`မကွေးမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် မဲဆန္ဒရှင်များ တွေ့ဆုံ´

နိုဝင်ဘာ(၁)ရက်နေ့၊ နေ့လည်(၁)နာရီခွဲ မှ (၃)နာရီအထိ မကွေးမြို့နယ် ညောင်ကန်တိုက်နယ် ကြာကန်ကျေးရွာအုပ်စု နှင့် အုပ်စုတွင်းကျေးရွာပေါင်း(၁၀)ရွာရှိ မဲဆန္ဒရှင်များအား မကွေးမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တို့ တွေ့ဆုံကြ၍ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မြေယာသိမ်းဆည်းခြင်းကိစ္စတို့ ဆွေးနွေး တိုင်ပင်ကြကြောင်း မြန်မာပို့စ် က သတင်းရရှိပါသည်။ ``ကျွန်တော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပြီး လွှတ်တော်အစည်းအဝေးတက်နေရခြင်း၊ လွှတ်တော်နားတဲ့ အချိန်မှာလည်း လယ်ယာမြေများနှင့် အခြားမြေများ မတရားသိမ်းဆည်းမှုစစ်ဆေးရေးကော်မရှင် အဖွဲ့ထဲမှာ ပါနေတော့ ယခုမဲဆန္ဒရှင်များထံကို မရောက်ဘဲဖြစ်သွားရပါတယ်။ ဒါကြောင့် ယနေ့တော့ ယခုကျင်းပနေတဲ့ လွှတ်တော်မှာ ခွင့်ယူပြီး မဲဆန္ဒရှင်များနဲ့ ပထမဆုံးအကြိမ်လာရောက်တွေ့ဆုံရတာပါ။ (ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက် လွှတ်တော်မှ ဖော်ဆောင်ရွက်)ဆိုတဲ့အတိုင်း ပြည်သူသာလျှင်အမိ ပြည်သူသာလျှင် အဖ အဖြစ်နဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင်များ ယနေ့ တွေ့ကြုံနေရတဲ့ အခက်အခဲ အကြပ်အတည်းများကို ရင်ဖွင့်ပြောကြားပေးကြပါ။ ယခု ရပ်ကွက်ကျေးရွာ နှင့် မြို့နယ်အောက်ခြေမှာ ဆောင်ရွက်နိုင်မဲ့ကိစ္စဆိုရင်လည်း ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်။ အောက်ခြေမှာ မဆောင်ရွက်နိုင်တဲ့ ကိစ္စများဆိုရင် လွှတ်တော်အတွင်းမှာတင်ပြဆောင်ရွက်ပေးပါ့မယ်။ အကြောက်တရားကင်းပြီး မိမိပြောချင်တဲ့ ကိစ္စများကို အထောက်အထားခိုင်လုံစွာနဲ့ တင်ပြပေးကြပါ။ ဒါပေမယ့် မဲဆန္ဒရှင်များ တင်ပြပြောကြားချက်များအားလုံးကိုတော့ အောင်မြင်အောင်ဆောင်ရွက်နိုင်ချင်မှ ဆောင်ရွက်နိုင်ပါ့မယ်။ အတတ်နိုင်ဆုံးအောင်မြင်အောင်တော့ ကြိုးစားဆောင်ရွက်ပေး သွားပါ့မယ်။ ကျွန်တော် သဘက်ခါ (၄-၁၁-၂၀၁၂) တနင်္လာနေ့မှာ လွှတ်တော်ကို ပြန်တက်ရမှာပါ။ ကျွန်တော် မကွေးမြို့နယ်အတွင်းမှာ မရှိတဲ့အချိန်အခါမှာ ကျွန်တော်ကိုယ်စား မကွေးမြို့နယ်NLDအဖွဲ့ဝင် (၁၀)ဦးကို ကိုယ်စားလှယ်အဖြစ် လွှဲပေးထားပါတယ်။ နာယက(၂)ဦးအဖြစ် ဦးအောင်စိုး နဲ့ ဦးတင်စိုးဝင်း ပါ။ နောက်(၈)ဦးကတော့ ဦးမြင့်ဦး၊ ဦးမောင်မောင်စိုး၊ ဦးတင်လှ၊ ဦးဘုန်းမော်၊ ဦးအောင်လွင်၊ ဦးချိုတူး၊ ဦးဇော်မိုး နဲ့ ဦးတင်မောင်အေး တို့ဖြစ်ပါတယ်။ မဲဆန္ဒရှင်များရဲ့ အခက်အခဲ အကြပ်အတည်းကိစ္စ ၀ိစ္စများကို သူတို့နဲ့ တိုင်ပင်ဆောင်ရွက်နိုင်ပါတယ်။ သူတို့(၁၀)ဦးကနေ အောက်ခြေမှာ ၀ိုင်းဝန်းဆောင်ရွက်ရမယ့်ကိစ္စ ကို အောက်ခြေမှာ ကူညီဆောင်ရွက်ပေးကြပါလိမ့်မယ်။ အောက်ခြေမှာ မရတဲ့ ကိစ္စများကို ကျွန်တော့်ထံဆက်သွယ်အကြောင်းကြားပြီး အထက် သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြဆောင်ရွက်သွား မှာဖြစ်ပါတယ်ခင်ဗျာ…။´´ ဟု မကွေးမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း ပြောသည်။ ၎င်းပွဲတွင် ဆွေးနွေးတင်ပြသူ(၉)ဦး နှင့် တက်ရောက်လာသူများ(၁၀၀)ဦးခန့်ဖြစ်ကြောင်း မြန်မာပို့စ် က သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့နယ် ညောင်ကန်ကျေးရွာတိုက်နယ်အုပ်စု မှ ရထားလမ်းအတွက် ယာမြေအသိမ်းခံရသော တောင်သူများရင်ဖွင့်´

မကွေးမြို့နယ် ညောင်ကန်တိုက်နယ်အုပ်စု ကြာကန်ရွာ သို့ နိုဝင်ဘာ(၁)ရက်နေ့တွင် NLD ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် မဲဆန္ဒရှင်များနှင့် တွေ့ဆုံကြောင်း မြန်မာပို့စ် မှ သတင်းရရှိပါသည်။ ၎င်းတွေ့ဆုံပွဲမှာ မကွေး- နတ်မောက် မီးရထားလမ်းဖောက်လုပ်ရာတွင် အကောင်းဆုံးယာမြေများ ဧကများစွာ အသိမ်းခံခဲ့ရကြောင်းသိရသည်။ ၎င်း ယာမြေအသိမ်းခံရသော တောင်သူကြီးများမှ သတင်းမီဒီယာများအား သူတို့၏ ဆုံးရှုံးသွားသော မြေနေရာများသို့ ခေါ်ယူပြသ ပြောဆိုပါသည်။ မကွေးမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တွေ့ဆုံပွဲတွင်လည်း တောင်သူ (၉)ဦးမှ အဖြစ်မှန်များကို တစ်ဦးချင်း ရင်ဖွင့်ပြောဆိုကြပါသည်။ တောင်သူများ ပြောကြားချက်များမှ ကောက်နုတ် တင်ပြပေးပါသည်။ ``ကျွန်တော်ကတော့ ညောင်ကန်တိုက်နယ် ကြာကန်ရွာသစ်ကျေးရွာမှ တောင်သူ ဦးအောင်မြိုင် ဖြစ်ပါတယ်။ ယခုမြင်နေရတဲ့ မီးရထားလမ်းဖောက်တဲ့အထဲက ယာဧက(၁၅)ဧက ပါသွားခဲ့ပါတယ်။ မနှစ်က စပြီး သိမ်းသွားတာ (၂)နှစ်ကြာပါပြီ။ ဒီယာတွေထဲမှာ မြေပဲနဲ့ နှမ်းတွေစိုက်စားရတာပါ။ ထန်းပင်တွေလည်း ဆုံးရှုံးသွားခဲ့ပါတယ်။ ထန်းပင်တွေကလည်း တစ်နှစ်အတွင်းတော်တော်ဝင်ငွေကောင်းခဲ့ပါတယ်။ ယခုတော့ လုပ်စားစရာမြေတွေ မကျန်တော့လို့ ခိုင်းနွားတွေကို ရောင်းစားနေရပါတယ်။ ကျွန်တော်တို့တောင်သူတွေအတွက် ယခုအထိ ဘာလျှော်ကြေး နှစ်နာကြေးမှ မပေးကြပါဘူး၊ မိသားစုက (၈)ဦးရှိတော့ စားဝတ်နေရေး တော်တော်ကို ကြပ်တည်းနေကြရပါတယ်။ ကျွန်တော့်လိုဘဲ အခြားမြေယာအသိမ်းခံရတဲ့ တောင်သူတွေအများကြီး နစ်နာဆုံးရှုံးမှုဖြစ်နေရပါတယ်ခင်ဗျာ..။´ ဟု တောင်သူ ဦးအောင်မြိုင်မှ မြန်မာပို့စ် သို့ ပြောသည်။ ``ကျွန်တော်ကတော့ ကြာကန်ကျေးရွာအုပ်စု လေးအိမ်ကျေးရွာမှ လက်လုပ်လက်စား ယာကူလီ ကိုကြွားဖြစ်ပါတယ်။ ယခုလို မြေပဲ၊ နှမ်းစိုက်တဲ့ ယာမြေတွေအများအပြားအသိမ်းခံလိုက်ရတော့ တောင်သူကြီးတွေလည်း ခိုင်းနွားတွေကိုတောင် ရောင်းစားနေရပြီလေ။ ဒီလိုဆို ကျွန်တော့်တို့ ယာကူလီတွေလည်း အလုပ်လက်မဲ့ ဖြစ်ပြီး စားရေးသောက်ရေးကို တော်တော်ခက်ခဲနေရပါတယ်ခင်ဗျာ..´´။ ဟု ယာကူလီ ကိုကြွားမှ မြန်မာပို့စ် သို့ ပြောဆိုသွားပါသည်။ ``ကျွန်တော်ကတော့ ညောင်ကန်တိုက်နယ် ပုဂံမျှော်ကျေးရွာက တောင်သူ ဦးအော် ဖြစ်ပါတယ်။ ဒီရထားလမ်းတွေကို ကျွန်တော်တို့ ရွာဘက်တွေမှာလည်း အများကြီးအသိမ်းခံလိုက်ရပါတယ်။ မြေအသိမ်းခံလိုက်ရယုံမကပါဘူး။ ယခု လို သူတို့ စက်ကြီးတွေနဲ့ တူးပြီး စွန့်ပစ်မြေပုံတွေကိုလည်း ကျန်တဲ့ ယာမြေတွေအပေါ် ပုံထားကြပါတယ်။ မီးရထားလမ်းက မနှစ်ကစပြီး ဒီနှစ်ဆိုရင် (၂)နှစ်ရှိနေပါပြီ။ ဘယ်ကမျှ လျှော်ကြေးမပေးကြပါဘူး၊ ရထားလမ်းဖောက်ဖို့ ယာမြေတွေကို သက်ဆိုင်ရာမြေစာရင်းဌာနက လာရောက်မြေတိုင်းတာကြပါတယ်။ အဲဒီတုန်းကလည်း မြေအသိမ်းခံရတဲ့အပြင် မြေယာ တိုင်းတာရေးအတွက်ဆိုပြီး တစ်ဧက (၁၅၀၀)ကျပ်လည်း ပေးလိုက်ရပါသေးတယ်။ ဒါကြောင့် ဆရာတို့ သတင်းမီဒီယာသမားများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တို့အနေနဲ့ သက်ဆိုင်ရာကို အမြန်ဆုံး တင်ပြဆောင်ရွက်ပေးစေလိုပါတယ်ခင်ဗျာ..´´ဟု တောင်သူ ဦးအော် မှ မြန်မာပို့စ် သို့ ပြောသည်။ နယ်မြေခံတောင်သူ(၉)ဦးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တွေ့ဆုံပွဲတွင်လည်း အသီးသီးထပ်မံ ရင်ဖွင့်၍ အကူအညီတောင်းခံသွားကြောင်း၊ ယာမြေအသိမ်းခံရသူတောင်သူ(၃၅)ဦးခန့်၏ ယာမြေဧကပေါင်း(၅၀)ခန့် ရှိကြောင်း၊ မြေယာသိမ်းခြင်းနှင့်ပတ်သက်၍ လယ်ယာမြေများနှင့် အခြားမြေများ မတရားသိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်သို့ အမြန်တင်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ဖြေကြားကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့ မြစ်ကွေ့ဧရာလူမှုကွန်ယက်နှင့် Ecodev တို့၏ ပတ်ဝန်ကျင်ရေးရာ ပြည်သူ့စစ်တမ်း ကောက်ယူနိုင်ကြရန် ဆွေးနွေးဟု သိရ ´

နိုဝင်ဘာ(၁၆)ရက်နေ့ နေ့လယ်ပိုင်းတွင် မကွေးမြို့ မဟာဝိသုတာရာမကျောင်းတိုက်(မြောက်စာသင်တိုက်) မှာ မြစ်ကွေ့ဧရာလူမှုကွန်ယက်နှင့် Ecodev တို့၏ ပတ်ဝန်းကျင်ရေးရာ ပြည်သူ့စစ်တမ်း ဆွေးနွေးပွဲပြုလုပ်ကြောင်း မြန်မာပို့စ် က သတင်းရရှိပါသည်။ ၎င်း အခမ်းအနားအား မြစ်ကွေ့ဧရာလူမှုကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ ဒု ဥက္ကဋ္ဌ ဦးခင်မောင်ကြည်၊ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်၊ တွဲဘက်အတွင်းရေးမှူး ဦးအောင်နိုင်ဦး နှင့် ဖိတ်ကြားထားသော အဖွဲ့ဝင်များ၊ ဧည်သည်များ (၃၀)ခန့်တက်ရောက်ကြသည်။ ၎င်းဟောပြော ဆွေးနွေးပွဲတွင် ဦးအောင်နိုင်ဦးမှ အဖွင့်မိတ်ဆက် နှင့် နိဂုံးချုပ်ကျေးဇူးတင်စကားဆို၏။ ဦးခင်မောင်ဇော် မှ (ဂေဟာစနစ်အခြေခံ နှင့် ရာသီဥတုပြောင်းလှဲခြင်း) အားပြောသည်။ ဦးအောင်ကျော်ကျော်မှ (ရေ မြေ လေ ဆက်စပ်မှု နှင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှုများကို ဆန်းစစ်ခြင်း) အားပြောသည်။ ဦးတင်အောင်ထွန်း မှ( ERC နှင့် ERC ပြုလုပ်ရခြင်း) တို့အား အသီးသီးပြောကြားသည်။ ဦးတင်အောင်ထွန်း ပြောဆိုရာတွင် (Environmental Impact Assessment) သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုများအား အသေးစိတ်ရှင်းလင်းပြောဆို၍ EIA ကို အမေရိကန်နိုင်ငံတွင်(၁၉၆၀)နှောင်းပိုင်းများ၌ စတင်ကျင့်သုံးကာ နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့အခြားနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးခဲ့သည် ဆို၏။ (Environmental Report Card) ပတ်ဝန်းကျင်ရေးရာပြည်သူ့စစ်တမ်း ကောက်ယူနိုင်ရန် မကွေးခရိုင်အတွင်းမှ မြို့နယ်(၈)မြို့နယ်မှာ သင်တန်းများပို့ချပေးမည်ဆို၏။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆောင်တာကိစ္စများမှ ပတ်ဝန်းကျင်ရေးရာပြည်သူ့စစ်တမ်းကောက်ယူခြင်းသည် သဘာဝ ပတ်ဝန်းကျင်ပျက်စီးနေခြင်းမှ ထိမ်းသိမ်းကာကွယ်ရန် လူသားထုတစ်ရပ်လုံး၌ တာဝန်ရှိပါသဖြင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါဆို၏။ မိမိတို့၏ နယ်မြေများတွင် စက်ရုံ အလုပ်ရုံများ စီမံကိန်းကြီးများ မဆောက်လုပ် မစတင်မှီမှာ ပတ်ဝန်းကျင်၏ ဆိုးကြိုး ကောင်းကြိုးများကို ကြိုတင်စစ်တမ်းထုတ်ယူခြင်း ဖြစ်သည်ဟုဆိုသည်။ အစိုးရပိုင်နှင့် ကုမ္ပဏီများ၏ စက်ရုံများနှင့် စီမံကိန်းများအားလုံးကို ကန့်ကွက်တားဆီးကြရန်အတွက် မဟုတ်ပါကြောင်းသိရသည်။ ဤစက်ရုံ စီမံကိန်းများသည် သဘာဝပတ်ဝန်းကျင်အား အမှန်တစ်ကယ်ထိခိုက်ပျက်စီး ဆုံးရှုံးမည်ဆိုပါလျှင် စက်ရုံ စီမံကိန်းများ မစတင်မီအချိန်မှာ ဤ ပြည်သူ့စစ်တမ်းအမှန်များကို သက်ဆိုင်ရာနယ်မြေဒေသအလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များမှ တဆင့် လွှတ်တော်အဆင့်ဆင့်ထံသို့ တင်ပြပေးသွားမှာ ဖြစ်ပါကြောင်း ဦးတင်အောင်ထွန်း ၏ ပြောကြားချက်များအား မြန်မာပို့စ် က သတင်းရယူခဲ့သည်။ ၀ိုင်းကြည်အောင်
 

` မင်းဘူးခရိုင် အာဏာပိုင်မှ သွေးမေတ္တာ သွေးလှူရှင် ပရဟိတ(ရန်ကုန်) အသင်းရုံးခွဲ အား မင်းဘူးမြို့တွင် ဆိုင်းဘုတ်တင်ခွင့်မပြု ဟု သိရ´

နိုဝင်ဘာ(၆)ရက်နေ့၊ နံနက်(၈)နာရီအချိန် မင်းဘူးမြို့ ရွှေတပင်မြို့သစ် (၄)လမ်း နေ ဆရာမ ဒေါ်မြယွန်းမေ ၏ နေအိမ်တွင် သွေးမေတ္တာ ပရဟိတအသင်း(ရန်ကုန်) ရုံးခွဲ ဖွင့်လှစ်ရန် ဆိုင်းဘုတ်တင်ပွဲ သို့ ဖိတ်ကြားသောကြောင့် မြန်မာပို့စ် က သွားရောက်ခဲ့သည်။ ယင်း သွေးမေတ္တာ ပရဟိတအဖွဲ့မှာ ရန်ကုန်မြို့တွင် ရုံးချုပ်ဖွင့်လှစ်၍ မြို့နယ်(၁၁)မြို့နယ်၌ သွေးမေတ္တာ ပရဟိတ(ရုံးခွဲ) များ ဖွင့်လှစ်ထားသည်ဟု သိရသည်။ ၎င်း သွေးမေတ္တာရုံးခွဲများကို ဆေးရုံများနှင့် အနီးကပ်ဆုံးနေရာများတွင် ဖွင့်လှစ်ထားကြောင်း ၊ အမှုဆောင်(၁၁)ဦး နှင့် ပရဟိတ အမာခံ အကျိုးတော်ဆောင်(၂၀) ခန့် ရှိကြောင်း၊ သွေးမေတ္တာ အလှူရှင် အသင်းသားပေါင်း(၁၀၀၀)ကျော်ခန့်ရှိကြောင်း၊ ဒု ဥက္ကဋ္ဌ မှာ ရုပ်ရှင်သရုပ်ဆောင် ဝေဠူကျော် နှင့် အကျိုးတော်ဆောင် ဒါရိုက်တာ အောင်ခိုင် တို့နှင့် အနုပညာရှင်(၂၀)ဦးခန့်ရှိကြောင်း၊ (၁-၁-၂၀၀၃) နေ့မှာ ရန်ကုန်မြို့ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ စက်မှု(၂)လမ်း တွင် ရုံးချုပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်း သွေးမေတ္တာ ပရဟိတ(ရန်ကုန်)၏ လှုပ်ရှားမှုများအား သတင်းဂျာနယ်များနှင့် အွန်လိုင်းမီဒီယာများမှာ ဖော်ပြထားကြောင်း၊ ယခု မင်းဘူးရုံးခွဲဖွင့်ပွဲမှာ ရုပ်ရှင်သရုပ်ဆောင် မင်းသားဝေဠုကျော် နှင့် အနုပညာရှင်များ လာရောက်ရန် စီစဉ်ထားကြောင်း ဥက္ကဋ္ဌ ဦးမြတ်ကျော်(ဖုန်း ၀၉-၄၂၀၁၁၉၃၅၄) မှ မြန်မာပို့စ် ကိုပြောပါသည်။ မင်ဘူးမြို့တွင် ဆရာမ ဒေါ်မြယွန်းမေ (ဖုန်း ၀၉-၄၂၁၇၂၂၈၀၃) မှ သွေးမေတ္တာ (မင်းဘူး)ရုံးမှာ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူး ဦးမြင့်ဆွေ၊ အဘိဓမ္မာတောင်သာ သမားတော် ဥက္ကဋ္ဌ ဦးသိန်းတို့ နှင့် သွေးမေတ္တာ သွေးလှူရှင် လူငယ်အဖွဲ့ဝင်(၂၀)ခန့် အင်အားရှိကြောင်းသိရသည်။ ၎င်းတို့၏ သွေးမေတ္တာ အသင်းရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအား မင်းဘူးခရိုင် အာဏာပိုင်များမှ ခွင့်မပြုကြောင်းသိရသည်။ သွေးမေတ္တာ သွေးလှူရှင် ပရဟိတအသင်း (မင်းဘူး) ရုံးခွဲကို အဘယ်ကြောင့် ဖွင့်ခွင့်မပေးကြောင်း မေးမြန်းရာ သွေးမေတ္တာ ပရဟိတအသင်း(ရန်ကုန်) သည် အသင်းမှတ်ပုံတင်ခွင့်ပြုချက်မရှိသေး၍ မင်းဘူးမြို့တွင်လည်း ဖွင့်ခွင့်မပေးကြောင်း၊ ဆိုင်းဘုတ်တင်ခွင့်မပြုကြောင်း၊ ယခုလို ဆိုင်းဘုတ်တင်ပြီး ရုံးဖွင့်ခွင့်မပြုသော် လည်း သွေးလှူဒါန်းသော ကိစ္စများအား လူမျိုး၊ဘာသာမရွေး၊ ဆင်းရဲ၊ ချမ်းသာမရွေး ဆက်လက်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ သွေးလိုအပ်လျှင်(ဖုန်း ၀၉-၄၂၁၇၂၂၈၀၃)ဆက်သွယ်နိုင် ကြောင်း သွေးမေတ္တာ ပရဟိတအသင်း(မင်းဘူး)ရုံးခွဲ အတွင်းရေးမှူး ဦးမြင့်ဆွေမှ မြန်မာပို့စ် ကိုပြောသည်။
 

`NLD မကွေးခရိုင်ညီလာခံကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့မှ တိုက်နယ်အုပ်စု ကျေးရွာများတွင် စည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များရွေးချယ်´

နိုဝင်ဘာ(၆)ရက်နေ့မှစတင်၍ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာအုပ်စုတွင် ကျေးရွာညီလာခံကော်မရှင်များရွေးချယ် သည်ဟု သတင်းရရှိပါသည်။ ၎င်း နေ့တွင် သစ်ရာကောက်ကျေးရွာအုပ်စု NLD ရုံးတွင် မကွေးခရိုင်ညီလာခံကော်မတီဝင် ဦးရဲတင့် နှင့် မကွေးမြို့နယ်ညီလာခံကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် တို့နှင့် ပါတီဝင်စုစုပေါင်းအင်အား(၇၀)ဖြင့် ကျင်းပကြောင်း သိရသည်။ တက်ရောက်လာသော သစ်ရာကောက်တိုက်နယ်အုပ်စု NLD ပါတီဝင်များမှ ကျေးရွာစည်းရုံးရေး အလုပ်အမှုဆောင်(၁၁)ဦး အားရွေးချယ်ကြသည်။ ၎င်း အလုပ်အမှုဆောင်(၁၁)ဦးထဲမှ ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး နှင့် အဖွဲ့ဝင်များရွေးချယ်၍ NLDမကွေးမြို့နယ် ညီလာခံသို့တက်ရောက်ရန် တိုက်နယ်အုပ်စု တစ်စုလျှင် ညီလာခံကိုယ်စားလှယ်(၃)ဦးအားထပ်မံရွေးချယ်ကြမည်ဆို၏။ ၎င်း ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ်ရွေးချယ်ပွဲအထိ အတည်ဖြစ်ကြောင်း မကွေးမြို့နယ် NLD ပါတီဝင်ပြန်ကြားရေးတာဝန်ခံ ဦးအောင်လွင် မှ ပြောသည်။ အလားတူ တိုက်နယ်အုပ်စု ကျေးရွာစည်းရုံးရေးအလုပ်အမှုဆောင်အဖွဲ့များနှင့် NLDမကွေးမြို့နယ် ညီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များ ရွေးချယ်ပွဲများကို နိုဝင်ဘာ(၇)ရက်နေ့တွင် စမ်းမကြီးကျေးရွာ၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အလယ်ဘိုကျေးရွာ၊ နိုဝင်ဘာ(၉)ရက်နေ့တွင် ညောင်ကြတ်စမ်းကျေးရွာ၊ နိုဝင်ဘာ(၁၀)ရက်နေ့တွင် ဆူးပစ်စမ်းကျေးရွာ၊ နိုဝင်ဘာ(၁၁)ရက်တွင် လယ်ယားကျေးရွာ၊ နိုဝင်ဘာ(၁၂)ရက်နေ့တွင် မြင်းစိုင်းကျေးရွာ၊ နိုဝင်ဘာ(၁၃)ရက်တွင် ယင်းသာစည်ကျေးရွာ နှင့် နိုဝင်ဘာ(၁၄)ရက်နေ့တွင် လက်ပံတောကျေးရွာအုပ်စုများတွင် အသီးသီး ဆက်လက်၍ ကျင်းပ ရွေးချယ်သွားကြမည်ဟု မကွေးမြို့နယ် NLD ပါတီဝင်ပြန်ကြားရေးတာဝန်ခံ ဦးအောင်လွင် မှ မြန်မာပို့စ် ကိုပြောသည်။ ၀ိုင်းကြည်အောင်
 

` မကွေးမြို့နယ် ပဌနဂိုရ် MPPE စွမ်းအင်ဝန်ကြီးဌာန မှ နှစ်(၃၀)ကြာသိမ်းဆည်းခဲ့သော ယာမြေများအား မူလပိုင်ရှင် တောင်သူများထံသို့ပြန်လည်ပေးအပ်ပွဲမှာ တောင်သူများမှ ကျန်(၆၃.၁၆)ဧက ကိုထပ်မံတောင်းခံ´

မကွေးတိုင်းဒေသကြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် နှင့် မြေယာကော်မတီအဖွဲ့သည် နိုဝင်ဘာ(၁၆)ရက် နေ့ နံနက်(၁၁ နာရီမှ ၁၂း၃၀)နာရီအချိန်အတွင်း စွမ်းအင်ဝန်ကြီးဌာန၏ ပဌနဂိုရ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနှ (MPPE) အစည်းအဝေးခမ်းမမှာ စွမ်းအင်ဝန်ကြီးဌာန၏ မကွေးမြို့နယ်၊ ပဌနဂိုရ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနမှ (၁၉၈၄)ခုနှစ်မှ (၂၀၁၂)ခုနှစ်ထိ နှစ်ပေါင်း(၃၀)ကြာ သိမ်းယူထားခဲ့သော ယာမြေများအား မူလပိုင်ရှင် တောင်သူများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း မဇ္ဈိမ မှ သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ၏ ပြောကြားချက်များမှ ကောက်နုတ်တင်ပြပါသည်။ `ကျွန်တော်တို့နိုင်ငံသည် လက်ရှိအခြေအနေမှာ ပုဂ္ဂိုကကဏ္ဍကိုကူးပြောင်းခဲ့ပြီဖြစ်တဲ့အတွက် စီမံကိန်းမြေဧရိယာ ပိုသော ယာမြေများကို စွမ်းအင်ဝန်ကြီးဌာန စီမံကိန်းက ပြန်ပေးခြင်းဖြစ်ပါတယ်။ အမှန်တစ်ကယ်အသိမ်းအဆည်းခံထားရတဲ့ တောင်သူတွေရဲ့လက်ဝယ်သို့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စိုက်ပျိုးချိန်မှီအောင်၊ ဆက်စပ်နေတဲ့ တောင်သူအချင်းချင်း အညင်းမပွားဖို့ရယ်၊ ယခုလက်ရှိ မြေယာဥပေဒေနဲ့လည်း ညီညွတ်အောင် ခရိုင်မြေယာကော်မတီက လာရောက်ပြီး ပြန်လည်ခွဲဝေပေးအပ်ခြင်းဖြစ်ပါတယ်။ တောင်သူတစ်ဦးချင်းရဲ့ မြေယာတွေကို စီမံကိန်းလုပ်ငန်းထဲမှာပါသွားတဲ့ ဧက နဲ့ ကျန်ရှိလို့ ပြန်ပေးတဲ့ ယာမြေဧကများကို မြေစာရင်းဌာန ဦးပိုင်စာရင်းအတိုင်းရှင်းလင်းဖတ်ကြားပေးပါ့မယ်။ အဲဒီစာရင်းမှာ ဦးပိုင်အမည်များ ကွဲလွဲခဲ့သည်ရှိသော် တစ်ဦးချင်းမှ ပြန်လည်တင်ပြနိုင်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာန မကွေးမြို့နယ်၊ ပဌနဂိုရ် ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာန MPPE မှ ယခင်(၁၉၈၄)ခုနှစ်က သိမ်းဆည်းခဲ့သော(၁၆၇.၂)ဧက ထဲက စက်ရုံ လမ်း အဆောက်အဦးဆောက်လုပ်သုံးစွဲခဲ့တဲ့ မြေယာဧက(၆၃.၁၆)ဧကကို နှတ်ပြီး ကျန်ရှိနေသောမြေယာဧက( ၁၀၄.၀၅) ဧကကို မူလပိုင်ရှင်ပေါက် တောင်သူများကို ပြန်လည်ခွဲဝေ ပေးမှာဖြစ်ပါတယ်။ ယခင် နှစ်ပေါင်း(၃၀)ကြာက သိမ်းယူစဉ်ကလည်း သက်ဆိုင်ရာဌာနမှ လျော်ကြေးပေးပြီး စာချုပ်စာရင်းများအရ မြေစာရင်းမှ ပြန်လည်ဖတ်ကြား တင်ပြခွဲပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံးစွဲခဲ့ပြီးတဲ့ မြေဧက(၆၃.၁၆)ကိုတော့ ကျွန်တော်တို့အနေနဲ့ ပေးပိုင်ခွင့်မရှိပါဘူး..။´´ဟု မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် မှ ပြောသည်။ ၎င်း စွမ်းအင်ဝန်ကြီးဌာနမှ (၁၉၈၃-၈၄)ခုနှစ်မှာ မကွေးမြို့နယ် ကွင်းအမှတ်(၁၇၉၉)နဲ့ (၁၈၀၀-ခ)ရှိယာမြေများ ဖြစ်သော ဘုရားကုန်းကျေးရွာ၊ ပေပင်စမ်းကျေးရွာ၊မြစ်သာစည်ကျေးရွာများမှ တောင်သူ(၄၁)ဦးပိုင်ဆိုင်သော ယာမြေများ (၁၀၄.၀၅)ဧကအား ပြန်လည်ခွဲဝေပေးသွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ ထို့နောက် တောင်သူ(၄၁)ဦး၏ မြေယာဧက(၁၀၄.၀၅)ကို မြေစာရင်းဌာနှ လက်ထောက်ဦးစီးမှူး ဦးသန်းတင်မှ တောင်သူတစ်ဦးချင်း၏ အမည် မြေယာဦးပိုင်အမှတ် နဲ့တွဲယဉ်၍ စွမ်းအင်ဝန်ကြီးဌာနမှ အသုံးပြုပြီးဧက နှင့် ကျန်ရှိသောမြေယာဧက များကို ဖတ်ကြားတင်ပြပေးကြောင်းသိရသည်။ ၎င်းနောက် ပြန်လည်လက်ခံရယူမည့် တောင်သူများထဲမှ တောင်သူ(၅)ဦး မှ စီမံကိန်းလုပ်ငန်းများမှာ အသုံးပြုထားသော (၆၃.၁၆)က အမှန်အပြည့်သုံးစွဲထားခြင်း မရှိကြောင်း၊ လက်ရှိ၎င်းကျန်မြေယာ များမှာ MPPE ၀န်ထမ်းများမှ နှစ်စဉ်သီးစားချ၍ လုပ်ကိုင်နေသောမြေများရှိနေကြောင်း၊ အချို့ သုံးစွဲထားသော အဆောက်အဦးများကို ပလပ်မြေနေရာများမှာ ပြောင်းရွှေ့ပေးစေလိုကြောင်း၊ တောင်သူများသည် ယခုသိမ်းဆည်းခံ ထားခဲ့ရသော မြေယာများမှာ (သီးနှံများစိုက်ပျိုးခြင်းမပြုလုပ်ခဲ့ရ၍) တစ်နှစ်လျှင် ငွေကျပ်သိန်းပေါင်း (၂၀၀၀)ကျော် ခန့် တောင်သူများအတွက် နှစ်စဉ်ဆုံးရှုံး နစ်နာခံခဲ့ရ၍ နှစ်ပေါင်း(၃၀)နှင့် ပြန်တွက်လျှင် တောင်သူများနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုတန်ဘိုးများမှာ သိန်းပေါင်းမြောက်များစွာဖြင့် ဆုံးရှုံးအနစ်နာခံခဲ့ရပါ၍ ယခုပေးအပ်ပွဲမှာ ပြန်လည်၍ မရရှိသေးကြသော တောင်သူများနှင့်အတူ ညီတူညီမျှ ပြန်လည်ရရှိကြအောင် ကျန်(၆၃.၁၆)ဧကအား ပြန်လည် ခွဲဝေပေးစေလိုပါကြောင်း၊ ယင်းကိစ္စကို တက်ရောက်လာသူတောင်သူများမှ စုပေါင်းလက်မှတ်ရေးထိုး၍ တောင်းခံသောစာကို စွမ်းအင်ဝန်ကြီးဌာနသို့ လိပ်မှု၍ မိတ္တူအား ခရိုင်အုပ်ချုပ်ရေးမှူးထံစာတင်ခဲ့ကြောင်း၊ မဇ္ဈိမ မှ သတင်းရရှိခဲ့ပါသည်။ ၀ိုင်းအောင်
 

`ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာတွင် ဆီတွဲရထားတိမ်းမှောက်၍ သေဆုံးသူ(၆၀)ဦးထိ ရှိပြီ..ဟု သိရ´

နိုဝင်ဘာ(၉)ရက်နေ့က ချပ်ကြီးဘူတာတွင်သေဆုံးခဲ့သူ(၂၅)ဦးနှင့် နိုဝင်ဘာ(၂၀)ရက်နေ့အထိ ကန့်ဘလူဆေးရုံရှိ ပြင်းထန်စွာဒဏ်ရာရသူ လူနာများမှ သေဆုံးသွားသူပေါင်း(၃၁)ယောက်သေဆုံးပြီဖြစ်ကြောင်း၊ ကန့်ဘလူဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ထားသော မီးလောင်ဒဏ်ရာရသူလူနာ(၂၀)ဦးမှ (၄)ဦးသေဆုံးကြောင်း၊ ထို့ကြောင့် နိုဝင်ဘာ(၂၀)နေ့ထိ သေဆုံးသူစုစုပေါင်း(၆၀)ဦးထိသေဆုံးသွားပြီ ဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ မီးလောင်သော လူနာများမှာ ရက်ရှည်၊လများကုသပေးရမည့် သူများဖြစ်ကြောင်းသိရသည်၊ သို့ပါ၍ ကန့်ဘလူဆေးရုံတွင် တစ်နေ့လျှင်ဆေးဝါးများ သိန်းပေါင်းများစွာဖြင့် ၀ယ်ယူ အကုန်ကျခံသုံးစွဲနေရ၍ ပြည်တွင်း၊ ပြည်ပရှိ အနယ်နယ်အရပ်ရပ်မှ ဆေးဘိုးငွေအလှူရှင်များ လိုအပ်နေပါကြောင်း လှူဒါန်းလိုသူများ ကန့်ဘလူဆေးရုံအုပ် ဖုန်း (၀၇၅-၂၇၀၁၃)၊ ဦးမင်းကြည်ဦး ဖုန်း(၀၉-၆၈၀၈၈၅၀)၊ ဒေါက်တာလှိုင်မြင့်ဟန် (၀၉-၄၇၀၆၆၇၁၃) နှင့် ဦးဇော်လင်းထွန်း (၀၉-၆၄၆၆၂၃၂) တို့ထံ ဆက်သွယ်လှုဒါန်းနိုင်ပါကြောင်း မဇ္ဈိမ က စုံစမ်းသိရှိရသည်။ ၀ိုင်းအောင်
 

`ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာ မှာ ဆီတွဲရထားလမ်းချော်တိမ်းမှောက် မီးလောင်၍ နေရာတွင်(၂၇)ဦးသေဆုံး၊ ဒဏ်ရာရသူ(၁၀၁)ဦးရှိခဲ့ရာမှ နိုဝင်ဘာ(၂၀)ရက်နေ့တွင် သေဆုံးသူ(၅၇)ဦးထိမြင့်တက်´

ပြီးခဲ့သည့် နိုဝင်ဘာလ(၉)ရက်၊ နံနက်(၈း၂၀)နာရီတွင် ကန့်ဘလူမြို့နယ် ချပ်ကြီးဘူတာအ၀င် သံလမ်းချိန်းသော နေရာမှာ အဆန်ရထားအမှတ်(၈၀၇) ဆီတွဲမီးရထား လမ်းချော်တိမ်းမှောက်၍ ဆီများခပ်ယူနေကြသော ရွာသူ၊ရွာသား များနှင့် ဘေးမှဝိုင်းကြည့်နေသူအများအပြားအား နံနက်(၉း၂၀)နာရီမှာ မီးလောင်၍ နေရာတွင်(၂၇)ဦးသေဆုံးပြီး ဒဏ်ရာရသူ(၁၀၁)ဦးရှိကြောင်း သိရသည်။ ၎င်းဖြစ်စဉ်အား သတင်းယူရန် (၁၀-၁၁-၂၀၁၂)နေ့ညနေပိုင်းမှာ ရောက်ရှိခဲ့၏။ အခင်းဖြစ်ပွားသောနေရာတွင် သေဆုံးသူ(၂၇)ဦး၏ ရုပ်ကြွင်းကျန်များကို ၎င်းနေရာမှာပင် စစ်ဆေးပြီး မီးသင်းဂျိုနေခြင်း ကိုကြည့်၍ ချပ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ၏ အိမ်သို့ မြန်မာပို့စ် မှသွားရောက်သတင်းယူခဲ့သည်။ ချပ်ကြီးရွာ အုပ်ချုပ်ရေးမှူး၏ အိမ်တွင်ရောက်ရှိနေသော ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဦးမြင့်ဆွေ မှ ဤသို့ ပြောပြသည်။ `` နိုဝင်ဘာ(၉)ရက် နံနက်(၈း၂၀)မှာ မြို့ဟောင်းဘူတာမှ မြစ်ကြီးနားသို့ ပို့မဲ့ မီးရထား ဆီတွဲ(၁၀)တွဲဖြစ်ပါတယ်။ စီရထား အဆန်အမှတ်(၈၀၇)ဆီတွဲပါ။ MOGE နဲ့ ကုမ္ပဏီပိုင်တဲ့ ဆီတွဲလို့သိရပါတယ်။ ချပ်ကြီးဘူတာအ၀င် သံလမ်းအချိန်း အ၀င်မှာ တွဲလမ်းချောသွားတယ်။ ဓာတ်ဆီ(အောတိန်း)ဂါလံ(၆၄၀၀) မီးရထားတွဲ(၃)တွဲက သံလမ်းရဲ့ အနောက်ဘက်ကို စောင်းပြီးလဲသွားပါတယ်။ ကျွန်တော်တို့လုံခြုံရေးတွေချထားတဲ့ကြားကနေ ရွာသူ ရွာသားတွေက ဖိတ်ကျတဲ့ ဓာတ်ဆီတွေကို လာခပ်ကြပါတယ်။ အဲဒီအချိန်မှာ ကောလင်းရထားကလဲ ချပ်ကြီးဘူတာထဲကို ရောက်လာပါတယ်။ ကောလင်းရထားပေါ်က ခရီးသည်တွေကလဲ တွဲလှဲရာကို လာရောက်ဝိုင်းကြည့်ကြပါတယ်။ နံနက်(၉း၅၀)နာရီကျော်လောက်မှာ တွဲနှစ်တွဲကြားက မီးစပတ်ရိုက်ပြီး အုန်းကနဲအသံထွက်ပြီး မီးထလောင်တယ်၊ရထားတွဲတွေ ပတ်ပတ်လည်ဟာ မီးလွင်ပြင်ကြီးဖြစ်သွားတယ်လို့ သိရပါတယ်။ ဆီခပ်သူများနဲ့ ဘေးက၀ိုင်းကြည့်နေသူများကို မီးလောင်ခံကြရ ပါတယ်။ အချို့ဆိုရင် အ၀တ်အစားတွေချွတ်ပြီး ပြေးရင်း သေသွားကြတယ်လို့ သိရပါတယ်။ သူတို့ ချွတ်ပြေးခဲ့တဲ့ ထဘီ၊ ဘော်လီအင်ကျီတွေ၊ ဘိနပ်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ ယောက်ကျား မိန်းမ မခွဲခြားနိုင်ကြပါဘူး၊ ဦးခေါင်းနဲ့ ကျော်အရေခွန်များသာ ကျန်ကြပါတယ်။ မှုခင်းဆရာဝန်မှ ယောက်ကျား(၁၆)ယောက်၊ မိန်းမ(၇)ယောက် နဲ့ ကျန်တာတွေက ကျား၊ မကိုခွဲခြားလို့မရဘူးပြောပါတယ်။ သူတို့ကို ကောက်ယူခဲ့တဲ့ နေရာလေးတွေမှာ အလံလေးတွေစိုက်ထားပါတယ်။ ဆီခပ်နေတဲ့ မီးလောင်ကွင်းထဲက စုစုပေါင်း(၂၇)ဦးရဲ့အလောင်းတွေကို တွေ့ရပါတယ်။ သေတဲ့သူစာရင်းနဲ့ ပူးတွဲပြီးနာမည်ဖော်ထုတ်ဖို့က ယနေ့ထိ မမှန်ကန်နိုင်သေးပါဘူး။ ဒဏ်ရာရှိသူတွေ ကတော့ စာရင်းရှိပါတယ်။ ကန့်ဘလူဆေးရုံပို့တာ(၈၃)ဦး၊ ချပ်သင်းဆေးရုံပို့တာ (၁၀)ဦး နဲ့ ကျွန်းလှဆေးရုံပို့တာ(၈)ဦးပါ။ ကန့်ဘလူမြို့နယ်ရဲစခန်းမှာ သေမူသေခင်းများဖွင့်ထားပါတယ်။ မီးလောင်မှုကို တော့ စုံစမ်းဆဲဖြစ်ပါတယ်။ ဘာကနေ ဘယ်လို့စပြီးလောင်တယ်ဆိုတာ စုံစမ်းနေပါတယ်။မီးသတ်ကား(၄)စီး ရောက်လာပါတယ်။ မီးသတ်ဆေးနဲ့ စပ်ထားတဲ့ ဆေးနဲ့ မီးငြိမ်းပါတယ်။ နေ့လယ်(၂း၁၅)နာရီမှာ မီးညွှန့်ကျိုးပြီး မီးငြိမ်းသတ်နိုင်ကြပါတယ်။ ညက စစ်ကိုင်းတိုင်းဒေသကြီးက စည်ပင်ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး တို့လာကြပါတယ်။ ယနေ့နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် လာပါတယ်။ ချပ်ကြီးရွာက သေဆုံးသူ(၂၅) ဦးနဲ့ အခြားရွာက(၂)ဦးတို့ကို တစ်ဦး(၂)သိန်းဆီ နာရေးအတွက်ထောက်ပံ့လှူဒါန်းသွားပါတယ်။ ဆေးရုံမှာဒါဏ်ရာရသူများကို တစ်ယောက်(၅)သောင်းဆီ ကူညီလှူဒါန်းတယ်လို့သိရပါတယ်။ ၀န်ကြီးချုပ်အစီအစဉ်နဲ့ မန္တလေးက အထူးကုဆရာဝန်ကြီးတွေ၊ သူနာပြုဆရာမတွေ အင်အားအပြည့်ဖြည့်ပေးမယ်လို့ သိရပါတယ်။ လူနာများကို ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှမြို့က ဝေနေယျသုခ လူမှုကူညီရေးအသင်းများက ကားတွေ အားလုံးအကူအညီ ပေးကြပါတယ်..။´´ဟု ဦးမြင့်ဆွေ မှ မြန်မာပို့စ် ကိုပြောသည်။ ၁၁-၁၁-၂၀၁၂ နံနက်(၇)နာရီတွင် ကျွန်းလှမြို့ဆေးရုံသို့တက်နေသော မီးလောင်သောလူနာများကို မြန်မာပို့စ် မှ သွားရောက်ကြည့်ရာ ၎င်းဆေးရုံမှာတင်ထားသောလူနာ(၈)ယောက်ထဲက လူနာ(၂)ဦးအား ကန့်ဘလူဆေးရုံသို့ ပို့လိုက် ကြောင်း သိရသည်။ ၎င်းနေ့နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မှ လူနာတစ်ဦးလျှင် ငွေကျပ် (၅)သောင်းလှူဒါန်းသွားကြောင်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးမှ ပြောသည်။ ၀န်ကြီးချုပ်မှလည်း လူနာတစ်ဦးလျှင် (၅)သောင်းလှူဒါန်း၍ လူနာတစ်ဦးမှာ ငွေကျပ်(တစ်သိန်း) ရကြောင်း ကျွန်းလှဆေးရုံတက်နေသော လူနာ(၅)ဦးမှပြောသည်။ ၎င်းဆေးရုံမှ လူနာအမျိုးသမီးတစ်ဦးမှာ ကျွန်းလှမြို့မှဖြစ်ကြောင်း၊ ကောလင်းမြို့သို့ ကုန်စိမ်းတက်ဝယ်ပြီးအပြန်တွင် ယခု ဆီတွဲမှောက်နေသောနေရာသို့ (ဈေးထဲရောက်ရင် ပြန်ပြောပြဖို့သတင်းယူ)ရန်အတွက် စပ်စုပြီးသွားရောက်ကြည့်ရှုခဲ့ရာ မီးထလောင်စဉ် သူမဆီသို့ မီးကွင်းကြီးကျလာပြီး လှဲကျသွားခဲ့ကြောင်း အမည်မဖော်လိုသူ ဈေးသည်လူနာရှင်မှ မြန်မာပို့စ် ကိုပြောပြသည်။ ၁၁-၁၁-၂၀၁၂ နေ့မှာ မြေငလျင်လှုပ်ပြီး ကျွန်းလှမြို့မှ ကန့်ဘလူဆေးရုံသို့ မြန်မာပို့စ် သတင်းထောက်သွားရောက်ခဲ့သည်။ ကန့်ဘလူဆေးရုံတွင် မန္တလေးမှ အထူးကုဆရာဝန်များ သူနာပြုများရောက်ရှိပြီး အထူးကြပ်မပ်ကုသ၍ပေးနေကြောင်း မြင်တွေ့ရပါသည်။ ကန့်ဘလူဆေးရုံမှာ တာဝန်ခံဒေါက်တာတစ်ဦးမှ မီးလောင်လူနာပေါင်း(၈၃)ဦး လက်ရှိကုသ၍ပေး နေကြောင်း၊ ဆေးဝါးများလိုအပ်နေကြောင်း ပြောသည်။ လူနာများမှာ အတော်အခြေနေဆိုးဝါးသော လူနာများတစ်ဝက်ခန့် ရှိနေကြောင်း မြင်တွေ့ခဲ့ရပါသည်။ ၎င်းလူနာများအတွက် တစ်ရက်လျှင် Drip/l /N/S ပုလင်းပေါင်း(၂၅၀၀)ခန့်နှင့် အခြားဆေးဝါးများ အရေးပေါ်ကူညီပေးရန် လိုအပ်နေကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောသည်။ ကန့်ဘလူမြို့ ရပ်ကွက်အသီးသီးမှ ပရဟိတအဖွဲ့များက ဆေးရုံရှိလူနာစောင့်များ နှင့် လူနာများအတွက် ထမင်ထုပ်၊ ဆေးဝါးများ လာရောက်လှူဒါန်းနေကြောင်း၊ သက်ဆိုင်ရာဒေသမှ အာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ ကြံခိုင်ရေးပါတီဝင်များ၊ NLD ပါတီဝင်များ၊ ကြက်ခြေနီအဖွဲ့များအားလုံးမှ လာရောက်ကူညီစောင့်ရှောက်၍ လှူဒါန်းပေးကြောင်းကို မြင်တွေ့ခဲ့ရပါ၏။ ထမင်းတစ်နပ်လျှင် ထမင်းထုပ်(၄၀၀)ကျော်ခန့်အား နံနက်ထမင်းတစ်နပ်၊ နေ့လယ်စာ၊ ညနေထမင်း အတွက် လှူဒါန်းနေကြောင်း မြင်တွေ့၍ သတင်းရယူခဲ့ပါသည်။ ကုတင်(၁၀၀)ဆန့် ကန့်ဘလူဆေးရုံမှာ လူနာများပြည့်ကြပ်ပြီး ၀ရံတာအပြင်မှာ နေရာချထားပေးနေရ၍ မည်သည့်လူနာမျှ စကားမပြောနိုင်ပါ၊ ညီးညူ၍ အော်ဟစ်ဆူညံနေကြောင်း မြင်တွေ့ခဲ့ရ၏။ ၎င်း နေ့နံနက်(၇း၄၂)နာရီခန့်တွင် (၆း၈)ပြင်းအားမြေငလျှင် လှုပ်၍ သက်ဆိုင်ရာဒေသမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အချို့နှင့် လူမှုရေးအသင်းအဖွဲ့မှ နာရေးကူညီမှုကားများ မှာ ကန့်ဘလူမြို့နယ် မလယ်ရွာသို့ သွားကြကြောင်း၊ ဆီရထားတွဲမှောက်၍ လောဘ၏ ခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားကြရတဲ့ ချပ်ကြီးဘူတာမှ ဆီခပ်ယူကြသူများ၏ သတင်းထက် ယခုမြေငလျှင်သတင်းက သေဆုံးသူနည်းသော်လည်း ဆုံးရှုံးမှုများမှာ ပိုမိုကြီးကျယ်သွားကြောင်း မြန်မာပို့စ်မှ ကြားသိမြင်တွေ့ခဲ့ရသည်။ နိုဝင်ဘာ(၂၀)ရက်နေ့အထိ သေဆုံးသူ(၅၇)ယောက်သေဆုံးကြောင်း၊ ကန့်ဘလူဆေးရုံမှ မီးလောင်သောလူနာ(၂၀) ယောက်အား ကျွန်းလှမြို့မှ ဝေနေယျသုခ နာရေးကူညီမှုကား၊ မြတ်သုခ နာရေးကူညီမှုကား၊ (၂)စီး နှင့် ကန့်ဘလူ နာရေးကူညီမှုကားများ နှင့် မန္တလေးဆေးရုံကြီးသို့ ပို့လိုက်ကြောင်း၊ နောက်ထပ် ကန့်ဘလူဆေးရုံမှ အခြေအနေဆိုးသော လူနာများအားလည်း ထပ်မံပို့ပေးရန်ရှိသေးသည် ဟု ဝေနေယျသုခ လူမှုရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ မြန်မာပို့စ် သို့ ဖုန်းဆက်ပြောသည်။
 

`ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်းဖွင့်ပွဲ´

အနောက်ကမ်းဖြူကျေးရွာသည် ဆိပ်ဖြူမြို့နှင့်(၂၇)မိုင်ဝေးကွာ၍ ယောချောင်းဘေးတွင်တည်ရှိကြောင်းသိရသည်။ ယောချောင်းရေကြီး ရေလျှံသောဒုက္ခခံရသော ကျေးရွာများဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် အလယ်တန်းအောင်ကျောင်းသား/သူများမှာ ဆိပ်ဖြူမြို့နှင့် ချောက်မြို့များသို့ သွားရောက်၍ ပညာသင်ကြားရသည်ဆို၏။ ဆင်းရဲသော လက်လုပ်လက်စားမိဘများ၏ ကျောင်းသူ/သား သားသမီးများမှာ အလယ်တန်း အောင်လျှင် ကျောင်းမနေနိုင်၍ ကျောင်းထွက်ရသူများ ရှိသည်ဟု ကြားသိရသည်။ ယခုအစိုးရအသစ်လက်ထက် နိုဝင်ဘာ(၁)ရက်နေ့၊ နံနက်(၉)နာရီမှာ ဆိပ်ဖြူမြို့နယ် အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ဖွင့်ပွဲ ကျင်းပနိုင်ကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။ ၎င်းကျေးရွာတွင် အိမ်ခြေပေါင်း(၃၂၀)ရှိ၏။ လူဦးရေ(၁၅၆၈)ဦးရှိသည်။ ထိုကျောင်းသို့ ပတ်ဝန်းကျင်မှကျေးရွာပေါင်း(၂၆)ရွာမှ ကျောင်းသား/သူများ ပညာသင်ယူနိုင်ကြတော့မည်ဟုသိရသည်။ အနောက်ကမ်းဖြူကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား (၆-၆-၂၀၁၂)စတင်ဖွင့်လှစ်ထားခဲ့သည် ဆို၏။ ကျောင်းဆောင်ပေါင်း(၄)ဆောင်ရှိသည်။ နိုဝင်ဘာ(၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အနောက်ကမ်းဖြူကျေးရွာ တွင် အခြေခံပညာ အထက်တန်းကျောင်းဖွင့်ပွဲအား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး နှင့် ဦးဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစိန်လှိုင် နှင့် အနောက်ကမ်းဖြူ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ၎င်း အထက်တန်း ကျောင်းဖွင့်လှစ်နိုင်သောကြောင့် ပခုက္ကူမြို့နယ်တွင်းရှိကျေးရွာ(၄)ရွာနှင့် ဆိပ်ဖြူမြို့နယ်တွင်းမှ ကျေးရွာပေါင်း(၂၂)ရွာတို့ရှိ ကျောင်းသားမိဘများနှင့် ကျောင်းသူ/သားများ အားကိုး အားထားရမည့် အခြေခံပညာအထက်တန်းကျောင်းကြီးဟု ၀မ်းသာအားရ ပြောဆိုနေကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။ ၀ိုင်းကြည်အောင်
 

`ဆိပ်ဖြူမြို့နယ်၊ ကိုးထောင့်ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်းဖွင့်ပွဲ..´

နိုဝင်ဘာ(၁)ရက်နေ့လည်(၂)နာရီအချိန်တွင် ဆိပ်ဖြူမြို့နယ်၊ ကိုးထောင့်ကျေးရွာတွင် အခြေခံအလယ်တန်းကျောင်းဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိပါသည်။ ယခု ခေတ်ပြောင်းချိန် အစိုးရအသစ်၏ ပညာရေးအားပေးမှုကြောင့် နယ်ခံလူထု ၀မ်းသာအားရ ဖြစ်နေကြကြောင်းကြားသိရ၏။ အခြေခံအလယ်တန်းကျောင်းမှာ ကိုးထောင့်ကျေးရွာ၏ အရှေ့ဘက် ဆိပ်ဖြူ-စလင်း ကားလမ်းမကြီးဘေးတွင် တည်ရှိသည်။ ၎င်းရွာတွင် (၁-၆-၁၉၅၃)နှစ်မှစ၍ မူလတန်းကျောင်းဖွင့်လှစ်ခဲ့သည်ဆို၏။ အလယ်တန်းကျောင်း(ခွဲ)အား (၁၈-၉-၁၉၉၆)တွင်ဖွင့်လှစ်ခဲ့၍ ယခု အခြေခံအလယ်တန်းကျောင်းကို (၁၈-၁၀-၂၀၁၂)နေ့တွင်စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဝိုင်း၏အကျယ်မှာ (၇)ဧကရှိသည်။ ကျောင်းသူ ကျောင်းသားဦးရေ(၄၀၆)ဦး၊ မူကြိုကျောင်းသား/သူ(၃၂)ဦး၊ ဆရာ ဆရာမပေါင်း(၁၉)ဦးနှင့် ကျောင်းဆောင်(၅)ဆောင်ရှိကြောင်း၊ ကျေးရွာအိမ်ခြေ(၂၃၀)၊ လူဦးရေပေါင်း(၁၀၂၅)ဦးရှိကြောင်း သိရှိရသည်။ ယင်းကျောင်းဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဆိပ်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းဆောင်အလှူရှင်၊ ကျောင်းသုံးပရိဘောဂနှင့် ကျောင်းသုံးရေကန်အလှူရှင် ဦးတင်ရဲ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ဆရာ ဆရာမများ၊ ကျေးရွာသူ ရွာသားများ၊ ကျောင်းသူကျောင်းသားများ၊ ကိုးထောင့်ရွာဒိုးပတ်အဖွဲ့၊ သိုင်းအဖွဲ့နှင့် အေရိုးဗစ် သရုပ်ပြအကများ ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပကြောင်း မြန်မာပိုပစ် က သတင်းရရှိသည်။ ၀ိုင်းကြည်အောင်
 

` လူကြီးမင်းဖုန်းဆိုင်မှ (၅၀၀၀ိ)တန်ဖုန်း ကံစမ်းမဲကြောင့် မကွေးမြို့မှာ ထိမ်းမနိုင်သိမ်းမနိုင်ဖြစ်´

နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၄)နာရီမှ နံနက်(၁၀)နာရီအချိန်အထိ မကွေးမြို့ ရန်ဝေးရပ် ပြည်တော်သာလမ်း (အဝေးပြေးကားကွင်း) တောင်ဘက်ရှိ လူကြီးမင်းဖုန်းအရောင်းဆိုင်တွင် လူအုပ်ကြီး ကြိတ်ကြိတ်တိုး၍ ၀ိုင်းအုံနေကြသည်။ ယနေ့ (၅၀၀၀ိ)တန်ဖြင့် ဖုန်းကံစမ်းမဲ(၁၀)လုံးရောင်းချပေးမည်ဟု ဂျာနယ်များတွင် ကြိုတင်ကြော်ငြာထားသည်ဆို၏။ လူအုပ်ကြီးမှာ တန်းစီ၍ မရသဖြင့် ကူပွန် (နံပါတ်ဂဏာန်းပါ) ကံစမ်းမဲများကို ၎င်း လူအုပ်ကြီးထဲသို့ကြဲချပေးသည်ဟု သိရသည်။ လူအုပ်ကြီးမှာ ၀ိုင်း၍လုယူကောက်ကြရသည်။ ထိုအချိန်တွင် ပြည်တော်သာလမ်းမကြီးပေါ်တွင် ယာဉ်သွား ယာဉ်လာများ ခေတ္တပိတ်သွားသည်။ လူကြီးမင်းဖုန်းဆိုင်၏ အရှေ့ဘက်ရှိ လက်ဖက်ရည်ဆိုင် နှင့် အနောက်ဘက်မှ အသုတ်ဆိုင်များတွင်းသို့ထိ လူအုပ်ကြီးမှာ တိုးဝင်လာကြသည်ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ မဇ္ဈိမသို့ပြောသည်။ ``ကျွန်တော်တို့ဆိုရင် မနက်(၄)နာရီက လာပြီးတန်းစီနေတာပါ။ လူအုပ်ကြီးကများပြားလာတော့ တန်းမစီနိုင်တော့ဘဲ ကံစမ်းမဲကူပွန်လက်မှတ်တွေကို ကြဲချတယ်ဗျာ..။ ၀ိုင်းပြီးလုယူကြရတာပေါ့။ ဒီလိုလုပ်တာမကောင်းပါဘူး။ နောက်ပြီး ယခု နံနက်(၁၀)နာရီအထိ လက်မှတ်ရတဲ့သူတွေက သူတို့ဆိုင်ရှေ့မှာစောင့်နေကြတယ်။ ကံစမ်းမဲကို ဘယ်အချိန်ဖွင့်မယ်လဲ မပြောကြဘူး။ လူအုပ်ကြီးက များလွန်းလို့ ထိမ်းမနိုင်ဖြစ်တော့ သူတို့က ဆိုင်ပိတ်ပြီး နောက်ပေါက်ကထွက်သွားတယ်ဗျာ..။ နောက်ပြီး အချို့ကံစမ်းမဲကူပွန်လက်မှတ်ရသူတွေက လက်မှတ်တစ်စောင်ကို (၃၀၀၀ိ/၅၀၀၀ိ)ကျပ်နဲ့ ပြန်ရောင်းစားကြ တယ်လေ..။ ဖုန်းအလုံးရေဘယ်လောက်ဖွင့်ပေးမယ်၊ ကံစမ်းမဲအစောင်ရေဘယ်လောက်ဝေထားတယ်ဆိုတာလဲမသိရဘူး။ သူတို့လက်ထဲမှာ ကူပွန်လက်မှတ်တွေကိုင်ပြီး ဆိုင်ကိုဇွတ်ပိတ်သွားကြတယ်။ တာဝန်ရှိသူတစ်ဦးကတော့ ဘယ်၍ဘယ်လို ဘယ်အချိန်မှာ ကံစမ်းမဲဖွင့်ပေးပါ့မယ်လို့ ထွက်ပြီးကြေငြာပေးသင့်ပါတယ်ဗျာ..။ ယခုတော့ ဒီနေ့ဖွင့်မလား၊ မနက်ဖြန်မှ ဖွင့်မလား မသိရတော့ ကျွန်တော်တို့ ကူပွန်ကံစမ်းမဲလက်မှတ်ရထားသူတွေမှာ လူကြီးမင်းဖုန်းဆိုင်(မကွေး)ကနေ မပြန်နိုင်ဘူး ဖြစ်နေကြပါတယ်ဗျာ..။´´ဟု ကံစမ်းမဲလက်ရသူ တစ်ဦးမှ လက်မှတ်ကိုပြ၍ မဇ္ဈိမ ကိုပြောပြနေသည်။ ယင်းကိစ္စအား နိုဝင်ဘာ(၄)ရက်နေ့တွင် မကွေးမြို့လူကြီးမင်းဖုန်းဆိုင်သို့ သွားရောက်သော်လည်း ဆိုင်ပိတ်ထားသည်။ အလားတူ ပြဿများမှာ ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်းဆိုင်များတွင်းလည်း ဖြစ်သည်ဟု သိရသည်။ ၀ိုင်းအောင်
 

`မကွေးမြို့ အဝေးပြေးကားကွင်း မှာ စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်´

နိုဝင်ဘာ(၄)ရက်၊ နံနက်(၈)နာရီတွင် မကွေးမြို့ အဝေးပြေးကားကွင်းအတွင်းမှာ ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက်ဖွင့်ကြောင်း မြန်မာပို့စ် မှ သတင်းရရှိပါသည်။ နံနက်(၈)နာရီမှ ညနေပိုင်း(၆)နာရီအထိ နေ့စဉ်ဖွင့်လှစ်မည် ဟုသိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြန်မာတစ်ပြည်လုံးတွင် နိုဝင်ဘာ(၅)ရက်နေ့တွင်ဖွင့်လှစ်ရန် စီစဉ်ညွှန်ကြားထားကြောင်း သိရသည်။ ယခု ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက်ကို မကွေးတိုင်းဒေသကြီး မှာ စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အလားတူ လူစည်ကားရာနေရာများဖြစ်သည့် မကွေးမြို့မဈေးမှာလည်းဖွင့်လှစ်ဖို့ အလှူရှင်များနှင့် စီစဉ်ဆောင်ရွက်နေကြောင်း ခရိုင်ပြန်/ဆက်ရုံးမှ ဒု ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်မှ မဇ္ဈိမ ကို ပြောသည်။ ``ယနေ့ဖွင့်လှစ်တဲ့ ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် (ဘုတ်ကွန်နာ)စာကြည့်တိုက်ကတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာတော့ ကျွန်တော်တို့မကွေးမြို့က အစောဆုံးလို့ထင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ စာပေဗဟုသုတကို အားတဲ့အချိန်မှာ လေ့လာဖတ်ရှုနိုင်အောင် ယခုလို လူစည်ကားတဲ့နေရာတွေမှာ ကားမထွက်ခင် အချိန်လေးကို စာဖတ်နိုင်အောင်လို့ စီစဉ်ဆောင်ရွက်ပေးတာပါ။ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ ၀န်ထမ်းတစ်ဦး ကိုချထားပြီး ဆက်လက်ဖွင့်သွားမှာပါ။ မကွေးမြို့တွင်းမှာ မြို့မဈေးကြီးမှာလည်း ထပ်မံဖွင့်လှစ်ပေးဖို့ အလှူရှင်များနဲ့ စီစဉ်နေပါတယ်။ တစ်ဦးချင်းအနေနဲ့ လှူဒါန်းလိုတယ်ဆိုရင် မကွေးတိုင်း/ပြန်ဆက်ရုံး ဖုန်း( ၀၆၃-၂၅၀၅၅)၊ ခရိုင်ပြန်/ဆက်ရုံး (၀၆၃-၂၆၃၁၉) များသို့ ဆက်သွယ်နိုင်ပါတယ်။ အလှူရှင်တွေဆီကို ကျွန်တော်တို့ကိုယ်တိုင်လာရောက်လက်ခံပေးပါ့မယ်။ စာပေရေချမ်းစင်မှာ ဖတ်နိုင်မဲ့ စာအုပ် စာစောင်များကတော့ မဂ္ဂဇင်းစုံ၊ ဂျာနယ်စုံ၊ နေ့စဉ်ထွက်တဲ့ သတင်းစာအစုံများကို ထားပေးပါတယ်။ မည်သူမဆိုအခမဲ့ ယူပြီးဖတ်နိုင်ပါတယ်။ အများပြည်သူတွေအနေနဲ့ လှူချင်တယ်ဆိုရင်လည်း မိမိတို့ နာမည်လက်မှတ်ထိုးပြီး စာအုပ် စာစောင် ဂျာနယ် သတင်းစာများကိုလည်း ဒီစာပေရေချမ်းစင်လေးမှာဘဲ လှူဒါန်းနိုင်ကြပါတယ်။ လှူဒါန်းတဲ့အခါမှာ အလှူဖြတ်ပိုင်းလေးတွေ ပေးပြီး မှတ်တမ်းတင်ထားပါ့မယ်။ သွားရင်း လာရင်း မအားတဲ့ကြားက ကားစောင့်ရတဲ့အချိန်လေးမှာ လူတိုင်း လူတိုင်းစာဖတ်လာနိုင်အောင် အဓိကထားပြီး ပြည်သူ့ဝန်ဆောင်မှု စာပေရေချမ်းစင် စာကြည့်တိုက် (ဘုတ်ကွန်နာ)များကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..။´´ဟု ဦးမျိုးမောင်မောင်ကျော် မှ မဇ္ဈိမ ကိုပြောသည်။ ၀ိုင်းအောင်
 

`မကွေးမြို့ ၀ါဂွမ်းကျေးရွာ ရန်အောင်မြင်ကျောင်းမှ ဘ/က မူလတန်းကျောင်း အတွက် ငွေကျပ်သိန်း(၅၀) ငွေပသာပင်အလှူပွဲ´

နိုဝင်ဘာ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ၀ါဂွမ်းကျေးရွာ ရန်အောင်မြင်ကျောင်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ငွေကျပ်သိန်း(၅၀) ငွေပသာပင်အဖြစ် လှူဒါန်းကြောင်း မဇ္ဈိမက သတင်းရရှိပါသည်။ ၎င်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ (၁၁-၆-၂၀၁၂) နေ့တွင် ဘ/က မူလတန်းကျောင်းဖွင့်ခွင့်ရရှိခဲ့သည်ဆို၏။ ထို ၀ါဂွမ်းကျေးရွာတွင် အစိုးရမူလတန်းကျောင်းမရှိ၍ သာသနဓဇ ဓမ္မာစရိယ ဆရာတော် ဦးကောဝိဒ မှ ဘ/ကမူလတန်းကျောင်းဖွင့်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်ဆို၏။ ထိုကျောင်းတွင် မူလတန်းကျောင်းသူ/သား (၈၀)ရှိ၍ ဆရာ ဆရာမ(၄)ဦး၊ အကူဆရာမ(၁)ဦးတို့ဖြင့် ကလေးများအတွက် ကျူရှင်လွတ် အချိန်ပြည့် သင်ကြားပေးကြောင်း သိရသည်။ ထိုကျောင်းအား မကွေးမြို့ပေါ်ရှိ ပရဟိတအသင်းအဖွဲ့များနှင့် မကွေးမြို့နယ်NLD ပါတီဝင်များကလည်း စုပေါင်း၍ ကူညီပံ့ပိုးလှူဒါန်းကြောင်းသိရသည်။ ဆရာတော် ဦးကောဝိဒ ၏ ဘ/ကမူလတန်းကျောင်းလေးမှာ ဆင်းရဲနွမ်းပါးသူကျောင်းသား/သူလေးများ များပြားစွာဖြင့် ချို့ငဲ့စွာ သင်ကြားပို့ချပေးနေရနေရကြောင်း ပြည်တွင်း/ပြည်ပမှ ရုပ်/သံမီဒီယာသတင်းများနှင့် ဂျာနယ်များတွင် ဖော်ပြထားခဲ့ပါသည်။ ထို ဖော်ပြပေးသော သတင်းမီဒီယာများမှ တဆင့်မြင်တွေ့လိုက်ရ၍ ၎င်းဘ/က မူလတန်းကျောင်းအတွက် ငွေပဒေသာပင်သိန်း(၅၀)ကျပ်အား လှူဒါန်းရေစက်ချပွဲဟု သိရသည်။ အလှူရှင်များမှာ ရန်ကုန်မြို့နေ ဦးအေးကို+ဒေါ်နုနုခင်နှင့် သား သမီးမြေးများ (မြန်မာကိုင်ဒိုကုမ္ပဏီ)မှ ဆက်သွယ်လှူဒါန်းကြောင်း၊ ဦအေးကို၏ ကိုယ်စား သား ဦးဇော်မင်းဦး မှ လာရောက်၍ ရေစက်ချလှူဒါန်းပွဲကျင်းပကြောင်းကို ဧကမ္ဘာအိမ်ဆောက်ပစ္စည်းဆိုင်ရှင် ဦးလှဆန်း က မဇ္ဈိမ သို့ပြောသည်။ မှတ်ချက်။ ။ ၎င်း ဘ/က မူလတန်းကျောင်းအား လှူဒါန်းလိုပါလျှင် ဦးကောဝိဒ ဖုန်း( ၀၉-၄၀၁၅၉၄၇၄၉) သို့ ဆက်သွယ်၍ လှူဒါန်းနိုင်ပါသည်။ ၀ိုင်းအောင်
 

`မကွေးမြို့နယ် ကြံခိုင်ဖွံ့ရေးပါတီမှ ကန်ပြားကျေးရွာတွင် (အခမဲ့)ကွန်ပျူတာသင်တန်းဖွင့်´

နိုဝင်ဘာ(၁)ရက်နေ့ နံနက်(၉)နာရီတွင် ကန်ပြားကျေးရွာ၊ ဦးကြည်ဆောင်အိမ်မှာ မကွေးမြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွန်ပျူတာသင်တန်းဖွင့်ပွဲ ကျင်းပကြောင်း မဇ္ဈိမ က သတင်းရရှိပါသည်။ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးဟန်မောင် မှ အမှာစကား ပြောကြားသည်။ မြို့နယ်အတွင်းရေးမှူး ဦးအောင်သိန်းကျော် မှ ၁/၂၀၁၂ ကွန်ပျူတာအခြေခံ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းပြောသည်။ သင်တန်းသား(၈၀) နှင့် ပါတီဝင်အင်အား(၅၀) တက်ရောက်ကြောင်း၊ သင်တန်းကာလမှာ တစ်လတိတိ(အခမဲ့) အခြေခံသင်တန်းဖွင့်လှစ်ပို့ချပေးမည်ဖြစ်ကြောင်း နံနက်(၉)နာရီမှ ည(၈)နာရီအထိ နေ့စဉ် သင်တန်းပို့ချပေးမည် ဖြစ်ကြောင်း ကန်ပြားကျေးရွာသင်တန်းတာဝန်ခံတစ်ဦးမှ မဇ္ဈိမ သို့ပြောသည်။ ၀ိုင်းအောင်
 

`မကွေးတိုင်းဒေသကြီး မကွေးမြို့မှာ တန်ဘိုးနည်းဝန်ထမ်းအိမ်ရာ/တိုက်ခန်းများ ဆောက်လုပ်ရန် မဖြစ်နိုင်သေး ဟုသိရ´

မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဌာနဆိုင်ရာများရှိ ၀န်ထမ်းအိမ်ရာမရ၍ အခက်အခဲရှိသော ၀န်ထမ်းစာရင်းများအား သက်ဆိုင်ရာဌာနများ သို့ စာရင်းတောင်းယူနေကြောင်း၊ အချို့ဌာနဆိုင်ရာ ၀န်ထမ်းများမှာ ဌာနတွင်းမှ အိမ်ရာများတွင် နေစရာအိမ်ခန်း၊ တိုက်ခန်းမရကြ၍ မိမိအစီအစဉ်ဖြင့် ပြင်ပတွင် အဌားနေထိုင်ကြရကြောင်း၊ ထို့ကြောင့် ၀န်ထမ်းအိမ်ခန်း မရသော ၀န်ထမ်းများမှာ မိမိတို့သက်ဆိုင်ရာဌာနများသို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံးမှ စာရင်းတောင်းဆို မေးမြန်း၍ဆောက်လုပ်ပြီး ချထားပေးမည်ဖြစ်တဲ့ တန်ဘိုးနည်းဝန်ထမ်းတိုက်ခန်းများ အားစောင့်မျှော် နေကြကြောင်း၊ ၀န်ထမ်းများမှာ ပင်စင်မယူမီနေစရာရှိသော်လည်း ပင်စင်အနားယူသွားလျှင် များသောအားဖြင့် နေရေးအခက်အခဲများစွာနှင့်ရင်ဆိုင်နေရကြောင်း၊ ၀န်ထမ်းများအား အရစ်ကျစနစ်ဖြင့် တန်ဘိုးနည်းအိမ်ရာ/တိုက်ခန်းများ အပိုင်ပေးမည်ဆိုလျှင် အိုးပိုင်း အိမ်ပိုင်ဖြစ်၍အဆင်ပြေပြီး ၀မ်းသာကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မကွေးမြို့မှာ ဘယ်မြေနေရာ၌ တန်ဘိုးနည်းဝန်ထမ်းတိုက်ခန်းများ ဘယ်နှစ်ထပ်ဆောက်၍ ဘယ်အချိန် ဘယ်ကာလတွင် အရစ်ကျစနစ်ဖြင့် နေရာချထားပေးကြမည်လည်းဟု ဌာနဆိုင်ရာဝန်ထမ်းများက သိလို၍ စောင့်မျှော်သတင်းမေးမြန်းသံများ ကို မြန်မာပို့စ်က ကြားသိနေရ၍ မကွေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးမှူးထံသို့ သွားရောက်တွေ့ဆုံ သတင်းရယူခဲ့ပါသည်။ အဆိုပါကိစ္စအား သိရှိလိုကြသော ၀န်ထမ်းများအတွက် (၁၂-၁၀-၂၀၁၂) နေ့ နေ့လည်(၂)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ ပြည်တော်သာတိုက်တန်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ တိုင်းသေကြီးဦးစီးမှူး ဒေါ်မြင့်မြင့်အေးထံ သို့ တွေ့ဆုံမေးမြန်းခဲ့ ပါသည်။ ``ကျမတို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနချုပ်ရုံး၊ ဆောက်လုပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးက (၁၅)နှစ်အတွင်းမှာ မြန်မာတစ်ပြည်လုံးရှိ ၀န်ထမ်းတွေအတွက် တန်ဘိုးနည်းဝန်ထမ်းအိမ်ရာရော၊ တိုက်ခန်းတွေရော အဆောက်အဦး၊ အခန်းပေါင်း(၁)သန်းကို ဆောက်လုပ်မယ့် စီမံချက်ရှိကြောင်း စာထွက် အကြောင်းထားပါတယ်၊ ဒါကြောင့် မြန်မာတစ်ပြည်လုံးမှာ ၀န်ထမ်းတိုက်ခန်း/အိမ်ရာလိုချင်တဲ့ ၀န်ထမ်းစာရင်းများကို(Data) ကောက်ယူခိုင်းလို့ မကွေးတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာတွေကို စာထွက်ပြီး စာရင်းကောက်နေတုန်းဘဲရှိပါသေးတယ်။ အဲဒီစာရင်းတွေရရင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရုံးချူပ်ကို ပြန်တင်ရမှာပါ။ အဲဒီတော့မှ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့ကြီးတွေမှာ ၀န်ထမ်းတွေအတွက် လိုအပ်ချက်စာရင်းအလိုက် အိမ်ရာ/တိုက်ဘယ်နှစ်လုံး၊ တိုက်ခန်းဘယ်လောက် ဆောက်ရမယ်လို့ ညွှန်ကြားပေးမယ်လို့ထင်ပါတယ်။ အိမ်ရာ/တိုက်ခန်းတွေကို ၀န်ထမ်းတွေထံ အပိုင်ပေးမလား၊ လခနဲ့ ပေးမလားဆိုတာ လဲ မသိရသေးပါဘူး။ တန်းဘိုးလည်း မသိရသေးပါဘူး။ စာရင်းကောက်ယူတဲ့ အဆင့်ဘဲရှိပါသေးတယ်။ စောစောကပြောသလို မကွေးမြို့မှာ တန်ဘိုးနည်းဝန်ထမ်းအိမ်ရာ/တိုက်ခန်းများဆောက်လုပ်ရန် လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူးရှင်…´´။ ဟု မကွေးတိုင်း ဒေသကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြင့်မြင့်အေး မှ မြန်မာပို့စ် ကို ပြောသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့တွင် မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများ သမဂ္ဂဖွဲ့စည်းပြီး´

မကွေးမြို့အောင်ဇေယျာရပ်ကွက် တောင်တွင်းလမ်းရှိ ကပ်ကျော် ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ(၂၂)ရက် နေ့ ညနေ(၅)နာရီမှာ မကွေးမြို့နယ်မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖွဲ့စည်းကြောင်း သတင်းရရှိသည်။ ရန်ကုန်မှ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ(ယာယီ) ဥက္ကဋ္ဌ ဆရာထက်မြက်၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ နှင့် ဘဏ္ဍာရေးမှူ အဖွဲ့(၄)ဦးတို့ မကွေးမြို့နယ် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ အဖွဲ့ဝင် အဆိုပြုလွှာ(၁၀)ဦးအား လက်ခံ၍ ဖွဲ့စည်းကြောင်း သတင်းရရှိပါသည်။ ၎င်း အဆိုပြုလွှာများအား မကွေးမြို့နယ်အဖွဲ့ဝင် နေခြည်(မကွေး)မှ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဆရာထက်မြက်ထံသို့ ပေးအပ်ပါသည်။ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂဖြစ်မြောက်ရေး ကော်မတီ(ယာယီ) မှ မကွေးမြို့နယ်အပါအ၀င် မြို့နယ်ပေါင်း(၇)မြို့နယ်ကို မြို့နယ်စာရေးဆရာများသမဂ္ဂများ ဖွဲ့စည်းပြီးခဲ့ကြောင်း၊ ယခု မကွေးမြို့မှ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်၊ တောင်တွင်းကြီးမြို့နယ်များသို့ သွားရောက်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ဆရာထက်မြက်မှ မြန်မာပို့စ် သို့ပြောသည်။ ၀ိုင်းကြည်အောင်
 

`အညာဒေသမှာ နွားတွေကို အရုပ်ရေး၍ ကြည့်ရတော့မည် သားသတ်ရုံများတွင် တစ်ရက် နွား(၁၀/၂၀)ကောင်အထိ စည်းကမ်းမဲ့စွာ သတ်ဖြတ် ဟု ကြားသိနေရ´

အညာဒေသဖြစ်သော ဆိပ်ဖြူမြို့သို့ စက်တင်ဘာလထဲတွင် ရောက်ရှိခဲ့သည်။ ဤသို့ရောက်ရှိစဉ် ဆိပ်ဖြူမြို့နယ်တွင်းမှ လုပ်သားပြည်သူများ၏ ရင်တွင်းခံစားချက်များအား မြန်မာပို့စ် သို့ လာရောက်ပြောကြား၍ သတင်းပေးကြပါသည်။ ``ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်မှာ ခိုင်းကျွဲ(၁၂၅၅)ကောင်၊ ခိုင်းနွား(၈၀၄၄၀)ကောင်ရှိလို့ တိ-ကု-မွေးမှာဖော်ပြထားပါတယ်။ စက်မှုလယ်ယာခေတ်ကို ကူးပြောင်းနေပေမယ့် လက်မှုလယ်ယာလုပ်ငန်းကတော့ သားစဉ်မြေးဆက်တည်ရှိနေအုံးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်တွင်းမှာ ခိုင်းနွား ခိုင်းကျွဲတွေ မျိုးပြုတ်တော့မယ်ဗျာ..။ ၂၀၁၂ ခု ဧပြီ၊ မေ၊ ဇွန်လတွေထဲတုန်းက အောက်ပြေအောက်ရွာကို တင်ပို့ဖို့ဆိုပြီး ခိုင်းနွားတစ်ကောင်းကို ကာလပေါက်ဈေး(၄/၅)သိန်းတန် နွားတွေကို (၇/၈/၉)သိန်းနဲ့ ဈေးပြိုင်ပေးပြီး လာဝယ်ကြတယ်။ အဲဒီနွားတွေကို ဧရာဝတီမြစ်ကြောင်းကနေ ဘိလပ်မြေများသယ်ဆောင်ပြီး ပြန်ဆင်းတဲ့ သင်္ဘော စီဘီတွဲတွေနဲ့ တင်ဆောင်သွားတာကို မြင်တွေ့ရပါတယ်။ နောက်ပြီး ဆိပ်ဖြူမြို့ကနေ ချောက်မြို့ဘက်ကိုကူးတဲ့ အနော်ရထာတံတား ပေါ်ကလည်း ညနေခင်းနဲ့ ညပိုင်းတွေမှာနေ့စဉ် ခိုင်းနွား ခိုင်းကျွဲတွေ (၅)ကောင်မှ (၁၀)ကောင်အထိ (တရားမ၀င်) သက်ဆိုင်ရာကို ဆက်ကြေးပေးပြီး ဖြတ်သန်းနေကြပါတယ်။ တစ်ကောင်းကို ငွေတစ်ထောင်ငါးရာပေးကြရပါတယ်။ နောက်ပိုပြီးဆိုးတာက ဆိပ်ဖြူမြို့က သားသတ်လိုင်စင် သားသတ်တဲ့နေရာကို မြို့နဲ့ အလွန်နီးကပ်တဲ့နေရာမှာချပေးထားပါတယ်။ သားသတ်ရုံက စီးဆင်းလာတဲ့ရေများမှာ ရေဆိုးကန်ကြီးတွင် စုပေါင်းထားသလိုဖြစ်ပြီး ပုတ်စော် အနံ့အသက်များထွက်နေပါတယ်။ အများပြည်သူများရဲ့ လူမြင်ကွင်းဖြစ်တဲ့ ကုန်းစောင်းပေါ်မှာ သားသတ်နေကြပါတယ်။ သတ်မှတ်ထားတဲ့ နွားကောင်ရေထက်ကျော်လွန်ပြီး တစ်နေ့မှာ(၁၀)ကောင်မှ အကောင်(၂၀)အထိသတ်ဖြတ်ပြီး မိထ္ထီလာစည်သွပ်စက်ရုံသို့ ပို့နေကြပါတယ်။ အဲဒီကနေ တရုပ်ပြည်ကိုချိတ်ဆက် တင်ပို့တယ်လို့လည်း ကြားသိရပါတယ်။ သားသတ်လေလံဈေးနှုန်း တွေက အလွန်များပြားနေတော့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီမဆောင်ရွက်တော့ဘူး။ အရွယ်ကောင်းနွားများ၊ နို့စားနွားများ၊ လုပ်ငန်းခွင်အသုံးပြုနိုင်ဖို့ နွားသိုးပေါက်များ နဲ့ ခိုင်းနွား၊ ခိုင်းကျွဲများကို မသတ်ရဘူး ဆိုပေးမယ့် အဲဒီနွားတွေ ကျွဲတွေပါ မကျန်အောင် နေ့စဉ်သတ်ဖြတ် နေကြတာမြင်တွေ့နေ့ရပါတယ်ဗျာ..။ ကျေးလက်နေပြည်သူများမှာ ဘိုးစဉ် ဘောင်ဆက်ကတည်းက ခိုင်းလာခဲ့တဲ့ အိုသေခိုင်းနွားများကို အချို့တတ်နိုင်သူများက မြေမြုပ်သင်္ဂြိုလ်ကြတယ်။ ဆင်းရဲနွမ်းပါးသူးများကတော့ အိုသေ ခိုင်းနွားများကို အသားဖျက်ပြီး နီစပ်ရာ ဆွေမျိုးအပေါင်းအသင်းများဆီကို တောင်းတောင်းပန်ပန်နဲ့ အလှူခံတဲ့ သဘောနဲ့ ရောင်းချကြပါတယ်။ အဲဒီက ရတဲ့ငွေလေးများကိုစုဆောင်းပြီး နောက်နွားပေါက်လေးတစ်ကောင်ကို ပြန်ဝယ်ကြရပါတယ်။ သေသွားတဲ့ နွားအိုကြီးရဲ့သားရေကိုလည်း လယ်ယာသုံးပစ္စည်း အဖြစ်နဲ့ လှည်းတွင်အခင်းပြုလုပ်ခြင်း၊ လှည်းစည်းကုန်း၊ ထွန်ညွှတ်ကွင်းပြုလုပ်ကြပြီး အမြတ်တနိုးအသုံးပြုကြရပါတယ်။ ဒါပေမယ့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန က ၁၉၉၂ ခုနှစ်မှာ အမဲလိုင်စင်(သားသတ်)ပေါ်လာတော့ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းမှာ နွားအိုသေကြောင်း သိလိုက်တာနဲ့ နွားတစ်ကောင်လျှင် ငွေကျပ်တစ်သောင်းနဲ့ နွားသားရေ တစ်ချပ်ကို အမဲလိုင်စင်စီထံ မဖြစ်မနေပေးကြရပါတယ်။ ယခုကဲ့သို့ သားသတ်လိုင်စင်စီများက မတရားသဖြင့် ကျေးလက်နေအများပြည်သူများကို အနိုင်ကျင့်နေခြင်းနဲ့ သားသတ်လိုင်စီများမှ သတ်မှတ်စည်းကမ်းများနဲ့အညီ မဆောင်ရွက်ကြဘဲ ပြည်တွင်း ပြည်ပဈေးကွက်ရှိရင် ရှိသလို နွားများ ကျွဲများကိုသာ အတိုင်းမရှိ အတားအဆီမရှိ သက်ဆိုင်ရာများနဲ့ နားလည်မှုယူပြီး ယခုလို လုပ်ဆောင်နေကြမယ်ဆိုရင် ကျွန်တ်ာတို့ အညာဒေသမှာ ရှေးလူကြီးတွေပြောကြားခဲ့တဲ့ နွားနဲ့ ကုလားအရုပ်ရေးယူရမယ့်ကိန်းကို ဆိုက်ကြရပါတော့မယ်ဗျာ..။´´ဟု တောင်သူကြီး ဦးဘိုးမောင်ဆိုသူက ဆိပ်ဖြူမြို့၊ ဦးမြင့်စိုး(မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၏အိမ်တွင် မြန်မာပို့စ်ကို လာရောက် ပြောသည်။ ၀ိုင်းကြည်အောင်
 

` ဧရာဝတီမြစ်ရေတိုက်စား၍ ကမ္ဘားပြိုနေသော သံဇလုံကျေးရွာရွှေ့ပြောင်းရန် မြေနေရာများ အငြင်းပွားပြဿနာဖြစ်´

ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာ နှင့် ကိုင်းမြေများအား ယခုနှစ်တွင် ဧရာဝတီမြစ်ရေးတိုက်စား၍ ကမ္ဘားများပြိုကျနေ ကြောင်း သတင်းရရှိပါသည်။ ၎င်း ရွာသည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိ၍ အိမ်ခြေ(၉၀)ခန့်ရှိသည်။ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မင်းဘူး- ဆိပ်ဖြူကားလမ်းဘေး သို့ ခေတ္တပြောင်းရွှေ့ပေးထားရကြောင်းသိရသည်။ ၎င်း ရွာတွင် အိမ်ခြေ အနည်းငယ်မျှသာကျန်ရှိသည်။ သံဇလုံကျေးရွာမှ အခြေခံမူလတန်းကျောင်းအား တောင်ငယ်လုံကျေးရွာ မှ ကွင်းအမှတ်(၁၁၁၆) အတွင်းရှိ ဒေါ်ရင်မေ၏ ယာမြေ(၁.၄၉)ဧကတွင် မူလမြေပိုင်ရှင်၏မြေးမှ လှူဒါန်းပေး၍ ရွှေ့ပြောင်းဆောက်လုပ်ပြီး ဖြစ်ကြောင်းမြင်တွေ့ရသည်။ ၎င်း သံဇလုံကျေးရွာ ရွှေ့ပြောင်းရန် သက်ဆိုင်ရာမှ တောင်ငယ်လုံကျေးရွာပိုင် ကွင်းအမှတ်(၁၁၁၆)၊ ဧက(၁၈.၇၁)ရှိ တောင်သူ(၁၁)ပိုင်းယာမြေများနှင့် ကွင်းအမှတ်(၁၁၁၇) တောင်သူ(၄)ဦးပိုင်ယာမြေနေရာ(၂)ခုတွင် တစ်နေရာမှာ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်နေကြကြောင်းသိရသည်။ ယင်း ကိစ္စအား အဖြစ်မှန်ကိုသိလို၍ သံဇလုံကျေးရွာဟောင်း(ကမ်းနား) နှင့် တောင်ငယ်လုံကျေးရွာမှ ယာမြေပိုင်ရှင်များထံသို့ သွားရောက်ကြည့်ရှု၍ စုံစမ်းမေးမြန်း ခဲ့ပါသည်။ တောင်ငယ်လုံကျေးရွာမှ ကွင်းအမှတ်(၁၁၁၆) ယာမြေပိုင်ရှင်(၁၁)ဦးမှ ဦးဝင်းလွင်ဦး နှင့် ဦးဥာဏ်စော တို့နှင့်တွေ့ဆုံရာတွင် ၎င်းတို့၏ ပြောစကားများအား ကောက်နုတ်ဖော်ပြပါသည်။ `` သံဇလုံကျေးရွာရဲ့ မြောက်ဘက်မှာ သူတို့လုပ်စားနေတဲ့ ကိုင်းမြေဧက(၂၀)ကျော်ရှိနေပါတယ်။ သူတို့ပိုင်ဆိုင်တဲ့ ကိုင်းမြေတွေမှာတော့ ကွမ်းခြံတွေစိုက်ပျိုးထားပြီး ယခု သူတို့လိုချင်တဲ့ ကျွန်တော်တို့ယာမြေကောင်းတွေကို ရယူဖို့တောင်းဆိုနေတာ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့မှာ လုပ်စားစရာဆိုလို့ ကိုင်းမြေမရှိပါဘူး၊ ဒီယာမြေလေးတွေသာ ရှိကြပါတယ်။ ယာမြေတွေနဲ့အတူ နှစ်ပေါင်းတစ်ရာကျော်သက်တန်းရှိတဲ့ ထန်းပင်ပေါင်း(၁၅၀၀)လောက်ကိုလည်း ဖျက်ဆီးပစ်ရမယ်ဆိုတော့ မဖြစ်နိုင်ပါဘူး။ ယခု မူလတန်းကျောင်းဆောက်ထားတဲ့ ကျောင်းဝိုင်းအ၀င်လမ်းကိုလည်း ကျွန်တော်တို့ ကွင်းအမှတ်(၁၁၁၆) ထဲက ယာခင်းမြေတွေကို လှူဒါန်းပေးထားပါသေးတယ်။ ဒါကြောင့် သံဇလုံကျေးရွာဟောင်းကို သူတို့ရွာမြောက်ဘက်ရှိ ကိုင်းမြေဧက(၂၀)မှာပဲ ရွှေ့ပြောင်းစေချင်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ တောင်သူ(၁၁)ဦး လက်မှတ်ရေးထိုးပြီး(၁၉-၈-၂၀၁၂)နေ့က သက်ဆိုင်ရာ အဆင့်ဆင့်သို့ မေတ္တာရပ်ခံစာ တင်ပြထားပါတယ်..။´´ ဟု တောင်ငယ်လုံရွာသားများ ဦးဝင်းလွင်ဦးနှင့် ဦးဥာဏ်စောတို့ နှစ်ဦးမှ ပြောသည်။ ၀ိုင်းအောင်
 

`ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ (ကိုယ်ပိုင်) ဓာတ်အားခွဲရုံ တည်ဆောက်ဟုသိရ´

ဆိပ်ဖြူမြို့မှာ လျှပ်စစ်ဓာတ်အားကို ယနေ့အထိ ၀ါဇီစက်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံမှ ဆက်သွယ်သုံးစွဲနေရကြောင်း လျှပ်စစ်မြို့နယ်အင်ဂျင်နီယာ ဦးစန်းဦးမှ မဇ္ဈိမ ကိုပြောသည်။ ဆိပ်ဖြူမြို့မှာ ယခင်အခါက အင်ဂျင်မီးစက်ကြီးဖြင့် ညအချိန်တွင်သာ (ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ) လျှပ်စစ်ဓာတ်အား ပေးခဲ့ကြောင်း၊ ထို့နောက် ၀ါဇီစက်ရုံတည်ဆောက် ပြီးချိန်တွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံဓာတ်အားလိုင်း မှ ဆက်သွယ်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့အခြားလိုင်းမှ လျှပ်စစ်သုံးစွဲခဲ့ရာတွင် ဆိပ်ဖြူမြို့တွင်းမှာ လိုအပ်သလောက် လျှပ်စစ် ဓာတ်အား သုံးစွဲဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ဆိပ်ဖြူမြို့တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ကီလို (၁၀၆၅)ခန့်ရှိကြောင်း၊ ၎င်း ကီလိုအထိ အပြည့်အ၀ လျှပ်စစ်ဓာတ်အား အပြည့်အ၀ အသုံပြုနိုင်ကြောင်း၊ ကီလို(၉၀၀)မှ(၁၀၀၀)ခန့်သာ အသုံးပြုနိုင်ကြောင်း ဦးစန်းဦးမှပြောသည်။ ယခင်ကာလများတွင် ကျွန်းချောင်း၊ ၀ါဇီစက်ရုံလိုင်းမှ မီးအားမနိုင်၍ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဦးမြင့်စိုး မှပြောသည်။ ထို့ကြောင့် ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆိပ်ဖြူမြို့တွင် (၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ အား ဆိပ်ဖြူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်းအတွင်း၌ တည်ဆောက်ရန် စီစဉ်ဆောက်ရွက်နေပြီဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့ ကိုယ်ပိုင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးလျှင် ၀ါဇီစက်ရုံ ဓာတ်အားခွဲလိုင်းမှ မယူတော့ကြောင်း၊ ချောက်မြို့မဟာဓာတ်အားခွဲရုံမှ ယခင် မုန်းစီမံကိန်းသို့သွယ်တန်းထားသော ယခင်လိုင်းရှိကြောင်း၊ ၎င်းလိုင်းနှင့် ချိတ်ဆက်ထားသော တညောင်မြစ်ရေတင် စီမံကိန်း ဓာတ်အားခွဲရုံလိုင်းမှ ဆက်သွယ်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ယခု ဒီဇင်ဘာလကုန်မှာ လုပ်ငန်းများပြီးစီးအောင် ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ ယခု(၆၆/၁၁)ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံပြီးလျှင် ဆိပ်ဖြူမြို့အပြင် ကျေးရွာများအထိ(လျှပ်စစ်ဓာတ်အား ဆက်သွယ်အသုံးပြုလိုလျှင်) လျှပ်စစ်ဓာတ်အားများကို ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ဤ လုပ်ငန်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ငွေစာရင်းဖြင့် ကျခံသုံးစွဲထားခြင်း ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစန်းဦး မှ မဇ္ဈိမ သို့ ပြောသည်။ ၀ိုင်းအောင်