``မကွေးမြို့ (အထက-၄) RC နှစ်ထပ်ကျောင်းဆောင်သစ် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ ဆောက်လုပ်လှူဒါန်းပွဲတွင် နိုင်ငံခြားသံအမတ်ကြီး(၆)ဦးတက်ရောက်´´

ဇွန်(၂၉)ရက်နေ့ နံနက်(၉)နာရီတွင် မကွေးမြို့ ရန်ကင်းရပ်ကွက် အထက(၁)လမ်းရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄)၌ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ မှ ဆောက်လုပ်လှူဒါန်းသော RC နှစ်ထပ်ကျောင်းဆောင်သစ်ကို ပေးအပ်လှူဒါန်းပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါကျောင်းဆောင်မှာ အလျားပေ(၂၀၀)၊ အနံပေ(၃၀) (၂)ထပ်ပေါင်းအမြင့်ပေ(၂၂.၆) ဖြစ်ပြီးကာလတန်ဘိုးငွေကျပ်သိန်းပေါင်း (၃၀၀၀)ကျော်ကုန်ကျကြောင်း၊ ထိုကျောင်းဆောင် ကို (၂၀၁၂ သြဂုဏ်လ)တွင်စတင် ဆောက်လုပ်၍ ၂၀၁၃ ဇွန်(၂၅)ရက်နေ့တွင်ပြီးစီးကြောင်း၊ ယနေ့ ဇွန်(၂၉)ရက်နေ့တွင် နိုင်ငံခြားသံအမတ်များ တို့နှင့် အတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပညာရေးဌာနတွင် လိုအပ်နေသော ကျောင်းဆောင်နှင့် ကွန်ပျူတာများ ကျောင်းသုံး ပစ္စည်းများ လှူဒါန်းရ၍ အလွန်ဝမ်းသာမိပါကြောင်း၊ မြန်မာပြည်တွင်းမှာ ယခုလို စာသင်ကျောင်းဆောင်သစ်များ(၇၀)ကျော် နှင့် ဆေးရုံကြီး အဆောက်အဦးပေါင်း(၃)ရုံကိုလည်း ကုမ္ပဏီက လှူဒါန်းပြီးစီးခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် အများပြည်သူများ အတွက် လိုအပ်သောနေရာများတွင်လည်းထပ်မံ၍ ကူညီလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်း မှ ပြောကြားသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း နှင့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ က (အထက ၄) ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုပ်နိမ့်၍ ဖွင့်လှစ်ပေးသည်။ အထူးဧည့်သည်တော်အဖြစ် ကွန်ပျူတာ(၂၄)လုံးအလှူရှင် သီရိပျံချီ ဦးဇော်မင်း(ယခင် လျှပ်စစ်ဝန်ကြီး)နှင့် ဇနီးဒေါ်ခင်မြင့်မြင့်မိသားစု ၊ ကွန်ပျူတာ(၄)လုံး လှူဒန်းကြသော မြန်မာနိုင်ငံဆိုင်ရာ (Egypt)အီဂျစ်နိုင်ငံသံအမတ်ကြီး H.E Mr Hany Riao Moawad နှင့် (China)တရုပ်သံအမတ်ကြီး H.E Mr Yang Hou Lan အတူ ကျောင်းသုံးပစ္စည်းများလှူဒါန်းပေးသော နိုင်ငံခြားသံအမတ်(၄)ဦး မြန်မာနိုင်ငံဆိုင်ရာ (Vietnam)ဗီယက်နံသံအမတ်ကြီး H.E Mr Pham Thanh Dung ၊ (Laos)လာအိုနိုင်ငံသံအမတ်ကြီး H.E Mr Nilahath SAYATATH ၊ (Cambodia)ကံမ္ဘေဒီယားနိုင်ငံသံအမတ်ကြီး H.E Mr Sieng Bunvuth ၊ (Bangladesh)ဘင်းဂလားဒစ် နိုင်ငံသံအမတ်ကြီး H.E Mr Maj Gen Anup ၊ မကွေးတိုင်းဒေသကြီး အစိုးရ၀န်ကြီးများ၊ ပညာရေးဌာနမှ အကြီးအကဲများ၊ ကျောင်းသားမိဘများ၊ ဆရာမ ဆရာမ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၇၀၀) ခန့်တက်ရောက်၍ နံနက်(၁၀း၃၀)နာရီတွင် အခန်းအနားပြီးဆုံးကြောင်း သတင်းရရှိသည်။
 

``မကွေးတက္ကသိုလ် RC သုံးထပ်ကျောင်းဆောင်သစ် (၃)ဆောင် ဖွင့်ပွဲကျင်းပ´´

ဇွန်(၂၉)ရက်နေ့ နံနက်(၈)နာရီတွင် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လက်အောက်ရှိ High Tech Concrete Technology Co.,Ltd မှတာဝန်ယူတည်ဆောက်သော မကွေးတက္ကသိုလ် RC သုံးထပ်ဆောင် ဖွင့်ပွဲအခမ်းအနား ကျင်းပ ကြောင်းသတင်းရရှိသည်။ အဆိုပါဆောက်အဦး(၃)ဆောင်ကို (၁၅-၁၀-၂၀၁၂) နေ့မှစတင်ဆောက်လုပ်၍ (၃၁-၃-၂၀၁၃)နေ့တွင်တည်ဆောက်ပြီးစီးကြောင်း၊ အဆိုပါ RC သုံးထပ်ဆောင် (၃)ဆောင်ကို ငွေကျပ်သိန်းပေါင်း (၁၉၁၅၀)သိန်း ဖြင့်တည်ဆောက်ခဲ့ကြောင်း၊ RC သုံးထပ်ဆောင် တစ်ဆောင်လျှင် အလျှားပေ(၁၉၂)၊ အနံပေ(၃၈)ပေ၊ မြေညီထပ်အမြင့်ပေ(၁၂.၆)၊ ပထမထပ်အမြင့်ပေ(၁၂)၊ ဒုတိယထပ်အမြင့်ပေ(၁၁.၆) ရှိကြောင်း၊ အဆောက်အဦးများ၏ အမျိုးအစား( 3 Storey RC Building) ဖြစ်ကြောင်း၊ စုံစမ်းသိရှိရသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် နှင့် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် မကွေးတိုင်းဒေသကြီးအစိုးရ၀န်ကြီးများ နှင့် မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအေးကျော် နှင့် နည်းပြဆရာ ဆရာမများ ကျောင်းသူကျောင်းသားများ စုစုပေါင်း(၁၀၀၀)ခန့်တက်ရောက်ပြီး မကွေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာအေးကျော်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအိုက်ထွန်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစောဝင်းမောင်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ နှင့် လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ အထူးဧည်သည်တော်များအဖြစ် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများ(၆)ဦး တက်ရောက်ကြောင်း၊ အဆိုပါသံအမတ်ကြီးများမှာ (Egypt)အီဂျစ်နိုင်ငံ သံအမတ်ကြီး H.E Mr Hany Riao Moawad ၊ (China)တရုပ်သံအမတ်ကြီး H.E Mr Yang Hou Lan ၊ (Vietnam)ဗီယက်နံသံအမတ်ကြီး H.E Mr Pham Thanh Dung ၊ (Laos)လာအိုနိုင်ငံသံအမတ်ကြီး H.E Mr Nilahath SAYATATH ၊ (Cambodia)ကံမ္ဘေဒီယားနိုင်ငံသံအမတ်ကြီး H.E Mr Sieng Bunvuth ၊ (Bangladesh)ဘင်းဂလားဒစ် နိုင်ငံသံအမတ်ကြီး H.E Mr Maj Gen Anup ၊ တို့တက်ရောက်လေ့လာကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
 

``မကွေးမြို့ မြေလတ်ဒေသဆီအိုးကြီး မှ ပထမဆုံးအကြိမ် (နှမ်းဆီ)ကို နိုင်ငံခြားသို့တင်ပို့ပြီ´´

မြန်မာပြည်တွင် မကွေးမြို့မြေလတ်ဒေသကို မြန်မာပြည်၏ဆီအိုးကြီးအဖြစ် တင်စားခေါ်ဆိုကြသည်။ မြေပဲ နှင့်နှမ်းစိုက်ပျိုးသော ယာမြေဧကအများဆုံးဒေသဖြစ်၍ မြေပဲဆီနှင့် နှမ်းဆီအများဆုံးထုတ်လုပ်သော တိုင်းဒေကြီးဖြစ်သည်။ မကွေးမြို့တွင်(မဆလ) ခေတ် မှ ယနေ့အထိအကြီးကျယ်ဆုံးဆီစက်မှာ မကွေးတိုင်းသမအသင်းစု ၏ တစ်နေ့လျှင် ကုန်ကြမ်းတန်(၃၀)ကျ ထုတ်လုပ်နိုင်သော စက်ရုံကြီးဖြစ်ကြောင်း၊၎င်း စက်ရုံသည် မကွေးမြို့နှင့် (၂)မိုင်ဝေးသော တောင်တွင်းကြီးမြို့အထွက်လမ်း သန်းတောကုန်းရွာအနီးမှာ တည်ရှိကြောင်း၊ ထိုဒေသရှိ တောင်သူများ၏ ယာမြေဧက ပေါင်း(၇၂.၂) ဧက ကိုသိမ်းယူ၍ တည်ဆောက်ခဲ့သည်ဆိုကြ၏။ အဆိုပါ တန်(၃၀) ကျဆီစက်ကြီးကို မဆလ ခေတ်ကာလ (၄-၁၁-၁၉၈၄) ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး (၁၁-၁-၁၉၈၆) မှာပြီးစီးပြီး (၁၈-၄-၁၉၈၆) ခုနှစ်မှာ စတင်လည်ပါတ်၍ အသုံးပြုနိုင်ခဲ့ကြောင်း။ အများပြည်သူ အစုထည့်ဝင်ငွေကျပ် သန်းပေါင်း(၆.၀)သန်း၊ ဘဏ်ချေးငွေများမှာ ငွေကျပ်(၇.၂)သန်း ကို အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေကျပ် (၃.၅)သန်း ၊ မြန်မာ့စီးပွားရေးဘဏ် ချေးငွေကျပ် (၃.၇)သန်း ချေးယူ၍ တည်ဆောက်ခဲ့ပြီး တန်(၃၀)ကျ ဆီစက်ကြီး၏ ထို(မဆလ)ခေတ် အချိန်ကာလတန်ဘိုးငွေကျပ် (၁၃.၂) သန်းကုန်ကျကြောင်း၊ စက်အမျိုးအစားမှာ ရိုး(စ်)ဒေါင်း (အင်္ဂလန်) ကြိန်ဆုံ(၂)လုံး၊ မြင်းကောင်ရေ(၁၇၈-HP)၊ မော်တာပေါင်း(၂၂)လုံး၊ အသုံးပြုသော ဘွိုင်လာထိုးလောင်စာဆီများမှာ ယခင်က ဒီဇယ်ဆီ၊ဗြူးတိန်းဓာတ်ငွေ့၊ ပရိုတိန်းဓာတ်ငွေများအသုံးပြုနိုင်သော်လည်း ယခုအခါ မြေပဲခွန်များဖြင့်အသုံးပြုနေကြောင်း၊ ယခင်က ဒီဇယ်ဆီအစား ယခုအခါ လျှပ်စစ်မီးဒရမ်စမာ(၃၀၀-KYA) တပ်ဆင်၍ လျှပ်စစ်ယူနစ်ပေါင်း(၁၁၀) သုံးစွဲကြောင်း၊ တန်(၃၀)ဆီစက်ကြီးမှာ အားလုံး မော်တာ(Drive) ဖြစ်ပြီး လူလုပ်အားအသုံးပြုမှုနည်းပါးကြောင်း၊အခြားသော ဆီစက်များနှင့်မတူဘဲ မြေပဲဆံများကို တစ်ပြန်တည်း ကြိတ်ရုံဖြင့် ဆီထွက်ကြောင်း၊ စက်ရုံဖွင့်ပြီး ယခင်က တစ်နေ့လျှင်ကုန်ကြမ်းတန် (၃၀)ကျသော်လည်း ယခုအခါ တစ်ရက်လျှင် မြေပဲဆံ(၃၈၂၅)ပိဿာ တန်ချိန်(၆.၂၅) တန်သာ ကြိတ်ခွဲနိုင်တော့သည် ဟု စက်ရုံမန်နေဂျာရုံး ခန်းရှိ မှတ်တမ်းတွင်ဖော်ပြထားသည်။ မကွေးတိုင်း သမ၀ါယမအသင်းစု မှ အဆိုပါစက်ရုံအား (၂၀၁၁) နှစ်မှစ၍ မကွေးမြို့ မြေလတ်သား အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမအသင်း( မှတ်ပုံတင်အမှတ်-၈-၂၃၆၁/ထစ မကွေး-၉-၁၁-၂၀၁၁) သို့ လွဲပြောင်း လုပ်ကိုင်ရန် ငှါးရမ်းထားကြောင်း၊ အဆိုပါစက်ရုံမှ နှမ်းဆီကို နိုင်ငံခြား(အင်စပို့စ်) ၀ယ်လက်အော်ဒါဖြင့် စပယ်ရှယ်ကြိတ်၍ ဆီတန်ချိန်(၁၈)တန်ကို တရုပ်နိုင်ငံသို့ ပို့ရန် ကွန်တိတ်နာကားဖြင့် တင်နေကြောင်း ဇွန်(၂၈) နေ့တွင် သတင်းရရှိသည်။ ဆီတင်ရန်စစ်ဆေးဆောင်ရွက်သူ ဦးစိုးထွဋ်အောင် မေးမြန်းရာ… ``ကွန်တိတ်နာကို စတင်သန့်စင်ရပါတယ်။ သန့်စင်ပြီးတာနဲ့ လိုင်နာပြား စက္ကူပြားတွေကိုကပ်ပါတယ်။ အဲဒါပြီးမှ ဆီထည့်ဖို့ ကွန်တိန်နာ ပေ(၂၀)နဲ့အကိုက် နိုင်ငံခြားကလာတဲ့ ပလပ်စတစ်အိပ်အရှည်ကြီး (ပလက်တီပိတ်)လို့ခေါ်တယ်။ သူ့အပေါ်မှာ ဆီထည့်တဲ့အပေါက်ပါတယ်။ အဲဒီထဲကို မော်တာပန့်နဲ့ဆီမောင်းထည့်မှာပါ။ အဲ ဆီမတင်ခင်မှာ ကွန်တိန်နာကို ပြင်ဆင်ပြီးတာနဲ့ ကားကို လမ်းတိုးဂိတ်က ကတ္တားမှာတင်ပြီးချိန်ထားရပါတယ်။ နောက်ဆီထည့်ပြီးလည်း ကတ္တားတင်ပြီး ပြန်ချိန်ပါတယ်။ ယခု ကွန်တိန်နာကို နှမ်းဆီ(၁၈)တန်တင်မှာပါ။ ဒီနှမ်းဆီက အခြားနှမ်းဆီနဲ့ မတူပါဘူး။ နှမ်းကို လျော်ပြီးမှ ကြိတ်ထားတာပါ။ တရုပ်ပြည်က ၀ယ်လက်ပါ။ သူကိုယ်တိုင် နှမ်းဆီရဲ့ (အရည်အသွေး)ကွာလတီကို လာရောက်စစ်ဆေး လက်ခံသွားပြီးပါပြီ။ မကွေးမြို့ မြေလတ်သား ကုမ္ပဏီက တန်(၃၀)ဆီစက်ကြီးနဲ့ ထုတ်လုပ်တဲ့ နှမ်းဆီ (၁၈)တန်ကို ဒါ ပထမဆုံးအကြိမ်အဖြစ်နဲ့ နိုင်ငံခြားသို့ အင်စပို့စ် တင်ပို့တာပါ။ ယခု ကွန်တိန်နာကို ရန်ကုန်မြို့ ဆိမ်ကမ်းသို့ သွားမယ်။ ကားပေါ်က ဆီထည့်ပြီး ကွန်တိန်နာအတိုင်း နိုင်ငံခြားသင်္ဘောပေါ်တင်ပါ့မယ်။ သင်္ဘောတင်ပြီး တရုပ်နိုင်ငံသို့ ပို့မှာပါ။ ဒီကွန်တိန်နာတစ်လုံးတည်း စပြီးပို့တာပါ။ အင်စပို့စ် လက်မှတ်ကိုတော့ မြေလတ်သား ကုမ္ပဏီနာမည်နဲ့ အင်စပို့စ် ထုတ်ကုန်လက်မှတ်ပေးမလား တစ်ခြားကုမ္ပဏီနာမည်နဲ့ ပေးမလားဆိုတာ မသိပါဘူး။ တရုပ်နိုင်ငံသို့ ပို့မယ်ဆိုတာ နဲ့ ဘယ်ကုမ္ပဏီသို့ ပို့မယ် ဈေးနှုန်းဘယ်လောက်ဆိုတာကိုတော့ ပြောလို့မရပါဘူး။ တရုပ်နိုင်ငံကို ဒီဆီရောက်သွားရင် အရောင်မဲနေတာကို သူတို့နည်းပညာတွေနဲ့ ပြင်ဆင်ပြီး အသုံးပြုလိမ့်မယ်လို့ထင်ပါတယ်။ ယခု ကျွန်တော်တို့ နှမ်းဆီက အနံ့ တော်တော်ကောင်းပါတယ်။ အရောင်ကတော့ မဲနေတော့ မလှပါဘူး။ တရုပ်နိုင်ငံမှာ ဒီလို နှမ်းဆီကို ချက်စားတဲ့နေရာမှာ အသုံးမပြုဘဲ အသားတွေမှာ နည်းနည်းလေးနဲ့ ဆန်းစားတယ်လို့သိရပါတယ်…။´´ ဟု ဆီတင်ရန်စစ်ဆေးနေသူ ဦးစိုးထွဋ်အောင် မှပြောသည်။
 

`` ရပ်ကွက်အုပ်ချုပ်ရေးမှူး လာဘ်ငွေတောင်းသည့်ကိစ္စကို တောင်တွင်းကြီးမြို့ က ထူးခြားစည်ကားသော သတင်းစာရှင်းလင်းပွဲ ´´

ယူနတီ ဂျာနယ် အတွဲ(၂) အမှတ်(၂၄) တွင်ဖော်ပြထားသော (တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ငွေတောင်းသည့်ကိစ္စ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးစေချင် ) တင်ရွှေ(မင်းဘူး) ၏ သတင်းနှင့်ပါတ်သက်၍ ဇွန်(၂၃)ရပ်နေ့ နံနက်(၉)နာရီမှ နေ့လည်(၃)နာရီအထိ တောင်တွင်းကြီးမြို့တွင် ရွှေအိုး(၁)ရပ် အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး (ခ) ဦးပုကြီးက (အဆိုပါသတင်း မှာ မမှန်ကန်ကြောင်း) ရပ်ကွက်သူ ရပ်ကွက်သား တစ်ထောင်ကျော် ခန့်ဖြင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း ရွှေအို(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။ ဖြစ်စဉ်အကျဉ်းမှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး(ခ) ဦးပုကြီး နှင့် ဦးသိန်းဝင်း၊ ဦးအောင်သန်း တို့သည် ယစ်မျိုးလိုင်စင် နာမည်ပြောင်းနှင့် နေရာပြောင်းရွှေ့လို၍ လျှောက်ထားသူ ဦးမိုးမင်းဝင်း ထံက( ငွေလေးသိန်းလေးသောင်းကျပ်) ပေးရန်တောင်းခံသည်ကို မကျေနပ်၍ ဦးမိုးမင်းဝင်းက ၂၆-၃-၂၀၁၃ နေ့စွဲဖြင့် တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မကွေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် ပြည်ထဲရေးဌာနအထိ တိုင်ကြားထားခဲ့ သည် ဆိုသော သတင်းဖြစ်ပါသည်။ အတိုင်ခံရသူ ရွှေအို(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ မေးမြန်းရာ…. ``ဒီကိစ္စကို တောင်တွင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ကျွန်တော့်ကိုရော တိုင်ကြားသူကိုပါ အစစ်အဆေးခံပြီးပါပြီ၊ ယခု ဇွန်လဆန်းကလဲ မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံးကလည်း ကျွန်တော့်ကို ခေါ်ယူစစ်ဆေးပြီးပါပြီ။ ကျွန်တော့်မှာ အပစ်မရှိကြောင်း နောက်နောင်မှာ ဒီလိုအဖြစ်မျိုးကို သင်ခန်းစာယူပြီး ဂရုတစိုက်လုပ်ဖို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူးက မှာကြားလိုက်ပါတယ်။ ဒါကြောင့် ရဲရဲတင်းတင်းနဲ့ ကျွန်တော့်ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းမှာ ရပ်ကွက်ထဲက လူပေါင်းတစ်ထောင်ကျော် နဲ့ အတူ မီဒီယာ သတင်းသမားတွေကို သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟို…တစ်ဘက်ကိုလဲ တရားစွဲဆိုဖို့ မရှိပါဘူး။ ကျွန်တော်ဟာ ဘယ်သောအခါကမှ မည်သူ့အပေါ်မျှ မဟုတ်တာကို မလုပ်ခဲ့ဘူးဆိုတာ အများပြည်သူသိရင် ကျေနပ်ပါပြီ။ ယနေ့လုပ်တဲ့ ဒီသတင်းစာရှင်းလင်းပွဲကို မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဆီကိုလည်း တင်ပြအစီရင်ခံထားပါတယ်…´´။ ဟု ရွှေအိုး(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မိုး(ခ) ဦးပုကြီး က ဇွန်(၂၅)ရက်နေ့တွင် မြန်မာပို့စ် သို့ပြောသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ နှင့်ပတ်သက်၍ တိုင်ကြားထားသူ ဦးမိုးမင်းဝင်းနှင့် သတင်းထောက် တင်ရွှေ(မင်းဘူး)တို့ နှစ်ဦး ဇွန်(၂၆)ရက်နေ့တွင် မြန်မာပို့စ် သို့လာရောက်ရှင်းလင်းရာ `သတင်းစာရှင်းလင်းပွဲကို ကျွန်တော်မသွားခဲ့ပါဘူး။ ကျွန်တော်တို့ကို မခေါ်ပါဘူး။ သွားစရာလဲမလိုပါဘူး။ သူတို့ရပ်ကွက် ထဲက လူတွေကိုသာ ခေါ်ပြီးရှင်းတာပါ။ ဒီသတင်းစာရှင်းလင်းပွဲအကြောင်း တင်ပြမယ့် သတင်းဂျာနယ်တွေကိုလဲ စောင့်ဖတ်ကြည့်ပါဦးမယ်။ မမှန်မကန် တစ်ဘက်သတ် ရေးသားရင်ပြန်လည် တုန့်ပြန်ပါ့မယ်။ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ရုံးက ကျွန်တော်တိုင်ထားတဲ့ကိစ္စု ကျွန်တော့်ဆီကို ဒီနေ့အထိ အဖြူ အမဲ ဘာမျှ အကြောင်းမပြန်သေးပါဘူး။ ဒါကြောင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံးက အဖြေကိုစောင့်ပါဦးမယ်။ ကျွန်တော်တိုင်ထားတာက သက်သေသက်ကာယ အစုံနဲ့ပါ။ သက်သေများရှိ ပါတယ်။ ဒီကိစ္စမှာ မဟုတ်မမှန် တိုင်ကြားခဲ့ရင် ကျွန်တော့်ကို အရေးယူပါလို့ တိုင်ကြားထားတာဘဲ၊ ဟုတ်မှန်တယ် ဆိုရင်လဲ တိကျမှန်ကန်စွာနဲ့ ဒီလို အကျင့်ပျက်သူ တွေကို ထိရောက်အောင် အရေးယူပေးစေချင် ပါတယ်ခင်ဗျာ…´ ဟု တိုင်ကြားသူ ဦးမိုးမင်းဝင်း ကပြောသည်။ သတင်းရေးသူ တင်ရွှေ(မင်းဘူ)ကလဲ…. ` ကျွန်တော်ရေးလိုက်တဲ့ ဒီသတင်းက ပြည်သူထဲမှာ အမှန်တစ်ကယ်ခံစားရသူ ဦးမိုးမင်းဝင်းပြော တဲ့အတိုင်း ရေးသားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွင်းရေးမှူးက တောင်းပန်ခိုင်း ထားတယ်ဆိုပြီး တောင်တွင်းကြီးမြို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ဟင်္သာ(တောင်တွင်း) က ကျွန်တော့် အတွက် တောင်းပန်တယ်ဆိုရင်လဲ လုံးဝလက်မခံနိုင်ပါဘူး။ ဦးမိုးမင်းဝင်းပြောတဲ့အတိုင်း အမှန်တရားဘက်နဲ့ ပြည်သူ့ ဘက်က ရပ်တည်ပြီး ရေးသားလိုက်တာပါ။ ကိုယ့်ဖြစ် ကိုယ်ခံပါ့မယ်..။´´ ဟု သတင်းထောက် တင်ရွှေ(မင်းဘူး) က မြန်မာပို့စ် သို့ပြောသည်။ ၀ိုင်းကြည်အောင်
 

``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´

``မကွေးမြို့ တွင် ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာလူငယ်များ အမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး´´ မကွေးမြို့တွင် ဇွန်လထဲမှာ NGO ပရဟိတ လူငယ်များကိုရွေးချယ်ပြီး သင်တန်း(၂)ခုဖွင့်လှစ်ကြောင်း၊ မင်္ဂလာရန်အောင် ကျောင်းမှာ ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား) မှ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းသင်တန်း နှင့် မကွေးမြို့ အောင်မင်္ဂလာရပ် ဝေယံဘုံမြင့် ကျောင်းမှာ ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) မှ ဗုဒ္ဓဘာသာအမြင့်ဖွင့် ဆင့်ပွားသင်တန်းပေး ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်း ဗုဒ္ဓဘာသာအမြင့်ဖွင့်သင်တန်းကို ကလျာဏမိတ္တဖောင်ဒေးရှင်း(ရန်ကုန်) က အကုန်အကျခံ၍ ဆင့်ပွား သင်တန်းပေးကြောင်း၊ သင်တန်းမှူး(၄)ဦးနှင့် သင်တန်းသား(၂၉)ဦး ဖြင့် ဇွန်(၂၅)ရက်နေ့မှ ဇွန်(၂၉)ထိ ငါးရက်တိတိ နေ့စဉ် နံနက်(၉)နာရီ ညနေ(၄း၃၀)နာရီ သင်တန်းပေးကြောင်းသိရသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ (၁) ဗုဒ္ဓဘာသာလူငယ်များ အသိပညာဖွံဖြိုးတိုးတက်လာစေရန် (၂) မိမိတို့ပတ်ဝန်းကျင် လူထုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို တက်ကြွစွာလုပ်ကိုင် ဆောင်ရွက်နိုင်ရန် (၃) သင်တန်းသားအချင်းချင်း နည်းပညာနှင့် ကွန်ယက်ချိတ်ဆက်မှု အားကောင်းလာစေရန် ဖြစ်ကြောင်း၊ မကွေးမြို့မှသင်တန်းမှူး(၂)ဦးသည် ကလျာဏမိတ္တဖောင် ဒေးရှင်း ရန်ကုန်မြို့တွင် သင်တန်းတက်၍ ဆင့်ပွားသင်တန်း ပေးခြင်း ဖြစ်ကြောင်း၊ နောက်ထပ်ရောက်လာသော သင်တန်းမှူး(၂)ဦးတွင် သံဃာတော်တစ်ပါး နှင့်ဆရာတစ်ဦးပါဝင်ကြောင်း သင်တန်းမှူးများသည် အခြားပြည်နယ်များမှ လာရောက်၍ ဆင့်ပွားသင်တန်းပေးခြင်းဖြစ်ကြောင်း၊ ငြိမ်းဖောင်ဒေရှင်း (မြစ်ကြီးနား) အဖွဲ့နှင့် သီးခြားစီ သင်တန်းဖွင့် လှစ်ခြင်းဖြစ်ကြောင်း၊ ဇွန်(၂၇)ရက်နေ့တွင် သင်တန်းမှူး ဒေါ်ခိုင်မေဖူးအောင် က ပြောသည်။
 

`` ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား)ရုံးချုပ်မှ မကွေးမြို့တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသင်တန်း(၅)ရက်ကျင်းပ ကြောင်းသိရ´´

`` ငြိမ်းဖောင်ဒေးရှင်း(မြစ်ကြီးနား)ရုံးချုပ်မှ မကွေးမြို့တွင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းသင်တန်း(၅)ရက်ကျင်းပ ကြောင်းသိရ´´ ဇွန်(၂၅)ရက် နံနက်(၉)နာရီ မှ ညနေ(၄း၃၀)နာရီအထိ မကွေးမြို့ ရန်နိုင်ရပ်ကွက် မင်္ဂလာရန်အောင်ကျောင်းတွင် ငြိမ်းဖောင်းဒေးရှင်း(မြစ်ကြီးနား)ရုံးချုပ်မှ သင်တန်းမှူးဆရာ(၂)ဦး(ကချင်တိုင်းရင်းသား) နှင့်သင်တန်းသူ/သား(၂၂)ဦး တို့၏ (ငြိမ်းချမ်းရေး သင်တန်း)ဖွင့်လှစ်ကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။ အဆိုပါသင်တန်းကို ဇွန်(၂၉)ရက်နေ့အထိ (၅)ရက်တိတိ နေ့စဉ်အချိန်မှန်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဤ သင်တန်း၏ ကုန်ကျစရိတ်များကို ငြိမ်းဖောင်ဒေးရှင်း က အကုန်အကျခံ၍ ကျင်းပကြောင်း၊ အခြားပြည်နယ်များနှင့် တိုင်းဒေသကြီးများတွင် အဆိုပါသင်တန်းများကို ကျင်းပပေးခဲ့ပြီး မကွေးတိုင်း ဒေသကြီးတွင် ပထမ အကြိမ်အဖြစ် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းသားများကတော့ ပရဟိတ အဖွဲ့ပေါင်း စုံမှ မကွေးမြို့ပေါ်အပြင် အခြားမြို့တွေကလည်း ပါဝင်ကြကြောင်း သင်တန်းစီစဉ် ချိတ်ဆက်ပေးသူ ကိုအောင်ကျော်မင်း ကပြောသည်။ `` ခေါင်းစင်ကတော့ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ အမည်ဖွင့်သင်တန်းလို့ခေါ်ပါတယ်။ ကျွန်တော်(နော်ပါတ်) နဲ့ ဆရာ ဇောင်လွှန်း ဆရာနှစ်ဦးသင်မှာပါ။ ဒါပေမယ် ဆရာတစ်ဦး မနက်ဖြန်ပြန်ပါ့မယ်။ ကျွန်တော်တစ်ယောက်တည်းဘဲ သင်ကြားပါ့မယ်။ ငြိမ်းဖောင်ဒေးရှင်းရုံးချုပ်က မြစ်ကြီးနားမှာပါ။ ဆက်ဆံရေးရုံးကတော့ ရန်ကုန်မှာရှိပါတယ်။ KIA , KIOတပ်ဖွဲ့နဲ့ရော အခြားမည်သည့်အဖွဲ့နဲ့မဆို ဆက်ခံပါတယ်။ ရုမ်းပြည်နယ်မပါ အခြားပြည်နယ်တွေမှာရုံးခွဲများဖွင့်ထား ပါတယ်။တိုင်းဒေသကြီးတွေမှာ ရုံးခွဲများမဖွင့်ရသေးပါဘူး။ ကျွန်တော်တို့ ငြိမ်းဖောင်ဒေရှင်းကို (၂၀၀၀)ခုနှစ်မှာစတင် ဖွဲ့စည်းပြီး ၂၀၁၀ ခုနှစ်မှာ အသင်းမှတ်ပုံတင်ခဲ့ပါတယ်။ အဖွဲ့ဝင်အင်အား(၈၀)ရှိပါ့မယ်။ ရံပုံငွေတွေကတော့ အဖွဲ့ကို စိတ်ဝင်စားသူတွေက လှူဒါန်းပါတယ်။ အသေးစိတ်ကိုတော့ မသိပါဘူး။ ကျွန်တော်တို့ ပေးတဲ့သင်တန်း တွေကတော့ အခြေခံဥပဒေနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း သင်တန်းပေးပါတယ်။ CCA ပညာရေး(ကလေးဗဟိုလ်ပြု) သင်တန်း၊ (မားစ်) ဆိုတဲ့ လူငယ်တွေကို မွေးထုတ်ပြီး ဒေသဖွင့်ဖြိုးရေးအတွက် သင်တန်းပေးပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခေါင်းစဉ်ပေးထားတဲ့အတိုင်း ငြိမ်းချမ်းရေးအဓိကပါ။ ငြိမ်းချမ်းရေးအပြင် အခြားသော ဖွင့်ဖြိုးတိုးတက်ရေးအတွက် သင်တန်းတွေကိုလည်း သင်ပြဆွေးနွေးပါတယ်။ ငြိမ်းချမ်းရေးရကြမယ်ဆိုရင် ပဋိပက္ခတွေအားလုံးအေးချမ်းသွားကြမှာပါ ခင်ဗျာ..´´ ဟု သင်တန်းဆရာ ဦးနော်ပါတ် က မြန်မာပို့စ် ကိုပြောသည်။
 

``မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် တွင် ကုမ္ပဏီဝန်ထမ်းများနှင့် ရေနံစိမ်းသယ်ယူသူများ အပြန်အလှန်ခိုက်ရန်ဖြစ်၍ ဆိုင်ကယ်(၈)စီးကို ဖျက်ဆီးခြင်းခံရ´´

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် (စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေး) ကုမ္ပဏီမှ လုံခြုံရေး ၀န်ထမ်များ နှင့် ရေနံစိမ်းမှောင်ခို သယ်ယူ ရောင်းဝယ်သူများ. ဇွန်(၂၂)ရက်နေ့ ည(၈၁၅)နာရီခန့် အချိန်တွင် အပြန်အလှန် ရိုက်နက်၍ အထိကရုံးဖြစ်ကြောင်း၊ ရေနံမှောင်ခိုသယ်ယူရောင်းဝယ်ရခြင်းမှာ ၎င်းရေနံမှော်အတွင်း ၌ ထွက်ရှိသော ရေနံစိမ်းတစ်ပေပါလျှင်(၈၂၀၀၀ိ)ကျပ်ဖြင့် စိန်တံခွန်ကုမ္ပဏီသို့ မဖြစ်မနေ ပြန်လည်ရောင်းချပေးသွင်း ရကြောင်း၊ ကုမ္ပဏီ၏ ပြင်ပ(ဈေးကွက်တွင်) ရေနံစိမ်းတစ်ပေပါလျှင် (၁၂၀၀၀၀ိ)ကျပ်ဖြင့် ဈေးပေး၍ ၀ယ်ယူနေကြကြောင်း ဒေသခံတစ်ဦး က ပြော၍ မြန်မာပို့စ် မှသတင်းရရှိသည်။ ဖြစ်စဉ်မှာ မင်းလှမြို့၏အနောက်တောင်ဘက် မိုင်(၃၀)ခန့်ရှိ ဓါတ်ကုန်းကျေးရွာအနီးရှိ ငနောင်မုန်းရေနံမှော်လုပ်ကိုင် ခွင့်ရ စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေးကုမ္ပဏီ ၀န်ထမ်းများဖြစ်ကြသော ဦးမောင်လွင် ပါ လုံခြုံရေး(၁၄)ဦးသည် ဇွန်(၂၂)ည (၈း၁၅)အချိန်ခန့် ကင်းလှည့်နေစဉ် ရေနံစိမ်း(၅)ဂါလံဝင် ၁၀ ဘူးကို တင်ဆောင်လာသော ဆိုင်ကယ်များနှင့် ပက်ပင်းတွေ့ဆုံကြသည်ဆို၏။ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း(ရေနံမမြောက်ရွာသား)နှင့် အမည်မသိ သူ နှစ်ဦးတို့သည် လုံခြုံရေးများတားဆီးခြင်းအား လက်မခံဘဲ အပြန်အလှန် ရိုက်နက်ကြကြောင်း၊ ရေနံစိမ်းသယ်ဆောင် လာသူ ကိုအောင်ဇော်ထွန်း ၏ နောက်စေ့တွင် နှစ်လက်မခန့် ပေါက်ပြဲသွားကြောင်း၊ စိန်တံခွန်ရေနံ လုံခြုံရေးဝန်ထမ်း ကိုသန်းနိုင်အေး၏ ညာဘက်ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိ၍ ကိုဟန်ဇော်ထွန်း၏ ညာလက်ခါးတွင် လေးခွဖြင့်ထိမှန်၍ ဒဏ်ရာများ ရရှိကြောင်း အဆိုပါ ဒဏ်ရာရရှိသူများကို ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ထားကြောင်း သက်ဆိုင်ရာ မှစုံစမ်းသိရှိသည်။ အဆိုပါ ဇွန်(၂၂)ရက်ည(၈း၃၀) အချိန်ခန့်တွင် ရေနံစိမ်းသယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း ကို စိန်တံခွန်ရေနံကုမ္ပဏီလုံခြုံရေးများက ရိုက်နက်တိုက်ခိုက်လိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားကြောင်း သတင်းကို ရေနံမြေအတွင်းရှိ ရေနံစိမ်းတူးသူများက ကြားသိရသောအခါ ဆိုင်ကယ်အစီး(၃၀)ဖြင့် အမည်မသိသူများ (၃၀)ဦးခန့် တို့သည် အခင်းဖြစ်ပွားရာ ဓါတ်ကုန်းရွာတွင်းသို့ စုဝေးရောက်ရှိလာကြပြီး တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထပ်မံတိုက်ခိုက်ကြရန် လူစုလူဝေးဖြစ်လာကြသည်ဆို၏။ ထိုအချိန်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင် ဦးစီး၍ ရဲအင်အား(၁၀)ဦး၊ ရေနံမရွာ အရှေ့ကျောင်းဆရာတော် ဦးပညိန္ဒ၊ ဓာတ်ကုန်းရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသီရိဘ၀ါရ တို့နှင့် ဦးသန်းထွန်း ပါ ရပ်မိရပ်ဖ အဖွဲ့တို့ ရောက်ရှိလာပြီး တားဆီးထိမ်းသိမ်း၍ ၎င်းည(၉း၃၀)နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွားပြီး နောက်နေ့ ဇွန်(၂၃)ရက် နံနက်(၈း၃၀)နာရီတွင် စိန်တံခွန်ကုမ္ပဏီက အကြောင်းကြား၍ စခန်းမှူး ရဲအုပ် ဇော်ဝင်နိုင် နှင့်အဖွဲ့၊ ရေနံမကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာလှိုင် နှင့် ဓါတ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းလွင် တို့ သွားရောက်၍ စစ်ဆေးကြသည်သိရ၏။ အခင်းဖြစ်ပွာစဉ် ညက ကုမ္ပဏီဝန်ထမ်းများ စီးနင်းသော မော်တော်ဆိုင်ကယ်(၇)စီး နှင့် ပိုင်ရှင်မသိဆိုင်ကယ်(၁)စီး အဖျက်အဆီးခံထားရ၍ ပျက်ဆီးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆို၏။ အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ နစ်နာသူများမှ တိုင်ကြားလာပါက ရေနံမ ရဲစခန်းမှူး ရဲအုပ်က အရေးယူဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများထံမှ စုံစမ်း၍ မြန်မာပို့စ် က သတင်းရရှိသည်။
 

``ဒေါ်အောင်ဆန်းစုကြည် ၏ (၆၈)နှစ်မြောက်မွေးနေ့ပွဲ အဖြစ် မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် က ဆေးလှူဒါန်း´´

ဇွန်(၁၉)ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည်(၁)နာရီအချိန်တွင် မကွေးမြို့နယ် ဒေါင်နေကျေးရွာအုပ်စု အင်တိုင်းကြီးကျေးရွာ သို့ မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်းလူမှုကွန်ယက်မှ အဖွဲ့ဝင်ပေါင်း(၅၀)ခန့် သွားရောက်၍ နိုင်ငံခြား ဆေးများ (၄)သိန်းကျပ်ခန့်ကို လှူဒါန်းကြောင်း သတင်းရရှိသည်။ ထိုပွဲကို ဒေါ်အောင်ဆန်းစုကြည် ၏ (၆၈)နှစ်မြောက် မွေးနေပွဲ အထိမ်းအမှတ်အဖြစ် ကျင်းပလှူဒါန်းကြောင်း၊ အင်တိုင်ကြီးရွာ ပရဟိတ(အခမဲ့) စာကြည့်တိုက်နှင့် တွဲဘက်၍ ဆောက်လုပ်ထားသော ကျေးရွာဆေးပေးခန်းတွင် အင်တိုင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး(ရွာခွဲတာဝန်ခံ) ဦးသာအေး က လက်ခံရယူကြသည်။ ၎င်း ကျေးရွာမှ မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက် သို့ ကြိုတင်၍ ကမ်းလှမ်းအကူ အညီတောင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနွေးပွဲအလှူအဖြစ် အမေစု၏ ဆန္ဒအတိုင်း အမှန်တကယ် ရှားပါးလိုအပ်နေသော အများပြည်သူများရဲ့ ကျမ်းမာရေးအတွက် ထိရောက်အောင်လာရောက်၍ လှူဒါန်းပေးခြင်းဖြစ်ပါကြောင်း မကွေးမြို့ပွင့်လင်းလူ့အဖွဲ့အစည်း လူမှုကွန်ယက်အဖွဲ့ဝင် ဦးဌေးဝင်း က မြန်မာပို့စ် သို့ပြောသည်။
 

``မကွေး NLD နှင့် မင်းဘူး(စကု) NLD ပါတီဝင်တို့ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ဆုတောင်းပွဲ အဖြစ် ဆွမ်းဆက်ကပ်၊ သစ်ပင်စိုက်၊ သွေးလှူဒါန်းပွဲများ ဒါနပြု´´

ဇွန်(၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မကွေးမြို့၌ အသီးသီး ကျင်းပကြောင်းသတင်းရရှိသည်။ မကွေးမြို့နယ်NLD ဥက္ကဋ္ဌ ဦးစိုးမိုး နှင့်ပါတီဝင်အင်အား(၆၀)ကျော်သည် နံနက်(၆)နာရီမှ နံနက်(၈း၃၀)နာရီအထိ မကွေးမြို့နယ် သပြေစမ်းကျေးရွာ ဒီပါမြေရွှေဘုန်းပွင့် မြို့ဦးစေတီ တောင်တွင်းမြို့ အထွက် ကားလမ်းဘေးတွင် သစ်ပင် (၁၀)မျိုး ကို အပင်ပေါင်း(၁၀၀)ခန့်စိုက်ပျိုးကြောင်းသိရသည်။ ထို့နောက် အဖွဲ့ဝင်များသည် နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ မြသလွန်စေတီတော်၌ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲကျင်းပပြီး စေတီတော်ကို လင်္ယာရစ် တစ်ပါတ် ပူဇော်သည်။ ထို့နောက် မကွေးမြို့ မြို့မဈေးကြီးအနီးရှိ ဂုဏ်တောကျောင်းတိုက် သီလရှင်ကျောင်းတွင် နေထိုင်သော သက်တော်(၁၀၃)နှစ်ရှိ အဖွား ဒေါ်ဒေါ်ဦး ကို ငွေသုံးသောင်း ကျပ်လှူဒါန်းပူဇော်ကြသည်။ ထို့နောက် မကွေးမြို့ စိုးကောမင်းရပ်ကွက် တောင်တွင်းလမ်း (မကွေးတက္ကသိုလ်) အနီးရှိ သံဃရာမစာသင်ကျောင်းတိုက် သို့သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းထိုင်ဆရာတော် နှင့် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ မကွေးတိုင်းNLD အတွင်းရေးမှူး ဦးနေမျိုးကျော် နှင့် မင်းဘူး(စကု)မြို့နယ် NLD ဥက္ကဋ္ဌ ဦးအေးကို တို့ဦးဆောင်၍ ပါတီဝင်အင်အား(၃၆) ဦးတို့သည် နံနက်(၉း၃၀)နာရီအချိန်တွင် မကွေးမြို့ တိုင်းဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် သို့ ဒေါ်အောင်ဆန်းစုကြည်၏ (၆၈)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲကျင်းပသည်။ တိုင်းဆေးရုံကြီး အမျိုးသားသွေးလှူဘဏ် မှ သွေးစစ်ဆေးအောင်မြင်သော အမျိုးသား(၂၀)ဦး၊ အမျိုးသမီး(၄)ဦးတို့၏ သွေးအမျိုးအစား အစုံဖြင့် သွေးပုလင်းပေါင်း(၂၄)ပုလင်း ကို အမျိုးသားသွေးလှူဘဏ် မှ လက်ခံရယူ၍ သွေးလှူဒါန်းပွဲအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဘဏ်တွင် သွေးပုလင်းများများကို သိုလှောင်ထားရှိနိုင်သော ရေခဲသေတ္တာများ အထူးလိုအပ်နေ၍ အလှူရှင်များကို ဖိတ်ခေါ်ပါကြောင်း တိုင်းဆေရုံအုပ်ရုံးမှ ဦးကြည်ဝင်း က မြန်မာပို့စ် သို့ ပြောပါသည်။
 

``ဆိပ်ဖြူ မြို့နယ်လူထု၏ ပဋ္ဌာန်း နှင့်ဆွမ်းဆန်းစိမ်းလောင်ပွဲကို ပြည်ခိုင်ဖြိုးပါတီ က ဦးဆောင်သည်ဟု မမှန်သတင်းထည့် ဟုဆို´´

ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေတဲ့ ဂျာနယ်တစ်ဆောင်မှာ မေလ(၂၇)ရက်နေ့တွင် (ဆိပ်ဖြူ ပြည်ခိုင်ဖြိုးပါတီ၏ ပဋ္ဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ) ခေါင်းစည်းဖြင့် (လေးမောင်-ဆိပ်ဖြူ) သတင်းထောက်က ရေးသားဖော်ပြထားပါသည်။ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းကျင်းပါတာ လုံးဝမဟုတ်ပါ။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ လုပ်သားပြည်သူအများ၏ စုပေါင်း လှူဒါန်းသော ဒါနပွဲကြီးဖြစ်ပါသည်။ (၁၃-၅-၂၀၁၃) နေ့စွဲဖြင့် ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးစာဖြင့် ပထမအကြိမ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ကြီးကြပ်ရေးကော်မတီနှင့် ကျင်းပရေးကော်မတီ ဖွဲ့ထားသော စာကိုကြည့်လျှင် အဖြေကရှင်းပါလိမ့်မည်..၊ (ရွာသားအလှူ သူကြီးကောင်းမှု) စကားပုံထက် ပိုဆိုးရွားပြီး တစ်မြို့နယ်လုံးက ပြည်သူလူထု၏အလှူကို (ပြည်ခိုင်းဖြိုးပါတီ) အမည် တစ်ခုတည်းဖြင့် အလှူရှင်နာမည်ခံထားခြင်းဖြစ်ပါကြောင်း ဇွန်(၁၇)ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ မကွေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ လာရောက်၍ ပြောသည်။
 

``ချောက်မြို့တွင် မြန်မာ့ရေနံမြေ(ဂရမ်)လျှောက်ထား၍ နယ်မြေ(၁၄)ရပ်ကွက် ပြည်သူများမှ ကန့်ကွက်စာတင် ဧရာဝတီမြစ် ပြုပြင်ထိမ်းသိမ်းရေးအတွက် ကမ်းနားရပ်ကွက် (၄)ရပ်ကွက် ဖယ်ရှားပေးရမည် ဟုဆို´´

မကွေးတိုင်း ချောက်မြို့ရှိ ရေနံမြေနှင့်ထိစပ်နေသော နယ်မြေ(၁၄)ရပ်ကွက်နှင့် ဧရာဝတီမြစ်ကမ်းဘေးရှိ (၄)ရပ်ကွက် တို့တွင် နေထိုင်ကြသော လုပ်သားပြည်သူများ စိုးရိမ်ပူပင်သောကရောက်နေကြကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း မှ မြန်မာပို့စ် သို့ပြောသည်။ ဖြစ်စဉ်မှာ မြေစာရင်းဌာန ဦးပိုင်အမှတ်(၂၃) ကွင်းအမှတ်(၁၉၃) ဧက(၃၁)ဧကခန့် ရှိ အမှတ်(၁၄)ရပ်ကွက် နှင့် ဦးပိုင်အမှတ်(၂၂-က) ကွင်းအမှတ်(၂၈) ဧက(၃၃)ဧကခန့်ရှိ ရွှေတွင်းကုန်းရပ် နယ်မြေများကို ဦးကျော်ဝင်း (အထွေထွေ မန်နေဂျာ မြန်မာ့ရေနံ) က မြေဂရမ်အသစ်လျှောက်ထားရာ ၂၀၁၃ ခုဇွန်(၈)ရက်နေ့မှာ ချောက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သက်ဆိုင်ရာရပ်ကွက်များသို့ ကန့်ကွက်လိုသူရှိပါက ဇွန်(၁၅)ရက်နေ့အတွင်းကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာများ ကပ်ပေးသည်သိရသည်။ ၎င်းကွင်းအမှတ်(၁၉၃) ယခင်ကာလတွင် ဂရမ်သက်တန်း(၁၅)နှစ်ဖြင့် (၁-၁-၁၉၄၇ မှ ၃၁-၁၂-၁၉၆၃) နှစ်အထိ (B.O.C) ကုမ္မဏီအမည် ဂရမ်ပေါက်သည်၊ ၎င်းနှစ်မှစ၍ နိုင်ငံပိုင်မြေဖြစ်ခဲ့ကြောင်း၊ မြန်မာ့ရေနံအမည်ဖြင့် ယခုလူနေသောရပ်ကွက်မြေများကို လွှဲပြောင်းယူခဲ့ခြင်းမရှိကြောင်း၊ ရေနံမြေအဖြစ်အသုံးပြုမရသော ချောက်ကြို ချောက်ကြားများကို ပြုပြင်၍ နေခဲ့ကြသည်မှာ နှစ်ပေါင်း(၅၀)နှစ်ခန့်ကျော်လာပြီဖြစ်ကြောင်း၊ ထိုအချိန်ကသာ မြန်မာ့ရေနံအမည်ဖြင့်သာ ဂရမ်လျှောက်ထားခဲ့လျှင် ယခုလိုဖြစ်မည်မဟုတ်ပါကြောင်း၊ ယခု လုပ်သားပြည်သူအများ နေထိုင်သော ကွင်းအမှတ်(၁၉၃)ရှိ ရပ်ကွက်ပေါင်း(၉)ရပ်ကွက်ကို နိုင်ငံမြေခွန်များကို (၆)လ တစ်ကြိမ် အခွန်ဆောင်၍ နေထိုင်ခဲ့ကြပါကြောင်း၊ ၂၀၁၂ ဇန်န၀ါရီလ(၈)နေ့က စာအမှတ်(၅/၄၃-၅၃/ ဦး) ၆ ဖြင့် အဆိုပါရပ်ကွက်များကို မြို့မြေအဖြစ် သက်ဆိုင်ရာက တိုင်းတာခဲ့ကြောင်း၊ ယခုလိုနေထိုင်ပြီး လုပ်သားပြည်သူများအနေဖြင့် သက်ဆိုင်ရာမှ ဂရမ်ထုတ်ပေးခြင်းကို စောင်းဆိုင်းနေခဲ့ကြပါကြောင်း ထိုအချက်များကြောင့် သက်ဆိုင်ရာအဆင့်ဆင့်ထံ တင်ပြပြီး ကန့်ကွက်မှုပြုကြပါသည်။ မြန်မာလူမျိုး ဗုဒ္ဒဘာသာများပီပီ ကိုယ်ခြင်းစာနာပေးကြမည်ထင်ပါကြောင်း တိုင်ကြားစာ နှင့် တိုင်ကြားသူများက ပြောဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက မြန်မာပို့စ် သို့ပြောသည်။ `` ကျွန်တော်တို့ချောက်မြို့မှာ ရေနံမြေဂရမ်အတွက် ဖယ်ပေးရမယ်ဆိုရင် ရပ်ကွက်တွေက အများကြီးပါ။ ချောက်မြို့ရှိ(၁၅)ရပ်ကွက်မှာ ရပ်ကွက်(၁)ခုသာ လွတ်လိမ့်မယ်။ အဲဒါအပြင် ယခု ဧရာဝတီဖြစ် လှပအောင် ပြုပြင်ထိမ်းသိမ်း ဖို့ ဆိုပြီး ကမ်းနားမှာရှိတဲ့ ရပ်ကွက်(၄)ခုမှာလဲ ရေတက်ချိန်မှာ ရေမြုပ်တဲ့နေရာတွေအထိ တိုင်းတာနေတယ်။ ရေမြုပ်တဲ့နေရာ ရပ်ကွက်တွေကိုလည်း ဖယ်ပေးဖို့သက်ဆိုင်ရာက စီစဉ်နေတယ်လို့သိရပါတယ်။ ဒါဆိုရင် ချောက်မြို့ တစ်မြို့လုံးနီးပါးလောက် ပြောင်းပေးရမလိုဖြစ်နေပါပြီ..။ ကျွန်တော့် သဘောထား ကတော့ လက်ရှိနေကြတဲ့ လုပ်သားပြည်သူတွေနဲ့ ညှိနှိုင်းပြီး နေစရာတွေအစားထိုးပေးဖို့ အဲ အစားပေးဖို့နေရာဆိုတာ ကလည်း ချောက်မှာ တော်တော် အခက်အခဲရှိပါ့မယ်။ ချောက်မြို့အ၀င်က မိုလာရွာနေရာအထိ ပြောင်းပေးမယ်ဆိုရင်လည်း လက်ရှိနေတဲ့ နေရာနဲ့ တော်တော်ကွာဝေးမယ်။ သီးခြားရပ်ကွက်နေရာချထားပေးရင် သွားရေးလာရေး နေရေးထိုင်ရေးတွေ အတွက် နဲ့ ရေမီး ပြည့်ပြည့်စုံစုံဖြစ်အောင် စီစဉ်ပေးရမယ်။ နောက် လုပ်ကိုင်စားသောက်ဖို့ ဈေးသစ် နဲ့ ပညာရေးအတွက် စာသင်ကျောင်းတွေ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းတွေ ကအစ သေသေချာချာ စနစ်တကျ စီစဉ်ပေးရမယ်။ ဒီလိုစီစဉ်ပေးရာမှာလည်း အုပ်ချုပ်ရေးဌာနက နေရာချထားမဲ့သူတွေ နဲ့ အများပြည်သူတွေကို အကြေအလည်သဘောထား ယူပြီး လုပ်ဆောင်ချက်တွေကို အများပြည်သူတွေသိအောင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ယခုလို ကုန်ဈေးနှုန်းတွေက အစစအရာရာတက် စားဝတ်နေရေးတွေ ကြပ်တည်းနေတဲ့အခါမှာ ဒီလိုကြီး ပြောင်းရွှေ့ဖို့ မစီစဉ်သင့်ဘူးထင်ပါတယ်။ အများပြည်သူတွေကို ကြေနပ်အောင် ညှိနှိုင်းပြီး ပြေလည်အောင်မဆောင်ရွက်ကြဘဲနဲ့ အထက်က အမိန့်အတိုင်းလုပ်ကြရင် ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေကြထားပြီး ပိုဆိုးမသွားအောင် ထိမ်းသိမ်းပြီး မှေးထားသင့်တယ် လို့ထင်ပါတယ်..´´ဟု ဇွန်(၁၆)ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက သူ့၏ သဘောထားကို မြန်မာပို့စ် သို့ပြောသည်။ အဆိုပါကိစ္စများအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်းသည် ဇွန်(၁၅)ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရေးရုံး သို့ရောက်ရှိလာခဲ့ကြောင်း၊ မြန်မာရေနံမြေဂရမ်အသစ်လျှောက်ထားမှုကို ကန့်ကွက်ကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စုစုပေါင်း(၁၅)ဦး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံ၍ ရပ်ကွက်နေပြည်သူများအနေဖြင့် လက်ရှိနေထိုင်သော နေအိမ်များတွင် ဆက်လက်နေထိုင်ကြရန်၊ နေအိမ်များ ဖယ်ရှားခြင်းအတွက် မြို့နယ်/ခရိုင်/တိုင်းဒေသကြီးအနေနဲ့ ဆောင်ရွက်ခိုင်းလို့ မရပါကြောင်း၊ မြန်မာ့ရေနံဌာနကလည်း ဖယ်ရှားခိုင်းလို့မရပါကြောင်း၊ နိုင်ငံတော်အဆင့်ဆင့်၏ ဆောင်ရွက်ချက်ဖြင့်သာ လုပ်ကိုင်ဆောင်ရွက်နိုင်ပါကြောင်း၊ ဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် လက်ရှိ ရေနံမြေပေါ်တွင် ကျူးကျော်နေထိုင်သည့် နေအိမ်စာရင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြထားပြီး နောက်ထပ်နေအိမ်များ ထပ်မံဆောက်လုပ်ခြင်း မဖြစ်အောင် ထိမ်းသိမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး က မြန်မာပို့စ် သို့ပြောသည်။
 

``မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI) ရန်ကုန် ရွေးချယ်ပွဲ တွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို တက်ရောက်ခွင့် ပိတ်ပင်ခံရ ဟုဆို´´

ဇွန်(၁၈)ရက်နေ့ နေ့လည်(၁)နာရီ မှ(၃း၄၅)နာရီအထိ မကွေးမြို့ သုခိတာလမ်း ရန်ပယ်ရပ်ကွက်ရှိ မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင်ပြုလုပ်သည့် အလုပ်အမှုဆောင်(၁၉)ဦးဖြင့် ကျင်းပသော အစည်း အဝေးသို့ မြန်မာပို့စ် က တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ အဓိက ဆွေးနွေးချက်မှာ ဇွန်(၁၄)ရက်နေ့ ရန်ကုန်တွင် ကျင်းပပြီးစီးခဲ့သော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(UMFCCI)ရန်ကုန် အလုပ်အမှုဆောင် အသစ် ရွေးချယ်ပွဲတွင် မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကို ကြိုတင်ဖိတ်ကြားထား သော်လည်း အစည်းအဝေးသို့ ရောက်ရှိချိန်၌ တက်ရောက်ခွင့် ပိတ်ပင်ခြင်း ခံရကြောင်း မကွေးမြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင် မှပြောပါသည်။ `` ကျွန်တော်တို့ ဇွန်(၁၁)ရက်နေ့က အလုပ်အမှုဆောင်အစည်းအဝေးလုပ်ပြီး (UMFCCI) ရန်ကုန် ရွေးချယ်ပွဲအတွက် ဒီအသင်းရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်တော့်ကို ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးက ဆုံးဖြတ်ချက်စာကိုလည်း ရန်ကုန် (UMFCCI)ရုံးသို့ ကြိုတင်စာပို့ခဲ့ပါတယ်။ ကျွန်တော်တို့ ဇွန်(၁၃)၇က်နေ့မှာ ရန်ကုန်သို့ထွက်ခဲ့ပါတယ်။ ကားပေါ်မှာ ရန်ကုန်(UMFCCI)က ဖုန်းဆက်ပါတယ်။ ယခင် မကွေးတိုင်းက ကိုယ်စားလှယ် ဦးလှမြင့် နာမည်ကို ပယ်ဖျက်လိုက်ပါပြီ ခင်ဗျားတို့ အစည်းအဝေးတက်ဖို့အတွက် တည်းခိုနေထိုင်ရေးကစပြီး စီစဉ်ပေးထားပါတယ်လို့ပြောပါတယ်။ ဒါပေမယ့် ဇွန်(၁၄)ရက်နံနက်ပိုင်း ကျွန်တော်တို့ရန်ကုန်ရောက်တော့ အစည်းအဝေးတက်ခွင့်မပေးတော့ပါဘူး။ မကွေးမြို့မှာ ကုန်သည်ကြီးအသင်းဟာ အဖွဲ့ဝင် (၄၀၀)ဦး ကျော်နဲ့ဖွဲ့စည်းထားတဲ့ အထင်ကရ အဖွဲအစည်းကြီးဖြစ်ပါတယ်။ မြို့နယ်ကုန်သည်ကြီးမျာအသင်း ဥက္ကဋ္ဌ ဘကြီးထွန်းဆိုင်တို့က ကြေနပ်စွာနဲ့ ဖွဲ့စည်းခွင့်ပြုပေးခဲ့တာပါ။ ဒါကြောင့် ယခု မြို့နယ်ကုန်သည်အသင်း လူငယ်အဖွဲ့ကို ၂၀၁၀ ခုနှစ်ကစပြီး အများဆန္ဒနဲ့အညီ လုပ်ကိုင်ဆောင်ရွက်လာခဲ့တာပါ။ ဒါပေမယ့်(UMFCCI)က ယခင် လူဟောင်း ကိုယ်စားလှယ် ဦးလှမြင့် (တိုင်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်) ကိုသာ အတည်ပြုပေးပါတယ်ဆိုပြီး ကျွန်တော့်ကို ငြင်းပယ်လိုက်ပါတယ်။ မကွေးမြို့အနေနဲ့ အတော်ကို သိက္ခာကျခဲ့ပါတယ်။ ရန်ကုန်မှာ ရောက်နေတဲ့ မကွေးတိုင်း ဥက္ကဋ္ဌ ဘကြီးဦးထွန်းဆိုင်ကိုလည်း အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ ဘကြီးထွန်းဆိုင် က ဇွန်(၁၁)ရက်နေ့က ကျွန်တော်တို့ အလုပ်အမှုဆောင် ရွေးချယ်ပေးထားတဲ့ ဆုံးဖြတ်ချက်စာကို လုံးဝ သဘောမတူခဲ့ပါဘူး။ တိုင်းက ကန့်ကွက်တားဆီးလိုက်လို့ ဒီစာကို ကျွန်တော်တို့ထံ (UMFCCI) ရန်ကုန်ရုံးက ပြန်ပေးတဲ့အဆင့်အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တိုင်း/မြို့နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း အတွက် (UMFCCI)ရန်ကုန်သို့ ညီနောင် အသင်း ကိုယ်စားလှယ်ရရှိရေးဆိုပြီ့း  စည်းစည်းလုံးလုံး သေသေချာချာ စဉ်းစားဆောင်ရွက်ပေးကြဖို့ ပြတ်ပြတ်သားသားနဲ့ အစည်းအဝေးလုပ်ရတာပါ။´´ ဟု ဥက္ကဋ္ဌ ဦးနေလင်းအောင် မှပြောပါသည်။ `` မကွေးတိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းက ၂၀၁၀ ခုနှစ်မှ စပြီး မကွေးမြို့နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဆိုပြီး လူငယ်တွေကို ဖွဲ့စည်းခိုင်းခဲ့တယ်။ ဒါကြောင့်ဖွဲ့စည်းခဲ့ကြပါတယ်။ ဒါပေမယ့် တိုင်းအသင်းက သာရေးနာရေး လူမှုရေးကိစ္စလောက်သာ ဆောင်ရွက်ကြပြီး လုပ်ငန်းအတွက်တော့ မြို့နယ်ကို ဘာမျှ လုပ်ကိုင်ကူညီပေးခဲ့တာ မရှိပါဘူး။ ဘာမျှလည်း လွှဲပြောင်းမပေးခဲ့သေးပါဘူး။ ပွင့်လင်းမြင်သာမှုမရှိခဲ့ကြပါဘူး။ တိုင်းအလုပ် အမှုဆောင် အစည်းအဝေး ဆိုပြီးလည်း တစ်ခါမှကျွန်တော်တို့ကိုဖိတ်ကြားခြင်း မရှိခဲ့ပါဘူး။ တိုင်း ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းကို အသင်းသားတွေဆန္ဒနဲ့ဖွဲ့စည်းခဲ့တာမဟုတ်ပါဘူး။ ယခင် မကွေးမြို့နယ်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဘကြီးဦးထွန်းဆိုင်တို့အဖွဲက နားခဲ့ကြပြီး တိုင်းကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဆိုပြီး သူ့တို့ဘာသာ ဖွဲ့စည်းခဲ့ကြတာပါ။ တိုင်းအသင်းနဲ့ မြို့နယ်အသင်း ထိတွေ့မှု တွေ့ဆုံမှုမရှိခဲ့ကြလို့ ဒီလိုဖြစ်သွားရတာပါ။ ဒါကြောင့် ယနေ့အစည်းအဝေးမှာ ဆွေးနွေးချက်(၄)ချက်ကို အများဆန္ဒအရသဘောတူကြရင် ဆုံးဖြတ်ချက်ချပေးကြပါ…´´။ ဟု အတွင်းရေးမှူး ဦးမြင့်ကျော်က အမှုဆောင်များ၏ဆွေးနွေးချက်များကို ကောက်နှုတ်ပြောဆိုပြီး အစည်အဝေးဆုံးဖြတ် ချက်ကို အောက်ပါအတိုင်း အတည်ပြုကြပါသည်… (တစ်) မြို့နယ်အသင်း၏ မှတ်ပုံတင်ကို ပြန်လည်ရယူ ထိမ်းသိမ်းဆောင်ရွက်ရန်။ (နှစ်) (UMFCCI) ရန်ကုန်ရုံးမှ မကွေးမြို့နယ်အသင်းကို အသိအမှတ်ပြုအောင် တိုင်းအသင်းမှ ချိတ်ဆက်ဆောင်ရွက်ပေးရန်။ (သုံး) မြို့နယ်အသင်းရုံး မြေဂရမ်နှင့် ပိုင်ဆိုင်ပစ္စည်းများကို တရားဝင်လွှဲပြောင်းရယူနိုင်အောင် ဆက်လက်ဆောင်ရွက်ရန်။ (လေး) လစ်လပ်သွားသော မြို့နယ်အလုပ် အမှုဆောင် တစ်ဦး နေရာအစား ဦးဇော်မင်း ကို (ယာယီ) ရွေးချယ်ထားရန် ဟု အခမ်းအနားမှူး၏ ဖတ်ကြားရှင်းလင်းချက်ကို သတင်းရရှိခဲ့သည်။
 

``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´

``မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်တွေ့ဆုံပွဲ၌ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြို မဲ အနိုင်ရအောင် စည်းရုံးမည် ဟု ဥက္ကဋ္ဌ က ကြွေးကြော်´´ ( ပါတီဝင်ကတ် = စမတ်ကတ်)များ ထုတ်မသေးနိုင်သေး။ ပါတီဝင်များထံမှ ငွေတစ်ရာကိစ္စ ဆွေးနွေးကြရ) မကွေးမြို့ မဲထီလမ်း မြင်သာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဇွန်(၁၆)ရက်နေ့ နံနက်(၁၀)မှ နေ့(၁၂း၃၀)နာရီအချိန်မှာ မကွေးခရိုင် NLD ပါတီ အလုပ်အမှုဆောင်အဖွဲ့ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သတင်းရရှိ သည်။ အစည်းအဝေး မစမီ မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း နှင့် မြန်မာပို့စ် တွေ့ဆုံသည်။ `` မကွေးခရိုင်NLD ပါတီ နဲ့ အဖွဲ့ချုပ်ရုံးအပါဝင် မြန်မာပြည် တစ်နိုင်ငံလုံးပါတီဝင်တွေရဲ့ ရှေ့လုပ်ငန်းစဉ်ကတော့ ကျွန်တော်တို့ပါတီ အနိုင်ရရေးသာ အဓိကထားပြီးချမှတ်ထားပါတယ်၊ ပါတီဝင်တိုင်းက စည်းရုံးဆောင်ရွက်နေကြပါတယ်။ ပြည်သူလူထု က ၈၀% ထောက်ခံနေရင်တောင် ရာနှုန်းပြည့်ထောက်ခံအောင် တောင်ပြိုကမ်းပြို တဲ့အထိ မဲ အပြတ်အသတ် အနိုင်ရရှိအောင် စည်းရုံးနေကြပါတယ်။´´ ဟု မကွေးခရိုင် ဥက္ကဋ္ဌ ဦးခင်သောင်း က မြန်မာပို့စ် ကိုပြောသည်။ အဆိုပါ NLD မကွေးခရိုင်တွေ့ဆုံပွဲ၌ (၁၅)ဦးတက်ရောက်၍ ဆွေးနွေးချက်(၃)ချက်၊ ဆုံးဖြတ်ချက်(၃)ချက်ချမှတ်သည်။ ပါတီဝင်ကတ်(စမတ်ကတ်) အသစ်များ အမြန်ရရှိနိုင်ရန် စက်ဝယ်ယူရေးကိစ္စ ကို မကွေးတိုင်းNLD ပါတီသို့တင်ပြရန်၊ မကွေးတိုင်းရုံးမှ တဆင့် ဗဟိုသို့ ဆက်လက်တင်ပြပေးမည်ဖြစ်ကြောင်း မကွေးတိုင်းNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် မှ ပြောသည်။ NLD မကွေးခရိုင် နာယက ၏ ဆွေးနွေးချက်အရ ခရိုင်အစည်းအဝေးကို တစ်လတစ်ကြိမ် တွေ့ဆုံရန် ဆုံးဖြတ်သည်။ ဒုတိယအကြိမ် ခရိုင်တွေ့ဆုံပွဲကို ဇူလိုင်(၁၄)ရက်နေ့မှာ ကျင်းပမည်၊ ခရိုင်တွင်းရှိ မြို့နယ် ဥက္ကဋ္ဌ များကိုပါ မကျန်အောင်ဖိတ်ကြားရန်၊ ယခု ပထမအကြိမ် အစည်းအဝေး တွင် ချောက်မြို့နှင့် ရေနံချောင်းမြို့နယ်များသို့ ဖိတ်ကြားရန် ပျက်ကွက်၍ မကွေးခရိုင် ဒု ဥက္ကဋ္ဌ က တောင်းပန်ပြောကြားသည်။ မကွေးခရိုင် ဥက္ကဋ္ဌ က ၂၀၁၄ ခုနှစ်မှစပြီး မဲနိုင်ရေးအတွက် နယ်မြေများသို့ ပြဲပြဲစင်အောင် ကွင်းဆင်း၍ စည်းရုံးမည်ဟု ဆို၏။ ထို့နောက် ပါတီဝင်များထံ ငွေကျပ်တစ်ရာ ကောက်ခံရာ၌ ပါတီဝင်များက မပေးချင်တာမဟုတ်ကြောင်း မပေးဖြစ်သေးတာဖြစ်ကြောင်း ကောက်ခံတဲ့ သူကလည်း မကောက်ခံတာ မဟုတ်ဘဲ မကောက်ဖြစ်သေးတာဖြစ်ကြောင်း ပါတီတွင်းစည်းရုံးရေးအတွက် အသေးစိတ်များ ကို မကွေးခရိုင် ဥက္ကဋ္ဌ ကပြောကြားသွားကြောင်း သတင်းရရှိသည်။
 

``မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) ၏ နှလုံးသားဝယ် ဘုရားတည် ဘာသာယဉ်ကျေးမှုစာမေးပွဲ မှ ဆုရသူများကို မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဆုပေးပွဲကျင်းပ´´

မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှင့် မင်္ဂလာရန်အောင်ကျောင်းတွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် ဇွန်(၁)ရက်နေ့တွင် စာမေးပွဲဖြေဆို ကြရ သည်။ အသက်(၁၄)နှစ်၏အထက် အကြီးတန်း နှင့် အသက်(၁၄)နှစ်၏အောက် အငယ်တန်းဟု ခွဲခြားဖြေဆိုရကြောင်း သတင်းရရှိသည်။ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသော ဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေးကြေငြာထားသည်။ ဖြေဆိုရန်လျှောက်ထားသူ(၅၇၀)ဦး မှ လာရောက်ဖြေဆိုသူ(၃၄၄)ဦး ဖြေဆိုကြောင်းသိရသည်။ ၎င်း ဖြေဆိုသူများမှ ခုံအမှတ်(ဘကသ/၃၄၅) (အဘ)ဦးသုစိန် ၏ သမီး မပိုးအိစံ က (ပထမဆု ငွေကျပ်သုံးသိန်း)။ ခုံအမှတ်(ဘကသ/၁) (အဘ)ဦးစိုးမြင့် ၏ သမီး မသင်းသင်းကြူ က (ဒုတိယဆု ငွေကျပ်နှစ်သိန်း)။ ခုံအမှတ်(ဘကသ/၄၉) (အဘ)ဦးကျော်လွင် ၏ သမီး မပိုးအင်ကြင်းငယ်က (တတိယဆု ငွေကျပ်တစ်သိန်း)။ ဆုငွေသုံးသောင်းကျပ်ဖြင့် အထူးဆု(၁၀)ဆု၊ ဆုငွေနှစ်သောင်းကျပ်ဖြင့် အထူးဆု(၁၀) တို့အသီးသီးဆွတ်ခူးရရှိကြောင်းသိရသည်။ အလားတူ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း၌ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် လျှောက်ထားသူပေါင်း(၅၆၉)ဦးမှ လာရောက်ဖြေဆိုသူ (၄၂၀)ဦးဖြေဆို ကြောင်းသိရသည်။ ၎င်း ဖြေဆိုသူများမှ ခုံအမှတ်(ဘသ/၁၂၇) (အဘ)ဦးမြင့်လွင် ၏ သမီး မသဲနုဆည်းဆာ က (ပထမဆု ငွေကျပ်သုံးသိန်း)။ ခုံအမှတ်(ဘသ/၂၃၈) (အဘ)ဦးဘိုခိုင် ၏ သား မောင်အောင်ခိုင်ဦး က (ဒုတိယဆု ငွေကျပ်နှစ်သိန်း)။ ခုံအမှတ်(ဘသ/၂၄၂) (အဘ)ဦးကျော်နိုင် ၏ သမီး မရတနာခင် က (တတိယဆု ငွေကျပ်တစ်သိန်း)။ ဆုငွေသုံးသောင်း ကျပ်ဖြင့် အထူးဆု(၁၀)ဆု၊ ဆုငွေနှစ်သောင်းကျပ်ဖြင့် အထူးဆု(၁၀) တို့အသီးသီးဆွတ်ခူးရရှိကြောင်း သိရသည်။ ဇွန်(၁၅)ရက်နေ့ ည(၉)နာရီအချိန် မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာ ရွှေရောင်လက်များလစဉ်ပရဟိတလူမှုကူညီရေးအဖွဲ့(မကွေး)၏ တစ်နှစ်ပြည့်အထိမ်းအမှတ် အထူးတရားပွဲ၌ အထက်ပါ ဆုရရှိသူ လူငယ်မောင်မယ်များကို မေတ္တာရှင်ဆရာတော် (ရွှေပြည်သာ) အရှင်ဇ၀န ကိုယ်တိုင် ချီးမြှင့်ကြောင်း၊ အဆိုပါ စာမေးပွဲများကို ရွှေရောင်လက်များလစဉ်ပရဟိတလူမှုကူညီရေးအဖွဲ့(မကွေး)မှ ဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
 

``ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးဆောင်ဆွေးနွေးသူများသင်တန်း မကွေးတိုင်းဒေသကြီးမှာ ဖွင့်လှစ်´´

(ဒီသင်တန်းများကြောင့် ၂၀၁၁ ခုနှစ်က ယောချောင်း၊ကျောချောင်း ရေကြီးမှုကို လက်တွေ့အသုံးချနိုင်) မကွေးတိုင်းဒေသကြီး မကွေးဟော်တယ်တွင် ဇွန်(၃)ရက်နေ့ နံနက်(၉)နာရီအချိန်မှာ ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးဆောင်ဆွေးနွေးသူများသင်တန်းဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို စင်ကာပူနိုင်ငံ လခြမ်းနီ(ကမ္ဘာ့ကြက်ခြေနီအဖွဲ့) မှ စပွန်ဆာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန နှင့် မကွေးတိုင်းဒေကြီးကြက်ခြေနီတပ်ဖွဲ့တို့မှ ဦးဆောင်ကြီးကြပ်ကျင်းပကြောင်း၊ Community Based Disaster Risk Management Facilitator Course ထိုသင်တန်းကို ဇွန်(၃)ရက်နေ့မှ ဇွန်(၉)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီအထိ (၇)ရက်ပို့ချမည်သိရသည်။ သင်တန်းသားများမှာ ဆိပ်ဖြူမြိုနယ် ကျေးရွာများမှ(၁၅)ဦး၊ သရက်မြို့နယ် ကျေးရွာများမှ(၁၅)ဦး စုစုပေါင်းသင်တန်းသား(၃၀)ဦးတက်ရောက်ကြောင်း၊ သင်တန်းဆရာများမှာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ဒုတိယ ဌာနမှူး ဦးအောင်သောင်းရွှေ နှင့် သင်တန်းမှူး(၄)ဦး ဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက် ဖွင့်လှစ်ပေးပြီး သင်တန်းသား နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း(၅၀)ဦးခန့်တက်ရောက် ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ယခုလို သင်တန်းများကို၂၀၀၉ ခုနှစ်မှစတင်၍ မြို့နယ်(၄)မြို့နယ်တွင်ဖွင့်လှစ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြားတိုင်း နှင့်ပြည်နယ်များတွင် တစ်ကြိမ်စီသာ ဖွင့်လှစ်ပေးခဲ့ရသေးကြောင်း၊ အဆိုပါသင် တန်းများ၏ အကျိုးကျေးဇူးကြောင့် ၂၀၁၁ ခုနှစ်ထဲတွင် ပခုက္ကူမြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်အတွင်း ယောချောင်း၊ကျောချောင်း ရေကြီး၍ သာဘာဝ ရေဘေးဒုက္ခကျရောက်ခဲ့စဉ်မှာ ကြိုတင်ပြင်ဆင်ကူညီပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် အသုံးပြုနိုင်ခဲ့ကြ ကြောင်း ဒုတိယ ဌာမှူး ဦးအောင်သောင်းရွှေမှ မြန်မာပို့စ် ကို ပြောသည်။
 

``မကွေးမြို့တွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲများ ပြုလုပ် ပ.ဒု.တ ဆုများ(၃-၂-၁)သိန်း ဟုသိရ´´

ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှင့် မင်္ဂလာရန်အောင်ကျောင်းတွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် စာမေးပွဲဖြေဆိုကြရသည်ဟု သတင်းရရှိသည်။ စိတ်ပါဝင်စားကြသော တက္ကသိုလ်ပေါင်းစုံ၊ အထက်တန်း၊ အလယ်တန်း ကျောင်းသားများနှင့် မူလတန်းကျောင်းသား လူငယ် မောင်မယ်များကို အသက်(၁၄)နှစ်၏အထက် အကြီးတန်း နှင့် အသက်(၁၄)နှစ်၏အောက် အငယ်တန်းဟု ခွဲခြားဖြေဆိုရကြောင်း သတင်းရရှိသည်။ အဆိုပါစာမေးပွဲများကို မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ဆရာတော်၊ မင်္ဂလာရန်အောင် ဆရာတော်၊ ၀ါးဂွမ်းကျေးရွာ (ဘက)ဘုန်းကြီးကျောင်း ဆရာတော်၊ တောင်တွင်းမြို့မှဆရာတော်စသည့် သံဃာများအဖွဲ့က ဦးဆောင်၍ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့၊ ဖြူစင် အခမဲ့ဆေးခန်း ပရဟိတအဖွဲ့၊ ယဉ်ကျေးလိမ္မာ(မကွေး) အဖွဲ့တို့ က ကူညီပံ့ပိုး ဆောင်ရွက်ကြသည်ဟုသိရသည်။ မကွေးမြို့ မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ၌ ဇွန်(၁)ရက်နေ့ စနေနေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအထိ စာမေးပွဲမှာ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသောဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေးကြေငြာထားသည်။ ဖြေဆိုရန်လျှောက်ထားသူ(၅၇၀)ဦး မှ လာရောက်ဖြေဆိုသူ(၃၄၄)ဦး ဖြေဆိုကြောင်းသိရသည်။ အလားတူ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း၌ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေး ကြေငြာထားသည်။ ဖြေဆိုရန် လျှောက်ထားသူပေါင်း(၅၆၉)ဦးမှ လာရောက်ဖြေဆိုသူ (၄၂၀)ဦးဖြေဆိုကြောင်းသိရသည်။ အဖြေလွှာများအားလုံးကို ဇွန်(၂)ရက် မှ (၃)ရက်နေ့အထိ စစ်ဆေး၍ ဇွန်(၄)ရက်နေ့တွင် ဖြေဆိုအောင်မြင်သူများ၏ စာရင်းကို ကြေငြာမည်ဟုသိရသည်။ ဖြေဆိုအောင်မြင်သူများကို အကြီးတန်းနှင့် အငယ်တန်း အုပ်စု(၂)စုအတွက် ဆုများကို သီးခြားစီချီးမြှင့်၍ ဆုငွေများကို အတူတူသတ်မှတ်ပေးမည်ဆို၏။ ပထမ ဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်း၊ အထူးဆု (၃)သောင်းကျပ်ဖြင့်(၁၀)ဆု နှင့် အထူးဆု (၂)သောင်းကျပ်ဖြင့်(၁၀)ဆု ပေးမည်ဟုသိရသည်။ အဆိုပါဆုရသူ လူငယ်များကို (၉-၆-၂၀၁၃) နေ့မှာ မကွေးမြို့တွင် ရွှေပြည်သာ မေတ္တာရှင်ဆရာတော်((ရွှေပြည်သာ) အရှင်ဇ၀န ကိုယ်တိုင် ကြွရောက်၍ ဆုများကို ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဆုရရှိသူ လူငယ်မောင်မယ်များ နှင့် စာမေးပွဲဖြေဆိုသူများအားလုံးသည် (၉-၆-၂၀၁၃) နေ့တွင် မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာအခန်းအနားကျင်းပရန် စီစဉ်ထားကြောင်း၊ ဖိတ်စာများဖြင့် ထပ်မံဖိတ်ကြားပေးမည်ဖြစ်ကြောင်း၊ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့မှ ဦးတိုး (ဖုန်း-၀၉-၅၃၄၀၆၃၁) က မြန်မာပို့စ် သို့ပြောသည်။
 

``မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ သိန်း(၃၀၀)တန် (AMBULANCE) လူနာတင်ယာဉ် လှူဒါန်း´´

(ဒီလူနာတင်ယာဉ်ကို အများပြည်သူတွေအတွက်သာ အသုံးပြုပါ။ ဆရာဝန်များနဲ့ ဆေးရုံဝန်ထမ်းများ ကြို/ပို့ မသုံးရ) ဇွန်(၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မကွေးမြို့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ တွင် မကွေးတိုင်း ဖွံ့ဖြိုးရေးဖောင်းဒေးရှင်း မှ သိန်း(၃၀၀)တန် အဆင့်မြင့် လူနာတင်ယာဉ် လှူဒါန်းကြောင်း သတင်းရရှိသည်။ ယာဉ်အမျိုးအစားမှာ Mercedes Sprinter (5 Cylinder) ၊ ယာဉ်အမှတ် ၂စ/ ၇၇၃၂၊ ထုတ်လုပ်သည့်နိုင်ငံ United Kingdom (England)၊ ၂၀၀၇ မော်ဒယ်၊ စက်စွမ်းအား(Engine Power) 1800 CC ဒီဇယ်၊ ၀န်တင်ဆောင်အား ၁.၅ တန်၊ နှင့် မြန်မာငွေကျပ် သိန်း(၃၀၀) ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကားပေးအပ်လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ မြို့မိမြို့ဖများ ကျန်းမာရေးဝန်ထမ်းများ (၁၀၀)ဦးခန့် တက်ရောက်၍ အဆိုပါ လူနာတင်ယာဉ် (AMBULANCE) ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း မှ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဌေး သို့ မော်တော်ယာဉ်နှင့်အတူ ၎င်းကားနှင့် ပါတ်သက်သော စာရွက် စာတမ်းများကို ပေးအပ်ကြောင်းသတင်းရရှိသည်။ အဆိုပါ လူနာတင်ယာဉ် (AMBULANCE) ကို အများပြည်သူများအတွက်သာ အမှန်တစ်ကယ် ထိရောက်စွာ အသုံးပြုစေလိုကြောင်း၊ ဤ ကားဖြင့် ဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကြို ပို့ (ဖယ်ရီကား) အဖြစ် အသုံးမပြုရန် (အထူးတားမြစ်) ၍ အဆိုပါကားကို အမြဲထာဝစဉ် ကောင်းမွန်နေအောင် ၎င်း မော်တော်ယာဉ်၏ ပြင်ဆင်ထိမ်းသိမ်းရေးအတွက် တိုင်းပြည်သူ့ဆေးရုံ မှ ဆက်လက်တာဝန်ယူပေးရန် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တာဝန်ပေးမှာကြား ထားခဲ့ကြောင်း မြန်မာပို့စ် က သတင်းရရှိသည်။
 

``မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ကြီးမှူး၍ ကောက်ကွက်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦးစာရင်းတင်ခြင်း သင်တန်းဖွင့်´´

မကွေးမြို့ အထက(၁)ကျောင်း၊ ပန်းဟေ၀န်ခန်းမတွင် မေ(၂၉)ရက် မှ မေ(၃၀)ရက်နေ့အထိ မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မှ ကြီးမှူး၍ ကောက်ကွက်ဖွဲ့စည်းခြင်းနှင့် အဆောက်အဦးစာရင်း တင်ခြင်း သင်တန်းဖွင့်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းမှာ ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာတို့ကို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတွင် စာရင်းကောက်ယူကြမည့် ပညာရေးဌာနမှ ဆရာများ လက်တွေ့အသုံးချနိုင်အောင် သက်ဆိုင်ရာ (လ.၀.က)မှ ရပ်ကွက်/ကျေးရွာ နယ်မြေတာဝန်ခံများက ကောက်ကွက်များဖွဲ့စည်းပေးခြင်း၊ အဆောက်အဦးမြေပုံများကို မှန်ကန်တိကျအောင်ကြိုတင်ပြင်ဆင် ရေးသားပေးနိုင်စေရန် အတွက် သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ၎င်း သင်တန်းအား မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဝေ အမှာစကားပြောကြားဖွင့်လှစ်၍ သင်တန်းမှူးများအဖြစ် မကွေးခရိုင်(လ.၀.က) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်နှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးဌာနမှူးများ မှ သင်တန်းပို့ချပေးကြောင်း၊ သင်တန်းသူ သင်တန်းသားများမှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရုံး၊ ခရိုင်ရုံးများ၊ မြို့နယ်ရုံးများမှ (လ.၀.က) တိုက်နယ်မှူးများ(၂၅၂)ဦးတက်ရောက်ကြ ကြောင်း၊ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီးအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်ပေးကြောင်း တိုင်းဦးစီးမှူး ဦးထွန်းဝေ မှ ရှင်းလင်းပြောကြားသည်။
 

``ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးခင်အောင်မြင့်(ပြည်ထောင်စုလွှတ်တော် နာယက)နှင့် မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၌ တွေ့ဆုံပွဲ´´

(ပါတီအောက်ခြေစ၍ စည်းရုံးရေးပိုင်းမှာ ပါတီဝင်အင်အားများ အမှန်စာရင်းတင်ပြရန်လို၊ ၂၀၁၂ စာရင်းအရ ပါတီဝင် ၂၆သန်းရှိသော်လည်း ရွေးချယ်ပွဲ ဘာကြောင့်မဲမရခဲ့ကြသလဲ..?) မေ(၂၉)ရက်နေ့ နံနက်(၈)နာရီ မှ နံနက်(၁၀း၃၀) အချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် တက္ကသိုလ်လမ်း မကွေးတိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခမ်းမ၌ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးခင်အောင်မြင့်(ပြည်ထောင်စုလွှတ်တော် နာယက)နှင့် ပါတီဝင်များ တွေ့ဆုံပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥက္ကဋ္ဌ နှင့် ဒု ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ (တိုင်းကြံ့ခိုင်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ) နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် မကွေးခရိုင်၊မြို့နယ်၊ မင်းဘူးခရိုင်တို့မှ ပါတီဝင်များ(၄၃၅)ဦးတက်ရောက်ကြသည်။ အဆိုပါတွေ့ဆုံပွဲမှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးခင်အောင်မြင့်(ပြည်ထောင်စုလွှတ်တော် နာယက)၏ ပြောဆိုချက်များကို ကောက်နှုတ်ဖော်ပြပါသည်။ `` ယနေ့ခေတ်ဟာ သဘောတရားရေးရာတွေကို အသွင်သဏ္ဍာန်ရောအနှစ်သာရပါ ပြောင်းလဲ ဖော်ထုတ်ဖို့ လက်တွေ့ခေတ်ဖြစ်လာပြီ။ လက်တွေ့ခေတ်ဖြစ်တဲ့အတွက် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့်ဖွံဖြိုးရေးပါတီ ပြည်ခိုင်ဖြိုးပါတီ သည်တာ ပြည်သူတွေရဲ့ ယုံကြည်အားကိုးစရာ ဖြစ်လာအောင် စည်းရုံးကြရမယ်။ စည်းရုံးတဲ့နေရာမှာ အစရာရာ မည်သည့်လုပ်ငန်းမဆို ပြည်သူတွေပါဝင်မှ အောင်မြင်မယ်ဆိုတာရယ် ပါတီတစ်ခုတည်းလုပ်လို့ မအောင်မြင်ဘူးဆိုတာကို အလေးအနက် သတိထားစေချင်ပါတယ်။ အလွှာအမျိုးအမျိုးကို စည်းရုံးနိုင်ရမယ်။ ဆရာကြီး ဒဂုံတာရာပြောသလို ရန်သူကို မိတ်ဆွေဖြစ်အာင်လုပ်ရမယ်။ ရန်သူမရှိစေရဘူး။ မည်သည့်ပါတီဝင်မဆို မိတ်ဆွေဖြစ်အောင်ပေါင်းသင်းရမယ်။ ယနေ့ မြန်မာပြည်မှာ ပါတီပေါင်း(၆၄)ပါတီ မှတ်ပုံတင်ထားပြီးပါပြီ။ မြန်မာပြည်မှာပါတီတွေကများလို့ တကယ်ကို ပါတီစုံပါဘဲ။ ပါတီဝင် စည်းရုံးရေးမှာ ပြည်ခိုင်းဖြိုးပါတီသာလျှင် ပြည်သူအများအားကိုးစရာဖြစ်လာအောင် အောက်ခြေကစပြီး ဆောင်ရွက်ရမယ်။ အဓိက ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေကို လေးစားစွာ ပါတီကိုအပ်နှံပါ၊ သူတို့ရဲ့ ဆုံးမသွန်သင် တာကိုနာခံကြပါ၊ တိုင်ပင်ဆွေးနွေးကြပါ။ သူတို့ရဲ့ဆုံးမ သွန်သင်မှုကိုနာခံပါ၊ ရပ်မိရပ်ဖတွေ၊ မြို့မိမြို့ဖတွေထဲအထိ ပါတီဝင်ဖြစ်အောင်ဆောင်ရွက်သင့်တယ်။ ဒီလိုမှ မစည်းရုံးနိုင်ရင်တော့ အနီရောင်ဆိုင်းဘုတ်ယှဉ်ပြိုင်ပြီး ထောင်လိုက်တာနဲ့ အဲဒီပါတီအောက်ကိုသာရောက်သွားကြမယ်။ ပြည်ခိုင်ဖြိုးပါတီက သက်ဆိုင်ရာအစိုးရအဖွဲ့မှာ အသီးသီးတာဝန်ယူထားသူ တွေရှိနေကြတာဘဲ၊ နိုင်ငံတော်သမ္မတဆို ပြည်ခိုင်ဖြိုးပါတီဝင်ပါ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ၀န်ကြီးအဖွဲ့ဆိုလည်း ဒို့ပါတီဝင်တွေဘဲ၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို မှန်ကန်စွာနဲ့ မှန်ကန်တဲ့ဘက်က ဆောင်ရွက်နိုင်ကြပါတယ်။ ဒါပေမယ့် မိမိတို့ရဲ့အောက်ခြေ အဆင့်ဆင့်ပါတီနယ်မြေမှာ နယ်မြေစည်းရုံးရေးမှူးတွေက ပါတီစည်းရုံးရေးမအောင်မြင်ရင် မိမိတို့ညံ့နေသေးလို့သာမှတ်၊ မိမိမှားနေလို့သာမှတ်ပါ။ ကျွန်တော် တစ်နေရာမှာကြုံခဲ့ရတာ တစ်ခုပြောချင်ပါတယ်၊ ( အဘရယ် ကျွန်တော် အနစ်နာခံပြီး ဒီမှာလုပ်လာခဲ့တာ(၁၃)နှစ်ရှိနေပါပြီတဲ့၊ လူကြီးများလာရင် တောင်ဘက်ကို မိုင်(၅၀)၊ မြောက်ဘက်ကို မိုင်(၇၅)မိုင်အထိ သွားပြီးကြိုဆိုခဲ့ပါတယ်တဲ့) လူကြီးလာရင်ကြိုဆိုရေးကို အဓိကမထားဘဲ ကိုယ့်နယ်မြေရဲ့ လိုအပ်ချက် အဖြစ်မှန်တွေ အခက်အခဲတွေကို အချက်အလက်တွေနဲ့ လူကြီးသိအောင်တင်ပြရမယ် တောင်းဆိုရမယ်၊ ကိုယ်မှားတာတွေနဲ့ အဖြစ်မှန်တွေကို တင်ပြရှင်းလင်းပြဖို့က အဓိကပါ။ အားလုံးကောင်းပါတယ် အားလုံးကောင်းပါတယ်လို့ မလုပ်သင့်ကြတော့ပါဘူး ၂၀၁၂ ခု ရွေးကောက်ပွဲ မတိုင်ခင်က ဗဟို အလုပ်အမှုဆောင်အစည်းအဝေးလုပ်တယ်။ ရွေးကောက်ပွဲလုပ်မယ့် တိုင်းဒေသကြီး ပြည်နယ်(၉)ခုက တာဝန်ခံအားလုံး တစ်ဦးချင်းစီကပြောကြပါတယ်၊ `ကျွန်တော်ဒေသက ရာခိုင်နှုန်းပြည့် နိုင်ပါတယ်လို့ ပြောကြတယ်။ ကျွန်တော်နဲ့ မြို့နယ်အီးစီ၊ ခရိုင်၊တိုင်း အီးစီတွေနဲ့တွေ့ပြီးပါပြီ အားလုံးက အဘ နိုင်ပါတယ်´လို့ပြောခဲ့တာဘဲ။ သေခြာပြီပေါ့၊ ရွေးကောက်ပွဲချိန်မှာ ကျွန်တော်က ကန်ဘောဒီယား ကိုရောက်နေ ပါတယ်။ ဟော်တယ်မှာ အင်တာနက်ဖွင့်ကြည့်လိုက်တော့ ရွေးကောက်ပွဲအဖြေတွေက ဟိုနေရာရှုံး၊ ဒီနေရာလည်းရှုံးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်ရောက်နေတဲ့ ဒီဟော်တယ်မှာ ပြန်ကြားရေး ၀န်ကြီး ကျော်ဆန်းကလည်းရောက်နေပါတယ်။ သူ့ကိုကျွန်တော်မေးပါတယ်။ မင်းရဲ့ရွေးကောက်ပွဲနယ်မြေက အခြေအနေ ဘယ်လိုလဲလို့ မေးပါတယ်။ သူက (သေခြာပြီပေါ့ ငါတို့နိုင်ပါတယ်)လို့ဖြေပါတယ်။ မနိုင်တော့ဘူး အားလုံးရှုံးကုန်ပြီ လို့ပြောတော့ သူက မယုံကြည်သေးဘူး။ မင်းမယုံရင် အင်တာနက်ကို မင်းဖွင့်ကြည့်လိုက်လို့ ပြောလိုက်တော့ (အင်တာနက်မကြည့်တတ်ဘူး)လို့ သူကပြောပါတယ်။ (အလကား တစ်ဘက်က ၀ါဒဖြန့်နေတာပါ)လို့ကျော်ဆန်းက ဆိုတယ်။ ဒါနဲ့ ကျွန်တော်တို့နောက်က အာဆီယံအစည်းအဝေးတက်ဖို့ ၀န်ကြီးချုပ်၊ ၀န်ကြီးအဖွဲ့ရောက်လာကြပါတယ်။ အဲဒီတော့ အဖြေကို သိလိုက်ရတယ်၊ ကျွန်တော်ဖတ်ပြမယ်၊ စစ်ကိုင်းဒေသကြီးက(၃)မြို့နယ်မှာ ရွေးကောက်ပွဲလုပ်တယ်။ ပြည်ခိုင်ဖြိုးပါတီက ၂၉%မဲရတယ်၊ NLD ၇၀%မဲရတယ်။ တနင်္သာရီတိုင်းဒေကြီးက (၂)မြို့နယ်မှာ ရွေးကောက်ပွဲလုပ်တယ်၊ ပြည်ခိုင်ဖြိုးပါတီက ၂၄%မဲရတယ်၊ NLD ၇၆%မဲရတယ်။ ပဲခူးတိုင်းဒေသကြီးက (၄)မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ၂၁%မဲရတယ်၊ NLD ၇၆% မဲရတယ်။ လာပါပြီဗျာ သေခြာပါတယ်အဘဆိုတဲ့ ခင်ဗျားတို့ မကွေးတိုင်းဒေသကြီးက (၅)မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ၂၇%မဲရပြီး NLD ၇၃%မဲရပါတယ်။ မန္တလေးတိုင်းဒေသကြီးက (၁၀)မြို့နယ်လုပ်တယ်၊ ပြည်ခိုင်ဖြိုးက ၃၃%မဲရတယ်၊ NLD ၆၅%မဲရပါတယ်။ မွန်ပြည်နယ်က (၂)မြို့နယ်မှာ ပြည်ခိုင်ဖြိုးက ၂၀%မဲရတယ်၊ NLD၇၃%မဲရတယ်။ ရန်ကုန်တိုင်းဒေသကြီးက (၆)မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ၂၂%မဲရတယ်၊ NLD ၇၆%မဲရတယ်။ ရှမ်းပြည်နယ်က(၁)မြို့နယ် ပြည်ခိုင်ဖြိုးက ၂၄%မဲရတယ်၊ NLD ၇၆%မဲရတယ်။ ဧရာဝတီတိုင်းဒေသကြီးက (၆)မြို့နယ်မှာ ပြည်ခိုင်ဖြိုးက ၂၉%မဲရတယ်၊ NLD ၆၆%မဲရကြပါတယ်။ ဒါဘာလဲ…?။ သုံးသပ်ချက်တွေ မှားလို့၊ ခန့်မှန်းချက်တွေ မှားလို့ပါ။ ဒီကရှေ့လျှောက် တိတိကျကျ ခန့်မှန်းကြပါ၊ ဒီဇယားတွေကို ထားခဲ့ပါ့မယ်။ ဒီပုံစံတွေက ကျွန်တော်တို့ရဲ့ အကြံပေးပုဂ္ဂိုလ် အဘ ဦးတင်ထွဋ်လုပ်ပေးတာပါ။ ၂၀၁၂ ခု ရွေးကောက်ပွဲမတိုင်ခင်က ပါတီဝင်အင်အား(၂၆)သန်းရှိတာပါ။ မြန်မာပြည်ရဲ့ လူဦးရေး နှစ်ယောက်မှာ တစ်ယောက်ပါတီဝင်တွေပါ။ အဲဒီ မဲတွေဘယ်ရောက်ကုန်ပြီလဲ။ အဲဒီတုန်းက ပါတီတိုးပွားရေးအတွက်ဆို ပါတီကို တကယ်ယုံကြည်လို့ဝင်တာမဟုတ်ဘဲ၊ စည်းရုံးသူတွေက ပုံစံ(၁၀)စာရင်းတွေယူပြီး လက်မှတ်ထိုးဖြည့်ထားကြတာ တကယ်ဝင်တာမှ မဟုတ်ဘဲ။ အမှားကို အမှားတိုင်းဝန်ခံကြပါ။ ဒီကနေ့ ပြည်ခိုင်ဖြိုးပါတီကို ၀င်ချင်လို့ပါဆိုပြီး ခက်ခက်ခဲခဲနဲ့ ဘယ်နှစ်ယောက်လာဝင်ကြသလဲ။ အဲသလိုဖြစ်အောင်အထိ ကြိုးစားစည်းရုံးကြပါ။ နောက်ဆုံးတင်ပြချင်တာကတော့ ပြန်လည်ဆန်းစစ်ကြပါ။ ပါတီဝင်တစ်ယောက်ကို အဖွဲ့ဝင်အသစ် ဆယ်ယောက်အထိ စည်းရုံးကြပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရောက်ရင် ဒီမြို့နယ်၊ ဒီရပ်ကွက်၊ ဒီကျေးရွာက (၁၈) နှစ်ပြည့်မြောက်သူ မဲဆန္ဒရှင်တွေ ဘယ်နှစ်ဦးဖြစ်လာမလဲ အဲဒီအထဲက ဘယ်နှစ်ယောက်က ကိုယ့်ပါတီဝင်ဖြစ်လာမလဲဆိုတာ သေသေခြာခြာ စာရင်းတွေကိုစစ်ပါ။ စာရင်ဇယားတွေဖြည့်ပါ။ ယခု ရနေတဲ့ပါတီဝင်တွေကို ဒီပုံစံအတိုင်းဖြည့်ပြီး သုံးလတစ်ကြိမ် ပြန်လည်စာရင်းစစ်ပါ။ ဘယ်လောက်တက်လာတယ်၊ ဘယ်လောက်ကျသွားတယ်လို့ တိတိကျကျ စစ်ဆေးထားကြပါ။ ဒါမှ ၂၀၁၅ ခု ရွေကောက်ပွဲမှာ ပြင်နိုင်ဆင်နိုင်မယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်..။´´ ဟု ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးခင်အောင်မြင့်(ပြည်ထောင်စုလွှတ်တော် နာယက) မှ ပြောကြားသည်။