Pages

Friday, May 8, 2009

အထက် ပုဂ္ဂိုလ်မ၍ စားရပါသည်....

အထက် ပုဂ္ဂိုမ၍ စားရပါသည်…
ရွှေလမ်းငွေလမ်းဝင်းကြည်

ကျွန်တော့်သမီးကလေးအမည် ချောသီတာပါ။ အသက်က(၅)နှစ်၊ သူငယ်တန်းကျောင်းသူလေး။ အတန်းထဲမှာ အမြဲတန်း ပထမ ရခဲ့သူပါ။ ယခု(၆)နှစ် ပထမတန်းမှာလည်း သင်္ချာပထမ။ အစစအရာရာမှာ တီတီတာတာနဲ့။စကားကလည်း အမြဲ ထာဝရသွက်လက်နေပါတယ်။ အမေးအမြန်းကလည်း ထူမှထူပါဘိ။
အတွက် အချက်ကလည်း မြန်မှမြန်ပါဘိ။ အရွယ်နှင့် မမျှဆို မပိုပါ။ ယခုကိစ္စ ကျွန်တော်အဖြေကောင်းပေလို့သာ…။
“ဖေဖေ `ရုံးကားမောင်းတာ လခဘယ်လောက်ရသလဲ..”
““၈၀၀ ကျပ်ရတယ် သမီးငယ်..””
“ ဟင်.. မေမေ့ကို နေ့တိုင်း ဖေဖေဈေးဖိုးပေးတာက တစ်ရက် ၅၀၀ိ/ ဆိုတော့ ရက်ပေါင်း(၃၀)မှာ ငွေတွေအများကြီးကုန်မှာပေါ့နော်..။ ကဲ.. အဲဒီငွေအများကြီးကို ဖေဖေဘယ်က ရလဲဟင်..”။
““ဗုဒ္ဒေါ””
ကျွန်တော့်ပါစပ်မှ ယောင်ရမ်း၍ တလိုက်မိပါသည်။
အလုပ်က ဒရိုင်ဘာ၊ လစာရတာက ၈၀၀ိ/။ ခရီးထွက်ရလို့ ခရီးစားရိတ်ရယ်၊ ကားက ဆီပိုတာရောင်းစားလို့ရတဲ့ အပိုဝင်ငွေတွေရယ် အားလုံးပေါင်းလိုက်ရင် လခအပြင် အပိုဝင်ငွေ (အောက်ဆိုက်မန်းနီး) တွေရပါတယ် သမီးရယ်လို့ ပြောလိုက်ရရင် ကလေးနားလည်ပါ့မလား။ မျိုဆက်သစ်ကလေးတွေကို တခြားအပိုဝင်ငွေရှာရတာကို ပြောပြန်ရင်လည်း လုံးဝမသင့်လျှော်ပါ။ အဖေစာရိတ္တပျက်သော်လည်း သမီးကိုတော့ စာရိတ္တလုံးဝမပျက်စေလိုပါ။ကျွန်တော့်သမီးရဲ့ အမေးကိုအမြန်စဉ်းစား၍ သမီးနားလည်လွယ်အောင် ဖြတ်ထိုးဥာဏ်ကိုသုံးပြီး အမြန်ရှင်းပြလိုက်ရပါတော့၏။
““လာလာ သမီးဟောဒီမှာကြည့်စမ်း၊ ဖေဖေကိုးကွယ်တာက အထက်ပုဂ္ဂိုလ် ဘိုးဘိုးအောင်ကွ..၀တစ်လုံးကို ၀နှစ်လုံးဖြစ်အောင်မတယ်လေ..၊ကန်တော့ပွဲနောက်က ဘိုးဘိုးအောင် ဓာတ်ပုံကိုကြည့်စမ်းသမီး..၀တစ်လုံးကနေ ၀နှစ်လုံးပေါ်၊ ၀နှစ်လုံးကနေ ၀လေးလုံးဖြစ်၊ ၀လေးလုံးကနေ….””
“တော်ပြီဖေဖေ သမီးတွက်တတ်သွားပါပြီ….၊ ဖေဖေလခ ၈၀၀ိ/ ဆိုတော့.. ၀ နဲ့တူတဲ့ သုညနှစ်လုံးပါတာကို သုည လေးလုံးတိုးလိုက်တော့..၈၀၀၀၀ိ/ကျပ်ပေါ့နော်..နော်..”။
““ဟဲဟဲ… ငါ့သမီး သင်္ချာတော်တယ်ကွ…””။
တော်ပါသေးရဲ့..ကျွန်တော့်နားထဲမှာဖြင့် မြန်မာ့တန်ခိုးနဲ့ နှစ်ဆတိုးတဲ့ ဘိုဘိုအောင်သီချင်းသံကို နားထဲမှာ ကြားယောင်နေလျှက်သာ……………။
ရွှေလမ်းငွေလမ်းဝင်းကြည်
ဝထ္ထုတို(၂)
အမှတ်စဉ်(၁၀၇)၊ ၁၉၉၉ ခုနှစ် မတ်လ ။
မြက်ခင်းသစ် (ဖေါ်ပြပြီး)။

1 comment:

  1. ၀တ္ထုတို လာဖတ်ပါတယ်ခင်ဗျာ.. :)

    ReplyDelete