Pages

Sunday, May 20, 2012

၂၄-၂-၂၀၁၂ `မျက်နှာရှိရာ ဟင်းဖတ်ပါကြသူများ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၃၆-၂-၂၀၁၂) ၂၄-၂-၂၀၁၂ `မျက်နှာရှိရာ ဟင်းဖတ်ပါကြသူများ´ ဒီနေ့ နံနက် ကျွန်တော့်ဇနီး တို့အဖွဲ့ ရန်ကုန်မှ ပြန်ရောက်ပါတယ်။ သူတို့ရဲ့ အကိုအကြီးဆုံးက ဘုန်းကြီးကျောင်းသို့ နံနက်လင်းတာနဲ့ လာခေါ်တယ်လို့ သိရပါတယ်။ အဲဒီည သူတို့ သားအမိလေးယောက် သူတို့မိသားစုအခေါ် `အကိုလေး´ (အကိုအကြီး) တိုက်ခန်းမှာ အိပ်ကြပါတယ်။ တစ်ရက် ဧည့်ခံလိုက်တယ်လို့ သိရပါတယ်။ အကိုကြီးရဲ့ နိုင်ငံခြားကလာကြတဲ့ သားနဲ့ ချွေးမ၊ မြေးလေးတို့လည်း ပြန်သွားလို့ အိပ်ခန်းတစ်ခန်းလည်း အား၍ အဲဒီအခန်းမှာ ကောင်းကောင်းမွန်မွန် တည်းခိုရကြောင်း၊ တာဝန်ကျေပွန်ပါကြောင်း ကျွန်တော့်ဇနီးက ပြန်ပြောပြပါတယ်။ သြော် ရန်ကုန်မှာ နေတဲ့ သူများ အရာရှိတွေကအစ နယ်မှ အမျိုးဧည့်သည်တွေ လာမှာကို အတော်ကြောက်တတ်ကြသကို။ နံနက်ပိုင်း ချောက်မြို့မှ ပြန်/ဆက် မြို့နယ်ဦးစီးမှူး ဦးသန့်ရှင်းမောင် မကွေးသို့ရောက်ပါတယ်။ တိုင်း ပြန်/ဆက် ရုံးသို့ သွားတွေ့ပါတယ်။ ၄-၃-၂၀၁၂ နေ့၊ ချောက်မြို့နယ်၊ နတ်စဉ်ကန်ကျေးရွာ စာကြည့်တိုက်ဖွင့်ပွဲ ဖိတ်စာပေးထားခဲ့ပါတယ်။ နောက် တိုင်းပြန်/ဆက် ဦးစီးမှူး ဦးဝင်းခင်၊ မကွေးတိုင်းဒေသကြီး ချင်းရေးရာဝန်ကြီး ဦးဆလိုင်လှထွန်း တို့နဲ့ တွေ့ဆုံကြပါတယ်။ မကွေးတိုင်းဒေသကြီး အတွင်းမှ မြို့နယ်လေးမြို့နယ်အတွင်းမှာ (၁၀) တန်းစာမေးပွဲများအပြီး မတ်လထဲမှာ စာဖတ်ရှိန်မြှင့်တင်ရေး စာပေပြိုင်ပွဲများ ဟောပြောပွဲများ ကျင်းပနိုင်ရန် အစီအစဉ်ကို ပြောပြပါတယ်။ မကွေးမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ် ၊ မြို့နယ်(၄) ခုတို့မှာ စာပေပြိုင်ပွဲများ၊ စာပေဟောပြောပွဲများ ကျင်းပရန် စီးမံချက်တင်ထားကြောင်း၊ တစ်မြို့နယ်မှာ ပြန်ကြားရေးဝန်ကြီးဌာန စာကြည့်တိုက်ဖောင်ဒေးရှင်းက တစ်မြို့နယ်အတွက် ငွေ(၁၀) သိန်းချပေးမည် လို့ ကြားသိရပါတယ်။ နယ်ကျေးရွာတွေမှ စာကြည့်တိုက်များ လှူဒါန်းဖို့က (၅)သိန်း၊ စာပေပြိုင်ပွဲ စာပေဟောပြောပွဲကျင်းပရန်အတွက် (၅) သိန်း ခွင့်ပြုပေးကြောင်း ကြားသိရပါတယ်။ ယင်းပွဲများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မြို့ပေါ်မှာ မကျင်းပရန်၊ ကျေးလက်ဒေသရွာတွေမှာသာ ကျင်းပခွင့်ပေးထားကြောင်း ကြားသိရပါတယ်။ မကွေးတိုင်းဒေသ၀န်ကြီးချုပ်ဟာ စာပေနဲ့ ပတ်သက်လာရင် အလွန်ချုပ်ချယ်ထားသူတစ်ဦးပါ။ ယခုရက်ပိုင်းမှစပြီး ဧပြီလ(၁)ရက်နေ့ ကြားဖြတ်ရွေးချယ်ပွဲ မပြီး မချင်း ဘယ်နေရာ ဘယ်ဒေသကိုမှ စာပေဟောပြောပွဲ ပွဲမိန့်များ ခွင့်မပြူဘူးလို့ ၀န်ကြီးချုပ်က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တိုင်းပြန်/ဆက်ရုံးမှာ ၃-၃-၂၀၁၂ နေ့၊ ချောက်မြို့မှာ ပြန်/ဆက် ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်နိုင်(စိတ်ပညာ) နဲ့ စာပေဟောပြောပွဲ ကျင်းပနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ထားကြောင်း သိရှိခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်နေတဲ့ ဒီခေတ်မှာ မျက်နှာရှိရာ ဟင်းဖတ်မှာလား ဆိုတာကို စောင့်ကြည့်ရပေဦးမည်..။ ပြန်/ဆက် တိုင်းဦးစီးမှူးအား ကိုနေခြည်က ရှိတ်ဂျာနယ်လက်ဆောင်ပေးလိုက်ပါတယ်။ ချင်းရေးရာ ၀န်ကြီး ဦးဆလိုင်းလှထွန်း မှ ကျွန်တော်တို့ သတင်းသမားနှစ်ယောက်နဲ့ ပြန်/ဆက် တိုင်းမှူး ဦးဝင်းခင်တို့ကို လက်ဖက်ရည်နဲ့ ဧည့်ခံပါတယ်။ ရှိတ်ဂျာနယ်ထဲမှ သူတို့ ချင်းအမျိုးသားနေ့ သတင်းကိုလည်း နှစ်သက်ကြောင်း ပြောဆိုပါတယ်။ ချင်းဝန်ကြီး ကို သူ့ရုံးသို့ ကျွန်တော့် ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ အဲဒီကနေ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သစ် ရဲ့ ပထမ အကြိမ် ထမနဲထိုးပြိုင်ပွဲ သတင်းပါတဲ့ ရှိတ်ဂျာနယ်တစ်ဆောင်ကို ဒိုင်ချုပ်ဖြစ်တဲ့ မကွေးတိုင်းဒေသကြီး ၀ါချည်ထည် လုပ်ငန်း မန်နေဂျာ ဦးစိန်လင်းထံ သွားရောက်ပေးခဲ့ကြပါတယ်။ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ပြသမည်လို့ ဦးစိန်လင်းက ပြောဆိုပြန်ပါတယ်။

No comments:

Post a Comment