Pages

Saturday, December 6, 2014

“ရွှေစက်တော်ဂေါပကအသစ် ရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှုမရှိ၍ စောင့်ကြည်ရေးအဖွဲ့ ဖွဲ့စည်း၍ ဆက်လက်ကန့်ကွက် တောင်းဆိုသွားမည်ဟုသိရ”



မင်းဘူး၊ ဒီဇင်ဘာ ၆ ။

          ရွှေစက်တော်ဘုရား ဂေါပက အသစ်ပြန်လည်ရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှုမရှိ၍ စောင့်ကြည်ရေးအဖွဲ့ ကို မင်းဘူးမြို့၊ အင်ကြင်းလက်ဖက်ရည်ဆိုင်တွင် ၂၀၁၄၊ ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း မင်းဘူးဒေသခံ ဦးတင်ရွှေ က မြေလတ်မီဒီယာသို့ ဖိတ်ကြား၍ သတင်းရရှိသည်။

          မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားမှ အရပ်သားဂေါပကအသစ်ပြန်လည်ဖွဲ့စည်းပေးရန်အတွက် ၂၀၁၃ ခုနှစ်က ဒေသခံဈေးသည်များနှင့် ၁၂ ပွဲနယ်လှည့်ဈေးသည်များမှ သာသနာရေးဝန်ကြီးဌာနသို့ တိုင်ကြား ခဲ့သည်။ ထို့ကြောင့် ၂၀၁၄၊ ရွှေစက်တော်ဘုရားပွဲတော်မတိုင်မီ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး အပါ ဌာနဆိုင်ရာ ၀န်ထမ်း ငါးဦးနှုတ်ထွက်၍ ကျန်ဂေါပက (၁၅)ဦးဖြင့် အရပ်သားဂေါပက အဖြစ် ဖွဲ့စည်းပေးခဲ့သည်။  တိုင်ကြားသူ ဈေးသည်များအဖွဲ့မှ မကြေနပ်၍ ၂၀၁၄ နှစ်စပိုင်းတွင် မင်းဘူးခရိုင်သာသနာရေးဦးစီးဌာန နှင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ နယ်လှည့်ဈေးသည် နှင့် ဒေသခံဈေးသည်များ၏ ကိုယ်စားလှယ်များပါဝင်သော အရပ်သားဂေါပကအဖွဲ့သစ်အား ဒီမိုကရေစီနည်းစနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးရန် ထပ်မံ တောင်းဆိုခဲ့ ကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်းကျင်းပမည့် ရွှေစက်တော်ဘုရားပွဲတော် မတိုင်မီ ပြန်လည်ရွေးချယ်ပေးရန်၊ ၎င်းဘုရားပွဲတော်မတိုင်မီ အပြီးရွေးချယ်မပေးလျှင် ဈေးသည်များဖြင့်ဆန္ဒပြကြမည်ဖြစ်ကြောင်း ဒေသခံ ဦးနေမျိုး ကျော် (စကု) မြို့က အောက်တိုဘာလတွင် မြေလတ်မီဒီယာ သို့ ပြောသည်။

          ၎င်းရွှေစက်တော်ဘုရား သြ၀ါဒဆရာတော်အဖွဲ့နှင့် ဂေါပကအဖွဲ့ ပြန်လည်ရွေးချယ်ရေးအတွက် ၂၀၁၄၊ အောက်တိုဘာလတွင် သြ၀ါဒဆရာတော်များ၊ ဂေါပကအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်လိုသူများအား လျှောက်လွှာများတင်သွင်းနိုင်ကြောင်း မင်းဘူးခရိုင်သာသနာရေးမှူးရုံးမှ ပွင့်လင်းမြင်သာမှုမရှိဘဲ လျှောက်လွှာ ပိတ်ရက်ကပ်၍ ကြေညာခဲ့ကြောင်း ဒေသခံဈေးသည် ဂေါပကလုပ်ရန် လျှောက်ထားသူ ဦးအေးကို(ဆင်ခေါင်းရွာ) မှ မြေလတ်မီဒီယာ ကိုပြောသည်။

          ၎င်းရွှေစက်တော်ဘုရား၏ သြ၀ါဒဆရာတော်များနှင့် ဂေါပကပြန်လည်ရွေးချယ်ရာတွင် မကွေးတိုင်း အတွင်းရှိ မြန်မာနိုင်ငံ ဗဟိုဝန်ဆောင်သံဃာအဖွဲ့မှ မကွေးမြို့၊ သံဃာရာမစာသင်ကျောင်းတိုက် ဆရာတော် ဦးစိန္တာ နှင့် မကွေးတိုင်းသံဃာ့ ဥက္ကဋ္ဌ ဆရာတော်အဖွဲ့မှ မကွေးမြို့၊ အောင်မြေရတနာစာသင်ကျောင်းတိုက်၊ ဆရာတော် ဦးပန္နိစ္စ တို့ပါသော ဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း၊ မကွေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးသန်းထွန်းတို့အဖွဲ့ဖြင့်ရွေးချယ်မည်ဖြစ်ကြောင်း၊ ဆရာ တော်ကြီးများမှ ရွေးချယ်ပြီးလျှင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဦးနေ၀င်း (အတွင်းရေးမှူး၊ မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့) က မြေလတ်မီဒီယာ ကိုပြောသည်။ 

          ဂေါပက ရွေးချယ်ပြီးစာရင်းများကို ဒီဇင်ဘာ ၄ ရက်နေ့တွင် အမည်စာရင်းများထွက်လာကြောင်း၊ ၎င်း ဂေါပက စာရင်းတွင် ပါဝင်သူများအား မင်းဘူးသတင်းရဲတပ်ဖွဲ့မှ ကိုယ်ရေးရာဇ၀င်နောက်ကြောင်းလိုက်နေသည် ဟု မင်းဘူး မြို့တွင် ကောလဟလ သတင်းထွက်နေကြောင်း ဒေသခံ သတင်းသမား တင်ရွှေ(မင်းဘူး) ကပြော သည်။ 

ထို့ကြောင့် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းတွင် မြေလတ်မီဒီယာ ဂျာနယ်မှ မကွေးတိုင်းသံဃာ့ ဥက္ကဋ္ဌ ထံသို့ သွားရောက် လျှောက်ထား မေးမြန်းရာ
“ မနေ့က ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့စာရင်းကို လျှို့ဝှက်ရွေးချယ်ပြီးတယ်လို့ ဗဟိုဝန်ဆောင်ဆရာတော် ဦးစိန္တာ ကတော့ပြောတယ်၊ ကျုပ်တို့ဆီတော့ စာရင်းမရောက်သေးဘူး။” ဟု ဆရာ တော် ဦးပန္နိစ္စ က မြေလတ်မီဒီယာ ကို မိန့်ကြားသည်။ 

ဗဟို သံဃာ့ဆရာတော်ထံသို့ သွားရာ နတ်မောက်မြို့သို့ ကြွသွားကြောင်းသိရသည်။ ၎င်းကိစ္စအား မကွေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးသန်းထွန်းထံသို့ မြေလတ်မီဒီယာ မှ ဆက်လက်သွားရောက်မေးမြန်းရာ
“ ဒီရွေးချယ်ရေးအဖွဲ့ထဲမှာ ကျွန်တော်ပါတယ်ဆိုတာ ဆရာတို့လာပြောမှ သိရပါတယ်၊ ရွေးချယ်တဲ့ကိစ္စ ဘာမှ ကျွန်တော်မသိပါဘူး၊ ရွေးချယ်ပြီးစာရင်းလည်း မရောက်လာသေးပါဘူးဗျာ။”ဟု ဦးသန်းထွန်း တိုင်းသာသနာရေး ဦးစီးမှူးက မြေလတ်မီဒီယာ ကိုပြောသည်။

          ရွှေစက်တော်ဘုရား ဂေါပကရွေးချယ်ရာတွင် လျှောက်လွှာဦးရေ မည်မျှရောက်ကြောင်း၊ ရွေးချယ်ရေး အဖွဲ့ကော်မရှင်အဖွဲ့ဝင် မည်သူများ မှ ရွေးချယ်ပေးပြီး မည်သည့်နေ့တွင် ကြေညာပေးမည်ဟု ကြိုတင် ကြေညာ ထားခြင်းမရှိကြောင်း၊ တိုင်ကြားထားသော ဒေသခံများနှင့် ဈေးသည်များနှင့် ဒေသခံအများပြည်သူများမှ ဒီမိုကရေစီစနစ်ဖြင့် လူသိရှင်ကြားကြေညာ၍ အများရှေ့တွင် ရွေးချယ်ပေးမည်ဟု မျော်လင့်ထားသော်လည်း ဗဟိုဦးစီးစနစ်ဖြင့် ကြိတ်၍ ရွေးချယ်ခြင်းကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ ထိုကဲ့သို့ ပွင့်လင်းမြင်သာ မှုမရှိခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်နေ့တွင် မင်းဘူးမြို့၌ (ရွှေစက်တော် ဂေါပကအဖွဲ့ ရွေးချယ်ရေးသို့ စောင့်ကြည့် ရေးအဖွဲ့) ကော်မတီဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်ပေး သော ဂေါပကအဖွဲ့ ပေါ်ပေါက်လာအောင် တောင်းဆိုသွား
မည်ဖြစ်ကြောင်း ဒေသခံ ဦးတင်ရွှေ က မြေလတ်မီဒီယာ သို့ ပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment