အကြောင်းမထူးတဲ့ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း

အကြောင်းမထူးတဲ့ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

ကျွန်တော် ယခုတစ်လော တော်တော်ချူချာနေပါတယ်။ နေ့စဉ်လိုလိုဆေးသောက်ရပါတယ်။ အပျင်းထူတာလည်းပါမည်။ စားတဲ့ဆေးက ဘိုင်အိုဂျက်စစ် နံပါတ်တစ်ပါ။အိပ်တယ်။ အိပ်တော့ အိပ်မက်တွေမက်တာပေါ့ဗျာ..။ ငယ်ငယ်ဘ၀ က စားခဲ့ရတဲ့ပြောင်းဖူးပေါင်းလုစားကြတာ..၊ လူးထမင်းလုစားကြတာတွေကို အိပ်မက်ပြန်မက်ပါတယ်။ ကျွန်တော်ငယ်ငယ်ဆိုတာ (၁၆)နှစ်သားကိုပြောတာပါ။ ယခုမှ (၃၅) နှစ်..အဲ..အဲ..ပြောင်းပြန် ပြန်လိုက်ရင် ဦးအသက်(၅၃)နှစ် အမှန်ပါ..။ ဘလော့ဂါ ဆရာမောင်ကောင်း၊ ကိုလူပျိုကြီးတို့ လူငယ်ဘလော့ဂါတွေရဲ့စာကို ဖတ်ရင်းနဲ့သံဝေဂ ယူနေရပါတယ်။ ဒါကြောင့် သက်ငယ်စကား သက်ကြီး ကြားနာပြီး..မဟာဆန် ရေးခိုင်းထားတဲ့ ကြွေးကိုဆပ်လိုက်ရပါတယ်..။
လူကြီးဆိုတာ ငါ့သိ၊ငါ့တတ်၊ငါသာလျှင် ဆရာမြတ်လို့ ထင်နေသူတွေက အများသားကလား။အဲဒီအထဲမှာ ဦးလဲပါတယ်နော်..။ငါပြောတာနားထောင်ကြပါ။ ငါလုပ်သလိုတော့ မလုပ်ကြနဲ့ပေါ့..။ ဟဲ..ဟဲ..ဘာရေးရမှန်း မသိတော့ စကားတွေက ဘေးရောက်ကုန်ပါပြီဗျာ..။ အကြောင်းမထူးတဲ့ ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း အကြာင်းကို ပြန်ပြောင်း၍ ပြောပါရစေတော့ကွယ်…။
ပြောင်းဖူးပေါင်း….။ စောစောက ဦးတို့ငယ်ငယ် အညာမှာ ဆန်တွေရှားတယ်လေ..။မြန်မာလို(၁၃၂၉)ခုနှစ်ကထင်ပါရဲ့ကွယ်…။ပြောင်းဖူးအစေ့တွေကို ခြေနင်းမောင်းခွက်ကြီးထဲထည့်ပြီးထောင်းရပါတယ်။ တောရွာမှာဆိုတော့ လျှပ်စစ်မီးကလည်းမရပါ။ အဲဒီအချိန်က အမှုန့်ကြိုတ်စက်တွေကလည်းမပေါ်သေးဘူးကွယ်။ ထောင်းလို့ရတဲ့ ပြောင်းဖူးဆံမှုန့်တွေကို ဇကာအမျိုးမျိုးနဲ့ချရပါတယ်။ နောက်ဆုံးဇကာကတော့ ကြေးဒိုင်းဆံဇကာလေးနဲ့ချရပါတယ်. ပြောင်းဖူးအမှုန့်ကလေးတွေဟာ သနပ်ခါးအမှုန့်ကျနေအောင်ရပါတယ်။ အဲဒီ ပြောင်းဖူးအမှုန့်တွေကို မြေပေါင်းချိုင်အိုးနဲ့ပေါင်းရတာပါ။မြေအိုးနှစ်လုံးဆင့်ထားပါတယ်။ အောက်ကအိုးမှာ ရေနွေးအိုးပါ။ အပေါ်က အိုးကို အောက်မှာ အပေါက်အသေးလေးတွေဖေါက်ထားပါတယ်။ အပေါ်အိုးကို အင်ဖက်(သို့မဟုတ်)ငှက်ပျောဖက်များခင်းထားရပါတယ်။ ပေါင်းအိုးထဲမှာ စောစောက ပြောင်းဖူးအမှုန့်နုနုလေးတွေထည့်ပြီး နှစ်လုံးဆင့်ထာတဲ့မြေပေါင်းချိုင်အိုးကို မီးဖိုပေါ်တင်ရတာပါ။ အဲ မြေအိုးနှစ်အိုးအဆက်ကြားကို ရေနွေးခိုးအငွေ့လုံအောင် ပိတ်စသန့်သန့်ကို ဆန်မှုန့်နဲ့ကျစ်ပြီးပိတ်ထားရပါတယ်။ထမင်းချက်တဲ့ အချိန်ထက်တော့နည်းနည်းကြာအောင်ပေါင်းရပါတယ်။ အပေါ်က ပေါင်းအိုးရဲ့စလောင်းဖုန်းက အငွေ့တွေနဲ့အတူ ပြောင်းဖူးပေါင်းအနံ့လေးတသင်းသင်းနဲ့မွှေးပြီးထွက်လာပါတယ်။ ကြက်ပြီဆိုရင် ထမင်းအစား ပြောင်းဖူးပေါင်းနဲ့အစားထိုးစားကြရပါတယ်။ ငရုတ်သီးထောင်းရယ်။ အမဲရိုးဟင်းချိုအငွေ့တစ်ထောင်းထောင်းနဲ့တွဲလို့စားခဲ့ကြပါတယ်။ အရသာ ရှိလိုက်တာ လွန်ပါရော့ကွယ်။
အဲ ပြောင်းဖူးပေါင်းထက်ကောင်းတာက လူးဆံထမင်းက ပိုလို့တောင်အရသာရှိပါသေးဗျား။ယခုခေတ် လူငယ်တွေ လူးဆံထမင်းဆိုတာ ဘယ်လိုဟာလဲမေးကြလိမ့်မယ်နော်..။ လူးပင် ဆိုတာ နှံစားပြောင်းပင်လိုပါပဲ။ နှံစားပြောင်းပင်လောက် မတုတ်ပါဘူး။ စပါးပင်ထက်နည်းနည်းကြီးပါတယ်။ လူးပင်ကလည်း ပြောင်းခင်းတွေလိုပါပဲ။ လယ်မြေမှာ စိုက်လို့မရပါဘူး။ ကုန်းခေါင်ခေါင်ယာမြေမှာ စိုက်ပျိုးရတာပါ။ လူးဆံအနှံလေးတွေကို ချွေယူပြီး စပါးလိုပါပဲ နွားနဲ့နင်းပြီးနယ်ယူရတာပါ။ လေလာလာမှာ အမှော်တွေရယ်..မအောင်တဲ့လူးဆံပိန်တွေကို လှေ့ယူရပါတယ်…အောင်တဲ့လူးဆံလေးတွေကို စောစောက ပြောင်းဖူးထောင်းတဲ့မောင်းခွက်ထဲကိုထည့်ပြီး(သစ်သားကျည်ပွေ့)နဲ့တပ် ပြီး ထောင်းရပါတယ်။ လူးဆံရဲ့ အပေါ်အခွန်ကြွပ်အောင် ဖွတ်ရတာပါ။ ပြောင်းဖူးအစေ့တုံးကလို အမှုန့်မထောင်းရပါ။ စပါးလိုပါပဲ လူးစေ့ကိုဖွတ်လိုက်တော့ လူးဆံဖြူဖြူလေးတွေရလာပါတယ်။ အဲဒီ လူးဆံကို စောစောက ပြောင်းဖူးပေါင်းတဲ့ မြေအိုးနဲ့ပေါင်းရပါတယ်။ လူးဆံထမင်း(သို့)လူးထမင်းလို့ အညာမှာ ခေါ်ဆိုကြပါတယ်။ ရှေးရှေးက မြန်မာလူမျိုးတွေက ဒီလူးထမင်းကိုစားလာခဲ့ကြတာပါ။ ရှေးမြန်မာလူမျိုးတွေခွန်အားဗလကြီးကြတာ ဒီလူဆံကိုစားကြလို့ ထွားကြိုင်းကြတယ်ထင်ပါတယ်။
ကျွန်တော်တောင် ငယ်ငယ်က ဒီလူးဆံထမင်းကို သုံးလလောက်စားလာခဲ့လို့ ပေမှီ ဒေါက်မှီအရပ်မြင့်နေတာထင်ပါရဲ့ဗျာ…။အဲ ကြိုတင်ပြီးမေတ္တာရပ်ခံထားပါရစေနော်..။ ဒီလို လူးဆံမျိုးလိုချင်ပါတယ်ဆိုရင်တော့ ယခုခေတ်မှာ မရှိသလောက်ရှားပါးနေပါပြီခင်ဗျာ…..။
တူမကြီး မဟာဆန်နဲ့ တူမောင်ကိုမင်းညိုတို့ရေ…အညာသားအဆိုတော် ကိုမင်းယျာဆိုတဲ့ သီချင်းထဲကလိုပါပဲ..(မောင်တို့ အညာမှာ..တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတောတွေနဲ့..ရန်ကုန်သူရယ်..ရန်ကုန်သူရယ်..)…။
ဦးတို့ငယ်ငယ်ကလည်း…သူငယ်ချင်းသမီးရည်းစားတွေ..တရွာနဲ့တရွာခြားက လူးခင်းတွေထဲမှာ…အထူးကမြင်း….အင်း..အင်း.လူးထမင်းစားကြတာကို ပြောတာပါ..ဟဲ..ဟဲ…ဟဲ………...(ဒီနေရာမှာရပ်လိုက်ပါစေတော့နော်…)။

အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေကွယ်….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု။ဇူလိုင်လ(၂၄)ရက်နေ့၊ည(၁၀)နာရီ ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

5 comments:

စိတ်၏ဖြေရာ said... | July 24, 2009 at 12:56 PM

ပြောင်းဖူးပေါင်းနဲ့ လူးထမင်းလာဖတ်ပါတယ်၊ကျွန်မတို့ 
ဆီမှာလဲလူမဲတွေပြောင်းဖူးမှုန့် ဘဲစားပါတယ်၊
သူတို့ ကလေးလေးတွေရဲ့ အသားအရည်ဟာမဲပေမဲ.
မာပြီးကျစ်ပါတယ်၊ပြောင်းဖူးမှုန့် ကိုပါပါးလို့ သူတို့ ခေါ်
ပါတယ်။

မဟာဆန် said... | July 24, 2009 at 2:11 PM

ဦးရေ...ကျွန်မတက်ဂ်ထားတာလေးကို ဂရုတစိုက် ရေးပေးတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျေးဇူးကတော့ အထူးပေါ့နော်။ စာရေးဆရာမို့ထင်ရဲ့ အတွေ့အကြုံတွေကို ရုပ်လုံးဖော်သွားလိုက်တာ မျက်စိထဲကို မြင်လာရောပဲ။ ကိုယ်ကိုယ်တိုင် အဲဒီအချိန် အဲဒီနေရာကို ရောက်သွားသလို တထပ်တည်း ခံစားရပါတယ်။ ခေါင်းစဉ်လေးကိုကပဲ တစ်မျိုးလေး စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်မ သင်ယူပါဦးမယ်။ စာရေးဆရာမ ဖြစ်အောင်လို့ပေါ့။ ပြောင်းဖူးပေါင်းကို ကျွန်မတို့အိမ်မှာ မေမေက ချက်ကျွေးတတ်တယ်။ သိပ်ကြိုက်တာပေါ့။ နူးအိပြီးမွှေးနေတာပဲလေ။ ပြောင်းဖူးပေါင်းမှာ အဓိကအချက်ကတော့ ဟင်းချိုမှုန့် မထည့်ရဘူးလို့ လူကြီးတွေ ပြောဖူးတာပဲ။ ဟုတ်လားတော့ မသိဘူး။ ဟင်းချိုမှုန့်ထည့်လိုက်ရင် အရသာ ပျက်ရောတဲ့။ လူးထမင်းတော့ ကြားဖူးတယ်။ မစားဖူးဘူး။ လူးဆန်ဆိုတာလည်း မမြင်ဖူးဘူး။ ငယ်ငယ်တုန်းက ပဲထမင်းတော့ စားဖူးတယ်။ ပဲတီစိမ်းပေါ်ချိန်ဆိုရင်ပေါ့။ ပြောင်းဖူးပေါင်းတော့ လွမ်းလာပြီ။

မင်းညို said... | July 24, 2009 at 2:28 PM

အစဉ်အဆက် အောက်ပြည်သားမို့ ကိုယ်နဲ့မကျွမ်းဝင်တဲ့ အညာဓလေ့တွေ အစားအစာတွေအကြောင်း ငယ်ငယ်ကတည်းက စိတ်ဝင်စားမိတယ်..။ အမှတ်မမှားဘူးဆိုရင် အညာဓလေ့ကို ကျွန်တော်ချစ်တီးပွဲစားဆိုတဲ့ စာအုပ်ရယ် ပွေးမုဆိုး သမီးရည်းစား ၀တ္တုတိုများ စာအုပ်ရယ် စတဲ့ စာအုပ်တွေမှာပဲ ကောင်းကောင်းဖတ်ဖူးတယ်..။ ဦးပြောတဲ့..လူးထမင်းဆိုတာတော့ ခုမှ ကြားဖူးတာပါ..။ စိတ်ဝင်စားစရာ ကောင်းလွန်းလှပါတယ်..။ကျေးဇူးပြုပြီး သက်ကြီးစကား သက်ငယ် ကြားဆိုသလို အဲလို အတွေ့အကြုံ လေး တွေ အဲဒီခေတ်တွေမှာ သိမှီမှတ်လိုက်ရတာလေးတွေ တင်ပေးရင် အင်မတန် ကျေနပ်ဝမ်းမြောက်မိကြောင်းပါ..။ ဒါဟာ သက်ကြီး တွေကသာ ပေးနိုင်တဲ့ အသိတွေပါ..။ ငယ်ငယ်က အဖိုးရှိစဉ် ဂျပန်ခေတ် အတွေ့အကြုံတွေကို လသာသာ ကွပ်ပျစ်ပေါ်မှာ လှဲရင်း အကုန်လျှောက်မေးဖူးတယ်..။ ဗုံးခိုကျင်ထဲ ဆင်းပြေးရတာတွေ..။ မီးခွက်လေးတောင်မထွန်းရဲပဲ အဲဒီမြေကျင်းထဲမှာ စားခဲ့ရတာတွေ အ၀တ်အစား ရှားသမို့ သန်းကပ်အောင်ဝတ်ရတဲ့ အ၀တ်အထည်အကြောင်းတွေ..စတာတွေ ကြားနာဖူးခဲ့တယ်။ .ဒီလို ခေတ်တလျှောက်ဖြတ်သန်းခဲ့ရာအတွေ့အကြုံတွေက ဦးတို့ပေးမှပဲ သိရမှာပါ..။ tag ထားတဲ့ စာကို ကလေးတွေလို့ သဘောမထားပဲ လေးလေးစားစားရေးပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်..။ ဦးရေးပေးတဲ့ ပြောင်းဖူးပေါင်းနဲ့ လူးထမင်းကို အရသာခံဖတ်ရင်း...
ကျေးဇူးတင်စွာဖြင့်...။

Unknown said... | July 24, 2009 at 5:27 PM

မသိတာတွေကို သိခွင့်ရလို့ ကျေးဇူးပါ...။

မြစ်ကျိုးအင်း said... | July 25, 2009 at 5:26 AM

လူးထမင်းဆိုတာကို အထူးမငြင်းပဲ စားချင်မိသေးတယ်

မြန်မာအားကစားသမားတွေကို လူးထမင်းကျွေးဘို့ စာတမ်းတင်ရင်ကောင်းမလား ဒါမှပေမှီဒေါက်မှီတွေ ဖြစ်အောင်လို့လေ

မသိတာတွေ သိခွင့်ရလို့ ကျေးဇူးပါခင်မျာ