Pages
▼
Sunday, September 16, 2012
ပန်းရဲ့လမ်း မကွေးရှင်းတမ်း
`ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် အလှူခံပေးသော
(လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ ဂယက် တွေ့ဆုံမှုရှင်းတမ်း´
စက်တင်ဘာ(၇)။ မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့် ဒုက္ခသည်များအတွက် (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်နှင့်အဖွဲ့ ရံပုံငွေဖျော်ဖြေပွဲ ရောက်ရှိကြောင်းသတင်းရရှိပါသည်။
` ကျွန်တော်တို့အဖွဲ့ (၅-၉-၂၀၁၂)နေ့က ချောက်မြို့ကိုရောက်ပါတယ်။ ချောက်မြို့မှာ သုံးနေရာလောက် သီဆိုဖျော်ဖြေနေစဉ် သက်ဆိုင်ရာအဖွဲ့တွေက လာပြီးတားမြစ်ပါတယ်။ ဒါပေမယ့် ချောက်မြို့က လူငယ်အဖွဲ့က ဆက်လုပ်မယ်ပြောတော့ လက်မှတ်ထိုးပေးခိုင်းပါတယ်။ နောက် ဆက်ပြီး လုပ်ခဲ့ကြပါတယ်။ ချောက်မြို့မှာ သိန်း(၂၀) ခန့်ရပါတယ်။ (၆-၉-၂၀၁၂) နေ့မှာ ရေနံချောင်းမြို့ကို ကျွန်တော်တို့ရောက်ပါတယ်။ သက်ဆိုင်ရာက လာရောက် တားဆီးကြပြန် ပါတယ်။ ဒါပေမယ့် ဆက်ပြီး သီဆိုဖျော်ဖြေပြီး အလှူခံကြပါတယ်။ ရေနံချောင်းမြို့မှာ သိန်း(၂၅)ခန့်ရ ပါတယ်။ ယခု ဆရာတို့ မကွေးမှာကတော့ ယခု သီဆိုဖျော်ဖြေနေတဲ့ အထိ ဘယ်သူမှ လာရောက်တားဆီးခြင်း မရှိပါဘူး။ ကူညီဆောင်ရွက်ပေး ကြတဲ့ လူငယ်အားကလည်း တော်တော်အားရစရာကောင်းပါတယ်ခင်ဗျာ..။´ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန်ယက်)အဖွဲ့ဝင် ဦးနေမျိုးမှ ပြောကြားပါသည်။
၎င်းအဖွဲ့ နေ့လည်အချိန် မကွေးမြို့ ကုန်သည်ကြီးများအသင်း၏ရှေ့တွင် သီဆိုဖျော်ဖြေနေစဉ်၊ ၎င်းအဖွဲ့မှ တာဝန်ရှိသူများအား သက်ဆိုင်ရာမှ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လာရောက်တွေ့ဆုံရန်ခေါ်ဆိုကြောင်း သတင်းရရှိ ပါသည်။ ယင်း သတင်းကိစ္စအား ဒီဗွီဘီသတင်းဌာနမှ ဖော်ပြထုတ်လွှင့်ထားပြီးဖြစ်ပါသည်။ မကွေးခရိုင်အတွင်းမှ ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံ၍ ရရှိထားသော အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးမှ အပ်နှံရန် တောင်းဆိုကြောင်း စသည်များကို သတင်းဖော်ပြထား၍ ၎င်းသတင်းများ အများပြည်သူများထံသို့ ပျံ့နှံ့သွားကြောင်း သတင်းရရှိပါသည်။
RFA သတင်းဌာနမှာ အထက်ပါပွဲပြီးသွားသော်လည်း ယင်းပွဲအား ဦးဆောင်၍ အကူအညီပေးခဲ့ကြသော မကွေးမြို့ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်း ဦးမောင်မောင်စိုးထံသို့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များမှ လာရောက်၍ စစ်ဆေးမှုများရှိနေကြောင်း သတင်းဖော်ပြထား၍ သိရှိရပါသည်။
၁၀-၉-၂၀၁၂ နေ့တွင် ယင်းဖျော်ဖြေရေးအလှူခံအဖွဲ့အား ကူညီပေးသူ ဦးမောင်မောင်စိုး ကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး မှ တရားလိုပြုလုပ်ပြီး မကွေးမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုကြောင်း သတင်းရရှိပါသည်။ ယင်း အမှုအား မကွေးမြို့နယ်တရားသူကြီးရုံးသို့ သွားရောက်စုံစမ်းခဲ့ပါသည်။ မြို့နယ်တရားရုံး၏ တာဝန်ရှိသူ တစ်ဦးမှ တရားစွဲဆိုခြင်းဟုတ်မှန်ပါကြောင်း၊ ၎င်း အမှုအား ၂၀၁၂၊ စက်တင်ဘာ(၁၇)ရက်နေ့တွင် ပြန်လည်ရုံးချိန်းလိုက်ကြောင်း ပြောဆိုပါသည်။
ထို့ကြောင့် ဤ (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို့၏ တွေ့ဆုံမှုမှာ ပါဝင်ခဲ့သော တာဝန်ရှိသူတစ်ဦးထံသို့ သွားရောက်မေးမြန်း၍ သတင်းရယူခဲ့ပါသည်။ ထို တာဝန်ရှိသူမှ ပြောဆိုသောစကားများအား ကောက်နုတ်ဖော်ပြလိုက်ပါသည်။
`ဟုတ်ကဲ့ မေးပါ။ ဒါပေမယ့် ဒီကိစ္စကို ကျွန်တော်က သတင်းသမားများအား ခေါ်ပြီး ပြန်လည်ရှင်းလင်းခိုင်းတယ် ထင်မှာစိုးလို့ ကျွန်တော့်နာမည်ကိုတော့ မဖော်ပြဖို့တောင်းပန်ပါတယ်ခင်ဗျာ..။
မေး ။ ။ `ယခု အပြင်မှာကြားနေရတဲ့သတင်းက ဦးရဲလွင်တို့အဖွဲ့ဆီကို မကွေးခရိုင်အတွင်းက ချောက်မြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့များမှ အလှူခံလို့ ရရှိထားတဲ့ အလှူခံငွေများအား မကွေးခရိုင်အုပ်ချုပ်ရေးမှူးက အပ်နှံရမယ်လို့ တောင်းဆိုကြောင်းကြားသိရပါတယ်။ အဲဒါကို ရှင်းပြပေးစေလိုပါတယ်။´
ဖြေ။ ။ ``အဲဒီလို တောင်းဆိုတာ မဟုတ်ပါဘူး။ သူတို့ဆီက ဦးသားထွေး နဲ့အဖွဲ့ကို ကျွန်တော်တို့ရုံးဧည့်ခန်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးတို့အဖွဲ့ဝင်များနဲ့ တွေ့ဆုံညှိနှိုင်းကြပါတယ်။ မကွေးခရိုင်အတွင်းမှာ အလှူခံလို့ ရရှိတဲ့ ငွေတွေကို ဦးရဲလွင်တို့ဘက်ကတစ်ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ဦးစီးမှူးတစ်ဦးတို့ နှစ်ယောက်ပေါင်းပြီး မြန့်မာ့စီးပွားရေးဘဏ်မှာ အကောင့်ဖွင့်မယ်၊ ငွေသွင်းမယ်။ ဘဏ်က ဘင်းဒြပ် လက်မှတ်ကိုယူသွားပါ။ ဧရာဝတီတိုင်းဒေသကြီး ခင်ဗျားတို့အဖွဲ့ သွားလှူတဲ့အခါမှာ ငွေထုတ်ပြီးကြိုက်သလိုလှူပေးပါ။ ဒါမှ မကွေးခရိုင်က ဘယ်၍ ဘယ်မျှလှူဒါန်းကြောင်း ပေါ်လွင်သွား မယ်။ ဒါကို သဘောတူရင် ဒီမှာတင် မီဒီယာသတင်းထောက်တွေကိုခေါ်ပြီး အခန်းအနားလုပ်ပြီး သူတို့အဖွဲ့ကို အပ်လိုက်ပါ့မယ်လို့ ကျွန်တော်ကပြောပါတယ်။ သူတို့ငွေတွေကို စာရင်းစစ်နေတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့ အလှူခံလို့ရတဲ့ငွေတွေကို ကျွန်တော်တို့ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ (ဒီလိုဆိုရင် ကောင်းပါတယ်၊ ကောင်းတဲ့ကိစ္စဘဲ။ ဒါပေမယ့် ဦးရဲလွင်ကို တိုင်ပင်ပြီး နာရီဝက်ကြာရင် ကျွန်တော်တို့အကြောင်းပြန်ပါ့မယ်..)လို့ ဦးသားထွေး ဆိုသူက ပြောဆိုပြီး ပြန်သွားကြပါတယ်။ ဒါနဲ့ ကျွန်တော်တို့တစ်ဖွဲ့လုံးက သူတို့ကို ရုံးကနေစောင့်နေပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ကိုလည်း ညနေ(၅)နာရီအထိ စောင့်ပေးဖို့ ကြိုတင်ပြောထားပါတယ်။ ဦးသားထွေးတို့ ပြန်သွားလို့ နာရီဝက်လည်း မလာ။ တစ်နာရီကြာလည်း မလာလို့ နောက်က စခန်းမှူးတစ်ယောက်ထည့်ပြီးလိုက်ခိုင်းရပါတယ်။ သူတို့ကိုမေးပါ။ ကျွန်တော်တို့ပြောတဲ့အစီအစဉ်ကို လုပ်မယ်၊ မလုပ်ဘူး ဆိုတာ အကြောင်းပြန်ပေးပါ။ မလုပ်ဘူးဆိုရင်လည်း ငွေစုစုပေါင်း ဘယ်လောက် ရတယ်ဆိုတာကိုသာပြောပါလို့ မှာလိုက်ပါတယ်။ ဒါပေမယ့် သူတို့ကဘာမှ အကြောင်းမပြန်ဘူး။ ဒါနဲ့ ဒု ဦးစီးမှူးတစ်ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးခေါ်ပြီး သူတို့ပွဲကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့အဖွဲ့က ခွင့်မပြုလို့ ပိတ်လည်း နောက်သုံးနေရာကျန်တာကို ဆက်ပြီးဖျော်ဖြေမယ် လို့ ပြန်ပြောပါတယ်။ ကျန်တဲ့သုံးနေရာတောင် မကပါဘူး။ တိုင်းဒေသကြီးရုံးပေါင်းစုံလမ်း နဲ့ ကမ်းနားလမ်းတစ်လျှောက် ညထိ ဖျော်ဖြေသွားတယ်။ ကျွန်တော်တို့ဆီကို ဘယ်သူ တစ်ဦးတစ်ယောက်ကမ လာရောက်ပြီး အကြောင်းမပြန်ကြပါဘူး။ ကျွန်တော်တို့ တစ်ဖွဲ့လုံးကတော့ သူတို့ကို ရုံးမှာ စောင့်နေကြရတယ်ဗျာ…။ ဒါက ကျွန်တော်တို့ကို မလေးမစားလုပ်သွားတာ ဖြစ်ပါတယ်..။ဒါတင်မဟုတ်သေးဘူး ပြီးတော့ သူတို့က ဦးအောင်စတင်ပြီး အွန်လိုင်းဝက်ဆိုဒ်တွေနဲ့ နိုင်ငံခြား သတင်းဌာနတွေကနေ တစ်ဘက်သတ်သတင်းထုတ်ပြန်ပါတယ်။သူတို့ဘက်က အသံချဲ့စက်ခွင့်ပြုမိန့်မယူတာလည်း အမှန်ပါ။ ဖျော်ဖြေရေးအတွက် ပွဲမိန့်မယူတာလည်း အမှန်ပါဘဲ။ ယခု ကျွန်တော်ပြောတာတွေက အမှန်တွေပါ။ အပိုလုံးဝမပါပါဘူး။ မှတ်တမ်း မှတ်ရာတွေ တက်ရောက်သူ လက်မှတ်တွေ သတင်းဓာတ်ပုံတွေ သက်သေခံများရှိပါတယ်။´´
မေး ။ ။ ယခု ဆရာတို့မြို့နယ်အုပ်ချုပ်ရေးရုံးက (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်တို့အဖွဲ့ကို တရားစွဲတာလား။ ဘယ်သူကို ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲထားပါသလဲသိပါရစေ..။
ဖြေ ။ ။ ဒီအဖွဲ့ကို မြို့ခံက ကူညီပေးတဲ့ ဦးမောင်မောင်စိုးတစ်ယောက်တည်းကိုသာ တရားစွဲထားပါတယ်။ ၂၀၁၂ ခု ဖေဖော်ဝါရီလ(၂၄)ရက်မှာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးထုန်ပြန်တဲ့ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု များအတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများထဲက ဥပဒေပုဒ်မ(၁၈) နဲ့ ဥပဒေပုဒ်မ(၂၁) တို့ဖြစ်တဲ့(အသံချဲ့စက်၊ ပွဲမိန့်အသုံးပြုမှု ဆိုင်ရာ) အမှု(၂)မှု စွဲဆိုထားပါတယ်။ ၁၀-၉-၂၀၁၂ နေ့မှာ မြို့နယ်တရားရုံးမှ အမှုလက်ထားပြီး ၁၇-၉-၂၀၁၂ နေ့မှာ ပြန်လည်ချိန်းဆိုထားပါတယ်။ ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုပါသည်။
ရွှေလမ်းငွေလမ်းဝင်းကြည်
No comments:
Post a Comment