``အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ကြီးမှူးကျင်းပသော အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ) မကွေးမြို့တွင်ပြုလုပ်´´

အောက်တိုဘာ(၂၈)ရက် နေ့ (၁၀ နာရီမှ ၁၂း၃၀)နာရီအချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်၌ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနတို့ ကြီးမှူးကျင်းပသော အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ကြောင်း သတင်း ရရှိသည်။ အဆိုပါအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO) မှ Freedom of Association Project နည်းပညာအရာရှိချုပ် Mr Patrick Quinn နှင့် ဌာနေကိုယ်စားလှယ် စောမွန်းလိုက်ပန်းဖိုး၊ အလုပ်သမား အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး နှင့် ၎င်းဌာနမှတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်၊ အလုပ်ရှင်နှင့် မှတ်ပုံတင်ကျပြီးသော အလုပ်သမားအဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် ပြည်တွင်း ပြည်ပသတင်းမီဒီယာများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ကြောင်းသိရသည်။ ယင်း အမြင်ဖွင့်ရှင်းလင်းပွဲ၊(အလုပ်ရုံဆွေးနွေးပွဲ)တွင် ပထအဦးဆုံး (ILO) နည်းပညာအရာရှိချုပ် Mr Patrick Quinn က ပြောကြားရာတွင် အလုပ်ရှင်နှင့်အလုပ်သမားများ၏ လွတ်လပ်စွာအသင်းများဖွဲ့စည်းမှုနှင့် အပြန်အလှန်ဆွေးနွေးမှုများသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်ပြုကြခြင်းပင်ဖြစ်ကြောင်း၊ ယခုလိုဆွေးနွေး ကြရာတွင် အစိုးရများ အလုပ်သမားအဖွဲ့အစည်းများ နှင့် အလုပ်ရှင်အဖွဲ့အစည်းများပါဝင်သည့် သုံးဦးသုံးဖလှယ် တွေ့ဆုံညှိနှိုင်းခြင်း စနစ်တခုဖြစ်ကြောင်း၊ ILOသည် အလုပ်သမားရေးရာနှင့် လူမှုဆိုင်ရာမူဝါဒများနှင့်ပတ်သက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဖွဲ့စည်းထားသော အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ အလုပ်သမား အလုပ်ရှင် များနှင့် အစိုးရများသည် အစိုးရနှင့် ILO က ပြဌာန်းထားသည့် ဥပဒေဘောင်အတွင်းတွင် လုပ်ဆောင်လာခြင်းဖြင့် အောင်မြင်မှုများရလာကြမည်ဖြစ်ကြောင်း၊ နားမလည်သည်များကို ပြန်လည်မေးမြန်းနိုင်ပါကြောင်း၊ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များအား ဌာနေကိုယ်စားလှယ် စောမွန်းလိုက်ပန်းဖိုးမှ ဘာသာပြန်၍ အပြန်အလှန်ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး မှ လယ်သမား၊ အလုပ်သမား၊ ရေနံမြေအလုပ်သမားများ၏ မေးမြန်ချက်များကိုပြန်လည်ဖြေကြားရာတွင်..၊ အလုပ်သမား၊လယ်သမားအဖွဲ့အစည်းများဖွဲ့စည်းလိုလျှင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ ကြိုတင်ခွင့်ပြု ချက်တောင်းခံရန်မလိုဘဲ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိကြောင်း၊ သို့သော် အသိပေးအကြောင်းကြားရန်သာလိုကြောင်း၊ သို့မှသာ အသိအမှတ်ပြုရာရောက်ပါကြောင်း၊ အလုပ်သမားအဖွဲ့အစည်းတိုင်းကို အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်လုပ်ခွင့်ဖန်တီး၍ မပေးနိုင်ကြောင်း၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ အလုပ်သမားဥပဒေ/နည်းဥပဒေများသည် အလုပ်သမားအားလုံးနှင့် အကြုံးဝင်သော်လည်း ၀န်ထမ်းဖြစ်နေလျှင် ၀န်ထမ်းများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန်လို အပ်ကြောင်း ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး က ရှင်းလင်းဖြေကြား၍ သတင်းရရှိသည်။
 

0 comments: