Pages

Saturday, May 19, 2012

အမှတ်စဉ်(၁၂) ၂၇-၁၂-၂၀၁၁ ` အချိန်ပိုင်းသာ လိုတော့သည်။ ´

ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ အမှတ်စဉ်(၁၂) ၂၇-၁၂-၂၀၁၁ ` အချိန်ပိုင်းသာ လိုတော့သည်။ ´ ညက တစ်ညလုံးမိုးရွာနေပါတယ်။ တစ်ဖွဲဖွဲပေါ့။ နံနက်လင်းတော့လည်း တစ်နေကုန် မိုးက နည်းနည်းရွာပြီး စွေနေပါတယ်။ မုန်းတိုင်းဖြစ်ပေါ်နေကြောင်း ရုပ်မြင်သံကြား သတင်းက ကြိုတင်ကြော်ငြာထားပါတယ်။ ဒီနေ့ မိုးရွာနေတော့ ဈေးကလည်းရောင်းမကောင်းပါ။ ဈေးရောင်းမကောင်းရတဲ့ အထဲမှာ သားရဲ့ သူငယ်ချင်းက ဆီပုန်းတွေလက်ဆောင်ပေးဖို့ ဆိုပြီး (၂၈၅၀၀ိ) ဖိုးလာဝယ်ပါတယ်၊ ဒါပေမယ့် လက်ဆောင်ယူမယ့် လူကြီးက ငွေသာလိုချင်တယ်ဆို၍ ၀ယ်ပြီး ဆီးပုန်းတွေကို ပြန်လာအပ်လို့ ငွေပြန်ပေးလိုက်ရပါတယ်။ ကျွန်တော့် ဈေးဆိုင်း ဈေးဦးကျိုးသွားတာပေါ့ဗျာ..။ အင်း ပြန်စဉ်းစားကြည့်လိုက်တော့ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အထဲမှာ ကိုယ်ကလည်း အားပေး အားမြှောက်ပါနေပါတယ်။ မကွေးမြို့က ထွက်တဲ့ ကောင်းမွန်ပဲယို နှမ်းယို ရယ် အမေထွားပဲဆီသန့်ရယ် (၂)မျိုးဟာ ဘယ်နေရာ ဘယ်ဌာန ဘာကိစ္စအတွက် သွားသွား မကွေးမြို့ကလာတယ်ဆိုရင် (ကောင်းမွန် နဲ့ အမေထွား) လက်ဆောင်ပါမှ အောင်မြင်ကြတယ် လို့ ပြောစမတ်ဖြစ်နေကြပါပြီ..။ ကျွန်တော့်ဆိုင်ကို ဆီဝယ်လာသူ စားသုံးသူများက လာဝယ်တာ နည်းပါတယ်။ လက်ဆောင်ပေးဖို့ လာဝယ်သူတွေကသာ များနေပါတယ်။ ဒါကြောင့် စာရေးသူကိုလည်း လာဘ်ပေး လာဘ်ယူ အားပေး အားမြှောက်မှုနဲ့ အရေးယူသင့်ပါတယ်နော့်။ မြန်မာပြည်တွင်း လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေး စီမံချက်မှာ ကျွန်တော့်ကို အရေးယူခံခဲ့ရပါတယ်။ အဲ ဒါပေမယ့် တရားရုံးရောက်တော့ တရားသူကြီးမ က ကျွန်တော့်ကိုလည်း မြင်ရော့ `လွတ်စေ´ တဲ့ အမိန့်ချလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတောာ လစဉ် လစဉ် သူ့ဆီမှာ လက်ဆောင် ရထားတဲ့ ဆီပုန်းတွေကို ကျွန်တော်က ဈေးမနိုမ်ဘဲ ပြန်ပြီး ၀ယ်ယူတဲ့ ဖောက်သည်ဖြစ်နေလို့ပါတဲ့ခင်ဗျာ..။ ဒီနေ့ည မကွေးမြို့မှာ မြစ်ကွေ့ပရဟိအဖွဲ့ မှ ကြီးမှူးကျင်းပမယ့် သာဘာဝ ပတ်ဝန်းကျင် စာပေဟောပြောပွဲ ပွဲမိန့် မရပြန်ဘူးလို့ သိရပါတယ်။ ဒါပါဆိုရင် သူတို့ စာပေဟောပြောပွဲ ပျက်ရတာ (၂)ကြိမ် နှစ်ခါရှိနေပြီ.။ ၃၀-၁၂-၂၀၁၁ နေ့ညကျင်းပဖို့ ပြင်ဆင်ဖိတ်ကြားထားတဲ့ မြို့သစ်မြို စာပေဟောပြောပွဲကိုလည်း ပွဲမိန့်မရကြောင်း မကွေးတိုင်းဒေသကြီး ပြန်/ဆက် လက်ထောက်ညွှန်ကြားရေးမှူးထံမှ ကြားသိရပါတယ်။ ဘုရား ဘုရား ကျွန်တော်တို့ ကျင်းပမယ် စီစဉ်ထားတဲ့ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောလေးကိုတော့ ချောချောမောမော အောင်မြင်ပြီးစီးသွားပါစေဗျား။ ဆုတောင်းနေတုန်းမှာ စာပေဟောပြောပွဲ အတွက် ရံပုံငွေကောက်ခံနေတဲ့ မြန်မာပြည် ဆရာဟိန်း ရောက်လာပါတယ်။ ရံပုံငွေ သုံးသိန်းကျော် လာအပ်သွားပါတယ်။ ကော်မတီအဖွဲ့ စာနယ်ဇင်းအတွင်းရေးမှူး ကိုနေခြည်(မကွေး)၊ ကိုလွမ်းရ(မကွေး)၊ မင်းကျော်ဇော်(တိုင်းရင်းဆေး)၊ ကောင်းသုတ(မင်းဘူး) နဲ့ ကျွန်တော်တို့က ဘောက်ချာတွေကို စစ်ပြီးလက်ခံလိုက်ကြပါတယ်။ ကိုနေခြည်တို့က မကွေးတိုင်း မြို့တော်ခန်းမရှေ့မှာ စာပေဟောပြောပွဲ ဗီနိုင်းထောင်ဘုတ်များ ကပ်ရန်သွားကြပါတယ်။ ယနေ့တစ်နေကုန် မိုးက ပို၍ ပို၍ ရွာလာနေပါတယ်။ ဒီမုန်တိုင်း မနက်ဖြန် ၂၈-၁၂-၂၀၁၁ နေ့ တစ်နေကုန်သာ မိုးရွာပြီး စာပေဟောပြောပွဲလုပ်မယ့် ၂၉-၁၂-၂၀၁၁ နေ့ညမှာတော့ မိုးလင်းပါစေလို့ အခါခါ ဆုတောင်းနေရပါတယ်။ မကွေးမြို့ မြို့တော်ခန်းမမှာ ၂၉-၁၂-၂၀၁၁ နေ့ည စာပေဟောပြောပွဲကျင်းပရန် အတွက် ယနေ့ညမှစပြီး မြို့တွင်းသို့ ကြော်ငြာကြပါတယ်။ မနက်ည လည်း ဆက်လက် ကြော်ငြာသွားကြမှာပါ။ စာပေဟောပြောပွဲ ရာသီရောက်လာတော့ လည်း တောင်ငူမြို့က (၅-၅-၂၀၁၁ မှ ၉-၅-၂၀၁၁)အထိ (၅)ရက်တိတိ စာပေဟောပြောပွဲ ဒီဗွီဒီ ခွေကို တစ်နေကုန် ကြည့်ရှုလေ့လာ မိပါတယ်။ ၂၀၁၂ ခု နှစ်သစ်ထဲမှာလည်း တောင်ငူမြို့မှာ စာပေဟောပြောပွဲ (၅) ညတိတိ ကျင်းပအုံးမည်လို့ စာရေးဆရာ အေးရွှေ(ကေတုမတီ) ကဖုန်းဆက် သတင်းပြောပါတယ်။ အင်း သူတို့ဆီမှာ စာပေဟောပြောပွဲ ကျင်းပဖို့ လွယ်သလောက် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး မကွေးမြို့မှာတော့ တော်တော်ကို ခက်ခဲနေကြပါတယ်ဗျာ.။ ယခုနှစ်စပြီး စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ပြန်ဖြစ်တာပါ။ ၂၀၀၆ ခု နှစ် ကျင်းပပြီးကထဲက ယခုပွဲထိ (၄)နှစ်တိတိ စောင့်ဆိုင်းကြိုးစားကြရပါတယ်။ ဒါတောင် ယခုရက် အထိ ဘုရားတနေကြရတာပါ။ အထိကတော့ ဒေသအာဏာပိုင် များက အစိုးရိမ်ကြီးလွန်းနေတယ်ထင်ပါတယ်။ ဟော မြန်မာ့ရုပ်မြင်သံကြားမှ ယခုဖြစ်ပေါ်နေတဲ့ ဆိုက်ကလုန်မုန်တိုင်းမှာ အားပျော့သွားပြီး အ၀ါရောင်အဆင့်သာ ရှိတော့ကြောင်း၊ ၎င်း ဆိုက်ကလုန် မုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မလာနိုင်ကြောင်း ကြေငြာသွားသံကို ကြားလိုက်ရပါတယ်။ အင်း စာပေဟောပြောပွဲရက် မှာ ရာသီဥတု ကောင်းမွန်ပါစေ၊ ရန်သူမျိုးငါးပါးဘေးရန်ကလည်း လုံးဝကင်းစင်ပါစေကြောင်း ထပ်ခါ ထပ်ခါဆုတောင်း လိုက်ရပါတယ်။ ဟော ရုပ်မြင်သံကြားအထူးသတင်းက မြန်မာနိုင်ငံတစ်သက်တာ စာပေဆု နှင့် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုပေးပွဲအား (၂၉-၁၂-၂၀၁၁) နေ့ နံနက်(၉)နာရီကျင်းပရန်အစီအစဉ်ကို နံနက်(၈) နာရီ သို့ စောပြီး ကျင်းပမည် ဖြစ်ကြောင်း ကြေငြာသံကြားလိုက်ရပြန်ပါတယ်။ ၀မ်းသာသွားပါတယ်။ ဘာကြောင့်လည်းဆိုရင် အဲဒီပွဲမှာ အမျိုးသားစာပေဆု(တတိယအကြိမ်) ထပ်မံယူရမယ့် ဆရာနေ၀င်းမြင့် ကိုဖိတ်ကြားထားလို့ပါ။ နံနက်ပိုင်း ဆုယူပြီး ဆရာနေ၀င်မြင့်၊ ဆရာမ ခင်ခင်ထူးတို့ မိသားစုမှာ ကျွန်တော်တို့ မကွေးစာပေဟောပြောပွဲ ကို ညဟောပြောကြရမှာပါ။ အချိန် အခါမှီ ရောက်ဖို့အရေးကိုလည်း ရင်မောနေကြရပါတယ်။ ယနေ့ညနေမှာ မိတ်ဆွေကြီး ဦးကျော်စိန် လေဖြတ်လို့ ကောင်းမွန်ဆေးခန်းမှာ တင်ထားကြောင်း သိရပါတယ်။ ဒိုင်းနမစ် အဲယားကွန်းဆရာ ဦးကြည်ညွှန့်က လာပြောသွားတာပါ။ အင်း ကျွန်တော်တို့ အရွယ်တွေဟာ အချိန်မရွေး အိုဘေး၊ နာဘေး၊ သေဘေး ကိုပြေးပြီး တွေ့ကြရမှာပါလားလို့ တွေးမိလိုက်ပါတယ်။ အဲဒီဘေးတွေ အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ တရား ကျွန်တော်တို့ ရင်ထဲမှာ ဘာတစ်ခုမှကို မကိန်းအောင်းသေးပါ။ ဒီနေ့ တစ်နေကုန် မိုးရွာတာကို အကြောင်းပြပြီး နေ့စဉ် သွားနေကြ အာစိဏ္ဍံကန် တရားထိုင်ဖို့ မသွားဖြစ်လိုက်ဘူးလေ။ သေမယ့်နေ့ ကို အတိအကျ မသိကြတော့ ကျွန်တော်က အစ မကြောက်ကြပါဘူး။ သေမယ့်နေ့ကိုသာ အတိအကျသာ သိလိုက်ကြရရင် ဘာမှကို လိုချင် ရချင်ကြမှာ မဟုတ်ဘူးနော်။ ဒါကြောင့် ဒီည မှာ တရားနာ မသွားဖြစ်တဲ့ အချိန်ကို ပိုလုပ်ရပါမည်။ မိုးကလည်း စွေပြီးရွာနေတော့ ဒီနေ့ ဈေးဆိုင်ကို စောစောသိမ်းမည်။ သူ့များအရေးထက် ကိုယ့်အရေးကို ဦးစားပေရပါမည်။ မနက်ဖြန် မိတ်ဆွေကြီး ဦးကျော်စိန် ကို ဆေးရုံသွားပြီး လူနာမေးရင်း တရားရှုသွားပါမည်။ ငါသည် မုချသေရမည်.. အချိန်ပိုင်းသာလိုတော့သည်။ ရွှေလမ်းငွေလမ်းဝင်းကြည် ၂၀၁၁ ၊ဒီဇင်ဘာလ(၂၇)ရက်။

No comments:

Post a Comment