ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်စဉ်(၉) ၂၄-၁၂-၂၀၁၁ ` လွတ်ထွက်သွားခြင်း´
ညကလည်း မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ဆူးတောကျေးရွာတွင် ဆောက်လုပ်နေတဲ့ (၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံမှာ အလှူရှင်များလိုအပ်နေပါသည်) သတင်းဆောင်းပါးရေးပါတယ်။ ဂျာနယ်များ ထံ အီးမေးလ်ပို့တယ်။ ည (၂) နာရီအထိ အချိန်ကြာသွားပါတယ်။ နံနက်မှာတော့ အိပ်ရေးပျက်သော်လည်း စောစောထရပါ တယ်။ ဈေးဆိုင်ဖွင့်ရပါတယ်။ ယခုရက်ပိုင်း ဈေးရောင်းလို့ကလဲ မကောင်းပါ။ ဒါကြောင့် အင်တာနက်လိုင်း မှာ အချိန်ကုန်စေခဲ့ပါတယ်။ ညက ရေးတဲ့ သတင်းဆောင်းပါးကို ကိုယ့်ဘလော့နဲ့ အိုင်တီဖိုရမ်မှာ ပို့စ်တင်ပေးလိုက်ပါတယ်။ ဒီသတင်းဆောင်းပါး ကို အလှူရှင်များ အမြန်ဆုံးပေါ်လာအောင် ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ထံ အီးမေလ်ပို့လိုက်ပါတယ်။ ကိုယ့်က သိန်းချီမလှူနိုင်တော့လည်း တိုက်နယ်ဆေးရုံ အမြန်အောင်မြင် ပြီးစီးသွာအောင် ဆေးရုံ နဲ့ အလှူရှင်များကြားမှာ ကိုယ်အနေနဲ့ ရွှေလမ်းငွေလမ်း ခင်းပေးလိုက်တဲ့သဘောပါ။ ကိုယ်တတ်နိုင်တဲ့ အလှူဒါန တစ်ခု ပြုလိုက်ရလို့ ပီတိဖြစ်မိပါတယ်။ အလှူရှင်များ အမြန်ဆုံးပေါ်ပေါက်လာပေးစေလို့လည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ကျွန်တော်တို့ မကွေးမြို့ပေါ်မှာ ဂရုဏာရှင် နာရေးကူညီမှုအသင်းကြီးက နှစ်စဉ်ကျင်းပတဲ့ တရားပွဲ(၃၄) ပွဲ ယနေ့ည နောက်ဆုံးညပါ။ တစ်လကျော် ကြာအောင် ညစဉ်ကျင်းပနိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကတော့ ပြီးခဲ့တဲ့ နှစ်တွေထက် တရားပွဲတွေက ပိုများသွားတယ်သိရပါတယ်။ ဒါပေမယ့် ယခင်နှစ်တွေလောက် ညစဉ် ညတိုင်း တရားပွဲတွေ မစည်ကားဘူးလို့ အသံတွေကြားရပါတယ်။ ဒေသပိုင် အုပ်ချူပ်ရေးအဖွဲ့ကလည်း အများမျှော်လင့်နေကြတဲ့ နာမည်ကြီး ဆရာတော်များကိုလည်း တရားဟောခွင့် မပြုဘူးလို့ ကြားနေရပါတယ်။ အစိုးရအသစ် လက်ထက်မှာ အထက်ပိုင်းကသာ သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲနေတာပါ။ အောက်ချေမှာက သိပ်ပြီး ဘာမှ မထူးခြားသေးပါဘူး။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့် တစ်ဝက်လောက်တော့ အခွင့်အရေးရနေတာကို မြင်တွေ့ရပါတယ်။ တရားဟောပွဲမိန့်၊ စာပေဟောပြောပွဲ ပွဲမိန့်တွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီကို အဆင့်ဆင့် တင်ပြတောင်းခံနေတုန်းပါ။ အရင်လိုဘဲ ဟိုထောက်ခံစာ ဒီထောက်ခံစာ ပေးပါအုံး စတဲ့ ကြိုးနီစနစ်တွေကတော့ လုံးဝ မပပျောက်သေးပါဘူး။ ပွဲမိန့်ပါမစ် ထုတ်ပေးတဲ့ ရုံးတစ်ရုံးကဆိုရင် စက္ကူတစ်ထုပ်လောက် ၀ယ်ပေးပါလို့ ပြောင်ပြောင်တင်းတင်း တောင်းဆိုနေပါသေးတယ်။ သူများ အကြောင်းကို မကောင်းပြောအိပ်မိပါပြီ..။ ည အိပ်မက်ဆိုးတွေတော့ မက်တော့မယ်ထင်ပါတယ်ဗျာ..။
ညက ထင်တဲ့အတိုင်းပဲ နံနက်လင်းတာနဲ့ မြို့သစ်မြို့ စာပေဟောပြောပွဲဖြစ်မြောက်ရေးကောမတီ၊ဒု ဥက္ကဋ္ဌ ဆီက ဖုန်းလာပါတယ်။ ၂၀၁၁၊ ဒီဇင်ဘာလ(၃၀)ရက် ညမှာ ကျင်းပမဲ့ စာပေဟောပြောပွဲကို မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ မကွေးခရိုင် အုပ်ချုပ်ရေးမှူး ( စာပေဟောပြောပွဲတွေ ခေတ္တနားထားတယ်) လို့ ပြောလို့ ပိတ်လိုက်တယ် ဆိုတာကို ဖုန်းဆက်ပြောသွားပါတယ်။ ဟောပြောမယ့် စာရေးဆရာတွေကိုလည်း ဖိတ်ကြားပြီး၊ လမ်းစရိတ်တွေလည်း ကြိုတင်တောင် ပို့ပေးထားတာပါ။ ထောင်ဘုတ်တွေလဲ မြိုသစ်မြို့ထဲမှာ စိုက်ထူပြီး၊ လက်ကမ်း ပန်းဖလက်တွေကိုတောင် အဆင့်မှီအောင် ရန်ကုန်အော့ဖ်ဆက်က ရိုက်ပြီး ဝေငှထားပြီးကြပါပြီ..။ မကွေးတိုင်းဒေသကြီးမှာ ဟောပြောမယ့် စာရေးဆရာ နေ၀င်းမြင့်( အမျိုးသားစာပေဆု (၃)ထပ်ကွမ်းရ)၊ ဆရာမ ခင်ခင်ထူး( အမျိုးသားစာပေဆုရ)၊ အယ်ဒီတာချုပ် ဆရာညိုထွန်းလူ( မန္တလေးအလင်းသတင်းဂျာနယ်) စတဲ့ ဒီဆရာသုံးဦးနဲ့သာ စီစဉ်ထားပါတယ်။ ဒါကြောင့် ဆရာတို့ မကွေးစာနယ်ဇင်းမှ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ကူညီပြီး ပြောဆိုပေးစေလိုပါကြောင်း မြို့သစ်မြို့ က ဦးမောင်မောင်ကြီးခင်ဗျာ ငိုချင်းချပြောဆိုသွား ပါတယ်။ အင်း သူပြောသွားမှပဲ ဒို့မကွေးတောင် စာပေဟောပြောပွဲ ဖြစ်ဖို့သေချာပါ့မလား ဆိုပြီး စိတ်ပူသွားခဲ့ရပါတယ်။ ဒါပေမယ့် မကွေးမြို့မှာက ပွဲမိန့်ကို ကြိုတင်တောင်းခံလို့ ကျပြီးသားပါ။ ဘုရား ဘုရား စီစဉ်ထားပြီး စာပေဟောပြောပွဲလေး မပျက်ပါစေနဲ့ လို့ ဘုရားရှစ်ခိုးရင် ဆုတောင်းလိုက်မိပါသေးတယ်။
ညက အိပ်မက်ဆိုးတွေထဲမှာ ကဗျာထဲဝင်ပြီး ရန်သတ်နေတာလေးကို ချရေးကြည့်ပါအုံးမည်..။ ကဗျာဆရာကလည်း မဟုတ်တော့ ကာရံညီညာတဲ့ မြန်မာကဗျာစစ်စစ်ကိုတော့ မရေးတတ်ပါဘူး။ အသံပါတဲ့ ကာရံမညီတဲ့ မော်ဒန်ကဗျာပဲ ရေးကြည့်ပါ့မယ်။ ရွာသား စာရေးဆရာစစ်စစ်ကြီးမှ စာပေဟောပြောပွဲဖိတ်ရင် ဗိုလ်ထိုင်အိမ်သာ နဲ့မှ ဖြစ်မည်ဆို၍ ရေးပါ၏။
`လွတ်ထွက်သွားခြင်း´
*ဘ၀+ပတ်ဝန်းကျင်=…လို့
ဆိုရတော့မှာလား အမေ..။
*အဖေနဲ့ အမေ သားကို မွေးဖွားပေးခဲ့တဲ့
သားရဲ့ ချက်မြုပ်ထားရာ ဇာတိကို တကယ် လာကြည့်ချင်နေတာပါ။
*အမေနဲ့ရွာကို သားမောင်လွမ်းလို့
တမ်းတမိတယ် အမေရယ်…ဆိုတဲ့
ဟင်္သာတ ကိုထွန်းရင်သီချင်းသံကြားလေတိုင်း
သားငိုခဲ့ရပါတယ် အမေ..။
*ဒါမေမယ့် သားအတွက် ရောဂါ ဒုက္ခ
ပြောရမှာတော့.. နားနဲ့မနာ ဖ၀ါးနဲ့နာပေးပါအမေရယ်..
သားကိုခွင့်လွတ်ပါလို့.. အကြိမ်ကြိမ်အခါခါ
တောင်းပန်လိုက်ပါရစေ..။
*ယခုတော့ သားဘ၀မှာလေ
ဗိုလ်ထိုင်အိမ်သာ မရှိရင်မဖြစ်တော့လို့
အမေတို့ရွာနဲ့ ထာဝရ ဝေးကွာခဲ့ပါပြီ အမေရယ်….။ ။
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာ(၂၅)ရက်။
0 comments:
Post a Comment