`ဆိပ်ဖြူမြို့နယ်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော တရားဥပဒေစိုးမိုးမှုမရှိသေးပါဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး မှ ပြောကြား´

ကျွန်တော်တို့ ဆိပ်ဖြူမြို့မှာ မီး သုံးကြိမ်လောင်ခဲ့တယ်။ ယနေ့အချိန်အထိ နလန်မထူကြသေးဘူး။ ၁၉၉၂ ဧပြီ(၉)ရက်နေ့မှာ လောင်စာဆီကြောင့် မီးလောင်ခဲ့ပါတယ်။ ဒီလို နောက်ထပ် မီးမလောင်ဖို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာတင်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အသက်ဝင်မှုမရှိပါဘူး။ ဒီကိစ္စကို ပြန်ပြောရရင် (၄-၉-၂၀၁၂)နေ့မှာ ရပ်ကွက်တွင်း ပြည်သူများ (၂၀)ယောက်က လက်မှတ်ထိုးတိုင်ကြားခဲ့လို့ ဓါတ်ဆီပေပါ (၃)လုံးနဲ့ ဒီဇယ်ပေးပါ(၂)လုံးကို ဖမ်းတယ်။ ဖမ်းဆီးလောင်စာဆီများကို ဆိပ်ဖြူမြို့ရဲစခန်းက သိမ်းခဲ့တယ်။ စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့နဲ့စစ်ဆေးခဲ့ပေမယ့် ဘာမှ အရေးယူခြင်းမရှိခဲ့ပါဘူး။ ယနေ့အထိ လောင်စာဆီ တရားမ၀င်ရောင်းဝယ်သူများကတော့ ဘယ်သူကိုမှ ဂရုမစိုက်ဘဲ ဆက်လက်ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ တိုင်ကြားတဲ့သူတွေနဲ့ မြို့လူထုကတော့ ရင်တမမနဲ့ ခံစားနေကြရပါတယ်။ ကျွန်တော်တို့ ဆိပ်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ ရပ်ကွက်အနီးရှိ သားသတ်ရုံကိစ္စတင်ပြထားပါတယ်။ သားသတ်လိုင်စင်ရသူများက သူ့တို့ဘာသာ မြေနေရာဝယ်ပြီးဆောင်ရွက်နေကြတာပါလို့ တာဝန်မဲ့စွာ ဖြေဆိုပါတယ်။ ဒီလိုဆိုရင် ယခု အမဲသတ်နေတဲ့နေရာကို ဘယ်သူက သတ်မှတ်နေရာပေးတာလဲ၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးကလား၊ ရပ်/ကျေး အုပ်ချုပ်ရေးကလား လို့ မေးစရာဖြစ်နေပါတယ်။ နောက် နေ့စဉ် ညနေ နေ၀င်ဖြိုးဖျက် အချိန်တွေမှာ ချောက်-ဆိပ်ဖြူကူးတဲ့ အနော်ရထားဂိတ်ကနေ အခကြေးငွေယူပြီး ခိုင်းနွား၊ ခိုင်ကျွဲများ(၁၀)ကောင်ခန့်ကို သယ်ဆောင်နေတဲ့ကိစ္စပါ။ ဒါကိုလဲ သားသတ်လေလံဆွဲသူများက သူတို့အစီအစဉ်နဲ့ ၀ယ်ယူသွားလာနေတာပါလို့ဖြေတယ်။ ခိုင်းနွား ခိုင်းကျွဲများကို တရားမ၀င်နယ်ကူး သယ်ဆောင်ခြင်းအတွက် အရေးတစ်ကြီးကုန်စည်ဝန်ဆောင်မှုဥပဒေကို မျက်ကွယ်ပြုပြီး သက်ဆိုင်ရာက ကျောခိုင်း လုပ်ကိုင်နေကြ ခြင်းက ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမရှိဘူးလို့ ပြောရပါ့မယ်။ ဟိုး လွန်ခဲ့တဲ့ ၂၀၁၀ အောက်တိုဘာ(၁၀)ရက်နေ့က ည(၉း၁၅)အချိန်က အနော်ရထာချဉ်ကပ်လမ်းပေါ်မှာ ဆိပ်ဖြူကနေ ချောက်မြို့သို့ ၁၀ ယ/၃၂၇၉၃ ဟွန်ဒါဆိုင်ကယ်နဲ့ ကိုရဲအောင်မိုး၊ မဥမ္မာတို့ နှစ်ဦးစီးလာခဲ့တယ်။ ချောက်မြို့မှ ဆိပ်ဖြူမြို့သို့ မျက်နှာချင်းဆိုင်မောင်းနှင်လာတဲ့ ဂျစ်ကား( ၈ခ/၁၅၈၉) ယာဉ်မောင်း မခင်မေသင်း( ရိပ်သာကျောင်း ဘုန်းကြီးရဲ့တူမ) ကားနဲ့ ဟွန်ဒါဆိုင်ကယ်ကို တိုက်လိုက်ကြတယ်။ ဆိုင်ကယ်ပေါ်က ကိုရဲအောင်မိုးသေဆုံးသွားတယ်။ မဥမ္မာကို ဆေးရုံသို့ တင်ကုလိုက်ရတယ်။ ဒီအမှုကို ဆိပ်ဖြူမြို့နယ် တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေ ၃၃၈/၃၀၄-က/ကျင့်၊ ၅၁၂ အရအမှုဖွင့်ဆောင်ရွက်ထားခဲ့တယ်သိရတယ်။ ဂျစ်ကားမောင်သူ တရားခံ မခင်မေသင်းက ထွက်ပြေးတိမ်းရှောင်နေလို့ ဆိပ်ဖြူမြို့နယ် တရားရုံးကနေ(၁၆-၁၁-၂၀၁၁) နေ့မှာ တရားခံပြေးအဖြစ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံး နဲ့ ရဲစခန်းတို့ရှိ ကြော်ငြာသင်ပုန်းများမှာ ကြော်ငြာထားခဲ့တယ်။ ဒီအမှုကို ကြော်ငြာထားတဲ့ အတွက် ၂၀၁၂ ဒီဇင်ဘာ(၁)ရက်နေ့က တရားခံမောင်းနှင်တဲ့ ဂျစ်ကား(၈ခ/၁၅၈၉) ဆိပ်ဖြူမြို့ကိုရောက်လာပါတယ်။ တာဝန်သိ ပြည်သူတစ်ဦးက ၂၀၁၂ ဒီဇင်ဘာ(၂)ရက်နေ့ နံနက်ပိုင်းမှာ ဆိပ်ဖြူမြို့မရဲစခန်း နှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးကို သတင်းပို့ခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် အဲဒီ ဒီဇင်ဘာ(၂)ရက်နေ့ ညမှာ တရားခံရဲ့ဂျစ်ကားက ဆိပ်ဖြူမြို့ကနေ ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကလဲ ဆိပ်ဖြူမြို့မှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးမရှိသလို ကောင်းမွန်တဲ့ တရားဥပေဒေစိုးမိုးရေးမရှိသေးဘူးလို့သာ ဆိုရပါ့မယ်…။´ ဟု မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးမှ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြန်မာပို့စ် ကိုပြောကြားသည်။ ၀ိုင်းကြည်အောင်
 

0 comments: