Pages

Thursday, March 29, 2012

တရုပ်- မြန်မာရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင် တရုပ်အရာရှိအား ဓားထိုးခံရ


မင်းဘူး(စကု)။ မတ်လ(၁၈)။
မင်းဘူး(စကု) မြို့နယ်၊ ကုန်းသာကျေးရွာအနီးရှိ တရုပ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းတွင် ၂၀၁၂ ခု၊ မတ်လ(၁၈)ရက်၊ ည(၁၀)နာရီအချိန်ခန့်မှာ တရုပ်အရာရှိ (Mr Huang Tong) ဆိုသူအား ဓားထိုးခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါ တရုပ်အရာရှိအသုံးပြုသော (ပါဂျရိုကား) ယာဉ်အမှတ် ၆ခ/၆၀၈၂ အား မောင်းနှင်သော ဒရိုင်ဘာ တင်စိုး သည် အရက်မူး၍ စခန်းတွင်းရှိ ယာဉ်မောင်များ အိပ်ဆောင်တံခါး သံဇကာအား ခြေထောက်ဖြင့် ဆောင့်ကန်နေ၏။ ထိုစဉ် တရုပ်အရာရှိ (Mr Huang Tong)သည် သူ၏ စကားပြန်ကို သွားရောက်၍ တင်စိုးအား တားမြစ်ရန်စေခိုင်းခဲ့သည်။ ထိုအခါ တင်စိုးမှ အရိုးအသွား(၈) လက်မခန့်ရှိ စတီးမောင်းချဓါးဖြင့် တရုပ်အရာရှိ (Mr Huang Tong)ထံသို့ လာရောက်ပြီး ဂုတ်ပိုး၏ ၀ဲဘက်အခြမ်းကို ထိုးချလိုက်သည်။ (၂)လက်မခန့်အနက်ထိ ဓါးသွားဝင်သွား၏။ ထို့နောက် ယာဉ်မောင်း တင်စိုးမှာ ထွက်ပြေးတိမ်းရှောင်သွားသည်။ တရုပ်အရာရှိ လူနာမှာ မင်းဘူးခရိုင်ဆေးရုံကြီးသို့ တက်ရောက်၍ ကုသပြီး ၎င်းဆေးရုံမှတဆင့် မတ်လ(၁၉)ရက်နေ့တွင် မန္တလေး အထွေထွေကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သိရသည်။ ထို တရုပ်အရာရှိ (Mr Huang Tong)သည် ဓါးဒါဏ်ရာကြောင့် ပေါက်သွားသောသွေးကြောကို ပြန်ပိတ်နိုင်ခဲ့ကြောင်း၊ အသက်ရှုလေပြွန်အား ထိခိုက်ခြင်းမရှိကြောင်း၊ အသက်အန္တရာယ် အား စိုးရိမ်စရာ မရှိပါကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ ဤ အမှုနှင့် ပတ်သက်၍ တရုပ်အရာရှိမှ မင်းဘူး(စကု) မြို့နယ် စကုရဲစခန်းတွင် (ပ)၂၆/၁၂ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်၍ တိုင်ကြားခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်းသူ ယာဉ်မောင်း တင်စိုး(၄၂)နှစ်၊ (အဘ) ဦးစံငြိမ်း၊ (ဟိန်းထက်ခန့်ကုမ္ပဏီ မန္တလေးမြို့) အား မတ်လ(၁၉)ရက်နေ့မှာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိကြောင်းသိရ၏။ တင်စိုး၏ ထွက်ဆိုချက်အရ ပိုက်လိုင်းစခန်း၏ အနောက်ဘက်(၁)မိုင်ခန့် အကွာတွင်ရှိသည့် ဖျောက်ဆိပ်ပင်အောင်၌ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့ပြီး ၀ှက်ထားခဲ့သော အရိုးအသွား(၈)လက်မခန့်ရှိ စတီးမောင်းချဓါးကို လိုက်လံပြသ၍ ရဲတပ်ဖွဲ့မှ သက်သေခံအဖြစ် သိမ်းယူခဲ့သည်။ ယင်းအမှုကို သက်ဆိုင်ရာ မင်းဘူး(စကု)မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အတူ စကုရဲတပ်ဖွဲ့စခန်းမှူးနှင့် စကုရဲတပ်ဖွဲ့ဝင်များမှ ဥပဒေနှင့်အညီ အမြန်ဆုံး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ဝိုင်းကြည်အောင်
မြန်မာပို့စ် သတင်းဂျာနယ်မှ ဖော်ပြပါသည်။

No comments:

Post a Comment