အဖေများနေ့အား ဘလော့ကာဆရာခွန်ဆိုင်း၏ ၀ထ္ထုဖြင့် ဂုဏ်ပြုလိုက်ပါသည်။

ကျွန်တော်နှင် ဒုက္ခိတမောင်ညို အပိုင်း(၂)
ဘလော့ကာဆရာခွန်ဆိုင်း


ဒါပေမယ့် ဘယ်လိုလုပ်မလဲ မောင်ညို။ မင်းဘ၀က အစာမှ ကိုယ်တိုင် မကောက်နိုင်တော့တဲ့ ဘ၀၊ ကိုယ်စွမ်းကိုယ်စနဲ့မှ ဆက် အသက် မရှင်နိုင်တော့တဲ့ ဘ၀။ သူများ ခွံ့ကျွေးမှ ရှင်ရမယ့် ဘ၀ရောက်နေပြီကို။ ဒါကတော့ ဒါပေါ့။ သူက တိရိစာန-ဒွိဟိတ် မဟုတ်လား။ ဒါသူဘယ်သိမလဲ။ ပျံအား ရှိလာတဲ့အခါမှာ သူပြေးချင်တယ်။ ပျံချင်တာပေါ့။ ပျံချင်တော့ ရုန်းတယ်။ ခဏခဏရုန်းလိုက်၊ ထပျံလိုက်ဆိုတော့ ကြိုးကလည်း ဖြစ်သလိုဆိုတော့ တရက် ကြိုးပြတ်ပြီး လွတ်သွားပါရော။ ဒါနဲ့သူ့ ခိုအုပ်ထဲ သူပြန်ရောက်သွားတယ်။



ပထမ တရက်၊ နှစ်ရက် ကိုယ်ကျွေးထားတဲ့ အစာကြောင့် အားရှိနေ ဟန်ရနေသေးတာပေါ့။ မကြာဘူး။ (၃) –(၄) ရက်ဆို သူငတ်ပြီ။ ခါတိုင်းလိုဘဲ ကိုယ့်အခန်းရှေ့မှာ အစာ ကြိုးစားကောက်၊ တ၀ဲလည်လည်ဖြစ်။ ရေလေး ဆွတ်ကယ် ဆွတ်ကယ်သောက်၊ အစာဝင်နိုး ရနိုးနဲ့ အားပြန်ပြတ်သွားတယ်။ နောက်ဆုံး ပုံရက်လဲတော့မှ တခါ သူ့ကို ပြန်ကောက် အခန်းထဲ တခါပြန်ထည့်။ ဒီလိုပဲ အားပြည့်အောင် အစာပြန်ခွံ့ ကြိုးလေးပြန်ချည် လုပ်ရတာပေါ့။



ဒီတခါတော့ သူ သိပ်မရုန်းတော့ဘူး။ သူ့ကို မသတ်ဖူးဆိုတာ သိသွားလို့လား မသိဘူး။ ငါလည်း မင်းကို ကြိုးချည် မထားချင်ပါဘူး “မောင်ညို”ရယ်။ မင်းဘ၀က ဒီလိုမှ မဟုတ်ရင် သေမှာ။



ကျွန်တော် တော်တော် စဉ်းစားတယ်။ ဘယ်နည်းနဲ့များ သူ့ဖာသာ အစာကောက်နိုင်အောင် ငါ လုပ်ပေးနိုင်မလဲ။ နည်းလမ်းရှာရင်း တရက်မှာတော့ လေးစိတ်ကွဲ ချေထားတဲ့ မြေပဲလေးတွေ ကျွန်တော့ လက်ခုတ်ထဲ ရှိနေတုန်း မောင်ညို နှုတ်သီးနဲ့ လှမ်းထိုးတာ တွေ့တယ်။ သူ့ နှုတ်သီး တခြမ်းပဲ့လေးက မြေပဲဆံလေးတွေထဲ နစ်ဝင်နေတဲ့ အချိန်။ သူ့ ကံလား သူ့ ကြိုးစားမှုလား မသိဘူး။ အဲလိုနစ်ဝင်တဲ့ အချိန်မှာ သူ့လျှာနဲ့ လှမ်းဆွဲလိုက်တာမှာ မြေပဲစလေးတွေ ပါးစပ်ထဲ ပါသွားတာ တွေ့လိုက်တယ်။



ဟုတ်ကပြီ။ သူ အစာကောက်တဲ့အခိုက် သူ့ နှုတ်သီးမြုပ်လောက်တဲ့အထိ မြေပဲဆန်လေးတွေ ခွက်ထဲ ထည့်ပေးကြည့်မယ်။ နှုတ်သီးမြုပ်အောင် သူ အစာကောက်တဲ့အခါ လျှာနဲ့လှိမ်းပြီး ယူနိုင်မှာဘဲလို့ တွေး။ ခွက်တခုထဲ လက်သုတ်ပုဝါစကို ရေစစ်လို ကန်တော့လေးဖြစ်အောင်လုပ်၊ ပြီးမြေပဲဆန်လေးတွေ အပြည့်အမောက်ထည့် မောင်ညိုကို စမ်းကျွေးကြည့်တယ်။



ဒီတခါ ဟန်ကျပြီဗျို့။ သူကောင်းကောင်း အစာကောက်နိုင်သွားတယ်ဗျို့။ ဒီကောင် အကင်းပါးသား။ မြေပဲဆန်လေးတွေကြားမှာ သူ့နှုတ်သီးခြမ်း တခြမ်းပဲ့လေးကို နစ်နေအောင် နှစ်ထားပြီးမှ သူ့ လျှာလေးနဲ့ တစပ်စပ် ဆွဲယူတာကိုး။ ဒီလိုတော့လည်း ဥာဏ်ပါးသား။ မြေပဲဆန် အစအနလေးတွေက အလိုက်သင့် ပါသွားကြတယ်။



ကျွန်တော် တော်တော်ပျော်သွားတယ်။ သူလဲ ပျော်မှာ။ အစာတွေဝင်အောင် သူ အားရ ပါးရ ကောက်နေတာ အစာတွေ မျိုချနေတာကြည့်ပြီး ကျွန်တော်ပီတိတွေ ဖြစ်တယ်။ မောင်ညိုလေး သူ့ဖာသာ အစာ ကောက်နိုင်ပြီဟ။



သူဖာသာ အစာကောက်နိုင်တော့ ခွံ့ကျွေးရသလို မခက်တော့ဘူး။ ကယိကထ မရှိတော့ဘူး။ ဘာမှမကြာဘူး။ သူအစာကောက်တာ ခဏပဲ။ ဗိုက်ပြည့်တာနဲ့ အစာ ဆက်မကောက်တော့ဘူး။ အခန်းထဲက သူရဲတွေက အထူးအဆန်း။ ကျွန်တော် ကြိုးစားလုပ်နေတာတွေကို ကြည့်ပြီး ဘယ်လိုလူ ဒီနေရာ လာထည့်ထားလဲ တွေးကြမှာပါ့။ ရောက်နေတဲ့ နေရာကိုမေ့၊ ခိုတကောင် ဒုက္ခရှာမွေး၊ အလုပ်ရှုပ်နေတဲ့လူ သူတို့ဘ၀မှာ ခုမှ တွေ့ဖူးတယ်ဖြစ်မယ်။



သူ့ဖာသာ အစာကောက်နိုင်ပြီဆိုတော့ မောင်ညို မကြာခင်ပဲ ဆူဖြိုးလာ။ အတောင်တွေ တဖြန်းဖြန်း ခတ်နေလိုက်တာ။ ကြိုးဖြည်ပေး၊ သူပျံလို့ရပြီလို့ ပြောနေတာများလားမသိ။ ရေသန့်သန့်လေး သောက်လိုက်။ မြေပဲဆန်လေးတွေ စားလိုက်နဲ့ အားပြည့် ကျန်းမာလာတဲ့ မောင်ညိုကိုကြည့်ပြီး ကျွန်တော် ဘာဆက်လုပ်ရပါ့မလဲ။ ခုလိုကြိုးလည်း အမြဲ ချည်မထားချင်ဘူး။ လွှတ်ပေးလိုက်ပြန်ရင်လည်း ငတ်ပြန်ဦးမယ်။ ဘာလုပ်ရပါ့မလဲ။ ကိုယ့်ကိုယ်ကိုတောင် မပိုင်တဲ့ဘ၀မှာ သူ့တာဝန်ကကြီးတယ်။ ဒီဒုက္ခ ဘယ်လောက် ယူထားနိုင်မှာမို့လဲ။



မောင်ညို့ ဘ၀ အသက်ဆက်ရှင်အောင် ပြုစုရတာ၊ ကာကွယ် စောင့်ရှောက်ရတာ ကိုယ့်အတွက်တော့ စိတ်လေ့ကျင့်ခန်း တခုပါ။ တရက်တလေလဲ စိတ်မောစရာရှိမှာပေါ့။ အခန်းထဲက သရဲတွေကတော့ တဖြေးဖြေး ကိုယ့်ကို နားလည်လာတယ် ထင်တယ်။ သူတို့ကိုယ်တိုင် ဘာသာရေးနဲ့ ဝေးပေမယ့် အားလုံး ထမင်း တ၀ိုင်းထဲထိုင်ပြီး ရှိတာကို ဝေမျှ စားရင်းနှီးလာကြ။ ကိုယ့်ကိုယ်ကို အသက်ရှင်အောင် မနဲ မွေးရတဲ့ နေရာမှာ ဝေမျှစားတဲ့ အကျင့်ဆိုတာ “ခိုးဆိုးခါး” တွေ လောကမှာ ရှိခဲတာကိုး။ ဒါမလွယ်ဘူး။ သူတို့သိတယ်။ တ၀ိုင်းထဲ မျှတူ ညီတူ စားရင်း ကြာတဲ့အခါ အားနာပြီး ဒီအဖိုးကြီးကို နားလည်မှု ပေးလာတယ်။ တရားထိုင် ပရိတ်ရွတ် ခိုတကောင်နဲ့ အလုပ်ရှုပ်၊ ဒီလောက်ပါ။ တခြားပြဿနာ မရှိဘူးလို့ နားလည်လာပါတယ်။



ဒါပေမယ့် ပြဿနာက ဒီနေရာမှာက တပတ် နှစ်ခါလောက် ရှာဖွေရေးဆိုတာတွေ ရှိတယ်။ “တလာစီတယ်” ဆိုတာပေါ့။ နံရံတွေခေါက်၊ ကြမ်းခင်းတွေထု၊ သံတိုင်တွေစစ် တခန်းလုံးလည်း ဗြောင်းဆန်အောင် ၀င်မွှေတဲ့ အချိန်တွေ။ အခန်းကို လာတဲ့ ၀န်ထမ်းတွေက မောင်ညို့ကို ဒုက္ခိတ သားလေးလို့ မြင်ကြတာ မဟုတ်ဘူးလေ။ ရှာဖွေရေး လုပ်နေရင်းတဖက်က - “ဟာဒီကောင် ဆူဖြိုးလှချည်လား။ မနက်စာ အလုပ်ဖြစ်သွားအောင် ဖိုကြီးမှာ သွားကင်ပေးမယ်လေလို့ ခဏ ခဏ ဈေးခေါ်ကြ ရန်ရှာကြလို့ ကော်ဖီမစ်နဲ့ သံတမန် ခင်းတန်ခင်း။ တခါ တခါလည်း မာမာ တင်းတင်း မောင်းထုတ်တန်မောင်းထုတ်လုပ်လုပ်ရတယ်။



နောက်တော့ ကျွန်တော် အကောင်းဆုံးတခုကို စဉ်းစားဆုံးဖြတ်တယ်။ ဒါစမ်းသတ်မှုတခုဆို လဲမမှားဘူး။



“သား … မောင်ညိုရေ၊ ဒို့ကမ္ဘာက မင်းအတွက် အန္တရာယ် များလှပါတယ်။ လွတ်လွတ်လပ်လပ် …… မင်းကမ္ဘာကို …… မင်းပျံသွား။ မင်း …. နေ့တိုင်း ဗိုက်ဆာချိန်ကျမှ ဒီအဖေကြီးဆီ အစာပြန်လာစား …….”



ကျွန်တော် ကြိုးဖြည်ပြီး လွှတ်ပေးလိုက်တယ်။ ဒီ စမ်းသတ်မှုဟာ ကျွန်တော့်အတွက်ကော သူ့ အတွက်ပါ စိတ်ချမ်းသာနိုင်မယ့် ဆုံးဖြတ်မှု၊ စွန့်လွှတ်မှု၊ စွန့်စားမှု သေးသေးလေး ဆိုပါစို့။ သူက လွတ်လွတ်လပ်လပ် ပျံသန်း ရှင်သန်ချင်သူ။ ကိုယ်ကလည်း ကြိုးချည်ထားရတာကို စိတ်မချမ်းသာ တဲ့လူ။



မောင်ညို ပျော်ပျော်ကြီး ပျံသွားပါတယ်။ တရက်၊ နှစ်ရက်၊ သုံးရက်။ ဒါလောက်ဘဲ ကြာမယ်။ ငတ်ပြန် ဆာပြန်တာပေါ့။ အခန်းရှေ့လာပြီး ရစ်ဝဲ ရစ်ဝဲ သူ ဖြစ်နေပြန်တာ ပေါ့။ ဆာနေရှာတာကိုး။ ဟုတ်ပြီ၊ ကျွန်တော် တွက်ထားတာရှိတယ်။ တွက်ကိန်းအတိုင်း ဖြစ်လာမယ်လဲ ထင်လို့မောင်ညိုလေးကို ကြိုးဖြည်ပေးခဲ့တာ။ မိဘဆိုတာ တခါ တခါ ကြိတ်မှိတ် စွန့်စားပြီးမှ သားသမီးတွေကို ချစ်ရတာလဲ ရှိမယ်ထင်တယ်။



အခုအခန်း ထဲမှာ သူရှိခဲ့တုန်းက စားနေကျ သူ့ အစာခွက်လေးကို သံတိုင်ထဲက ထုတ်ပြီး အခန်းရှေ့ အပြင်ဘက်နား ချပေးထားလိုက်တယ်။



“မောင်ညိုရေ … လာစားကွဲ့ သားရဲ့…….”



သူ ကောင်းကောင်း မှတ်မိတယ်။ ဒီလူ အဖေကြီးကို။ ဒီ အစာခွက်ကို။ ပထမတော့ မရဲတရဲ။ နောက် ဗိုက်သိတ်ဆာနေတာရယ်။ ကိုယ်နဲ့လဲ လက်ပွန်းတတီး နေခဲ့တဲ့ရက် တွေများခဲ့ပြီးသား ဆိုတော့ သိပ်မစိမ်းတော့တာရယ်။ ကြာကြာ ဘယ်ကြောက်နေမလဲ။ အစာ လာကောက်တော့တာ။



“ရေလေးပါ သောက်သွားသားရေ……… ”



ကျွန်တော် ၀မ်း အသာကြီး သာရတယ်။ မောင်ညိုနဲ့ ကျွန်တော့်ကြားမှာ အရေးအကြီးဆုံး ဧရာမ နားလည်မှုကြီး တည်ဆောက်လိုက်နိုင်ပြီ။ မေတ္တာ တံတားလေးတခု ထိုးနိုင်လိုက်ပြီ သေချာတယ်။ လူတွေ နားကပ်ရင် အသက် အန္တရာယ် ရှိတာ သူ သိရက်နဲ့ လာတယ်။ ပထမ အခေါက်တုန်းက သူ ခုလို အသက်ကို မပုံရဲခဲ့ဘူး။ လူနား မကပ်ရဲဘူး။ ငတ် အသေခံသွားမယ့်ပုံ။



ခု မောင်ညိုက အသက်နဲ့ ထပ်ပြီး ကျွန်တော့်ကို ယုံကြောင်း ပြပြီ။ ငါ့ မေတ္တာကို သူရရှာပြီ။ အသက်နဲ့ ပုံပြီး ကျွန်တော့်ကို ယုံတယ် ကျွန်တော် သိလိုက်ရပြီ။ ဒါကိုဝမ်းသာတာ၊ ကျေနပ်တာ။ ဒါပဲ။



ဒီတခါတော့ အခန်းထဲက သရဲတွေပါ လိုက်ပျော်ကြတယ်။ ခဲခဲယဉ်းယဉ်း ကြံဆထားတဲ့ အစာခွက်ကလေးမှာ ခိုလေး အစာလာကောက်တာ ကြည့်ပြီး ၀မ်းသာမှုတွေ ကူးစက်ကုန်တယ်။ မေတ္တာဆိုတာ အားကြီးတယ် မဟုတ်လား။ ကူးယှက်စေနိုင်တယ်။ တကယ် နက်ရှိုင်းလာတဲ့အခါ အရိုင်းတွေတောင် ယဉ်လာနိုင်တယ်။ ကြမ်းတမ်းတာတွေ နူးညံ့နိုင်တယ် မဟုတ်လား။

နောက်တော့ သားလေးမောင်ညို တနေ့ကို သုံးခါလောက် ပုံမှန် သူ့ အဖေကြီးဆီမှာ အစာ လာစားပါတယ်။ မနက်တခေါက်။ နေ့လည်တခေါက်။ ညနေ အိပ်တန်း မတက်ခင် တခေါက် ဆိုသလိုပေါ့။ မနက် အဖေါ်တွေနဲ့ ရောက်လာ။ အခန်းရှေ့ ထုတ်ထားတဲ့ သူ့အတွက် သီးသန့် လုပ်ပေးထားတဲ့ ခွက်ကန်တော့လေး ထဲက မြေပဲဆန်စလေးတွေ ကောက်။ သူ့အဖေါ်တွေကတော့ သူ့ လောက်လူနား ဘယ်ကပ်မလဲ။ ခတ်လှမ်းလှမ်း ကနေ ကျွန်တော်တို့ ကြဲတဲ့ ထမင်းလုံးတွေပဲ ကောက်။ မောင်ညိုတယောက်ကတော့ စိတ်ချလက်ချ သူ့အစာခွက်မှာသူ အစာကောက် တခါတလေလည်း အသာချထားတဲ့ ရေခွက်ထဲက ရေပါသောက်ပြီးမှပျံ။



သူ့ကို ချည်ထားဖို့ မလိုတော့ဘူး။ သူ့ဘ၀နဲ့ သူ။ အစာလည်း သူ့ဖာသာ ကောက်လို့ ရနေပြီဆိုတော့။ ကျွန်တော်လည်း ခုမှစိတ်ချမ်းသာ။



တခုပဲ။ သံယောဇဉ်ဆိုတာတော့ ဖြစ်လာတာပေါ့နော်။ ပုထုဇဉ်ကိုး။ သူ စားချိန်တန် လာမစားရင် နောက်ကျနေရင် ဘာများဖြစ်နေလဲပေါ့။ လေးခွစာမိသွားပြီလား။ နေမကောင်းလို့လားပေါ့။



နေ့ခင်း နေ့လည် လုပ်စရာကမရှိ၊ အခန်းထဲမှာ တုံးလုံးပက်လက် လှဲနေကြတဲ့အခါ။ သား မောင်ညို ဘယ်အချိန် အစာလာစားမလဲ စောင့်နေကြ။ စောင့်ရင်း အိပ်ပျော်သွားလိုက်ကြ။



တခါတခါ စောင့်ကြည့်ရမှာ ပျင်းရင် အစာခွက်ကို အခန်းထဲသွင်းထား။ ပထမတော့ မောင်ညိုက အခန်းထဲ မ၀င်။ လူတွေက တထွေးကြီးကိုး။ ၀င်စားရမှာ လန့်နေ။ နောက်တော့ မရဲတရဲ ၀င်လာစား။ ကျွန်တော်က သရဲတွေကို အဲဒီအချိန်မှာ ငြိမ်ငြိမ်နေကြဖို့ မေတ္တာရပ်။ သူတို့ကလည်း သူတို့အဘ စိတ်ချမ်းသာပါစေ အသာငြိမ်ပေး။ မောင်ညိုလေး အစာကောက်ပြီး ပြန်ထွက်သွားမှ လှုပ်လှုပ်ရွရွ သူတို့လုပ်ကြ။ နောက်တော့မောင်ညို ကျင့်သား ရပြီး ပုံမှန် လာစားပါတယ်။ တခါတလေ အစာခွက်မှာ အစာကုန်နေတာ ကိုယ်မသိလိုက်ပဲ ကိုယ် အိပ်ပျော်နေရင်တောင် သူက ကိုယ့်ကို နှုတ်သီးနဲ့ လာဆိတ်တယ်။ ရီရတယ်။ ကျွန်တော်တို့အတွက်တော့ ခလေး တကောင်ရတာပဲ။ တခါတခါ စောင်ခေါင်းမြီးခြုံပြီး ပုန်းနေ။ သူကလိုက်ရှာ။ သူ့ကြည့်ပြီး ကျွန်တော်တို့ ပွဲကျ။



ထူးခြားတာ သူက အဖေကြီးကို မှတ်ထားတာ။ ကျွန်တော်တို့ အားလုံး အပေါ်ဖြူ အောက်ဖြူ ဆင်တူဝတ်ပြီး နေကြတာမှာ မောင်ညို ဘာကို သင်္ကေတ ထားမှတ်သလဲ ကျွန်တော်သိချင်တယ်။ ကျွန်တော်အိပ်တဲ့ နေရာကို မှတ်တာလား။ ဒါလဲမဟုတ်ဘူး။ ကျွန်တော်နေရာပြောင်းအိပ်လည်း တခြားလူတွေကိုကျော် ခွပြီး ကျွန်တော့် ဆီလာတယ်။ ဆံပင်ဖြူတွေကို မှတ်တာလား။ ခါးကိုင်းကိုင်း အရပ် ရှည်ရှည်မှတ်တာလား။ ကျွန်တော်မသိ။



သတ္တ၀ါလေးတွေမှာ ထူးခြားတဲ့ မှတ်ဥာဏ်ရှိတာတော့ သေခြာတယ်။ ကျွန်တော်တို့က အဖြူဝတ်။ ၀န်ထမ်းတွေက ယူနီဖေါင်း အညိုဝတ်။ အညိုဝတ်တွေ ၀င်းထဲဝင်တာနဲ့ ခိုအုပ်တွေ ထပျံတယ်။ ၀န်ထမ်းတွေက မကြာခဏ လေးနဲ့ ပစ်စားကြတယ်လေ။ ခိုလေးတွေက သူတို့ မကြာခဏ လေးခွ ပစ်ခံရတော့ အရောင်ကို မှတ်မိလာပုံရတယ်။ လေးခွ ကိုင်ခွင့်ရှိတဲ့ ယူနီဖေါင်း အညိုကို အန္တရာယ် အမှတ်အဖြစ် မှတ်ထားကြ တာပဲဖြစ်မှာ။



တရက်မှာ စစ်ပြေးလေး ထွန်းခင်က အခန်းရှေ့ မှာ အစာကောက်နေကြတဲ့ ခိုအုပ်ထဲက ယောင်ချူးလုပ်နေတဲ့ မောင်ညိုကို လက်ညှိုးထိုးပြီး ကျွန်တော်ကို ပြတယ်။ “အဘသားလူပျို ဖြစ်ပြီဗျ…..” တဲ့။ လားလား ။ ဟုတ်တယ်ဗျို့။ ဒီကောင် ခိုမတကောင်ကို ရစ်နေတာဗျို့။ သူတို့ထုံးစံပေါ့။ ခိုမလေးဘေးမှာ။ အတောင် တဖက်မြင့်၊ တဖက်နိမ့် လုပ်၊ ခြာလည် ခြာလည် လှည့်တာတို့။ လည်ဆန်မွှေး ထောင်ပြတာတို့။ အစာပြ၊ ခိုမလေးကို ခေါင်း တဆတ်ဆတ် ခေါ်တာတို့ လုပ်နေတာကိုး။



အော် ကျွန်တော်လည်း သားကိုကြည့်ပြီး သဘောတွေကျ။ ငါ့သားတောင် အတွဲ ရတော့မှာပါလား။


အပိုင်း(၃) ကို ဆက်လက်တင်ပြပေးပါဦးမည်....။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂-၇-၀၉(နံနက်၇ နာရီ)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: