``နိုင်ငံခြားသား နှစ်ဦးပါသော ပြည်တော်ကြီးခရီးသည်တင်ကား ရေနံချောင်းမြို့၌ ချောက်ထဲထိုးကျ လူ(၄)ဦးသေ ၎င်းအား သွားရောက်စစ်ဆေးသော မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ကား အပြန် ကံပြားရွာ၌ မှောက် ရဲဘော်(၁)ဦးသေ´´

အောက်တိုဘာ(၂၂)ရက် နံနက်(၃း၁၅)နာရီအချိန်ခန့်တွင် ပြည် မှ ပခုက္ကူမြို့သို့ ပြေးဆွဲသော ပြည်တော်ကြီး ခရီးသည်တင်ကား ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်မောင်းလာသော ယာဉ်အမှတ် (၁ဂ/၃၄၀၁) ရေနံချောင်းမြို့သို့ရောက်ကြောင်း၊ ရေနံချောင်းမြို့ သစ်တစ်ပွေရပ်၊ (ရန်ကုန်- မန္တလေးလမ်း) ကွေ့ပတ်၍တောင်တက်လမ်း မိုင်တိုင် ၃၆၀ အနီးအရောက်တွင် ယာဘက်ချောက်ထဲသို့ ထိုးကျ၍ ကားမှောက် သွားကြောင်း၊ ၎င်း ကားတိမ်းမှောက်၍ စီးနင်းလိုက်ပါလာသူ မမြင့်မြင့်သူ(၁၄)နှစ်၊(ဘ) ဦးသန်းဆောင်၊ အင်ပင်ဂုန်းညှင်းတန်းရပ်၊ မြန်အောင်မြို့။ မခင်အေးကြူ(၄၀)နှစ်၊(ဘ)ဦးစိန်လှ၊ မေတ္တာဈေးတန်း ပခုက္ကူမြို့။ အမျိုးသမီးတစ်ဦး(အမည် နေရပ် စစ်ဆေးဆဲ) နှင့် ကိုဝင်းလှိုင် ကမ္မရပ် ပခုက္ကူမြို့ များတို့မှ ၎င်းနေရာတွင် သေဆုံးသူ(၄)ဦးရှိကြောင်း၊ ဒေါ်ခင်လှ(၇၂)နှစ် (ဘ)ဦးအံ၊ မေတ္တာဈေးတန်းရပ် နေသူ နှင့် အခြားခရီသည် (၁၁)ဦးတို့သည် ပွန်းပဲ့ဒဏ်ရာများရ(မစိုးရိမ်ရ)ဖြင့် ရေနံချောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသနေကြောင်း သိရှိရ သည်။အဆိုပါ ယာဉ်ချောက်ထဲကျ တိမ်းမှောက်မှုကို ယာဉ်မောင်း ကျော်ဇေယျာမြင့်(၃၄)နှစ်အား ရေနံချောင်းမြို့ ညောင်လှ ရဲစခန်းတွင် ယာဉ်(ပ)၈/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)/၃၃၇/၃၃၈ ဖြင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ အဆိုပါချောက်ထဲသို့ထိုးကျသော ပြည်တော်ကြီးခရီသည်တင်ကားတွင် သေကံမရောက် သက်မပျောက် ဘဲ ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကျန်ခဲ့သော နိုင်ငံခြားသား နှစ်ဦးလိုက်ပါလာ ကြောင်းသိရ၏။ ၎င်းတို့မှာ ပြင်သစ်နိုင်ငံသား Mr.Chrislophe Brun (PP No.13 AY39477, Visa No. B22262) ပါ နှစ်ဦးဖြစ်ကြောင်းသိရသည်။ အဆိုပါ ယာဉ်ချောက်ထဲကျ၍ကားတိမ်းမှောက်မှုအား မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ငြိမ်း၏ ကားယာဉ်အမှတ် ၇ခ/၁၅၄၉ တိုယိုတာ ဟိုက်လပ် ဒါဘယ်ကပ်ယာဉ် ယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) နှင့်လုံခြုံရေးအဖွဲ့တို့ အခင်းဖြစ်ပွားရာရေနံချောင်းသို့ လာရောက်စစ်ဆေး ကြောင်း၊ စစ်ဆေးပြီး၍ ရေနံချောင်းမှ မကွေးသို့အပြန်လမ်း ကံပြားလမ်းဆုံတွင် ၎င်းနေ့(အောက်တိုဘာ၂၂ရက် နံနက် ၈း၃၀)အချိန်ခန့်မှာ အဆိုပါရဲကား စလစ်ဖြစ်ပြီး ကားတစ်ပတ်လည်သွားကာ လမ်းဘေးရှိ သစ်ပင်ဖြင့် ယာဉ်နောက်ပိုင်းအား ရိုက်မိခဲ့ကြောင်း၊ ထိုအချိန်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့လုံခြုံရေးလိုက်ပါလာသော မော်တော်ယာဉ်၏ နောက်ခန်းမှ ရဲတပ်သား သက်ကိုဦး(၂၁)နှစ် (လ ၂၃၇၆၂၂)အား ယာဉ်သံကိုင်းဖြင့် ဦးခေါင်းဆောင့်မိသွားကြောင်း၊ ၎င်းတပ်သား၏ ယာဘက်ပါးရိုးချိုင့်ဝင်သွားရာ ၀ဲဘက်နားမှာ သွေးထွက်ပြီး မကွေးသင်ကြားရေးဆေးရုံသို့ ပို့ဆောင်ဆောင်စဉ် လမ်း၌ ရဲတပ်သား သက်ကိုဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ အဆိုပါ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ လုံခြုံရေးယာဉ်မောင်း ရဲတပ်ကြပ် ကြည်ညွှန့်ရွှေ(လ ၁၂၈၂၄၄) အား မကွေးမြို့နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂၆/၂၀၁၃ ပြစ်မှုအမှတ် ၃၀၄(က)အရအမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

0 comments: