Pages

Thursday, May 24, 2012

၂၂-၅-၂၀၁၂ `မကွေးတိုင်းဒေသကြီးဆေးရုံမှာ ကိုယ်တွင်းကြည့်ကရိယာဖြင့် ခွဲစိတ်ကုသလို့ရပြီ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်(၁၂၂-၅-၂၀၁၂) ၂၂-၅-၂၀၁၂ `မကွေးတိုင်းဒေသကြီးဆေးရုံမှာ ကိုယ်တွင်းကြည့်ကရိယာဖြင့် ခွဲစိတ်ကုသလို့ရပြီ´ ဒီနေ့ မြန်မာပို့စ် ဂျာနယ် တစ်ရက်စောပြီးထွက်တဲ့နေ့ပါ။ ဂျာနယ်မလာမီ အင်တာနက်လိုင်းကနေ နေ့စဉ် မှတ်တမ်းများ ကို ဘလော့တင်တယ်။ နံနက်ပိုင်းသာ အင်တာနက်က ဘလော့တင်လို့ကောင်းပါတယ်။ မြန်မာပို့စ်ဂျာနယ်မှာ မကွေးမြို့မှ ဗုဒ္ဓမြတ်စွယ်တော်ပွား(၂)ဆူ သတင်း နဲ့ အညာဒေသ မိုးဦးကျစော သတင်းများပါတယ်။ သတင်းထောက် စောလှနွယ်(ခ) ဗိုလ်ကာရောက်လာတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအတွင်းရေးမှူးက ဖိတ်လို့ တိုင်းဒေသကြီး ဆေးရုံသို့ခေါ်ပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြ တယ်။ နံနက်(၉)နာရီခွဲလောက်မှ အခမ်းအနားကစတင်ပါတယ်။ အဲဒီမှာ နံနက်ပိုင်း သတင်းယူလိုက်ပါတယ်။ နေ့လည်ပိုင်းမှာ မိုးအနည်းငယ်ရွာလာတယ်။ မြို့ထဲမှာတော့ မိုးကသိပ်မရွာပါ။ အခြားနေရာများမှာတော့ မသိရသေးပါ။ မိုးတိပ်လို့ မကွေးပညာရေးကောလိပ်သို့ သွားတယ်။ ဆရာမဒေါ်ခင်ရွှေနဲ့ တွေ့တယ်။ ကိုလင်းဌေး အတွက် ဘွဲ့လက်မှတ် ဓာတ်ပုံပေးသွားတာပါ။ ဓာတ်ပုံဆိုဒ်က အကြီး(၁.၅X၂) လက်မပေးရမှာပါ။ လိုင်စင်ပုံအသေးဖြစ်နေတော့ ပြန်လာခဲ့ရပါတယ်။ အပြန်မှာ ကာတွန်းဆရာ အေကေ ထံဝင်တယ်။ သတင်းစာဆရာအသင်းလျှောက်လွှာပုံစံဖြည့်ပြီးသားကို ပြန်ယူခဲ့တယ်။ မနေ့ကလည်း သတင်းထောက် မကွေးဝင်းမောင် ကလျှောက်လွှာပုံစံစုံ လာပေးထားတယ်။ သူတို့ နှစ်ဦးရဲ့ လျှောက်လွှာ များကို အီးမေးလ် ယနေ့ပို့ပေးလိုက်ပါတယ်။ အင်တာနက်သတင်းများ ဖတ်တယ်။ မနေ့က မန္တလေးမြို့မှ လျှပ်စစ်မီးမလာလို့ ဆန္ဒပြသူ(၅၀) ကျော်လောက်ကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေကြောင်း ဖတ်လိုက်ရပါတယ်။ ယနေ့နံနက်ပိုင်းက ထူးခြားစွာ ချောက်မြို့မှ သူငယ်ချင်းကိုစိုးဝင်းဆီက ဖုန်းဆက်ပါတယ်။ သူဖုန်းကြောင့် စိတ်မကောင်းဖြစ်လိုက်ရပါတယ်။ ချောက်မြို့နယ် ပြန်ဆက် မြို့နယ်မှူး ဦးသန့်ရှင်းမောင် (၂၀-၅-၂၀၁၂) တနင်္ဂနွေနေ့က ကွယ်လွန်သွားကြောင်း၊ (၂၁-၅-၂၀၁၂) နေ့မှာ ကိစ္စပြီး မြေချလိုက်ကြောင်းသိလိုက်ရတယ်။ ဒီသတင်းကို မယုံကြည်သေးပါ။ ချောက်က သူငယ်ချင်း ကိုစိုးဝင်းက နောက်တတ်တယ်လေ။ ဒါကြောင့် အတည်မပြုနိုင်သေးပါ။ သတင်းယူပြီး ပြန်လာတော့ တိုင်းပြန်ဆက် တိုင်းမှူး ဦးဝင်းခင်ရောက်လာတယ်။ စွဲမက်လက်ဖက်ရည်ဆိုင်မှာ ဧည့်ခံရင်း ဦးသန့်ရှင်းမောင် သတင်းကို မေးပါတယ်။ ဟုတ်မှန်ကြောင်း အတည်ပြုလိုက်ရပါတယ်။ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ ယခု လာမယ့် စနေနေ့မှာ ရက်လည်ဆွမ်းသွပ်မည် သိရပါတယ်။ ခင်မင်ရသော မိတ်ဆွေကြီးဖြစ်တော့ ချောက်မြို့သို့ သူ့ဆွမ်းသွပ်မှာ သွားဖြစ်အောင် သွားရပါမည်။ သြော် သူနဲ့က (၁၈-၅-၂၀၁၂) နေ့မှာ တယ်လီဖုန်းပြောဖြစ်ပါတယ်။ သူ သက်ပြည့်ပင်စင်နီးနေပြီ ချောက်မြို့မှာဘဲ လက်ရှိရာထူးနဲ့ နေမယ်။ ချောက်ကနေဘဲ ပင်စင်ယူပြီး သူ့ဇာတိ ညောင်ဦးမြို့ကို ပြန်မယ်လို့ သူပြောသွားတယ်လေ။ ယခုတော့ ချောက်မြို့မှာ ပျော်နေသူကြီး ချောက်မြို့မှာ ခေါင်းချသွားရလေပြီ..။ ကောင်းရာ သုဂတိ ဘုံဘ၀သို့ ရောက်ပါစေ ဦးသန့်ရှင်းမောင်ရေ…။ ခင်ဗျားကို သတိရတိုင်း ဦးသန့်ရှင်းမောင် နဲ့ အတူသွားခဲ့ကြတဲ့ (ကူဖြူရွာမှာ သာသောလ) စာပေဟောပြောပွဲ ခွေလေးကို ပြန်ဖွင့်ကြည့်နေပါမည် ဆရာဦးသန့်ရှင်းမောင်ရေ..။ ကျွန်တော်စိတ် မကောင်းဘူးဗျာ..၊ စာရေးနေရင်းက မျက်ရေတွေဝိုင်းလာပါတယ်ဗျာ…။ ညနေပိုင်း ဆရာကြီး မကွေးဝင်းမြင့်မလာပါ။ ကိုနေခြည်ရောက်လာတယ်။ ပန်းချီဆရာ ကိုမြင့်ဇော်ဦးတို့က အင်တာနက်မှာ ကျွန်တော့်ရဲ့ ဘလော့ဝက်ဆိုဒ်မှ နေ့စဉ် မှတ်တမ်းများကို ဖတ်ရကြောင်း ကျွန်တော့်မိသားစု အတွင်းရေး စီးပွားရေးကိစ္စများကို ဖွင့်ချထားတာ ဖတ်ရကြောင်း ကိုနေခြည်မှ တဆင့်ပြောပြတယ်။ ၁၂-၁၂- ၂၀၁၁ နေ့ကနေ့စတင် ရေးသားထားတဲ့ နေ့စဉ်မှတ်တမ်းများကို ဘလော့မှာတင်နေပါကြောင်း အသိပေးပြောကြားလိုက်ပါတယ်။ ကိုနေခြည်ထံ တိုင်းပြန်ဆက် တိုင်းမှူးဦးဝင်းခင်၏ တစ်ဦးတည်းသော သမီးမင်္ဂလာဆွမ်းကပ် ဖိတ်စာပေးပါတယ်။ နောက်ပြီး အ မင်္ဂလာသတင်း ချောက်မြို့နယ် ပြန်ဆက် မြို့နယ်မှူး ဦးသန့်ရှင်းမောင် ကွယ်လွန်သွားတဲ့ သတင်းကို ပြောလိုက်ပါတယ်။ ကိုနေခြည်လည်း စိတ်မကောင်းဖြစ်သွားတယ် ထင်ပါတယ်။ သူနဲ့လည်း ချောက်မြို့နယ် တပ်ကန်ရွာ စာကြည့်တိုက်ဖွင့်ပွဲမှာ ဦးသန့်ရှင်းမောင်နဲ့ တွဲပြီး ဟောခဲ့ကြတာကိုး။ ဆရာတင်လင်းဇော်၊ မြန်မာပြည်ဆရာဟိန်း၊ ကိုနေခြည် ၊ မကွေးခရိုင်ပြန်ဆက်မှူး ဦးသန်းဌေး နဲ့ ဦးသန့်ရှင်းမောင်တို့ ဟောပြောခဲ့ကြတယ်လေ..။

No comments:

Post a Comment