`မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊

`မကွေးမြို့တွင် လျှပ်စစ်မီးများ အချိန်ပြည့်မရတော့ပါ၊ နံနက်(၅နာရီ မှ ညနေ(၅)နာရီအထိ (၃)နာရီခြား၍ ABC (၃)အုပ်စုခွဲ၍ အလှည့်ကျ မီးဖြတ်မည် ဟု သိရ´ ဇန်န၀ါရီလဆန်းမှ စ၍ မကွေးမြို့တွင် လျှပ်စစ်မီးများ မကြာခဏ ဖြတ်တောက်မှုများရှိလာကြောင်း ကြားသိရသည်။ ဤ သို့ဖြစ်၍ မြန်မာပို့စ် က ဇန်န၀ါရီ(၂၅)ရက်နေ့တွင် မကွေးမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာန (မီးပြတ်လျှင်တိုင်ကြားရာဌာန) သို့သွားရောက်သို့ မေးမြန်းခဲ့ရာ.. ``ဇန်န၀ါရီ(၂၄)ရက်နေ့ကစပြီး မကွေးမြို့မှာ အလှည့်ကျ (၃)နာရီတစ်ကြိမ် တစ်အုပ်စုဖြတ်ပါ့မယ်၊ အုပ်စုသုံးစု ခွဲပြီးဖြတ်ပါတယ်။ A,B,C အုပ်စုဘဲဆိုပါတော့၊ A အုပ်စု နံက်(၅)နာရီမှ နံနက်(၈)နာရီအထိ တစ်ကြိမ်။ B အုပ်စု နံနက်(၈)နာရီက နေ့လည်(၁၁)နာရီထိ တစ်ကြိမ်။ C အုပ်စု နေ့လည်(၁၁)နာရီက နေ့လည်(၂)နာရီထိ တစ်ကြိမ် (၃)ကြိမ် ဖြတ်ပါ့မယ်။ နေ့လည်(၂နာရီ) မှ ညနေ ၅နာရီထိကို ယနေ့A အုပ်စုက ထပ်မံဖြတ်ခံရမည်။ နောက်နေ့တွင် B C A B အုပ်စုကပြန်လှည့်ပေးပါ့မယ်၊ နေ့စဉ်အလှည့်ကျပေါ့၊ ဒါကြောင့် နံနက်(၅)နာရီမှာ စတဲ့အုပ်စုတိုင်း တစ်နေ့ကို နှစ်ခါမီးဖြတ်ခံရပါမယ်၊ နံနက်ပိုင်း(၅နာရီက ၈ နာရီ)ဖြတ်ခံရတဲ့ အုပ်စုကတော့ နေ့လည်(၂ နာရီက ၅ နာရီ)မှာ ထပ်ပြီးအဖြတ်ခံရပါ့မယ်။ ယခု အလှည့်ကျဖြတ်တဲ့ အထဲမှာ တက္ကသိုလ်တွေလည်းပါ ပါတယ်။ မနေ့က ဆေးတက္ကသိုလ်ကိုလဲ မီးဖြတ်ပါတယ်။ လျှပ်စစ်ခွဲရုံ ၀န်ထမ်းအိမ်ယာ လိုင်းလဲ မီးဖြတ်တဲ့အထဲမှာ ပါပါတယ်။ ယခု မီးဖြတ်တာက (ဖီတာလိုက်= (၁၁၀၀၀)ကေဗွီ မိန်းလိုင်းမကြီး တွေအလိုက် အလှည့်ကျ ပိတ်ပေးရတာပါ။ ဆေးရုံတို့ ရုံးပေါင်းစုံတို့ပါတဲ့လိုင်းတွေကျတော့ မိန်းလိုင်းကြီးကပိတ်မရတော့ ကျန်တဲ့လိုင်းနေရာတွေကို `ဒရန်စဖော်မာ´တွေကနေ လိုက်ပြီး ပိတ်ပေးရပါတယ်။´´ ``ညနေ(၅)နာရီက ည(၁၁)နာရီအချိန်အထိ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းတွေကို မီးဖြတ်ပါတယ်။ ည(၁၁)နာရီကနေ နံနက်(၅)နာရီအထိကိုတော့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံကြီးတွေကို မီးဖြတ်ပါ့တယ်။ ဘယ်လောက်ကြာအောင် ယခုလို ဖြတ်မယ်ဆိုတာတော့ မသိသေးပါဘူးခင်ဗျာ..။ ယခုမီးဖြတ်တာကို အများပြည်သူသိအောင် မကြေငြာနိုင်သေးပါဘူး။ လျှပ်စစ်ဖြန့်ဖြူးရေးဌာနတွင်း အဆင့်ဆင့်ကိုသာ တင်ပြနေဆဲဖြစ်ပါတယ်။´´ ဟု မကွေးမြို့နယ် လျှပ်စစ်ဖြန့်ဖြူးရေးဌာန (မီးပြတ်လျှင်တိုင်ကြားရာဌာန) မှ SAE ဦးဗိုဗို က ပြောသည်။
 

`ဆိပ်ဖြူမြို့မှာ မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က တင်ပြနေတဲ့ကြားမှ မီးလောင်ပြန်ပြီ..ဟုဆို´

ဆိပ်ဖြူမြို့သည် မီး(၃)ကြိမ် အကြီးအကျယ်လောင်ကျွမ်းခဲ့၍ ယနေ့အထိနလန်မထူနိုင်ဘဲဖြစ်နေရကြောင်း၊ (၉-၄-၁၉၉၂)တွင် လောင်ကျွမ်းခဲ့သောမီးမှာ လောင်စာဆီကြောင့်ဖြစ်ကြောင်း၊ ထို့မီးဘေးအန္တရာယ်တားဆီးရေးအတွက် တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူပေးပါရန် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နှင့် တတိယပုံမှန်အစည်းအဝေး တို့တွင် ထပ်ခါ ထပ်ခါ တင်ပြခဲ့ပါကြောင်း၊ သို့သော် တရားမ၀င်လောင်စာဆီ ရောင်းဝယ်ဖောက်ကားမှု မရှိရေးအတွက် ဆောင်ရွက်ချမှတ်ပေးထားသော အစီအမံများမှာ လက်တွေ့တွင် အသက်ဝင်မှု အလွန်အားနည်းမှုများရှိနေကြောင်း၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်မှု နှင့် တရားဥပဒေစိုးမိုးမှု တို့၏ အားနည်းချက်များကြောင့် ဥပဒေကို လေးစားလိုက်နာခြင်း မရှိကြဘဲ တရားမ၀င်လောင်စာဆီရောင်းဝယ်သူများက မြို့တွင်းမှာ ပန်းပန်လျှက်ရှိနေကြပြီး ပြည်သူများကတော့ နေ့စဉ်နှင့်အမျှ ရင်တမမဖြစ်နေကြရပါသည်၊ ဆိုသောကိစ္စများကို အသေးစိတ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများမှာ (၂)ကြိမ်တင်ပြ မေးမြန်းခဲ့ကြောင်း၊(ဟော ပြောနေ တဲ့ကြားက ယခု ဇန်န၀ါရီ ၂၁ ရက်နေ့က စက်သုံးဆီအရောင်းဆိုင်ကဘဲ မီးလောင်ပြန်ပါပြီ..) ဟု မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက မြန်မာပို့စ် သို့ပြောသည်။ ဖြစ်စဉ်မှာ ၂၀၁၃ ဇန်န၀ါရီ(၂၁)ရက် နေ့(၁၂း၃၅) အချိန်တွင် ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ပတ္တမြားဈေးအနောက်ဘက် ဆိုင်တန်း ဒေါ်ဦးဦးမာ အသက်(၃၇) နှစ်၏ စက်သုံးဆီနှင့် ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှ စတင်လောင်ကျွမ်းသည်ဆိုသည်။ မီးလောင်ရခြင်းမှာ ပလပ်စတစ်ဗူးထဲမှ ရေသန့်ဗူးထဲသို့ ဓာတ်ဆီလှယ်ရာတွင် အပူချိန်လွန်ကဲ၍ မီးထတောက် လောင်ကျွမ်းသည်ဆို၏။ ၁၀ပေ ပတ်လည်တိုက် ဆိုင်ခန်း(၃)ခန်း မီးကူးစက်လောင်ကျွမ်း၍ ကာလတန်ဘိုး(၆.၂)သိန်း ဆုံးရှုံးကြောင်း၊ လူအသေအပျောက် နှင့်ထိခိုက်မှုမရှိကြောင်း၊ သက်ဆိုင်ရာမီးသတ်ဌာနမှ ထုတ်ပြန်သည်။ ၎င်း မီးလောင်ရာသို့ ဆိပ်ဖြူမြို့မီးသတ်ကား(၁)စီး၊ မီးသတ်အင်အား(၃၅)ယောက်၊ ချောက်မြို့မှ မီးသတ်ကား(၄)စီး၊ မီးသတ်အင်အား(၃၀) ယောက်တို့နှင့် ရပ်ကွက်သူ ရပ်ကွက်သားများ ၀ိုင်းဝန်၍ မီးငြိမ်းသတ်ခဲ့ကြရာ နေ့လည်(၁း၁၅)အချိန်တွင် မီးလုံးဝငြိမ်းသွားသည်။ ဤ မီးလောင်မှုကို ဆိပ်ဖြူမြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၃ ပုဒ်မ ၂၈၅ ဖြင့် ဆိုင်ခန်းရှင် ဒေါ်ဦးဦးမာ အသက်(၃၇) အဘ(ဦးစိန်အောင်) နိုင်ငံသားအမှတ် ၈/ခမန(နိုင်) ၀၃၈၆၀၉ ကို အရေးယူဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးးက မြန်မာပို့စ် သို့ပြောသည်။
 

`မကွေးမြို့နယ် စာရေးဆရာအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ဆုများ ပေးအပ်´

ဇန်န၀ါရီ(၂၂) နေ့ နေ့လည်(၁း၃၀)နာရီအချိန်တွင် မကွေးမြို့ အထက(၁) ပန်းဟေ၀န်ခန်းမ၌ မကွေးမြို့နယ် စာရေးဆရာအသင်းမှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အထက်တန်း အလယ်တန်းကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မကွေးမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှုးကျင်းပခဲ့ကြောင်းသိရသည်။(ဆရာသိန်းဖေမြင့်၏ ကျောင်းသားလူငယ်ပြဿနာ များ) စာအုပ်အား ဖတ်စေ၍ မေးခွန်းထုတ်ပြီး ဖြေဆိုရကြောင်းသိရသည်။ ၎င်း ဖြေဆိုကြသော ပြိုင်ပွဲအဆင့် စာမူများအား ပထမ၊ ဒုတိယ၊ တတိယ နှင့် အထူးဆုများ ရွေးချယ်၍ ချီးမြှင့်ပေးကြောင်းသိရသည်။ ပထမ ဆုရသူ မမြတ်နိုးမေကဗျာ အား ဆုတော်ငွေလေးသောင်းကျပ်ဖြင့် ဒေါက်တာကျော်ဇေယျ( ဒီဝေလျှံ ကျူရှင်ဘော်ဒါ) ၏ ကိုယ်စား မကွေးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ မကွေးဝင်းမြင့်က ဆုချီးမြှင့်သည်။ ဒုတိယဆုရသူ မမေသက်မွန် အား ဆုတော်ငွေ သုံးသောင်းကျပ်ဖြင့် ဆရာဦးဇော်သူဝင်း (ဆုထူးပိုင်ကျူရှင်ဘော်ဒါ) မှ ဆုချီးမြှင့်သည်။ တတိယဆုရသူ မခင်ချောစု အား ဆုတော်ငွေ နှစ်သောင်းကျပ်ဖြင့် ဒေါ်နီလာ မှ ဆုချီးမြှင့်သည်။ အထူးဆုရရှိသူများကို အလှူရှင်များကိုယ်တိုင်မှ ဆုတော်ငွေ တစ်သောင်းကျပ်ဖြင့် အသီးသီးဆုချီးမြှင့်ကြောင်း သိရသည်။ မကွေးမြို့တွင် ဤစာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရေးအတွက် မကွေးမြို့နယ် စာရေးဆရာအသင်း နှင့် ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနတို့မှ စီမံချက်ဖြင့် အစည်းအဝေးဆုံးဖြတ်ချက်များအတိုင်း ကျင်းပ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ၊ မကွေးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူး မှ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မကွေးမြို့တွင်း၌ အလှူခံရရှိထားသော ငွေစာရင်းအား ရှင်းလင်းဖော်ပြခြင်း မရှိခဲ့ကြောင်း၊ မကွေးခရိုင်ပြန်/ဆက်ရုံး၌ ပထမ တစ်ကြိမ်တည်းသာ အစည်းဝေးခေါ်ပြီး ကော်မတီဖွဲ့ထားခဲ့သော်လည်း ယခု အခမ်းအနား ကျင်းပသည့်အထိ လုံးဝအစည်းအဝေးမခေါ်ကြောင်း၊ ဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။ ထို အခမ်းအနား တွင်လည်း အခမ်းးအနားနှင့် မသက်ဆိုင်သော စကားများကို ၎င်းအတွင်းရေးမှူးမှ ပြောဆို၍ `ကျွန်တော်သည် အတွင်းရေးမှူးတာဝန်မှ နှစ်ကုန်(ဧပြီ)လထဲမှာ နုတ်ထွက်သွားမည်´ဟု မကွေးမြို့နယ် စာရေးဆရာအသင်း အတွင်းရေးမှူးမှ ပြောကြားသွားကြောင်း သတင်းရရှိသည်။
 

`မကွေးမြို့နယ် NLD ပါတီညီလာခံကို ဒီမိုကရေစီ နည်းစနစ်ကျကျဖြင့် ကျင်းပပြီး´

ဇန္န၀ါရီ(၂၀)ရက် နံနက် (၁၀း၃၀)နာရီမှ ညနေ(၆)နာရီအထိ မကွေးမြို့ ဈေးလယ်စိုးရပ်ကွက် မဲထီလမ်း အောင်ဓမ္မာရုံ တွင် မကွေးမြို့နယ် NLD ပါတီညီလာခံ ကျင်းပကြောင်း သတင်းရရှိသည်။ ၎င်း မကွေးမြို့နယ် NLD ပါတီညီလာခံရွေးချယ်ရေးကို မြို့သစ်မြို့နယ် NLD ပါတီညီလာခံရွေးချယ်ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့မှကြီးကြပ်ကျင်းပကြောင်းသိရသည်။ညီလာခံကျင်းပရေးအတွက် သဘာပတိ အဖြစ် မကွေးမြို့နယ်မှ အဆိုပြုတင်မြှောက်ရာ သုံးဦးဖြစ်နေ၏။ ထို့ကြောင့် မကွေးမြို့နယ်မှ ရွေးချယ်ချင်းမပြုနိုင်၍ မြို့သစ်မြို့နယ် NLD ပါတီရွေးချယ်ရေးကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အေး မှ သဘာပတိ အဖြစ် ဦးဆောင်ကျင်းပရသည်။ ထို့နောက် မကွေးမြို့နယ် အလုပ်အမှုဆောင်(၁၉)ဦး ရွေးချယ်တင်မြောက် ကြသည်။ အလုပ်အမှုဆောင် အဆိုပြုသူ(၄၉)ဦး ဖြစ်၍ ၎င်းတို့အား တက်ရောက်လာသူ ပါတီညီလာခံ ကိုယ်စားလှယ်(၂၆၆)ဦးတို့က လျှို့ဝှက်မဲပေးစနစ်ဖြင့်၊ဒီမိုကရေစီ နည်းစနစ်ကျကျရွေးချယ်တင်မြှောက်ကြသည်ကို မြင်တွေ့ရသည်။ အလုပ်အမှုဆောင်(၁၉)ဦးမှာ (၁) ဥက္ကဋ္ဌ ဦးစိုးမိုး၊ (၂) ဒုဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း၊ (၃) အတွင်းရေးမှူး ဦးရဲတင့်၊ (၄) တွဲဘက်အတွင်းရေးမှူး ဦးမောင်မောင်စိုး၊ (၅) ပြန်ကြားရေးမှူး ဦးမြင့်ဦး၊ (၆)ဒေါ်ခင်ချိုလတ်၊ (၇)ဒေါ်ခင်မာဝင်း (၈)ဦးဇော်ဇော်ဟိန်း၊ (၉)ဒေါက်တာတင်ကိုဝင်း၊ (၁၀)ဦးတင့်လွင်၊ (၁၁) ဦးနေ၀င်းစိုး၊ (၁၂)ဒေါ်ပြုံးပြုံးကြည်၊ (၁၃)ဦးဖုန်းမော်၊ (၁၄)ဦးမြမောင်း၊ (၁၅)ဦးရန်အောင်ထွန်း(ခ)ရန်ရှောင်း၊ (၁၆)ဒေါ်လှလှရီ၊ (၁၇)ဦးဝင်းထွန်း၊ (၁၈) ဦးဝင်းနိုင်၊ (၁၉)ဦးစိုးသူဝင်း တို့ကို ရွေးချယ်ခံရကြောင်း သိရသည်။ ထို့နောက် မကွေးမြို့နယ်NLD ပါတီ သဘာပတိအဖွဲ့အဖြစ်(၅)ဦးကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ ဦးအောင်စိုး၊ ဦးတင်စိုးဝင်း၊ ဦးရွှေတောင်၊ဒေါ်ခင်မြ၀င်း တို့ကို တင်မြှောက်ကြသည်။ ထို့နောက် ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးစိုးမိုး၊ ဦးမောင်မောင်စိုး၊ ဒေါ်ခင်စန္ဒာဝင်း တို့(၃)ဦးအား မဲစနစ်ဖြင့် ရွေးချယ်ကြသည်။ ထို့နောက် ခရိုင်ညီလာခံ ကိုယ်စားလှယ်(၁၅)ဦးအား ရွေးချယ်ရာတွင် မဲခွဲ၍ မရွေးချယ်ကြဘဲ ကိုယ်စားလှယ်များအဖွဲ့လိုက် ညှိနှိုင်းစာရင်းပေး ရွေးချယ်ကြောင်းသိရသည်။ ၎င်းခရိုင်ညီလာခံကိုယ်စားလှယ်များသည် (၁)ဦးရဲတင့်၊ (၂) ဦးတင့်လွင်၊ (၃)ဦးဖုန်းမော်၊ (၄)ဦးမြင့်ဦး၊ (၅)ဦးနေ၀င်းစိုး၊ (၆)ဦးဝင်းနိုင်၊ (၇)ဦးဇော်ဇော်ဟိန်း၊ (၈)ဦးကျော်ဌေး၊ (၉)ဦးစိုးသူဝင်း၊ (၁၀)ဦးမြင့်အောင်စိုး၊ (၁၁)ဦးဝင်းလွင်ညို၊ (၁၂)ဦးလွင်အေး၊ (၁၃) ဦးရန်အောင်ထွန်း(ခ)ရန်ရှောင်း၊ (၁၄)ဦးမြမောင်း၊ (၁၅)ဦးတင်ကိုကို တို့ (၁၅)ဦးစာရင်းအား ညနေ(၆)နာရီ တွင် ခရိုင်ညီလာခံကိုယ်စားလှယ်များအဖြစ် အမည်စာရင်းကြေငြာ၍ မကွေးမြို့နယ် NLD ပါတီညီလာခံရွေးချယ်ပွဲကို အောင်မြင်စွာ ကျင်းပကြောင်း သတင်းရရှိသည်။
 

`ဆိပ်ဖြူမြို့နယ် က.ပ.စ(၂၂) စက်ရုံတွင် ၈တန်းကျောင်းသူကို တပ်ကြပ်တစ်ဦး က မုဒိန်းကျင့်၍ သေဆုံးသွားပြီ ဟုသိရ´

ဆိပ်ဖြူမြို့၏ အနောက်ဘက် (၂၆)မိုင်ခန့်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စစ်တပ် က.ပ.စ(၂၂)စက်ရုံအတွင်း ရွှေဘိုကျွန်းကျေးရွာ၏ အနောက်ဘက်တွင် ဒီဇင်ဘာ(၁၃)ရက်၊ ညနေ(၅)နာရီအချိန်ခန့်မှာ တပ်ကြပ်တစ်ဦး မှ အသက်(၁၄)နှစ်ရှိ (၈)တန်း ကျောင်းသူတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ပြီး ရိုက်နက်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက်နေ့ညနေ(၅)နာရီတွင် က.ပ.စ(၂၂) အတွင်းရှိ အလယ်တန်းကျောင်းနှင့် သူမနေထိုင်သော တဲမှ (၂)ဖာလုံခန့်ဝေးသည့် ရေကန်သို့တစ်ဦး တည်း ရေခပ်သွားသော (၈)တန်းကျောင်းသူ မနှင်းနှင်း-(နာမည်လွှဲ) (အသက်-၁၄) အား ရေခပ်လမ်း၌ က.ပ.စ(၂၂)မှ တပ်ကြပ်ဆိုသူ ဝေလင်းဦးက တုတ်ဖြင့်ရိုက်နက်၍ ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံရကြောင်း၊ ပြင်းထန်းသောဒဏ်ရာများရရှိလာသည်ဟု ဆို၏။ ရေခပ်သွားသော မနှင်းနှင်းသည် (၁)နာရီခန့် ကြာသည့်အထိပြန်လည်မရောက်၍ ဖခင်ဦးတင်ရှိန်နှင့် မိခင်ဒေါ်စန်းကြည်တို့မှ လိုက်လံရှာဖွှေခဲ့ရာ တွေ့ရှိခြင်း မရှိဟု ဆိုကြ၏။ ၎င်းနေ့ ည(၆)နာရီခန့်တွင် မနှင်းနှင်း မှာ မျက်နှာတွင် ဒဏ်ရာများဖြင့် နေအိမ်သို့ပြန်လည်ရောက် ရှိလာ၍ မိဘများမှ မေးမြန်းရာ တပ်ကြပ် ဝေလင်းဦးက ရေခပ်လမ်းမှာ တုတ်ဖြင့်ရိုက်နက် ဆွဲခေါ်သွားပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခံခဲ့ရကြောင်း၊ ရိုက်နက်၍သတ်ဖြတ်ကြောင်း သမီးမနှင်းနှင်း မှ အကြောင်းစုံပြန်ပြောဆို၍ သိလိုက်ကြသည်ဆို၏။ မနှင်းနှင်း၏ ဦးခေါင်းနှင့် နဖူးတွင်(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာများ တစ်ခုစီရရှိထားသည်။ နှပ်ခမ်းနှင့် ၀ဲဘက်တစ်ထောင်တို့တွင်လည်း ဖူးရောင်သည့် ဒဏ်ရာများ ရရှိထား၍ လည်ပင်းတွင်လည်း ပြင်းထန်းသည့် ဒဏ်ရာတစ်ခုစီ ရရှိထားသည်ဟု သိရ၏။ ယင်းကိစ္စအား ဖခင်ဖြစ်သူ ဦးတင်ရှိန်မှာ ဆွေမျိုး သားချင်းများနှင့်တိုင်ပင်နေရ၍ (၁၅-၁၂-၂၀၁၂)နေ့တွင် ဆိပ်ဖြူမြို့မရဲစခန်းသို့ လာရောက်၍ (ပ) ၅၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၇၆/၃၂၅ ဖြင့် အမူဖွင့်တိုင်တန်းခဲ့ရသည်ဟု သိရသည်။ တရားခံ တပ်ကြပ် ဝေလင်းဦးအား ဖမ်းဆီးရမိရေးကို ဆိပ်ဖြူမြို့မရဲစခန်းမှ ဆောင်ရွက်နေကြောင်း ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ ပြင်းထန်စွာဒဏ်ရာရသော မနှင်းနှင်းအား ဆိပ်ဖြူမြို့ဆေးရုံတွင် (အတွင်းလူနာ)အဖြစ်ကုသခဲ့ပြီး ဝေဒနာမှာ စိုးရိမ်ရ၍ ဆိပ်ဖြူဆေးရုံမှ မကွေးတိုင်းဆေးရုံကြီးသို့(၁၆-၁၂-၂၀၁၂)နေ့က ပို့ဆောင်ကုသခဲ့ရာ (၁၉-၁၂-၂၀၁၂) နေ့တွင် သေဆုံးသွားကြောင်း ဆိပ်ဖြူမြို့မှ တယ်လီဖုန်း သတင်းရသည်။ ၂၁-၁၂-၂၀၁၂နေ့တွင် ထိုသတင်းအား အတည်ပြုရန် မကွေးတိုင်းဆေးရုံကြီး၊ အရေးပေါ်ပြင်ပလူနာဌာနသို့ ဖုန်း ဆက်သွယ်ရာ အတည်ပြုချက်မရပါ။ ထို့ကြောင့် (၂၁-၁၂-၂၀၁၂)နေ့ နေ့လည်(၁)နာရီခွဲအချိန်တွင် ဆိပ်ဖြူမြို့နယ် အနောက်ဘက်(၂၆)မိုင်ဝေးသော ရွှေဘို့ကျွန်းကျေးရွာနှင့် က.ပ.စ(၂၂) စက်ရုံဂိတ်သို့ သတင်းယူရန်သွားရောက်ခဲ့၏။ ရွှေဘို့ကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်ထံသို့သွား ရောက်ခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနိုင်လင်းအား မတွေ့၍ ယခင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးငြိမ်းအိမ်သို့ သွားရောက်မေးမြန်းခဲ့ရာ.. `` ဒီမှာက ကောင်မလေးရဲ့သူ့အဘနဲ့ ဦးလေးတော်သူ မောင်ဝမ်းကွဲတော်သူသာရှိပါတယ်။ သူ့အဖေနဲ့ သူ့အမေ၊သူ့အဒေါ်တို့က ကောင်မလေးနဲ့ ဆေးကုဘို့ မကွေးတိုင်းဆေးရုံကိုလိုက်သွားပါတယ်။ သူ့အဘကိုတော့ ခေါ်လို့မရနိုင်ပါဘူး။ ကောင်မလေးရဲ့အဘက က.ပ.စ(၂၂)တပ်ထဲမှာရှိတဲ့ ယာခင်းတဲမှာနေတော့ တပ်ထဲဝင်ပြီးသွားခေါ်ဖို့ မလွယ်ပါဘူး။ သူတို့မိသားစုက ဒီရွှေဘို့ကျွန်းရွာမှာ အိမ်ဝိုင်မြေသာရှိပါတယ်၊ အိမ်မရှိပါဘူးဗျ။ သူတို့ရဲယာခင်းထဲမှာ အေးအေးဆေးဆေးလုပ်ကိုင် စားသောက်ဖို့ ဟိုးအရင်ကထဲက တဲထိုးပြီးနေကြတာပါ။ ယခု က.ပ.စ(၂၂)စက်ရုံ စစ်တပ် မရောက်ခင် ကထဲက သူတို့ယာခင်းထဲမှာ နေလာခဲ့ကြတာပါ။ စစ်တပ်က ယာမြေတွေကိုသိမ်းတော့လည်း သူတို့ယာခင်းထဲမှာဘဲ လူမမြင်ကွယ်ရာ ချောင်ထဲမှာတဲထိုးနေကြရတာပါ။ က.ပ.စ(၂၂) စစ်တပ် က နားလည်မှုနဲ့ထားပေးကြပါတယ်။ ယခု က.ပ.စ ၂၂ စစ်တပ်အတွင်းက အလယ်တန်းကျောင်းနဲ့ သူတို့မိသားစုနေတဲ့ တဲက(၂)ဖာလုံ လောက်သာဝေးတယ်။ ယခု စက်ရုံစစ်ဆေးရေးဂိတ် ကနေ အတွင်းကို (၅)မိုင်လောက်ဝင်မှ အလယ်တန်းကျောင်းကိုရောက်ပါ့မယ်။ ဒီကောင်မလေးက က.ပ.စ(၂၂)တပ်တွင်းက အလယ်တန်းကျောင်းမှာ (၈)တန်းကျောင်းသူအဖြစ်နေ တာပါ။ ညနေကျောင်းဆင်းပြီး ရေခပ်နေတုန်း တပ်ကြပ် ဝေလင်းဦး ကဆွဲခေါ်ပြီး စော်ကားတယ်၊ သေအောင်ရိုက်ပုတ်ထားခဲ့တယ်၊ သေပြီဆိုထားခဲ့ပေမယ့် ကောင်မလေးက သူ့တဲကို ကုန်းရုံးပြီး ထလာခဲ့တယ်လို့ ကောင်မလေးက ပြန်ပြောပြနိုင်တယ်လို့ သိရပါတယ်။ သူ့မိဘတွေက ပြန်လာမှ သိရပြီး တပ်ထဲမှာနေတာဆိုတော့ တပ်ထဲက အရာခံဗိုလ်ကြီးကိုသွားတိုင်တယ် ။ သူကနေ စက်ရုံမှူးကိုဆက်ပြီး သတင်းပို့တိုင်ကြား ပါတယ်။ ဖြစ်ဖြစ်ချင်းမှာ တရားခံ တပ်ကြပ် ဝေလင်းဦးကို တပ်ထဲမှာဘဲ ဖမ်းမိပြီး ချုပ်ထားတယ်လို့ သိရပါတယ်။ စက်ရုံထဲက ဆေးခန်းကို ကောင်မလေးကိုပို့ပြီး အဲဒီကနေမှ ဆေးမှူးတွေနဲ့ အဲဒီည(၁၃-၁၂-၂၀၁၂)နေ့ (၉)နာရီလောက်မှာ ဆိပ်ဖြူဆေးရုံကို စစ်တပ်ကကားနဲ့ ပို့လိုက်တယ်၊ ရဲမေတွေက ရွာထဲကိုသတင်းပို့ပေးတယ်လို့ နောက်မှသိလိုက်ရပါတယ်။ တပ်ထဲမှာ ဖြစ်နေတာဆိုတော့ ရွာထဲကလူတွေက မသိလိုက်ကြဘူး။ ညရောက်မှ ဆေးရုံပို့ပြီးမှ သိကြရပါတယ်။ ဒီလောက်ကြီးလဲဖြစ်မယ်မထင်ဘူး။ ကောင်မလေးကို မတရားကျင့်ကြံရုံဘဲထင် နေကြတာ ဒီလောက်ကြီး ရိုက်ပုတ်သတ်ပစ်ထားတယ်ဆိုတာမသိကြပါဘူး။ ရွာကလူတွေက မနက်ကြမှ အကြောင်းစုံ အဖြစ်မှန်ကိုသိလိုက်ကြရတယ်။ ရွာကလူတွေက ရိုးသားကြပါတယ်၊ အသိပညာလည်း မတတ်ကြဘူးဗျ။ နောက်နေ့မှာ ကျွန်တော်တို့ရွာကို တပ်ကနေ အရာခံဗိုလ် ဦးခင်မောင်ဝင်းလာပါတယ်။ ရွာထဲကလူတွေ ဆူပူသောင်းကျန်းမှုတော့ မလုပ်ကြပါနဲ့၊ကျူပ်တို့လည်း မကောင်းပါဘူး။ နောက်တပ်တွေ လာရင်လည်း အညှီးအတေးတွေ ဖြစ်ကုန်ကြပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်မှာ တာဝန်ရှိတဲ့အတိုင်း အရေးယူပေးပါ့မယ်လို့ပြောပါတယ်။ နောက် ဒုတိယစက်ရုံမှူး ဦးလှိုင်တင့်လာပြီး ရွာဦးကျောင်း ဆရာတော် ဦးဝါယမ ကို လာရောက်လျှောက်ထားတောင်းပန်ပါတယ်။ အဲဒီအချိန်က အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းမရှိတော့ ကျွန်တော့်ကိုဘဲ ဆရာတော်ကခေါ်ပါတယ်။ စက်ရုံမှူးက ရွာထဲကလူတွေ မဆူမပူဖို့ကိစ္စလျှောက်ထားပါတယ်။ ဆရာတော်က ဒီအရပ်တော့ ဒီလိုကြီးမဖြစ်ပါဘူး။ ကျူပ်လဲမဆူ မပူအောင်ထိမ်းသိမ်းပေးပါ့မယ်၊ ဥပဒေနဲ့ ပတ်သက်လို့တော့ မသိကြပါဘူး။ ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးကြပါ။ ရွာကတော့ မပူ မဆူစေရအောင် ကျူပ်တာဝန်ယူပါ တယ်လို့ ဆရာတော်က ပြန်ပြောပါတယ်။ ကျနော့ဆီကိုလည်း ဒီစကားဘဲ ပြောကြပါတယ်။ ဒီအမှုကြီးကို (၁၅)ရက်နေ့မှ တရားစွဲရတာကတော့ အဲဒီအချိန်မှာ အုပ်ချုပ်ရေးမှူး ကိုနိုင်လင်းက ကျောင်းကိစ္စဆောင်ရွက်နေ့တော့ ရွာမှာမရှိဘူး။ သူပြန်လာမှ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ပြီး တိုင်ကြားရပါတယ်..´။ဟု ရွှေဘို့ကျွန်းရွာမှ ဦးငြိမ်းက ပြောသည်။ ကောင်မလေး၏ ဦးလေး ဦးဇော်နိုင်နှင့် တွေ့ရ၏၊ သူသိသမျှပြောသည်။ ` ကျွန်တော်က ကောင်မလေးရဲ့ဦးလေးပါ။ သူတို့မိသားစုက သူတို့ယာခင်းဖြစ်တဲ့ စစ်တပ်တွင်းမှာ တဲထိုးနေကြတာပါ။ ယခု ကောင်မလေးကနံပါတ်(၃)ပါ။ သူတို့မှာ မောင်နှမသားချင်း မွေးချင်း(၇)ယောက်ရှိပါတယ်။ သူက တပ်ထဲကကျောင်းမှာ (၈)တန်းနေတာပါ။ ကောင်မလေးက ညစဉ်ညတိုင်း သူ့အတန်းပိုင်ဆရာမဆီကို သွားအိပ်နေသူပါ။ ကျုပ်တူမကို စော်ကားပြီး အသေသတ်ထားခဲ့သူက တပ်ကြပ် ဝေလင်းဦး လို့သိရပါတယ်။ ဒီကောင်ရက်စက်လိုက်တာဗျာ..။ သူ့မှာလည်း မွေးထားတာ သမီးနှစ်ယောက်အဖေတဲ့ သူ့မိန်းမလည်းတပ်ထဲမှာရှိပါတယ်ဗျာ..။ သားသမီးချင်းကိုယ်ချင်းမစာကြဘူး။ ကံဆိုးကြတဲ့မိသားစု ပါဘဲ။ တပ်ကယာမြေတွေလည်းအသိမ်းခံထားရတယ်။ ယခု သမီးဖြစ်တဲ့ ကျုပ်တူမလေးကို ဇော်ကားပြီး ရက်ရက်စက်စက် အသေသတ်တယ်ဗျာ..၊ ကလေးမကံနဲ့ သတ္တိကြောင့်သာ မသေမပျောက်တာပါ။ သူခုလိုဖြစ်သွားလို့ ဆေးရုံ(၂)ရုံလုံး ဆိပ်ဖြူ နဲ့ မကွေးကို လိုက်ပို့တာ ကျွန်တော်လဲပါ ပါတယ်။ ဒီဇင်ဘာ(၁၆)ရက်နေ့ညက ဆိပ်ဖြူဆေးရုံကနေ မကွေးတိုင်း ဆေးရုံကြီးကို ပို့လိုက်ပါတယ်။ ကောင်မလေး မသေတော့ပါဘူး။ ကျနော်ပြန်လာတော့ ထိုင်နေပါပြီ။ ဒါပေမယ့် ဒဏ်ရာတွေက တော့ ပွနေတာဘဲ။ စော်ကားပြီး အသေသတ်တယ်လို့ ကောင်မလေးကလဲ ပြန်ပြောနိုင်ပါတယ်။ ကောင်မလေးကို သူတို့စစ်တပ်က ဆေးတပ်က နှစ်ယောက်လည်း လိုက်ပြီးစောင့်ပေးနေကြပါတယ်..။´ဟု ရွှေဘို့ကျွန်း ရွာသားဦးလေးတော်စပ်သူ ဦးဇော်နိုင်က ပြောသည်။ က.ပ.စ(၂၂) စက်ရုံအတွင်းဝင်ရောက်သတင်းယူရန် ဆက်သွယ်သည်။ ၎င်းတပ်မှ ဂိတ်တာဝန်မှူး တပ်ကြပ်ကြီး တင်လတ် နှင့်တွေ့ရ၏။ သတင်းယူခွင့်အား စက်ရုံအတွင်းရုံးသို့ (၀၉-၄၇၂၂၅၃၆၅)ဖြင့် ရွှေဘို့ကျွန်းရွာမှ တပ်ကြပ်ကြီး တင်လတ်မှ သတင်းပို့ပြီးခွင့်တောင်းသည်။ ၎င်းရုံးမှ ဗိုလ်ကြီးက စက်ရုံမှူးထံတင်ပြ ပေးမည်။ဝင်ခွင့်ပြုလျှင် လာခေါ်ပေးမည် ဟုဆိုသည်။ ညနေ(၄)နာရီအထိစောင့်သော်လည်း အကြောင်းမပြန်ကြား၍ ၎င်းက.ပ.စ(၂၂)ဂိတ်သို့ ကိုယ်တိုင်သွားရောက် မေးမြန်းပြီး (၀င်ခွင့်မရသေး၍) ဆိပ်ဖြူမြို့သို့ ပြန်လာခဲ့ကြရသည်။ ထို့နောက် ညနေပိုင်းတွင် ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ်အားဝင်ရောက်၍ သတင်းအတည်ပြုချက် ယူပါသည်။ဒီဇင်ဘာ(၁၉)ရက်နေ့က မတရားကျင့်ခံရသူ ကောင်မလေးသေပြီဟု ကြားရကြောင်းမေးမြန်းရာ `` အဲဒီ(၁၉)ရက်မတိုင်မီကထဲက ကျမတို့ဆိပ်ဖြူမြို့မှာ ဒီကောင်မလေးသေသွားတယ်ဆိုတာ ကို ဖုန်းဆက်ပြီး ကျမကို မေးကြပါတယ်။ ရဲစခန်းကလည်းမေးပါတယ်။ နေ့စဉ်ဖြေပေးနေရပါတယ်။ ဒီကလေးမလေးကို မကွေးတိုင်းဆေးရုံကြီးမှာ ဆေးကုသဘို့ လွှဲပေးလိုက် ပါတယ်။ ကျမလဲ မကွေးတိုင်းဆေးရုံကြီးကို ရောက်နေတဲ့ ကျမတို့ဆီက ဆရာမတစ်ယောက် ဆီကို နေ့စဉ်ဖုန်းဆက်ပြီး မေးပေးနေရပါတယ်။ မနေ့က (၂၀)ရက်နေ့အထိတော့ မသေပါဘူး။ အခြေအနေကောင်း ပါသေးတယ်။ ဒီနေ့တော့ ဖုန်းခေါ်တာမရလို့ မသိရသေးပါဘူး..။´ဟု ဆိပ်ဖြူမြို့နယ်ဆရာဝန် ဒေါ်သန်းသန်းချစ် မှပြောသည်။ မကွေးမြို့ မကွေးတိုင်းဆေးရုံသို့ (၂၂)ရက်နေ့ နံနက်(၁၀း၄၅)နာရီအချိန်တွင် မကွေးတိုင်းဆေးရုံ ခွဲစိတ်ဆောင် အခန်း(၂)၌ ၈ တန်းကျောင်းသူ မနှင်းနှင်းနှင့်တွေ့ဆုံခဲ့သည်။ မိဘနှစ်ပါးမှာ အပြင်သို့ခဏထွက်သွားကြောင်းသိရ၏။ ခွဲစိတ်ဆောင် အခန်း(၂) လူနာကုတင်ပေါ်မှာ ကျောင်းသူးလေး မနှင်းနှင်း နှင့်အတူ သူ၏အဒေါ် (မိခင်၏ညီမ) မမြင့်မော် တို့အား နှစ်ယောက်ထိုင်နေလျှက် တွေ့မြင်ခဲ့ရ၏။ သူမတို့ရွာမှ ဦးလေး ကိုဇော်နိုင် မှလွှတ်လိုက်၍ လာတွေ့ကြောင်း ပြောဆို မေးမြန်းရာ၊ ကျောင်းသူကောင်မလေး မှ မေးမြန်းသောစကားကိုမဖြေဆိုဘဲ ကျွန်တော့်ကို မျက်လုံးပြူး၍သာကြည့်နေ၏။ သူမ၏ မျက်နှာပေါ်တွင် ဒဏ်ရာများဖြင့် ညိုမဲနေပါသည်။ နှုတ်ခမ်းရောင်ယမ်း၍ အနည်းငယ်ရွဲ့စောင်းနေပါသည်။ အရာရာကို ကြောက်ရွံ့နေပုံပေါ်နေ၏။ သူ့အဒေါ်က ကျွန်တော့်ကိုဘယ်သူလဲ၊ ဘယ်ကလဲမေး၍ ကျွန်တော်က ဂျာနယ်မှလာမေးတာပါဟု ဖြေဆိုလိုက်ပါသည်။ သူ၏ တူမလေးမနှင်းနှင်း သေတယ်ဆို၍ လာရောက် တွေ့ဆုံကြောင်း၊ ကျွန်တော်က ပြောဆိုမေးမြန်း၏။ အဒေါ် မမြင့်မော်မှ ဤသို့ပြောသည်။ ` သူက ၈ တန်းကျောင်းသူလေး မနှင်းနှင်း ပါ။ ကျမက သူ့အမေရဲ့ညီမတော်သူ အဒေါ်ပါ။ နာမည်က မမြင့်မော် ပါ။ သူအဖေနဲ့အမေက အပြင်ခဏထွက်သွားပါတယ်။ သူကတော်တော်ကြီးကိုဖြစ်တာ၊ လူကိုလဲမတရား အစောကားခံရတယ်၊ သေအောင်လဲသတ်တယ်တဲ့။ ယခုတော့ တူမလေးက သက်သာပါတယ်။ စကားတော့နည်းနည်းပဲပြော နိုင်တယ်။မေးတာကို ဖြေနိုင်ပါတယ်။ ဟိုလိုကြီးတော့ မပြောနိုင်ပါဘူး။ မနေ့က ရွာမှာ ကျမတို့ အဖေ၊ သူ့အဘနဲ့ရောတွေ့ခဲ့လား။ အော်သူ့အဘက ကျန်ခဲ့တဲ့ ကလေးတွေနဲ့ တပ်ထဲက တဲမှာ သွားပြီးနေလိမ့်မယ်။ ယခုသူတို့တပ်က လည်း အစောင့်ချထားပေးပါတယ်။ ကုန်ကျငွေကို သူတို့ကလည်း အကုန်ကျခံတယ်။ ကျမတို့ကလည်း ကုန်ပါတယ်။ ယခုလို့လာမေးတာ ကျေးဇူးပါဘဲဦး..´။ ဟု မကွေးတိုင်းဆေးရုံကြီးပေါ်တွင် မနှင်းနှင်း၏ လူနာစောင့် အဒေါ် မမြင့်မော်မှ ပြောသည်။ တရားခံ တပ်ကြပ်ဝေလင်းဦး အား ဒီဇင်ဘာလအတွင်းထိ က.ပ.စ(၂၂) စစ်တပ်တွင်း၌ ထိမ်းသိမ်းထားပြီး အရပ်ဘက်တရားရုံးသို့ လွှဲပြောင်း၍ မပေးသေးကြောင်း၊ ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ရွှေဘို့ကျွန်းရွာမှ အလိုမတူဘဲ မတရားပြုကျင့်ခံရသူ ကျောင်းသူမလေး မနှင်းနှင်းတို့ မိသားစု၏ အိမ်ထောင်စု စာရင်းမူရင်းအား က.ပ.စ(၂၂) မှ လာရောက်ပြီး ကျန်ခဲ့သူကလေးများထံမှ ဇွတ်အတင်းသိမ်းယူသွားကြောင်း ရွှေဘို့ကျွန်းရွာသား ကိုဇော်နိုင် မှ ဖုန်းဆက်ပြောသည်။ ဒီဇင်ဘာ(၂၉)ရက်နေ့တွင် အဓမ္မပြုကျင့်ခံရသူ ကျောင်းသူးလေး အား က.ပ.စ(၂၂) မှ ကားဖြင့်ခေါ်၍ မကွေးတိုင်းဒေသကြီးဆေးရုံမှ ဆင်းသွားကြောင်း၊ အခြေအနေဆိုးရွားလာ၍ ၂၀၁၃၊ ဇန္န၀ါရီလဆန်းတွင် ဒုတိယအကြိမ် မကွေးဆေးရုံကြီးသို့ ပြန်လည်တက်ရောက်ကုသနေစဉ် ဇန္န၀ါရီ(၁၅)ရက်နေ့တွင် သေဆုံးသွားကြောင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ မဇ္ဈိမကို ပြောကြားသည်။ မကွေးတိုင်းဆေးရုံကြီး မှုခင်းဌာနတွင် သေဆုံးသူ မ……..၏ အသားစများကို စစ်ဆေးရယူပြီးကြောင်း ဓာတ်ခွဲခန်းမှ အမည်မဖော်လိုသူတစ်ဦးမှ မဇ္ဈိမကို ဇန္န၀ါရီ(၁၇)ရက်နေ့တွင် ဤသတင်းအား အတည်ပြုပြောကြားသည်။
 

`ပဋိုပက္ခ ဂရုပြုသတင်းရေးသားနည်း သင်တန်း(မကွေးတိုင်းဒေသကြီး) မကွေးမြို့တွင် ဖွင့်ပြီး´

၂၀၁၃ ဇန္န၀ါရီလ(၁၀)ရက် မှ (၁၂)ရက်နေ့အထိ (၃)ရက် သင်တန်းပေးသည်။ မကွေးမြို့ နတ်မောက်လမ်း မကွေးဟိုတယ် မှာ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ နေ့စဉ်(၃)ရက် သင်တန်းဖွင့်သည်။ သင်တန်းသား(၂၂)ယောက်တက်ကြ၏။ သင်တန်းဆရာများမှာ သိရိလင်္ကာ နိုင်ငံမှ မစ္စတာ ရန်ဂါ Ranga Kalansooriya(International Media Support (IMS) ၊ နေပြည်တော်တိုင်း(မ်) အယ်ဒီတာ ဦးစောလင်းအောင်၊ မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဦးဥာဏ်လင်း တို့မှ သင်ကြားပို့ချသည်။ ဤ သင်တန်းအား မြန်မာပိစ် စင်တာ (Myanmar Peace Center (MPC) စီမံကိန်း မန်နေဂျာ ဒေါ်သင်းသင်းအောင်၊ Media Office ဦးဆောင်းဦးကိုကို၊ လက်ထောက်မန်နေဂျာများဖြစ်သော ဦးရဲဝင့်လှိုင်၊ ဦးထွန်းဇာခိုင်၊ ဒေါ်မေပန်းချီ၊ နှင့် ဒေါ်သိမ့်ရည်စိုး တို့က မြန်မာပြည်အတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်ဒေသများသို့ သွားရောက်၍ မီဒီယာအဖွဲ့အစည်းများအား ကူညီပံ့ပိုး ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ မြန်မာပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိုပက္ခ သတင်းများအား ရေးသားရာတွင် ၎င်းသင်တန်းသည် ၁၀၀% (ရာနှုန်း)ပြည့် အထောက်အကူဖြစ်၍ အထူး ကျေးဇူးတင်ကြောင်း သင်တန်းတက်ရောက်သူ မီဒီယာသမားများမှ ပြောဆိုနေကြသည်။ ၀ိုင်းကြည်အောင်
 

နှစ်ပေါင်း(၃၀)ခန့် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားခဲ့ရသော မြေနုကျွန်းများကို ၂၀၁၂ ခုနှစ် မြေယာဥပဒေ၊ နည်းဥပဒေ ကြောင့် တောင်သူများ အငြင်းပွားမှု ဘက်လိုက်ဆုံးဖြတ်ခံရ၍ ဆင်းရဲမွဲတေကြ မည် ဟုဆို´

မကွေးခရိုင်၊ ချောက်မြို့နယ်၊ စလင်းတောင်ကျေးရွာအုပ်စုပိုင် မြေနုကျွန်းကွင်းအမှတ်(၂၄၇၉-ခ) ဧက(၈၆) အား စလင်းတောင်ကျေးရွာတောင်သူများသည် (၅-၁၂-၂၀၁၂) နေ့ နံနက်ပိုင်းတွင် တိုင်းတာခွဲဝေနေရာချထားနေစဉ် ၀င်္ကဘာကျေးရွာတောင်သူများမှ၊ လူစုလူဝေးဖြင့်လာရောက်တားဆီး အငြင်းပွားရန်များကြကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်အကျဉ်းမှာ မြေပုံပါအတိုင်း မြေနုကျွန်းကွင်းအမှတ် (၂၄၈၄-က)အား ၀င်္ကဘာကျေးရွာပိုင်၊ (၂၄၇၉-က)အား သာစည်ကျေးရွာပိုင်၊ (၂၄၇၉-ခ)အား စလင်းတောင်ကျေးရွာပိုင် ဟု စလင်းတောင်ကျေးရွာအုပ်စုအတွင်းမှာ မြေနုကျွန်း(၃) ကျွန်း တို့ကို ရှေးယခင်အခါကအတိုင်း တည်နေရာပုံသဏ္ဍာန်မပျက်ခြင်း၊ နှစ်ချင်းပေါ်သော မြေနုကျွန်းများ မဟုတ်ခြင်း တို့ကြောင့် ဘိုးစဉ်ဘောင်ဆက် အစဉ်အလာမပျက် တိုင်းတွာ၍ ခွဲဝေလုပ်ကိုင်စားသောက်ခဲ့ကြသည်ဆို၏။ ၂၀၁၂ ခုနှစ် တွင် ၎င်းမြေနုကျွန်းများစိုက်ပျိုးရာသီတွင် ချောက်မြို့နယ်မြေယာကော်မတီမှ တားဆီးချက်ကြောင့် စလင်းတောင်ကျေးရွာကွင်း အမှတ်(၂၄၇၉-ခ)အား လုပ်ကိုင်စားသောက်ခြင်းမပြုခဲ့ရသည်မှာ ယနေ့ ဇန္န၀ါရီ(၉)ရက်ဆိုလျှင်(၂)လခန့်ကြာခဲ့ပါပြီ။ သီးနှံများစိုက်ပျိုးချိန် တော်တော်ကို နောက်ကျနေပြီဟု တောင်သူများမှပြောသည်။ ပြဿနာမှာ ၀င်္ကဘာရွာမှ တောင်သူများသည် ၎င်းတို့ပိုင်ဆိုင်လုပ်ကိုင်စိုက်ပျိုးထားသော မြေနုကျွန်းအမှတ် (၂၄၈၄-က) စိုက်ဧကများအပြင် စလင်းတောင်ကျေးရွာပိုင် သော ကွင်းအမှတ်(၂၄၇၉-ခ)၏ (၈၆)ဧကထဲမှ မြေဧက(၂၅)ဧကကို ချောက်မြို့နယ်မြေယာ ကော်မတီ အတွင်းရေးမှူး နှင့် ပူးပေါင်း၍ တောင်းဆိုခြင်းကြောင့် ပြဿနာဖြစ်ပြီး စိုက်ပျိုးချိန်(၂)လ ခန့်နောက်ကျ သွားသည်။ ယခုမှ စိုက်ပျိုးရင်လည်း စရိတ်ကုန်ပြီး ကုန်ကျငွေ အရင်းတောင်မရနိုင်ဘူး။ အလိုလိုမှ ဆင်းရဲနေကြတာ ပိုပြီး မွဲတေကြတော့မယ် ဟု စလင်းတောင်ကျေးရွာမှ တောင်သူများက ပြောသည်။ ၎င်း ကိစ္စကို ၂၀၁၃ ဇန္န၀ါရီ (၄)ရက်နေ့တွင် ချောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှူးအဖွဲ့ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဌာနမှ ၂၀၁၂ ခုနှစ်ထုတ်ပြန်ထားသော လယ်ယာမြေဥပဒေ၊ နည်းဥပဒေ အခန်း(၁၂)၊ အပိုဒ်(၁၀၅) အပုဒ်ခွဲ(ခ) ၏ ဖော်ပြချက်အား လက်ကိုင်ထား၍ ဆုံးဖြတ်လိုက်သည်ဟု မြေစာရင်းဦးစီးအရာရှိ မှ ဆို၏။ ထို နည်းဥပဒေ၏ ဖွင့်ဆိုချက်မှာ( မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံး ကျေးရွာများ၏ ရွာစည်းရိုးနှင့် မြေနုကျွန်းပေါ်ရှိ လုပ်ကိုင်နိုင်သောမြေ၏ အနားရေးတို့ နှင့် အတိုဆုံးအကွာအဝေးကို နှိုင်းယှဉ်စဉ်းစားရမည်။ ကျေးရွာအုပ်စု နယ်နိမိတ်နှင့် နှိုင်းယှဉ်ခြင်း မပြုရ) ဟု အဆိုကို တရားသေလက်ကိုင်ဆုံးဖြတ်လိုက်သည်ဟု သိရသည်။ ထိုနည်းဥပဒေ အပိုဒ်(၁၀၅ ပိုဒ်ခွဲခ)အရ ၀င်္ကဘာ ကျေးရွာသည် စိုက်ပျိုးသော မြေနုကျွန်းနှင့်(၆၆၄)ပေကွာဝေး၍ စလင်းတောင်ကျေးရွာသည် မြေနုကျွန်းနှင့်(၁၀၃၀)ပေကွာ ခြင်းကြောင့် ၀င်္ကဘာရွာသည် အနီးဆုံးဖြစ်၍ မြေနုကျွန်းအမှတ်(၂၄၇၉-ခ)၏ တောင်ဘက်ခြမ်းကို ၀င်္ကဘာရွာမှ(၂၅)ဧက ရမည်။၊ စလင်းတောင်ရွာသည် ၎င်းမြေနုကျွန်း၏မြေက်ဘက်ခြမ်းမှ(၆၁)ဧကရမည်ဟု ဆုံးဖြတ်ပေးသည်ဟု သိရသည်။ သို့သော် လယ်ယာမြေနည်းဥပဒေ အပုဒ်(၁၁၀)တွင် ပါရှိသည့် ( မြေနုကျွန်းနယ်နိမိတ်ကို အငြင်းပွားမှုမရှိဘဲ ခွဲဝေချထားနိုင်ရန် အုပ်ချုပ်ရေးနယ်နိမိတ်ကို ခေတ်မီမြေတိုင်း ကိရိယာများဖြင့် စနစ်တကျ တိုင်းတာမှတ်တမ်းတင်၍ မြို့နယ် ရပ်ကွက် (သို့မဟုတ်)ကျေးရွာအုပ်စုအလိုက် သတ်မှတ်ထားသည့် အုပ်ချုပ်ရေးနယ်နိမိတ်များတွင် မှတ်တိုင်များ သတ်မှတ်စိုက်ထူးထား ရမည်။ ယင်းသို့ အခက်အခဲရှိမှသာ ယခင်က သတ်မှတ်ခဲ့သော မြေပြင်ရှိ အမာခံအမှတ်အသားများအရ တိုင်းတာရေးဆွဲ ဖော်ပြထားသည့် အမျှော်မျဉ်းကြောင်း နယ်နိမိတ်အမှတ်အသားများဖြင့် ခွဲခြားသတ်မှတ်ရမည်) ဟုလည်း ဆိုထားပြန်သည်။ ထိုမြေယာ နည်းဥပဒေ အပုဒ်(၁၁၀)ဖြင့် စဉ်းစားဆုံးဖြတ်ပေးရန် ချောက်မြို့နယ်မြေယာစီမံခန့်ခွဲမှုအဖွဲ့ဝင် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိမှတင်ပြသေး၏ဟုဆိုသည်။ ၎င်းတင်ပြချက်အားလည်း ချောက်မြို့နယ် မြေယာစီမံခန့်ခွဲမှု အတွင်းရေးမှူး မြေစာရင်းဦးစီးအရာရှိ မှ မစဉ်းစားတော့ဘဲ အထက်က နည်းဥပဒေ အခန်း(၁၂)၊ အပိုဒ်(၁၀၅) အပုဒ်ခွဲ(ခ) အတိုင်း တရားသေဆုံးဖြတ်စီမံလိုက်သည်၊ ထိုကိစ္စအား မကြေနပ်၍ စလင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် တောင်သူများသည် ဇန္န၀ါရီ(၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြေစာရင်းဌာန နှင့် ခရိုင်မြေစာရင်းဌာန တို့ထံ ထပ်မံတွေ့ဆုံမေးမြန်း၍ စောတကတက်ကြသည်။ ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံကော်မတီသို့လည်း တိုင်ကြားစာပေးပို့ထားသည် ဟုသိရသည်။ ``ဘိုးစဉ်ဘောင်ဆက် နှစ်ပေါင်း(၃၀)ခန့် မြေခွန်ထမ်းဆောင်ပြီးလုပ်စားလာခဲ့ရတဲ့ မြေနုကျွှန်းကို အနိုင်ကျင့်ခံလိုက်ပါပြီ။ ယခင်ရှေးတုန်းကလဲ ကုန်းပေါ်အမာခံ အမှတ်အသား အမျှော်မျဉ်းကြောင်း နယ်နိမိတ်အမှတ်အသားနဲ့ ခွဲခြားခဲ့ကြတာကို ယခု ၂၀၁၂ ခုထုတ်ပြန်ထားတဲ့ မြေယာဥပဒေ၊ နည်းဥပဒေ အခန်း(၁၂)၊ အပိုဒ်(၁၀၅)၊ အပိုဒ်ခွဲ(ခ)အတိုင်းသာ (အနီးဆုံး)ရွာများကို ဦးတည်ဆုံးဖြတ်ပေးကြရင်တော့ ကျွန်တော်တို့လို နေရာတိုင်းမှာ မြေယာတွေ ဆုံးရှုံးမှုတွေဖြစ်ကြမယ်။ သီးနှံစိုက်ပျိုးချိန်တွေ နောက်ကျလို့ ဆင်းရဲမွဲတေမှုများနဲ့ မြေယာအငြင်းပွားပြီး ဘက်လိုက်ဆုံးဖြတ်မှုများ မြောက်များစွာ ဖြစ်ကြပါတော့မယ် ခင်ဗျာ..။´´ဟု စလင်းတောင်ကျေးရွာ တောင်သူတစ်ဦးမှ မြန်မာပို့စ် ကိုပြောသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့နယ် ကမ်းရင်ကျေးရွာ နှင့် သဖန်းဆိပ်ကျေးရွာ တောင်သူများ မြေနုကျွန်း ခွဲဝေမှု အငြင်းပွား´

မကွေးမြို့နယ် ကမ်းရင်ကျေးရွာ မြေနုကျွန်းကွင်းအမှတ်(၁၆၂၉)သည် ဧရာဝတီမြစ်ရေတိုက်စားပြီး ပြန်လည်၍ ပေါ်ထွန်းလာသညမှာ (၆)နှစ်ခန့်သက်တမ်းရှိဟု သိရသည်။ ၎င်း မြေနုကျွန်းကို ၂၀၀၉ ခုနှစ်က ကမ်းရင်ကျေးရွာ ဥက္ကဋ္ဌ ဦးလှဦး မှ ယခုလက်ရှိ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးးမြင့် နှင့်အဖွဲ့အား စုပေါင်းလယ်ယာအဖြစ် တစ်နှစ်လုပ်စားပိုင်ခွင့် ပြုခဲ့သည်ဟု ဆို၏။ ၂၀၁၀ ခုနှစ် ကမ်းရင်ကျေးရွာ ဥက္ကဋ္ဌ ဦးသိန်းနိုင်လက်ထက်သို့ ရောက်သောအခါ သဖန်းဆိပ်ရွာမှ ဦးကောက်ကြီး နှင့်အဖွဲ့သည် ၎င်းမြေနုကျွန်းသဲသောင်ပြင်အနီးလုပ်ကွက်မှ ကမ်းရင်ရွာပိုင်မြေနုကျွန်း လုပ်ကွက်များအတွင်းသို့ ကျူးကျော်ဝင်ရောက်လုပ်ကိုင်ကြ၍ ကမ်းရင်ကျေးရွာတောင်သူများ နှင့် သဖန်းဆိပ်ကျေးရွာ တောင်သူများ ကျွန်းပေါ်တွင် ရန်ပြု၍ ဆူပူအုံကြွမှုများဖြစ်ခဲ့ကြသည်ဟု သိရ၏။ ထို့ကြောင့် မကွေးမြို့နယ်အေးချမ်း သာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အမှတ်(၁)ရဲစခမ်းမှူး အဖွဲ့တို့မှ အငြင်းပွားမြေနုကျွန်း အမှတ် (၁၆၂၉)ကွင်းသို့လာရောက်ရှင်းလင်းပေးသည်၊ မြေနုကျွန်းအငြင်းပွားမှုကိစ္စအား ကမ်းရင်ကျေးရွာ ဥက္ကဋ္ဌ ဦးသိန်းနိုင်မှ သဖန်းဆိပ်ကျေးရွာ တောင်သူတာဝန်ခံ ဦးကောက်ကြီး ထံသို့ ငွေကျပ်(၁၁)သိန်းဖြင့် ပေး၍ စာချုပ် ချုပ်ဆိုကြသည်။ ထို စာချုပ်တွင် ကမ်းရင်ကျေးရွာမှ ငွေအပြီးအပြတ်ပေးချေပြီးလျှင် သဖန်းဆိပ်ကျေးရွာမှ တောင်သူများသည် နောက်နောင်တွင် ၎င်းမြေနုကျွန်း ကွင်းပေါ်သို့ လုံးဝလာရောက်နှောက်ယှက်ခြင်း မပြုလုပ်ကြရန် နှစ်ဘက်သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည် ဆို၏။ သို့သော် ၂၀၁၁ နှစ် ယခုလက်ရှိ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်၏လက်ထက်သို့ ရောက်သောအခါ သဖန်းဆိပ်ကျေးရွာမှ ဦးကောက်ကြီးနှင့် တောင်သူများသည် ထိုမြေနုကျွန်း(၁၆၂၉)ပေါ်သို့ စိုက်ပျိုးချိန်လက်ဦးမှုယူကာ တရားဥပဒေကင်းမဲ့စွာ ထပ်မံကျူးကျော်ဝင်ရောက်စိုက်ပျိုးလာကြသည်။ ယင်းကိစ္စအား ကမ်းရင်ကျေးရွာမှ မခံမရပ်နိုင်ဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့ မြေနုကျွန်းပေါ်ချိန်တွင် ကမ်းရင်ကျေးရွာမှ တောင်သူများသည် စုပေါင်းလယ်ယာအဖြစ် နှမ်းပန်း၊ နေကြာ၊ ပဲလွန်းများကို ကြဲပက်၍ ဦးစွာစိုက်ပျိုးထားခဲ့ကြသည်ဆို၏။ ထိုအချိန်က မည်သူတစ်ဦးတစ်ယောက်ကမျှ လာရောက်၍ တားဆီမှုမပြုလုပ်ခဲ့ဟုသိရသည်။ သဖန်းဆိပ်မှ တောင်သူများနှင့် ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်ကလည်း တားဆီးခြင်းမရှိခဲ့ပါဟု ရွာသားတစ်ဦးမှ ဆို၏။ (၁၄-၁၁-၂၀၁၂) နေ့သို့ရောက်သောအခါ မကွေးမြို့နယ်မှ လာရောက်၍ ယင်းမြေနုကျွန်းကိစ္စအား ရှင်းလင်းပေးသည်ဆို၏။ ထိုနေ့က ၎င်းမြေနုကျွန်းကိုင်းထဲတွင် ဖြေရှင်း၍ မရဟုသိရသည်။ မကွေးမြို့နယ်မြေစာရင်းရုံးသို့ ညတွင်းချင်းခေါ်ယူ ပေးခဲ့ကြောင်းသိရ၏။ ထိုည ဆုံးဖြတ်ချက်အရ (၁၆-၁၁-၂၀၁၂) နေ့တွင် ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်မှ သဖန်းဆိပ်ကျေးရွာတောင်သူများထံသို့ မြေဧက(၂၂)ဧကခွဲဝေပေးခဲ့သည်ဟု သိရသည်။ ယင်းကိစ္စအား ကမ်းရင်ကျေးရွာ တောင်သူများမှ မကြေနပ်ကြဟု ပြောဆိုကြသည်။ (၁၆-၁၂-၂၀၁၂) နေ့ ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲတွင် လက်ရှိကမ်းရင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမြင့် မှရှုံး၍ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးကျော်ဇင် ဆိုသူမှ အနိုင်ရကြောင်း သိရ၏။ ကျေးရွာအုပ်ချုပ်ရေးမှူး ဟောင်း မှ အုပ်ချုပ်ရေးမှူးအသစ် မလွှဲပြောင်းမီကာလအတွင်း အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ မဲအနိုင်ရရှိထားသူ ဦးကျော်ဇင်အား ဒီဇင်ဘာ(၂၆)ရက်နေ့တွင် (မြေနုကျွန်းပေါ်သို့ ခွင့်ပြုချက်မရဘဲ ကျူးကျော်လုပ်ကိုင်ခြင်း) ကိစ္စဖြင့် အမှုဖွင့်ရန် ဆင့်ခေါ်ကြောင်း သိရသည်။ `ဒီ စုပေါင်းလယ်ယာ စိုက်ပျိုးတဲ့ တောင်သူတွေထဲမှာ ကျွန်တော်လုံးဝမပါ ပါဘူး။ ဒါသက်သက် အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ထားတာကို ပြုတ်အောင်အပြစ်ရှာနေတဲ့ သဘောဖြစ်နေပါတယ်..။´ ဟုရွေးချယ်ခံထားရသောအုပ်ချုပ်ရေးမှူး (အသစ်) ဦးကျော်ဇင် မှပြောသည်။ (၂-၁-၂၀၁၃) နေ့တွင် သဖန်းဆိပ်ရွာမှ တောင်သူအဖွဲ့သည် ၎င်းမြေနုကျွန်းကွင်း(၁၆၂၉)ပေါ်သို့ လူစုလူဝေးဖြင့် ရောက်လာခဲ့ကြကြောင်း၊ ကမ်းရင်ကျေးရွာမှ စုပေါင်းလယ်ယာစိုက်ပျိုးထားသော အမျိုးသမီးများ ပေါင်းနှုတ်နေစဉ် တွေ့ဆုံခဲ့ကြ၍ အမျိုးသမီးများမှာ ကြောက်လန့်၍ ထွက်ပြေးလာခဲ့ကြရသည် ဆို၏။ ထိုကိစ္စအား ရွာနှစ်ရွာတောင်သူများ အချင်းများ၍ မလိုအားအပ်သောပြဿနာများဖြစ်မည်စိုး၍ ကမ်းရင်ကျေးရွာမှ တောင်သူများသည် စုပေါင်းလက်မှတ်ဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနများသို့ ကြိုတင်တိုင်ကြားထားကြောင်း သိရသည်။ ဇန္န၀ါရီ(၄)ရက် လွပ်လပ်ရေးနေ့တွင်လည်း သဖန်းဆိပ်ကျေးရွာမှ တောင်သူအဖွဲ့သည် ၎င်း မြေနုကျွန်းပေါ်သို့ ထပ်မံလာရောက်ပြီး ကမ်းရင်ကျေးရွာတောင်သူများ စုပေါင်းလယ်ယာအဖြစ် စိုက်ပျိုးထားသေားသီးနှံများ၏ ကြားထဲတွင် နေကြာများ ထပ်မံဝင်ရောက်စိုက်ပျိုးနေကြကြောင်း၊ ထိုလုပ်ရပ်များသည် ကမ်းရင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးမြင့်၏ ပရောဂါများ ပါမည်ဖြစ်ကြောင်း၊ မစားရတဲ့ အမဲ သဲနဲ့ပက်ခြင်းဖြစ်ကြောင်း၊ ၎င်း မြေနုကျွန်း(၁၆၂၉)အား နှစ်စဉ်ခွဲဝေခဲ့ရာတွင် ကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့် မှ ငွေပေါင်းသိန်းရာနှင့် ချီပြီးရရှိခဲ့ကြောင်း၊ ထို ငွေများအား ကမ်းရင်ကျေးရွာဖွံ့ဖြိုးရေး နှင့် စာသင်ကျောင်း ပြင်ဆင်ခြင်းလုပ်ငန်းများ တွင် အသုံးပြုရန်ဖြစ်သော်လည်း မည်သည့်လုပ်ငန်းကိုမျှ အသုံးမပြုခဲ့သေးကြောင်း၊ မြေနုကျွန်းမှ လေလံပစ်၍ရငွေများအား ယနေ့ ၂၀၁၃၊ ဇန္န၀ါရီ(၅)ရက်နေ့ အထိ စာရင်းရှင်း၍ မပေးသေးကြောင်း၊ ကမ်းရင်ကျေးရွာတွင် အိမ်ထောင်စုပေါင်း(၆၀၅) အိမ်ထောင်စု စာရင်းရှိသော်လည်း ၎င်း မြေနုကျွန်းခွဲဝေသော စာရင်းတွင် အိမ်ထောင်စုပေါင်း (၈၃၆)အိမ်ထောင်စု စာရင်းပြ၍ ခွဲဝေချထားခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ လက်ရှိကမ်းရင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးမြင့်သည် သူ၏အမည်အပါဝင် (၅)ဦးပေါက်အမည်ဖြင့် မြေနုကျွန်းခွဲဝေမှုတွင် မြေယာအကောင်းနေရာများအား ခွဲဝေရယူလုပ်ကိုင်းခဲ့ကြောင်း၊ ၎င်း မြေနုကျွန်းကောင်းသော မြေယာဧကများအား မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ၀န်ထမ်းသက်သာစိုက်ခင်းအဖြစ် သတ်မှတ်၍ ရယူလုပ်ကိုင်နေကြောင်း၊ ယခုဆောင်းရာသီမှာ ကမ်းရင်ကျေးရွာမှ စုပေါင်းလယ်ယာစိုက်ပျိုးထားတဲ့ သီးနှံများဖော်ချိန်တွင် ဒီမြေနုကျွန်း(ကမ်းရင် နှင့် သဖန်းဆိပ်) နှစ်ရွာအငြင်းပွားမှုကိစ္စကို သက်ဆိုင်ရာမှ ကြိုတင်ပြီး ပြတ်သားစွာမဖြေရှင်းကြရင်တော့ တစ်ဖက်နဲ့ တစ်ဖက် ရန်ဖြစ်ကုန်ကြမှာကို စိုးရိမ်မိပါတယ်..။ဟု ကမ်းရင်ကျေးရွာ တောင်သူကြီး တစ်ဦး မှ မြန်မာပို့စ် ကိုပြောသည်။ ၀ိုင်းကြည်အောင်
 

`မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး)မှာ ဆိုင်းဘုတ်တင်၍ သတင်းသမားများအား တပ်လှန့်နိုးဆော်´

(၆၅)နှစ်မြောက် လွပ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဇန္န၀ါရီ(၄)ရက်နေ့ နံနက်(၉)နာရီတွင် မကွေးမြို့ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်၊ ဟိန္ဒူဆိုင်တန်း၊ အမှတ်(၅)မှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ရုံးဖွင့်၍ ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ဒုတိယ ဥက္ကဋ္ဌ မကွေးလှမြင့်မှ ` ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၂ နေ့ ဇူလိုင်(၃၀)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သတင်းသမားအဖွဲ့ဝင်စုစုပေါင်း(၇၀)ရှိပါတယ်။ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ ဒုတိယ ဥက္ကဋ္ဌ မကွေးလှမြင့်၊ အတွင်းရေးမှူး ဦးဝင်းကြည် (ခ) ရွှေလမ်းငွေလမ်းဝင်းကြည်၊ တွဲဘက်အတွင်းရေးမှူး နေဦးမောင်(ပခုက္ကူ) ၊ ဘဏ္ဍာရေးမှူး ဟင်္သာ(တောင်တွင်းကြီး)၊ တွဲဘက် ဘဏ္ဍာရေးမှူး ဆန်းညွှန့်(ရေနံချောင်း)၊ ပြန်ကြားရေး မကွေးဝင်းမောင်၊ စာရင်းစစ် ၀င်းဌေး(စကု) နှင့် အဖွဲ့ဝင်များ အမှုဆောင်စုစုပေါင်း(၂၁)ဦးရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဗဟိုညီလာခံကိုယ်စားလှယ်များကတော့ ၀င်းလွင်(ရေနံချောင်း)၊ လွမ်းထား(မကွေး)၊ ချစ်မင်းဧရာ၊ ကောင်းသုတ(မင်းဘူး)နဲ့ ဦးဇော်ဝင်း(ခ) မြွေဟောက်(နတ်မောက်)၊ စုစုပေါင်း(၅)ဦးကိုလည်း သီးခြားရွေးချယ် ထားခဲ့ကြပါတယ်။ ယခု သတင်းစာတွေလည်း ထုတ်တော့မှာဆိုတော့ ကျွန်တော်တို့သတင်းသမားတွေ သတင်းစာဆရာ ကျင့်ဝတ်နဲ့အညီ ရေးသားကြပါစို့၊ နိုင်ငံတော်အား ဒီမိုကရေစီထူထောင်နေချိန်မှာ စတုထ္ထမဏ္ဍိုင်အဖြစ် အလုပ်နဲ့ သက်သေပြကြပါစို့ ´ ဟု ဒုဥက္ကဋ္ဌ မကွေးလှမြင့်မှ ပြောသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟိုကော်မတီဝင်) မကွေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ ``မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်စုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိလာပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ယခုလို မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ဆိုင်းဘုတ်တင်ပြီး (ယာယီရုံး)ခန်းဖွင့်တာ မကွေးတိုင်းဒေသကြီး မှာ ပထမဆုံးစတင်ဖွင့်လှစ်လိုက်နိုင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ နှစ်ပေါင်း(၅၀)ကျော်ခန့် မျက်စိပိတ် နားပိတ်လာခဲ့ရ တော့ လူတွေမှာ အကြောက်တရားတွေများနေခဲ့ရပါတယ်။ ကျွန်တော်တို့သတင်းသမားတွေကို ဌာနဆိုင်ရာတွေက မပေါင်းချင်ကြဘူးဗျ။ တော်ကြာမဟုတ်တာတွေကို ရေးပစ်လိမ့်မယ်ထင်နေကြတာ။ ယခုတော့ သတင်းမီဒီယာ က ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ အရေးပါ အရာရောက်လာပါတော့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လာမယ့်ဧပြီ(၁)ရက်ကစလို့ ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ပြုပါ တော့မယ်။ ဒါကြောင့် သတင်းသမားများအနေနဲ့ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးအတွက် သတင်းရေးသားတဲ့နေရာမှာ အကြံပြုပါရစေ။ ကောင်းတာကို ကောင်းတယ်လို့မရေးချင်နေပါ။ မကောင်းဘူးလို့တော့ မရေးပါနဲ့။ မကောင်းတဲ့ကိစ္စကို တွေ့တဲ့အခါမှာလည်း မကောင်းဘူးလို့တော့ မရေးချင်မရေးပါနဲ့။ မကောင်းတာကို ကောင်းပါတယ်လို့လည်း မရေးကြပါနဲ့။ (ဥပမာ) ဗျာ ကြက်ဆူပင်စိုက်ခိုင်းတယ်ဗျာ..။ မကောင်းမှန်းကို လူတိုင်းသိကြတယ်။ မဟုတ်မှန်းလည်း လူတိုင်းသိကြပါတယ်။ ဒါကို ကောင်းပါတယ်လို့ မရေးကြပါနဲ့။ မကောင်းဘူးလို့လည်း မရေးရင်နေကြပါလို့ ဥပမာပေးပြီး ပြောချင်ပါတယ်။ အဲလိုဘဲ ကျွန်တော်တို့သတင်းသမားဆိုတာ ဖွဖို့မဟုတ်ပါဘူး၊ ပြဖို့ရေးကြတာပါ။ ပြည်သူတွေရဲ့လိုအပ်ချက် အခက်အခဲတွေကို အစိုးရသိအောင် ကြောင်းကျိုးပြပြီး ရေးသားပေးဖို့က ယနေ့ သတင်းမီဒီယာ သတင်းမားတွေရဲ့တာဝန်ကျရောက်လို့လာပါပြီ…။´ ဟု ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ ဆိုင်းဘုတ်တင်ပွဲမှာ အသိပေး မိတ်ဆက်ပြောကြားသွား၏။ အဆိုပါအခမ်းအနားကို မင်းဘူး(စကု) နှင့် မကွေးမြို့ပေါ်ရှိ သတင်းသမား (၃၀)ခန့်တက်ရောက်ကြသည်။ နေ့(၁၁)နာရီတွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဆိုင်းဘုတ်တင် ၍ ရုံးဖွင့်ပွဲအား အောင်မြင်စွာဖြင့်ကျင်းပပြီး တက်ရောက်လာသော သတင်းမီဒီယာသမားများအား ဥက္ကဋ္ဌများမှ တပ်လှန့် နိုးဆိုကြောင်း သတင်းရရှိခဲ့ပါသည်။
 

`ဆိပ်ဖြူမြို့နယ်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော တရားဥပဒေစိုးမိုးမှုမရှိသေးပါဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး မှ ပြောကြား´

ကျွန်တော်တို့ ဆိပ်ဖြူမြို့မှာ မီး သုံးကြိမ်လောင်ခဲ့တယ်။ ယနေ့အချိန်အထိ နလန်မထူကြသေးဘူး။ ၁၉၉၂ ဧပြီ(၉)ရက်နေ့မှာ လောင်စာဆီကြောင့် မီးလောင်ခဲ့ပါတယ်။ ဒီလို နောက်ထပ် မီးမလောင်ဖို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အသက်ဝင်မှုမရှိပါဘူး။ ဒီကိစ္စကို ပြန်ပြောရရင် (၄-၉-၂၀၁၂)နေ့မှာ ရပ်ကွက်တွင်း ပြည်သူများ (၂၀)ယောက်က လက်မှတ်ထိုးတိုင်ကြားခဲ့လို့ ဓါတ်ဆီပေပါ (၃)လုံးနဲ့ ဒီဇယ်ပေးပါ(၂)လုံးကို ဖမ်းတယ်။ ဖမ်းဆီးလောင်စာဆီများကို ဆိပ်ဖြူမြို့ရဲစခန်းက သိမ်းခဲ့တယ်။ စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့နဲ့စစ်ဆေးခဲ့ပေမယ့် ဘာမှ အရေးယူခြင်းမရှိခဲ့ပါဘူး။ ယနေ့အထိ လောင်စာဆီ တရားမ၀င်ရောင်းဝယ်သူများကတော့ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဆက်လက်ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ တိုင်ကြားတဲ့သူတွေနဲ့ မြို့လူထုကတော့ ရင်တမမနဲ့ ခံစားနေကြရပါတယ်။ ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ရပ်ကွက်အနီးရှိ သားသတ်ရုံကိစ္စတင်ပြထားပါတယ်။ သားသတ်လိုင်စင်ရသူများက သူ့တို့ဘာသာ မြေနေရာဝယ်ပြီးဆောင်ရွက်နေကြတာပါလို့ တာဝန်မဲ့စွာ ဖြေဆိုပါတယ်။ ဒီလိုဆိုရင် ယခု အမဲသတ်နေတဲ့နေရာကို ဘယ်သူက သတ်မှတ်နေရာပေးတာလဲ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးကလား၊ ရပ်/ကျေး အုပ်ချုပ်ရေးကလား လို့ မေးစရာဖြစ်နေပါတယ်။ နောက် နေ့စဉ် ညနေ နေ၀င်ဖြိုးဖျက် အချိန်တွေမှာ ချောက်-ဆိပ်ဖြူကူးတဲ့ အနော်ရထားဂိတ်ကနေ အခကြေးငွေယူပြီး ခိုင်းနွား၊ ခိုင်ကျွဲများ(၁၀)ကောင်ခန့်ကို သယ်ဆောင်နေတဲ့ကိစ္စပါ။ ဒါကိုလဲ သားသတ်လေလံဆွဲသူများက သူတို့အစီအစဉ်နဲ့ ၀ယ်ယူသွားလာနေတာပါလို့ဖြေတယ်။ ခိုင်းနွား ခိုင်းကျွဲများကို တရားမ၀င်နယ်ကူး သယ်ဆောင်ခြင်းအတွက် အရေးတစ်ကြီးကုန်စည်ဝန်ဆောင်မှုဥပဒေကို မျက်ကွယ်ပြုပြီး သက်ဆိုင်ရာက ကျောခိုင်း လုပ်ကိုင်နေကြ ခြင်းက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမရှိဘူးလို့ ပြောရပါ့မယ်။ ဟိုး လွန်ခဲ့တဲ့ ၂၀၁၀ အောက်တိုဘာ(၁၀)ရက်နေ့က ည(၉း၁၅)အချိန်က အနော်ရထာချဉ်ကပ်လမ်းပေါ်မှာ ဆိပ်ဖြူကနေ ချောက်မြို့သို့ ၁၀ ယ/၃၂၇၉၃ ဟွန်ဒါဆိုင်ကယ်နဲ့ ကိုရဲအောင်မိုး၊ မဥမ္မာတို့ နှစ်ဦးစီးလာခဲ့တယ်။ ချောက်မြို့မှ ဆိပ်ဖြူမြို့သို့ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဂျစ်ကား( ၈ခ/၁၅၈၉) ယာဉ်မောင်း မခင်မေသင်း( ရိပ်သာကျောင်း ဘုန်းကြီးရဲ့တူမ) ကားနဲ့ ဟွန်ဒါဆိုင်ကယ်ကို တိုက်လိုက်ကြတယ်။ ဆိုင်ကယ်ပေါ်က ကိုရဲအောင်မိုးသေဆုံးသွားတယ်။ မဥမ္မာကို ဆေးရုံသို့ တင်ကုလိုက်ရတယ်။ ဒီအမှုကို ဆိပ်ဖြူမြို့နယ် တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ၃၃၈/၃၀၄-က/ကျင့်၊ ၅၁၂ အရအမှုဖွင့်ဆောင်ရွက်ထားခဲ့တယ်သိရတယ်။ ဂျစ်ကားမောင်သူ တရားခံ မခင်မေသင်းက ထွက်ပြေးတိမ်းရှောင်နေလို့ ဆိပ်ဖြူမြို့နယ် တရားရုံးကနေ(၁၆-၁၁-၂၀၁၁) နေ့မှာ တရားခံပြေးအဖြစ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံး နဲ့ ရဲစခန်းတို့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြော်ငြာထားခဲ့တယ်။ ဒီအမှုကို ကြော်ငြာထားတဲ့ အတွက် ၂၀၁၂ ဒီဇင်ဘာ(၁)ရက်နေ့က တရားခံမောင်းနှင်တဲ့ ဂျစ်ကား(၈ခ/၁၅၈၉) ဆိပ်ဖြူမြို့ကိုရောက်လာပါတယ်။ တာဝန်သိ ပြည်သူတစ်ဦးက ၂၀၁၂ ဒီဇင်ဘာ(၂)ရက်နေ့ နံနက်ပိုင်းမှာ ဆိပ်ဖြူမြို့မရဲစခန်း နှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးကို သတင်းပို့ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အဲဒီ ဒီဇင်ဘာ(၂)ရက်နေ့ ညမှာ တရားခံရဲ့ဂျစ်ကားက ဆိပ်ဖြူမြို့ကနေ ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကလဲ ဆိပ်ဖြူမြို့မှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးမရှိသလို ကောင်းမွန်တဲ့ တရားဥပေဒေစိုးမိုးရေးမရှိသေးဘူးလို့သာ ဆိုရပါ့မယ်…။´ ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြန်မာပို့စ် ကိုပြောကြားသည်။ ၀ိုင်းကြည်အောင်
 

`ဆိပ်ဖြူမြို့နယ်တွင်း မှ ပေါက်မြို့သွား ကားလမ်းများပျက်စီးနေပြီ ပြန်လည်ပြုပြင်သင့်ဟု ဆို´

ဆိပ်ဖြူမြို့မှ ပေါက်မြို့သို့ မော်တော်ကားလမ်းမှာ မိုင်(၅၂)ခန့်ဝေးကွာသည်။ အခန့်မသင့်လျှင် တစ်နေကုန် ကားမောင်းရသည်ဟုဆို၏။ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကားလမ်းမများမှာ အတော်ပျက်စီးနေကြောင်း မြင်တွေ့ရ၏။ အကောင်းဆုံးလမ်းအဖြစ် ဂ၀ံကျောက်ခင်းထားခြင်း ရေးရေးသာပေါ်နေပါသည်။ အခြားကားလမ်းများမှာ မြေနီခင်းလမ်းများ နှင့် လုံးဝ လမ်းခင်းထားမှုမရှိသောလမ်းများက များပြားနေပါသည်။ အဆင်း အတက် ရေကျော်များတွင် တံတားများ ပျက်စီးနေခြင်းကြောင့် လမ်းလွှဲချောင်းထဲမှ ဆင်းသွားရခြင်း၊ မိုးတွင်းဆိုလျှင် အလွန်ခက်ခဲစွာဖြင့် သွားလာနေကြရကြောင်း ကားမောင်းသူများကပြောပါသည်။ ဆိပ်ဖြူမြို့နယ်တွင်းရှိ ယောချောင်းဘေးမှ ကြက်သွန်စိုက် ကျေးရွာများဖြစ်ကြသော အနောက်ကမ်းဖြူကျေးရွာ၊ ဘဲကျကျေးရွာ၊ ဆားလောက်ကျေးရွာ များသို့ သွားရောက်ရာလမ်းများမှာလည်း သဲတော နုံးတောလမ်းမ များဖြင့်သာ သွားလာနေကြရ၍ ကားများ မော်တော်ဆိုင်ကယ်များမှာ သွားလာရန်အလွန်ခက်ခဲနေကြ ပါသည်။ ဤ ဆိပ်ဖြူမြို့နယ်တွင်းရှိကားလမ်းများနှင့် ဆိပ်ဖြူ-ပေါက်ကားလမ်းမကြီးသည် ထိုနယ်သူ နယ်သားများ၏ နယ်ထွက်ကုန် သီးနှံစုံ၊ ကြက်သွန်များ မြောက်များစွာ ကုန်စည်စီးဆင်းရာလမ်းမကြီးဖြစ်ပါသည်။ ၎င်း လမ်းမကြီး မကောင်း၍ ထိုဒေသမှ လုပ်သားပြည်သူများ ကျမ်းမာရေးကိစ္စ အရေးပေါ်ဖြစ်လျှင် ဆိပ်ဖြူမြို့ဆေးရုံသို့မရောက်မီ လမ်းဆိုးရွားခြင်း ကြောင့် ထိုကားလမ်းပေါ်တွင်သာ အသက်ဆုံးရှုံးကြရ သည်များ ရှိသည်ဟု ရွာသားတစ်ဦးကဆို၏။ ထို့ကြောင့် ၎င်းလမ်းများအား ပြုပြင်ပေးနိုင်ရန် တောနေ တောင်သူ လယ်သမားများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးများအတွက် လမ်းပန်းဆက်သွယ်ရေးကောင်မွန်လာအောင် အမြန်ဆုံး လမ်းခင်းပြုပြင်ပေးပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းဝေးမှ တဆင့် မေးမြန်း တင်ပြပေးထားကြောင့် မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးမှ မြန်မာပို့စ် သို့ပြောသည်။ ၀ိုင်းကြည်အောင်
 

` ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း မဲဆန္ဒရှင် ပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံ ကြားနာ၍ ကူညီ လှူဒါန်း ´

ဒီဇင်ဘာ(၂၈)ရက်နေ့တွင် မကွေးမြို့နယ် မြင်ကွန်းတိုက်နယ်ကျေးရွာ နှင့် ရှားဇောင်းကန် တိုက်နယ်ကျေးရွာအုပ်စု များမှာ မကွေးမြို့နယ်NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းသည် မဲဆန္ဒရှင်များနှင့်တွေ့ဆုံ ဆွေးနွေးကြောင်း သတင်းရရှိသည်။ နံနက်(၁၂)နာရီအချိန်တွင် မြင်ကွန်းကျေးရွာ၌ မဲဆန္ဒရှင်ပြည်သူများ၏ လိုအပ်ချက်များကို တွေ့ဆုံ ဆွေးနွေးကြကြောင်း၊ မြင်ကွန်းကျေးရွာတွင် လျှပ်စစ်မီးအား ပြည့်ဝအောင် မီးလင်းရေးအတွက် လိုအပ်နေသော (၃၁၅)ကေဗွီ လျှပ်စစ်ထရန်စဖာ ဓာတ်အိုး ၀ယ်ယူရန်အတွက် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ငွေကျပ် တစ်သိန်း လှူဒါန်းခဲ့ကြောင်းသိရသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ရှားဇောင်းကန်တိုက်နယ် ရှားဇောင်းကန်ကျေးရွာ၌ မဲဆန္ဒရှင်များ နှင့်တွေ့ဆုံကြောင်းသိရ၏။ ၎င်းရှားဇောင်းကန်တိုက်နယ်ကျေးရွာမှ ပြည်သူလူထုလိုအပ်ချက်များအား တွေ့ဆုံဆွေးနွေးကြ သည်ဆိုသည်။ ယခုအချိန် သည် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များရွေးချယ်နေသော အချိန်ဖြစ်နေ၍ ရပ်ကွက်/ ကျေးရွာအုပ်စု အချို့မှာ မကြေနပ်မူများ ပေါ်ပေါက်နေကြကြောင်း၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ အတွက်ထုတ်ပြန်ထား သော ဥပဒေ နည်းဥပဒေ များနှင့် အညီ မဆောင်ရွက်ကြလျှင် အများပြည်သူများရွေးချယ်ပေးထားသော ရပ်မိ ရပ်ဖများမှ သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြကြောင်း ၊ ရှားဇောင်းကန်ကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ရာတွင် မကြေနပ်မှုများဖြစ်ပေါ် နေကြကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းမှ မြန်မာပို့စ် သို့ပြောသည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းသည် ၂၀၁၂ ခုနှစ်အတွင်း မကွေးမြို့နယ်မဲဆန္ဒရှင် လုပ်သားပြည်သူများ အတွက် တွေ့ဆုံဆွေးနွေးပွဲများ၌ လိုအပ်သောနေရာများမှာ အသုံးပြုနိုင်ရန် တတ်အားသမျှငွေများဖြင့် လှူဒါန်းသည်ဆို၏။ ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များအား ငွေကျပ် တစ်သိန်းခြောက်သောင်း၊ သစ်ရာကောက်တိုက်နယ် ဆေးရုံအား ငွေကျပ်တစ်သိန်း၊ မိချောင်းရဲမြို့ နှင့် မကျီးကန်ကျေးရွာ ဖြတ်လမ်းမပေါ်ရှိ - ဆိပ်သာရွာ တံတားဆောက်ရန် ငွေကျပ်နှစ်သိန်း၊ မြင်ကွန်းရွာလျှပ်စစ်မီးအားကောင်းရေး အတွက် ငွေကျပ်တစ်သိန်း တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်း၊ မြန်မာပြည်တွင်းရှိ တောင်သူလယ်သမားများအတွက် အခြားမြေများနှင့် လယ်ယာမြေများသိမ်းဆည်းမှု စစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း မြန်မာပို့စ် မှ သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်