ကြီးပွားဘို့ ဆိုရာဝယ်.....

ကြီးပွားဘို့ ဆိုရာဝယ်…….

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လွန်ခဲ့တဲ့..၁၉၉၅ ခုနှစ်ကပါ……
လူတွေက ပြောနေကြတယ်၊ ကြီးပွားဖို့ထက် ထမင်းစားဘို့တောင် ခက်နေပါပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်သွားရင် ကောင်းမလဲ၊ စတဲ့ မေးခွန်းတွေကို တစ်ဦး နဲ့ တစ်ဦး မေးဖြစ်ခဲ့ပါတယ်။ စာပေမဂ္ဂဇင်းတွေထဲမှာဖတ်ရတာကတော့ မြန်မာပြည်တွင်းမှာ ကုမ္ပဏီကြီးတွေ၊ အပြိုင်အဆိုင်ဖွင့်ကြတယ်။ဟော်တယ်တွေ၊ အင်းတွေ၊ စားတော်ဆက်တွေနဲ့ နိုင်ငံခြား သွားနိုင်ဘို့ အလုပ်ရှာတဲ့ အကျိုးဆောင် ကုမ္ပဏီတွေ ပေါ်နေကြပါတယ်။ နိုင်ငံခြားမှာလည်း မြန်မာပြည်ကရောက်လာသူအများစူမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ပြီး ဒုက္ခရောက်နေတာတွေ.. စတဲ့ ဒီ အကြောင်းတွေကိုပဲ မဂ္ဂဇင်း၊ဂျာနယ်တွေထဲမှာ ပလူပျံနေတာကို ဖတ်ခဲ့ရပါတယ်။
“စာရေးသူတို့နိုင်ငံတော်ကြီးကို တိုးတက်ဖွံ့ဖြိုးလာအောင် ဈေးကွက်စီးပွားရေး၊ တံခါးဖွင့်ပြီး ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးထဲမှာ လုပ်စရာ မြေတွေလဲ အများကြီးပါ။ စားသုံးစရာ သယံဇာတတွေ၊ အလုပ်-လုပ်စရာ စက်ရုံ၊ အလုပ်ရုံကြီးတွေ၊ အများကြီးပါ၊ ဒါကိုပဲ မသုံးတတ်၊ မလုပ်တတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ခေတ္တမလေးရှား၊ခေတ္တတိုကျိုမှ အထင်ကြီးနေတတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ဘာကြောင့်နိုင်ငံခြားကို ထွက်ချင်ကြတာလည်းလေ့လာကြည့်တော့ မြန်မာပြည်မှာတစ်နှစ်လုပ်တာနဲ့နိုင်ငံခြားမှာ တစ်လစာလုပ်သလောက် ၀င်ငွေက ကွာခြားကြပါတယ်လို့ ဆိုကြပါတယ်။ နိုင်ငံခြားမှ ကုမ္ပဏီကြီးတွေ မြန်မာ့ပြည်တွင်းလာပြီး၊ ဖက်စပ်လုပ်နေကြတာကို အတုယူပြီး မျက်ခြေမပြတ်ဘို့ လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သံချပ်လို “ ၀က်သားတုံးကြီး ဒူးလောက် ပေါင်လောက်၊ သူများစားတာ မြင်ဘူးပါရဲ့” ဆိုနေ၍ မဖြစ်တော့ပါ။ ကိုယ်တိုင်၊ကိုယ်ပိုင် ကိုယ်စားနိုင်အောင် ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြဘို့ လိုနေပါပြီ။ နိုင်ငံပိုင် အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာမြေတွေတို့လည်း ပုဂ္ဂလိက ဖက်စပ် လွှဲပြောင်း ပေးနေတဲ့အထဲမှာ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတွေ ပါဝင်ပြီး နိုးကြား၊ ကြိုးစားကြပြီး ဦးဆောင် ဆောင်ရွက်စေချင်ပါတယ်။
ဒီလောက်တိုင်းပြည်တိုးတက်ဖို့ အဖက်ဖက်မှ ဆောင်ရွက်နေချိန်မှာ ကြီးပွားဖို့ထက် ထမင်းစားဖို့ ခက်နေပြီလို့ ပြောနေတဲ့လူတွေက ဘယ်သူတွေလဲ၊ ဘာဖြစ်နေကြတာလဲ၊ ဘာတွေ လုပ်နေကြတာလဲ၊ ကျွန်တော်လေ့လာရသမျှ တင်ပြပါရစေ။ စာရေးသူဟာ စီးပွားရေး ပါရဂူမဟုတ်ပါ၊ သာမန် လူသား တစ်ဦးပါ။ ပါတီ နိုင်ငံရေး ကင်းရှင်းသူ တစ်ယောက်ပါ၊ အတွေးအခေါ်အမှား စကားများ ပါခဲ့ရင်တော့ ခွင့်လွှတ်ကြပါ။ တိုင်းပြုပြည်ပြုဖြစ်အောင် အပြုသဘောနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ဖါးခြင်းလည်းမဟုတ်၊ ကြွားခြင်းလည်းမဟုတ်ပါ..။
ကြီးပွားဘို့ထက် ထမင်းစားဘို့ခက်နေသူများကတော့ ၀င်ငွေထွက်ငွေ မမျှတ ဖြစ်နေရတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားများနဲ့ လစားနည်းဝန်ထမ်းများပါပဲ၊ လုပ်အားခ နေ့တွက်ခမှာ တစ်ရက် ၃၀ိ/- နှင့် အထက် သာ ရရှိကြပါသည်။ မိသားစုက နည်းလျှင် (၄)ယောက်၊ များရင်(၁၀)ယောက်၊ (၁၂) ယောက်ကြားမှာ အမျိုးမျိုးပါပဲ၊ အလုပ်လုပ်နိုင်တဲ့ အရွယ်များတဲ့ အိမ်တွေကတော့ အသက်ရှု ချောင်ကြပါတယ်။ တစ်ယောက်၊ နှစ်ယောက် လုပ်အားရှိတဲ့ အိမ်မှာတော့ မလောက်မင ဖြစ်နေကြတာကို တွေ့ရပါတယ်။ ကုန်ကျစရိတ်တွေကတော့ ကလေးများ ကျောင်းစရိတ်၊ ရပ်ရေး၊ ရွာရေး အလှူငွေ ကိစ္စများ၊ မီးဖိုချောင်သုံး စရိတ်များ၊ ဒီသုံးခုမှာပဲ ချာချာလည်နေကြပါတယ်။ နေဖို့၊ ၀တ်ဖို့ကတော့ လက်ရှိနဲ့ပဲ နေကြရပြီး “ ပိုမှဝယ်၊ လိုမှပေါင်” ကျန်းမာရေးမကောင်းတော့ဖြင့် မရှိမဲ့ ရှိမဲ့ အ၀တ်အထည် ပစ္စည်းလေးတွေ တက်တက်ပြောင်သွားကြတာပဲ။ ငွေ မရှိလို့ ချေးသုံးရင် အပြင်မှာ အတိုးက နေ့ပြန်တိုး၊ ငွေတစ်ဆယ် ( ၂)ကျပ် တိုး၊ ငွေ တစ်ရာ မရှိလို့ ချေးသုံးထားရင်း အတိုးက ( ၂၀ ) ကျပ် ကျနေတယ်။ရတဲ့ နေ့တွက်ခက(၃၀)ကျပ်။စုစုပေါင်းချေးထားတဲ့ငွေကများနေကြတော့ ဘာကျန်တော့မလဲဗျာ။(၁၉၉၅ ခုနှစ်က နေ့တွက်ခဖြစ်ပါ၏။)
အဲဒီတော့ ဘာတွေ ဖြစ်နေကြသလဲ ဘာတွေ လုပ်နေကြသလဲဆိုတော့ ဒေသတစ်ချို့နဲ့၊ ဌာနဆိုင်ရာ တစ်ချို့တွေမှာ အကျင့်စာရိတ္တပျက်ကြတဲ့ သတင်းတွေက ပလူပျံနေအောင် ကြားလာရတယ်။ ရပ်ကွက်အတွင်း ဒေသအတွင်း၊ ဌာနဆိုင်ရာအတွင်း ၊ မကောင်းသတင်းတွေ၊ ထွက်လာပြီး ပုဂ္ဂိုလ်ရေးရာ အကြည်ညိုတွေပျက်လာတော့တာပဲ။
မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့ ကျွန်တော်တို့ မြန်မာစကားပုံ တစ်ခုလဲရှိပါတယ်။ ယခုလည်း “ မရှိလို့မူမမှန်၊ မူမမှန်တော့ လူပါမကျန်” အရေးယူခံရတာတွေကလည်း အများကြီးပါ၊ ရှိပါလျှက်နဲ့ မတော်မတရား၊ အင်အားတွေ သုံးပြီး လောဘ အတောမသတ်နိုင်ပဲ နေရာတိုင်းမှာ သူ့မျက်နှာ စီးပွားရေးသမားတွေလည်း ဒုနဲ့ဒေး ရှိကြပါသေးတယ်။
ကြီးပွားဘို့ထက် ထမင်းစားဘို့ ခက်နေသူ လူများ၊ ဘာလုပ်ရင် ကောင်းမလဲ ဘယ်သွားရင် ကောင်းမလဲ၊ တွေးတော ငေးမော မနေကြပါနဲ့တော့၊ အဓိကလုပ်ရမှာက “ ရိုးသား ကြိုးစားပြီး အလုပ်-လုပ်ပါ၊ ဘယ်နိုင်ငံခြားမှ သွားစရာ မလိုပါ၊ မိမိတို့ နိုင်ငံတော်မှာ စီးပွားရေး တံခါးဖွင့်ပေး နေပါပြီ။ အမှန်လမ်းကို ရဲရဲလျှောက်ကြပါ။ ကျွန်တော်တို့ အဘိုးအဖွားများ ပြောသွားခဲ့ဘူးပါတယ်။ နံပါတ်(၁)-အလုပ်လုပ်ကြပါ။ နံပါတ်(၂) ချွေတာ စုဆောင်းပါ။ နံပါတ်(၃) အရင်းအနှီးပြုကြပါ။ ဆိုခဲ့ ပြောခဲ့ကြပါတယ်။ နိုင်ငံတော်မှလည်း နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ လယ်ယာမြေ၊ အဆောက်အအုံ၊ တစ်စိတ်တစ်ဒေသများကို တစ်ဦးချင်း၊ လုပ်ပိုင်ခွင့်၊ ကုမ္ပဏီတွေကိုလွှဲပေးခြင်း၊ စုပေါင်းလီမိတက်ကုမ္ပဏီတွေ ချပေးနေတာလဲ ပြည့်သူများ သိကြမှာပါ။ မှတ်ချက်။ ။( အထက်နှင့် အောက် အဆင်ပြေအောင်ပေးနိုင်သူများ၊ အမျိုးတော်ကြသူ မျိုးချစ်ပုဂ္ဂိုလ်များသာ ရကြပါမည်။)
နိဂုံးချုပ်ဆိုရရင်တော့ မလောက်မင ဖြစ်နေရတဲ့ ဘ၀ထဲကပဲ၊ ရိုးသားကြိုးစားရှာပါ။ ချွေတာ စုဆောင်းကြပါ။ တတ်နိုင်သမျှ ကုမ္ပဏီတွေမှာ အစုရှယ်ယာဝင်ပြီး အရင်းအနှီးမတည်ထားကြပါ။ စားဘို့ မလောက်မင ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ (ဒီအကြောင်းက စီးပွားရေး နည်းပညာပိုင်းနှင့် ဆိုင်၍ မရေးတော့ပါ) ဒါကြောင့် တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ဆင်ခြင်နိုင်ကြဘို့ အကြံပြုပါရစေ၊ ရှေးလူကြီးများ စကားပုံ ထားခဲ့တဲ့ “ အိမ်ကိုဖြို စားဖိုကလို့ ” စားဖိုဖြစ်တဲ့ မီးဖိုချောင်ကို နိုင်အောင်ထိမ်းသိမ်းကြဖို့ အိမ်ကို ဖြိုမယ့် စားဖိုချောင်ကို မနိုင်ခဲ့ပဲ နေခဲ့မိရင် မိမိရဲ့ မူလက ဖြူစင်နေတဲ့ စိတ်ဓါတ်ကလေး၊ မနောကလေးကို ဒုက္ခဆိုတဲ့ လောဘ၊ဒေါသ အရောင်အသွေး တွေကို ဆိုးကုန်ကြမယ်။မလုပ်သင့်မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြရမယ်။ အဲဒီကျမှ အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်ကြီးပါ ဒုက္ခထဲ ပြိုကျသွားမယ်။ မှီခိုတဲ့ မိသားစု တစ်စုလုံးလည်း၊ ဒုက္ခလှလှကြီး ခံစားသွားရမှာ အမှန်ပါပဲ၊ ဒီလို မဖြစ်ကြရအောင် ပျက်အစဉ်၊ ပြင်ခဏဆိုသလို မူမမှန်ဘဲ မကောင်းတဲ့ အယူအဆ၊အတ္တ လောဘ စိတ်တွေ ဖျောက်ကြပြီး မိမိတို့ ကျရာ နေရာ ဒေသ လုပ်ငန်းတွေမှာ ရိုးသားကြိုးစားမှုများနဲ့ ကိုယ်ချင်းစာ တရားကိုလက်ကိုင်ထားပြီး ခေတ်မီတိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဖြစ် ၀ိုင်းဝန်း ဆောင်ရွက်သွားကြပါစို့။

“ သံတုတ္တိ ပရမ္မံ ဓနံ ” ရောင့်ရဲတင်းတိမ်ခြင်းသည် အမြတ်ဆုံး ဥစ္စာ ရတနာ………….။(ဗုဒ္ဓဘုရားရှင်၏တရာတော်)

လူသားအားလုံး ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ……။
စာရေးသူ၏ တောင်စဉ်ရေမရ အိမ်မက်ကလေးတစ်ခုပါ ……..။


ရွှေလမ်းငွေလမ်းဝင်းကြည်
(6-30-2009) ည(၉)နာရီ။
၁၉၉၅ ခု၊ ဇန္န၀ါရီလ၊(၁၀)ရက်နေ့တွင် ရေး၏။
ကြီးပွားရေး လမ်းညွှန်ဂျာနယ်သို့ပို့ထားသောစာမူအား ပြန်လည်တင်ဆက်ပေးပါသည်။
 

ကွန်ပျူတာနှင့် ခေတ်ပေါ်တေးဂီတပစ္စည်းများ အရောင်း မိတ်ဆက်ပွဲ


သတင်း
ရွှေလမ်းငွေလမ်းဝင်းကြည်

(၂၅-၆-၀၉ မှ ၂၈-၆-၀၉) အထိ(၄)ရက်၊ အရောင်းမိတ်ဆက်ပွဲကျင်းပ၏။ မကွေးတက္ကသိုလ်ကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားများ၊နှင့် ကွန်ပျူတာ အသုံးပြုကြသော မိဘပြည်သူများ၏ ၀ယ်ယူအားပေးမှုကြောင့် (၃၀-၆-၀၉)နေ့အထိ (၂)ရက် ထပ်မံရက်တိုးဖွင့်ပါသည်။ ကွန်ပျူတာနှင့်ကွန်ပျူတာ ဆက်စပ်သုံးပစ္စည်းများကို Asus ကုပ္ပဏီ မှလာရောက်မိတ်ဆက်၍ ရောင်းချပေးပါသည်။ အထူး လျှော့ဈေးဖြင့် အာမခံ(၁)နှစ်မှ(၂)နှစ် အထိတာဝန်ခံရောင်းချပေးနေကြောင်းမြင်တွေ့ခဲ့ရပါ၏။ အရောင်းတာဝန်ခံ ကိုမျိုးလေး၏ ပြောကြားချက် အရ ခင်းကျင်းပြသထားသော ပစ္စည်းများအမြန်ကုန်သွားပါ၍ ထပ်မံမှာယူပြီး ၀ယ်လိုသူများကျန်ရှိနေသောကြောင့် နောက်ထပ်နှစ်ရက်တိုးရပါသည်။


ဒီအရောင်းပြပွဲ ပြီးသော်လည်း ကောင်းမွန်ကွန်ပျူတာအရောင်းဆိုင်ကို ဆက်လက်ဖွင့်လှစ် ပေးသွားမှာ ဖြစ်ကြောင်း သိခဲ့ရ၏။ ခေတ်ပေါ် တေးဂီတ အရောင်းမိတ်ဆက်ပြခန်း တာဝန်ခံ သင်တန်းနည်းပြဆရာ ကိုရန်မျိုးအောင်(ခ) ကိုမျိုး (LEGEND STUDIO) ပိုင်ရှင်၏ ပြောကြားချက်အရ “ဒီအရောင်းပြပွဲ ပြီးတာနဲ့ ကောင်းမွန်ကွန်ပျုတာ အရောင်းပြခန်းနှင့် တွဲဘက်လို့ ခေတ်ပေါ် တေးဂီတ အဆို၊ အတီး၊ အရေး သင်တန်းများဆက်လက်ဖွင့်ပေးသွားပါမည်။ သီချင်း ၀ါသနာရှင် လူငယ်များအတွက် စီးရီးခွေများကို မကွေးမြို့က ကျွန်တော့် စတူတီယိုခန်းမမှာ အသံသွင်းနိုင်ပါပြီခင်ဗျာ..”။ နိုင်ငံခြားသံစဉ်တစ်ခုတည်းသာ မဟုတ်ပဲ မြန်မာသံစဉ်များကိုလည်း တီးခတ် သီဆိုနိုင်ကြကြောင်း သတင်းရရှိခဲ့ပါသည်။ ကောင်းမွန် စူပါမားကတ်ပေါ်တွင် ကွန်ပျူတာနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်း ဈေးနှုန်းများ၊ ကွန်ပျူတာနှင့်တွဲဘက် တီးခတ်နိုင်သော တေးဂီတပစ္စည်းဈေးနှုန်းများ။ တေးစီရီးခွေဖြင့် တစ်ကိုယ်တော် သံစဉ်သွင်း၍အဆိုတော် ဖြစ်လိုသူများ ဆက်သွယ် နိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ စုံစမ်းဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ (063-23600 / 23601 / 23240) တို့ဖြစ်ကြပါသည်။


ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၈-၆-၀၉)နေ့ ၊ ညနေ(၅)နာရီ။ ရေး၏။
 

လုံကွဲတော့ လွဲကုန်ပြီ.....

“ လုံကွဲတော့ လွဲကုန်ပြီ ”

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


ကျွန်တော်ငယ်စဉ်က အဂ္ဂိရတ်ဖိုထိုးတဲ့ ဆရာကြီး တစ်ယောက်ထံမှာ ဗေဒင်ပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော့် ဆရာကြီးရဲ့ စကား အထူးအဆန်းများကိုလည်း ပြန်လည်ကြားယောင်တွေးတောနေမိပါတယ်။
“ င့ါတပည့်----ဆရာကြီးဟာ(၇)ရက်သားသမီးများရဲ့စီးပွားပျက်၊ ရာထူးပျက်၊ အိပ်ထောင်ရေးပျက်၊ အချစ်ရေးပျက်----စတဲ့ ပုထုဇဉ် အရူးလေး ၊ အရူးကြီးတို့ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေရပါတယ်။ တနည်းအားဖြင့် အပူသည် ပွဲစားကြီးလို့လည်း ခေါ်နိုင်ပါတယ်။ အများတကာကတော့ ဆရာကြီး၊ ဆရာကြီးနဲ့ ခေါ်ဆို တိုင်ပင်ကြပါတယ်။ တိုက်ပုံ အင်္ကျီတကားကား၊ မျက်မှန်ကြီး တကားကားနဲ့ ဒီကဆရာကြီးမှာတော့ ကိုယ့်မိသားစုရဲ့ အိမ်တွင်းရေး၊ စီးပွားရေး အခက်အခဲကိစ္စတွေ့ကြရင် တိုင်ပင်စရာ လူမရှိဘူး။ ငါကလည်း ငါ့ရဲ့ ပညာမာနက ဖုံးလွှမ်းထားတော့ ငါ့ထက်တော်တဲ့သူ၊တတ်တဲ့သူ ငါ့ထက် အမျိုးချစ်တတ်တဲ့သူ ဒီဇမ္ဘူမှာ မရှိလောက်ဘူးလို့ ငါထင်နေခဲ့တာပဲ…”
စာရေးသူကျွန်တော်က ပြန်ပြောပါတယ်။
““ဒါပေါ့ ဆရာကြီးရယ် ဒီဇမ္ဘူမှာ အဂ္ဂိရတ်လောက၊ ဗေဒင်လောကမှာ ဆရာကြီး လောက်တော်တဲ့သူတတ်တဲ့သူ ဘယ်မှာ ရှိပါ့မလဲ။ ဟိုတစ်နေ့က သက်ဆိုင်ရာက သူတို့ကိုကျော်ဇောမှုနဲ့ ဖမ်းထားတဲ့ ရေနံကုန်သည်ကြီး လင်မယားကိစ္စတောင်မှ လွတ်မယ်ဆိုတဲ့ ရက်မှာလွတ်သွားခဲ့လို့ ဆရာကြီးနဲ့ ကျွန်တော် အာမခံ လက်မှတ်ရေးထိုးထုတ်ခဲ့ကြရတာ တပည့်အသိပါဆရာကြီးရယ်…”
ဆရာကြီးက သူ့ရဲ့ အလုပ် စားပွဲ အံဆွဲထဲမှ ငွေစက္ကူ အထုပ်လိုက် တစ်ထုတ်ကို ဆွဲထုတ်ရင်းက ကျွန်တော့်ကို ပြန်ပြောပါတယ်။
“ အေး ဟုတ်သားပဲ၊ သူတို့လင်မယားက လာပြီး ကန်တော့သွားတဲ့ ငွေ(၅၀၀၀ိ/-) ထဲက ရော့ငွေ ၁၀၀၀ိ/- ငါ့တပည့်ယူသွား၊ ဈေးကိုသွား၊ ဈေးထဲက ဖိုထိုးဖို့ လုံတွေ ဆိုဒ်စုံဝယ်ခဲ့၊ ဆေးဘက် လိုအပ်တာတွေ ဆရာ့ စာရင်းထဲမှာ ပါတဲ့ ဆေးပစ္စည်းအမယ်စုံအောင် ၀ယ်ခဲ့ကွာ၊ ရော့သွား-သွား”
ကျွန်တော် ဆရာကြီးပေးတဲ့ ဈေးစာရင်း စာရွက်ငွေကို ယူပြီး ဈေးသို့ ထွက်ခဲ့ပါတယ်။ ဈေးသို့ သွားနေရင်း လမ်းမှာ ဆရာကြီးရဲ့ အကြောင်းကို ပြန်စဉ်းစားမိပါတယ်။ ဆရာကြီးက အသက်(၆၀)၊ ယူထားတဲ့ နောက် မယားငယ်က အသက်(၂၅)နှစ်လောက်သာရှိပါအုံးမည်။ သားသမီးတွေက ဘုစုခရု အကုန်ပေါင်း(၇) ယောက်လောက်ရှိတယ်။ ဆရာကြီး အမြဲပြောနေကြ စကားက ကျုပ်က မိန်းမ မရှိရင် မနေတတ်ဘူး၊ ကျုပ်မိန်းမက သားယဉ်တယ်။ သူ့ကို တစ်ခါကျော်သွားမိတာနဲ့ ကလေးတစ်ယောက်ရသတဲ့---ဟဲ--ဟဲ--ဟဲ စဉ်းစားရင်း--
ကျွန်တော့်နောက်မှ---ပွမ်ပွမ်ဆိုတဲ့ ကားဟွန်းသံကြားမှ ကျွန်တော် နောက်လှည့်ကြည့်မိပါတယ်။ ကားဆရာကတော်တော်စိတ်ဆိုးနေပါတယ်။
“ရှေ့ကစက်ဘီးဆရာ၊ ဒီလောက် ကားဟွန်းသံပေးနေတာတောင်၊ ဘာတွေများ တွေးပြီး ပြုံးနေတာလဲ၊ ပြုံးပြုံးလေးနဲ့ မသာပေါ်သွားမယ်နော်”
“ဆောရီးပဲ…ကားဆရာရေ” ကျွန်တော်က တောင်းပန်၍ ပြောပြောဆိုဆိုနဲ့ ဈေးထဲဝင်ပြီး ဆရာကြီးမှာတဲ့ ပစ္စည်းများ၊ လုံများ ၀ယ်လို့ ဆရာကြီး ထံပြန်ခဲ့ပါတယ်။
“ ဆရာကြီး မှာတာတွေ အကုန်ပါ-ပါတယ်ခင်ဗျား”
ဆရာကြီးမှ
“ အေး--အေး--ဆေးအမယ်တွေ ဈေးက ၀ယ်လာတာ စုံပြီ မဟုတ်လား၊ ဖိုထိုးဘို့ လုံများလည်း ပြည့်စုံပါပြီ၊ ဆေးအမယ်မျာလည်း စုံလင်ပါပြီကွာ.. ဒို့ဆရာတပည့် လုံလောက်ရင်ဖြင့် ဖိုထိုးကြစို့၊ ကျမ်းစာကို ဆရာကြီးဆိုမယ်၊ င့ါတပည့်က ဆေးအမယ်အတိုင်း ကိုက်အောင် ထည့်ပေတော့-မသိတာရှိရင် မေးပါ“
ဆရာကြီးက ဆေးလိပ်တိုကို စိတ်ပါလက်ပါ တအားဖွာ၍အမည်မသိ အဂ္ဂိရတ်ကျမ်းစကား စာတစ်ပုဒ်ကို အလွတ်ဆိုပါတော့တယ်။
“ တစ်မနက်တွင်၊ ရက်မငင်၊ မျက်မြင်ဒိဌ၊ ရာဇတစ်လမ်း၊ အခန်းခန်းကို ဥာဏ်စွမ်းသလောက် ခုချက်ခြင်း ကောက်လိုက်မည်--ရေတွင်ပျော်ပါး၊ တူဖော်ကြွားတဲ့ နဂါးမင်း မာန်စွယ်၊ “ န၀” တန်ခိုးလွတ်တဲ့ သွပ်ဒဿ၊ တပေါင်းထား အကြောင်းအားဖြင့် ဆေးကိုပါယ်ဖျက်၊ ကြောက်ချဉ်စွက်၍၊ သတ္တက ဓါတ်၊ ရောစပ်ရက်ရုံ၊ ငှက်ဂဠုံ၊ မုံအထပ်ထပ်၊ တဆယ်သားပါအောင် စပ်၍ ညှပ်လွှာစုံရုံး ဖွဲတတင်းနှင့် ကျင်းတွင်အုံးသော် ၊ ထုံးသို့ ကြေမွ၊ အနိစ္စ စိတ်ချပါလေ။ အဂ္ဂိသေ၊ ပြဒါးသေတမတ်၊ဘော်နှင့်ဒဏ်ငွေ၊ ကောလီ ကြေအောင်၊ သရေချပ်ပြား၊ လေးထပ်ဖားနှင့် တအားကုန်နှိပ် ကိစ္စမြောက်မူ၊ ၄င်းနည်းတူပေါင်း စည်းယူ၊ ခြောက်မီးသာမြောက် ရလောက်သတ္တု၊ ရင်းတစုတွင်၊ ကရုလတွတ်၊ လျှပ်ရောင်ပတ်ဝန်း၊ ဓါတ်ရောင်စင်းဘော်လင်းတင်း ဟုတ်ခဲ့ပေါ့၊ ကျမ်းထုတ်တဲ့ ဥာဏ်က၀ိန်က စံယှဉ်ကာ ဇမ္ဘူရစ်ပါပဲ- များ ချစ်ဘို့ ဟိုနောင်နောင် ဆိုလောက်အောင် အခြေကောင်း စေဘို့၊ သူ့ဝဏ္ဏံ ရွှေကျောင်းကိုဖြင့် မသင်္ကာ၊ ပညာလောင်း လိုက်မယ်။ မှတ် --ဖရောင်း တင်ကြည့်။
ဆရာကြီး ရဲ့ တေးထပ်လား၊ကဗျာလား၊ ခွန်းထောက်လား မသိ၊ သူဆိုတာ ပြောတာများ ကို မသိတာမေး၍ ဆေးအမယ်များ ရောစပ်ရလို့ ပြာ လဲပေးရ၊ မီးသွေးများ ထည့်ပေးရ၊ ဖားဖိုဆွဲပေးရ မီးက မီးလုံ (၁၁)လုံး မြောက် ပြည့်ခဲ့ရပါသည်။
“ ကဲ --င့ါတပည့်ကြီး၊ မီး(၁၁)မီး စေ့ပြီလား၊ မီး(၁၁)မီး စေ့ဖို့ ဒီလုံ(၁၁)လုံး မြောက်မှာ ဆရာကြီးရဲ့ အနှစ်နှစ်အလလက ကြိုးစားစုဆောင်း ရှာဖွေ ရခဲ့တဲ့ ယခုဓါတ်ပစ္စည်းကို ခွဲကြည့်ရအောင် ၊ ဖိုဆွဲတာ လျော့တော့ မီးအောင်အောင်ထား ဒီ(၁၁)မီး အောင်တဲ့ လုံထဲက သွပ်တွေ မင်းတို့ ယခုခေတ်ကြီးထဲမှာလိုတရ ပီယဆေးပဲကွ-----မင်းဘာလိုချင်သလဲ ဒီသွပ်သေ ဓါတ်ကို ဆောင်ပြီး သွားရင် အကုန်လုံး လိုတာရမယ်ကွ..မှတ်ထား”
ကျွန်တော်.. ဆရာကြီးရဲ့ စကားကို သိပ်သဘောကျ ပီတိဖြစ်မိနေပါတယ်။ ဆရာကြီး ပြောသွားတဲ့ သွပ် အသေဓါတ် အဆောင်ထက်ပိုတာရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ အဆောင် အကောင်းဆုံးကတော့ (ငွေနဲ့အာဏာ) (အာဏာနဲ့ငွေ)--ပါ။ ဒီနှစ်မျိုးထက်ကောင်းသော အဆောင်၊ ဒီနှစ်မျိုးမပါဘဲနဲ့ လိုတာ ရမယ်ဆိုတဲ့ ဆရာကြီးရဲ့ သွပ်သေ ပီယဆေးကို ကျွန်တော် သိပ့်ကို ဆန္ဒအာသာပြင်းပြစွာလိုခြင်နေမိပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်ကြီးထဲမှာ တရားကို နတ်မစောင့်တော့ပါ၊ တရားကို နတ်ထက်ပိုတဲ့ လူတွေ၊ လတ်တဆုပ်စာလူတစ်စုက တနပ်စားဥာဏ်နဲ့ပဲ အရာရာနေရာတိုင်းမှာ လုပ်ကိုင်စောင့်ရှောက် ဆောင်ရွက်နေကြပါတော့တယ်။
တရားကို နတ်မစောင့်နိုင်ကြတော့ပါ၊ နတ်တဲ့ပိုတဲ့ အာဏာ ရှိတဲ့သူတွေ စောင့်နေကြလို့ အမှုတစ်ခု ဖြစ်ရင်တော့ ငွေမပါ၊သေရွာသို့သာ သွားနေကြရပါတယ် ။ “ ငွေပါရင် အမေ့ရွာတောင် မေ့သတဲ့” အမှုဖြစ်တဲ့သူတွေ၊ ထောင်ကျတဲ့သူတွေရဲ့ လောကထဲမှ ကြားရတဲ့ စကားများပါပဲ။
ဘုရား--ဘုရား၊ သစ္စာ အမှန်တရား ဆိုတာ၊ ဗုဒ္ဓတရားစာအုပ်တွေထဲမှာပဲ ထားကြတော့မှာလား?။ ယနေ့လောကီ လောကထဲမှာ လူတွေထဲမှာသစ္စာအမှန်တရားတွေ မရှိကြတော့ ပါကလား…”။ ကျွန်တော် ဖားဖိုကြီးကိုဆွဲနေရင်းက စဉ်းစားရင်း အတွေး နယ်လွန်သွားပါတယ်။
“ ဟေ့၊ ငါ့တပည့်ကြီး၊ မီးအေးလောက်ပြီ လုံချရအောင်၊ လုံချပြီး အထဲက ဓါတ်လုံးသွပ်တွေကို ကြည့်ကြရအောင်ကွာ၊ ”
“ ဟုတ်ကဲ့ ဆရာကြီး..လုံချပြီးပါပြီ၊ ဟာ…ဆရာကြီး လုံရဲ့ဘေးနားမှာ ကွဲအက်ကြောင်းကလေး… တွေ့ပါတယ်ခင်ဗျာ။
“ ဟေး-ဗုဒ္ဓေါ၊ လုံလောက်လို့ ဖိုထိုး၊ ယခုတော့ လုံကွဲတော့ လွဲကုန်ပြီ င့ါတပည့်ရေ---လုံကွဲတော့ ဓါတ်လုံးသွပ်က..အဲဒီအထဲမှာ ဘယ်ရှိတော့မလဲ၊ ပြန်ထွက်သွားပြီ..ဘာမှရှိမှာ မဟုတ်တော့ပါဘူးကွာ..သွားပါပြီ..သွားပါပြီ….။
ဆရာကြီးက စိတ်ပျက်လက်ပျက်နဲ့ သူသောက်နေကြ ဆေးလိပ်တိုကြီးကို သူဗေဒင်ဟောတဲ့စားပွဲနဲ့ ဆောင့်ထိုးလိုက်ပါတော့တယ်။
ကျွန်တော်လည်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ မီးဖိုခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသော… ဖားဖိုကြီးထဲက မီးသွေးသံတွေ….ကို နားထောင်ရင်း.. ရင်ထဲက… စကားပြောနေမိပါတယ်…..။
“ ဆရာကြီးရယ်၊ လုံကွဲတော့ လွဲကုန်တာ၊ ဆရာကြီးတစ်ယောက်တည်း မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို မြန်မာပြည်မှာ အများကြီး ၊ အများကြီး၊ ဆရာကြီးက လုံကွဲလို့ လွဲကုန်တာ..၊ မြန်မာပြည်ထဲက လူတွေ အများကတော့ လုံမကွဲဘဲ…. လွဲကုန်တာ..ကြာ..ကြာလှပါပြီဆရာကြီးရယ်…..။”

လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ…..။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-29-2009 ည (၉)နာရီ။
(၁၉၉၅ ခု၊ ဇန္န၀ါရီလ၊ (၁၀)ရက်နေ့၊ ရေးသား၍ ကြီးပွားရေးလမ်းညွှန် ဂျာနယ်သို့ပိုထားသောစာမူအား ပြန်လည်ဖေါ်ပြပေးပါသည်။)
 

စာရိတ္တမှန်ဆေး ဖော်ယူလို့ကျွေးရအောင်....(၁)

စာရိတ္တမှန်ဆေး ဖော်ယူလို့ ကျွေးရအောင်…(၁)

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လူငယ်တစ်ဦးရဲ့ နွေဦး လေရူးနဲ့အတူ ပူးတွဲပေါ်ထွက်လာတဲ့ ရင်ခုန်သံ………

ကျွန်တော့်သူငယ်ချင်းတစ်ဦးဆီကို ကိစ္စ တစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အချိန်က ညတစ်ည လသာသာ-မီးမလာတဲ့ ညပေါ့။ နေရာဒေသက မြေလတ်မြို့တစ်မြို့ပါ။ မြို့လို့ အမည်ပေးထားသော်လည်း ကျွန်တော်တို့ မွေးရပ်ရွာ တောနယ်ပုံစံအတိုင်းပါပဲ။ မီးမလာလို့ လမင်းကြီးကိုပဲ အဖော်ပြုနေရပါတယ်။ သဘာဝလမင်းကြီးက တိမ်ညိုတွေ ကင်းစင်နေရင် လဆန်းရက်မှာ အချိန်မှန် လင်းပေးနေပါတယ်။ ယခု မြို့ကလျှပ်စစ်မီးတွေကတော့ “မလာတစ်ည၊ လာတစ်ည၊ စကားနှစ်ခွ ပုံမသေ” ဆိုတဲ့ သီချင်းလိုပါပဲ။ သူငယ်ချင်းအိမ်ရောက်တော့ အိမ်ရဲ့အောက်ထပ်က တိတ်ဆိတ်နေပါတယ်။ အိမ်အပေါ်ထပ်မှာတော့ အဖွားတစ်ဦး ဘုရားစင်ရှေ့မှာ ဖယောင်းတိုင်၊ အမွှေးတိုင်များ၊ ပူဇော်နေတာ ကို လှမ်းမြင်တွေ့ရပါတယ်။ ဘုရားရှိခိုးသံ ပရိတ်တရားတော်များ ရွတ်သံ၊ မေတ္တာပို့သံ၊ ကြေးစည်ထု အမျှဝေသံများ တဝေေ၀နဲ့ ကျွန်တော့်ရင်ကို ချမ်းမြေ့စွာ ဆီးကြိုနေပါတယ်။ စိတ်ထဲက သာဓုသုံးကြိမ် ခေါ်ဆိုမိခဲ့ပါတယ်။
လူငယ်တစ်ဦးထွက်လာပါတယ်။ ကျွန်တော့်ကို လရောင်အောက်မှာ သူက ပြုံးပြပြီး ဆီးကြိုပါတယ်။ လသာသာ သူတို့အိမ်ရှေ့က ကွပ်ပျစ် ကလေးဆီကို ခေါ်သွားပြီး ကျွန်တော့်ကိုနေရာပေးပါတယ်။

“ အစ်ကို ထိုင်ပါ ခင်ဗျား. အစ်ကို့ သူငယ်ချင်းက မကြာခင် ပြန်လာမှာပါ”

အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တစ်ဦးပါပဲ။ ကျွန်တော်လည်း လူငယ်ရဲ့ ဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ “ ညီလေးတို့အိမ်က စက်သုံးဆီအရောင်းအ၀ယ်လုပ်ငန်းတွေ ကောင်းရဲ့လား” စသည်ဖြင့် စကားစပြီး မေးလိုက်ပါတယ်။
လူငယ်ကလေးက ကျွန်တော့်ကို စကားတွေ တသွင်သွင်ပြောပြီး စတင် ဧည့်ခံပါတော့တယ်။
“ အစ်ကို-အစ်ကို့ သူငယ်ချင်း ကျွန်တော့် ယောက်ဖလုပ်နေတဲ့ -ဆီမှောင်ခို လုပ်ငန်းလား?။ အလုပ်မဖြစ်တော့ဘူး-။ ယခင်တုန်းက - ပုဒ်မ ၆(၁)တဲ့-ယခုတော့ အပက(၃)တဲ့။ ငွေအရင်းကလည်းအရင်းနှီးကြီးတယ်-ဥပဒေအပြစ်ကလည်းကြီးတယ်-အစ်ကို။ ပိုဆိုးတာက ဒေသတာဝန်ခံအာဏာရှိ ပုဂ္ဂိုလ်တွေ က လစဉ်ကြေး၊ ဆက်ကြေးတွေကိုတောင်းတာ သိပ် အတောင်းကြမ်းတယ်ဗျာ…။သူတို့ပြောတဲ့ လဘက်ရည် ဘိုး၊ အအေးဘိုးပေးပါတဲ့ဗျာ- ။ နှစ်ရာ၊သုံးရာမမှတ်နဲ့၊ ထောင်ချီ-သောင်းချီ-တောင်းကြတာကိုး၊ သူတို့မိသားစုဘ၀တွေ အစစအရာရာ ပြည့်စုံပြီး-အေးချမ်းသာယာအောင် တစ်ခါတည်း အပွကြံ တောင်းလိုက်တဲ့လဘက်ရည်ဘိုး၊ အအေးဘိုးပဲ ဆိုပါတော့ဗျာ-ဟဲဟဲ..။

ကျွန်တော်လည်းကြားရတာကြောင့် “ မကိုက်ရင် မလုပ်ကြနဲ့ ငါ့ညီတို့-ဥပဒေတွေက သိပ်ကြောက်စရာ ကောင်းတယ်။ သူတို့ကို မကြောက်ရတဲ့ သမ္မာအာဇီဝလုပ်ငန်း တွေကို ရှာလုပ်ကြပါကွာ”
ကျွန်တော့် အပြောကို လူငယ်က ခွက်ထိုးခွက်လန် ရယ်နေပါတယ်။ ကျွန်တော် စကားတွေ ထဲမှာ ရယ်စရာဆိုတာ တစ်ခု မပါခဲ့တာ၊ ရယ်ပြီး လူငယ်က စကားဆက်ပါတယ်။

“ အစ်ကိုက ကြောက်လို့ ပြောတာလား- ခေတ်ကြီးကို အပြစ်ကြီး ဆိုတော့မှာလား- ဘယ်သူကို မှ အပြစ်မဆိုကြပါနဲ့- ကျွန်တော်တို့ဘ၀အတွက် လောကကြီးက မကြာခင် သာယာလာတော့မယ်။ လောကကိုထာဝရစောင့်ကြပ်နေတဲ့ လောကပါလနတ်မင်းကြီးက လူသားအားလုံးအတွက်ကောင်းကျိုးတွေပေးဖို့ ပေါ်လာတော့မယ်လို့၊…….. စာရေးဆရာမ တစ်ဦးကလည်း ရေးသားထားတာ တွေ့ရတယ်။ များမကြာမီ နှစ်-နှစ်၊ သုံး-နှစ်ခန့်မှာပဲ လူနေမှု စနစ်တွေ တိုးတက်ပြောင်းလဲ လာကြတော့မယ် အစ်ကို။ အထက်နဲ့အောက်တာဝန်တွေ ကိုယ်စီယူပြီး လူသားအားလုံး ချမ်းသာကြီးပွားလာကြတော့မယ်-။ သဘောကတော့ ညီလေးတို့ အိမ်မှာ မိသားစု ရဲ့ ဆိုးမွေကောင်းမွေ၊ ဆိုးကျိုး၊ ကောင်းကျိုးကိစ္စတွေမှာ အဖေနဲ့အမေက တာဝန် ယူထားရသလိုပဲ ရပ်ကွက်ထဲမှာလည်း အဲဒီ ရွာမိရပ်ဖတွေက ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေလာကြအောင် ဆောင်ရွက် ပေးကြတော့မယ်။ အရင်းအနှီးလိုနေတဲ့ လက်လုပ်လက်စားဆင်းရဲသားနဲ့ လူလတ်တန်းစား တွေကို လိုအပ်တဲ့ အရင်းအနှီးငွေတွေကို ရွာမိရွာဖတွေရဲ့ လက်မှတ်တွေနဲ့ ဘဏ်တွေမှာ လိုသလောက်ထုတ်ဖို့ ရေးပေးကြမယ်။ သတ်မှတ်ထားတဲ့အချိန်ကြရင် ပြန်တောင်းရမယ်။ ယူတဲ့သူကလည်း မှန်မှန်ယူ၊ ပြန်ပေးတော့လည်း မှန်မှန်ပြန်ပေး စနစ်တွေနဲ့ ဆောင်ရွက်ကြမယ်။ စား-၀တ်-နေ ရေး အဆင်မပြေဘူးဆိုတာ လုံးဝ မရှိစေရဘူး။ လောဘအတောမသတ်တဲ့ လောဘကြီး မတရားမှုတွေကို လောကပါလ တရားနဲ့ အလိုလို အဆုံးအမ ပေးသွားပါလိမ့်မယ်…..”
စာရေးသူ ကျွန်တော်ဟာ ဒီလူငယ် မရပ်မနား ဒလစပ် ပြောသွားသော စကားများထဲက ခေတ္တစကားအပြတ်မှာ-
“ င့ါ ညီ ပြောတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အောက်ခြေက စရမယ့် ရွာမိရွာဖတွေရဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် စာရိတ္တက မှန်ဖို့ လိုပါသေးတယ်လေကွာ….။ ”
လူငယ်က ကျွန်တော့် စောဒက ကို လုံးဝ လက်မခံပါ၊၊ ကျွန်တော့်ရှေ့တည့်တည့်ကို လာပြီးမတ်တပ်ရပ်ပါတယ်။ အသံမာမာနဲ့ စကားဆက်ပြောပါတယ်။

“ ဒီမှာ အစ်ကို လူသားတွေဟာ ဘာမဆို အရာရာကို စွမ်းဆောင်နိုင်ကြပါတယ်။ ခေတ်တို့ စနစ်တို့ ဆိုတာလည်း လူသားတွေ ဖန်တီး ယူကြတာပါ။ခေတ်တွေကို အရုပ်ဆိုး အကျဉ်းတန်အောင်၊ ကျဆင်း-တိုးတက်အောင် သာယာဝပြောလာအောင် ကျွန်တော်တို့ လူသားတွေက ဆောင်ရွက်နေကြတာပါ။ အဲဒီ ခေတ်ကြီးကို အပြစ်ကြီးဆိုနေတဲ့ လူသားတွေနဲ့-ညီလေး စောစောကပြောခဲ့တဲ့ ဆင်းရဲသားလူသားတွေရယ် -ရွာမိရွာဖတွေရယ် အထက်အောက်၊ တာဝန်ကိုယ်စီ ကျေပွန်အောင် ဆောင်ရွက်ကြမယ်ဆိုရင် ပန်းတိုင်းကို ရောက်ကြမှာ မလွဲဧကန်မုချပါဗျာ…။ညီလေး ပြောထားတဲ့ နောက် နှစ်-နှစ်၊ သုံး-နှစ်ခန့်ဆိုရင် ဖြစ်ကိုလာရမယ်။ အစ်ကို သေသေချာချာ မှတ်ထားပါ”။

“အဲ နောက်တစ်ခု ညီလေး ပြောပြမယ်-လူသားတွေရဲ့ ၀မ်းဗိုက်တွေထဲမှာ မကောင်းတဲ့-မသန့်ရှင်းတဲ့ စွဲလမ်းမှုတွေ၊ အပူတွေ၊ အပုပ်တွေ၊ သလိပ်တွေ၊ သွေးတွေ၊ ရှိနေကြတယ်။ ဒီမကောင်းတဲ့ ၀မ်းထဲက အပူ၊ အပုတ်တွေ ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ ဆေးတစ်မျိုး၊ အဲဒီအချိန်မှာ ပေါ်ကိုလာရမယ်အစ်ကို။ အဲဒီဆေးက ဘာဆေးမှတ်သလဲ၊ လူသားတိုင်း မှန်မှန်သောက်သုံးရမယ့် စာရိတ္တမှန်ဆေးတဲ့….။ များမကြာမီမှာ ပေါ်လာကြတော့မယ်။ ဟဲဟဲ---အဲဒီ ပေါ်လာမယ့် အချိန်ကို…. ဧရာဝတီမြစ်ကမ်း နံဘေးမှာသွားပြီး ညီလေး စောင့်မျှော်နေအုံးမယ်ဗျို့…………………………………..။”



အပိုင်း (၂)ကို ဆက်လက်ရေးသားပါဦးမည်…..


ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၀၀၉ ခု၊ ဇွန် ၂၇ ရက်နေ့၊ နံနက် ၃း၃၀နာရီ တွင်ရေးပါ၏)
 

ဗုဒ္ဓဘုရားရှင်၏ တရားစကား မမှားယွင်းစေရန်..ဆရာအောင်သင်းသို့ မေတ္တာရပ်ခံစာ..

ဗုဒ္ဓဘုရားရှင်၏ တရားစကား မမှားယွင်းစေရန် ဆရာ အောင်သင်းထံ မေတ္တာရပ်ခံလွှာ….။
ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

ဆရာခင်ဗျား၊ -ဆရာ၏ စာဖတ်ပရိတ်သတ် တပည့်ငယ်တစ်ဦး တစ်ယောက်အဖြစ်နဲ့ အသိအမှတ်ပြုပြီး မေတ္တာရပ်ခံ ဆွေးနွေးတင်ပြခွင့်ပြုပါ။
စာပေဝေဖန်ရေး မဟုတ်ပါ၊ စာပေလောကတွင် စာပေဝေဖန်ရေး လူကြမ်းမင်းသားကြီးဆရာ အောင်သင်အား စောဒကတက် မဝေဖန်ရဲပါခင်ဗျား။ ဒါပေမယ့် ကျွန်တော် သဘောမကျ မနှစ်သက်သော ယခု ကိစ္စကို ကျွန်တော်နှင့်တကွ ပြည်သူလူထု၊ စာဖတ်ပရိတ်သတ်ထံ၊ ပြန်လည် ရှင်းလင်းပေးရန် လိုအပ်မည် ဆိုလျှင် ရှင်းပြ ပေးစေလိုပါတယ်။ စာဖတ်သူများဘက်မှ ရှေ့နေလိုက်၍ ကျွန်တော် မရဲတရဲ အကဲစွန့်ပြီး မေတ္တာရပ်ခံအယူခံလွှာတင်ပြခြင်းပါဆရာ။
အယူခံ မတင်ပြခင်မှာ၊ကျွန်တော့်အကြောင်း အနည်းငယ်၊ စကားပလ္လင်ခံထား ရပါစေခင်ဗျား၊ ကျွန်တော်ဟာ ၁၉၉၄ ခုနှစ်၊ နွေဦးမတိုင်ခင်က စတင်ထွက်ပေါ်လာသော စာပေရူးတစ်ယောက်ဖြစ်ပါတယ်။ အသေးအဖွဲ ဆောင်းပါးလေးများ။ အနည်းငယ်မျှသာ ရေးသားခဲ့ဘူးပါသေးတယ်။ စာပေလောကမှာဝါသနာရှင်၊ ပညာသင်၊ ကလောင်သွေးခါစ၊ မူလတန်း အဆင့်ပါဘဲ၊ ပညာဆည်းပူးဆဲ ဖြစ်ပါတယ်။ လက်ရှိပညာအရည်အချင်း၊ စီးပွားရေး၊ ရာထူး၊ ဂုဏ်သိက္ခာမှာ သုညအောက်မှာ သုညအဆင့်သာ ရှိပါတယ်ဆရာ။ဒါတွေ ကြိုတင်ပြောကြားနေတာက ဆရာအောင်သင်း ပြန်ကြားမယ့် စကားလုံးတွေဟာ ကျွန်တော်နဲ့ တန်ရာ တန်ရာ ပြန်ကြားနိုင်အောင်လို့ပါ။ ဆရာနဲ့ ကျွန်တော်ဟာ မြင့်မိုရ်တောင်ကြီးကို ဇီးစေ့ကလေးနဲ့ ပေါက်သလို၊ ဖြစ်နေမှာတော့ ဧကန်ပါ ဆရာ၊ နာမည်ကြီး ဆရာ တစ်ယောက်ကို နာမည် မရသေးတဲ့ အညတြ ပုဂ္ဂိုလ် တစ်ယောက်က လူသိ နာမည်ကြီးလာအောင် ဆွေးနွေးတယ်လို့ပဲ ထင်ချင်ရင် ထင်ကြပါစေတော့၊ အမျိုးဘာသာ၊ သာသနာမျက်နှာကြည့်၍ ရေးသားမိပါတယ်။
လောကပါလ တရားနဲ့ဘဲ ဆွေးနွေးခွင့်ပြုပါဆရာ၊ ကိစ္စမှာ အပြုသဘောနဲ့ တင်ပြပါရစေ။
၁၉၉၅-ခုမတ်လထုတ်၊ သင့်ဘ၀ မဂ္ဂဇင်းအမှတ်(၃)၊ စာမျက်နှာ(၇၉)မှာ ဆရာ အောင်သင်းရဲ့ (မကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး) ဆိုသော ဘာသာပြန်ခေါင်းစဉ်ကြီး ကိစ္စပါ။ ဘာသာပြန်သူ ဆရာအောင်သင်း ပဏမ ရေးသားထားရာမှာ-
မူရင်းခေါင်းစဉ်ကို တိုက်ရိုက်ဘာပြန်လိုက်လျှင်တော့ဖြင့် (မကျန်းမာခြင်းကို တန်ဖိုးရှိအောင် လုပ်ပါဟု ဆိုရပေလိမ့်မည်)ကျွန်တော်ကတော့ မြန်မာနားတွင် ပိုနီးအောင်ဆိုပြီး( မကျမ်းမာခြင်းသည် လာဘ်တစ်ပါး)ဆိုသော ခေါင်းစဉ်ဆိုးကြီး ပေးထားတာကို လုံးဝ မနှစ်သက်ပါ။ ဘာကြောင့်ခါးခါးသီးသီး ကျွန်တော်ညင်းချင်သလဲဆိုတော့ဆရာရယ်၊ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာတွေပါ၊ ကျွန်တော်တို့ တိုင်းပြည်ကလဲ မြန်မာနိုင်ငံပါ၊ မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓဘုရားရှင်၏ ဗုဒ္ဓဘာသာထွန်းကားရာ တိုင်းပြည်ဆိုလျှင် လူတိုင်း လက်ခံမှာပါ။ မြန်မာနိုင်ငံအတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ နားထဲကို (မကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး)လို့ ဆရာက ဇွတ်ရိုက်သွင်းပေးလိုက်တယ်ဆိုတော့ မည်သူတွေ နားဝင်ချိုပါမည်နည်း၊ ဗုဒ္ဓတရားတော်တွေဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးတွေနဲ့ အကြောင်းရယ်၊ အကျိုးရယ် ခရေစေ့တွင်းကျ၊ ဒိဋ္ဌိဝီစိကိစ္စ စင်ကြယ်အောင် ဆိုဆုံးမ ဟောကြားထားခဲ့တာပါ။တရားတော်များကို မည်သူမျှ ပြင်ဆင်စောဒက တက်လို့ မရပါ။ ဗုဒ္ဓဘုရားရှင်၏ လက်သုံးစကားမှာ မူရင်း ကျမ်းအဆို( အာရောဂျ-ပရမာလာဘာ) ယနေ့အများသုံးနေတာ(အာရောဂျံ ပရမာလာဘံ) ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးဖြစ်ပါသည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ဓမ္မပါဒ ပါဠိတော်ကျမ်းတွင် စာပုဒ်ပေါင်း(၄၂၄)ပိုဒ်ထဲမှ အပိုဒ်နံပါတ်(၂၀၄)မှာ သေချာပြသ ဆိုဆုံးမ ဟောကြားထားခဲ့ပါတယ်။ ဓမ္မပါဒအဌကထာ(ဒုတိယပဂေါ)စာမျက်နှာ(၁၇၁)မှ (၁၇၃)အထိ စာပိုဒ်နံပါတ်(၂၀၄)နဲ့ အကျယ်ဟောကြားထားတာလည်း တွေ့ရပါတယ်။
မြန်မာတွေရဲ့နားတွေထဲမှာလည်း နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်တိတိ ဘိုးစဉ်ဘောင်ဆက် ရာသက်ပန် အရိုးစွဲသည်လာတာက (ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဟုဆိုနေကြပါ) ယခုတော့ ဆရာအောင်သင်းက(မကျန်းမာခြင်းသည် လာတ်ကြီး တစ်ပါး)ဟု ဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓရှင်တော်ဘုရား ဆုံးမစကားကို လွယ်လွယ်လေးနဲ့ ဘေးကို ဖယ်ပြီး ဖျက်ချေပစ်ရာ ကျနေပါပြီ။ ဒါမြန်မာပြည်ဖြစ်နေလို့ ထောက်ပြရတာပါ။ ပညာရှိ သတိဖြစ်ခဲ စကားကိုလည်း ကျွန်တော် လက်မခံလိုပါ။ ဆရာတော်စာချ၊ မီးချောင်းမင်း ရေခင်းပြဖြစ်နေရင်လည်း သည်းခံပါဆရာ၊ ကျွန်တော် ကြားဖူးထားတဲ့ သာဓက တစ်ခုလို မဖြစ်စေရန် တင်ပြပါရစေ။
ရွာတစ်ရွာမှာ သက်တော်ဝါတော်ကြီး ဆရာတော်ကြီး တစ်ပါးဟာ(အကုသလာ၊ ကုသလဓမ္မာ)ဟု အမှန်ဆိုရမည့်အစား သူ၏ မူရင်း ပေစာထုတ်အောက်ခြေနားမှာ ချပိုးကိုက်သွား၍(အကုသလာ၊ကသလာဓမ္မာ)ဟု တစ်ချောင်းငင် မပါသံနဲ့ဘဲ၊ တရားပွဲတိုင်းမှာ ဟောကြားလာခဲ့ပါတယ်။တစ်နေ့မှာ စာပေ၀ါသနာရှင် တစ်ယောာက်မှ စောဒက တက်ပါတယ်။
“ ဟေ့ ဒကာ၊ ငါ့ဝါတော်နဲ့ ငါသိက္ခာကို မင်းနဲ့ကျမှ အကျမခံနိုင်ဘူး၊ မယုံရင် ကျောင်းမှာ ရှိတဲ့ င့ါမူရင်း ပေစာထုတ်၊ယခုယူကြည့် ငါတစ်သက်လုံး တရားဟောလာခဲ့တာ အမှန်ပဲ” လို့ ပြောကြားတာကို ပြန်ပြီးသတိရမိပါတယ်ဆရာ။
သင့်ဘ၀မဂ္ဂဇင်းရဲ့ ထိပ်ဆုံးဆောင်ပုဒ်သည်(သူတော်ကောင်းဓါတ်တရား မြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်) ဟု ကြွေးကြော်ဖော်ပြထားပါသည်။ ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမ တရားများသာလျှင် သူတော်ကောင်းစိတ်ဓါတ် အခြေခံ မဏ္ဍိုင်များ ဖြစ်သည်ဆိုတာ မည်သူမျှ ငြင်း၍ မရနိုင်ပါဆရာ။ ဗုဒ္ဓဘုရားရှင်၏ မူရင်းတရားစကားကို မသွေဖီ မပြောင်းလဲသင့်ပါ။ ရှင်တော်ဘုရားဟာ ကာလဒေသ ပုဂ္ဂိုလ်ကို ကြည့်ပြီး တန်ရာ တန်ရာ သင့်ရာသင့်ရာ ၊ ဓမ္မများကိုသာ သူ့အဆင့်နဲ့သူကြည့်ပြီး ဝေနေယျတွေကို ကျွတ်တန်းဝင်အောင် ချွတ်ပေးသွားတယ်လို့ ကျွန်တော်စာပေတွေထဲမှာ မှတ်သား သိရှိခဲ့ရပါတယ်။
ဒါကြောင့် ဆရာပေးထားတဲ့ ခေါင်းစဉ်ကြီးဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတိုင်းပြည်ကြီးတွင် လုံးဝ မသင့်လျော်ပါ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ဒိဋ္ဌိ (အယူမှား)စေမဲ့ အဆိပ်လူးနေတဲ့ ခေါင်းစဉ်ကြီး ဖြစ်နေပါတယ်။ ဗုဒ္ဓဘုရားရှင် တရား ဟောကြားသော ဒေသနာ တရားတော်များနှင့်လည်း ပြောင်းလဲ သွေဖီ ဆန့်ကျင်နေတာဖြစ်လို့ မြန်မာပြည်က ဗုဒ္ဓဘာသာ စာဖတ်ပရိတ်သတ်အနေနဲ့ မနှစ်သက်ကြောင်း တင်ပြလိုက်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် (မကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး)ဆိုသော ဒီခေါင်းစဉ်ဆိုးကြီးအား ပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
စာရေးသူ ကျွန်တော်ရဲ့ အသိဥာဏ်ဖြုတ်ဦးဏှောက်ကလေးဟာ (အတ္တဒိဋ္ဌိ)စွဲပြီး အယူမှား၊ အမှတ်မှား၊ အသိမှားတွေနဲ့၊ ဘာသာရေး အမြင်ကျဉ်းမြောင်းနေရင်တော့ ခွင့်လွှတ်ပါဆရာအောင်သင်းခင်ဗျား…။

ကိုးကားချက်များ။ ။ ၁။ ဓမ္မပဒဋ္ဌကထာ(ဒုတိယပဂေါ)
၂။ သီရိမင်္ဂလာပရိတ်တော် (သီရိမဂ္ဂင်္လ ပရိတ္တပါဠိ)
၃။ သင့်ဘ၀ မဂ္ဂဇင်းအမှတ်-(၃)၁၉၉၅ ခု မတ်လထုတ်
ဤစာမူကို(၁၉၉၅)ခု တွင်ရေးသားပါသည်။ သင့်ဘ၀မဂ္ဂဇင်းနှင့် အခြားဘာသာရေးမဂ္ဂဇင်းများသို့လည်းပို့ပါ၏။ ဘယ်မဂ္ဂဇင်းတိုက်ကမှ မရွေးသောစာမူဖြစ်ပါသည်။ စာရေးသူ၏ စာမူများ အမှားဖြစ်နေပါသလား?။ ဘလော့မိတ်ဆွေများ အားမနာတန်း ဝေဖန်ပေးကြပါခင်ဗျား….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၅ ခု၊ ဒီဇင်ဘာလတွင် ရေးသားသော ဤစာမူကို ပြန်လည်တင်ပြထားပါသည်။
 

မကွေးမြသလွန်စေတီတော်မြတ်ကြီး တိုးချဲ့ရင်ပြင်တော်ဖွင့်ပွဲ နှင့် ရေစက်ချမင်္ဂလာအခမ်းအနား


(၂၂-၆-၂၀၀၉)နေ့မြသလွန်စေတီတော်ရင်ပြင်တော်တွင် မင်္ဂလာအခမ်းအနားကျင်းပသည်။ မြသလွန်စေတီ တော်၏ အနောက်ဘက်ရင်ပြင်တော်အား ဧရာဝတီမြစ်ကမ်းဘက်သို့ ထပ်မံတိုးချဲ့ခြင်းဖြစ်ပါသည်။မူလ လက်ရှိနေရာမှ အနောက်ဘက်ဧရာမြစ်ကမ်းဘက်သို့(ပေ=၃၀)ထပ်မံတိုးချဲ့ထား၏။ယင်းလုပ်ငန်းကို(၁၆-၁-၂၀၀၉)နေ့မှစတင်ခြဲ့ပီး (၃၁-၅-၂၀၀၉)နေ့တွင် လုပ်ငန်းများကို အောင်မြင်ပြီးစီး ခဲ့ပါသည်။ အများပြည်သူ စေတနာအလှူရှင်များ၏ငွေကျပ် သိန်းပေါင်း(၂၀၀၀.၁၁)သိန်း ကုန်ကျကြောင်းသိရပါသည်။

ရင်ပြင်တော်အကျယ်=၃၀ ပေ။ ရင်ပြင်တော်အလျှား=၁၈၀ ပေ။
အုတ်မြစ်အမျိုးအစား=ရေတွင်းပုံအုတ်မြစ် ။ တိုင်အမျိုးအစား=သံကူကွန်ကရစ် ။
တိုင်အရွယ်အစား(အချင်း)= ၁ ပေ၊၆ လက်မ ။
ကြမ်းခင်းအမျိုးအစား=သံကူကွန်ကရစ်။ ကြမ်းခင်းထုမှာ ၆ လက်မ။ ဖြစ်ကြောင်းသိရ၏။



ယခင်အခါက မြသလွန်စေတီတော်ဘုရာကြီး၏ အနောက်ဘက်ရင်ပြင်တော်သည် အလွန်ကျဉ်းမြောင်း ပါသည်။ ယခုအခါ မြသလွန်စေတီတော်မြတ်၏ အရှေ့ဘက်၊တောင်ဘက်၊မြောက်ဘက်မှရင်ပြင်တော်များ ထက် အနောက်ဘက်ရင်ပြင်တော်က ပိုမိုကျယ်ဝန်းလာပါသည်။ ဓာတ်ပုံများတွင်ဖေါ်ပြထားသည့်အတိုင်း ပေ(၃၀)ကျယ်ဝန်းလာပေ၏။ ပုံတွင် ခွဲခြားပြထားသောအရစ်အမှတ်ကို ကြည့်၍တိုးချဲ့ထားသော အနောက်ဘက် ရင်ပြင်တော်သည် အလွန်ကျယ်ဝန်းလာကြောင်းသိရှိစေရန်နှင့် သဒ္ဒါကြည်ဖြူစွာ လှူဒါန်း ပူဇော်ကြသော အနယ်နယ်ရပ်ရပ်မှ အလှူရှင်များအားလုံးသာဓု အနုမောဒနာပြုနိုင်ကြပါစေသော်……။

သတင်းဓာတ်ပုံများကိုပူးတွဲပေးပို့ဖေါ်ပြထားပါသည်။




ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၃-၆-၂၀၀၉)နေ့၊နေ့လည်(၁၁း၅၅)ရေး၏။
 

ကောင်းမွန် စူပါမားကတ်

မကွးမြို့မှ
ကောင်းမွန် စူပါမားကတ်သည် ပင်လယ်ကူး ဈေးသင်္ဘောကြီးပမာ…
မကွေးမြို့ပေါ်တွင် အကြီးမားဆုံးစူပါမားကတ်ကို ပြပါဆိုလျှင် ကောင်းမွန် စူပါမားကတ်ကြီးသို့ ခေါ်ပြရပေမည်။ မကွေးမြို့အလယ် ကုန်းပေါ်တွင် နိုင်ငံခြားမှ ဈေးသင်္ဘောကြီး လာရောက်ဆိုက်ကပ် ထားသည်ဟု ထင်မှတ်ရပါသည်။

နေ့ချင်း ညချင်း တစ်ဟုန်ထိုး အရှိန်ပြင်းစွာဖြင့် ကြီးထွားတိုးတက်၍ အောင်မြင်လာတာကို မြင်တွေ့ခဲ့ကြရပါသည်။ မြေညီထပ်တွင် ကောင်းမွန်စူပါမားကတ်ကိုဖွင့်ထားပါသည်။ ကောင်းမွန်မှုန့်မျိုးစုံနှင့် စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လက်ဆောင်ဆွဲခြင်းများ၊နိုင်ငံခြားဖြစ် မှုန့်ပုံးများ၊ နိုင်ငံခြားဖြစ် အရက်ပုလင်းအမျိုးမျိုး၊ အအေးပုလင်း အမျိုးမျိုး၊ ကောင်းမွန်ရေသန့်ဗူး၊ ရေသန့်ပုလင်း အမျိုးမျိုးတို့ကို ရောင်းချပေးထားပါသည်။ မြေညီထပ်၏ အပေါ်ထပ်ခိုးတွင် ကောင်းမွန် ဘိနပ်အမျိုးမျိုးနှင့် ကောင်းမွန်ကလေး ကစားစရာနှင့် ကလေးအသုံးအဆောင် ပစ္စည်းအမျိုးမျိုး ရောင်းချပေးသော ဆိုင်ကြီးကို ဖွင့်လှစ်ပေးထား ပါသည်။

ပထမထပ်တွင် ကောင်းမွန်အအေးဆိုင်ကြီး၊ ရှမ်းစတား စားသောက်ဆိုင်ကြီးနှင့်{မျိုးမျိုး အလှပြင်ခန်းမကြီး} (Style Beauty Sloon) တို့ကိုဖွင့်လစ်ထားပါသည်။ ဒုတိယထပ်တွင် KM Internet Cafe. အင်တာနက်သုံးကွန်ပျူတာအလုံး(၅၀)ဖြင့် ည(၁၂) နာရီအထိ ဖွင့်ပါသည်။ KM Net Game. ကွန်ပျူတာအလုံး(၅၀)ဖြင့် နေ့၊ည ဖွင့်ပေးထားပါသည်။ ကွန်ပျူတာစက်များမအားလပ်သေးလျှင် နိုင်ငံခြား ဘောလုံးပွဲများကို အခမဲ့ပြသပေးထားပါသည်။ ဂျာနယ်၊မဂ္ဂဇင်းစာအုပ်များလည်း ဖတ်ရှုရန် စီစဉ်ပေး ထားပါသည်။ အုပ်စုလိုက် ဂိမ်းကစားသူများအတွက် အိပ်စရာ နေရာ၊စားသောက်စရာများကိုလည်း ပြည့်စုံစွာဖြင့် ၀န်ဆောင်မူပေးထားပါသည်။ ယခုလို(၂၄)နာရီ လျှပ်စစ်မီးပြည့်စုံစွာဖြင့် အိပ်စရာ၊နေစရာ၊ စားစရာများပြည့်စုံမူကြောင့် ကျောင်းသားလူငယ်များ နှစ်သက်သဘော ကျနေကြပါ၏။
ဈေးနှုန်းများမှာ အင်တာနက်ရိုးရိုးသုံးလျှင် တစ်နာရီ(၅၀၀)ကျပ်။
တစ်ယောက်ကြည့်ခန်းအလုံပိတ် အင်တာနက်အထူးသုံးလျှင် တစ်နာရီ(၆၀၀)ကျပ်။
ဂိမ်းကစားလျှင် တစ်နာရီ(၃၀၀)ကျပ်ဟုသိရ၏။မကွေးမြို့တွင်
လိုင်စင်မဲ့၊လိုင်စင်ရှိ အင်တာနက်ဆိုင်ပေါင်း(၂၀)ခန့်ရှိပါမည်။
အင်တာနက်ဆိုင်သေးကလေးများတွင် အင်တာနက် တစ်နာရီ(၃၀၀)ကျပ်၊(၂၀၀)ကျပ်သို့အပြိုင်အဆိုင် ဈေးချ ပေးနေကြ၏။ သို့သော် ကောင်းမွန်စူပါမားကတ်တွင် အမြဲထာဝရ လူပြည့်နေကြောင်း မြင်တွေ့ခဲ့ရပါသည်။
ယင်းဒုတိယထပ်မှာ KM Computers Sale, Service and Rental. ကို ဖွင့်ပေးထားသည်။ Centre တာဝန်ခံ ကွန်ပျူတာပညာရှင် ကိုမျိုးလေးနှင့် ညီများမှ စိတ်တိုင်းကျတာဝန်ယူဆောင်ရွက်ပေးနေပါသည်။ (၂၅-၆-၂၀၀၉)နေ့တွင် ဒုတိယထပ်မှာ Winner Computer Training Centre. ကွန်ပျူတာသင်တန်းများကို စတင်ဖွင့်လစ်သင်ကြားပေးမည်ဖြစ်ကြောင်း ကောင်းမွန် စူပါမားကတ်ပိုင်ရှင် ဦးစိန်ဌေးမှ ရှင်းလင်းပြောကြား ပါသည်။




ရွှေလမ်းငွေလမ်းဝင်းကြည်
၂၂-၆-၂၀၀၉ နေ့လည်(၃း၂၅)နာရီ။
 

ဆရာမောင်သွေးချွန်ထံ..အိတ်ဖွင့်ပေးစာ..

ဆရာမောင်သွေးချွန်ထံ-အိတ်ဖွင့်ပေးစာ…………..

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

ဆရာ မောင်သွေးချွန်ခင်ဗျား၊ ဆရာ ရေးသားသော(ဆန်းသစ်မှ လမ်းသစ်တွေ့မယ်)၊ စာပေဆောင်းပါး(ရုပ်ရှင်တေးကဗျာ၊ နိုဝင်ဘာ-၁၉၉၅။ စာမျက်နှာ-၈၅)ကို ထပ်ဆင့် ပြည်လည်ဆွေးနွေးတင်ပြခွင့်ပြုပါ။ ဆရာက ဒေါက်တာ မတင်ဝင်းရဲ့ “ အစွဲနဲ့ အလွဲတွေ” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်(ချယ်ရီ မဂ္ဂဇင်း-စက်တင်ဘာ-၉၅၊ စာ-၃၉)ဤသို့ ဖော်ပြပြီး၊ ရေးသားဝေဖန်ထားပါတယ်။ စာဖတ်သူများ ရှင်းလင်းစေရန် ပြန်လည် ဖော်ပြခွင့်ပြုပါ။
စာရေးအားကောင်းတဲ့ ဆရာမကြီး ဒေါက်တာ မတင်ဝင်းရဲ့(အစွဲတွေ၊ အလွဲတွေဆိုတဲ့ ဆောင်းပါး) တစ်ပုဒ်ကို ချယ်ရီ မဂ္ဂဇင်း-၉၅ စက်တင်ဘာလမှာ ဖတ်လိုက်ရပါတယ်။ ဆရာမကြီးကိုယ်တိုင် ဆက်ရက်(ဇရက်) ငှက်နိမိတ် ကောက်မိရာက အစ၊ စာမေးပွဲ အောင်စေခဲ့တဲ့ မီးခိုးရောင် ဆွယ်တာ အင်္ကျီလေးကို စွဲမိတာ အလယ်၊ ဗုဒ္ဓဘာသာဝင်တွေ အယူအဆလွဲမှားပုံတွေကို ထောက်ပြထားပါတယ်။ ဆောင်းပါးဆုံးကာနီး တစ်နေရာမှာ ထောက်ပြထားတာတွေကတော့-
“ ခုအချိန်မှာ မိုးကုတ်ဆရာတော် ဘုရားကြီး၊ ဟောကြားတော်မူခဲ့သလို ဖြစ်နေပါတယ်၊ တရားမှာ ပါတဲ့ အသားထက် အရွတ်ကို ဦးစားပေးနေကြပါတယ်။ ဘယ်ဂါထာကို ရွတ်ရင် ကြီးပွားတတ်သတဲ့။ အစရှိသဖြင့်ပေါ့လေ၊ အပေါ်ယံ ကြောလောက်ပဲ အားထုတ်နေတာကြတာကို တွေ့ရပါတယ်။ (ချယ်ရီ-၉/၉၅၊ စာ-၁၃၉)”
အဲဒီဖော်ပြချက်ကိုတော့ ရှင်းလင်းအောင် ဆွေးနွေးဘို့ လိုပါလိမ့်မယ်၊ ဆရာမကြီး ကိုးကားတဲ့၊ မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ ဆိုလိုချက် ဦးတည်ချက်ကို ဦးစွာ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးဟာ ခန္ဓာဝန်ချစဉ် ဓါတ်တော်ကြွင်းတဲ့ ဆရာတော်ကြီး ဖြစ်လို့ ဆရာတော်ကြီးရဲ့ ပညာစခန်း၊ ဘယ်ရွေ့ဘယ်မျှထိ၊ ပေါက်မြောက်ပြီးစီးခဲ့တယ်ဆိုတာ၊ ခန့်မှန်းပူဇော်နိုင်ပါလိမ့်မယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားလမ်းစဉ်ဟာ ခန္ဓာ ဥာဏ်ရောက်၊ တရားစဉ်ဖြစ်တာမို့ “ ၀ိပဿနာလမ်းကြောင်းဖြစ်တယ်၊ တနည်းအားဖြင့် လောကုတ္တရာ ပညာစခန်းမှာတော့ဖြင့် `“တရားသားက အရေးကြီးပါတယ်၊ ဒေါက်တာ မတင်ဝင်း ပြောသလို“ အရွတ်ကို ” ဦးစားပေးဘို့ မလိုတော့တာလဲ မှန်ပါတယ်။ ဒါပေမယ့် သီလ၊ သမာဓိ၊ အခြေခံစခန်း၊ ပထမ ခြေလှမ်းများမှာ သြကာသနဲ့ နမောတသ” ကစပြီး၊ ပရိတ်ကြီး(၁၁)သုတ်၊ ပဋ္ဌာန်းအကျဉ်းအကျယ်၊ ဓမ္မစင်္ကြာ စသည့် ၊ ရွတ်ဖတ်ပူတတ်ဖို့ လိုပါသေးတယ်။ တစ်နိုင်ငံလုံး ၀တ်အသင်းများဖွဲ့ပြီး၊ ညီညာဖျဖျရွတ်နေကြဆဲ ဖြစ်ပါတယ်။ ထေရ်ကြီး၊ ၀ါကြီး သံဃာတော် အရှင်မြတ်များကိုယ်တိုင် ဦးစီးပြီး ပဋ္ဌာန်း ပွဲကြီးများကို အသံချဲ့စက်ကြီးများနဲ့၊ ရပ်ရွာနိုင်ငံအနှံ့၊ ကြားသိပြီး အန္တရာယ်ကင်းစေအောင် ကျင်းပနေကြပါတယ်။အကြောင်းမဲ့ မဟုတ်ပါ။ မြတ်စွာ ဘုရား ကိုယ်တော်တိုင်က ကပ်သုံးပါး လွတ်မြောက်အောင် ပရိတ်တော်သုတ်ကို ရွတ်ဆို ပေးခဲ့ရတဲ့၊ သာဓက ထင်ရှားစွာ ရှိပါတယ်။
မြတ်စွာဘုရားသည် နောက်ပါ ရဟန်းတော်များ ခြံရံလျှက်ဝေသာလီ မြို့တံခါးဝတွင် ရပ်လျှက်၊ ရဟန်းတော်များနှင့်အတူ ရတနာ့သုတ်တော်ကို ရွတ်တော်မူသည်၊မြတ်စွာ ဘုရားသည်၊ ဝေလသာလီမြို့တွင်းပတ်၍ ဒေသစာရီ ကြွချီကာ၊ ရတနာသုတ်၊ ရွတ်ဖတ်ခြင်းဖြင့် ကပ်ရောဂါများ ကင်းဝေစေခဲ့သည်။(ပညာအလင်းပြ အသံထွက်၊ ပရိတ်ကြီး၊ စာ-၁၄၉)
အဆိပ်ရှိ သတ္တ၀ါ မှန်သမျှ ဘေးရန်ကင်းဘို့ ခန္ဓာသုတ်ရွတ်ဖို့လည်း ဘုရားရှင်ကိုယ်တိုင် တိုက်တွန်းပါတယ်။( ၄င်းစာ-၁၅၂)၊ ဂါထာမန္တန်များ ရွတ်ဆိုပူဇော်ခြင်း အကျိုးဟာ ၊ အင်္ဂုလိမာလ သုတ္တော်မှာ ပိုပြီး ထင်ရှားပါတယ်။ အင်္ဂုလိမာလရဲ့ လူဆိုးကြီးဘ၀ကိုတော့ အားလုံးသိပြီးပါပြီ၊ ဘုရားရှင် ချေချွတ်တော်မူလို့၊ အရိယာရဟန္တာမြတ် ဖြစ်လာချိန်အထိ လူတွေက ခွင့်မလွှတ်ဘဲ နာကြီးနေလို့ လူတွေအားကိုးလောက်အောင် မြတ်စွာဘုရားရှင်ကိုယ်တိုင် သစ္စာပြုပြီး မီးဖွားစေနိုင်တဲ့ ဂါထာ၊ မန္တာန်တော်ကြီးကို သင်ကြားပေးခဲ့ပါတယ်။ ဒီနေ့အထိ ရွတ်ဖတ်ပူဇော်နေဆဲ၊ ပရိတ်ကြီး (၁၁)သုတ်မှာ ပါဝင်တဲ့ အင်္ဂုလိမာလသုတ်(၀ါ)ပရိတ်ဖြစ်ပါတယ်။ ပရိတ်၊ ဓမ္မစကြာ စသည်တို့ရဲ့အချီ၊ နိဒါန်း၊ အမွှန်းမှာ “ ဘဏ္ဍာမဟေ ရွတ်ဆိုကြပါစို့” လို့ နှိုးဆော်ထားတာလည်း သက်သေထင်ရှား အရှိသားပါပဲလေ။ ရွတ်တာ-တောင်မှ ကိုယ်ကျိုးမဟုတ်ဘဲ၊ “ လောကအကျိုးငှာ ဆောင်ရွက်ကြပါစို့” လို့ ရှင်းလင်း မိန့်တော်မူထားပါတယ်။
ရွတ်ဆိုရှိခိုးရသော ပဏာမ ကုသိုလ်ကံ စေတနာ အကျိုးသည်ပင်လျှင် သက်ရှည်ဆင်းလှ၊ ခွန်အားကြီးချမ်းသာစေကြောင်း သပြေကန် ဆရာတော်ကြီးက “ ပရိတ်ကြီး နိဿယသစ်” မှာ အတိအလင်း ဖော်ပြမိန့်မှာခဲ့ပါတယ်။
ဒေါက်တာ မတင်ဝင်းအနေနဲ့ ပညာစခန်း ၀ိပဿနာလမ်းကြောင်းထံ တည့်မတ်စွာ ရောက်ရှိပြီး “ တကယ်တရားပေါက်” နေပြီ ဆိုရင်တော့ ဘုရားရှိခိုး၊ပရိတ်ရွတ်စသည် မလုပ်ပဲ နေနိုင်ပါတယ်။ ကျွန်တော်အပါအ၀င် ပုထုဇဉ်များကတော့ လောကအကျိုး၊ ကိုယ့်အကျိုးငှာ၊ ဘုရားရှင်မိန့်မှာတော်မူတဲ့အတိုင်း၊ ဘုရားရှိခိုးနဲ့ ပရိတ်ကြီး၊ ဓမ္မစင်္ကြာ စသည့် ရွတ်သင့်တာတွေ ရွတ်နေအုံးမှာ ဖြစ်ကြောင်း“ မောင်သွေးချွန်၊ ရုပ်ရှင်တေးကဗျာ၊ နိုဝင်ဘာ-၉၅၊ စာ-၅၈-၅၉)။
ဤသို့ ဆရာမောင်သွေးချွန်က အားပါး တရ ဆွေးနွေး ဝေဖန်သွားပါတယ်။
ဆရာခင်ဗျား၊ ကျွန်တော်တို့ ပုထုဇဉ်တွေဟာသိပ်ပြီး ကျွတ်တန်းဝင်ဘို့၊ တော်တော်နဲ့ မလွယ်ကူကြပါ၊ ဂင်္ဂါဝါလု သဲစုမက၊ ဗုဒ္ဓဘုရား အဆူဆူတွေလဲ မရေမတွက်နိုင်အောင် ပွင့်ခဲ့ပြီးပြီ၊ ဒါပေမယ့် အခုထိ အဆူဆူသော ဗုဒ္ဓဘုရားတွေနဲ့ လွဲနေကြခဲ့ပါတယ်ဆရာ၊ အဲဒါ ဘာကြောင့်မှတ်သလဲဆိုတော့ ကျွန်တော်တို့ ပုထုဇဉ်(၀ါ) အန္တပုထုဇဉ်(အကန်းပုထုဇဉ်)၊ တွေတိုင်းမှာ(ဒိဌိဝိပလ္လာသ)ဒီသုံးချက်နဲ့ ၊ မမြဲသော (အနိစ္စ)လို့၊ အထင်မှတ်မှား အသိမှား ၊ အယူမှား၊နဲ့ စွဲထားကြပါတယ်။ အစိုးမရတဲ့ (အနန္တကို ၊ စိုးရတဲ့ (ငါ့အတ္တ)လို့ အထင်မှတ်မှား၊ အသိမှား၊ အယူမှားတွေနဲ့ စွဲထားကြပြန်ပါတယ်။
အမှတ်မှား(စိတ္တ၀ိပ္ပလ္လာသ)၊ အသိမှား( သည၀ိပ္ပာလ္လာသ တစ်ဆယ့်နှစ်ပါးကို လေ့လာ တွေ့ရှိရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ရောင်ခြည်တော်ခြောက်သွယ်ဟာ၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိထိ၊ တန်ခိုးတော်နဲ့ထိုးဖောက်ကွန့်မြူးနိုင်ပါတယ်၊ ဒီဝိပ္ပလသ တဆယ့်နှစ်ပါး
စွဲထားတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကို ဗုဒ္ဓဘုရားရှင်၏ ရောင်ခြည်တော်တွေ မထိုးဖောက်နိုင်ပါဘူးလို့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမ တရားကို နာရပါတယ်။ ၀ိပ္ပလ္လာသ ဆိုတာ၊ အထပ်ထပ်ဝိုင်းရံတားဆီးထားခြင်းလို့ လေ့လာသိရှိရပါတယ်။
ကျွန်တော်တို့(၀ါ) အန္တပုထုဇဉ် (အကန်းပုထုဇဉ်ဘ၀)၊ မှ ကလျာဏ ပုထုဇဉ်ဘ၀သို့၊ ရောက်အောင် ကြိုးစားရပါ့မယ်။ သစ္စာ(၄)ပါး မြတ်တရားကို ဟောကြားပြသပေးမယ့် ဆရာကောင်းတွေကို ရှာဖွေကြဘို့ လိုပါတယ်။
ဆရာ မောင်သွေးချွန်ဝေဖန်ထားသလို၊ ၀ိပဿနာလမ်းကြောင်းပေါ် တည့်မတ်စွာ ရောက်ရှိနေရင် (တကယ့်တရားပေါက်တယ်) တကယ်တရား ပေါက်နေပြီဆိုရင်တော့၊ ဘုရားရှိခိုး၊ ပရိတ်ရွတ်စသည်မလုပ်ဘဲ နေနိုင်ပါတယ်ဟုလည်း မပြောကောင်း၊ မပြောသင့်၊ မရေးသင့်ပါ၊ ဗုဒ္ဓဘုရားရှင်၏ ဥာဏ်တော်အား ရည်မှန်း ရှိခိုးပြီး ဗုဒ္ဓဘုရားရှင် ဟောကြားထားသော ဓမ္မ တရားတော်များ၊ (သစ္စာတရားများအား) ခန္ဓာဥာဏ်ရောက်၊ နာယူမှတ်သား၊ ကျင့်ကြံပွားများ၊ အားထုတ်ရပါ့မယ်၊ သို့မှသာ ဗုဒ္ဓမြတ်စွာ ဘုရားအား ဓမ္မနှင့်သာ ပူဇော်သင့်သည်ဟု လေ့လာမှတ်သားမိပါတယ်။ ပရိတ်ကြီး ဓမ္မစင်္ကြာ၊ ပဌာန်းပါဠိတော်များရွတ်ဖတ်သရဇ္ဇယ်ခြင်းလည်း ကုသိုလ်များစွာ ရပါတယ်။
(သစ္စာတရားများကို)အနက်၊ အဓိပ္ပါယ် အသီးသီး၊ ထိထိမိမိ သင်အံရွတ်ဖတ်ပူဇော်ခြင်းသည် ပဋိပတ္တိဖြစ်ပြီး သိတဲ့ တရားအားပွားများ အားထုတ်ခြင်းသည် ပဋိယတ္တိဖြစ်ပါတယ်။ တရားတော်အား သိ၍ ပွားများအားထုတ်ခြင်းကြောင့် ဓမ္မက ကျေးဇူးပြခြင်းကို ပဋိဝေဒဟူသော သာသာန သုံးရပ်ညီညွတ်ပြီး မဂ်ဥာဏ်၊ ဖိုဥာဏ်ကို ရမည် အပြီးတိုင်ရမည်ဟု ဆရာတော်များ ဆိုဆုံးမကြပါတယ်။ လောကုတ္တရာ သက်သက်ကို မယူဆဘဲ၊ ပရိတ်ကြီးနဲ့ ဓမ္မစကြာ၊ ပဠာန်းပါဠိတော်များသည် သစ္စာလေးပါး မြတ်တရား၏။ အဆီအနှစ်၊ တရားအသားများဖြစ်ကြပါတယ်။ မိမိခန္ဓာဖြစ်စဉ်မှာ အမြဲမပြတ်ဒလစပ်၊ဖြစ်ပျက် သဘောတရားများကို၊ ခန္ဓာဖြစ်ပျက်(အရှုခံ)၊ သိတဲ့ မဂ္ဂင်(၅)ပါး၊ အရှုဥာဏ်(သမ္မာဒိဋ္ဌိ-ကောင်းစွာယူခြင်း၊ သမ္မာသကမ္ပ-ကောင်းစွာကြံခြင်း၊ သမ္မ၀ါယာမ-ကောင်းစွာ အားထုတ်ခြင်း၊ သမ္မာသတိ-ကောင်းစွာသိခြင်း၊ သမ္မာသမာဓိ-ကောင်းစွာတည်ကြည်ခြင်း၊ စသည့် လောကီမဂ္ဂင်ငါးပါးတို့နှင့် လက်တွေ့ကျင့်ကြံအားထုတ် ပွားများရမှာ ဖြစ်ပါတယ်။
ရွတ်ဖတ်သရဇ္ဇာယ်နေရင် ကုသိုလ်ဘဲရမှာဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်၏ လိုရင်းဓမ္မသို့ မရောက်သေးပါ။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားတိတ်ခွေတွေထဲမှာ ဆုံးမ တဲ့တရား အမြဲ ကြားရပါတယ်။ (ဒကာ ဒကာမတို့သောက်ဆေးကို လိမ်းဆေးလုပ်နေကြပါတယ်)။
သဲကုန်းဆရာတော် အရှင်ဥာဏိသရ ဟောကြားတဲ့ တရား တိတ်ခွေတွေထဲမှာလည်း(ဒကာ/ဒကာမတို့ ဆေးညွှန်းဖတ်နေတာနဲ့ အချိန်ကုန် မနေကြနဲ့) စသည်တို့ကို နာကြားသိရှိရပါတယ်။
ဆရာမောင်သွေးချွန်တင်ပြထားသလို(အရွတ်)သည် သီလ သမာဓိမှာ ပထမခြေလှမ်းများ တော့ဖြစ်ကြပါတယ်။ဆရာရေးတာ ပြောတာလည်းမှန်ပါသည်။ ဒေါက်တာ မတင်ဝင်းရေးသော(အသား)ဖြစ်သည့် ၀ိပဿနာသည် မိမိစိတ်ကို မိမိအကဲခတ်ကြည့်သော အလုပ်ဖြစ်၍ ကမ္ဘာအရပ်ရပ်မှ စီးပွားရေးပညာရှင်များ၊ သိပ္ပံပညာရှင်များ လက်တွေ့ကျင့်ကြံပွားများနေကြကြောင်း စာပေများမှာ ဖတ်ရှုရပါတယ်။ စိတ်၏ တည်ငြိမ်မှုကြောင့် လောကီကိစ္စတွေမှာလည်း အထောက်အပံ့ပြုနေတာတွေ တွေ့ရှိရပါတယ်၊ ၀ိပဿနာရှုမှတ်ခြင်းဖြင့် မိမိရဲ့စိတ်ကို(မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား နိုင်သည်ဟု) ဒေါက်တာ မင်းတင်မွန်မှလည်း ရေးသား ဖော်ပြထားပါသည်။
နိဂုံးချုပ်အနေနဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး အမြဲမပြတ်ဆုံးမတဲ့ လင်္ကာလေးကို လက်ဆောင်ပါးတင်ပြပြီး၊ ဆရာမောင်သွေးချွန် ရေးသားခဲ့တဲ့ ဗုဒ္ဓ၊ ဓမ္မသာလျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ ဘယ်တော့မှ မကောင်းနိုင်သော နည်းလမ်းသစ်၊ လမ်းစစ်ဖြစ်တဲ့၊ သစ္စာလေးပါး မြတ်တရားကို ထိထိမိမိ သိရှိကျင့်ကြံနာယူ လျှောက်လမ်းနိုင်ကြပါစေ။
အနိစ္စကို နိစ္စလို့ ထင်နေရင်း - လူတိုင်းလူတိုင်း နေ့/ည အရူး ထကုန်ကြ၏။
ဒုက္ခကို သုခလို့ ထင်နေရင်း - လူတိုင်းလူတိုင်း နေ့/ည အရူး ထကုန်ကြ၏။
အနတ္တကို အတ္တလို့ ထင်နေရင်း - လူတိုင်းလူတိုင်း နေ့/ည အရူး ထကုန်ကြ၏။
အသုဘကို သုဘလို့ထင်နေရင်း- လူတိုင်းလူတိုင်း နေ့/ည အရူး ထကုန်ကြ၏။
အမှန်မသိ၊ အမှားသိကာ၊ အ၀ိဇ္ဇာက ချမ်းသာမှုတွင် တဏှာဝင်၍ လိုချင်စွဲလာ၊ ပြုကြသင်္ခါရ၊ ၀ိဥာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ငါးဖြာဒုက္ခရလာကြ၏။ ဒုက္ခသစ္စာ ရလာတာကို အမှန်မမြင် သူက ထင်၍ တဏှာ၊ ဥပဌာန်၊ ကမ္မဘ၀၊ ပြုကြသောအခါ၊ ဇာတိရသည်-အို-နာ-သေ-ရေး၊ မဆုံးတည်း စိုးရိမ်ငိုကြွေးမဆုံးတည်း------။
(မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမအလင်္ကာ)

ကိုးကားကျမ်း။ ။ ဥာတပရိညာ စာအုပ်(မိုးကုတ်ဝိပဿာနာ)
မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားစာအုပ်များ၊ဘ၀ အောင်မြင်ရေး ရှေးရှုကြ(ဒေါက်တာ မင်းတင်မွန်)

ကျွန်တော်နားလည်သမျှ ကို အများသိအောင်ပြောပါသည်။ဆရာမောင်သွေးချွန်နှင့် ဒေါက်တာမတင်ဝင်း တို့အားဘက်လိုက်ပြောကြားခြင်း မဟုတ်ပါ။အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျား..။

ရွှေလမ်းငွေလမ်းဝင်းကြည်
(6-20-2009)ညနေ(၆)နာရီ။
မဂ္ဂဇင်း အယ်ဒီတာများ( မဖေါ်ပြသော) စာမူဖြစ်ပါသည်။
(၁၉၉၆)ခုနှစ်တွင် ရေးခဲ့သော ဤစာမူအား ပြန်လည်တင်ပြပါသည်။
 

သတိမမူ ဂူမမြင်၊ သတိမူမှမြူကိုမြင်

ဗုဒ္ဓ သာသနံ စိရံ တိဌတု

မင်းဘူးမြို့၊
စက္ကိန်းတဲဘုရားတောင်တော်ပေါ်မှ၊သစ္စာမေတ္တာဆရာတော်ဘုရာကြီး၏စေခိုင်းချက်အရတင်ပြပေးပါသည်။

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

သတိမမူ ဂူမမြင်၊ သတိမူမှ မြူကိုမြင်

၁။ လောက၌ အချိုမြိန်ဆုံး အရာသည် (သစ္စာ)
၂။ လောက၌ အမှန်ဆုံး တရားသည် (သစ္စာ)
၃။ လောက၌ အထက်မြက်ဆုံးသည် (သစ္စာ)
ထို့ကြောင့်။ ၀သုန္ဒရေ။ ဤမြေသော်လည်း စောင့်စည်းမုသား ကျင့်သောအားဖြင့်
စကားသစ္စာ၊ မှန်သောခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်
ဆေးဘက်ဝင်၏။ အကြင်သောအခါ ဤသစ္စာကို အရာချွတ်လွဲ၊ မသုံးစွဲတည့်၊ စဉ်းလဲစကား၊
မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား တစ်ကျွန်းတရံ၊ တစ်နိုင်ငံ၌၊ အသံမုသား၊
ပြက်စကားကို၊ မကြားစလို၊ အောင်လိမ့် ဆိုသို့၊ ပေါ်စိုရသာ၊ မြေသြဇာလျက်၊ တစ်ထွာ
တစ်တောင်၊ လက်ခုပ်ခေါင်လျှင်၊ နတ်ချောင်ငုတ်နစ်၊ အောက်လျှိုး ဖြစ်၍ ခါးခြစ်ဆေးဝါး၊
လူတို့စားလည်း၊ နာဖျားမလွတ်၊ ဥပ္ပဒ္ဒဝေါ၊ ဘေးကျမ်းပြော၏။ သဘောတရား၊ စကားသစ္စာ၊
မှန်သောခါနှင့် ယွင်းရာမမှား၊ ဤနှစ်ပါးကို နှုန်းထား ထွေဆောင်၊ ရှာတုံရှောင်လည်း၊
အကျော်သစ္စာ၊ စကားသာလျှင်၊ပြည်ရွာရပ်သား၊လူစီးပွားကိုအမြားအမြောင်၊ကြီးကျယ်ဆောင်သည်
ကုန်အောင်မြေနှင့်တရှိတည်းဟူ၍၊ ပါရမီတော်ခန်းပျို့၌ရှင်မဟာသီလ၀ံသ ရေးသားစပ်ဆိုလင်္ကာသီကုံးဖွဲ့ခဲ့ပါသည်။

ထို့ကြောင့် (၁) ဇနီးမောင်နှံ အကြင်လင်မယား အပြန်အလှန် သစ္စာ ရှိရ မည်။
(၂) အလုပ်ရှင်နှင့် အလုပ်သမား အပြန်အလှန် သစ္စာရှိရမည်။
(၃) ဆရာနှင့် တပည့် အပြန်အလှန် သစ္စာရှိရမည်။
(၄) လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပြန်အလှန် သစ္စာရှိရမည်။
(၅) လူကြီးနှင့်လူငယ် ထိုနည်းတူ သစ္စာရှိရမည်။
(၆) ရှေ့သွားခေါင်းဆောင်နှင့် နောက်လိုက်ငယ်သား အပြန် အလှန်သစ္စာရှိရမည်။
(၇) ကိုယ့်အလုပ်ကို သစ္စာရှိရမည်။
(၈) ကိုယ့်တာဝန်ကို ကျေပွန်စွာ သစ္စာရှိရမည်။
(၉) ကိုယ့်ကိုယ်ကို သစ္စာရှိရမည်။
(၁၀) တိုင်းပြည်အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံသူ လူအများလည်း အပြန်အလှန်သစ္စာရှိရမည်။

သစ္စာတရားသည်သာ အချိုမြိန်ဆုံးသော အရသာဟု အနှိုင်းမဲ့ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီးကလည်း
ဟောတော်မူခဲ့သည်။

က္ကုဓလောက၊ ဤကမ္ဘာလောကကြီးထဲ၌ သစ္စာသမော၊ သစ္စာနှင့်တူ သော အ, ၀ိသယောနာမ၊
အရာမည်သည်၊ နတ္ထိ၊ မရှိ ဤကဲ့သို့ ဒေသနာ၌ အသေအချာ မိန့်ဆိုထားသောကြောင့် လူသားအားလုံး
အပြန်အလှန် ကိုယ်စီကိုယ်ငှ၊ သစ္စာရှိကြမည်ဆိုပါလျှင်(၀ါ) အဟုတ်တကယ်တန်း သစ္စာရှိသော ကြွယ်ဝမည်မှာ
မြေကြီးလက်ခတ်မလွဲပါပေတည်း။
မ,ကာရလောပ အကျော် ကဗျာလင်္ကာ အရာတွင် အမော်ကျေးဇူးရှင် မန်လည်ဆရာတော် ဘုရားကြီးကလည်း
မဃဒေ၀လင်္ကာသစ်၌ ရေးသား သီကုံးဖွဲ့ဆိုခဲ့သည်မှာ
မင်းမှာ သစ္စာ၊ လူမှာကတိ၊ ဆိုရိုးယှိတိုင်း၊ မြဲဘိဘယ်ခါ၊ မချွတ်ရာဘူး၊ သစ္စာနှင့်ကြုံ၊ ရေစီးတုံဟု၊ လူပုံဆိုမှု၊
ဥဒါန်းပြုရှင့်၊ အကုသိုလ်မှာ မုသာဝါဒ၊ ကုသိုလ်မှာကား သစ္စ၀ါစာ၊ လေးဆုံးသာတည့်၊ သစ္စာဘောက်လှန်
မတော် မှန်က ၊ ဘေးဒဏ်ရောက်ကာ၊ ပျက်တတ်စွာ၏။
သစ္စာနှုတ်သီး၊ မန္တန်ကြီးကား၊ သေပြီးသော်မှ၊ ရှင်ပြန်ရ၏။ ရှေးကဖြစ်ဟန် လောင်းသုဝဏ်ကို ငြိုးမာန်တစိ၊
ရန်စယှိသို့၊ ပီဠိယက္ခ၊ ဗာရာ့ သခင် လေးကြီးငင်၍ နင်သို့ ယောက်ျား ဘယ်သူ့သားနည်း၊ သိကြားတမုံ့ ဖြစ်သော်တုံ့မှ၊
လွတ်ပုံ့ အရေး ယှိလတ်သေးဟု၊ မနှေးလျှင်ဟူး၊ မြားဆိပ် လူးဖြင့်၊ ရွှေဒူးယာဘက်၊ မြေထက်အားထုတ်၊
ချောင်းကာထုတ်၍ ရွယ်ဖြုတ်ချိန်ကာ၊ ပစ်သော့ခါနှိုက်၊ သစ္စာဆိုသီး၊ သေတပြီးလျှက်၊ ရှင်ကြီး ရှင်ပြန်၊
နတ်မတန်တည့်၊ ပြင်းထန်ဆိပ်တောက်၊ တောမြွေဟောက်လျှင်၊ ပေါက်၍ မြေ၀ယ်၊ သူငယ်ဝင်းဝင်း၊
သေတုံလျှင်းလည်း၊ မှန်ခြင်း အရာ၊ မိမာတာတို့၊ သစ္စာဆိုကြ၊ ငုတ်ငုတ်ထ၏။
ထိုမှ တသွယ်၊ တောမြိုင်လယ်တွင် ငုံးငယ်မီးရှောင်၊ ပင်လယ် ခေါင်ဝယ်၊ ရေဆောင်နစ်မျော၊ဒရဟောဖြင့် ၊
သဘောင်္ဝဲစုတ် ဗလ၀ါမုခ်မှ ၊ ဆယ်ထုတ်ဘေးကင်း၊ ငါးမင်းရာဇာ၊ နွေလခါနှိုက်၊ သစ္စာ မှန်တိုင်း ရွတ်ဆိုခိုင်းက၊
ဗျိုင်းအောက်တို့ဘိုး၊ ခါမဲ့မိုးလျှင်၊ ကြိုး၍ ရွာချ၊ ဤသို့စသား၊ များလှ ၀တ္ထု၊ အစုစုကို
ရွှေဥသည်းအူ မှတ်နည်းယူလော့။



သစ္စာမေတ္တာ ဆရာတော်
စက္ကိန်းတဲ ဘုရားတောင်တော်၊ မင်းဘူးမြို့










မင်းဘူးမြို့၊ စက္ကိန်းတဲဘုရား တောင်တော်ပေါ်မှ သစ္စာမေတ္တာ ဆရာတော် ဘုရာကြီး၏ စေခိုင်းချက်အရ တင်ပြပေးပါသည်။

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်


ဗုဒ္ဓ သာသနံ စိရံ တိဌတု

ဒီအသက်အရွယ်ထိ၊ကိုယ့်ကိုယ်ကိုဆုံးမဘို့ရာအမေ့ကြီးမေ့မေ့နေကြသူကများသည် ယခုလည်း မေ့တုံးမေ့ဆဲ၊ တစ်ချို့သေတာသွားရော့ ကိုယ့်ကိုယ်ကို ဆုံးမရကောင်းမှန်းပင် သိပါလေစ သိပုံမရ ဗုဒ္ဓက မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်သူမှ -နိဗ္ဗာန်ရမတဲ့။


၁။ ဒန္တော သေဋ္ဌော မနုေဿသု။
ဘုရားအဆုံးအမကို ၊ တသွေမတိမ်း လိုက်နာ နားထောင်သဖြင့် ယဉ်ကျေး သိမ်မွေ့သောသူသည် လူအပေါင်းတို့တွင် အမြတ်ဆုံးဖြစ်သည်။
၂။ အတ္တ ဒန္တော တတော ပရံ
ကိုယ့်ကိုယ်ကို ဆုံးမသဖြင့် ယဉ်ကျေးသိမ်မွေ့သော သူသည် ဤကမ္ဘာလောက ကြီးထဲ အမြတ်ဆုံးတို့ထက် ပိုမြတ်သည်။
၃။ စိတ္တံ ဒန္တံ သုခါ ၀ဟံ။
ကိုယ့်စိတ်ကို အဟုတ်တကယ်တမ်းယဉ်ကျေးအောင် ဆုံးမနိုင်လျှင် မုချ ချမ်းသာ သည်(၀ါ) ချမ်းသာမည်။
၎။ အတ္တနာ ဟိ သုဒန္တောန နာထံ လဘတိ ဒုလ္လဘံ။ ။
ကိုယ့်ကိုယ်ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမနိုင်စွမ်းရှိသူသည် အလွန်ရခဲ လှစွာသော ကိုးကွယ်ရာ ထောက်တည်ရာ မှီခိုအား အလွန်တရာ ရခဲလှစွာသော ကိုးကွယ်ရာကို ရပေသည်ဟု အနှိုင်းမဲ့ ဗုဒ္ဓကိုယ်တော်မြတ်ကြီးက(ဓမ္မပဒ ပါဠိတော်၌ သေချာဃဏ ဖွင့်ဟ ထုတ်ဖော် မိန့်ကြားတော်မူခဲ့ပါသည်။


မှတ်ချက်= သူတစ်ပါးကိုဆုံးမဘို့ရာလွယ်ကူသလောက် မိမိ ကိုယ်ကို မိမိဆုံးမဖို့ကျတော့ အလွန့်အလွန်ပင်အခက်ကြီးခက်လှ ချေ၏ တကား။


သတိ ။ အပါယ်မကျခင်လျှင် ကိုယ့်စိတ်ကိုယ် ယဉ်ကျေးအောင် ဆုံးမ။





သစ္စာမေတ္တာဆရာတော်
စက္ကိန်းတဲ၊ မင်းဘူးမြို့
 

ပန်းကိုက်သော ပိုးများ....

ပန်းကိုက်သော ပိုးများ…

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်
(၁)

အသက်အရွယ်က လေးနှစ်သမီးကလေး ခင်မမနွယ်ပါ။ သူ့အဖေကဌာနတစ်ခုမှ ဒရိုင်ဘာတစ်ဦး ။ သူ့အမေကဌာနတစ်ခုကစာရေးမ တစ်ဦးပါ ။ နေတာကမြို့သစ် ရပ်ကွက်ကပါ။ ကျွန်တော်အိမ်နှင့်ဘေးချင်း ကပ်အိမ်မှာ နေကြတယ် ၊ မိသားစုသုံးဦး ရှိကြတယ် ။ နံနက် မိုး လင်း တာနဲ့ဖခင်က ဖယ်ရီကား ကြိုအမှီ ထွက်ရတယ်။ အမေကလည်း ရုံးချိန် အမှီသွား ရတယ် ။ သမီးငယ် ခင်ပပနွယ်ကလည်း မြို့ ထဲ မှ မူကြို ကျောင်းသူကလေး တစ်ဦးပါ ။ မြေလတ်မြို့ ကလေး မှာ ဆိုတော့ စက်ဘီးတစ်စီး ၊ မိသားစု သုံးဦး ထမင်းဘူး ကိုယ်စီနဲ့ နံနက် ထွက်ကြ ၊ ညနေပိုင်းမှ ပြန်ဆုံကြ ပါတယ်။

(၂)
ဝေလီ ဝေလင်း နံနက်ခင်း စောစော တစ်နေ့မှာ.. ၊ ကျွန်တော့်အိမ်ရှေ့ က စံပယ်ခြုံမှာ ကလေး တစ်ဦး မပြော မဆို ၀င်ပြီး ပန်းတွေ ခူးနေတာ ကျွန်တော်ဇနီး နဲ့ တွေ့ရပါတယ် ။ လက်စ သပ် တော့ လူကြီး တွေမနိုးခင်မှာ လာပြီး ဟိုဘက်အိမ်မှ ခင်ပပနွယ် ကလေး ဖြစ်ပါတယ် ။ ကျွန်တော်ရဲ့ဇနီးကိုလည်းမြင်တော့ သူမရဲ့ ဂါ ၀န်ထဲ ကို ပန်းတွေထည့်ပြီးသူ့အိမ်ဘက်ကို ပြေးဝင်သွား ပါတယ် ။ ကျွန်တော့်ဇနီးသည်ကလဲ သူ့စံပယ်ခြုံက ပန်းတွေကို နံနက်တိုင်း ထ ခူးပြီး ၊ ဘုရားပန်း ကပ် လေ့ရှိပါတယ် ။ အိမ်နီးချင်း ဖြစ်တဲ့ မူကြိုကျောင်းသူ ခင်ပပနွယ် ကလေးကို သူကိုယ်တိုင် အလှ ပြင်ပေးနေကြ ၊ စားစရာ အိမ် မှာ မုန့်ကလေး တွေ ရှိရင် လည်း သွား ပြီး ကျွေးနေကြပါ ၊ အင်မတန် မှ နုနယ်ငယ် ရွယ်လှပနေတဲ့ မူကြိုကျောင်းသူ ပပ လေးဟာ တစ်ခါမှ ဒီလို မလုပ် ခဲ့ပါဘူး ၊ မူကြိုကျောင်းနေလာမှ ဒီ လိုဖြစ်လာတာပါ ။ ရပ်ကွက်ထဲ ရောက်လာ တာလည်း သူမရဲ့ အသက် (၆) လ သမီးအရွယ်က ဒီရပ်ကွက်ထဲ ကိုရောက်လာ ခဲ့ကြပါတယ် ။ သဘောဖြူ မနော ဖြူ ခင်ပပနွယ် ကလေးကို တစ်ရပ်ကွက်လုံးကချစ်ကြလွန်းလို့ ဟိုက ပပ ၊ ဒီက ပပ ရယ်လို့ အနာဂါတ်ရဲ့ ရတနာ ပန်းကောင်းလေးတစ်ပွင့်အနေဖြင့် မျက်နှာပွင့်လန်း နေလျှက်ပါ ။ ဒီနှစ်မှ မူကြိုကျောင်းကို စပြီးထားတာပါ။ ( ၃ ) လဘဲ ရှိသေးတာ ၊ အရွယ်နဲ့ မမျှ ပန်း ကြိုက် တတ်တယ် ။ လူကြီးတွေ မသိအောင် ပန်းခိုးတာဆိုလို့ ဒီတစ်ခါ စတွေ့ ဘူးခဲ့တာ ။ ကျွန်တော့်ဇနီးသည်က ကျွန်တော်ကိုလာပြောလို့သိရပါတယ် ။ ကျွန်တော်ကတော့ မိန်းကလေးဆိုတော့ ပန်းပွင့် ကလေးတွေကို မြင်ရင် လိုချင်စိတ်ရှိတာဘဲ လူကြီးတွေဆီကို တောင်းရလေ ကောင်းမှန်း မသိတာရယ်ကြောင့် ဖြစ်ရတာပါကွာ ။ သူ့အိမ်ကိုသွား မပြောနဲ့ ၊ အားနာစရာကြီးပါလို့ နှစ်သိပ့်စကားပြောခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီလို ဖြစ်ရပ်မျိုးကို နောက်ထပ် ( ၄ ) ကြိမ် လောက် ထပ်ဖြစ်တာကိုတွေ့ခဲ့ရပါတယ်။
ကျွန်တော်လည်း ဒီကိစ္စကို သိချင်တာနဲ့ကျောင်းပိတ်ရက်တနေ့မှာ ခင်ပပနွယ်လေးကို မုန့်ပေးပြီး ချော့မော့မေးကြည့်တော့ အဖြေက ရှင်းလင်းသွားပါတယ်..။
(“ဆရာမတွေက လက်ဆောင်မပါရင် မချစ်ကြဘူး..”)။တဲ့ဗျာ…
(၃)

ကျွန်တော်ရဲ့ သမီးကြီးကလဲ ဘေးအိမ်မှ မူကြိုကျောင်းသူ ခင်ပပနွယ်ကလေး ပန်းခိုးတဲ့ အကျင့်မပါအောင်ဆိုပြီး စံပါယ်ပန်းတွေကို နေ့စဉ်ခူး၍ ပန်းကုံးသီပြီး ကျောင်းမသွားခင် ပေးပေးနေတာကို မြင်နေရပါတယ်။ နံနက်ခင်းတိုင်း ခင်ပပနွယ်တို့ မိသားစု စက်ဘီးကလေးတစ်စီးနဲ့ ထွက်ကြတယ်၊ ညနေမူကြိုကျောင်းကို ၀င်ပြီး ခင်ပပနွယ်ကို တစ်ခါတည်း ၀င်ခေါ်လာတာနေ့စဉ်မြင်နေရပါတယ်။
ကျွန်တော့်သမီးက တက္ကသိုလ်တခုကပါ။စာမေးပွဲတွေဖြေပြီးတော့  သူ့ဆရာမ တွေ ကို ကန်တော့ဖို့ ကျွန်တော့ဆီကိုငွေလာတောင်းပါတယ်။ဆရာမတွေက ဘာသာစုံ(၆)ဦး ဆိုတော့ ကျွန်တော့် ဦးဏှောက်သွက်သွက်ပါအောင် ခြောက်ခဲ့ ရပါတော့တယ်ဗျာ၊ ကျွန်တော့်သမီး တစ်ဦးတည်း မကန်တော့ဘဲ နေရင်လည်း သူ့ သူငယ်ချင်းတွေအားလုံးက ကန်တော့ပြီးပြီဆိုတော့ ကျွန်တော်သမီးပဲ ကျန်နေရင် မျက်နှာငယ်ရမှာပေါ့။ စာမေးပွဲဖြေနိုင်ရဲ့သားနဲ့ သမီးရယ်လို့ ပြောတော့လည်း…။ ဖြေနိုင်၊ မဖြေနိုင် ဆရာမတွေကို ကန်တော့မှ သေချာပါသတဲ့၊ ဘယ်လိုလူမျိုးတွေက စတန့်ထွင်လိုက်ပြီး ဒီနေ့ လူငယ်ကျောင်းသားတွေ ရေလိုက်လွှဲနေကြပါလိမ့်မယ်ဗျာ၊ ဒါနဲ့ ကျွန်တော်လဲ ချစ်သမီးရဲ့ ပညာရေး စရိတ်အတွက် မြို့ထဲအပေါင်ဆိုင်ကို သွားခဲ့ရတာပေါ့(မှတ်ချက်-ကျွန်တော်ဇနီးရဲ့ နားကပ်ကို ချွတ်ပြီး ပေါင်ပေးခဲ့ရပါတယ်။ အဲဒီအပေါင်ဆိုင်က အပြန် နာရီကို ကြည့်လိုက်တော့ ညနေ(၄)နာရီ ကျော်လွန်ပြီ။)အဲဒီအချိန်က ခင်ပပနွယ်လေးရဲ့ မူကြိုကျောင်းရှေ့မှာပါ။
ဒါနဲ့ ကျွန်တော် မူကြိုကျောင်းရှေ့မှာ ရောက်နေလို့ ဘေးအိမ်မှ မူကြိုကျောင်းသူ သမီးငယ် ခင်ပပနွယ်ကလေးကို ၀င်ပြီးကြိုလိုက်ပါတယ်။သူု့ဆရာမတွေက ၀ိုင်းပြီးချစ်နေကြတာကိုမြင်ခဲ့ရပါတယ်။သူဟာ အဖြူရောင်ပန်းလေးသက်သက်ပါ။သူ့ရင်ထဲ ရှိတဲ့အတိုင်းပြောတတ်ပါသည်။-မပီကလာ နဲ့ ခင်ပပနွယ်က ဆရာမတွေကို နှုတ်ဆက်ခဲ့ပါတယ်။ “““ချာမ-ချာမ-သမီး သွားတော့မယ်နော်၊ မနက်ဖြန်ကျရင်လည်း ဆရာမတို့ပန်ဖို့ ပန်းတွေ ယူလာပါအုံးမယ်နော် ချာမ…။တာ့တာ..ဘိုင်ဘိုင်..သွားပြီ…သွားပြီ ”””””လို့ နှုတ်ဆက်တာကြားခဲ့ရပါတယ်။

ယခုခေတ်မှာ ပန်းကလေးတွေကို ကိုက်ပြီးဖျက်စီးနေကြသူများ..ကင်းစင်ကြပါစေ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၉ ခုနှစ်က ရေးပါ၏။
အယ်ဒီတာများက မသုံးရဲပါ ဟု ပြန်ပို့စာမူဖြစ်ပါသည်။
 

ကျွန်တော့် ၀ါသနာ....

ကျွန်တော့် ၀ါသနာ

Tag
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လူဘ၀ဆိုသည်မှာ ၀ါသနာကိုတော့အရင်းခံကြရပါမည်။ဒါပေမဲ့ ၀ါသနာပါတာနဲ့ လက်တွေ့ဘ၀လုပ်ကိုင်နေရတာက တခြားစီဖြစ်နေကြသူတွေကများပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အနုပညာ ၀ါသနာရှင်အငြိမ့်မင်းသမီးတစ်ယောက် ဟာ သူဌေးသားကို ယူလိုက်တော့ သူဝါသနာပါတဲ့ အငြိမ့်မင်းသမီးဘ၀ကို စွန့်လွတ်လိုက်ရတာမျိုးပါ။
ကျွန်တော်လည်း သူလိုခံစားခဲ့ရပါတယ်..။သူလိုတော့ ကျွန်တော်က သူဌေးသမီးကို မရခဲ့ပါ။ နေစရာ စားစရာမရှိခဲ့လို့ ၀ါသနာတွေကို ကျောခိုင်း၍ ဘ၀ခရီးကြမ်းကို လျှောက်လှမ်းခဲ့ရပါတယ်..။
ကျွန်တော်ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မှာ စုံထောက်ဖြစ်ရန် ၀ါသနာပါခဲ့ပါတယ်။ကျွန်တော်နဲ့အတူ ငယ်သူချင်း မြင့်အောင်(၀ါ)ပုပု ကလည်း ၀ါသနာတူပါပဲ။ ကွန်တော်တို့ ရွာက ဧရာဝတီမြစ်ကမ်း၏ အရှေ့ဘက်က ပခန်းငယ်ရွာပါ။ အဲဒီအချိန်က ဆင်းဖြူကျွန်း၊ ပခန်းငယ်၊ စလေ၊ ချောက်မြို့သို့ အသွားအပြန်(နေ့ချင်းပြန်) မော်တော်လိုင်းဆွဲပါတယ်။ ဧရာဝတီမြစ် ရေကြောင်းလိုင်းပါ။ ဆင်းဖြူကျွန်းကနေ နံက်(၈)နာရီကစထွက်လာတဲ့မော်တော်အဆန်ခရီးက ကျွန်တော်တို့ရွာပခန်းငယ်ဆိပ်ကမ်းကို နံနက်(၉း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ ချောက်မြို့ကနေ ညနေ(၄)နာရီ ပြန်ထွက်လာတဲ့ အစုန်မော်တော်က ကျွန်တော်တို့ ပခန်းငယ်ရွာကို ညနေ(၅း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ မော်တော်ဆိုက်ကပ်မဲ့ အချိန်တွေမှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အဲဒီမော်တော်ပေါ်ကိုတက်ကြပါတယ်။ မြင်သမျှ၊ တွေ့သမျှလူတွေကို စူးစူးစိုက်စိုက် ကြည့်ကြပါတယ်။ မသာင်္ကာ စရာ လူတွေ့ရင်တော့ အဲဒီလူရဲ့ ပုံသဏ္ဍာန် ကို အသေးစိတ်ရေးပါတယ်။ မျက်နှာပုံက မည်သို့ မည်ပုံ။ အရပ်ကဘယ်လောက်။အ၀တ်အစားက အင်္ကျီကဘာအရောင်။ပုဆိုးက ဘာအရောင်၊စသည့်စသည့် အသေးစိတ်ရေးပြီး မှတ်သားကြပါတယ်။ မော်တော်က ဆိပ်ကမ်းကပ်ချိန် မိနစ်(၂၀)လောက် သာကြာပါတယ်။ကုန်တင်၊ကုန်ချများပါမှ(မိနစ်-၄၀)လောက်သာကြာတာပါ။အဲဒီအချိန်ကလေး အတွင်း လူတွေကို လိုက်ကြည့်ပြီးမှတ်နေကြရတာပါ။ ကျွန်တော်တို့ ခါးကြားမှာလဲ ချောက်လုံးပြူးတွေ(ကစားစရာပလပ်စတစ်) ကိုချိတ်လို့ပါ။ လူတွေမမြင်အောင် အင်္ကျီစနဲ့ဖုံးထားကြပါသေးတယ်။ မော်တော်ထွက်သွားပြီဆိုရင် ကျွန်တော်တို့ စခန်းသတ်မှတ်ထားတဲ့ ညောင်ညိုပင်ကြီးအောက်ကို သွားကြပါတယ်။ သူ မှတ်ထားတဲ့လူနဲ့ ကျွန်တော်မှတ်ထားတဲ့လူ တူနေသူတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ အဲဒီလူတွေကို ပိုပြီး သတိထားကြပါတယ်.။ ၀ါသနာကြီးကြတာကတော့ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ဟာ မော်တော်ဆိုက်ကပ်ဖို့ ဟွန်းသံရှည်ကြားတာနဲ့ ရောက်တဲ့နေရာ၊လုပ်တဲ့အလုပ်တွေကို ရပ်ပြီး၊ ကမ်းနားဆိပ်သို့ မော်တော်ဆီကို အပြေးလာကြရပါတယ်။ထမင်းစားနေရင်လည်းရပ်။ အိမ်သာတက်နေရင်လည်းရပ်။ အိမ်က အလုပ်တစ်ခုခုကို ခိုင်းထားရင်လည်း ပစ်ထားခဲ့ကြပါတယ်။
ဘာမဆို ၀ါသနာပါရင် တာဝန်ပေးစရာမလိုဘဲ တာဝန်ကို ကျေကျေပွန်ပွန်ထမ်း ဆောင်ခဲ့ကြတဲ့ ကျွန်တော်တို့ငယ်ငယ်က ဖြူစင်သန့်ရှင်းနေတဲ့စုံထောက်ဘ၀လေးကို.. တစ်ရေးရေးပြန်လည်စဉ်စားရင်း လွမ်းနေမိပါတော့သည်…။
သြော်…ကျွန်တော်တို့ငယ်ငယ်ဝါသနာပါတဲ့ စုံထောက်ဘ၀တုန်းက မည်သူ့ဆီကမျှ လာဘ်မစား၊ လာဘ်မတောင်းခဲ့ကြပါ။ ကျွန်တော်က ဘ၀ ပေးမကောင်းလို့သာ ၀ါသနာကို ကျောခိုင်းခဲ့ရပါတယ်…..။
ငယ်သူငယ်ချင်း မြင့်အောင်(ခေါ်) ပုပု မှာ ဘ၀အခြေအနေပေးလို့ မြို့နယ်အဆင့်ထိ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ဒါပေမဲ့.. ငယ်ငယ်တုံးကလို ၀ါသနာကိုအရင်းခံလို့ ကိုယ်ကျိုးစွန့်ပြီး ဖြူစင်သန့်ရှင်းတဲ့စုံထောက်ဘ၀လေးကို မျက် ကွယ်ပြုခဲ့မိလို့…အလုပ်ပြုတ်သွားပါပြီ။ယခုတော့ သူဟာ ကျွန်တော်တို့ရွာ..ကျွန်တော်တို့စခန်းချခဲ့ကြတဲ့ ညောင်ညိုပင်ကြီးအောက်မှာ..ဘ၀ပျက်တဲ့ အရှုးကြီးးဖြစ်နေပါပြီဗျာ…သြော်..၀ါသနာ..၀ါသနာ……..။ကျွန်တော်တို့ဝါသနာ..။

ကိုထင်လင်းအောင်နှင့် Tag မိတ်ဆွေများ ကျေနပ်တော်မူကြပါစေ…။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ(၁၇)ရက်၊နေ့ (၁၂း၅၃) ရေး၏။
 

ရွှေခိုးမမိ..ရေခိုးမိ..

ရွှေခိုး မမိ- ရေခိုးမိ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

ရွှေချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကြီး၏ လုပ်ငန်းခွင် ဖြစ်ပါသည်။ ရေကားတစီး တမံပေါ်တက်လာ၏်။ တမံ တာဝန်ခံ ၀န်ထောက်မင်းက ခါးထောက်၍ စောင့်နေလျှက် ။ ၀န်ထောက်မင်း AE ဦးကျော်မိုးမှ..
“ ဟေ့ ချက်ကာ စာရေး- ဒီရေကားရေပြည့်/မပြည့်သိရအောင် ကားပေါ်ကိုတက်စစ်”
“ ဟုတ်ကဲ့..” ပြောဆို၍ ကားပေါ်တက်စစ်၏။
“ ပြည့်ပါတယ် ဆရာ”
“ ပြည့်ရင်တော့ သွားတော့ ပြောလိုက်…”

ရေကားဆရာ ကြောက်ကြောက်လန့်လန့်နှင့် တမံပေါ်သို့ ရေဖြန်းနေ၏။ ရေဘောက်ဆာကားတစ်စီးလျှင် ယခင်က ၁၂ မိနစ်သာ ရေပန့်ဖြင့်မှုတ်ရတာ- ယခု ၁၆ မိနစ်ခန့်ရေမှုတ်ထုတ်နေပါ၏။ စပယ်ယာမှ ရေပန့်မှရေမထွက်တော့လို့ ဒရိုင်ဘာသို့ ရေကုန်ပါပြီဆရာဟု လှမ်းအော်၍ သူတို့ရေကားသည်တမံမှ ပြန်ဆင်းလာခဲ့ကြ၏။ အပြန်အဆင်းလမ်း တမံထိပ်မှ စောစောက ၀န်ထောက်မင်းနဲ့ကားအ၀င် အထွက်ခေါက်ရေကို မှတ်သောချက်ကါစာရေးတို့ ဆရာတပည့် နှစ်ယောက်က ရေကားတွင် ရေကျန် မကျန် ပြန်၍စစ်ပေတော့၏။
“ ဆရာ ၀န်ထောက်မင်း၊ ရေတွေ ကျန်နေပါတယ်။”
ရေကားဆရာ ချွေးပြန်နေ၏။ စပယ်ယာကို အနားခေါ်၍ မေး၏။ (ကျွန်တော်လဲ ရေမလိုက်တော့လို့ ရေကုန်သွားပြီမှတ်တာပေါ့။ ရေပန့်က ပန်ကာကြိုးပြတ်နေတာကို-ကျွန်တော် မသိလိုက်ဘူးလေ..။ ဤသို့ပြောနေကြစဉ် AE ၀န်ထောက်မင်း ဦးကျော်မိုးမှ
“ ဟေ့ ရေကား ဆရာတပြည့်-ဘာမှညှိမနေနဲ့ ညင်းမနေကြနဲ့ မင်းတို့ ရေသူခိုးတွေကို ရေကားအခေါက်ရေ (၅)ခေါက်ဖြတ်တယ်။ ဒါပဲ”။
ပြောပြောဆိုဆို ချက်ကာစာရေး လက်ထဲမှ ချက်ကာ ကားအခေါက်ရေစာရင်းထဲက ရေကားအ၀င်စာရင်း(၅)ခေါက်အားဖြတ်တောက်ထားရန် လက်မှတ်ရေးထိုးသွားလေတော့သည်။ ရေကားဆရာမှ ရှင်းလင်း အယူခံတာကိုပင် လုံးဝ မစောင့်တော့ပေ…။
ရေကားဆရာတပြည့်နှစ်ယောက် တောင်ကြည့် မြောက်ကြည့် သက်ပြင်းကိုယ်စီ ချလျှက် စပယ်ယာမှ စကားဆို၏။
“ ဆရာရယ် ကျွန်တော်တို့ ရေကားတွေက ချောင်းထဲကနေတမံပေါ်ကို ရေတစ်ခေါက်ပို့ပေး မှ ဆီ(၁)ဂါလံသာရတယ်။။ ကားအင်ဂျင်ကို ငယ်သံပါအောင်လည်း လီဖာကိုနင်း၊ ၁၆ မိနစ်ရေပန့်နဲ့ ရေမှုတ်ခဲ့ရလို့ ဆီကုန်ခဲ့ပြီ--ယခုမှ စုစုပေါင်း (၁၂)ခေါက်သာ ရပါသေးတယ်။(၅)ခေါက်ဖြတ်ရင် (၇)ခေါက်သာ ကျန်တော့တာပေါ့။ ကားထဲမှာဆီလက်ကျန် နည်းလို့ ဒီဇယ်ကား လေခိုရင် နေညိုသွားလိမ့်မယ်။ ဆီခြံကို အပြေးမောင်းပေတော့ဆရာ.. ကားဆီတိုင်ကီထဲကို ဆီထည့် ကြစို့ ဆရာ”

ရေကားနဲ့ ဆရာတပြည့်သည် ဆီခြံသို့ ရောက်လာခဲ့၏။
(လေးပုလင်းသာဆန့်တဲ့ တစ်ဂါလံသတ်မှတ်ပေးထားသောခွက်နဲ့ ချိန်ထည့်တာ ကိုယူခဲ့ကြရ၏။ တစ်ပေပါအပြည့် ဂါလံ(၅၀)ထုတ်ယူရင်လည်း အပို (၄)ဂါလံဆောင်းပေးရပြီး (၅၄)ဂါလံထုတ်ယူကြောင်းကိုလက်မှတ်ထိုးပေးရသေး၏။ ဒီဆီခြံ တာဝန်ခံ ၀န်ထောက်မင်းမှာ စောစောက ရေစစ်တဲ့ AE ဦးကျော်မိုး ပင် ဖြစ်ပါတော့သည်။)
ရေကားဆရာ စဉ်းစားမိ၏။ တစ်ပေပါလျှင်(၄)ဂါလံ သူတို့ကအပို ယူတော့ တစ်လထဲတွင် ဆီ ခွဲတန်းမှာ ပေပါပေါင်းက သိန်းချီ၍ ထုတ်ပေးရပါသည်။ ဒီဇယ်ပေပါတစ်သိန်းမှ အပိုတွေ အများကြီး တွက်လိုက်မိရင်တော့…။အားပါးပါး ဆီဂါလံအပိုတွေ..အများကြီး..ပါဗျာ..။ ဒီဇယ်ပေပါ..အပိုထွက်လာတွေကို..အပြင်သို့ခိုးရောင်းစားကြပြီး..အထက်
ဆိုင်ရာလူကြီးတွေအထိ ဆက်ကျေးပေး၍လာတ်ထိုးပြီး ချမ်းသာနေတာ…ဆီခြံတာဝန်ခံ ၀န်ထောက်မင်း..ဦးကျော်မိုးပါ…။
သြော်-ဒါကြောင့် AE ဦးကျော်မိုးဟာ သူ့မိန်းမကို ရွှေတွေပိသာချိန်လိုက် အလေးချိန်စက်ပြီးဝယ်လို့ ဆင်ပေးထားနိုင်တာကိုး….။စီမံကိန်းနာမည်ကိုက…( ရွှေလှောင်တမံ စီမံကိန်းတဲ့။ နာမည်နဲ့ လိုက်ပါပေတယ်) ရှေးလူကြီးသူမများ စကားပုံ ထားခဲ့တာတွေ ယခုအချိန်အထိ တကယ်မှန်ပါပေတယ်။

“ဆန်ခိုးမမိ၊ ဖွဲခိုးမိသတဲ့”

ယခု ရွှေလှောင်တမံ စီမံကိန်းက ရေကားဆရာနဲ့ ကားစပယ်ယာ ဆရာတပြည့်နှစ်ယောက်မှာတော့……ရွှေခိုးသူတွေကိုမမိ ရေသူခိုးသာမိပါ၏ ။

(မြန်မာတွေ စည်းကမ်းရှိရှိ နည်းလမ်းသိဖို့ အချိန်တန်ပါပြီ…..)

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၇ ခုနှစ်မှ ရေကားဆရာဘ၀၏ ခံစားချက်ကို ရေးပါသည်။
၂၀၀၉ ခု၊ ဇွန်လ(၁၅)ရက်၊နံနက်(၄)နာရီတွင် ပြန်လည်ခံစားပါ၏။
 

အားကိုး အားထား....

အားကိုး အားထား

ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်

လောကကြီးထဲကို လူသားတွေဟာ မွေးဖွားစကာလမှ သေဆုံးချိန်အထိ အားကိုးအားထားများရှာဖွေကြရင်းနဲ့ပဲ ဘ၀နေ၀င်ခဲ့ကြရပါတယ်။ သူတော်စင်အရိယာတွေကတော့ ဘ၀ အဆုံး လောကဓံကို ပြုံးပြုံးလေးနဲ့ လက်ရှိ ခန္မာကြီးကို ဒီဘ၀နဲ့ စွန့်လွှတ်ရတော့မယ်။ ချမ်းသာ အတုအယောင်များမှ သုခ ချမ်းသာအစစ်ကို မျက်မှောက်ပြုမယ်။ ၀မ်းမြောက်ဝမ်းသား ပြုံးယောင်သမ်းပြီး လောကမှ လွတ်မြောက်နိုင်ဖို့ ၃၁ ဘုံမှ ထွက်ကြပြီး ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို အားကိုး အားထား ပြုနေကြပါတယ်။
စာရေးသူတို့ သာမာန် ပုထုဇဉ် တွေကတော့ လောကီ စားဝတ်နေရေးတွေမှာ နေ့တဓူဝ ပြားပန်းခတ်ပြီး ယောက်ရက်တိုက်နေကြရပါတယ်။ စိတ်ချမ်းသာဖို့ ကိုယ်ကျန်းမာဖို့ အတွက် အားကိုးရှာနေကြရပါတယ်။ ရှာရင်း၊ ရှာရင်း အလိုချမ်းသာ ပြည့်စုံသူများရယ်လို့ မတွေ့ရသေးပါ။ လိုပြီးရင်း ထပ်လိုချင်ကြတာကြောင့် လောကီစီးပွားတွေကို အတတ်ပညာ၊ အသိပညာတွေနဲ့ အားကိုးပြီး ရှာဖွေနေကြရပါတယ်။ ကံကောင်းလို့၊ သံချောင်းတို့လို သူတွေကလည်း အမွေခံထိုက်သူတွေ ဖြစ်ပြီး အားကိုးရနေကြပါတယ်။ ပစ္စည်းမဲ့ ပညာမတတ်သူများကလည်း ခွန်အား ၊ ဗလ အားကိုးပြုပြီး အသီးသီး ရှာဖွေ စားသောက်နေထိုင်ကြရတာ အများအသိပါ။
ယနေ့ တိုးတက်ထွန်းကားနေတဲ့ ခေတ်ကြီးဟာ ကွန်ပျူတာအိုင်တီ ခေတ်ကြီးကို ရောက်နေပါပြီ။ ပြည်ပနိုင်ငံတွေ တချို့မှာ မိသားစု တစ်အိမ်ထောင်မှာ ကွန်ပျူတာ တစ်လုံး အသုံးချကြပါတော့မယ်။ အိမ်မှနေပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ကွန်ပျူတာနှိပ်ပြီး ဈေးဝယ်မယ်။ လူမှုရေးကိစ္စတွေ တစ်ချို့ကို ခလုပ်နှိပ်ပြီး အသုံးပြုတော့မယ်..လို့ မဂ္ဂဇင်းတွေမှာ ဖတ်မှတ်သိရှိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေကို ကွန်ပျူတာနဲ့ တွက်ချက်ထိမ်းသိမ်းရပေမယ်။ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်မှုများကို ကျွန်ုပ်တို့ ဗုဒ္ဓဘုရားရှင်လောက် မည်သူမျှ ခွဲခြားစိတ်ဖြာမပြနိုင်၊ မကြည့်နိုင်ပါလို့ စာရေးသူ တင်ပြပါရစေ။
ဗုဒ္ဒဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘုရားရှင်က (မိမိကိုယ်သာ မိမိ အားကိုး အားထားပါ။)လို့ ဟောကြားဆုံးမ ထားခဲ့တာ အများအသိပါ။ ဒါပေမယ့်--စာရေးသူက အစ လူများစု တစ်ချို့မှာ အလုပ်မလုပ်ကြပဲ ကိုယ့်အားကို မကိုးကြဘဲ တလွှဲအားကိုးများဆီသို့သာ၊ မျှော်ကြည့်နေမိကြပါတယ်။ သူများပါးစပ်မှာ လမ်းဆုံးနေကြရပါတယ်။ စာရေးသူတို့ ကျောင်းသား ဘ၀မှာ စာမကြည့်ဘဲ ၀ိုင်းဖွဲ့ပြီး ဖျာလိပ်နတ်၊ ဓါတ်၊ ယတြာ တွေကိုအားကိုးမိခဲ့ပါတယ်။ အသိပညာ၊ အတတ်ပညာ ထွန်းကားနေတဲ့ ခေတ်ကြီးမှာ ပညာမတတ်ရင် ဘာမှ အသုံးချ၍ မရပါ။ စာရေးသူတို့ ကိုယ်တွေ့ အသိကိုယ်သာ တင်ပြခြင်း ဖြစ်ပါတယ်။ စာရေးသူဟာ ကလေးဘ၀ အဖေရှိစဉ် ပြောဆို ဆုံးမ စကားကို ပြန်ကြားနေမိပါတယ်။
“ သား၊ လူကလေး ပညာကို တတ်အောင်သင်၊ အဖေက ပညာအမွေပဲ ပေးနိုင်တာ၊ အဖေ မရှိရင် ပညာကိုသာ အခြေခံအားကိုးပြီး ဘ၀ကို တည်ဆောက်ပေတော့….”
စာရှုသူ မိတ်ဆွေ၊ ဒီဆုံးမ စကားလေးတွေဟာ မိဘတိုင်း ပြောနေကြဆိုတော့ ဆန်းတော့ မဆန်းပါ။ မဆန်းတဲ့ ဆုံးမစကားပေမယ့် စာရေးသူတို့ ယနေ့ လျှောက်လမ်းရာ ဘ၀ခရီးမှာ သိပ်ပြီး အရေးကြီးနေပါပြီ။ ယနေ့ လူငယ်များ အားကိုး မမှားရအောင် ဆက်လက်တင်ပြပါရစေ။
ပညာမရှိ သူ၏၀န်ထမ်း၊ ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်။ စတဲ့ လောကနိပါတ် ဆုံးမစာတွေကို စာရေးသူတို့ ငယ်ငယ်ကတည်းက တစ်ကျော်ကျော်အော်ပြီး ကျက်မှတ်ခဲ့ရပါတယ်။ ကျက်မှတ်ပြီး အလွတ်ပြန်ရုံက လွဲပြီး လက်တွေ့ မကျင့်သုံး မလိုက်နာခဲ့ပါ။ ယနေ့အခြေခံပညာမတတ်ရင် မျက်နှာငယ်ရပါပြီ။(ဒရိုင်ဘာ အလုပ်တောင် ဘွဲ့ တစ်ခုခုရမှ)အလုပ်ခန့်မည် ဆိုကြပါတယ်။ စာရေးသူဟာ ငယ်စဉ်အခါ ပညာမရှာ၊ မိဘဆရာသမား ဆိုဆုံးမ စကားတွေလည်း မလိုက်နာခဲ့တာကိုက မဟာ အမှားကြီးပါ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ အားကိုးအားထားမှားမိခဲ့ပါတယ်။ “ အဖေ၊ အမေ ရှိနေသမျှ ငါမငတ်ဘူး။ လို့ အားကိုးမှု ပြုခဲ့ပါတယ်။ ကာလမကြာပါ။ လောကဓံမုန်တိုင်းက ဖြုတ်ဆို တိုက်ချလိုက်ရော၊ အမိအဖ နှစ်ပါးလုံး ဆုံးပါးသွားခဲ့ကြပါတယ်။.ငယ်ငယ်ရွယ်ရွယ် အားကိုးစရာမဲ့ ဘ၀နဲ့ ဆွေမျိုးများထံ တအိမ်တက်ဆင်း အားကိုး အကူအညီတောင်းပြီးနေခဲ့ရပါတယ်။ ဆွေမျိုးများကလည်း သေတဲ့ သူကသေပြီ၊ ကျန်တဲ့ ဆွေမျိုးများမှာ လည်း စီးပွားရေး မပြည့်စုံတော့ အားကိုး၍ မရခဲ့ပါ။
ဒီတော့ စာရေးသူဟာ လူလားမမြောက် အရွယ်မပြည့်စုံသေးဘဲ ဘ၀ပေါင်း မျိုးစုံနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ကျောင်းဆက်ထားမယ့်သူ မရှိဖြစ်ပြီး ဌာနတစ်ခုမှာ နေ့စား စာရေး တာဝန်ထမ်းခဲ့ရပါတော့တယ်။ မှတ်မှတ်ရရ ၃ိ/ ၁၅ါး ခေတ်ကပါ။ အဲဒီအချိန်မှာ စာရေးသူ ဘ၀မှာလဲ ဘာမှ မယ်မယ်ရရ အားကိုးစရာ မရှိပါ၊ ဘာသာ တရားဆိုတာလည်း ဝေလာဝေး၊ ဘုရားရှိခိုးတောင် မရခဲ့ပါ။ အားတဲ့ အချိန် အရက်သောက်ပြီး အားကိုးအားထား စရာဆိုတာ ဘယ်ဆီနေမှန်းမသိ၊ သတိတရား လက်လွတ်ရေစုံမျှောနေချိန် ကာလပါ။
တစ်နေ့မှာ၊ နေ့ခင်းကာလအချိန် တစ်ယောက်အိပ် အခန်းထဲ တံခါး ပိတ် အိပ်နေစဉ်မှာ စာရေးသူ အိပ်မက် ထူးထူးဆန်းဆန်းတစ်ခု မက်ပါတယ်။ မှတ်မှတ်ရရ အဖွားကြီး တစ်ယောက်ဟာ အနက်ဝတ်ရုံကြီးကို ၀တ်ပြီး ကျွန်တော် ခေါင်းရင်းမှာ ရပ်ပါတယ်။ ကျွန်တော့်ခေါင်းကို လက်နဲ့ပုတ်ပြီး နိုးပါတယ်။
“ သားကြီး ထတော့၊ ထတော့၊ ယနေ့ကစ အမေမှာတာ လုပ်ပါ၊ မင်းရဲ့ အားကိုးအားထားစရာကို ကန်တော့ပွဲတစ်ပွဲနဲ့ ပူဇော်ပါ။ အမေမှာတာ မမေ့ပါနဲ့--သတိတရား လက်ကိုင်ထားပါနော်သား ၊ အမေပြန်မယ်။”
စာရေးသူဟာ လန့်နိုးပြီး ဟိုကြည့်၊ ဒီကြည့် တံခါးပေါက်တွေကို စစ်ဆေးပါတယ်။ လုံးဝ မပွင့်ကြပါ၊ ခေါင်းရင်းမှာ စာရေးသူရဲ့ မွေးမိခင်ကြီးရဲ့ မတ်တပ်ရပ်ပုံကို စိုက်ကြည့်မိပါတယ်။
“ ဘုရား၊ ဘုရား ငါ့အမေများ တခြားဘ၀က လာပြီး သတိပေးနေတာလား၊” (ပထမဆုံး အကြိမ် ဘုရားကို တခြင်းပါ)”
ဝတ်ရုံအနက်နဲ့ အမေအိုကြီး ပြောသံကိုသာ ကြားယောင်နေမိပါတယ်။ ဒီနေရာမှာ အိမ်မက်ကိစ္စကို ဗေဒင်၊ နတ်တွေ မေးမိရင် ယတြာ အချေခိုင်းမယ်၊ မယ်တော်ပွဲ တစ်ပွဲ တင်ခိုင်းမှာ အသေအချာပါပဲ၊ သူများပါးစပ်လမ်းမဆုံးစေဘဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားမိခဲ့ပါတယ်။ ကန်တော့ပွဲ ပူဇော်ရမည်ဆိုတော့ “ ငါ ဘာကို အားကိုး ရည်ရွယ်ပြီး ပူဇော်ကန်တော့မှာလဲ ” အပြန်ပြန် စဉ်းစားမိတယ်။ အို ဘာပဲ ဖြစ်ဖြစ် အမေအို မှာတဲ့ အတိုင်း လုပ်မယ်။
“ ဘုရား၊ တရား၊ သံဃာ” ရတနာ သုံးပါး ရည်ရွယ်ပြီး ငှက်ပျော်သုံးဖီး၊ အုံးတစ်လုံး၊ ကွမ်းဆေး၊ လက်ဘက်၊ သစ်သီး ၊ ဆွမ်းများကိုစုံလင်စွာ ပြင်ဆင်ပါတယ်။ တခမ်းတနား ပူဇော်ကန်တော့ပါတယ်။(အဲဒီနေ့က စပြီး သရဏဂုံ ပူဇော်ပွဲကို အမြဲမပြတ် ပွဲဆက်ပြီး ပူဇော် ပေးလာခဲ့ပါတယ်၊ တဘက်ကလဲ ဌာန အလုပ်ကို ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။)
နေ့စဉ် သရဏဂုံ တင်ပြီး ရတနာ သုံးပါးကို ထိထိမိမိ ပိပိရိရိ ၀တ်မပျက် စာပေတွေ ကိုလေ့လာကျက်မှတ်ပြီး တတ်သလောက် မှတ်သလောက် အားကိုးအားထား ပြုလာလိုက်တာ မကြာခင် ကာလာအတွင်းမှာပဲ စီးပွားရေး၊တွေ ဒီရေအလား တိုးပွားလာခဲ့ပါတယ်။ ၀န်ထမ်းဘ၀မှာ (သရဏဂုံ တည်ခြင်း အကျိုးကြောင့်) လူချစ်လူခင် ပေါပြီး လာဘ်ရွှင်လာတယ် ဆိုရမှာပါ။
အဲဒီအချိန်မှာ စာရေးသူဟာ အသက်(၂၅)နှစ်ဖြစ်ပြီး အိမ်တစ်ဆောင် မီးတပြောင်နဲ့ ဇနီး၊ မယား သမီးသားတွေနဲ့ ကြီးပွားနေခဲ့တယ် ဆိုရပါမယ်။ အားကိုး အားထားစရာ ရတနာ (၃)ပါးအစစ် တွေ့ထားတာ ဖြစ်ပေမယ့် စာရေးသူရဲ့ လောဘ အတော မသတ်နိုင်ဘဲ တခြားအားကိုးလွဲ ၀ါဒတွေ “ စေ” တလုံးပိုင်ရှင် ဖြစ်ချင်လာခဲ့မိပါတယ်။ ဂိုဏ်းဆရာ၊ နတ်ကတော်၊ အဂ္ဂိရတ်၊ ဓါတ်စီး နတ်ကြီးတွေဆီ လှည့်ကြည့်မိခဲ့ပါတယ်။ ဒါဟာ စာရေးသူ ပညာနည်းလို့ရောင်ဝါးဝါးဖြစ်ခဲ့ရတာကို ၀န်ခံပါရစေ။ အခါအခွင့်သင့်ရင် စာရေးသူလို မမှားရအောင် ဆက်လက်တင်ပြပေးပါဦးမည် ခင်ဗျား။
ယခု စာရေးနေချိန်မှာတော့ စာရေးသူဟာ သစ္စာလေးပါး မြတ်တရား၊ ရတနာအစစ်ကို အသက်ထက်ဆုံး ကြည်ညိုလေးစားအားကိုး အားထားပြုနေပါပြီ။ စာရေးသူ သိသမျှ ဥာဏ်မီသလောက် တဆင့် ကျေးဇူးပြုပြီး ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။
* ယနေ့ လူတိုင်း၊ လူတိုင်း ကိုယ်နဲ့ စိတ်နဲ့ အမြဲမကွာ အဆောင်မှာ
“ သတိတရား”
* ယနေ့ လူတိုင်း စီးပွား ဥစ္စာသုခ ချမ်းသာ ဖြစ်စေမယ့် ပီယဆေးဟာ
“ အမိ၊ အဖကို မသေခင် လုပ်ကြွေးပြုစုပါ”
ယနေ့ လူတိုင်း လူတိုင်း အားကိုး အားထားစရာ အမှန်မှာ-
“ ဘုရား၊ တရား၊ သံဃာ၊ မိ၊ ဆရာ ဒီငါးပါး ပါ”
အနန္တော၊ အနန္တ ငါးပါးကို စွဲစွဲမြဲမြဲ ယုံကြည်အားကိုး အားထား ပြုကြပါ။ ဗုဒ္ဓဘုရားရှင်ဆိုဆုံးမ တရားများကို ကိုယ်တိုင် အားထုတ် ၊ ကျင့်ကြံ ကြိုးစား အားကိုး အားထား ပြုကြပါ။ လောကီ ပညာနဲ့ လောကုတ္တရာ ပရမတ်နှစ်ခု စပ်ပြီး ကျင့်တတ်ကြပါစေ။ စာရေးသူတို့ ဗုဒ္ဓဘုရားရှင်မှ “ မိမိ ကိုယ်သာ မိမိကိုးကွယ်အားထားပါ၊ “ သူများ ပါးစပ် လမ်းမဆုံးကြစေဘဲ၊ ဘုရားရှင်ရဲ့ ဓမ္မအစစ်၊ ပရမတ်တရားအနှစ်များကို ဥာဏ်ဖြင့် ပိုင်းခြားထိုးထွင်း၍ အသိပညာ တိုးပွားနိုင်ကြပါစေ။

ပညတ် ပရမတ်
နှစ်ခုစပ်
ကျင့်တတ်သူမှသာ……….။(မာန်လည် ဆရာတော်ဘုရားကြီး)

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၅ ခု စက်တင်ဘာလ(၁၆)ရက်နေ့။ ရေးပါသည်။

(၀န်ခံချက်)

ဤဆောင်းပါးသည် စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို တင်ပြထားပါသည်။
 

အဆိပ်လူးသော လက်များ....

အဆိပ်လူးသော လက်များ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လေးဘက်သွားခါစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင်ဘဲ၊ မသိဘဲ လက်များနှင့် ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီကလေးငယ်များရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်လေးနဲ့ပဲ ပြောင်လက်သန့်စင်သွားတတ်ကြပါတယ်။
ယခု ကျွန်တော်ရေးသားဖော်ပြမဲ့ အဆိပ်လူးသော လက်များကတော့-လွယ်လွယ်ကလေးနဲ့ ဆေးကြောလို့ မရနိုင်ပါ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးဟာ ပင်လယ် သမုဒ္ဒယာထဲတွင် ပျားရည်တစ်စက်ကျသွားသလောက်သာ ဖြစ်နေပါမည်။
ပင်လယ်သမုဒ္ဒယာ ရေပြင်ကြီးသည် ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံကျယ်ဝန်းသည်ဟု ငယ်ငယ်က စာသင်ကြားခဲ့ရပါတယ်။ ဤမျှလောက်ကျယ်ဝန်းပေါများနေသော်လည်း ပင်လယ်ရေကို ကျွန်တော်တို့ လူသားတွေ သောက်လို့ မရနိုင်ပါ။ ပျားရည် တစ်စက်ကိုတော့ လူတိုင်းနှစ်သက်ကြပါမည်…….။ သို့သော် ပျားရည်သည် အ၀စား သုံးစရာ မဟုတ်ပါ။ ရံဖန်ရံခါ လိုအပ်ပါမှ ဆေးဖြစ်ဝါးဖြစ် နှစ်သက်ရာ တစ်ခုခုနှင့်သာ ပူးတွဲဖေါ်စပ် စားသုံးကြတာ မဟုတ်ပါလား။
“ မိဘ-ဆရာပူးပေါင်း-ကလေးပညာကောင်း ” ဟု စာသင်ကျောင်းများမှာ ကြွေးကြော်ထားကြပါတယ်။ ကျောင်းထားကာစ အရွယ် အင်မတန်နုနယ် ဖြူစင်နေတဲ့ မူလတန်းကလေးများကို စတင်ကိုင်တွယ် ကြရမယ့် မိဘများနဲ့ ဆရာသမားများရဲ့ လက်ဟာ သိပ်ပြီး အကိုင်အတွယ်တတ်ဖို့ အရေးကြီးကြပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပေါ့-။ ကျောင်းကို စတင်လှမ်းခဲ့တဲ့ ကလေးငယ်ရဲ့ ခြေတလှမ်းဟာ နောင်အနာဂတ်တွင် တိုင်းပြည်အတွက် ကုဋေတသန်းမကတန်စေချင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ယနေ့အခါ မူလတန်း၊ အလယ်တန်းကျောင်းသူ ကျောင်းသားတချို့ရဲ့ စာမေးပွဲတွင်းမှာ ပြောသံ ဆိုသံ များကြားခဲ့ရပါတယ်။ များစွာမှ စိတ်မကောင်ပါ။ စာရေးသူကိုယ်တိုင် ကြက်သီးမွေးညင်းများထသွားမတတ် ခံစားလိုက်ရပါတယ်။ သူတို့ သူငယ်ချစ် တစ်သိုက်ပြောသံများမှာ
“ သူငယ်ချင်းရာ ငါတို့ အတန်းပိုင်ဆရာမက အလကားပါကွာ-စာမေးပွဲ မဖြေခင်တုန်းကတော့ ည စာကြည့်ခေါ်ပြီး စာမေးပွဲနားလဲနီးရော- နင်တို့ ပြန်ကြတော့တဲ့--အဲဒီနေ့ကပဲ လူကြီးသမီး အက်စ်စီးကားကြီးစီးပြီး မုန့်ပုံးတစ်ပုံးနဲ့ ငွေသားတစ်ထောင်ပေးသွားတာ ငါမြင်လိုက်ရတယ်။ အဲဒီ မြင်ကွင်းကို ငါမျက်စေ့ထဲက သေတောင် မမေ့တော့ပါဘူးကွာ” တဲ့။
နောက်ကျောင်းသားလေးတစ်ဦးက ထပ်ပြောပါတယ်။
“ ငါတို့ မိဘတွေကလည်း မစွန်ပါဘူးကွာ၊ သူများမိဘတွေနဲ့ သိပ်ကိုကွာခြားပါတယ်။ သူများတွေရဲ့ မိဘဆိုရင် သမီးအတွက် ဆိုကတိမပျက်ကြဘူးတဲ့-။ သမီးအာမခံလာသမျှ ဆရာ ဆရာမတွေတောင်းသမျှ လက်ဆောင်ကို စာမေးပွဲအောင်ရင် ပြီးရောဆို မိဘတွေ ကိုယ်တိုင်ပေးကြသတဲ့” လို့ သူတို့ ကလေးတွေ ပြောသံဆိုသံကြားခဲ့ရပါတယ်။
ဒီလို အကြောင်းမျိုးပဲ စာရေးသူရဲ့ မိတ်တွေ လက်သမား တစ်ယောက်အိမ်ကို ရောက်တုံးကလဲ ရင်နာစရာ အဖြစ်ကလေး တစ်ခု ပြောကြားခဲ့ရသေးတယ်။ အမွှာညီ အစ်ကို နှစ်ဦး ကျောင်းအတူတူ ထားတယ်၊ အတန်းအတူတူတက်တယ်၊ အခန်းတော့ ကွဲတယ်ပေါ့။ အေနဲ့ဘီခန်းဆိုပါစို့၊ အစ်ကိုက စာညံ့တယ်။ ညီက စာတော်တယ်။ အစမ်းစာမေးပွဲတွေမှာ ပထမ၊-ဒုတိယအဆင့်နဲ့ ညီက အမြဲရတယ်။ အစ်ကို ဘာသာစုံကျခဲ့တယ်။ စာမေးပွဲကြီးဖြေတော့ ညီက ဘယ်မှ မသွားဘဲ -မလိုက်ဘဲ မီးကုန် ရမ်းကုန် စာကို ကြိုးစားတယ်။ အစ်ကိုက စာမကြည့်ဘဲ ဆရာမအိမ်သွားပြီး ညစာကြည့်တယ်၊ အဲဒီစာမေးပွဲရက်မှာပဲ အစ်ကိုလုပ်သူက တစ်နှစ်လုံးစုထားတဲ့ မုန့်ဘိုး စုဘူးခွဲတယ်။ သူ့ဆရာမကို ကတိအတိုင်း ပေးတယ်လို့ သိခဲ့ရတယ်။
စာမေးပွဲ အောင်စာရင်းထွက်တော့ စာသိပ်ညံ့တဲ့ အစ်ကိုက စာမေးပွဲအောင်တယ်။ စာသိပ်တော်ပြီး မီးကုန်၊ ရမ်းကုန် ကြိုးစားခဲ့တဲ့ ညီက စာမေးပွဲကြီးမှာ ကျတယ်။ ..ဘယ်လိုဖြစ်တာလဲ…နာမည်ကလည်း မှားရအောင် မောင်ကြီးနဲ့ မောင်ငယ်..၊ အတန်းကလည်း အေ၊ဘီ ခွဲထားတာ၊ ခုံနံပါတ်ကလည်း တခြားစီ၊ စာရေးသူ ကျွန်တော်ကတော့ စိစိတွေးတော့ ရေးရေးပေါ်ခဲ့မိတယ်။
ရိုးသားပြီး ကြိုးစားတဲ့ မောင်ငယ်ကလေးခင်ဗျာ-ရှက်လှချေရဲ့ဆိုပြီး မြစ်ဆိပ်က ရေနက်ထဲ ခုန်ချမယ်တကဲကဲ လုပ်နေလို့ ဆွဲထားခဲ့ရကြောင်း၊ ယခု မောင်ငယ်ကလေးရဲ့ အနားမှာ အမေက အမြဲစောင့်နေရကြောင်း၊ စိတ်မကောင်းစွာနဲ့ပဲ လက်သမားမိတ်ဆွေ တစ်ဦးရဲ့ အဖြစ်ထူး အမွှာ ညီအစ်ကို နှစ်ဦးအကြောင်း စကားဖောက်သည်ချလို့ သိခဲ့ရပါတယ်။
ဒီကိစ္စများကို စာရေးသူဟာ အားရပါးရ ပြစ်တင်ရှုံ့ချနေတယ်လို့ တစ်ဘက်သက် မဆိုလိုပါ။ အပြစ်ကို အပြစ်လို့ မြင်ပါမှ ဆရာမိဘများ ၀ိုင်းဝန်းပြီး ဆင်ခြင်ကြနိုင်အောင် စေတနာနဲ့ ဖော်ပြရေးသားမိပါတယ်။ တိုက်ဆိုင်မှုများ ဖြစ်နေရင် ခွင့်လွှတ်ကြပါ။
ယနေ့ ကျောင်းသားလူငယ်ကလေးများသည် မကြာမီကာလမှာ အနာဂါတ်၏တိုင်း ပြည်ကို တာဝန်ယူ ထမ်းဆောင်ကြရမယ့် ၀န်ထမ်းများ ဖြစ်ကြမှာ မလွဲမသွေပါ-။ ၀န်ထမ်းလောကတွေမှာလည်း ကြားခဲ့ရတဲ့ အသံ တချို့ တင်ပြပါရစေ။
“ ဒီအလုပ် ဒီဌာနရအောင် ဆက်သွယ်ပေးခဲ့တဲ့ ပွဲစားပေးရတာက ငွေဘယ်လောက်--ဆိုင်ရာ ဆိုင်ရာတွေးလိုင်းဝင်ပြီး ကန်တော့ရတဲ့ ငွေက ဘယ်လောက်…” ဆိုတဲ့ အသံများ..၊
“ ကျွန်တော့် လစာက…..ကျပ်ရပါတယ်ခင်ဗျာ..လခက မပြောပလောက်ပေမယ့် တစ်လတစ်လ ဘေးပေါက်ဝင်ငွေက …….တစ်လမှာ………..သောင်းချီရတယ်--လစဉ်ထုတ် ခွဲတမ်းတွေကလည်း --အမျိုးပေါင်း တစ်ဒါဇင်ရတယ်- မကြာခင်တောင်- မကြာခင်တောင် ကျုပ်က နိုင်ငံခြား သွားရတော့မှာ………..။
အထက်က ကြားခဲ့ရတဲ့ စကားတွေဟာလည်း တိုင်းပြည်နဲ့ လူမျိုးအကျိုးမပါဘဲ ကိုယ့်ဖို့သာ ဆိုသော အကျင့်ပျက်ဝန်ထမ်းတွေရဲ့ အသံများဖြစ်ပါတယ်ခင်ဗျား။ တဆက်တည်းမှာပဲ ပုဂ္ဂလိက စီးပွားရေးနဲ့ ဖက်စက်ကုမ္မဏီကြီးများ သတင်း တချို့ကို နားထောင်ကြပါစို့။
ကျွန်တော်တို့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေး ဖွင့်ပေးနေပါပြီ။ ကုမ္မဏီကြီးတွေ အသီးသီး ပေါ်ထွက်လာပါပြီ ။ ၀မ်းသာစရာပါဘဲ ဘာမဆို လိုတာရကြပါပြီ။ လူရိုးမှ လွဲ၍ ကျန်တာ အကုန်ရပါပြီ။ “ လူရိုးဆိုတာ ” သင်္ဂြိုင်းကုန်းမှာ ရှိတယ်ဟု မြန်မာ စကားပုံ တစ်ခု ထားရှိခဲ့ပါတယ်။ ဒါကြောင့် ကုမ္မဏီကြီးတွေတော်တော်များများက ရိုးသားသိက္ခာရှိကြလောက် တစ်ချို့ကုမ္မဏီကြီးတွေမှာ ရိုးသားမှုများ မတွေ့ရတာ သတင်းကြားနေရပါတယ်။ စီးပွားရေးလောကထဲမှာ တစ်ဦးကို တစ်ဦး မယုံကြည်ရမှုများ လစ်ရင်လစ်သလို--ပြတုံးကတော့ ပစ္စည်းအကောင်း-တကယ်ရောင်းတော့ ပစ္စည်းက မကောင်း----၊ ဒီကြားထဲမှာပဲ လုပ်ပိုင်ခွင့်တွေကို ရတဲ့နေရာတွေက နည်းအမျိုးမျိုးနဲ့ ရယူဘို့ မသမာတဲ့ ၀န်ထမ်း တစ်ချို့နဲ့ပေါင်းပြီး လာဘ်ထိုးကြပါတယ်။ လာဘ်ဘေးလာတ်ယူ မည်၍ မည်မျှ ပင်အော်အော် ယနေ့အထိ နေရာတိုင်းမှာ ဆော်နေကြတဲ့ အတ္တ၀ိသမ လောဘစီးပွားရေးသများများလည်း ရှိနေကြပါသေးတယ်ခင်ဗျား။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ ထိထိမိမိ သိရှိကြအောင် အဓိက စည်းရုံးဆောင်ရွက်ကြတဲ့ နိုင်ငံရဲ့ မျက်စေ့၊ နား၊ ပါးစပ်များဟာ စာပေ၊ ဂီတ၊ ရုပ်ရှင် သဘင်နဲ့ -အနုပညာပန်းဆယ်မျိုးကိုလည်း တတတ်တအား ပါဝင်ကြပါတယ်။( အနုပညာတိုင်းဟာ ရသကတဆင့် ဘ၀ အသိ တစ်ခုခု ရစေမယ်)လို့ ဆရာဇော်ဂျီမှ ရေးသားခဲပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျင့်စာရိတ္တ၊ အတွေးအခေါ်လွဲမှား ဘေးချော်ထွက်သွားစေမယ့် အဆိပ်အတောက်များကို အနုပညာရှင်တို့ရဲ့ လက်တွေမှာ မပေမကြံစေချင်ပါခင်ဗျား။။ ဒါပေမယ့် အနုပညာရှင် တချို့ဟာလည်း မြန်မာမှု အနုပညာတွေကို “ ခြေရာလည်းပျောက်-ရေလည်းနောက်” ဆိုတဲ့ စကားကို ---တွေးချင်သလို တွေး---ရေးချင်သလို ရေး---- ဆိုချင်သလိုဆို-----ကချင်သလို က------ဆင်ချင်သလို ဆင်--တီးချင်သလိုတီး နေကြပြီး နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ကို မျက်ကွယ်ပြုနေကြပါပြီ---။ ဒါကြောင့်လည်း ဆိုင်ရာက ရပ်တန်းက ရပ်ကြဖို့ နှိုးဆော်ထားတာ အားလုံး သိကြမှာပါ။ ရပ်တန်းက ရပ်ပေးကြပါခင်ဗျား။
မြန်မာမှု ယဉ်ကျေးမှု အနုပညာတပ်ရိုး---စည်းရုံး မကျိုးမပျက်စေဘို့ အနုပညာရှင်များ ၀ိုင်းဝန်းထိမ်းသိမ်းကြပါစို့။
ယနေ့ဖွင့်လှစ်ပေးသော ဈေးကွက် စီးပွားရေးနဲ့ အတူ ကျွန်တော်တို့ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် စုပေါင်း ၀ိုင်းဝန်းကိုင်ဆောင်ဖြေရှင်းကြပါစို့။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အကျိုးအတွက် ကိုင်ဆောင်ကြရမယ့် လက်များဟာ အထက်က ရေးသားခဲ့တဲ့ ကိစ္စများနည်းတူ အဆိပ် မလူးကြဖို့ လိုအပ်နေပါပြီ။ ဒီလက်များကို ဘယ်လို သဘောကြောင့် အဆိပ်များ လာရောက် လူးနေကြပါသနည်း။ ကျွန်တော့်ရဲ့ စာပေ စေတနာနဲ့ တစေ့တစောင်း တင်ပြပါရစေ။ တိုင်းပြည်အတွက် ကိုင်ဆောင်ကြရမယ့် လူငယ်လူကြီးတို့အတွက် အဆိပ်လူးသော လက်များ မဖြစ်ကြရအောင် ဗုဒ္မလက်ဆောင် အနည်းငယ် ပါးလိုက်ချင်ပါတယ်။ လိုအပ်သူတွေအတွက် ဆေးဖြစ်ပေမယ့် မလိုချင်သော အတ္တလွန်ကဲနေတဲ့ စီးပွားရေးသမားများအတွက်မှာ အန္တရာယ်ဖြစ်စေရင်လည်းသီး ခံကြပါ။
လောကကြီးထဲမှာ ပုထုစဉ် လူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မိစ္ဆိယ၊ စိတ်များအားကြီးကြပါတယ်။ သာမန်ရှိသင့်တာထက် လွန်ကဲတတ်ကြပါတယ်။ မရ-မက နည်းတွေနဲ့ ငါကိုယ်တိုင် ရအောင် ယူမယ်။ ငါ့ကိုဘာကောင်မှတ်နေကြပါသလဲ။ သူအဆင်ပြေနေရင် ငါ မကြေနပ်ဘူး--ငါရတဲ့ အခွင့်အရေး တွေကိုလည်း င့ါကို မုန်းတဲ့သူတွေကို မပေးဘူး--လောကကြီးထဲမှာ ငါတစ်ဦးတည်းသာ အားရပါးရ လိုချင်တာ ရအောင် ယူမယ်။- ငါနဲ့ ငါ့ကို ချစ်တဲ့သူတွေ သာ..ချမ်းသာစေရမယ်။-စတဲ့ တစ်ဖက်သတ်လွန်ကျူးတဲ့ စိတ်တွေ ပေါ်ထွက်လာတတ်ကြပါတယ်။ ဒီလို လွန်ကဲတဲ့ ကိလေသာ စေတသိက်တွေကြောင့် လောကကို ပျက်စီးစေမယ့် မိစ္ဆာဒိဌိ မကောင်းတဲ့ အယူမှားတဲ့ အဆိပ်တွေဟာ နှလုံးသားမှတဆင့် လက်သွင်းသို့ တဖွားဖွာ ဆင်းသက်လာတတ်ကြပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ တွေ အဆင့်ဆင့်နဲ့ ဆိုင်ရာ ဆိုင်ရာ အဆိပ်လူးသော လက်များဟာ သာယာလှပတဲ့ လောကကို ဖျက်ဆီး ပြစ်နိုင်ပါတယ်။
အနာသိလျှင် ဆေးရှိရပါမည်။ သမားတော် ဆရာ တဦးဟာ လူနာ တစ်ဦးကို ဆေးကုသရာမှာ ဆေးပေးမှားရင် တစ်သက် တစ်ယောက်သာ သေဆုံးနိုင်ပါမည်။ အဆိပ်လူးသော လက်များနဲ့ ကိုင်တွယ်မိကြလျှင် အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။ မိစ္ဆာဒိဌိ မကောင်းတဲ့ အယူအမှား၊ အမှတ်မှား၊ အသိမှားနေကြသော တစ်ဖက်စွန်းရောက် အဆိပ်လူးသော လက်များဟာ သံသရာမှာ အ၀ိုင်းပြေး ပြေးရင်း မရပ်မနား လောကကြီးကို ပျက်စီးစေပါမည်။ လောကပါလ တရားကို မျက်ကွယ်ပြုပြီး အဆိပ်လူးသော လက်များနဲ့ မပြုသင့်၊ မလုပ်သင့်၊ ကိစ္စဆိုတာ ဒီကမ္ဘာမှာ မရှိဘူး ဆိုပြီး နတ်လူ သတ္တ၀ါတွေကို ပျက်စီးသွားစေပါမည်။ ဒါကြောင့် သိလျှင် သိခြင်း၊ ယခု ခဏ ချက်ချင်း ရပ်ပါ၊ အဆိပ်လူးသော လက်နှင့် ဒလစပ် ပြေးနေခြင်းကို ရပ်လိုက်ပါ။ ဗုဒ္ဒ၏ တရားဓမ္မ မဂ်ရေအေးနဲ့ ခဏလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ဓမ္မမဂ်ရေအေးနဲ့ပဲ ခဏကလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ပစ္စခ အချိန်ကလေးမှာဘဲ လက်တွေ့ ဖြူစင်အေးချမ်းမှု ပေးပြီး ဖြူစင်သွားမှာ ဧကန်ပါ။
လေးဘက်သွားကာစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင် မသိဘဲ လက်များနဲ့ ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ ကလေးများရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်ကလေးနဲ့ပဲ ပြောင်လက် သန့်စင်သွားတတ်ကြပါတယ်။
သို့သော် ကလေးငယ်များဟာ ကိုယ်တိုင်ကိုယ်ကျ မစင်ဆိုတာ ရွံစရာကြီး၊ မုန်းစရာကြီးလို့ အသိဥာဏ် မ၀င်မချင်း အကြိမ်ကြိမ်အခါခါ ကိုင်လူး ပျော်မြူးနေကြအုံးမှာပါ။ ဒီလိုသာပဲ-ယခု အဆိပ်လူးသော လက်များဟာလည်း လောကီ တရား ဥပဒေတွေနဲ့ ဘယ်လိုပင် တားဆီးပြီး ဆေးဆေး----ဗုဒ္မဘုရားရှင် ဟောကြားထားသော မဂ္ဂဆေးတော်ကို ကိုယ်တိုင် အသိ၊ သတိဝိရိယ၊ ပညာဥာဏ် မ၀င်စားကြသေးဘဲ ဘ၀ သံသရာထဲမှာ မျောနေကြအုံးမယ်ဆိုရင် မိုးမဆုံးနိုင်အောင် ဆက်လက်ဖြစ်နေကြပေဦးမည်…။လောကဘ၀ဇာတ်ခုံထဲက ဘ၀အစုံ၊ ဌါနအစုံ ၊ဒေသ၊နေရာအနှံ့မှာ အဆိပ်လူးနေကြသော လက်များ ကင်းစင်ပပျောက်ကြပါစေ……။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၃း၃၀)နာရီရေးပါသည်။
 

တုမနိုင်းသာ.....

တုမနှိုင်းသာ


ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

ကျုပ်ရဲ့ သမီးရဲ့ စာကို အကြိမ်ကြိမ်ဖတ်ပြီး အသဲမှာ ဓါးတစ်ရာ၊ လှံတစ်ရာနဲ့ အကြိမ်ကြိမ် အခါခါ ထိုးဆွခံနေရသလိုပါပဲဗျာ…။ ကျုပ်ဖခင် တစ်ယောက်ရဲ့ မဟာအမှားကို မိသားစုဘ၀ရဲ့ သမိုင်းမှာ စာမျက်နှာ ကျော်လှန်ပြီး ချန်ထားခဲ့လို့ ဘယ်မှာ ရမှာတဲ့လဲ။…နှစ်တွေ ကြာသွားလို့ အသဲမှာ အမာရွတ် ကြီးလာခဲ့တာ သမီးရဲ့ စာက ယနေ့အထိ ကျုပ်အမှားကို ပြန်ဆွပေးနေပါပြီ။ လွန်ခဲ့တဲ့ နှစ်(၂၀)ကျော်က ကျုပ်တို့ မိသားစုဘ၀လေးကို ပြန်တွေးမိပါတယ်။

(၂)

ကျုပ်နာမည်က “ စောသာဦး ”၊ ကျုပ်ဇနီးက “ ဒေါ်မြတ်မိုး”၊ သမီးကလေးနာမည်က “မွှေး” ပါဗျာ၊ ဘ၀ အစ သက္ကရာဇ်ကို ပြန်တွေးလိုက်တော့ ကျုပ်တို့ လင်မယားဟာ ၁၉၇၀ ခုနှစ်မှာ (စက်မှု တက္ကသိုလ်ကျောင်း)ဆင်းခဲ့ကြပါတယ်။…၁၉၇၃ ခုနှစ်---အင်ဂျင်နီယာဌာန မှာအလုပ်ကိုယ်စီရပြီ လက်ထပ်ဖြစ်ခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ မြေလတ်ပိုင်းဒေသ မြို့နယ်ကလေး တစ်မြို့မှာ တာဝန်ကျခဲ့ပါတယ်။ သာယာလှပတဲ့ အိမ်ထောင်ကလေး တစ်ခုကို သာယာလှပ ရိုးသားကြတဲ့ ပတ်ဝန်းကျင်မှာ တည်ဆောက်လာခဲ့ကြပါတယ်။ ချစ်စရာ ကောင်းတဲ့ မြန်မာမှု ဓလေ့ ထုံးစံ ယဉ်ကျေးမှုတွေကို အပြည့်အ၀ ခံစားကြရပါတယ်။
၁၉၈၀ ခုနှစ်လောက်မှာ သမီးကလေး “ မွှေး ” ကို အညာမှာ မွေးဖွားခဲ့ရပါတယ်။ အဲဒီ နှစ်ထဲမှာပဲ အစိုးရက ပေးတဲ့ ကိုယ်ပိုင် မြေကွက်ကလေးထဲမှာ ၀ါးအိမ်လှလှလေး တည်ဆောက်ခဲ့ပါတယ်။ စားသောက်စရာ သစ်သီးသစ်ပင် စုံလင်စွာစိုက်ပျိုးပြီးအိမ်ဝိုင်းလေးထဲမှာ မိသားစု ကမ္ဘာလေး တည်ဆောက်ခဲ့ပါတယ်။ သွားရေး၊ လာရေးအတွက်လည်း မိသားစု (၃)ဦးအတွက် စက်ဘီးကလေး တစ်စီးနဲ့ လိုရာ ခရီးကို သွားကြတယ်။ သမီးကလေး “ မွှေး ” ကို စက်ဘီးကလေးနဲ့ မူကြိုကျောင်းကို ပို့ပြီး ချစ်ဇနီး “ မြတ် ” နဲ့ ရုံးဆင်း ရုံးတက် စက်ဘီးကလေး စီးရတာ သိပ်ပျော်စရာ အကောင်းသား။ ကျုပ်က ရှေ့က စက်ဘီးကိုစီး၊ နောက်က “ မြတ် ” က ထိုင်လိုက်ရင် ကျုပ်ကျောပြင်ကို လက်သီးကလေးနဲ့ ဖွဖွလေး ထုပြီး မေးတယ်။ “ မောသလား ကိုဦးရယ်” ……တဲ့။ စိုင်းထီးဆိုင် သီချင်း အမှတ်ရပြီး ကျုပ်က “ မောတော့၊ မောတာပေါ့၊ ဒါပေမယ့် မမောဘူး” …လို့ ပြောခဲ့တယ်။ သာယာလှပတဲ့ မိသားစု ဘ၀ကလေး စိတ်ချမ်းသာလိုက်တဲ့ ဖြစ်ချင်း၊ ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ။
(၃)

တစ်နေ့ နံနက်က ထမင်းစားနေတုံးမှာ --အိမ်ရှေ့လမ်းမကြီးပေါ်မှာ အော်ခေါ်သံရယ်၊ ကားသံရယ် ကြားလို့ လှမ်းကြည့်မိတဲ့အခါ အိမ်ပေါက်ဝ ကို ခေတ်ပေါ် (ပါရာဒို) ကားသစ် တစ်စီးထိုးရပ်ပါတယ်။

“ ဟေ့ ဒါ--စောသာဦးနဲ့ မြတ်မိုးတို့ အိမ်လား၊” “ဟာ သူငယ်ချင်း မိုက်ကယ်သိန်း လာလာ”။
လတ်စသတ်တော့ တက္ကသိုလ်မှာ အတူတူ နေလာတဲ့ သူငယ်ချင်း မိုက်ကယ်သိန်းကို ကျုပ်နဲ့ မြတ်လဲ စားလက်စ ထမင်းကို ရပ်ပြီး အားရ၀မ်းသာ ဆီးကြို နှုတ်ဆက်ခဲ့ပါတယ်။
“ ဟေ့ မိုက်ကယ်၊ သူငယ်ချင်း လာထိုင်ကွာ” မင်း ဘယ်ကို ရောက်ပြီး ဘာတွေ လုပ်နေတာလဲ..ဘယ်ကနေ လာတာလဲ။ ဒီ သိန်းထောင်ကျောတန် ကားကြီး စီးလာတော့ ရှင်းပါဦး”
ကျုပ်က မေးခွန်း ရှည်ကြီးတွေ မေးတယ်- မိုက်ကယ် သိန်းမှာ ကျောင်းပြီးနှစ်မှာ နိုင်ငံခြားက ထွက်တယ်။ ကုမဏီ တစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ကြီးပွားနေကြောင်း၊ ယခု မိဘများထံ လာကန်တော့ကြောင်း၊ အိမ်ထောင်မပြုသေးဘဲ မိဘကို လုပ်ကျွေးနေကြောင်း၊ ဒေါ်လာ ဘယ်၍ ဘယ်မျှ ရကြောင်း၊ မြန်မာငွေ သိန်းနှင့်ချီပြီး တစ်လတစ်လ ရရှိကြောင်းရယ်။ ကျုပ်တို့ မိသားစု ယခုလို နေတာမြင်လို့ စိတ်မကောင်းဘူးတဲ့ဗျာ..။ သူငယ်ချင်းတွေကို ကူညီမယ်။..သူအပြန် နိုင်ငံခြား အလုပ်လုပ်ဖို့ ခေါ်မယ် ကုန်ကျစရိတ် ငွေကိုသူကကျခံပေးမယ်.. အို စုံလို့ပါပဲ။
“ သူငယ်ချင်း စောသာဦးနဲ့ မြတ်- မင်းတို့ စဉ်းစားမနေနဲ့ ဒါအခွင့်အရေးပါ-ငါနောက်လ၀က်လောက်မှာ ပြန်မယ်-မြတ်ခွင့်ပြုလိုက်ပါဟာ-”။
“ သူငယ်ချင်း မိုက်ကယ်ရာ ငါယောက်ျားကိုတကယ်ခေါ်မယ်ဆိုရင်ငါ ခွင့်ပြုပါတယ်ဟာ…မိန်းမသားပဲ သူငယ်ချင်းရယ်--တိုက်နဲ့ ကားနဲ့ စိန်နားကပ်နဲ့ နေချင်တာပေါ့ဟာ..သမီးကလေး မွှေးကိုလည်း အဆင့်အတန်းမြင့်မြင့်ထားချင်ပါတယ်။ ဒါပေမယ့် ကိုဦးရဲ့ သဘောပါလေ။”
“ ကဲ ကဲ မင်းတို့ လင်မယား တိုင်ပင်ပြီး စီစဉ်ပြီးရင် ရော့ ငါ့လိပ်စာကဒ်၊ င့ါဆီကို တစ်ပါတ်ကြိုပြီး လာခဲ့ကြပေါ့နော်..။
ကျုပ်တို့ လင်မယား ထီမထိုးဘဲ ထီပေါက်တဲ့ မျက်နှာတွေနဲ့ ထွက်သွားတဲ့ (ပါရာဒို)ကားကြီးကို ငေးကြည့် ကျန်ခဲ့မိပါလေတော့တယ်…”

(၄)
ကျုပ်နဲ့ မြတ်လည်း မိုက်ကယ်သိန်း ပြောတဲ့ စကားကြောင့်ရယ်၊ ကျုပ်ကလည်း ဘ၀ကို စွန့်စားပြီး လုပ်ချင်တာရယ်ကြောင့် မြတ်ရဲ့ လိုအင်ဆန္ဒကို လိုက်လျောခဲ့ပါတယ်။ သူငယ်ချင်း မိုက်ကယ်သိန်း ကျေးဇူးကြောင့် ယနေ့ ရေပန်းစားနေကြတဲ့ နိုင်ငံခြား ထွက်တဲ့ အလုပ်နဲ့ ဒေါ်လာစားကြီး ဖြစ်နေပါပြီ။ မြတ်တို့ မိသားစု နေချင် ရောက်ချင်တဲ့ ဘ၀ဖြစ်တဲ့ တိုက်ရယ်၊ ကားရယ်၊ ရွှေရယ်၊ ငွေရယ် လိုလေသေးမရှိ ထားပေးခဲ့တယ်။ ဒါပေမယ့် ကျုပ်ကတော့ အလို မပြည့်ခဲ့ပါဘူး။ မိသားတစ်စု အမိမြန်မာပြည်မှာ နေခဲ့ရတဲ့ ဘ၀ကိုလည်း အမြဲ တမ်းတနေမိပါတယ်။ ဘယ်ရှေးဘ၀က ဘယ်ဝဋ်ကြွေးလည်း မသိပါ။ မိသားစု အသိုက်အမြုံလေး ပျက်ပြီး အမိမြန်မာပြည်နဲ့ ဝေးတဲ့ အရပ်မှာ ဘ၀ကို စတေးခံလိုက်ရပါပြီ။
အစာသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ခဲ့မိတဲ့ ငါးမိုက်ဘ၀၊ တံငါသည်ထောင်ထားခဲ့တဲ့မြုံဘ၀ ကျဉ်းကျဉ်းလေးထဲ ၀င်ပြီး သာယာခဲ့မိတဲ့ ငါးမိုက်ဘ၀ ပြန်မထွက်တတ် ဖြစ်ခဲ့ရပါပြီ။၊ ကျုပ်ငယ်ငယ်က ဆရာဘုန်းကြီး ဆုံးမခဲ့တဲ့ မိတ်ကောင်း ဆွေကောင်း ထင်ပြီး ဆရာပေါင်းမှားရင် ဘ၀ ပျက်တတ်သတဲ့လေ..။
ကျုပ်ဆရာ တင်ခဲ့တဲ့ မိုက်ကယ်သိန်း စေခိုင်းတဲ့ အတိုင်း အကုန်လုပ်ခဲ့တယ်။ စာချုပ်တွေ လက်မှတ်ထိုးခဲ့ရတယ်။ အလုပ်ရအောင် တစ်မျိုး၊ နိုင်ငံထဲ နေခွင့်ရအောင် တဖုံ နိုင်ငံခြားသူ တစ်ယောက်နဲ့ နားလည်မှု လက်ထပ် စာချုပ်ထိုးပေးခဲ့ရတယ်။ ယခုတော့ နှစ်စာချုပ်ပြည့်လို့ ပြန်မယ်ဆိုတော့ နိုင်ငံခြားသူ မချောက လက်ထပ်စာချုပ်ဖြင့် အပိုင် ကိုင်ပေါက်လိုက်ပါပြီ။ ကုမဏီကလည်း ကျုပ်မပြန်သာအောင် မက်လုံးပြ ဒေါ်လာ တိုးပေးတယ်။ သူငယ်ချင်းမိုက်ကယ်သိန်းလည်း ဒီကနိုင်ငံသား ဖြစ်နေပြီတဲ့။ သူ့မကယ်နိုင်-ကိုယ့်မကယ်နိုင် အကြောင်းပြန်တယ်လေ။ ဒေါ်လာမက်မိတဲ့ ကျုပ်-ကျုပ်ချစ်တဲ့ မြန်မာပြည်၊ ကျုပ်ချစ်တဲ့ မိသားစုနဲ့လည်း ရာသက်ပန် ဝေးရပြီ၊ မြန်မာမှု ၊ မြန်မာ့ဟန် မြန်မာ့ ပတ်ဝန်းကျင်တွေထဲက ချစ်ဇနီး “ မြတ်” ၊ ချစ်သမီး “ မွှေး ” တို့နဲ့ ဖေဖေ ဝေးရပါပြီ။ သမီးရဲ့ သတိတရ သတိပေးစာဟာ ဖေဖေ နောင်တရခဲ့တာ ယခုတော့နောက်ကျသွားပြီ။

(၅)

• ဟို --အဝေးဆီက သမီးငယ်ရဲ့စာ
ကဗျာကယာ ရှာဖတ်ကြည့်
အသဲမာသူ အဖေမှာ အရည်ပျော်မျက်ရည်ဝဲ
ကြေကွဲဆို့နင့်ခံစားရပြီ သမီးငယ်…….။

အို …အဖေရယ်….
အမေတော်တွေ မများလိုက်ပါနဲ့
တလောကလုံးရှာ-အဖေအစစ်ဆိုတာ အစားမရနိုင်ပါဘူး။
အိမ်ဦးခန့်က (အဟမ်း) ဆိုတဲ့
ဖေဖေရဲ့ ချောင်းဟန့်သံတွေဟာ
သမီးတို့အတွက် တကမ္ဘာလုံး ရှိသမျှ
ဘေးရန် အန္တရာယ်တွေကို
ဝေးရန် တားဆီးပေးနေခဲ့ပါပြီ။…
ဖေဖေရဲ့ (အဟမ်း) (အဟမ်း) ချောင်းဆိုးသံတွေ
ထပ်မံ ထပ်မံပြီး ဘ၀ဂ်သို့ လျှံအောင်
သမီးတို့ နားဝ မြင့်မိုရ်တောင်မက
ထာဝရ ကြားပြီး အားကိုးနေပါရစေသား…။
အို ချစ်သော ဖေဖေ…။

ကျုပ်တို့ မိသားစု ဘ၀ တစ်ခုရဲ့ သမိုင်းမှာ ပြင်မရတော့တဲ့ မဟာအမှားကြီး တစ်ခုကို ဖေဖေဘာနဲ့ အစားထိုးလဲနိုင်မှာလည်း ချစ်သမီးလေး “ မွှေး ” ရယ်…။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-10-2009 နံနက်(၅)နာရီ ရေးသည်။
(နိုင်ငံခြားမှ သူငယ်ချင်းတစ်ယောက်အတွက်ပါ..။)
 

သိက္ခာအစားထိုး၍ ဘ၀ရေချိုးဆင်း....

သိက္ခာအစားထိုး၍ ဘ၀ ရေချိုးဆင်း

ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)

“ အမေ သမီး အဖေ့ဆီကို ပိုက်ဆံ သွားတောင်းလိုက်အုံးမယ်နော်”
“ တောင်းမနေပါနဲ့ သမီးရယ် ညည်းအဖေက မန္တလေးမြို့ကြီးမှာဆိုတော့ ဒီကနေသွားရင် ကားခ အသွားအပြန်ကုန်မှာက ၈၀၀၀ ကျပ်၊ စားစရိတ်နဲ့ဆို တစ်သောင်းကျော်ကြီး ကုန်မှာ။ ဟိုရောက်တော့လည်း ညည်းမိထွေးငယ်ကလေးက ကြည်ဖြူမှာ မဟုတ်ဘူး။ သူများကို အားမကိုးစမ်းပါနဲ့ကွယ်။”
“ အို အမေကလည်း သူမကြည်ဖြူလည်း နေပေါ့၊ အဖေက သမီးကို အချစ်ဆုံး၊ သမီးတို့ မောင်နှမ ၄ ယောက်စရိတ်ကို တာဝန်ယူပါ့မယ်လို့ ကတိပေးထားတာပဲ။ အမေ၊ မောင်လေးနဲ့ညီမလေးတွေ ကျောင်းအပ်ရတော့မယ်၊ အမေ့ဆိုင်က ရတာနဲ့ သမီးလခ နှစ်ခု ပေါင်းရင်တောင် သူတို့ သုံးယောက်ရဲ့ ကျောင်းစရိတ် ဘယ်လောက်မှာတုံး အမေရယ်…”
ကျမပြောလိုက်တဲ့ စကားကြောင့် အမေ မျက်နှာညှိုးကျသွားပါတယ်။ အမေနှင့် အဖေသည် အိမ်ထောင်သက် (၂၀)မှာ အိမ်ထောင်ရေး ပြိုကွဲခဲ့သည်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အသက် ၁၉ နှစ်သာ ရှိသေး။ ယခုမောင်လေးက အသက်(၁၈)နှစ် ၁၀ တန်း၊ ညီမလေးက ၁၆ နှစ် ၆ တန်းကျောင်းသူ၊ ညီမ အငယ်ဆုံးလေးက ၁၂ နှစ် ၇ တန်း ကျောင်းသူတွေပါ။ ကျောင်းသား (၃) ယောက်စရိတ်က မနည်းပါ။
အဖေ နောက်မိန်းမငယ်လေးကို ယူလိုက်ပြီဟု သိသောနေ့သည် ကျွန်မအတွက် ဒေါသ သောက မုန်တိုင်းကျသော နေ့ပါ။ အဖေနဲ့အမေ မင်္ဂလာဆောင် စုံတွဲ ရိုက်ထားသော ဓါတ်ပုံကြီးကို ရိုက်ခွဲခဲ့မိတယ်၊ မှန်များက တစ်စစီကြေမွ သွားသလို ကျမရဲ့ အသည်းနှလုံးတွေလည်း တစ်စစီ လွင့်စဉ်သွားမတတ် ခံစားလိုက်ရပါတော့တယ်။

(၂)

“ အဖေ၊ သမီးလာနေတာ၊ မြင်ရဲ့လားဟင်….”
“ ဟာ သမီးကြီး မဦး၊ ဒီလ မလာတော့ဘူးလို့ အဖေ ထင်နေတာ။ ကဲကဲ လာလာ အိမ်ထဲဝင်ခဲ့။ သမီးရဲ့ မောင်လေး ပုခက်ကို ခဏလွှဲထားလိုက်ပါဦး။ ညည်းရဲ့မိထွေး မစိန်ပိုကို လိုက်ခေါ်လိုက်အုံးမယ်”
ကျမရဲ့ အဖေဟာ ကျမ လာတာကို အထိတ်တလန့် ဖြစ်သွားပုံ ရပါတယ်။ သစ္စာဖောက်သော အဖေတွေ လိပ်ပြာ မသန့်ပုံများ ပုံကို ပျက်နေတာပဲ။ အဖေ ထွက်မသွားခင် ရင်ထဲမှ စကားတွေက ဘယ်က ဘယ်လို ထွက်သွားသည် မသိလိုက်။
နေပါအုံး အဖေရယ် မမ စိန်ပို မရှိခင် သမီး စကားအေးအေးဆေးဆေး ပြောပါရစေ။ သမီး ရောက်လာတာကို မြင်တာနဲ့ သရဲသဘက်ကို တွေ့တာ ကျနေသလို အဖေ့ပုံပန်းသဏ္ဍာန်က ပြနေတယ်။ သမီးတို့ မောင်နှမလေးယောက်ဟာ အဖေနဲ့ မွေးခဲ့တာပါ အဖေ။ အမေနဲ့ သမီးတို့ သားအမိ(၅)ယောက်ရဲ့ အသည်းနှလုံးတွေ ခြေမွ နင်းခြေစတေးပြီး အဖေနဲ့ မစိန်ပိုတို့ ပျော်နေကြတာပါ အဖေ။ အခုလည်းသမီးရဲ့ မောင်လေး၊ ညီမလေးတွေ ကျောင်းအပ်ရတော့မှာမို့ အဖေ့ဆီကို လာခဲ့ရတာပါ။ အဖေ့ကိုမြင်တိုင်း သမီးရဲ့ ရင်ထဲမှာ ၀မ်းနည်း အလုံးကြီး ဆို့ဆို့တက်ပြီး ၀မ်းနည်းရပါတယ် အဖေရယ်”
ကျွန်မ ပြောဆိုသော ရင်ထဲက စကားသံကြောင့်လား မသိ၊ ပုခက်တွင်းမှ ၆ လသား မောင်လေးက ငယ်သံပါအောင် စူးစူးဝါးဝါး အော်၍ ငိုနေပါတော့သည်။

“ ဟုတ်တယ် ဟုတ်တယ် မိန်းမ ပိုပိုက နိမိတ်ဖတ် သိပ်ကောင်းတာပဲ၊ အထူးဧည့်သည်ဆို ငါရဲ့ အချစ်ဆုံးသမီးဦး လာတာဆိုတော့ သူကြိုက်တဲ့ ၀က်သားဟင်း ချက်ကျွေးစမ်း မိန်းမရာ”
ကျမသည် ငိုနေသော မောင်လေးအား ပုခက်လွှဲသိပ်နေစဉ် အဖေနှင့် မစိန်ပိုတို့ စကားလုံးများကြောင့် နာကြားပြင်းကတ်နေပါတယ်။ ကျမရဲ့ မကြားချင်၊ မခံချင်သော စိတ်ကို မျိုသိပ်၍ လာရင်းကိစ္စ အဆင်ပြေအောင် ကျမရဲ့စိတ်ကို တစ်ပတ်လျှော့ပြီး ဆက်ဆံလိုက်ပါတယ်။ ကျွန်မရဲ့ စိတ်ထဲက ပြောနေသော ရင်ထဲက စကားများကိုတော့ သူတို့ နှစ်ဦး ကြားမည် မထင်ပါ။
သြော် မစိန်ပိုက ကျွန်မရဲ့ အဖေ ဦးသာထွေးကို ကိုကိုသာတဲ့၊ အဖေက ပြန်ခေါ်လိုက်တာက ပိုပိုတဲ့…။
“ အဖေတို့ နှစ်ယောက်ဟာ ပိုပိုသာသာနဲ့ တကဲကဲ အပြန်အလှန်ခေါ်ဆို ချစ်နေလိုက်ကြတာ သမီးတို့ သားအမိ ငါးယောက်အတွက် အဖေရဲ့ အချစ်တွေ မရှိတောပါဘူး အဖေ…။ အမေဟာ အဖေ့ထက် နှစ်နှစ်လောက်ကြီးပေမယ့် အဖေ့ထက် နုနယ်ပါသေးတယ်။ သမီးနဲ့ အမေ လမ်းလျှောက်သွားကြရင် ညီအစ်မလား အမေးခံရပါတယ်။ အဖေက အမေ့ကို ဘာကြောင့်ခွဲထားခဲ့တာတုံး အဖေရယ်။ ယခု အဖေယူထားတဲ့ မမစိန်ပိုဟာ အရွယ်ငယ်တာကလွဲပြီး အမေ့ရဲ့ အလှကို မမီပါဘူး အဖေ” အသံမထွက်ဘဲ ပြောနေသော ကျွန်မရဲ့ ရင်ထဲက စကားများ ဖြစ်ပါသည်။
“ ဟဲ့ သမီး မဦး ဘာကြောင် ကြည့်နေတာလဲ၊ ညည်းမောင်လေးက အိပ်သွားပြီ၊ ကဲလာပါဦး ထပါဦး အဖေနဲ့ ပိုပိုတို့ဆီ လာပါဦးကွယ် ထထ၊ ဟေ့ မိန်းမ ပိုပိုရေ သမီးကို ငွေငါးသောင်း ပေးလိုက်ပါ”
ကျွန်မသည် အိပ်နေသော မောင်လေးအား ငေးကြည့် ရင်ထဲမှ စကားတွေ ပြောရင်း အဖေနဲ့ မစိန်ပိုတို့ထံ ထလာခဲ့ပါတယ်။ လောကအလယ်မှာ လောဘ၊ ဒေါသ၊ သောက ကင်းအေးစွာ အိပ်မောကျနေသော ပုခက်ထဲမှ မောင်လေးရဲ့ ဘ၀ကို ကြည့်ပြီး အားကျမိလိုက်ပါသည်။

(၄)

ကျွန်မသည် အဖေ ပေးလိုက်သော ငွေများကို အမေ့ထံ အပ်လိုက်ပါသည်။ ငွေအပ်ပြီးတာနဲ့ အဖေနဲ့ အမေရဲ့ ကွဲခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားနေမိပါတယ်။
ကျွန်မတို့ မိသားစုသည် မြေလတ်မြို့ကလေးတစ်ခုရဲ့ လမ်းတံတားစီမံကိန်းတစ်ခုမှာ ပျော်ရွှင်ချမ်းမြေ့စွာ နေလာခဲ့ကြပါသည်။ အဖေက လမ်းကြိတ်စက် ယန္တရားမောင်းဖြစ်တယ်။ အမေက စီမံကိန်းတွင်းမှာ ကွမ်းယာ၊ ဆေးလိပ် ရောင်းတယ်။ စီမံကိန်း တန်းလျားဘေးမှ အဖီကလေးဆွဲပြီး ကွမ်းယာဆိုင်ဖွင့်ပါတယ်။ ညနေခင်း အလုပ်သိမ်းချိန် ပြန်လာသောအခါ အဖေရဲ့ သူငယ်ချင်းများလာလျှင် အမေက အရက်မြည်းရန် ဖွယ်ဖွယ်ရာရာ ပြုလုပ်ပေးရစမြဲ။ အဖေရဲ့ သူငယ်ချင်းများက အမေ့ကို ဘိုမ ဘိုမဟု ခေါ်ကြပါတယ်။ အမေရဲ့ နာမည်မှာ မငွေစိန်ဖြစ်သော်လည်း အမေသည် အပျိုပေါက်ဘ၀မှ အဖေနဲ့ရပြီး ကလေး ၄ ယောက်အမေအထိ ဘိုမ တစ်ဦးကဲ့သို့ ချောမ လှပပြေပြစ်၍ ဘိုမနှင့်တူ၍ “ ဘိုမ ဘိုမ” အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။
တစ်နေ့သော ညနေမှာ အဖေနဲ့ အမြဲတတွဲတွဲ အတူလာ၊ အတူသွား အတူအရက်သောက်ဖော် သူငယ်ချင်းများ ကိုခင်အောင် အိမ်သို့ ရောက်လာပါတယ်။ အိမ်မှာက အမေ တစ်ယောက်တည်းသာ။ ဧည့်သည်ဆိုတော့လည်း အမေက ဧည့်ဝတ်ပြုရတာပေါ့။
“ ထိုင်ပါ ကိုသာထွေးက ဘယ်မှာ နေခဲ့သလဲ ” အမေက မေးသတဲ့လေ။
““သာထွေးက ဒီကစောင့်နေပါတဲ့။ မနေ့က ကျန်ခဲ့တဲ့ ပုလင်းလက်ကျန်ကို သုံးဆောင်ရင်း စောင့်နေပါဆိုလို့ ငါလာခဲ့တာ ဘိုမရေ””
အမေက လာနေကျဖြစ်တဲ့ အဖေနဲ့ အရက်အတူ သောက်တဲ့ သူငယ်ချင်း ကိုခင်အောင်ဆိုတော့ ထုံးစံအတိုင်း လက်ကျန်ပုလင်းကို စားပွဲပေါ်မှာ ချပေး လက်ဖက်သုပ် အမြည်းတစ်ပွဲ ပြင်ပေးပြီး ဧည့်ခံထားလိုက်ပါတယ်။ သူ့ကို ဧည့်ခန်းမှာ ထားခဲ့ပြီး မီးဖိုထဲက ချက်ပြုတ်လက်စအိုးကို ပြန်ချက်နေပါတယ်။ ထမင်းတစ်အိုး ကျက်သွားပြီး ငါးကြော်ရန် ဆီပူကျက်နေတဲ့ ဒယ်အိုးထဲကို ငါးများထည့်လိုက်ပြီး တရှဲရှဲ မြည်နေဆဲ အချိန်မှာ ဧည့်ခန်းမှ ဧည့်သည်က မီးဖိုထဲ ၀င်လာသတဲ့။
“ ဟဲ..ဟဲ..ဟဲ ..ဘိုမကတော့ ယခုထိ စက်ရုပ်ကျနေတာပဲ၊ သိပ်လှနေတာပဲ၊ ဒီပါးကလေးတွေကိုက ချစ်စရာ သိပ်ကောင်း..”
“ အို ရှင် ဘာကြောင့် မီးဖိုထဲ ၀င်လာရတာလဲ ကျွန်မ ပါးကို မကိုင်ပါနဲ့ လွှတ်စမ်းပါ၊ အခုထွက်သွားပါ၊ ကျွန်မ အော်လိုက်မှာနော်”
ဦးခင်အောင်မှာ အရက်ကလည်း မူးနေပြီး အမေ့ကို ဇွတ်ဝင်လုံးသတဲ။ အမေကလည်း ပတ်ဝန်းကျင် သိသွားရင် သိက္ခာကျမှာစိုးလို့ ကျိတ်ပြီး ရုန်းကန်နေတုံးမှာ အဖေ ရောက်လာသတဲ့။ ဘာမပြော၊ ညာမပြောနဲ့ အဖေက ဒေါသကို ရှေ့တန်းတင်လိုက်တယ်။ အထင်လွဲပြီး အမေ့ကို အဲဒီလူနဲ့ စွပ်စွဲတော့တာပဲ။ အမေ ရှင်းပြတာကို လုံးဝ လက်မခံတော့ပါ။ အရက်မူးနေတဲ့ အဖေ့သူငယ်ချင်း ကိုခင်အောင်ကလည်း ဘာမှ မပြောဘဲ ထွက်ပြေးသွားတော့ ပိုဆိုးသွားခဲ့ပါသည်။ အမေကတော့ ရှက်လွန်းအားကြီးလို့ မျက်ရည်တွေ စီးပြီး အံကြိတ်ပြီး..
“ ဒီမယ် ကိုသာထွေး ငွေစိန်တို့ကို အရှက်နဲ့ အသက် လဲသွားမယ်သိလား။ ရှင်က အရက်သမားချင်း သစ္စာရှိ အထင်ကြီးပြီး ကိုယ့်သူငယ်ချင်းကိုတော့ လိုက်ပြီး ဘာမှ မမေး မပြောဘဲနဲ့ ကျွန်မကို ယခုလို တိတ်တိတ်ပုန်းဖောက်ပြန်နေတာ ဘယ်နှခါရှိပြီလဲဆိုတော့ ကျွန်မ ရင်နာတယ် သိလား”
အဲဒီအချိန်မှာ အဖေကလည်း အပြင်က အရက်သောက်လာတာဆိုတော့ အရှိန်က မြင့်နေတယ်ပေါ့။ ဒါပေမယ့် အရက်သာ မူးတာ ဘေးပတ်ဝန်းကျင်သိမှာစိုးတော့ ကျိတ်ပြီး တိုးတိုးတိတ်တိတ် ရန်ဖြစ်နေကြတယ်။ အဲဒီနေ့ကစပြီး အဖေ အရက်တွေ ပိုပိုပြီး နေ့စဉ် သောက်လာခဲ့ပါတယ်။ လုပ်ငန်း ဂျူတီချိန်တွေ ခဏခဏ ပျက်ခဲ့တယ်။ ဒါကြောင့် အထက်လူကြီးတွေက အဖေ့ကို ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြောင်းပြစ်လိုက်ပါတယ်။ အမေကတော့ ကျမတို့ မောင်နှမတွေ ကျောင်းတွေက တန်းလန်းနဲ့ဆိုတော့ အဖေနဲ့အတူ လိုက်မသွားနိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ တစ်နှစ်မပြည့်ခင် ကာလလောက်မှာ အဖေက ရောက်တဲ့နေရာမှာ နောက်မိန်းမ ယူလိုက်တာကို ကျွန်မ သိလိုက်ရပါတော့တယ်။ အမေကတော့ ကျွန်မ တို့ သားသမီးတွေ မျက်နှာကို ငဲ့ပြီး အဖေ့ကို တရားဝင် မကွာရှင်းခဲ့တာလို့ သိခဲ့ရပါတယ်။
လောကတွင် တံခွန်မရှိတဲ့ဘုရား၊ လင်မရှိသော မိန်းမ မတင့်တယ်မကြည်ညိုဟု ရှေးလူကြီးသူမ ပြောကြားခဲ့ဖူးပါတယ်။ ကျွန်မရဲ့ အမေကို ဘေးပတ်ဝန်းကျင်က အမျိုးမျိုး ဝေဖန်မေးငေါ့ကြပါပြီ။ အမေဟာ အိမ်ထောင်ဦးစီး ယောက်ျားမရှိတော့ ကျွန်မတို့မိသားစုအတွက် ၀င်ငွေကို တိုးပြီး ရှာရပါတယ်။ အိမ်မှာတင် ကွမ်းယာထိုင်ပြီး မရောင်းတော့ဘဲ ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ရှိကြတဲ့ စက်သမား၊ ကားသမားတွေဆီ အရောက် ကွမ်းယာထုပ်၊ ဆေးလိပ်ဘူး၊ အချိုရည် စတဲ့ စားစရာတွေကို လိုက်ရောင်းပါတော့တယ်။ ကျွန်မကို သတိပေးသလို တိုင်သလိုနဲ့ ပတ်ဝန်းကျင်က လာပြီး ကျွန်မကို ပြောကြပြန်ပါပြီ..။
“ ညီးအမေက ဟိုစက်သမား၊ ဟိုကားသမားနဲ့ ရယ်ရယ်မောမော ဈေးရောင်းနေတယ် လူမြင်လို့မှ မကောင်းပါဘူး မဦးရယ်၊ အိမ်မှာ သမီးအပျိုပေါက်ကလေးတွေ ထားပြီးသွားတော့ မတင့်တယ်ပါဘူး” စတဲ..့ စတဲ့.. စကားတွေလာပြောကြပါတယ်။ ကျွန်မ အမေဟာ သားသမီးတွေ စားဝတ်နေရေးအတွက်သာ စီးပွားရှာနေတာပါ။ ဘယ်ယောကျာ်းနဲ့မှ ဖောက်လွဲဖောက်ပြန်ပြီး နေတာထိုင်တာ သူ့အိမ်ထောင်သက် သက်တမ်းမှာ ရာဇ၀င် မရှိခဲ့တာ အမှန်ပါ။ ကျွန်မရဲ့ အမေ မျိုးရိုးဟာ ဆွေကြီး မျိုးကြီး၊ လူကုံတန်တွေထဲကပါ။ အမေက ယခု ကျွန်မတို့ အဖေကို ယူစဉ်မှာ အမေမိဘဆွေမျိုးသားချင်းတွေက သဘောမတူလို့ အဆက်အသွယ်ဖြတ်ပြီး အကြဉ်ခံရတဲ့ တစ်ကောင်ကြွက် အမေ ဖြစ်ခဲ့ရပါတယ်။ အမေဟာ မဟုတ်မခံ ဆတ်ဆတ်ကြဲ စိတ်ဓါတ် အမြဲရှိပါတယ်။ သူများက သနားလို့ အလကားထောက်ပံ့တာကိုလည်း လုံးဝ လက်မခံတတ်တဲ့သူပါ။ အမေ့ကို ကျွန်မ သနားလွန်းလို့ အဖေ့ဆီ ပိုက်ဆံသွားတောင်းတိုင်း လွယ်လွယ်ကူကူ ခွင့်မပြုခဲ့ပါဘူး။ သူများကို အားကိုးချင်တဲ့ စိတ်ကို မမွေးဖို့ အမေ အမြဲဆုံးမပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်အဖေဆီ သမီးက ပိုက်ဆံ သွားတောင်းတာပဲ သူများ အားကိုးတာ မဟုတ်ပါဘူး၊ သားသမီးဆိုတာ မိဘကို အဓိက ထားပြီး အားကိုးမိကြတာ မဆန်းပါဘူးလေ။
လူ့ဘ၀ဆိုတာ တိုတိုလေးပါလို့ သူများတွေက ပြောကြပါတယ်။ လူ့ဘ၀ရဲ့ ကံကြမ္မာဆိုတာလည်း မျက်စေ့တမှိတ် လျှပ်တစ်ပြက်အတွင်းမှာ ပြောင်းလွှဲခဲ့မိတာ ကျွန်မ သဘောပေါက်ခဲ့ရပါပြီ။ ကျွန်မရဲ့အမေ ကျွန်မတို့ မောင်နှမတွေ အပေါ်မှာ တာဝန်ကျေခဲ့တဲ့ အမေ၊ မဟုတ်မခံဘဲ အမှန်တရားကို မြတ်နိုးအလေးထားပြီး ပတ်ဝန်းကျင်ကို ဆတ်ဆတ်ကြဲ ရင်ဆိုင်ခဲ့တဲ့ အမေ။
ယခုတော့ ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောပြီး အပြောအဆိုခံခဲ့ရပါပြီ။
“ ဒီငွေစိန် ဆိုတဲ့ ဘိုမ ကောင်မ သူ့ယောက်ျားရှိစဉ်ကလည်း ဒီအောင်ခင် ဆိုတဲ့ ကောင်ကြောင့် လင်မယားချင်းကွဲသွားကြတာလေ။ ကြည့်စမ်းပါအုံး၊ ယခုတော့ ဒီကောင်နဲ့ တိတ်တိတ်ပုံး ခြေပုံးခုတ်နေကြရင်း ရန်ဖြစ်ကြလို့ သတ်ပစ်လိုက်သတဲ့တော် လူကြားလို့မ မကောင်း။ သမီးပျိုကလေးတွေ မျက်နှာကိုမှ မထောက်မညှာတော်။ ကျုပ်တို့ကတော့ ဒီလိုမိန်းမမျိုးကို လုံးဝကို မသနားပါဘူး”
ကျွန်မရဲ့ အမေကို ပတ်ဝန်းကျင်က ဒီလိုပြောသံကြားရတော့ ကျွန်မ လုံးဝ လုံးဝ လက်မခံနိုင်ပါ။ အမေ့အကြောင်း အမေ့သစ္စာ တရားကို အသိဆုံးက ဒီတစ်လောကလုံးမှာ ကျွန်မ တစ်ယောက်တည်းသာ ရှိပါတယ်။ ကျွန်မရဲ့ ရင်ထဲက ခံစားနေရတာတွေ ကျွန်မရဲ့ ကျနေတဲ့ မျက်ရည်ပေါက်တွေကသာ စကားပြောတတ်မယ်ဆိုရင် ကျွန်မရဲ့ အမေ့ဘက်က ရှေ့နေလိုက်ကြမှာပါ။
ဒီကိစ္စ သတင်းဆိုးကြီးကြောင့် ကျွန်မတို့မောင်နှမတစ်တွေ မျက်ရည်တွေ ပင်လယ်ဝေပြီး ဘ၀တွေ ရေစုန်မျှော၍ ပျက်ခဲ့ရပါပြီ။ ကျွန်မတို့ အခုလို ဒုက္ခပင်လယ်ဝေနေတုန်းမှာ ဝေးတစ်မြေကို ပစ်ခွာ ပြေးသွားတဲ့ အဖေ့ကို ကျမ ဖုန်းဆက်အကြောင်းကြားပြီး လာခဲ့ဖို့ ခေါ်လိုက်ရပါတော့တယ်။ နောက်နေ့မှာ ကျွန်မ အဖေ ဦးသာထွေး ရောက်လာခဲ့ပါတယ်။ “ သစ္စာမရှိတဲ့ ဒီမိန်းမကို ငါ သွားပြီး မတွေ့ချင်ဘူး ၊ သမီးတို့ မောင်နှမတွေအတွက် အဖေ အားလုံး တာဝန်ယူပါမယ်။ ဒီကောင်မ မိန်းမယုတ် လူသတ်မှုနဲ့ တစ်သက်တစ်ကျွန်းကျသွားလည်း ငါ လုံးဝ ၀မ်းမနည်းပါဘူး။ သားတို့ ၊ သမီးတို့ ဘာမှ အားမငယ်ကြပါနဲ့ကွာ”

(၆)

အမှု(၃)လခန့်ကြာသော် ။ ဒီလထဲမှာ ဒီနေ့ တစ်ရက်ဟာ အမေ့ကို တရားရုံးက စီရင်ချက် ချမယ့်နေ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဒီတစ်လထဲမှာ “လ” ကြတ်တယ်။ “ နေ ” ကြတ်“တယ်၊ နေကြတ်၊လကြတ်တာကို တစ်ကမ္ဘာလုံး တစ်နိုင်ငံလိုး ကြိုပြီး သိကြတယ်။ ကြည့်ခဲ့ကြရပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ မပြောနိုင်အောင် မွန်းကျပ်နေတာတွေကိုတော့ ဘယ်သူမှ မသိကြပါဘူးနော်။ အဖေကလည်း ဒေါသတကြီးနဲ့ “ သမီးတို့က အညွန့်တလူလူနဲ့ မိန်းမပျိုကလေးတွေ ညည်းတို့အမေ သစ္စာဖောက် မိန်းမယုတ် တိတ်တိတ်ပုန်းပေါင်းပြီး လင်ငယ်သတ်ပစ်တဲ့ပွဲကို သွားကြည့်ကြဖို့ မသင့်တော်ပါဘူး။ သမီးရယ်။ ဒီနေ့ စီရင်ချက်ချတဲ့ တရားရုံးကို မသွားချင်စမ်းပါနဲ့။ သမီးတို့ပါ သိက္ခာကျသွားကြမယ် သိလား။ လုံးဝ မသွားရဘူး၊ လုံးဝ မသွားရပါဘူး။”
အဖေက ဘယ်လိုပင် တားတား ကျွန်မရဲ့ ကျေးဇူးရှင် အမေဆီ မဖြစ်ဖြစ်အောင်၊ မရောက်ရောက်အောင် သွားခဲ့ပါတယ်။
ကျွန်မ ရောက်သွားတော့ အမေ့ကို စီရင်ချက်ချတဲ့ တရားခုံရုံးတစ်ခန်းတည်းသာ ကျန်ပါတော့တယ်။ ရုံးချိန်ကုန်လို့ ညနေစောင်းပါပြီ။ ကျွန်မ ရောက်လာတာကို အမေမြင်တယ်၊ ကျွန်မကို ဘာစကားမှ မပြောပါဘူး။ သူ့မျက်လုံးတွေက အရောင်တွေ တလက်လက်ထွက်နေပါတယ်။ ပြူးကြောင်ပြီး အရောင်တလက်လက် မျက်လုံးတွေထဲက မျက်ရည်တွေ တစ်လိမ့်ချင်းတစ်လိမ့်ချင်း စီးဆင်းနေပါတယ်. အမေဟာ ကျွန်မကို တစ်ခုခု စကားပြောချင်ပုံ ပေါ်ပါတယ်။ သူ့ကို ပြစ်ဒဏ် ချမှတ်လိုက်တဲ့ ထောင်ဒဏ်ကိုလည်း ကျွန်မကို ပြန်မပြောဖို့ အသိမပေးကြဖို့ ဘေးလူတွေကို ကြိုပြီး နှုတ်ပိတ်ထားပါတယ်။ ဘယ်သူ့ကိုမှ မေးလို့ မရခဲ့ပါဘူး။ အမေ့ကို အချုပ်ကားပေါ်တင်ရန် တရားရုံးထဲက ထုတ်၍ လာပါပြီ။ အမေဟာသူ့ပါးပြင်ပေါ်က မျက်ရည်စက်တွေကို တဘက်စောင်းနဲ့ သုတ်ပြီး မျက်နှာကို တင်းတင်းထားတာ တွေ့ရပါတယ်။ ကျွန်မကို ခေါင်းညိတ်ပြီး သူ့အနားလာခဲ့ရန် ခေါ်ပါတယ်။ အမေနဲ့ ကပ်ပါလာတဲ့ တာဝန်ကျ ရဲသားက ကျွန်မ အမေကို တွေ့ခွင့်ပြုပေးပါတယ်။
ကျွန်မ လုံးဝ စိတ်မထိန်းနိုင်တော့ပါဘူး။ မျက်ရည်တွေ ဒလဟောကျပြီး အမေ့ကို ဖက်၍ ချုံးပွဲချ အားရပါးရ ငိုပစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေဟာ ကျွန်မနဲ့ ပါးချင်းကပ်ပြီး မျက်ရည်တွေကို သုတ်ပေးနေပါတယ်။ အမေရဲ့ မျက်လုံး နှစ်လုံးဟာ အရောင်တွေ တောက်ပနေပါတယ်။ ကျွန်မရဲ့ ပါးတွေ နားတွေကိုလည်း အကြိမ်ပေါင်းများစွာ အားရ ပါးရ နမ်းနေပါတယ်။ ကျွန်မရဲ့ ညာဘက်နားကို အမေ့ပါးစပ်နဲ့ နောက်ဆုံးကပ်ပြီး တိုးတိုးကလေး မှာသွားပါတယ်။ အချုပ်ကားပေါ်သို့ အမေ ၀မ်းနည်းစွာဖြင့် တစ်လှမ်းချင်းတက်၍ လက်ပြနှုတ်ဆက်သွားပါတယ်။ အမေ မှာခဲ့တဲ့အတိုင်း အမေ့စကားကို သမီး ဘယ်သူ့ကိုမှ မပြောပါဘူး အမေရယ်၊ သမီး ကတိပေးလိုက်ပါတယ်…. အမေရယ်။ သမီး အားရပါးရ ငိုချလိုက်ပါရစေတော့။
ကျွန်မရဲ့ နားထဲမှာ အမေ တိုးတိုးလေး မှာသွားတဲ့ အသံတွေဟာ ပဲ့တင်ထပ်၍ ပြန်လည်ကြားယောင်နေဆဲပါ။
“ သမီးကို ဒီလူယုတ်မာ ခင်အောင် စော်ကားသွားတာကို ဘယ်သူမှ မသိပါစေနဲ့ သမီးရယ် ”
ပဲ့တင်ထပ်နေတဲ့ အမေ့အသံတွေနဲ့အတူ ဖြစ်ပျက်ပြီးခဲ့တဲ့ ဖျက်လို့ မရတဲ့ ဘ၀ အမည်းစက်ကြီးကို တရေးရေး ပြန်လည် မြင်ယောင်ခဲ့ပါတယ်။ ညနေခင်း နွားရိုင်းသွင်းချိန် အိမ်ထဲမှာ ကျွန်မ တစ်ဦးတည်း ရှိနေစဉ် အရက်မူးသမား လူယုတ်မာကြီးရဲ့ အနိုင်ကျင့်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ အမေပြန်ရောက်လာပြီး ဒီလူယုတ်မာကြီးရဲ့ ကျောပြင်ကို ကွမ်းယာဆိုင်က ကတ်ကြေးနဲ့ အဆုံး ထိုးပစ်လိုက်ပါတယ်။ အမေ့ရဲ့ အော်သံတွေက
“ လာကြပါအုံး ၊ ကျမကို လာပြီး စော်ကားနေလို့ ကျွန်မ လက်လွန်သွားပါပြီ၊ လာကြပါဦး ၊ ကယ်ကြပါဦး”
ပတ်ဝန်းကျင်က လူတွေ ၀ိုင်းမလာခင် ကျွန်မကို ထွက်ပြေးရန် တွန်းလွှတ်လိုက်ပါတော့တယ်။ ကျွန်မလည်း အမေခိုင်းတဲ့အတိုင်း အပြင်ကို ထွက်ပြေးခဲ့ပါတယ်။
အခုတော့ ကျွန်မရဲ့ အရှက်ကို အမေ သူ့ဘ၀နဲ့ လဲသွားပါပြီ။
“အမေ တောင်းတဲ့ ကတိကို ဘယ်သူ့ကိုမှ မသိစေရပါဘူး အမေရယ်”။
“ဒါပေမယ့် သမီးရဲ့ ရင်ထဲမှာ မွန်းကျပ်ပြီး ခံစားနေရတာတွေ ပြောချင်တာတွေ ရှိနေပါသေးတယ် အမေရယ်။”
“သမီးဘ၀ ဒီလူယုတ်မာကြီးပေးသွားတဲ့ သန္မေသားကို ဘယ်သူမှ မသိ မမြင်နိုင်တဲ့ အဝေး တစ်နေရာကို သွားလို့ ရှောင်တိမ်းမွေးဖွားပြီး ဘ၀သစ်ထူထောင်ပါတော့မယ်။ အမေတိုင်းဟာ သားသမီးတိုင်းကို ချစ်တတ်တဲ့ မေတ္တာ စေတနာ သံယောဉ်ဇဉ်ကြိုး(မမြင်နိုင်တဲ့ ဖြတ်လို့မရတဲ့ကြိုး) မိခင်မေတ္တာကို သမီးနားလည် သဘောပေါက်ပါပြီ……။ အမေ့ကိုကျေးဇူးဆပ်တဲ့အနေနဲ့ ယခုလို ဆုံးဖြတ်ချက် ရဲရဲကြီးချပြီး အပြစ်မဲ့တဲ့ ဒီရင်သွေးလေးကို မွေးဖွားဖို့ စီစဉ်လိုက်ရတာ သမီးကို ခွင့်လွှတ်ကြပါ အမေနဲ့ အဖေ…….။”

(တစ်ကမ္ဘာလုံးမှာ ရှိရှိသမျှအမေများအား ဤ၀ထ္ထုဖြင့်ကန်တော့လိုက်ပါသည်။)

ရွှေလမ်းငွေလမ်း ၀င်းကြည်
စစ်ကိုင်းမြို့နယ်၊ မိုးသောက်လူငယ်စာကြည့်အသင်းမှထုတ်ဝေသော
မိဘမေတ္တာမုဒိတာ မဂ္ဂဇင်း-အတွဲ(၂) မှ ပြန်လည်ဖေါ်ပြပေးပါသည်။
 

“တွင်း...ထဲက လက်တွေ့ဘ၀များ...”

“တွင်း….ထဲက လက်တွေ့ဘ၀များ…..”
(မန်းသူလေး ဘလော့မှ ကြိုက်၍ ကူးယူပြီးဖေါ်ပြပေးပါသည်။)
ကိုယ်ချင်းလည်းမစာဘူး...သူတို့တုန်းကတော့ နေချင်သလိုနေပြီး...ငါတို့ကျမှ
ဟိုလိုမနေနဲ့.... ဒီလိုမနေနဲ့...

ဟိုလိုလေးလုပ်ကြည့်ပါလား...ဒီလိုလုပ်တာမှားတယ်...တော်တော်ကို
ကိုယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ.........."


"ဒီအရွယ်မှာ
ရည်းစားမထားရဘူးနော်"......သူတို့တုန်းကတော့ထားခဲ့ကြတယ်...ကျွန်တော်တို့ကျမှမထားနဲ့တဲ့ဗျာ....


"မပျင်းကြနဲ့...ပျင်းရင်ပညာမရဘူး..."...သူတို့လည်း ကျွန်တော်တို့
အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား...


"ပိုက်ဆံစုကြ...မဖြုန်းကြနဲ့"...
တော်တော်အပြောကောင်းတယ်...သူတို့ပိုက်ဆံမစုခဲ့ကြလို့...ငွေတွေကိုဖြုန်းတီးခဲ့ကြလို့
ကျွန်တော်တို့
ဒီလိုနေနေကြရတာမဟုတ်ဘူးလား...


"အရက်မသောက်နဲ့ ငါ့သား"...အဖေ့ပါးစပ်မှာ
အရက်နံ့တွေနဲ့...ကျွန်တော့်ကိုလာပြီး ဆုံးမနေတယ်...


"ဆေးလိပ်သောက်တာမကောင်းဘူး"....သူ့အိတ်ထောင်ထဲမှာ
စီးကရက်ဘူးကြီးနဲ့ဆေးလိပ်မကောင်းကြောင်း
တရားလာပြီးဟောနေတယ်...ရယ်စရာကောင်းလိုက်တာ...လာလာချည်သေး...


လူကြီးတွေက လူငယ်တွေကို ဆုံးမကြတယ်...လူငယ်တွေရဲ့ ရင်ထဲမှာ
"စောဒက"တွေအများကြီးပဲ...
လူကြီးတွေရဲ့ဆုံးမစကားကို တစ်ဖက်သက်ပြောတယ်လို့ မြင်ကြတယ်...
ကိုယ်ချင်းမစာဘူးလို့လည်းခံစားကြတယ်...သူတို့လုပ်ချင်ရာလုပ်ခဲ့ပြီးမှ
ငါတို့အလှည့်မှာ လုပ်ချင်ရာ လုပ်ခွင့်မပေးဘူး...မတရားဘူး...


ဒီလိုလူငယ်တွေအတွက် ကျွန်တော်ကြားဖူးတဲ့ပုံပြင်လေးတစ်ပုဒ်လောက်
ပြောပြပါရစေ...တစ်ခါတုန်းကပေါ့...တွင်းတစ်ခုရဲ့နှုတ်ခမ်းဝမှာ
လူတွေဝိုင်းအုံပြီး တွင်းထဲကိုစိုက်ပြီး ကြည့်နေကြတယ်...


"ဟာ...တွင်းထဲမှာလက်လက် လက်လက်နဲ့... ရွှေတွေဖြစ်မယ်ကွ".....
"မဟုတ်ဘူး..ပတ္တမြားခဲတွေနေမှာပါ"..."ငါကတော့
စိန်ရောင်တွေတောက်နေတယ်ထင်တာပဲ"....
"မဟုတ်ဘူးကွ ရှေးဟောင်းရွှေငွေပစ္စည်းတွေနေမှာ".....
တွင်းနှုတ်ခမ်းဝမှာ ၀ိုင်းအုံပြီးကြည့်နေကြတဲ့ လူတွေအားလုံးဟာ
တစ်ယောက်တစ်ပေါက်
ပြောနေကြတယ်...အားလုံးဟာလည်း "လောဘ" မျက်လုံးတွေနဲ့ပေါ့....အဲဒီအချိန်မှာ
လူတစ်ယောက်က ပြောပြောဆိုဆို
တွင်းထဲကိုခုန်ဆင်းမယ်လုပ်တယ်..."ဟိတ်ကောင်...မင်းမဆင်းနဲ့ ငါအရင်ဆင်းမယ်
ငါအရင်ရောက်တာကွ".."ဘယ်ရမလဲ...ဒီလိုဆိုရင်ငါအရင်ဆင်းရမှာကွ"..."ဒီတွင်းပေါက်ဝကို
မင်းထက်ငါအရင်ရောက်တာလေ"...ဘာမပြောညာမပြောနဲ့ လူတစ်ယောက်ဟာ တွင်းထဲကို
"၀ုန်းကနဲ"
ခုန်ဆင်းလိုက်ပါတော့တယ်...တွင်းအောက်ခြေကိုလည်းရောက်ရော...လင်းလက်နေတဲ့
အရာတွေဟာ
ရွှေတွေလည်းမဟုတ်ဘူး...ပတ္တမြားတွေလည်းမဟုတ်ဘူး...စိန်တွေလည်းမဟုတ်ဘူး...
"မြွေပွေး"တွေရဲ့
"မျက်လုံး"တွေ အရောင်တောက်နေတာသာဖြစ်တယ်...တွင်းအပေါ်ကို
အော်ပြီးပြောလိုက်တယ်... "ဟိတ်ကောင်တွေ..ဆင်းမလာကြနဲ့ ရွှေတွေ စိန်တွေ
မဟုတ်ဘူးကွ ...မြွေပွေးတွေရဲ့ မျက်လုံးတွေ... အဲဒီအရောင်တွေကို ငါတို့က
စိန် တွေထင်နေတာ...တွင်းနှုတ်ခမ်းဝက လူတွေက မယုံကြဘူး...
ဒီကောင်တစ်ယောက်တည်း လိုချင်လို့
လိမ်ပြောတာပဲဖြစ်မယ်...နောက်တစ်ယောက်ထပ်ခုန်ချလိုက်တယ်...
"ဟုတ်တယ်ဟေ့...ဆင်းမလာကြနဲ့
..စိန်တွေမဟုတ်ဘူး...မြွေပွေးတွေရဲ့မျက်လုံးတွေကွ သူတို့အရောင်တွေကို
ငါတို့က ရတနာတွေလို့ထင်နေတာ..."တွင်းနှုတ်ခမ်းဝက လူတွေအားလုံးဟာ
တွင်းထဲကလူတွေပြောတဲ့စကားကို မယုံကြဘူး...ဒီနှစ်ကောင် အပိုင်စီးချင်လို့
လိမ်ပြီးတော့ ပြောတယ်လို့ပဲထင်နေကြတယ်...ဒီလိုနဲ့...
တစ်ယောက်ပြီး
တစ်ယောက်ခုန်ဆင်းလိုက်ကြတာ...တွင်းနှုတ်ခမ်းဝကလူတွေအကုန်တွင်းထဲမှာ
သေကုန်ကြတော့တယ်...


လူကြီးဆိုတာ.....မြွေတွေရဲ့
အရောင်တောက်နေတဲ့မျက်လုံးတွေကို "စိန်" မှတ်ပြီး တွင်းအနက်ထဲကို
ခုန်ဆင်းခဲ့ဖူးတဲ့သူတွေ...ဒါကြောင့် ခုန်မဆင်းနဲ့လို့ပြောတာ...


xxxxxxxxxxx


လူငယ် လူလတ် လူကြီးကို ဘယ်လို အဓိပ္ပါယ် သတ်မှတ်သင့်သလဲ....ကျွန်တော်ကတော့
ဒီလိုအဓိပ္ပါယ်ဖွင့်ချင်တယ်ဗျာ....
(၁)အမှားများစွာဖြင့် နောင်တနဲ့နေထိုင်သူများကို လူကြိးများဟုခေါ်သည်...
(၂)အမှားများဖြင့် ပျော်ရွှင်နေသူကို လူလတ်ဟုခေါ်သည်...
(၃)အမှားများကို လိုက်လံရှာဖွေ၍ မှားဖို့ကြိုးစားနေသူများအား
လူငယ်ဟုခေါ်သည်...တဲ့......


ဒီတော့...သူငယ်ချင်းတို့ရော...? ....၁? ၂? ၃? ..


mail ကနေ ရတဲ့ စာလေးပါ .သူငယ်ချင်းတွေကို
ဝေမျှပါတယ်..မိဘမေတ္တာကို နားလည်နိုင်ကြပါစေ....။
ဘလော့ကာ မန်းသူလေးကို အထူးကျေးဇူးတင်ပါသည်..။

တဆင့် ဖေါ်ပြပေးသူ ရွှေလမ်းငွေလမ်းဝင်းကြည်။
၂၀၀၉ ခု၊ ဇွန်လ(၈)ရက်၊ ညနေ(၃း၄၇)
 

ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ

(၁)
လူ့ဘ၀ဆိုတာ စိတ်တိုင်းကျဖြစ်ချင်ကြပေမယ့်၊ ဖြစ်ချင်တာ မဖြစ်၊
မဖြစ်ချင်တာတွေဖြစ်ကြစမြဲပါ..။ လောကဓံတရားရဲ့ လှိုင်းအပုတ်မှာ
မြုပ်သူတွေကမြုပ်၊ ပေါ်သူတွေက ပေါ်၊ ကျော်နိုင်သူဆိုတာ ဘုရား၊ ရဟန္တာတွေက
လွဲလို့ မည်သူမျှ
မျိုးစေ့မမှန်၊ ပင်မသန် ဖူးတံငုံကင်း၊ အသီးဖျင်း၏ဟု ရှေးပညာရှိများက
စာဆိုထားခဲ့ကြပသေည်။
ကိုကျော်ငွေ တစ်ယောက် အတွေးစများထဲမှ ဖောက်ထွက်ပြီး ဒေါသထွက်နေမိ၏။
မည်သူ့ကို ဒေါသထွက်ရမည်နည်း၊ လောကကြီးကိုလား..။
ပတ်ဝန်းကျင်ကိုလား…ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလား..လက်တွေ့ပြဿနာ
တွေပေးနေသော သားကြီး ၀င်းထွန်းကိုလား…အထိန်းမတတ်တဲ့ မိန်းမကို
ဒေါပွရမှာလား..သို့လော…တွေးတော ဒေါပွနေရပေပြီ.။
ကိုကျော်ငွေ လူပျိုပေါက်ဘ၀ ဥတစ်လုံး တစ်ကောင်ကြွက် ဘ၀မှာ ငယ်ချစ်ဦး
ဖခင်ထံ သူ့သမီးကို လက်ထပ်လိုကြောင်း ၀င်ပြောစဉ်ကလဲ ဒီလို စကားမျိုးကို
အပြောခံခဲ့ရပါ၏။
“မောင်ကျော်ငွေ…မင်းက လူကြီး တစ်ယောက်မှ မပါဘဲ င့ါသမီးကို
လက်ထပ်ချင်တယ်၊ ခွင့်ပြုပါဆိုတော့ မင်းတို့လို မျိုးရိုးကမကောင်း၊
အကျင့်စာရိတ္တကလဲ မကောင်းကြတဲ့ မျိုးရိုးကို ငါ လုံးဝ သဘောမတူနိုင်ပါဘူး။
မင်းအဖေ ဦးကျော်ဆိုတာ မိန်းမတွေ မှိုလိုပေါက်အောင် ၄ ၊ ၅ ယောက်လောက်
ယူထားတာ ပတ်ဝန်းကျင်က အားလုံးအသိ၊ မင်းအဖေဗီဇ မပါဘူးလို့ မပြောနိုင်ဘူး
မဟုတ်လား။ င့ါသမီးနဲ့ လုံးဝ မပေးစားနိုင်ဘူး၊ မင်းပြန်ပါတော့….။
ကိုကျော်ငွေ စိတ်နာစွာနဲ့ မွေးရပ်မြေနဲ့ဝေးရာ မြေလတ်မြို့ တစ်မြို့သို့
ပြောင်းရွှေ့လာခဲ့၏။ ငယ်ချစ်ဦးနဲ့ ကွဲခဲ့ပြီး၊ လွဲခဲ့ရပြီ၊
သုံးနှစ်သုံးမိုးချစ်ခဲ့ကြိုက်ခဲ့ရသော ငယ်ချစ်ဦးကို ဘယ်လိုပင်ခေါ်ခေါ်
လုံးဝမရ ။ လူကြီးစုံရာနဲ့ တောင်းရမ်းကန်တော့အုပ်တင်ယူမှ လိုက်မယ်တဲ့။
ကိုကျော်ငွေ ဘာတတ်နိုင်တော့မှာလဲ။

(၂)
ကိုကျော်ငွေသည် ဒီမြို့မှာ ဆီစက်ပိုင်ရှင်ဖြစ်၏။ ခေတ်ပညာတတ်
မိန်းမတစ်ဦးဖြစ်တဲ့ မရွှေပိုနဲ့ အိမ်ထောင်ကျ၏။ သားတစ်ယောက်၊ သမီးတစ်ယောက်
ထွန်းကားရရှိလာ၏။ ကိုကျော်ငွေမှာ သူ့ဘ၀ မိဘမဲ့၊ ပစ္စည်းမဲ့ဘ၀က
တက်လာသူဆိုတော့ စည်းကမ်းက ကလားနားကြီး၏။ ချွေတာ၏။ ငွေရှာရာတွင် ၀ိရိယ
ကောင်း၏။ ဘ၀ကို နာတတ်၏။ သူ့ကို မတူမတန်၊ လူမဆန်စွာ ဆက်ဆံခဲ့သော
မတော်ခဲ့ရတဲ့ ငယ်ချစ်ဦးရဲ့ ဖခင် ယောက္ခမကို နာခဲ့မိ၏။ ယခုယူထားသော ဇနီး၏
ယောက္ခမကလည်း ကိုကျော်ငွေကိုမျိုးရိုးဗီဇမကောင်း၍ သူ့သမီးနဲ့ လုံးဝ
သဘောမတူ၊ သားကြီး(၆)လသားအရွယ် ရောက်မှ ကိုကျော်ငွေ
အိမ်ထောင်ဦးစီးကောင်း၊ စီးပွားရှာ ကောင်းမှန်းသိကြ၍ ပြန်ပြီးခေါ်ပြော
ဆက်ဆံခဲ့ကြပါသည်။ လောကကြီးမှာ ရွှေရှိ၊ ငွေရှိမှ သမက်တော်ကြတာ
မဆန်းပါကလား။ ဘ၀စီးပွားရေး ပြီးပြည့်စုံကြသော်လည်း ဘ၀အိမ်ထောင်ရေး၊
လူမှုရေးမှာ ပြီးပြည့်စုံသည် မရှိကြပါ…။
ကိုကျော်ငွေမှာ သူ့ပတ်ဝန်းကျင် သူငယ်ချင်းများထဲမှ နောက်မိန်းမယူတယ်၊
ဖောက်ပြန်ကြ တယ်ဆိုရင်ဆရာကြီးတစ်ဆူလုပ်ပြီး ပြစ်တင် ရှုတ်ချ
ဝေဖန်တတ်ပေသည်။ ရစရာ မရှိအောင် ခေါင်းမဖော်ဝံ့အောင် ပြောတတ်ဆိုတတ်ပါသည်။
တစ်လင်တစ်မယားစနစ်ကို အသက်ထက်ဆုံး လိုက်နာကျင့်သုံးမည် ဆိုသော မာနကို
လက်ကိုင်ပြုထားသူ ဖြစ်ပါသည်။
လောကကြီးမှာ အရာရာကို ငါပိုင်၊ ငါနိုင်ပြီဟု တစ်သမတ်တည်း တွက်၍ မရပါ။
ဒီပွဲတော့ ငါနိုင်ပြီ၊ ဒီကောင်တော့ မှားကွက်တွေ့ပြီ၊
ဘာတတ်နိုင်သေးလဲဆိုပြီး၊ နိုင်တိုင်းပြော၍ မဖြစ်ပါ။ ကိုယ့်အတွက် ရှုံးစရာ
လေး နည်းနည်း ချန်ပြောရဦးမည်ဟု ကိုကျော်ငွေ လုံးဝ မစဉ်းစား၊
မတွေးတောမိတာ အမှန်ပါ။
“ ဒီကောင် တော်တော် အသုံးမကျတာပဲ၊ လက်ရှိ ဇနီးကလဲ ဥစ္စပေါ၊
ရုပ်ချောကြီးပဲ၊ သားတွေ၊ သမီးတွေ ကိုယ်စီနဲ့ လိမ္မာကြတာ လွန်ရော၊
စီးပွားရေးဆိုတာလဲ ဘာမှ ပူစရာ မရှိတာကို---နောက်မိန်းမ ယူလိုက်တာ
သိပ်မှားတယ်၊ ပြီးတော့ ယခုယူတဲ့ သူ့နောက်မိန်းမရဲ့ ရုပ်ရည်ကလဲ
ပထမဇနီးကြီး ခြေဖျားတောင် မမှီပါဘူး၊ သွားပြီ--ဒီကောင် ဘ၀ပျက်တော့မယ်။
ထိုကဲ့သို့ ပိုင်စိုးပိုင်နင်း ကိုကျော်ငွေ အပြစ်တင်တတ်၏။

(၃)

လောကမှာ “ ငရဲ အပ ၀ဋ် အမြဲ” ဟု ရှေးပညာရှင်များက ဆိုကြ၏။
ငရဲကျသည်ဆိုသည်မှာ နောင်ဘ၀ ကူးပြီးမှ ကျသည်။ ၀ဋ်လိုက်ခြင်းသည် ဘ၀မကူး၊
လက်ရှိဘ၀၀ယ် ဖြစ်ကို ဖြစ်ကြရ၏။ မျက်မြင်ကိုယ်တွေ့ များစွာ ရှိကြပါသည်။
ယခုတော့ သူတစ်ပါးကို ပြောစရာရှိရင် တအားကြီး နိုင်ထက်စီးနင်း ပြောတတ်သော
ကိုကျော်ငွေ တစ်ယောက် ၀ဋ်လည်ပေတော့သည်။ ဘ၀ မကူးတော့ပါ။ ယခု ဘဝ
အရှင်လတ်လတ်ကြီး ၀ဋ်လည် အပြောခံရပေတော့သည်။
ကိုကျော်ငွေ ဆီစက်ပိုင်ရှင် မဖြစ်မီ ဆည်မြောင်းစီမံကိန်း တစ်ခုတွင်
ယာဉ်မောင်း တာဝန်ထမ်းဆောင်ခဲ့၏။ စီမံကိန်းမှ
ဒီဇယ်များသယ်ယူရေးလုပ်ငန်းမှာ ကိုကျော်ငွေသည် ကားတစ်စီးဖြင့်
တာဝန်ထမ်းဆောင်ရ၏။ မုန်းဆည် စီမံကိန်းသို့ စလင်းမြို့ အနောက်ဘက်
ဆည်မြောင်းကြားစခန်းမှ ဒီဇယ်များကို တစ်နေ့ (၂)ခေါက် သွားပြန်
သယ်ပို့ရပေသည်။ မော်တော်ယာဉ်ရပ်နားသော လမ်းခုလတ်စခန်းမှာ
မြောင်းဦးရွာဖြစ်၏။ မြောင်းဦးရွာမှာ ချင်းအမျိုးသားများ အများစု
နေထိုင်ကြပါသည်။ စားသောက်ဆိုင် (၂)ဆိုင်သာ ကြိုက်ရာ ဆိုင်မှာ ၀င်၍နားရ၊
စားရ၏။ ကြိုတင်မှာထားမှ ကောင်းကောင်းစားရ၏။ ကြိုတင် မမှာရင်တော့ “
မိန်းမပြင်းဟင်း”ခေါ် ဘဲဥကြော်သာ ရပေမည်။ ကိုကျော်ငွေ၏ ကားသည်
သည်လမ်းမပေါ်မှာ သန်းခေါင်၊ သန်းနွှဲ နွေ၊ မိုး၊ ဆောင်း ကာလသုံးပါး
သွားလာခဲ့ရသည်။
“ ဒို့ကား စလင်းက ဒီည ပြန်လာရင် ထမင်း စားမယ်နော်”
ကိုကျော်ငွေ၏ တပည့် မောင်ကြိုင်(စပယ်ယာ)က ထမင်းဆိုင်ကို မှာနေ၏။
ဆိုင်ထဲမှ ကောင်မလေး တစ်ယောက် ပြေးထွက်လာ၏။
“ ဟိုး..ဟိုး ဦးကျော် ကားရပ်ပါဦး၊ ကျမ စလင်းကို ဈေးဝယ်လိုက်ချင်လို့
ခေတ္တစောင့်ပါ။ ညဘက်ပြန်တက်မှာ သေချာရဲ့လား၊ ဈေးဝယ်ပြီး ကျမတစ်ခါတည်း
ပြန်လိုက်မှာနော်..နော်..။
ကိုကျော်ငွေကို တားသူမှာ ဆိုင်ပိုင်ရှင်၏ ညီမ ဖြစ်ပါသည်။
ပိန်ပိန်ရှည်ရှည်၊ ခက်သွက်သွက်၊ ခပ်ထက်ထက် ကောင်မလေး၊ အသားညိုညို
ရုပ်ရည်က မျက်နှာရှည်ရှည်၊ မျက်လုံးက ပြူးပြူး၊ အရပ်ရှည်သလောက် စိတ်ကတော့
တိုပေ၏။ အသံကလည်း စွာစွာကျယ်ကျယ်လည်း ရ၏။ ချွဲချွဲနွဲ့နွဲ့နှင့်
ညင်ညင်သာသာလည်း ပြောတတ်ဆိုတတ်ပါ၏။ စလင်း အထကကျောင်းတွင် နေခဲ့သူဖြစ်ပါ၍
ချင်းစကား၊ ဗမာစကား (၂)မျိုးစလုံးကို သွက်သွက်လက်လက် ပြောဆိုတတ်ပေသည်။
အသက်အရွယ်(၃၀)ခန့်ဆိုတော့ အပျိုကြီး ဖြစ်၏။
““ကျမ မေးနေတာ ပြောလေ ဒီည သည်ကို ပြန်တက်မှာလားလို့ ဘာလို့ လူကို
ငေးကြည့်နေတာလဲလို့ ။””
“ ဟေး ..ငါ(ညီး)ကို ငေးကြည့်တာ ကြာသွားသလား၊ ဒီညကား ပြန်တက်မှာ
လိုက်ခဲ့၊ လိုက်ခဲ့၊ ဦးနဲ့ လိုက်မှာဆိုတော့ အပြန်ထမင်းစားရင် ညည်းလက်ရာ
ဘယ်လိုလုပ် စားရတော့မှာလဲ”
ကိုကျော်ငွေသည် သူမ၏ အစားအသောက် လက်ရာများကို သိပ်ခံတွင်းတွေ့ပြီး
ထမင်းမြိန်၏။ သူမသည် စားသောက်ဖွယ်ရာ ဟင်းလျာချက်တာ မပြောနဲ့ အသီးအရွက်
မျိုးစုံသုပ်လျှင်လည်း သိပ်ကောင်း၏။ မိန်းမတစ်ဦး၏ ယောက်ျားတို့အား
စွဲစွဲလမ်းလမ်းဖြစ်အောင်၊ စွဲနေအောင်၊ တမ်းတနေအောင် နည်းပညာတစ်ခုမှာ
ချက်နည်း၊ ပြုတ်နည်း နည်းပညာသည် အရေးပါပေသည်။ ဒါကြောင့် ဤဆိုင်တွင်
သူမကို မြင်နေရှိနေမှ ကိုကျော်ငွေသည် ကားရပ်၍ စား၏။ ယောက်ျားတကာတို့၏
ချစ်တတ်ခြင်းသည် ပါးစပ်အရသာဖြစ်သော အကောင်းကြိုက်တတ်သော လျာက
စတင်မြစ်ဖျားခံလာ၏။ စပယ်ရာက “ ဆရာသမားကတော့ သူ့လက်ရာကို
သိပ်စွဲနေပြီနော်၊ ဒီမြောင်းဦးက တောင်ရိုးမှာ နှစ်တိုင်းပေါက်တဲ့
မျှစ်တွေ စားထားတာ ဗိုက်ထဲက ပြန်ထုတ်ရင် ကားတစ်စီးတိုက်ရှိလောက်ပြီ၊ဟဲ…ဟဲ
ဆရာကတော့ ဒီကလေးမလေးကများ လွှစာမှုန့်တွေ ဆီစိမ်ပြီး ကျွေးရင်
တစ်မြုံမြုံ့နဲ့ပြုံးဖြဲဖြဲကြီး ၀ါးနေစားနေမှာ မြင်ယောင်နေတယ်နော်…”
ချင်းမသည်ဆိုင်ထဲမှ ဈေးခြင်းတောင်း ဆွဲ၍ ထွက်လာ၏။ ကိုကျော်ငွေ၏
ကားရှေ့ခေါင်းထဲ တက်လာပြီး ကိုကျော်ငွေ ဘေးတွင် ကပ်ထိုင်လိုက်ပါသည်။
ကိုကျော်ငွေကို မျက်စောင်းထိုးရင်း-
“ ဦးကျော်ရယ်--ကျမလည်း ဒီကားနဲ့ည ပြန်လိုက်မှာပဲ၊ ညစာ ကျမကိုယ်တိုင်
ချက်ကျွေးပါ့မယ်..တကတည်း အဖြစ်သဲနေလိုက်တာ…”
သည်လိုနှင့် ကားသမားနှင့် ထမင်းဆိုင်က ချင်းမ ဘာမှ မဖြစ်ကြသော်လည်း
လတွေ၊ နှစ်တွေ တစ်စတစ်စ ကြာလာ၍ သွားလာနေကြ၏။ တစ်ညသောအခါ မိုးရွာ၍
မုန်းဆည်သို့ ပြန်အတက် ကန်ပြားရွာနှင့် စလင်းမြို့ကြားတွင် ရှိသော
သက္ကယ်ကျဉ်းချောင်းရေ ဒလဟော ကျနေပေပြီ၊ ကားပေါ်တွင် ကိုကျော်ငွေနှင့်
စပယ်ရာ မောင်ကြိုင်အပြင် သူမတစ်ယောက်တည်း ဈေးဝယ်ရန် ပါလာပေပြီ၊
အိုးချင်းထား၊ အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိကြပေတော့သည်..။
(ချင်သီးနဲ့ဆား အတူထား၍ စားပြလျှင် မြင်ရသော ကြည့်ရသော ဘေးမှလူက
သွားရည်ကျမှာ ဓမ္မတာဖြစ်ပါ၏) စပယ်ရာ မောင်ကြိုင် ကားပေါ်မှ “ ဗိုက်နာတယ်ရာ”
ဟု အကြောင်းပြ၍ ဆင်းသွားပေပြီ။ တစ်ညလုံး ပေါ်မလာတော့ပါ။ နောက်မှ
ကပ်ပါလာသော ကားတစ်စီးပေါ်တွင် စပယ်ရာ သွားအိပ်နေ၏့။
နံနက်(၅)နာရီမှ ကားသည် ချောင်း၏ တစ်ဘက်ကမ်းသို့
ကူး၍ရ၏။မြောင်းဦးရွာသို့ရောက်လာခဲ့သည်။
ဘ၀နဲ့ရင်းပြီး ငို၍ ကားပေါ်မှ ပြေးဆင်းသွားသူမှာ ကိုကျော်ငွေ
စွဲလမ်းနေသည့် လက်ရာရှင်ချင်းမပင် ဖြစ်ပေတော့သည်။
ကားစရီရာရင်ကို ကိုင်လျှက် ငေး၍ ကျန်နေခဲ့သူကတော့ ကိုကျော်ငွေဖြစ်၏။
ခါတိုင်းစားနေကျ။ နားနေကျ၊ ယခုတော့ ဆိုင်ပင် မဆင်းတော့ဘဲ ဆက်၍
ကားထွက်လာခဲ့ပေပြီ။ ကိုကျော်ငွေသည် တစ်ခဏတာ သာယာမှုကြောင့် သူ့ဘ၀၏
သမိုင်းစာမျက်နှာမှာ ကြက်ခြေခတ်သွားပေပြီ။ ဦးနှောက်များသည်လည်း
ချာချာလည်နေ၏။ သူမောင်းလာသော ကားမှာ လမ်းဘေးသို့ ယိုင်ထိုး၊ ယိုင်ထိုး
ဖြစ်နေ၏။ ကိုကျော်ငွေ၏ ဘ၀မှာ လည်းယိုင်ထိုး၍တစ်ဖက်စောင်းသွားပေတော့သည်။

(၄)

“ ဆရာ မြောင်းဦး ထမင်းဆိုင်က အမျိုးသမီးက ဒီစာ ရေးပေးထားခဲ့တယ်၊
ရော့…သူကတော့ ရန်ကုန်ကို ထွက်သွားပြီတဲ့။”
စပယ်ရာ မောင်ကြိုင်ယူလာသော စာကို ကိုကျော်ငွေ ဖတ်၏။


သို့

ဦးကျော်.
.ချင်းမတို့က ရိုးသားဖြူစင်တဲ့ တောင်ပေါ်သူကလေးပါ။ ကိုယ့်ရဲ့ ဦးလေးကြီး
တစ်ယောက်ကို ယုံကြည်အားကိုးခဲ့မိတာကို အခွင့်အကောင်းယူသွားတာ
ခံလိုက်ရတယ်..။ ဦးကျော်တို့ ကားသမားတွေဟာ ဒီလို လူစားတွေပဲလား..။
ဦးကျော်မှာ သား၊ သမီးတွေနဲ့ ဇနီးမယားကြီး ရှိလျှက်သားနဲ့ ရက်စက်လိုက်တာ
ဦးကျော်ရယ်…အများမကြိုက်၊ ဘုရားမကြိုက်တဲ့ ကိစ္စဖြစ်လို့ ဝေးရာသို့
ကျမပြေးသွားပါရစေတော့…လိုက်မရှာပါနဲ့။


ချင်းမ
ဦးကျော်သည် ရခိုင်ရိုးမကြီး၏ တောင်စွယ်ပေါ်မှာ ၀င်သွားတော့မယ့်
နေလုံးနီနီကြီးကို ငေးကြည့်ရင်း စာကို တင်းကြပ်စွာ ဆုပ်ကိုင် ထားနေ၏။
ရင်ထဲမှာ သက်ပြင်းများစွာ မှုတ်ထုတ်ရင်း သူမကို လွမ်းရခြင်း၊
တမ်းတရခြင်းများစွာဖြင့်-
“ ယောကျာ်းဆိုတာ လုပ်ရဲရင် ခံရဲရမှာပါကွယ်…ငါ မင်းကို တွေ့အောင် လိုက်ရှာပါရစေ…”
ကိုကျော်ငွေ ပါးစပ်မှ တစ်တွတ်တွတ် ရေရွတ်နေသော်လည်း နေလုံးနီနီကြီးမှာ
တောင်စွယ်သို့ ကွယ်သွားပေပြီ။ တဒင်္ဂ ခဏတာ အထိအတွေ့ကလေးကို သာယာမိခဲ့သော
တဏှာပေမ အချစ်ရဲ့နောက်မှာ ဖြူစင်သော သူ့ကို သနားမိလာ၏။ စာနာမိလာ၏။
သို့သော် သတိရဲ့ နောက်မှာ အပြေးပြိုင်မိရာ အချစ်၏ နောက်တွင်
မရေမတွက်နိုင်သော မိုင်တိုင်များဝေး၍ ဦးနှောက်မှာ ကျန်ခဲ့ပေတော့သည်။
အချိန်ကာလ ၆-လ ၇-လ ခန့်ကြာလာသောအခါ ပြန်တွေ့ရ၏။ ရန်ကုန်၊ လှိုင်သာယာ
အထည်ချုပ်စက်ရုံတစ်ခုမှာ စက်ချုပ်နေ၏။ သူမ၏ ဗိုက်ထဲမှ ရင်သွေးကို
လွယ်ထားကြောင်း၊ ဗိုက်ဖုံးအင်္ကျီက သက်သေ ပြနေပေပြီ။ ကိုကျော်ငွေ အတန်တန်
တောင်းပန်တိုးလျှိုးပြီး ချော့၍ ခေါ်ရသည်။
“ မဖြစ်ပါဘူး၊ ဦးကျော်ရယ်၊ ကျမတို့က ငွေမရှိပေမယ့်၊ သူများရဲ့
မယားငယ်ဘ၀မှာလည်း မနေပါရစေနဲ့။ ဦးကျော်တို့ရဲ့ သာယာစိုပြေတဲ့
မိသားစုကြီးကိုလည်း မဖြိုခွဲပါရစေနဲ့။ ကျမဘ၀နဲ့ ကျမရှိပါစေ။ ကျမရဲ့
မိဘတွေလည်း မျက်နှာမငယ်ရအောင် စလင်းတစ်မြို့လုံးနဲ့ မြောင်းဦးရွာက မိဘ
မောင်ဘွားတွေလည်း မသိရအောင် ဒီရန်ကုန်မှာပဲ ဇာတ်မြုပ်ပြီး ဒီကလေးကို
မွေးသွားမှာပါ..။
“ ငါ ယောက်ျားပါ..ကိုယ်လုပ်ခဲ့တာ ကိုယ်ခံပါရစေ။ နင်မလိုက်ရင်လဲ
ယခုမွေးလာမဲ့ ကလေးအဖေ အမည်ခံရအောင် တရားရုံးတစ်ခုမှ
လက်ထပ်စာချုပ်ထိုးပေးသွားပါရစေနော်..”။
သူမသည် တော်တော် ခေါင်းမာနေ၏။ ကိုကျော်ငွေမှ ဦးဆောင်၍ သက်ဆိုင်ရာ
တရားရုံးသို့ ခေါ်သွား၏။ ကိုကျော်ငွေလည်း ဆည်မြောင်းမှ ခွင့်(၁၅)ရက်ယူလာ၏။
ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများကိုတော့ ရန်ကုန် စက်ပစ္စည်းဝယ်/
သင်တန်းတက်ဟု လိမ်ညာလာခဲ့ရ၏။ သူမအတွက် မီးဖွားစရိတ်များပေး၍ အိမ်ခန်း၊
တစ်ခန်းငှားပေးခဲ့ပြီး ပြန်လာခဲ့ရပေတော့သည်။
အလိမ်အညာဆိုသည်မှာ အချိန်အခါ မရောက်သေး၍ မပေါ်သေးခင်သာ ပျော်စရာ
ကောင်းပါ။ ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများ သိသော နေ့တွင်ကား
ဒေါသူပုန်ထကြပါတော့သည်။ ကိုကျော်ငွေ တာဝန်ထမ်းဆောင်သော မုန်းဆည်သို့
မိသာစု လိုက်ပါလာကြတော့သည်။ မိသားစု ဆိုသည်မှာ ဥမကွဲ၊ သိုက်မပျက်
စည်းစည်းလုံးလုံး အတူနေကြမှသာ ပျော်ရွှင်သော မိသားစု အိမ်ထောင်ရေး
ဖြစ်ကြမည်။ မယ်တစ်ရွာ၊ မောင်တစ်မြို့ဖြင့် ငွေနောက်ကို တစ်ကောက်ကောက်
လိုက်ရှာနေကြမည် ဆိုပါလျှင် အိမ်ထောင်ရေးမှာ “ မီးဝေးရင် ချိတ်မာသည်” ဟု
ရှေးလူကြီးများစကားအရ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ဖြစ်လာတတ်၏။
အိမ်ထောင်ရေး မဖောက်ပြန်လျှင်လည်း ယောက်ျားသားများသည် အသောက်အစား၊
လောင်းကစားဘက်တွင် တစ်ခုခုကို အားသန်ပြီး လမ်းမှားကို ရောက်လာတတ်ကြပေသည်။
ကိုကျော်ငွေနှင့် ရသော ရင်သွေး သမီးကလေး (အိအိဝင်း)ကို
ချင်းမမွေးဖွားခဲ့သည်။ ကိုကျော်ငွေကိုလည်း လက်မှတ်ထိုးပြီးနောက်
သူ့ထံသို့ လုံးဝ မလာရန်၊ မိသားစုကို ပစ်ပြီး၊ သူ့ဆီကို လုံးဝ မဆက်သွယ်ရန်
မှာထားပေသည်။ ကိုကျော်ငွေ ထောက်ပံ့နေသော ငွေမှာ သမီးလေးဘဝ
ကောင်းစားရေးအတွက်ကြောင့်သာ လက်ခံခဲ့ရပေသည်။
“ သွားပါတော့၊ ပြန်ပါတော့ ဦးကျော်ရယ်၊ ချင်းမတို့က ဂုဏ်ပကာသန
စီးပွားဥစ္စာတွေ မရှိပေမယ့် ကိုယ်ကျင့်သိက္ခာကို ထာဝရ လက်ကိုင်ထားမယ်။
လူပုံအလယ်မှာ မျက်နှာငယ်၊ အရှက်ကွဲ၊ သူများ တံတွေးကွက်ထဲ ပက်လက်မျောပြီး၊
အပြောမခံရပါစေနဲ့။ ရှင်တို့ ကားသမားတွေလို ကလီကမာတွေပြော၊ အိုင်တွေ့ရင်
ခြေဆေးကြသူတွေနဲ့ မတွေ့ပါရစေနဲ့တော့။ မပေါင်းပါရစေနဲ့..ရှင်” ဒီကလေးကို
ရဲရဲဝံ့ဝံ့ ရင်မှာ လွယ်ထားခဲ့တာလည်း ဦးကျော်ကို အပိုင်ချိုင်ချင်လို့
မဟုတ်ဘူးနော်..။ အပြစ်မရှိပဲ လူ့ဘ၀ထဲကို ၀င်လာမယ့်ကလေးကို
မိခင်မေတ္တာအပြည့်နဲ့ ကျွန်မ ပြုစုယုယ ကြိုဆိုသွားမှာပါ.. ရှင်ပြန်ပါတော့
ဦးကျော်…နောင်ကို ဘယ်တော့မှ မလာခဲ့ပါနဲ့..။”
ရင်နာစရာ စကားကို ကိုကျော်ငွေ ထပ်ခါ ထပ်ခါ ပြန်လည် ကြားယောင်နေပါသည်။
သူမထံသို့ တပည့် စပယ်ရာ မောင်ကြိုင်ကို ကလေးအတွက် ဒုတိယ အကြိမ်
စရိတ်ပေးရန် စေလွှတ်လိုက်၏။ အပြန်တွင် သူမမှ ဘာမှာလိုက်သေးသလဲ မေးရာ
“ ဆရာ၊ ဆရာပေးတဲ့ငွေတွေ အကုန်ပြန်ပေးလိုက်တယ်” မှ လွဲ၍ ဘာမှ ဆက်မကြားရတော့ပါ။
လမှ နှစ်တွေပြောင်း၊ နွေ(၂)ခါကျ၍ ပူသော အချိန်(၂)နှစ်အကြာမှာ ချင်းမထံမှ
သတင်းဆိုးတစ်ခု ထပ်မံကြားရပေသည်။ သမီးလေး အိအိဝင်း ဆုံးသွားပြီတဲ့။
ကားသမား သူငယ်ချင်း မောင်သံလုံး လာပြော၍ ကိုကျော်ငွေ ၀မ်းနည်းစွာ
ကြားခဲ့ရပေသည်။ မိသားစုနဲ့အတူ ရှိနေစဉ် လာပြော၍ အားလုံးကြား၊
အားလုံးသိသွားကြပါသည်။ ကိုကျော်ငွေ၏ ဇနီးနှင့် သားသမီးများမှ
“ ကောင်းတာပေါ့ ကိုသံလုံးရယ်၊ အိမ်က ကိုကျော်ငွေအတွက် တစ်တောရှင်း၊
တစ်ဇာတ်သိမ်းသွားတာပေါ့…”
ကိုရွှေငွေ၏ ဇနီး မရွှေပိုမှ စကားဆိုပါ၏။
ကိုကျော်ငွေသည် မီးဖွားမဲ့ရက်တွက်၍ ရန်ကုန်သို့တစ်ခေါက်သွားခဲ့မိသေး၏။
မီးဖွားပြီး (၇)ရက်ပြည့်မှ ပြန်လာခဲ့၏။ သူမက မလာခဲ့ရန် တားထားသော်လည်း
မိဘရဲ့ မမြင်ရတဲ့ မေတ္တာ၊ ဖြတ်မရတဲ့ သံယောဇဉ်ကြိုးက ကိုကျော်ငွေ၏ ရင်ထဲမှာ
ရစ်ပတ်နေပေသည်။
“ င့ါသမီးလေးကို ကြည့်ခွင့်ပေးပါကွယ်..”
“ ဦးကျော်…..ရှင် ဘယ်လိုမှ
ပြောမရပါလား…မလာခဲ့ပါနဲ့ဆို…….ရှင်နောက်တစ်ခါလာခဲ့ရင် ကျမနဲ့ သမီးကလေးကို
လူ့ဘ၀မှာ မမြင်ရတော့ဘူး မှတ်ပါ..ရော့ ရှင့်သမီးကို ကြည့်ပြီး
မြန်မြန်ပြန်ပါတော့”
ကိုကျော်ငွေ (၇)ရက်လုံး သမီးကို ကြည့်ဖို့ ကြိုးစားခဲ့တာ
အောင်မြင်သွား၏။ သမီးကလေးကို ရင်မှာ ပွေ့ပိုက်ပြီး ဖခင် မေတ္တာတွေဖြင့်
သမီးရဲ့ ပါးနုနုလေးကို တစ်အားနမ်းရှုံ့နေမိ၏။ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်မှန်း
မသိလိုက်၊ မရေတွက်လိုက်နိုင်ပါ။ သမီးကလေး ငိုတော့မှ ပြန်လည်
သတိရပါတော့သည်။ သမီးကလေးကို ကြည့်ပြီး အမှတ်တမဲ့ ညာဘက်လက်ဖြင့် သမီးလေး၏
အရပ်ကို လက်ဖ၀ါးဖြင့် ထွာ၍ ကြည့်မိပါ၏။
“ ဟာ င့ါသမီးလေးက ဖြူဖွေးပြီး ထွားလိုက်တာ၊ သုံးထွာတောင်ရှိတယ်၊ အရပ်က
ရှည်လိုက်တာ.” ကိုကျော်ငွေ ပါးစပ်မှ လွှတ်ကနဲ အသံထွက်သွားခဲ့၏။
ကိုကျော်ငွေ အသံကြောင့် ချင်းမ ဒေါသ ခြောင်းခြောင်း ထွက်သွားပေသည်။
“ အို ဦးကျော်ရယ်၊ အဲဒီလို မပြောကောင်းဘူး၊ ကလေးအရပ်ကို
မတိုင်းကောင်းပါဘူး..ရှင် ပြန်ပါတော့ နိမိတ်မရှိ၊ နာမာ မရှိ၊…ကျက်သရေ
ယုတ်လိုက်တာ။ ရှင်..သွား…သွား….သွား ရှင်ပြန်ပါတော့.”
“ ယခုတော့ သမီးလေး သေပြီတဲ့၊ ငါနိမိတ်မရှိ၊ ငါလက်နဲ့ထွာပြီး
ကလေးအရပ်ကို တိုင်းခဲ့မိလို့လား….အင်း…သူမခင်ဗျာ အရူးမီးဝိုင်းဖြစ်ပြီ၊
င့ါကိုများ ထပ်ပြီး ဒေါသ ထွက်နေပေအုံးမလား….”
ချစ်၍ မ၀လိုက်တဲ့ သမီးကလေး အိအိဝင်းအတွက် ကိုကျော်ငွေ ရင်ထဲမှာ ကြိတ်၍
ငိုလိုက်၊ စဉ်းစားတွေးတောလိုက်ဖြင့် စိတ်ဂဏှာ မငြိမ် ဖြစ်နေပေပြီ။
လောကအလယ်မှာ သမီးအတွက် တာဝန်မကျေသော ဖခင်တစ်ဦးဖြစ်ခဲ့ရ၍လည်း
ရင်ကျိုးခဲ့ရပါသည်။
ကိုကျော်ငွေသည် အတိတ်က ဖြစ်ရပ်များကို မည်မျှကြာအောင် တွေးတော
ငေးမောနေသည် မသိလိုက်ပါ။ သူ့ရဲ့ ဆီစက်ရုံးခန်းထဲသို့ ရောက်နေသော မိတ်ဆွေ
ကိုသိန်းထိုက် ခေါ်သံကိုပင် မကြားရပါ။
“ ဗျို့ ..ကိုကျော်ငွေ ..ဘာတွေ စဉ်းစားနေတာလဲ…ကျုပ်ရောက်နေတာ ကြာပြီဗျ။…”
“ ဟုတ်တယ်ဗျာ…ကျွန်တော့်အတိတ်ဘ၀ တစ်ရေးနိုး တစ္ဆေ ချောက်ခံနေရတဲ့
ဇာတ်လမ်းကို ပြန်တွေးမိနေတာဗျာ…ကဲ ကျွန်တော် ဘာလုပ်ပေးရမလဲ..”
အရေးကြီးတယ်..ကိုကျော်ငွေ ခင်ဗျားသားကိစ္စ၊ ၀င်းထွန်းကိစ္စပဲ၊
ကိုကျော်ငွေရဲ့ စာရေးမကလေး တစ်ဦးနဲ့ ယခုတော့ ဖုံးမနိုင်၊
ဖိမနိုင်ဖြစ်ပြီ၊ (၂)လရှိနေပြီတဲ့..”
ကိုကျော်ငွေ၏ သားကြီး ၀င်းထွန်းမှာ လွန်ခဲ့သော (၁)နှစ်ကျော်လောက်ကလည်း
သူချစ်သော ကောင်မလေးတစ်ယောက်နှင့် ရန်ကုန်သို့ ထွက်ပြေးပြီး တရားရုံးမှာ
လက်မှတ်ထိုး၍ ပေါင်းသင်းနေထိုင်ခဲ့၏။ ရန်ကုန်မှ အပြန် ကောင်မလေး၏
မိဘများတောင်းဆိုချက်၊ သဘောတူညီချက်အရ သတိုးသမီးအား ပြန်အပ်ခဲ့ပါသည်။
မင်္ဂလာဆောင်ရန် ရက်(၂၀)ခွာချိန်းပြီး နှစ်ဦးသဘောတူညီစွာ ပြန်အပ်ခဲ့ပါသည်။
သို့သော်လည်း ကောင်မလေးမိခင်၏ မာယာအပလီများစွာနဲ့ နေ့ချင်းမတည့်၍
သဘောမတူနိုင်ကြောင်း ပြောပြီး ခွဲခွာခံခဲ့ရပါသည်။ အဲဒီအချိန်မှ စ၍
ဝင်းထွန်းမှာ အရက်ကလေး တမြမြ သောက်တတ်လာ၏။ နေ့စဉ် တော့မဟုတ် တစ်ခါတစ်ရံ
သောက်ကာ အရက်သမားဘ၀သို့ ၀င်ရောက်လာပေသည်။ ဖခင်၏
စီးပွားရေးလုပ်ငန်းမှာတော့ ဒုတိယနေရာမှာ ဦးဆောင် အားကိုးရသူ
တစ်ဦးဖြစ်ခဲ့၏။ ကိုကျော်ငွေနှင့် ဇနီး မရွှေပိုတို့မှ သားကြီး မင်္ဂလာကိစ္စ
တင့်တင့်တယ်တယ် လုပ်ပေးလိုသော်လည်း မိန်းကလေးဘက်မှ ခါးခါးသီးသီး
ဖြစ်နေခဲ့၍ မောင်ဝင်းထွန်း ကံခေခဲ့ရ၏။ ပတ်ဝန်းကျင်မှ ပဲ့တင်ထွက်လာသော
အသံတွေကတော့-
“ ဒီကောင် ၀င်းထွန်းက ပွေတယ်၊ ရှုပ်တယ်၊ သူ့အဖေကလဲ ပွေတယ်..မိန်းမ ကိစ္စ
ရှုပ်တယ်။ မျိုးရိုးဗီဇ မကောင်းဘူး၊ အရက်သောက်ရင်လည်း ၀င်းထွန်းက
ငါတို့ကို မကောင်းကြောင်းပြောတယ်၊ ဒို့သမီးနဲ့ မပေးစားနိုင်ဘူး”
စသည်ဖြင့် ကောင်မလေး၏ မိဘများမှ သတင်းပြောဆိုသံများကြားရ၏။
ယခုတော့ ပို၍ ဆိုးသွားပေ၏။ အလုပ်ထဲမှ စာရေးမ ကလေး တစ်ဦးနှင့် ကလေးတောင်
ရနေပြီတဲ့။ စာရေးမကလေးရဲ့ အဖေနှင့်အမများ ဦးကျော်ငွေထံ လိုက်လာကြပြီး
သူတို့သမီးကို လူသိရှင်ကြား ကန်တော့အုပ်တင်၊ တရားဝင်လက်မှတ် ထိုးပေး
ရမယ်..မပေးရင် သက်ဆိုင်ရာကို တိုင်မယ် တောမယ်..” ဟု ပြောကြား၍ ရောက်လာသူ
ကိုသိန်းထိုက်ထံမှ အကြောင်းစုံ သိခဲ့ရပေသည်။
ကိုကျော်ငွေ သက်ပြင်းတွေ မှုတ်ထုတ်ရင်း စဉ်းစားနေမိ၏။ ဒီကောင်တော့
ဒုက္ခပဲ၊ အရင်ကောင်မလေး(ပထမမိန်းမ)ကလဲ မပြတ်သေး၊ ယခု ဒုတိယ မိန်းမ
ထပ်ယူရမဲ့ အဖြစ်နဲ့ ကြုံနေရပြန်ပြီး ဇနီးဖြစ်သူ
မရွှေပုံနဲ့တိုင်ပင်သော်လည်း လုံးဝ သဘောမတူကြောင်း သိရ၊ သူ့သား
ဒီမိန်းမကို ယူရင် သူသေမှာပဲ ပြောနေ၏။ ကိုကျော်ငွေ လုံးဝ စေ့စပ်၍ ရမည်
မထင်တော့ပါ။
စာရေးမလေးမှာ စိတ်ရင်းစေတနာ သဘောကောင်း၊ အလုပ်ကောင်းပါ၏။ သို့သော်
စာရေးမလေး၏ မိခင်ကြီးမှာ ကိုယ်ရည်မသန့်သော ဒုက္ခိတ ဝေဒနာသည်
ဖြစ်နေရှာပေသည်။
ဖခင်ကိုကျော်ငွေ ခေါင်းထဲတွင် နေခုနှစ်စင်းထွက်၍ ကမ္ဘာကြီး
ပတ်ချာလည်သွားပေတော့သည်။ အလုပ်သမား ၀န်ထမ်းခန့်စဉ် ကာလတုံးက
မိဘမျိုးရိုး၊ ဗီဇကိုမရွေးမိ၊ မကြည့်မိခြင်းသည် ပထမ မဟာအမှားကြီးပေတည်း။
ကိုကျော်ငွေတွေး၍ မချိပြုံး ပြုံးနေမိ၏။ သူတို့က လူမြင်သူ
မြင်မျိုးရိုးဗီဇ မကောင်းတဲ့ ဒုက္ခိတဘ၀…..” ငါကတော့ လူသူ မသိဘဲ
မျိုးရိုးဗီဇမကောင်းတဲ့ အချစ်တဏှာရူးကြီးပဲ။ ပြီးခဲ့တဲ့ (၆)လ လောက်က
ဝန်ထမ်းမကလေး တစ်ယောက်နဲ့ မှားခဲ့မိလို့ ဇနီး မရွှေပိုမှ
ကြိတ်ဝိုင်းပွဲလေး လုပ်ပြီး၊ အပြတ်ရှင်းပေးလိုက်ရတာလေ..။ ကိုကျော်ငွေ
တွေးရင်း ရင်မောလာခဲ့ပါသည်။ တဒင်္ဂ ခဏတာ အထိအတွေ့ကို သာယာမက်မောခဲ့တဲ့
တဏှာအချစ်ကြောင့် ဘ၀မှာ ခဏ၊ ခဏ ပြဿနာ တက်ခဲ့ပေပြီ။ (ဘယ်သူ မပြု
မိမိမှု)ကို ကိုကျော်ငွေ တရားခံရှာဝါဒစွဲ၍ သွားလေသူ ဖခင်ကြီး မိန်းမ ၄-
၅ ယောက်ယုတာကို သက်သေထူပြီး ငါက ကောင်းချင်ပါတယ်။ ဒါပေမယ့်
မျိုးရိုးဗီဇက မကောင်းခဲ့လို့ အိမ်ခေါင်ကမှ မိုးမလုံတာ၊ ဘာတတ်နိုင်မှာလဲ
စသည့်( ထမင်းရည်ပူ လျှာလွှဲတတ်သော) ကိုကျော်ငွေ၏ အတ္တ၀ါဒဆိုးကြီးမှာ
ယခုတော့ အသိတရားနဲ့ အရှိ တရားအောက်မှာ ပြားပြားမှောက် ခံစားနေရပေတော့သည်။
ယခုတော့ ကိုကျော်ငွေ၏ သား ၀င်းထွန်း မိန်းမပြဿနာ ကဆိုး၍
ရှုပ်ပွေနေခြင်းမှာ ကိုကျော်ငွေ ဆိုသော အိမ်ခေါင်မိုးကြီးမှ
မိုးမလုံတာကိုးဟု ကိုကျော်ငွေ၏ ဇနီးနှင့် ပတ်ဝန်းကျင်မှ
လက်ညှိုးထိုးကဲ့ရဲ့ ရှုတ်ချပေတော့မည်။

(၇)

“ သားကြီး ၀င်းထွန်း၊ မင်းကံဆိုးတယ် သားရယ်….ဒီဘ၀မှာ အဖေကလဲ
မိန်းမယူခဲ့တာ ဘယ်မိန်းမကိုမှ မင်္ဂလာ မဆောင်ခဲ့ရဘူး၊ င့ါသားကြီးလည်း ပထမ
ယူတဲ့ မိန်းမကိုလဲ မင်္ဂလာ မဆောင်ခဲ့ရ..။ ယခုလဲ သားဒုတိယ မှားခဲ့တဲ့
စာရေးမကလေးကို မင်းရဲ့ အမေမသိအောင် လက်မှတ်ထိုးပေးလိုက်ပါကွာ၊ အဖေ
မသိချင်ယောင် ဆောင်နေပါ့မယ်။ ဒါတွေဟာ အဖေရဲ့ အပြစ်တွေပါ သားရယ်။ ငါအဖေ
မကောင်းခဲ့လို့ပါ။ အဖေရဲ့ ဆိုးကျိုးတွေ င့ါသားကြီး ၀ဋ်ကျွေးဆက်ခံပြီး
ဘ၀နဲ့ ရင်းပြီး ပေးဆပ်နေရပါပြီ။ အဖေရင်ကျိုးလို့ ရင်နာခဲ့ရပါပြီ
သားကြီးရယ်…”
ကိုကျော်ငွေနှင့် သူ့သားကြီးတို့ နှစ်ဦး တစ်ယောက်ကို တစ်ယောက် ဖက်၍
ဝမ်းနည်းပူဆွေးစွာ ပြောဆိုနေကြပေတော့သည်။
ပတ်ဝန်းကျင်မှ ရှုံ့ချခံရတော့မည် ရင်နာစရာတွေ
အပြောခံရတော့မည်..ကိုကျော်ငွေသည် သွားလေသူ ဖခင်ကြီးကို
တစ်ချက်ပြစ်မှားမိခြင်းသည် ယခုတော့ ဘ၀မကူးမီ အဖေနှင့်သားနှစ်ဦးလုံးရဲ့
ဘ၀တွေကို သိက္ခာမဲ့စွာ စတေးခံလိုက်ရပေပြီ..။
ဘယ်သူမပြု မိမိမှု၊ မပြစ်မှားထိုက်သော အနန္တ ငါးပါးထဲက ဖခင်ကို
ပြစ်မှားမိခြင်းသည် သံသရာအထိ ဆိုးဝါးသွားပေတော့မည်။ သူတစ်ပါးကို
ဆိုဆုံးမခြင်းထက် ကိုယ့်ကိုကိုယ် ဆုံးမရမည်။ လောကကြီးတွင်
ကိုယ့်ကျင့်တရားနှင့်တူသော အားကိုးရာ မည်သည် မရှိဟု ဗုဒ္မက ဆိုဆုံးမ
ထားခဲ့ပါသည်။ အိမ်ထောင်ရေး သစ္စာဖောက်တို့ သွားရာလမ်းကြောင်းသည်
စီးပွားပျက်၊ မိသားစုဘ၀ပျက်ကြရမည်မှာ မုချမလွဲပေ။
(၁)နှစ်ခန့် အကြာတွင် ကိုကျော်ငွေသည် လူကြီး လူကောင်း ပကတိကြီးမှ
ချက်ချင်းအရူးကြီး ဖြစ်သွားလေသည်။ မိဘကို စော်ကားမိ၍
ဂိုဏ်းသင့်သွားလေပြီလား..။ အရူးကြီး တစ်ယောက် ထီးစုတ်ကြီးကို ထမ်း၍
လမ်းလျှောက်ရင်း၊ ပါးစပ်မှလည်း တစ်ဗျစ်တောက်တောက် မည်တွန်ပြောဆိုနေပေပြီ၊
ကြားရတဲ့စကားတွေ..ကြားရတဲ့ သီချင်းသံတွေ…
အငယ်လေးကို ချစ်ရင် ဒုက္ခ၊ အငယ်လေးကို ချစ်ရင် ဒုက္ခ၊
ငါးပါးမှောက်လိမ့်မယ်။ (ယခုခေတ် ထွန်းထွန်းရဲ့ သီချင်းကို ဆိုနေ၏)
ကိုကြီးဖြစ်နေတဲ့ ရောဂါအဆန်းသားxxxx ကုန်ဈေးနှုန်းကို xxx
ပိုက်ဆံအိတ်ထဲက ထောင်တန် ဘယ်နှစ်ရွက်ထွက်ထွက်xxx ဟဲဟဲဟဲ ညီမလေးအတွက်
ဆိုပေးမယ့်xxxပေးမယ်xxx ရှိတာတွေကို အကုန်ပေးမယ်ဗျာxxx ပေးမယ်ဗျာ”
မပေးပေးxxxပေး--xင့ါရွှေခွက်ကိုပေးxxxxဟေး လိုက်ကြပါဟxxxင့ါရွှေခွက်ကြီး
ပါသွားပြီ၊ လိုက်ကြစမ်းပါဗျာတို့xxx ရှေ့က လူတွေ ကျုပ်ကို ကူညီပြီး
ဝိုင်းဖမ်းပေးကြစမ်းပါနော်-xxနော်xxxနော်”
အရင်မိန်းမဖို့ ရွှေ ဒီရွှေ---နောက်မိန်းမဖို့ ရွှေxxx ဒီရွှေ အဟုတ်ပ မုတ်ချ
မသွေxxx ကျုပ်ရမယ့် ဒီရွှေxxx
ဟိုး အချစ်ကလေးxxx ကိုယ်ဟာ လူကြမ်းကလေးပါxx ကိုယ်ဟာ လူကြမ်းကြီးပါxxx
အချစ်မကောင်း၊ အချစ်မကောင်းxxxဟဲxxxဟဲxxx
ခွေးကလေးကို ကြိုးနဲ့ ဆွဲပြီး ခေါ်အုံးမလား၊ ခါးပုံစာထဲ
မြွေပွေးထည့်ခေါ်ခဲ့ရမလား-xx ငါ့နောက် တစ်ကောက်ကောက် လိုက်မတဲ့လားxxx
သွားစမ်းxxx သွားစမ်းပါxxxဒါမျိုးတွေ ရိုးနေပြီကွာxxx တွေ့ရတဲ့
မိန်းမများxxx ဒါမျိုးတွေကြီးပဲကွာxxx
အို့xxxသွားစမ်းxxxသွားကြစမ်းပါဆိုxxx
ကျွန်တော်နာမည် ကိုကျော်ငွေလို့ ခေါ်ပါတယ်၊ သချိုင်းကုန်းမှာ နေပါတယ်xx
အဖေကလဲ သေပါတယ် အမေကလဲ သေပါတယ်xxx သားသမီးနဲ့ ဇနီးမယားတွေကို
ပစ်ထားခဲ့ပါတယ်xxxဟီးxxxxဟီး xxxxx ဟီး xxxx သားလေး xxx အဖေ့ရင်သွေးလေး
xxx မင်းဘ၀ ဆုံးရှာပြီကွယ် xxxx
ဟို အဝေးမှုန်ရေးရေး xxx မီးခိုးတန်းလေး xxxx လွမ်းသက်သေတည်နေ xxx
အညာမိခဲ့ဘူးတော့ အသဲက နာမိပါပေ xxx ကိုဖုန်းကြွယ် xxx လူညာကြီးရေ xxx
ဟေး…ဟေး မြစိမ်း နင့်ယောက်ျား ငဖုန်းကြွယ်..သိုက်ဆရာကို
လှေပေါ်တင်ခေါ်လာပြီ နင်ပြေးပေတော့ နင်လဲ ပြေးပေတော့..ငါလဲ
ပြေးတော့မယ်…ပြေးတော့မယ်…ပြေး..ပြေး..အားလုံးပြေး…………………။

“ ဖြစ်မှ ဖြစ်ရလေကွယ် … ကိုကျော်ငွေရယ်” ဟု ပတ်ဝန်းကျင်မှ တွေ့သူများက
ပြောဆိုကြရုံမှ တစ်ပါး အခြားမရှိကြတော့ပါ။



ရွှေလမ်းငွေလမ်း ၀င်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) မှ
ပြန်လည်ဖေါ်ပြပါသည်။