``မကွေးမြို့တွင်း ရေစီးရေလာကောင်းစေရန် ဗိုလ်ချုပ်လမ်းမကြီးကို ရေမြောင်းဖြတ်၍ဖောက်နေပြီ´´

စက်တင်ဘာ(၃၀)ရက်နေ့တွင် မကွေးမြို့ ဗိုလ်ချုပ်လမ်း နှင့် မဲထီလမ်းဆုံနေရာတွင် ဗိုလ်ချုပ်လမ်းမကြီး ပေါ်မှ ကားလမ်းတစ်ခြမ်းအားပိတ်၍ ရေမြောင်းဖောက်လုပ်နေကြောင်း သတင်းဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင် သတင်းရယူသည်။ အဆိုပါ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကတ္တရာခင်းကားလမ်းတစ်ခြမ်းအားပိတ်၍ ရေမြောင်းဖောက်လုပ် နေခြင်းအတွက် မကွေးမြို့တွင် အထူးအဆန်းဖြစ်နေကြကြောင်း၊ ရှေးယခင်မှစ၍ ယခုအစိုးရအသစ် စည်ပင်သာယာရေး ဌာနမှ ဗိုလ်ချုပ်လမ်းမကြီးကို ဤကဲ့သို့ရေမြောင်းဖြတ်ဖောက်ရန်အစီအစဉ်မရှိခဲ့ကြကြောင်း၊ မကွေးမြို့တစ်မြိုလုံး မှာ ဧရာဝတီမြစ်အတွင်းသို့ရေထွက်ပေါက်ဆို၍ (ယခင်မကွေးမြို့၏တောင်ဖျား) ကင်းတံတား ရေထွက်ပေါက် တစ်ခုတည်းကိုသာ အသုံးပြုခဲ့ကြကြောင်း၊ ထို့ကြောင့် ရေစီးရေလာ မကောင်း၍ ရွာသစ်ရပ်ကွက် တွင် မိုးရွာတိုင်း ရေထွက်မြောင်းတွေမလုံလောက်သဖြင့် ရေကြီးရေလျှံခဲ့ကြကြောင်း၊ ဒီကိစ္စကို စည်ပင်သာယာရေး အဖွဲ့သို့ ရေစီးရေလာကောင်းစေရန်အတွက် မဲထီးလမ်း နှင့် ဗိုလ်ချုပ်လမ်းဆုံ၊ ပြည်တော်သာ လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ(၂)နေရာတို့တွင် ဗိုလ်ချုပ်လမ်းမကြီးအားဖြတ်၍ ရေမြောင်းများဖောက်လုပ်ပေးရန် သက်ဆိုင်ရာ အကြီအကဲများ နှင့် စည်ပင်သာရေးအဖွဲ့သို့ အကြိမ်ကြိမ်အကြံပြုတောင်းဆိုလာခဲ့ကြောင်း၊ ယခု အကြံပြုချက် အတိုင်း ဆောင်ရွက် တော့မည်ဆိုလျှင် မကွေးမြို့တွင် ဧရာဝတီမြစ်အတွင်းသို့ ရေထွက်ပေါက်(၃) ပေါက်ဖြစ်လာ မည်ဖြစ်၍ မကွေးမြို့တွင်းရပ်ကွက်များ ရေစီးရေလာကောင်းတော့မည်ဖြစ်ကြောင်း ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး (ဟောင်း) ဦးအေးချိုက ပြောသည်။ ဗိုလ်ချုပ်လမ်းမကြီးနှင့် မဲထီလမ်းထောင့်နေရာတွင် ပထမအကြိမ်အဖြစ် ဗိုလ်ချုပ်လမ်းမကြီးအား ရေမြောင်းဖောက်လုပ်သော လုပ်ငန်းများကို Maxကုမ္ပဏီ နှင့် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်း၍ စတင်ဆောင်ရွက် နေကြောင်း၊ ဤမဲထီလမ်းနှင့် ဗိုလ်ချုပ်လမ်းဖြတ်ရေမြောင်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ရွာသစ်ရပ်ကွက် (၁၅)လမ်းမှ ကမ်းနားလမ်းအထိ မဲထီးလမ်းတစ်လျှောက်တွင် အကျယ်(၄)ပေ၊ အနက်(၂)ပေရှိ အုတ်မြောင်းများ ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုလုပ်ငန်းများကို စက်တင်ဘာ(၃)ရက်နေ့မှာ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ် ၎င်းလုပ်ငန်းအတွက် အသုံးပြုရန်လျှာထားငွေကျပ်သိန်းပေါင်း(၅၈၈) ငါးရာရှစ်ဆယ့် ရှစ်သိန်းဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရယူခဲ့သည်။
 

0 comments: