ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ
အမှတ်(၁၂-၂၀၁၂) ၁၉-၁-၂၀၁၂ `ပွင့်လင်း မြင်သာဖို့လိုနေပါပြီ´
ယနေ့တော့ နံနက်စောစောထပြီး ပရိတ် ၊ပဌာန်းရွတ်ပြီးလို့ စာစောစောရေးနိုင်ပါတယ်။ မနေ့က မပြီးသေးတာကို လက်စသတ်ရေးလိုက်ပါတယ်။ နံနက်(၁၀)နာရီမှာ အင်တာနက် လစဉ်ကြေး ၁၂/၂၀၁၁ လအတွက် ငွေကျပ်(၃၀၀၀၀ိ) ကို စာတိုက်သို့သွားဆောင်ခိုင်းရပါတယ်။ အဲဒီမိတ္တူ (၂) စောင်နဲ့ တွဲပြီး မနေ့က စီစဉ်ထားတဲ့ အင်တာနက်လိုင်း ADSL လိုင်း ပြောင်းရွှေ့တပ်ဆင်ပေးနိုင်ရန် မကွေးတိုင်းဒေသကြီး ဆက်သွယ်ရေးသို့ သွားရောက်တင်ပါတယ်။ လက်ခံ တစ်စောင်ကို ကိုမျိုးလေး ထံသွားရောက်ပေးထားပါတယ်။ ကိုမျိုးလေးနဲ့ မတွေ့လို့ သူ့တပြည့် မောင်စိုးထံ ပေးထားခဲ့ရပါတယ်။ သားကြီး မောင်ထွန်းဝင်းကျော် အလုပ်ကိစ္စကိုလည်း မေးပေးရန်မှာထားခဲ့ပါတယ်။ အဲဒီကနေ ဦးကျော်စိန် အိမ်သို့သွားပါတယ်။ တယ်လီဖုန်းစာအုပ်၊ တယ်လီဖုန်းဘေလ် ၊ နိုင်ငံသားကတ်၊ အိမ်ထောင်စု စာရင်းများကို ပြန်အပ်ပေးခဲ့ပါတယ်။ ကိုမျိုးလေး မှ ရောက်တာ(အင်တာနက် ၀ါယာလက်စ်) ငွေတစ်သိန်း တန်ဘိုးမှာ ဦးကျော်စိန် အတွက် ငွေ ခုနှစ်သောင်း များနေကြောင်း ပြောထားတယ်လို့ သိရပါတယ်။ ADSL လိုင်း ရွှေ့ပြောင်းခ ငါးသောင်းအား ကျခံပေးရန် ပြောဆိုလာပါတယ်။ ဒါပေမယ့် ဦးကျော်စိန် မှ ဈေးများများ ယခင်ပြောထားတဲ့ စကားအတိုင်း (၆)သိန်း ပေးပြီး တပ်ဆင်ခကို သူကပေးချေမည် ပြန်ပြောပါတယ်။ အင်း မရှိလို့ ရောင်းချရတာကို ရသလောက်ဈေးချ ချင်ကြတယ်ထင်ပါတယ်။ တော်တော် အောက်ကျရပါ့ လား။ အစိုးရဆီက လျှောက်ရင် ငွေကျပ်(၉) သိန်းခန့် ကျမည် ADSL ကို ဈေးချိုချိုပေးထားတာပါဗျာ..။ ဒါတောင် ဆက်သွယ်ရေးက အိမ်ထောင်စု စာရင်း ကို လက်မခံရင်တော့ လ.၀.က ရုံးကို သွားရအုံးမည်။ အရင်လို နားလည်မှုနဲ့ အိမ်ထောင်စု စာရင်းမှာ ကျွန်တော့်နာမည်ထည့်ခိုင်းလို့လည်း မဖြစ်ပါ။ ဆက်သွယ်ရေးက လိုအပ်ရင်တော့ တရားဝင်ပြောင်း ပေးရမယ်။ ဆက်သွယ်ရေးက မရစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ်။ ကိုမျိုးလေးကိုတော့ တာဝန်ပေးထားပါတယ်။
ဈေးကလည်း ယနေ့ရောင်းလို့ မကောင်းပါ။ သစ္စာမေတ္တာ ဆရာတော်ပေးထားတဲ့ ပုတီးစိတ်များကိုသာဖိပြီး စိတ်နေပါတယ်။ ဆရာတော်ဘုရားပေးထားသော သိဒ္ဓိရေစင်များနဲ့ ပက်ဖြန်းပြီးရောင်းနေရပါတယ်။ နေ့လည် တိုင်းပြန်/ဆက် တိုင်းဦးစီးမှူး ဦးဝင်းခင် ရောက်လာပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရရုံး ကြာသာပတေးနေ့ အစည်းအဝေး မှ ပြန်လာကြောင်း ပြောပါတယ်။ ရေနံချောင်းမြို့ စာပေဟောပြောပွဲ ပွဲမိန့်ကိစ္စ ကို မေးကြည့်ပါတယ်။ ဘာမှ မကြားခဲ့ကြောင်း သူက ပြောပါတယ်။
ညနေပိုင်းမှာ ဆရာ မကွေးဝင်းမြင့် နဲ့ ကိုမြင့်ဇော်ဦး တို့လာကြပါတယ်။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ ကိုမြင့်ဇော်ဦးကို (ကျွန်းမကြီး ကဗျာဖတ်ပွဲ သတင်း) မပေးလို့ စိတ်ဆိုးကြောင်း ဒဲထိုးကြီးပြောချလိုက်မိပါတယ်။ သူ က ကဗျာဝိုင်းကျင်းပကြတဲ့ ကဗျာဆရာ ဧဇံ (ခ) သတင်းထောက် အောင်သူငြိမ်း တို့ လူငယ်တွေက သတင်းမပေးရန် တားမြစ်ထားကြောင်း ပြောပါတယ်။ သတင်းထဲမှာ ပါလာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ မှ မေးလား မြန်းလား လုပ်မှာ စိုးတယ်ထင်ပါတယ်။ ဒီကိစ္စကို သတင်းမရေးတာဘဲ ကောင်းပါတယ်။ မကွေးမြို့နယ် ကြာကန်ရွာ စာပေဟောပြောပွဲ သတင်းကိုလည်း မရေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့က သက်ဆိုင်ရာမှ ပွဲမိန့်မရဘဲ ကျင်းပတဲ့ စာပေဟောပြောပွဲပါ။ ဦးဘုန်း(ဓာတု)၊ ဇော်ခိုင်ဦး၊ ဦးဆွေ(ဒဿနိက) တို့မှ ၂-၁-၂၀၁၂နေ့မှာ ရွာသစ်ဘုန်းကြီးကျောင်းထဲ (နေ့ စာပေဟောပြောပွဲ) ဖြစ်ပါတယ်။ အဲဒီနေ့ ည မကွေးမြို့နယ် ကြာကန်ကျေးရွာ မှာ (ည စာပေဟောပြောပွဲကြီး) ကျင်းပသွားကြပါတယ်။ ဦးဆောင်ကျင်းပ ပေးသူများကတော့ သတင်းထောက် မကွေးဝင်းမောင်၊ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ စာပေ၀ါသနာရှင်များ ဦးဆောင်ကျင်းပကြကြောင်းသိရပါတယ်။
ညနေ မှာ ရေဒီယို သတင်းကြားလိုက်ရတာ များစွာစိတ်မကောင်းပါ။ ရွှေည၀ါဆရာတော်ဘုရား ကိစ္စကို ယနေ့ ရန်ကုန်တိုင်းဒေသကြီး သံဃာအဖွဲ့က အမိန့်ချလိုက်ပါပြီ..။ ရွှေည၀ါဆရာတော် အား သာဓုကျေင်းတိုက်မှ တစ်လ အတွင်း အပြီးထွက်ခွါပေးရန် သတင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ များ သံဃာအချင်းချင်း မေတ္တာတရားတွေ ခေါင်းပါးနေတယ် ထင်မိပါတယ်။ သံဃာတွေ ကို ဘယ်သူတွေက နောက်ကွယ်မှ လျှောက်ထားခိုင်းစေနေကြပါသလဲ..။ သာသနာပြု နေသူ သံဃာကို သာသနာမပြုနိုင်အောင် တားမြစ်သလိုဖြစ်နေပါတယ်။ သာသနာ အတွက် လုံးဝမကောင်းပါ။ ဗုဒ္ဓဘာသာ မှာ သာသနာပြန့်ပွားရေးအတွက် တရားဟောခွင့်တွေကို တားဖြစ်ထားတာ သာသနာကို ဆုတ်ယုတ်အောင် ပြုသလိုများ ဖြစ်နေသလား စဉ်းစားပြီး စိတ်မကောင်းဖြစ်မိနေပါတယ်။
0 comments:
Post a Comment