`အချို့လမ်းတံတားဂိတ် B.O.T များမှာ တန်ပိုယဉ်များအား တရားစွဲဆိုရန် အထက်မှညွှန်ကြားထားသော်လည်း ဒါဏ်ကြေးငွေများကောက်ခံနေသည် ဟုသိရ´

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်)၊ ခွန်၊ထိန်း/ကျောက်ထုတ်ဦးစီး မှ စာအမှတ် ၁၇၄၉/ ခွန်၊ထိန်း/လုံစည်း/ ၂၀၁၂/ထုတ်(၁) ရက်စွဲ ၂၀၁၂ စက်တင်ဘာလ(၇)ရက်ဖြင့် တန်ပိုတားဆီးရေးလုပ်ငန်းများစစ်ဆေးကြပ်မတ်ရေးကိစ္စ အား သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးမှ အင်ဂျင်နီယာမှူးကြီးများထံသို့ စာထွက်၍ အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းမပေါ်ရှိ လမ်း/တံတားဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့်ပတ်သက်၍ လမ်း/တံတားလုံခြုံရေးနှင့် စည်းကမ်းထိမ်းသိမ်းရေးဆောင်ရွက်ရာတွင် (၆-၉-၂၀၁၂)နေ့ ၀န်ကြီးရုံး၌ ကျင်းပပြုလုပ်သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအား ဦးဆောင်ညွှန်ကြားရေးမှူးမှ ဤသို့ လမ်းညွှန်မှာကြားထားပါသည်။ (က) (ယာဉ်+ကုန်) (၁၆)တန်နှင့်အထက်ယာဉ်များ ယခင်အတိုင်း ဆက်လုပ်ရန်နှင့် တန်ပိုပါက တရားစွဲ အရေးယူဆောင်ရွက်ရန်။ (ခ) (ယာဉ်+ကုန်) (၁၃)တန် ကုန်းလမ်းပို့ဆောင်ရေးပိုင် ယာဉ်များ (၁၅)တန်အထိ ယာယီပေးထားရန်။ (မှတ်ချက်။ အဆိုပါသတ်မှတ်ချက် အပိုဒ်ခွဲ(ခ)အား စက်တင်ဘာ(၁၂)ရက်၊ စာအမှတ် ၁၇၆၀/ ခွန်၊ထိန်း/လုံစည်း/ ၂၀၁၂/ထုတ်(၁) ဖြင့်ပြန်လည်ပြင်ဆင်သည်။ အခြား (ယာဉ်+ကုန်) (၁၃)တန်မှ (၁၆)တန်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌါနမှ သတ်မှတ်ပေးသည့် VIC ၊ ၀ှီးတက်ပါ (ယာဉ်+ကုန်) သတ်မှတ်တန်ချိန်အတိုင်းသာ ခွင့်ပြုပေးသွားရန် ဖြည့်စွက်ပေးပို့ထားသည် ဟု သိရသည်။) (ဂ) သစ်၊ ၀ါး၊ သဲ၊ ကျောက်၊ အုတ်၊ ဘိလပ်မြေ၊ သံချောင်း၊ စက်သုံးဆီ၊ မြေဆီ၊ ကျောက်မီးသွေးတင်ယာဉ်များအား ယခင်အတိုင်း တန်ပိုးဖြတ်သန်းခွင့်မပြုရန်နှင့် တန်ပိုပါက တရားစွဲရန်။ (ဃ) (ယာဉ်+ကုန်) ၁၀တန်အောက်ကားများ (ဒိုင်နာ၊ ကင်တာ၊ ဟိုပ်လပ်၊ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်) စသည့်ယာဉ်များ ကတ္တာတက်၍ ချိန်တွယ်ခွင့်မပြုဘဲ ပုံမှတ်ဖြတ်သန်းစေရန်နှင့် ယာဉ်ပေါ်တွင် ကုန်များ အလွန်အကျွံမတင်ရေး သတိပေးဆောင်ရွက်သွားရန်။ သို့ဖြစ်ပါ၍ ဌာနကြီးများ အစည်းအဝေးတွင် လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ရန်အတွက် မိမိသက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ B.O.Tလမ်းတံတားဂိတ်များနှင့် လေလံ လမ်း/တံတားဂိတ်များသို့ ထပ်ဆင့်ညွှန်ကြား သွားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားထားကြောင်း သတင်းရရှိပါသည်။ သို့ပါသော်လည်း အချို့ B.O.Tလမ်းတံတားဂိတ်များမှာ ထော်လာဂျီများအား ဖြတ်သန်းခွင့်မပေးခြင်း၊ (၁၀)အောက် ယာဉ်များအား ကတ္တားမချိန်တွယ်ရန်တားမြစ်ထားသော်လည်း ၎င်းကတ္တားပေါ်သို့တက်ရန် ခြိမ်းခြောက်၍ လာဘ်ငွေ တောင်းခံခြင်းများ ပြုလုပ်နေကြောင်း၊ ကတ္တားပေါ်သို့ အတင်းတက်ခိုင်း၍ တန်ပိုပါလျှင် အဆိုပါဂိတ်များတွင် ဒါဏ်ငွေများ ကို တရားမ၀င် လက်ခံရယူနေကြောင်း ထော်လာဂျီပိုင်ရှင်များထံမှ စုံစမ်းသိရှိပါသည်။ အဆိုပါကိစ္စများအား သိရှိပြီး ဒါဏ်ငွေတောင်းခံ၍ ပေးဆောင်လိုက်ရသော ထော်လာဂျီပိုင်ရှင်တစ်ဦးမှ တံတားဖြတ်သန်းခ(၇၀၀ိ)+ ဒါဏ်ကြေး (၇၀၀၀ိ) လက်မှတ်နှင့်အတူ မြန်မာပို့စ် သို့လာရောက်ပြသပြီး အောက်ပါတိုင်းပြောဆိုပါသည်။ `` ကျွန်တော်က စကုမြို့ဈေးရပ်ကပါ။ မကွေး-စကု နေ့စဉ် ဒီထော်လာဂျီနဲ့ ကုန်မျိုးစုံသယ်ဆောင်ပေးနေတာပါ။ (၂၀-၉-၂၀၁၂) နေ့မှာ ဧရာဝတီတံတား၊ ကောင်းမွန်(မကွေး) ဆောက်လုပ်ရေးကုမ္ပဏီ တံတားဂိတ်မှာဖြစ်တာပါ။ သူတို့က ကျွန်တော့်ထော်လာဂျီကို တန်ပိုတင်တယ်ဆိုပြီး ကတ္တားပေါ်အတင်းတက်ခိုင်းပါတယ်။ ကျွန်တော်ကလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ စက်တင်ဘာ(၇)ရက်နေ့က ထုတ်ပြန်ထားတဲ့ စာကိုသိနေတော့ `ဟ´ ငါတို့ ထော်လာဂျီတွေ ကတ္တားမတင်ရဘူးလို့ပြောထားပါတယ်..ဆိုတော့ ` ကတ္တားမတင်ချင်ရင် မင့်ထော်လာဂျီကို ဘေးချပြီးရပ်ထားလိုက်´လို့ အဲဒီဂိတ်က စွပ်ကျယ်အင်္ကျည်းဝတ်ထားတဲ့ ဂိတ်ကလေးတွေခေါ်သူ ဗိုလ်ကြီးဆိုသူက ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း မြန်မြန်သွားချင်တာနဲ့ သူတို့ခိုင်းတဲ့အတိုင်း ကတ္တားချိန်လိုက်ပါတယ်။ တန်ပိုဒါဏ်ကြေးငွေ(၇၀၀၀ိ) တောင်းပါတယ်။ တံတားဖြတ်ခ(၇၀၀ိ)၊ စုစုပေါင်း(၇၇၀၀ိ)ပေးပြီး အဲဒီလိုဆိုရင် ဘောက်ချာပေးပါလို့ကျွန်တော်ကတောင်းတော့ တံတားက မပေးဘူးလို့ ညင်းဆိုနေကြပါတယ်။ ဘောက်ချာပြေစာ မပေးရင် မဆောင်နိုင်ဘူးလို့ ဆိုတော့မှ ယခု ဘောက်ချာပြောစာ ကို ထုတ်ပေးပါတယ်ဗျာ..။ `ဒီတခါတော့ ဘောက်ချာပေးလိုက်မယ်။ နောက်တစ်ခါဆိုရင် ဘောက်ချာမပေးဘူး။ တန်ပိုလည်းတင်မလာနဲ့ လို့ပြောပါတယ်။´ ဒီလိုပဲ ကျွန်တော့်လို ဒါဏ်ငွေဆောင်ရတဲ့ ဘ၀တူ ထော်လာဂျီတွေလည်း ရှိနေကြပါသေးတယ်ဗျာ..။ ခံရတဲ့ထော်လာဂျီတွေက နားမလည်ကြတော့ သူတို့ လုပ်သလို တောင်းသလို အကြိမ်ကြိမ်ခံ နေကြရပါတယ်ဗျာ….။ ´´ ဟု ဌ/……..ထော်လာဂျီမောင်းသူ ကိုကျော်ဆန်းဦး မှ ဒါဏ်ကြေးဆောင်ခဲ့ရသော ဘောက်ချာမိတ္တူနှင့်အတူ မြန်မာပို့စ်သို့ လာရောက်ပြောဆိုသည်။
 

` လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့မှ ဆိပ်ဖြူမြို့သို့ လာရောက်စစ်ဆေးပြီး´

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း ၁၉၈၉ ခုနှစ်နောက်ပိုင်း လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တောင်သူလယ်သမားများ နစ်နာနေမှုကို တောင်သူလယ်သမား များ၏ကိုယ်စား မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်( ဆိပ်ဖြူ အမှတ်၁ နယ်မြေ) ဦးမြင့်စိုးဦးဆောင်၍ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့(နေပြည်တော်)သို့ တောင်သူလယ်သမားများးမှ တောင်းဆိုသော သတင်းများအား ဂျာနယ်များတွင် (၂)ကြိမ် ဖော်ပြထားခဲ့ပါသည်။ အဆိုပါ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့သည် စက်တင်ဘာ(၁၉/၂၀)နေ့များတွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မှာ(၂)ရက်တိတိ စစ်ဆေးဆောင်ရွက်ကြောင်းသတင်းရရှိသည်။ ၎င်း စစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ခေါင်းဆောင်အဖြစ် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ နှင့် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်းတို့ အဖွဲ့ဝင်(၃)ဦးပါဝင်ကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုများကို အဖြစ်မှန်တွေ ပေါ်စေချင်ပြီး ရသင့်ရထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်အောင် (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ)များထံသို့ ဆက်လက်တင်ပြ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိတ်ရှည်၊သည်းခံစွာဖြင့် အချိန်ကိုစောင့်ပေးကြစေလိုကြောင်း၊ စစ်ဆေးရေးကော်မရှင် အဖွဲ့ခေါင်းဆောင်မှ အားပေးစကားပြောကြားသည်ဟု သိရသည်။ ယင်းကိစ္စအား အသေးစိတ်သိလို၍ ဆိပ်ဖြူမြို့ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးထံ ဆက်သွယ်မေးမြန်းပါသည်။ `` စက်တင်ဘာ(၁၉)ရက်နေ့မှာ တောင်သူလယ်သမား(၃၃)ဦးကို ခေါ်ယူစစ်ဆေးပါတယ်။ စက်တင်ဘာ(၂၀)ရက်နေ့မှာ တောင်သူလယ်သမားများ၊ တပ်ရင်း တပ်ဖွဲ့က တာဝန်ရှိသူများ၊ အခြားဌာနများနဲ့ ကုမ္ပဏီများမှ သက်ဆိုင်သူများ စုစုပေါင်း(၇၇)ယောက်ကိုစစ်ဆေးပါတယ်။ ကျွန်တော်တို့ ဂျာနယ်များမှာ တင်ပြထားတဲ့ အသိမ်းခံလယ်ယာမြေ အမှုပေါင်း (၈)မှုလုံးကို စစ်ဆေးပေးပါတယ်ခင်ဗျာ့။ တောင်သူလယ်သမား များကလည်း သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာလို့ သတင်းမီဒီယာများနဲ့ လယ်ယာမြေသိမ်းဆည်းမှု စစ်ဆေးရေးကော်မရှင်အဖွဲ့ကို အားကိုးကြပြီး တော်တော်ဝမ်းသာ အားရဖြစ်နေကြပါတယ်။ စစ်ဆေးခံရသူတိုင်းကလည်း ရဲရဲဝန့်ဝန့် အကြောက်တရားကင်းစွာနဲ့ (တစ်ဦးချင်းရဲ့ ခံစားချက် အဖြစ်မှန်များ)ကို ပြောဆိုကြပါတယ်ခင်ဗျာ..´။ ဟု ဦးမြင့်စိုးမှ ပြောသည်။
 

`မကွေးမြို့(၁၀)တန်းဘော်ဒါကျောင်း(တစ်ကျောင်း) …….မှ (၁၆)နှစ် ကျောင်းသူလေးတစ်ဦး ပျောက်ဆုံးနေ၍ ကူညီပေးကြပါ…´

စက်တင်ဘာ(၂၀)။ ဖြစ်စဉ်မှာ စက်တင်ဘာ(၁၅)ရက်၊နေ့လည် (၃း၁၅)နာရီအချိန်တွင် ……………ဘော်ဒါကျောင်းမှာ (၁၀)တန်းကျောင်း ဘော်ဒါအုပ် ဆရာဦးသိန်းလွင်မှ (၁၀)တန်းကျောင်းသူ မမေသဇင်သက်(ခ) မဒီ (ဓာတ်ပုံပါအတိုင်း) အသက်(၁၆)နှစ်၊(အထက-၄၊မကွေး) ကျောင်းသူလေးအား စာမေးသည်ဆို၏။ ၎င်းကျောင်းသူလေးမှ စာမရ၍ မဖြေဆိုနိုင်ခြင်းကြောင့် ဘော်ဒါအုပ် ဆရာဦးသိန်းလွင်သည် ကျောင်းသူလေးအား ဒုတ်ဖြင့် တစ်ချက်ရိုက်၍ ဆုံးမသည်ဟု သိရသည်။ ထို့ကြောင့် ၎င်းကျောင်းသူလေးမှာ ဘော်ဒါဆောင်အတူနေ ကျောင်းသူ ကျောင်းသားများ၏ အလယ်တွင် အရိုက်ခံရ၍ ရှက်စိတ်၊ ကြောက်စိတ်များဖြင့် မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ (၁၀)လမ်းရှိ ……………ဘော်ဒါကျောင်းမှ ထွက်ပြေးသွားသည်ဟုသိရသည်။ ယနေ့ (၂၀-၉-၂၀၁၂) သတင်းရေးနေချိန်အထိ ရှာ၍မတွေ့ကြောင်း သတင်းရရှိသည်။ ၎င်း(၁၅-၉-၂၀၁၂)နေ့တွင် မကွေးမြို့ဧရာဝတီတံတားပေါ်မှ (အမျိုးသား/အမျိုးသမီးမသိ) လူတစ်ယောက် ခုံချသည်ဟု (ကောလ ဟာလသတင်း)များ ထွက်နေကြောင်း ကြားသိရပါသည်(ယင်းတံတားပေါ်မှ ခုံချခြင်းအမှုအား သက်ဆိုင်ရာသို့ စုံစမ်းရာ ၎င်းနေ့ နံနက်(၁)နာရီခန့်အချိန်တွင် လူတစ်ဦး တံတားပေါ်မှခုံချကြောင်း၊ ထိုလူအားရေငုတ်၍ ရှာသော်လည်း မတွေ့ရကြောင်း ကမ်းနားတွင် ၀ိုင်းကြည့်သူတစ်ဦးမှပြော၍ သိရှိရသည်။ ထိုသေဆုံးသူအားလည်း ယနေ့အထိ ရှာမတွေ့သေးကြောင်း သိရသည်။ ၎င်း အမည်မသိ တံတားပေါ်မှ ခုံချသူအား သက်ဆိုင်သူ မိဘ၊ ဆွေမျိုးများ တစ်ဦးတစ်ယောက်မျှ ကာယကံရှင်မပေါ်၍ သက်ဆိုင်ရာတွင် သေမှုသေခင်းဖွင့်ဆိုထားခြင်း မရှိပါကြောင်း သိရသည်။ ထို့ကြောင့် ယင်းကိစ္စအား သတင်းအတည်ပြုချက် မရပါ။) ယခုဖြစ်စဉ် ကျောင်းသူ မမေသဇင်သက် ဘော်ဒါဆောင်မှ ထွက်သွားချိန်မှာ ညနေ(၃)နာရီကျော်အချိန်ခန့်တွင် ဖြစ်ကြောင်း ကြားသိရပါသည်။ ထို့ကြောင့် သက်ဆိုင်သူမိဘ၊ ဆရာသမားများနှင့် သတင်းကြားသိရသူ သူငယ်ချင်းများ၊ မိတ်ဆွေများမှာ စိုးရိမ်သောကများနေကြသည်ဟု သိရှိရသည်။ ၎င်းကျောင်းသူလေး မမေသဇင်သက် ပျောက်ဆုံးနေခြင်း အား ပြန်လည်တွေ့ရှိနိုင်ရန်အတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် ………….ဘော်ဒါအုပ် ဆရာဦးသိန်းလွင်တို့ပူးပေါင်းပြီး ကြိုးစား၍ ရှာဖွှေနေကြကြောင်း၊ ယင်းဘော်ဒါဆောင်ပိုင်ရှင် အမျိုးသမီးမှ စက်တင်ဘာ(၁၆)ရက်နေ့တွင် မြန်မာပို့စ်မှ သွားရောက်စုံစမ်းစဉ်မှာ ပြောပါသည်။ ၎င်း မကွေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ (၁၀)လမ်းရှိ ……………ဘော်ဒါကျောင်းတွင် အသက်(၁၆)နှစ်၊ (၁၀)တန်းကျောင်းသူတစ်ဦး ထွက်ပြေးပျောက်ဆုံးခြင်း အမှုအား ၎င်းကျောင်းသူ၏ မိခင်ဖြစ်သူ ဒေါ်သင်းသင်းမော် (အထက်မင်းလှမြို့)မှ (၁၅-၉-၂၀၁၂)နေ့တွင် မကွေးမြို့၊ အမှတ်(၂) ရဲစခမ်းတွင် လူပျောက်မှု အမှတ်စဉ် ၄/၁၂ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။ အထက်ပါသတင်းနောက်ဆက်တွဲအား မကွေးအမှတ်(၂) ရဲစမခန်း သို့ ၀င်ရောက်စုံစမ်းရာ ယနေ့ စက်တင်ဘာ(၂၀)ရက်နေ့အထိ အဆိုပါကျောင်းသူလေး မမေသဇင်သက်(ခ) မဒီ ကို ပြန်လည်မတွေ့ရှိသေးကြောင်း တာဝန်မှူးနှင့် ဂတ်စာရေးကြီးတို့မှ ဖြေဆိုပါသည်။ စက်တင်ဘာ (၂၀)ရက် နေ့(၁၂း၁၅) မိနစ်အချိန်တွင် ပျောက်ဆုံးနေသော မမေသဇင်သက် ၏ ဖခင် ဦးမောင်မောင်သက် နှင့် မိခင် ဒေါ်သင်းသင်းမော်တို့က မြန်မာပို့စ် သို့ လာရောက်၍ အကူအညီတောင်းခံပါသည်။ `ကျွန်တော့်သမီးလေးကို အဲဒီ…………ဘော်ဒါကို (၉)တန်း ဂေဇက်မထွက်ခင်ကစပြီးအပ်ခဲ့တာပါ။ (၁၀)တန်းနှစ်သစ်ပါ။ ယခုအဲဒီဘော်ဒါမှာ (၆)လလောက်ရှိပါပြီ။ ကျွန်တော်တို့ကိုယ်စား ဘော်ဒါအုပ် ဆရာဦးသိန်းလွင် တို့ကို မိဘသဖွယ် ပြုစုစောင့်ရှောက်ဖို့ ယုံကြည်စွာနဲ့ အပ်နှံထားခဲ့တာပါ။ ယခုတော့ပျောက်သွားတာ(၆)ရက်ရှိနေပါပြီ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးမှာ ခေါင်းမီးတောက်မတတ်ခံစားနေပါပြီ။ သမီးလေးတစ်ခုခုဖြစ်သွားခဲ့ရင် အဲဒီဘော်ဒါနဲ့ ဘော်ဒါအုပ် ဦးသိန်းလွင် တို့တာဝန်သာဖြစ်ပါတယ်။ ရှာနေတယ်လိုသာ ပြောနေကြတာဘဲဗျာ…။ ကျွန်တော့်သမီလေးကို တွေ့ရှိသူများအနေနဲ့ အမြန်ဆုံး ဆက်သွယ်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..။ ဖုန်း ၀၉-၄၀၁၅၂၂၇၀၄ / ၀၉-၄၀၁၅၂၃၂၉၉ သို့ဆက်သွယ်ပေးကြပါ..။´ ဟု ဖခင် ဦးမောင်မောင်သက် မှ မြန်မာပိုစ် သို့ လာရောက်ပြောကြားပါသည်။
 

`မကွေးမြို့မှာ (ပထမ အကြိမ်) သတင်းမီဒီယာသင်တန်း(၅)ရက်ဖွင့်´

(၁၈-၉-၂၀၁၂) နေ့မှ (၂၂-၉-၂၀၁၂)နေ့အထိ (၅)ရက်အတွင်း နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိနေ့စဉ် မကွေးမြို့၊ ဈေးရပ်၊ ပြည်တော်သာလမ်း၊ (ရေလှိုင်း အင်တာနက်ဆိုင်၏ အရှေ့ဘက်ရှိ) တိုက်ခန်းတွင် သတင်းမီဒီယာသင်တန်း (အခမဲ့) ပို့ချသင်ကြားပေးကြောင်းသတင်းရရှိပါသည်။ အဆိုပါသင်တန်းအား သင်ကြားပို့ချ ပေးသော နည်းပြဆရာများမှာ ဆရာဦးရဲနိုင်မိုး(ရန်ကုန်) နှင့် ဆရာစိုးဝင်းငြိမ်း(ရန်ကုန်)တို့ နှစ်ဦးဖြစ်ကြောင်းသိရသည်။ တက်ရောက်ကြသောသင်တန်းသားများမှာ စုစုပေါင်း(၂၄)ဦးတက်ရောက်ကြသည်။ နတ်မောက်မြို့၊မြို့သစ်မြို့၊ ရေနံချောင်းမြို့၊ ငဖဲမြို့၊ ပဒါန်းမြို့၊ ပွင့်ဖြူမြို့၊ မင်းဘူး(စကု)မြို့ နှင့် မကွေးမြို့တို့မှ လက်ရှိရေးသားနေသော ဂျာနယ်သတင်းထောက်များ နှင့် သတင်းမီဒီယာ ပညာအား စိတ်ပါဝင်စား၍ လုပ်ကိုင်လိုကြသော သင်တန်းသား အသစ်များလည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ အဆိုပါသင်တန်းတွင် ဆရာဦးရဲနိုင်မိုး မှ သတင်းထောက်အခြေခံဘာသာရပ်များ ပို့ချ၍ ဆရာဦးစိုးဝင်းငြိမ်း မှ သတင်းဓာတ်ပုံပညာများကို(အခမဲ့) ပို့ချသင်ကြားပေးကြောင်းသိရသည်။ ဤသင်တန်းဖြစ်မြောက်ရေးအတွက် သတင်း ထောက် သီဟရာဇာ (ခ) `အိုလာ´(ရန်ကုန်) ဆိုသူနှင့် သူငယ်ချင်းများက စုပေါင်း၍ ကူညီဆောင်ရွက်ပေးကြောင်း၊ သင်တန်းသားများ ဖိတ်ကြား စုဆောင်းရေးအတွက် သတင်းထောက် ဦး(မကွေး) (ခ) ဦးမြင့်ဇော်ဦး နှင့် သတင်းထောက် ဦးဇော်မင်းကြည် တို့မှ ဦးဆောင်ကူညီပေးကြောင်း ဦးဆောင်စီစဉ်သူ လူငယ် အိုလာ (ခ) သီဟရာဇာ မှ ပြော၍ သတင်းရယူခဲ့ပါသည်။
 

`ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းမှ ဘုရားဖူးအဖွဲ့များအား ကြိုဆိုနေသော မကွေးမြို့ရှိ ကြယ်သုံးပွင့်အဆင့်မီ (ထိန်ထိန်သာ) ဟိုတယ်´

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးမြို့မှတဆင့် မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် စက္ကိန်းတဲဘုရား၊ ကျောင်တော်ရာဘုရား၊ မန်းရွှေစက်တော်ဘုရား နှင့် မကွေးမြသလွန်စေတီတော် တို့အား ဖူးမျှော်နိုင်ပါသည်။ ထိုမှ နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် မိဘများ နေထိုင်ခဲ့သော ပြတိုက်အိမ်ကြီး နှင့် တောင်တွင်းကြီးမြို့ရှိ ပန်ထွာဘုရင်းမ တည်ထားခဲ့သော သမိုင်းဝင်ရှေးဟောင်း ဗိဿနိုးမြို့ဟောင်းကြီး တို့အား သွားရောက်လေ့လာနိုင်ကြမည်။ ထိုမှ အထက်မင်းလှမြို့ရှိ သမိုင်းဝင် မင်းလှခံတပ်ကြီး၊ အထက်မင်းလှမြို့နှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ဂွေးချောင်းခံတပ်ကြီးသို့လည်း သွားရောက်လေ့လာကြည့်ရှုနိုင်ကြမည်။ ဤကဲ့သို့ သမိုင်းဝင် ခရီးစဉ်များအား မကွေးမြို့မှာ နေထိုင်၍ သွားလာနိုင်အောင် ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်များနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများအတွက် မကွေးမြို့တွင် ကြယ်သုံးပွင့်အဆင့်ရှိ (ထိန်ထိန်သာ) ဟိုတယ်ကြီးအား (၉-၉-၂၀၁၂) နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ၎င်း ဟိုတယ်၏ အကျယ်အ၀န်းမှာ (၃)ဧကခန့်ရှိသည်။ မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၁၀-A)တွင် တည်ရှိပါသည်။ ၎င်းဟိုတယ်တွင် အခန်းပေါင်း(၃၂)ခန်းရှိ၍ ခေတ်မီရေကူးကန် ၊ အပန်းဖြေနားနေဆောင်များ၊စားသောက်ခန်းမ၊ မျက်ခင်းပြင်လွင်ပြင်များဖြင့် အထူးမွန်းမံထား၍ ၀န်ဆောင်မှုအပြည့်အ၀ရရှိမည်ဟု သိရသည်။ နိုင်ငံခြားသားများအတွက် အခန်းခများမှာ အခန်းအလိုက် တစ်ရက်လျှင် ဒေါ်လာ(၅၀)၊ (၆၀)၊ (၁၃၀)သတ်မှတ်ထားကြောင်း၊ အခန်းအဆင့်အမျိုးအစားအလိုက် မြန်မာငွေဖြင့် တစ်ယောက်ခန်း ကျပ်နှစ်သောင်း၊ နှစ်ယောက်ခန်းမှာ ကျပ်ငွေ နှစ်သောင်းခွဲသတ်မှတ်ထား၍ မိသားစု(၅)ယောက်ခန်း တစ်ခန်းမှာ ကျပ်ငွေခြောက်သောင်းကျပ် သတ်မှတ်ထားကြောင်း ဟိုတယ်ပိုင်ရှင် ဦးကျော်ဝင်းမှ ပြောဆိုသည်။
 

`မကွေးတိုင်းဒေသကြီး မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမ စတင်ဖွင့်ပွဲအား (၁၉)ကြိမ်မြောက် အဆို အက အရေး အတီးပြိုင်ပွဲ နှင့် ပူးတွဲ၍ ဖွင့်ပွဲအခမ်းအနားကျင်းပ´

(၁၃-၉-၂၀၁၂)နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်းပေါ်ရှိ မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမတွင် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိပါသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမကြီးမှာ ယခင်ကတည်ရှိခဲ့သော မြို့တော်ခမ်းမအား မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဌာနမှ ငွေကျပ်သိန်းပေါင်း(၃)ထောင်ကျော် သုံးစွဲ၍ အကြီးစားအဆင့်မြင့်(ခေတ်မီ စတိတ်ခုံကြီးဖြစ်အောင် အသံလုံ၊ အအေး ခန်းမကြီး) အဖြစ် သန့်ရှင်းသပ်ရပ်စွာ ဖျော်ဖြေရေးပွဲများကျင်းပနိုင်ရန် ပြုပြင်ခဲ့ကြောင်း၊ မင်္ဂလာအခမ်းအနားများ၊ ကုမ္ပဏီများမှ မိတ်ဆက်ပွဲများ၊ စာပေ ဂီတ အနုပညာဖျော်ဖြေရေးပွဲများအား ဈေးနှုန်းအသီးသီးသတ်မှတ်၍ လက်ခံ ဆောင်ရွက်ပေးသွားမည်ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။ မင်္ဂလာအခါတော် ကျရောက်ချိန်တွင် မကွေးမြို့ အဆင့်မြင့်မြို့တော်ခမ်းမ ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ စက်ခလုပ်နိုပ့်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲအား ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းအခမ်းအနားသို့ တက်ရောက်လာသူများအား ပြိုင်ပွဲဝင် အနုပညာရှင် အဖွဲ့များမှ အနုပညာများဖြင့် အသီးသီးဖျော်ဖြေပေးကြသည်။ ၎င်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးခရိုင်(၅)ခုမှ ပြိုင်ပွဲဝင် အနုပညာရှင်များ နှင့် သတင်းမီဒီယာများ (အဆင့်မြင့်မြို့တော်ခမ်းမအတွင်း) အပြည့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
 

ပန်းရဲ့လမ်း မကွေးရှင်းတမ်း

`ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် အလှူခံပေးသော (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ ဂယက် တွေ့ဆုံမှုရှင်းတမ်း´ စက်တင်ဘာ(၇)။ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ ရံပုံငွေဖျော်ဖြေပွဲ ရောက်ရှိကြောင်းသတင်းရရှိပါသည်။ ` ကျွန်တော်တို့အဖွဲ့ (၅-၉-၂၀၁၂)နေ့က ချောက်မြို့ကိုရောက်ပါတယ်။ ချောက်မြို့မှာ သုံးနေရာလောက် သီဆိုဖျော်ဖြေနေစဉ် သက်ဆိုင်ရာအဖွဲ့တွေက လာပြီးတားမြစ်ပါတယ်။ ဒါပေမယ့် ချောက်မြို့က လူငယ်အဖွဲ့က ဆက်လုပ်မယ်ပြောတော့ လက်မှတ်ထိုးပေးခိုင်းပါတယ်။ နောက် ဆက်ပြီး လုပ်ခဲ့ကြပါတယ်။ ချောက်မြို့မှာ သိန်း(၂၀) ခန့်ရပါတယ်။ (၆-၉-၂၀၁၂) နေ့မှာ ရေနံချောင်းမြို့ကို ကျွန်တော်တို့ရောက်ပါတယ်။ သက်ဆိုင်ရာက လာရောက် တားဆီးကြပြန် ပါတယ်။ ဒါပေမယ့် ဆက်ပြီး သီဆိုဖျော်ဖြေပြီး အလှူခံကြပါတယ်။ ရေနံချောင်းမြို့မှာ သိန်း(၂၅)ခန့်ရ ပါတယ်။ ယခု ဆရာတို့ မကွေးမှာကတော့ ယခု သီဆိုဖျော်ဖြေနေတဲ့ အထိ ဘယ်သူမှ လာရောက်တားဆီးခြင်း မရှိပါဘူး။ ကူညီဆောင်ရွက်ပေး ကြတဲ့ လူငယ်အားကလည်း တော်တော်အားရစရာကောင်းပါတယ်ခင်ဗျာ..။´ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်)အဖွဲ့ဝင် ဦးနေမျိုးမှ ပြောကြားပါသည်။ ၎င်းအဖွဲ့ နေ့လည်အချိန် မကွေးမြို့ ကုန်သည်ကြီးများအသင်း၏ရှေ့တွင် သီဆိုဖျော်ဖြေနေစဉ်၊ ၎င်းအဖွဲ့မှ တာဝန်ရှိသူများအား သက်ဆိုင်ရာမှ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံရန်ခေါ်ဆိုကြောင်း သတင်းရရှိ ပါသည်။ ယင်း သတင်းကိစ္စအား ဒီဗွီဘီသတင်းဌာနမှ ဖော်ပြထုတ်လွှင့်ထားပြီးဖြစ်ပါသည်။ မကွေးခရိုင်အတွင်းမှ ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံ၍ ရရှိထားသော အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးမှ အပ်နှံရန် တောင်းဆိုကြောင်း စသည်များကို သတင်းဖော်ပြထား၍ ၎င်းသတင်းများ အများပြည်သူများထံသို့ ပျံ့နှံ့သွားကြောင်း သတင်းရရှိပါသည်။ RFA သတင်းဌာနမှာ အထက်ပါပွဲပြီးသွားသော်လည်း ယင်းပွဲအား ဦးဆောင်၍ အကူအညီပေးခဲ့ကြသော မကွေးမြို့ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်း ဦးမောင်မောင်စိုးထံသို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များမှ လာရောက်၍ စစ်ဆေးမှုများရှိနေကြောင်း သတင်းဖော်ပြထား၍ သိရှိရပါသည်။ ၁၀-၉-၂၀၁၂ နေ့တွင် ယင်းဖျော်ဖြေရေးအလှူခံအဖွဲ့အား ကူညီပေးသူ ဦးမောင်မောင်စိုး ကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး မှ တရားလိုပြုလုပ်ပြီး မကွေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုကြောင်း သတင်းရရှိပါသည်။ ယင်း အမှုအား မကွေးမြို့နယ်တရားသူကြီးရုံးသို့ သွားရောက်စုံစမ်းခဲ့ပါသည်။ မြို့နယ်တရားရုံး၏ တာဝန်ရှိသူ တစ်ဦးမှ တရားစွဲဆိုခြင်းဟုတ်မှန်ပါကြောင်း၊ ၎င်း အမှုအား ၂၀၁၂၊ စက်တင်ဘာ(၁၇)ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ကြောင်း ပြောဆိုပါသည်။ ထို့ကြောင့် ဤ (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးထံသို့ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။ ထို တာဝန်ရှိသူမှ ပြောဆိုသောစကားများအား ကောက်နုတ်ဖော်ပြလိုက်ပါသည်။ `ဟုတ်ကဲ့ မေးပါ။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်က သတင်းသမားများအား ခေါ်ပြီး ပြန်လည်ရှင်းလင်းခိုင်းတယ် ထင်မှာစိုးလို့ ကျွန်တော့်နာမည်ကိုတော့ မဖော်ပြဖို့တောင်းပန်ပါတယ်ခင်ဗျာ..။ မေး ။ ။ `ယခု အပြင်မှာကြားနေရတဲ့သတင်းက ဦးရဲလွင်တို့အဖွဲ့ဆီကို မကွေးခရိုင်အတွင်းက ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံလို့ ရရှိထားတဲ့ အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးက အပ်နှံရမယ်လို့ တောင်းဆိုကြောင်းကြားသိရပါတယ်။ အဲဒါကို ရှင်းပြပေးစေလိုပါတယ်။´ ဖြေ။ ။ ``အဲဒီလို တောင်းဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီက ဦးသားထွေး နဲ့အဖွဲ့ကို ကျွန်တော်တို့ရုံးဧည့်ခန်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ဝင်များနဲ့ တွေ့ဆုံညှိနှိုင်းကြပါတယ်။ မကွေးခရိုင်အတွင်းမှာ အလှူခံလို့ ရရှိတဲ့ ငွေတွေကို ဦးရဲလွင်တို့ဘက်ကတစ်ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ဦးစီးမှူးတစ်ဦးတို့ နှစ်ယောက်ပေါင်းပြီး မြန့်မာ့စီးပွားရေးဘဏ်မှာ အကောင့်ဖွင့်မယ်၊ ငွေသွင်းမယ်။ ဘဏ်က ဘင်းဒြပ် လက်မှတ်ကိုယူသွားပါ။ ဧရာဝတီတိုင်းဒေသကြီး ခင်ဗျားတို့အဖွဲ့ သွားလှူတဲ့အခါမှာ ငွေထုတ်ပြီးကြိုက်သလိုလှူပေးပါ။ ဒါမှ မကွေးခရိုင်က ဘယ်၍ ဘယ်မျှလှူဒါန်းကြောင်း ပေါ်လွင်သွား မယ်။ ဒါကို သဘောတူရင် ဒီမှာတင် မီဒီယာသတင်းထောက်တွေကိုခေါ်ပြီး အခန်းအနားလုပ်ပြီး သူတို့အဖွဲ့ကို အပ်လိုက်ပါ့မယ်လို့ ကျွန်တော်ကပြောပါတယ်။ သူတို့ငွေတွေကို စာရင်းစစ်နေတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ အလှူခံလို့ရတဲ့ငွေတွေကို ကျွန်တော်တို့ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ (ဒီလိုဆိုရင် ကောင်းပါတယ်၊ ကောင်းတဲ့ကိစ္စဘဲ။ ဒါပေမယ့် ဦးရဲလွင်ကို တိုင်ပင်ပြီး နာရီဝက်ကြာရင် ကျွန်တော်တို့အကြောင်းပြန်ပါ့မယ်..)လို့ ဦးသားထွေး ဆိုသူက ပြောဆိုပြီး ပြန်သွားကြပါတယ်။ ဒါနဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံးက သူတို့ကို ရုံးကနေစောင့်နေပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ညနေ(၅)နာရီအထိ စောင့်ပေးဖို့ ကြိုတင်ပြောထားပါတယ်။ ဦးသားထွေးတို့ ပြန်သွားလို့ နာရီဝက်လည်း မလာ။ တစ်နာရီကြာလည်း မလာလို့ နောက်က စခန်းမှူးတစ်ယောက်ထည့်ပြီးလိုက်ခိုင်းရပါတယ်။ သူတို့ကိုမေးပါ။ ကျွန်တော်တို့ပြောတဲ့အစီအစဉ်ကို လုပ်မယ်၊ မလုပ်ဘူး ဆိုတာ အကြောင်းပြန်ပေးပါ။ မလုပ်ဘူးဆိုရင်လည်း ငွေစုစုပေါင်း ဘယ်လောက် ရတယ်ဆိုတာကိုသာပြောပါလို့ မှာလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကဘာမှ အကြောင်းမပြန်ဘူး။ ဒါနဲ့ ဒု ဦးစီးမှူးတစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ်ပြီး သူတို့ပွဲကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့အဖွဲ့က ခွင့်မပြုလို့ ပိတ်လည်း နောက်သုံးနေရာကျန်တာကို ဆက်ပြီးဖျော်ဖြေမယ် လို့ ပြန်ပြောပါတယ်။ ကျန်တဲ့သုံးနေရာတောင် မကပါဘူး။ တိုင်းဒေသကြီးရုံးပေါင်းစုံလမ်း နဲ့ ကမ်းနားလမ်းတစ်လျှောက် ညထိ ဖျော်ဖြေသွားတယ်။ ကျွန်တော်တို့ဆီကို ဘယ်သူ တစ်ဦးတစ်ယောက်ကမ လာရောက်ပြီး အကြောင်းမပြန်ကြပါဘူး။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကတော့ သူတို့ကို ရုံးမှာ စောင့်နေကြရတယ်ဗျာ…။ ဒါက ကျွန်တော်တို့ကို မလေးမစားလုပ်သွားတာ ဖြစ်ပါတယ်..။ဒါတင်မဟုတ်သေးဘူး ပြီးတော့ သူတို့က ဦးအောင်စတင်ပြီး အွန်လိုင်းဝက်ဆိုဒ်တွေနဲ့ နိုင်ငံခြား သတင်းဌာနတွေကနေ တစ်ဘက်သတ်သတင်းထုတ်ပြန်ပါတယ်။သူတို့ဘက်က အသံချဲ့စက်ခွင့်ပြုမိန့်မယူတာလည်း အမှန်ပါ။ ဖျော်ဖြေရေးအတွက် ပွဲမိန့်မယူတာလည်း အမှန်ပါဘဲ။ ယခု ကျွန်တော်ပြောတာတွေက အမှန်တွေပါ။ အပိုလုံးဝမပါပါဘူး။ မှတ်တမ်း မှတ်ရာတွေ တက်ရောက်သူ လက်မှတ်တွေ သတင်းဓာတ်ပုံတွေ သက်သေခံများရှိပါတယ်။´´ မေး ။ ။ ယခု ဆရာတို့မြို့နယ်အုပ်ချုပ်ရေးရုံးက (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်တို့အဖွဲ့ကို တရားစွဲတာလား။ ဘယ်သူကို ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲထားပါသလဲသိပါရစေ..။ ဖြေ ။ ။ ဒီအဖွဲ့ကို မြို့ခံက ကူညီပေးတဲ့ ဦးမောင်မောင်စိုးတစ်ယောက်တည်းကိုသာ တရားစွဲထားပါတယ်။ ၂၀၁၂ ခု ဖေဖော်ဝါရီလ(၂၄)ရက်မှာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုန်ပြန်တဲ့ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု များအတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများထဲက ဥပဒေပုဒ်မ(၁၈) နဲ့ ဥပဒေပုဒ်မ(၂၁) တို့ဖြစ်တဲ့(အသံချဲ့စက်၊ ပွဲမိန့်အသုံးပြုမှု ဆိုင်ရာ) အမှု(၂)မှု စွဲဆိုထားပါတယ်။ ၁၀-၉-၂၀၁၂ နေ့မှာ မြို့နယ်တရားရုံးမှ အမှုလက်ထားပြီး ၁၇-၉-၂၀၁၂ နေ့မှာ ပြန်လည်ချိန်းဆိုထားပါတယ်။ ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
 

`ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ မကွေးမြို့ ရံပုံငွေဖျော်ဖြေပွဲမှ ပြဿနာများ´

စက်တင်ဘာ(၇)။ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ ရံပုံငွေဖျော်ဖြေပွဲ ရောက်ရှိကြောင်းသတင်းရရှိပါသည်။ နံက်(၉း၃၀)မှ စတင်၍ မကွေးမြို့ မြို့မဈေးတွင် ရံပုံငွေဖျော်ဖြေပွဲကို အလှပြ ကားကြီးဖြင့်လှည့်လည် သီးဆိုတီးခပ်ကြသည်။ ၎င်း အလှပြဖျော်ဖြေသော မော်တော်ယာဉ်ခေါင်းထိပ်မှာ (မကွေးမြို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး) ဗီနိုင်းဆိုင်းဘုတ်ကြီး အားကပ်ထား၍ မော်တော်ယာဉ်၏ ဘယ်/ညာတွင် ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်) ၇-၉-၂၀၁၂ ၊ မကွေးမြို့ ဟု ဗီနိုင်းများဖြင့် ချိတ်ဆွဲပြီး အလှဆင်ထားကြောင်း မြင်တွေ့ရပါသည်။ ၎င်း ဖျော်ဖြေရေး အလှပြယာဉ်ကြီး၏ နောက်မှ ကားလေးများတွင်လည်း ထို ဗီးနိုင်းဆိုင်ဘုတ်များ ကိုယ်စီဖြင့် မော်တော်ယာဉ်များ၏ ဦးခေါင်းထိပ် တို့တွင်အလှဆင်ထားကြောင်းမြင်တွေ့ရသည်။ ဦးရဲလွင်နှင့်အဖွဲ့မှ အလှပြကားပေါ်တွင် ဖျော်ဖြေတီးခတ် သီဆိုပေးကြ၍ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် တတ်အားသမျှ အလှူငွေများကူညီပေးကြပါရန် ပြောဆိုလှုံ့ဆော်ပေးသည်။ မကွေးမြို့မဈေးကြီး နှင့် မကွေးမြို့ပေါ်မှာ အလှပြမော်တော်ယာဉ်ကြီး သွားလေရာ လမ်းတစ်လျှောက်တို့တွင် (မကွေးမြို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး) အဖွဲ့ဝင် အမျိုးသား အမျိုးသမီး လူငယ်များမှ ငွေဖလားများကိုယ်စီဖြင့် အလှူခံပေး၍ ကူညီအားပေးနေကြကြောင်း မြင်တွေ့ရပါသည်။ ` ကျွန်တော်တို့အဖွဲ့ (၅-၉-၂၀၁၂)နေ့က ချောက်မြို့ကိုရောက်ပါတယ်။ ချောက်မြို့မှာ သုံးနေရာလောက် သီဆိုဖျော်ဖြေနေစဉ် သက်ဆိုင်ရာအဖွဲ့တွေက လာပြီးတားမြစ်ပါတယ်။ ဒါပေမယ့် ချောက်မြို့က လူငယ်အဖွဲ့က ဆက်လုပ်မယ်ပြောတော့ လက်မှတ်ထိုးပေးခိုင်းပါတယ်။ နောက် ဆက်ပြီး လုပ်ခဲ့ကြပါတယ်။ ချောက်မြို့မှာ သိန်း(၂၀) ခန့်ရပါတယ်။ (၆-၉-၂၀၁၂) နေ့မှာ ရေနံချောင်းမြို့ကို ကျွန်တော်တို့ရောက်ပါတယ်။ သက်ဆိုင်ရာက လာရောက် တားဆီးကြပြန် ပါတယ်။ ဒါပေမယ့် ဆက်ပြီး သီဆိုဖျော်ဖြေပြီး အလှူခံကြပါတယ်။ ရေနံချောင်းမြို့မှာ သိန်း(၂၅)ခန့်ရ ပါတယ်။ ယခု ဆရာတို့ မကွေးမှာကတော့ ယခု သီဆိုဖျော်ဖြေနေတဲ့ အထိ ဘယ်သူမှ လာရောက်တားဆီးခြင်း မရှိပါဘူး။ ကူညီဆောင်ရွက်ပေး ကြတဲ့ လူငယ်အားကလည်း တော်တော်အားရစရာကောင်းပါတယ်ခင်ဗျာ..။´ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်)အဖွဲ့ဝင် ဦးနေမျိုးမှ ပြောကြားပါသည်။ ၎င်းအဖွဲ့ နေ့လည်အချိန် မကွေးမြို့ ကုန်သည်ကြီးများအသင်း၏ရှေ့တွင် သီဆိုဖျော်ဖြေနေစဉ်၊ ၎င်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား သက်ဆိုင်ရာမှ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံရန်ခေါ်ဆိုကြောင်း သတင်းရရှိ ပါသည်။ ယင်း သတင်းကိစ္စအား ဒီဗွီဘီသတင်းဌာနမှ ဖော်ပြထုတ်လွှင့်ထားပြီးဖြစ်ပါသည်။ မကွေးခရိုင်အုပ်ချုပ်ရေးမှူးမှ အလှူခံသူများအဖွဲ့ဝင်တစ်ဦးနှင့်တွေ့၍ မကွေးခရိုင်အတွင်းမှ အလှူခံရငွေများအား မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့်ပူးပေါင်းလှူဒါန်းရန် ညှိနှိုင်းကြကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ မှသတင်းရရှိပါသည်။ သို့သော် ၎င်းနေ့က သီဆိုဖျော်ဖြေပွဲအား တစ်နေကုန်သည်အထိ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြကြောင်းသိရှိရ၏။ မကွေးမြို့မှ အလှူငွေပေါင်း(၂၂)သိန်း (၃)သောင်းကျော်ခန့် ရရှိကြောင်း၊ ယင်းအလှူခံငွေများအား အလှူခံပေးခဲ့သော မကွေးမြို့ ပွင့်လင်းလူ့ဘောင် ဖော်ဆောင်ရေးအဖွဲ့မှ ဦးရဲလွင်တို့အဖွဲ့ထံအပ်နှံလိုက်ကြောင်း သက်ဆိုင်ရာမှ စုံစမ်း၍ သတင်းရယူခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဥပဒေနှင့်အညီ ခွင့်ပြုချက်မရဘဲ သီဆိုဖျော်ဖြေကြ၍ အသံချဲ့စက်အသုံးပြုခြင်း လှည့်လည်အလှူခံခြင်းများကို ကူညီပေးသော ဦးမောင်မောင်စိုး(ပွင့်လင်းလူ့ဘောင်အဖွဲ့၊ မကွေးမြို့)အား (၁၀-၉-၂၀၁၂)နေ့တွင် မကွေးမြိုနယ်အုပ်ချုပ်ရေးမှူးမှ မကွေးမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး တရားစွဲဆိုထားကြောင်းသတင်းရရှိပါသည်။၊
 

`မကွေးမြို့လယ်ခေါင်မှာ ကားအသစ်တစ်စီးမှ သုံးဘီးဆိုင်ကယ်အားတိုက်၍ ဆောက်လုပ်ဆဲ တိုက်ခန်းသစ်ထဲသို့ ၀င်သွားပြီး ယာဉ်တိုက်မှုဖြစ်´

စက်တင်ဘာလ(၆)ရက်။ နံနက်(၉)နာရီ အချိန်ခန့်တွင် မကွေးမြို့လယ် ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံအနီးမှ လမင်းထမင်းဆိုင်ရှေ့၌ သုံးဘီးယာဉ်တစ်စီး နှင့်ကားအသစ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ် ကြောင်း သတင်းရရှိပါသည်။ ပြည်တော်သာလမ်းပေါ်တွင် အရှေ့မှ အနောက်သို့မောင်းနှင်လာသောသုံးဘီးယာဉ်မောင်း ကိုသံလုံး (၁ဟ/…..) အား ဗိုလ်ချုပ်လမ်းပေါ်တွင် တောင်မှ မြောက်သို့မောင်းနှင်လာသော မကွေးမြို့ ရန်ဝေးရပ်ကွက် မဲထီးလမ်းနေ ကားအသစ် ယာဉ်မောင်း ကိုသားတိုး(အသက် ၂၆) ယာဉ်အမှတ်(၆ဃ/……..) က ပြည်တော်သာလမ်း အရှေ့ဘက်သို့ ချိုးကွေ့ရာ အရှိန်မထိမ်းနိုင်ဖြစ်၍ သုံးဘီးယာဉ် (၁ဟ/………) အားဝင်တိုက်၍ သုံးဘီးယာဉ် တုန်းလုံးလဲသွားကြောင်းသိရသည်။ မကွေးမြို့ ချမ်းမြေ့သာယာရပ်ကွက်မှ သုံးဘီးမောင်းသူ ကိုသံလုံး(အသက် ၂၆)နှင့် ခရီးသည် မကွေးမြို့ ပြည်တော်သာရွာလေးရပ်ကွက်မှ ဦးညွှန့်မြိုင်(အသက် ၇၃)၊လားရှိုးမြို့၊ ရန်တိုင်အောင်(မြောက်)နေသူ ဦးနန်းလှိုင်(အသက် ၆၉)) နှင့်လာရှိုးမြို့၊ ရန်တိုင်အောင်(မြောက်)နေသူနေ ဒေါ်သန်းရီ တို့ခရီးသည်သုံးဦးအား ဒါဏ်ရာများရရှိသွား၍ မကွေးတိုင်းဒေသကြီးဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။သုံးဘီးယာဉ်အား ၀င်ရောက်တိုက်မိသော (၆ဃ/….)ကားအသစ်ယာဉ်မောင်း ကိုသားတိုး သည် သုံးဘီးယာဉ် အား ရှောင်တိမ်းလိုက်စဉ် ပြည်တော်သာလမ်း၏ မြောက်ဘက်ဘေးမှ လမင်းထမင်းဆိုင်ရှင်၏ ဆောက်လက်စ တိုက်ခန်းအသစ်အတွင်းသို့ ပြေးဝင်သွားပြီး တိုက်ခန်း၏ ခလယ်ဒေါက်တိုင်ပြုတ်ပါပျက်စီးသွားကြောင်း၊ ၎င်း မော်တော်ယာဉ်အသစ်(၆ဃ/…..)မှာလည်း ရှေ့မှန်ကွဲခြင်း၊ ကားခေါင်မိုးပေါ်တွင်လည်း အုတ်ဒေါက်တိုင်ဖြင့်ပိနေခြင်း၊ ကားရှေ့ခေါင်းများ ပျက်စီးသွားကြောင်း သိရှိရပါသည်။ ယင်း အမှုအား မကွေးမြို့ မြို့မရဲစခမ်းတွင် (ပ) ၂၂၂/၂၀၁၂ ပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
 

`မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းခံရသော ကံသာကြီးကျေးရွာတောင်သူများအား လျော်ကြေးမရ၍ တောင်သူ(၁၇)ဦးမှ သက်ဆိုင်ရာသို့တိုင်ကြား´

မကွေးမြို့နယ်၊ကံသာကြီးကျေးရွာရှိ တောင်သူကြီး(၁၇)ဦး၏ ယာခင်းများတွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်း ကြောင်း၊ ၎င်း ဓာတ်ငွေ့ပိုက်လိုင်းမှာ တရုပ်ပြည်သို့ ပို့ပေးမည့် ဓာတ်ငွေ့ပိုက်လိုင်းကြီးမှ ခွဲထွက်၍ မြန်မာနိုင်ငံအတွက် အသုံးပြုနိုင်ရန် ရန်ကုန်မြို့ဘက်သို့ပို့ဆောင်ပေးသော ဓာတ်ငွေ့ပိုက်လိုင်းငယ်ဖြစ်ကြောင်း၊ ယင်းပိုက်လိုင်းဆက်သွယ်ခြင်း လုပ်ငန်းများကို တရုပ် စမတ်ကုမ္ပဏီမှ ဆောင်ရွက်ပေးနေကြောင်း၊ ဓာတ်ငွေ့ပိုက်လိုင်း စတင်ဖြတ်သန်းစဉ်မှ ယနေ့အပြီးသပ်မြေဖို့ရန်အထိ (၃)လအချိန်ကာလ ကြာမြင့်သည့်အထိ ယင်းတောင်သူကြီး(၁၇)ဦးအား မည်သူကမျှ နစ်နာဆုံးရှုံးမှု လျော်ကြေးမပေး ကြောင်း၊ မင်းဘူးဘက်မှ တရုပ်ဓာတ်ငွေ့ပိုက်လိုင်းမှာ တောင်သူ ယာခင်းရှင်များအတွက် တဧက သိန်းနဲ့ချီပြီး လျော်ကြေးပေးပါကြောင်း၊ ယခု ပိုက်လိုင်းကိစ္စလျော်ကြေးမရ၍ ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးနေရကြောင်း (၆-၉-၂၀၁၂)နေ့မှာ NLD မကွေးခရိုင်ကော်မရှင် ဦးစိုးမိုးမှ ပြောဆိုသတင်းပေးပါသည်။ ``(၃-၉-၂၀၁၂)နေ့ ညနေပိုင်းမှာ ကံသာကြီးကျေးရွာ NLD ဦးကိုကိုဦးက ကျွန်တော့်ဆီကို ဖုန်းဆက်ပြောကြားပါတယ်။ ကံသာကြီးကျေးရွာ တောင်သူများက ယာမြေများအတွင်းဖြတ်သန်းခဲ့တဲ့ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ လျော်ကြေးမရလို့ ဆန္ဒပြကြမည်လို့ အသိပေးပါတယ်။ ကျွန်တော့်အနေနဲ့ ဆန္ဒပြခြင်းကို မပြုလုပ်ကြရန် ကျွန်တော်နဲ့ ဆရာဦးချစ်ထွေး (NLD တိုင်းကော်မရှင်) တို့လာခဲ့မယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။ (၄-၉-၂၀၁၂)နေ့မှာ ကျွန်တော်နဲ့အတူ ဆရာဦးချစ်ထွေး နှင့် အဖွဲ့ဝင်စုစု ပေါင်း(၇)ဦး အဲဒီရွာကို သွားရောက်ခဲ့ပါတယ်။ တောင်သူများက ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းမှ ဘက်ဘိုး(၂)စင်းနဲ့ ယာမြေများအားတူးဖော်နေတဲ့ လုပ်ငန်းခွင် ယာခင်းထဲက စောင့်ကြိုနေကြပါတယ်။ ဓာတ်ပုံထဲကအတိုင်း သီးနှံများစိုက်ပျိုး ထားတဲ့ စိုက်ခင်းထဲကို မြေစာများ စုပုံထားတာတွေ့ရပါတယ်။ အဲဒီတောင်သူများရဲ့ ဆန္ဒကို မေးမြန်းပါတယ်။ ယခု ဓာတ်ငွေ့ပိုက်လိုင်းတူးဖော်စဉ်ကထဲက သက်ဆိုင်ရာမှ မည်သူတစ်ဦး တစ်ယောက်ကမျှ တစ်စုံတစ်ရာလာရောက် ပြောဆိုခြင်းမပြုကြပါဘူး။ အစိုးရက လျော်ကြေးပေးမယ်လို့ကြားသိရပါတယ်။ ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းဖို့ အကျယ်ပေ (၅၀)အကွာမြေများကိုသိမ်းပါတယ်။ ဒါပေမယ့် ယခု မြေစာတွေချတော့ သတ်မှတ်ထားတဲ့ မြေကိုသာအသုံး မပြုဘဲ အပြင်ယာခင်းထဲက သီးနှံပင်များအထိ မြေစာများကို ပုံထားကြပါတယ်။ ယာခင်းအလယ်မှာ မြေကျင်းကြီးတွေ တူးသွားခံရတော့ မြေကျောများပြတ်ပြီး သီးနှံတွေလည်း မဖြစ်ထွန်းတော့ပါဘူး။ ဒီကိစ္စတွေကို မခံနိုင်လွန်းလို့ မကြေနပ်လွန်းလို့ (၃-၉-၂၀၁၂)နေ့မှာ ဘက်ဘိုးပေါ်ကိုတက်ပြီး ယာခင်းရှင်များက မကြေနပ်ကြောင်း၊ သက်ဆိုင်ရာမှ မတရားမှုသာ ဖြစ်ကြောင်း တို့ကို ရွာသားများက စည်းဝေးဟောပြောကြတယ် ဆိုပါတယ်။ ကျွန်တော်တို့ရောက်သွားစဉ်မှာ လည်း တောင်သူများက သူတို့ကို လျော်ကြေးပေးမည်ဆိုလျှင်လည်း အဖြူအမဲ သဲကွဲအောင် ဆောင်ရွက်ပေးကြပါလို့ ကျွန်တော်တို့NLDအဖွဲ့ကို အကူအညီတောင်းခံနေကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဲဒီနေ့က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖုန်းဆက်ပြီး အကျိုး အကြောင်းပြောပြပါတယ်။ ရွာက တောင်သူများကို ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တောင်သူများနဲ့ ညှိနှိုင်းပြီး ကံသာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးကနေ တဆင့် စာတင်ပေးဖို့ ပြောပါတယ်။ ဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင် အိမ်ကို အဲဒီတောင်သူများကို ခေါ်ပြီး လိုအပ်ချက်များကို မေးမြန်းပါတယ်။ သူတို့က မြေယာနဲ့ သီးနှံများပျက်စီးသွားလို့ နစ်နာဆုံးရှုံးမှုအတွက် အမြန်လျော်ကြေးငွေများရချင်ကြပါတယ်။ တောင်သူများကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို (၅-၉-၂၀၁၂)နေ့က စာတင်လိုက်ကြပါတယ်ခင်ဗျာ..။´´ ဟု ဦးစိုးမိုး မှ ပြောကြားသွားပါသည်။
 

`မကွေးမြို့နယ်NLD (၂-၉-၂၀၁၂)နေ့ ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရေး ဗဟိုမှ လက်မခံ´

(၂-၉-၂၀၁၂) နေ့ နံနက်(၁၀)နာရီအချိန် မကွေးမြို့ မြင်သာရပ်ကွက် မဲထီလမ်းရှိ မကွေးမြို့နယ် NLD ရုံးအစည်းအဝေးခမ်းမ တွင် မကွေးမြို့နယ်NLD ညီလာခံကော်မရှင် ပြန်လည်ရွေးချယ်ရန်ဆွေးနွေးကြကြောင်းသတင်းရရှိ ပါသည်။ မြို့နယ်NLD အဖွဲ့ဝင်(၁၀၀)ခန့်နှင့် ခရိုင်ညီလာခံအဖွဲ့တို့တက်ရောက်ကြောင်းသိရ၏။ ကော်မရှင်ရွေးချယ်ရေးကိစ္စ၊ မြို့နယ်အဖွဲ့ဝင်များတစ်ဦးချင်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ကြသည်။ မကွေးမြို့နယ် ညီလာခံကော်မရှင် ပြန်လည်ဖွဲ့စည်းရေးကို မဖွဲ့စည်းဖြစ်တော့ကြောင်း၊ NLD အဖွဲ့ဝင် ဦးရဲတင့်မှ ဤသို့ပြောကြားသည်။ `ပြန်လည်ဖွဲ့စည်းဖို့ရန်အတွက် NLD ဗဟိုမှ လက်မခံတဲ့အတွက် မဖွဲ့စည်းကြတော့ဘူး၊ နောက်ထပ် ထပ်တိုးဖို့ရန်အတွက် လည်း ထပ်မံပြီး မတိုးချင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)ကချမှတ်ထားတဲ့အတိုင်း မြို့နယ်ကော်မရှင်(၁၆) ယောက်ပဲ ထားပြီး သူတို့က ရုံးလုပ်ငန်းများကိုသာဆက်လက်လုပ်ကိုင်ကြတော့မယ်ဆိုပြီး သဘောတူကြတယ်။ အဲ နောက်ဆက်တွဲအရေးကြီးတာတစ်ခုပြောအုံမယ်။ တော်ကြာ သတင်းထောက်ကို သူတို့ကရစ်နေကြအုံးမယ်။ ယခု ခရိုင်အဖွဲ့ကနေ ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ကို မကြေနပ်ကြတဲ့အကြောင်း မြို့နယ်အဖွဲ့ကနေ NLDဗဟိုသို့စာရေးပြီး ဆက်လက်တင်ပေးသွားမယ်လို့ ပြောကြပါတယ်။´ဟု ဦးရဲတင့်မှ ပြောကြား၍ သတင်းရယူခဲ့ပါသည်။