Pages

Thursday, May 24, 2012

၂၀-၅-၂၀၁၂ `နေ့စဉ် မှတ်တမ်းများ ဘလော့မှာ စ၍တင်´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၀-၅-၂၀၁၂) ၂၀-၅-၂၀၁၂ `နေ့စဉ် မှတ်တမ်းများ ဘလော့မှာ စ၍တင်´ နံနက်(၆)နာရီ ဈေးဆိုင်စဖွင့်တယ်။ နံနက်ပိုင်း စကိုင်းနက် အင်တာနက်လိုင်းကောင်း၍ သတင်းများဖတ်တယ်။ ဘလော့ဝင်တယ်။ ယနေ့မှ စပြီး (၁၂-၁၂-၂၀၁၁) နေ့မှာ စတက်ရေးသားတဲ့ နေ့စဉ် မှတ်တမ်းများ ကို ဘလော့မှာ တင်ပါတယ်။ သတ်ပုံအမှားများတော့ ပါမည်ထင်ပါတယ်။ အချိန်ရရင်တော့ ရေးထားတဲ့ပို့်စ် တစ်ခုချင်းကို ပြန်စစ်ဖြစ်တယ်။ နောက်ပိုင်း ပို့စ်တွေကို ပြန်မစစ်နိုင်ပါ။ ယနေ့ မေးလ်များကိုစစ်တယ်။ မလေးရှားနိုင်ငံကိုရောက်နေတဲ့ ကိုလင်းဌေး( ဆင်ပေါင်ဝဲမြို့သား) ဘုန်းတော်ကြီးတစ်ပါးက မေးလ်ပို့ပြီး အကူအညီတောင်းထားပါတယ်။ ကိစ္စကတော့ မကွေးတက္ကသိုလ်မှ သူ့ရဲ့ ဘွဲ့လက်မှတ်ကို ထုတ်ခိုင်းတာပါ။ ကိုယ်စားလှယ်လွှဲစာ၊ မှတ်ပုံတင် မိတ္တူ၊ ယာယီဘွဲ့လက်မှတ် မိတ္တူ များကို ပို့ပေးလိုက်ပါတယ်။ ဒီကိစ္စကို မကွေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဆရာမ ဒေါ်ခိုင်မြတ်မွန်ထံ ပို့ပေးရင်လည်း ဖြစ်တယ် ဆိုပါတယ်။ ပရင့်ထုတ်ထားလိုက်တယ်။ ရာသီဥတုကတော့ မိုးအုံ့နေတာ(၂)ရက်ရှိနေပါပြီ။ အပူတော့ကျသွားတယ်။ နေ့လည်ပိုင်းမှာ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင် ရောက်လာတယ်။ အင်တာနက်သတင်းများပြောပြီး ကြည့်လိုတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်ပြပါတယ်။ ဆရာဦးဝင်းခင် လည်း (၂၅-၅-၂၀၁၂)နေ့မှာ ပြည်တော်သာစာတိုက်ကျောင်းတွင် နှတ်ဆက်ပွဲလုပ်မည် ဖြစ်ကြောင်းသိရတယ်။ အသက်(၆၀)ပြည့် ပင်စင်ယူတော့မယ်ဆိုပါတယ်။ ဌာနထဲမှာ အောင်မြင်စွာနဲ့ သက်ပြည့်ပင်စင်ယူသွားရတာ ဘ၀အတွက် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း အားပေးလိုက်မိပါတယ်။ သူ့မိသားစုကိစ္စကို စပ်စုလိုက်တော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဆရာဦးဝင်းခင်ရဲ့ ဇနီးမှာ ကွယ်လွန်ခဲ့တာ(၈)နှစ်တောင်ကြာခဲ့ကြောင်းသိ ရတယ်။ သားသမီးကလည်း သမီးတစ်ယောက်သာ ရှိကြောင်း၊ အဖေတစ်ခု သမီးတစ်ခုဘ၀ နဲ့ ရပ်တည်လာခဲ့ကြောင်း၊ သက်ပြည့်ပင်စင်လည်းအနားယူတဲ့အချိန်မှာ တစ်ဦးတည်းသော သမီးလေးကလည်း အိမ်ထောင်ပြုတော့မည် လို့ ကြားသိလိုက်ရပါတယ်။ သူတို့ဇနီးမောင်နှံ မိသားစု အခြေချထားခဲ့တဲ့ ရန်ကုန်မြို့ မြောက်ဒဂုံမှာပြန်နေမည်ဖြစ်ကြောင်း ကြားသိလိုက်ရပါတယ်။ အင်း လူ့ဘ၀ဆိုတာ သက်တန်းတိုတိုလေးအတွင်းမှာ ချစ်ခြင်း၊မုန်းခြင်း၊တွေ့ဆုံခြင်း၊ ကွေကွင်း ခွဲခွာရခြင်းတွေနဲ့သာ အဆုံးသတ်ကြရတာဘဲ မဟုတ်ပါလားဗျာ..။ ညနေပိုင်းမှာ မိုးဖွဲလေးတွေကျနေတယ်။ ယနေ့ဆရာကြီး မကွေးဝင်းမြင့်လာမယ်မထင်ပါ။ ကျွန်တော်လည်း အခြေခံဥပဒေ ဖတ်ရမယ့်ဝက်ဆိုဒ်ရှာတွေ့လို့ မန်ဘာဝင်နေပါတယ်။ဝင်လို့လည်း မရပါ။ ပြီးတော့ စာတွေက အင်္ဂလိပ်စာတွေသာ ဖတ်ရမည်လားမသိပါ။ အင်္ဂလိပ်စာက မကျွမ်းကျင်ပါ။ အခြေခံဥပဒေ မြန်မာလိုအတွဲစာအုပ်များကိုသာ ၀ယ်ပြီး ဖတ်ပါတော့မည်။ သတင်းသမားရော အများပြည်သူများပါ မြန်မာနိုင်ငံ အခြေခံဥပေဒစာအုပ်များကို သိသင့် ဖတ်သင့်ကြပါတယ်။ ယနေ့တစ်ကုန်နီးပါး မကွေးမြို့မှာလည်း လျှပ်စစ်မီးက ပြတ်ပါတယ်။ အင်တာနက်သတင်းတွေမှာ ရွှေလီ လျှပ်စစ်ဓာတ်တိုင်(၄)တိုင်ကို ကချင်အဖွဲ့မှ မိုင်းခွဲ၍ ဖျက်စီးလိုက်တယ်လို့ သိရပါတယ်။

No comments:

Post a Comment