``မကွေးမြို့ အမှတ်(၁၃)အကြီးစားစက်ရုံ (TA TA)မှ ထုတ်လုပ်သော ခေတ်မီအဆင့်မြင့် ကားအသစ်များကို မည်သူမဆိုဝယ်ယူနိုင်ပြီ´´

မကွေးမြို့ တောင်တွင်းကြီးကားလမ်း မိုင်တိုင်အမှတ် ၃၂၄/၆ မကွေးစက်မှုနယ်မြေ အမှတ်(၁၃)အကြီးစား စက်ရုံ (TA TA) ကားစက်ရုံတွင် TA TA Motors Ltd. ကုမ္ပဏီအန္ဒိယနိုင်ငံနည်းပညာဖြင့် ထုတ်လုပ်သော ကား(၆)မျိုးကို သတ်မှတ်ထားသောကာလတန်ဘိုးငွေဖြင့် နေ့ချင်းပြီးရောင်းချပေးမည်ဖြစ်ကြောင်း(ယခင်က တစ်ပါတ်ခန့်ကြာ)ကြောင်း ၂၀၁၃ အောက်တိုဘာ(၄)ရက်နေ့တွင် ၎င်းစက်ရုံရှင်းလင်းဆောင်၌ စက်ရုံအထွေထွေ မန်နေဂျာ ဦးကျော်စွာစိုးက ပြောသည်။ အဆိုပါစက်ရုံကို ၂၀၁၀ ဒီဇင်ဘာ(၃၁)ရက်မှာဖွင့်လှစ်ခဲ့ကြောင်း၊ထုတ်လုပ်သောကားများမှာ City Bus. Cargo Truck. Dump Truck. Water Bowser.(ရေသယ်ယာဉ်)၊ Frie Fighting Truck.(မီးသတ်ကား)၊ နှင့်Combot Vehicle.(စစ်တပ်သုံးယာဉ်)ကားများအသင့်ထုတ်လုပ်ထားကြောင်း၊ ၎င်းကားများကို TA TA Motors Ltd. ကုမ္ပဏီ အန္ဒိယနိုင်ငံနည်းပညာဖြင့် အင်ဂျင်၊ ဂီယာဘောက်၊ ဘရိမ်၊ ဘော်ဒီ အရည်အသွေးမီ အသစ်စက်စက် ပစ္စည်းများကိုတပ်ဆင်ထားကြောင်း၊ အဆိုပါကားများအား ၎င်းစက်ရုံမှ ဆားဗစ်ဝန်ဆောင်မှုပေးခြင်း၊ မော်တော် ယာဉ်များ အတွက်လိုအပ်သော စပယ်ယာပတ်စ်ပစ္စည်းများကိုလည်း စက်ရုံမှရောင်းချပေးမည်ဖြစ် ကြောင်း၊ အောက်တိုဘာ(၅)ရက်နေ့အထိထုတ်လုပ်ပြီးရောင်းချသောကားများမှာ (၁) LPT 2116(6x2)ကားစီးရေ (၃၃)စီး၊ (၂) LPT 2123(6x4)ကား (၄၁)စီး၊ (၃)29 Seater Bus ကား(၅၀)စီး၊ (၄)LPK 2523 Tipper ကား(၁၈)စီး နှင့် ဂီယာဘောက်(S6-90)အမျိုးအစားလုံးရေ(၄၆)လုံးထုတ်လုပ်ပြီးကြောင်း၊ ကားထုတ်လုပ်ရေး စက်ရုံတာဝန်ခံ အင်ဂျင်နီယာကပြောသည်။ အလားတူ ၎င်းစက်ရုံမှ မြန်မာမီနီဘတ်စ် ကားလေးများကိုလည်းထုတ်လုပ်ရောင်းချပေးကြောင်း၊ မိသားစု သုံးရန်နှင့် TAX အငှါးယာဉ်လုပ်ငန်းအသုံးပြုရန်တို့အတွက် ခေတ်မီစလွန်းကားလေးများကိုလည်းကြိုတင်အော်ဒါ မှာ၍ ၀ယ်ယူလိုလျှင် စီစဉ်ဆောင်ရွက်ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း တစ်ဖွဲ့ချင်း မည်သူမဆို အဆိုပါ စက်ရုံသို့ ရုံးဖွင့်ချိန်တွင်လာရောက်ကြည့်ရှုစမ်းသပ်မောင်းနှင်၍ စိတ်တိုင်းကျကားများကိုဝယ်ယူနိုင်ပါကြောင်း၊ ကားဈေးနှုန်းများမှာ ရောင်းချမည့်ကားအမျိုးအစားအလိုက် ကတ်တစ်လောက်ဖြင့် ဈေးနှုန်းများချိတ်ဆွဲထား ပါကြောင်း ကားရောင်းချရေးမန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါ အမှတ်(၁၃)အကြီးစားစက်ရုံ(TA TA)မှအထွေထွေမန်နေဂျာ ဦးကျော်စွာစိုးအား ယခုစက်ရုံနှင့် ပတ်သက်၍ မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းကို အများပြည်သူများသို့ ပြောကြားလိုသည်များကိုမေးမြန်းရာ..၊ ``ကျွန်တော်တို့ အမှတ်(၁၃) အကြီးစားစက်ရုံက ထုတ်လုပ်ထားတဲ့ မော်တော်ယာဉ်တွေဟာ ခေတ်မီနည်းစနစ် ပညာများနဲ့ စက်ပစ္စည်းများကိုအသုံးပြုထုတ်လုပ်တယ်၊ အရည်အသွေးမီအကြီးစားကုန်တင်ယာဉ်ကားသစ်တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့သတ်မှတ်ရောင်းချပေးနေပါတယ်။ ယခုသတ်မှတ်ထားတဲ့ကားဈေးနှုန်းတွေက ပြင်ပပေါက် ဈေးထက်အနည်းငယ်များနေပေမဲ့ ကျွန်တော်တို့စက်ရုံထုတ်ကားတွေက အဆင့်မြင့်ကားသစ်ကြီးတွေဖြစ်ပါတယ်။ ကားဈေးကွက်အရ ဒေါ်လာဈေးအတက်၊အကျပေါ်မှုတည်ပြီး ဈေးနှုန်းများကိုပြင်ဆင်ပေးသွားမှာပါ။ ယခုမြင်ရတဲ့ ကားတွေဟာ ရောင်းချဖို့အသင့်ပြီးနေတဲ့ကားတွေဖြစ်ပါတယ်။ ဒီစက်ရုံက(၁)နှစ်အတွင်းမှာကားအစီးရေ (၁၀၀၀) တစ်ထောာင်ခန့်နဲ့ ဂီယာဘောက်စက်ရုံက တစ်နှစ်အတွင်းမှာ(S6-90)အမျိုးအစားဂီယာဘောက်အလုံးရေ (၅၀၀) ထုတ်လုပ်နိုင်ပါတယ်။ စက်ရုံအကျယ်မြေ(၁၃၀၀)ဧကပေါ်မှာ စက်ရုံများတည်ဆောက်ပြီးမြေ(၃၅၅)ဧကအသုံးပြု ထားပြီး နောက်ထပ် စက်ရုံတွေတိုးချဲ့နိုင်ပါသေးတယ်။ ဒီစက်ရုံကြီးရဲ့ရင်းနှီးမြုပ်နှံ့မှုကတော့ အန္ဒိယနိုင်ငံမှချေးငွေ ဒေါ်လာသန်း(၂၀)နဲ့ မြန်မာကျပ်ငွေသန်းပေါင်း(၁၅.၀၄၈)ဖြစ်ပါတယ်။ စက်ရုံများအတွက်ခန့်အပ်ထားတဲ့ အင်ဂျင်နီယာများ အရာထမ်း၊ အမှုထမ်း၊ နေ့စားဝန်ထမ်းများ စုစုပေါင်း(၅၇၉)ဦးရှိပါတယ်။ မိသားစုနေထိုင်ရေး အတွက်ဝန်ထမ်း အိမ်ယာများနဲ့ မိသားစုကျန်းမာရေးအတွက် (၁၆)ကုတင်ဆန့်ဆေးရုံ၊ မိသားစုပညာရေးအတွက် မူလတန်းကြိုကျောင်း(၁) ကျောင်းတို့ကို ဖွင့်လှစ်ပေးထားပါတယ်။´´ ``ကျွန်တော်တို့ စက်ရုံကထုတ်တဲ့ကားတွေကို ဈေးကွက်ထိုးဖောက်ပြီးဖြန့်ဖြူးနိုင်ဖို့အတွက် ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့စက်ရုံကြီးဟာ မကွေး-တောင်တွင်းကြီးကားလမ်းဘေး ဧရာဝတီ မြစ်ကမ်းရဲ့အရှေ့ဘက်မှာတည်ရှိပါတယ်။ မြစ်ကြောင်းကနေသင်္ဘောနဲ့တင်ဆောင်ပြီး မော်တော်ကားတွေကို သယ်ယူပို့ဆောင်နိုင်ပါ့မယ်။ လျှပ်စစ်မီးကိုလဲ(မကျီးကန်-မဟာဓာတ်အားလှိုင်းနဲ့ သဘာဝဓာတ်ငွေစက်ရုံ လျှပ်စစ် လိုင်း(၂)လိုင်းဆွဲထားပါတယ်။ ဒါကြောင့်(၂၄)နာရီလျှပ်စစ်ပါဝါအပြည့်ရရှိပါတယ်။ မီးရှိတယ်၊ရေရှိတယ်၊ ဓာတ်ငွေ့ ရှိတယ်။ TA TA နည်းပညာတွေ နဲ့ စနစ်တကျတည်ဆောက်ထားတဲ့ စက်ရုံကြီးတွေလဲ အဆင့်သင့် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့စက်ရုံကြီးရေရှည်ဆက်လက်ရပ်တည်နိုင်ဖို့အတွက် စိတ်ဝင်စားကြတဲ့ စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးချင်းအနေနဲ့၎င်း အဖွဲ့လိုက်အနေနဲ့၎င်း ပြည်တွင်းပြည်ပကုမ္ပဏီတွေကိုဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ စက်ရုံနဲ့ လုပ်ငန်းရှင်တွေက ထပ်မံရင်းနှီးမြုပ်နှံပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လဲ ဆောင်ရွက်နိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ..။´´ ဟု စက်ရုံအထွေထွေ မန်နေဂျာ ဦးကျော်စွာစိုးက ပြောသည်။
 

0 comments: