


(၁၂-၅-၂၀၁၂)နေ့တွင် မကွေးမြို့မှာ အောင်မြေရတနာစာသင်တိုက်မှ မြသလွန်စေတီတော်သို့ ဗုဒ္ဓမြတ်စွယ်တော်ပွား တစ်ဆူအား ပင့်ဆောင်ပူဇော်ကြောင်း သတင်းရရှိပါသည်။ ယင်း ဗုဒ္ဓမြတ်စွယ်တော်ပွားမှာ တရုပ်ပြည်မှ မြန်မာပြည်သို့ ပင့်ဆောင်ပူဇော်ခဲ့သော တရုပ်ပြည်ရှိ ဗုဒ္ဓမြတ်စွယ်တော် အစစ် အား ပူဇော်ပြီး ပွားယူ၍ ရင်ငွေ့လှုံတော်မူသော ဗုဒ္ဓမြတ်စွယ်တော်ပွားဟု ကြားသိရသည်။ ဤ တရုပ်ပြည် ဗုဒ္ဓမြတ်စွယ်တော်ပွားအား ရဟန်းရှင်လူ အများပြည်သူများ ကြည်ညို ဖူးမျှော်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မဟာအတုလရံသီ တန်ဆောင်းတော်မြတ်ကြီး အသစ် အတွင်း၌ ကိန်းဝပ် အပူဇော်ခံထားမည်ဖြစ်ကြောင်း သိရ၏။ ထိုကြောင့် (၁၃-၅-၂၀၁၂) နေ့ နံနက်(၇)နာရီအချိန်တွင် မြသလွန်စေတီတော်ရင်ပြင်ရှိ မဟာအတုလရံသီ တန်ဆောင်းတော်တွင် ဗုဒ္ဓမြတ်စွယ်တော်ပွား အား ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြီးစီးကြောင်း သတင်းရယူခဲ့ပါသည်။
မကွေးမြို့သို့ ပထမဆုံးရောက်ရှိ ပူဇော်ထားသော သီဟိုဠ် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူမှာ ပန်းရစ်တောင်စေတီ ကုန်းတော်ဓမ္မာရုံတွင်း၌ ပူဇော်ထားကြောင်း သိရသည်။ ထို ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူမှာ သီရိလင်္ကာနိုင်ငံ သီဟိုဠ်ရှိ ဗုဒ္ဓမြတ်စွယ်တော် အစစ်မှ ရင်ငွေ့လှုံပြီး ပွားယူထားသော စွယ်တော်ပွားဟု ဆို၏။ မြန်မာသက္ကရစ် ၁၃၁၈ ခုနှစ်မှာ ရန်ကုန်မြို့သို့ ကြွချီတော်မူပြီး ရန်ကုန်မြို့တွင် (၄)နှစ်တိတိ အပူဇော်ခံခဲ့သည်။ မြန်မာသက္ကရစ် ၁၃၂၂ ခုနှစ်တွင် မကွေးမြို့ ပန်းရစ်တောင်စေတီကုန်းတော်ပေါ်မှ သီဟိုဠ် ဗုဒ္ဓမြတ်စွယ်တော်ပွားမှာ မဟာစည်ဆရာတော်ဘုရားကြီးကိုယ်တိုင် မကွေးမြို့သို့ ပင့်ဆောင်ပူဇော်ခဲ့၍ ယနေ့တိုင် ယင်း ပန်းရစ်တောင်စေတီ ကုန်းပေါ်တွင် ပူဇော်ထားကြောင်း သိရှိခဲ့ ပါသည်။
ဝိုင်းကြည်အောင်
1 comments:
ဘလော့ ပြင်ဆင်နေပါသည်။ မပြီးသေးပါ။ ကျေးဇူးတင်ပါသည်။
Post a Comment