Pages
▼
Wednesday, March 27, 2013
` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´
အမှားပြင်ဆင်ချက်။ ။ မတ်(၂၇)ရက်နေ့က ဤသတင်းအား (မျက်စေ့ဆေးရုံအဆောက်အဦး) ဟု မှားယွင်းဖော်ပြခဲ့၍ စာဖတ်သူများကို လေးစားစွာတောင်းပန်အပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ တင်အောင်၊ ဦးစိုးဝင်း၊ ဦးခင်မောင်ဝင်းနှင့် ကိုဇော်မင်းဦးပါ လူငယ်အဖွဲ့ဝင်(၁၁)ဦးတို့သည် ကားနှစ်စီးဖြင့် ယနေ့မတ်(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်မှ မကွေးမြို့သို့ ထွက်လာကြောင်း သတင်းရရှိသည်။ ညနေ(၅)နာရီခန့်တွင် မြို့သစ်မြို့နယ် လမ်းဆုံရွာ သို့ရောက်လာကြောင်း၊ ၎င်းအဖွဲ့အား မြို့သစ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးသာအောင် နှင့်အဖွဲ့ဝင်(၅)ဦးတို့မှ နှုတ်ဆက်ကြိုဆို ကြကြောင်း၊ ထို့နောက် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟော်တယ်သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိ၍ ညအိပ်ရပ်နားကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား မကွေးမြို့နယ် NLD ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တိုင်း/ခရိုင်/ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း(၃၀) ဦးတို့က ၎င်းဟော်တယ်တွင် ကြိုဆိုကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မတ်(၂၈)ရက်နေ့ နံနက်(၇း၃၀)နာရီခန့်တွင် မကွေးမြို့မှ နတ်မောက်မြို့သို့ ဆက်လက် သွားရောက်ကြောင်း၊ နတ်မောက်မြို့တွင် သီတဂူဆရာတော်ဘုရားကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသား တစ်ဦးက (ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုအထိမ်းအမှတ်) အဖြစ် ကွန်ပျုတာကျောင်းဆောင်သစ် (အဆောက် အဦးအသစ် လှူဒါန်းဖွင့်လှစ်ပွဲ)မှ ဖိတ်ကြား၍ တက်ရောက်လာကြောင်း၊ ၎င်းကွန်ပျုတာကျောင်းအတွက် မြန်မာငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်ခန့်လှူဒါန်းကြောင်းသိရသည်။ စစ်ကိုင်းမြို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ မကွေးတိုင်း/ခရိုင်/ မြို့နယ်မှ သံဃာတော်များ၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များမှ အစိုးရအဖွဲ့ဝင်များ၊ကွန်ပျုတာကျောင်း အဆောက်အဦး အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ၍ မတ်(၂၈)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် အဆိုပါ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားကြောင်း သတင်းရရှိသည်။
ယခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် နတ်မောက်မြို့ သို့ ဒေါ်စုလာရောက်ခဲ့စဉ်မှ ဓာတ်ပုံများကို အသုံးပြုထားပါသည်။
Tuesday, March 26, 2013
`မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ မှ ပွဲတော်ဈေးသည်များ၏ LED မီးဆိုင်းဘုတ်ကို လှူဒါန်းခွင့်ပြုလိုက်ပြီ..၊ ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပမည်။´
ရွှေစက်တော်ဂေါပကအဖွဲ့မှ LED ဆိုင်းဘုတ်ကို အလှူမခံ၍ နာယက ဆရာတော်ကြီးများထံတိုင်ကြားသတင်း ကိုဖော်ပြခဲ့ပါသည်။ ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက် ကြောင့် တိုင်ကြားပြီး နောက်တစ်နေ့ မတ်(၁၇)ရက်မှာ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး လက်ခံ၍ စိုက်ထူခွင့်ပြုကြောင်း ကြားသိရသည်။ မတ်(၂၁)ရက်နေ့တွင် မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ ဘုရားအ၀င် မုဒ်ဦးရှေ့တွင် စိုက်ထူလှူဒါန်းပူဇော် ပြီးကြောင်း၊အဆိုပါ LED ဆိုင်းဘုတ်ရေစက်ချလှူဒါန်းပွဲကျင်းပလျှင် သတင်းမီဒီယာ များကိုပါ ဖိတ်ကြား၍ ရှင်းလင်းမည်ဟု ပွဲတော်ဈေးသည်အလှူရှင် ဦးရဲဝင်း နှင့်အဖွဲ့က ပြောသည်။
ထို့နောက် ပွဲတော်ဈေးသည်များမှ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် (သဲမုန်းတိုင်းများကျမည်ဆို၍ ဘုရားပွဲတော်ကို စောစော သိမ်းမည်)ဆိုသော ကောလာ ဟလ သတင်းမှာ မမှန်ကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက် နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ထပ်မံပြောကြသည်။ နာယက ဆရာတော်ကြီးတစ်ပါးကလည်း ယခု ကောလာ ဟလသတင်းဖြစ်ပေါ်ရခြင်းကို ဤသို့ရှင်းပြသည်။
အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခန်း(တဲကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။

Wednesday, March 20, 2013
``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´
မတ်(၂၀)ရက်နေ့တွင် ကျွန်တော်တို့ မီဒီယာသတင်းသမားများထံ တယ်လီဖုန်းများဖြင့် ဘုရားဖူးလုပ်သားပြည်သူများက မေးမြန်းလာကြပါသည်။ သတင်းသမား တင်ရွှေ(မင်းဘူး) နှင့် သတင်းထောက် မန်းနဂါးတို့ကလည်း သူတို့ထံသို့ ဤသို့ ဖုန်းဆက်မေးမြန်းကြောင်း ယခုည ဖုန်းဆက်ပြောကြား၍ အထူးသတင်းရေးသားလိုက်ရပါ၏။
``ဟလို ဆရာတို့သတင်းသမားတွေ ရွှေစက်တော်ဘုရားပွဲတော်က ထွက်လာတဲ့ သတင်းတွေကို မသိဘူးလား? ။ ရွှေစက်တော်ဘုရားပွဲတော်မှာ ဒီမတ်(၁၉)ရက်ကနေ လကုန်ရက်အတွင်း သဲမုန်းတိုင်းတွေကျမယ်..။ သွေးချောင်းစီး လိမ့်မယ်လို့ ဘုန်းကြီးတစ်ပါးရဲ့အိပ်မက်ကြောင့် ဘုရားဂေါပကအဖွဲ့က ယခု မတ်(၂၇)ရက်နေ့ ပွဲတော်ပိတ်မယ် လို့ ကောလာ ဟလ သတင်းတွေ ပျံ့နေတယ်ဗျ..။ ကျွန်တော့်တို့ ကားပေါ်မှာ ခရီးသည်တွေကလည်း မေးနေကြပါတယ်။ အဲဒါ တစ်ကယ်ဟုတ်ပါသလား..?။´´ ဟု မကွေး-ရွှေစက်တော်ကားလိုင်းမှ စပယ်ယာ ကိုမြတ်စံ မှ ဖုန်းဆက်မေးမြန်းလာပါသည်။
အဆိုပါကိစ္စအား သတင်းထောက် တင်ရွှေ(မင်းဘူး) ကို မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ထံသို့ မော်တော်ဆိုင်ကယ် ဖြင့် ချက်ချင်းသွားရောက်၍ သတင်းယူခိုင်းလိုက်ရသည်။ ထိုကိစ္စအား ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က ရှင်းလင်းဖြေကြားသည်။
`` ဒီကောလာ ဟလ သတင်းတွေက အခြေအမြစ်မရှိပါဘူး။ ဘယ်ဘုန်းကြီးက ဘယ်လိုကစပြီး အိပ်မက်မက်တာလည်း ဆိုတာ စုံးစမ်းကြည့်တော့ ဘယ်သူကမှ တိတိပပ မဖြေနိုင်ကြပါဘူး။ ဒီသတင်းတွေ လုံးဝမဟုတ်ပါဘူး။ လုံးဝ မမှန်ပါဘူးဗျာ။ ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖွင့်ပွဲ ဖေဖော်ဝါရီ(၁၅)ရက်ကနေ ဧပြီ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ နှစ်စဉ်အတိုင်းသာ ကျင်းပသွားမှာပါ။ ယခုကောလာ ဟလသတင်းမှားတွေကို ဆရာတို့ မီဒီယာသမား တွေက အများပြည်သူတွေသိအောင် ၀ိုင်းဝန်းကူညီပေးကြပါဗျာ..။´´ ဟု ရွှေစက်တော်ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က The Ladies သို့ ရှင်းလင်းဖြေကြားသည်။
အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခမ်း(တည်းကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက The Lades သို့ မိန့်ကြားသည်။


Tuesday, March 19, 2013
`မန်းရွှေစက်တော်ဘုရား တွင် ဂေါပက ဥက္ကဋ္ဌ မှ ပွဲတော်ဈေးသည်များ လှူဒါန်းသော LED မီးဆိုင်းဘုတ်ကို လက်မခံ၍ ဆရာတော်ကြီးများက ဖြေရှင်းပေးရ´
မတ်(၁၆)ရက်၊ မင်းဘူး။
၎င်းနေ့ နံနက်(၁၀)နာရီတွင် မင်းဘူးမြို့ တိုက်သစ်ကျောင်းဆရာတော်နှင့် အေးစေတီမြောက်ကျောင်းဆရာတော်များ ထံသို့ မန်းရွှေစက်တော်ဘုရားပွဲတော်မှ ဈေးသည်များအဖွဲ့(၃၀)ဦးခန့် လိုက်ထရပ်ကား(၂)စီးဖြင့် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရား ဂေါပက မှ ဈေးသည်များ လှူဒါန်းမည်ဖြစ်သော LED မီးဆိုင်းဘုတ်ကြီးကို လက်မခံ၍ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏ သြ၀ါဒဆရာတော်ကြီးများထံသို့ လာရောက်တိုင်ကြားသည်ဟု မြန်မာပို့စ် သို့ပြောသည်။ အဆိုပါအဖွဲ့မှ ဈေးသည် ဦးတင်ဝင်းကို မေးမြန်းကြည့်ရာ..၊
``ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်တွင်းက ဈေးသည်များစုပေါင်းပြီး ယခုနှစ် မန်းရွှေစက်တော်ဘုရားကြီးမှာ LED မီးဆိုင်းဘုတ်ကြီးလှူဒါန်းဖို့ ကြိုတင်ပြီး တင်ပြခဲ့ပါတယ်။ ဂေါပကရဲ့ ခွင့်ပြုချက်အရ ဈေးသည်တွေကို အလှူခံခဲ့ကြပါ တယ်။ အလှူရှင်တွေရဲ့စာရင်းတွေကိုလည်း မန်းရွှေစက်တော်ဘုရားဂေါပက မဏ္ဍာပ်က အသံချဲ့စက်နဲ့ ကြေငြာပြီး အသိပေးခဲ့ပါတယ်။ စုစုပေါင်းခြောက်သိန်းကျော်ရပါတယ်။ ဒါနဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် LED မီးပြေးဆိုင်းဘုတ်ကြီး ကို မန္တလေးမှာ ပြုလုပ်ခဲ့တယ်။ မနေ့က မတ်(၁၅)ရက်နေ့မှာ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ဒီ LEDမီးဆိုင်းဘုတ်ကြီး ရောက်လာတယ်။ ကျွန်တော်တို့ ဈေးသည်တွေက ၀မ်းသာအားရနဲ့ ဂေါပကရုံးကို သွားပြီးအပ်နှံပါတယ်။ အဲဒီအချိန်မှာ မန်းရွှေစက်တော် စီမံရေးရာဂေါပကတာဝန်ခံ ဦးစိုးတင့် မရှိလို့ သူနေတဲ့ အခန်းကို လိုက်သွားကြပါတယ်။ ဦးစိုးတင့်က သူအိပ်နေတာကို နိုးရမလားဆိုပြီး `မင်းတို့ကောင်တွေ ရုံးကိစ္စကို ရုံးကစောင့်ပါ့လားကွ၊ လူမှုရေးကို နားမလည်ကြ ဘူးလား´´ဆိုပြီး အော်ငေါက်လွှတ်ပါတယ်။ သူဂေါပကရုံးကိုရောက်လာပြန်တော့လည်း မီးထွန်းပြီး ပြသထားတဲ့ ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ဒါဘယ်သူ့အမိန့်နဲ့ မီးထွန်းထားတာလဲဆိုပြီး အရံမီးသတ်တွေကိုခေါ်တယ်။ ဒီဆိုင်းဘုတ်ကြီးကို အောက်စက်တော်ရာ ပဌာန်းတိုက်ထဲသို့ အပို့ခိုင်းပြီး သိမ်းထားလိုက်ပါတယ်။ ယခု ဒီLED မီးဆိုင်းဘုတ်ကြီးကို အလှူမခံနိုင်ဘူး၊ လက်မခံနိုင်ဘူး လို့ ဦးစိုးတင့်က အာဏာပြပြီး ပြောလွှတ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ မခံနိုင်လွန်းလို့ မင်းဘူးမြို့က သြ၀ါဒဆရာတော်ဘုရားကြီးများဆီကို လျှောက်ထားတိုင်ကြားဖို့ လာကြတာပါ။ မန်းရွှေစက်တော်ဘုရား ဈေးသည်တွေ စုပေါင်း လှူဒါန်းတာကို ပြေပြေလည်လည် နဲ့ ဘုရားပွဲတော်ထဲမှာတင် ဆောင်ရွက်မပေးတော့ ကျွန်တော်တို့ ဈေးသည်တွေမှာ များစွာ ခံစားကြရပါတယ်ဗျာ..။´´ ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။
ယင်းကိစ္စကို ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ (စီမံရေးဌာန)ဂေါပကလူကြီး ဦးစိုးတင့်(၀၉-၄၀၁၆၄၁၄၀၀) ထံသို့ ဖုန်းဖြင့် မေးမြန်းရာ..
`` မန်းရွှေစက်တော်ဘုရား ဈေးသူဈေးသားတွေက ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာ ကျွန်တော်တို့ ဂေါပကကို အသိမပေးဘဲ တစ်နေရာမှာ LED မီး ဆိုင်းဘုတ်အလှူခံရေးကိစ္စကို အစည်းအဝေးလုပ်တယ်လို့သိရပါတယ်။ မတ်လ(၇)ရက်နေ့မှာ အလှူခံလို့ရတဲ့ငွေများနဲ့ စာရင်းကို တင်ပြပါတယ်။ ဒီကိစ္စကို ကျွန်တော့်နေနဲ့ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ (မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး) သို့တင်ပြရပါတယ်။ ဂေါပက ဥက္ကဋ္ဌ က ခွင့်မပြုကြောင်း စာလည်း ကျွန်တော်ဆီမှ ရှိပါတယ်။ သူတို့ကိုလည်းပြပါတယ်။ သူတို့ဈေးသည်တွေ အရင် LED မီးဆိုင်းဘုတ်လှူမယ့်သူတစ်ဦးကလည်း ကျွန်တော်တို့ဆီကို စာရင်းပေးထားတာရှိပါတယ်။ ဒါကြောင့် သူတို့လာရောက်လှူဒါန်းတဲ့ LED မီးဆိုင်းဘုတ်ကို ခေတ္တရပ်ဆိုင်းထားရပါတယ်။ ကျွန်တော့်အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီကိစ္စကို ဂေါပက ဥက္ကဋ္ဌ ထံ ဆက်လက်တင်ပြထားပါတယ်။ လူဆိုတာကတော့ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လို့ လိုရာတွေကို တစ်ဘက်သတ် စွပ်စွဲပြောဆိုကြတာပါခင်ဗျာ…။´´ ဟု မေ(၁၆)ရက်၊ ည(၉)နာရီတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ မှ စီမံရေးရာဌာန ဦးစိုးတင့် က ဖုန်းဖြင့်ပြောသည်။
ယခုလှူဒါန်းမည်ဖြစ်သော LED ဆိုင်းဘုတ်ကြီးမှာ အလျားဆယ်ပေ နှင့် အနံနှစ်ပေရှိပြီး မီးပြေးစာတမ်းများမှာ (မန်းရွှေစက်တော် အောက်စက်တော်ရာဘုရား) ဘုရားဖူးလာသူများ ကျန်းမာချမ်းသာကြပါစေ၊ ဖွင့်ပွဲ ၊ ပိတ်ပွဲ ဟု ရေးသားထားကြောင်း၊ ဆိုင်းဘုတ်၏ အောက်ခြေတွင် စာလုံးအသေးဖြင့် ရွှေစက်တော်ဘုရားပွဲတော်ဈေးသူ ဈေးသားများ၏ ကောင်းမှု ဟု စာတမ်းများ ရေးသားထားကြောင်းသိရသည်။ ယင်းကိစ္စကို ရွှေစက်တော်ဘုရားဂေါပက၏ သြ၀ါဒဦးစီးနာယက ဆရာတော်ဘုရားကြီးများက ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့တို့ကို အစည်းအဝေးခေါ်၍ အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ဆရာတော်များမှ မိန့်ဆိုကြောင်း ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။
Tuesday, March 12, 2013
`မင်းဘူးမြို့မဈေးသစ်၏ (မူလ)ရှိ ကားပါကင်နေရာ ကိစ္စကို စည်ပင်မှ ဆောင်ရွက်မပေးနိုင်သေး ´



Thursday, March 7, 2013
`မင်းဘူးမြို့မဈေးသစ်ကြီး၏ (မူလ)ရှိ ကားပါကင်နေရာတွင် ဆိုင်ခန်းများဆောက်ခြင်းကို ကန့်ကွက် ဆန္ဒပြမည်ဆို၍ သက်ဆိုင်ရာမှ အများဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု ဆို´



Tuesday, March 5, 2013
“ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက်(၁/၂၀၁၃)

Saturday, March 2, 2013
ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်း သမားများ ကန့်ကွက်ကြ
