`မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး)မှာ ဆိုင်းဘုတ်တင်၍ သတင်းသမားများအား တပ်လှန့်နိုးဆော်´

(၆၅)နှစ်မြောက် လွပ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ဇန္န၀ါရီ(၄)ရက်နေ့ နံနက်(၉)နာရီတွင် မကွေးမြို့ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်ကွက်၊ ဟိန္ဒူဆိုင်တန်း၊ အမှတ်(၅)မှာ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ရုံးဖွင့်၍ ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနား ပြုလုပ်ကြောင်း သတင်းရရှိသည်။ ၎င်းအခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ဒုတိယ ဥက္ကဋ္ဌ မကွေးလှမြင့်မှ ` ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၂ နေ့ ဇူလိုင်(၃၀)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ သတင်းသမားအဖွဲ့ဝင်စုစုပေါင်း(၇၀)ရှိပါတယ်။ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်၊ ဒုတိယ ဥက္ကဋ္ဌ မကွေးလှမြင့်၊ အတွင်းရေးမှူး ဦးဝင်းကြည် (ခ) ရွှေလမ်းငွေလမ်းဝင်းကြည်၊ တွဲဘက်အတွင်းရေးမှူး နေဦးမောင်(ပခုက္ကူ) ၊ ဘဏ္ဍာရေးမှူး ဟင်္သာ(တောင်တွင်းကြီး)၊ တွဲဘက် ဘဏ္ဍာရေးမှူး ဆန်းညွှန့်(ရေနံချောင်း)၊ ပြန်ကြားရေး မကွေးဝင်းမောင်၊ စာရင်းစစ် ၀င်းဌေး(စကု) နှင့် အဖွဲ့ဝင်များ အမှုဆောင်စုစုပေါင်း(၂၁)ဦးရွေးချယ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဗဟိုညီလာခံကိုယ်စားလှယ်များကတော့ ၀င်းလွင်(ရေနံချောင်း)၊ လွမ်းထား(မကွေး)၊ ချစ်မင်းဧရာ၊ ကောင်းသုတ(မင်းဘူး)နဲ့ ဦးဇော်ဝင်း(ခ) မြွေဟောက်(နတ်မောက်)၊ စုစုပေါင်း(၅)ဦးကိုလည်း သီးခြားရွေးချယ် ထားခဲ့ကြပါတယ်။ ယခု သတင်းစာတွေလည်း ထုတ်တော့မှာဆိုတော့ ကျွန်တော်တို့သတင်းသမားတွေ သတင်းစာဆရာ ကျင့်ဝတ်နဲ့အညီ ရေးသားကြပါစို့၊ နိုင်ငံတော်အား ဒီမိုကရေစီထူထောင်နေချိန်မှာ စတုထ္ထမဏ္ဍိုင်အဖြစ် အလုပ်နဲ့ သက်သေပြကြပါစို့ ´ ဟု ဒုဥက္ကဋ္ဌ မကွေးလှမြင့်မှ ပြောသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟိုကော်မတီဝင်) မကွေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ ``မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင်စုစုပေါင်း တစ်ထောင်ကျော်ခန့်ရှိလာပါတယ်။ မကွေးတိုင်းဒေသကြီးမှာ ယခုလို မြန်မာနိုင်ငံသတင်းစာဆရာအသင်း (မကွေးတိုင်းဒေသကြီး) ဆိုင်းဘုတ်တင်ပြီး (ယာယီရုံး)ခန်းဖွင့်တာ မကွေးတိုင်းဒေသကြီး မှာ ပထမဆုံးစတင်ဖွင့်လှစ်လိုက်နိုင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ နှစ်ပေါင်း(၅၀)ကျော်ခန့် မျက်စိပိတ် နားပိတ်လာခဲ့ရ တော့ လူတွေမှာ အကြောက်တရားတွေများနေခဲ့ရပါတယ်။ ကျွန်တော်တို့သတင်းသမားတွေကို ဌာနဆိုင်ရာတွေက မပေါင်းချင်ကြဘူးဗျ။ တော်ကြာမဟုတ်တာတွေကို ရေးပစ်လိမ့်မယ်ထင်နေကြတာ။ ယခုတော့ သတင်းမီဒီယာ က ဒီမိုကရေစီနိုင်ငံထူထောင်ရာမှာ အရေးပါ အရာရောက်လာပါတော့မယ်။ ကျွန်တော်တို့နိုင်ငံမှာ လာမယ့်ဧပြီ(၁)ရက်ကစလို့ ပုဂ္ဂလိက သတင်းစာတွေထုတ်ဝေခွင့်ပြုပါ တော့မယ်။ ဒါကြောင့် သတင်းသမားများအနေနဲ့ တိုင်းပြည်အကျိုး ပြည်သူ့အကျိုးအတွက် သတင်းရေးသားတဲ့နေရာမှာ အကြံပြုပါရစေ။ ကောင်းတာကို ကောင်းတယ်လို့မရေးချင်နေပါ။ မကောင်းဘူးလို့တော့ မရေးပါနဲ့။ မကောင်းတဲ့ကိစ္စကို တွေ့တဲ့အခါမှာလည်း မကောင်းဘူးလို့တော့ မရေးချင်မရေးပါနဲ့။ မကောင်းတာကို ကောင်းပါတယ်လို့လည်း မရေးကြပါနဲ့။ (ဥပမာ) ဗျာ ကြက်ဆူပင်စိုက်ခိုင်းတယ်ဗျာ..။ မကောင်းမှန်းကို လူတိုင်းသိကြတယ်။ မဟုတ်မှန်းလည်း လူတိုင်းသိကြပါတယ်။ ဒါကို ကောင်းပါတယ်လို့ မရေးကြပါနဲ့။ မကောင်းဘူးလို့လည်း မရေးရင်နေကြပါလို့ ဥပမာပေးပြီး ပြောချင်ပါတယ်။ အဲလိုဘဲ ကျွန်တော်တို့သတင်းသမားဆိုတာ ဖွဖို့မဟုတ်ပါဘူး၊ ပြဖို့ရေးကြတာပါ။ ပြည်သူတွေရဲ့လိုအပ်ချက် အခက်အခဲတွေကို အစိုးရသိအောင် ကြောင်းကျိုးပြပြီး ရေးသားပေးဖို့က ယနေ့ သတင်းမီဒီယာ သတင်းမားတွေရဲ့တာဝန်ကျရောက်လို့လာပါပြီ…။´ ဟု ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ ဆိုင်းဘုတ်တင်ပွဲမှာ အသိပေး မိတ်ဆက်ပြောကြားသွား၏။ အဆိုပါအခမ်းအနားကို မင်းဘူး(စကု) နှင့် မကွေးမြို့ပေါ်ရှိ သတင်းသမား (၃၀)ခန့်တက်ရောက်ကြသည်။ နေ့(၁၁)နာရီတွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဆိုင်းဘုတ်တင် ၍ ရုံးဖွင့်ပွဲအား အောင်မြင်စွာဖြင့်ကျင်းပပြီး တက်ရောက်လာသော သတင်းမီဒီယာသမားများအား ဥက္ကဋ္ဌများမှ တပ်လှန့် နိုးဆိုကြောင်း သတင်းရရှိခဲ့ပါသည်။
 

0 comments: