Pages

Tuesday, May 22, 2012

၂၄-၄-၂၀၁၂ `ရန်ကုန်သို့ ခရီးထွက်ခဲ့တယ်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၉၄-၄-၂၀၁၂) ၂၄-၄-၂၀၁၂ `ရန်ကုန်သို့ ခရီးထွက်ခဲ့တယ်´ နံနက် အိပ်ယာစောစောထတယ်။ ညနေရန်ကုန်သို့ ခရီးသွားဖို့ ယူစရာများကို ပြင်ဆင်ပြီးထည့်ရတယ်။ (၃)ရက်တိတိ ရန်ကုန်မှာ သင်တန်းတက်ရမည်ဆိုတော့ အ၀တ်အစား (၄)စုံလောက်ယူခဲ့ရပါမည်။ ဗုဒ္ဓဂါယာသို့ ၂၀၁၀ ခုနှစ်က ဘုရားဖူးသွားခဲ့တဲ့ ပတ်စ်ဘုတ်စာအုပ်ကိုလည်း ယူလာခဲ့တယ်။ သုံးနှစ်သက်တမ်းတော့ မပြည့်သေးပါ။ မပြည့်ခင် သက်တမ်းတိုးသင့်ရင် တိုးရအောင်လို့ယူလာခဲ့တာပါ။ မကွေးမြို့မှ ယဉ်ကျေးလိမ္မာသင်တန်းများသတင်းရေးသားဖို့ ကြွေးတင်နေတာကို ရေးပြီး မြန်မာပို့စ်သို့ မေးလ်ပို့လိုက်ပါတယ်။ ဘာကြောင့်ရေးဖြစ်သလဲဆိုရင် မနက်ဖြန် စတင်မဲ့ အောင်မြေရတနာကျောင်းတိုက် ယဉ်ကျေးလိမ္မာသင်တန်းအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အစည်းအဝေး ခေါ်ပါတယ်။ ကျွန်တော်က မသွားနိုင်ပါ။ ညနေ သွားဖို့ ပြင်ဆင်နေရပါတယ်။ ဒါကြောင့် ကိုနေခြည် ကို လွှတ်လိုက်ရတယ်။ သူကိုလည်း ယနေ့ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လွှတ်တော်အစည်းအဝေးပွဲအတွက် ရဲလုံခြုံရေးက မ၀င်ရလို့ဆိုပြီး ပြန်လာပါတယ်။ တော်ကြာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးချို ကျွန်တော့်ဆီကို လိုက်လာပါတယ်။ အကြောင်းစုံကို ပြောပြလိုက်ရပါတယ်။ ညနေ ကားမှာ နေရာကောင်းရဖို့ကိစ္စ နဲ့ ကားခငွေပိုတောင်းတဲ့ကိစ္စ များအားလုံးအဆင်ပြေသွားပါတယ်။ ကားခပိုငွေ ညနေမှာ ပြန်လည်ပေးမည်လို့ ဂိတ်မှူးက ပြောဆိုလိုက်ပါတယ်။ ကိုစိန်လှိုင် (ခ) တက္ကသိုလ်ရည်ရွယ်နဲ့ ကားကွင်းကို သွားတာပါ။ ရန်ကုန်မှ မကွေးသို့ ပြန်ဖို့ (၂၈-၄-၂၀၁၂) နေ့ ညနေ နဒီဧရာဂိတ်ကားလက်မှတ်ဖြတ်ခဲ့ပါတယ်။ အပြန် ကိုစိန်လှိုင်နဲ့ အတူပြန်ဖို့ စီစဉ်ထားပါတယ်။ `မကွေးမြို့၊ နွေရာသီကျောင်းပိတ်ရက်များမှ ယဉ်ကျေးလိမ္မာသင်တန်းများ´ မကွေးမြို့တွင် ဘုန်းတော်ကြီးကျောင်းများနှင့် နေ့စဉ်သံဃာ့ဒါနဆွမ်းလောင်းအသင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို နွေရာသီကျောင်းပိတ်ရက် အချိန်များမှာ နှစ်စဉ်ကျင်းပကြကြောင်း သတင်းရရှိပါသည်။ လူငယ်လူရွယ်များ အတွက် အထူးပင်လိုအပ်သောသင်တန်းများဖြစ်ပါသည်။ သိရိလင်္ကာနိုင်ငံမှ ဓမ္မစကူး(လ်)၊ ဆန်းဒေးစကူး(လ်) အဖြစ် ဖော်ဆောင်နိုင်ခြင်း မရှိသေးသော်လည်း တစ်နိုင် တစ်ပိုင်ပြုလုပ်ပေးသော ယင်းသင်တန်းများအား ကျောင်းသား ကျောင်းသူလူငယ် လူရွယ်များ မဖြစ်မနေတက်သင့်သော သင်တန်းများဖြစ်ပါသည်။ မကွေးမြို့ မြသလွန်ဘုရားကြီး၏ အရှေ့ဘက် အောင်ဓမ္မရက္ခိတ ဘုန်းတော်ကြီး ကျောင်းမှာ ပထမအကြိမ်(၂၃-၃-၂၀၁၂) နေ့မှ (၃၁-၃-၂၀၁၂)နေ့အထိ ယဉ်ကျေးလိမ္မာသင်တန်းသား (၁၀၀) ကျော်အား ကျောင်းထိုင်ဆရာတော် ဦးဆောင်၍ သင်ကြားပို့ချပြီး ၂-၄-၂၀၁၂ နေ့ ညနေ(၅)နာရီတွင် ဆုချီးမြှင့်ပွဲ ကျင်းပကြောင်း သတင်းကြားသိရသည်။ မကွေးမြို့ တောင်တွင်းလမ်းမပေါ်မှ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာဓမ္မရိပ်သာ တွင် ကျောင်းထိုင်ဆရာတော် စာရေးဆရာ သာကီနွယ်သွေး(မကွေး)မှ ဦးဆောင်၍ (ဆဋ္ဌမအကြိမ်) ယဉ်ကျေးလိမ္မာ မျိုးဆက်သစ်အခြေပျိုး သင်တန်းကို (၂-၄-၂၀၁၂) နေ့မှ (၆-၄-၂၀၁၂) နေ့အထိ သင်တန်းသား သင်တန်းသား(၁၀၀)ကျော်အား သင်ကြားပို့ချနိုင်ကြောင်း သတင်းကြားသိရသည်။ မကွေးမြို့ အောင်မြေရတနာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တပဏ္ဍိစ္စသာရ ဦးစီး၍ (ဒုတိယအကြိမ်) ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို (၂၅-၄-၂၀၁၂) မှ (၂၉-၄-၂၀၁၂)နေ့အထိ (၅)ရက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သင်တန်းသား(၂၀၀၀) ခန့်လက်ခံသင်ကြားမည်ဖြစ်ကြောင်းသိရသည်။ (၅/၈)တန်း ကျောင်းသူ ကျောင်းသားများကို နံနက်(၇)နာရီမှ နေ့လည်(၁၁)နာရီအထိ သင်ကြားသည်။ (၉ တန်း/တက္ကသိုလ်ကျောင်းသားများ)ကို နေ့လည်(၂)နာရီမှ ညနေ(၆း၃၀)အထိ သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ ၎င်း ယဉ်ကျေးလိမ္မာမျိုးဆက်သစ် ဓမ္မသင်တန်းကြီးတွင် သင်ကြားပို့ချသောဆရာတော် များနှင့် ဆရာကြီးများမှာ လေးအိမ်စု အရှင်ဝိစိတ္တသာရ ဆရာတော်ဘုရား၊ အရှင်ပညာသာမိ ဆရာတော်၊ ဓမ္မစက္က ဦးမောင်မောင် နှင့် သီလရှင်ဆရာကြီး ဒေါ်ဟေမာစာရီ တို့မှ သင်ကြားပို့ချမည် ဖြစ်ကြောင်း သိရ၏။ ထို့ပြင် ကျောင်းသားလူငယ်များအတွက် အကျင့်စာရိတ္တကောင်းမွန်ပြီး ဇာတိမာန်များ နိုးကြားသွက်လက်ထက်မြက်စေရန်ဟု ရည်ရွယ်၍ စာရေးဆရာ ဦးဘုန်း(ဓာတု-မန္တလေး)မှ သီချင်းများကို ကိုယ်တိုင်သီဆို တီးခတ်သင်ကြားခြင်း၊ ဆရာဇော်ခိုင်ဦး နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့ကလည်း အားဖြည့် ဟောပြောသင်ကြား ကြမည်ဟု သတင်းရရှိခဲ့ပါသည်။

No comments:

Post a Comment