ဝေဖန်ရေး တတိယဆုရစာမူ -စာဖတ်ပရိသတ် ဆရာဦးမြင့်သူ

ဝေဖန်ရေး တတိယဆုရစာမူ



စာဖတ်ပရိတ်သတ်၊ ဆရာ မြင့်သူ

ဦမြင့်သူ ၊ အိုင်တီ-စာပေ၊ သိင်္ဂါရပ်ကွက်၊ မကွေးမြို့။



၁။ မုန်းချောင်းရေနဲ့ ဆေးပါ့မယ်
ဖုန်းမောင် ယာဉ်မောင်းဘ၀နှင့် မုန်းချောင်းဆည်ကို ရောက်သည်။ ငယ်စဉ် ဆင်းရဲသားဘ၀ ခင်ဝင်းမနှင့်လွဲပြီး မြို့ကိုရောက်။ ယာဉ်မောင်းဘ၀နှင့် ခင်ပပမြိုင်ကိုတွေ့။ လင်မယား ဘ၀ရောက်။ ကလေး (၁)ယောက်ရပြီး ခင်ပပမြိုင် ဖုန်းမောင်ကို ထားခဲ့ပြီး နိုင်ငံခြားရှိ ဆရာနောက်လိုက်သွား။ ဖုန်းမောင် လွမ်းကျန်ရစ်သည့် ဇာတ်လမ်း။
ဇာတ်အဖွင့် (က) တောင်ကွယ်မှာ နေညိုလေတိုင်း ကျမျက်ရည်ဝိုင်းစို့စို့ မှိုင်းမို့မို့ လွမ်းလို့ကျန် ၎င်းအတိုင်း မဖွဲ့ဘဲ လူ့ဘ၀ဆိုသည်မှာ တစ်နေ၀င် တစ်မိုးချုပ်ပြီး ဟိုနေ့ဒီနေ့ဆိုပြီး ဖွင့်စေချင်သည်။ ဇာတ်ဖွင့် စာသားသည် အခန်း(၁)ပင် နောက်ထပ် နောက်ထပ် ရခိုင်ရိုးမ တောင်ကြီးမှာ နေကွယ်လေတိုင်း ကျမျက်ရည် ၀ိုင်းစို့စို့ မှိုင်းမို့မို့ လွမ်းကျန်(၂) ခါထပ်နေသောကြောင့် ဖြစ်သည်။
(ခ) အခန်း(၁) အဆုံး၌ ဖုန်းမောင် အရက်မူးရာမှ အတိတ်ကို ပြန်သတိရပြီး ငယ်စဉ်ဘ၀ပြန်စဉ်းစားသည်။ အခန်း(၂)ကို ကူးသည်။
(ဂ) ဖုန်းမောင် စဉ်းစားခန်းသည် ဇာတ်သိမ်းအထိဖြစ်သည်။ အခန်း(၄) အဆုံးမှာ ဖုန်းမောင်ကို မုန်းချောင်းနဘေးရှိ ၎င်းမောင်းသော ကားရှိရာကို လျှောက်သွားစေပြီး အရက်ပုလင်းယူကာ ချောင်းနံဘေးပြန်ထိုင်ခိုင်း အရက်ဆက်သောက် စေပြီး အလွမ်းတွေကို စမ်းရေထဲမှာ မျှောလိုက်စေနိုင်သည်။ (စာဖတ်သူ၏ ဆန္ဒ)
(ဃ) ဖုန်းမောင်ကို တောသားလူရိုးလူအ အဖြစ် ဇာတ်ကောင်စရိုက် အနည်းငယ် ဖော်ပေးသင့်။


၂။ အငယ်လေးကိုချစ်ခဲ့မိလို့(၁)
(က) ဦးရွှေဝင်းသည် စာရေးဆရာ တစ်ယေက်ဖြစ်သည်။ စာရေးဆရာ၏ စရိုက်သည် ဇာတ်လမ်းအရ ဂုဏ်သိက္ခာမဲ့နေသူ ဖြစ်၍ စာရေးဆရာအစားး အခြားဇာတ်ရုပ်ဖြင့် ဖန်တီးစေချင်သည်။
(ခ) ချစ်စုမသည် ဦးရွှေဝင်းမှာ မယားကြီးရှိသော်လည်း ဓနအားတောင့်၍ဖြစ်စေ၊ ချစ်သည်ထားဦး အသက်အရွယ် လွန်စွာ ကွာခြားအောင် ဖန်တီးထားခြင်းအတွက် စာဖတ်သူမှ ဇာတ်လမ်းအပေး လေးစားမှု လျော့သွားနိုင်သည်။
(ဂ) ဇာတ်အဖွင့်မှာ ဦးရွှေဝင်းသည် ဇာတ်ဆောင်ဖြစ်ရာမှ နောက်ပိုင်းတွင် ဇာတ်ကောင်မှာ ကျွန်တော်ဖြစ်သွားသည်။ ဒါကြောင့် အဖွင့်ကတည်းက ကျွန်တော်နှင့်သာဖွင့်ပါ(သို့) ဦးရွှေဝင်းနှင့် ကျွန်တော်နှင့် မရောသွားပါနဲ့။
(ဃ) အခန်းစဉ် နံပါတ်များ ရှေ့ဝတ္ထုကဲ့သို့ ထည့်ပေးပါ။


၃။ အငယ်လေးကို ချစ်ခဲ့မိလို့(၃)
(က) အငယ်လေးကို ချစ်ခဲ့မိလို့ အဆက်ဖြစ်သည်။ ဆိုင်ကယ်စီးလာသော မိုးကာအကျီဝတ်လူက ချစ်စုမကို ဖက်ပြီးဂျစ်ကားကို မောင်းထွက်သွားသော်အခါ ၎င်းစီးလာသော ဆိုင်ကိုယ်ကို မထားခဲ့ဘဲ ဆိုင်ကယ်နှင့်ပင် ချစ်စုမကို လာခေါ်သွားသင့်သည်။ ဂျစ်ကား ဘယ်သူ့ကားလဲ။ သူများကားဆိုလျှင် ကားသူခိုးအဖြစ်ရောက်ပြီး မိမိပိုင်ဆိုင်ကယ်ပါဆုံးသွားမည်။ ဦးရွှေဝင်း အကြံဖြစ်က ပုံပေါ်ပါစေ။
(ခ) စာမျက်နှာ(၄၁)ကြောင်းရေ (၁၊ ၂၊ ၃) “ ချစ်ဇနီးလေးရယ် ဦးကို စိတ်မဆိုးပါနဲ့ ညီမအကြိုက် ဘာမဆိုအားလုံး စိတ်တိုင်းကျ နေထိုင်ပြောဆိုပါတော့မယ်” ဒီ လောက်နှင့်ဆို တော်သင့်ပြီ။ ဒါဆိုလျှင် စာဖတ်သူ ရိပ်မိပါသည်။ အခန်းဆိုကတည်းက ရိပ်မိပြီ( ဆရာ လက်လွန်သွားမယ်)
(ဂ) ဇာတ်ကောင်အကြောင်းကို စာဖတ်သူသိအောင် ပြောပြနေတဲ့ ပုံသဏ္ဍာန်ထက် တစ်ချို့နေရာတွေမှာ(ဒိုင်ယာလော့)နှင့် ဖော်ပေးလျှင် ပိုကောင်းမည်။
(ဃ) ခင်မောင်ကြည်နှင့် ချစ်စုမတို့ နီးစပ်မှု ရှိသွားခြင်း ပုံဖော်မှု အားနည်းနေသည်။ ခင်မောင်ကြည်သည် ဦးရွှေဝင်း အချစ်ဆုံးသူငယ်ချစ်ဖြစ်၍ ဦးရွှေဝင်၏ မိသားစု တစ်ကွဲ တစ်ပြားဖြစ်နေခြင်းကို မရှုရက်တာကြောင့် ချစ်စုမကို နီးစပ်အောင် လုပ်ပြီး ချစ်စုမကို ခိုးပြေးသွားခြင်းသည် အကောင်းဆုံးဖြစ်မှာမို့ မိမိသာ အနစ်နာခံပြီး ဖန်တီးလိုက်လျောလျှင် ပိုကောင်းမလား။ သူငယ်ချင်းအတွက် အနစ်နာခံခြင်းသဘော.။
(င) သရက်မြို့အိမ်မှာ ဦးရွှေဝင်း၊ ခင်မောင်ကြည်၊ ချစ်စုမ၊ အိမ်ဖော်အတူနေသည့် စာမျက်နှာ(၅၂)ကြောင်းရေ(၉) အိမ်ဖော်က ဂျစ်ကားနှင့် လူတစ်ယောက်တွေ့တယ်။ ကားရပ်ပြီး စကားပြောနေကြောင်း ချစ်စုမကို သူသိသော်လည်း အတူနေသူ ခင်မောင်ကြည်နှင့် ပြောနေကြတယ်ဆိုတာ အတတ်ပြောနိုင်ရပါမည်။
(စ) ဇာတ်သိမ်းဦးရွှေဝင်းသံဝေဂ ရသည်။ ကောင်းပါသည်။


၎။ မုန်းလို့ခေါ်ပါ ကိုကိုရယ်
(က) စေတုတ္ထရာမြို့နယ်၊ မုန်းချောင်းအနီးမှာ နေထိုင်ကြတဲ့ ချင်းအမျိုးသားများ ဓလေ့နှင့် ပတ်ဝန်းကျင်သာယာပုံနှင့် ဇာတ်ဖွင့်လျှင်လည်းကောင်း။
(ခ) ချင်းတိုင်းရင်းသားဖြစ်သောကြောင့် ခင်ဖုန်းအစား ချင်းနာမည် ဥပမာ(ခေါင်းဇီး) စသဖြင့်
(ဂ) ခင်ဖုန်းက မျိုးချစ်ကို ချစ်တဲ့အကြောင်း ပြန်ပြောပြနေသယောင်နှင့် ဇာတ်သိမ်းများ ခင်ဖုန်းဆီက စာဖတ်ပြီး ခံစားသွားရသည့် ဇာတ်လမ်းအနှစ်တစ်မျိုးဖြစ်သွားပြီ။


၅။ ပန်ချင်ပါလျှက် မခူးရက်ပါ။
(က) ပိတောက်ပန်းနှင့် သင်္ကြန်ရနံ့ကို မွှန်းလိုက်ပါ။
(ခ) ဇရာအိုနှင့်ကညာပျို ရှေ့ဇာတ်မှာပါပြီး ဖြစ်လို့ လက်ရှောင်သင့်သည်။
(ဂ) ဇာတ်ဆောင်နှင့်စရိုက် လိုက်ဖက်အောင်ထားသင့်။ ဥပမာ ဦးရေချမ်း ၎င်းအား သီချင်းမဆိုစေပါနှင့် စန္ဒရားတီးခိုင်းစေလိုသည်။
(ဃ) စာမျက်နှာ(၇၂)ကြောင်းရေ (၂) ၀င်းမြတ်မူးမူးရူးရူးနှင့် သွေးဆူနေ၍ မည်သူမည်ဝါ ဝေခွဲမရနိုင်အောင် ဖြစ်သည်။ အမူးသမား ချီးကျွေးတောင် မစားဘူး။ ဘယ်သူဆိုတာသိလောက်ပါတယ်( မယုံရင် တစ်ပိုင်းလောက် ချကြည့်)
(င) စာမျက်နှာ(၇၃) ကြောင်းရေ( ၁၄မှ ၂၀ ထိ) စာသားမဖောင်းပွစေချင်ပါ။ ချစ်နွယ်ကို ပြောဆို ကျောခိုင်းသွားချေပြီ။ ဒီလောက်ဆို လုံလောင်ပါတယ်။ ဒီနေရာမှ အခန်းခွဲပြီး နောက်တစ်ခန်းကို ပြန်ကူးပါ။ ဦးရေချမ်းကို ရုတ်တရက်ဖြစ်သော ရောဂါနဲ့ ဆေးရုံတင်လိုက်ပါ။
(စ) ဦးရေချမ်း ဆေးရုံမှာ ရှိနေသေးတယ်ထင်ပြီး ချစ်နွယ်လာသည်။ သို့သော် ဆင်းသွားပြီ။ ဆေးရုံဆိုသည်မှာ လူဝင်/ထွက် များသည်။ စံပယ်ပန်းထုပ်နှင့် စာကို မထားခဲ့သင့်။ တစ်ယောက်ယောက်နှင့် ပေးခိုင်းလျှင် ကောင်းမည်။
(ဆ) ဦးရေချမ်း A နဲ့ ဆေးရုံမှ ဆင်းပြီး ပျောက်သွားသည် ချစ်နွယ် စာဖတ်၍ လွမ်းလျှက်ကျန်။ ဇာတ်သိမ်းကောင်းပါသည်။


၆။ လေလုပွဲ
(က) အိမ်နီးနားချင်းတို့၏ ဖြစ်လေ့ဖြစ်ထရှိသော ဘ၀ကို သရုပ်ဖော်ထားသော ဇာတ်လမ်းဖြစ်သည်။
(ခ) ဒေါ်မမကြီးကို သူဌေးဂုဏ်မောက်နေသော စရိုက်ကို ပီပြင်အောင် ဖော်ပေးလိုက်ပါ။
(ဂ) ဒေါ်မမကြီး ပြောသည့်(ဒိုင်ယာလော့)များတွင် မာနာသံနှင့် ဖြစ်စေရမည်။ အသံရှည်(ဒီဃရသ)မပါစေဖို့ ဥပမာ စာမျက်နှာ(၈၅) ကြောင်းရေ (၇) ယခုချက်ချင်းမီးပြန်ပိတ်ပေး“ ပါနော်” ဆိုတဲ့ လို စကားရပ်မျိုး မဖြစ်စေချင်ပါ။တိုတောင်း ခက်ထန်သံ ဖြစ်ရပါမည်။
(ဃ) ရှေ့မှ ပါပြီးဖြစ်တဲ့ မပဋာလို ဥပမာမျိုး မပြဘဲ နောက်ထပ် အသစ်ပြန်ယူပါ။ ငိုချင်း တစ်ခုခု။
(င) ဒေါ်မမကြီးတိုက်မှ စတီရီယို သီချင်း(ငါနင့်ကို သတ်ချင်တယ်)ကို ဘမြင့်ကြားလို့ စိတ်မပျက်လိုက်ပါနဲ့။ အရွဲ့တိုက်ပြီး ကက်ဆက်ကို အကျယ်ကြီးဖွင့်ပါ။ (အပေါ်ထပ်နဲ့ အောက်ထပ်ဇာတ်လမ်း)လိုဟာမျိုး။ ပြီးမှ (နှလုံးသားကို အလှဆင်ပါ) ရေဒီယိုတေးနဲ့ ပြန်ကလဲ့စားချေရင်တောင် ကောင်းမလား။ လွမ်းရတာများလို့ ဟာသလေးလည်း ဖတ်စေချင်သည်။


၇။ ရင်နာစရာစကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ။
(က) ရင်မောင်းတို့၏ အကျင့်စရိုက်ကို ဖော်ထားသော ဇာတ်လမ်း ဖြစ်သည်။ “ ရောက်ရာ အရပ်မျာမှာ အိမ်ထောင်ကျရစေရဲ့” ဆိုသော ဆုတောင်းနှင့် ပြည့်သူများကဖြစ်သည်။ ကျော်ငွေ မျိုးရိုးမကောင်း၍ ယောက္ခမ သဘောမတူ။ ငယ်ချစ်ကို စွန့်ပြီး မြို့ပေါ်ရောက်တယ်။ ဆီစက်ပိုင်ရှင်ဖြစ်။ မရွှေပိုနဲ့ ညား။ ညားသော်လည်း မရွှေပို အဖေက မျိုးရိုးမကောင်းလို့ သဘောမတူ( သဘောမူဘဲ မနေပါနှင့်။ ဇာတ်လမ်းမှာ ယောက္ခမ ဦးကျော်ဟာ အဓိက မကျသူဖြစ်သည်။)
(ခ) တစ်ခြားမြို့မှ လက်ရှိမြို့ကို ရောက်လာသဖြင့် ကျော်ငွေရဲ့ မျိုးရိုးဖီဇကိုဘယ်သူမှ မသိသည့် ပုံစံနှင့် ထားလိုက်ပါ။ ဒါဆိုလျှင် စာသားဖောင်းပွမှု နည်းသွားပြီး ၎င်းစာသားနေရာမှာ ရသဖော်ပေးလျှင် ပိုကောင်းမည်။ ၀မ်းစာပြည့်သွားမည်။
(ဂ) စာမျက်နှာ(၉၆)မှ စာမျက်နှာ(၁၇၀)ထိ ကျော်ငွေရဲ့ နောက်ကြောင်းပြန်ခြင်းဖြစ်သည်။ နောက်ကြောင်းပြန်တွင် အဓိက ကျော်ငွေ၊ ချင်းမ၊ ယာဉ်နောက်လိုက်မှ လွဲပြီး ဒေါ်ရွှေပို ကြားမ၀င်ပါစေနဲ့။ စာမျက်နှာ(၁၀၅)ကြောင်းရေ (၄)မှာ ဒေါ်ရွှေပို ၀င်လာသည်။ မ၀င်းလည်းရသည်။ စာမျက်နှာ (၁၀၉)မှာ စာရေးမလေးရဲ့ မိခင်ကို ကိုယ်ရေမသန့်ရောဂါနှင့် ကိုကျော်ငွေရဲ့ တဏှာရူး ရောဂါကို နှိုင်းယှဉ်ဖော်ပြသည်။ ကောင်းသည်။
(ဃ) ကိုကျော်ငွေ အသိတရား ရသော အချိန်လွန်သွားပြီး ဗီဇမကောင်းလို့ လောကဓံ၏ ဒဏ်ခတ်ခြင်းကြောင့် ကိုကျော်ငွေ ရူးသွားသည်။ ကောင်းပါသည်။ အရူးပေါက်ကရ ပြောတာ များလွန်းတယ်။ (၂)မျက်နှာ


၈။ ပုဂ္ဂိုလ်မ၍ စားရသည်။
တစ်မျက်နှာ ဇာတ်လမ်းဖြစ်၍ ဆွေးနွေးရန် မရှိပါ။


၉။ အဖြူရောင် ခြားနားချက်
ဆွေးနွေးရန် မရှိပါ။


၁၀။ ဆရာတော်ပေးသော ကလောင်လက်
စာရေးဆရာ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် ဆောင်းပါ။ဆွေးနွေးရန် မရှိပါ။
(က) ၀တ္ထု အခန်းစဉ် နံပါတ် ထည့်ပေးပါ။ နံပါတ်မတပ်ချင်လျှင် သင်္ကတာ(----xxx---) ပေါ်နေပါစေ။
(ခ) အခန်းစဉ် နံပါတ်ကျော်ပြီး ပျောက်နေတာ ရှိသည်။ ဥပမာ “ ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ” မှာ ( ၅/၆) မပါ ရှိပါ။
(ဂ) တချို့အကြောင်းအရာများသည် စာနှင့် ဆွေးနွေးသည်ထက် ကာယကံရှင်နှင့် ဆွေးနွေးအကြံပြုခြင်းက ပိုပြီး ထိရောက်စေပါသည်။ ယခုဆွေးနွေး အကြံပြုချက်များသည် ဥာဏ်မီသလောက် အတတ်နိုင်ဆုံးကြိုးစားထားသော အကြံပြုချက်ဖြစ်ပါသည်။(ဝေဖန်ခြင်း) မဟုတ်ပါခင်ဗျား။

လေးစားစွာနှင့်
မြင့်သူ
အိုင်တီ- စာပေ
သင်္ဂါရပ်၊ မကွေးမြို့

မူကြမ်းရေးပြီးလျှင် တစ်ယောက်ယောက်ကို ဖတ်ခိုင်းပါ။ ဖတ်ပေးတဲ့သူသည် အလိုအလျောက်(အယ်ဒီတာ) ဖြစ်သွားလိမ့်မည်။





စာအုပ်အဖုံးနှင့် စာအုပ်အမည်

ပင်ကိုယ်ရေးဝတ္ထုတိုများဖြစ်၍ မြန်မာ့ယဉ်ကျေးမှု၊ သမိုင်း၊ လူနေမှုဘ၀၊ ဓလေ့ထုံးတမ်းများကို ဦးတည်ခိုက်ထားရမည်။( ဖော်ပြပါ ဦးတည်ချက်များမှ အကျုံးဝင်သော ၀တ္ထုတိုများဖြစ်သည်။)
အငယ်လေးကို ချစ်ခဲ့မိလို့ အမည်သည် ကာမသဏှာဘက် ဇောင်းပေးထားသည်ကို ထင်စရာ ရှိသဖြင့် ယင်းအစား စာအုပ်အမည်ကို ရွေးချယ်ရန် လိုသည်။
ဇာတ်လမ်းအဖွင့်( နောက်ဆုံး ကျောင်းထိုင်ဆရာတော်ထံ ငွေဝတ္ထုကပ်ပြီး သင်္ကန်း ပရိကရာ တစ်စုံဖြင့်) စာမှာ (သင်္ကန်း ပရိက္ခရာ) ဖြစ်ရပါမည်။ အသေးအဖွဲ့လို့ မထင်ပါနဲ့။ စာဖတ်ပရိတ်သတ်ပြင်ဖတ်မယ်လို့ ပေါ့ပေါ့တန်တန် သဘောထားလျှင် စာအုပ်အပေါ် အထင်သေးသွားမည် ဖြစ်ပါသည်။ (ကိုရင်) ဆိုသည်မှာ လူနာမည် ဖြစ်၍(သမဏေ) လို့(သို့) ရှင်ပြုကို သုံးပါ။

မုန်းချောင်းရေနဲ့ ဆေးပါ့မယ်
စာမျက်နှာ(၁) ကြောင်းရေ(၆)
ရခိုင်ရိုးမ တောင်ကြီးမှာ နေကွယ်လေတိုင်းအစား ရခိုင်ရိုးမှ တောင်ကြီးကို ကျော်၍ နေကွယ်လေတိုင်းဖြစ်သင့်ပါသည်။

စာမျက်နှာ(၂)၊ ကြောင်းရေ(၈)
ရွာနှင့်မြို့လာပြီး လိုင်းဆွဲသော ကားဆရာဟု ရေးထားသည်။ ဒရိုင်ဘာသည် အခြားမှ၊ ရွာမှ၊ မြို့မှ ခွဲခြားပါ။ ရွာမှ ဆိုလျှင် ရွာမှ မြို့လာပြီး လိုင်းဆွဲသော ကားဆရာဟု ရေးသင့်ပါသည်။

စာမျက်နှာ(၂) ကြောင်းရေ(၁၀/၁၁)
ပြုံးစစမျက်နှာနှင့် အလုပ်တွင် မခိုမကပ် မဟုတ်မခံ ဆတ်ဆတ်ကြဲ အသားညိုညိုအရပ်ပုကွကွ ဟုရေးထားသည်။ ငဖုန်းဟာ စိတ်ကောင်းရှိပြီး မဟုတ်မခံ လူစားမျိုးဆိုသည်ကို ပေါ်လွင်စေသည်။ ဆတ်ဆတ်ကြဲဆိုသည်မှာ မိန်းမအတွက် သုံးသော စကားဖြစ်သည်။ အရပ်ပုကွကွ ရေးထားသဖြင့် စိတ်ကောင်းရှိသော ငဖုန်း၏ အတွင်းစိတ်ကို အရုပ်ဆိုးသွားစေသည်။

စာမျက်နှာ(၃)၊ ကြောင်းရေ(၉/၁၀)
(ရှင်လိင်ပြန်တော့ သူငယ်ချင်း ခင်ဝင်းမက ပြေးလို့ ကြိုခဲ့တာ) သီးချင်းလား၊ ဒိုင်ယာလော့လား မကွဲပြား။

စာမျက်နှာ(၄)၊ ကြောင်းရေ(၇)
လိမ္မာယဉ်ကျေးစွာဖြင့် ရသမျှငွေကို စုလာခဲ့၏ အစား ယဉ်ကျေးစွာကို ဖြုတ်ပြီး လိမ္မာစွာဖြင့် ရသမျှငွေကို လို့ ရေးသင့်ပါသည်။

စာမျက်နှာ(၅)
ဘုန်းမောင်၏ ဆရာ နိုင်ငံခြား မသွားမီ ခင်ပပမြိုင်နှင့် မကင်းရာ မကင်းကြောင်း ဖြစ်နေသည်ကို ပုံရိပ်ဖြင့် ဖော်ပြက ပိုကောင်းမည်။

ကြောင်းရေ(၁၀)
သမီးရဲ့ တတိယနှစ် မွေးနေ့မှာ အစား သမီးရဲ့(၃)နှစ် မြောက် မွေးနေ့ဟု ရေးရပါမည်။

စာမျက်နှာ(၆) ကြောင်းရေ (၁)
ခင်ပပမြိုင်၏ (ဒိုင်ယာလော့)ဖြစ်သောကြောင့် အို မောင်ကလဲ ဖြစ်သည်။ အို မြိုင်ကလည်း မှားရေးထားသည်။

ကြောင်းေ၇(၇)၊ ကြောင်းရေ(၆)
ဆရာရဲ့ ရန်ကုန်ဇနီးကြီးအစား ရန်ကုန်မှာနေတဲ့ ဆရာရဲ့ ဇနီးဆိုလျှင် ကောင်းမည်။ ဒါဆိုလျှင် ၀ါကျထားသိုမှု မှန်သွားမည်။

အငယ်လေးကို ချစ်ခဲ့မိလို့(၁)
ဇာတ်အဖွင့်၊ ကြောင်းရေ(၄)
ဦးရွှေဝင်းမှာ ပထမ ဇနီး ဒေါ်ဌေးကြည်နှင့် ရေးထားသည်ကို ဦးရွှေဝင်း ဒုတိယဇနီးမရသေးသောကြောင့် ဦးရွှေဝင်းမှာ ဇနီး ဒေါ်ဌေးကြည်နှင့် ရေးသင့်သည်။

စာမျက်နှာ(၁၃)၊ ကြောင်းရေ(၁၀)
ဒေါ်ဌေးကြည်၏ သဘောထားကို ပုံဖော်ရာ၌ ကျွန်တော့်ဇနီးသည် ငယ်လင် ငယ်မယားဖြစ်၍ ကျွန်တော် ဆိုးသမျှ ညှာခဲ့ရသည်ချည့် ဖြစ်၏။ သခင်နှင့်တူသော ဇနီးသည်ကို လို့ရေးလျှင် လှသွားမှာ ဖြစ်ပြီး စကားပြောရာတွင်လည်း တိုတိုရှင်းရှင်း ပြောတတ်သူပီပီ ဟန်လုပ် ပြောရမည့် စကားကိုပင် အပိုအလုပ်ဟု သဘောထားသူ ဖြစ်သည်။ အစရှိသဖြင့် ဒေါ်ဌေးကြည်ကို ပုံဖော်သင့်သည်။

စာမျက်နှာ(၁၄) ကြောင်းရေ(၂)
ကျွန်တော် သူယောကျာ်းကိုတော ဟုအစားဇနီးသည် မှာ အသက်အားဖြင့် ကျွန်တော့်ထက်ကြီးသော်လည်း ကျွန်တော်ကို ခေါ်ရာတွင် ကိုတပ်ခေါ်မြဲဖြစ်၏ လို့ ရေးသင့်ပါသည်။

စာမျက်နှာ(၁၅)၊ ကြောင်းရေ(၇)
စက်ရုံမှာ (၁၀)တန်းကျောင်းတစ်ခါကျပြီး ဖြစ်နေသည်။ ၎င်းအစား (၁၀) တန်း တစ်ခါကျပြီး ဆို၍ ကျောင်းဆိုသော စကားလုံးကို ဖျောက်ရပါမည်။

စာမျက်နှာ(၁၆) ကြောင်းရေ(၅)
မင်းသမီး ဇင်ဇင်ဇော်မြင့်နှင့် တူသည်ဆိုသည်ထက် ချစ်စုမ၏ အလှကို အခြားနည်းဖြင့် အလှအပပုံဖော်လျှင် ပိုကောင်းသည်။

စာမျက်နှာ(၁၈)၊ ကြောင်းရေ(၁၅)
သူငယ်ပြန်အချစ်နဲ့ ယင်းစကားရပ်သည် ပေါ့ပျက်ပျက်ဖြစ်သွားသဖြင့် အချစ်ရသပေါ်လွင်မှုကို ပျက်သွားစေသည်။

စာမျက်နှာ(၂၂)၊ ကြောင်းရေ(၇)
ချစ်စုကလဲ ရွယ်တူကောင်လေးတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်ရေးထားသည့် စကားပြေနှင့် စာရော နေ၍ လဲကို (လည်း) နဲ့ကို (နှင့်) ဟု ကွဲအောင် ရေးစေချင်သည်။

စာမျက်နှာ(၂၃)၊ ကြောင်းရေ(၂/၃)
ခင်ဗျားကိုထားပြီး ကျုပ်ကို ဇွတ်အတွင်း ဆွဲခေါ်ပြီး ပြီးထပ်နေသည်။
ချစ်စုမ ၀င်းမင်းနဲ့ စက်ဘီးအတူစီးလာပါလျှက် ၀င်းမင်းမှ တွေ့ချင်တယ်၊ ချစ်စုမကို တွေ့ခွင့်ပေးပါလို့ ဦးရွှေဝင်းထံမှ ခွင့်တောင်းနေသည်မှာ သဘာဝ မကျ ဖြစ်နေပါသည်။

ကြောင်းရေ(၁၃)
“ကျွန်တော် ပြောပြီးနောက် ၀င်းမင်း ပျောက်သွားပေပြီ ” အစား “၀င်းမင်းသည် စက်ဘီးဆွဲလျှင် ခပ်သွက်သွက် ထွက်သွားတော့သည်” ဟု ကောင်းမည်။

စာမျက်နှာ(၂၇) ကြောင်းရေ (၆)
မိုးတိမ်တွေထဲမျာဖြစ်နေသည်။ မှာ ဖြစ်ရမည်။

စာမျက်နှာ(၃၀)၊ ကြောင်းရေ (၄ မှ ၉)
ကားဘရိတ်ဆောင့်တာနဲ့ သံဘောင်နှင့် ခေါင်းရိုက်မိပြီး ချစ်စုမ မူးသွား၊ ကားမောင်းသူ လွင့်ကျ၊ ဒါလေးနဲ့များ ဒီလောက်မဖြစ်သင့်၊ ရှေ့က မန်ကျည်းပင်နှင့် အရှိန်ပြင်းပြင်း ၀င်တိုက်လိုက်ပါ။ ဒါမှ မောင်းသူလွင့်ကျလို့ သဘာဝ ကျမည်။ လွင့်မကျစေလိုလျှင် မိုးကာအင်္ကျီနှင့်လူမှ ကားပေါ်မှ ဆွဲချလိုက်ပါ။

စာမျက်နှာ(၃၅)၊ ကြောင်းရေ(၂)
မျက်နှာ ရှေ့သို့ တိုးပေးလိုက်သည် အစား ချစ်စုမ မမြင်အောင် ပြလိုက်သည် ဆိုလျှင် ကောင်းမည်။

စာမျက်နှာ(၃၆)၊ ကြောင်းရေ (၅)
သမီးကို ခွင့်မလွှတ်နိုင် ဆိုခြင်းထက် သမီးကိုယ့်ကိုယ် ကိုယ် ခွင့်မလွှတ်နိုင်ဆိုပါက သင့်မည်။ ရည်းစားထက် ချစ်သူလို့ သုံးစေချင်သည်။


စာမျက်နှာ(၅၅)၊ ဇာတ်သိမ်း
(၄၉) နှစ်ပြည့် ဦးရွှေဝင်း၏ မွေးနေ့မှာ စိတ်ကြောင့် ဖြစ်ရသော အာရုံကြောင့် ဖြစ်ရသော အာရုံကြောင့် အလိုက်မှားပြီး မမှားသင့်သည်ကို မမှားကြစေရန် သံဝေဂတရားဖြင့် အသိပေးခဲ့သော ဇာတ်ကောင်းပါသည်။

မုန်းလို့ ခေါ်ပါ ကိုကို၇ယ်

စာမျက်နှာ(၅၉)၊ ကြောင်းရေ(၆)
မုန်းလို့ ခေါ်ပါ ကိုကိုရယ် ဇာတ်အဖွင့်မှာ စေတုတ္ထရာ တည်နေရာနှင့် မုန်းချောင်းပတ်ဝန်းကျင်ရှိ ချင်းတိုင်းရင်းသားတို့ ရွာကလေးကို လှလှပပဖွဲ့ဆိုရေးသားလျှင် အဖွင့်ဇာတ်လှ သွားမည်။ ချင်းမလေး ခင်ဖုန်းက မြန်မာနာမည် ဖြစ်နေ၍ ချင်းနာမည် ပေးသင့်ပါသည်။ ဥပမာ(ခေါင်ဇီး)
ရေအားလျှပ်စစ်ဓါတ်အားထုတ်မယ် စကားရပ်အစား မုန်းချောင်းရေနဲ့ လျှပ်စစ်ဓါတ်အား ထုတ်ပြီးရင် ခင်ဖုန်းတို့ရွာ လျှပ်စစ်မီး ရတော့မယ်ဆိုလို့ ဆို ပိုကောင်းမယ်။ ခင်ဖုန်းနဲ့ တန်းတူ လူပျိုကြီး ထင်ခဲ့မိတာပေါ့ အပျိုကြီးတွေဆိုတဲ့ စာလုံးပိုနေသည်။

စာမျက်နှာ(၆၀)၊ ကြောင်းရေ(၁၁)
လက်မသင့်ဘဲ စကားလုံးကို စာဖတ်သူနားမလည်ပါ။


ဇာတ်သိမ်း
ကောင်းပါတယ်။ ကာမပိုင် တစ်ယောက်ဖြစ်နေကြောင်း သိသွားသော ခင်ဖုန်းက ကိုမျိုးချစ်ကို ရှောင်လိုက်သည်မှာ တိုင်းရင်းသားဖြစ်သော်လည်း ဗုဒ္ဓ၏ အဆုံးအမကို မပယ်ရှားသဖြင့် မိန်းကလေးများ စံထားရမည့်သူ အဖြစ် သိမ်းလိုက်သည်။


ပန်ချင်ပါလျှက် မခူးရက်ပါ
ဇာတ်အဖွင့်၊ ကြောင်းရေ(၇)
တန်ခူးလပိတောက်ပန်းနှင့် သင်္ကြန်ရနံ့နှင့် ဖွင့်စေချင်သည်။

စာမျက်နှာ(၆၇)၊ ကြောင်းရေ(၃)
ဦးရေချမ်းနှင့် ချစ်နွယ် သမီးနှင့် အဖေ အရွယ် အငယ်လေးကို ချစ်ခဲ့မိလို့နှင့် တူနေသည်။ ခွဲထုတ်လိုက်ပါ။

စာမျက်နှာ(၆၉)၊ ကြောင်းရေ(၄)
ဦးရေချမ်းက ချစ်နွယ်ပုံ ရသည်။ ချစ်နွယ်လည်း ချစ်နေသည်။ ချစ်နွယ်က လူငယ်တွေကို ကစားစရာ လုပ်ပြီး ဦးရေချမ်းရဲ့ ဓန (သို့မဟုတ်) အနုပညာကြောင့် အသက်ကြီးသူကို ရွေးချစ်သည်ကို အသိပေးသင့်သည်။ ဒါမှ စာဖတ်တော့ ရှင်းမှာ ဖြစ်ပါသည်။

စာမျက်နှာ(၇၂)
ချစ်နွယ်က ဆေးရုံတက်နေတဲ့ ဦးရေချမ်းကို ဘာကြောင့် ရန်တွေ့တာလဲ။ နည်းနည်း အသိပေးလိုက်ပါ။

စာမျက်နှာ(၇၆)
စံပယ်ပန်းခြောက်ထုပ်နှင့်စာကို ဦးရေချမ်းမှ ဆေးရုံပေါ်မှာ မထားသင့်။ ဆေးရုံဆိုတာက လူစုံနေရာဖြစ်လို့ တစ်ယောက်ယောက်နှင့် ချစ်နွယ်ဆီ အရောက်ပို့စေချင်သည်။

စာမျက်နှာ(၇၇) ဒုတိယစာ
ဦးရေချမ်းသည် ၎င်း၏ ရောဂါမှာ HIV မှန်းသိရှိသွားပြီး ချစ်သော ချစ်နွယ်ကို ထားရစ်ခဲ့သည်။ တစ်နှစ်ပြည့်လို့ သင်္ကြန်ကျပြသည်။ ဆရာ့ကို သတိရသဖြင့် ဘ၀ဆက်တိုင်း ပြန်ဆုံကြဖို့ ဆုတောင်းရင်း ချစ်နွယ် လမ်းကျန်ပုံနှင့် ဇာတ်သိမ်းထားပါသည်။ ကောင်းပါသည်။

စာမျက်နှာ(၈၄)၊ စာကြောင်းရေ (၁၁)မှ (၁၅)
ကိုဘမြင့်သည် ပထမတွင် စိတ်ဆိုးတော့မလို ဖြစ်၏။ ဘယ်နှယ့်ဗျာ သူတို့တိုက်ရဲ့ ခြံစည်းရိုးရှေ့က ဥပစာက ရေမြောင်းကို အစွန်းထွက်ပြီး ခင်းမိတာ ဘယ်သူ့မှ ဘယ်သူ့မှ မထိခိုက် မနစ်နာစေပါဘူး” ရင်ထဲမှ ဘ၀မကျ စိတ်တိုမိ၏။ သို့သော် သူဌေးမကြီး ဒေါ်ခင်မမကြီး ဆိုသော အရှိန်အ၀ါနှင့် သူမ၏ ချိုသာသော လေသံကြောင့် ဒေါသ ချက်ချင်းပျောက်ကွယ်သွား၏။ (ဒေါသမပျောက်လိုက်နဲ့။ နည်းနည်းဖြင့် နေပါဦး)
ဒေါ်မမကြီးဟာ သူဌေး။ မာနကြီးပုံရမည်။ အရှိန်အ၀ါဆိုသည်မှာ မာနကြောင့် ဖြစ်သည်။ ဒေါ်မမကြီး စကားက လည်း မာနေရမည်။ ကိုဘမြင့် စိတ်တိုနေပါမှ ဒါမှ သဘာဝကျမည်ဖြစ်သည်။

စာမျက်နှာ(၈၅) ကြောင်းရေ( ၅ မှ ၇)
ညှော်နံ့ကြောင့် အမှိုက်မီးငြိမ်းဖို့ နောက်တစ်ခါ လာပြန်သည်။ (သူဌေးမကြီး စိတ်တိုနေရမည်။)

စာမျက်နှာ(၈၆)၊ ကြောင်းရေ(၂)
ဘမြင့် အဖြေကြောင့် သူဌေးမကြီး အားနားသွားသည်။ သို့သော် ၎င်းစိတ်ထဲတွင် အညှိုးရှိတန်ကောင်းမည်။ ဘမြင့်လည်း သူဌေးမကြီးကို အညှိုး အတေးထားရမည်။

စာမျက်နှာ(၈၇)
မပဋာဇာတ်သည် (မုန်းချောင်းရေနှင့် ဆေးပါ့မယ်) ၀တ္ထုတွင် ဥပမာပေးထားပြီး ဖြစ်၍ ယခု လေလုပွဲတွင် ထပ်မံ မထည့်သင့်ဘဲ နောက်ငိုချင်းတစ်ခု သူဌေးမကြီးကို ရွဲ့စောင်းတဲ့ ဇာတ်လမ်းဆိုရင် ကောင်းမည်။ အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း သီချင်းမျိုး။


ဇာတ်သိမ်း
ကိုဘမြင့် ကက်ဆက်မပိတ်ဘဲ ၎င်းတို့ထက် ကျယ်လောင်အောင်ဖွင့်။ သူဌေးမကြီး ဒေါသနဲ့ ထွက်လာပြော။ ဘမြင့်မှ လွှနှင့်လည်း ဖြတ်ပြီးပြီး၊ ရေနဲ့လည်း ငြိမ်းပြီး အသံကတော့ ဘာနဲ့မှ ဖြတ်လို့ ငြိမ်းလို့ မရဘူးဆိုပြီ။ နှလုံးသားကို အလှဆင်ပါ သီချင်း အကျယ်ကြီးဖွင့်လျှက် ဇာတ်သိမ်း၊ သူဌေးမကြီး ထမီ စွန်တောင်စွဲကာ တိုက်ပွဲဝင်ပြီး ဂျိမ်းဂျိမ်းတံခါးများပိတ်။ ဒီလို သိမ်းသင့်ပါသည်။


ရင်နာစရာ စကားတွေကို အကြင်နာ နားနဲ့ ကြားပါရစေ။
သုံးသပ်ချက်စာတမ်းတွင် ပြည့်စုံလုံလောက်သွားပြီ ဖြစ်လို့ ဒီနေရာမှ အကြံပြုဆွေးနွေးခြင်း မလိုအပ်တော့ပါခင်ဗျား။ စာမျိုးတူများကို ပေါင်းပြီး ရှေ့ဇာတ်တွေမှာ ဆွေးနွေးလာပြီး ဖြစ်ပါသည်။



လေးစားစွာနှင့်


စာဖတ်ပရိတ်သတ် တစ်ဦး

ဦးမြင့်သူ
အိုင်တီ- စာပေ
သင်္ဂါရပ်၊ မကွေးမြို့




ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၃၁)ရက်၊ ည(၉)နာရီ ကူးယူဖေါ်ပြသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဝေဖန်ရေး တတိယဆုရစာမူ -စာဖတ်ပရိသတ် ဆရာဦးမြင့်သူ ini dipublish oleh shwelannwelanwinkyi pada hari Friday, July 31, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဝေဖန်ရေး တတိယဆုရစာမူ -စာဖတ်ပရိသတ် ဆရာဦးမြင့်သူ
 

0 comments: