` မြသလွန်စေတီတော်အား ပူဇော်သော မကွေးတိုင်းဒေသကြီး အစိုးရသစ်၏ ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ´



` မြသလွန်စေတီတော်အား ပူဇော်သော မကွေးတိုင်းဒေသကြီး အစိုးရသစ်၏ ပထမအကြိမ် ထမနဲထိုး ပြိုင်ပွဲ´
မကွေး၊ ဖေဖော်ဝါရီလ(၇)ရက်။

၆-၂-၂၀၁၂ ၊ ၁၃၇၃ ခုနှစ် တပို့တွဲလဆန်း(၁၄)ရက် နေ့ ညနေ(၄)နာရီမှာ မကွေးမြို့ မြသလွန်ဘုရားပွဲတော် ကွင်းပြင်တွင် မကွေးတိုင်းဒေသကြီးအစိုးရသစ် ၏ ပထမအကြိမ် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲ ကျင်းပသည်။ မကွေးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာအသင်းအဖွဲ့ပေါင်း (၄၅)သင်းပြိုင်ပွဲဝင်ကြပါသည်။ ယင်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အံ့ဇော်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ အတွင်းရေးမှူးဦးနေ၀င်း နှင့် မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းအေးလွင် တို့ သုံးဦးမှ ဖဲကြိုးဖြတ်၍ အခန်းအနားကို ဖွင့်လှစ်ပေးကြပါသည်။ ဤပွဲကို ထူးထူးခြားခြား နိုင်ငံခြားသား ဧည့်သည်တော်များ အဖွဲ့လိုက် လာရောက် လေ့လာကြည့်ရှု အားပေးကြပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ယူသွားကြပါသည်။

နိုင်ငံခြားသား ဧည့်သည်တော်တစ်ဦးမှ `မင်းတို့ ဒီထမနဲ မှုန့်များကို ကောင်း မကောင်း ဘာ..မီတာနဲ့တိုင်းတာ စစ်ဆေးဆုံးဖြတ် ရွေးချယ်ပေးကြပါလဲ..?။ဟု မေးပါတယ်။ `ကျနော်တို့မှာ မျက်လုံး မီတာ၊ နှာခေါင်း မီတာ၊ ပါးစပ် လျှာ မီတာ များနဲ့ ဒိုင်လူကြီးအဖွဲ့က စစ်ဆေး တိုင်းတာပြီး ရွေးချယ်ပေးကြပါတယ်ခင်ဗျာ..´။ လို့ ပြန်လည် ဖြေကြားပြောဆို ခဲ့ရကြောင်း၊ ထမနဲ များကိုလည်း နိုင်ငံခြားသားဧည့်သည်တော်အဖွဲ့အား စားသုံးကြည့်ကြရန် ကျွေးမွေးခဲ့ပါကြောင်း၊ ဒိုင်ချုပ် ဦးစိန်လင်း မှ ပြောကြား၍ သိရှိရပါသည်။

မြန်မာ့ရိုးရာ အစားအစာ ထမနဲထိုးပြိုင်ပွဲဝင် အသင်း တစ်သင်းလျှင် ကောက်ညင်းဆန်(၄) ပြီ၊ ဆီ၊ ဆား၊ အုန်းသီးဆံ နှင့် နှမ်း၊ ဂျင်း စသည့် ပစ္စည်းအစုံ အား အညီအမျှကို ပြိုင်ပွဲ မစခင် (၂)နာရီအချိန်ကြိုတင်၍ ထုတ်ပေးထားကြောင်း မြင်တွေ့ရ ပါသည်။ ယင်းပစ္စည်းအစုံအား တစ်သင်းလျှင် ငွေကျပ်(၂၀၀၀၀ိ) နှစ်သောင်းကျပ်ဘိုး ပြိုင်ပွဲကျင်းပရေးကော်မတီမှ အကုန်ကျခံ၍ ကျင်းပကြောင်း သိရ၏။ ဒယ်အိုး၊ ထင်း နှင့် ထမနဲထိုးယောင်းမကြီးများ စသည့် လိုအပ်သော ပစ္စည်းများကို ယှဉ်ပြိုင်မည့် အသင်းများမှ တပါတည်းယူလာကြရပါသည်။ ပြိုင်ပွဲဝင် တစ်သင်းလျှင် ထမနဲထိုးရန်လူ (၇)ဦးစီဖြင့် ယှဉ်ပြိုင်ကြပါသည်။ ညနေ(၄)နာရီအချိန်တွင် ဒိုင်လူကြီးအဖွဲ့မှ ခရာမှုတ်၍ စတင်ပါသည်။ ဒိုင်ချုပ်ဦးစိန်လင်း (တိုင်းဒေသကြီးမန်နေဂျာ/၀ါချည်ထည်လုပ်ငန်း) နှင့်အတူ ဒိုင်အဖွဲ့ စုစုပေါင်း(၁၅)ဦး၊ ထမနဲထိုးနေကြသော ဒယ်အိုးများတွင်လည်း အနီးကပ်ကြီးကြပ်ဒိုင် အဖွဲ့တစ်ဖွဲ့ချင်းအား တစ်ယောက်နှုန်း ဖြင့် (၄၅)ဦး နေရာချထားကြောင်း မြင်တွေ့ရပါသည်။ ပြိုင်ပွဲအချိန်အား (၄၅) မိနစ်သတ်မှတ်ထားပါသည်။ ထမနဲထိုးသော အချိန်အား စောစောပြီးရန် အမြန်ပြိုင်ပွဲကျင်းပခြင်း၊ မဟုတ်ဟုသိရပါသည်။ သို့သော် နောက်ကျမှပြီးသောအဖွဲ့များကို မိနစ်အလိုက် အမှတ်များကို လျှော့ပေးပါသည်။ ပြိုင်ပွဲအား ဒိုင်အဖွဲ့မှ စတင်ချိန်မှစ၍ မိနစ်(၂၅)၊ မိနစ်(၃၅)၊ မိနစ် (၄၀)၊ မိနစ်(၄၅) အချိန်များအား ကြေငြာပေးကြပါသည်။ ပြိုင်ပွဲ(၄၅)သင်းမှ လာရောက်အပ်နှံကြသော ထမနဲ ပွဲများမှာ တစ်သင်းလျှင် ဘုရားဆွမ်းတော်ကပ်ရန်ပွဲ(၁)ပွဲ၊ ယှဉ်ပြိုင်ပွဲ(၁)ပွဲ၊ ဧည့်သည်များအတွက်(၁)ပွဲ စုစုပေါင်း(၃) ပွဲ အပ်နှံကြရပါ၏။ ပြိုင်ပွဲဝင် ကြွေပုဂံပြားများ၏ အောက်ဘက် ဖင်တွင် ကုတ်နံပါတ်များဖြင့် မှတ်သားထားခြင်းကို မြင်တွေ့ရပါသည်။ ပြိုင်ပွဲဝင်(၄၅) ပုဂံများထဲမှ ဒိုင်(၁၅)ဦးက မြည်းစားပြီး ဒိုင်တစ်ဦးလျှင် စိတ်ကြိတ်(၁)ပွဲစီနှုန်းဖြင့် သတ်မှတ်ပေးထားသော အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအတိုင်း ရွေးချယ်ပေးကြသည်ကို မြင်တွေ့ရပါသည်။ ဒိုင်(၁၅) ဦးမှ ရွေးချယ်ထားသော (၁၅)ပွဲကို ဒိုင်များမှ ထပ်မံ၍ ထမနဲ၏အရသာကိုလည်း မြည်းစားပြီး ရရှိထားသော အမှတ်စာရင်းများကို ပြန်လည်စစ်ဆေးကြပါသည်။ သတ်မှတ်ပေးထားသော အမှတ်ပေးစည်းကမ်းချက်များမှ ရမှတ်များ၊ ထမနဲ၏ အရောင်အဆင်း၊ အနံ့ အရသာတို့အား ထပ်မံစစ်ဆေးကြပြီး ဇကာတင်အဖြစ် (၅)ပွဲအား ထပ်မံ၍ စီစစ်ပြီး ရွေးချယ်ကြပါသည်။ ယင်းဇကာတင် ရွေးချယ်ထားသောပြိုင်ပွဲဝင် ထမနဲ (၅)ပွဲမှ ဒိုင်ချုပ် နှင့် ပူးတွဲအကူဒိုင် (၂)ဦးတို့မှ ပ၊ ဒု၊ တ (၃)ပွဲကို ဖိုင်နယ်အဖြစ်ရွေးချယ် ဆုံးဖြတ်ပေးခြင်းအား မြင်တွေ့ရပါသည်။

ပထမဆုအား မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေး အမျိုးသမီးရေးရာအသင်း မှ ဆုငွေကျပ်(၅၀၀၀၀ိ)ငါးသောင်း ဆွတ်ခူးရရှိပါသည်။ ဒုတိယဆုအား မကွေးတိုင်းဒေသကြီး ပညာရေးဌာနအသင်း မှ ဆုငွေကျပ်(၄၀၀၀၀ိ) လေးသောင်း ရရှိပါသည်။ တတိယဆုအား မကွေးတိုင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အသင်း မှ ဆုငွေကျပ်(၃၀၀၀၀ိ) သုံးသောင်း ဆွတ်ခူးကြပါသည်။ ကျန်သော ပြိုင်ပွဲဝင်အသင်း(၄၂) သင်းအား နှစ်သိမ့်ဆုအဖြစ် တစ်သင်းလျှင်(၁၀၀၀၀ိ) တစ်သောင်းကျပ်နှုန်းဖြင့် ချီမြှင့်ပေးကြောင်းမြင်တွေ့ရပါသည်။ ယင်းပြိုင်ပွဲဝင်အသင်း(၄၅)သင်းတို့မှ ထမနဲဆွမ်းတော်ပွဲများ (၄၅) ပွဲအား (၁၃၇၃ ခု တပို့တွဲလပြည့်နေ့) နံနက်(၅)နာရီအချိန်တွင် အာရုံဆွမ်းတော်ပွဲများအဖြစ် မကွေးမြို့ မြသလွန်စေတီတော် ဘုရားကြီးအား ဆက်ကပ်ပူဇော် လှူဒါန်းကန်တော့ကြကြောင်း သိရှိရပါသည်။
 

0 comments: