ဝါဆိုလပြည့်နေ့၏ ဘ၀သံဝေဂ

ဝါဆိုလပြည့်နေ့၏ ဘ၀သံဝေဂ

ကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်


ငယ်ငယ်ကဆို ၀ါဆိုလပြည့်မှာ
အလွန်ပျော်ခဲ့တယ်…..။

ရှင်ပင်စာကြိုဘုရားပွဲသို့
ရွာမှ (၁၄)မိုင်းကွာခရီးကို
ဖျာပေါင်းမိုးတတ် နွားလှည်းကြီးတွေနဲ့သွားကြတယ်..။

သန်းခေါင်ယံအကျော် ညအမှောင်မှာ
လရောင်အလင်းနဲ့ လှည်းတန်းကြီးထွက်ခဲ့ကြတယ်….။

လမ်းတစ်လျှောက်မှာဖြင့်..အသံတွေကိုယ်စီကြားနေရတယ်..
ထိုနွား၊ဤနွား ဟိုကနွားလှည်းကို မှီအောင်ကျော်ပါတော့လား..
ဘုန်းကြီးလူထွက်က ဘုန်းကြီးစာသံနဲ့ တကြယ်ကြယ်အော်..။

လောကီဘုံခေ..ညီးငွေ့ပါလို့သာ…..
သား..သမီး..ဇနီး..ကြင်ယာ…..
(အသံဝိဇ္ဇာ အာဇာနည် လှကြည်)ရှေးမင်းသားဓါတ်ပြားသီချင်းကို
ကိုရင်သာဝက အာဂလောင်ချစ်၍အော်….။

တတောဝင်လျှက် တတောင်ကိုကျော်
တပင်မှာနားသော်..ပန်းနွယ်ရေ..ရှာလေ..ဝေးပေါ့နော်…
တွံတေးသိန်းတန်ရဲ့ပန်းနွယ်ကစိမ်းသီချင်းကို
ကိုခင်မောင်စိန် ဓာတ်စက်ဆရာကလည်း
အသံကုန် ဟစ်လို့အော်…။

မိုးထိန်ထိန်လင်းတော့ ရှင်ပင်စာကြိုဘုရားဇရပ်တွေကိုဝင်
ဆွမ်း၊ဆွမ်းဟင်းများပေါင်းစုလို့ အာရုံဆွမ်းကပ်လှူပူဇော်..။

လူငယ်တွေက ဘုရားတန်ဆောင်းဈေးတန်းမှာ
တိုးကြ၊ခွေ့ကြလို့ ဖိုနဲ့မသဘာဝ တူပျော်ပျော်….။

ဘကြီး၊ဒေါ်ကြီးတွေက တစ်နှစ်စာတောင်သူသုံးဖို့
ထွန်တုံး၊ထွန်တန်၊နွားဖါးကြိုး၊နွားချည်ကြိုး
တောင်းပလုံ၊ဇကော၊ဇကာ၊ထန်းခေါက်ဖာတွေကိုဝယ်ဖို့ခေါ်….။

အမေကြီး၊အဘကြီး နှစ်ဦးကလည်း
ရှင်ပင်စာကြို ဘုရားရှေ့မှာ တောင်းဆုတွေနဲ့အော်
ဘုရားတပြည့်တော်၊တပြည့်တော်မတို့သည်
ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်း
ဆင်ဖြစ်သော်လည်း တစ်ကျွန်းတည်း
လူဖြစ်သော်လည်း ဤဘုရားကိုတည်ထားခဲ့သော
အနော်ရထားမင်းတရားကြီးနှင့် မိဖရားခေါင်ကြီးတို့လိုဖြစ်ကြ၍
သထုံပြည်မှ ပိဋကတ်သုံးပုံကို ပင့်ဆောင်လို့
လမ်းခုလတ် ဤအရပ်တွင် စာကြိုတော်ဟုခေါ်
ရှင်ပင်စာကြိုဘုရားကြီး၏ ဒါယိကာ၊ဒါယိကါမအဖြစ်
ဘ၀ရှင် မင်းတရားကြီးနှင့် မယ်တော်ဘုရားကြီးဘ၀ကို
ထာဝရ ဖြစ်ရပါလို၏အရှင်ဘုရား…တဲ့.
သက်ကြားအိုစုံတွဲ.တောင်းဆုတွေနဲ့တူပျော်ပျော်..။

သြော်..ဘာလိုလိုနဲ့ ရွာဘုရားနဲ့ဝေးကွာခဲ့တာ..နှစ်ပေါင်းက သုံးဆယ်ကျော်..
သွားချင်တဲ့နေရာကို မရောက်ကြပေမဲ့…
မသွားချင်ဘဲ ရောက်ရမဲ့နေရာကတော့.. သေချာနေပါပြီ….
ဘာလိုလိုနဲ့ တ၀ါဆိုလို့ သေရွာသို့ တစ်နှစ်နီးပြန်ပါပေါ့တကါး……။


(မကွေးတိုင်း၊ချောက်မြို့နယ်၊ စလေမြို့၏တောင်ဘက်မှ သမိုင်းဝင်ရှင်ပင်စာကြိုဘုရားပွဲကို အလွမ်းပြေ အမှတ်တရစပ်ဆိုပါသည်။)

ရွှေလမ်းငွေလမ်းဝင်းကြည်
(၆-၇-၂၀၀၉)၀ါဆိုလပြည့်နေ့၊နေ့လည်(၃)နာရီ ရေး၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ၀ါဆိုလပြည့်နေ့၏ ဘ၀သံဝေဂ ini dipublish oleh shwelannwelanwinkyi pada hari Monday, July 6, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ၀ါဆိုလပြည့်နေ့၏ ဘ၀သံဝေဂ
 

0 comments: