Pages

Wednesday, September 24, 2014

``ဆင်ပေါင်ဝဲမြို့နယ်၊ ကျေးရွာပေါင်း ၁၁ ရွာ တောင်သူများမှ မကွေးမြို့သို့ စက်တင်ဘာ ၂၅ ရက်မှာ ဆန္ဒပြကြမည်´´



မကွေး၊ စက်တင်ဘာ ၂၄။
          သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ `ဘရုံသစ်တောကြိုးဝိုင်းအတွင်းရှိ ကျေးရွာပေါင်း ၁၁ရွာမှ တောင်သူ ပေါင်းငါးထောင်ကျော်တို့သည်၊ ၂၀၁၄၊ စက်တင်ဘာ ၂၅ ရက်၊နေ့လည်
၁နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး အစိုးရရုံးစိုက်ရာ မကွေးမြို့သို့ မော်တော်ယာဉ်များဖြင့်လာရောက်၍ (ဘရုံသစ်တောကြိုးဝိုင်း ပယ်ဖျက် ပေးရေး၊ ဓားမဦးချလယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်ယာမြေမှတ်ပုံတင် ရရှိရေး)များအတွက် ငြိမ်းချမ်းစွာစုဝေး လှည့်လည်ဆန္ဒ ဖော်ထုတ်ခွင့်ကို ငှက်ပျောကျင်းကျေးရွာ တောင်သူ ဦးတင်ထွန်းအောင် အမည်ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထံ တင်ပြတောင်းခံကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြိုနယ် အထောက်အကူပြုအဖွဲ့တို့က အစည်းအဝေးထိုင်၍ ဆန္ဒပြရန်လျှောက်ထားသူ မလာသော်လည်း ခွင့်ပြုမည် ဟု ဆုံးဖြတ်ခဲ့ကြသည်။၎င်းနေ့က
``သူတို့တင်ထားတာက အင်အား ငါးထောင်တင်ထားသော်လည်း ကျွန်တော်တို့အဖွဲ့က အင်အား တစ်ထောာင်သာ ခွင့်ပြုထားပါတယ်´´။ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ်က မဇ္ဈိမ ကိုပြောသည်။

ထို့နောက် စက်တင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထိုကိစ္စအား ဆန္ဒပြရန်အဖွဲ့ခေါင်းဆောင် ဦးတင်ထွန်းအောင် နှင့် ၁၂ ဦးကိုထပ်မံ တွေ့ဆုံညှိနှိုင်းကြကြောင်း သိရသည်။ ၎င်းနေ့ တွင် မကွေးမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၏ ညှိနှိုင်း ဆွေးနွေးပွဲတွင် တောင်သူများ တင်ပြထားသော စက်တင်ဘာ ၂၅ ရက်နေ့တွင် ခွင့်မပြု၊ စက်တင်ဘာ ၂၈ ရက်နေ့တွင်သာ ခွင့်ပြုကြောင်း၊ ဆန္ဒပြမည့် တောင်သူအင်အားကိုလည်း သုံးရာဦးခန့်သာ ခွင့်ပြုကြောင်း၊ လမ်း ကြောင်းကိုလည်း မကွေးမြို့တွင်းသို့ဝင်ရောက်ခွင့်ပေးမထားကြောင်း၊ ၎င်းခွင့်ပြုမိန့်ကို တောင်သူ ဦးတင်ထွန်း အောင် နှင့်အဖွဲ့မှ လာ၍ မယူကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိသည်။

``သူတို့အာဏာပိုင်တွေက လူအင်အားလဲ သုံးရာထဲပေးတယ်၊ ခွင့်ပြုချိန်ကလည်း တစ်နာရီထဲပေးတယ်၊ နောက် မြို့ထဲလမ်းကြောင်းလည်းမပါဘူး၊ ခွင့်ပြုမဲ့ရက်က စက်တင်ဘာ ၂၈ ရက်ပေးတယ်၊ ဒါကြောင့် မူလ အစီအစဉ်အတိုင်း စက်တင်ဘာ ၂၅ ရက်၊ နေ့လည် ၁ နာရီကစတင်ပြီး ကျွန်တော်တို့ဆန္ဒပြကြမှာပါ ၊ ရက်မပြောင်းပါဘူး။´´ ဟု  ငှက်ပျောကျင်းကျေးရွာ တောင်သူ ဦးတင်ထွန်းအောင် က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment