရင်ထဲမှာ အထင်လွဲနေတာကို မေးပါတယ်။ ဆရာကြီးက ခေါင်းတစ်ညိမ့်ညိမ့် နဲ့ ` ငါကတော့ သင်ရိုးသင်စဉ်အတိုင်း ဗေဒင်သုံးပုံကို အကုန် သင်ကြားပေးလိုက်တာဘဲ။ မင်းတို့ နှစ်ယောက် ဘာကြောင့် ကွာခြားသွားသလဲ သိရအောင် ငါတစ်ခုခိုင်းမယ်။ အဲဒါကတော့.. ရော့ ဒီမှာငွေဖလား နှစ်လုံး အရွယ်အစားလည်းအတူတူပဲ၊ ဒီချည်စောင်တစ်ဘက်တစ်ထည်စီကို လည်းယူသွားကြပါ။ မနက်ဖြန် မိုးသောက်လင်းတာနဲ့ နှင်းတွေကျနေတဲ့ ဟိုးကမြင်နေရတဲ့ မြက်ခင်းကြီးထဲကိုသွားကြပါ။ ဒီဖလားထဲကို နှင်းရည်တွေခံထည့်ပြီး ပြည့်တဲ့အချိန်မှာ ငါ့ဆီကို ပြန်လာကြပါ..´ လို့ တပည့်နှစ်ယောက်ကို ခိုင်းလိုက်ပါတယ်။ ပထမ တပည့်က မြက်ခင်းထဲရောက်တာနဲ့ မြက်ပင်ဖျားမှာ တင်နေတဲ့ နှင်းပေါက်ကလေးတွေကို တစ်ပေါက်ချင်းခါပြီး ငွေဖလားထဲခံထည့်နေပါတယ်။ နေမွန်းတည့်လို့လည်း ခွက်က မပြည့်သေးပါဘူး။ ဒုတိယ တပည့်ကတော့ မြက်ခင်းကြီးပေါ်က နှင်းရည်တွေကို ပါလာတဲ့ ချည်ထည်တစ်ဘက်စောင်ကို ဖြန့်ကျက်ဆွဲချပါတယ်။ တစ်ဘက်စောင်မှာ နှင်းရည်တွေရွဲစိုနေတာကို လက်နဲ့ညစ်ယူပြီး ငွေဖလားခွက်ထဲသို့ ထည့်ပါတယ်။ နေမွန်းမတည့်မီ နံနက်ပိုင်းအတွင်း ငွေဖလားထဲမှာ နှင်းရည်တွေပြည့်သွားခဲ့ပါတယ်။ ဆရာကြီးထံ ဒုတိယ တပည့်က အရင်ဆုံး အချိန်စောစော ရောက်သွားပြီး နှင်းရည်တွေအပြည့်နဲ့ ငွေဖလားကို အပ်လိုက်ပါတယ်။ နေ့မွန်းတည့်ပြီးလို့ နေစောင်းချိန်မှရောက်လာပါတယ်။ ပထမ တပည့်မှာ နှင်းရည်တွေက ငွေဖလားနဲ့ တစ်ဝက်သာရပြီး ဆရာကြီးထံ အပ်နှံလိုက်ပါတယ်..။ တပည့်နှစ်ဦးကို ဆရာကြီးက ရှေ့မှာထိုင်ခိုင်းပြီး `ကဲ့ သိပြီလား..ငါကတော့ မင်းတို့ကို ဗေဒင်ပညာတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမျှ ဆရာစားမချန်ဘဲ အားလုံးသင်ပေးခဲ့တာပါကွာ..။ ယခုနှင်းရည်ခံသလို ကိုယ်ပိုင်ထိုးထွင်းသိမြင်တဲ့ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်ပိုင်အကြံဥာဏ်ကလည်း လိုပါသေးတယ်ကွာ..။ ငါသင်ကြားပေး လိုက်တဲ့ ဗေဒင်ပညာက အတူတူပါဘဲကွာ..။ ငါ့တပည့်များ ပညာအရာမှာ ဆရာထက် တပည့်လက်စောင်းထက်နိုင်သူများ ဖြစ်ကြပါစေ..´။ လို့ ဆရာကြီးက ပြောဆိုပြီး ပြန်လွှတ်လိုက်ပါသတဲ့။ ဒါကြောင့် ရှိတ်စာပေ၀ိုင်းကိုလာပြီး သုတ၊ရသပညာတွေကို ပေးကြ၊ယူကြတာချင်းအတူတူ ကိုယ်ပိုင်အကြံဥာဏ်များကို အသုံးချပြီး ကြီးပွားချမ်းသာသူများလည်း ဖြစ်နိုင်ကြပါစေ..။ လို့ ပန်းချီဆရာမင်းသူက(ဆရာအောင်သင်းရဲ့ စကားကို တဆင့်)ဖောက်သည်ချ ပြောဆိုသွားပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADEဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသတွေစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၂)




Shade42
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၂)
၎-၉-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်း(၄၂)ကြိမ်မြောက်ပါ။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများ ကတော့ ဆရာကြီးမကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာနေခြည်(မကွေး) နဲ့ စာရေးသူတို့ ၀ိုင်းဖွဲ့ကြပါတယ်။ အရင်နေ့တွေက မကွေးမှာ မိုးရွာနေပြီး ယနေ့ နေတော်တော်ပူနေပါတယ်။ ယနေ့လျှပ်စစ်မီးက ပြတ်နေတော့ အအေးဆိုင်လည်း မအေးနိုင်ကြပါဘူး။ SHADE ဂျာနယ်တွေကို ကိုယ်စီကိုင်ပြီး ယပ်ခတ်နေကြရပါတယ်။ ရာသီဥတုက ပူနေတော့ စာပေ၀ိုင်းတော်သားတွေ ပင်ပမ်းနွမ်းနယ်နေကြပါတယ်။ ပန်းချီဆရာ မင်းသူက လွဲပြီး ဘယ်သူမှ စကားများများ မပြောဆိုနိုင်ကြပါဘူး။
ဆရာကြီးမကွေးဝင်းမြင့်လည်း တိုရှင်း လိုရင်းသာ စတင် ပြောဆိုသွားပါတယ်။ `လေးစားရပါသော စာပေမိတ်ဆွေများ ခင်ဗျာ.. ဒီတစ်ပတ် ရှိတ်ဂျာနယ် စာပေ၀ိုင်းကို အလုပ်မအားတဲ့ကြားက နေပူပူမှာ ယခုလိုလာရောက်ကြတာ များစွာကျေးဇူးတင် ပါတယ်။ ကျွန်တော်သတင်းကောင်းလေးတစ်ပုဒ်ကို ပြောချင်ပါတယ်။ ကျွန်တော်တို့ မကွေးမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် ဖြစ်တဲ့ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ယခု ပထမအကြိမ်ထုတ်ဝေသော (ရွှေကြိုးနဲ့ဒုံးမြင်း) အပါအ၀င် ၀ထ္ထုတိုပေါင်းချုပ်စာအုပ်ဟာ အောင်မြင်ကြော်ကြား လူကြိုက်များပြီး တော်တော်ရောင်းကောင်း နေတဲ့ သတင်းပါ။ မကွေးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့ က ဟော်တယ်ကြီးတွေမှာလည်း စာအုပ်မိတ်ဆက်ပွဲများ ခန်းခန်းနားနား ကျင်းပနေတာ ဂျာနယ်အစောင်စောင်များမှာ ဖော်ပြလို့ ဖတ်ရပါတယ်။ ဒါဟာဖြင့် ကျွန်တော်တို့ မကွေးစာနယ်ဇင်း သမိုင်းမှာ ကိုကိုလတ်(ဆည်မြောင်း) ကြောင့် မကွေးစာရေးဆရာတွေ ဂုဏ်တက်စရာပါဘဲ။ ကိုကိုလတ်(ဆည်မြောင်း) ဟာ မကွေးစာနယ်ဇင်းလောကသားတွေကိုလည်း လိုလေသေးမရှိ ကူညီထောက်ပံ့ခဲ့သူပါ။ အဲဒါကြောင့် ဒီတစ်ပတ်တော့ ကိုကိုလတ်(ဆည်မြောင်း) ရဲ့ အောင်မြင်တဲ့ မင်္ဂလာသတင်းကို ၀မ်းမြောက်ဝမ်းသာ ပြောကြားရင်း၊ ဂုဏ်ပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား..။ (SHADE စာပေ၀ိုင်းတော်သားများကလည်း ဆရာကြီး မကွေးဝင်းမြင့် ပြောဆိုသွားတာကို ၀မ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။ ကိုကိုလတ်(ဆည်မြောင်း) ဟာ စာပေသမားသက်သက်သာ ဖြစ်ပါကြောင်း၊စေတနာ သဒ္ဒါတရားထက်သန်းသူတစ်ဦးဖြစ်ပါကြောင်းတို့ကို ပြောဆို ဆွေနွေးသွားကြပါတယ်။)
ပန်းချီဆရာ မင်းသူ ကတော့ သတင်းထောက် ဆရာအထောက်တော်လှအောင် ၏ စာအုပ်ကိုဖတ်ပြီး အကျယ်တ၀င့် ဖတ်ကြား ဆွေးနွေးသွားပါတယ်။ (ကားဘုရင် ဆိုတဲ့ သတင်းကိုရေးသားလို့ သတင်းနှင့်ပတ်သက်သူက ငွေထုပ်ကိုပိုက်ပြီး ဆရာ အထောက်တော်လှအောင်ဆီကိုလာရောက်ဆက်သွယ်ပါတယ်၊ ဒီသတင်းနဲ့ပတ်သက်ရင် သက်သက်ညှာညှာလေး ရေးသားပေးဖို့ လာရောက်ပြောကြားတာက စတင်ပါတယ်..။) သတင်းဆိုတာ အောက်ကျခံရတဲ့အကြောင်း၊ (မယုံလျှင်မရေးဘူး။ ယုံမှရေးမည်။ ယုံကြည်မှုကို အားနာမှုနဲ့ မခြေဖျက်သင့်ဘူး။ ယုံကြည်မှုကို အခြားကိစ္စတွေနဲ့လည်း မခြေဖျက်နိုင်ဘူး။ စာဖတ်ပရိပ်သတ်ကို ဘယ်သောအခါမှ မညာနိုင်ဘူး။ ကျွန်တော်ငွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ငွေနဲ့ သတင်းနဲ့ယှဉ်လာရင်တော့ ငွေကိုမကြိုက်ပါဘူး၊ (၁၉၆၉၊ခုနှစ်လောက် နလက ခေတ်မှာ နလက(နယ်မြေလုံခြုံရေး ကောင်စီ)ရဲ့ ကားတိုက်မှုကို ကားနံပါတ်နဲ့ နေစွဲ နေရာ အတိအကျရေးသားထားတဲ့ သတင်းတစ်ပုဒ်ပါ။) သတင်းထောက်ဆိုတာ အရေထူရကြောင်း၊ အမှန်တရားကိုဖော်ထုတ်ခံရမှာ ကြောက်လှန့်နေသူတွေဆီကို သတင်းသွား ယူတဲ့အခါ ဇွတ်အတင်းပြောဆိုပြီး မောင်းထုတ်ခံရဘူးတဲ့အကြောင်း၊သတင်းထောက်ဆိုတာ သည်းခံရတယ်၊ အောက်ကျ နောက်ကျခံတတ်ရတယ်။ သတင်းကိုအကြောင်းပြပြီး ငွေမညစ်ရဘူး။ သတင်းထောက်တွေဟာ ကိုယ်သိချင်တာကို ရိုးရိုးသားသား ဂျာနယ်သမားပါဆိုပြီး သတင်းမေးတတ်ရမယ်။ မှန်တာကို မပြောရင် ခင်ဗျားကွဲသွားချင်သလား ဆိုတာမျိုး၊ ခင်ဗျား မှန်တာမပြောရင် စစ်ထောက်လှမ်းရေးကို သတင်းပေးလိုက်ရမလား ဆိုတဲ့ ခြိမ်းခြောက်တာမျိုးတွေ မလုပ်သင့်ကြောင်း၊ သတင်းသမားဆိုတာ သတင်းအလုပ်ကိုသာ ကြိုးကြိုးစားစား ရိုးရိုးသားသား အများအတွက် အမှန်တရားကို ဘက်မလိုက်ဘဲ တာဝန်ကျေပွန်စွာ သတင်းရေးသားရမှာ ဖြစ်ကြောင်း၊ သတင်းထောက်ကြီး ဆရာအထောက်တော်လှအောင်ရဲ့ သတင်းသမားတစ်ဦး၏ ခံယူချက် အာဘော်များကို ပန်းချီဆရာမင်းသူမှ အကျယ်တ၀င့် ပြောဆိုဆွေးနွေး သွားပါတယ်။ (SHADE စာပေ၀ိုင်းတော်သားများက ပန်းချီဆရာမင်းသူ ပြောဆိုသွားတာကို နားမလည်တဲ့ကိစ္စများအား ပြန်လည်မေးမြန်းကြပါတယ်။)
ပန်းချီဆရာမြင့်ဇော်ဦး ကလည်း စာရေးဆရာ လကာင်္ရည်ကျော် ရေးသားတဲ့ (ကြိုကြာတောင်ပံခတ်သံ) ၀ထ္ထုစာအုပ်ကို အသေးစိတ် ထုတ်နုတ်ဆွေးနွေးသွားပါတယ်။ ဒီဝထ္ထုဟာ သေသေခြာခြာဖတ်လေ ကောင်းလေပါ။ ဒါကြောင့်လည်း အမျိုးသားစာပေဆု၊ ရုပ်ရှင် အကယ်ဒမီဆုများ ရပါကြောင်း၊ ဒီစာရေးဆရာ ဒေါက်တာရဲမြင့်ကျော်( ကလေးအထူးကု ဆရာဝန်ကြီး) (ခ) လကာင်္ရည်ကျော် ကို ကိုယ့်မကွေးမှာ ရှိနေကြာင်း ယခုမှကျွန်တော်သိရပါကြောင်း တို့ကို ပန်းချီဆရာမြင့်ဇော်ဦးမှ အကျယ်တ၀င့် ပြောဆိုသွားပါတယ်။ (SHADE စာပေ၀ိုင်းတော်သားများ ဒီဝထ္ထုကို အချစ်ရွာဆိုင် Shade စာပေ၀ိုင်းမှာ ဆွေးနွေးခဲ့ပြီးဖြစ်လို့ ထပ်မံ မဆွေးနွေးခဲ့ကြပါ)။
ဆရာဇော်မင်းကြည်ကတော့ ဒီလထုတ် အတွေးအမြင်မဂ္ဂဇင်းထဲက (နှုတ်မှု အတတ်ပညာ) ခေါင်းကြီးပိုင်းကို ထုတ်နုတ် ဆွေးနွေးပါတယ်။ ယခုခေတ် လွတ်တော်တွေမှာ တင်ပြပြောဆိုဆွေးနွေးကြခြင်းဟာ နှုတ်မှုအတတ်ပညာတွေ က အဓိကအရေးပါလာကြောင်း၊ ရှေးက သူတို့ခေတ်မှာ နှုတ်မှု အတတ်ပညာ ကို သင်ကြားပေးတဲ့ဆရာတွေရှိခဲ့ကြောင်း၊ ပုံပြင်လေး တစ်ပုဒ်နဲ့ တင်ပြထားပါတယ်။ ဆရာတစ်ဦးက တပည့်တစ်ယောက်ကို အခကြေးငွေနဲ့ နှုတ်မှု အတတ်ပညာသင်ကြားပေးတယ်။ သင်တန်းပြီးတော့ တပည့်လုပ်သူက သင်ကြားတဲ့ အခကြေးငွေမပေးလို့ တရားရုံး ကို ရောက်ခဲ့ကြပါတယ်။ တရားသူကြီးရှေ့မှာ ဆရာနဲ့ တပည့် အပြန်အလှန် ပြောဆိုပြီးလျှောက်လဲချက်ပေးကြရပါတယ်။ တပည့်လုပ်သူက တရားရုံးမှာ အမှုရှုံးရင် ( ငါ့ကို ဒီဆရာက နှုတ်မှုပညာ လျှောက်လဲချက်တွေကို အကုန်မသင်ကြားခဲ့လို့၊ ဆိုပြီး ပညာသင်ကြားခငွေ မပေးဘူးဆိုမယ်)။ ဒီအမှုကို ဆရာကရှုံးသွားပြန်ရင်လည်း (ငါ ဆရာ့ကို ပညာသင်ကြေးငွေ လုံးဝ ပေးစရာမလိုတော့ဘူးလို့) တပည့်လုပ်သူက စဉ်းစားနေပါတယ်။ ဆရာလုပ်သူကလည်း ပြောပါတယ်။ ဒီပညာတွေကို ဆရာစား မချန်ဘဲ အားလုံးသင်ခဲ့ပါကြောင်း သူမတတ်လို့ အမှုရှုံးခြင်းဟာ တပည့်လုပ်သူက ပညာတွေကို ဂရုစိုက်ပြီး လက်ခံ မသင်ကြားလို့သာ ဖြစ်ကြောင်း ဆိုပါတယ်။ တပည့်ပြောကြားချက်တွေကို တရားရုံးက ယုံကြည်လက်ခံလာခဲ့ရင်လည်း ဒီပညာတွေဟာ သူက သေသေချာချာသင်ပေးခဲ့လို့ပါ ဟု ဆရာကလည်းဆိုပါမည်..။ ဒါကြောင့် သူ့ကို တပည့်ဖြစ်သူက အခကြေးငွေပေးရပါမည်လို့ ဆရာလုပ်သူက ဆိုပြန်ပါတယ်။ ဆရာ နဲ့ တပည့်တို့ နှစ်ယောက်လုံးက နှုတ်ပြောပညာ တတ်တွေဖြစ်ကြပြီး တစ်ဘက်နဲ့ တစ်ဘက် အပြန် အလှန် တင်ပြပြောဆိုနေကြပါတယ်။ နှစ်ယောက်လုံး နှုတ်မှု ပညာရှင်တွေဖြစ်နေတော့ တရားသူကြီးက တော်တော်ခေါင်းရှုတ်လာပါတယ်။ နောက်တော့ တရားသူကြီးက မင်းတို့ နှစ်ယောက်လုံးပြောတာတွေက ကောင်းလည်းကောင်းကြပါတယ်။ မှန်လည်း မှန်နေကြပါတယ်။ ဒီအမှုကို ဘယ်သူ့ ဘယ်သူ့မှ အရှုံး အနိုင်မဆုံးဖြတ်တော့ဘဲ ဒီအမှုကို ပိတ်သိမ်းလိုက်ပါတော့တယ်..။ (SHADE စာပေ၀ိုင်းတော်သား ပန်းချီမင်းသူက အလားတူ သူသိတဲ့ပုံပြင်လေးတစ်ပုဒ်နဲ့ စံထိုးလာပါတယ်။ သားအဖ နှစ်ယောက်ရှိကြတယ်။ ဘုရားရှင်က လူမိုက်ကိုမပေါင်းသင်းရဘူး ဆိုဆုံးမထားပါတယ်။ သားဖြစ်သူက လူမိုက်တွေနဲ့ ပေါင်းသင်းနေတော့ ဖခင်ဖြစ်သူက သူ့သားကို အိမ်ပေါ်ကနှင်ချပါတယ်။ သားလုပ်သူကလည်း ဖခင်က ဘယ်လောက်နှင်ချချ အိမ်ပေါ်က လုံးဝမဆင်းပါဘူး။ ဒီတော့ ဖခင်ဖြစ်သူက သားကိုမေးပါတယ်။ (အသေ၀နာ စ ဗာလနံ) လူမိုက်ကိုမပေါင်းသင်းရဘူးဆိုတဲ့ ဘုရားရှင် တားမြစ်ချက်ကို ဖေါက်လို့ ငါက မင်းကို အိမ်ပေါ်ကနှင်ချတာ မင်းက ဘာလို့ မဆင်းတာလဲ ဟု ဖခင်ကမေးပါတယ်။ သားဖြစ်သူက ပြန်ဖြေလိုက်ပုံက (ပဏ္ဍိာတာနဉ္စ သေ၀နာ ) ပညာရှိကို အမြဲဆည်းကပ်ရမယ်လို့ ဘုရားရှင်ဟောကြား တော်မူလို့ ကျွန်တော် အိမ်ပေါ်က လုံးဝမဆင်းနိုင်ပါဘူး အဖေ..၊ ဟူသတည်း)။ ယခုလည်း လွှတ်တော်များမှာ နှုတ်မှု အတတ်ပညာရှင်များ၊ အသိပညာရှင်များ ပြည်သူ့ကိုယ်စားလှယ်များ ဆွေးနွေးနေကြပါသည်။ အပြောမဟုတ် အလုပ်နှင့်သက်သေပြ၍ တိုင်းသူပြည်သားများ အမြန်တိုးတက် ကြီးပွားချမ်းသာနိုင်ကြပါစေ..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)




Shade41
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၁)
၂၈-၈-၂၀၁၁ ၊တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃း၃၀)အထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း က (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၄၁)ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီတစ်ပတ် တက်ရောက်လာသူ ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာမင်းသူ၊ ဆရာဇော်မင်းကြည်၊ ပန်းချီဆရာသူရိန်မြိုင်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ စာပေ၀ိုင်းရဲ့ထုံးစံအတိုင်း လက်ျာရစ် တစ်ဦးချင်းပြောဆိုပါတယ်။ တစ်ဦးပြောဆိုပြီးတိုင်း သိလိုတာ၊ မေးလိုတာများ နဲ့ ကွဲလွဲတဲ့ သဘောထားအမြင်များကို မေးမြန်း ပြောဆိုဆွေးနွေးကြပါတယ်။ ဒီတစ်ပတ်တော့ ပြောဆိုဆွေးနွေး သူတိုင်းရဲ့ ပြောဆို ဝေဖန်မှုများကို နည်းနည်းနဲ့ ကျဲကျဲဝိုင်းပြီး တင်ပြပါရစေ..။
ဆရာကြီး မကွေးဝင်းမြင့် က စတင်ပြောဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ အရင်တစ်ပတ်က အလွန်သည်းခံနိုင်စွမ်းရှိသော ဂျပန်ဘုန်းတော်ကြီးတစ်ပါး အကြောင်းကို တင်ပြဆွေးနွေးခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ကြီးများကို အတုယူပြီး သည်းခံခွင့်လွတ်တတ်တဲ့ အလေ့အကျင့်ပြုစုပျိုးထောင်မယ်ဆိုရင် အောင်မြင်မှုအကျိုးထူးကိုခံစားရမှာ မလွဲပါဘူး။ တစ်နေ့က စာပေမိတ်ဆွေတစ်ဦးနဲ့ သည်းခံခွင့်လွတ်ခြင်း အကြောင်းကို စကားစပ်မိကြတော့.. ထို မိတ်ဆွေက ပြောပါတယ်။ ဆတ်ဆတ်ထိမခံ ဒေါသကြီးသူဟာ ကလျာဏ မိတ်ကောင်း ဆွေကောင်းများဆုံးရှုံးတတ်ပါတယ်။ ဒါကြောင့် လင်္ကာလေးနဲ့ ဆိုပါတယ်။´´
`` ( မဟုတ်မခံ ခွန်းတုံ့ပြန်၊ မှန်သော်လည်းရှုံး၊ လူကြီးမုန်း၏။) လို့ သူကဆိုလာပါတယ်။ ကျွန်တော်ကတော့ ဒီလိုလေးပြောင်းပြီး ဆိုချင်ပါတယ်။ (ဆတ်ဆတ်ထိမခံ ခွန်းတုံ့ပြန်၊ ခင်မင်မှုလည်းဆုံး၊ လူများလည်းမုန်း၏..။) ထိုမိတ်ဆွေထံက ဒီလိုအဖိုးတန်တဲ့စကားလေးကို ကြားလိုက်ရတော့ ၀မ်းသာအားရ သူ့လက်ကိုဆွဲပြီး ကျေးဇူးတင်စကားပြောလိုက်မိပါတယ်။ ယခုကြွရောက်လာကြတဲ့ မိတ်ဆွေများလည်း အရာရာမှာ သည်းခံခွင့်လွတ်နိုင်ကြပါစေ ခင်ဗျား..။´´ လို့ ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်..။ (ဆရာမကွေးဝင်းမြင့် ပြောကြားချက်ကို အများလက်ခံပြီး ပြန်လည်မဆွေးနွေးကြပါ။)
ပန်းချီဆရာမင်းသူကတော့ ဈေးကွက်ဂျာနယ်ထဲက စာရေးဆရာ သတင်းထောက် မကွေးဝင်းမောင် ရေးသားတဲ့ (ပဲဇင်းငုံ ပါတီ) ဆိုတဲ့ဈေးကွက် သတင်းဆောင်းပါးကို အကျယ်တ၀င့်ဖတ်ကြား ဆွေးနွေးပါတယ်။ အညာဒေသမှာ ပဲဇင်းငုံ ဈေးတွေ ကျနေကြောင်း၊ ပဲဇင်းငုံ တစ်တင်းကို ပိဿာ(၂၀) သတ်မှတ်ထားကြောင်း၊ ကုန်သည် ပွဲစားတွေက (ကောက်ပင်ရိတ်လှီး သီးနှံဝယ်ယူနည်း) နဲ့ တောင်သူလယ်သမားတွေဆီက ၀ယ်ယူနေကြတာကို အသေးစိတ် ရေးသားချက်များကို တင်ပြပြောဆို ဆွေနွေးသွားပါတယ်။ ပြည်ပပို့ကုန်ဈေးကျနေရင် အရှုံးခံပြီး မရောင်းကြဘဲ ပဲဇင်းငုံ ကိုပြည်တွင်းမှာသာ အရသာရှိရှိစားသောက်နိုင်တဲ့ နည်းပညာများရှာပြီး ၀၀လင်လင်စားသုံးနိုင်အောင် ဆောင်ရွက်လိုပါကြောင်း အသေးစိတ် အကျယ်တ၀င့်ရေးသားထားပါတယ်။ (ပန်းချီဆရာမင်းသူ ပြောကြားချက်များကို ဆရာမကွေးဝင်းမြင့်က ပဲဇင်းငုံစားရင် ဒူးနာပျောက်ကင်းကြောင်း၊ နှလုံးအားနဲ့ ကျောက်ကပ်တွေ အားကောင်းပါကြောင်း ဆွေးနွေးပါတယ်။ Shadeစာပေ ၀ိုင်းတော်သားများမှ သတင်းထောက် မကွေးဝင်းမောင် စာရေးကောင်းပြီး တော်ပါကြောင်း ထောက်ခံ ဂုဏ်ပြုကြပါတယ်။)
ဆရာဇော်မင်းကြည် ကလည်း စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း အပါဝင် ၀ထ္ထုတိုများ) စာအုပ်ကို အားနည်းချက်၊ အားသာချက်များကို အသေးစိတ် ထောက်ပြဆွေးနွေးသွားပါတယ်။ မူလက ရေးသားစဉ်က မဂ္ဂဇင်းတွေမှာ ၀ထ္ထုတစ်ပုဒ်ချင်းပါတော့ စာရေးသူရဲ့ အာဘော်တွေက မထပ်ဘူးထင်ရပါတယ်။ လုံးချင်းစာအုပ်အဖြစ် ၀ထ္ထုများတိုများကို ပေါင်းထုတ်လိုက်တော့ အာဘော်တွေက ထပ်တူတွေ များနေပါကြောင်း ထောက်ပြဆွေးနွေးသွားပါတယ်။ (ဆရာဇော်မင်းကြည် ပြောကြားချက်များကို ၀ိုင်းတော်သားများက ဆရာကိုကိုလတ်(ဆည်မြောင်း)ရဲ့ ရွှေကြိုးနဲ့ ဒုံးမြင်း ၀ထ္ထုတိုများဟာ အကြောင်းအရာများက(တိရိစ္ဆာန် အကောင်အသေးလေးတွေကို) ခံစားရေးသားတော့ သစ်လွင်ဆန်းသစ်ပြီး တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် ၀ထ္ထုထဲမှာ စာရေးသူမှ ၀င်ပြောတာတွေများနေပါကြောင်း ဆွေးနွေးကြပါ တယ်။)
ပန်းချီဆရာ သူရိန်မြိုင်ကတော့ ၂၀၁၁၊စက်တင်ဘာလထုတ်၊ အတွေးအမြင် မဂ္ဂဇင်းထဲမှ မုံရွာနေဇာ ရေးသားတဲ့ (လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု) ဆောင်းပါးကို ဖတ်ကြားပြပါ တယ်။ စကားဝိုင်းတွေအကြောင်းပါ။ တစ်ချို့ဝိုင်းတွေက ပြောချင်သူတွေများတော့ စကားကိုလုပြောကြရပါတယ်။ တစ်ချို့ကြပြန်တော့ စကားပြောဆိုသူကနည်းပြီး ၀ိုင်းပြီးနားထောင်သူ တွေ က များနေကြပါတယ်။ နားထောင်မှ ပညာရပါ့မယ်။ ဝေဖန်တာကိုခံနိုင်မှ ကိုယ့်အမှားကိုသိနိုင်ပါတယ်။ ဒါမှ တိုးတက်အောင်မြင်ပါ့မယ်..။ စတဲ့ ကောင်းမွန်သော ဆောင်းပါးကို ဆွေးနွေးဖတ်ကြားပြသွားပါတယ်။ ( Shade စာပေ ၀ိုင်းတော်သားများမှ သူတို့က တစ်နေလုံးပင်ပမ်းသမျှကို ညနေပိုင်းရောက်ရင် စကားဝိုင်းဖွဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ တစ်ပတ်လုံးပင်ပမ်းနွမ်းနယ်သမျှကို ယခုလိုတစ်ရက် တနင်္ဂနွေနေ့တိုင်း စာပေ၀ိုင်းဖွဲ့ကြကြောင်း၊ ဒီ လက်ဖက်ရည်ကြမ်းဝိုင်း ယဉ်ကျေးမှု ဆောင်းပါးက Shade စာပေ၀ိုင်းကို အထောက်အကူပြုပါကြောင်း ပြောဆိုလက်ခံသွားကြပါတယ်။)
ကာတွန်းဆရာ ဖရဲသီးကလည်း `ကျွန်တော်က စာပေ၀ိုင်းကို စကားပြောတတ်လို့လာတာမဟုတ်ပါကြောင်း၊ ခေါင်းညိတ်ကောင်းလို့ တက်လာတာပါ..။´ လို့ သူရေးသားတဲ့ ကာတွန်းကွက်အတိုင်း သရုပ်ဆောင်ပြနေပြန်ပါတယ်။ (Shade စာပေ၀ိုင်းတော်သားများကလည်း သူတို့ပြောတာကို ခေါင်းညိတ်ပြီး နားထောင်ပေးတဲ့ ဖရဲသီးကို သူများထက်ပိုပြီး ခေါက်ဆွဲကျွေး လိုက်ပါတယ်။)
ပန်းချီဆရာ မြင့်ဇော်ဦးကတော့ `ခံစားမှုရသ ပန်းချီ´ခေါင်းစဉ်ပေးပြီးပြောသွားပါတယ်။ ကလေးဘ၀ကအတိုင်း ပန်းချီကိုဝါသနာပါခဲ့ကြောင်း ဒါကြောင့်လည်း ယခုပန်းချီဆရာဖြစ်လာရပါကြောင်း၊ အောက်ဒိုးထွက်ခြင်း အတွေ့အကြုံကို အနုစိတ်ပြောကြားပြပါတယ်။ အမြင် အတွေ့ ခံစားမှုများ ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်ဖြစ်ပေါ်လာကြောင်း ရင်ဖွင့်ပါတယ်။ စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း)ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း ) ၀ထ္ထုတိုများစာအုပ် မျက်နှာဖုံးကို တော်တော်သဘောကျကြောင်း၊ အဲဒီအထဲက (ရှဥ့်တစ်ကောင်၏ မှာတမ်း) ၀ထ္ထုလေးကိုဖတ်ရတာဟာ `ခံစားမှုရသ ပန်းချီကားလေး´ တစ်ချပ်ကို ကြည့်နေရသလို မြင်နေရသလို ခံစားနေရတာ ဖြစ်ပါတယ်။ လို့ အသေးစိတ် ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) ကတော့ ကဗျာတစ်ပုဒ်နဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြပါတယ်။ ဆောင်းပါးကတော့ရှင်ဆန္ဒာတိက ရွှေပါရမီတောရ ရေးသားတဲ့ (ငြိမ်းအေးသော ဘ၀ပိုင်ရှင်)စာအုပ်ထဲက (သူများနဲ့တိုင်းတာတော့ ရိုင်းမှာပေါ့..)ဆောင်းပါးကို ဖတ်ပြ သွားပါတယ်။ အထက်တန်းမာန်၊ အောက်တန်းမာန်၊ တန်းတူမာန်၊ မာန် သုံးမျီုးကို ခွဲချမ်းစိတ်ဖြာပြသွားပါတယ်။ မာန်ထွက်ဖို့မနိုင်းယှဉ်ပါနဲ့ ဥာဏ်တက်ဖို့သာ နိုင်းယှဉ်ကြပါ..လို့ နိဂုံးချုပ်ပါတယ်။ (ဘာကိစ္စ၊ ဘယ်နေရာမှာ ဘာပဲလုပ်လုပ် မာန်ချမှ ဟန်ကျပါမည်ဆိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဆိုဆုံးမ စကားကို ကိုးကာ၍ Shade စာပေ၀ိုင်းတော်သားများက မှတ်သား မိလိုက်ပါကြောင်း ထောက်ခံကြပါတယ်။)
ဆရာတင်လင်းဇော် ကလည်း ကိုကိုလတ်(ဆည်မြောင်း) ရဲ့ (ရွှေကြိုးနဲ့ ဒုံးမြင်း) ၀ထ္ထုတိုစာအုပ်ထဲက (ရှက်သွေး)၀ထ္ထုတို ကို အသေးစိတ်ဆွေးနွေးပါတယ်။ ရွှေအမြုတေမဂ္ဂဇင်း မှာ ကလောင်သစ်တစ်ဦးအနေနဲ့ နှစ်လဆက်တိုက် ဖော်ပြခံခဲ့ရတဲ့ (ရှက်သွေး)၀ထ္ထုတို ဖြစ်ပါကြောင်း၊ ခွေးအုပ်စုများထဲက ဒုက္ခိတခွေးကျားလေးနေရာမှ ခံစားရေးသားထားပါတယ် လို့လည်း အထူးဖော်ပြထားပါကြောင်း ၊ ဆရာကိုတင်လင်းဇော်က ပြောဆိုသွားပါတယ်။ ( Shade စာပေ၀ိုင်းတော်သားများမှ ကိုကိုလတ်(ဆည်မြောင်း) ရေးသားတဲ့ (ရွှေကြိုးနဲ့ဒုံးမြင်း) အပါအ၀င် ၀ထ္ထုတိုများ စာအုပ်က မကွေးစာနယ်ဇင်းသမိုင်းမှာ မကွေးစာပေသမားများရဲ့ စာပေဂုဏ်ရောင်ကို ပိုမိုတောက်ပြောင် သွားစေပါတယ်လို့ ဂုဏ်ပြုပြောဆိုနေကြပါတယ်။)
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)




Shade40
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)
၂၁-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ လက်ရွေးစင် အအေးဆိုင်ဆိုသော်လည်း ရေနွေးကြမ်း(လိုသလောက်) နဲ့ ကော်ပြန့်ကျော်၊ ကော်ဖီမစ်၊ တီးမစ်များနဲ့ ဆီချက်ခေါက်ဆွဲများလည်းရတော့ ကျွန်တော်တို့ SHADE စာပေ၀ိုင်းအတွက် အဆင်ပြေကောင်းမွန်ပါတယ်။ SHADE စာပေ၀ိုင်း(၄၀)ကြိမ်မြောက်ဖြစ်ပါတယ်။ ယခုနေရာသစ်မှာ မကွေးမြို့လယ်ကျတော့ လူစုံတက်စုံ လာရောက်ကြပါတယ်။ ဧည့်သည်တော်အသစ် တက်ရောက်သူများကတော့ စာရေးဆရာ ဦးမြင့်သူ(မကွေး)၊ ပန်းချီဆရာ ကိုအေးငြိမ်း၊ ကားပိုင်ရှင် ကိုဇော်တို့ ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ ဇော်မင်းကြည်၊ကာတွန်းဆရာမောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာလူဦးဇင်(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာ ဒီဇိုင်းဆရာ ကိုနိုင်ဝင်းနဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်(၁၇-၈-၂၀၁၁)နေ့က SHADE ဂျာနယ်က တစ်ပတ်နားလိုက်တော့ မကွေးမြို့မှာ ရုံးကဂျာနယ်အပိတ် ခံရတယ်လို့ ကောဠ ဟာဠတွေထွက်နေ ပြောနေကြတော့ SHADE ကို စာဖတ်သူတွေက တော်တော်အာရုံစိုက်ပြီး မေးနေကြပါတယ်။ နေ့စဉ်ထုတ်သတင်းစာများရဲ့ အချပ်ပိုတွင် SHADE ဂျာနယ်ကြော်ငြာကလည်းပါလာပြီး ဂျာနယ်က ထွက်မလာတော့ SHADE မကွေးရုံးခွဲကို ဖုန်းနဲ့ တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် အမေးခံနေရပြန်ပါတယ်။ ယခုလို SHADE ဂျာနယ်အပေါ် သံယောဇဉ်ကြီးကြတဲ့ SHADE စာဖတ်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း SHADE စာပေ၀ိုင်းတော်သားများက အထူးမှတ်တမ်းတင်လိုက်ရပါတယ်။ ( SHADE ဂျာနယ်ကို ရုံးကပိတ်တာ လုံးဝမဟုတ်ပါ ကြောင်း၊ ဖြေရှင်းပေးလိုက်ပါတယ်။ ရန်ကုန်ကအယ်ဒီတာအဖွဲ့ စာရေးဆရာ အောင်မှူးဝေ ၏ သတင်းပေးပြော ကြားချက်အရ.. (အယ်/ချုပ်တို့ လင်မယား စကားများနေလို့ ဟု ကြားသိရပါ၏။)
ဒီတစ်ပတ် စာပေ၀ိုင်းနေရာသစ်မှာ SHADE စာပေ၀ိုင်းတော်သားများကတော့ ဟိုဟာ နည်းနည်း ဒီဟာနည်းနည်း စုံလို့ စေ့လို့ ပြောဆိုကြပါတယ်။ ဆရာ မကွေးမြင့်ကလည်း (လေကိုရှူ၍ အပန်းဖြေပါ) ခေါင်းစဉ်နဲ့ ပြောဆိုသွားပါတယ်။ ပန်းချီဆရာ ကိုမင်းသူကလည်း ဟိုစာအုပ်ကလေးဖတ် ဒီစာအုပ်ကလေးဖတ်နဲ့ ကိုယ့်ကိုယ်ကို ဆရာကြီးဖြစ်ပြီးထင်ပြီး ရပ်ကွက်ထဲမှ သားအမိ(၃)ယောက် ကို ညတိုင်း ဗွီဒီယို ကြည့်ကြည့်နေလို့ ဆုံးမမိခဲ့ကြောင်း၊ ကြည့်ချင်လို့ကြည့်တာ မဟုတ်ပါကြောင်း၊ အိမ်မှာ စားစရာမရှိလို့ ကလေးတွေက ထမင်းမတောင်းအောင် မပူဆာအောင်..၊ လာကြည့်ကြောင်း ပြန်ပြောဆိုခံခဲ့ရပြီး ကိုယ်ကဆရာမဖြစ်တော့ဘဲ သူတို့က ကျွန်တော့်ဆရာတွေပြန်ဖြစ်သွားပါကြောင်း။ သြော် ဟုတ်ပေသားပဲ..။ ကိုယ်က ဆရာ မဖြစ်ဘဲ ဒီကလေးမလေးသားအမိသုံးယောက်ကသာ ဘ၀ပေးအသိနဲ့ ငါ့ကိုပြန်ပေးတဲ့ ဆရာများ ဖြစ်သွားရပါကြောင်း..။ ဆရာအမျိုးမျိုးရဲ့ ဆရာဌိကာကျမ်း နည်းပညာစုံများအား (နေပူပူမှာ ထီးဆောင်းပြီး ပြောနေကြပါတယ်။) မှတ်ချက်- စကားဝိုင်း စားပွဲမှာ နေရောင်က ထိုးနေ၍ မျက်နှာပူနေရခြင်းဖြစ်ပါ၏။ ကာတွန်း ဖရဲသီးကလည်း စာပေ၀ိုင်းပြီးလို့ စားသောက်ကြတဲ့အခါမှာ ဖရဲသီး ဖျော်ရည်ကို မစားမသောက်ရန် ရှောင်ပေးဖို့ မေတ္တာရပ်ခံနေပြန်ပါတယ်။ ဒီတစ်ပတ်စာပေ၀ိုင်း(၄၀)ကြိမ်က တော့ ဒီမျှနဲ့သာဖော်ပြလို့ ကျန်ခဲ့တဲ့ SHADE စာပေ၀ိုင်း(၃၈)ကြိမ် အား ပြန်လည်ဖော်ပြခွင့်ပြုပါရစေ…။ SHADE စာပေ၀ိုင်းရဲ့ ထူးခြားတဲ့ အလှူဒါနပွဲလေး ကျန်နေခဲ့လို့ပါ…..။
၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၈)ကြိမ်ပါ။ ဧည့်သည်တော်သုံးဦးကတော ကဗျာဆရာ ဇေယျ၊ သတင်းထောက် ခေတ္တရာမန်းသန်းမြင့်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး တို့ ရောက်လာပါတယ်။ Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာနိုင်ယုဝေ ၊ဆရာတင်လင်းဇာ် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ဆရာ မကွေးဝင်းမြင့်နဲ့ ခေတ္တရာမန်း သန်းမြင့်တို့ က ဒီနေ့ နေပြည်တော်သို့ သွားရန်ကိစ္စ ခရီးစဉ်ကိုဖျက်ပြီး SHADE စာပေ၀ိုင်း ကို သံယောဇဉ်ကြီးစွာနဲ့ မပျက်အောင် လာခဲ့ရပါကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာကြီး မကွေးဝင်းမြင့်တို့အား Shade စာပေ၀ိုင်းတော်သားများက အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆရာ မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသောစာပေမိတ်ဆွေများခင်ဗျား.. ဒီတစ်ပတ်တော့ မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ် နိမိတ်အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုစကားအတိုင်း ကျွန်တော်တို့မြန်မာလူမျိုးများ အတိတ်ကောင်း နိမိတ်ကောင်းများကို လက်ခံယုံကြည် ကြပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြတဲ့အခါ `မင်္ဂလာပါခင်ဗျား´၊ `ကျန်းမာပါရဲ့လားခင်ဗျား´ လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။
ရှေးပညာရှင်များက အတိတ်နိမိတ် ဆိုတာကတော့ အဖြစ်အပျက်တစ်ခုကို ထောက်ပြပြီး နောင်အခါ မည်သို့ဖြစ်နိုင်မည်ဆိုတာကို တွက်ဆပြောဆိုခြင်းဖြစ်ပါတယ်။ တဘောင်ဆိုတာကတော့ နိမိတ်စကားပါပဲ။ ဥပမာ ပြောရရင် လူတစ်ယောက်ဟာ အမှုအခင်းတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်တဲ့။ ဒါနဲ့ ရတက်မအေးဖြစ်တာကြောင့် ဗေဒင်ဆရာဆီကို သွားပြီး သူ့အမှု နိုင်၊ မနိုင်ဗေဒင်ဟောခိုင်းပါသတဲ့။ ဗေဒင်ဆရာကလည်း သူ့မွေးရက် ခုနှစ် ရက်လတွေကို မေးပြီးဗေဒင်တွက်နေတဲ့အချိန်အခါမှာ အလွန်ကျက်သရေမင်္ဂလာရှိတဲ့ စည်ဗျောသံနဲ့အတူ မောင်ရှင်လောင်း(၃)ပါး ရွှေထီးဆောင်းပြီး ခန်းခန်းနားနား လှည့်လာတာကိုမြင်လိုက်ရတော့ ဗေဒင်ဆရာက အတိတ်ကောင်း နိမိတ်ကောင်းပဲ။ ဟောဟိုမှာ ရွှေထီးဆောင်းလာတာလေ။ လူတစ်ယောက်မှာ ကံဇာတာအမြင့်ဆုံးအချိန်ဟာ ရွှေထီးဆောင်း တဲ့အချိန်ပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အမှုက မုချနိုင်မယ်လို့ ဟောလိုက်ပါသတဲ့။ ဗေဒင်ဆရာ ဟောလိုက်တဲ့အတိုင်း သူ့အမှုနိုင်ပါသတဲ့။
နောက်တစ်ခု နိမိတ်ကောက်ပုံလေး တစ်ခုကို ဆက်လက်တင်ပြချင်ပါသေးတယ်။ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်း အောက်ပြည်အောက်ရွာ အလုပ်လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပြီတဲ့။ စာလည်း မလာ လူကြုံစကားလည်း မပါးတော့ သူ့ယောက်ျားအသက်ရှင်လျှက်မှ ရှိပါသေးလားမသိ၊ သားသမီးများနဲ့ စားရေး သောက်ရေး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်ဆီကို ရေလှူပြီး ဗေဒင်သွားမေးဖို့ ရေအိုးကလေး ရွက်ပြီး ထွက်လာခဲ့သတဲ့။ ကျောင်းအ၀င်ဝလည်းရောက်ရော ရွာဦးကျောင်းဆရာတော်က ကျောင်းလှေကားမှ ဆင်းလာတာ မြင်လိုက်ရတော့ ကတိုက်ကရိုက် ဆရာတော်ဆီကို အသွား ခလုတ်တိုက်ပြီး ရေအိုးကွဲပါသတဲ့။ ရေအိုးကွဲသွားတော့ ခေါင်းခုလုပ်ယူလာတဲ့ လုံချည်လေးကို အသာကောက်ယူပြီး ချုန်းပွဲချ ငိုကျွေးပါသတဲ့။ ရွာဦးကျောင်းဆရာတော်က ``ဟဲ ဒကာမ ဘာပြုလို့ငိုနေရတာလဲ´´ ဟုမေးတော့ `တပည့်တော်မရဲ့ခင်ပွန်းသည် အောက်ပြည်အောက်ရွာ အလုပ် လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပါပြီဘုရား..။ ဘာအကျိုးအကြောင်းမှလည်းမသိရ။ အသက်မှရှိသေးရဲ့လား၊မသိလို့ ဆရာတော်ဆီကို ရေလှူလာရင်း ဗေဒင်မေးချင်လို့ လာတာပါဘုရား..။ ခုတော့ ရေအိုးက ကျကွဲသွားတော့ တပည့်တော်မတို့ ကွဲပြီပေါ့ဘုရား..။´
``ဟဲ့ ဒကာမ ဒီနေရာမှာ အဲဒီလို နိမိတ်မကောက်ရဘူးလေ။ အခု ကျကွဲသွားတဲ့ရေအိုးဟာ မြေကြီးနဲ့လုပ်ထားတာ မဟုတ်လား။ အဲဒီ မြေရေအိုးဟာ မြေပေါ်မှာ ပြန့်ကျဲပြီး သူ့နေရာသူ ပြန်ရောက်သွားပြီလေ။ သွား သွား နင့်ယောက်ျားလည်း ခုလောက်ဆိုရင် အိမ်ကိုပြန်ရောက်နေရော့မယ်။ ´´အိမ်ပြန်ခိုင်းလိုက်သတဲ့။ ဟုတ်ပါတယ်၊ အဲဒီ ဒယိကာမ အိမ်ပြန်ရောကတော့ သူ့ယောက်ျားလည်း အိမ်မှာရောက်နေပါပြီတဲ့။ ဗေဒင်ပညာ လက္ခာဏာပညာ နိမိတ်ကောက်ပညာ တွေဟာ အင်မတန် နက်နဲတဲ့ ပညာရပ်များဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း သီးခြား ဘာသာရပ်တစ်ခု အနေနဲ့ ထားရှိပြီး မည်သို့မျှမှတ်ချက်မပေးကြပါဘူး..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း ဒီတစ်ပတ်မှာ ရသစာတမ်းများ ကို တင်ပြဆွေးနွေးလာပါတယ်။ ၂၀၀၈၊ ဇူလိုင်လထုတ်တဲ့ စာရေးဆရာ နေမျိုး ရေးသားသော (ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ) ရသစာတမ်းများစာအုပ်ထဲမှ (ဆင်းရဲခြင်းဖြင့် စီးပွားရှာသူ) ရသစာတမ်းကို အကျယ်တ၀င့် တင်ပြပြောဆိုပါတယ်။ `ဆင်းရဲသားတစ်ယောက်ကို ကျွန်တော်တွေ့ဘူးတယ်။ သူဟာဆင်းရဲသားတစ်ယောက်ဆိုတာ မြင်တာနဲ့သိနိုင်တယ်လေ.. ဆိုပြီး ရသစာတမ်းကို စထားပါတယ်။ ဒီရသစာတမ်းက ခေါင်းစဉ်ကိုက စိတ်ဝင်စားပြီး စဉ်းစားစရာဖြစ်နေပါတယ်။ ဆရာနေမျိုး ရေးထားတာ တော်တော် လေးနက်ကောင်းမွန်ပါတယ်။ ဆင်းရဲသားတစ်ယောက်က `ဟယ်လို..ကောင်းသောညနေခင်းပါခင်ဗျာ..´။ လို့ စတင်နှုတ်ဆက်စကား ဆိုတာရယ်..။ သူ့ အမူအယာနဲ့ သူ့လေသံဟာ တကယ်ကိုကျိုးကျိုးနွံနွံပါပဲ ခင်ဗျာ..ဆိုတာရယ်..။ ဒီမြို့ထဲက လမ်းဘေးရေအိုးစင်ဟာ ကျွန်တော်မသောက်ဘူးတာ မရှိသလောက်ပါပဲ..ဆိုတာရယ်..။ ဆင်းရဲလေလေ ကျွန်တော်ဟာ စီးပွားဖြစ်လေလေ ဆိုတာရယ်။ ကျွန်တော့်ရဲ့ ဘဏ်က အလွန်ဝေးတဲ့ ဒေသတစ်ခုမှာပါ….။ ကျွန်တော့်ဘဏ်ကို ကျွန်တော်တောင် တစ်ခေါက်သာ ရောက်ဖူးသေးတယ်။ တစ်ခေါက်ရောက်ဖူးရင် လုံလောက်သွား တာပါပဲ..၊ ဆိုတာတွေဟာ ဘာကိုဆိုလိုချင်တာလဲ?၊ ဘဏ်ဆိုတာ နိဗ္ဗာန် ကိုများ တင်စား ထားတာလား?။ အလိုကြီးရင် အရနည်းပြီး၊နည်းနည်းလိုချင်သူတွေဟာ များများရနေတာလား?။ မလိုချင်မှ ရတယ်ဆိုတာကိုများ ပြောချင်နေတာလား..?။ ဒီရသစာတမ်းကို ဖတ်ရင်း ဖတ်ပြီး စဉ်းစား တွေးတော စရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်နေခဲ့ပါတယ်။ အဲ နောက်ဆုံးပိတ်မှာ (ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူးသို့…) လို့ မှတ်ချက်ရေးပြီး အဆုံးသတ်ထားပါတယ်။ ဒါဆို ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူး အကြောင်းကို ကျွန်တော်တို့သိဖို့လိုလာပြန်ပြီ..။ အဲဒီစာမပါခဲ့ရင် ကျွန်တော်အထက် က စဉ်းစားခဲ့သလို ကောက်ချက်ချ ယူလို့ရမယ်ထင်ပါတယ်..။ ယခုတော့ နောက်ဆုံး မှတ်ချက်စာတမ်း ကြောင့် စာရေးသူ ဆရာနေမျိုး ကိုယ်တိုင်ရှင်းပြမှ ဘာကို ဆိုလိုပြီးပြောချင်တာလဲ ဆိုတာကို သိရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ Shade စာပေ၀ိုင်းတော်သားများနဲ့ စာဖတ်သူများထဲမှ နားလည်သူများရှိနေရင်လည်း ရှင်းလင်း ပြောဆို ရေးသားပေးကြပါခင်ဗျာ..။ ဟု ဆရာတင်လင်းဇော် က ပြောဆိုဝေဖန် တောင်းဆိုမှုပြုသွားခဲ့ပါတယ်..။
ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ အထူးအစီအစဉ်တစ်ရပ်(ကျန်းမာရေး ထောက်ပံ့ငွေ)ပေးအပ်တဲ့ အလှူဒါနပွဲ ကျင်းပဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းတော်သား တက္ကသိုလ်ရည်ရွယ် (ခ) ကဗျာဆရာ ညီဇေယျ ရဲ့ မိခင်ကြီး မျက်စိခွဲစိတ်ကုသရေးအတွက် SHADEဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား ဆရာကြီး မကွေးဝင်းမြင့် မှ ကျန်းမာရေး ထောက်ပံ့ငွေ(၃၀၀၀၀ိ) သုံးသောင်းကျပ်အား တက္ကသိုလ်ရည်ရွယ် ထံ ပေးအပ်လှူဒါန်းပြီး ၀မ်းမြောက် ၀မ်းသာစွာနဲ့ Shade စာပေ၀ိုင်းတော်သားများက သာဓု သုံးကြိမ်ခေါ်ဆိုကြပါတယ်..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၃၉)


Shade39
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၉)
၁၄-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ဆရာနေခြည်(မကွေး)၊ ပန်းချီဆရာမင်းသူ၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ဆရာတင်လင်းဇော် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာမကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ်တော့ အလွန်သည်းခံနိုင်စွမ်းရှိတဲ့ ဂျပန်ဘုန်းတော်ကြီးတစ်ပါးအကြောင်းကို ပြောပါရစေ။ ဒီအဖြစ်အပျက်ကလေးက လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်လောက်က အဖြစ်အပျက်ကလေးပါ။ ဂျပန်နိုင်ငံ မြို့ကလေးတစ်မြို့။ တောင်ကုန်းလေး တစ်ကုန်းပေါ်မှာ မျက်ခုံးမွေးဖြူဖြူ အသက်ခုနှစ်ဆယ်ကျော် ဘုန်းတော်ကြီးတစ်ပါး သတင်းသုံးနေထိုင်ပါတယ်။ တပည့် တကာတွေက အလွန်ကြည်ညိုကြပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းနဲ့မလှမ်း မကမ်းမှာ ထမင်းဆိုင်လေး တစ်ဆိုင်ရှိပါသတဲ့။ ထမင်းဆိုင်ပိုင်ရှင် လင်မယားမှာ အရွယ်ရောက်ပြီးစ အလွန်ချောမောလှပတဲ့ သမီးကလေးတစ်ယောက်ရှိပါသတဲ့။ တစ်နေ့သော အခါ.. သူတို့ရဲ့သမီးလေးမှာပဋိသန္ဓေ ကိုယ်ဝန်ရှိလာပါသတဲ့။ မိဘများက ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လဲ စိတ်ဆိုး မာန်ဆိုး ဒေါသတကြီးနဲ့ စစ်မေးကြပါတယ်။ ကလေးမလေးက လင်ကောင်မဖော်ဘဲ နုတ်ပိတ် ရေငုံနေလို့ ရိုက်နှက်စစ်မေးကြပါတယ်။ နောက်ဆုံးတော့ ကလေးမလေးက ဟောဟို တောင်ကုန်းပေါ်မှာ သတင်းသုံးနေတဲ့ အသက်ခုနှစ်ဆယ်ကျော်ရှိတဲ့ ဘုန်းကြီးနဲ့ ရတဲ့ကိုယ်ဝန်ပါလို့ ပြောလိုက်ပါသတဲ့။ ဒါနဲ့ ထမင်းဆိုင်ပိုင်ရှင် လင်မယားဟာ တောင်ကုန်းပေါ်က ဘုန်းကြီးဆီသွားပြီး လက်ညိုးငေါက်ငေါက်ထိုး မှိုချိုး မြစ်ချိုး ရိုင်းရိုင်းစိုင်းစိုင်း သွားပြောကြပါတယ်။ ဘုန်းတော်ကြီးက တုန်တုန်လှုပ်လှုပ်မဖြစ်ပါဘူး။ မျက်ခုံးမွေးဖြူကြီးကို ပင့်လျှက် `` သြော်…ဟုတ်လား..။´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ထမင်းဆိုင်က ကလေးမလေး ကိုယ်ဝန် ထုံးစံအတိုင်း လစေ့လာတော့ သားယောက်ျားကလေး မွေးပါတယ်။ မွေးပြီး ပြီးချင်း ထမင်းဆိုင်ပိုင်ရှင် လင်မယားက ကလေးငယ်ကိုယူပြီး ဘုန်းကြီးကျောင်းကို သွားပို့ပါသတဲ့။ ``ရော့ ဟောဒီမှာ.. အရှင်ဘုရားနဲ့ရတဲ့ကလေး..´´ ဆိုပြီး ကလေးကို ပေးထားပစ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကတော့ ထူးထူးထွေထွေဘာမှ မပြော။ ထုံးစံအတိုင်း မျက်ခုံးမွေးဖြူကြီးကိုပင့်လျှက် `` သြော်…ဟုတ်လား´´ ဒါဘဲ ပြောလိုက်ပါသတဲ့။ ဘုန်းကြီးကို ကြည်ညိုတဲ့ ဒကာ ဒကာမတွေက ကလေးငယ် အသက်ရှင်ရေးအတွက် နွားနိုဖျော်တိုက်လို့ ၀ိုင်းဝန်းပြီး စောင့်ရှောက်ကြပါတယ်။ ဒီလိုနဲ့ ကလေးငယ် တစ်နှစ်ခွဲ၊ ၂နှစ်အရွယ်ရောက်လာတော့ ထမင်းဆိုင်က ကလေးမလေးမှာ လင်ကောင်ပေါ်လာပါတယ်။ ထမင်းဆိုင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဈေးကြီးအတွင်းမှာ လက်တွန်းလှည်းတွန်းတဲ့ ကောင်ကလေးဖြစ်နေတယ်။ ဟိုတုန်းကတော့ အဲဒီကောင်လေးက သူ့ကိုလင်ကောင်ဖော်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခါ တစ်နေရာကို ငွေရှာဖို့ဆိုပြီး ရှောင်ပြေးခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ ကောင်မလေးကလည်းကြောက်လှန့်ပြီး အဖြစ်မှန်ကိုဖုန်းကွယ်ထားခဲ့ပါတယ်။ ယခု လက်တွန်းလှည်းတွန်းတဲ့ ကောင်လေး မှာ ငွေရလို့ပြန်လာခဲ့တာပါတဲ့။ သူနဲ့ရတဲ့ကလေးငယ် ဘယ်မလဲဆိုပြီး ထမင်းဆိုင်ကိုလာမေးပါတယ်။ ထမင်းဆိုင်ပိုင်ရှင် မိဘများဟာ အံ့သြတုန်လှုပ်သွားကြပြီး သူတော်ကောင်းဘုန်းကြီးကို စော်ကားမိခဲ့လို့ ရင်ထုမနာနဲ့ နောင်တရနေကြသတဲ့။ ဒါနဲ့ ရပ်ကွက်လူကြီးတွေကို အကျိုးအကြောင်းပြောပြပြီး ဘုန်းကြီကျောင်းကို သွားကြပါသတဲ့။ `` တပည့်တော်တို့ အရှင်ဘုရားကို ပြစ်မှားမိခဲ့ပါတယ်ဘုရား..ဒါကြောင့် ခွင့်လွှတ်တော်မူပါဘုရား..။ တပည့်တော်တို့ မြေးလေးကိုလည်း ပြန်ခေါ်ခွင့် ပြုတော်မူပါဘုရား..´´ လို့ မျက်ရည်စက်လက်နဲ့ တောင်းပန်ကြပါတယ်။ ဘုန်းတော်ကြီးကတော့ ထွေထွေထူးထူး ဘာမှ မပြောပါ။ ထုံးစံအတိုင်း မျက်ခုံမွေးဖြူကြီးကို ပင့်လျှက် ``သြော်…ဟုတ်လား.´´ ဒါဘဲပြောပါသတဲ့။
ပတ်ဝန်းကျင် လူ့လောက တခွင်မှာ မကျေနပ်စရာတွေ ဒေါသဖြစ်စရာတွေ နဲ့ ကြုံတွေ့ရတဲ့အခါတိုင်းမှာ.. ယခုလို အလွန်သည်းခံနိုင်စွမ်းရှိတဲ့ မျက်ခုံးမွေးဖြူဖြူကြီးကို ပင့်လျှက်..``သြော်..ဟုတ်လား..´´ ဟု အေးဆေးတည်ငြိမ်စွာ သည်းခံခွင့်လွှတ်လေ့ရှိသော ဂျပန်ဘုန်းတော်ကြီးရဲ့ ပုံရိပ်ကို မြင်ယောင် ကြားယောင်လျှက် ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ခန္တီစ သည်းခံခွင့်လွှတ်ခြင်းတရားကို ဆင်ခြင်အောင်းမေ့ပြီး နေထိုင်၊လုပ်ကိုင်သွားကြပါစို့ခင်ဗျာ..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားခဲ့ပါတယ်။
ဆရာနေခြည်(မကွေး)ကတော့ Hot News ဂျာနယ်၊ အတွဲ(၁) အမှတ်(၅၂) ထဲမှ စာရေးဆရာ အသိတရားကင်းမဲ့သော မောင်ကြီး ရဲ့ (ဒီအသိတရားလေးတော့ ရှိသင့်တာပေါ့) ဆောင်းပါးကို အကျယ်တ၀င့် ပြောကြားဆွေးနွေးလာပါတယ်။ ယခုခေတ် ပညာရေးလောကနဲ့ အိမ်စောင့်အစိုးရခေတ်တုန်းက ပညာရေးလောက အကြောင်းကို မီးမောင်းထိုးပြသွားပါ တယ်။ ဒီဆောင်းပါးလေးက ၀ထ္ထုတိုလေး တစ်ပုဒ်လို သုတ၊ရသများကိုလည်း ပေးစွမ်းနိုင်တဲ့ ဆောင်းပါးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ နောက်ဆုံးပိတ်ကလေးမှာ ဆရာမကြီး ဒေါ်သိန်းဆိုင်က သူ့တပည့် မောင်ကြီးကို ပြန်ပြောလိုက်တဲ့စကားလေး ဟာ မျက်ရည်ကျလောက်အောင် ခံစားလိုက်ရပါတယ်။ ဂျာနယ်ထဲကဖော်ပြထားတာ ကို အနည်းငယ်ဖတ်ပြပါ့မယ်။ ထိုခေတ် ထိုအခါမှ ဆရာမများသည် ကျောင်းသား ကျောင်သူများဆီမှ မစား။ သူတို့၏ ခံယူချက်သည် အထက်မှ ရေသည် အောက်သို့သာ စီးဆင်းရသည်(စုန်ရေ)။ `တစ်ပြားမရှိ တပည့်မရှား၊ ပီတိစား၏ ဆိုတဲ့( ဆရာတင်မိုး)ရဲ့ကဗျာလေးဟာ ဒို့ဆရာ ဆရာမတွေကို ရည်ရွယ်ခဲ့တယ်လေကွာ..´။ ဆိုသောစကား။ ဆရာမကြီး ဒေါ်သိန်းဆိုင် ဆိုတာ တော်လှန်ရေးကောင်စီခေတ်က ဗိုလ်ချုပ်တင်ဖေ ရဲ့ ဇနီး စာရေးဆရာမကြီးတစ်ဦးလို့ သိရပါတယ်။ စာရေးသူ ဆရာမောင်ကြီးက သူ့ဌါနအတွက် သစ်ခွဲဖို့ သစ်ခွဲစက်ရောက်တဲ့အခါမှာ သူတို့ဆရာမကြီးဒေါ်သိန်းဆိုင် ရဲ့ သစ်ခွဲစက်မှန်းသိရလို့ ဆရာမကြီးထံ ၀င်တွေ့ခဲ့တဲ့ အကြောင်းလေးကို စာဖတ်သူများနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်း ကျောင်းသားလူဆိုးတစ်စုထံသို့ ကြားသိ၊ မြင်တွေ့နိုင်အောင် ရေးသားတင်ပြထားပါတယ်။ စာရေးသူ မောင်ကြီးတို့ ဆိုးသွမ်းလူငယ် ကျောင်းသားတစ်စုကို ကျောက်မြောင်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းထုတ်ဖို့အထိ စီစဉ်နေတာကို သူတို့ရဲ့ Teacher ဒေါ်သိန်းတင်မှ တားဆီးကာကွယ်ပေးခဲ့ပြီး ပညာတတ်ကြီးများဖြစ်အောင် စာမေးပွဲအောင်မြင်အောင်၊ အပြင်လောကမှာ အင်ဂျင်နီယာကြီးများဖြစ်အောင် သင်ကြားပေးခဲ့ကြောင်းတွေကိုလည်း ရေးသားဖော်ပြထားပါတယ်။ ဆရာမကြီး ဒေါ်သိန်းတင်ရဲ့ ပြောစကားနဲ့ ဆောင်းပါးရှင်ရဲ့ ရေးသားချက်များကို ဖတ်ပြပါရစေ။ ` ကျောက်မြောင်းကျောင်းက Teacher တပည့်တွေလို့သာ ပြောပြီးဝင်သာဝင်ခဲ့၊ ဘယ်သူမှ မတားဘူးသိလား´။ Teacher အသံတွေတုန်နေတယ်။ စိတ်တွေလှုပ်ရှားနေသလား မပြောတတ်ပါဘူးကွာ..။ ငါ့ကို ကိုင်ထားတဲ့ သူ့လက်တွေဟာလည်း တုန်နေသလိုပဲ။ ဆရာမကြီးက ငါ့ကိုမေးပါတယ်။ ``သြော် ဒါနဲ့ Teacher တပည့် Teacher ဆီကိုလာတာ တွေ့ရုံသက်သက်လား..´´။ `ဟုတ်ကဲ့ တွေ့လည်းတွေ့ချင်တယ်၊ ကန်တော့လည်းကန်တော့ရင်း ကျွန်တော် Teacher သစ်စက်မှာ သစ်တွေလာခွဲတာပါ´ လို့ ပြောလိုက်တော့..။ Teacher က ငါ့လက်နှစ်ဖက်ကို ဆွဲမြှောက် သူ့ရင်ဘတ်ပေါ်ကိုတင်ပြီး သူ့တစ်ကိုယ်လုံးတုန်လာ တယ်။ မျက်နှာ ငိုမလို ရယ်မလို ၀မ်းနည်းသလို ၀မ်းသာသလိုနဲ့ ငါလည်း မပြောတတ်တော့ဘူးကွာ။
`` ဒါ..ဒါဆို.. မင်း..မင်း Teacher ကို ထမင်းလာကျွေးတာပေါ့။ ဟုတ်လား သားတဲ့။ မျက်ရည်တွေစီးကျလာပြီး…။ ဟေ့ကောင်တွေ ငါဘယ်လိုအဖြေပြန်ပေးရမလဲ ပြန်ဖြေရမှာလဲ။ ပြောကြလေကွာ..ငါဘယ်လိုမှ ပြန်မဖြေတတ်တော့ဘူး။ ငါ့မှာ ဒီအဆင့်ထိ အသိတရားမရှိပါဘူး။ ငါ့မှာ ဒီအဆင့်ထိ မရှိခဲ့ပါဘူးကွာ…၊ သန်းအောင်၊ ချစ်ဆွေ၊ စိန်လှဦး၊ မောင်မြင့်၊ မြင့်သိန်းလေး တို့ ပြောကြပါဦး သူငယ်ချင်းတို့ရာ….။ ဟုဆောင်းပါးအဆုံးသတ်ကို.. ဆရာနေခြည်က အသံများတိမ်ဝင် သွားပြီး..မျက်ရည်စက်လက်နဲ့ ခံစားပြောဆိုဖတ်ကြားသွားပါတယ်။ ကျွန်တော်နဲ့အတူ SHADE စာပေ၀ိုင်းတော်သားများ မှာလည်း မျက်ရည်များ ကိုယ်စီ ကျနေကြလျှက်…..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့က SHADE စာပေ၀ိုင်း(၃၈)





Shade38
မကွေးမြို့က SHADE စာပေ၀ိုင်း(၃၈)
၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၈)ကြိမ်ပါ။ ဧည့်သည်တော်သုံးဦးကတော ကဗျာဆရာ ဇေယျ၊ သတင်းထောက် ခေတ္တရာမန်းသန်းမြင့်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး တို့ ရောက်လာပါတယ်။ Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာနိုင်ယုဝေ ၊ဆရာတင်လင်းဇာ် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ဆရာ မကွေးဝင်းမြင့်နဲ့ ခေတ္တရာမန်း သန်းမြင့်တို့ က ဒီနေ့ နေပြည်တော်သို့ သွားရန်ကိစ္စ ခရီးစဉ်ကိုဖျက်ပြီး SHADE စာပေ၀ိုင်း ကို သံယောဇဉ်ကြီးစွာနဲ့ မပျက်အောင် လာခဲ့ရပါကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာကြီး မကွေးဝင်းမြင့်တို့အား Shade စာပေ၀ိုင်းတော်သားများက အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆရာ မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသောစာပေမိတ်ဆွေများခင်ဗျား.. ဒီတစ်ပတ်တော့ မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ် နိမိတ်အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုစကားအတိုင်း ကျွန်တော်တို့မြန်မာလူမျိုးများ အတိတ်ကောင်း နိမိတ်ကောင်းများကို လက်ခံယုံကြည် ကြပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြတဲ့အခါ `မင်္ဂလာပါခင်ဗျား´၊ `ကျန်းမာပါရဲ့လားခင်ဗျား´ လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။
ရှေးပညာရှင်များက အတိတ်နိမိတ် ဆိုတာကတော့ အဖြစ်အပျက်တစ်ခုကို ထောက်ပြပြီး နောင်အခါ မည်သို့ဖြစ်နိုင်မည်ဆိုတာကို တွက်ဆပြောဆိုခြင်းဖြစ်ပါတယ်။ တဘောင်ဆိုတာကတော့ နိမိတ်စကားပါပဲ။ ဥပမာ ပြောရရင် လူတစ်ယောက်ဟာ အမှုအခင်းတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်တဲ့။ ဒါနဲ့ ရတက်မအေးဖြစ်တာကြောင့် ဗေဒင်ဆရာဆီကို သွားပြီး သူ့အမှု နိုင်၊ မနိုင်ဗေဒင်ဟောခိုင်းပါသတဲ့။ ဗေဒင်ဆရာကလည်း သူ့မွေးရက် ခုနှစ် ရက်လတွေကို မေးပြီးဗေဒင်တွက်နေတဲ့အချိန်အခါမှာ အလွန်ကျက်သရေမင်္ဂလာရှိတဲ့ စည်ဗျောသံနဲ့အတူ မောင်ရှင်လောင်း(၃)ပါး ရွှေထီးဆောင်းပြီး ခန်းခန်းနားနား လှည့်လာတာကိုမြင်လိုက်ရတော့ ဗေဒင်ဆရာက အတိတ်ကောင်း နိမိတ်ကောင်းပဲ။ ဟောဟိုမှာ ရွှေထီးဆောင်းလာတာလေ။ လူတစ်ယောက်မှာ ကံဇာတာအမြင့်ဆုံးအချိန်ဟာ ရွှေထီးဆောင်း တဲ့အချိန်ပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အမှုက မုချနိုင်မယ်လို့ ဟောလိုက်ပါသတဲ့။ ဗေဒင်ဆရာ ဟောလိုက်တဲ့အတိုင်း သူ့အမှုနိုင်ပါသတဲ့။
နောက်တစ်ခု နိမိတ်ကောက်ပုံလေး တစ်ခုကို ဆက်လက်တင်ပြချင်ပါသေးတယ်။ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်း အောက်ပြည်အောက်ရွာ အလုပ်လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပြီတဲ့။ စာလည်း မလာ လူကြုံစကားလည်း မပါးတော့ သူ့ယောက်ျားအသက်ရှင်လျှက်မှ ရှိပါသေးလားမသိ၊ သားသမီးများနဲ့ စားရေး သောက်ရေး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်ဆီကို ရေလှူပြီး ဗေဒင်သွားမေးဖို့ ရေအိုးကလေး ရွက်ပြီး ထွက်လာခဲ့သတဲ့။ ကျောင်းအ၀င်ဝလည်းရောက်ရော ရွာဦးကျောင်းဆရာတော်က ကျောင်းလှေကားမှ ဆင်းလာတာ မြင်လိုက်ရတော့ ကတိုက်ကရိုက် ဆရာတော်ဆီကို အသွား ခလုတ်တိုက်ပြီး ရေအိုးကွဲပါသတဲ့။ ရေအိုးကွဲသွားတော့ ခေါင်းခုလုပ်ယူလာတဲ့ လုံချည်လေးကို အသာကောက်ယူပြီး ချုန်းပွဲချ ငိုကျွေးပါသတဲ့။ ရွာဦးကျောင်းဆရာတော်က ``ဟဲ ဒကာမ ဘာပြုလို့ငိုနေရတာလဲ´´ ဟုမေးတော့ `တပည့်တော်မရဲ့ခင်ပွန်းသည် အောက်ပြည်အောက်ရွာ အလုပ် လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပါပြီဘုရား..။ ဘာအကျိုးအကြောင်းမှလည်းမသိရ။ အသက်မှရှိသေးရဲ့လား၊မသိလို့ ဆရာတော်ဆီကို ရေလှူလာရင်း ဗေဒင်မေးချင်လို့ လာတာပါဘုရား..။ ခုတော့ ရေအိုးက ကျကွဲသွားတော့ တပည့်တော်မတို့ ကွဲပြီပေါ့ဘုရား..။´
``ဟဲ့ ဒကာမ ဒီနေရာမှာ အဲဒီလို နိမိတ်မကောက်ရဘူးလေ။ အခု ကျကွဲသွားတဲ့ရေအိုးဟာ မြေကြီးနဲ့လုပ်ထားတာ မဟုတ်လား။ အဲဒီ မြေရေအိုးဟာ မြေပေါ်မှာ ပြန့်ကျဲပြီး သူ့နေရာသူ ပြန်ရောက်သွားပြီလေ။ သွား သွား နင့်ယောက်ျားလည်း ခုလောက်ဆိုရင် အိမ်ကိုပြန်ရောက်နေရော့မယ်။ ´´အိမ်ပြန်ခိုင်းလိုက်သတဲ့။ ဟုတ်ပါတယ်၊ အဲဒီ ဒယိကာမ အိမ်ပြန်ရောကတော့ သူ့ယောက်ျားလည်း အိမ်မှာရောက်နေပါပြီတဲ့။ ဗေဒင်ပညာ လက္ခာဏာပညာ နိမိတ်ကောက်ပညာ တွေဟာ အင်မတန် နက်နဲတဲ့ ပညာရပ်များဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း သီးခြား ဘာသာရပ်တစ်ခု အနေနဲ့ ထားရှိပြီး မည်သို့မျှမှတ်ချက်မပေးကြပါဘူး..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း ဒီတစ်ပတ်မှာ ရသစာတမ်းများ ကို တင်ပြဆွေးနွေးလာပါတယ်။ ၂၀၀၈၊ ဇူလိုင်လထုတ်တဲ့ စာရေးဆရာ နေမျိုး ရေးသားသော (ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ) ရသစာတမ်းများစာအုပ်ထဲမှ (ဆင်းရဲခြင်းဖြင့် စီးပွားရှာသူ) ရသစာတမ်းကို အကျယ်တ၀င့် တင်ပြပြောဆိုပါတယ်။ `ဆင်းရဲသားတစ်ယောက်ကို ကျွန်တော်တွေ့ဘူးတယ်။ သူဟာဆင်းရဲသားတစ်ယောက်ဆိုတာ မြင်တာနဲ့သိနိုင်တယ်လေ.. ဆိုပြီး ရသစာတမ်းကို စထားပါတယ်။ ဒီရသစာတမ်းက ခေါင်းစဉ်ကိုက စိတ်ဝင်စားပြီး စဉ်းစားစရာဖြစ်နေပါတယ်။ ဆရာနေမျိုး ရေးထားတာ တော်တော် လေးနက်ကောင်းမွန်ပါတယ်။ ဆင်းရဲသားတစ်ယောက်က `ဟယ်လို..ကောင်းသောညနေခင်းပါခင်ဗျာ..´။ လို့ စတင်နှုတ်ဆက်စကား ဆိုတာရယ်..။ သူ့ အမူအယာနဲ့ သူ့လေသံဟာ တကယ်ကိုကျိုးကျိုးနွံနွံပါပဲ ခင်ဗျာ..ဆိုတာရယ်..။ ဒီမြို့ထဲက လမ်းဘေးရေအိုးစင်ဟာ ကျွန်တော်မသောက်ဘူးတာ မရှိသလောက်ပါပဲ..ဆိုတာရယ်..။ ဆင်းရဲလေလေ ကျွန်တော်ဟာ စီးပွားဖြစ်လေလေ ဆိုတာရယ်။ ကျွန်တော့်ရဲ့ ဘဏ်က အလွန်ဝေးတဲ့ ဒေသတစ်ခုမှာပါ….။ ကျွန်တော့်ဘဏ်ကို ကျွန်တော်တောင် တစ်ခေါက်သာ ရောက်ဖူးသေးတယ်။ တစ်ခေါက်ရောက်ဖူးရင် လုံလောက်သွား တာပါပဲ..၊ ဆိုတာတွေဟာ ဘာကိုဆိုလိုချင်တာလဲ?၊ ဘဏ်ဆိုတာ နိဗ္ဗာန် ကိုများ တင်စား ထားတာလား?။ အလိုကြီးရင် အရနည်းပြီး၊နည်းနည်းလိုချင်သူတွေဟာ များများရနေတာလား?။ မလိုချင်မှ ရတယ်ဆိုတာကိုများ ပြောချင်နေတာလား..?။ ဒီရသစာတမ်းကို ဖတ်ရင်း ဖတ်ပြီး စဉ်းစား တွေးတော စရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်နေခဲ့ပါတယ်။ အဲ နောက်ဆုံးပိတ်မှာ (ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူးသို့…) လို့ မှတ်ချက်ရေးပြီး အဆုံးသတ်ထားပါတယ်။ ဒါဆို ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူး အကြောင်းကို ကျွန်တော်တို့သိဖို့လိုလာပြန်ပြီ..။ အဲဒီစာမပါခဲ့ရင် ကျွန်တော်အထက် က စဉ်းစားခဲ့သလို ကောက်ချက်ချ ယူလို့ရမယ်ထင်ပါတယ်..။ ယခုတော့ နောက်ဆုံး မှတ်ချက်စာတမ်း ကြောင့် စာရေးသူ ဆရာနေမျိုး ကိုယ်တိုင်ရှင်းပြမှ ဘာကို ဆိုလိုပြီးပြောချင်တာလဲ ဆိုတာကို သိရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ Shade စာပေ၀ိုင်းတော်သားများနဲ့ စာဖတ်သူများထဲမှ နားလည်သူများရှိနေရင်လည်း ရှင်းလင်း ပြောဆို ရေးသားပေးကြပါခင်ဗျာ..။ ဟု ဆရာတင်လင်းဇော် က ပြောဆိုဝေဖန် တောင်းဆိုမှုပြုသွားခဲ့ပါတယ်..။
ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ အထူးအစီအစဉ်တစ်ရပ်(ကျန်းမာရေး ထောက်ပံ့ငွေ)ပေးအပ်တဲ့ အလှူဒါနပွဲ ကျင်းပဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းတော်သား တက္ကသိုလ်ရည်ရွယ် (ခ) ကဗျာဆရာ ညီဇေယျ ရဲ့ မိခင်ကြီး မျက်စိခွဲစိတ်ကုသရေးအတွက် SHADEဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား ဆရာကြီး မကွေးဝင်းမြင့် မှ ကျန်းမာရေး ထောက်ပံ့ငွေ(၃၀၀၀၀ိ) သုံးသောင်းကျပ်အား တက္ကသိုလ်ရည်ရွယ် ထံ ပေးအပ်လှူဒါန်းပြီး ၀မ်းမြောက် ၀မ်းသာစွာနဲ့ Shade စာပေ၀ိုင်းတော်သားများက သာဓု သုံးကြိမ်ခေါ်ဆိုကြပါတယ်..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၇)




Shade37
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၇)
၃၁-၇-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)မှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြားက FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ပြောဆိုကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၇) ကြိမ်ပါ။ ဒီတစ်ပတ်မှာ ပထမဆုံးအကြိမ်အဖြစ် ဧည့်သည်တော် လူငယ်စာရေးဆရာနှစ်ယောက် ရောက်လာကြပါတယ်။ စာရေးဆရာ လူဦးဇင်(မကွေး) နဲ့ စာရေးဆရာ အိမောင်(မကွေး) (ခ) မောင်ခိုင်စု တို့ဖြစ်ပါတယ်။ မန္တလေးက ဧည်သည်ဆရာ ခေတ္တရာမန်းသန်းမြင့်၊ မင်းဘူးမြို့က ဧည့်သည်တော်များ ဆရာနှင်းဦး(မင်းဘူး)၊ ကာတွန်း မောင်အေး (ခ) ဖရဲသီးတို့နှစ်ဦးမှာ စက်ဘီးတစ်စီးကို နှစ်ယောက်တွန်း၍လာခဲ့ပါကြောင်းသိရပါတယ်။(မှတ်ချက်။ ယင်းစက်ဘီးမှာ ဘရိတ်မမိပါ၊ဘီးကပေါက် နေ၍ အတက်၊အဆင်းတွန်းပြီး ခြေလျှင်လျှေက်လို့လာရကြောင်း ကြားသိရပါ၏။) Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာမကွေးဝင်းမြင့်၊ ဆရာမကွေးညိုစိမ့်၊ ဆရာနေခြည်(မကွေး)၊ ဆရာတက္ကသိုလ်ရည်ရွယ်၊ ဆရာလွမ်းရ(မကွေး)၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာသူရိန်မြိုင် နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။ ဒီတစ်ပတ်တော့ မိုးဖွဲဖွဲရွာနေသော်လည်း လူစုံ တက်စုံ စကားလက်ဆုံကြခဲ့ပါတယ်။
ဆရာမကွေးဝင်းမြင့်မှ စတင် ပြောဆိုပါတယ်။ `လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျား…စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့အတိုင်း သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ကို အသိပညာပေးပါတယ်။ မည်မျှပင်ငွေကြေးချမ်းသာပါသော်လည်း ကျန်းမာရေး အသိပညာမရှိရင် အသက်မရှည်ပါလို့ ကမ္ဘာ့ဆေးသိပ္ပံ ပညာရှင်များက မိန့်ဆိုကြပါတယ်။ ဒီတစ်ပတ် Shade ဂျာနယ် စာပေစကားဝိုင်းမှာ သတင်းအချက်ပေးတဲ့ ကျန်းမာရေး ဗဟုသုတကလေးတွေကို လက်ဆင့်ကမ်း ဖြန့်ဝေဆွေးနွေးချင်ပါတယ်။ (၁၈-၅-၂၀၀၉)နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ နံနက်တိုင်း နေ့စဉ်နာရီဝက်ခန့် လမ်းမှန်မှန်လျှောက်ရင် ရုတ်တရက် လေမဖြတ်ပါဘူးတဲ့။ ပြီးတော့ နှလုံးရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ များလည်းကင်းစင်ပါတယ်တဲ့။ အဲဒါ ဗြိတိသျှဆေးပညာရှင်ကောင်စီက တကမ္ဘာလုံးမှာရှိကြတဲ့ လူတွေသိကြဖို့ ထုတ်ပြန်လိုက်တဲ့ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုပါဘဲ။ တညလုံး အိပ်ပျော်ခဲ့သည့် ခန္ဓာကိုယ်ကို နံနက်အိပ်ယာထမှာ ကိုယ်လက်လှုပ်ရှားမယ်၊ လမ်းလျှောက်မယ်ဆိုရင် သွေးလည်ပတ်မှု ညီညွတ်မျှတပြီး နှလုံးသွေးကြောကျဉ်းရောဂါ ရုတ်တရက် လေဖြတ်တဲ့ရောဂါ တိုးတက်ကင်းစင်ကြောင်း ဗြိတိသျှ ဆေးကောင်စီ ဆရာဝန်ကြီးများက မိန့်ဆိုပါတယ်။ ဒါကြောင့် စာပေမိတ်ဆွေများ ကျန်းမာပြီး အသက်ရှည်စေဖို့ နံနက်အိပ်ရာထမှာ နာရီဝက်ခန့် လမ်းလျှောက်ကြပါလို့ တိုက်တွန်းပါရစေ။ မိမိအလုပ် မအားလပ်ပါက မိမိနေအိမ်အတွင်းမှာ လမ်းလျှောက်ပါ။ နံနက်ပိုင်းမှာ လမ်းလျှောက်တာက အကောင်းဆုံးပါဘဲခင်ဗျား။ ကျန်းမာ၍ ချမ်းသာကြပါစေ..။ ဟု ဆရာမကွေးဝင်းမြင့် မှ ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) က ပေဖူးလွှာမဂ္ဂဇင်း၊ ၂၀၁၁၊ သြဂုတ်လ ထုတ်ထဲက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးတဲ့ (ဥပစာ ကမ္ဘာကြီးထဲမှာ) ဆိုတဲ့ဆောင်းပါးကို မျှဝေခံစားပြောဆိုပါတယ်။ လူတိုင်း နေ့စဉ်ပြောနေကြစကားတွေထဲမှ ဥပစာ အင်္လကာ နဲ့ပြောတဲ့စကားတွေပါ။ တေမိမင်းလို၊ ဝေသန္တရာမင်းလို၊ ဒေ၀ဒတ်လိုလူမျိုး၊ ဇနက္ကလိုလူမျိုး၊ အအိပ်ကြီးသူတွေကို ကာလနဂါးလို၊ လှေနံဓါးထစ် လိုလူမျိုး၊ စူလလိပ်ကြီးလို၊ ငတက်ပြားလို၊ ငပွကြီးလို၊ ဟင်္သာကိုးသောင်းပျက်တာမျိုး( ဇာတ်တူသားစားလို့)၊ ဗိုလ်နေမြဲ ကျားနေမြဲ၊ မိုးခါးရေသောက်တဲ့လူမျိုး၊ ကျီးကိုဘုတ်မြှောက် ဘုတ်ကကျီးကိုမြှောက် တဲ့လူစားမျိုး၊ လျှောမွေးကို ဗာရာဏသီချဲ့တယ်။ စသည့် ဇာတ်တော်၊ ပုံပြင်တို့ကို ရေးသားထားပါတယ်။ ယခုလူငယ်တွေ ဒီလိုစကားမျိုးတွေကို မသိနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့တော့ ဒီစကားတွေက မဆန်းပေမယ့် ယခုခေတ် လူငယ်တွေ သေသေချာချာ သိရအောင် စာရေးသူ ဆရာမောင်ခင်မင်(ဓနုဖြူ) အနေနဲ့ ယခုထက် စုံစုံလင်လင်နဲ့ ပုံပြင်တွေပါ အကျယ်တစ်ဝန့် ရေးသားပေးစေလိုပါကြောင်း။ ဒီ Shade စာပေ၀ိုင်းမှာ သိတဲ့လူများရှိရင်တော့ ကျွန်တော်သိလိုတာကို မေတ္တာရပ်ခံပါရစေ။ (လျှောမွေးကို ဗာရာဏသီချဲ့တယ်။) ဆိုတဲ့ စကား အခြေခံ ဇစ်မြစ် ပုံပြင်အား သိလိုပါကြောင်း။ ဆရာနေခြည်(မကွေး)က ပြောဆိုသွားပါတယ်။
ဆရာနေခြည်(မကွေး) ပြောဆိုသွားတာကို နှင်းဦး(မင်းဘူး)က ဆက်လက်ဆွေးနွေးပြီး ပြောဆိုပြန်ပါတယ်။ `ဆရာနေခြည် ပြောသွားတာတွေ အားလုံးကောင်းပါတယ်။ ဘာမှ အမှားမပါ ပါဘူး။ ဒါပေမယ့် နှမ်းဖြူးတဲ့သဘောပါ။ နည်းနည်းလေး ဖြည့်ပြောပါရစေ.။ မိုးခါးရေ ကိစ္စလေးပါ။ အဲဒီကိစ္စမှာ အားလုံးလူတိုင်းက မူးကြ၊ ရူးကြ တစ်တိုင်းပြည်လုံး မိုးခါးရေကို သောက်နေချိန်မှာ ရှင်ဘုရင်တစ်ပါးတည်း မသောက်ဘဲနေတာပါ။ သူ့ကို အခြားသူတွေက လာပြောပါတယ်။ တစ်တိုင်းပြည်လုံးမိုးခါရေသောက်လို့ ရူးနေကြတယ်။ ရှင်ဘုရင်ကြီးလည်း ရူးမှ မူးမှ တော်ပေမည် ဆိုတော့ ရှင်ဘုရင်ကြီးလည်း ယခုခေတ် စကားနဲ့ပြောရရင် သူများတွေ လူတိုင်းသောက်နေတဲ့ မိုးခါးရေကို ရှင်ဘုရင်ကြီးကလည်း ကိုင် လိုက်တယ်ဆိုပါတော့..။ အဲဒါလေးကို ကြားရတော့ ကျွန်တော့်သူငယ်ချင်း ကဗျာဆရာတစ်ဦး ရေးသွားတဲ့ ကဗျာလေးကို ပြောပါရစေ။ တိုတိုလေးပါ။ ( မိုးခါးရေကို မသောက်လိုလျှင်၊ သင့်ကိုဝိုင်းပယ်ကြမည်တည်း..တဲ့။) ခေါင်းစဉ်တော့ ကျွန်တော်မမှတ်မိတော့ပါဘူး။ သူများ မိုးခါးရေသောက်တိုင်း လိုက်သောက်ရမယ်ဆိုတဲ့ လူမိုက်အားပေးတဲ့ သဘောများ ဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါ။
ပန်းချီဆရာ မင်းသူကလည်း ဆရာနေခြည် ပြောတာကို ဤသို့ ဆိုပြန်ပါတယ်။ ` ဆရာနေခြည် ပြောကြာတဲ့ အထဲက ကျီးကို ဘုတ်မြှောက်၊ ဘုတ်ကလည်း ကျီးကိုမြှောက် ဆိုတာကို ဖြည့်ပြောချင်ပါတယ်။ ဟာ ကိုရွှေဘုတ်..ခင်ဗျားရဲ့အတောင်လေးက ဘုရားရဲ့သင်္ကန်းရောင်လေးပဲ။ လို့ ကျီးကဆိုပါတယ်။ ဘုတ်ကလည်းပြန်ပြော ပါတယ်။ ဟုတ်တာပေါ့ ကိုရွှေကျီးရယ်..ခင်ဗျားရဲ့ အမွေးအတောင်လေးတွေကလည်း ဘုရားရဲ့ သပိတ်ရောင်လေးပါပဲ။ လို့ ဘုတ်က ပြန်ဆိုပါတယ်။ ဒါလေးတွေက ပြည်တွင်းမှ ပုံပြင်လေးတွေပါ။ လောကကြီးထဲမှာ အလိုက်အထိုက် မြှောက်ပင့်ပေါင်းသင်းနေကြသူများကို မြင်အောင် ပြထားတာပါ။
ဆရာ မကွေးညိုစိမ့်ကလည်း ဒီလိုပြောပါတယ်။ ` ကျွန်တော်ကတော့ ရန်ကုန်ကနေ မကွေးကို ရောက်တိုင်း ဒီ Shade စာပေ၀ိုင်းကို ရောက်ဖြစ်အောင်ကိုလာခဲ့ပါတယ်။ ဒီတစ်ပတ် Shade ဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၃၄) ထဲက စာရေးသူ အယ်မောင်မောင် ရေးတဲ့ (ကံ) ဆိုတဲ့ဆောင်းပါးကို ပြောဆိုချင်ပါတယ်။ ဒါလေးကို ကျွန်တော် တော်တော်သဘာကျ ပါတယ်။ ဘာကြောင့်သဘောကျရသလဲဆိုရင် အသက်ခြောက်ဆယ်ပြည့်လို့ အစိုးရက ပင်စင်ပေးပေမယ့် စာရေးသူရဲ့ အဖေဟာ အသက်ခုနှစ်ဆယ်အထိ မိသားစု စားဝတ်နေရေးအတွက် ပင်စင်မယူနိုင်ခဲ့ပါဘူး။ အလုပ်တွေကို ကျိုးစားပြီး လုပ်ကိုင်တိုင်း ပျက်ခဲ့ရတာလေးတွေကို တင်ပြထားပါတယ်။ နောက်ဆုံး မအောင်မြင်တာ့ ငါတို့ ကံကုန်ပါပြီ လို့ ဆိုတဲ့ အကြောင်းကလေးကို လှလှပပနဲ့ မြင်သာ ထင်သာအောင် ရေးပြထားပါတယ်။ ကံနဲ့ပတ်သက်လို့ စကားပုံလေးတွရှိပါတယ်။ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။ ကံမခိုင် သံတိုင်အိမ်ဆောက်ရင် ကံမှောက်တော့ ကျိုး။ ကံယုံ၍ ဆူးပုံမနင်းရ။ စတဲ့ စကားပုံများကိုလည်း ဖော်ပြပေးထားတာ ကောင်းပါတယ်။အဓိက ဆိုချင်တာကတော့ သူတို့မိသားစု ဘာကြောင့်လုပ်တိုင်း ကံမကောင်းတာလည်း အဖြေရှာကြည့်လိုက်တော့၊ ယခု ဘ၀မှာကို မကောင်းတဲ့ အကုသိုလ်ကံတွေနဲ့ ( သား ငါး မွေးမြူရေးတွေလုပ်ခဲ့ခြင်းကြောင့်) လို့ ဟု ဆိုထားပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့ကံပေးမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးတွေကို ပေးမယ် ဆိုတဲ့ သဘော ကို ဖွင့်ဆိုရေးသားလို့ ကျွန်တော် သဘောကျ တင်ပြလိုက်ရပါတယ်။ ဟု ဆရာ မကွေးညိုစိမ့်က ပြောကြားသွားခဲ့ပါတယ်။
(စာမျက်နှာ အခက်အခဲကြောင့် SHADE စာပေ၀ိုင်းတော်သား အားလုံး၏ စကားများကို မဖော်ပြနိုင်ခြင်းအား တောင်းပန်အပ်ပါသည်။)
စိတ် အဟာရ ပြည့်ဝအောင် SHADE ဂျာနယ်ကို ဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၆)



Shade36
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၆)
၂၄-၇-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနှင့် ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၃၆) ကြိမ်ပါ။ ဒီတစ်ပတ် ၀ိုင်းတော်သားများကတော့ ဆရာမကွေးဝင်းမြင့်၊ ဆရာမကွေးညိုစိမ့်၊ ပန်းချီဆရာမင်းသူ၊ ဆရာတင်လင်းဇော်၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ) နဲ့စာရေးသူတို့ဖြစ်ကြပါတယ်။ ဒီတစ်ပတ် အညာမကွေးမှာ မိုးက နေ့စဉ်ဆက်တိုက် မိုးရွာနေပါတယ်။
ဆရာမကွေးဝင်းမြင့် က စတင်ပြောပါတယ်။ `လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျား၊ ကျွန်တော်တို့ စာပေ၀ိုင်းမှာ စာပေသက်သက် အကြောင်းအရာများကိုသာ ပြောကြ ဆိုကြ ဆွေးနွေးနေကြတာပါ။ တစ်ယောက်ချင်းက ဖတ်လာကြတာကို ပြန်လည်ပြောဆိုပြီး တစ်ဦးချင်းရဲ့အမြင်အမျိုးမျိုးကို ဆွေးနွေးပေးကြတာ အင်မတန်ကောင်းပါတယ်။ မိုးရာသီရောက်လာရင်တော့ ကျွန်တော်ဘယ်လိုစာအုပ်မျိုးတွေကို အဖတ်များသလဲဆိုရင်ဖြင့် စာရေးဆရာတင်ထွေး ဘာသာပြန်တဲ့၊ (Gone With The Wind ) ဆိုတဲ့ (မိုးနှင့် လေနှင့် မုန်းတိုင်းနှင့်)အမည်နဲ့ စာအုပ်ကို ဖတ်မိပါတယ်။ အထပ်ထပ် ပြန်ဖတ်ပါတယ်။ ဘာလို့ဖတ်ရသလဲဆိုရင်တော့ မူရင်း ရေးသားတဲ့စာရေးဆရာမ (MARGARET MITCHELL) မာဂရက်မစ်ချယ် ကို လေးစားလို့ဖတ်ပါတယ်။ ဘာကြောင့်လေးစားရတာလဲဆိုရင် ပြင်သစ်က စာရေးဆရာကြီး အင်ဒရီမော်ရွိင်း တဲ့။ အဲဒီစာရေးဆရာကြီး အမေရိကန်ကိုသွားလည်ပါတယ်။ အမေရိကန်က စာပေသမားတွေက ၀ိုင်းဝန်းပြီး ၀မ်းမြောက် ၀မ်းသာနဲ့ ကြိုဆိုကြပါတယ်။ ဧည့်ခံစကားပြောတဲ့ ပါတီပွဲကလေး လုပ်ကြပါတယ်။ ကျွန်တော်တို့ မြန်စကားနဲ့ပြောရရင်တော့ ဂုဏ်ပြုဧည့်ခံကြိုဆိုကြတယ်ပေါ့။ စာရေးဆရာ(၂၀) ဦးကျော်လောက် ပွဲတက်ကြတယ်ပေါ့။ ပြင်သစ်စာရေးဆရာကြီးကို ဖက်လှဲတကင်း ရင်းရင်းနှီးနှီး တွေ့ဆုံ ပြုစုကြပါတယ်။ အဲဒီပွဲမှာ ခပ်လှမ်းလှမ်းမှာ အသက်(၃၀) ခန့်ရှိသူ အမျိုးသမီးတစ်ဦးက ပြင်သစ်စာရေးဆရာကြီးကို မကြာခဏ လေးလေးစားစားနဲ့ ကြည့်ကြည့်နေပါတယ်။ ဒါနဲ့ဆရာကြီးမှ သူ့ကိုလှမ်းလှမ်းကြည့်နေတဲ့ ဒီကလေးမလေးကို အကဲမရဖြစ်ပြီး သူ့မဆီကို လျှောက်သွားပါတယ်။ ``ဟဲ့ မင်းက စာပေ၀ါသနာ ပါသလား´´လို့ ဆရာကြီးက သူမကို မေးလိုက်ပါတယ်။ အမျိုးသမီးလေးက စာပေ၀ါသနာပါ ကြောင်းပြန်ပြောပါတယ်။ ``ဒါဆိုရင် မင်းက ဘာတွေကို ရေးဘူးပါသလဲ´´လို့ ဆရာကြီးက ထပ်၍ သူမကို မေးပါတယ်။ သူမက ၀ထ္ထု တစ်အုပ်ရေးခဲ့ဘူးပါကြောင်း ပြန်လည်ပြောပြပါတယ်။ `` ဘာအကြောင်းတွေကို ရေးသားတာလဲကွယ်´´ လို့ ဆရာကြီးက ဆက်၍မေးပါတယ်။ သူမက ကျွန်မ အမေရိကန် ပြည်တွင်းစစ်အကြောင်း ကိုရေးပါတယ် ဟု ဖြေကြားပါတယ်။ `` ဒါဆိုရင် အဲဒီ ၀ထ္ထုစာအုပ်ကို ထုတ်ပြီးပြီလား။ ၀ထ္ထု နာမည်က ဘယ်လို နာမည်ပေးထားပါသလဲကွယ်..´´ ဟု ဆရာကြီးက မေးနေပါတယ်။ သူမက သူ့ရေးသားတဲ့စာအုပ်နာမည်မှာ (Gone With The Wind ) ဖြစ်ကြောင်း ဖြေကြားလိုက်ပါတယ်။ ပြင်သစ်စာရေးဆရာကြီးက ထိုသူမကိုသေခြားစိုက်ကြည့်၍ ထူးခြား အံ့သြစွာဖြင့် `` ဟယ် ဟယ်.. ဒါဆိုရင် မင်းက စာရေးဆရာမ (MARGARET MITCHELL) မာဂရက်မစ်ချယ် ပေါ့ ဟုတ်လား။ ယခုလိုတွေ့ဆုံရတာ ၀မ်းသာလိုက်တာကွယ်။´´ ဟုဆိုကြပြီး ဖက်လှဲတကင်း လေးစားစွာ နှုတ်ဆက်ကြပါတယ်။ အဲဒီအချိန်က သူမရေးသားတဲ့ (Gone With The Wind ) စာအုပ်ကြီးမှာ တကမ္ဘာလုံးက အုံးအုံးကြွက်ကြွက် လူကြိုက်များတဲ့စာအုပ်ပါ။ ဘာသာ အမျိုးမျိုးနဲ့ ပြန်ဆိုပြီးတကမ္ဘာလုံးကို ဖြန့်ချိရောင်းချနေရတဲ့ စာအုပ်ဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေတာနဲ့တင် ရပ်မထားကြပဲ ရုပ်ရှင်လည်းရိုက်ခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်ကားလည်း ကမ္ဘာကျော် အောင်မြင့်ခဲ့ပါတယ်။ ဒါလောက် နာမည်ကြီးတဲ့ စာအုပ်ကို ဒီသူငယ်မလေးက ရေးသားတာဆိုတော့ ပြင်သစ်စာရေးဆရာကြီးက ထူးထူးခြားခြားကြည့်ပြီး လေးစားနေပါတယ်။ ဒါကြောင့်သူမကို ခဏ ခဏ လက်ဆွဲပြီး ဂါရ၀ပြုနှုတ်ဆက်နေပါတယ်။ ဒီစာအုပ်ကြီုး မြန်မာနိုင်ငံကိုရောက်လာတော့ အဲဒီအချိန်က စာရေးဆရာ နန္ဒ ဆိုသူက သဘောကျလွန်းလို့(လေရူးသုန်သုန်)နာမည်နဲ့ သာယာဝတီနယ်မှာ သူပုန်ထတယ် ဆိုတဲ့ အကြောင်း မြန်မာမှုပြုပြီး ဒီ Gone With The Wind ဇာတ်လမ်းကိုမှီးပြီး မြန်မာ့အလင်းသတင်းစာမှာနေ့စဉ် အခန်းဆက်နဲ့ရေးသားခဲ့ပါတယ်။ စာအုပ်လည်းထုတ်ဝေခဲ့ပါတယ်။ အဲဒါကို ဆရာမြသန်းတင့်တို့က တွေ့ပါတယ်။ ပထမ Gone With The Wind ကိုမှီးတယ် မထင်မိကြဘူး။ မြန်မာဇာတ်လမ်းပဲလို့ ထင်ခဲ့ကြရတာပါ။ နောက်ကျမှ ဆရာမြသန်းတင့်တို့ကသိရပါတယ်တဲ့။ အဲဒီအခါကျတော့ ဆရာမြသန်းတင့်က Gone With The Wind ကိုကြိုက်နှစ်သက်လာပြီး အဲဒီဝထ္ထုကြီးကို (လေရူးသုန်သုန်)အမည်နဲ့ပဲ လုံးစိပတ်စိဘာသာပြန်ခဲ့ပါတယ်။ (လေရူးသုန်သုန်)၀ထ္ထုကြီးကို မူလ ဆရာနန္ဒ ပေးခဲ့တဲ့အမည်အတိုင်းပဲ ဆရာမြသန်းတင့်ကလည်း (လေရူးသုန်သုန်)နာမည်နဲ့ပဲ ပထမပိုင်း ဒုတိယပိုင်း နှစ်အုပ်တွဲကြီးကို ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကြီး ကမ္ဘာကျော်ခဲ့သလို ဆရာမြသန်းတင့်ထုတ်ဝေခဲ့တဲ့ ဒီဘာသာပြန်ဝထ္ထုကြီး( လေရူးသုန်သုန်) ၀ထ္ထုကလည်း စာအုပ် အဖြစ်နဲ့ရော ရုပ်ရှင်အဖြစ်ရော တော်တော်အောင်မြင်လာခဲ့ပါတယ်။ ဒီဝထ္ထုကြီးနဲ့ ဆရာမြသန်းတင့်လည်း အမျိုးသားစာပေဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီတစ်ပတ်တော့ကျွန်တော့်အနေနဲ့ (ကွယ်လွန်သူ စာရေးဆရာမြသန်းတင့် ၏ လေရူးသုန်သုန်)၀ထ္ထုကြီး ကိုရော၊ စာအုပ်တစ်အုပ်တည်းနဲ့ ကမ္ဘာကျော်အောင် ရေးသွားနိုင်ခဲ့တဲ့ စာရေးဆရာမ MARGARET MITCHELL မာဂရက်မစ်ချယ် ရဲ့ Gone With The Wind ၀ထ္ထုကြီးတို့ကို လက်ဆင့်ကမ်း ဂုဏ်ပြုပြောဆိုလိုက် ပါတယ်ခင်ဗျား..။ ဟု ဆရာမကွေးဝင်းမြင့်က အကျယ်တ၀င့် ပြောကြားသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်းဤသိုဆိုပါတယ်။ ယခုခေတ်နဲ့အညီ ရွေးချယ်တင်မြှောက်ပွဲများအတွက် ကျွန်တော်လတ်လတ်ဆပ်ဆပ်ဖတ်လာခဲ့ရတဲ့ ၂၀၁၁၊ သြဂုဏ်လထုတ်၊ အတွေးအမြင် မဂ္ဂဇင်းထဲက စာရေးဆရာ အရာတော်လှမြင့်ရဲ့ဆောင်းပါးကိုတင်ပြလိုပါတယ်။ ဆောင်းပါး ခေါင်းစဉ်က (ပုံပြင် နှင့် ပုံမြင်) လို့ဖော်ပြထားပါတယ်။ စာရေးသူက ပညာရေးလောကထဲမှ ကျောင်းဆရာပဲထင်ပါတယ်။ ဆောင်းပါးမှာ သူအပါအ၀င် ဇာတ်ကောင်သုံးယောက်ပါ ပါတယ်။ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း သူတို့ဆရာသုံးဦး စကားဝိုင်းဖွဲ့ပြောနေကြတာပါ။ ကလေးတွေက များသောအားဖြင့် ပုံပြင်ကို ကြိုက်ကြတယ်။ ပုံပြင်လေးတွေနဲ့ ပြောပြီးဆုံးမရတာက ပိုပြီးထိရောက်တယ် လို့ဆိုပါတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါတိုင်းမှာ စေ့စေ့စပ်စပ် သေသေချာချာ နောက်လိုက်လွတ်အောင် မလုပ်တတ်တဲ့ ကလေးတစ်ယောက်ကို အကြောင်းပြုပြီး ဒီပုံပြင်လေးတွေကို ပြောဆိုနေကြတာပါ။ ပထမဆုံးဆရာကပြောတဲ့ ပထမ ပုံပြင်ကတော့ လူတိုင်းသိပြီးသား ပုံပြင်ပါ။ ရှင်ဘုရင်ကြီးတစ်ပါးမှာ ပညာရှိအမတ်တစ်ဦးလိုနေပါတယ်။ ရှင်ဘုရင်ကြီးရဲ့မိဖုရားကလည်း သူ၏ မောင်တော်ကို ခန့်ထားပေးစေချင်တာပါ။ ရှင်ဘုရင်ကြီးကလဲ ပညာရှိအမတ်ခန့်ဖို့ ရာထားပြီး ရွေးချယ်ထားသူတစ်ဦးရှိနေပါတယ်။ ဒါနဲ့ အမတ်လောင်းဖြစ်တဲ့ သူတို့ နှစ်ဦးကို ရှင်ဘုရင်ကြီးနဲ့ မိဖုရားကြီးက နန်းတွင်းညီလာခံမှာ ရွေးချယ်ဖို့ အင်တာဗျူးလုပ်ကြပါတယ်။ ပထမ အမေးခံရသူကတော့ မိဖုရားကြီးရဲ့ မောင်တော်ကို စတင်မေးပါတယ်။ ရှင်ဘုရင်ကြီးက နန်းတော်အောက်က ခွေးမတစ်ကောင် ခွေးကလေးတွေ မွေးနေသလားလို့ မေးပြီး သွားကြည့်ခိုင်းလိုက်ပါတယ်။ မွေးပါတယ်။ ခွေးကဘယ်နှစ်ကောင်။ ခွေးမက ဘယ်နှစ်ကောင်၊ ခွေးထီးကဘယ်နှစ်ကောင်။ အဖြူ အနက်ကြားက ဘယ်နှစ်ကောင်။ စတာတွေကို တစ်ခါတည်းနဲ့ ကြည့်မလာလို့ ခဏ ခဏ အခေါက်ခေါက် အခါခါပြန်ပြန်ကြည့်၍ မိဖုရားရဲ့မောင်တော် ပထမလူက ဖြေကြားနေရသူဖြစ်ပါတယ်။ ဒုတိယ အမေးခံရသူကတော့ `အင်း နန်းတော်အောက်က ခွေးမ ခွေကလေးတွေမွေးတာကို အကြည့်ခိုင်းတာ အဓိပ္ပာယ်တစ်ခုတော့ရှိရမယ်။ ပေါ့ပေါ့ဆဆ လုပ်လို့တော့မဖြစ်ဘူး။ သေသေချာချာ စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားပြီး ဖြေဆိုမှ ဖြစ်မယ်..´လို့စဉ်းစား ဆုံးဖြတ်ပြီးတစ်ကြိမ်တည်းနဲ့ ခစား၍ အတိအကျအမှန်အတိုင်း လျှောက်တင်အဖြေပေးလိုက်ပါတယ်။ နောက်ဆုံး စေ့စပ်သေချာစွာ ဖြေကြားသူကိုသာ အမတ်အဖြစ် ရွေးချယ်လိုက်ပါတော့တယ်။ ဒုတိဆရာ ပြောကြားတဲ့ ပုံပြင်က တော့ အင်္ဂလိပ်ခေတ် မုံရွေး၊ကြေးမုံနယ်မှာ မြို့ပိုင်မင်းက ရွာတစ်ရွာကို သူကြီးရွေးပွဲလုပ်ဖို့သွားပါတယ်။အဲဒီရွာမှာ သူကြီးအရွေးခံလိုသူ နှစ်ယောက်ရှိပါတယ်။ မြို့ပိုင်မင်း ရွာကိုလာတယ်ဆိုတော့ သူကြီးဖြစ်လိုသူတစ်ဦးက ပြာပြာသလဲ ခရီးဦးကြိုပြုပြီး ကျကျနန ဧည့်ခံကျွေးမွေးပါတယ်။မြို့ပိုင်မင်းရဲ့ ဘီးနပ်ကိုတောင် ပြောင်လက်နေအောင် တိုက်ချွတ်ပေးလိုက်ပါသေးတယ်တဲ့။ နောက် သူကြီးအရွေးခံဖို့ ရာထားခံရသူ တစ်ဦးကတော့ ရွာသားတွေနဲ့ သူတို့ရွာဘေးမှာ မူးမြစ်ရေတွေတိုးလာလို့ မြစ်ကမ်းပါးတွေပြိုနေတဲ့နေရာက ယိုင်နဲ့နဲ့ တံတားလေးကို ၀ိုင်းဝန်းပြင်ဆင်နေကြပါ တယ်။ ဒါနဲ့ မြို့ပိုင်ကြီးလည်း မြို့ကိုပြန်သွားတယ်။ (၁၀)ရက်လောက်ကြာတော့ အဲဒီရွာကို မြို့ပိုင်မင်းက သူကြီးခန့်တဲ့စာရေးသားပြီး အမိန့်ထုတ်လိုက်ပါတယ်။ သူတို့ရွာမှာ သူလာစဉ်တုံးက မြစ်ကမ်းနဘေး တံတားပြင်နေသူ သူကြီးလောင်းကိုသာ သူကြီးခန့်ထားလိုက်ပါတော့တယ်။ အဲဒီအခါ တစ်ရွာလုံးက အံ့သြကြပါတယ်။ သူလာတဲ့နေ့က ရွာမှာ ဂရုတစိုက်နဲ့ ကြိုဆိုသူကို သူကြီးမခန့်ဘဲ သူ့အနားကို မကပ်တဲ့ သူကြီးလောင်းကို ရွေးလိုက်တော့ အထင်နဲ့ အမြင်လွဲကုန်ပြီး အံ့သြကြပါတယ်တဲ့..။ အရင်ဆရာနှစ်ယောက်က တစ်ထပ်တည်းကျအောင်ပြောသွားနေတဲ့ ပုံပြင်နှစ်ပုဒ်ကို ငြိမ်ပြီးနားထောင် နေသူ တတိယဆရာပြောတဲ့စကားမှာ.. ကျွန်တော်ကတော့ ဖတ်ဖူးတာကိုပြောပါ့မယ်။ ဘာသာပြန်ဆောင်းပါးပါ။ အရှေ့ဂျာမဏီ၊ အနောက်ဂျာမဏီပြည်ကြီး နှစ်ခြမ်းကွဲသွားပြီး ဘာလင်တံတိုင်းကြီးပြိုလဲစဉ်အခါမှာ ဂျာမဏီပြည်ထောင်စုကြီး နှစ်ပြည်ထောင် ပေါင်းစည်းခဲ့ပါတယ်။ စာရေးသူက အနောက်ဂျာမဏီ ဟော်တယ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဟော်တယ်ရဲ့ စားသောက်ခန်းနောက်မှာ ပုဂံဆေးနေသူ တစ်ဦးကို မြင်နေရပါတယ်။ စာရေးသူမှ ဒီပုဂံဆေးနေသူကို ငါ ရင်းရင်းနှီးနှီးနဲ့ ကောင်းကောင်းမြင်ဘူးပါတယ်။ ဘယ်နေရာမှာ တွေ့ဖူးတာလည်းစဉ်းစာကြည့်လိုက်တော့ ဂျာမဏီနိုင်ငံ နှစ်ခြမ်းကွဲစဉ်ကာလတုံးက ပုဂံဆေးနေသူ ဒီလူဟာ အရှေ့ဂျာမဏီနိုင်ငံရဲ့ ဆိုရှယ်လစ်ပါတီမှာ အတွင်းရေးမှူးတစ်ဦး ဖြစ်ခဲ့သူပဲ။ အဲဒီအချိန် အဲဒီနိုင်ငံမှာ ပုဂံဆေးနေသူ(အတွင်းရေးမှူး) ဆိုသူရဲ့ အကိုကြီးကလည်း ပါတီဥက္ကဋ္ဌ လုပ်ခဲ့တာကို ပြန်လည်စဉ်းစာမိပါတယ်။ ဒါကြောင့်သူက အတွင်းရေးမှူးနေရာကို ရတာလို့ စာရေးသူက ပြန်လည်သတိထားလိုက် မိပါတယ်ဟု..၊ တတိယဆရာက အရင်ပုံပြင်ပြောတဲ့ ဆရာနှစ်ဦးကို ပြောဆိုနေပါတယ်။ သူက ဆက်ပြီးပြောပါတယ်။ ဒီအကြောင်းကို ဘာကြောင့် ကျွန်တော်ပြောဆိုရတာလဲဆိုရင် ဆရာတို့နှစ်ယောက်ပြောကြားသွားတဲ့အထဲမှာ ကြိုးစားပမ်းစား လုပ်ရင် မှန်ကန်တဲ့နေရာကိုရောက်တယ်ဆိုတဲ့ သဘောကို ကောက်ချက်ရေးဆွဲထားပါတယ်။ ဒါ မမှန်ပါဘူး။ အဲ တစ်ဝက်တော့မှန်နိုင်ပါတယ်။ အရည်အချင်းရှိသူတိုင်းဟာ သင့်လျှော်တဲ့နေရာကို မရောက်ပါဘူး။ အဲဒီလိုရောက်ဖို့ဆိုရင် တော့ ရွေးချယ်ဖို့ ဆုံးဖြတ်မယ့်သူတွေရဲ့ အဖွဲ့ထဲမှာ တစ်ဝက်တည်ရှိနေပါတယ်။ ရွေးချယ်ဆုံဖြတ်မယ့်သူဟာ ကိုယ်ပိုင်အရည်ချင်းရှိပြီး ဘက်မလိုက်ဘဲ မှန်ကန်စွာနဲ့ သမာသမတ်ကျဖို့လည်းလိုအပ်ပါတယ်။ ကိုယ်ရွေးချယ်မယ့်သူတွေရဲ့ လုပ်ရည်ကိုင်ရည် အရည်အသွေးတို့ကို တန်ဖိုးထားပြီး လေးစားမှုရှိတတ်ဖိုလည်းအရေးကြီးပါတယ်။ နောက်ဆုံးပြောချင်တာ က သမာသမတ် မကျဘဲ အကိုဖြစ်သူ ဥက္ကဋ္ဌကြီး က ညီဖြစ်သူကို အတွင်းရေးမှူးရာထူးပေးလိုက်တယ်။ တကယ်လည်း အရှေ့၊ အနောက်ဂျာမဏီနှစ်နိုင်ငံကို ကိုယ်ပိုင်အရည်အချင်းရှိသူတွေနဲ့ အင်တိုက်အားတိုက်ဝိုင်းဝန်းစုပေါင်းပြီး နိုင်ငံကို ပေါင်းစည်းထူထောင် လိုက်ကြတော့ ဘာမှအရည်အချင်းမရှိသူဟာ ပုဂံဆေး အဆင့်မှာသာ ရောက်သွားပါကြောင်း၊ လူပုံအလယ်မှာ ယခင်က အတွင်းရေးမှူးဆိုသူမှာ မျက်နှာငယ်စွာနဲ့ ငေါငေါကြီးပေါ်လွင်နေပါကြောင်းအဖြစ်တို့ကို ဆရာတင်လင်းဇော်မှ အကျယ်တ၀င့် ခံစားပြောဆိုသွားခဲ့ပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၅)




Shade35
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၃၅)
၁၇-၇-၂၀၁၁ ၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား က FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း(၃၅)ကြိမ်ပါ။ ဒီတစ်ပတ် အထူးဧည့်သည်တော် တွေကတော့ စာရေးဆရာ ဦးမြတ်(မန္တလေး) နဲ့ ဦးဝင်းထိန်တို့ဖြစ် ပါတယ်။ SHADE စာပေ၀ိုင်းတော်သားတွေကတော့ ဆရာမကွေးဝင်းမြင့်၊ဆရာ ဦးဆွေ(ဒဿနိက)၊ ပန်းချီဆရာမင်းသူ၊ ဆရာ သားဦး၊ ကာတွန်းဆရာ အေကေ၊ ဆရာတင်လင်းဇော်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ကိုဇော်မင်းကြည်(ခ) ဆရာဇော်မင်း ဇော်မင်း၊ ပန်းချီဆရာသူရိန်မြိုင်၊ ဆရာနေခြည်(မကွေး) တို့နဲ့ စာရေးသူဖြစ်ပါတယ်။ ယနေ့တော့ လူစုံတက်စုံ စာပေ၀ိုင်းက အထူးစည်ကားနေပါတယ်။
ဆရာမကွေးဝင်းမြင့် က စတင်ပြီး အဖွင့်ပြောဆိုပါတယ်။ `` လေစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျား..၊ ခုတစ်ပတ် SHADE စာပေ၀ိုင်းမှာ ၂၀၁၁၊ ဇူလိုင်လထုတ် သူရဇ္ဇ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ စာရေးဆရာ မောင်ကျောက်တိုင် ရေးသားတဲ့ (စောင့်ဆိုင်းခြင်း အတတ်ပညာ) ကို အတိုချုပ် ကောက်နုတ်တင်ပြချင်ပါတယ်။
လောကတွင် မစောင့်ဆိုင်းသူမရှိ။ ကလေးဘ၀က လမ်းမလျှောက်တတ်ခင်၊ မိဘက လက်တွဲပြီး လမ်းလျှောက်သင် ပေးသည်။ လူကြီးတွေကိုကြည့်ပြီး ကလေးတွေက လူကြီးတွေလို ထလိုက်၊ ထိုင်လိုက်၊ ရပ်လိုက် လုပ်နေကြတာကို အားကျနေ၏။ တစ်နည်းအားဖြင့်ပြောရလျှင် လူကြီးတွေလှုပ်ရှားသလို လှုပ်ရှားသွားလာနိုင်ဖို့ စောင့်ဆိုင်းမှန်းမသိ စောင့်ဆိုင်းနေရ၏။ မြန်မာဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓအဆုံးအမကို လိုက်နာမည်ဆိုပါက စောင့်ဆိုင်းမှု ချုပ်တည်းမှု ပညာကို ရှင်းလင်းလွယ်ကူစွာရနိုင်ပါသည်။ `သည်းခံ နိဗ္ဗာန်ရောက်´ ဟူသောစကားကို ငယ်ငယ်ကတည်းကပင် လူကြီးသူမများ ပြောသံကို နေ့စဉ်လိုလို ကြားဖူးသည်။ သို့သော် သည်းခံခြင်းဆိုသည်မှာ ဘာသာရေးကိစ္စဖြစ်သည်၊ ငါတို့နဲ့ မဆိုင်ဟု အထင်ရောက်တတ်ကြ၏။ မြတ်ဗုဒ္ဓက ရဟန္တာ ငါးရာကိုဟောကြားခဲ့သော သြ၀ါဒပါတိမောက် ဓမ္မာစေတီ ကျောက်စာတော်မှာ လွန်စွာချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း ဟု ဟောကြားတော်မူခဲ့၏။ သည်းခံခြင်းသည် အလွန်မြတ်သောတရားဟု လူ့ဦးနှောက်ကသိသော်လည်း နှလုံးသားအတွင်းသို့ မ၀င်နိုင်သောကြောင့် သည်းခံရမည်ဟူသော ဘုရား၏ ဆုံးမစကားသည် ကျမ်းစာအုပ် အတွင်း၌ပုန်းအောင်းနေ၏။
နေရာတကာတွင် အသိဥာဏ်ကိုသာ ဦးစားပေလွန်းသဖြင့် နှလုံးသား အားနည်းလာသည်။ ညံ့ဖျင်းလာသည်။ ထို့ကြောင့် လူတစ်ဦးချင်း ဆက်ဆံရေး မပြေပြစ်မှုများ၊ နိုင်ငံတကာဆက်ဆံရေး မပြေပြစ်မှုများ၊ ဆက်တိုက်ပေါ်ပေါက်လာ သောအခါ ရှေးက (IQ အိုင်ကျူ) တစ်ခုတည်းကိုသာ စံထားရာမှ ယခုအခါ (EQ အီးကျူ) ကိုပါ စံထားလာရပါသည်။ အိုင်ကျူသည် ဥာဏ်ရည် သက်သက်သာဖြစ်သည်။ အီးကျူသည် နှလုံးရည် စိတ်နေစိတ်ထား စွမ်းရည်ဖြစ်သည်။ E သည် Enotion ခေါ် စိတ်လိုက်မာန်ပါ ပြုမူသူကို ရည်ရွယ်ပါသည်။ စိတ်လိုက်မာန်ပါ ပြုမူခြင်းသည် ချုပ်တည်းမှုကင်းမဲ့ခြင်းဖြစ် သည်။ ဥာဏ်ရည်သည် စိတ်၏အရည်အသွေးတစ်ဝက်မျှသာဖြစ်သည်။ ကျန်တစ်ဝက်ကား နှလုံးရည်ခေါ် EQ ဖြစ်သည်။ အိုင်ကျူ ဥာဏ်ရည်နှင့် အီးကျူခေါ် နှလုံးရည်ပါ ပြည့်စုံမှသာလျှင် လူ့စိတ်စွမ်းရည် အပြည့်အ၀ရမည်ဖြစ်သည်။ ဤသို့ စိတ်စွမ်းရည် အပြည့်အ၀ရလာသောအခါ သြ၀ါဒ ပါတိမောက်လာ မြတ်ဗုဒ္ဓ၏ အဆုံးအမသည် လောကုတ္တရာကိစ္စကိုသာ မက လောကီကိစ္စ မိမိရည်မှန်းချက် အောင်မြင်ရန်အတွက် အကျိုးများသည် လက်တွေ့သိမြင်လာမည်ဖြစ်ပါသည်..။ ဟု ဆရာမကွေးဝင်းမြင့် က ဆွေးနွေးဖတ်ကြားပြောဆိုသွားပါတယ်။
စာရေးသူကတော့ ၀ီးကလီးအလဲဗင်း ဂျာနယ်၊ ၂၀၁၁၊ ဇွန်လ၂၅ရက်ထုတ်ထဲက စာရေးဆရာ သန်းထွဋ်အောင် ရေးတဲ့ (လေးစားယုံကြည်မှုဆိုတာ..) ဆောင်းပါးကို ဖတ်ကြားပြပါတယ်။ ဘာကြောင့် ဒီဆောင်းပါးကို ဖတ်ရသလဲဆိုတော့ ဒီနေ့ မီဒီယာလောကသား တွေနဲ့ စီးပွားရေးလောကသားများ အပြန်အလှန် တရားစွဲနေကြတာ အများ အသိပါ။ ဒါကြောင့် ဆေးလောကနဲ့ မီဒီယာကြားမှာ ကြားကျအောင် ဖြန်ဖြေရေးသားထားတဲ့ ဆောင်းပါးဖြစ်လို့ တင်ပြပေးခြင်းဖြစ်ပါတယ်။ ဟုပြောကြားခဲ့ပါတယ်။
ဆရာ ဦးဆွေ(ဒဿနိက)ကတော့ သူက ရသနဲ့ပတ်သက်တဲ့ စာရေးဆရာဖြစ်လို့ ဆရာမင်းသုဝဏ်၏ (နှင်းဆီပွင့်) ဆိုတဲ့ကဗျာ၊(လယ်တောက အပြန် ပန်ချင်တယ် ခရေဖူးကိုမှ မောင်ခူးကာပေး….) စတဲ့ ကဗျာသီချင်း ကို သံနေသံထားဖြင့် လွမ်းစရာကောင်းအောင် သီဆိုပြပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ကို အကျယ်ချဲ့ပြီး လေးနက်စွာ ပြောဆိုသွားပါတယ်။ စေတနာကောင်းမှ စိတ်ရင်းကောင်းမှ စာကောင်း ပေကောင်းတွေထွက်မှာ ဖြစ်ကြောင်း ဆရာမင်းသုဝဏ် က သတိပေးသွားတာဖြစ်ကြောင်း တင်ပြဆွေးနွေးသွားပါတယ်။ နောက်ပြီး ဆရာမ မနှင်းဖွေးရေးတဲ့ နှဲ မှုတ်တဲ့ (နှဲဆရာကိုစံဗျော) ရဲ့ ဇာတ်လမ်းလေး ကို အသေးစိတ် ချပြပြောဆိုသွားပါတယ်။ နှဲ အသံကြီးနဲ့ ပတ်ဝန်းကျင်အားလုံးကို ဒုက္ခပေးနေတဲ့ နှဲဆရာကိုစံဗျော ကို ညင်ညင်သာသာလေးနဲ့ တဆင့်ခြင်း တဆင့်ခြင်း သိမ်မွှေ့စွာဖြင့် ဆရာမ မနှင်းဖွေးက ဖြေရှင်းပြီး ဇာတ်လမ်းဆင်သွားခြင်း ဖြစ်ပါကြောင်း။ ဒါကြောင့် စေတနာကောင်းလျှင် စာကောင်းတစ်ပုဒ်ထွက်လာနိုင် ခြင်းဖြစ်ကြောင်းတို့ကို အကျယ်တ၀န့် အသေးစိတ်ပြောဆိုသွားပါတယ်။
စာရေးဆရာ သားဦး ကလည်း ရယ်စရာ မောစရာလေးများနဲ့ စတင်ပြောဆိုပါတယ်။ ``မိသားစု သုံးယောက်မှာ အဖေလုပ်တဲ့သူက သားလေးကိုစာသင်နေပါတယ်။ ကျွဲဆိုတဲ့ စာလုံးကို ကလေးက မပေါင်းတတ်ဖြစ်နေပါတယ်။ အဖေလုပ်သူက မပေါင်းတတ်ရကောင်းလားဆိုပြီး သားလေးကို ဆူပူကြိမ်းမောင်းနေပါတယ်။ အဲဒီတော့ မိန်းမလုပ်တဲ့သူက ကလေးက မပေါင်းတတ်တာကို ရှင်ကပဲ ကျွဲကို စာလုံးပေါင်းပြလိုက်စမ်းပါ..ဆိုပါတယ်။ ဒီတော့မှ အဖေလုပ်သူက ကျွဲရေးချ နောက်သို့ပစ် ကျွဲလို့ ပေါင်းချလိုက်ပါတော့တယ်။ အဲဒီတော့ အမေလုပ်သူက အင်း ရှင်က လူကြီးကို ပေါင်းတတ်မှာပေါ့လို့ ဆိုသတဲ့´´။ ဆိုလိုတာကတော့ အများညီရင် ဤ ကို ကျွဲ ဖြစ်တယ်ဆိုတာကို လက်မခံနိုင်ပါဘူး။ ဒီအမှားကြီးကို အများလက်ခံထားလိုက်တာနဲ့ အချိန်ကြာသွားခဲ့ရင် အမှန်ဖြစ်မသွားဖို့ကို ပြောဆိုချင်တာပါ..။ စကားလုံးတိုင်း အကြောင်းအရာတိုင်းမှာ အမှားနဲ့ အမှန် ခွဲခြားပြီးသိနိုင်ကြပါစေ..လို့ ဆရာသားဦးက ပြောဆိုသတိပေးသွားပါတယ်။
ကာတွန်းဆရာ အေကေကလည်း ကာတွန်း များက ရယ်စရာ တွေးစရာ များအကြောင်းကို ဤသို့ဆိုပါတယ်။ ကာတွန်းပုံတွေမှာ တစ်ချို့က ရယ်ရတာရှိသလို တစ်ချို့ကျတော့ မရယ်ရဘဲ တွေးယူရတာတွေရှိပါတယ်။ ပညာပေး ကာတွန်းတွေလည်းရှိပါတယ်။ ကျွန်တော်ဖတ်မိတဲ့ ဆရာဇော်မောင်ရဲ့ ကာတွန်း ကိုပြောချင်ပါတယ်။ မဂ္ဂဇင်းတွေထဲက စုထုတ်ထားတဲ့ (ဇော်မောင်ရဲ့ အမှားများ) စာအုပ်ထဲက ကျွန်တော်မှတ်မိနေတာလေး ပြောပါရစေ…။ လူနှစ်ယောက်ရှိတယ်။ ပထမ တစ်ကွက်မှာ လူတစ်ယောက်က ငုတ်တုတ်ထိုင်နေပါတယ်။ လူတစ်ယောက်က သူ့ဘေးနားမှာ မတ်တပ်ရပ်လို့ပါ။ မတ်တပ်ရပ်နေသူက ထိုင်နေသူကို စကားလှမ်းပြောပါတယ်။ ``ဟေ့ကောင်ထ ငါတို့သွားကြမယ်´´။ ထိုင်နေတဲ့သူက ရောယောင်ထပြီး လိုက်လာပါတယ်။ သူတို့လမ်းမပေါ်မှာ သွားနေကြတာပေါ့။ အဲ ထိုင်နေရင်းက ထပြီးလိုက်လာသူက စကားပြန်မေးပါတယ်။ `ဟေ့ကောင် ငါတို့ဘယ်ကိုသွားမှာလဲ´။ လမ်းလျှောက်သွားနေရင်းက ပထမ စတင်ခေါ်သူက ပြန်ပြောပါတယ်။ `` အေး ငါလဲ မသိဘူးကွ ဒါပေမယ့် ဘယ်ကိုသွားရမယ်ဆိုတာ ငါတို့ သွားနေရင်းစဉ်းစား ကြတာပေါ့ကွာ…´´။ လို့ ဆိုနေကြပါတယ်။ ဒီကာတွန်းက ဘာကိုပြောချင်တာလည်းဆိုတော့ တစ်ချို့လူတွေဟာ လုပ်တော့လုပ်နေကြတာပဲ။ ကိုယ်လုပ်တဲ့အလုပ်က ရည်ရွယ်ချက် ဦးတည်ချက် မရှိဘဲ ဖြစ်နေကြတာကို သရော်ထားတာပါ။ ကျွန်တော်ကိုယ်တိုင် စာပေလောကထဲကို ၀င်လာခါစမှာ ဟိုစပ်စပ် ဒီစပ်စပ် ရေးခဲ့ပါတယ်။စာမျက်နှာပေါ်မှာ ပါချင်နေတာကို။ မြ၀တီ၊ ငွေတာရီမဂ္ဂဇင်းတွေမှာ တစ်မျက်နှာဝထ္ထုတိုလည်းရေးလိုက်တာပဲ။ အင်တာဗျူးဆိုလဲရေးလိုက်တာပဲ။ ကာတွန်းပြိုင်ပွဲဆိုလည်း ၀င်ပြီးပြိုင်လိုက်တာပဲ။ ကိုယ့်နာမည်လေး ပုံနှိပ့်စာလုံးလေးနဲ့ဖော်ပြခံရရင် တော်တော်ပျော်နေခဲ့ပါ တယ်။ တစ်ခါ ကျွန်တော်ရန်ကုန်ရောက်တော့ ဆရာကြီး ဦးဖေသိန်း မဆုံးမှီ ဆရာကြီးဦးဖေသိန်း ကို ကာတွန်းဆရာတွေ ကန်တော့ပွဲကို ရောက်သွားခဲ့ပါတယ်။ ပထမ အဦးဆုံး ကာတွန်းဆရာတွေ အများကြီးတွေ့ရတော့ တော်တော်ဝမ်းသာမိပါတယ်။ အဲဒီပွဲမှာ ကိုယ်လည်း ကာတွန်းဆရာဆိုပြီးတက်လိုက်တာပါ။ ကာတွန်းဆရာတော့ မဖြစ်သေးပါဘူး။ အဲဒီမှာ ကျွန်တော်နဲ့ရွယ်တူ အာကာနဲ့တွေ့ပါတယ်။ သူကတော့ စာမျက်နှာလိုင်းပေါ်ကို ရောက်နေသူပါ။ သူ့ကို ကျွန်တော်က လေးစားစွာ နုတ်ဆက်လိုက်ပါတယ်။ ကိုအာကာ လို့ ..။ သူက နဲနဲမှန်နေပါတယ်။ သူနဲ့ အလာပ သလာပ စကားတွေပြောပြီး ပြန်ခါနီး ဆုံးမစကားဆိုပါတယ်။ ဟေ့ကောင် အေကေ မင်း ချစ်စမ်းမောင်ကို သိလား မေးပါတယ်။ သူက ကိုချစ်စမ်းမောင်ရဲ့ အမူအရာတွေကို လုပ်ပြနေပြန်ပါတယ်။ ချစ်စမ်းမောင် ဆိုတာ ဂီတာတီးတယ်။ ချစ်စမ်းမောင် နှဲ မမှုတ်ဘူးကွ။ ကျွန်တော်က`ဗျာ´ လို့ဆိုမိပါတယ်။ မှတ်ထားကွ ချစ်စမ်းမောင် ဂီတာပဲတီးတယ်။ ဘယ်တော့မှ နှဲမှုတ်မကျင့်ဘူး။ ဂီတာကို အင်မတန်ကျွမ်းကျင်ပြီး နာမည်လည်းကြီးတယ်ကွ..လို့ သူကဆုံးမပါတယ်။ ကျွန်တော်လည်း အဲဒီအချိန်ကစပြီး ကာတွန်းတစ်ခုတည်းကိုသာ ယနေ့အထိရေးဆွဲခဲ့ပါတယ်ခင်ဗျာ..။ဟု ကာတွန်းဆရာ အေကေမှ ခံစားရင်ဖွင့်ပြောဆိုသွားပါတယ်။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့။
မှတ်ချက်။ ။ စာမျက်နှာအခက်အခဲကြောင့် စာပေ၀ိုင်းတော်သားများ၏ ပြောစကားများကို ပြည့်စုံစွာ မဖော်ပြနိုင်၍ နာလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ အယ်ဒီတာချုပ် ။

ရွှေလမ်းငွေလမ်းဝင်းကြည်