Pages

Friday, September 11, 2009

မနာလိုစိတ်၊ ၀န်တိုစိတ်

မနာလိုစိတ်၊ ၀န်တိုစိတ်

ဘာသာရေး ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်
နှစ်အိမ် တစ်အိမ်လိုနေ….။

အိုးကူး ခွက်ကူး
ထမင်း အတူခူး အမြဲစားကြပေ..။

ဒီဘက်အိမ်က မိသားစုခြောက်ဦး
ဟိုဘက်အိမ်ကလည်းခြောက်ဦး
ပျော်မြူးနေကြသလေ…။

ဒီဘက်အိမ်က စီးပွားရေး
တစ်နေ့လုပ်မှ တစ်ရက်အကျိုးပေး
သာရေး နာရေး လူမူရေး
မေတ္တာရှည်ထား လုပ်ဆောင်ပေး..။

ဟိုဘက်အိမ်က ဘိုးစဉ်ဘောင်ဆက်
စီးပွားတက် သူဌေးမျိုးရိုးဆက်
လူတွေကို စစ်တုရင် ကစားကွက်ထဲထည့်..။

ဟိုဘက်အိမ်က စရိုက်ဆိုး
လိမ္မာသူကို မြင်ပြင်းကပ်
ဆင်းရဲ အားရ
ကြွယ်ဝ မနာလို
ကိုယ့်ထက်သာရင် မကြိုက်
ပတ်ဝန်းကျင်ကို ဂတုံးကတိုက်..။

ဒီဘက် အိမ်က စားဦးစားဖျားကို
ဦးချလို့ ကျွေး…။

ဟိုဘက်အိမ်က စားကြွင်းစားကျန်ကို
မတော်လို့ ပြန်ကျွေး..။

သြော်..မျှော်လင့်မထားသော
နာဂစ်မုန်တိုင်း သူတို့ရွာကိုဝိုင်း၍……ပိုင်း..။

ဟိုဘက်အိမ်က မိသားစု
အသက်နဲ့ အိုးအိမ်
စည်းစိမ်တွေ……
ဘာတစ်ခုမျှ မကျန်တော့ပါလေ……။

ဒီဘက်အိမ်က မိသားစု
မျက်ရည်တွေကို အဖေါ်ပြုလို့
ထမင်းစားချိန် ရောက်တိုင်း
ပုဂံလေးတွေ ကိုယ်စီမ၍
ဟိုဘက်အိမ်က အဘမိသားစုရေ..
ထမင်းစားကြွကြပါခင်ဗျာ….
ကျုပ်တို့ပြုသမျှ..ကုသိုလ်တွေကိုလည်း
ရောက်ရာဘ၀မှ သာဓုခေါ်ဆိုနိုင်ကြပါစေ
(ကြားကြားသမျှ ……ကုသိုလ်……
အမျှ.. အမျှ… အမျှ ယူတော်မူနိုင်ကြပါစေသတည်း…..။)(၃) ကြိမ်။……..။

(မနာလိုကင်း ၀န်တိုရှင်း လက်ငင်း ချမ်းသာနိုင်ကြပါစေ…။)


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၁၂)ရက်၊ နံနက်(၁)နာရီ ရေး၏။

3 comments:

  1. မနာလို၊ ၀န်တိုစိတ်ကတော့ ကြောက်စရာအကောင်းဆုံးပဲဗျာ...

    လာရောက်မှတ်သားသွားပါတယ်ခင်ဗျာ
    ပျော်ရွှင်ပါစေ

    {ကိုဇောင်း}
    www.zaung.net

    ReplyDelete
  2. စိတ်တွေဗျာ ကြောက်စရာအကောင်းဆုံးပဲ။
    သွေးသားတူတွေမှာတောင် ဒီလိုစိတ်တွေ ရှိကြသေးတယ်။

    ReplyDelete
  3. သာဓု ၃ ကြိမ် ခေါ်သွားပါတယ်။

    ReplyDelete