`မကွေးတိုင်းဒေသကြီး မှ စာပေဟောပြောပွဲများနဲ့ စာပေဆုများ´



ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ

အမှတ်စဉ်(၂) ၁၃-၁၂-၂၀၁၁ `မကွေးတိုင်းဒေသကြီး မှ စာပေဟောပြောပွဲများနဲ့ စာပေဆုများ´

ဒီနေ့ နံနက် (၅)နာရီကျော်မှ အိပ်ယာထဖြစ်ပါတယ်။ ထုံးစံအတိုင်း ဘုရားရှစ်ခိုး၊ ဆိုင်ဖွင့်ပါတယ်။ အဲ ဒီနေ့မှ ညပိုင်းမှာ ကြည့်ဖြစ်တဲ့ အင်တာနက်သတင်းမှာ ကချင် KIO နှင့် မြန်မာစစ်တပ်တို့ရဲ့ စစ်ဆင်ရေးအား သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းခြင်း။ သတင်းကို တော်တော်စိတ်ဝင်စားလို့ ပြန်ဖွင့်ကြည့်မိပါတယ်။ ညကလိုပါဘဲ။ ထူးခြားမှု မရှိသေးပါ။ မြန်မာသတင်းမှာ တရားဝင်မထုတ်ပြန်သေးပါဘူး။ သတင်းကိစ္စ ထက် ကိုယ့်အတွက် ၀တ်မပျက် ရွတ်နေကြ ပရိတ်ကြီး နဲ့ ပဌာန်း အကျဉ်း၊ အကျယ် တို့ကို ရွတ်ဆိုရပါတယ်။ ပါးစပ်က တရားစာဆို၊ လက်တစ်ဖက် နဲ့ မျက်စေ့က အင်တာနက်ကို ဖွင့်နေမိပြန်ပါတယ်။ ငါ့ အိုင်တီဆိုဒ်က လူငယ်တွေများ သူငယ်ချင်းအဖြစ်လက်ခံထားလားလို့ ဆို ကြည့်မိပြန်ပါတယ်။ အင်တာနက်က သတင်းများကို ဖတ်နေရပြန်တယ်။ ချယ်ရီမြို့နယ်တော် အင်တာနက်လမ်းညွှန်ဆိုဒ်ကို အသစ်တွေရတယ်။ ဖတ်ချင်နေတဲ့ ဆရာအောင်သင်းရဲ့ ရသစာတမ်းတွေကို တစ်ဝကြီးဖတ်လိုက်ရပါတယ်။ ကျွန်တော်လို ဖတ်ချင်တဲ့သူများကို ထပ်မံ လမ်းပြလိုက်ပါရစေ..။ http://cherrymyodaw-directory.blogspot.com/ ဆိုဒ်ပါခင်ဗျာ။

အင်တာနက်ထဲက စာဖတ်၊သတင်းတွေကို ကြည့်ရင်းနဲ့ ဈေးရောင်းကောင်းအောင်လည်း နေ့စဉ် ရွတ်ဆိုနေကြ ပုတီးစိတ်နေကြ စရဏကျင့်စဉ် ဘာဝနာကိုလည်း ပွားများရပါသေးတယ်။ ကျွန်တော်က ဈေးဆိုင်ထိုင်ပြီး ဈေးရောင်းနေသူပါ။ အဲ တော်တော်လေးကြာတော့ ဧည့်သည်ရောက်လာပါတယ်။ အတွေးအမြင် မဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးတွေ ရေးသားနေသူ စာရေးဆရာသန်းထွန်း(စကု) ဆိုသူပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက သူတို့ စကုမြို့မှာ စာပေဟောပြောပွဲ လုပ်ပြီးကြောင်း။ ဟောပြောသူများကတော့ ဆရာအော်ပီကျယ်၊ ဆရာဇော်မြင့်(သဘာဝပတ်ဝန်းကျင်) နဲ့ ဆရာမ သန်းမြင့်အောင် တို့ သုံးဦးဟောကြတယ်။ ဆရာဇော်မြင့်(သဘာဝပတ်ဝန်းကျင်) က ဒေါက်တာထွန်းလွင်(မိုး/ဇလ ညွှန်မှူး(ငြိမ်း) မလာနိုင်လို့ လူစားထိုးတာ ကို သက်ဆိုင်ရာမှ လူစားထိုးတဲ့ စာရေးဆရာကို ဟောပြောခွင့်မပြုကြောင်း သိရပါတယ်။ ဆရာအော်ပီကျယ် ကပဲ အဲဒီဆရာရဲ့ ကိုယ်စား နှစ်ကြိမ် နှစ်ခါ ဟောလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ``ပွင့်လင်း မြင်သာတဲ့ခေတ်ကို မရောက်သေးပါဘူးဗျာ..။ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲ နေပြီသာ အထက်ကပြောနေကြတာပါ၊ အောက်ခြေ က လုံးဝ ဘာမှ ပြုပြင်ပြောင်းလဲခြင်း မရှိသေးပါဘူးဗျာ..´´ လို့ သန်းထွန်း(စကု) က ညီးညူပြောဆိုနေပြန်ပါတယ်။ အဲ စာရေးဆရာတစ်ယောက်ကို ဘယ်လောက်ငွေကန်တော့လဲ မေးကြည့်တယ်။ စာရေးဆရာ တစ်ယောက်ကို ကန်တော့ငွေ (၇၀၀၀၀ိ) စီ ကန်တော့လိုက်ကြောင်း သိရပါတယ်။ `` အင်း စာရေးဆရာတွေလည်း ဇာတ်မင်းသားတွေလို ကြေးများမှ အလေးထားတာ ဖြစ်နေကြပါပြီ..။´´ လို့ ဆရာသန်းထွန်း(စကု) က ဒုတိယ အကြိမ် ထပ်မံ ညီးညူနေပြန်ပါတယ်။

ဆရာ သန်းထွန်း(စကု) က ညီးညူပြတာမှန်ပါတယ်။ ကျွန်တော်တို့ နယ်တွေမှာ စာပေဟောပြောပွဲ တစ်ပွဲ ဖြစ်မြောက်ဖို့ ကြိုးစားရတာ မလွယ်ကြပါဘူး။ ရံပုံငွေကိစ္စ၊ ပွဲမိန့်ကိစ္စ၊ ဖိတ်ကြားရေးကိစ္စ၊ နယ်ခံ စာပေလူငယ်များလိုချင်တဲ့ စာရေးဆရာများ နဲ့ ဖြစ်အောင်၊ ရအောင်စီစဉ်ရပါတယ်။ ဟောပြောပွဲ ပြီးသွားပြန်တော့လည်း အစိုးရကို ထိကပါး ရိကပါး စကားတွေများ ဟောတဲ့ဆရာတွေက ပြောသွားခဲ့ရင် ဒေသအုပ်ချုပ်ရေး လူကြီးတွေရဲ့ စိတ်ဆိုးခြင်း၊ အပြစ်ပြောခြင်းကို ကျင်းပပေးတဲ့ ဟောပြောပွဲကော်မတီလူကြီးများ ခံကြရပါတယ်။ ဆရာတွေ ဟောပြောသွားတာက တစ်ညလေးပါ။ နယ်ခံ ကြီးမှူးကျင်းပတဲ့ ကော်မတီတွေမှာတော့ တစ်နှစ်လောက်ခံကြရပါတယ်။ ကျွန်တော်တို့ မကွေးမြို့ မှာ ဆိုရင် ၂၀၀၆ ခုနှစ်က စာပေဟောပြောပွဲမှာ ဆရာနှစ်ယောက်က ဖောက်ပြီး ချက်အောက် ညစ်ညစ်ငြမ်းငြမ်းစကားတွေထည့်ပြောသွာလို့ မကွေးမြို့မှာ လေးနှစ်လောက်ကို ပွဲမိန့်မရဘူးဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် နယ်တွေက စာပေဟောပြောပွဲ လုပ်ရတာ မလွယ်ပါဘူးလို့ ပြောရတာပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့် မြန်မြန်သာရပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ အဲ ညနေ(၄) နာရီထိုးတော့ ကျွန်တော်သွားနေကြ ၀ိပဿနာ တရားစခန်း အာစိန္နကံပြုဖို့ ပြေးပါတယ်။

ညနေ(၅)နာရီမှာ ဆရာ မကွေးဝင်းမြင့်၊ဧည့်သည် ခေတ္တရာမန်းသန်းမြင့် နဲ့ ဆရာတင်လင်းဇော်တို့ ရောက်လာကြပါတယ်။ ကျွန်တော်တို့ ထိုင်နေကြ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ ကိုကိုလတ်(ဆည်မြောင်း) လည်း ရောက်လာပါတယ်။ ဆရာတင်လင်းဇော် က ဒီဇင်လာ ၁၅/၁၆ ရက်နေ့၊ ချောက်မြို့နယ်၊ ရွာကို စာကြည်တိုက် စာအုပ်လှူဒါန်း ဟောပြောပွဲကိစ္စ တိုင်ပင်ကြပါတယ်။ဆရာ ကိုကိုလတ်(ဆည်မြောင်း)၊ ဆရာ နေခြည်(မကွေး) တို့က မလိုက်နိုင်ကြပါ။ ကျွန်တော်နဲ့ ဆရာတင်လင်းဇော် တို့နှစ်ဦးသာ လိုင်းဘတ်စ်ကားနဲ့ သွားကြဖို့ အကြောင်းပြန်ပါတယ်။ မကွေးမြို့၊ မြို့တော်ခန်းမ မှာ ဒီဇင်ဘာလ(၂၉)ရက်နေ့ ကျင်းပမဲ့ ၁၃၇၃ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ပန်းဖလက် ယနေ့ဝေငှကြပါတယ်။ ဆရာ နေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ ညိုထွန်းလူ၊ ဒေါက်တာ ထွန်းလွင်( မိုလေ၀သ ညွှန်မှူး-ငြိမ်း) တို့ ဟောပြောကြမှာပါ။ ဒီစာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် စာပေ၀ါသနာရှင် ကိုအောင်လွင်တို့ လူငယ်တစ်စုက အထူးကြိုးစားဆောင်ရွက်ပေးကြပါတယ်။ မကွေးမြို့နယ်စာနယ်ဇင်း အဖွဲ့ကလည်း ဘဏ္ဍာငွေရှာဖွှေရေးအတွက် စာရေးဆရာ၊ ဗေဒင်ဆရာ မြန်မာပြည်ဆရာဟိန်း တို့ကို တာဝန်ပေးထားကြပါတယ်။

ညနေ စကားဝိုင်းမှာ ၂၀၀၈ ၊ သူရဇ္ဇ မဂ္ဂဇင်းထဲက မေတ္တာရှင်ဆရာတော် အင်တာဗျုး ခေတ်သစ်လူငယ် များအတွက် ၀ိပဿနာ ဆောင်းပါးမိတ္တူကိုဖတ်ကြပါတယ်။ ခေါင်းစဉ်က (မြန်မာတွေ ဘာ့ကြောင့် မချမ်းသာကြတာလဲ) ဆိုတဲ့ အကြောင်းပါ။ သြစတြေးလျှ နိုင်ငံ ဆင်စနီမြို့မှာ မေတ္တာရှင်ဆရာတော် တရားဟောရောက်ခဲ့စဉ် မြန်မာတချို့ နဲ့ ဆရာတော် အင်တာဗျူး မေး မြန်းပြောဆိုထားကြတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လူငယ်တိုင်း ဖတ်ပြီး လက်ကိုင်ထားပြီး ကျင့်သုံးသင့်ပါတယ်။ စာရေးသူနဲ့ ယနေ့လူကြီးတွေလည်း ဖတ် မှတ် လိုက်နာသင့်ကြပါတယ်။ နောက် ဆွေးနွေးဖြစ်ကြတာက မန္တလေးဂေဇက်မှာ ဖော်ပြထားတဲ့ (ရွှေမန္တလေး ထုတ်ဝေသူ ဦးမျိုးမင်းမင်း ကဒီလိုတဲ့လား) သတင်းအကြောင်းကို ပြောကြပါတယ်။ မန္တလေးကလာတဲ့ ဧည့်သည်စာရေးဆရာ ခေတ္တရာမန်းသန်းမြင့်ကိုလည်း ပြလိုက်ပါတယ်။ ကိစ္စကတော့ မန္တလေးစာပေသမားများအတွက် ကူညီထောက်ပံ့ရေး ရန်ပုံငွေ ငွေစာရင်းရှင်းတမ်း ကို မကြေနပ်လို့ ရင်ဖွင့်ထားတာပါ။ သတင်းရင်းမြစ်ကိုတာ့ လျှပ်တစ်ပြက်ဂျာနယ် ကိုဖော်ပြထားပါတယ်။

ည(၈)နာရီ မြန်မာ့ရုပ်မြင်သံကြားသတင်းက မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဆုရွေးချယ်ရေးမှ သတင်ထုတ်ပြန်ပါတယ်။ တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုများ ကိုကြေငြာသံကြားလိုက် ရပါတယ်။ ကိုယ်နဲ့ ရင်းနှီးသူ စာရေးဆရာ မြေလတ်မင်းလွင် က ၀ထ္ထုတိုပေါင်းချုပ်(မိန်းမလှကျွန်းက လွမ်းပုံရှင်) စာပေဗိမာန်ဆု ပထမဆုရရှိကြောင်း ကြားလိုက်မိပါတယ်။ ၀မ်းသာမိပါတယ်။ ၀မ်းသာကြောင်း မြေလတ်မင်းလွင်ထံ ဖုန်းဆက်ပါတယ်။ ဖုန်းက ခေါ်မရလို့ နောက်တစ်နေ့ နံနက်စောစောမှ ဆက်ပြီး ၀မ်းသာဂုဏ်ပြုလိုက်ရပါတယ်။ ဘာလိုလိုနဲ့ မြေလတ်မင်းလွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ပခုက္ကဦးအုံးဖေစာပေဆု နဲ့ အခြားစာပေဆုများ စုစုပေါင်းဆု(၂၀) ပြည့်လောက်ပါပြီ..။ ကျွန်တော်တို့ မကွေးသားတွေထဲမှာ ရန်ကုန်မြို့ကိုတက်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဝိုင်း နဲ့ စာပေလောက နဲ့ မြန်မာ အနုပညာဂီတ တီးဝိုင်းတွေ မှာ အောင်မြင်နေသူ မြေလတ်မင်းလွင် ဖြစ်ပါတယ်။ မကွေးသားတွေအတွက် စံပြဂုဏ်ပြုလိုက်မိ ပါတယ်။ သတင်းကြည့်ပြီး အိမ်က သားကြီးရောက်လာပါတယ်။ မကွေးမြို့ ကံသာအေးစေတီဘုရားပွဲတော်မှာ ရုံသွင်းကပြတဲ့ စွမ်းဇာနည်ဇော် ဇာတ်ပွဲကို သွားကြည့်ချင်ကြောင်းလာပြောလို့ လွှတ်လိုက်ရပါတယ်။ ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့တော့ သားကြီးကို ဆုံးမမိလိုက်ပါတယ်။ ဒါပေမယ့် ယနေ့လူငယ်များကတော့…….. သိတော်မှုတဲ့အတိုင်းပါဘဲဗျာ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာလ(၁၄)ရက်။
 

SHADE Journal | အတွဲ(၆)၊ အမှတ်(၁ )

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၁ )
  • Download ရယူရန်။ အတွဲ(၆)၊ အမှတ်(၁ )
  • ရက်စွဲ : 28.12.2011
 

` (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးအတွက် အလှူရှင်များလိုအပ်နေပါသည်´





` (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးအတွက် အလှူရှင်များလိုအပ်နေပါသည်´

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ဆူးတောကျေးရွာ တွင် (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ ဆောက်လုပ်နေပါသည်။ ယင်း ချောက်မြို့နယ်၊ မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာ သည် ချောက်မြို့မှ (၁၇)မိုင်ခန့် ကွာဝေး၍ အရေးပေါ်ကျန်းမာရေး ကိစ္စဖြစ်ပေါ်လာခဲ့လျှင် ချောက်မြို့နယ် ပြည်သူ့ဆေးရုံ နှင့် စလေမြို့ တိုက်နယ် ဆေးရုံများသို့ သွားရောက် ဆေးကုသမှု ခံယူကြရပါသည်။ မြို့သို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာအုပ်စုဖြစ်ပါသည်။ ပိုးထိသော(မြွေကိုက်) အချို့လူနာများမှာ အချိန်မမှီ၍ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ထို့ကြောင့် ယင်းဒေသမှ ကျေးရွာနေလူထု ဦးရေ (၃၀၀၀၀)ခန့်မှာ ကျန်းမာရေးအတွက် တိုက်နယ်ဆေးရုံတစ်ရုံ လိုအပ်နေပါ၏။ ဆူးတောကျေးရွာ နှင့် ရွာနီးချူပ်စပ်(၁၇) ရွာများ စုပေါင်းပြီး ကိုယ်ထူ ကိုယ်ထ တိုက်နယ်ဆေးရုံဆောက်လုပ်လျှက်ရှိပါသည်။ နိုင်ငံတော်မှ သစ် တန်(၃၈) တန်သာ ၀ယ်ယူခွင့်ပြု၍ ပံ့ပိုးကူညီပေးခဲ့ပါ၏။ ဆူးတောကျေးရွာ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံဖွင့်လှစ်ခွင့်ကို နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန မှ (၂၀၁၁ ခုနှစ်)တွင် ခွင့်ပြုမိန့်ချပေးပြီး ဖြစ်ပါသည်။(၁-၅-၂၀၁၁) နေ့မှစ၍ ဆောက်လုပ်ခဲ့ပါသည်။

ဆူးတောကျေးရွာ (၁၆ ကုတင်)ဆန့် တိုက်နယ်ဆေးရုံ စီမံကိန်းမှာ ပင်မဆေးရုံအဆောက်အဦး အတွက် ကုန်ကျငွေမှာ သိန်းပေါင်း(၇၃၉)သိန်းကုန်ကျပါမည်။ ပြင်ပ အဆောက်အဦးများ၊ ၀န်ထမ်းအိမ်ယာများ၊ မီးစက်၊ ရေစက်၊ ရေလှောင်ကန် တို့ဆောက်လုပ်ရန်အတွက် အပါအ၀င် စုစုပေါင်းငွေကျပ် သိန်းပေါင်း(၁၅၀၀)ကျော်ခန့် ကုန်ကျပါမည်။ ယခု ပင်မဆေးရုံအဆောက်အဦးကြီးမှာ (၇၀%) ခန့် ပြီးစီးနေပြီဖြစ် ပါသည်။ ကိုယ်ထူ ကိုယ်ထစုပေါင်း လှူဒါန်းငွေများ နှင့် မလောက်မငဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းအား ခေတ္တရပ်ဆိုင်းနေရပါသည်။ သို့ပါ၍ ယင်း တိုက်နယ်ဆေးရုံကြီး ပင်မဆောင်အား ဆက်လက်၍ ဆောက်လုပ်ရန်အတွက် ကုန်ကျငွေ သိန်း(၃၀၀) ခန့်ကို အရေးတစ်ကြီး လိုအပ်လျှက် ရှိနေပါသည်။ သို့ပါ၍ ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ NGO အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ဖောင်ဒရေးရှင်းများ၊ နာရေးကူညီမှု ပရဟိတအသင်းများ၊ လူငယ်ပရဟိတ အဖွဲ့များ နှင့် တစ်ဦးချင်းအလှူရှင်များ အား ဖိတ်ခေါ်အပ်ပါသည်။ အောက်ပါ စာရင်းအတိုင်း ကုန်ကျမည့်ငွေများကို ဖော်ပြပေးထားပါသည်။ လှူဒါန်းလိုသူများ အနေနှင့် တစ်ဆောင်ခြင်း၊ တစ်ခန်းခြင်း ကုန်ကျငွေများအား လှူဒါန်နိုင်ကြပါသည်။ အလှူရှင်များကို မိမိတို့ လှူဒါန်းထားသော အဆောင်၊ အခန်းများတွင် မှတ်တမ်းတင်၍ နာမည် ကဗျည်းများထိုးပေးထားမည် ဖြစ်ပါသည်။

(၁) တိုက်နယ်ဆေးရုံ ပင်မဆောင်ကြီးအတွက် ကုန်ကျမည့်ငွေပမာဏ = ငွေကျပ်သိန်း (၇၃၉) သိန်း။ ( ၇၀% ပြီး)။
(၂) ခွဲစိပ်ခန်း = ငွေကျပ်သိန်း (၈၅) သိန်း။
(၃) သားဖွားခန်း = (၂၀) သိန်း။
(၄) သားဖွာဆောင်လူနာခန်း= (၂၀)သိန်း။
(၅) သူနာပြုခန်း(၂)ခန်း = (၂၀)သိန်း။
(၆) စတိုခန်း(၃)ခန်း = (၃၀) သိန်း။
(၇) အမျိုးသမီးလူနာ(၈)ခန်းတွဲ = (၈၅) သိန်း။
(၈) ရုံးခန်း = (၁၅၀) သိန်း။
(၉) ဆေးသိုလှောင်စတို(ပ) = (၁၀) သိန်း။
(၁၀) ဆေးစတိုခန်း(ဒု) = (၂၀) သိန်း။
(၁၁) စတိုခန်း (တ) =(၁၀) သိန်း။
(၁၂) ဓာတ်မှန်ခန်း = (၂၀) သိန်း။
(၁၃) ဆင်ဝင်ဆောင် = (၅၀) သိန်း။
(၁၄) အမျိုးသားဆောင်(၈)ခန်းတွဲ = (၈၅) သိန်း။
(၁၅) ရင်ခွဲရုံ = (၂၄) သိန်း။
(၁၆) ဆရာဝန်နေအိမ် = (၅၅ သိန်း ၅ သောင်း)။
(၁၇) (၇)ခန်းတွဲ ၀န်ထမ်းအိမ်ယာ = (၁၆၆ သိန်း ၅ သောင်း)။
(၁၈) (၈)ခန်းတွဲ ၀န်ထမ်းအိမ်ယာ = (၂၀၄ သိန်း ၃ သောင်း)။
(၁၉) မီးစက်(၁)လုံး = (၃၀) သိန်း။
(၂၀) ရေစင် ရေစက် = (၅၀) သိန်း။
(၂၁) ကျမ်းမာရေး ဌာန အဆောင် = (၅၉) သိန်း။
(၂၂) မိုးရေလှောင်ကန် = (၃၀) သိန်း။
အထက်ပါ ကုန်ကျမည့်ငွေစာရင်းများအား (၁၆)ကုတင်ဆန့်် တိုက်နယ်ဆေးရုံ ဆောက်လုပ်ရေးကော်မတီ၊ ဆူးတောကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သတင်းရယူခဲ့ပါသည်။ အထက်ပါစာရင်းအတိုင်း လိုအပ်ချက်များကို လှူဒါန်းလိုသူ အလှူရှင်များသည် မကွေးခရိုင်၊ ချောက်မြို့နယ် ဆူးတောကျေးရွာ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံကော်မတီ နှင့် စာရေးသူမှ တဆင့် တိုက်ရိုက် ဆက်သွယ်ပေးပါမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
မကွေးမြို့။ ဖုန်း ၀၆၃-၂၅၁၉၇
uwinkyi123@gmail.com
 

ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် စာအုပ်လှူဒါန်းပွဲ




ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် စာအုပ်လှူဒါန်းပွဲ
မကွေး၊ ဒီဇင်ဘာ(၁၇)။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ ကူဖြူကျေးရွာ၊ ရောင်နီဦးစာကြည့်တိုက် သို့ ၁၅-၁၂-၂၀၁၁ နေ့တွင် ရောက်ရှိခဲ့ပါတယ်။ ယင်းစာကြည့်တိုက်မှာ ဖွင့်လှစ်ခဲ့တာ (၄)နှစ်တာ ကာလကြာခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ စတင်ဖွင့်လှစ်ခဲ့စဉ်က အရှိန်အဟုန်ကောင်းမွန်ခဲ့သော်လည်း ယခုအခါ စာကြည့်တိုက်မှာ ယိုယွင်းပျက်စီးနေတာကို မြင့်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းရှင်းမောင် ဦးဆောင် ဖိတ်ကြားချက်ကြောင့် မကွေးတိုင်းဒေသကြီး မကွေးစာနယ်ဇင်းအဖွဲ့က စာအုပ်လှူဒါန်းပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး အတွက် စာပေဟောပြောပွဲ ပြုလုပ်ခဲ့တာကို သတင်းရရှိခဲ့ပါတယ်။

၁၅-၁၂-၂၀၁၁ နေ့၊ ည(၇)နာရီမှ ည(၁၁)နာရီအချိန်အထိ၊ ကူဖြူကျေးရွာ၊ ဦးပညာစက္က(တိုင်းသံဃာ့ အကျိုးတော်ဆောင် အဖွဲ့ဝင်) ဘုန်းကြီးကျောင်းမှာ စာအုပ်လှူဒါန်းပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပကြပါတယ်။ ချောက်မြို့နယ် ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဦးသန်းရှင်းမောင် ၊ မကွေးစာနယ်ဇင်း ဒု ဥက္ကဋ္ဌ ရွှေလမ်းငွေလမ်းဝင်းကြည် နဲ့ စာရေးဆရာ တင်လင်းဇော်(အမျိုးသားစာပေဆုရ) တို့ လှူဒါန်းကြသော စာအုပ်များကို ကူဖြူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးဝင်း မှ လက်ခံ လှူဒါန်းကြပါတယ်။ သုတ၊ရသစာအုပ်များ၊ ဂျာနယ်များ၊ ကာလတန်ဘိုးငွေငါးသောင်းကျော်ခန့် လှူဒါန်းကြပါတယ်။ ဆရာတင်လင်းဇော်(အမျိုးသားစာပေဆုရ) က ( စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ) ခေါင်းစဉ်၊ ချောက်မြို့နယ် ပြန်/ဆက် ဦးသန်းရှင်းမောင် က (ကူဖြူရွာမှာ သာသောလ) ခေါင်းစဉ်နဲ့ ဟောပြောပါတယ်။ စာရေးဆရာ ရွှေလမ်းငွေလမ်းဝင်းကြည် က ( ကိုယ့်အကြောင်း သူများအကြောင်း နဲ့ ပတ်ဝန်းကျင်က အကြား အမြင်များ) ခေါင်းစဉ်နဲ့ ဟောပြောကြပါတယ်။ လာရောက်နားထောင်တဲ့ ပရိတ်သတ်မှာ ဘုန်းကြီးကျောင်းအပြည့် လူဦးရေ (၅၀၀) ခန့် ရှိကြောင်း သတင်းရရှိခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

`ကျွန်တော်မျိုး ကျွန်က တစ်ယောက်တည်းသာ သခင်တွေက(၆)ဦးပါ´




ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ

အမှတ်စဉ်(၁) `ကျွန်တော်မျိုး ကျွန်က တစ်ယောက်တည်းသာ သခင်တွေက(၆)ဦးပါ´ ၁၂-၁၂-၂၀၁၁

ကျွန်တော် ဘာကောင်မှ မဟုတ်ပါ။ ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် မညှာမတာ ပြန်လည် ဝေဖန်သုံးသပ်ကြည့်မိပါတယ်။ ကိုယ်ရည်သွေးမည် မဟုတ်။ ကိုယ့်အကြောင်း နဲ့ ကိုယ့်ပတ်ဝန်းကျင်၏ မြင်တွေ့သမျှတွေကို အရှိကို အရှိအတိုင်း ချပြရေးသားလိုက်ပါရစေ..။ အချိန်တွေကြာသွားရင်တော့ ကျွန်တော့် ဘ၀ မှတ်တမ်း သမိုင်းတစ်ခုအဖြစ် ကျန်ခဲ့မယ်ထင်မိပါတယ်..။ ကိုယ်ရေးအထ္ထုပတ္တိလည်းမဟုတ်လို့ ပတ်ဝန်းကျင် နဲ့ ပတ်သက်သော ကိစ္စတချို့အပေါ် သဘောထားအမြင်များ လွဲမှားမိခဲ့ရင်လည်း နာလည်ခွင့်လွှတ်ပေးတော်မူကြပါခင်ဗျာ….။

ဒီနေ့ ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ပါ။ ၁၀-၁၂-၂၀၁၁ နေ့။ ကျွန်တော့် မြေးမလေး ဖြိုးမြတ်သော်တာ ရက်တစ်ရာမွေးနေ့ကို ပြန်လည်စဉ်းစားမိပါတယ်။ မြေးမလေး ကို စတင် နာမည်ပေးတဲ့ မင်္ဂလာအခါတော်နေ့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ မြေးမလေး နာမည်ကို စာရေးဖော် ဆရာနေခြည်(မကွေး) က တွက်ချက်ပြီး ရွေးချယ်ပေးတာပါ။ နာမည် အက္ခရာစာလုံးတွေကိုတော့ မိသားတစ်စုလုံး တိုင်ပင်ညှိနှိုင်း ရွေးချယ်ကြပါတယ်။ နောက်ဆုံး အတည်ပြုတဲ့နာမည် မဖြိုးမြတ်သော်တာ ဆိုတာကိုတော့ ကျွန်တော် အဘ ဆိုသူက ရွေးချယ်ပေးလိုက်ပါပြီ….။ မဖြိုးမြတ်သော်တာ အမည်တွင်စေသော်..။ အသက်တစ်ရာ ကျော်ရှည်ပါစေသော်..။ ဘုန်းကြီးလို့ သက်ရှည် ကျမ်းမာ ချမ်းသာ လို့ လောကီ လောကုတ္တရာ အတွက် ကောင်းမှု ကုသိုလ်ရှင်ကြီး ဖြစ်ပါစေသော်… လို့ ချစ်သော မြေးမလေးကို ဆုတွေ တစ်သီကြီး ပေးလိုက်မိပါတယ်….။ သြော် သား သမီးအချစ်၊ မြေးအနှစ် ဆိုတာ မှန်ပါပေတယ်။ ကျွန်တော့်ဘ၀မှာ မြေးဦးလေးက မောင်ဘုန်းနေခန့်၊ မြေးမလေးက မဖြိုးမြတ်သော်တာ လို့ မြေးနှစ်ဦးရခဲ့ပါပြီ..။ ဒီမြေးနှစ်ဦးဟာ နေတစ်စင်း၊ လ တစ်စင်း လို့ ကျွန်တော့် ဘ၀အတွက် ပြည့်စုံခဲ့ရပါပြီဗျာ…..။ ကျွန်တော်တို့ အဖေဘက်က အမျိုးတွေမှာ သား သမီး နှစ်ယောက် သာ ထွန်းကားခဲ့ပါတယ်။ ကျွန်တော့်မှာလည်း သားတစ်ယောက်၊ သမီးက တစ်ယောက် စုစုပေါင်း နှစ်ယောက်တည်းသာ၊ သား သမီးရှိပါတယ်။ ယခု မြေး နှစ်ယောက်ကတော့ သမီးက မွေးထားတဲ့ မြေးလေး နှစ်ဦးပါ။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော့် သမီးကလည်း ဒီ မြေးလေး နှစ်ဦး သာ ကလေးယူတော့မယ်တဲ့။ ကျွန်တော့် သားကြီးကတော့ မိန်းမ မယူဘဲ နေသူပါ။

ဒီနေ့ ကျွန်တော့်အတွက် စီးပွားရေးကတော့ ဈေးရောင်းပါတယ်။ အမေထွား ပဲဆီ၊ နှမ်းဆီ ဆိုင်မှ ၀န်ထမ်းထွက်သွားလို့ ကိုယ်တိုင် ဆိုင်ထိုင်ပြီး ဈေးရောင်းနေပါတယ်။ ၀န်ထမ်းစားရိတ် လေးသောင်းသက်သာပြီး ကိုယ်ရတာပေါ့။ ဆီ ဆိုင်မှာ ဈေးရောင်းရင်း ပုတီးစိတ်ပါတယ်။ လောဘနဲ့ ဈေးရောင်းကောင်းအောင် သစ္စာမေတ္တာဆရာတော်(မင်းဘူး စက္ကိန်းတဲ) ခိုင်းတဲ့ ကျင့်စဉ်ကို ဇွဲနဲ့ နေ့စဉ် မပျက်မကွက် စွဲစွဲမြဲမြဲ စရဏ လုပ်ပါတယ်။ နောက်ပြီး လက်တော့ပ် ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်လိုင်းမှာ ပြည်တွင်း ပြည်ပသတင်း နဲ့ ဘလော့များစုံအောင်လည်ပါတယ်။ စာဖတ်ပါတယ်။ သတင်း ကို အဓိကထားပြီးကြည့်ပါတယ်။ အင်တာနက် သတင်းကို အားမရနိုင်ဘဲ ပြည်တွင်း သတင်းဂျာနယ်များကိုလည်း အားလုံးဖတ်ပါတယ်။ ၀ယ်၍ မဖတ်နိုင်ပါ။ အိမ်ကထီဆိုင်ရှေ့မှာ ဂျာနယ်များ ရောင်းပါတယ်။ အတွေးရိပ် စာပေ မှ မနက်ယူရောင်းပြီး မကုန်တာကို ညနေပိုင်းမှာ ပြန်ပေးပါတယ်။ တစ်ပတ် တစ်ခါ ငွေရှင်းရပြီး တစ်ပတ်မှာ ငွေနှစ်ထောင်လောက်တော့ အမြတ်ငွေရပါတယ်။

ဒီနေ့ ကျွန်တော့်အတွက် ဘာသာရေးကတော့ ညနေ(၄)နာရီ မှ (၅)နာရီအထိအချိန်ယူပါတယ်။ ပုည၀တီ မိုးကုတ်ဝိပဿနာ တရားရိပ်သာသို့ သွားပါတယ်။ တရားနာ၊ တရားငိုက် အဆင့်မှာသာ ရှိပါသေးတယ်။ လုံးဝ တရား မတွေ့သေးပါ။ ညနေ အပြန်မှာ စာရေးဆရာ သတင်းထောက် မိတ်ဆွေတွေနဲ့ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ အများအတွက် သတင်းများ နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရင်ဖွင့်ဖြစ်ကြပါတယ်။ တစ်နေကုန် အိမ်ကိစ္စ ရုံးကိစ္စတွေကို ခဏနားထားကြပြီး ဦးနှောက်ဆေးကြတယ်လို့ ဆရာကြီး မကွေးဝင်းမြင့် က ဆိုပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုများကို ကိုယ်သိသလောက် တစ်ဦးချင်းက ဖောက်သည်ကျပြီး စကားဝိုင်းဖွဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD က ကျင်းပမဲ့ တိုင်းရင်းသားပညာရေးထောက်ပံ့ရေး ရံပုံငွေပွဲ ပွဲမိန့်မရဘူးတဲ့။ ဒါအပြင် NLD ပါတီ ရံပုံငွေပွဲ၊ ဈေးရောင်းပွဲတော်တွေလည်း လုပ်ခွင့်မရဘူး သိရပါတယ်။ အနုပညာရှင် အဆိုတော်တွေ ငါးဆယ်နဲ့ ကျင်းပဖို့ လက်မှတ်များတောင် ကြိုတင်ရောင်းထားကြောင်း ဂျာနယ်တစ်ဆောင် မှာဖော်ပြထားပါတယ်။ ရက်ရွှေ့ဆိုင်းကြောင်း သတင်း သိရပါတယ်။

မကွေးစာနယ်ဇင်း နဲ့ စာပေ၀ါသနာရှင် လူငယ်များ ဦးဆောင်ကျင်းပမယ့် မကွေးမြို့ စာပေဟောပြောပွဲ ဒီနှစ်တော့ ဖြစ်တယ်တဲ့။ ဒီိဇင်ဘာ(၂၉)ရက်နေ့ မကွေးမြို့ မြို့တော်ခန်းမ မှာ ည(၇)နာရီစတင်ပါမည်။ ဒေါက်တာထွန်းလွင်( မိုးလေ၀သ/ ညွှန်ကြားရေးမှူး(ငြိမ်း)၊ စာရေးဆရာ နေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ ညိုထွန်းလူ၊ တို့ ပါမယ် သိရပါတယ်။ ယနေ့ ဗီနိုင်းဆိုင်းဘုတ်ကိစ္စ၊ မြို့တော်ခန်းမ ခွင့်ပြုရေးအတွက် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီနေ့ ဆိုင်းဘုတ်ကြော်ငြာများ စိုက်ထူဖြစ်ကြပါတယ်။ ဒီကိစ္စတွေကို စာနယ်ဇင်း အတွင်ရေးမှူး နေခြည်(မကွေး) တို့ အဖွဲ့က ဆောင်ရွက်ပြီးကြောင်း သိရပါတယ်။

ည(၇)နာရီမှာ ကိုယ့်အတွက် ဘုရားရှစ်ခိုးပါတယ်။ တရားမထိုင်နိုင်ပါ။ ဈေးဆိုင်ကို ည(၁၀)နာအထိ ဖွင့်ပြီး ရောင်းချနေရပါတယ်။ ယနေ့အတွက် ကျွန်တော်ရရှိတဲ့ ကုသိုလ် နဲ့ အကုသိုလ်များကို ချိန်ဆကြည့်မည် ဆိုရင် အကုသိုလ်က အချိန်များနေပါတယ်။ ဒါပေမယ့် အများအတွက်တော့ အကျိုးပြုမယ်တော့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်တာနက် မှ ကြိုက်နှစ်သက်တဲ့ သတင်းများ ဆောင်းပါးများကို ဖတ်ပြီး လက်ဆင့်ကမ်းပါတယ်။ အိုင်တီ လူငယ်များ ဆိုဒ်ထဲမှာ ကိုယ်နှစ်သက်သော သတင်း၊ဆောင်းပါးများကို တင်ပေးပါတယ်။ စိတ်ကူးရရင်လည်း ကဗျာ လေးများကိုလည်း တင်ပြပေးလိုက်ပါတယ်။ အဲ အင်တာနက်သတင်း နဲ့ အားမရနိုင်ဘဲ ရေဒီယို နိုင်ငံခြားသတင်းများကိုလည်း ဖွင့်ပြီး နားထောင်မိပါတယ်။ ပြည်တွင်းသတင်းအတွက်လည်း ည(၈)နာရီမှာ ရုပ်မြင်သံကြားကိုလည်း ဖွင့်မိပြန်ပါတယ်။ အကြားအာရုံ၊ အမြင်အာရုံ၊ အတွေ့အာရုံ၊ အသိအာရုံတွေကြားမှာ ကျွန်တော် ဗျာများနေရပါတယ်။

ယနေ့ ဈေးရောင်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အသိဥာဏ်ထဲမှာတော့ ဘာတွေကိုမျှ အဖတ်မတင်ဘူး ထင်မိပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမတဲ့ အာရုံ(၆)ပါး ခိုင်းတာကို အလုပ်သမားရုပ်ကြီး ဖြစ်တဲ့ ကျွန်တော်တစ်ယောက်တည်း လိုက်ပြီး လုပ်နေရတော့ ဖတ်ဖတ်ကို မောနေပြီပေါ့။ အင်း ကျွန်တော်က တစ်ယောက်တည်းပါ။ ကျွန်တော့်ကို အလှည့်ကျ မပြတ်အောင် ခိုင်းနေသူတွေကတော့ မျက်စေ့၊ နား၊ ၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ကျွန်တော့်မှာရှိနေတဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ပြင်ပ ဧည့်သည်ရန်သူတွေဖြစ်ကြတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံစည်တွေးတောစရာ တွေက တစ်ခုပြီး တစ်ခု ဒလဇတ် မပြတ် အကြားမရှိ ဆက်၍ ဆက်၍ ခိုင်းနေကြပါပြီ..။ သူတို့ခိုင်းတဲ့အတိုင်း ကျွန်တော်ကလည်း တစ်ခုပြီး တစ်ခု အပြေးလိုက်မိနေပါပြီ…။

ကျွန်တော်မှာတော့ သူတို့အားလုံးက ခိုင်းတဲ့အတိုင်းပဲ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ် ၊ ကြံစည်တွေးတောစိတ်တွေနဲ့ သာ လုံးချာလိုက်ပြီး အလှည့်ကျ နဘမ်းလုံးနေပါပြီ…….။ဒီလိုနဲ့သာ ည(၁၁)နာရီထိုးသွားပြီ.။ ဒါကြောင့် အမြန်အိပ်ယာထဲ ပြေးဝင်မိပါတယ်။ ဒါပေမယ့် အိပ်နေတာတောင် အိမ်မက်ထဲမှာတောင် မနားတန်း အတွေးလောဘစိတ် မောဟစိတ်တွေက ကျွန်တော်နောက်ကို လိုက်လာနေကြပါသေးတယ်ဗျာ..။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာလ(၁၃)။
 

SHADE Journal | အတွဲ(၅)၊ အမှတ်( ၅၀ )

 

မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

http://www.myanmar.mmtimes.com/2011/article/548/arti01.html


မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်

အောက်ဖော်ပြပါ ‘မီးဟုန်းဟုန်းတောက်မည့် မြန်မာပြည်’ ဆောင်းပါးသည် လွန်ခဲ့သည့် ၂၃ နှစ် (၁၉၈၈)ခုနှစ် အတွင်း ‘ဆရာဝန် တစ်ဦး’ ကလောင်အမည်ခံသူတစ်ဦး ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင်ဖြစ်ပါသည်။ ယင်းခေတ်ကာလ၏ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျစွာ သုံးသပ်ထားသော စာလွှာတစ်စောင် ဖြစ်ပါသည်။ ယခုအခါ ၎င်းဆောင်းပါးအား လက်ရှိနိုင်ငံတော်အစိုးရ၏ အဖွဲ့အစည်း တစ်ခုဖြစ်သော ပြည်ထောင်စုရာထူးဝန်အဖွဲ့က မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် လိုအပ်နေပါကြောင်း၊ လက်ဝယ်ရှိသူအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်မည့်အကြောင်း ၂-၁၂-၂၀၁၁ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့ပါသည်။ ၎င်း လက်ကမ်းစာစောင်သည် ယခုလက်ရှိ နိုင်ငံရေးအနေအထားနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် မည်သည့်ရည်ရွယ်ချက်သဘောမျှ မပါရှိဘဲ တစ်ခေတ်တစ်ခါက အခြေအနေတစ်ရပ်အား ဗဟုသုတရစေလိုသောဆန္ဒနှင့် စာဖတ်ပရိသတ်အတွက် မြစ်ကြီးနား မြို့ခံ တစ်ဦး၏ အကူအညီဖြင့် ဖော်ပြပေးလိုက်ပါသည်။

အယ်ဒီတာ
ဆရာဝန်တစ်ဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ – ၂၂ ၊ ၁၂ ၊ ၂၀၁၁)

ကျွန်တော်သည် ဆရာဝန်တစ်ဦးဖြစ်ပါသည်။ အစိုးရနှင့် တိုက်ရိုက်ပတ်သက်မှု မရှိပါ။ တစ်ပါတီပဲဖြစ်ဖြစ်၊ ပါတီစုံပဲဖြစ် ဖြစ် ကျွန်တော် သမ္မတလည်းမဖြစ်နိုင်၊ ၀န်ကြီးလည်းမဖြစ်နိုင်ပါ။ ကျွန်တော်၏ အလုပ်မှာ ဆေးကုသရန်သာ ဖြစ်ပါသည်။

ယခု တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍ ဘယ်သူ့ဘက်မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြလိုပါသည်။

ကျွန်တော်၏ စစ်မှန်သော စေတနာကို ပြည်သူများ နားလည် နိုင်ကြပါစေ။

လက်ရှိအစိုးရသည် အားနည်းချက် ပေါင်းများစွာ ရှိခဲ့ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။

တစ်မိန့် တစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ခြင်း၊ အာဏာရှင် ဆန်လွန်းခြင်း၊ အခွင့်အရေးယူလွန်းခြင်း၊ ပြည်သူလူထုနှင့် ကင်းကွာလွန်းခြင်း၊ စည်းစိမ်ယစ်မူးပြီး မလုပ်၊ မရှုပ်နေကြခြင်း၊ ဆင့်ကဲဆင့်ကဲ လိမ်ခဲ့ကြခြင်း၊ တိုင်းပြည်စီးပွားရေး ခွက်ခွက်လန် အောင် နိမ့်ကျလာစေခြင်း၊ နောက်ဆုံးတွင် လူပေါင်းများစွာ သေဆုံးခဲ့ရသော သွေးထွက်သံယိုမှုကြီးများ အကြီး အကျယ်ဖြစ်ပွား စေခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိခဲ့သဖြင့် ယခုကဲ့သို့ တစ်တိုင်းပြည်လုံး ပျက်ခမန်းလုလု ဖြစ်နေရသည်ကိုလည်း မှန်မှန် ကန်ကန် ၀န်ခံရပေမည်။

ဤနေရာတွင် အစိုးရဆိုသော စကားလုံးမှာ ဘယ်အဆင့်အထိ သတ်မှတ်ရမည်နည်းဆိုသော ပြဿနာကို စဉ်းစားရပေမည်။

အမှန်တော့ အစိုးရဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားဖြစ်၍ နိုင်ငံတော် သမ္မတမှစပြီး ရပ်ကွက်ပြည်သူ့ကောင်စီများအထိ ပါဝင်ကြ သည်။

အဆင့်ဆင့်သော ပါတီတာဝန်ထမ်းဆောင်နေသူများ၊ ပြည်သူ့ရဲများနှင့် အခြားအုပ်ချုပ်ခွင့်ရှိသူ အစိုးရ၀န်ထမ်းများအားလုံး သည် လည်း အစိုးရပင်ဖြစ်သည်။

အစိုးရ ညံ့ဖျင်းသည်ဟုဆိုရာတွင် ၎င်းတို့ အားလုံးသည်လည်း အစိုးရပင်ဖြစ်သည့် အတွက် ၎င်းတို့အားလုံးသည်လည်း တာဝန်ရှိ ပေသည်။

တိုင်းပြည်အကျိုး ထက် မိမိအကျိုးကိုသာကြည့်ကြခြင်း၊ တစ်မတ်ဖိုးအာဏာရှိသူက တစ်မတ်ဖိုး ညစ်ပတ်ခြင်း၊ ရဲကလည်း ရဲ အလျောက်၊ ကောင်စီကလည်း ကောင်စီအလျောက်၊ ပါတီကလည်း ပါတီအလျောက်၊ တရားသူကြီးကလည်း တရားသူကြီး အလျောက်၊ အခြားရုံးများ၊ ဌာနများ အသီးသီးကလည်း သူ့နေရာနှင့် သူ အလျောက် လာဘ်စားကြခြင်း၊ အကျင့်ပျက်ကြခြင်း၊ တတ်နိုင်သမျှ ညစ်ပတ်ခဲ့ကြောင်း ပြည်သူအားလုံးအသိပင်ဖြစ်သည်။

တစ်ဦးချင်း- ဥပမာတစ်ခုချင်းပြရလျှင် ကျမ်းဖွဲ့၍ ပြရပေမည်။

တစ်ဖန် အစိုးရမကောင်းသလို ပြည်သူတွေအနေဖြင့်ရော တိုင်းပြည်အပေါ်တွင် ဘယ်လောက်ကောင်းခဲ့ကြသလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့လိုပါသည်။

ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။

လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည် ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အ၀ သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် “ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက “ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့”ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့”ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

မန္တလေးဂေဇက် မှ တဆင့်ကူးယူဖော်ပြပေးပါသည်
 

ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင် …


ရန်ကုန်ကို စင်္ကာပူနှင့် တူချင်တယ်ဆိုရင် …
by FNG on December 9, 2011

ညီညီ (သံလွင်)၊ ၊ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့်
တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက်
စင်္ကာပူတွင် ၁၂နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။
တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏
အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့်
စာအုပ်ထဲတွင် ၀န်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်
လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ
ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့်
အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။ ဤအတွက် ကျွန်တော်
စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်
ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့
လိုပါမည်။

သွားလာရေးလွယ်ကူ

ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်
လာပါသည်။ စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်
သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက်
ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ
(infrastructure) နှင့် ပတ်သက်၍ ပြောပြချင်သည်။ စင်္ကာပူတွင် အဝေးပြေးလမ်း
မကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ – ၃ မိနစ်ကို
တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု
ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။ ဘတ်စ်ကားများ
စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ်
(Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့
သွားရာတွင် အဆင်ပြေသည်။ ဥပမာ – ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး
သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက
တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း
ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့်
အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား
သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ
မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။ အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင်
ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့်
ဘတ်စ်ကားများစီးရန် ကြိုတင်ပိုက်ဆံဖြည့်ထားသော စမတ်ကဒ်များကို
အသုံးပြုနိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့်
ဘတ်စ်ကားများ စုပေါင်းရပ်နားသည့်နေရာ (Bus Interchange) တွင် အေတီအမ်
ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။

လူအရင်းအမြစ်အဓိက

စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင်
မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ၀ယ်ယူနေရသည်။ ထို့ကြောင့်
အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။
စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက်
ပညာရေးကို အထူးအားပေးသည်။ ကျောင်းများတွင်လည်း စာကြည့်တိုက်များကို
လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန်သပ်ရပ်စွာ ထားရှိပြီး
စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ
ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။

စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။
အချို့စာကြည့်တိုက်ကြီးများမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး
စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင်သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်
တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့
စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။ ၂၀၀၇ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက်
အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု
သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊
တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁
သောင်းကျော် ရှိပြီး စုစုပေါင်း ဌားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား
စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က
စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ဌားလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်
တွင် အပ်၍ ရသည်။ ထို့ပြင် ဌားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ
တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍
ဖတ်နိုင်သည်။ မိမိဌားလိုသည့် စာအုပ်ကို သူများဌားသွားလျှင်လည်း ကြိုတင် reserve
လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြား
ပါလိမ့်မည်။ စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင်
အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ
ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်
စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ဌားရမ်းနိုင်သည်ကို
သိရှိနိုင်သည်။

ပညာတော်သင်များ

စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည်
ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို
အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်
များအဖြစ် အနောက်နိုင်ငံများသို့ ၀န်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။
ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ၀န်ကြီးဌာနအသီးသီး
တွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်း
များ ဖြစ်လာစေရန် အားထုတ်ကြသည်။ စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏
၂၀ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ၀.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု
ဝမ်းနည်းဖွယ်ရာ သိရသည်။

အဂတိကင်းမဲ့

ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို
မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်
ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို
ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်
များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန်
အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ ၂၀၁၁ နှစ်တွင်
ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌
ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး
ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်
ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့်
အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ
ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။
ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ၀န်ဆောင်ခနှင့် ထိုက်
တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများ၏ ၀န်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ်
မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး
သွားပြနေစရာ မလိုချေ။ ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများ
မှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့်
စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ၀ယ်ယူထားပါက ဆေးရုံစရိတ်စကများ
အတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။ စင်္ကာပူတွင် ကျန်းမာရေးစောင့်
ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ ၀.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။

အင်တာနက် မြန်ဆန်

ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ
တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်း
မှာလည်း ၂၀၀၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။
အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀၀၅ ခုနှစ်
တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတ
ကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့
နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာ
နက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂၀ ခန့်သာ Download လုပ်သည်ကို
စောင့်ရပါသည်။ နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့
အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက
ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။ အဓိကကျသည့် အချက်က
စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံ
တွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း
အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက
ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍
မသင့်တော့ပါ။

ဘဏ်စနစ်ကောင်းမွန်

စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။
အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့်
အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊
စားသောက်ဆိုင်များတွင် ပေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန်
Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်
ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း
၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး
လုပ်ဆောင်နိုင်သည်။ ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့်
မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊
ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အ၀၀တွင် ဘဏ်များထံမှ
ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။
အိမ်ဝယ်ရာတွင် နှစ် ၂၀ မှ နှစ် ၃၀ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်
လည်း ၁၀ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။

အလုပ်အကိုင်ဖန်တီးမှု

စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁
တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေ
သူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၄ သိန်းကျော်ရှိသည်။ စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့်
မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများ
တွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ
စသဖြင့် များစွာ ရှိသည်။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ်
The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅
သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက်
အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

ပွင့်-လင်း-မြင်-သာ

စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ
အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့်
တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံ
အသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်
လူရွယ်များစွာ ရှိပါသည်။ ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ
လုံလောက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင်
မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး
ပိုမို ကြုံတွေ့ရပါလိမ့်မည်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင်
လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ်၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု
(Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။
လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ၀ပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။
ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင်
အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။ ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ်
စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း
ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု
ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့်
ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။

ညီညီ (သံလွင်) ၏ Facebook စာမျက် နှာ မှ ဤ ဆောင်းပါး ကို ရယူပါသည်။

ကိုးကား။

၁။ IDA’s Annual Survey on Infocomm Usage in Households and by Individuals for 2008

၂။ www.mof.gov.sg

၃။ www.singstat.gov.sg

၎။ www.nlb.gov.sg

Freedom News Group
News ! You deserve it.
ကူးယူဖော်ပြထားပါသည်။
 

မြန်မာတွေဘာကြောင့်မချမ်းသာ တာလဲ



Thursday, December 8, 2011
မြန်မာတွေဘာကြောင့်မချမ်းသာ တာလဲ


မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ
ကမ္ဘာမှာအချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ
ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့
ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။


မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ
၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -



၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။
ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့်
လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ
ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ
ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ
အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို
ရမ်းပြီး မလှူသင့်ဘူး။


၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ
မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့်
မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း
မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊
ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။

အချိန်တန်ဖိုးမသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန်
စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား
ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင်
နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး
အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း
စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့
အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့
အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့
ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး
လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့
အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို
နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ
လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ
နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈
နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့
ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး
ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း
မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ်
ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့
မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း
မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး
ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို
ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက်
ဝေမျှလိုက်တာပါ လို့.....။

http://july-dream.blogspot.com/2010/11/why-arent-we-rich.html မှာ
ဖော်ပြထားပါတယ်။

မြန်မာပြည်သား ဘလော့မှ တဆင့်ကူးယူဖော်ပြပေးပါသည်။
 

ကျွန်တော်၏ နံနက်ခင်း မှတ်တမ်းအကျဉ်း

ကျွန်တော်၏ နံနက်ခင်း မှတ်တမ်းအကျဉ်း


* မိုးလင်းတာနဲ့ ဘုရားရှစ်ခိုး
သတင်းအမျိုးမျိုးအား ရှာဖွှေ...။

* လက်တစ်ဖက်က အင်တာနက်ဖွင့်
နားတစ်ဖက်က ရေဒီယိုနားဆင်
မျက်လုံးတစ်လုံးက လမ်းမပေါ်ကိုကြည့်..။

*အင်တာနက်သတင်းက
နိုင်ငံခြားမှာ အချစ် နဲ့ လိင်ဆက်ဆံရေး ကျေင်းဖွင့်သတဲ့
အရွယ်ပြန်ငယ်တဲ့ နတ်ရေကန်များရှိရင် ဆင်းပြီး သွားတက်ချင်လိုက်တာ။

ရေဒီယိုသတင်းက
ရုရှားမှာ ပူတင်းသမ္မတ နဲ့ အစိုးရပေါင်းပြီး မဲခိုးသတဲ့
ကမ္ဘာမှာ အာဏာရူးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်တွေပါ။

လမ်းမပေါ်က မျက်လုံးမြင်ကွင်း
ပဲပြုပ်သည် အချင်းချင်း ဖောက်သည်လုပြီး ဆဲကြ ဆိုကြ
သေမှာကြောက်တဲ့ သူဌေးများက စောစောစီးစီးလမ်းလျှောက်ကြ
ကျောင်းသားလူငယ်များက ကျူရှင်ကျောင်းကို ပြေးတက်ကြ။

*အင်း လူ့ဘ၀မှာ
စားရေး၊ နေရေး၊ သေရေးအတွက်
ရတက်မအေးကြပါ ကလား...။
ဒါပေမယ့် မသွားချင်ပဲ ရောက်ရမှာ က သေခြင်းတရား
သြော်.... အနိစ္စ ဒုက္ခ အနတ္တ....။

* ယခု ပစ္စုပန်တည့်တည့် ရှုကြည့်လိုက်တော့
အင်တာနက် ကော်နရှင် က ကျသ၊ွားလို့....
ကျွန်တော့်မှာတော့ ဒေါပွ၊ ဒေါပွ.....။ ။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာ(၈)ရက် နံနက်ခင်း။
 

ဆရာနေ၀င်းမြင့် နှင့် ယနေ့ခေတ် စာပေဟောပြောပွဲများ၏ အတွေ့အကြုံအင်တာဗျူး



ဆရာနေ၀င်းမြင့် နှင့် ယနေ့ခေတ် စာပေဟောပြောပွဲများ၏ အတွေ့အကြုံအင်တာဗျူး
မကွေး။ နိုဝင်ဘာ(၂၆)။

မင်းဘူးမြို့ တွင် စာပေဟောပြောပွဲလာကြသော စာရေးဆရာ ဆရာနေ၀င်းမြင့် ထံသွားရောက်ခဲ့ပါသည်။ မင်းဘူးမြို့ ကောင်းသာ ဧည့်ရိပ်သာ မှာ ခေတ္တနားနေချိန်တွင် စာဖတ်သူများ သိစေလိုသော စာပေဟောပြောပွဲများ၏ အတွေ့အကြုံများကို မေးမြန်းခဲ့ပါသည်။

မေး။ ။ ဆရာနေ၀င်းမြင့် ခင်ဗျာ ယခုလို စာပေဟောပြောပွဲ ရာသီကာလမှာ ဆရာတို့ သွားရောက် ဟောပြောခဲ့ရတဲ့ စာပေဟောပြောပွဲများရဲ့ အတွေ့အကြုံလေးများကို သိပါရစေ..။

ဆရာနေ၀င်းမြင့်။ ။ ယခုကတော့ဆရာရယ် စာပေဟောပြောပွဲ ရာသီရယ်လို့ မဟုတ်ကြတော့ပါဘူး။ တစ်နှစ်ပတ်လည်လုံးလောက် ကျွန်တော်တို့ လိုက်ပြီးဟောပြောနေကြရပါတယ်။ ရဟန်းခံ၊ ရှင်ပြု၊ ကထိန်အလှူပွဲ၊ကလေး ကင်မွန်းတပ် မွေးနေ့ပွဲတွေ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်ဖွင့်ပွဲ၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲ စတဲ့ စာပေဟောပြောပွဲတွေ ပါနေကြပါတယ်။ ဒီနှစ်ကတော့ တော်တော်များလာပါတယ်။ ကျွန်တော်တို့လည်း စာရေးဆရာ ပေါင်းစုံနဲ့ တွဲပြီး သွားလာဟောပြောခဲ့ရပါတယ်။ ပရိတ်သတ်ကလည်း များများလာကြပြီး တော်တော်လေးကို စိတ်ဝင်စားလာတာတွေ့မြင်ရပါတယ်။ မြို့ကြီးတွေမှ မဟုတ်ပါဘူး၊ ကျေးလက်ဒေသ နယ်လေးတွေက အထိ စာပေဟောပြောပွဲတွေကို စိဝင်စားပြီး ကျင်းပလာကြတာကို တွေ့မြင်လာရပါတယ်။ မနေ့ကဆိုရင် ဘုတလင်မြို့နယ် ညောင်ကန်အုပ်စု၊ ရွာသာရွာမှာ ကျွန်တော်တို့ဇနီးမောင်နှံသွားရောက်ဟောခဲ့ပါတယ်။ တစ်ရွာလုံး တစ်နယ်လုံက လူတွေ ကြိတ်ကြိတ်ခဲလို့ စည်ကားပါတယ်။ ယခုအခါမှာ စာတစ်အုပ်ကို ကောက်ခါငင်ခါဖတ်နေရယုံနဲ့ မကြေနပ်နိုင်တော့ပဲ စာရေးဆရာကိုယ်တိုင်လာရောက် ဟောပြောတာကို စိတ်ဝင်တစ်စားလာရောက်နားထောင်ကြပါတယ်။ ရွာမှာ ရှိနေတဲ့ စာကြည့်တိုက်တွေကိုလည်း အသုံးပြုပြီး စာဖတ်သူတွေများလာပါတယ်။ သူတို့ဖတ်ထားတဲ့ စာအုပ်ထဲမှာ နာမလည်တာ၊ မကြေနပ်တာတွေကို ကျွန်တော်တို့စာရေးသူတွေ ကိုယ်တိုင်လာရောက်တဲ့အချိန်မှာ စာဖတ်သူတွေက သိလိုတာကို ပွင့်ပွင့်လင်းလင်း မေးမြန်းလာတတ်ကြပါတယ်။ စာပေစကားရဲ့ တန်ဘိုးကို နာလည်အသိအမှတ်ပြုလာကြကို မြင်တွေ့ရပါတယ်။

မေး။ ။ ဆရာနေ၀င်းမြင့် ခင်ဗျာ… ကျွန်တော်တို့ မကွေးမြို့ နဲ့ ယခင်က မကွေးတိုင်း၊ ယခု မကွေးတိုင်းဒေသကြီးထဲက ဘယ်မြို့တွေကို စာပေဟောပြောပွဲရောက်ဖူး ဟောဖူးခဲ့ပါသလဲဆရာ..။

ဆရာနေ၀င်းမြင့်။ ။ ဟိုတုန်းက တောင်တွင်းကြီးမှာလဲ ဟောခဲ့ပါတယ်။ ရေစကြိုမြို့လဲ ဟောခဲ့ပြီးပါပြီ။ မကွေးတိုင်းထဲမှာ အများကြီးလောက် ရောက်ခဲ့ပါတယ်။ ယခင်က မင်းဘူးမြို့ကိုလည်း ဟိုတုန်းက ဆရာမြသန်းတင့် တို့နဲ့ဟောပြောခဲ့ပါတယ်။ ဒါရောဆိုရင် မင်းဘူးမှာ (၂)ခါဟောရတာပေါ့။ မကွေးမြို့ကိုတော့ လုံးဝ မဟောဖူးသေးပါဘူး။

မေး။ ။ မကွေးမြို့မှာ စာပေဟောပြောပွဲ ဟောဖို့အတွက် ၂၀၀၇/ ၂၀၀၈ နှစ်တွေက စီစဉ်ခဲ့တယ်လို့သိရပါတယ်။ ဆရာကံချွန် မသေခင်က တစ်နှစ် နဲ့ (၂)နှစ်တိတိ ဆက်တိုက်စီစဉ်ထားခဲ့တာ အကြောင်းမညီညွှတ်လို့ ပျက်ကွက်ခဲ့ရတယ်လို့သိရပါတယ်။ ယခုနှစ် ၂၀၁၁၊ ဒီဇင်ဘာလ(၂၉)ရက်နေ့မှာတော့ မကွေးမြို့မှာ စာပေဟောပြောပွဲ ဟောရန်ဖိတ်ကြားထားတယ်လို့ ကြားသိရပါ တယ်။ ဒါကြောင့် အဲဒီပျက်ခဲ့တဲ့အချိန်နဲ့ ယခု ပြန်လည်ရတဲ့ ဒီနှစ်မှာ ဆရာနေ၀င်းမြင့် ဘယ်လိုခံစားရပါ သလဲဆိုတာကို သိပါရစေ..။

ဆရာနေ၀င်းမြင့်။ ။ စာပေဟောပြောပွဲကျင်းပပြုလုပ်တဲ့ အဖွဲ့တွေဟာ အင်မတန်မှ တာဝန်ကြီးကြပါတယ်။ တာဝန်ကြီးတယ် ဆိုတာ အချိန် နဲ့ ငွေရေးကြေးရေး၊ စုစုစည်းစည်းဝိုင်းဝန်းဆောင်ရွက်ကြရပါတယ်။ နောက်တစ်ခုက စာပေ စိတ် ဇော ဆန္ဒတွေက သိပ်ကြီးကြရပါတယ်။ ကိုယ့်နယ် ကိုယ့်အရပ်ဒေသတွေမှာအကျိုးရှိမယ့်၊ ဗဟု၊သုတ၊ ပညာတွေ၊ အသိတွေ တိုးစေမယ့် စာစကား၊ ပေစကားတွေကိုကြားစေချင်ကြသူတွေ ဖြစ်ကြပါတယ်။ အဲဒီလို အများကြီး ရင်းနှီးမြုပ်နှံထားပြီး ဒီနှစ်တော့ ဒို့နယ်စာပေဟောပြောပွဲမှာ ဘယ်ဆရာ၊ ဆရာမတွေကို ဖိတ်ကြားမယ်၊ စာပေ၀ါသနရှင်များ လည်း ကြိုက်နှစ်သက်အောင် လူကြီးများလည်း လက်ခံမယ့်စာရေးဆရာတွေလည်း ဖြစ်အောင် အဖက်ဖက်က ထောင့်စေ့အောင် ၀ိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ကြရပါတယ်။ ဒီကြားထဲမှာ တစ်ခုခုအကြောင်းကြောင်းကြောင့် ပျက်သွားတယ် ဆိုရင် ဆရာတို့လို စီစဉ်တဲ့သူတွေ အများကြီး ဒုက္ခရောက်ကြရတာပေါ့လေ။ ဟောပြောကြမယ့် စာရေးဆရာတွေအနေနဲ့က တော့ ပွဲပျက်ရင် မလာရုံဘဲပေါ့။ ပွဲစီစဉ်သူတွေမှာတော့ အလှူငွေထည့်ဝင်ထားတဲ့ မြို့လူထုနဲ့ တစ်မျိုး၊ စာပေ၀ါသနာရှင် လူငယ်တွေနဲ့တစ်မျိုး အမျိုးမျိုးရှင်းလို့ကို မပြီးနိုင်ကြတော့ဘူးပေါ့။ ဒါကြောင့် ကျွန်တော့် အနေနဲ့ကတော့ စာပေဟောပြောပွဲဆိုတာ ကြောက်စရာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ စေတနာနဲ့ပဲ နာလည်ပေးပြီး ခွင့်ပြုပေးလိုက်ရင် ရှင်းပါတယ်။ ဘယ်သူမှ အရုပ်ဆိုး အကြီးတန်သွားအောင် မလုပ်ကြပါဘူး။ ဘာပြုလဲဆိုတော့ စာပေဟောပြောပွဲကို ဦးဆောင်ကျင်းပသူတွေက ဒီမြို့မှာ နေကြရအုံးမှာပါ။ မြို့ခံမှ ကျင်းပတဲ့သူတွေက (ဖိတ်ကြားထားတဲ့ စာရေးဆရာတွေအတွက်)ကို အာမခံပေးထားကြတာပါ။ စာရေးဆရာဆိုတာကတော့ ဧည့်သည်တွေပါ။ ဧည့်သည်စာရေးဆရာ တွေကလဲ စောစောက ပြောခဲ့သလို ဘယ်သူ့ကိုမှ အရုပ်ဆိုးသွားအောင်၊ အကြီးတန်သွားအောင် မလုပ်ကြ မပြောကြပါဘူး။ ဒါကြာင့် ကျွန်တော့်အနေနဲ့တော့ စာပေဟောပြောပွဲတွေကို မပြက်ကွက်စေချင်ပါဘူး။ ရှေ့ရှောက်လဲ စာပေဟောပြောပွဲတွေ မပျက်တော့ပါဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဟု ဆရာနေ၀င်းမြင့်မှ ပြောဆိုသွားပါသည်။

ဆရာနေ၀င်းမြင့်၏ ပြောကြာချက်အရ ၂၀၁၁၊ ဒီဇင်ဘာလ(၂၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမမှာ ဆရာနေ၀င်းမြင့်၊ ဒေါက်တာထွန်းလွင်(မိုးလေ၀သ)၊ ဆရာညိုထွန်းလူ၊ ဆရာမ ခင်ခင်ထူး တို့ ဖြင့် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ စီစဉ်ထားကြောင်း သတင်းရရှိခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

``ဆရာညိုထွန်းလူ နှင့် စာပေဟောပြောပွဲ ခရီးစဉ်များ အတွေ့အကြုံ အင်တာဗျူး´´


``ဆရာညိုထွန်းလူ နှင့် စာပေဟောပြောပွဲ ခရီးစဉ်များ အတွေ့အကြုံ အင်တာဗျူး´´

စာရေးသူ (၂၅-၁၁-၂၀၁၁)နေ့တွင် မင်းဘူး(စကု)မြို့နယ်မှာ ကျင်းပသော စာပေဟောပြောသို့ရောက်ခဲ့ပါသည်။ စာပေဟောပြောပွဲမစမှီ စာရေးဆရာ နေ၀င်းမြင့်၊ ဆရာညိုထွန်းလူ ၊ ဆရာမ ခင်ခင်ထူးတို့နဲ့ ခေတ္တ ခဏ တွေ့ဆုံခဲ့ပါသည်။ အချိန်တိုအတွင်းမှာ ဆရာညိုထွန်းလူ အား စာပေဟောပြောပွဲများ သွားလာရာတွင် တွေ့ကြုံရသော ပျော်ရွှင်မှုများ၊ ဆင်းရဲ ပင်ပမ်းမှုများနှင့် ယခင်ခေတ်၊ ယခုခေတ်မှ စာပေဟောပြောပွဲများအပေါ် ဆရာရဲ့ အမြင်များ ကို စာဖတ်ပရိတ်သတ်များ အတွက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ဆရာညိုထွန်းလူ ခင်ဗျာ..၊ ယခုလို ဆရာတို့ စာပေဟောပြောပွဲတွေ သွားလာနေရတဲ့ခရီးစဉ်များမှာ ၀မ်းသာပီတိ ဖြစ်ရတာလေးတွေ၊ ဆင်းရဲဒုက္ခဖြစ်လို့ ၀မ်းနည်းမှုဖြစ်ရတာလေးတွေ စတဲ့ ဆရာတို့ စာပေဟောပြောပွဲခရီးစဉ်များရဲ့ အတွေ့အကြုံ အမြင်လေးတွေ ကို သိပါရစေဆရာ။

ဆရာညိုထွန်းလူ။ ။ ပိုင်လိုက်တာ.. မေးတဲ့သူက မေးတော့ ဖြေရမှာပေါ့။ (ထိုသို့ မေးနေစဉ် ဆရာနေ၀င်းမြင့်မှ ကြားဝင်၍ ထောက်လာပါသည်။ စာရေးဆရာများကတော့ ကန်တော့တဲ့ငွေများရင် ၀မ်းသာပီတိဖြစ်ပြီး နည်းရင်တော့ ၀မ်းနည်းတာပေါ့ဆရာရယ်..။ ဟု လှမ်း၍ နောက်နေပြန်၏။) ကျွန်တော်က ဒီနှစ်မှ စပြီး စာပေဟောပြောပွဲတွေကို ပြန်ဟောဖြစ်တာပါ။ ကျွန်တော် စာပေဟောပြောပွဲ မလိုက်တာ တော်တော်ကြာပါပြီ..။ ဒီနှစ်မှ ဘာထူးခြားလာလဲ ဆိုတော့ အရင့် အရင်နှစ်တွေကထက် ဟောပြောပွဲတွေပိုများလာပါတယ်။ မြို့တွေအပြင် အလွန်ဝေးလံတဲ့ဒေသ ရွာတွေအထိ စာပေဟောပြောပွဲတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဘာသွားတွေ့လဲဆိုတော့ ၀မ်းသာစရာကောင်းတာက အချို့နယ်တွေမှာ စာဖတ်ပရိသတ် သိပ်တောင့်တာကိုတွေ့မြင်ရပါတယ်။ အထူးသဖြင့် စာပေဟောပြောပွဲမှာ စနေ၊တနင်္ဂနွေ နေ့တွေ ဟောရရင် ကျွန်တော်တို့ ပရီမီယားအသင်းနဲ့ယှဉ်ပြိုင်ရတာပဲ။ ဒါပေမယ့် ဘောလုံးက ဘောလုံးပါ။ စာပေပရိသတ်ကလဲ စာပေပရိသတ်ပါပဲ၊ စာပေက အားတောင့်ပါတယ်။ တစ်ချို့နေရာတွေကျပြန်တော့ စာပေဟောပြောပွဲက ပထမ အကြိမ်ကျင်းပပြီး စလုပ်တာဆိုတော့၊ စာပေဟောပြောပွဲဆိုတာ ဘာများပါလိမ့်ဆိုပြီး ပရိသတ်က လာနားထောင် ပေးကြတာပါ။ အဲဒါမျိုးကျတော့လဲ ကျွန်တော်တို့ တော်တော်ကုသိုလ်ရတယ်၊ ပရိသတ်ကိုလဲ ၀မ်းသာပီတိဖြစ်ရပါတယ်။ ကျင်းပရေးကော်မတီတွေလဲ တော်တော် သဘောကျသွားကြပါတယ်။ နောက်နှစ်တွေမှာလဲ ဒီလိုစာပေဟောပြောဖြစ်ဖို့ ကြိုတင်တောင်းဆိုသွားကြပါတယ်။ ဘယ်လောက်ပဲ စာပေဟောပြောပွဲကော်မတီ က ဦးဆောင်ကျင်းပချင်မေမယ့် စာပေပရိသတ်ဖြစ်တဲ့ စာပေချစ်မြတ်နိုးတဲ့သူတွေရှိမှ ကျင်းပနိုင်ကြတာပါ။ အချို့နေရာတွေကျ တော့ လဲ စာပေဟောပြောပွဲ ကျင်းပလာတာ အကြိမ်ရေများတော့ အထူးပြောစရာမလိုပဲ စာပေကို စိတ်ဝင်စားသူ၊ ချစ်မြတ်နိုးသူတွေ များပြားပြီး ပရိသတ်က အသားကျနေကြတာကိုတွေ့ရပါတယ်။စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဒီနှစ်မှာ ထူးထူးခြားခြား တွေ့မြင်ရတာကတော့ အားလုံး တက်တက်ကြွကြွ နဲ့ ၀ိုင်းဝန်းဆောင်ရွက်နေကြတာကို နေရာတိုင်းမှာ တွေ့မြင်နေရပါတယ်။ နားထောင်တဲ့ ပရိသတ်တွေလဲ ကောင်းကြပါတယ်။ သူ့ပရိသတ်နဲ့ သူပေါ့ (အန်တာနိမ်းမန့်-ဖျော်ဖြေရေးတွေ)ကို ကြည့်တဲ့ ပရိသတ်ရှိသလို၊ (ဒီလို ဟောပြောပွဲတွေ)ကိုသာ နားထောင်ချင်တဲ့ ပရိသတ်လဲ ရှိနေကြပါတယ်။
ဒီလို စာပေဟောပြောပွဲတွေကို အနယ်နယ်အရပ်ရပ်မှာ ဘာကြောင့်စိတ်ဝင်စားလာကြတာလဲဆိုရင်တာ့ သတင်း ဆက်သွယ်ရေး မြန်ဆန်မှုတွေကြောင့်ပါ။ သတင်းဂျာနယ်တွေမှာ ဘယ်မြို့၊ ဘယ်ရွာတွေမှာ စာပေဟောပြောပွဲကျင်းပ နေတယ် ဆိုတာတွေကို ဂျာနယ်တိုင်းမှာဖော်ပြပေးနေတော့ အမြဲလိုလို ဖတ်ကြားသိရှိကြရပါတယ်။ ဒါကြောင့် ငါတို့မြို့၊ ငါတို့ရွာမှာလည်း သူတို့လို စာပေဟောပြောပွဲကျင်းပချင် ပါတယ် ဆိုပြီး ဖြစ်လာကြတာပါ။ သတင်းမီဒီယာတွေက တင်ပြလိုက်တော့ စာပေဟောပြောပွဲ လုပ်ဖို့ အာရုံလေးတွေနိုးကြား လာကြပါတယ်..။အချို့နေရာတွေမှာဆိုရင် အလှူ၊ ကထိန်ပွဲတွေမှာကို စာပေဟောပြောပွဲထည့်နေကြပါပြီ..။ စာပေ ဟောပြောပွဲအတွက်ကို ပွဲမိန့်တောင် အထူးတင်ပြစရာ မလိုကြပါဘူး။ ဒါပေမယ့်လဲ အချို့နယ်တွေမှာ မလိုမေမယ့် အချို့နယ်တွေကျပြန်တော့လဲ သက်ဆိုင်ရာ မြို့နယ်စာနယ်ဇင်း အဖွဲ့ထောက်ခံချက် နဲ့ အဆင့်ဆင့်တင်ပြတောင်းခံကြရတယ် လို့ သိရပါတယ်။ ယခင်ခေတ်ထက် ယခုခေတ် အနယ်နယ် အရပ်ရပ် မှာ စာပေဟောပြောပွဲတွေများလာတာက ကောင်းတဲ့လက္ခာတွေပါ။ ဘာပဲပြောပြော ယခုခေတ်မှာ နိုင်ငံတော်အစိုးရက တော်တော်များများကို စာပေလွတ်လပ်ခွင့်တွေကို ပေးနေပါပြီ..။ ဟု ဆရာညိုထွန်းလူ မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

``မင်းဘူးမြို့ စာပေဟောပြောပွဲ´´






``မင်းဘူးမြို့ စာပေဟောပြောပွဲ´´
မကွေး။ နိုဝင်ဘာ(၂၆)။
၂၅-၁၁-၂၀၁၁၊နေ့၊ ည(၈)နာရီ တွင် မင်းဘူးမြို၊ အောင်ဓမ္မာရုံကြီးမှာ စာပေဟောပြောပွဲ ကျင်းပကြောင်းသိရ၏။ ယင်းစာပေဟောပြောပွဲအား မင်းဘူး(စကု)မြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ မှ ဦးစီးကျင်းပ၍ မင်းဘူးမြို့စာပေချစ်သူများမှ ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။ စာပေဟောပြောပွဲတွင် မန္တလေးမြို့မှ စာရေးဆရာများ ဖြစ်ကြ သော ဆရာနေ၀င်းမြင့်၊ ဆရာညိုထွန်းလူ၊ ဆရာမ ခင်ခင်ထူး တို့သုံးဦး ဟောပြောကြပါသည်။ ဆရာနေ၀င်းမြင့်မှ (ဘ၀ကဗျာ၊ဘ၀စာ)ခေါင်းစဉ်ဖြင့်၊ ဆရာညိုထွန်းလူမှ (ခေတ်လူသား)ခေါင်းစဉ်ဖြင့်၊ ဆရာမ ခင်ခင်ထူးမှ (အညာဓလေ့၊ ရွာဓလေ့)ခေါင်းစဉ်များဖြင့်၊ အသီးသီးဟောပြောကြပါသည်။ မင်းဘူး(စကု)မြို့နယ် မှ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား၊ ကျောင်းသူများ (၃၀၀၀) ကျော်ခန့် စိတ်ဝင်တစ်စား တက်ရောက်အားပေးကြကြောင်း တွေ့မြင်သတင်း ရယူခဲ့ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

The Lady ..


abels: More News
The Lady ...
05 December 2011

The Lady ...

(Credit: Google image)

မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊

ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။

ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၁၁

တဆင့်ကူးယူဖော်ပြပေးပါသည်။
 

မကွေးခရိုင်၊ ချောက်မြို့နယ်၊ တပ်ကန်ကျေးရွာ `ဘ၀အလင်းရောင်´ စာကြည့်တိုက်





မကွေးခရိုင်၊ ချောက်မြို့နယ်၊ တပ်ကန်ကျေးရွာ `ဘ၀အလင်းရောင်´ စာကြည့်တိုက် ၏
စာအုပ်လှူဒါန်းပွဲနှင့် စာပေဟောပြောပွဲ ။

မကွေး။ နိုဝင်ဘာ(၁၄)။

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စာပေနှင့်စာနယ်ဇင်းအဖွဲ့ မှ စာအုပ်လှူဒါန်းပွဲ နှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။ ၁၂-၁၁-၂၀၁၁ နေ့ နေ့နံနက်(၁၁)နရီမှ ညနေ(၂)နာရီ အထိ မကွေးခရိုင်၊ ချောက်မြို့နယ်၊ တပ်ကန်ကျေးရွာ မှ ``ဘ၀အလင်းရောင်´´ စာကြည့်တိုက်အား စာအုပ်များ (ကာလတန်ဘိုးငွေ တစ်သိန်းကျော်)ခန့် ကို၊ မကွေးစာနယ်ဇင်း မှ လှူဒါန်းကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ ကျင်းပကြောင်း သိရှိရပါသည်။ ဤ ပွဲအား မကွေးခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းဌေး၊ ချောက်မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဦးသန့်ရှင်းမောင် နှင့် တပ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဘ၀အလင်းရောင် စာကြည့်တိုက်ကော်မတီ တို့မှ ဦးဆောင်ကျင်းပကြောင်းသိရရှိပါသည်။ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မကွေးခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းဌေး မှ အဖွင့်အမှာစကားပြောကြား၍ ချောက်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးသန့်ရှင်းမောင်၊ စာရေးဆရာ တင်လင်းဇော် (အမျိုးသားစာပေဆုရ)၊ နေခြည်(မကွေး)၊ မြန်မာပြည် ဆရာဟိန်း တို့ မှ အသီးသီးဟောပြောကြကြောင်း သတင်းရရှိပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

``ယောချောင်းရေဘေးသင့်ဒုက္ခသည်စခမ်းများသို့ အလှူရှင်များ ၀င်လာမစဲ..´´







``ယောချောင်းရေဘေးသင့်ဒုက္ခသည်စခမ်းများသို့ အလှူရှင်များ ၀င်လာမစဲ..´´

၇-၁၁-၂၀၁၁ နေ့တွင် ဆိပ်ဖြူမြို့နယ် ယောချောင်းရေဘေးသင့်ဒုက္ခသည်ရွာများသို့ ကုသိုလ်ရှင်သူငယ်ချင်း ကိုချို+မမိုးမိုးကြည်တို့ရဲ့ ထမင်းစတုဒိသာကျွေးမွေး လှူဒါန်းပွဲကြီးကို ရောက်ရှိခဲ့ပါတယ်။ ဆားလောက်(အနောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခမ်းသို့ စာရေးသူရောက်ရှိနေစဉ် သက်ဆိုင်ရာဒေသမှ ရဲမှူးကြီးအဖွဲ့ နှင့် တပ်မတော်မှ ဗျူဟာမှူးအဖွဲ့တို့ ရောက်ရှိနေကြောင်းမြင်တွေ့ရပါတယ်။ ကယ်ဆယ်ရေး စခမ်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ဧည့်ခံကြိုဆို၍ နာယက ကျောင်းထိုင်ဆရာတော် အားဖူးမျှော်ပြီး လိုအပ်သည်များကို တိုင်ပင်ဆွေးနွေး နေကြပါတယ်။ ဆရာတော်မှ ရေဘေးသင့်ဒုက္ခသည်များအတွက် နေစရာအိမ်များကို အမြန်ဆောက်လုပ်ပေးစေလိုကြောင်း မိန့်ကြားပြောဆိုနေသံများအား ကြားသိရပါတယ်။

ဆားလောက်(အနောက်)ကျေးရွာ၊ ကယ်ဆယ်ရေးဘုန်းကြီးကျောင်းဝိုင်းထဲကို မင်းဘူးမြို့ ဗြမ္ဗာစိုနာရေးကူညီမှုအသင်း မှ ကား(၅)စီး၊ ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ကား(၂)စီးတို့နဲ့ လှူဒါန်းရန်ပစ္စည်း များရောက်ရှိလာကြပါတယ်။

မင်းဘူးမြို့ ဗြမ္ဗာစိုနာရေးကူညီမှုအသင်းမှ နာယကဆရာတော် စာရေးဆရာ စိုးဥာဏ(ငဖဲ) နဲ့ ဆရာတော်သုံးပါး ဦးဆောင်ပြီး ကား(၅)စင်းနဲ့လာရောက်ကြပါတယ်။ ကာတွန်းဆရာ အောင်ချမ်းမြေ့(မင်းဘူး)လဲ လိုက်ပါဆောင်ရွက်တာကို တွေ့မြင်ရပါတယ်။ ယခုမှ ပထမအကြိမ် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း စာရေးဆရာ စိုးဥာဏ(ငဖဲ)က ရှင်းလင်းပြောဆိုပါတယ်။ မင်းဘူးမြို့ဗြမ္ဗာစိုနာရေးကူညီမှုအသင်းက ဆန်အိတ်များ၊ အိုးခွက် ပုဂံ အ၀တ်အထည် ပစ္စည်းများ ငွေကျပ် သိန်း(၇၀)ဘိုးခန့် ပါလာကြောင်းသိရပါတယ်။ ရေဘေးသင့်ဒုက္ခသည်များ ရွာ(၃)ရွာကို ကိုယ်ထိလက်ရောက် ပေးကမ်းလှူဒါန်းပါတယ်။ ဆိပ်ဖြူမြို့နယ်၊ဆားလောက်(အနောက်)ရွာ၊ သံပုရာပင်ရွာ နဲ့ ပခုက္ကူမြို့နယ် ပဒဲ့ကျေးရွာများကို ခွဲဝေ လှူဒါန်းပေးခဲ့ကြ ပါတယ်။ ပဒဲ့ရွာမှာ ယောချောင်း၏ တဘက်ကမ်းမှာတည်ရှိပါတယ်။ ဒါကြောင့် လှေနဲ့ လှည်းနဲ့ သယ်ဆောင် လှူဒါန်းပေးရပါတယ်။

ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ကား(၂)စီးနဲ့ သယ်ယူလာတဲ့ လှူဒါန်းစရာများကို ဆားလောက်(အနောက်)ရွာနဲ့ သံပုရာပင်ရွာ (၂)ရွာကို ကိုယ်တိုင်ကိုယ်ကျ ခွဲဝေပေးကမ်းလှူဒါန်းကြ ပါတယ်။ တစ်အိမ်ထောာင်ကို ဆီ(၁)ပိဿာခွဲ ၊ ဆန်က လူတစ်ဦး(၃)ပြီ၊ ဆား(၂)ပိဿာ၊ အချိုမှုန့်(၁၀)ကျပ်သား တို့အား လှူဒါန်းကြပါတယ်။ သူတို့အဖွဲမှာ ယခုအခေါက်ပါဆိုရင် (၂)ခေါက် လာရောက်လှူဒါန်းနိုင်ကြောင်း၊ ယခု ဒုတိယ အကြိမ်လှူဒါန်းတဲ့တန်ဘိုးငွေမှာ သိန်း(၄၀)ခန့်သယ်ယူလာကြောင်း ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ဥက္ကဋ္ဌ ဦးအေးကြိုင်မှ ပြောကြား၍ သတင်းရယူခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်
 

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာပြည် ခရီးစဉ် သတင်းဓာတ်ပုံများ

၃၀-၁၁-၂၀၁၁ နေ့မှ ၂-၁၂-၂၀၁၁ နေ့အထိ မြန်မာနိုင်ငံအတွက် နှစ်ပေါင်း(၅၀) ကျော်အတွင်း ထူးခြား၍ သမိုင်းတွင်မည့် ဓာတ်ပုံများဖြစ်ပါသည်။

အခြား သတင်းဌာန နှင့် ၀က်ဆိုဒ်များမှ ဓာတ်ပုံများအား တဆင့်ကူးယူဖော်ပြ မှတ်တမ်းတင်ပါသည်။

ဓာတ်ပုံ အချို့တွင် နာမည်များပါသော်လည်း အချို့ဓာတ်ပုံများတွင် မူလပိုင်ရှင်များ၏ နာမည်များ မပါရှိခြင်းအား အထူးခွင့်လွတ်ပါရန် လေးစားစွာပန်ကြား တောင်းပန်အပ်ပါသည်။

ကျန်ရှိနေသေးသော ဓာတ်ပုံများအားလည်း ဆက်လက် တင်ပြပေးပါမည်။