ဝေဖန်ရေး ပထမဆုရ စာမူ-ဆရာလူဇော်

ဝေဖန်ရေး ပထမဆုရ စာမူ

ဆရာ လူဇော်
ဦးမြင့်သိန်း(ဟိုင်းကြီးကျွန်းမြို့။)



၁။ မုန်းချောင်းရေနဲ့ဆေးပါ့မယ်
မင်းကန်ဘိုရွာသား ငအုန်းခေါ် ဘုန်းမောင်သည် မိဘမဲ့တစ်ကောင်ကြွက်ဖြစ်သည်။ ဘကြီး၊ ဘဒွေး၊ ဒေါ်ကြီး၊ ဒေါ်လေးများအိမ်တွင် လှည့်လည်ကြီးပြင်းနေထိုင်ခဲ့ရသည်။ အလယ်တန်းအဆင့်ထိမျှသာ ပညာသင်ခဲ့ရရှာသည်။ ဆွေမျိုးတကာ့ဘုံကျွန်ငဘုန်းရှင်ပြုတော့ ဟိုဆွေမျိုးက၊ ဟုတ်နိုးနိုး၊ သည်ဆွေမျိုးက ဟုတ်နိုးနိုးနှင့် နောက်ဆုံ ကျောင်းထိုင်ဆရာတော်ထံ ငွေဝတ္ထုကပ်ပြီး သင်္ကန်းပရိက္ခရာ တစ်စုံတည်းဖြင့် ကိုရင်ဖြစ်ခဲ့ရသည်။ ရှင်လိင်ပြန်တော့ မင်းကန်ဘိုရွာနှင့် မြို့လိုင်းဆွဲသော ကားစပယ်ယာဖြစ်လာသည်။ ခင်ဝင်းမက မြို့တက်ဈေးဝယ်သည်။ ငဘုန်းနှင့် ချစ်သူသဖြစ်သွားသည်။ ခင်ဝင်းမဘက်က ငဖုန်းနှင့် သဘောမတူ။ သူဌေးသားနှင့် ပေးစားရန် စီစဉ်သည်။ ခင်ဝင်းမ သီလရှင် ၀တ်သွားသည် ငဘုန်းရွာမှ ထွက်လာသည်။
ဌာနတစ်ခုမှ အရာရှိတစ်ဦး၏ ဒရိုင်ဘာ ဖြစ်လာသည်။ ခင်ပပမြိုင်နှင့် ဖူးစာဆုံသည်။ သမီး ခင်ဘုန်းမြိုင် မွေးသည်။ သူ့ဆရာ နိုင်ငံခြား ထွက်သွား၍ ငဘုန်း နယ်စီမံကိန်း တစ်ခုတွင် ၀င်လုပ်ရသည်။ ခင်ဘုန်းမြိုင် သုံးနှစ်မြောက်မွေးနေ့တွင် ခင်ပပမြိုင်နှင့် ကွာရှင်းခွင့် တောင်းသည်။ ဆရာနှင့် သူမဇာတ်လမ်းကို ပြောပြသည်။ အမေရိကန်မှ ဆရာရေးလိုက်သည့် စာကို ပြသည်။ ခင်ဘုန်းမြိုင်မှာ ငဘုန်းသမီးမဟုတ်။ ဆရာ့သမီး၊ ခင်ပပမြိုင်တို့ အမေရိကား လိုက်သွားသည်။ ငဘုန်း အရက်နွံနစ်သည်။
ငဘုန်း(ခ) ဘုန်းမောင်၏ အလွမ်းဇာတ် ဖြစ်သည်။ ဘာမှ မထူးခြား။ အဆိုးဆုံးမှာ မုန်းချောင်းရေနှင့် ဆေးပါ့မယ်ဆိုသော ခေါင်းစဉ်ဖြစ်သည်။ ထိုခေါင်းစဉ်သည် ဟိုလူသုံး၊ ဒီလူသုံးနှင့် ဖန်တစ်ရာ တေနေပြီ ဖြစ်သည်။ ခေါင်းစဉ် အသစ်ပေးသင့်သည်။ ပေးနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
မုန်းချောင်းရေနှင့် ဆေးပါ့မယ် သည် ၀တ္ထု မဖြစ်၊ ဇာတ်လမ်း အကျဉ်းမျှသာ ဖြစ်သည်။ ၀တ္ထုအစတွင် ကိုဖုန်းမောင်ဟု ဖဖြင့် ဖုန်းထားပြီး နောက်ပိုင်းတွင် ဘုန်းမောင်ဟု ဘနှင့် ဘုန်းပြန်သည်။ ရှင်လိင်ပြန်ဟု လ လုံးကြီးတင် ငသတ်ဖြင့် ရေးရမည်ကို လလုံးကြီးတင် န သတ်ဖြင့် လိန်ဟု ရေးထားသည်။
သူကြီးထက် သူကြီးနောက်က ချစ်တင်ကို ကြောက်နေရတယ် ဆိုသော စကားကို သဘောကျသည် ခုလည်း သူဌေးထက် ထီးကိုင်၊ ဖိနပ်ကိုင်များကို ကြောက်နေရပါသည်။

၂။ အငယ်လေးကို ချစ်ခဲ့မိလို့(၁)
ဦးရွှေဝင်းသည် အထည်ချုပ်စက်ရုံပိုင်ရှင် သူဌေးဖြစ်သည်။ ဇနီး ဒေါ်ဌေးကြည်၊ သားကြီး မောင်ထိပ်တင်၊ သမီး ဂျမ်းထော်တို့ရှိသည်။ ဒေါ်ဌေးကြည်က ဦးရွှေဝင်းထက် ရှစ်နှစ်ကြီးသည်။ ရိုးရိုးအေးအေး မိန်းမကြီး။ တွတ်တီးတွတ်တာ မပြောတတ်။ ပွတ်သီးပွတ်သတ် မနေတတ်။ ဦးရွှေဝင်းက တီတီတာတာ၊ တွတ်တီးတွတ်တာ ကြားချင်သည်။ ပွတ်သီးပွတ်သတ်၊ ယုယုယယနေချင်သည်။ ဒေါ်ဌေးကြည်ဆီမှ မရသော တီတီတာတာ၊ တွတ်တီးတွတ်တာ၊ ပွတ်သီးပွတ်သပ်၊ အယုအယများကို စက်ချုပ်သမား ချစ်စမုဆီမှ ဦးရွှေဝင်းရသည်။ သို့သော ချစ်စုမက ဦးရွှေဝင်း တစ်ဦးတည်း မူပိုင်မဟုတ်။ ချစ်စုမက အတွဲများသည်။ ရည်းစားများသည်။ ဦးရွှေဝင်းက လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးများဖြင့် ချစ်စုမကို သိမ်းသွင်းထားသည်။ စာပေးစာယူ သင်တန်းကြေးတွေ ထောက်သည်။ သို့သော် ချစ်စုမက ဦးရွှေဝင်းပေးသော စာများကို မောင်ထိပ်တင်နှင့် အခြားအလုပ်သမားများကို ပြသည်။ အလုပ်ထွက်သွားသည်။ ဦးရွှေဝင်း လုပ်ပိုင်ခွင့်များကို ဒေါ်ဌေးကြည် ပြန်လည်သိမ်းလိုက်သည်။ ရာဇမုနိ ဘုရားမှာ ချစ်စုမကို ဦးရွှေဝင်း သွားစောင့်သည်။ ချစ်စုမ မလာ။ ၀င်းမင်းသာ ရောက်လာသည်။ ချစ်စုမ သူ့လက်ထဲ ရောက်နေပြီဟု ပြောသည်။ ဦးရွှေဝင်း လွမ်းနာကျသည်။
ဇရာအိုနှင့် ကညာပျို ဇာတ်လမ်းဖြစ်သည်။ မြက်နု ကြိုက်နွားအိုများကို သတိပေးထားသည်။ စကားပြောနှင့် စာရောနေသည်။ စကားပြောများက စကားပြောနှင့်မတူ။ စာရွတ်သလို ဖြစ်နေသည်။ အချို့အရေးအသားများ မရှင်းလင်း။ ဥပမာ- အိပ်၍ မပျော်သူသည် ညတာရှည်လျား၏။ မျှော်လွန်းရသောသူသည်လည်း အချိန်တွေက မြန်သည်ဟု ထင်ရပါသည်( စာ-၂၄)

၃။ အငယ်လေးကို ချစ်ခဲ့မိလို့(၃)
ချစ်စုမ စာမေးပွဲ နောက်ဆုံးနေ့တွင် ၀င်းမင်းနှင့် ခိုးရာ လိုက်ရန် စီစဉ်ထားသည်။ ဦးရွှေဝင်းက သူနှင့် ချစ်စုမအကြောင်း ရေးပြီး ၀င်းမင်းဆီ ကိုယ်တိုင် သွားပေးသည်။ ၀င်းမင်းခံစားသွားရသည်။ ချစ်စုမကို ဖြတ်စာ ရေးသည်။ ချစ်စုမကို ဦးရွှေဝင်း ကြားဖြတ်ခိုးသည်။ သရက်မြို့တွင် ထွက်ပြေးသည်။ ခင်မောင်ကြည် အကူအညီဖြင့် ၀ါး၊ ဓနိပွဲရုံ ထောင်သည်။ ချစ်စုမက ရည်းစားဟောင်းများနှင့် ပြန်ဆက်သည်။ ၀င်မင်းဆီ ငွေပို့သည်။ လောင်းကစားမှုဖြင့် ၀င်းမင်း ထောင် ၂ နှစ်ကျသည်။ သရက်ထောင် ရောက်လာသည်။ ချစ်စုမ ထောင်ဝင်စာသွားသည်။ ချစ်စုမက သူ့မိဘများဆီ ဦးရွှေဝင်းနှင့် မပေါင်းနိုင်တော့ကြောင်း၊ အမြန်လာခေါ်ရန် စာရေးလိုက်သည်။ ချစ်စုမ မိဘများ သရက်လိုက်လာသည်။ ဦးရွှေဝင်းကို ချစ်စုမ စာပြသည်။ သို့သော်ချစ်စုမက အိမ်တွင် မရှိ၊ ဦးရွှေဝင်း သူငယ်ချင်း ဦးခင်မောင်ကြည်နှင့် ထွက်ပြေးသွားသည်။
အငယ်လေးကို ချစ်ခဲ့မိလို့(၁)၏ အဆက်ဖြစ်သည်။ (၂) မပါ။ ဦးရွှေဝင်း ပြန်ပြောသည့်အနေဖြင့် ရေးထားခြင်း ဖြစ်သည်။ ကျွန်တော်၊ ကျွန်မ ဟူသော ပထမနာမ်စား သုံးမထားသော်လည်း(၁)ရော (၃)ပါ ဦးရွှေဝင်းဘက်မှ တစ်ဦးတည်းပြောနေခြင်း ဖြစ်သည်။ ပထမလူပြန်ပြောသော ၀တ္ထုများတွင် လိုက်နာရမည့် စည်းကမ်းများကို ဖောက်ဖျက်ထားသည်။စည်းကျော်ထားသည်။ ပထမနေရာမှ လူသည် ဒုတိယ၊ တတိယလူများ၏ စိတ်ကို မသိနိုင်ပါ။ မသိပါ။ မိမိမျက်ကွယ်ရာ အရပ်မှ လှုပ်ရှားမှု များကို မသိနိုင်ပါ။ မိမိနှင့် ပတ်သက်သည်ကိုသာ သိနိုင်၊ သိခွင့်ရှိပါသည်။ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် ထိုအချက်များကို ဖောက်ဖျက်ထားပါသည်။
စာမေးပွဲ နောက်ဆုံးနေ့ ချစ်စုမ ကားနှင့် လိုက်သွားခန်းမှ ဇွတ်လုပ်ထားခြင်း ဖြစ်သည်။ မသိသူ လာခေါ်သည်ကို ဘယ်မိန်းမမှ အလွယ်တကူ လိုက်မည် မဟုတ်ပါ။ ၀င်းမင်း စာပြသည် ဆိုသော်လည်း လာခိုးမည့်သူက စာရေးပါဦးမည်လော။ ချစ်စုမသည် ပညာမဲ့ မဟုတ်။ တက္ကသိုလ် စာပေးစာယူ နောက်ဆုံးနှစ် ကျောင်းသူဖြစ်ရာ စဉ်းစားတတ်မည် ဖြစ်သည်။ အန္တရာယ်ရနံ့ကို ကြိုတင်ရရှိမည် ဖြစ်သည်။
ကားကလည်း ဦးရွှေဝင်း စီစဉ်လွှတ်လိုက်ခြင်းဖြစ်သည်ဆိုလျှင် ဘာကြောင့် ဒရိုင်ဘာ ကားပေါ်က လွင့်ကျပါသလဲ။ ဦးရွှေဝင်း ဆိုင်ကယ် ဘယ်ရောက်သွားပါသလဲ။ အဆိုးဆုံးမှာ ခင်မောင်ကြည်နှင့် ချစ်စုမ ပတ်သက်မည်ကို အစောကြီးကတည်းက သိနေခြင်း ဖြစ်သည်။ ချစ်စုမ ပျောက်နေသည်ဆိုသည်နှင့် (ဦးရွှေဝင်နှင့် ချစ်စုမ မိဘများ မသိခင်) ခင်မောင်ကြည့် နောက် လိုက်သွားပြီ ဆိုသည်ကို ကျွန်တော်တို့ သိနေပါသည်။
အငယ်လေးကို ချစ်ခဲ့မိလို့(၃)တွင် လှည့်ကွက်များ၊ မြှုပ်ကွက်များ မလုံခြုံ၊ မပိရိ။ ဇာတ်ကွက်များကလည်း ဟိုရောက်ရောက် ဒီရောက်ရောက်၊ အစီအစဉ်မကျ၊ ၀တ္ထု မပီ၊ အပြထက် အပြောများနေသည်။
ပေါင်းသင်းဆက်ဆံ၊ ကပြာကရာ၊ ဘုရားတန်စောင်၊ အသံကြယ်လောင်စွာ၊ တစ်ဆပ်ဆပ် တုန်ရီ---သတ်ပုံများ မှားနေသည်။ အမှန်မှာ ပေါင်းသင်းဆက်ဆံ၊ ကပျာကရာ၊ ဘုရားတန်ဆောင်း၊ အသံကျယ်လောင်စွာ၊ တစ်ဆတ်ဆတ် တုန်ရီ ဖြစ်သည်။ ထုံးစံအတိုင်း စကားပြောနှင့် စာ ရောနေသည်။ စကားက စကားနှင့် မတူ။ စာရွတ်သလို ဖြစ်နေသည်။
မုတ်ဆိတ်လည်းဖြူ၊ နှုတ်ခမ်းမွေးလည်း ဖြူပြီ င့ါစိတ်တွေ ဘာကြောင့် မဖြူသေးတာလဲကိုတော့ သဘောကျသည်။ ဦးရွှေဝင်း၊ ဦးခင်မောင်ကြည်၊ ၀င်းမင်း၊ ချစ်စုမတို့၏ စရိုက်ကို ပေါ်အောင် ဖော်ပြသင့်သည်။ သမီးပြောတဲ့ စိတ်နာ စကားတွေကလည်း ဘောင်ကျွံနေသည်။ သမီး စိတ်ထဲတွင် ဖြစ်နေသည်ကို ဦးရွှေဝင်းသိခွင့် မရှိပါ။

၎။ မုန်းလို့ ခေါ်ပါ ကိုကိုရယ်
မခင်ဖုန်းက သရက်ကိုင်းရွာသူ ချင်းမလေး၊ ကိုမျိုးခစ်က မုန်းချောင်းစီမံကိန်းမှ ယန္တရားမောင်း၊ မုန်းချောင်းကမ်းစပ်တွင် မခင်ဖုန်းနှင့် ကိုမျိုးချစ်တို့ ချစ်သူများ ဖြစ်သွားကြသည်။ ကိုမျိုးချစ်မှာ မိန်းမရှိကြောင်း မခင်ဖုန်း နောက်မှ သိသည်။ ကိုမျိုးချစ်တို့ မိသားစု မပြိုကွဲရေးအတွက် အမျိုးဖျက်မ မဖြစ်ရေးအတွက် မခင်ဖုန်း ရှောင်ပေးလိုက်သည်။
မခင်ဖုန်းက ကိုမျိုးချစ်ကို စာရေးပြောဟန်ဖြင့် ဖော်ပြထားသည်။ ဖတ်ခဲ့ရသော ၀တ္ထုလေးပုဒ်ထဲတွင် အဆင်အပြေဆုံး ဖြစ်သည်။ အချစ်ဝတ္ထု၊ စာမျက်နှာက (၇) မျက်နှာမျှသာ ရှိသော်လည်း အိမ်ထောင်ရေး သင်ခန်းစာပေးထားသည်။ အသိရှိသူများ ဆင်ခြင်နိုင်ရန် ဖြစ်သည်။ အသိတရား၊ မရှိသူများကတော့ ဘုရားကိုယ်တိုင်ချွတ်လည်း ကျွတ်မည် မဟုတ်။

၅။ ပန်ချင်ပါလျှက် မခူးရက်ပါ။
ချစ်နွယ်က အပျော်တမ်း တီးဝိုင်း တစ်ခုမှာ အဆိုတော်။ ဦးရေချမ်းက တီးဝိုင်း ခေါင်းဆောင်၊ ဦးရေချမ်းက ၄၅ နှစ်။ ချစ်နွယ်က ၁၈ နှစ်၊ ဦးရေချမ်းက ချစ်နွယ်ကို ချစ်သည်။ ချစ်နွယ်ကလည်း ဦးရေချမ်းကို ချစ်သည်။ သို့သော် ဦးရေချမ်းက မပြတ်သား၊ မပွင့်လင်း၊ သူ့ အချစ်ကို ရင်ထဲမှာပင် သိမ်းထားသည်။
ချစ်နွယ်သည် ဦးရေချမ်းကို ရွဲ့ပြီး အောင်စိုး၊ ၀င်းမြတ်ကို ည ၁၂ နာရီ တွေ့ရန် ဖုန်းဆက်ချိန်းသည် တယ်လီဖုန်းစာရေးမက အောင်စိုးနှင့် လင်းလင်းတို့ကို ပြန်ပြောသည်။ အောင်စိုးသွားချောင်းသည်။ ၀င်းမြတ်က အရက်မူးနေသည်။ ချစ်နွယ် စက်ဘီးဖြင့် ရောက်လာသည်။ ၀င်းမြတ်က လှေပေါ်ဆွဲတင်သည်။ အောင်စိုး ဆက်မကြည့်ရက်။ ပြန်လာသည်။ လမ်းတွင် အောင်စိုးနောက်မှ စက်ဘီး တစ်စီး ကျော်တက်သွားသည်။ ချစ်နွယ်မဟုတ်၊ လင်းလင်း၊ ၀င်းမြတ်ကျူးလွန်လိုက်သည်မှာ ချစ်နွယ်မဟုတ်၊ လင်းလင်း၊ လင်းလင်း အဆိပ်သောက် သေသွားသည်။
အဖြစ်မှန်မှာ ထိုနေ့ညက ဦးရေချမ်းကို အရေးပေါ် ဆေးရုံတင်ရသည့်အတွက် လိုက်သွားရသည်။ ၀င်းမြတ်နှင့် ချိန်းထားသော ဧရာဝတီတံတားသို့ မလာဖြစ်။ လင်းလင်းက ချစ်နွယ်ကို လိုက်ချောင်းခြင်း ဖြစ်သည်။
ချစ်နွယ်က စံပယ်ပန်းထုတ်ပေးပြီး ဦးရေချမ်းကို ရင်ဖွင့်သည်။ ဦးရေချမ်း ဆေးရုံမှ ဆင်းမည့်ရက် ချစ်နွယ်သွားကြိုသည်။ ဆေးရုံတွင် ဦးရေချမ်းမရှိတော့။ စံပယ်ထုပ်နှင့် စာတစ်စောင် ဦးရေချမ်းထားခဲ့သည်။ ပန်းထုပ်က ချစ်နွယ်ပေးခဲ့သော ပန်းထုပ်၊ စာက ဦးရေချမ်းရေးခဲ့သော စာ။ သူ့တွင် အိစ်ရောဂါရှိနေကြောင်း ရေးထားသည်။
ချစ်နွယ်၊ ဦးရေချမ်း၊ အောင်စိုး၊ ၀င်းမြတ်၊ လင်းလင်းတို့၏ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်း၊ ပိပိရိရိ၊ သေသေသပ်သပ် ရေးထားသည်။ သို့သော် အေကိုက်၍ ရှောင်ပြေးသော ဇာတ်များက ရိုးနေပြီ ဖြစ်သည်။ အေကိုက်တာ ပြမည့် အစား သေလိုက်တာကမှ ပိုကောင်းဦးမည်။
ချစ်နွယ်က ည ၁၂ နာရီ ၀င်းမြတ်ကို ဧရာဝတီ တံတားအောက်မှ ချိန်းခြင်းမှာ ယုတ္တိ မရှိ၊ ညအချိန်မတော် တံတားအောက်မှာ ယောက်ျားတစ်ယောက်ကို ချိန်းတွေ့သည်ဆိုတော့ ချစ်နွယ် ဘာလဲ။ အမျိုးသမီးများ ညဘက် ရည်းစားနှင့် ချိန်းတွေ့ကြသည်မှာ အိမ်အနီးပတ်ဝန်းကျင်သာ ဖြစ်သည်။
နောက်တစ်ချက်က ဦးရေချမ်း အေကိုက်သည့် ကိစ္စဖြစ်သည်။ ရှေ့ပိုင်းတွင် ဘာအရိပ်အယောင်မှ မပြဘဲ ဗြုန်းစားကြီး ဦးရေချမ်း အေကိုက်ခံလိုက်ရသည်မှာ ဇွတ်ဖန်တီးထားခြင်းသာ ဖြစ်သည်။ အေကိုက်လျှင် ရောဂါ လက္ခဏာများ ပြတတ်သည်။ ရေယုန်များ ပေါက်တက်သည်။ အဖျားတက်တက်သည်။ ဘာမှ မပြထား၊ ဘယ်ကကူးကူး၊ ဘယ်လိုကူးကူး၊ ရောဂါလက္ခဏာ ပြသည်။ ပန်းထုတ်၊ အင်္ကျီအိပ် သတ်ပုံ နှစ်လုံး မှားနေသည်။
အဆိုးဆုံးမှာ လင်းလင်း တန်ဆာခံ ဖြစ်မည်ကို ရိပ်မိနေသည်။ ဧရာဝတီ တံတားတွင် ဆုံစဉ်က အောင်စိုး ၀င်ဆွဲရမည် ဖြစ်သည်။ ၀င်းမြတ်က မူးနေသည် မဟုတ်လား။ ဘာလို့ မဆွဲပါသလဲ။ လမ်းကျမှ ဆွဲသည်။ အမှုက လွန်နေပြီ။ ၀င်းမြတ်ကို အလိုမတူ ကျူးလွန်မှုဖြင့် ဘာလို့ တရားမစွဲပါသလဲ။

၆။ လေလုပွဲ
ကိုဘမြင့်သည် တီဗွီ၊ ဗွီဒီယို၊ အသံချဲ့စက် ပြင်ဆရာဖြစ်သည်။ကိုဘမြင့်၏ အိမ်နီးခြင်းမှာ သားသမီး ငါးယောက်နှင့် စတိုးဆိုင်ပိုင်ရှင် မုဆိုးမ ဒေါ်မမကြီး၊ ဒေါ်မမကြီး၏ သုံးထပ်တိုက်ကြီးမှာ ဟီးနေသည်။ ကိုဘမြင့် အိမ်ကလေးပင် ပျဉ်ထောင် အိမ်အိုဟောင်းလေးဖြစ်သည်။ ကိုဘမြင့် နှင့် ဒေါ်မမကြီးတို့သည် အိမ်နီးချင်းဖြစ်သော်လည်း ဘ၀ချင်းက မနီး၊ မိုးနှင့် မြေမက ကွာခြားသည်။
ကိုဘမြင့် အမှိုက်များ မီးရှို့နေစဉ် ဒေါ်မမကြီးလာတားသည်။ အကြောင်းက သူ့တိုက်ထဲ အညှော်ဝင်လို့။ ကိုဘမြင့် အံ့အားသင့်သွားသည်။ အိမ်ရှေ့မြောင်းထဲမှ အပုပ်နံ့များ မထွက်အောင် ၀ါးကပ်ကင်းစဉ်က တံခါးပိတ်ထားလျှင် သူ့တိုက်ထဲ ဘာအနံ့မှ မ၀င်ဟု ပြောထား၍ ၀ါးလုံးစွန်းများ ဖြတ်ပေးခဲ့ရဘူးသည်။
အသံချဲ့စက်ဖွင့်၍ ပြင်စဉ်ကလည်း ဘုရားရှိခိုး၍ မရဟု လာတားသည်။ ကိုဘမြင့် ဆင်ခြင်ခဲ့ရပြန်သည်။ သို့သော် ဒေါ်မမကြီးတို့ကတော့ ပတ်ဝန်းကျင်ကို မမှု၊ ဘယ်သူ့ကိုမှ အားမနာ၊ ဟစ်ဟော့ပ် သီချင်း အကျယ်ကြီး ဖွင့်တတ်သည်။
ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးသည့် ဆေးဖြစ်သည်။ လူအမျိုးမျိုး၊ စိတ်အထွေထွေကိုပြထားသည်။ ချမ်းသာသူများ၏ မောက်မာမှု၊ ဆင်းရဲသူများ၏ နှိမ့်ချမှု ပေါ်လွင်သည်။ ကိုဘမြင့်နှင့် ဒေါ်မမကြီးတို့ စရိုက်ပေါ်သည်။
စာမျက်နှာ ၈၃ တွင် ရေးဆိုးပုပ်ဟု ရေးပြီး ၈၄ တွင် ရေးမြောင်း ပုတ်စော်ဟု နှစ်မျိုးရေးထားသည်။ ကွန်ပျူတာကြောင့် မှားမှား၊ ဘာကြောင့်မှားမှား စာရေးဆရာတွင် အဓိက တာဝန်ရှိသည်။ အကြောင်းအရာ ရိုးသော်လည်း ဖတ်ပျော်သည်။

၇။ ရင်နာစရာစကားကို အကြင်နာနားနဲ့ ကြားပါရစေ။
ကိုကျော်ငွေက ဆီစက်ပိုင်။ ဇနီး မရွှေပို၊သားဝင်းထွန်းနှင့် သမီးရှိသည်။ မရွှေပိုက ကိုကျော်ငွေ့ အချစ်ဦး မဟုတ်။ အချစ်ဦးနှင့် ကိုကျော်ငွေ ဖူးစားမဆုံ။ သူ့အဖေ မိန်းမများခဲ့၍ မိန်းကလေးဘက်မှ သဘောမတူ။ မိန်းကလေးကလည်း ခေါ်ရာမလိုက်။ ကိုကျော်ငွေ ဒေါ်ရွှေပိုတို့ မြို့ ရောက်သွားသည်။ ဒေါ်ရွှေပိုတို့ ဘက်ကလည်း သဘောမတူ။ ကလေးရမှ ပြန်ခေါ်သည်။ နောက်မိန်းမ ယူသူများကို ကိုကျော်ငွေ ကဲ့ရဲ့တတ်သည်။
သို့သော် ကိုကျော်ငွေ ကိုယ်တိုင်လည်း အပြစ်မကင်း။ ဆီစက်ပိုင် မဖြစ်ခင်က ဆည်မြောင်းစီမံကိန်း တစ်ခုတွင် ကိုကျော်ငွေ ယာဉ်မောင်းလုပ်ခဲ့ရသည်။ မြောင်ဦးရွာမှ ချင်းမ တစ်ဦးနှင့် ငြိစွန်းဖူးသည်း။ အိအိဝင်းဆိုသော သမီးတစ်ယောက်ရသည်။ ချင်းမ ထွက်ပြေးသည်။ အိအိဝင်း သေသွားသည်။
ဝင်းထွန်း မိန်းမ ခိုးပြေးသည်။ မိန်းကလေးဘက်မှ သဘောမတူ၍ ပြန်ခွဲသည်။ စက်ရုံမှ စာရေးမနှင့် ၀င်းထွန်း ငြိစွန်းသည်။ ကိုယ်ဝန်ရသည်။ ပြဿနာဖြစ်သည်။ ကိုကျော်ငွေက သူ့ဒဏ် သူ့သားခံရသည်ဟု ခံစားပြီး ရူးသွားသည်။
ဝင်းထွန်းနှင့် ထွက်ပြေးသော မိန်းကလေးသည် တရားရုံးတွင် လက်မှတ်ရေးထိုးထားသည့် အတွက် ၀င်းထွန်း၏ တရားဝင် ဇနီးဖြစ်သည်။ မိန်းကလေးဘက်မှ မမှန်မကန်လုပ်သည်ကို ဇနီးပြန်ခေါ်လိုမှုနှင့် တရားစွဲနိုင်သည်။ ကိုကျော်ငွေလည်း ချင်းမနှင့် တရားရုံးတွင် လက်မှတ်ထိုးထားသည့်အတွက် တရားဝင် ပေါင်းသင်းနေထိုင်ခွင့်ရှိသည်။ ကိုကျော်ငွေ ရူးသွားသည်မှာ ဇွတ်ကြီး ဖြစ်သည်။ ရူးလောက်စရာ ပြဿနာ ကိုကျော်ငွေ့ တွင် ဘာမျှ မရှိ။ မရွှေပိုကလည်း ဘာမှ ပြဿနာ ရှာသည်မဟုတ်။
သမီးတစ်ယောက်ရှိသည်ဆိုပြီး သမီး အကြောင်းဘာမှ ဖော်ပြမထား။ မပြထားသည်မှ နည်းနည်းနောနော မဟုတ်။ နာမည်ပင် ပြမထား။ ချင်းမ( မယားငယ်) ၏ သမီးကို အိအိဝင်း ဟု ပြထားသည်။ သမီး၏ အကောင်းအဆိုးများ ဖော်ပြသင့်သည်။ ဒါမှ ရူးသွပ်ရသည့် အကြောင်း ခိုင်လုံမည်။ ဥပမာ- သမီး လင်ကောင်မပေါ်ဘဲ ကလေးမွေးခြင်းမျိုး။
ဖခင်ကို စော်ကား၍ ၀ဋ်လည်သည်ဟု ပြေားထားသော်လည်း ကိုကျော်ငွေ အဖေ့ကို စော်ကားမှုများ မပါ။ စိတ်ဖြင့် ပစ်မှားမိသည်ပင် အပြစ်ဖြစ်သည်ကို ပြသည်ဆိုလျှင်လည်း ကိုကျော်ငွေ့ စိတ်ကို ပေါ်လွင်အောင် ပြသင့်သည်။ ဖခင်၏ ကျူးလွန်မှုများကို မနှစ်မျို့သော ကိုကျော်ငွေ ချင်းမနှင့် ငြိစွန်းစရာ ဘာအကြောင်းမှ မရှိ။ မိမိမုန်းသော။ မနှစ်မျို့သော အလုပ်ကို ဘယ်သူမှ မလုပ်။


၈။ ပုဂ္ဂိုလ်မ၍ စားရသည်။
လခ ၈၀၀ သာရသော ဒရိုင်ဘာ တစ်ဦး၏ ဘ၀။ အောက်ဆိုဒ် ရှာဖွေသည်ကို အသက်(၅)နှစ်အရွယ် သမီး နားလည်အောင် ရှင်းပြခြင်း ဖြစ်သည်။ သင်္ချာတော်သော သမီးကလည်း ၀ တစ်လုံးတည်း နှစ်လုံးဖြစ်၊ နှစ်လုံးက လေးလုံးဖြစ်သည်ကို နားလည်သည်။ တစ်မျက်နှာ ၀တ္ထုတိုဖြစ်သည်။
၉။ အဖြူရောင် ခြားနားချက်
အဖြူရောင်ခြားနားချက်ကို စက်ဘီးနှင့် ကားတိုက်မှု ကားကားခြင်း တိုက်မှု များဖြင့် ဖော်ပြထားသည်။ လေလုပွဲ ၀တ္ထုတိုနှင့်ဆင်သည်။ လူအမျိုးမျိုး စိတ်အထွေအထွေ။ တစ်မျက်နှာ ၀တ္ထုပင်ဖြစ်သည်။ အပေါင်းကြောင့် ဂုဏ်တက် စီးပွား တက်သတဲ့(စာ ၁၂၀) ကို နားမလည်ပါ။

၁၀။ ဆရာတော်ပေးသော ကလောင်လက်
သောက်စားမူးယစ်နေသူ တစ်ယောက် သားအရွယ် လူငယ် တစ်ဦးပေးသော ဒေါက်တာ မင်းတင်မွန်၏ ဘ၀ အောင်မြင်မှုကို ရှေ့ရှုကြမယ် စာအုပ်ဖတ်ပြီး အသိတရားဝင်လာသည်။ ဘုရားမှန်း၊ တရားမှန်း သိသွားသည်။ ရွှေပေါ်ကျွန်း ဘုရားဖူးရန် ထိပ်တန်း ကားဖြင့် လိုက်သွားသည်။ ရွှေပေါ်ကျွန်းတွင် သက်သက်လွတ်စားရမည် ဖြစ်၍ လမ်းတွင် အသားများ တနင့်တပိုးစားသည်။ မလှိုင်မြို့အရောက်တွင် အထက်လှန်အောက်လျှော်ဖြစ်သည်။
ဘုရားပေါ်တွင် ည ၁ နာရီ ခေါင်းဆေးမင်္ဂလာပြုပြီး အိပ်သည်။ ညာဘက်လက် လေဖြတ်ပြီး သေသွားသည်။ သေသွားသော ညာဘက်လက် လက်ကောက်ဝတ်ကို တိခနဲ အဖြတ်ခံလိုက်ရသည်။ လက်ပြတ်ကြီးကို ကြည့်နေစဉ် ဆရားတော် တစ်ပါးကြွလာပြီး လက်တစ်ဖက်အစား ပြန်တပ်ပေးသည်။ လက်အသစ်လက်တပ်ပေးသော ဆရာတော်မှာ ရွှေပေါ်ကျွန်းစေတီဝင်ကျောင်းဆရာတော် ဇေယျသိဒ္ဓိဥာဏိက ဆရာတော်။ အဖြစ်က တကယ်မဟုတ်။ အိပ်မက်။
စာရေးဆရာ ကိုယ်တိုင် ဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ ကိုယ်တွေ့အဖြစ်ကို မှတ်တမ်းထင်ထားခြင်းမျှသာ ဖြစ်သည်။ ဒိုင်ယာရီတွင် ထားရမည့် အကြောင်းအရာများဖြစ်သည်။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ ၀တ္ထုတိုပေါင်းချုပ်တွင် ၀တ္ထုတို ၁၁ ပုဒ် ပါဝင်သည်။ ပုဂ္ဂိုလ်မ၍ စားရသည်နှင့် အဖြူရောင်ခြားနားချက်များမှာ တစ်မျက်နှာဝတ္ထုတိုများဖြစ်သည်။ မုန်းချောင်းရေနဲ့ ဆေးပါးမယ်က ၁၉၉၇ ခုနှစ်က ရုပ်ရှင်စတားရသစုံ မဂ္ဂဇင်းပါ ၀တ္ထုတို ဖြစ်သည်။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ ၀တ္ထုတိုများသည် ဇာတ်ကောင် ဗဟိုပြုဝတ္ထုတိုများ မဟုတ်။ စာရေးဆရာ ဗဟိုပြုဝတ္ထုများဖြစ်သည်။ ဇာတ်ကောင်များ၏ သရုပ်ဆောင်မှု ပြကွက်များဖြင့် ၀တ္ထုများကို သရုပ်မဖော်၊ ဦးတည်ချက်ကို ဇာတ်ကောင်များကိုယ်တိုင် ဖော်ဆောင်ခွင့်မရ။ ဇာတ်ကောင်များမှာ စာရေးဆရာ၏ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ် စရိုက်သေ ဇာတ်ရုပ်များ ဖြစ်ကြသည်။ ပီပြင်ထားရှားသော ဇာတ်ကောင်စရိုက်များ မရှိ။
စာရေးဆရာ၏ အပြောများဖြင့် ဦးတည်ချက်ကို မရောက်ရောက်အောင် အတင်းသွားနေသည်။ ဇာတ်ကောင်များ၏ အစား စာရေးဆရာက ၀င်ဝင်ပြောနေသည်။ ၀တ္ထုထဲတွင် စာရေးဆရာက တရားဝင် ၀င်ဟောနေသည်။ တစ်ချို့နေရာများမှာ ၀တ္ထုနှင့် ဘာမှ မဆိုင်။ မဆိုင်သူများပါ၍ ၀တ္ထုရသ ပျက်သွားသည်။ ၀တ္ထုစာရေးဆရာ၏ တာဝန်မှာ ၀တ္ထုကို ၀တ္ထုပီပီ သသရေးရန်နှင့် ရသမြောက်အောင် ရေးရန် ဖြစ်သည်။ တရားဟောရန် မဟုတ်ပါ။
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် ဇာတ်ကောင် စရိုက်ကို ပေါ်လွင်အောင် မဖော်နိုင်ခဲ့ပါ။ ၀တ္ထုတိုများသည် ၀တ္ထုရသ မပေးစွမ်းနိုင်ဘဲ ဆောင်းပါး အသွင်သဏ္ဍာန်သာ ဖြစ်ပါသည်။ ဆရာတော်ပေးသော ကလောင်မှာ ကိုယ်ရေးကိုယ်တာ သက်သက်မျှသာ ဖြစ်ပါသည်။ ၀တ္ထုတိုမဟုတ်ပါ။
အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများသည် ဇာတ်ကောင် ဗဟိုပြုဝတ္ထုများ မဟုတ်။ စာရေးဆရာ ဗဟိုပြုဝတ္ထုများဟု ကျွန်တော် အထက်တွင် ဆိုခဲ့ပါသည်။ ထိုဝတ္ထုနှစ်မျိုးတွင် ဘယ်ဝတ္ထုအမျိုးအစားက ပို၍ ကောင်းသည်ကို မိမိဘာသာ ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ထို့အတူ စရိုက်ရှင်နှင့် စရိုက်သေဇာတ်ကောင်များတွင်လည်း ဘယ်ဇာတ်ကောင်က ကောင်းသည်ကို မိမိဥာဏ်ဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။ ၀တ္ထုထဲတွင် ၀င်ဝင်ပြီး တရားဟောသင့်၊ မဟောသင့်ကိုလည်း မိမိအတွေ့အကြုံ၊ အလေ့အလာ၊ ဗဟုသုတဖြင့် ဆုံးဖြတ်ရန် ဖြစ်ပါသည်။
အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများထဲမှ အကြိုက်ဆုံးကို ရွေးရလျှင် မုန်းလို့ ခေါ်ပါ ကိုကိုရယ်---ကို အကြိုက်ဆုံး ဖြစ်ပါသည်။ မိန်းမတစ်ယောက်၏ အချစ်ကို ပေါ်လွင်အောင် ပြထားသည်။ အခန်း(၆)က အပိုဖြစ်ပါသည်။ မပါလျှင် ပိုကောင်းသည်။ အခန်း(၆)က စာရေး ဆရာ ၀င်ပြောခြင်းဖြစ်သည်။
နောက်ဆုံးအနေနှင့် ပြောရမည် ဆိုလျှင် အငယ်လေးကို ချစ်ခဲ့မိလို့ ---၀တ္ထုတိုများသည် ၁၉၉၇ ခုနှစ် ၀န်းကျင်မှ ရေးခဲ့သော ၀တ္ထုတိုများ ဖြစ်ဟန်တူပါသည်။ ဖော်ပြမထား၍ အတိအကျ မသိရပါ။ ကျွန်တော် ၂၀၀၇ ခုနှစ်၊ ဖတ်ရခြင်းဖြစ်၍ ရိုးနေပြီ။ တူနေတယ် စသည်ဖြင့် ဆွေးနွေးထားပါသည်။ ရေးပြီးနှစ် ဖော်ပြထားလျှင် ပို၍ ကောင်းမည် ဖြစ်ပါသည်။

စာပေသစ္စာဖြင့်
လူဇော်
ဦးမြင့်သိန်း
၁၄/ငပတ(နိုင်)၁၀၇၁၀၇
အထက၊ ဟိုင်းကြီးကျွန်းမြို့၊ ငပုတောမြို့နယ်၊ ဧရာဝတီတိုင်း


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၂၉)ရက်၊ နေ့၂း၃၀ နာရီတွင် ကူးယူဖေါ်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဝေဖန်ရေး ပထမဆုရ စာမူ-ဆရာလူဇော် ini dipublish oleh shwelannwelanwinkyi pada hari Wednesday, July 29, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဝေဖန်ရေး ပထမဆုရ စာမူ-ဆရာလူဇော်
 

0 comments: