`ဆိပ်ဖြူမြို့နယ် က.ပ.စ(၂၂) စက်ရုံတွင် ၈တန်းကျောင်းသူကို တပ်ကြပ်တစ်ဦး က မုဒိန်းကျင့်၍ သေဆုံးသွားပြီ ဟုသိရ´
ဆိပ်ဖြူမြို့၏ အနောက်ဘက် (၂၆)မိုင်ခန့်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စစ်တပ် က.ပ.စ(၂၂)စက်ရုံအတွင်း ရွှေဘိုကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဒီဇင်ဘာ(၁၃)ရက်၊ ညနေ(၅)နာရီအချိန်ခန့်မှာ တပ်ကြပ်တစ်ဦး မှ အသက်(၁၄)နှစ်ရှိ (၈)တန်း ကျောင်းသူတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နက်ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက်နေ့ညနေ(၅)နာရီတွင် က.ပ.စ(၂၂) အတွင်းရှိ အလယ်တန်းကျောင်းနှင့် သူမနေထိုင်သော တဲမှ (၂)ဖာလုံခန့်ဝေးသည့် ရေကန်သို့တစ်ဦး တည်း ရေခပ်သွားသော (၈)တန်းကျောင်းသူ မနှင်းနှင်း-(နာမည်လွှဲ) (အသက်-၁၄) အား ရေခပ်လမ်း၌ က.ပ.စ(၂၂)မှ တပ်ကြပ်ဆိုသူ ဝေလင်းဦးက တုတ်ဖြင့်ရိုက်နက်၍ ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရကြောင်း၊ ပြင်းထန်းသောဒဏ်ရာများရရှိလာသည်ဟု ဆို၏။ ရေခပ်သွားသော မနှင်းနှင်းသည် (၁)နာရီခန့် ကြာသည့်အထိပြန်လည်မရောက်၍ ဖခင်ဦးတင်ရှိန်နှင့် မိခင်ဒေါ်စန်းကြည်တို့မှ လိုက်လံရှာဖွှေခဲ့ရာ တွေ့ရှိခြင်း မရှိဟု ဆိုကြ၏။ ၎င်းနေ့ ည(၆)နာရီခန့်တွင် မနှင်းနှင်း မှာ မျက်နှာတွင် ဒဏ်ရာများဖြင့် နေအိမ်သို့ပြန်လည်ရောက် ရှိလာ၍ မိဘများမှ မေးမြန်းရာ တပ်ကြပ် ဝေလင်းဦးက ရေခပ်လမ်းမှာ တုတ်ဖြင့်ရိုက်နက် ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း၊ ရိုက်နက်၍သတ်ဖြတ်ကြောင်း သမီးမနှင်းနှင်း မှ အကြောင်းစုံပြန်ပြောဆို၍ သိလိုက်ကြသည်ဆို၏။ မနှင်းနှင်း၏ ဦးခေါင်းနှင့် နဖူးတွင်(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာများ တစ်ခုစီရရှိထားသည်။ နှပ်ခမ်းနှင့် ၀ဲဘက်တစ်ထောင်တို့တွင်လည်း ဖူးရောင်သည့် ဒဏ်ရာများ ရရှိထား၍ လည်ပင်းတွင်လည်း ပြင်းထန်းသည့် ဒဏ်ရာတစ်ခုစီ ရရှိထားသည်ဟု သိရ၏။ ယင်းကိစ္စအား ဖခင်ဖြစ်သူ ဦးတင်ရှိန်မှာ ဆွေမျိုး သားချင်းများနှင့်တိုင်ပင်နေရ၍ (၁၅-၁၂-၂၀၁၂)နေ့တွင် ဆိပ်ဖြူမြို့မရဲစခန်းသို့ လာရောက်၍ (ပ) ၅၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမူဖွင့်တိုင်တန်းခဲ့ရသည်ဟု သိရသည်။ တရားခံ တပ်ကြပ် ဝေလင်းဦးအား ဖမ်းဆီးရမိရေးကို ဆိပ်ဖြူမြို့မရဲစခန်းမှ ဆောင်ရွက်နေကြောင်း ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
ပြင်းထန်စွာဒဏ်ရာရသော မနှင်းနှင်းအား ဆိပ်ဖြူမြို့ဆေးရုံတွင် (အတွင်းလူနာ)အဖြစ်ကုသခဲ့ပြီး ဝေဒနာမှာ စိုးရိမ်ရ၍ ဆိပ်ဖြူဆေးရုံမှ မကွေးတိုင်းဆေးရုံကြီးသို့(၁၆-၁၂-၂၀၁၂)နေ့က ပို့ဆောင်ကုသခဲ့ရာ (၁၉-၁၂-၂၀၁၂) နေ့တွင် သေဆုံးသွားကြောင်း ဆိပ်ဖြူမြို့မှ တယ်လီဖုန်း သတင်းရသည်။ ၂၁-၁၂-၂၀၁၂နေ့တွင် ထိုသတင်းအား အတည်ပြုရန် မကွေးတိုင်းဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာဌာနသို့ ဖုန်း ဆက်သွယ်ရာ အတည်ပြုချက်မရပါ။ ထို့ကြောင့် (၂၁-၁၂-၂၀၁၂)နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် ဆိပ်ဖြူမြို့နယ် အနောက်ဘက်(၂၆)မိုင်ဝေးသော ရွှေဘို့ကျွန်းကျေးရွာနှင့် က.ပ.စ(၂၂) စက်ရုံဂိတ်သို့ သတင်းယူရန်သွားရောက်ခဲ့၏။ ရွှေဘို့ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ထံသို့သွား ရောက်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနိုင်လင်းအား မတွေ့၍ ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးငြိမ်းအိမ်သို့ သွားရောက်မေးမြန်းခဲ့ရာ..
`` ဒီမှာက ကောင်မလေးရဲ့သူ့အဘနဲ့ ဦးလေးတော်သူ မောင်ဝမ်းကွဲတော်သူသာရှိပါတယ်။ သူ့အဖေနဲ့ သူ့အမေ၊သူ့အဒေါ်တို့က ကောင်မလေးနဲ့ ဆေးကုဘို့ မကွေးတိုင်းဆေးရုံကိုလိုက်သွားပါတယ်။ သူ့အဘကိုတော့ ခေါ်လို့မရနိုင်ပါဘူး။ ကောင်မလေးရဲ့အဘက က.ပ.စ(၂၂)တပ်ထဲမှာရှိတဲ့ ယာခင်းတဲမှာနေတော့ တပ်ထဲဝင်ပြီးသွားခေါ်ဖို့ မလွယ်ပါဘူး။ သူတို့မိသားစုက ဒီရွှေဘို့ကျွန်းရွာမှာ အိမ်ဝိုင်မြေသာရှိပါတယ်၊ အိမ်မရှိပါဘူးဗျ။ သူတို့ရဲယာခင်းထဲမှာ အေးအေးဆေးဆေးလုပ်ကိုင် စားသောက်ဖို့ ဟိုးအရင်ကထဲက တဲထိုးပြီးနေကြတာပါ။ ယခု က.ပ.စ(၂၂)စက်ရုံ စစ်တပ် မရောက်ခင် ကထဲက သူတို့ယာခင်းထဲမှာ နေလာခဲ့ကြတာပါ။ စစ်တပ်က ယာမြေတွေကိုသိမ်းတော့လည်း သူတို့ယာခင်းထဲမှာဘဲ လူမမြင်ကွယ်ရာ ချောင်ထဲမှာတဲထိုးနေကြရတာပါ။ က.ပ.စ(၂၂) စစ်တပ် က နားလည်မှုနဲ့ထားပေးကြပါတယ်။ ယခု က.ပ.စ ၂၂ စစ်တပ်အတွင်းက အလယ်တန်းကျောင်းနဲ့ သူတို့မိသားစုနေတဲ့ တဲက(၂)ဖာလုံ လောက်သာဝေးတယ်။ ယခု စက်ရုံစစ်ဆေးရေးဂိတ် ကနေ အတွင်းကို (၅)မိုင်လောက်ဝင်မှ အလယ်တန်းကျောင်းကိုရောက်ပါ့မယ်။ ဒီကောင်မလေးက က.ပ.စ(၂၂)တပ်တွင်းက အလယ်တန်းကျောင်းမှာ (၈)တန်းကျောင်းသူအဖြစ်နေ တာပါ။ ညနေကျောင်းဆင်းပြီး ရေခပ်နေတုန်း တပ်ကြပ် ဝေလင်းဦး ကဆွဲခေါ်ပြီး စော်ကားတယ်၊ သေအောင်ရိုက်ပုတ်ထားခဲ့တယ်၊ သေပြီဆိုထားခဲ့ပေမယ့် ကောင်မလေးက သူ့တဲကို ကုန်းရုံးပြီး ထလာခဲ့တယ်လို့ ကောင်မလေးက ပြန်ပြောပြနိုင်တယ်လို့ သိရပါတယ်။ သူ့မိဘတွေက ပြန်လာမှ သိရပြီး တပ်ထဲမှာနေတာဆိုတော့ တပ်ထဲက အရာခံဗိုလ်ကြီးကိုသွားတိုင်တယ် ။ သူကနေ စက်ရုံမှူးကိုဆက်ပြီး သတင်းပို့တိုင်ကြား ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ တရားခံ တပ်ကြပ် ဝေလင်းဦးကို တပ်ထဲမှာဘဲ ဖမ်းမိပြီး ချုပ်ထားတယ်လို့ သိရပါတယ်။ စက်ရုံထဲက ဆေးခန်းကို ကောင်မလေးကိုပို့ပြီး အဲဒီကနေမှ ဆေးမှူးတွေနဲ့ အဲဒီည(၁၃-၁၂-၂၀၁၂)နေ့ (၉)နာရီလောက်မှာ ဆိပ်ဖြူဆေးရုံကို စစ်တပ်ကကားနဲ့ ပို့လိုက်တယ်၊ ရဲမေတွေက ရွာထဲကိုသတင်းပို့ပေးတယ်လို့ နောက်မှသိလိုက်ရပါတယ်။ တပ်ထဲမှာ ဖြစ်နေတာဆိုတော့ ရွာထဲကလူတွေက မသိလိုက်ကြဘူး။ ညရောက်မှ ဆေးရုံပို့ပြီးမှ သိကြရပါတယ်။ ဒီလောက်ကြီးလဲဖြစ်မယ်မထင်ဘူး။ ကောင်မလေးကို မတရားကျင့်ကြံရုံဘဲထင် နေကြတာ ဒီလောက်ကြီး ရိုက်ပုတ်သတ်ပစ်ထားတယ်ဆိုတာမသိကြပါဘူး။ ရွာကလူတွေက မနက်ကြမှ အကြောင်းစုံ အဖြစ်မှန်ကိုသိလိုက်ကြရတယ်။ ရွာကလူတွေက ရိုးသားကြပါတယ်၊ အသိပညာလည်း မတတ်ကြဘူးဗျ။ နောက်နေ့မှာ ကျွန်တော်တို့ရွာကို တပ်ကနေ အရာခံဗိုလ် ဦးခင်မောင်ဝင်းလာပါတယ်။ ရွာထဲကလူတွေ ဆူပူသောင်းကျန်းမှုတော့ မလုပ်ကြပါနဲ့၊ကျူပ်တို့လည်း မကောင်းပါဘူး။ နောက်တပ်တွေ လာရင်လည်း အညှီးအတေးတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်မှာ တာဝန်ရှိတဲ့အတိုင်း အရေးယူပေးပါ့မယ်လို့ပြောပါတယ်။ နောက် ဒုတိယစက်ရုံမှူး ဦးလှိုင်တင့်လာပြီး ရွာဦးကျောင်း ဆရာတော် ဦးဝါယမ ကို လာရောက်လျှောက်ထားတောင်းပန်ပါတယ်။ အဲဒီအချိန်က အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းမရှိတော့ ကျွန်တော့်ကိုဘဲ ဆရာတော်ကခေါ်ပါတယ်။ စက်ရုံမှူးက ရွာထဲကလူတွေ မဆူမပူဖို့ကိစ္စလျှောက်ထားပါတယ်။ ဆရာတော်က ဒီအရပ်တော့ ဒီလိုကြီးမဖြစ်ပါဘူး။ ကျူပ်လဲမဆူ မပူအောင်ထိမ်းသိမ်းပေးပါ့မယ်၊ ဥပဒေနဲ့ ပတ်သက်လို့တော့ မသိကြပါဘူး။ ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးကြပါ။ ရွာကတော့ မပူ မဆူစေရအောင် ကျူပ်တာဝန်ယူပါ တယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ ကျနော့ဆီကိုလည်း ဒီစကားဘဲ ပြောကြပါတယ်။ ဒီအမှုကြီးကို (၁၅)ရက်နေ့မှ တရားစွဲရတာကတော့ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းက ကျောင်းကိစ္စဆောင်ရွက်နေ့တော့ ရွာမှာမရှိဘူး။ သူပြန်လာမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ပြီး တိုင်ကြားရပါတယ်..´။ဟု ရွှေဘို့ကျွန်းရွာမှ ဦးငြိမ်းက ပြောသည်။ ကောင်မလေး၏ ဦးလေး ဦးဇော်နိုင်နှင့် တွေ့ရ၏၊ သူသိသမျှပြောသည်။
` ကျွန်တော်က ကောင်မလေးရဲ့ဦးလေးပါ။ သူတို့မိသားစုက သူတို့ယာခင်းဖြစ်တဲ့ စစ်တပ်တွင်းမှာ တဲထိုးနေကြတာပါ။ ယခု ကောင်မလေးကနံပါတ်(၃)ပါ။ သူတို့မှာ မောင်နှမသားချင်း မွေးချင်း(၇)ယောက်ရှိပါတယ်။ သူက တပ်ထဲကကျောင်းမှာ (၈)တန်းနေတာပါ။ ကောင်မလေးက ညစဉ်ညတိုင်း သူ့အတန်းပိုင်ဆရာမဆီကို သွားအိပ်နေသူပါ။ ကျုပ်တူမကို စော်ကားပြီး အသေသတ်ထားခဲ့သူက တပ်ကြပ် ဝေလင်းဦး လို့သိရပါတယ်။ ဒီကောင်ရက်စက်လိုက်တာဗျာ..။ သူ့မှာလည်း မွေးထားတာ သမီးနှစ်ယောက်အဖေတဲ့ သူ့မိန်းမလည်းတပ်ထဲမှာရှိပါတယ်ဗျာ..။ သားသမီးချင်းကိုယ်ချင်းမစာကြဘူး။ ကံဆိုးကြတဲ့မိသားစု ပါဘဲ။ တပ်ကယာမြေတွေလည်းအသိမ်းခံထားရတယ်။ ယခု သမီးဖြစ်တဲ့ ကျုပ်တူမလေးကို ဇော်ကားပြီး ရက်ရက်စက်စက် အသေသတ်တယ်ဗျာ..၊ ကလေးမကံနဲ့ သတ္တိကြောင့်သာ မသေမပျောက်တာပါ။ သူခုလိုဖြစ်သွားလို့ ဆေးရုံ(၂)ရုံလုံး ဆိပ်ဖြူ နဲ့ မကွေးကို လိုက်ပို့တာ ကျွန်တော်လဲပါ ပါတယ်။ ဒီဇင်ဘာ(၁၆)ရက်နေ့ညက ဆိပ်ဖြူဆေးရုံကနေ မကွေးတိုင်း ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ ကောင်မလေး မသေတော့ပါဘူး။ ကျနော်ပြန်လာတော့ ထိုင်နေပါပြီ။ ဒါပေမယ့် ဒဏ်ရာတွေက တော့ ပွနေတာဘဲ။ စော်ကားပြီး အသေသတ်တယ်လို့ ကောင်မလေးကလဲ ပြန်ပြောနိုင်ပါတယ်။ ကောင်မလေးကို သူတို့စစ်တပ်က ဆေးတပ်က နှစ်ယောက်လည်း လိုက်ပြီးစောင့်ပေးနေကြပါတယ်..။´ဟု ရွှေဘို့ကျွန်း ရွာသားဦးလေးတော်စပ်သူ ဦးဇော်နိုင်က ပြောသည်။
က.ပ.စ(၂၂) စက်ရုံအတွင်းဝင်ရောက်သတင်းယူရန် ဆက်သွယ်သည်။ ၎င်းတပ်မှ ဂိတ်တာဝန်မှူး တပ်ကြပ်ကြီး တင်လတ် နှင့်တွေ့ရ၏။ သတင်းယူခွင့်အား စက်ရုံအတွင်းရုံးသို့ (၀၉-၄၇၂၂၅၃၆၅)ဖြင့် ရွှေဘို့ကျွန်းရွာမှ တပ်ကြပ်ကြီး တင်လတ်မှ သတင်းပို့ပြီးခွင့်တောင်းသည်။ ၎င်းရုံးမှ ဗိုလ်ကြီးက စက်ရုံမှူးထံတင်ပြ ပေးမည်။ဝင်ခွင့်ပြုလျှင် လာခေါ်ပေးမည် ဟုဆိုသည်။ ညနေ(၄)နာရီအထိစောင့်သော်လည်း အကြောင်းမပြန်ကြား၍ ၎င်းက.ပ.စ(၂၂)ဂိတ်သို့ ကိုယ်တိုင်သွားရောက် မေးမြန်းပြီး (၀င်ခွင့်မရသေး၍) ဆိပ်ဖြူမြို့သို့ ပြန်လာခဲ့ကြရသည်။
ထို့နောက် ညနေပိုင်းတွင် ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ်အားဝင်ရောက်၍ သတင်းအတည်ပြုချက် ယူပါသည်။ဒီဇင်ဘာ(၁၉)ရက်နေ့က မတရားကျင့်ခံရသူ ကောင်မလေးသေပြီဟု ကြားရကြောင်းမေးမြန်းရာ
`` အဲဒီ(၁၉)ရက်မတိုင်မီကထဲက ကျမတို့ဆိပ်ဖြူမြို့မှာ ဒီကောင်မလေးသေသွားတယ်ဆိုတာ ကို ဖုန်းဆက်ပြီး ကျမကို မေးကြပါတယ်။ ရဲစခန်းကလည်းမေးပါတယ်။ နေ့စဉ်ဖြေပေးနေရပါတယ်။ ဒီကလေးမလေးကို မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသဘို့ လွှဲပေးလိုက် ပါတယ်။ ကျမလဲ မကွေးတိုင်းဆေးရုံကြီးကို ရောက်နေတဲ့ ကျမတို့ဆီက ဆရာမတစ်ယောက် ဆီကို နေ့စဉ်ဖုန်းဆက်ပြီး မေးပေးနေရပါတယ်။ မနေ့က (၂၀)ရက်နေ့အထိတော့ မသေပါဘူး။ အခြေအနေကောင်း ပါသေးတယ်။ ဒီနေ့တော့ ဖုန်းခေါ်တာမရလို့ မသိရသေးပါဘူး..။´ဟု ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ် မှပြောသည်။
မကွေးမြို့ မကွေးတိုင်းဆေးရုံသို့ (၂၂)ရက်နေ့ နံနက်(၁၀း၄၅)နာရီအချိန်တွင် မကွေးတိုင်းဆေးရုံ ခွဲစိတ်ဆောင် အခန်း(၂)၌ ၈ တန်းကျောင်းသူ မနှင်းနှင်းနှင့်တွေ့ဆုံခဲ့သည်။ မိဘနှစ်ပါးမှာ အပြင်သို့ခဏထွက်သွားကြောင်းသိရ၏။ ခွဲစိတ်ဆောင် အခန်း(၂) လူနာကုတင်ပေါ်မှာ ကျောင်းသူးလေး မနှင်းနှင်း နှင့်အတူ သူ၏အဒေါ် (မိခင်၏ညီမ) မမြင့်မော် တို့အား နှစ်ယောက်ထိုင်နေလျှက် တွေ့မြင်ခဲ့ရ၏။ သူမတို့ရွာမှ ဦးလေး ကိုဇော်နိုင် မှလွှတ်လိုက်၍ လာတွေ့ကြောင်း ပြောဆို မေးမြန်းရာ၊ ကျောင်းသူကောင်မလေး မှ မေးမြန်းသောစကားကိုမဖြေဆိုဘဲ ကျွန်တော့်ကို မျက်လုံးပြူး၍သာကြည့်နေ၏။ သူမ၏ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ညိုမဲနေပါသည်။ နှုတ်ခမ်းရောင်ယမ်း၍ အနည်းငယ်ရွဲ့စောင်းနေပါသည်။ အရာရာကို ကြောက်ရွံ့နေပုံပေါ်နေ၏။ သူ့အဒေါ်က ကျွန်တော့်ကိုဘယ်သူလဲ၊ ဘယ်ကလဲမေး၍ ကျွန်တော်က ဂျာနယ်မှလာမေးတာပါဟု ဖြေဆိုလိုက်ပါသည်။ သူ၏ တူမလေးမနှင်းနှင်း သေတယ်ဆို၍ လာရောက် တွေ့ဆုံကြောင်း၊ ကျွန်တော်က ပြောဆိုမေးမြန်း၏။ အဒေါ် မမြင့်မော်မှ ဤသို့ပြောသည်။
` သူက ၈ တန်းကျောင်းသူလေး မနှင်းနှင်း ပါ။ ကျမက သူ့အမေရဲ့ညီမတော်သူ အဒေါ်ပါ။ နာမည်က မမြင့်မော် ပါ။ သူအဖေနဲ့အမေက အပြင်ခဏထွက်သွားပါတယ်။ သူကတော်တော်ကြီးကိုဖြစ်တာ၊ လူကိုလဲမတရား အစောကားခံရတယ်၊ သေအောင်လဲသတ်တယ်တဲ့။ ယခုတော့ တူမလေးက သက်သာပါတယ်။ စကားတော့နည်းနည်းပဲပြော နိုင်တယ်။မေးတာကို ဖြေနိုင်ပါတယ်။ ဟိုလိုကြီးတော့ မပြောနိုင်ပါဘူး။ မနေ့က ရွာမှာ ကျမတို့ အဖေ၊ သူ့အဘနဲ့ရောတွေ့ခဲ့လား။ အော်သူ့အဘက ကျန်ခဲ့တဲ့ ကလေးတွေနဲ့ တပ်ထဲက တဲမှာ သွားပြီးနေလိမ့်မယ်။ ယခုသူတို့တပ်က လည်း အစောင့်ချထားပေးပါတယ်။ ကုန်ကျငွေကို သူတို့ကလည်း အကုန်ကျခံတယ်။ ကျမတို့ကလည်း ကုန်ပါတယ်။ ယခုလို့လာမေးတာ ကျေးဇူးပါဘဲဦး..´။ ဟု မကွေးတိုင်းဆေးရုံကြီးပေါ်တွင် မနှင်းနှင်း၏ လူနာစောင့် အဒေါ် မမြင့်မော်မှ ပြောသည်။
တရားခံ တပ်ကြပ်ဝေလင်းဦး အား ဒီဇင်ဘာလအတွင်းထိ က.ပ.စ(၂၂) စစ်တပ်တွင်း၌ ထိမ်းသိမ်းထားပြီး အရပ်ဘက်တရားရုံးသို့ လွှဲပြောင်း၍ မပေးသေးကြောင်း၊ ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ရွှေဘို့ကျွန်းရွာမှ အလိုမတူဘဲ မတရားပြုကျင့်ခံရသူ ကျောင်းသူမလေး မနှင်းနှင်းတို့ မိသားစု၏ အိမ်ထောင်စု စာရင်းမူရင်းအား က.ပ.စ(၂၂) မှ လာရောက်ပြီး ကျန်ခဲ့သူကလေးများထံမှ ဇွတ်အတင်းသိမ်းယူသွားကြောင်း ရွှေဘို့ကျွန်းရွာသား ကိုဇော်နိုင် မှ ဖုန်းဆက်ပြောသည်။ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် အဓမ္မပြုကျင့်ခံရသူ ကျောင်းသူးလေး အား က.ပ.စ(၂၂) မှ ကားဖြင့်ခေါ်၍ မကွေးတိုင်းဒေသကြီးဆေးရုံမှ ဆင်းသွားကြောင်း၊ အခြေအနေဆိုးရွားလာ၍ ၂၀၁၃၊ ဇန္န၀ါရီလဆန်းတွင် ဒုတိယအကြိမ် မကွေးဆေးရုံကြီးသို့ ပြန်လည်တက်ရောက်ကုသနေစဉ် ဇန္န၀ါရီ(၁၅)ရက်နေ့တွင် သေဆုံးသွားကြောင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ မဇ္ဈိမကို ပြောကြားသည်။
မကွေးတိုင်းဆေးရုံကြီး မှုခင်းဌာနတွင် သေဆုံးသူ မ……..၏ အသားစများကို စစ်ဆေးရယူပြီးကြောင်း ဓာတ်ခွဲခန်းမှ အမည်မဖော်လိုသူတစ်ဦးမှ မဇ္ဈိမကို ဇန္န၀ါရီ(၁၇)ရက်နေ့တွင် ဤသတင်းအား အတည်ပြုပြောကြားသည်။
Artikel `ဆိပ်ဖြူမြို့နယ် က.ပ.စ(၂၂) စက်ရုံတွင် ၈တန်းကျောင်းသူကို တပ်ကြပ်တစ်ဦး က မုဒိန်းကျင့်၍ သေဆုံးသွားပြီ ဟုသိရ´ ini dipublish oleh shwelannwelanwinkyi pada hari Friday, January 18, 2013. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `ဆိပ်ဖြူမြို့နယ် က.ပ.စ(၂၂) စက်ရုံတွင် ၈တန်းကျောင်းသူကို တပ်ကြပ်တစ်ဦး က မုဒိန်းကျင့်၍ သေဆုံးသွားပြီ ဟုသိရ´
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment