SHADE Journal | အတွဲ(၆)၊ အမှတ်(၁၄)

  • အမည် : SHADE Journal | အတွဲ(၆)၊ အမှတ်(၁၄)
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်(၁၄)
  • ရက်စွဲ : 28.3.2012
 

`ရွှေစက်တော်ဘုရားပွဲတော်မှ အမြင်မတော်သော မြင်ကွင်းများ´








မြန်မာပြည်မှာ နှစ်စဉ် လနှင့်ချီ၍ ရက်ရှည်ကျင်းပသော ပွဲတော်များထဲတွင် ရွှေစက်တော်ဘုရားပွဲတော်လည်း ပါဝင်နေပါသည်။ အညာဒေသ၊ အပူပိုင်းတွင် လူမျိုးပေါင်းစုံ လာရောက်၍ ရှစ်ခိုးပူဇော်ကြပြီး မန်းချောင်ရေကို အပန်းဖြေ အနားယူရေချိုးသော တစ်နေရာဖြစ်ပါ၏။ ထို့ကြောင့် မန်းချောင်းရေအား ကျန်းမာရေးနှင့်အညီ သန့်ရှင်းကြည်လင် အေးမြသာယာရေး၊ ဘုရားပွဲတော်ကျင်းပရာ မန်းချောင်းတစ်လျှောက်မှ ငါးလေးများကို ဘေးမဲ့ပေးရေးအတွက် အားလုံးမှာတာဝန်ရှိပါသည်။ ထိုကဲ့သို့ မဖြစ်စေရအောင် အပြုသဘောဖြင့် အမြင်မတော်သော သတင်းဓာတ်ပုံများကို ဖော်ပြလိုက်ရပါသည်။

မှတ်ချက် (မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် လုံးဝ (လုံးဝ)မရည်ရွယ်ပါ။)
 

`မကွေးတိုင်းဒေသကြီး ဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန်ဖုန်း GSM ဆင်းကတ်များ စတင်ရောင်းချ´




၂၈-၃-၂၀၁၂ နေ့မှစတင်၍ မကွေးတိုင်းဒေသကြီးဆက်သွယ်ရေးလုပ်ငန်းမှ (၂)သိန်းတန် GSMဖုန်း ဆင်းကတ်များစတင် ရောင်းချကြောင်း သိရသည်။ ၀ယ်ယူလိုသူများ နိုင်ငံသားစီစစ်ရေးကတ်မိတ္တူ(၁)စောင် နှင့် လိုင်စင်ဓာတ်ပုံ(၁လက်မခွဲX နှစ်လက်မ)ဆိုဒ် ကာလာပုံ(၂) ပုံ ပါသူများကို “One Stop Service” စနစ်ဖြင့် ဆောင်ရွက်ပေးသည်။ ၀ယ်ယူနိုင်သော နေရာများမှာ (က) လက်ထောက်အထွေထွေမန်နေဂျာရုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့။ (ခ) တိုင်းဒေသကြီး ဆက်သွယ်ရေးစခမ်း(စာတိုက်)၊ မြို့မဈေးကြီးအနီး၊ မကွေးမြို့။ (ဂ) ရန်ကင်းစာတိုက်၊ သုခိတာလမ်း၊ မကွေးမြို့။ (ဃ) AIS ကုမ္ပဏီရုံးခွဲ၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်၊ (စန်းရတနာ(၂) တည်းခိုခန်း အနီး)၊မကွေးမြို့။ တို့တွင် ရရှိနိုင်ကြောင်းသိရသည်။ ယင်း GSM ဆင်းကတ်များတွင် AIS ကုမ္ပဏီ အမှတ်တံဆိပ် မပါရှိသည့် ဖုန်းဆင်းကတ်များ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်လာလျှင် ပြန်လည်လျှောက်ထားနိုင်ခြင်း မပြုပါကြောင်း အထူးသတိပေး ကြေငြာထားကြောင်း မှတ်တမ်း ဓာတ်ပုံရိုက်၍ သတင်းရယူခဲ့သည်။
``ကျွန်တော်တို့ အောက်ခြေလူတန်းစားတွေကတော့ (၂)သိန်းလည်း မကိုင်နိုင်သေးပါဘူး၊ ၅၀၀၀ိတန်ဖုန်းကိုသာ မျှော်နေတာပါ။ ၅၀၀၀ိ တန်ပေါ်လာရင်တော့ အပြေးသွားပြီး ၀ယ်ကိုင်မယ်ဗျို့´ ဟု ဆက်သွယ်ရေးရုံးရှေ့မှ ဆိုက်ကားဆရာ တစ်ဦးမှ အော်၍ ပြောဆိုနေကြောင်း ကြားသိခဲ့ရပါသည်။
 

`မကွေးတိုင်းဒေသကြီးတွင် (၂)သိန်းတန် GSM ဖုန်းများ စတင်ရောင်းချပြီ´





၂၆-၃-၂၀၁၂ နေ့၊ နံနက်ပိုင်းမှစတင်၍ မကွေးမြို့တွင်းမှာ (၂)တန်ဖုန်းများ စတင်ရောင်းချကြောင်း သိရသည်။ မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း ပေါ်မှ လူကြီးမင်း ဖုန်းအရောင်းဆိုင် သို့စတင်သွားရောက်သတင်းယူခဲ့သည်။ `ဟုတ်ကဲ့ ကျွန်တော်တို့ လူကြီးမင်း ဖုန်းဆိုင်မှာ ဒီနေ့နံနက်(၉)နာရီက စတင်ရောင်းချပေးပါတယ်။ ယခု လောလောဆယ် တော့ GSM ကတ်တွေကို(၂)သိန်းနဲ့ ရောင်းပါတယ်။ WCDMA , CDMA ကတ်တွေက မရောင်းသေးပါဘူးခင်ဗျာ။ ဟန်းဆက်တွေကတော့ (၃)သောင်းကျော်တန်ကနေ (၆)သိန်းကျော်တန်အထိ အမျိုးမျိုးရောင်းချပေးပါတယ်။ ငွေဖြည့်ကတ် ကတော့ (၁)သောင်းတန်ကတ်နဲ့ (၂)သောင်းတန်ကတ် နှစ်မျိုးရှိပါတယ်။ ဖုန်းလာဝယ်သူတိုင်း နိုင်ငံသားကတ် မိတ္တူ(၃)စုံ နဲ့ ဓာတ်ပုံ(၃)ပုံ ပါရင် ၀ယ်လို့ရပါတယ်။ ယခုလောလောဆယ်မှာ ငွေလက်ငင်းစနစ်နဲ့သာ ရောင်းချပေးပါတယ်။ အရစ်ကျပေး စနစ်နဲ့ မရောင်းချပါဘူး။ ကျွန်တော်တို့ဆိုင်ကို ည(၉)နာရီအထိ ဖွင့်ပြီးရောင်းချပေးသွားမှာပါခင်ဗျာ..´ ဟု လူကြီးမင်းဖုန်း အရောင်းဆိုင်၊ ကိုအောင်အောင် မှပြောကြားသည်။
မကွေးမြို့၊ မြင်သာရပ်၊ ပြည်တော်သာလမ်းမှ အော့ဗစ်ဖုန်းဆိုင်သို့ ၀င်ရောက်မေးမြန်းရာ` ကျမတို့ဆိုင်က (၂၈)ရက်နေ့မှ (၂)သိန်းတန်ဖုန်းတွေကို ရောင်းမှာဖြစ်ပါတယ်´။ဟု ဖြေဆိုပါသည်။ ယင်း အော့ဗစ်ဆိုင်သည် မကွေးမြို့တွင် GSM (၁၅)သိန်းတန်ဖုန်းများကို(ပထမဆုံး) ပေါ်ခါစမှ စတင်ရောင်းချလာခဲ့ပြီး ယနေ့အထိဖွင့်လှစ်ထားသော ဆိုင်ကြီးဖြစ် ပါသည်။ `အဲဒီဆိုင်က ဆက်သွယ်ရေးက (၁၅)သိန်းတန်GSM ဟန်းဖုန်းတွေ စပြီးရောင်းတုန်းက သူ့ဆိုင်မှာ လူတွေ တန်းစီစောင့်နေရတာပါ။ ယခုတော့ ဆက်သွယ်ရေးကတိုက်ရိုက်မရောင်းချတော့ သူ့ဆိုင်မှာ (၂)သိန်းတန်ဖုန်းကို ယနေ့ ၀ယ်မရတာထင်တယ်..။ ကျွန်တော်အိမ်မှာ အဲဒီ(၁၅)သိန်းတန်ဖုန်း(၂)လုံးကို ၀ယ်ထားခဲ့မိတယ်။ တော်တော်နာပါတယ်။ ဒါကြောင့် အဲဒီအရှုံးပြန်ကြေအောင် နောက်ပေါ်မယ်ဆိုတဲ့ (၅၀၀၀ိ)တန်ဖုန်းကိုပဲ စောင့်ဝယ်တော့မယ်ဗျာ…။´ လို့ ဖုန်းဝယ်ထားသူ အသက်(၅၅)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောပါတယ်။ ထို့နောက် ပြည်တော်လမ်းမပေါ်မှ (၂)သိန်းတန်ဖုန်းများ ရောင်းချသောဆိုင်များမှာ ကောင်မွန်စူပါမားကတ်ဖုန်းဆိုင်၊ ဟင်္သာညီနောင်စတိုးဖုန်းဆိုင်၊ ဗိုလ်ချုပ်လမ်းမပေါ်မှ ရွှေဧရာစတိုးဖုန်းဆိုင်၊ မကွေးရှော့ပင်းမောလ်ဖုန်းဆိုင် နှင့် နတ်မောက်လမ်းမပေါ်မှ နီနီ အက်လက်ထရောနစ်ဖုန်းဆိုင် များတွင် (၂)သိန်းတန်GSM ဖုန်းဝယ်ယူသူများဖြင့် စည်ကားနေသည်ကို မြင်တွေ့ရ၏။ `ကျွန်တော်တို့ဆိုင်က ဈေးမှန်၊ ပစ္စည်းမှန်ပါ။ ဘာမှအမြတ်မတင်ပါဘူး၊ မမြတ်ပါဘူး။ (၂)သိန်းနဲ့သာရောင်းပေးတာပါ။ ဆိုင်မှာရှိတဲ့ ဟန်းဆက်တွေရောင်းရအောင်ဆိုပြီး တင်ရောင်းတာပါဗျာ..။´ဟု နီနီဖုန်းဆိုင်ပိုင်ရှင် ဦးသန်းဌေးမှ ပြောကြား၍ သတင်းရရှိသည်။
 

မကွေးတိုင်းဒေသကြီးသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး လာရောက် စစ်ဆေး







မကွေး၊ မတ်လ(၂၆)။
၂၀၁၂ ခု၊ မတ်လ(၂၆)ရက်နေ့ နံနက်(၉)နာရီ၊ မကွေးမြို့တော်ခန်းမတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် မကွေးတိုင်းဒေသကြီးကော်မရှင် အဖွဲ့ခွဲ ခရိုင် နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်၍ သတင်းရယူခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မှ အဖွင့်အမှာ စကားပြောသည်။ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ပခုက္ကူခရိုင် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို တင်ပြ၍ မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန် မှ ဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ကြမည့် နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်လောင်များက ဆွေးနွေးတင်ပြကြသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်အလိုက် မဲဆန္ဒနယ်မြေများမှာ (၁) ပြည်သူ့လွှတ်တော် (၂၅)။ (၂) အမျိုးသားလွှတ်တော်(၁၂)။ (၃) တိုင်းဒေသာကြီးလွှတ်တော်(၅၀)။ (၄) တိုင်းဒေသကြီးလွှတ်တော် ချင်းတိုင်းရင်းသား လူမျိုး(၁)။ စုစုပေါင်းမဲဆန္ဒနယ်မြေ (၈၈) ဟု ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စာရင်းအရသိရ၏။ မကွေးတိုင်းဒေသကြီးကို ခရိုင်(၅)ခု၊ မြို့နယ်(၂၅)ခု၊ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း(၁၇၀၅)စု၊ ကျေးရွာပေါင်း(၄၇၉၆)စု တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

(၁) ၁-၄-၂၀၁၂ နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးချယ်ပွဲအတွက် အတည်ပြုကြေငြာသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည် ပါတီ စာရင်းကို ဇယား(၁)ဖြင့်ဖော်ပြပါသည်။
(၂) လွှတ်တော်မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်ဦးရေ ကောက်ယူ၍ စာရင်းပြုစုထားသော ဇယား(၂)ကို ဖော်ပြပါသည်။
(၃) ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်မဲဆန္ဒနယ်များသို့ ဆန္ဒမဲလက်မှတ်စာအုပ်များ၊ ကြိုတင်ဆန္ဒ မဲလက်မှတ်စာအိပ်များ၊ မဲရုံများ၊ ဆန္ဒပြုခန်းများ၊ မဲပုံးများတို့ကို အောက်ဇယား(၃)ဖြင့်ဖော်ပြထားပါသည်။
(၄) ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ ရန်ပုံငွေခွဲဝေချထားမှုနှင့် သုံးစွဲမှုအခြေအနေ ကို ဇယား(၄)ဖြင့်ဖော်ပြထားပါသည်။
ယင်းတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းမှာ ပါတီပေါင်း(၇)ပါတီ ယှဉ်ပြိုင်ကြမည်။ လွှတ်တော်ကိုယ်စားလှယ် လောင်း(၁၉)ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်။ ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌ အား ကြံခိုင်းဖွံ့ဖြိုးရေးပါတီဝင် ကိုယ်စားလှယ် လောင်းများမှ အပ အခြားကျန်ပါတီ(၆)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၃)ဦးတို့က ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော မရှင်းလင်းသည်များကို မေးမြန်းကြပြီး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့များမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။ ဤ တွေ့ဆုံဆွေးနွေးပွဲကို နေ့(၁၁း၃၀)ခန့်တွင် ကျင်းပပြီးကြောင်း သတင်းရယူခဲ့သည်။
 

`ဘုရားဆင်းတုတော် နှင့် ရဟန္တာများအား ခိုးယူခဲ့သူ တရားခံများကို ထောင်ချလိုက်ပြီ´

ဆိပ်ဖြူ။ မတ်လ(၁၄)။
၂၀၁၂ ခု၊ မတ်လ(၁၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်တရားရုံးမှ အမှုအမှတ် ၃၄၅/၂၀၁၁ ဖြင့် လက်ခံစစ်ဆေးခဲ့သော တရားခံသုံးဦးအား ပုဒ်မ၂၉၅ (အရ)ထောင် (၁)နှစ်စီ၊ ပုဒ်မ ၃၈၀ အရ ထောင်(၃)နှစ်စီ၊ တို့ဖြင့် ပြစ်ဒါဏ်များကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်းသိရှိရသည်။ အမှု ဖြစ်စဉ်မှာ ၂၀၁၀ ခု၊ အောက်တိုဘာ လ(၂၄)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမကျေးရွာ ရဲစခန်းပိုင်၊ ကောတုံကျေးရွာရှိ မြသီတာဘုရားဂူအတွင်းမှ သစ်သားဘုရားဆင်းတုတော်(၁)ဆူ နှင့် ပဉ္စ၀ဂ္ဂီ ရဟန္တာ သစ်သားဆင်းတုတော်(၂)ဆူတို့အား ခိုးယူခဲ့ကြသည်။ ယင်း သူခိုးသုံးဦးကို မြသီတာဘုရားအရှေ့ဘက် ပေ(၁၅၀)အကွာရှိ ကဇွန်းမချောင်းဘေးမှာ ကောတုံရွာသားများမှ ဖမ်းဆီး ရရှိကြောင်းသိရ၏။ ဖမ်းဆီရမိသော တရားခံများမှာ ဥာဏ်စိန် (၅၉)နှစ်၊ (အဘ) ဦးဘိုးပု၊ ကမ်းဖြူရွာ ချောက်မြို့နယ်၊ တင်လင်းအောင် (၃၉)နှစ်၊ (အဘ)ဦးကျော်မြ၊ ရွာသာကြီးကျေးရွာ၊ စစ်ကိုင်းမြို့နယ်၊ သိန်းလွင်(၃၀)နှစ်၊ (အဘ)ဦးအောင် သိန်း၊ ကြူတောကျေးရွာ၊ စလင်းမြို့နယ်၊ များမှ တရားခံသုံးဦးတို့ ဖြစ်ပြီး ကောတုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်မှ တရားလိုအဖြစ် တိုင်တန်းခဲ့မှုဖြစ်၏။ ယင်းအမှုအား ဆိပ်ဖြူမြို့နယ် ကဇွန်းမရဲစခန်းမှ (ပ)၆၃/၁၁ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ထိုတရားခံသုံးဦးအား အထက်ပါအတိုင်း ပြစ်ဒါဏ်များဖြင့် အမိန့်ချခဲ့ကြောင်း သတင်းရရှိသည်။
 

`ပခုက္ကူ- မြိုင်- တောမကားလမ်းပေါ်မှ တရားမ၀င် သစ်ခွဲသားများဖမ်းမိ´

ပခုက္ကူ ။ မတ်လ(၂၂)။
ပခုက္ကူခရိုင်ရဲမှူး၏ ညွှန်ကြားချက်ဖြင့် ရဲအုပ် ရဲလွင်နှင့် အဖွဲ့သည် မတ်လ(၂၂)ရက်နေ့၊ ည(၈)နာရီတွင် ပခုက္ကူ- ဂန့်ဂေါလမ်းတစ်လျှောက်သို့ သတင်းအရ ရှောင်တစ်ခင်စစ်ဆေးရန်သွားရောက်ခဲ့ကြသည်။ တဲကြီးကျေးရွာ၏ အနောက်မြောက်ဘက် (၆)ဖာလုံခန့်အကွာ အရောက်တွင် မြိုင်- တောမကားလမ်း မိုင်တိုင်အမှတ်(၁၀/၀)နှင့် (၁၀/၁) အကြားမှာ လမ်းဘေးတွင်ရပ်ထားသော မိုးကာအစိမ်းရောင်ဖြင့်အုပ်ထားသည့် (၁၀)ဘီးကားတစ်စီးကို တွေ့ရ၏။ ထို ကားအား မင်္သကာသဖြင့် မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အတူ ထို(၁၀)ဘီးကားကို ၀င်ရောက်စစ်ဆေး၍ ရှာဖွှေခဲ့ကြသည်။ ကားနံပါတ်မှာ (၆က/၉…..)၊ ယာဉ်မောင်း အောင်မင်းသူ၊ ပခုက္ကူမြို့နယ်၊ ယာဉ်နောက်လိုက် နိုင်ဝင်း ထီးလင်းမြို့နယ်၊ နိုင်ကိုကို ပခုက္ကူမြို့နယ် တို့နှင့် ယာဉ်ပေါ်တွင် ပါလာသူ ဇော်လှိုင်ဦး တို့ကိုတွေ့ရှိပြီး ၎င်း ကားပေါ်တွင် တရားမ၀င် သစ်ခွဲသားမျိုးစုံ၊ ဆိုဒ်ုစုံ(၃၄၇)ချောင်း၊ (၉.၃၅၈၂)တန်၊ ကာလတန်ဘိုးငွေ( ၉၈၆၂၇၁)ကျပ် (ကိုးသိန်းရှစ်သောင်းခြောက်ထောင်နှစ်ရာခုနှစ်ဆယ်တစ်ကျပ်) တို့အား သယ်ဆောင်လာကြောင်း တွေ့ရှိ့၍ ဖမ်းဆီးခဲ့ကြ သည်။ ယင်း (၁၀)ဘီးကားအား မြိုင်မြို့နယ်၊ ဗဟင်းရဲစခန်းတွင် (ပ) ၂၄/၁၂ ပုဒ်မ ပပက၆(၁) ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

`ကံမမြို့နယ်မှာ ကျောက်မှုန့်ပုံပြိုကျ၍ လူတစ်ဦးသေ´

ကံမ။ မတ်လ(၂၃)။
၂၀၁၂ ခု၊ မတ်လ(၂၃)ရက်နေ့ နေ့လယ်(၂း၅၀)နာရီအချိန်တွင် ကံမရဲစခန်းမှ တရားလို ဒုရဲအုပ် ၀င်းဇော် တာဝန်မှူးကျစဉ်မှာ လူတစ်ဦး သေဆုံး၍ ကံမဆေးရုံသို့ရောက်ရှိနေကြာင်း သတင်းရ၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရ၏။ ဖြစ်စဉ်မှာ ကံမမြို့နယ် ပယ်ကျရွာ၏ အနောက်ဘက်၊ မန်းကျီးတောင်ပေါ်တွင် ကျောက်မှုန့်များကို ကားပေါ်သို့တင်နေစဉ် ကျောက်မှုန့်ပုံပြိုကျ၍ အလုပ်သမားများဖြစ်ကြသော ခင်မောင်ထွန်း အား နဖူးတွင် ပေါက်ပြဲဒါဏ်ရာတစ်ချက်ရ၏။ နောက် အလုပ်သမားတစ်ဦး မျိုးဝင်းထွန်း၊ (အောင်လံမြို့နယ်တွင်နေသူ) မှာ ကျောက်မှုန့်ပုံ ပြိုကျ၍ ပိမိပြီး ၎င်း၏ မျက်နှာညာဘက်တွင် ညိုမဲသော ဒါဏ်ရာကို တွေ့ရပြီး ၀ဲဘက် မျက်လုံးတွင်လည်း ညိုမဲသော ဒါဏ်ရာ၊ ညာဘက်ကျောပြင်တွင်လည်း ညိုမဲသော ဒါဏ်ရာ ဒါက်ချက်များဖြင့် နေရာတွင် သေဆုံးသွားကြောင်း ပြောကြား၍ စစ်ဆေးခဲ့ရသည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ် မဟုတ်အား ပြန်လည် စစ်ဆေးရန်အတွက် ကံမမြို့နယ် ရဲစခန်းတွင် သေမှု သေခင်းအမှုအမှတ် ၁/၁၂ ဖြင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။
 

`မကွေးမြသလွန်ဘုရားအရှေ့ဘက်လမ်းမှာ မဆင်မခြင်ယာဉ်မောင်းနှင်ကြ၍ လူ(၁)ဦးသေ´

မကွေး၊ မတ်လ(၂၂)။
မကွေးမြို့၊ မြသလွန်စေတီတော် ဘုရား၏ အရှေ့ဘက် အတက်/အဆင်းလမ်းတွင် ၂၀၁၂ ခု၊ မတ်လ(၂၂)နေ့၊ နေ့လည်(၃)နာရီမှာ မြသလွန်ဘုရားပေါ်သို့ သဲချ၍ ပြန်ဆင်းလာခဲ့သော ထော်လာဂျီ ဖောကား(အပြာ)ရောင် ယာဉ်/…..၊ ယာဉ်မောင်း ကိုဝင်းမြင့်ဦး၊ (သာယာကုန်း/နံကပ်ကျွန်းကျေးရွာနေသူ) နှင့် ဘုရားဖူးရန်တက်လာသော ဘုရားဖူးကား ဒိုင်နာယာဉ်အမှတ်……၊ ယာဉ်မောင်း ကိုတင်အောင်ဇော် မောင်းနှင်လာသော ယာဉ်နှစ်စီးတို့မှာ ပန်ရစ်တောင်ခြေရင်း၌ မျက်နှာချင်းဆိုင် တိုက်ကြကြောင်းသိရသည်။ ဘုရားဖူးယာဉ်ဒိုင်နာကားပေါ်တွင် ယာဉ်မောင်းနှင့်အတူ အမျိုးသမီး(၁၁)ဦးနှင့် အမျိုးသား (၁၃)ဦး၊ စုစုပေါင်း(၂၅)ဦး စီးနှင်းလိုက်ပါလာကြ၏။ ယင်း ဘုရားဖူးကားပေါ်မှ ကိုစိန်လင်း(ခ) ဖိုးကူး အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဒဏ်ရာ ရရှိသူ(၂၃) ဦးရှိကြောင်းသိရသည်။
၎င်း ယာဉ်တိုက်မှုကို မကွေးမြို့၊ အမှတ်(၁)ရဲစခန်းမှ မဆင်မခြင်မောင်းနှင်ကြသော ဒိုင်နာယာဉ်မောင်း တင်မောင်ဇော် နှင့် ထော်လာဂျီ ဖောကား ယာဉ်မောင်း ၀င်းမြင့်ဦး တို့ကို (ပ) ၅၈/၁၂ ပုဒ်မ ၃၃၇/၃၃၈/၃၀၄(က) ဖြင့် အမှုဖွင့်၍ အရေးယူထားကြောင်း သတင်းရရှိသည်။
 

တရုပ်- မြန်မာရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင် တရုပ်အရာရှိအား ဓားထိုးခံရ


မင်းဘူး(စကု)။ မတ်လ(၁၈)။
မင်းဘူး(စကု) မြို့နယ်၊ ကုန်းသာကျေးရွာအနီးရှိ တရုပ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင် ၂၀၁၂ ခု၊ မတ်လ(၁၈)ရက်၊ ည(၁၀)နာရီအချိန်ခန့်မှာ တရုပ်အရာရှိ (Mr Huang Tong) ဆိုသူအား ဓားထိုးခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါ တရုပ်အရာရှိအသုံးပြုသော (ပါဂျရိုကား) ယာဉ်အမှတ် ၆ခ/၆၀၈၂ အား မောင်းနှင်သော ဒရိုင်ဘာ တင်စိုး သည် အရက်မူး၍ စခန်းတွင်းရှိ ယာဉ်မောင်များ အိပ်ဆောင်တံခါး သံဇကာအား ခြေထောက်ဖြင့် ဆောင့်ကန်နေ၏။ ထိုစဉ် တရုပ်အရာရှိ (Mr Huang Tong)သည် သူ၏ စကားပြန်ကို သွားရောက်၍ တင်စိုးအား တားမြစ်ရန်စေခိုင်းခဲ့သည်။ ထိုအခါ တင်စိုးမှ အရိုးအသွား(၈) လက်မခန့်ရှိ စတီးမောင်းချဓါးဖြင့် တရုပ်အရာရှိ (Mr Huang Tong)ထံသို့ လာရောက်ပြီး ဂုတ်ပိုး၏ ၀ဲဘက်အခြမ်းကို ထိုးချလိုက်သည်။ (၂)လက်မခန့်အနက်ထိ ဓါးသွားဝင်သွား၏။ ထို့နောက် ယာဉ်မောင်း တင်စိုးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ တရုပ်အရာရှိ လူနာမှာ မင်းဘူးခရိုင်ဆေးရုံကြီးသို့ တက်ရောက်၍ ကုသပြီး ၎င်းဆေးရုံမှတဆင့် မတ်လ(၁၉)ရက်နေ့တွင် မန္တလေး အထွေထွေကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။ ထို တရုပ်အရာရှိ (Mr Huang Tong)သည် ဓါးဒါဏ်ရာကြောင့် ပေါက်သွားသောသွေးကြောကို ပြန်ပိတ်နိုင်ခဲ့ကြောင်း၊ အသက်ရှုလေပြွန်အား ထိခိုက်ခြင်းမရှိကြောင်း၊ အသက်အန္တရာယ် အား စိုးရိမ်စရာ မရှိပါကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ ဤ အမှုနှင့် ပတ်သက်၍ တရုပ်အရာရှိမှ မင်းဘူး(စကု) မြို့နယ် စကုရဲစခန်းတွင် (ပ)၂၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်းသူ ယာဉ်မောင်း တင်စိုး(၄၂)နှစ်၊ (အဘ) ဦးစံငြိမ်း၊ (ဟိန်းထက်ခန့်ကုမ္ပဏီ မန္တလေးမြို့) အား မတ်လ(၁၉)ရက်နေ့မှာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိကြောင်းသိရ၏။ တင်စိုး၏ ထွက်ဆိုချက်အရ ပိုက်လိုင်းစခန်း၏ အနောက်ဘက်(၁)မိုင်ခန့် အကွာတွင်ရှိသည့် ဖျောက်ဆိပ်ပင်အောင်၌ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ပြီး ၀ှက်ထားခဲ့သော အရိုးအသွား(၈)လက်မခန့်ရှိ စတီးမောင်းချဓါးကို လိုက်လံပြသ၍ ရဲတပ်ဖွဲ့မှ သက်သေခံအဖြစ် သိမ်းယူခဲ့သည်။ ယင်းအမှုကို သက်ဆိုင်ရာ မင်းဘူး(စကု)မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စကုရဲတပ်ဖွဲ့စခန်းမှူးနှင့် စကုရဲတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ဖော်ပြပါသည်။
 

မကွေးမြို့နယ်NLD မှ ခွပ်ဒေါင်းကြီးဖြင့် `အမေစု´ကိုစောင့်ကြိုနေ



၂၃-၃-၂၀၁၂ နေ့ နံနက်(၆)နာရီမှစ၍ မကွေးမြို့နယ်NLD ပါတီအောင်နိုင်ရေးအဖွဲ့မှ (NLD ပါတီတံဆိပ်၊ ခွပ်ဒေါင်းကြီးနှင့်ကြယ်ဖြူပါ) အလျားပေ(၂၀)၊ အမြင့် (၈) ပေရှိ ရွှေရောင်ခွပ်ဒေါင်းရုပ်ကြီး နှင့် အလျား(၈)ပေ၊ အမြင့်(၄)ပေရှိ ခွပ်ဒေါင်းရုပ်တင်ဆောင်ထားသော ကားနှစ်စီးဖြင့်အတူ မော်တော်ယာဉ်အစီး(၁၅)စီး၊ မော်တော်ဆိုင်ကယ်များအစီး(၃၀)ခန့် သည် မကွေးမြသလွန်ဘုရားသို့သွားရောက်ပူဇော်ကြသည်။ ထိုမှ မြို့ဟောင်းရပ်ကွက်၊ ဈေးလယ်စိုးရပ်ကွက်၊ ဆုံရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ကံသာ၊ မြင်သာရပ်ကွက်၊ ရန်ပယ်ရပ်ကွက်များမှ လမ်းမကြီးများနှင့် မကွေးမြို့တွင်းသို့ NLD ပါတီအောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းကြသည်။ မကွေးမြို့နယ်NLD ပါတီ မှ ကြားဖြတ်ရွေးချယ်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံမည့် ဦးမြင့်သိန်း၏ ကိုယ်ရေးကျဉ်း ပန်းဖလက်များဝေငှခြင်း။ NLD ပါတီအောင်နိုင်ရေးသီချင်းခွေများ၊ တီရှပ်များ၊ စတေကာများ၊ ခေါင်းစည်းများ၊ NLD ပါတီတံဆပ်ပါ အလံ အမျိုးမျိုးတို့အား ရောင်းချဝေငှနေကြောင်း မြင်တွေ့ရ၏။
` ဒီ ခွပ်ဒေါင်းကြီးနဲ့အတူ ၂၇-၃-၂၀၁၂ နေ့မှာ မကွေးမြို့ကို ရောက်လာမဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ``အမေစု´´ကို လူထုအင်အားအပြည့်နဲ့ ကြိုဆိုဖို့ ကျွန်တော်တို့စီစဉ်ထားကြပါတယ်။ အမေစု မလာခင် ဒီနေ့မတ်လ(၂၃)ရက်နေ့ကနေ မတ်လ(၂၆)ရက်နေ့အထိ နေ့စဉ်၊ နေ့တိုင် မကွေးမြို့ထဲမှာ NLD ပါတီအောင်နိုင်ရေးအတွက် လှည့်နေကြမှာပါခင်ဗျာ..´ ဟု စည့်းရုံးရေးဆင်းနေတဲ့ လူငယ် ကိုအောင်လွင်မှပြောပါသည်။
၂၇-၃-၂၀၁၂ နေ့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ မရရှိသေးကြောင်း ကြားသိရ၏။ ` မမေစု လာရင် ဟောပြောဖို့နေရာကို ယနေ့အထိ သက်ဆိုင်ကအကြောင်းမပြန်သေးဘူး။ သက်ဆိုင်ရာက ဟောပြောပွဲမလုပ်ခင် (၄၈) နာရီမှ ကြိုတင်ပြောမယ်လို့ သိရတယ်။ ဒီလောက် နေရာကျယ်ကျယ် ဧရိယာကြီးကို ဒီလိုအချိန်တိုလေးအတွင်း ပြင်ဆင်ရမှာဆိုတော့ တော်တော်ဒုက္ခရောက်ကြတာပေါ့ဗျာ..။ ဘယ်နည်း ဘယ်ပုံဖြစ်ဖြစ် အဆင်ပြေအောင်တော့ ကြိုးစားသွားကြမှာ..´ ဟု လူငယ် ကိုအောင်လွင်မှ ဆက်လက်ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၂၃-၃-၂၀၁၂ နေ့ည(၈)နာရီသတင်းမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အတွက် ဟောပြောစည်းရုံးရန်နေရာ ကို သက်ဆိုင်ရာမှ ကွန်ပျူတာတက္ကသိုလ်နှင့် ကျန်းမာရေးတက္ကသိုလ် နှစ်ခုကြားက ချောက်တောကြီးထဲမှာ ပေးထားတယ်လို့သိရပါတယ်။ အဲဒီနေရာကို မကျင်းပလိုကြပါဘူး။ ဒါကြောင့် မကွေးမြို့မှ ရေနံချောင်း၊ နတ်မောက်အထွက်လမ်းပေါ်က မကွေးမြို့နဲ့ သုံးမိုင်ခွဲဝေးတဲ့ နေရာကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ အဲဒီနေရာက NLD အဖွဲ့ကို အလှူရှင် ယာခင်းပိုင်ရှင်များမှ နေရာပေးးထားတဲ့ ကံလှကျေးရွာ နှင့် နတ်ကန်ကျေးရွာကြားက ယာခင်းများ ကွင်းပြင်တွင် ကျင်းပနိုင်ကြရန် ဆောင်ရွက်နေတယ်လို့ ကြားသိရပါ၏။ သို့သော်လည်း ခရီးစဉ်ပျက်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း၍ ဟု သိရပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 

မင်းဘူး(စကု)မြို့နယ်မှ မြန်မာ-တရုပ်ရေနံသဘာဝဓာတ်ငွေပိုက်လိုင်းတွင် နဂါးခေါင်းရုပ်ပါ ရွှေလက်ကောက်ကြီး(၁)ကွင်းတွေ့ရှိ ( ပျူခေတ် လက်ရာဟုဆို)



မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ခနဲကုန်းကျေးရွာတွင် မြန်မာ- တရုပ် ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းတူးဖော်ရာမှာ ရှေးဟောင်း ရွှေလက်ကောက်ကြီးတစ်ကွင်းတွေ့ရှိကြောင်း သတင်းကြားသိရ၏။ ထို့ကြောင့် မင်းဘူး(စကု) အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် သတင်းစုံစမ်းခဲ့သည်။ ဒု ဦးစီးမှူး ဦးမျိုးမင်းထွန်း နှင့်တွေ့ဆုံ၍ အောက်ပါအတိုင်း သိရှိရပါသည်။
၂၀၁၂ ခုနှစ် မတ်လ(၈)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီတွင် ခနဲပင်ကျေးရွာ၊ ကွင်းအမှတ်(၁၁၆၈)တွင် တရုပ်-မြန်မာရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဘက်ဘိုး(မြေတူးစက်)ကြီးဖြင့်တူးဖော်သည်။ မြေစာများအား ကုလားပဲခင်းမှာ စုပုံထားခဲ့၏။ ၎င်းယာခင်းမှာ ကုလားပဲခင်းနုတ်သိမ်းနေသည်။ ယာခင်းပိုင်ရှင် ဦးဌေးဝင်း၏ ကုလားပဲခင်းအား အလုပ်သမား လက်ခုပ်ပင်ရွာသူ မကေသဇင်ကျော် တို့မှ တံစဉ်များကိုင်ဆောင်ပြီးရောက်လာကြသည်။ ယင်း ကလေးမလေးမှ ကိုင်ထားသော တံစဉ်ဖြင့် မြေစာပုံကို ခေါက်ပြီး ဆော့ကစားနေသည်။ ယင်းသို့ခေါက်နေစဉ် ပစ္စည်းတစ်ခုအား ချိတ်ပါလာ၏။ ထိုပစ္စည်းမှာ နဂါးခေါင်းရုပ်ဖြင့် လက်ကောက်ကြီးတစ်ကွင်း ဖြစ်ကြောင်း မြင်တွေ့ရ၍ ဖခင်ဖြစ်သူထံသို့ ပြန်လာခဲ့သည်။ မင်းဘူးမြို့မှ ပန်းထိမ်ဆိုင်တစ်ဆိုင်သို့ သွားရောက်စစ်ဆေးကြည့်ရာ ရွှေလက်ကောက်ကြီးဖြစ်နေမှန်းသိရ၏။ ရွှေမှာအခေါက်ရွှေ၊ အလေးချိန်မှာ (၁၆ကျပ်သား၊ ၆ပဲ၊ ၄ရွေးနှင့်လေးပိုင်းတစ်ပိုင်း)ရှိသည် ဟု သိရ၏။ နဂါးခေါင်းကြီးဖြင့် ရှေးဟောင်းလက်ယာ ဖြစ်နေကြောင်း ပြောဆိုသံများထွက်သွားသည်။ ယနေ့ဈေးနှင့်တွက်ကြည့်လျှင် သိန်းတစ်ရာကျော်တန်ဘိုးရှိနေကြောင်း ပြောဆိုကြ၏။ မတ်လ(၁၂)၇က်နေ့တွင် မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ရုံမှ လက်ခုပ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရီ နှင့်အတူ ရွှေလက်ကောက်ကြီးအား ကောက်တွေ့ထားသူ မကေသဇင်ကျော်နှင့် ဖခင်ဖြစ်သူ ဦးသိန်းလွင်တို့ အား ခေါ်ယူစုံစမ်းမေးမြန်းခဲ့ကြ၏။ ထို့အခါ ဖခင်ဦးသိန်းလွင်နှင့် ရွှေလက်ကောက်ကြီးကို ကောက်ရသူသမီး မကေသဇင်ကျော်တို့မှ ၎င်းရွှေလက်ကောက်ကြီးအား စစ်ဆေးရေးအဖွဲထံသို့ သက်များ၏ရှေ့တွင် အပ်နှံပေးခဲ့ရကြောင်းသိရှိရပါသည်။ ထို နဂါးခေါင်းရုပ် ရွှေလက်ကောက်ကြီးကို ယခုအခါ မင်းဘူးမြို့မြန်မာ့စီးပွားရေးဘဏ်တွင် ချိတ်ပိတ်သေတ္တာဖြင့် အပ်နှံထားကြောင်း သိရှိရသည်။
``စောစောက ဒေတာတွေက ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ဒီရွှေလက်ကောက်ကြီးကို ပျူခေတ်ကလို့ ရှေးဟောင်းသုသေသနဌာနက ပြောဆိုပါတယ်။ ပိုပြီးသေချာအောင်တော့ မကွေးမြို့က ရှေးဟောင်းသုသေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးရုံးကို သွားတွေ့လိုက်ပါအုံး။ ပိုပြီးပြည့်စုံစေချင်လို့ပါ။ ကျွန်တော်ဆီကို ရှေးဟောင်းသုသေသနဌာနက ဒီမှာတွေ့ရတဲ့ နဂါးခေါင်းရုပ်ရွှေလက်ကောက်မျိုး မျိုးတူတစ်ကွင်းကို ရှမ်းပြည်နယ်မှာလည်း တွေ့ရှိဘူးတယ်ပြောပါတယ်။ အဲဒီရှမ်းပြည်ကတွေ့ထားတဲ့ ဓာတ်ပုံကိုလည်း ကျွန်တော်တို့ဆီကိုယူလာပြီး ယှဉ်ပြသွားပါတယ်။ ဒါကြောင့် ပျူခေတ်က လက်ရာဖြစ်ကြောင်း အတည်ပြုပြောဆိုပါတယ်။ ယခု ရွှေလက်ကောက်ကြီးက ပျူခေတ် စောစောပိုင်းလောက်ကဖြစ်နိုင်ပြီး ပိုပြီးရှေးကျနိုင်ကြောင်း ပြောပါတယ်။ဒီ ရွှေလက်ကောက်ကြီးနဲ့ ပတ်သက်ပြီး မင်းဘူးခရိုင်ရုံးကနေ တဆင့်ပို့ပြီး မကွေးတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ်ကို တင်ပြထားပါတယ်။ အဲဒီက တဆင့် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန ကို ဆက်လက်တင်ထားတယ်လို့ သိရပါတယ်။ အဲဒီ တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းညွှန်တဲ့အတိုင်း ချီးမြှင့်ငွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့က ဆက်လက်ဆောင်ရွက်ပေးမှာပါ။ ကောက်တွေ့တဲ့ ပိုင်ရှင်အနေနဲ့ တန်ဘိုးထက်ကို ပိုပြီးရလိမ့်မယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တွေ့ဘူး ကြားဘူးတာက ကာလတန်ဘိုးအပြင်+လက်ရာခ နဲ့ ရှေးဟောင်းပစ္စည်း ပေါင်းမယ်ထင်ပါတယ်။ ဥပမာ ပစ္စည်းတန်ဘိုးသိန်း(၅၀) ဆိုရင် နောက်ထပ်ပေါင်းသိန်း(၂၀)လောက်နဲ့ စုစုပေါင်းသိန်း(၇၀) ပေးတယ်ဆိုတဲ့ သဘောပါ။´´ဟု ဒု ဦးစီးမှူး ဦးမျိုးမင်းထွန်းမှ ပြောဆိုပါသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုသေသန၊အမျိုးသားပြတိုက်နှင့် စာကြည့် တိုက်ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးရုံး ဦးစောလွင် (တိုင်းဦးစီးမှူး)ထံသို့ သွားရောက်ခဲ့ပါသည်။ ယင်း နဂါးခေါင်းရုပ်ရွှေလက်ကောက်ကြီးမှာ ပျူခေတ်မှ ရှေးဟောင်းလက်ရာဖြစ်ကြောင်းကို အထောက်အထားများဖြင့် အတည်ပြုချက်ထုတ်ပြန်၍ နေပြည်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ တင်ပြထားပြီးဖြစ်ပါကြောင်း အတည်ပြု ပြောဆို၍ သတင်းရယူခဲ့ပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 

`(၁၀) တန်းစာမေးပွဲဖြေဆိုရက်မှာ မကွေးမြို့တွင် လျှပ်စစ်မီးများ မကြာခဏပြတ်တောက်´ ယခုတော့ မီးအလှည့်ကျဖြတ်ထား



(၁၂-၃-၂၀၁၂) နေ့မှစ၍ အခြေခံအထက်တန်းစာမေးပွဲများ အား မြန်မာတစ်ပြည်လုံးစတင်ဖြေဆိုကြသည်။ မကွေးမြို့မှာ စာမေးပွဲဖြေဆိုရက်များတွင် လျှပ်စစ်မီးများပြတ်တောက်မှု မကြာ မကြာ ဖြစ်သည်။ ထို့ကြောင့် (၁၆-၃-၂၀၁၂)နေ့က အရေးပေါ် လျှပ်စစ်မီးပျက်လျှင် တိုင်ကြားသတင်းပို့ရန် ဌာနသို့ ကိုယ်တိုင်သွားရောက်စုံစမ်း မေးမြန်းခဲ့သည်။
`ဟုတ်ပါတယ် မီးပြတ်တာ(၃)ရက်တောင် မကပါဘူး။ တစ်ပါတ်လောက်ရှိနေပါပြီ။ ရန်ကုန် L.C.T ကနေ `လုပ်ရှပ်´ဆိုရင် မန်းကျီးကန် ဓာတ်အားခွဲရုံမှ `လုပ် ရှပ်´(လျှပ်စစ်ဝန်အားလျှော့ခြင်း) ခိုင်းလို့ ကျွန်တော်တို့က ထိမ်းပြီးမျှအောင် မီးဖြတ်နေရတာပါ။ စာမေးပွဲပြီးသွားရင် အခြေအနေက တစ်မျိုးပြောင်းသွားမယ်ထင်ပါတယ်။ (၁၀)တန်းစာမေးပွဲဖြေဆိုချိန် မှာကို ထိမ်းပေးနေရတာ ထိမ်းလို့ မရဘူးဖြစ်နေပါတယ်။ ဒီထက်မှ ဆိုးလာရင် ABC အုပ်စုခွဲပြီး အလှည့်ကျပေးရမှာပါ။ ယခုဟာက ဗေထိဆိုရင် ကျေးရွာ၊ မြသလွန်၊ မြို့ရှေ့၊တပ်ရင်း တပ်ဖွဲ့ တွေကိုဖြတ်ရပါတယ်။ ယခုဆိုရင် မြို့အနောက်က နည်းနည်းကောင်းနေပါတယ်။ ဒါတောင် မြို့အနောက်လိုင်းကို အောက်ဝေးတွေ လျှော့ထားပေးရတယ်။ ယခုဟာက `လုပ်ရှပ်´တွေကများလာလို့ မီးအားနည်းလာ တာပါ။ အလှည့်ကျဖြတ်တာလည်း မဟုတ်ပါဘူး။ အလဲဗင်းလိုင်း တစ်လိုင်းလုံးကို လျှော့ချပေးရပါတယ်..။´ ဟု တာဝန်ကျ လျှပ်စစ်ဝန်ထမ်းတစ်ဦးမှ ရှင်းပြပါသည်။
`ကျွန်တော်တို့ အောင်ချမ်းသာရပ်ကွက် ရန်ဝေး၊ရန်နိုင်၊ ရန်ကျော်ရပ်ကွက် (၁၀)လမ်းမှာ ဆိုရင် နေ့ရော ညပါ လျှပ်စစ်မီးအချိန်ပြည့်မပေးနိုင်တာကို လနဲ့ချီပြီး ကြာခဲ့ပါပြီဗျာ..။ မကွေးမှာ အပူချိန်ကလည်းများ လာတယ်။ မီးမလာတော့ ရေစက်တွေကလည်း ရေမောင်းလို့ မရဘူး။ ရေမရတော့ ယခုလို နွေကာလကြီးမှာ မီးဘေးအန္တရာယ်ကို တော်တော်စိုးရိမ် နေကြရပါတယ်။´ ဟု ရပ်ကွက်တွင်းမှ အသက်(၅၅)နှစ်ခန့် အမျိုးသားတစ်ဦးက ညီးညူပြီး ပြောဆိုပါသည်။ `` ကျမတို့ ကံကိုက ဆိုးပါတယ်ရှင်.. မကွေးမြို့မှာ လျှပ်စစ်မီး ကောင်းနေတာ ကြာနေပါပြီ..။ ယခု ကျမတို့ ၁၀ တန်းစာမေးပွဲ ဖြေဆိုတဲ့ရက်မှ လျှပ်စစ်မီးက လာလိုက် မလာလိုက်နဲ့ မီးမလာတဲ့ ညဆိုရင် ဖယောင်းတိုင်မီးနဲ့ စာကြည့်မယ်ဆိုတော့လဲ မီးလောင်မှာကို ကြောက်ရသေးတယ်။ လျှပ်စစ်မီးက ယခုလိုမပြတ်ဘဲ နှစ်နဲ့ချီပြီး၊ကောင်းလာခဲ့ကြတော့ အရင်တုန်းက ဆောင်ထားခဲ့တဲ့ အင်ဗာတာနဲ့ ဗက်ထရီအိုးတွေကလည်း ပျက်ကုန်ပါပြီ..။ ဒါနဲ့ ရွာတွေမှာသုံးတဲ့ LCD မီးလုံးမီအိမ်လေးတွေကို သုံးတော့လည်း မျက်စေ့ပျက်ကုန်မှာ စိုးရပါတယ်။ ယခုလိုစာမေးပွဲရက်ကြီးမှာ မီးက မလာတော့ ကျမတို့ စာကြည့်ရတာ တော်တော်ဒုက္ခရောက်ကြရပါတယ်´´ဟု မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်နေ (၁၀)တန်းစာမေးပွဲ ဖြေဆိုနေသူ ကျောင်းသူတစ်ဦးက ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ယခုတော့ ဆယ်တန်းစာမေးပွဲလည်းပြီး မီးက ပိုဆိုးတယ်။ အလှည့်ကျလည်းမဟုတ် တော်တော်ကို ဆိုးနေပါတယ်။ နွေရာသီမှာ မီးမလာတော့ ရေကရှား မီးလောင်မှာကြောက်နေရတယ်။ မဲထည့်ခါနီးလို့ လျှပ်စစ်မီးဖြတ်ထားတယ်ထင်ပါတယ် လို့ အမျိုးသားတစ်ဦးက ပြောဆိုပါသည်။
 

SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၃ )

  • အမည် : SHADE Journal | အတွဲ( ၆ )၊ အမှတ်( ၁၃ )
  • ဖတ်ရန် : နိပ်ပါ
  • Download ရယူရန်။ အတွဲ(၆)| အမှတ်( ၁၃ )
  • ရက်စွဲ : 21.3.2012
 

`ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´




`ယင်းချောင်းတစ်လျှောက် အာလူးစိုက် တောင်သူများ´
မကွေးမြို့နယ် ယင်းချောင်းတစ်လျှောက် အာလူးစိုက်သော ကျေးရွာများမှာ ဖုတ်ကုန်းကျေးရွာအုပ်စုမှ လျှောင်တော်ဦးရွာ၊ စည်ပင်သာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာ၊ သံမံတလင်းရွာ၊ ရှားပင်လှရွာ၊ တမို့ရွာ၊ သြဇာကုန်းရွာ၊ အုန်းတွဲရွာ၊ ယင်းဆိပ်ရွာ၊ သရက်လေးပင်ရွာ၊ ကျားပစ်အင်းရွာ၊ တပ်ကုန်းရွာ၊ အင်းနက်ရွာ၊ စသည့် တို့ဖြစ်သည်။ ယင်းချောင်းဘေးရွာများ တစ်လျှောက်တွင် အားလူးစိုက်ပျိုးကြကြောင်းသိရသည်။ အာလူးမျိုးများကို ရှမ်းပြည်အောင်ပန်း မြို့များမှ အာလူးတစ်ပိသာ(၅၀၀ိမှ ၇၀၀ိ ဈေးထိ) ၀ယ်ယူစိုက်ပျိုးကြ၏။ စိုက်ပျိုးချိန်မှာ ဒီဇင်ဘာလထဲတွင် စတင်စိုက်ပျိုးပြီး မတ်လထဲမှာ အားလူးများဖော်ယူကြသည်။ စိုက်ပျိုးချိန်ရက်ပေါင်း (၇၅)ရက်ခန့်ကြာအောင် စိုက်ပျိုးကြရ၏။ တစ်ဧကလျှင် အာလူးပိဿာ (၃၅၀)လောက် မျိုးချစိုက်ပျိုးရ၏။ ပိဿာ(၁၀၀) ကျစိုက်ပျိုးရင် မျိုးဘိုး၊ မြေသြဇာဘိုး၊ လုပ်သားခများ စုစုပေါင်း (၂သိန်းခွဲ) လောက်ကုန်ကျပါသည်။ ယင်းချောင်းဘေးမှ အာလူးများကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံသို့ ကားဖြင့် သွားရောက်ရောင်းချကြသည်။ ၁၀ ဘီးကားတစ်စင်းလျှင် ပိဿာချိန်(၆၀၀၀) ခန့်တင်၏။ အာလူးစိုက်ပျိုးသူများ တစ်ဦးတည်း မတတ်နိုင်ကြလျှင် နှစ်ဦး မှ သုံးဦးအထိ စုပေါင်း၍ ကားငှါးပြီး တင်ပို့ကြ၏။ ကားခမှာ မကွေးမြို့နယ်၊ ယင်းချောင်း တစ်လျှောက်ရွာများမှ ရန်ကုန်ပွဲရုံအထိ အာလူးတစ်ပိဿာ(၅၅)ကျပ်နှုန်းပေးရသည်။အာလူးရောင်းဈေးကတော့ ဘုရင့်နောင် ပွဲရုံမှာ ယနေ့ဈေး တစ်ပိဿာ(၅၀၀) ကျပ်ခန့်ရှိမည်ဟု ခန့်မှန်းပြောကြားသည်။ အာလူးထွက်နှုန်းမှာ မနှစ်ကနှင့် ယှဉ်ရင် ဒီနှစ်မှာ အထွက်နှုန်းကောင်းကြောင်း သိရသည်။(ထွက်သောနှုန်းအား မပြောပါ။ အပြင်မှာ စုံစမ်းကြည့်၏။ ပိဿာတစ်ရာစိုက်လျှင် (၂၀၀၀)ပိဿာခန့် ထွက်ကြောင်းသိရသည်။) ယခင်နှစ်က မိုးဖျက်၍ ယင်းချောင်း တစ်လျှောက်မှ အာလူး၊ စိုက်ခင်းများပျက်စီးခဲ့ရကြောင်း သိရ၏။
`ဒီနှစ်ကတော့ ရာသီဥတုကလည်းကောင်းပါတယ်။ ဒါကြောင့် အာလူးများလည်း အထွက်နှုန်းကောင်းကြပါတယ်။ ယခုအာလူးဖော်ပြီးတာနဲ့ ကြက်သွန်ထွက်ပါ့မယ်။ ကြက်သွန်ခင်းတွေလည်း ကောင်းကြပါတယ်ဗျာ..။´ ဟု အာလူး၊ ကြက်သွန်စိုက်ပျိုးသူ ဦးရွှေညို (ခ) စာရေးဆရာ ဗန်မော်ရွှေညို (တပ်ကြပ်ကြီး- စစ်မှုထမ်းဟောင်းအဖွဲ့ဝင်) ဖြစ်သူ လျှောင်တော်ဦးရွာသားမှ အထက်ပါအတိုင်းပြောကြား၍ သတင်းရယူခဲ့ပါသည်။
 

`မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´

`မီးဘေးရှောင် မလောင်ခင်တား ဆိုသော်လည်း´
မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး နှင့်(၁၁-၃-၂၀၁၂) နေ့တွင် မကွေးမြို့စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ တွေ့ခဲ့ပါသည်။ မီးသတ်ယာဉ်ကားကြီးတစ်စင်း နှင့် မီးသတ်ရဲဘော်များ ၀တ်စုံပြည့်ဖြင့်တွေ့ရ၏။ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး မှ ဤ ဆိုင်မှာ မီးငြှိမ်းသတ်မှု လက်တွေ့ သရုပ်ပြပွဲကျင်းပပြီးသွားကြောင်း၊ `သတင်းမီဒီယာ သမားများက ရောက်လာတာနောက်ကျသွားတယ်..။ ဒီလို မီးဘေးတားဆီးရေးအတွက် မီးသတ်စွမ်းရည် သရုပ်ပြပွဲသတင်းများကို ဂျာနယ်များမှာ ထည့်ပေးစေချင်တယ်..။ ´ ဟု ပြောဆိုပါသည်။ ထို့နောက် ယင်း ပုဂ္ဂလိက စက်သုံးဆီဆိုင် မှ တာဝန်ရှိသူ တစ်ဦးအားခေါ်ပြီး သတင်းသမားများကို စောစောက လက်တွေ့သရုပ်ပြ ရိုက်ထားတဲ့ သတင်းဓာတ်ပုံများ၊ အချက်အလက်များအား ပေးရန်ပြောဆိုခဲ့၏။ ထို့ကြောင့် နောက်နေ့မှာ ယင်း စက်သုံးဆီဆိုင် သို့ သတင်းဓာတ်ပုံသွား တောင်းသောအခါ မရခဲ့ပါ။ စာရေးသူ အိမ်သို့ပို့ပေးမည်ဟု ပြော၍ လိပ်စာ နှင့် ဖုန်းနံပါတ်များ ပေးထားခဲ့ပါ၏။ လုံးဝပို့မပေးပါ။ ယင်း ကာလ(၃)ရက်အကြာတွင် မကွေးမြို့ပေါ်မှ စက်သုံးဆီဆိုင်တစ်ဆိုင်မှာ မီးလောင်မှုဖြစ်၍ မီးသတ်ကားတစ်စီးနဲ့ မီးသတ်ရဲဘော်များအပြည့်ဖြင့် သွားရောက် မီးငြှိမ်းသတ်ရကြောင်း(ရပ်ကွက်ထဲက ကောလဟာလ) သတင်းကိုကြားသိရ၍ ဂျာနယ်သတင်းသမားတစ်ဦးက စာရေးသူထံ သို့ အပြေးအလွှားလာရောက်သတင်းမေးသည်။ ယင်းဂျာနယ်သတင်းသမား အား မဟုတ်ပါကြောင်း ရှင်းလင်းပြောဆိုရ၏။ ပို၍ သေခြာအောင်ဆိုပြီး ထို စက်သုံးဆီအရောင်းဆိုင်သို့ ယင်း သတင်းထောက်နဲ့အတူ စာရေးသူတို့နှစ်ယောက် တတိယအခေါက် သွားရောက်၍ မကွေးတိုင်းဒေသကြီး တိုင်းမီးသတ် ဦးစီးမှူးမှာထားခဲ့တဲ့ မီးသတ်စွမ်းရည်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သော ဓာတ်ပုံများကို တောင်းပြန်ပါသည်။ `အေးဗျာ အဲဒီဓာတ်ပုံတွေကို ကူးဖို့အတွက်မြို့ထဲသွားရန် ခိုင်းရမယ့်သူက မရှိဘူးဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ အလုပ်တွေက သိပ်ရှုတ်နေတယ် တယ်´ဟု ယင်းစက်သုံးဆီဆိုင်မှ တာဝန်အရှိဆုံးသူ တစ်ဦးက ပြောဆို၍ စာရေးသူတို့ သတင်းသမားနှစ်ဦး ပြန်လာခဲ့ရပါသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် အချို့မှာ ပတ်ဝန်းကျင်ရှိ အရပ်လေးမျက်နှာမှ လူနေအိမ်ရပ်ကွက်များ၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့် အလွန်နီးကပ်နေ၍ `မီးဘေးရှောင် မလောင်ခင် တား၊ မဆိုစကောင်းများ ဖြစ်လိုက်လို့ကတော့ ပြေးချိန်တောင် ရမှာမဟုတ်ဘူးနော်..´။ ဟု ရပ်ကွက်နေ အမျိုးသား(အသက်၆၀)ရှိသူ တစ်ဦးမှ ထိပ်လန့်စွာ ပြောဆိုသံကြားခဲ့ရပါသည်။
 

`မြေလတ် မကွေးမြို့တွင် အဆင့်မြင့်အိမ်ယာများ စတင်ဆောက်လုပ်မည်´ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်း






`မြေလတ် မကွေးမြို့တွင် အဆင့်မြင့်အိမ်ယာများ စတင်ဆောက်လုပ်မည်´
မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ အမှတ်(၁၀၁၂)၊ ၁၆လမ်း၊ အောင်မေတ္တာရပ်ကွက်၊ မကွေးမြို့မှာ တည်ဆောက် သွားမည်ဟု သိရ၏။ အဆောက်အဦး အမျိုးအစားများမှာ (၂)ခန်းတွဲ (၅)ထပ် RC တိုက် (၆)လုံး၊ စုစုပေါင်း တိုက်ခန်းပေါင်း ၆၀ ခန်း ဆောက်လုပ်မည်။ တိုက်ခန်းအကျယ်မှာ ၃၁ ပေX ၄၀ ပေ (၁၃၆၀) စတုရန်းပေကျယ်ဝန်မည်ဟု သိရ၏။ တိုက်ခန်းတစ်ခန်းတွင် မိသားစုအိပ်ခန်း(၁)ခန်း (ဘိုထိုင်အိမ်သာ ရေချိုးခန်းတွဲလျှက်ပါ)၊ ရိုးရိုးအိပ်ခန်း (၂)ခန်း၊ ဘုရားခန်း(၁)ခန်း၊ ဧည့်ခန်း၊ စတိုခန်း၊ မီးဖိုဆောင်၊ ထမင်းစားခန်း များပါဝင်မည်။ ၀ရံတာရှေ့ နောက်များတွင် အရေးပေါ်လှေခါး၊ သီးသန့်ဘိုထိုင်အိပ်သာ၊ သီးသန့်ရေချိုးခန်းများ ပါဝင်ကြမည်။ တံခါးပေါက်ကြီးများနှင့် တံခါးပေါက်သေး များကို နိုင်ငံခြားဖြစ် တံခါးများ၊ အလျုမီနီယံဘောင်များ မှန်များတပ်ဆင်ပေးထားမည်။ ကိုယ်ပိုင်လျှပ်စစ် ဆပ်မီတာ၊ ကိုယ်ပိုင်ရေမီတာ၊ ကိုယ်ပိုင်ဖုန်းများ၊ အင်တာနက် လိုင်းများ၊ ဂြိုလ်တု စလောင်းများလည်း တပ်ဆင်ပေးထားမည်။ ပန့်ဝန်ကျင် အနေအထားများမှာ သဘာဝရေကန်၊ အုပ်ဝန်ထရံများကာရံ၍ နေ့စောင့် ညစောင့်၊ ကွတ်ကဲရေးရုံး၊ ကားပါကင်များ၊ လျှပ်စစ်ထရန်စဖော်မာများ၊ အရေးပေါ်မီးစက်၊ ရေမြောင်းစနစ်၊ မီနီမတ်ကတ်များ၊ ကလေးကစားကွင်း၊ ကျန်းမာရေး လေ့ကျင့်ခန်းနှင့် အပန်းဖြေရန် ဧရာဝတီ ကမ်းနဖူး ရှုခင်းသာနေရာများ၊ အလှပြင်ဆိုင်၊ စားသောက်ဆိုင်၊အရေးပေါ် သယ်ပို့ယာဉ်၊ ကျောင်းကြို/ပို့ယာဉ်၊ ဆေးဆိုင် ဆေးခန်း၊ ဓမ္မာရုံစသည်တို့ကို ထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။
ငွေပေးချေစနစ်မှာ ကြိုပွိုင့်၊ အရစ်ကျစနစ်၊ ဖြင့် ၀ယ်ယူခွင့်ပြုမည်။ တည်ဆောက်မည့်ကာလ ပထအရစ်ငွေပေးသွင်း ပြီး စာချုပ်သည့်နေ့မှ စတင်၍ (၁၄) လ အတွင်း အပြီး တည်ဆောက်သွားမည်။ စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ရောင်းသူ ၀ယ်ယူသူများ နှစ်ဦး နှစ်ဘက် လိုက်နာဆောင်ရွက်သွားကြရမည် ဟု သိရ၏။ ဧရာဝတီ ရှုခင်းသာအဆင့်မြင့်အိမ်ယာစီမံကိန်း ၏ ဈေးနှုန်းများမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။ တိုက်ခန်းဝယ်ယူလိုသူများ သည် ဧရာဝတီ ရှုခင်းသာ အဆင့်မြင့်အိမ်ယာစီမံကိန်းရုံး၊ အမှတ်(၂၃၄)၊ ၁၆ လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့။ ဖုန်း ၀၆၃-၂၇၆၈၅ ၊ ၂၃၉၆၄ ၊ ၂၆၃၂၄ ။ ၀၉- ၅၃၄၀၉၈၃ ၊ ၀၉- ၅၃၄၀၉၈၄ ၊၀၉-၄၃၀၂၆၄၈၈ ၊ ၀၉-၄၃၀၀၉၅၄၁ တို့ကို ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိခဲ့ပါသည်။
 

မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ





မကွေးတိုင်းဒေသကြီး မကွေးမြို့တော်ခမ်းမမှာ ပထမအကြိမ် ICT ပြပွဲ
၂၀၁၂ ခု၊ မတ်လ(၁၀)ရက်နေ့မှ မတ်လ(၁၂)ရက်နေ့အထိ (၃)ရက်တိတိ နေ့စဉ်နံနက်(၇)နာရီမှ ည(၉)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမတွင် ကျင်းပကြောင်းသိရ၏။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ကွန်ပျူတာပညာရှင်များအသင်း နှင့် ကွန်ပျူတာလုပ်ငန်းရှင်များအသင်း တို့အား စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ကွန်ပျူတာအသင်းများဖွဲ့စည်းခဲ့ပြီး ယခုကျင်းပသော ICT 2012 EXPO MAGWAY အိုင်တီ ပစ္စည်းများဈေးရောင်းပွဲတော်သည် ပထမဆုံးအကြိမ်အဖြစ် ကျင်းပကြသည်။ ကွန်ပျူတာ လက်တော့ပ်များနှင့် အိုင်တီ ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းပေါင်း (၂၀)ခန့်ပါဝင်ကြောင်း မြင်တွေ့ရ၏။ မိန်းစပွန်ဆာများမှာ MYANMAR KAIDO CO., LTD နှင့် အမေထွားပဲဆီသန့်စက်ရုံ တို့ဖြစ်ကြောင်းသိရသည်။ ယင်း ပြပွဲအား မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေနှင့် အစိုးရ၀န်ကြီးများအဖွဲ့မှ တက်ရောက်ဖွင့်လှစ်ပေး ကြောင်း သတင်းရရှိခဲ့ပါသည်။
 

အခြေခံအထက်တန်း စာမေးပွဲဖြေဆိုရက်တွင် မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာ အိမ်ခြေ(၂၆) လုံး မီးလောင်




အခြေခံအထက်တန်း စာမေးပွဲဖြေဆိုရက်တွင်
မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာ အိမ်ခြေ(၂၆) လုံး မီးလောင်
မကွေး မတ်လ(၁၃)ရက်။
` မီးစလောင်တာက နံနက်စောစော ငါးနာရီခွဲ လောက်မှာပါ..။ ကိုသန်းထွန်းအိမ်က စတင်လောင်တာပါ။ အိမ်မှာက ကိုသန်းထွန်းနဲ့ သူ့သမီးတစ်ယောက်ပဲရှိတာ၊ ကိုသန်းထွန်းရဲ့ သားက (၁၀)တန်းစာမေးပွဲဖြေဖို့ မကွေးမြို့ကိုသွားနေပါတယ်။ ကိုသန့်ထွန်း မိန်းမကလည်း သူ့သား(၁၀)တန်းကျောင်းသားနဲ့ အတူ မကွေးမှာ ရောက်နေကြတယ်။ အဲဒါ နံနက်စောစော အာလူးထားတဲ့ တဲထဲကို ဖယောင်းတိုင် ထွန်းပြီးဝင်တယ်။ အဲဒီတဲက ထန်းလက်တွေကိုမိုးထားတာလေ ၊ အဲဒီအမိုးထန်းလက် ကို မီးစွဲသွားတယ်လို့ သိရပါတယ်။ သူတို့ သားအဖနှစ်ယောက် က မကွေးကိုသွားမဲ့ နံနက်စောစော ရွာကနေထွက်တဲ့ ကားကိုမှီအောင် အားလူးတွေကို ပီနံအိပ်ထဲ အရေးတကြီးသွပ်လိုက်တယ်ထင်ပါတယ်။ ဒီအာလူးကို ရောင်းပြီးမှ မကွေးက (၁၀)တန်းဖြေနေတဲ့ သားဆီကို ငွေပေးရမှာပါ. ဗျာ။ ယခုတော့ သူ့အိမ်ကစလောင်လိုက်တာ ကျွန်တော့်အိမ်လဲ ပါသွားပါတယ်´´ဟု မီးထဲပါသွားခံရသူ ရွာသားတစ်ဦး အသက်(၆၀)ခန့်ရှိသူက ပြောဆိုပါသည်။ `` အဒေါ်က…..၊ အသက်(၆၀)ကျော်ပါ။ သားရဲ့အိမ်မှာ အတူနေရတာပါ။ သားက အိမ်ဆောက်ပြီးတာ (၂/၃) ရက်ပဲရှိပါသေး တယ်။ ယခုလာမယ့် တပေါင်းလပြည့်ကျော်(၈)ရက်နေ့ မှာ အိမ်တက် ပရိတ်တရားနာဖို့ စီစဉ်ထားပြီးသားပါကွယ်..။ ယခုတော့ အိမ်တစ်ဆောင်လုံး မီးထဲပါသွားတယ်။ ရှိတဲ့ ပစ္စည်းတွေလဲ ဘာတစ်ခုမှ မရလိုက်ပါဘူး..။ ဒေါ်ကြီးတို့ ဘ၀ပျက်ပါပြီကွယ်…၊ ဟီး ဟီး´´ ဟု ငိုကြီးချက်မ၊ ရှိုက်ကြီးတစ်ငင် ပြောဆိုနေ၍ စိတ်ဆင်းရဲစွာဖြင့် သတင်းရယူခဲ့ပါသည်။
၁၃-၃-၂၀၁၂ နေ့ နံနက်(၅း၃၀) မိနစ်ခန့်တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာမှာ ဦးသန်းထွန်း အိမ်မှ စတင် မီးလောင်သည်။ (၆း၂၀) မီးညွှန့်ကိုထိမ်းနိုင်ပြီး (၆း၄၅)နာရီ တွင် မီးငြှိမ်းနိုင်သည်။ မီးသတ် ရေသည်ယာဉ်ကား(၆)စီး၊ အရံမီးသတ်ကား(၃)စီး၊ သံတေမီးသတ်တပ်သား(၁၅)ယောက်၊ အရံမီးသတ်တပ်သားများ(၅၀)ကျော် တို့ဖြင့် မီးငြှိမ်းသတ်ကြ သည်။ အိမ်ခြေ(၂၆)အိမ်၊ အိမ်ထောင်စု(၂၈)စု၊ ဒုက္ခသည် ၁၁၆ ယောက်၊ ဆုံးရှုံးမှုတန်ဘိုး (၃၄သိန်း ငါးသောင်း)ကျပ်ခန့်ဟု မကွေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရှိရသည်။ (ပ) ၅၈/၂၀၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှတ်(၂)ရဲစခမ်းတွင် တရားစွဲဆိုထား ကြောင်း သတင်းရရှိပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှာ ပေးပို့ထားပါသည်။
 

`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´


`ကြားဖြတ်ရွေးချယ်ပွဲမှာ မဲထည့်နိုင်ရန် နိုင်ငံသားကတ်ပြားများ ပေးနေပြီ´
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မိုးပွင့်အဆင့်(၂) စီမံချက်အရ ၆-၃-၂၀၁၂ နေ့တွင် မကွေးခရိုင်၊ ချောက်မြို့နယ် လင်းတစ်ကိုင်းကျေးရွာ မူလတန်းလွန်ကျောင်း မှာ နိုင်ငံသားကတ်များ ပေးအပ်ပွဲ ကျင်းပကြောင်း သတင်း ရရှိသည်။ ယင်း ပွဲတွင် မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဒေါင်း အမှာစကားပြောကြားဖွင့်လှစ်သည်။ယခုလာမည့် ၂၀၁၂ ခု၊ ဧပြီလ(၁)ရက်နေ့တွင် ကျင်းပတဲ့ ကြားဖြတ်ရွေးချယ် တင်မြောက်ပွဲအတွက်ကျန်နေသော ပြည်သူများ မဲပေးနိုင်ရန် အထူးစီစဉ်ဖြင့် ဆောင်ရွက်ပေးကြောင်းသိရ၏။ လင်းတကိုင်း ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ် များ ရရှိသူ(၁၇၀)ဦးနှင့် ဆယ်ကန်ကျေးရွာအုပ်စုအတွက် နိုင်ငံသားကတ်များ ရရှိသူ(၅၀)ဦး တို့အတွက် မကွေးခရိုင်ဦးစီဌာနမှူး ဦးသန်းအောင်နှင့် ချောက်မြို့နယ်ထွေ/အုပ်ရုံး ဒု ဦးစီးမှူး ဦးအောင်သူ တို့က ပေးအပ်၍ လင်းတကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်းအောင်နှင့် ကျောင်းအုပ် ဆရာမကြီးတို့မှ လက်ခံရယူကြကြောင်း သတင်းရယူ ခဲ့ပါသည်။

ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။
 

( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး




( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ
မကွေးတိုင်းဒေသကြီး
(၈-၃-၂၀၁၂) နေ့ နံက်(၉)နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမ တွင် (ဒုတိယအကြိမ်) အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆၄)ဦး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်(၄)ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ(၄၇)ဦး၊ အထွေထွေ အုပ်ချုပ်ရေးမှူး(၁၈)ဦး၊ ကမ္ဘာ့ကုလသမဂ္ဂကိုယ်စားလှယ် အလှူရှင်နှင့် တာဝန်ရှိသူများ(၁၄)ဦး၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်(၂)ဦး။ သတင်းနှင့် စာနယ်ဇင်းမှ(၁)ဦး၊ NGO အဖွဲ့များမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ(၂၈)ဦး၊ စုစုပေါင်း (၁၈၉) ဦးတက်ရောက်ကြောင်း သိရသည်။
ယင်း အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း မှ အမှာစကားပြောကြားဖွင့်လှစ်၏။ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ မိတ်ဆက်အမှာစကားပြောကြား၍ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး အစည်းအဝေး ပထမပိုင်းကို (၁၅)မိနစ် ခေတ္တရပ်နားသည်။ ဒုတိယအကြိမ် ပြန်လည်ကျင်းပရာတွင်ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ IHLCA နည်းပညာယူနစ်ကို ဦးဥာဏ်လင်း က ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာတင်ပြ ချက်များကို တင်ပြဆွေးနွေးသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မှ (အလုပ်သမားများလုပ်ခ၊ ၀န်ထမ်းများလခ တိုးပေးရေးကိစ္စများ)မှ သိလိုသည်များကို စတင်မေးမြန်းဆွေးနွေး၍ တက်ရောက်လာသူ (၃) ဦးတို့မှလည်း သိလိုသည်များ အား ဆက်လက်မေးမြန်းဆွေးနွေးကြသည်။ နေ့(၁၂)နာရီ တွင် အစည်းအဝေးကို မိနစ်(၃၀) ခေတ္တရပ်နား၍ နေ့လည်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ယင်းဆွေးနွေးပွဲအား တတိယအကြိမ်ပြန်လည်ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွင့်ဖြိုးမှုအစီအစဉ် IHLCA နည်းပညာ ယူနစ်မှ (ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်) အကြောင်းအရာများကို ဒေါ်မျိုးနွယ် နှင့် ဒေါက်တာဒေါ်စန်းကြည်တို့က အသေးစိတ် တင်ပြဆွေးနွေးကြ၏။ တက်လာကြသူများထဲမှ ပါမောက္ခချုပ်(၂) ဦးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးကို ခေတ္တ (၁၅)မိနစ် ခေတ္တရပ်နားပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို စတုထ္ထအကြိမ်ပြန်လည် ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် IHLCA နည်းပညာယူနစ်မှ အရည်အသွေးနှင့် နည်းပညာဆိုင် ရာအချက်အလက်များကို ဦးဥာဏ်လင်းက အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် IHLCA နည်းပညာယူနစ်များအား အသုံးပြုနိုင်မှုကို ဒေါ်မျိုးနွယ် မှ ဆက်လက် ရှင်းလင်းတင်ပြသည်။တက်ရောက်သူများထဲမှ အပြန်အလှန်မေးမြန်းဆွေးနွေးကြပါသည်။ထို့နောက်ကမ္ဘာ့ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ ကျေးဇူးတင်စကားပြောကြား၏။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးမြင့်နိုင် မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

ဝိုင်းကြည်အောင်

မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 

`၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် မကွေးမြို့ မြို့မိ မြို့ဖများ တွေ့ဆုံနှတ်ဆက်စကား´





`၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်
မကွေးမြို့ မြို့မိ မြို့ဖများ တွေ့ဆုံနှတ်ဆက်စကား´
` အားလုံးမင်္ဂလာပါ ယခင်တုံးက မှန်တာပြောရင် အဖမ်းခံရပါတယ်။ ယခု မှန်တာပြောရင် အဖမ်းမခံရတော့ပါဘူး မီးဖြတ်ခံရပါတယ် ခင်ဗျာ..။(ကိုဂျင်မီပြောနေစဉ် မီးပြတ်သွားသည်)။ ဒါပေမယ့် ကျွန်တော်တို့ကကြိုတင်ပြီး ဘက်ထရီအိုးတွေကို ဆောင်ထား ပါတယ်။ ဒါကြောင့် နောက်နောင်မှာ ဘက်ထရီလုပ်ငန်းရှင်တွေ ကြီးပွားချမ်းသာကြပါတော့မယ်နော်။ မကွေးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကြီးရှိပါတယ်။ မကွေးမြို့ဆိုတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတွဲပြီး မြင်မိပါတယ်။ အဲဒီ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ ပန်းခြံကို ကျွှန်တော်တို့အဖွဲ့ ဂါရ၀ပြုဖို့ အလေးပြုဖို့သွားခဲ့ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အနေနဲ့ တံခါးတွေကို လေးဘက်လေးတန်က ပိတ်ထားပါတယ်။ ကျွန်တော်တို့လည်း ကံအားလျှော်စွာ ပန်းခြံတွင်းမှာ စည်ပင်ဝန်ထမ်းတွေ သန့်ရှင်းရေးလုပ်နေတုံး ဖွင့်ထားတဲ့ ခွေးတိုးပေါက်သာသာ တံခါးပေါက်လေးမှ တိုးပြီးဝင်ခဲ့ရပါ တယ်။ ဒါ လက်တွေ့ တစ်ကယ့်အဖြစ်ပါ။ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်လဲနေပါပြီ၊ တိုင်းပြည်ကြီးကိုကောင်းအောင် ပွင့်လင်း မြင်သာတဲ့ ပြုပြင်ပြောင်းလဲမူ တွေကို လုပ်ကိုင်မယ်ဆိုရင် ဒီလို အလေးအမြတ်ပြုရမယ့်နေရာက တံခါးပေါက်တွေကိုပိတ်မထားဘဲ ဖွင့်ပေးထားပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခေါက် ဒီ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကိုလာခဲ့ရင် ပန်းခြံတံခါးပေါက် များ အားလုံးကို ဖွင့်ထားတာ မြင်ပါရစေလို့ ဆန္ဒပြုခဲ့ပါတယ်..။ မကွေးမြို့ဟာ မြန်မာ့သမိုင်းမှာ ကြီးမြတ်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ချောက်ရေနံမြေသပိတ်အရေးတော်ပုံကြီးချီတက်လာစဉ်မှာ (အားလုံးသိပြီး သားဖြစ်ပါတယ်။) ရန်ကုန်မြို့ကနေ ဒို့ဗမာအစည်းအရှုံးကလွတ်လိုက်တဲ့ အားဖြည့်အင်ဖြည့် သပိတ်တပ်သားများချီတက်လာ တာ ကျွန်တော်တို့ မျက်စေ့ထဲမှာ ယခု မြင်ယောင်ကြည့်မိပါတယ်။ နေပူထဲမှာ အပင်းပန်းခံပြီး ရပ်ကြည့်နေတဲ့ပရိတ်သပ်များ ခင်ဗျား မေးပါရစေ။ နေပူထဲမှာ စိတ်ထဲမှာ ပင်ပန်းတယ် နေပူတယ်လို့ထင်ပါသလားဗျာ..။ (လူထုထဲက မပူပါဘူး ဟု ပြန်အော်ကြသည်။ ) ဘာကြောင့်မပူတာလဲဆိုရင် မိသားစုချင်းပြန်တွေ့ရတဲ့အခါမှာ နေပူချင်ပူပါစေ မိုးရွာရင်ရွာပါစေ ဘာကြောင့်လည်းဆိုရင် ဒီထက်ပိုပြီးပြင်းထန်တဲ့ နံပတ်တုတ်တွေရဲ့ရှေ့မှာ မျက်ရည်ယိုပုံးတွေ အောက်မှာ လှံစွပ်တွေကြားမှာ သံတိုင်တွေ အုပ်ရိုးတွေရဲ့ကြားထဲမှာ ကျွန်တော်တို့ရဲရဲကြီးနဲ့ ရင်ဆိုင်ခဲ့ပြီးပြီဘဲ ဒီနေပူတာလောက်တော့ အေးအေးချမ်းချမ်းနဲ့ လရောင်အောက်မှာ ချစ်သူနဲ့စကားပြောနေရသလို ခံစားနိုင်ကြတယ်မဟုတ်လား..။ ကျွန်တော်တို့ပြည်သူနဲ့ တိုင်းရင်းသား တွေကြားမှာ ရှိတာနေတာက အကြောက်တရားနဲ့ချင်းကပ်ခြင်းမဟုတ်ဘူး ချစ်ချင်းမေတ္တာတရားနဲ့ ချင်းကပ်ခြင်းဖြစ်တယ်ဆို တာ မှန်ပါသလား…။ ခုနက စကားကိုပြန်ကောက်ပါ့မယ် မြန်မာ့သမိုင်းမှာ မြင့်မြတ်တဲ့အောင်မြေအဖြစ် မကွေးဆိုတာထင်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးအတွင်းမှာ ရေနံမြေသပိတ်တပ်ကြီးချီတက် လာကြတာ ချောက်ရေနံမြေကနေ ရန်ကုန်ကို လမ်းလျှောက်ပြီးချီတက်ကြရတဲ့ ဒုက္ခဟာ အင်မတန်ကြီးပါတယ်။ အဲဒီ ဒုက္ခတွေကို အားတက်အောင် အားဖြည့်ဖို့အတွက် ရန်ကုန် ကျေင်းသားမဂ္ဂအဖွဲ့မှ ကိုဘဟိန်းနဲ့ ကိုဗဆွေတို့ အဖွဲ့ကိုမကွေးမြို့ကိုစေလွှတ်လိုက်ပါတယ်။ ကျောင်းသားသမဂ္ဂအဖွဲ့ရောက်လာတဲ့အခါမှာ အားလုံးအင်အားကြီးစွာနဲ့ပေါင်းဆုံ ခဲ့ကြပြီး `မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ ရမယ်´ဆိုတဲ့ စကားဟာ မကွေးမြို့ကစတင်ခဲ့ရတဲ့ အောင်မြေပါ။ ဒါကြောင့် မကွေးမြို့က အောင်မြေပါ..။ ယခုလို အစဉ်လာကောင်းတဲ့ မကွေးမြို့မှာ ကျွန်တော်စကားပြောခွင့်ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲကြီး ဂုဏ်ယူပါတယ်..လို့ ပြောပါရစေ…။
အထက်ပါအတိုင်း အစချီပြီး ကိုမင်းကိုနိုင်မှ စတင်ပြောဆိုပါတယ်။ အချိန်(၄၅)မိနစ်ခန့် အကျယ်တ၀င့် မြို့မိ မြိုဖများနှင့်လူငယ်များကို အားပေးနှတ်ဆက် ပြောကြားခဲ့ပါသည်။
 

မကွေးတိုင်းဒေသကြီးသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်





မကွေးတိုင်းဒေသကြီးသို့ ၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်
၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင် နှင့်အတူ ကိုဂျင်မီ၊ ကိုအံ့ကျော်ဖွယ်၊ကိုမျိုးအောင်နိုင်၊ ကိုဥာဏ်လင်း၊ ကိုကိုလှိုင်၊ ကိုချစ်ကိုလင်း စုစုပေါင်း(၇)ယောက် လိုက်ပါကြပါသည်။ ``မနေ့က (၅-၃-၂၀၁၂)နေ့မှာ ချောက် မြို့NLD ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကို အဓိကထားပြီး ကျွန်တော်တို့တက်ရောက် အားပေးခဲ့ပါတယ်။ ချောက်က သိပ်မစည်ကားဘူးဗျ။ ချောက်ကနေ အပြန်မှာ ရေနံချောင်းကဖိတ်ကြားလို့ ရေနံချောင်းကို ၀င်ရောက်ခဲ့ပါတယ်။ ညနေ ဒီ မကွေးကိုရောက်လာခဲ့ပါ တယ်။ မကွေးမြို့မှာ ကျောင်းသားလူငယ်တွေက တော်တော်လေးလှိုက်လှိုက်လှဲလှဲ အင်အားများစွာနဲ့ ကြိုဆိုကြတာကိုတွေ့ရပါတယ်၊ အားရ၀မ်းသာ ဖြစ်ရပါတယ်ဗျာ´´။ လို့ ကိုအံ့ဖွယ်ကျော်မှ ပြောဆိုပါသည်။ မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅)လမ်း၊ ရွှေမြန်မာ စတိုးဆိုင်ပိုင်ရှင် ကိုစိုး၏ တိုက်မှာ ညအိပ်တည်းခိုကြကြောင်း သိရပါသည်။
၆-၃-၂၀၁၂ နေ့ နံနက်(၇) နာရီတွင် ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့သည် မကွေးမြသလွန်စေတီ တော်သို့ ဘုရားဖူးသွားကြသည်။ ဘုရားဖူးအပြန်မှာ မကွေးမြို့ရှိ ပါရမီရှင်(ပရဟိတ လူမှုကူညီရေး)အဖွဲ့၊ မဟာသွေး သွေးလှူရှင်အသင်း သို့ ၀င်ရောက် အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ ဂရုဏာရှင်များ နာရေးအသင်း သို့ ၀င်ရောက်ကြည့်ရှု အားပေးကြပါသည်။ ယင်းမှ မကွေးမြို့ရှိ လွတ်လပ်ရေးပန်းခြံအတွင်းမှ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အား သွားရောက် အလေးပြုကြပါသည်။ ယင်းဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတွင် လေးဘက်လေးတန်ရှိ တံခါးမကြီးများအား ပိတ်ထားကြောင်း မြင်တွေ့ရပြီး စည်ပင်သာယာမှ ၀န်ထမ်းများ သန့်ရှင်းရေးလုပ်ကိုင်ရန် ရောက်ရှိနေကြ ၏။ ယင်း စည်ပင်သာယာဝန်ထမ်းများ ၀င်ရောက်ရန်ဖွင့်လှစ်ထားသော တံခါးပေါက်ကလေး တစ်ပေါက်မှ ၈၈ မျိုးဆက်ကျောင်းသားများ ၀င်ရောက်ခဲ့ကြရ ပါသည်။ (ယင်းကိစ္စအား ကိုမင်းကိုနိုင် မှ နှတ်ဆက်စကားပြောကြားရာတွင် ထည့်၍ ပြောကြား၏။) `ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်းခေါင်းဆောင်ကြီးများအား အလေးပြု´ ဟု ကျောင်းသားတစ်ဦးမှ အမိန့်ပေး၍ အလေးပြုကြ၏။ ထို့နောက် `၈၈ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှ အသက်ပေးလှူသွားကြသော ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူနှင့် ပြည်သူအပေါင်းအား ဂုဏ်ပြုသောအားဖြင့် တစ်မီနစ်ငြိမ်´ ဟု အဆိုပါကျောင်းသားတစ်ဦးမှ ထပ်မံအမိန့်တိုင်ပြီး တစ်မီနစ် ဂါရ၀ပြုကြပါသည်။
ထို့နောက် ၆-၃-၂၀၁၂၊ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့မှလာရောက်အားပေးတွေ့ဆုံကြသော ပရိသပ်ကြီးအား မကွေးမြို့၊ ရွာသစ်ရပ်ကွက်၊ (၁၅) လမ်းရှိ ရွှေမြန်မာစတိုးဆိုင်ပိုင်ရှင် ကိုစိုးတိုက်ပေါ်၊ ၀ရံတာမှထွက်၍ ကိုမင်းကိုနိုင် နှစ်အတူလိုက်ပါလာကြသော ၈၈ မျိုးဆက်ကျောင်းသား (၇)ဦးမှ ထွက်၍ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ကိုအံ့ဖွယ်ကျော်၊ ကိုဂျင်မီ၊ ကိုမင်းကိုနိုင် တို့ သုံးဦး မှ အကျယ်တစ်ဝင့် မိတ်ဆက်ပြောကြားပြီး နံနက်(၁၁း၃၀) နာရီမှာ တွေ့ဆုံပွဲပြီးဆုံးသွား ပါသည်။ (ဤ မိတ်ဆက်ပွဲအတွင်း ကြားဖြတ် အထူးသတင်းကြေငြာပါသည်။ ၁၃-၃-၂၀၁၂ နေ့တွင် မကွေးမြို့သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာပါမည်။)ဟု အသံချဲ့စက်ဖြင့် လူထုအား အသိပေးသွားပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီစဉ်မှာ ၆-၃-၂၀၁၂ နေ့ နေ့လည်(၁၂)နာရီ အချိန်ခန့်တွင် မင်းဘူးမြို့သို့ သွားရောက်၍ ရွှေစက်တော်ဘုရားသို့ ဘုရားဖူးရန် ဆက်လက်ထွက်ခွာမည်။ ရွှေစက်တော်မှ ဘုရားဖူးအပြန်တွင် မြိုသစ်မြို့သို့ ယနေ့ည ၆-၃-၂၀၁၂)နေ့ ညအိပ်ရန် ဆက်လက်ထွက်ခွာသွားကြမည်။ မြို့သစ်မြို့မှ တဆင့် နေပြည်တော်သို့ ဆက်၍ သွားကြပါမည်ဟု ၈၈ မျိုးဆက်ကျောင်း သား အဖွဲ့ခေါင်ဆောင် ကိုမင်းကိုနိုင် မှ ပြောကြား၍ သတင်းရယူခဲ့ ပါသည်။

ဝိုင်းကြည်အောင်

မြနိမာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 

မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော်





မန်းရွှေစက်တော်က တည်းခိုခန်း(တည်းကျောင်းခ)တွေ ဈေးကြီးသနော်
၂-၃-၂၀၁၂၊(သောကြာနေ့) တောင်သူလယ်မားနေ့ မှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်က မန်းစက်တော်ရာ ရွှေစက်တော်ဘုရားပွဲတော်သို့ ဘုရားဖူးရောက်ရှိခဲ့ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များ ရုံးပိတ်ရက်(၃)ရက်ဆက်တိုက်ဖြစ်နေလို့ အနယ်နယ် အရပ်ရပ်က ဘုရားဖူးများ အလွန်များပြားစည်ကားနေတာကို မြင်တွေ့ရပါတယ်။ ဒီဘုရားပွဲတော်ကြီးက တပို့တွဲလဆန်း(၅)ရက်မှ တပေါင်းလ၊ တန်ခူးလ သင်္ကြန်အပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည်ကျင်းပတဲ့ မြန်မာပြည်က သမိုင်းဝင်ပွဲတော်ကြီးဖြစ်ပါတယ်။ မန်းစက်တော်ဘုရား ပွဲတော်မှာ ၀ါးခင်း၊ထရံကာ၊သက္ကယ်မိုးများနဲ့ ဆောက်လုပ်ထားတဲ့ သီးသန့်လုံးချင်းတည်းခိုဆောင်များနဲ့ တည်းခိုဆောင်( ဒေသအခေါ် တည်းကျောင်း) များရှိပါတယ်။ အဲဒီတည်းခိုခန်း (၁၁)ခန်းတွဲ တစ်တွဲစီကို တည်းခိုဆောင်တစ်လုံး အဖြစ်သတ်မှတ် နေရာချထားပြီး ဆောက်လုပ်ပေးထားပါတယ်။ တစ်ခန်းလျှင် လူ ခုနှစ်ဦးခန့်သာ အိပ်စက်နိုင်ပါတယ်။ အဲဒီတည်းခိုခန်း(၁)ခန်းကို ငှါးရမ်းခက ပုံမှန်ဈေးမရှိပါ။ တစ်ခန်းငှါးရမ်းခ(တစ်ညအိပ်)တစ်ရက်၊ ဈေးနှုန်းများမှာ ကြိတ်နှုန်း(၁၀၀၀၀ိ) တစ်သောင်းခန့်သာ ရှိကြောင်း ကြားသိရ ပါတယ်။ ဒါပေမယ့် လူမစည်တဲ့ (ကြားရက် ရုံးဖွင့်ရက်)တွေမှာ (၅၀၀၀ိ) ငါးထောင်ခန့်ဖြင့်လည်း ဈေးလျှော့ပြီး ငှါးကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ရောက်ခဲ့တဲ့ ရုံးပိတ်ရက်(၃)ရက်မှာတော့ ` အမတို့က ရန်ကုန်ကလာကြတာပါ။ ဒီတစ်ခန်းကို တစ်ညအိပ် တစ်ရက် (၆၀၀၀၀ိ) ခြောက်သောင်းကျပ်ပေးရပါတယ်၊ ဒါက ရက်ကြိုတင်ငှါးထားလို့ရတာပါ။´လို့ ပြောဆိုပါတယ်။ `အကိုတို့က မြင်းခြံကလာပြီး ဘုရားဖူးကြတာပါ။ လူ(၁၅)ယောက်လာပါတယ်။ တည်းကျောင်း (၂)ခန်းငှါးထားပါတယ်။ တစ်ခန်းကို (၈၀၀၀၀ိ) ရှစ်သောင်းကျပ်ပေးပြီး ယနေ့ ငှါးထားပါတယ်။ မနက်ဖြန် နံနက်ပိုင်း ပြန်ကြမှာပါ´၊ဘုရားဖူးလာကြရတာ လမ်းကြေး၊ တံတားကြေး စရိတ်စကတွေက ဈေးတော်တော်ကြီးနေပါတယ်။ ဆိုင်ကယ်တစ်စီးကို ပွဲတော်အ၀င်ဂိတ်က တစ်ထောင်ကျပ်တောင်းပါတယ်။ ကားလေးတစ်စီး နှစ်ထောင်ကျပ် တောင်းလို့ပေးခဲ့ရပါတယ်။´လို့ ဘုရားဖူးအမျိုးသားတစ်ဦးက ပြောဆိုလို့ ကြားသိခဲ့ရပါတယ်။
`ယခုလို ရုံးပိတ်ရက် ရက်ရှည် ရက်များနဲ့ (၁၀)တန်းစာမေးပွဲ ပြီးတဲ့ရက်တွေမှာ ဘုရားပွဲတော်အ၀င်ဝကနေ စောင့်နေကြတဲ့ (ရွှေကြို) လို့ခေါ်တဲ့ ဧည့်ကြိုအဖွဲ့တွေရှိပါတယ်။ သူတို့ အဖွဲ့တွေက တည်းခိုခန်း တစ်ခန်းကို (ငွေတစ်သောင်းကျော်လောက်) နဲ့ ဈေးနှုန်းဖြတ်ပြီး တည်းကျောင်းတွေကို ကြိုတင်ဝယ်ယူထားကြပါတယ်။ သူတို့က ယခုလို ဘုရားဖူးစည်ကားတဲ့ ရက်တွေမှာ ရိုက်စားလုပ်ကြတာပါ။ အချို့တည်းခိုဆောင်ပိုင်ရှင်တွေကတော့ အဲဒီရွှေကြိုတွေကို အများကြီးမွေးထားပြီး ရာခိုင်နှုန်းစားတွေ နဲ့ ပေးပြီး ဈေးနှုန်းတွေကို ရရင် ရသလို တောင်းဆိုယူကြပါတယ်။ သက်ဆိုင်ရာ ဘုရားဂေါပကတွေကလဲ ဈေးနှုန်းသတ်မှတ်ထားတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယခုတည်းခိုဆောင် (တည်းကျောင်း) ပိုင်ရှင်အများစုက ဒီမြေနေရာနဲ့ အဆောက်အဦးများကို သူတို့နာမည်နဲ့ ရထားကြသူတွေမဟုတ်ကြပါဘူး။ သက်ဆိုင်ရာဆီကနေ မြေနေရာနဲ့ အဆောက်အဦး လေလံများကို အမည်အမျိုးမျိုးနဲ့စာရင်းပြပြီး ရယူထားကြသူတွေသာ ဖြစ်ပါတယ်။ အဲဒီ လေလံရထားသူတွေဆီကမှ တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့် အမြတ်ယူပြီးရောင်းစားလိုက်ကြတာ (၁၁)လုံးခန်းပါတဲ့ တည်းခိုဆောင် တစ်ဆောင်ကို ငွေကျပ်သိန်း(၆၀)ခန့် အထိ ယခုနှစ်ပေါက်ဈေး ဖြစ်သွားပါတယ်။ မူလ အရင်းကျတဲ့ဈေးက (၃၅)သိန်းခန့်သာ ပေးရတာပါ။ ဈေးဆိုင်ခန်းတွေလဲ ဒီလိုပါဘဲ၊ မြေနေရာနဲ့ဆိုင်ခန်း(၆)ပေအကျယ်ရှိ ဆိုင်ခန်းတွေကို ယခုနှစ်ပေါက်ဈေး(၁၀)သိန်းခန့်နဲ့ တဆင့်ဝယ်ပြီး ဈေးလာရောင်းတဲ့ဆိုင် တွေကများကြပါတယ်။မူရင်းဈေး ဆိုင်ခန်း(၆)ပေအကျယ်ရှိ ဆိုင်ခန်း(၁)ခန်းမှာ ငွေကျပ်တစ်သိန်းကျော်သာ ကုန်ကျပါတယ်။ ဒါကြောင့် ဒီပွဲတော်ကို အမြဲတန်းလာပြီး အမှန်တစ်ကယ် လုပ်ကိုင်နေကြသူဈေးသည်တွေကိုသာ ဘုရားကြီးအလှူငွေများလည်းရအောင် သင့်တင့် တဲ့ ကြမ်းခင်းလေလံဈေးနှုန်းများနဲ့ အပြိုင်ဆွဲလို့ ရစေချင်ကြပါတယ်။ ယခုလို တဆင့်ခံ အမြတ်ယူရောင်းစား နေကြတော့ အစစအရာရာမှာ ဈေးတွေကြီးကုန်တာပေါ့။ ဈေးဆိုင်ခန်းများ၊ တည်းကျောင်းမြေနေရာနဲ့ ဆောက်လုပ်ခ လေလံဈေးတွေ ကြီးတော့ ဘုရားဖူးလုပ်သား ပြည်သူတွေရဲ့ ခေါင်းပေါ်ကို ရောက်လာပြီး တည်းကျောင်း တစ်ခန်း(၆၀၀၀၀ိ/၈၀၀၀၀ိ) ဖြစ်ကုန်တာပေါ့ဗျာ..။´ ဒီလိုမျိုးတွေ အများပြည်သူတွေအပေါ်ကို ၀န်ထုပ်ဝန်ပိုးတွေ မဖြစ်ရအောင် ခေတ်စနစ်နဲ့ အညီ လိုအပ်တာများကို ပြုပြင်ပြောင်းလဲ လုပ်ကိုင်ဆောင်ရွက်ပေးသင့်ပါပြီ ..။´ လို့ မန်းရွှေစက်တော်ဘုရားပွဲတော်မှာ နှစ်ပေါင်း(၂၀) သက်တန်းကြာအောင် ဈေးရောင်းချလာတဲ့ ဆိုင်ပိုင်ရှင်တစ်ဦးက မြန်မာပို့စ် သတင်းဂျာနယ်သို့ ပြောဆိုလို့ ကြားသိခဲ့ရပါတယ်။

ဝိုင်းကြည်အောင်

မြန်မာပို့စ် သတင်းဂျာနယ်မှ ဖော်ပြပါသည်။