``မကွေးတိုင်းဒေသကြီးတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေးသင်တန်းပေး၍ လုံခြုံရေးအသင့်ပြင်ဆင်´´

အောက်တိုဘာ(၂၈)မှ နိုဝင်ဘာ(၁)ရက်နေ့ထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီ (၅)ရက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှူးရုံး အစည်းအဝေးခန်းမတွင် မကွေးတိုင်း ဒေသကြီးတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေးသင်တန်းဖွင့်၍ လုံခြုံရေးအသင့်ပြင်ဆင်ထားကြောင်း သတင်း ရရှိသည်။ အဆိုပါသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းကြည် ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်စိုး နှင့် တိုင်းအကူရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ် တို့တက် ရောက်ကြောင်း၊ ၎င်းတို့နှင့်အတူ မကွေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့မှူး၊ မှုခင်းတပ်ဖွဲ့၊ မူးယစ် တပ်ဖွဲ့တို့မှ ရဲမှူး/ဒုတိယရဲမှူးများနှင့်တပ်ဖွဲ့ဝင်များ၊ တိုင်းရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲမှူးနှင့် သင်တန်းမှူးများတက်ရောက်ကြောင်း၊ သင်တန်းသားများမှာ မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ပခုက္ကူမြို့နယ်တို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ကြီးကြပ်ရေးမှူးနှင့် ၀န်ထမ်းသင်တန်းသား များ(၃၄)ဦးနှင့် တက်ရောက်သူစုစုပေါင်း(၅၀)ဦးခန့်တက်ရောက်၍ ဟိုတယ်ဆိုင်ရာ လုံခြုံရေးသင်တန်း များကို ဘာသာရပ်အသီးသီးမှ သက်ဆိုင်ရာသင်တန်းမှူးများက သင်တန်းပို့ချပေးကြောင်း၊ နိုဝင်ဘာ (၁)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပ၍ သင်တန်းပြီးကြောင်း သတင်းရရှိသည်။
 

`` ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေးဆွဲခြင်း ဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် မကွေးတိုင်းဒေသကြီး NLD ပါတီအတွင်းရှိ ခရိုင်(၅)ခုမှ (၄)ခရိုင်တွင် တင်ပြဆွေးနွေးပွဲများကျင်းပပြီး´´

အောက်တိုဘာ(၂၆)ရက် နေ့လည်(၁း၃၀ မှ ၃း၃၀)နာရီအချိန် မကွေးမြို့ စိုးကောမင်းရပ် ကမ်းနာလမ်း နန်းထိုက်သူဟိုတယ်တွင် မကွေးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေး ဆွဲခြင်းဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် တက်ရောက်လာသော ပါတီဝင်များနှင့် ပြည်သူထူတုအင်အား (၅၀၀၀)ခန့်ကို NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း၊ မကွေးခရိုင်ဆွေးနွေးပွဲတွင် မကွေးမြို့နယ်မဲဆန္ဒနယ်မြေမှ NLDပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်မြေမှ NLDပါတီအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် တို့(၂)ဦးသည်(နေပြည်တော် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များမှ ခွင့်ယူပြီး)လာရောက်ကြောင်း၊ ယင်းလွှတ်တော်အမတ်(၂)ဦးသည် ပြည်သူလူထုနှင့်တစ်သားတည်း အခမ်းအနားတွင်း ကြမ်းပြင်တွင်ထိုင်၍ တက်ရောက်အားပေးကြောင်း သတင်းရရှိသည်။ ဦးကြည်ဝင်း၏ တင်ပြချက်မှ ကောက်နှုတ် ဖော်ပြပါသည်။ ``ပြည်သူထုပါမှ ဒီပွဲအောင်မြင်မှာပါ။ ဆန္ဒခံယူပွဲလုပ်ရင်မဲပေးကြမှာလား?။ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၄ မှာပြင်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ချောပြီ။ ဘာတွေပြင်ရမှာလဲဆိုရင် အရေးအကြီး ဆုံးပုဒ်မကြီး အခြေခံဥပဒေ(၄၃၆)ကိုပြင်မှာ သူတို့ကိုယ်နှိုက်ကကိုပြင်ဖို့ပြောနေကြပါပြီ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နဲ့လဲ သဘောတူညီချက်တွေရပြီ။ ဒီဥပဒေ(၄၃၆)ကိုသာပြင်လိုက်ရင် ဟိုဘက်က နိုင်ငံခြားသားသြဇာခံရဲ့ ဘာညာသာတကာတွေ အားလုံးပါသွားပြီ။ နိုင်ငံရေးဟာ ဖြစ်နိုင်ခြေကိုသာ လုပ်မှအဆင်ပြေမှာပါ။ ကဲ..မပြင်ဘူး၊ အခြေခံဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင်.. လွှတ်တော်ထဲက ကြံခိုင်ရေးပါတီကလဲ အသစ်ရေးမှာမဟုတ်ဘူး။ စစ်တပ်ကလဲ အသစ်ရေးဆွဲမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူထုလိုချင်တဲ့ပုံစံကိုရလာမှာက ပြင်ဆင်ခြင်းကသာ အမြန်ဆုံးအဆင်ပြေကြမှာပါ။ ကျွန်တော်ပြောခဲ့တာတွေလဲတော်တော်များသွားပြီ။ ပြည်သူထုအနေနဲ့ ကြိုက်သလို သာ အဆုံးဖြတ်အဖြေပေးနိုင်ကြပါတယ်လို့ ပြောကြားရင်နိဂုံးချုပ်လိုက်ပါတယ်..။´´ဟု NLDပါတီ(ဗဟို)ကော်မတီ ၀င် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း အခမ်းအနားမှူး ဦးနေမျိုးကျော် (ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး NLDပါတီ ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဖြစ်မြောက်ရေးကော်မတီ)မှ ပြည်သူလူထု (၅၀၀၀)ခန့်အား သဘာပတိထံအတည်ပြု၍ တက်ရောက် လာကြသူအားလုံးက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ကို မတ်တပ်ရပ်၍ ၁၀၀%ဆန္ဒပြုကြကြောင်း သတင်းရရှိသည်။ အလားတူ အဆိုပါပွဲများကို သဘာပတီအဖြစ် မကွေးတိုင်းNLDပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့်သဘာပတိအဖွဲ့ဝင်များ၊ အခမ်းအနားမှူး ဦးနေမျိုးကျော် နှင့် NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)တို့သည် အောက်တိုဘာ(၂၅)ရက်မှာ မင်းဘူးခရိုင်NLDပါတီမှ မင်းဘူးမြို့ သုခမိန်ခန်းမ၌ နေ့(၁း၃၀ မှ၃း၃၀)နာရီအချိန်ထိ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၃၀၀၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှရာခိုင်နှုန်းပြည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း သိရသည်။ အလားတူ အောက်တိုဘာ(၂၇)ရက် နေ့လည်(၁၁း၄၅ မှ ၂)နာရီအချိန် သရက်ခရိုင်NLDပါတီမှ သရက်မြို့ ရွှေစင်ငွေစင်ခန်းမ၌ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၁၀၀၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှရာခိုင်နှုန်းပြည့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း သိရသည်။ အလားတူ အောက်တိုဘာ(၂၈)ရက် နေ့လည်(၁း၄၅ မှ ၂)နာရီအချိန် ပခုက္ကူခရိုင်NLDပါတီမှ ပခုက္ကူမြို့ အမျိုးသား ခန်းမ၌ လူထုဆန္ဒခံယူပွဲတွင် စုစုပေါင်းအင်အား(၁၀၇၀)ခန့်တက်ရောက်ကြောင်း၊ တက်ရောက် လာသူများမှ ၉၉.၅% ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရန်ဆန္ဒပြုကြကြောင်း၊ ၎င်းပွဲတွင် (၅)ဦးက ၂၀၀၈ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲရန် ဆန္ဒပြုကြောင်း သိရသည်။ ကျန်ရှိနေသော ဂန့်ဂေါခရိုင်တွင် နိုဝင်ဘာ(၇)နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျန်သောမြို့နယ်များတွင်းလည်း အဆိုပါ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို နိုဝင်ဘာ(၁၀)ရက်နေ့အပြီးကျင်းမည်ဖြစ်ကြောင်း၊ ၎င်းတို့အသီးသီးမှ လူထုဆန္ဒခံယူမှုစာရင်းများကို NLD ပါတီ(ဗဟို)သို့ပေးပို့ပြီး၊ ဗဟိုမှတဆင့် (နေပြည်တော် လွှတ်တော်ရုံး) ၂၀၀၈ အခြေခံဥပဒေဆိုင်ရာလေ့လာရေးကော်မတီ(၁၀၉)ဦးထံသို့ အချိန်မီပေးပို့မည်ဖြစ်ကြောင်း သိရသည်။ ဤကဲ့သို့ NLD ပါတီအနေဖြင့် တစ်နိုင်ငံလုံးနီးပါး လူထုဆန္ဒခံယူနေခြင်းအား (ဘယ်လိုသဘောထား ကြောင့် လုပ်ရပါသလဲဟု ) မကွေးခရိုင်(၅)ခရိုင်လုံးတွင် အခမ်းအနားမှူး ဦးနေမျိုးကျော် ( ဥက္ကဋ္ဌ မကွေးတိုင်း ဒေသကြီး NLDပါတီ ၂၀၀၈ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဖြစ်မြောက်ရေးကော်မတီ) သို့မေးမြန်ခဲ့ရာ… ``ကျွန်တော်တို့ နိုင်ငံမှာ အာဏာရှင်အဆက်ဆက်ဟာ အခြေခံဥပဒေဆိုတာမပြောနဲ့၊ ဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာဆိုရင် ဘာတစ်ခုမှ လူထုမရနိုင်အောင်တားဆီးပိတ်ဆို့ခဲ့တာ နှစ်ပေါင်းငါးဆယ်ကျော်ပြီ လို့ပြောလို့ရပါတယ်။ NLDက မြန်မာ့သမိုင်းမှာ ပြည်သူတွေကို အမိအဖလိုသဘောထားပြီး အခြေခံဥပဒေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြလိုက်တဲ့ သဘောပါ။ ၂၀၀၈ အခြေခံဥပဒေဖြစ်ဖြစ် ဘယ်ဥပဒေဖြစ်ဖြစ် ပြည်သူ့ဆန္ဒသဘောထားမထင်ဟပ်ဘူး၊ ပြည်သူ့အကျိုး စီးပွားကာကွယ်ပေးထားတာမဟုတ်ရင် ကျဆုံးမှာသေချာတယ်ဆိုတာ အခုကျင်းပတဲ့ပွဲတွေက ပြည်သူတွေ ရဲ့တုံ့ပြန်မှုကို သက်သေပြနေတယ်လေ..။ အခြားပါတီတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးရဲ့ ပြောစကားမှားကြောင်း ပြည်သူတွေက သက်သေပြလိုက်တယ်လို့ ကျွန်တော်နားလည်ပါတယ်။ (ပြည်သူတွေဟာ အခြေခံဥပဒေကို လုံးဝနားမလည်ဘူးဆိုတာ) သူကပြောတဲ့စကား မှားသွားပြီးလို့ ဒီပွဲတွေကသက်သေပြလိုက်တာပါ။ ၂၀၀၈ အခြေခံဥပဒေရဲ့အားနည်းချက်တွေကို ပြင်ဆင်ပါလို့ မကွေးတိုင်းတွင်းရှိ ပြည်သူတွေက လွှတ်တော်ကို NLD ပါတီကတဆင့် ပြောလိုက်ကြပြီပေါ့ဗျာ..။ ပြည်သူ့ဆန္ဒတွေကို လေးစားတဲ့ လွှတ်တော်ဟုတ်/မဟုတ် ကျွန်တော်တို့စောင့်ကြည့်မှာပါ…။´´ဟု အခမ်းအနားမှူး ဦးနေမျိုးကျော် က ပြောသည်။
 

``အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ကြီးမှူးကျင်းပသော အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ) မကွေးမြို့တွင်ပြုလုပ်´´

အောက်တိုဘာ(၂၈)ရက် နေ့ (၁၀ နာရီမှ ၁၂း၃၀)နာရီအချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပသော အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ကြောင်း သတင်း ရရှိသည်။ အဆိုပါအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) မှ Freedom of Association Project နည်းပညာအရာရှိချုပ် Mr Patrick Quinn နှင့် ဌာနေကိုယ်စားလှယ် စောမွန်းလိုက်ပန်းဖိုး၊ အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး နှင့် ၎င်းဌာနမှတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်၊ အလုပ်ရှင်နှင့် မှတ်ပုံတင်ကျပြီးသော အလုပ်သမားအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြောင်းသိရသည်။ ယင်း အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ)တွင် ပထအဦးဆုံး (ILO) နည်းပညာအရာရှိချုပ် Mr Patrick Quinn က ပြောကြားရာတွင် အလုပ်ရှင်နှင့်အလုပ်သမားများ၏ လွတ်လပ်စွာအသင်းများဖွဲ့စည်းမှုနှင့် အပြန်အလှန်ဆွေးနွေးမှုများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်ပြုကြခြင်းပင်ဖြစ်ကြောင်း၊ ယခုလိုဆွေးနွေး ကြရာတွင် အစိုးရများ အလုပ်သမားအဖွဲ့အစည်းများ နှင့် အလုပ်ရှင်အဖွဲ့အစည်းများပါဝင်သည့် သုံးဦးသုံးဖလှယ် တွေ့ဆုံညှိနှိုင်းခြင်း စနစ်တခုဖြစ်ကြောင်း၊ ILOသည် အလုပ်သမားရေးရာနှင့် လူမှုဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ အလုပ်သမား အလုပ်ရှင် များနှင့် အစိုးရများသည် အစိုးရနှင့် ILO က ပြဌာန်းထားသည့် ဥပဒေဘောင်အတွင်းတွင် လုပ်ဆောင်လာခြင်းဖြင့် အောင်မြင်မှုများရလာကြမည်ဖြစ်ကြောင်း၊ နားမလည်သည်များကို ပြန်လည်မေးမြန်းနိုင်ပါကြောင်း၊ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ဌာနေကိုယ်စားလှယ် စောမွန်းလိုက်ပန်းဖိုးမှ ဘာသာပြန်၍ အပြန်အလှန်ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး မှ လယ်သမား၊ အလုပ်သမား၊ ရေနံမြေအလုပ်သမားများ၏ မေးမြန်ချက်များကိုပြန်လည်ဖြေကြားရာတွင်..၊ အလုပ်သမား၊လယ်သမားအဖွဲ့အစည်းများဖွဲ့စည်းလိုလျှင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ ကြိုတင်ခွင့်ပြု ချက်တောင်းခံရန်မလိုဘဲ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိကြောင်း၊ သို့သော် အသိပေးအကြောင်းကြားရန်သာလိုကြောင်း၊ သို့မှသာ အသိအမှတ်ပြုရာရောက်ပါကြောင်း၊ အလုပ်သမားအဖွဲ့အစည်းတိုင်းကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်လုပ်ခွင့်ဖန်တီး၍ မပေးနိုင်ကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ အလုပ်သမားဥပဒေ/နည်းဥပဒေများသည် အလုပ်သမားအားလုံးနှင့် အကြုံးဝင်သော်လည်း ၀န်ထမ်းဖြစ်နေလျှင် ၀န်ထမ်းများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန်လို အပ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး က ရှင်းလင်းဖြေကြား၍ သတင်းရရှိသည်။
 

``မကွေးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေးဆွဲခြင်း ဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် တင်ပြဆွေးနွေးပွဲကျင်းပ´´

အောက်တိုဘာ(၂၆)ရက် နေ့လည်(၁း၃၀ မှ ၃း၃၀)နာရီအချိန် မကွေးမြို့ စိုးကောမင်းရပ် ကမ်းနာလမ်း နန်းထိုက်သူဟိုတယ်တွင် မကွေးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ခြင်း(သို့မဟုတ်)အသစ်ရေး ဆွဲခြင်းဆိုင်ရာ ပြည်သူ့သဘောထားဆန္ဒခံယူရန် တက်ရောက်လာသော ပါတီဝင်များနှင့် ပြည်သူထူတုအင်အား (၅၀၀၀)ခန့်ကို NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း သတင်း ရရှိသည်။ ဦးကြည်ဝင်း၏ နောက်ဆုံးတင်ပြချက်မှ ကောက်နှုတ်ဖော်ပြပါသည်။ ``ပြည်သူထုပါမှ ဒီပွဲအောင်မြင်မှာပါ။ ဆန္ဒခံယူပွဲလုပ်ရင်မဲပေးကြမှာလား?။ ကျွန်တော်တို့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၁၄ မှာပြင်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ချောပြီ။ ဘာတွေပြင်ရမှာလဲဆိုရင် အရေးအကြီး ဆုံးပုဒ်မကြီး အခြေခံဥပဒေ(၄၃၆)ကိုပြင်မှာ သူတို့ကိုယ်နှိုက်ကကိုပြင်ဖို့ပြောနေကြပါပြီ။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ နဲ့လဲ သဘောတူညီချက်တွေရပြီ။ ဒီဥပဒေ(၄၃၆)ကိုသာပြင်လိုက်ရင် ဟိုဘက်က နိုင်ငံခြားသားသြဇာခံ၏ ယောက်ကျား သားသမီးတွေဆိုတဲ့ ဘာညာသာတကာတွေ အားလုံးပါသွားပြီ။ နိုင်ငံရေးဟာ ဖြစ်နိုင်ခြေကိုသာ လုပ်မှအဆင်ပြေမှာပါ။ မပြင်ဘူး၊ အခြေခံဥပဒေကို အသစ်ရေးဆွဲမယ်ဆိုရင်.. လွှတ်တော်ထဲက ကြံခိုင်ရေးပါတီက လဲ ရေးမှာမဟုတ်ဘူး။ စစ်တပ်ကလဲ အသစ်ရေးဆွဲမှာမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူထုလိုချင်တဲ့ပုံစံကိုရလာမှာ က ပြင်ဆင်ခြင်းကသာ အမြန်ဆုံးအဆင်ပြေကြမှာပါ။ ကျွန်တော်ပြောခဲ့တာတွေလဲတော်တော်များသွားပြီ။ ပြည်သူထုအနေနဲ့ ကြိုက်သလိုသာ ဆုံးဖြတ်အဖြေပေးနိုင်ကြပါတယ်လို့ ပြောကြားရင် နိဂုံးချုပ်လိုက်ပါ တယ်..။´´ဟု NLDပါတီ(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က တင်ပြဆွေးနွေးကြောင်း အခမ်းအနားမှူး ဦးနေမျိုးကျော်(မကွေးတိုင်း NLDပါတီ အတွင်းရေးမှူး)မှ ပြည်သူလူထု(၅၀၀၀)ခန့်အား သဘာပတိထံအတည်ပြု၍ တက်ရောက်လာကြသူအားလုံးက ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို မတ်တပ်ရပ်၍ ဆန္ဒပြုကြကြောင်း သတင်းရရှိသည်။
 

မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင်NLD ပါတီမှ မင်းဘူးမြို့သုခမိန်ခမ်းမ တွင် ၂၀၀၈ အခြေခံဥပဒေရေးရာ လူထုဆန္ဒခံယူရေး တင်ပြဆွေးနွေးပွဲကျင်းပ´´

အောက်တိုဘာ(၂၅)ရက် နေ့(၁း၃၀မှ ၃)နာရီအထိ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ ပြည်တော်သာလမ်း သုခမိန်ခန်းမတွင် မကွေးတိုင်းဒေသကြီး မင်ဘူးခရိုင်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေး ဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရေးတင်ပြဆွေးနွေးပွဲကို ပါတီဝင်နှင့်ပြည်သူ လူထုအင်အား သုံးထောင်ခန့်ဖြင့် (ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က ဦးဆောင်တင်ပြ ဟောပြော ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို သဘာပတိအဖြစ် မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော် နှင့် သဘာပတိအဖွဲ့ဝင်များ၊ NLDပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတာ (စလင်း)၊ ဦးကံဦး(စလင်း)၊ ဦးချစ်ထွေး(မကွေး)၊ ဒေါ်ခင်စောဌေး (ရေနံချောင်း)၊ ဦးအေးမြင့်(အောင်လံ) တို့ကဆောင်ရွက်ကြကြောင်း၊ သဘာပတီ မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ အဖွင့် အပိတ် အမှာစကားပြောကြားကြောင်း၊ NLD(ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)က ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရေးရာများကို အခြေခံဥပဒေနှင့်ပတ်သက် သော ဥပဒေများအားတင်ပြဆွေးနွေးကြောင်းသတင်းရရှိသည်။ ဥပဒေပညာရှင် ဦးကြည်ဝင်း(လပွတ္တာ)၏ ပြောကြာချက်များနှင့်(ဖွဲ့စည်းပုံအခြေခံဆိုတာ ဘာလဲ)ဆိုသော လက်ကမ်းစာရွက်မှ ကောက်နှုတ်ဖော်ပြပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေပြင်မလား သို့မဟုတ် အသစ်ရေးမလား ၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေဖြင့် စစ်မှန်သောပြည်ထောင်စုစနစ်၊ စစ်မှန်သောဒီမိုကရေစီထူထောင်ရန် မဖြစ်နိုင်ကြောင်း၊ အထက်တွင်အသေးစိတ်တင်ပြခဲ့ပါသည်။ ပြင်ဆင်ရေးစဉ်းစားသည့်အခါ ၂၀၁၅ မတိုင်မီ(ရေတို)ပြင်ဆင်ရေးနှင့် ၂၀၁၅ နောက်ပိုင်း(ရေရှည်)ပြင်ဆင် ရေးကိုစဉ်းစားသုံးသပ်ရန်လိုသည်။ ရေတိုပြင်ဆင်ရေးတွင် လတ်တလောပြင်ဆင်ရန်လိုအပ်သော(က) ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြဌာန်းချက်များကို မဖြစ်လောက်အောင်တင်းကျပ်ထားခြင်းမှ လက်တွေ့ကျသည့်အထိ လျှော့ချရေး။ (ခ) ၂၀၁၅ ခုရွေးကောက်ပွဲတွင် လွတ်လပ်၍တရားမျှတရေးအတွက် အဟန့်အတားပြဌာန်းချက်များအား ပယ်ဖျက်ရေး။ (ဂ) ရွေးကောက်ပွဲကော်မရှင်ကို မျှတသည့်ကော်မရှင်ဟု အမြင်ကြည်လင်စေရန် ပြင်ဆင်ရေး။ (ဃ)တရားဥပဒေစိုးမိုးရေးသည် ပြည်သူတို့က တရားစီရင်ရေးအပေါ်တွင် ယုံကြည်အားထားမှုအပေါ်မူတည်နေ သဖြင့် အုပ်ချုပ်ရေး၏အရှိန်အစော်မှ ကင်းလွတ်၍ လွတ်လပ်စွာတရားစီရင်စေရန် ဆောင်ရွက်ရေးတို့လိုအပ် ပါသည်။ ဖွဲ့စည်းပုံအခြခံဥပဒေအား အသစ်ရေးဆွဲမည်ဆိုပါက မည်သို့သော အခြေအနေများဖြစ်လာမည်ကို မမျှော်မှန်းနိုင်သော်လည်း ဒီမိုကရေစီနိုင်ငံတော်သို့ ပြည်ထောင်စုစစ်စစ်နိုင်ငံတော်သို့ အချိန်တိုအတွင်း ရောက်သွားနိုင်သကဲ့သို့ နိုင်ငံတော်သည်နောက်ကြောင်းပြန်လှည့်၍ အချိန်လည်းပိုကြာနိုင်ပါသည်။ စဉ်းစားရန်တစ်ချက်မှာ ဖွဲ့စည်းပုံအခြခံဥပဒေကို ပြင်ဆင်ရန် တပ်မတော်က သဘောတူရန်လိုပါသည်။ တပ်မတော်သဘောမတူပါက ပြင်ဆင်ရန်ခက်ခဲပါမည်။ ပြင်ဆင်ရန်သဘောမတူသော တပ်မတော်သည် အသစ်ရေးဆွဲရေးကို သဘောတူခွင့်ပြုနိုင်သည်ဟု ယူဆခြင်းမှာ လက်တွေ့ကျ မကျစဉ်းစားသင့်ပါသည်။ မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးတို့မှာ ပြည်သူ့တို့ဆန္ဒ အတိုင်းသာ ဖြစ်ပါသည်။ ဟု အဆုံးသပ်ဖော်ပြထားပါသည်။ထို့နောက် မင်းဘူးခရိုင် NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေရေးရာပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေး ဆွဲခြင်းအတွက် ပြည်သူ့ဆန္ဒသဘောထားခံယူရာ တက်ရောက်လာကြသော ပါတီဝင်များနှင့် ပြည်သူလူထု (၃၀၀၀)ခန့်တို့မှ အခြေခံဥပဒေပြင်ဆင်ရေး ကို အများကဆန္ဒပြု၍ သဘာပတိမှ အတည်ပြုကြေငြာပါသည်။
 

``ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတု ကြေညာစာတမ်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မကွေးမြို့တွင် ညှိုနှိုင်းပွဲပြုလုပ်´´

အောက်တိုဘာ(၂၅)ရက် နံနက်(၁၀း၃၀)မှနေ့လည်(၁)နာရီခန့်တွင်မ မကွေးမြို့ အောင်မင်္ဂလာရပ်ကွက် (၃)လမ်းနှင့် ခွာညိုလမ်းထိပ်ရှိ အမှတ်(၉) နေအိမ်၌ မြစ်ကွေ့ဧရာလူမှုကွန်ယက် အဖွဲ့ ၊ရှစ်လေးလုံးမြေလတ်ဒေသ ကျောင်းသားသမ္မဂအဖွဲ့ နှင့် NGOအဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များကိုဦးထွန်းဝင်းငြိမ်း (ဆရာကြီးသခင်ကိုယ်တော် မှိုင်းငြိမ်းချမ်းရေးကွန်ယက်)နှင့်ဦးတိုးတိုးထွန်း(လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ) နှစ်ဦးတို့မှ ဦးဆောင်ညှိနှိုင်းကြ ကြောင်း၊ ထိုဆွေးနွေးပွဲသို့ စုစုပေါင်း(၁၅)ဦးတက်ရောက်ကြောင်းသတင်း ရရှိ သည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသော ဦးထွန်းဝင်းငြိမ်း နှင့် ဦးတိုးတိုးထွန်းတို့မှာ ၂၀၁၃စက်တင်ဘာ (၁၈)ရက်နေ့တွင်ဖွဲ့စည်းခဲ့သော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုကြေညာစာတမ်း လုပ်ငန်းများ အကောင်အထည်ဖော်ရန် ပြင်ဆင်ညှိနှိုင်းရေး(ယာယီ)ကော်မတီ(၁၇)ဦးမှ အဖွဲ့ဝင်များဖြစ်ကြောင်း၊ ကြေညာချက်၌ လုပ်ငန်းစဉ်(၃)ရပ်ချမှတ်ထားကြောင်း၊ ၎င်းတို့မှာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရက် ဖယ်ဒရယ် ပြည်ထောင်စုနိုင်ငံတော်သစ်ကို ထူထောင်ရေး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲ ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေး။ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသား အင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရေး တို့ဖြစ်ကြောင်း၊ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှ စုစည်းရရှိခဲ့သော အင်းအားများဖြင့် တိုင်ပြည်ရဲ့လိုအပ်ချက်တွေကိုထင်ဟပ်စေတဲ့ အထက်ပါလုပ်ငန်းစဉ်(၃)ရပ်ကို လွှတ်တော်ပြင်ပရှိ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများအကြား ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောာင်တဲ့ အင်အားတစ်ရပ်ပေါ်ထွန်းလာဖို့ ကျွန်တော်တို့ ပြင်ဆင်ရေးအဖွဲ့က ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ဒါကြောင့် မကွေးမြို့မှာရှိကြသော NGO များနှင့် အခြား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများက အကြံပြုပေးကြပါရန်၊ ယခုညှိနှိုင်းရေးအဖွဲ့၏လုပ်ငန်းစဉ်များ ၂၀၁၃ အောက်တိုဘာ(၃၁)ရက် နေ့တွင် အပြီးသပ်ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း ဦးတိုးတိုးထွန်းက စတင်ဆွေးနွေးပြောကြားကြောင်း သတင်းရရှိသည်။
 

``နိုင်ငံခြားသား နှစ်ဦးပါသော ပြည်တော်ကြီးခရီးသည်တင်ကား ရေနံချောင်းမြို့၌ ချောက်ထဲထိုးကျ လူ(၄)ဦးသေ ၎င်းအား သွားရောက်စစ်ဆေးသော မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ကား အပြန် ကံပြားရွာ၌ မှောက် ရဲဘော်(၁)ဦးသေ´´

အောက်တိုဘာ(၂၂)ရက် နံနက်(၃း၁၅)နာရီအချိန်ခန့်တွင် ပြည် မှ ပခုက္ကူမြို့သို့ ပြေးဆွဲသော ပြည်တော်ကြီး ခရီးသည်တင်ကား ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်မောင်းလာသော ယာဉ်အမှတ် (၁ဂ/၃၄၀၁) ရေနံချောင်းမြို့သို့ရောက်ကြောင်း၊ ရေနံချောင်းမြို့ သစ်တစ်ပွေရပ်၊ (ရန်ကုန်- မန္တလေးလမ်း) ကွေ့ပတ်၍တောင်တက်လမ်း မိုင်တိုင် ၃၆၀ အနီးအရောက်တွင် ယာဘက်ချောက်ထဲသို့ ထိုးကျ၍ ကားမှောက် သွားကြောင်း၊ ၎င်း ကားတိမ်းမှောက်၍ စီးနင်းလိုက်ပါလာသူ မမြင့်မြင့်သူ(၁၄)နှစ်၊(ဘ) ဦးသန်းဆောင်၊ အင်ပင်ဂုန်းညှင်းတန်းရပ်၊ မြန်အောင်မြို့။ မခင်အေးကြူ(၄၀)နှစ်၊(ဘ)ဦးစိန်လှ၊ မေတ္တာဈေးတန်း ပခုက္ကူမြို့။ အမျိုးသမီးတစ်ဦး(အမည် နေရပ် စစ်ဆေးဆဲ) နှင့် ကိုဝင်းလှိုင် ကမ္မရပ် ပခုက္ကူမြို့ များတို့မှ ၎င်းနေရာတွင် သေဆုံးသူ(၄)ဦးရှိကြောင်း၊ ဒေါ်ခင်လှ(၇၂)နှစ် (ဘ)ဦးအံ၊ မေတ္တာဈေးတန်းရပ် နေသူ နှင့် အခြားခရီသည် (၁၁)ဦးတို့သည် ပွန်းပဲ့ဒဏ်ရာများရ(မစိုးရိမ်ရ)ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရ သည်။အဆိုပါ ယာဉ်ချောက်ထဲကျ တိမ်းမှောက်မှုကို ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်အား ရေနံချောင်းမြို့ ညောင်လှ ရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)/၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ အဆိုပါချောက်ထဲသို့ထိုးကျသော ပြည်တော်ကြီးခရီသည်တင်ကားတွင် သေကံမရောက် သက်မပျောက် ဘဲ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်ခဲ့သော နိုင်ငံခြားသား နှစ်ဦးလိုက်ပါလာ ကြောင်းသိရ၏။ ၎င်းတို့မှာ ပြင်သစ်နိုင်ငံသား Mr.Chrislophe Brun (PP No.13 AY39477, Visa No. B22262) ပါ နှစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါ ယာဉ်ချောက်ထဲကျ၍ကားတိမ်းမှောက်မှုအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ငြိမ်း၏ ကားယာဉ်အမှတ် ၇ခ/၁၅၄၉ တိုယိုတာ ဟိုက်လပ် ဒါဘယ်ကပ်ယာဉ် ယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) နှင့်လုံခြုံရေးအဖွဲ့တို့ အခင်းဖြစ်ပွားရာရေနံချောင်းသို့ လာရောက်စစ်ဆေး ကြောင်း၊ စစ်ဆေးပြီး၍ ရေနံချောင်းမှ မကွေးသို့အပြန်လမ်း ကံပြားလမ်းဆုံတွင် ၎င်းနေ့(အောက်တိုဘာ၂၂ရက် နံနက် ၈း၃၀)အချိန်ခန့်မှာ အဆိုပါရဲကား စလစ်ဖြစ်ပြီး ကားတစ်ပတ်လည်သွားကာ လမ်းဘေးရှိ သစ်ပင်ဖြင့် ယာဉ်နောက်ပိုင်းအား ရိုက်မိခဲ့ကြောင်း၊ ထိုအချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့လုံခြုံရေးလိုက်ပါလာသော မော်တော်ယာဉ်၏ နောက်ခန်းမှ ရဲတပ်သား သက်ကိုဦး(၂၁)နှစ် (လ ၂၃၇၆၂၂)အား ယာဉ်သံကိုင်းဖြင့် ဦးခေါင်းဆောင့်မိသွားကြောင်း၊ ၎င်းတပ်သား၏ ယာဘက်ပါးရိုးချိုင့်ဝင်သွားရာ ၀ဲဘက်နားမှာ သွေးထွက်ပြီး မကွေးသင်ကြားရေးဆေးရုံသို့ ပို့ဆောင်ဆောင်စဉ် လမ်း၌ ရဲတပ်သား သက်ကိုဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ လုံခြုံရေးယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) အား မကွေးမြို့နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂၆/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)အရအမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

``88 GSY ပါတီ နှင့် UMFNP ပါတီ (၂)ခု ပူးတွဲ၍ မကွေးတိုင်းဒေသကြီးတွင် (ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်း ဖွင့်ပွဲ´´

အာက်တိုဘာ(၂၂)ရက် နေ့လည်(၂)နာရီမှ(၃း၃၀)နာရီအချိန်တွင် မကွေးမြို့ အောင်မေတ္တာ(ခ)ရပ်ကွက် အမှတ်(၄၄၆)၌ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) 88 GSY ပါတီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (UMFNP )ပါတီ နှစ်ခုပူးတွဲ၍ မကွေးတိုင်းဒေသကြီးတွင် (ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ 88 GSY ပါတီ နှင့် UMFNP ပါတီ (၂)ခုသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မကွေးမြို့ ရန်ကင်းရပ်ကွက် သုခိတာလမ်းတွင် ၎င်းပါတီအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင် နှင့် ဥက္ကဋ္ဌ ဦးရဲထွန်း တို့ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အရပ်ရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်(၈၅)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မကွေးမြို့နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ် အရွေးချယ်ခံသူ(၂)ဦး အရွေး ချယ်ခံခဲ့ရာ ရှုံးနိမ့်ခဲ့ကြောင်း၊ ထိုအချိန်မှ ပါတီရုံးပိတ်ခဲ့ပြီး ယနေ့(ဒုတိယအကြိမ်) ဆိုင်းဘုတ်တင်၊ အလံတင်ပွဲနှင့် ရုံးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ရကြောင်း၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် အရွေးချယ်ခံမည့် ကိုယ်စား လှယ်များနှင့် ပါတီဝင်အင်အားများကို ပြန်လည်စုဆောင်းပြီး 88 GSY ပါတီ နှင့် UMFNP ပါတီ(၂)ခု ၏အောင်နိုင်ရေးကိုကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအခမ်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် (UMFNP)ပါတီ(ဗဟို)ကော်မတီဝင် ဦးတင်ဝမ်းက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြောင်း၊ အဆိုပါပွဲသို့ ပါတီဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုစုပေါင်း(၆၅)ဦးခန့် တက်ရောက်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) 88 GSY ပါတီ မကွေးတိုင်းဒေသကြီး တိုင်းစည်းရုံးရေးမှူး ဥက္ကဋ္ဌ ဦးအောင်လင်းဦး က ပြောသည်။
 

``မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့် ထံပေးသောစာ ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ…?

``မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့် ထံပေးသောစာ ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ…? (အောင်လံမြို့နှင့် သရက်မြို့များတွင်ဖြန့်ဝေဟု သိရ)´´ မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်(အောင်လံ) က မကွေးမြို့ရောက်စဉ် အောက်တိုဘာ(၁၅)ရက် နေ့ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒခံယူရန် ဟောပြောပွဲဖြစ်မြောက်ရေးတိုင်း/ခရိုင်အစည်းအဝေးမကျင်းပခင်မှာ အောင်လံမြို့နှင့် သရက်မြို့များတွင် ၂၀၁၃ ခုနှစ်အတွင်း (NLDပါတီဝင်အချို့ မကောင်းကြောင်း) NLD ပါတီကို မလိုလားကြသူလူတစ်စုမှ သရက်ခရိုင်မြို့နှင့်အောင်လံမြို့လူထုထံသို့ စာတစ်ဆောင်ဖြန့်ဝေသည်ဆို၏။ ထိုစာကို အစည်းအဝေးတက်ရောက်လာသော NLDပါတီအဖွဲ့ဝင်များ သို့ဖတ်ကြားပြသည်။ (ကျွန်တော်တို့ပါတီကို ဘယ်သူတွေက ဘာတွေပဲပြောပြော ရစရာမရှိအောင်ဆိုနေကြလဲ ကျွန်တော်ကတော့ နိုင်ငံရေးသမားပီပီ အရေထူနေပါပြီဗျာ..။) ဟု ရယ်မောစွာပြောဆို၍ ၎င်းစာကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး သတင်းရယူခဲ့ပါသည်။ သို့/ ရဲဘော်ကြီး မင်းသိတဲ့ အောင်လံNLD မှာ…. ရိုက်စား၊ ဖြတ်စား၊ သူတောင်းသားပါတီဝင်တွေရှိတယ်။ မိုးပြော၊ ဂျိုးပြော၊ ရိုက်စား လူလိမ် ဆိုက်က္ကားသမားပါတီဝင်အချို့ရှိတယ်။ မိုးကျ ရွှေကိုယ် ဒီမိုကရေစီအရေခြုံတွေရှိတယ်။ စကားတစ်လုံးကို အများဆုံးဘုံးပြောတတ်သူတွေရှိတယ်။ အောင်လံမြို့ရဲ့ ဂုဏ်ဒြပ်ပြည့်တဲ့ (မစင်စား)…အဲ ပင်စင်စားကြီးတွေရှိတယ်။ လိမ်တတ်၊ ညာတတ်၊ ပညာစုံတတ်တဲ့ (မစင်စား)ကြီးတွေပါတယ်။ ပါတီတွင်းနေရာလု တပြည့်မွေး၊ ဆရာကြီးတွေရှိတယ်။ ဘာမျှမသိတဲ့ ဟောင်ခွေး ယောင်ခွေး နောက်လိုက်ခွေးတွေရှိတယ်။ ဟို့ကွေ့ ဟိုတက်နဲ့လှော် ဒီကွေ့ ဒီတက်နဲ့လှော်တဲ့ အချောင်သမားခရိုနီတွေရှိတယ်။ ဇီးရိုးပရောင်းပါဆိုပြီး ဥက္ကဋ္ဌနေရာ ပါတီဝင်ထုမဲမရွေးဘဲ ပြောင်နေရာယူသူတွေရှိတယ်။ ပါတီတောင်မ၀င်ရသေး ပါတီဝင်ကော်မတီလူကြီး ဗြောင်ဝင်လုပ်တယ်။ တစ်သက်လုံး စက်ရုံ ဆေးရုံ၊ အမွေဆိုင်အဖေပိုင်၊ လုပ်စားသူတွေမြင်ရမယ်။ နေရာရရေးအတွက် ဟန်ပြစပွန်စာ စပေါ့ရိုက် နေရာလုထားသူတွေရှိတယ်။ NLD ပါတီဟာ စီးပွားရေးနေရာကောင်း ဖြတ်လမ်းလိုက်အာဏာမက်သူတွေမြင်ရမယ်။ မြင့်- သုံးမြင့်ဟုနာမည်ကြီး လိမ်ညာတတ်သူ ပါတီအပိုင်စီး(မစင်စား)ကြီးတွေ့ရမယ်။ ကပ်ခွာ ထွက်ပြေး ကင်းကွာနေရာရရေး ဒီမိုကရေစီဝိုင်းရံသူတွေရှိတယ်။ ၂၅၀ တန်မှ ၃၀၀ တန်ဂျာနယ်ဝါးတွေရှိတယ်။ အာဏာရှင်စနစ်ကြွင်း၊ မြင့်သုံးမြင့်တွေကို ဖင်ရက်ဆားဖြူးတွေရှိတယ်။ ငွေကြေးအကုန်ခံ ပိုက်ဆံမတတ်နိုင်သူကို အနိုင်ကျင့်တယ်။ နေရာရဖို့ ညွန့်လှိုင်း၊ အောင်ထူးမြင့်၊ ဆိုက်က္ကားသမားကို ဖာဖားသူတွေရှိတယ်။ ဥက္ကဋ္ဌ နေရာရသူ ဒို့ဖွားအေလင်အမြင်ရှိသူ ခရိုနီတွေရှိတယ်။ ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ထောင်တွင်းနေလို အာသာဖြေပေးတဲ့(ဂမ်းဒူး)ပါတယ်။ ပါတီကိစ္စကို (ကျူရှင်)လောက်မျှအရေးမထားတဲ့ အမတ်လုပ်ချင်သူတွေရှိတယ်။ ကဲ…ရဲဘော်ကြီး ဒီတောနက်ကြီးထဲက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဘယ်လိုရောက်အောင်သွားမလဲ။ ။ ဖြန့်ဝေခြင်း။ အောင်လံမြို့နယ်အတွင်းရှိ NLD ပါတီရုံးတိုင်းသို့…..။ အထက်ပါစာပါ(အာဘော်အတိုင်း) မကွေးတိုင်းNLD ပါတီ ဒု ဥက္ကဋ္ဌ ဦးအေးမြင့်(အောင်လံ)ထံမှ ရယူ၍ သတင်းရေးသားတင်ပြပါသည်။
 

``မကွေးမြို့တွင် လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲရှိ စပါးအုံးမွေကြီးဖမ်းဆီးရရှိ´´

အောက်တိုဘာ(၁၄)ရက် နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု အလယ်ချောင်းရွာ ထင်းပုံထဲမှ လုံးပတ်တစ်ပေခန့် အရှည်ဆယ်ပေခွဲ၊ ပိဿာချိန်(၇)ပိဿာခန့်ရှိ စပါးအုံးမွေကြီး တစ်ကောင်ကို ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။ အဆိုပါမွေကြီးကို အလယ်ချောင်းကျေးရွာ ဒေါ်ငွေလှိုင်နေအိမ်နှင့် ကိုနိုင်ဝင်းထိုက်တို့၏ နေအိမ်ကြားက ထင်းပုံကြားမှ အောက်တိုဘာ(၁၄)ရက်နေ့ နံနက်(၇)နာရီတွင်စတင်၍တွေ့ရှိကြောင်း၊ ၎င်းမွေကြီးကို ကိုနိုင်ဝင်းထိုက်နှင့် တရွာတည်းနေသူများ ကိုစိုးဝင်းအောင်၊ကိုအောင်ထွေး၊ ကိုတင်လင်းတို့ဖြင့် ၀ိုင်းဝန်းဖမ်းဆီးရာ အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အရှင်ဖမ်းမိခဲ့ကြောင်း၊ အဆိုပါမွေကြီးအား အသက်ရှင်ချမ်းသာ စွာနေနိုင်ရေးအတွက် အောက်တိုဘာ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် အလယ်ချောင်းရွာသားများမှ ဂျစ်ကား ဖြင့်တင်ဆောင်ပြီး မင်းဘူးမြို့ နဂါးပွက်တောင်တွင် သီတင်းသုံးတော်မှုသော ဆရာတော်ဦးစန္ဒိမာထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ နဂါးပွက်တောင်၊ နတ်နန်းအနီးတွင် (ယခင်ကလှူဒါန်း၍ မွေးမြူထားသော) စပါးအုံးမွေ စပါးကြီးမွေများအဖော်ရှိကြောင်း၊ ၎င်းတောင်သည် မွေနဂါးများပျော်မွှေရာဒေသဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
 

``မကွေးမြို့ မြသလွန်စေတီတော် (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပြီ´´

အောက်တိုဘာ(၁၄)ရက် နံနက်(၅း၃၀)အချိန် မြသလွန်စေတီတော်ရင်ပြင် တနင်္လာအရပ်မှ မြသလွန် စေတီယ သြ၀ါဒစရိယ ဆရာတော်(၉)ပါးနှင့် ပဌာနဘာဏက ဆရာတော်(၂၄)ပါးတို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်ပွဲ ကျင်းပပူဇော်၍ မကွေးမြို့ မြသလွန်စေတီတော် (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်လှစ်ကြောင်း သီတင်းကျွတ်လပြည်နေ့နံနက်တွင် သံဃာတော်များအား ဆွမ်းကပ်၍ ညနေ(၆)နာရီတွင် ဆီးမီး(၉၀၀၀) ပန်း(၉၀၀၀)ဖြင့် ပူဇော်မည်ဖြစ်ကြောင်း၊သတင်းရရှိသည်။ မြန်မာပြည်တွင်းရှိ သမိုင်းဝင်(၁၂)လရာသီ(၁၂)ပွဲတော် များထဲက မကွေးမြို့ မြသလွန်စေတီတော်သည် တစ်လခန့်ဘုရားပွဲတော်ဈေးဆိုင်များဖြင့်ရောင်းချကျင်းပ၍ ဇာတ်ပွဲများကို အောက်တိုဘာ(၁၄)ရက်မှ နိုဝင်ဘာ (၄)ရက်အထိရက်ပေါင်း(၂၀)ရက် ကပြခွင့်ပေးကြောင်း၊ ၎င်းပွဲတော်သည် မြန်မာပြည်အထက်ပိုင်း၌ အစည်းကား ဆုံး၊ အသန့်ရှင်းဆုံး စည်းကမ်းအကျ ဆုံး ဘုရားပွဲတော်ဟု အများပြည်သူများသိထားကြသည်။ ဈေးဆိုင်ခန်း ပေါင်းတစ်ထောင်သုံးရာကျာ်ခန့်ရှိပြီး စနစ်တကျ အမျိုးအစားအလိုက်ခွဲခြား၍ ခင်းကျင်းရောင်းချလျှက်ရှိပြီး ဓာတ်ပုံဆိုင်များ၊ ချင်းအလှခပ်ပြိုင်ပွဲများ၊ ချားရဟတ်များ၊ ထူးဆန်းပြပွဲ ပြခန်းများ၊ ကျန်းမာရေးပြခန်းများရှိကြောင်း၊ ၎င်းပွဲတော်တွင် ယခင်ကလို ဇာတ်ရုံ(၂)ရုံ၊ ရှပ်ရှင်ရုံ(၁)ရုံနေရာမပေးတော့ဘဲ ဇာတ်ရုံတစ်ရုံတည်းဖြင့် အောက်တိုဘာ(၁၈)ရက်မှ (၂၁)ရက်နေ့အထိ (၄)ညတွင်စေတနာအဆင့်မြင့်ဇာတ်သဘင်အဖွဲ့ကြီး နှင့်အတူ ရုပ်ရှင် ဂီတ အနုပညာရှင် များဖြစ်ကြသောရှပ်ရှင် ဗီဒီယိုသရုပ်ဆောင်၊အဆိုတော်များ ဇွဲ၊ သြရသ၊ မေသက်ခိုင် နှင့် အေသင်ချိုဆွေ တို့က ဖြေဖျော်ကပြမည်ဖြစ်ကြောင်း၊ ထို့နောက် အခြားဇာတ်ပွဲများအား ကန်ထရိုက်ငှါး၍ ဆက်လက်ကပြမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ပွဲတော်လာသူ တောင်သူကြီးတစ်ဦးအား မေးမြန်းရာ ``ဒီနှစ်က ကျွန်တော်တို့ နယ်အဝေးက တောင်သူလယ်သမားတွေဟာ ရာသီဥတုကဖောက်ပြန်တော့ သီးနှံတွေမရကြဘူးဗျ ။ ဒီမကွေးမြို့နားဝန်းကျင်ရွာတွေသာ ပဲတွေ နှမ်းတွေရကြတာပါ။ နောက်ပြီး နိုင်ငံအတွင်း ဟိုနေရာက ဗုံးတွေ့၊ ဒီနေရာကဗုံးတွေ့ကြ၊ ပေါက်ကွဲကျဆိုတော့ ပွဲတော်စည်းကားဖို့ တော်တော်လေး လုပ်ကြ ရမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာလူမျိုးတွေကတော့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွေဆိုရင် ဘေးကင်းရန်ကွာကြတယ်၊ အန္တရာယ်ကင်းကြတယ်ဆိုပြီး အချိန်တန်တော့လဲ ပျော်ကြ ပါးကြ ရောင်းကြ ၀ယ်ကြနဲ့ စည်းစည်းကားကားနဲ့ ပြီးသွားကြတာပါဘဲဗျာ..။´´ဟု ရေနံချောင်းမြို့နယ်က အသက်(၅၀)ခန့်ရှိ တောင်သူကြီး က ပြောသည်။
 

``၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်းကို မကွေးမြို့တွင် မြို့နယ်(လ.၀.က)ဦးစီးမှူးနှင့် အဖွဲ့ မှ ပြည်သူလူထုသို့ လှည့်လှယ်ဟောပြော´´

အောက်တိုလာ(၁၂)မှ(၁၄)ရက်ထိ စနေ၊တနင်္ဂနွေ၊ တနင်္လလာ နေ့များတွင် မကွေးမြိုနယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့် နှင့် မြို့နယ်ရုံးအဖွဲ့ဝန်ထမ်းအင်အား(၁၂)ဦး ခန့်ဖြင့် မကွေးမြို့ရှိ(၁၅)ရပ်ကွက်သို့ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်း ဟောပြောပွဲများ ကျင်းပကြောင်းသတင်း ရရှိသည်။ အဆိုပါဟောပြောပွဲများကို အောက်တိုဘာ(၁၂)ရက်နေ့ နေ့(၁ မှ ၃)နာရီတွင် မကွေးမြို့ မြို့မအိုးဘိုရပ် ကွက် ဓမ္မာရုံတွင် ဆုံရပ်ကွက် နှင့် မြို့မအိုးဘိုးရပ်ကွက် (၂)ရပ်ကွက်အတွင်းရှိ လုပ်သား ပြည်သူ(၁၀၀)ခန့်ကို ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအကြောင်း ဟောပြော ကြောင်း၊ လုပ်သား ပြည်သူများအနေနှင့် မှတ်ပုံတင်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ ပုံစံ(၁၀)ကိစ္စများပြုလုပ်ရာတွင် အခက်အခဲများရှိလျှင် ပွင့်လင်းစွာဖြင့် တင်ပြပေးရန် ဖိတ်ခေါ်ကမ်းလှမ်းကြောင်း၊ တိုင်းရင်းသားများဆိုလျှင် နေ့ချင်းပြီးဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ အခက်အခဲဖြစ်သူ ပြည်သူများ၏ တင်ပြချက်များအား ပြန်လည်ဖြေကြား ဆောင်ရွက်ပေး ကြောင်း မြို့နယ်မှူး ဦးလှမြင့်က ပြောသည်။ ``၂၀၁၄ ခုနှစ် မတ်လ(၃၀)ရက်ကနေ ဧပြီလ(၁၀)ရက်နေ့အထိသန်ခေါင်စာရင်းကောက်သွားမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ရှိရှိ မရှိရှိ စာရင်းကောက်ယူသွားမှာဖြစ်ပါတယ်။ သန်းခေါင် စာရင်ကောက်တဲ့အချိန်မှာ ပြည်သူလူထုအနေအနေနဲ့ သန်းခေါင်စားရင်းကောက်သူဆရာ ဆရာမများရဲ့ မေးခွန်း များကို အမှန်အကန်ဖြေဆိုဖို့အရေးကြီးပါတယ်။ ပြည်သူလူထုက အမှန်အကန်ဖြေဆိုမှသာ စာရင်းဇယားများ မှန်မှန်ကန်ကန်ရရှိမှာဖြစ်ပါတယ်။ ဖြေဆိုချက်များကိုလည်း မည်သူမျှမသိအောင် လျှို့ဝှက်ထားပေးမှာပါ။ အကောက်ခွန်ကိစ္စနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ မိဘပြည်သူများက ကျွန်တော်တို့ မေးမြန်းချက်များကို အမှန်အကန် အတိုင်းဖြေဆိုပေးမှ တိုင်းပြည်ရဲ့လိုအပ်ချက် ကိန်းဂဏ်းများအရ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး လူမှုရေး ကိစ္စများကို သက်ဆိုင်ရာက ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ သန်းခေါင်စာရင်းကောက်ယူတယ်ဆိုတာ မိဘ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် အထောက်အကူပြုရန် စာရင်းကောက်ယူခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဝန်ကြီးဌာနနဲ့အတူ ရပ်ကွက်အုပ်စုသန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့ အကျိုးအတွက်အားလုံးပါဝင် ကူညီဆောင်ရွက်ပေးကြပါခင်ဗျာ..။´´ဟု လ/ထ လ၀ကမှူး ဦးသန်းဇော်လင်း မှ ပြောကြားသည်။ အလားတူဟောပြောပွဲများကို အောက်တိုဘာ(၁၃)ရက်နေ့ နေ့(၁၂)နာရီမှ စတင်၍ ညနေ(၄)နာရီအထိ ဟောပြောပွဲများ(၃)ကြိမ်ကျင်းပကြောင်း၊ မြို့ဟောင်းရပ် ဘိုကုန်းမူလတန်းကျောင်းတွင် မြို့ဟောင်းရပ်ကွက်၊ သိင်္ဂါဂီရိရပ်ကွက်၊ ရွာသစ်/ပွဲကြိုရပ်ကွက်ရှိ လုပ်သားပြည်သူများ(၇၀)ဦးကိုဟောပြောကြောင်း၊ ထို့နောက် ပြည်တော်သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်တော်သာ၊ ကန်သာ၊ မြင်သာရပ်ကွက်ရှိ ပြည်သူများ (၈၀)ဦးကို၎င်း။ ထို့နောက် အောင်မေတ္တာရပ်ကွက် ဓမ္မာရုံတွင် အောင်မေတ္တာရပ်ကွက်၊ ဆားရွှေကင်းရပ်ကွက်ရှိ ပြည်သူများ(၅၀)ဦးကို၎င်း။ အောက်တိုဘာ(၁၄)ရက်နေ့ ည(၆နာရီမှ ၈)နာရီတွင် မကွေးမြို့နယ် ကုန်သည်ကြီးများ အသင်းတွင် အောင်ရတ နာရပ်ကွက် ၊အောင်မေတ္တာ၊အောင်မင်္ဂလာရပ်ကွက်ရှိ ပြည်သူများ(၁၅၀)ဦး ကိုဟောပြော ကြောင်း သတင်းရရှိသည်။
 

``ကလေးသူငယ်တွေ့ဆုံပွဲ မကွေးမြို့တွင်ကျင်းပ´´

အောက်တိုဘာ(၁၂/၁၃)နေ့(၂)ရက် နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန် မကွေးမြို့ အထက(၁)လမ်းရှိ လူမှုဝန်ထမ်းဌာန မူလတန်းကြိုနေ့ကလေးထိမ်းကျောင်းတွင် ကလေးသူငယ်တွေ့ဆုံပွဲ ကျင်းပကြောင်းသတင်း ရရှိသည်။ အဆိုပါ ကလေးသူငယ်တွေ့ဆုံပွဲကို Save The Children နှင့် WSVC(မကွေး) တို့ပူးပေါင်းပြီး ဆောင်ရွက်ကြောင်း ကလေးသူငယ်(၂၆)ယောက်တက်ရောက်ကြောင်း၊အသက်(၁၂)နှစ်မှ(၇)နှစ်ထိကလေးများ ဖြစ်ကြောင်း၊ အချို့က ကျောင်းနေကြ၍ အချို့ကကျောင်းနေသူများဖြစ်ကြောင်း၊ မကွေး၊ ပွင့်ဖြူမြို့နယ် ပဒဲ၊ လေးအိမ်၊ ကုန်းဇောင်း နှင့် ရေနံချောင်းမြို့နယ် ဖောင်းခွဲကျေးရွာများက ကလေးများလာရောက်တွေ့ဆုံ ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ကလေးများကိုတွေ့ဆုံကြပြီး ယခု ကလေး(၂၆)ယောက်ထဲက ထူးချွန်သူကလေး(၈)ဦးအား ရွေးချယ်မည်ဖြစ်ကြောင်း၊ ၎င်းကလေး(၈)ဦးကို နိုဝင်ဘာလထဲလောက်တွင် နေပြည်တော်သို့ ပို့ဆောင်၍ မြန်မာတစ်ပြည်လုံး ကလေးများတွေ့ဆုံပွဲနှင့် နိုင်ငံတကာ ကလေးများ တွေ့ဆုံပွဲများတွင် ပါဝင်တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ကိုဖြိုးသူစိုး ကပြောသည်။
 

``မကွေးတိုင်း NLD ပါတီ ခရိုင်(၅)ခု နှင့်(၂၅)မြို့နယ်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူရန် ဟောပြောပွဲများ (မပျက်မကွက်) ကျင်းပရန် စီစဉ်ပြီး´´

အောက်တိုဘာ(၁၁)ရက် နံနက်(၉)နာရီ မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် ဆေးရုံးလမ်း မင်းဘူးမြို့နယ် NLD ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် နှင့် မင်းဘူးခရိုင်/ခရိုင်တွင်းမြို့နယ် ပါတီတာဝန်ရှိသူများ (၂၀)ဦးခန့်ဖြင့် ကြိုတင်ညှိုနှိုင်းအစည်းအဝေးပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားများကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ NLD (ဗဟို) အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုတွင် NLD (ဗဟို) အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးကြည်ဝင်း(လပွတ္တာ) ဦးဆောင်း၍ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲ များကျင်းပရေးကော်မတီဝင်(၇)ဦးတို့နှင့် လှည့်လှယ်ဟောပြောမည်ဖြစ်ကြောင်း၊ အောက်တိုဘာ(၂၅) ရက်နေ့တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ အောက်တိုဘာ(၂၆)ရက်နေ့တွင် မကွေးခရိုင် မကွေးမြို့၊ အောက်တိုဘာ(၂၇) ရက်နေ့တွင် သရက်ခရိုင် သရက်မြို့၊ အောက်တိုဘာ(၂၈)ရက်နေ့တွင် ပခုက္ကူခရိုင် ပခုက္ကူမြို့ နှင့် ဂန့်ဂေါ်ခရိုင်သို့ လမ်းပမ်းဆက်သွယ်ရေးအခြေအနေရ ဆက်လက်ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ အခမ်းအနား များကို သတ်မှတ်ထားသောရက်များတွင် မပျက်မကွက် ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဒေသ အစိုးရများနှင့် တရားဝင်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ထားကြောင်း၊ သက်ဆိုင်ရာဒေသ ဟောပြောပွဲများသို့ အများပြည်သူများ စိတ်ပါဝင်စားစွာဖြင့် လူထုအများစုပါဝင်လာနိုင်ကြအောင် ကျင်းပမည့်ခန်းမ နေရာ၊ အချိန်များသိရှိအောင် ဖိတ်စာ များဖိတ်ကြားခြင်း၊ ခရိုင်/မြို့နယ်လူထုဆန္ဒခံယူရန် ဟောပြောပွဲများဖြစ်မြောက်ရေးကော်မတီများမှ လှည့်လှယ် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ မကွေးတိုင်းတွင်းရှိ (၂၅)မြို့နယ်များမှာ(မူလက နိုဝင်ဘာလကုန် အထိသတ်မှတ်ထားသော်လည်း) ရှေ့တိုး၍ နိုဝင်ဘာ(၁၀)ရက်အတွင်းမှာ (မပျက်မကွက်)အားလုံးပြီးစီးအောင် ကျင်းပသွားရန်စီစဉ်ထားကြောင်း၊ ၎င်းလူထုဟောပြောပွဲများတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ် ပြန်လည်ရေးဆွဲရေးအတွက် ၎င်းဥပဒေများကို အများပြည်သူများနားလည်အောင် ဟောပြောခြင်းသာ ဖြစ်ကြောင်း၊ တက်ရောက်လာသောလူထုများကိုဆန္ဒပြုရန် လက်မှတ်ရေးထိုးစေခြင်း မပြုလုပ်သေးကြောင်း၊ NLD (ဗဟို)မှ ညွှန်ကြားချက်အရ သီးခြားအစီအစဉ်ဖြင့် လူထုဆန္ဒလက်မှတ်များကို တောင်းခံသွားမှာဖြစ်ပါကြောင်း၊ မကွေးတိုင်း NLD လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ကပြော သည်။
 

``အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား မကွေးတိုင်းဒေသကြီး တွင်ကျင်းပ´´

အောက်တိုဘာ(၁၁)ရက် နံနက်(၉ မှ ၁၀)နာရီအထိ မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို (UNDP) နှင့် မကွေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့မှပူးတွဲကျင်းပကြောင်း၊ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း တက်ရောက်အဖွင့် အမှာစကားပြောကြားကြောင်း၊ ထို့နောက် ကုလသမ္မဂအထွေထွေအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးအတွက် သ၀ဏ်လွှာကို ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာန မကွေးတိုင်း ဒေသကြီး ဦးစီးမှူး ဦးရဲမင်းသန့် က ဖတ်ကြားကြောင်း၊ တက်ရောက်သူများမှာ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ နှင့် ဆရာ ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ကြောင်း၊ သဘာဝ ဘေးအန္တရာယ်အမျိုးအမျိုးအတွက် ကာကွယ်ရန် ပြန်လည်နေရာချထားရေးလုပ်ငန်းများ သိရှိလိုက်နာကြ စေရန် လက်ကမ်းကြော်ငြာများကို တက်ရောက်သူအားလုံးထံ ဖြန့်ဝေကြောင်း ဖတ်ရှုရန်စာအုပ်များနှင့် ထောင်ဘုတ် ပိုစတာ များဖြင့်လည်း ခင်းကျင်းပြသထားကြောင်း သိရသည်။ ကမ္ဘာကြီးမှာ ၂၀၁၂ ခုနှစ်အတွင်း ဘေးအန္တရာယ်ကျရောက်မှုပေါင်း(၃၀၂)ကြိမ်၊ လူပေါင်း(၂၉၇၈၂) ယောက်သေကျေပျက်စီးခဲ့ရကြောင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးမှုများကို နိုင်ငံပေါင်း(၁၀၁)နိုင်ငံမှ အမေရိကန် ဒေါ်လာ(၃၆၆)ဘီလျှံခန့် ဆုံးရှုံးခဲ့ကြောင်း၊ ဘေးအန္တရာယ်အဆိုးရွားဆုံးကျရောက်သော နိုင်ငံ(၅)နိုင်ငံဖြစ်သော ဖီလစ်ပိုင်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊တရုပ်ပြည်သူ့သမ္မတနိုင်ငံ၊ အန္ဒိယနိုင်ငံ နှင့် အင်ဒိုနိရှားနိုင်ငံ တို့ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ရပ်ရွာအခြေပြု အစိုးရအဖွဲ့နှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်ပူးပေါင်းဆောင်ရွက်ကြပြီး သဘာဝဘေးအန္တရာယ်များကိုကာကွယ်ကြရန် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံလျှင်လည်း ပြန်လည်နေရာချထားရေးအတွက် ကြိုတင်စီမံဆောင်ရွက်စီစဉ်ဆောင်ရွက်သွားကြရန် မကွေးတိုင်းဒေသကြီး အစိုးရ၀န်ကြီး ဦးအောင်ကျော်မင်း က ပြောကြားကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့တွင် အမိုးပြိုကျခဲ့သော မြို့တော်ခန်းမကြီးကို ပြန်လည်ပြင်ဆင်ပြီး၍ ဖွင့်ပွဲကျင်းပ´´

အောက်တိုဘာ(၁၀)ရက် နံနက်(၉ မှ ၁၁း၃၀)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက (၁)လမ်းရှိ မကွေးမြို့ ကျက်သရေဆောင်မြို့တော်ခန်းမကြီးကို ပြန်လည်ဖွင့်လှစ်၍ (၂၀)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆက်လက်ဖွင့်လှစ်ကြောင်း၊ ၎င်းအခမ်း အနားကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အစိုးရအဖွဲ့ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ (၂၀)ကြိမ်မြေက်ဆိုကရေးတီးပြိုင်ပွဲဝင်အဖွဲ့များ ဖိတ်ကြားထား သောဧည့်သည်တော် စုစုပေါင်း(၈၅၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြို့တော်ခန်းမကြီးမှာ ၁၉၈၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ကြောင်း၊ အလျား(၂၈၃)ပေ၊ အနံ(၂၆၃)ပေ အကျယ်အ၀န်း (၁.၅၄)မြေဧကပေါ်တွင် (၁၂၀X၆၀)ပေရှိ RCကွန်ကရစ်လောင်းနံရံကာ၍ သစ်သား ဒိုင်းများဖြင့် တစ်ထပ်အဆောက် အဦးခန်းမအဖြစ် တည်ဆောက်ခဲ့ကြောင်း၊ ထိုစဉ်ကာလက ကုန်သွယ်လယ်ယာ ခေတ် ဂိုဒေါင်ကြီးနှင့်တူကြောင်း၊ သို့ပါ၍ မြို့မိမြို့ဖ ဦးထွန်းဆိုင်မှ တိုင်း(တ.ယ.က) ဥက္ကဋ္ဌ သို့တင်ပြခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်ခန်းမရှေ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုလက်ရာပုံစံတပ်ဆင်၍ ဘေးနှစ်ဘက်ကိုပါချဲ့ထွင်ပြီး အကြီးစား ပြင်ဆင်ခဲ့ကြောင်း၊ ၂၀၁၂ ခု ဇွန်(၂၇)ရက် နေ့တွင်လည်း မကွေးစည်ပင်သာယာရေးအဖွဲ့ နှင့် ရန်ကုန်မြို့ ဂွတ်လပ်(Good Luck)ကုမ္ပဏီ တို့ပူးပေါင်း၍အဆိုပါ ခမ်းမ၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း အဆင့်မြင့်ပြုပြင်တိုးချဲ့ ရေးလုပ်ငန်းများဖြစ်သော အုတ်ဝန်းခြံကာခြင်း၊ ချက်ပြုပ်ဆောင်၊ ဧည့်သည်များနားနေဆောင်၊ အိမ်သာများ ဆောက်လုပ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာတစ်လုံးတပ်ဆင်ခြင်း၊ (Air- Con)၊ ခေတ်မီမီးဆိုင်းများတပ်ဆင်ခြင်းနှင့် ခေတ်မီအသံလုံခမ်းမကြီးအဖြစ် ငွေကျပ်သိန်းပေါင်း(၃၇၀၀)ကျော်ခန့်သုံးစွဲ၍မွမ်းမံပြင်ဆင်ခဲ့ပြီး ၂၀၁၂ စက်တင် ဘာ(၁၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်တက်ရောက်၍ (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီးပြိုင်ပွဲအခမ်းအနားပါကျင်းပ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါမြို့တော်ခန်းမကြီးကို အဆင့်မြင့်ပြင်ဆင်ပြီး တစ်နှစ်မပြည့်မီ (၈-၈-၂၀၁၃) နေ့ ညနေ(၆)နာရီ အချိန်ခန့်တွင် မိုးမရွာ လေမတိုက်ဘဲ ၎င်းခန်းမကြီး၏ အမိုးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း၊ သြဂုတ်လ (၉)ရက် နံနက်ပိုင်းတွင် စည်ပင်သာယာခန်းမတည်ဆောက်ရေးကော်မတီဝင်၊ မြို့မိမြို့ဖများနှင့် အသေးစိတ် စစ်ဆေးပြီး အမြန်ဆုံးပြုပြင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေး၍ သတင်းစာတွင် တင်ဒါခေါ်ပြီး တစ်လအတွင်း အမြန်ဆုံးပြင်ဆင်ပေးနိုင်ခဲ့သော (ECG)ကုမ္ပဏီက တင်ဒါငွေကျပ်(၃၈၉)သိန်းခန့်ဖြင့် ပြန်လည်ပြင် ဆင်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ စက်တင်ဘာ(၁၃)ရက်နေ့တွင် အဆင့်မြင့်ခေတ်မီသံလုံခန်းမဖွင့်ပွဲနှင့် (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီး ပြိုင်ပွဲအခမ်းအနား ကျင်းပခဲ့စဉ်က ခန်းမကြီး၏ပြင်ဆင်စရိတ်သိန်းပေါင်း(၃၇၀၀)ခန့် ကုန်ကျကြောင်းကြေငြာခဲ့ နိုင်သော်လည်း ယနေ့အောက်တိုဘာ(၁၀)ရက် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲမှာ ခန်းမကြီး၏ပြန်လည်ပြင်ဆင်ကုန်ကျ စရိတ်များကို ကြေငြာနိုင်ခြင်းမရှိသေး ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။