ဝေဖန်ရေး ဒုတိယဆုရစာမူ-ဆရာ ထက်ကောင်းလတ်(မင်းဘူး)

ဝေဖန်ရေး ဒုတိယဆုရ စာမူ

ဆရာ ထက်ကောင်းလတ်(မင်းဘူး)
ဦးခင်လတ် ၊သင်းချိုလတ်စာပေ။ မင်းဘူးမြို့။

ဆရာရွှေလမ်းငွေလမ်းဝင်းကြည်၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့်
အခြားဝတ္ထုတိုများအား သုံးသပ်ခံစားမိခြင်း

၁။ ကြိုဆိုချီးကြူးခြင်း
ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် သူ၏ ၀တ္ထုတို(၁၀)ပုဒ်အားစုစည်း၍ ပထမ ခြေလှမ်းအဖြစ် ရဲဝံ့စွာ လှမ်းလိုက်ခြင်း ဖြစ်ပါသည်။ ပထမ ခြေလှမ်းသည် ခရီးမိုင် ထောင်သောင်းပေါင်းများစွာအတွက် ဖြစ်ရာ ဆရာ၏ စတင်ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုချီးကျူးမိပါသည်။

၂။ အားပြုပေးခြင်း
ခရီးလမ်းဆိုသည်မှာ ချောမွေ့ဖြောင့်တန်းမှု မရှိကြပါ။ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်သည် အတွေ့အကြုံများစွာဖြင့် ခရီးလမ်းတွင် တွေ့ကြုံရမည့် အခက်အခဲများအား၊ ဇွဲ-လုံ့လ ခိုင်ကျည်မှု၊ ကြိုးစားမှု၊ မဆုတ်မနစ်သော စာပေ၏ အားမာန်ဖြင့် ဆက်လက်ချီတက်ရင်း အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိပါစေဟု ဆုမွန်ခြွေလိုက်ရပါသည်။

၃။ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ပြင်ဆင်မှုအပေါ် သုံးသပ်ခံစားမိခြင်း
“ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ” စာအုပ်သည် ၀တ္ထုတို(၁၀)ပုဒ်အား အခန်းစဉ်အလိုက်ထားပြီး အဆင့်မြင့် စက္ကူအရည်အသွေး၊ ပန်းချီဆရာ အကျော်အမော်တို့၏ မြူးကြွဖွယ်၊ လွမ်းဆွယ်ဖွယ်၊ တမ်းတဖွယ်၊ အောက်မေ့ဖွယ်၊ ရယ်မောဖွယ်၊ နောင်တရဖွယ်၊ ပန်းချီရောင်စုံပုံရိပ်အတွင်းအပြင်တို့ဖြင့် ၀တ္ထုတိုလေးများကို ပုံရိပ်အဓိပ္ပါယ် ပိုမိုထင်ဟပ်စေပါသည်။

၎။ စာရေးဆရာ၏ “ အဖွင့် ” ပန်ကြားစကားကို ခံစားမိခြင်း
ကျေးဇူးရှိသူ ကျေးဇူးတင်ထိုက်သူအားလုံးအတွက် စာရေးဆရာက စကားဦးထုတ်ဖော် ကျေးဇူးတင်ဆိုပြခြင်းနှင့် ဆုတောင်း မေတ္တာပို့သပြီး “ ဗုဒ္ဓ၏” မြွက်ဟ ဆုံးမချက်ကို နှလုံးသားခံစားပန်ကြားလိုက်သည်မှာ ကြည်နူးနွယ် ဖြစ်ရပါသည်။

(၅) စာရေးဆရာ၏ “ နိဂုံး ” ပိုင်းကို ကျေနပ်မှုကို ခံစားမိခြင်း
အရင်က စာရေးဆရာ၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းကို ၀တ္ထုစာအုပ်အဖွင့်တွင် ဖော်ပြလေ့ရှိပါသည်။ နောက်ပိုင်းမှ စာအုပ်နိဂုံးပိုင်း စာအုပ်ကျောဖုံးတို့တွင် ပြောင်းဖော်ပြကြပါသည်။ ဤသည်မှာ အကြောင်း မဟုတ်ပါ။ ဆရာ၏ ကိုယ်ရေးအကျဉ်းနှင့် စာဖတ်သူများအား ဆရာ့ဝတ္ထုများ ဖတ်ရှုအပြီး “ သိရှိခံစား”၊ “ အချစ်-အမှား-အမှန်” အပေါ် “ အသိအမြင်အမှန်” ဖြစ် ကျင့်ကြံလိုက်နာမှု ဖြစ်သည်။ “ ရရှိ” ရယူ” ပါလျှင် စာရေးဆရာတို့သည် အကျိုးပြု အသိပေးခြင်းအတွက် ကျေနပ်တာဝန်ကျေခြင်း ဖြစ်မိပါကြောင်း နှလုံးသားစကားဆိုခြင်း အားလည်း လေးစားမိပါကြောင်းပဏာမ အဆင့်အလိုက်ခံစားရရှိမှုအား တင်ပြလိုက်ရပါသတည်း။ ။

ထက်ကောင်းလတ်(မင်းဘူး)


ဆရာရွှေလမ်းငွေလမ်းဝင်းကြည်အား သုံးသပ်ခံစားခြင်း

ဝတ္ထုတို(၁) “ မုန်းချောင်းရေနဲ့ ဆေးပါ့မယ်”
ဝတ္ထုအစမှာပင် နောက်ကြောင်းပြန်ဖြင့် စာဖတ်သူအား အလွမ်းပုံရိပ်ဆိုပြီး ဇာတ်ကောင်ငဘုန်း၏ ငယ်ဘ၀ နာကျည်းသနားစဖွယ်ခေါင်းစဉ်ဖြင့် ဆင့်လိုက်ပါသည်။ ငယ်ဘ၀ ငဘုန်းမှ ကိုဘုန်းမောင် အရွယ်လတ်ရောက်လာခဲ့သည်။ ထိုဘ၀ အရွယ်မှာပင် ပျော်ရွှင်ကြည်နူး အချစ်ဦး ခင်ဝင်းမနှင့် တွေ့ကြုံဆုံစည်းလိုက်ရပြီးမှ အချစ်ဦး ခင်ဝင်းမ မိဘများက ဂုဏ်အဆင့်ခွဲခြားမှုကြောင့် ချစ်အသည်းကွဲကာ မယှဉ်နိုင်သော ဓနဂုဏ်ကို တစ်ကောင်ကြွက် ကိုဘုန်းမောင် လက်မြောက် အရှုံးပေးလိုက်ရသည်။ နာကြည်းချစ်အလွမ်းကြားမှ ကိုဘုန်းမောင်ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။ မြို့မှ ဌာန၀န်ထမ်း အထက်တန်း စာရေး ခင်ပပမြိုင်နှင့်တွေ့။ ချစ်ကြိုက်ပေါင်းသင်းခဲ့သည်။ အချစ်နာကျည်းအလွမ်းနှင့် ကိုဘုန်းမောင်ဘ၀၊ပြန်လည် စိုပြေလန်းဆန်းလာခဲ့သည်။ထိုမှ (၂) နှစ်ပြည့်မြောက်၍ (၁)နှစ်အရွယ် သမီးလေး ခင်ဘုန်းမြိုင်ကို တစ်နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပနိုင်ခဲ့သည်။ ထို့နောက် ဌာန အထက်အရာရှိ ကိုဘုန်းမောင်ဆရာ နိုင်ငံခြားထွက်သွားသည်။ကိုဘုန်းမောင်လည်း နယ်စီမံကိန်းတစ်ခုတွင် ယာဉ်မောင်းတာဝန်ဖြင့် သွားရောက်နေရသည်။ စာရေးဆရာက ကာလယန္တရားရွေ့လားမှုကို ထိုနေ့မှာပင် ဇနီးခင်ပပမြိုင်နှင့် စာရင်းရှင်း လမ်းခွဲခဲ့ကြသည်။ ဇနီးခင်ပပမြိုင် နိုင်ငံခြားသွား အလုပ်လုပ်ဖို့ပြော၊ ကိုဘုန်းမောင် ခွင့် မပြ၊ ထိုမှ ခင်ပပမြိုင်က ကိုဘုန်းမောင်ဆရာ၊ နိုင်ငံခြားမှ ရေးပို့သော စာကိုပြ။ အကြောင်းစုံသိရ။ ကိုဘုန်းမောင် ဆရာ့စာအရ ဇနီး ခင်ပပမြိုင်နှင့် သမီးလေး ခင်ဘုန်းမြိုင်ကို လက်လွှတ်ပေးခဲ့ရသည်။ ဤနေရာ၌ စာရေးဆရာသည် အထက်အရာရှိ ဆရာနှင့် ခင်ပပမြိုင်တို့ တိတ်တိတ်ပုန်းဇာတ်လမ်းကို မြှုပ်ကွက်လုပ်ထားခဲ့ပြီး မသိသော ကိုဘုန်းမောင်(၃)နှစ်မြောက် သမီးလေး မွေးနေ့ ရောက်မှ ဖော်ပြလိုက်သည်။
ပထမတစ်ချက်က ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်တို့ ပေါင်းသင်းကြပြီး (၂)နှစ်အရောက် သမီးလေး ခင်ဘုန်းမြိုင်(၁)နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့သည်ဆိုရာ ရှုပ်ထွေးသွားရသည်။ စာရေးဆရာက ရှေ့ဇာတ်လမ်းအတွက် မြှုပ်ကွက်လုပ်ပြီးမှ ဇာတ်ရှိန်အမြင့် နေရာထား ဖွင့်ပြလိုက်ခြင်းသည် ဇာတ်လမ်းအား “ ပေါ့” သွားသည့် လုပ်ကွက်ဖြစ်သွားစေပါသည်။ မြုပ်ကွက်ကို ဖော်ပြခြင်း“ခိုင်မာမှု” မရှိသလို ဖြစ်နေပါသည်။ ကိုဘုန်းမောင် ခင်ပပမြိုင်နှင့် တွေ့ရစဉ်က သမီးလေးခင်ဘုန်းမြိုင်မရှိသေး။ သို့မဟုတ် မရသေး။ ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်ရပြီး(၂)နှစ်ပြည့်မှ (၁)နှစ်ပြည့် သမီးလေးကို ဖော်ပြလိုက်ခြင်း၌ ကိုဘုန်းမောင်နှင့် ခင်ပပမြိုင်ရသည့် သမီးလေးဆိုပါက အရိပ်အမြွက်ဖော်ပြခြင်း သို့မဟုတ် ကိုဘုန်းမောင်မသိအောင် တစ်နေရာတွင် ထားပေးထားခြင်း၊ နောက်တစ်ချက် ဆေးပညာသွေးသားအရ ခင်ပပမြိုင်သည် ကိုဘုန်းမောင်နှင့်အတူ ပေါင်းသင်းသော်လည်း ကလေးမရဘဲ တိတ်တိတ်ပုန်းဖောက်ပြန်သောကိုဘုန်းမောင် ဆရာနှင့်မှ ကလေးရခြင်းဆိုလျှင် ကိုဘုန်းမောင် လုံးဝ မသိခြင်းလား၊ သို့မဟုတ် ခင်ပပမြိုင်ကို ချစ်လွန်း၍ အလိုလိုက်ပြီး ဖောက်ပြန်မှုကို ခွင့်ပြုပေးထားခြင်းလား။ သို့ မဟုတ် ဇနီးဖြစ်သူ တစ်ပါးသူနှင့် ဖောက်ပြန်ရာမှ ရသောကလေးကို သိပါလျှက် အမည်ကို ဖခင် မိခင်အမည်ပါ ထည့်၍ ခင်ဘုန်းမြိုင်ဟု ပေးထားခြင်းသည် စဉ်းစားစရာ ဖြစ်ရသည်။သို့မဟုတ် ပြယုဂ်လုပ်“ မြုပ်ကွက်” အတွက် “ ဒေါက်” လုပ်ထားခြင်းလား။ ဤသို့ဆိုလျှင် ကိုဘုန်းမောင် ခင်ပပမြိုင်ကို ဖြူစင်သော အချစ်နှင့် စွဲချစ်သည်ဟု ယူဆနိုင်ပါမည်လား။ နောက်တစ်ချက် ကိုဘုန်းမြိုင်သည် အထက်အရာရှိဆရာနှင့် မိမိ ချစ်ဇနီး တိတ်တိတ်ပုန်းဖောက်ပြန်နေမှုကို ရိုးအ လွန်းသော၊ ဘာမှ မသိနားလည်သော အခြေအနေပြထားခြင်းသည် ဇာတ်မြှုပ်ကွက်အတွက် ဖန်တီးထားသည့်အကွက်အဖြစ် ပေါ့ရှပ်ရှပ် မြင်နေရခြင်း၊ ထို့အပြင် မြှုပ်ကွက်အားလုံးကို ကိုဘုန်းမောင်ဆရာ အမေရိကန်မှ ရေးပေးလိုက်သော စာပါ
(၁) “ ခင်ဘုန်းမြိုင်ဟာ ဆရာ့ ရင်သွေးလေးပါ၊ အခုထိ မောင်ဘုန်းမောင်နဲ့ မြိုင် သားသမီး မရဘူး မဟုတ်လား” ဆိုခြင်း
(၂) “ သမီးလေးနဲ့ မြိုင်ကိုလည်း အချိန်တန်ပြီဖြစ်လို့ ဆရာ့ထံ ပြန်ပေးပါတော့ကွယ်” ဆိုခြင်းတို့သည် မြှုပ်ကွက်ဇာတ်ရှိန်အမြင်အား “ ဟာ” ခနဲ ဖြစ်ဖြစ်စေသော စာရေးဆရာ ဆင်ကွက်အစား “ရိုးအ” သည်ထက် “ အပေါစား” ဖြစ်ရတော့သည်။ နောက်တစ်ချက် ကိုဘုန်းမောင်သည် မူလ ခင်ပပမြိုင်ကို ရယူစဉ် သူ့အထက်အရာရှိ ဆရာ့ထံမှ အကန့်အသတ် ခွင့်ပြုချက်ဖြင့် ရယူထားသည့်သဘော။ ဤသို့ဆိုလျှင် တကယ်ချစ်မိပြီး ခင်ပပမြိုင်ကို ကိုဘုန်းမောင် ရယူခဲ့ခြင်းဟု စာရေး ဆရာ ပထမ ရေးသားချက်သည် “ အားပျက်” စေရပါသည်။ ဤသို့ ဆိုလျှင် ကိုဘုန်းမောင် ဇာတ်လိုက်ခမျာ “ အပေါစား” ဆန်ရပြန်လေသည်။ နောက်နံပါတ်(၃) အချက် “ မောင်ဘုန်းမောင်ရဲ့ မြိုင်ကို သဘောထားကြီးကြီးနဲ့ ဆရာ ပြန်လက်ခံမှာပါ” ဟု ဆိုသည်တွင်လည်း ဤနေရာ၌ ကိုဘုန်းမောင် ခင်ပပမြိုင် အထက်အရာရှိ ဆရာဆိုသူတို့သည် အချစ်ကာမကို သဘောထားကြီးခြင်း အနေမျိုးထက် ၊ အနိုင်အထက်၊ တန်ဖိုးမဲ့ သစ္စာမဲ့ပေးကာ၊ ယူကြ၊ ပြန်ပေး၊ ပြန်ယူ သဘောမျိုးဖြစ်နေသည်။ ကိုဘုန်းမောင် အချစ်ကို တန်ဖိုးထား ၊ ခင်ပပမြိုင်ကို ယူခဲ့သည်။(၂)နှစ်ကြာမှ နောက်ကြောင်းစုံ နောက်မှ သိရပြီး ဆရာ့လက်ထဲ ချစ်သူဇနီး သမီးလေးတို့ကို နာကျည်း အလွမ်းရင်မှာပိုက် ၀ ကွက်ပြန်ပေးခဲ့ရင်း “ ရက်စက်ကြပါပေ့ ခင်ပမြိုင်မြိုင်နှင့် ဆရာတို့ရယ်”။ ရိုးသားလှသော ဘုန်းမောင် တစ်ကောင်ကြွက်၊ ပစ်တိုင်းထောင်အရုပ်၊ ကြိုးရှုပ်အောင် လုပ်သွားနိုင်ရက်ကြပါသည်။” ဟူသော ညည်းခြင်းလွမ်းနာသည် ဇာတ်လိုက် ကိုဘုန်းမောင်အား စာရေးဆရာက ညည်း ပြပေးလိုက်သည်မှာလည်း အမှန်တော့ သဘောထားကြီး အပေါစားမဆန်စေဘဲ ကိုဘုန်းမောင်ကို သနားလွမ်းနာကျည်းအားတွေပိုစေဖို့ ရည်ရွယ်ဟန်ရှိပါသည်။ သည့်ထက်လွမ်းပြပြီး စာဖတ်သူရင်ရိုက်ခတ်စေဖို့ စာရေးဆရာက ကိုဘုန်းမောင်ကို ဟိုးရိုးမအနီး မုန်းချောင်းရေစပ်ဆီသို့ အလွမ်းတွေဖွဲ့၊ အသည်းနှလုံးတစ်စစီ ကြွေခိုင်း၊ အလွမ်းဓါတ်ခံ၊ အလွမ်းအဆွေးတွေအပြည့်ဖြည့် ဇာတ်လိုက်၊ ကိုဘုန်းမောင်အား အလွမ်းအဆွေးတွေ တနင့်တပိုး အလွမ်းစကားတွေ ဆိုခိုင်းခြင်းအား ကျွန်တော်တို့ စာဖတ်သူများ “ ဤမျှလောက်အပေါစားဆန်သော ကိုဘုန်းမောင်ကိုပဲ ဒေါပွရပါမည်လား” စာရေးဆရာကိုပဲ အပြစ်ဖို့ရပါမည်လား၊ တစ်ခုခုတော့ တစ်ခုခုဟု သံသယနှင့် ခံစားရမိ“ ပါသတည်း။

ဝတ္ထုတို(၂) “ အငယ်လေးကို ချစ်ခဲ့မိလို့(၁)”
အနှောင်အဖွဲ့ မိသားစုနှင့် ဇရာအို အသက်ကြီးမှ ကညာပျို အချစ်ငယ်လေးနှင့်တွေ့၊ အချစ်စန်းပွင့်ရာမှ မြက်နု ရွှမ်းရွှမ်းကို အသာငမ်းငမ်း စားမိသော နွားအိုကြီး မြက်နုလည်ပင်းနင်ရသော ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းမှာ အချစ်မီးမွှေးမိသည်က ဇရာအို၊ အချစ်မီးတောက်စေသူက ကညာပျိုလေး ချစ်စုမ။ အလုပ်ဌာန၊ ကုမ္ပဏီ၊ ကိုယ်ပိုင်လုပ်ငန်းကြီးများ၌ ပျိုရွယ်ကညာလေးများ ခန့်ထား၊ အထက်၊ ဇရာအို မြက်နုကြိုက်များက အနှောင်အဖွဲ့ ဇနီး သားသမီးများ ရှိသည့်ကြားမှ တွေ့မြင် နီးစပ်ထိတွေ့မှုများဖြင့် ပေါက်ကွဲပေါ်ထွက်လာသော အချစ်မီးတောက် ဇာတ်လမ်းဖြစ်သည်။ ထိုဇာတ်လမ်းမှ အချစ်မိုက်မှားမှု၊ဖြစ်ရပ်များ၊ တန်ပြန်ခံစားရမှုများ၊ အကျိုးယုတ်သိက္ခာမဲ့ ဆုံးရှုံးမှုများ၊ နောင်မှ တသော နောင်တများကို ဒဿန သဘောတရားများဖြင့် ဖော်ကျူးပြထားသည်။ စာရေးဆရာက ငယ်ရွယ်စဉ် မြီးကောင်ပေါက်၊ မိုက်ရူးရဲအချစ်ထက် ကြီးမှ မှားသည့် ကြီးမိုက်ကြီး အချစ်ရောဂါသည် သိလျှက်နှင့် တိုး၍ အဆထောင်သောင်းပိုသည်” ဟု ဆိုသည့်အတိုင်း “ မသိလို့” ဆိုးသော လူမိုက်ကို သနားညှာတာ၊ ခွင့်လွှတ်တတ်ကြသော်လည်း သိလျှက်နှင့်ဆိုးသော လူမိုက်ကိုတော့ ခွင့်မလွှတ်ကြရုံမက အားလုံးက နှာခေါင်းရှုံ့ကြရ၊ ခွင့်မလွှတ်ကြမည်မှာ ဓမ္မတာ” ဟူသော ဒဿန တရားနှင့် ယှဉ်တွဲပြီးး ထားပါသည်။ အချစ်ရူး ဇရာအိုကို ချစ်ပရိယာယ်မာယာ၊ အချို၊ အပို၊ အငိုအချွဲ၊ အပြစ်ကလေးများနှင့် ဖမ်းစားခဲ့သော ကညာပျို ချစ်စုမ ၊ လှည့်စားပရိယာယ်များအကြား၊ အချစ်စစ်ပြိုင်လူလည်၊ လူငယ်လေး ၀င်းမင်းနှင့် အချစ်စစ်ပြိုင်ခင်း၊ ယှဉ်နွှဲခဲ့သော ဇရာအို ဦးရွှေဝင်း။ “ အစ” ပန်းအထွက်မှာပင် အရှုံးက ကညာပျိုလေးနှင့် ချစ်ခြင်း။ မိသားစု သိပြီး အရှက်ရ၊ သိက္ခာကျ၊ အယုံအကြည် ကင်းမဲ့ခံရခြင်း၊ နောက် ဒုတိယအချက်က ချစ်ကညာပျို၊အငယ်လေး ချစ်စုမလှည့်စားအချစ်ကြောင့် အချစ်စစ်ပြိုင် လူလည် လူငယ် ၀င်းမင်း ပဏာ မ အချစ်အသာစီးရသွားလို့ ဇရာအိုကြီး အချစ်အသည်းကွဲ အချစ်ရူးကြီးအဖြစ် အလွမ်းမိုးတွေရွာ ၊ “ အချစ်လိပ်ကလေးနဲ့အချစ်ကိုရွှေယုံ ၊ ဂန္တ၀င် အချစ်ပြေးသမား” မော်ဒန်ကဗျာလေးရွတ်၊ ကျမျက်ရည် ၀ဲ - ၀ဲ ဖြင့် အလွမ်းခံစား နိဂုံးပြထားပါသည်။
ဤ၀တ္ထုလေးသည် လောက လူမှု နယ်ပယ်မှာ စောင့်စည်းမျိုသိပ်မှု မရှိ၊ ဖောက်ပြန်ဖြစ်ပျက်တတ်မှုကို အချစ်တဏှာ ရာဂ၊ ဆားငံရေ သောက်သုံးမိကြသလို သောက်လေ၊ သောက်လေ ငတ်မပြေ ဘ၀ ဖြစ်စဉ် ပြယုဂ် ဖြစ်ပါသည်။ ဇရာအို အချစ်ရူးကြီး ဦးရွှေဝင်း ကျမျက်ရည်ဝဲ အလွမ်းဖြင့် နောင်တကို ခ၀ါ ချထားပုံ။ စာရေးဆရာက အဆုံးလေးသတ်ထားသည်မှာ အငယ်လေးကို ချစ်ခဲ့မိလို့(၁)မှာ မပြီးပြတ်သေးသော အဆက်အညွှန်းဆီ ရည်ရွယ်ထားပေးလိုက်ခြင်းဖြစ်သည်။ အရေးအသား ဇာတ်လမ်းဖွဲ့ထားခြင်း ကြိုက်ပါသည်။

ဝတ္ထုတို(၃) “ အငယ်လေးကို ချစ်ခဲ့မိလို့(၃) ”
အငယ်လေးကို ချစ်ခဲ့မိလို့ (၁) အဆက် အငယ်လေးကိုချစ်ခဲ့မိလို့(၂) ဖြစ်ရမည်။ ယခုတော့ (၁)အပြီး (၃)ဖြစ်နေ၍ ကြောင်သွားမိပါသည်။ ၀တ္ထု စာမျက်နှာ မှားချုပ်သည်ထင်၍ သေချာ စစ်ကြည့်သည်။ မမှားပါ။ (၁) အဆက်(၂) မပါ။(၃) သာဖြစ်နေပါသည်။ စာရေးဆရာ မူလအစီအစဉ်သည် (၂) ဖြစ်မည်။ အကြောင်းကြောင်းများကြောင့် (၂) မဖြစ်ခဲ့ရခြင်းအား သို့ မဟုတ် လှုပ်ရှားရိုက်ခတ်မှု အပေါ် ၀တ္ထုပေါ် ဖန်တီးသည်လားမသိ။ သို့သော် အငယ်လေးကို ချစ်ခဲ့မိလို့ (၃)သည်လည်း (၂) ဖြစ်နေပါလားဟု ရိပ်စားမိလိုက်ပါသည်။
ဝတ္ထုအစမှာပင် ဦးရွှေဝင်းတစ်ယောက် ဇရာ၏ ကျဆင်းနေမှုကို ကိုယ့်ရုပ်သွင်ပြင်အား မှန်ထဲပြန်ကြည့်ရင်း “ မုတ်ဆိတ်မွေးလည်းဖြူပြီ၊ င့ါစိတ်တွေဘာကြောင့် မဖြူသေးတာလဲ” ဟူသော အသိတရားရဖွယ်၊ စဉ်းစားသံဝေဂသုံးသပ်ချက်မှာ ဖတ်ရှုရသူများအတွက် နက်ရှိုင်းစွာ ရစေသော အသိတရားပင် ဖြစ်စေပါသည်။ ဇရာအို ဦးရွှေဝင်း မှန်ထဲကြည့်မြင်ပြီး အသိတရား စကားဆိုသော်လည်း သူ့ရင်ခွင်ထက်က ပြေးထွက်သွားသည့် ချစ်အငယ်ကညာပျိုလေး၊ ချစ်စုမကို အခဲမကျေ သုံ့ပြန်လေဦးမည့် “ ချစ်စုမရေ မင်းဘာတတ်နိုင်သေးလဲ။ ငါ့ကို လိမ်ညာလို့ ရမယ် ထင်သလား မင်းလက်ထပ်ယူမယ့် ၀င်းမင်းဆိုတဲ့ ကောင်လေးဆီကို နင်နဲ့ငါတို့ရဲ့ ၀တ္ထုဇာတ်လမ်း စာမူတစ်စောင် မိတ္တူကူးပို့လိုက်ပြီ။ ဒီနှစ် နောက်ဆုံးစာမေးပွဲ ဖြေပြီးတာနဲ့ ၀င်းမင်းကောင်လေး လာခေါ်ပြီး ထွက်ပြေးမယ်ပေါ့။ အခုတော့ မင်းဘာတတ်နိုင်သေးလဲ။ ဦးက ကြိုတင်ပြီး အချစ်ကြော်ငြာစာတမ်းနဲ့ ပျံလေတဲ့ ငှက်ခါး နားကာမှ သိမယ်” လို့ ဦးရွှေဝင်း စိန်ခေါ်ကြွေးကြော်သံသည် အငယ်လေးကို ချစ်ခဲ့မိလို့(၃) အစဖြစ်သလို အငယ်လေးကို ချစ်ခဲ့မိလို့(၁)၏ အဆက်လည်း ဖြစ်နိုင်သည်ဟု ခံစားမိရပါသည်။
သည်မှာ ဦးရွှေဝင်းတစ်ယောက် ချစ်စုမ စာမေးပွဲ ဖြေအပြီး ပုံမှားရိုက် ဂျစ်ကားဖြင့် တင်ခိုးပြေးခဲ့သည်။ ဒါကို နောက်မှ ချစ်စုမ အကြောင်းစုံသိရသည်။ ချစ်သူဝင်းမင်းက ဦးရွှေဝင်းပို့ပေးခဲ့သော ၀တ္ထုစာမူဖတ်ပြီး ချစ်စုမကို အထင်လွဲ ဒေါသဖြင့်၊ နာကျည်းစွာ ဖြတ်စာရေး၊ စာကို ဦးရွှေဝင်းထံမှ တဆင့် ချစ်စုမကို ပေးစေခဲ့သည်။ ၀င်းမင်းက ချစ်စုမဆီ ဖြတ်စာမရေးခင် ချစ်စုမ စာမေးပွဲအပြီး ခိုးပြေးကြရန် ချိန်းစာကို ချစ်စုမထံ ကြိုပေးခဲ့၍ ဦးရွှေဝင်းတစ်နည်းနည်းဖြင့် သိသည်ကိုတော့ စာရေးဆရာက ဖွင့်ပြမထား။ ၀င်းမင်း နာကျည်းဒေါသဖြတ်စာ ဦးရွှေဝင်းပါ သိစေဖို့ ဦးရွှေဝင်းမှ တစ်ဆင့်ပေးစေခြင်းသည် ဇာတ်လမ်းအကွက် ဆက်မိပါသည်။ ထိုစာပါအရ ဦးရွှေဝင်းက အကွက်ဆင်၊ ၀င်းမင်းပေးခိုင်းသော စာကို သူ့ဂျစ်ကား ဒရိုင်ဘာနှင့် ချစ်စုမစာမေးပွဲပြီးထွက်အလာ ချစ်စုမကိုပေး၊ ဒရိုင်ဘာက ရှေ့နားမှာ ချစ်စုမကို လူတစ်ယောက်စောင့်နေသည် ပြောခေါ်။ ချစ်စုမ မဖိတ်ဘဲ လာခေါ်သော ဒရိုင်ဘာကို မယုံမရဲနှင့် လိုက်လာ။ မြို့ပြင်ရောက်၊ ဂျစ်ကားကို အရှိန်ပြင်းပြင်းနှင့် မောင်းလာနောက် ရုတ်တရက် အရှိန်လျှော့် ဘရိတ်ဆောင့်နင်း ချစ်စုမ ယိုင်သွားပြီး ဂျစ်ကားသံဘောင်နှင့် ရိုက်မိ၊ ကားသမားအပြင် လွင့်ကျ။ ခဏအတွင်း မိုးကာအင်္ကျီနှင့် လူတစ်ယောက် ဆိုင်ကယ်စီးလာ။ ဂျစ်ကားဘေးထိုးရပ်၊ နောက်ဂျစ်ကားပေါ် လွှားကနဲ ခုန်တက်၊ ဂျစ်ကားကို ဒလကြမ်းမောင်းထွက်သွား၊ တစ်ဖက်က စီရာတိုင် ကိုင်ကားမောင်း၊ လက်တစ်ဖက်က ထိခိုက်မိပြီး မူးနေသော ချစ်စုမခါးကို တအားဖက်ထား၊ ပါးစပ်ကလည်း တဟားဟားရယ်ရင်း-
“င့ါအချစ်ဆုံးလေး မင်းဘယ်ကို ပြေးအုံးမှာလဲ။ အချစ်ဆိုတာ စွန့်လွှတ်ခြင်း မဟုတ်ဘူးလို့ ငါပြောထားတာ၊ မင်းမေ့သွားတာလား၊ သနားစရာမရှိဘူးကွမှတ်ထား၊ ချစ်စုမကို ငါလုံးဝ လက်လွှတ်မခံနိုင်ဘူး၊ အသည်းလေး ချစ်စုမရေ ဦးအချစ်ရူးကြီး ကြီးမိုက်ကြီးကို ခွင့်လွှတ်ပေးပါ ကလေးရယ်” စာရေးဆရာ ရုပ်ရှင်ဆန်ဆန် ဇာတ်လမ်းမျိုး ဆင်ရေးပြလိုက်ပုံကတော့ ဇရာအိုကြီး အချစ်မှာ မျက်စိမရှိဆိုသည့် စကားရပ်နှင့် အံကိုက်ပါလား။ “ ထားပါတော့” “ ထားပါတော့” ပြောရမည့်အတွက် တစ်ကွက်ဖြစ်ပါသည်။
ဤလိုဖြင့် ဇရာအို ဦးရွှေဝင်းနှင့် ကညာပျိုမာယာရှင်မလေး ချစ်စုမတို့ သရက်မြို့သွား၊ ဦးရွှေဝင်း သူငယ်ချင်းလူပျိုကြီး ခင်မောင်ကြည်အကူအညီနှင့် အခြေချစည်းပွားရေးလုပ်၊ စီးပွားရေးကို ချစ်စုမ ချုပ်ကိုင်၊ ဦးရွှေဝင်းသူငယ်ချင်း ခင်မောင်ကြည်က ကြီးကြပ်လုပ်ကိုင်၊ ကြာလာတော့လည်း တိုးတက်မှု မရှိ၊စီးပွားရေးကျလာ၊ ထိုအချိန်မှာ ဦးရွှေဝင်းသားကြီးနှင့် ဖုန်းအဆက်အသွယ်ရ၊ ကျန်ရှိသော ဇနီးကြီးနှင့် မိသားစု အခြေအနေဒုက္ခရောက်နေပုံ အစ်မအကြီးဆုံး ဘွဲ့ယူပြီး ယောက်ျားယူတော့မည်။ အမိအဖဖြစ်ခဲ့ရခြင်းမှ ခံစားရမှုအပြည့်ဖြင့် ပြောလိုက်သော ရင်နင့်ဖွယ်စကားမှာ “ အဖေဆိုတာ လူမှုနယ်ပယ်ထဲမှာ ဘာနဲ့မှ အစားထိုးလို့မရပါဘူးအဖေရယ်” ဆိုသော စကားရပ်ကလေးမှာ ခံစားရသူတို့အဖို့ မျက်ရည်ကျ၊ ရင်နင့်စရာမို့ ပြောင်မြောင်လှပါသည်။ သားကြီးဖုန်းဆက်ပြီး ပြောလိုက်သော စကားနှင့် ဇနီးကြီး အိပ်ယာထည်းလည်း၊ မိသားစုတွေ ကသီလင်တာ ဒုက္ခရောက်အသိတို့ ပေါင်းစပ်ပြီး ဦးရွှေဝင်းနှလုံးသားထိခိုက်ခဲ့ရသည်။ ထိုထိခိုက်ချက်နှင့် အကြောင်းပြတွေဝေခဲ့ရသော ဦးရွှေဝင်းကို ချစ်ဇနီးငယ်လေး ချစ်စုမခေါ်သည်ကို မကြားရကောင်းလား၊ အတွေးလွန်နေရသလား၊ အလိုမကျမှုဖြင့် ချစ်စုမက ဦးရွှေဝင်းကို ရင့်သီးအခေါ်ကြောင့် ဦးရွှေဝင်း ဒေါသဖြစ်၊ စိတ်ပျက်ပျက်ဖြင့် အပြင်ထွက်ခဲ့သည့် ဦးရွှေဝင်း အပြင်သွား လက်ဘက်ရည်ဆိုင်မှာ ထိုင်ခဲ့သည်။ စိတ်ပြေပျောက်အောင် လက်ဖက်ရည်ဆိုင် ထိုင်လိုက်ခါမှ ၀ိုင်းတစ်ဝိုင်းဆီးက သူ့ချစ်အငယ်လေးချစ်စုမ ဖောက်ပြန်သတင်းကြားလိုက်ရသည်။ ချစ်စုမသည် ချစ်သူဟောင်း ထောင်ကျဝင်းမင်းနှင့်တွေ့၊ ထောက်ပံ့မှုတွေပေး၊ ဖောက်ပြန်နေခြင်း အကြောင်း ဖြစ်သည်။ ထိုအခါ ဦးရွှေဝင်းထက် ဒေါသထက် “ အသိနောင်တ” ရမိလိုက်ပြီး ဘုရားကျောင်းဆီ ထွက်လာခဲ့သည်။ ဘုရားရောက်တော့ ဘုရားကန်တော့။ ထိုမှ သူ့မယားအငယ်လေးယူခဲ့ပြီး ကိုယ်ကျင့်တရားပျက်ခဲ့ရသည့် ၀ဋ်ကြွေးပေးဆပ်ရခြင်းကျေရန် လျှောက်ထားသည်။ အသိနောင်တလေးနှင့် အိမ်ပြန်လာခဲ့သော ဦးရွှေဝင်း၊ တိုက်ဆိုင်စွာပင် အိမ်ရောက်နေကြသော ချစ်စုမ အဖေနှင့်အမေကို တွေ့လိုက်ရသည်။ ဦးရွှေဝင်း ရောက်လာလာခြင်း ချစ်စုမ အမေက သူ့သမီးလေးကို မတရားခိုးယူပေါင်းသင်းခြိမ်းခြောက် ပေါင်းသင်း၍ အဖေ၊ အမေတို့ လာခေါ်ကြပါဆိုသည့် စာပြသည်။ ဦးရွှေဝင်း ဒေါသဖြစ်ဖြစ်နှင့် ချစ်စုမကို လှမ်းခေါ်သည်။ ချစ်စုမ မရှိ။ ထိုအခါကျမှ အိမ်ဖော်ကောင်မလေးက ချစ်စုမ မရှိတော့ကြောင်းနှင့် ဖြစ်ရပ်အကြောင်းတွေ ပြောပြတော့သည်။ ဗီဇ၀ါသနာကိုယ့်ကျင့်ဖောက်ပြန်သော ချစ်ဇနီးငယ်လေး ချစ်စုမ ဦးရွှေဝင်းယုံကြည် စိတ်ချရသည့် သူ့သူငယ်ချင်းအရင်း ခင်မောင်ကြည်နှင့် တိတ်တိတ်ပုန်းဖောက်ပြန်ရာမှ အခုတော့ သိသိသာသာ သူ့ဂျစ်ကားရော ရှိသမျှ ပစ္စည်းအကုန်ယူ အပိုင်ကြံ ထွက်ပြေးသွားသည်ကို သိလိုက်ရ။ ချစ်စုမ အဖေ ၊ အမေသည်လည်း သမီးဇာတ်သိပြီး ဘာမှ မတတ်နိုင်တော့။ ဦးရွှေဝင်းသည်လည်း နောင်တကြီးစွာရ။
ထိုရေးကွက်သည် စာရေးဆရာ၏ ပိုင်နိုင်သော ကွင်းဆက်အရှိန်မြင့်ကွက် ဖြစ်ပါသည်။ ဤရေးကွက်ပြယုဂ်သည် ဘ၀ သင်ခန်းစာများ၊ အချစ်ဖောက်ပြန်မှုအမှား၏ နောင်တများ၊ အတုံ့အလှည့်များ၊ ကျေးဇူးသစ္စာမဲ့ခြင်းများ၊ အချစ်သစ္စာမဲ့မှုများ၊ ဖောက်ပြန်မှုများကို“ တထွေးကြီး” ဖော်ကျူးစေပြီး ထိုမှ ဦးရွှေဝင်း(၄၉)နှစ်မြောက် ဘ၀သံဝေဂ(၇)ချက်နှင့် အချစ်ဆိုတာ စိတ်ကူးယဉ်လို့ ကောင်းပေမယ့် လက်တွေ့ဘ၀မှာ စိတ်ကူးယဉ် ဆန်လို့ မရ” ဆိုသော ဖော်ကျူးပြသွားပုံမှ ဒဿန မြောက်လှပါသည်။

၎။ ၀တ္ထုတို(၄) “ မုန်းလို့ခေါ်ပါ ကိုကိုရယ်”
လွမ်းစရာ တမ်းတစရာ ၀တ္ထုလေးဖြစ်ပါသည်။ တစ်ဝေးတစ်လံမြို့ကြီးမှ မိသားစုမပါဘဲ တစ်ကိုယ်တည်း တာဝန်ဖြင့် လာရောက်နေသော ကိုမျိုးချစ်ဆိုသူကို ရိုးမအနီး ချင်းရွာလေး က ရိုးသားဖြူစင်လှသည့် ချင်းမပျိုဖြူလေး ခင်ဖုန်း တိတ်တခိုးတ စွဲလမ်းချစ်မိနေခြင်း၊ မြို့ကြီးသားကိုမျိုးချစ်ကလည်း မြို့မှာ ကျန်ခဲ့သည့် ဇနီးကြီးနှင့် မိသားစုကိုမေ့၊ အနီးကပ်တွေ့နေရသော ချင်းမ ပျိုဖြူလေး ခင်ဖုန်းကို ချစ်သည်။ ချင်းမလေး ခင်ဖုန်းမှာလည်း အချစ်ကိုသာ ဦးစားပေး လူပျို၊ လူလွတ်၊ အနှောင်အဖွဲ့ ရှိမရှိ မဆန်းစစ် တုန့်ပြန်ချစ် ချစ်မိလို့ ကိုမျိုးချစ် နာမည်အစား “ ကိုကို” လို့ပင် ချစ်သညာနှင့် ခေါ်ခဲ့သည်။
ကိုကိုဆိုတဲ့ ကိုမျိုးချစ်ကလည်း ကိုယ့်မလွတ်လပ်မှုကို ဖုံးကွယ်ရင်း ကိုယ့်ဘ၀အမှန်ကို မပွင့်မလင်း ဆင်ဝှေ့ရန်ရှောင် သဘောမျိုးနဲ့ ချစ်အငယ်လေး ခင်ဖုန်းကို သွေးတိုးစမ်းရင်း မေးသည်က “ ကိုကို့မှာ တစ်ခြားချစ်ပြီးသား တစ်ယောက်ရှိနေရင် ခင်ဖုန်းက ကိုကို့ကို ချစ်ဦးမှာလား” ဆိုသည်ပင်။ ဤအချက်သည် အချစ်သစ္စာမထားသော၊ ဖောက်ပြန်သော၊ မရိုးသားသော လူတစ်ယောက်၏ ရုပ်လုံးကို ဖော်ပြကွက်ဖြစ်ပါသည်။ ဤတွင် ရိုးသားဖြူစင်သော ချင်းမလေး ခင်ဖုန်း သူ့အချစ် ကိုကိုတစ်ယောက် နောက်ကြောင်းမရှင်း မလွတ်လပ်သော မယားကြီးသားကြီးတွေ ရှိမှန်းသိလိုက်ရသည့်အခါ သူတစ်ပါး မိသားစု ဘ၀ပျက် ဒုက္ခမရောက်စေလိုသော၊ မြင့်မြတ်ပြတ်သားသည့် စိတ်ဖြင့် ကိုယ့်နှလုံးသား အချစ်မိုက်မှားမှုကြောင့် မိရိုးဖလာ အမျိုးအနွယ်ကို ဖျက်သည့် မျိုးဖျက်မ အဖြစ်လည်း မခံလို။ အသိအမြင်မှန်ဖြင့်- “ တစ်ခါက ချစ်ခဲ့ရတဲ့ ကိုကိုရေ။ ခင်ဖုန်းကို မုန်းမေ့ပြီး မုန်းချောင်းရေထဲ မျှောလိုက်ပါတော့။ ဒီအချစ်မျိုး အဖြစ်ဆိုး ဘယ်သောအခါမှ ဘ၀ဆက်တိုင်း မကြုံပါရစေနဲ့” ဆိုသော ချင်းမလေး ခင်ဖုန်း လွမ်းတချစ်အသည်း နာညည်းသံလေးပြု၊ ရှောင်ခွာသွားပုံလေးသည် ချီးကျူးစရာ ကောင်းလှသလို“ ခင်ဖုန်းချင်းမလေးနှင့် အတူရော၍ လွမ်းတ ခံစားမိပါသည်” နောက်ဆုံး ဇာတ်သိမ်း၊မျိုးချစ်တစ်ယောက် သူ့ဇနီးကြီးနှင့် မိသားစု ရောက်လာခဲ့ရာမှ သူ့တိတ်တိတ်ပုန်း အချစ်ခံစားရခြင်းကို ညီညာမှု၊ မညီညာမှု၊ တိုင်းတာဥပမာပြုပြီး တိတ်တိတ် ပုန်းအချစ်အသည်းကွဲခံစားဖောက်ပြန် အလွမ်းအား “ မုန်းချောင်း ရေစီးသံ တဝေါဝေါက လှောင်ပြောင်နေလေပြီ” ဟု တင်စားပေးချက်သည်လည်း “ ထိမိသော တင်စားသရော်ကွက်မို့ ကောင်းပါသည်။ ဆိုရပါလျှင် သနားစရာ ရိုးသားဖြူစင်လှသော အချစ်သစ္စာရှင် ချင်းမလေး ခင်ဖုန်း၏ အလွမ်းဘွဲ့ ဟု ဆိုရနိုင်ခြင်းနှင့် အငယ်လေးကို ဖောက်ပြန်ချစ်သော အငယ်လေးချစ်ခဲ့မိသော ဇာတ်လမ်းဟုလည်း ဆိုရနိုင်ပါသည်။

ဝတ္ထုတို(၅) “ ပန်ချင်ပါလျှက် မခူးရက်ပါ”
အသက်ကြီး လူပျိုကြိး ဆရာ ဦးရေချမ်း အသက်ငယ်ငယ်ရွယ်ရွယ် တပည့်မကလေး ကညာပျို ချစ်နွယ်တို့ တစ်ဦးနှင့် တစ်ဦး အချစ်ကို ဖွင့်မပြောရဲကြဘဲ တိတ်တခိုးနှင့် နှလုံးသားထဲမှ ချစ်နေကြ။ ထိုမှ ဖြစ်ရပ်စုံ၊ ဇာတ်လမ်းကို သင်္ကြန်အကြိုနေ့ ဧပြီ(၁၃)ရက်၊ သင်္ကြန်အကြိုသီချင်းထံမှ အတိတ်ကို ပြန်တူးဖော်တမ်းတလွမ်းရသော ချစ်နွယ်၏ ဇာတ်လမ်း အစလေးဖြင့် ဖွင့်ပြထားသည်။ အသက်ကြီးဆရာ ဦးရေချမ်း တပည့်မ အငယ်လေးချစ်နွယ်ကို တိတ်တခိုးအချစ်။ တပည့်မလေး ချစ်နွယ်ကလည်း တိတ်တခိုးပြန်ချစ်။ အချစ်ကို ဆရာဦးရေချမ်း ဖွင့်ပြောနိုးဖွင့်ပြောနိုးစောင့်စား။ ဖွင့်မပြောတော့ ဖွင့်ပြောဖို့ မာယာပရိယာယ်ဖြင့် လူငယ် အောင်မိုး၊ ၀င်းမြတ်၊ ယောက်ျားရှာ မလေး လင်းလင်းနှင့် အရွဲ့တိုက်တွဲပြသည်။ ချစ်နွယ်တွဲပြသည့် အောင်မိုးမှာ ချစ်နွယ်ကို ချစ်ပြီး စိတ်မချဘဲ အမြဲစောင့်ကြည့်နေသူ။ နောက် ၀င်းမြတ်။ ၀င်းမြတ်ကလည်း ချစ်နွယ်ကို ချစ်၍ အရအပိုင်ချိုင်ယူဖို့ စောင့်နေသော လူလည်။ နောက်ယောက်ျားရှာမလေး လင်းလင်းကလည်း ဘ၀တူဖြစ်သော်လည်း ချစ်နွယ်ကို အချစ်ကြီးချစ်၊ စောင့်ရှောက်သူ။ ငါးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်သည်။ ချစ်နွယ် တကယ် အချစ်ကြီး ချစ်မိသူမှာ ဆရာ ဦးရေချမ်းဖြစ်သည်။ ဆရာ ဦးရေချမ်းကလည်း ဆရာနှင့် တပည့်မငယ် အဖြစ်မို့ ဖွင့်မပြောဘဲ နှလုံးသားထဲ မျိုသိပ် အချစ်နှင့် နေသည်။ ချစ်နွယ်ကို ဖွင့်ပြောရမည့် အချစ်စကားအစား ချစ်နွယ် မမိုက်မှားဖို့ ဆုံးမ စကားများသာ ဖြစ်ခဲ့သည်။သည်တွင် ချစ်နွယ်က အောင်မိုး၊ ၀င်းမြတ်၊ ယောက်ျားရှာမလေး လင်းလင်းတို့နှင့် ပိုတွဲပြသည်။ ယောက်ျားရှာမလေး လင်းလင်းနှင့် တွဲခြင်းကို ဦးရေချမ်း မစိုးရိမ်။ ကျန်နှစ်ယောက်နှင့် တွဲနေခြင်းကိုတော့ စိုးရိမ်သည်။ အောင်မိုးက ရိုးသားချစ်နှင့် ချစ်သော်လည်း ချစ်နွယ်က တွဲရုံတွဲပြ၊ ချစ်အဖြေမပေး။ ဒါ့ကြောင့် အောင်မိုးက ချစ်နွယ်ပိုတွဲနေသော ၀င်းမြတ်နှင့် စိတ်မချနိုင်။ စိုးရိမ်ပြီး ချစ်နွယ် လှုပ်ရှားသမျှ စောင့်ကြည့်ဂရုစိုက်နေသည်။ ၀င်းမြတ်က ချစ်နွယ်လှုပ်ရှားသမျှ စောင့်ကြည့်ဂရုစိုက်နေသည်။ ၀င်းမြတ်က ချစ်နွယ်ကို ချစ်သည်ဆိုသော်လည်း အပိုင်ချိုင်၊ ကိုယ့်လိုဘအတွက်အခွင့်ကောင်း ချောင်းနေသူဖြစ်သည်။ သည်တွင် ချစ်နွယ်က ၀င်းမြတ်ကို ညအချိန်မတော် ဧရာဝတီမြစ်ကမ်းနား ချိန်းလိုက်သည်။ ဤအချက်သည် စာရေးဆရာက သူ့ဇာတ်လမ်း ရှေ့ဆက်ဖို့ ပြလိုက်ခြင်း။ တကယ်တော့ ဆရာ ဦးရေချမ်းကို ချစ်လွန်းသော ချစ်နွယ် လုပ်သင့်ပါသလား၊ နည်းနည်းပဲ ချစ်စိတ်ထားခဲ့သော ၀င်းမြတ်ကို ချစ်နွယ် ညအချိန်မတော် တိတ်ဆိတ်လူပြတ်သည့် နေရာ ချိန်းမည့်အစား သူတကယ်ချစ်နေသော ဆရာ ဦးရေချမ်းကို ချစ်နေကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြခြင်းက မှန်နိုင်သည်။ သို့သော် စာရေးဆရာ စဉ်ထားသော ဇာတ်ကွက်အရ ချစ်နွယ်က ၀င်းမြတ်ကို ချိန်း။ ချစ်နွယ် ၀င်းမြတ်ကို ချိန်းသည့်အကြောင်း အောင်မိုးသူငယ်ချင်းဖုန်းမှ တဆင့်သိ၊ အောင်မိုးက ယောက်ျားရှာမလေး လင်းလင်းကို တဆင့်ထပ်ပြော။ ဒါကို လင်းလင်းက ချစ်နွယ်ဆီသွား။ သူ့အချစ်ရင်ဖွင့်ပြောရင်း ၀င်းမြတ်ဆီ မသွားဖို့နှင့် ချစ်နွယ်အစား ၀င်းမြတ်ချိန်းသည့်နေရာသူသွားပြီး အပြတ်ပြောမည့် အကြောင်း ပြောခဲ့။
စာရေးဆရာက ဤနေရာတွင် အခန်းဖြတ်ပြီး ယောက်ျားရှာမလေး လင်လင်း စာမေးပွဲ အပြီးး အဆိပ်သောက် သေခဲ့ခြင်းနှင့် ဤဖြစ်ရပ်ဇာတ်လမ်းကို နောက်ကြောင်းပြန်နှင့် အောင်မိုးမြင်ခဲ့ပုံ ပြပေးသည်။ ဇာတ်လမ်း အချိတ်အဆက်မိဖို့ ချစ်နွယ်အစား ၀င်းမြတ်ဆီ လင်းလင်းသွားခဲ့။ ညအမှောင် အရက်ရဲဆေး တင်ပြီး ချစ်နွယ်အလာ ကာမ ရယူ အပိုင်ချိုင်ဖို့ စောင့်နေသော ၀င်းမြတ်။ လင်းလင်းကို ချစ်နွယ်ထင် ကြံစည်လိုက်သည်။ ချစ်နွယ်ကို စိုးရိမ်ပြီး တစ်နေရာက စောင့်ကြည့်နေသော အောင်မိုးက ပထမ လင်းလင်းကို ချစ်နွယ်လို့ ထင်ပြီး စိတ်ပျက် ဒေါသထွက်ပြန်လာ။ ထိုစဉ် လင်းလင်းမှာ ကြံစည်ခံလိုက်ရ၍ ငိုယိုပြီး စက်ဘီးကို အတင်းပြန်နင်းလာရာမှ အောင်မိုးမှာ ချစ်နွယ်မဟုတ်မှန်းသိ။ ဤအဖြစ်ကြောင့် လင်းလင်း အဆိပ်သောက်သေရခြင်း။ ဖြစ်စဉ် တရားခံမှာ ချစ်နွယ်ကြောင့် ဟု နာကြည်းစွာ ပြောပြီး အောင်မိုး ချစ်နွယ်ကို လမ်းခွဲခဲ့သည်။ ၀င်းမြတ်ကို ချစ်နွယ်ချိန်းခဲ့သည်။ စာရေးဆရာဆင်ထားသော ဇာတ်ကွက်ဖြစ်၍ ချစ်နွယ်က ၀င်းမြတ်ကို ချိန်းသည့် အကြောင်း ရှင်းမပြ၊ သို့သော် စာဖတ်ခံစားသူများက အတွေးစုံ တွေးကြရတော့သည်။ဖြစ်သင့်တာက အပိုင်ကြံချင်သော ၀င်းမြတ်ကသာ ချစ်နွယ်ကို တနည်းနည်းဖြင့် ရအောင်ချိန်းရမည်။ ၀င်းမြတ်ချိန်း၍ ချစ်နွယ်လာမည်ကို ကတိပေး၊ ထိုအကြောင်း ဖုန်းနှင့်ပြော၍ အောင်မိုးသူငယ်ချင်းမှ တဆင့်သိ။ လင်းလင်းကို ပြောဆိုလျှင် ဇာတ်လမ်းပိုချောပါသည်။ ထိုအခါက လင်းလင်းက ၀င်းမြတ်ချိန်းသည့်နေရာ ချစ်နွယ်မသွားဖို့ သွားပြော။ ချစ်နွယ်ကို မတွေ့ရ။ လင်းလင်းအထင်က ချစ်နွယ်တော့ ၀င်းမြတ်ချိန်းသည့် နေရာ သွားသည်ထင်ပြီး လိုက်သွား။ ၀င်းမြတ်က ချိန်းထားသည့်နေရာကစောင့်။ လင်းလင်းရောက်လာတော့ မူးနေတဲ့ ၀င်းမြတ် ကာမဘီလူးစီးပြီး ချစ်နွယ်အမှတ်နှင့် လင်းလင်းကို ကြံစည်။ ချစ်နွယ်ဆီ လင်းလင်း တားဖို့ သွားသည့်အချိန် ဆရာ ဦးရေချမ်း တစ်ယောက် ရုတ်တရက် ဆေးရုံတင်ရ၍ ချစ်နွယ်သိပြီး ဆေးရုံလိုက်သွားပြုစုနေရ၍ ၀င်းမြတ်ချိန်းသည့်နေရာ မသွားနိုင်ခဲ့ဆိုပါက ဆီလျော်မှု ပိုရှိပါမည်။ ထိုမှ ဆရာ ဦးရေချမ်း ဆေးရုံရောက်၊ ချစ်နွယ်က သူ့အချစ်ကို စံပယ်ပန်းလေးတွေနှင့် ဖွင့်ပြ။ ဆရာဦးရေချမ်းက တုံ့ပြန်မှု မသိရသေးခင်။အောင်မိုးက လင်းလင်း သေခဲ့ရခြင်းမှာ ချစ်နွယ်ကြောင့်ဟုပြောပြီး အပြတ်လမ်းခွဲသွား။ ဤအခါ ချစ်နွယ်ပယောဂကြောင့် လင်းလင်း သေခဲ့ရခြင်းသိရ၍ ရင်ထုမနာနာကျည်း။ နောက်ဆရာဦးရေချမ်း ဆေးရုံဆင်းမည့်ရက် ချစ်နွယ်မျှော်လင့်မှုများဖြင့် ဆေးရုံသွား ဆေးရုံရောက် ဆရာဦးရေချမ်း ဆေးရုံဆင်းသွား။မတွေ့။ ဆရာဦးရေချမ်းအခန်းမှာ သံဘီရိုအဆင့်လေးပေါ် တင်ထားခဲ့သည့် ချစ်နွယ်ပေးခဲ့သော စံပယ်ပန်းခြောက်ကလေးနှင့် စာနှစ်စောင်တွေ့။ ဤအခါ ဆရာဦးရေချမ်းကိုချစ်တယ်။ သို့ပေမယ့် သူ့မှာ ဖြစ်နေတဲ့ ရောဂါကြောင့် သူချစ်သော ချစ်နွယ်ကို သူ့အချစ်မပေးရက်နိုင်လို့ အခုလို ရှောင်ပြေးရခြင်း၊ လွမ်းစာနှင့် ချစ်နွယ်တစ်ယောက် ချစ်သောက ဗျာပါဒ အလွမ်းတွေ တမ်းတ နာကျည်းမှုတွေပြညပီး ချစ်နွယ်အတွေးစဉ်မှာ သူ့ကို ချစ်ရှာလွန်းသော ဘ၀တူ ယောက်ျားရှာမလေး သူ့ကို ချစ်လွန်းလို့ ဘ၀ဆုံးခဲ့ရခြင်း၊ သူ့ကို ချစ်သော အောင်မိုး ခွဲခွာသွားခြင်း၊ သူတိတ်တခိုး စွဲချစ်ရသော ဆရာက သူ့ကို ချစ်ကြောင်း ရဲဝံ့စွာ ဖွင့်ပြောပြီးမှ ဆရာက သူမအချစ်ကို အချစ်နှင့် တုန့်ပြန်ချင်သော်လည်း ဆရာ့ A ရောဂါကြောင့် ရှောင်ပြေးသွားခဲ့၍ အလွမ်းအဆွေးဒဏ်ခံစားရခြင်း။ ဤအခါမှ တစ်နှစ်ပြည့် သင်္ကြန်အကြိုနေ့ ဆရာ ဦးရေချမ်းဆိုခဲ့သည့် သင်္ကြန်အကြို “ ရှာပုံတော် မင်းသားကြီး ” သီချင်းသံလေး ကြားယောင်ပြီး “ နောင်ဘ၀များ ရှိခဲ့ရင်“ ဆိုသော ငြီးတ ဆုတောင်းလေးနှင့် ချစ်နွယ်ကို အလွမ်လေးပြု ဇာတ်သိမ်းပေးထားခြင်းကား “ ပန်ချင်ပါလျှက် မခူး၇က်ပါ” ခေါင်းစဉ်လေးနှင့် လိုက်ဖက်သည်ဟု ဆိုရပါမည်။

ဝတ္ထု(၆) လေလုပွဲ
ဝတ္ထုတိုလေး၏ အဓိပ္ပါယ်သက်ရောက်ထိခတ်မှု များစွာ ရှိလှပါသည်။ အဆင့်အတန်း၊ အနိမ့်အမြင့်၊ လွတ်လပ်မှု စိတ်သဘောထားစီးပိုးမှု၊ ခွင့်မလွှတ် ခွင့်လွှတ်မှု၊ ထိုမှ ရရှိစေသော အသိတရားတို့ကို ရိုးရိုးရှင်းရှင်း ဇာတ်အိမ်လေးဖွဲ့ ပညာပေးပြဆိုထားသည့် “ လေလုပွဲ” ၀တ္ထု ဖြစ်စဉ်မျိုးကို စိတ်ကူးကောင်းကောင်းနှင့် ဖွဲ့ပြမှုကား စာရေးဆရာ၏ ကောင်းလှသော စိတ်ကူးပင် ဖြစ်ပါသည်။

ဝတ္ထုတို(၇) ရင်နာစရာ စကားကို အကြင်နာနားနှင့် ကြားပါရစေ
ဝတ္ထုတို အခန်း(၁)ကို လူ့ဘ၀ဖြစ်ခြင်း၊ ပျက်ခြင်း တရားသဘောနှင့် အစချီပြီး “ မျိုးစေ့မမှန် ပင်မသန်၊ ဖူတံငုံကင်း၊ အသီးဖျင်း၏” ဟု ဆိုသော ရှေးပညာရှိများ စကားဖြင့် ဇာတ်လမ်းဖွင့်ထားပါသည်။
ကိုကျော်ငွေ တစ်ယောက် သားဝင်းထွန်း အကြောင်းပြုခံစား။ ဒေါသထွက်နေခြင်းက ကိုကျော်ငွေ လူပျိုပေါက် ငယ်ချစ်ဦးနှင့် လက်ထပ်ဖို့ ချစ်သူဖခင်ထံ ခွင့်ပန်သည်။ ချစ်သူ ဖခင်က အကျင့်စာရိတ္တ မကောင်းတဲ့ မျိုးရိုး၊ သူ့အဖေကလည်း မိန်းမ လေးငါးယောက် ယူခဲ့တာ၊ ဖအေ့ ဗီဇမပါမှာ မပေးစားနိုင်ဘူး” ရင့်သီးစကားဖြင့် ချစ်သူ နှစ်ဦးနှင့် လွဲခဲ့ရသည့် အတိတ်အကြောင်းပြုပြီး အိမ်ထောင်ရေး တစ်လင် တစ်မယားစနစ် ကျင့်သုံး။ “ မာန” ထားပြခဲ့သည်။ ထိုမှ စာရေးဆရာက “ ငရဲအပ ၀ဋ်အမြဲ” ဆိုရိုးအခြေပြနှင့် ကိုကျော်ငွေ ထားရှိချက်နှင့်မညီ။ ၀ဋ်လည် တန်ပြန်ခဲ့ရပုံ။ ကိုကျော်ငွေ လက်ရှိ ရောက်နေသော ဘ၀နှင့် နောက်အတိတ်က ဖောက်ပြန်ဇာတ်လမ်းအမှားကို ဖော်ပြပြန်သည်။ မုန်းဆည် စီမံကိန်းဖြင့် စလင်းအနောက်ဘက် ဆည်မြောင်းကြားစခန်းတွင် ယာဉ်မောင်းတာဝန်ဖြင့် မိသားစုမပါ ရောက်နေရသည့် ကိုကျော်ငွေ၊ မြောင်ဦးရွာ ထမင်းဆိုင်ရှင် ညီမနှင့်သိရာက ရင်းနှီး။ ရင်းနှီးရာက ငြိစွန်းလျှက် ချစ်အငယ်လေး ဇာတ်လမ်းဖြစ်ခဲ့သည်။သို့သော် ချစ်အငယ်လေး ချင်းမက ကိုကျော်ငွေ နောက်ကြောင်း မလွတ်လပ် ဇနီးကြီးသားသမီးကြီးများရှိသည်ကို သိခဲ့၍ ရန်ကုန် ရှောင်ထွက်သွားသည်။ ထိုအချိန်မှာပင် ကိုကျော်ငွေ ဇနီးကြီးကလည်း ကိုကျော်ငွေ ဖောက်ပြန်မှု သိပြီးလိုက်လာက မိသားစု အတူ နေလိုက်သည်။ ကိုကျော်ငွေ အချစ်ငယ်လေးအတွက် ခံစားလွမ်းရင်း ချစ်အငယ်လေးကို ရှာခဲ့သည်။ ကိုကျော်ငွေ ရင်သွေးလွယ်ထားရသည့် ချစ်အငယ်လေးချင်းမကို ရန်ကုန်တွင် ပြန်တွေ့။ စက်ရုံ စက်ချုပ်သမလေး ဘ၀ဖြင့် ရင်သွေးကိုလွယ် ဘ၀ကို ရုန်းကန်နေသော ချစ်အငယ်လေးအား ကိုကျော်ငွေ ချော့မြူသော်လည်း ဘ၀အမှားသိခဲ့သည့် ချစ်အငယ်လေး ချင်းမ လုံးဝ လက်မခံ၊ သို့သော် လွယ်ထားသော ရင်သွေး အဖေပေါ်ရုံမျှ ခွင့်ပြုပေးသည်။ ချင်းမလေး သမီးမီးဖွား။ ကိုကျော်ငွေ သမီးလေးကို တာဝန်ယူဖို့ ပြောလည်း အငယ်လေး ချင်းမ လက်မခံ။ နောက်ဆက်မှားလာနိုင်သော လမ်းစကို လုံးဝ မလိုလား။ အသိမာန နောင်တ အပြည့်အ၀ဖြင့် ကိုကျော်ငွေ ငြင်းပယ်ခဲ့သည် မကြာခင် အငယ်ချင်းမလေး ကိုကျော်ငွေနှင့်ရခဲ့သည့် သမီးလေး သေဆုံးသွားခဲ့သည်။ ဤနေရာတွင် စာရေးဆရာက မလွတ်လပ်ဇနီးသားကြီးမယားကြီးရှိပြီး အဝေးအလံ သွားရောက်နေကြရသော ယောက်ျားများ“ မီးဝေးချိတ်မာ” ဆိုစကားအတိုင်း အိမ်ထောင်ရေး၊ လူမှုရေး ဖောက်ပြန်မှု၊ အသောက်အစား၊ လောင်းကစား ဖောက်ပြန်မှု ရှိတတ်ကြပုံ၊ မိန်းကလေးတစ်ယောက်အနေနှင့်ကလည်း မစူးစမ်းမဆင်ခြင်ဘဲ အလိုလိုက်မှားခဲ့ရခြင်း အမှားကို သိပြီး နောင်တ ရခဲ့သော်လည်း အမှားဒဏ်ခံခဲ့ရပုံ၊ ထိုအမှားဒဏ် အကြောင်းပြုလျှက် ရှေ့ဆက်မမှားအောင် အသိ-သတိ ခိုင်ကျည်မှုဖြင့် ရုန်းကန်ပုံ ပြသပေးခဲ့သည်။
အတိတ်အကြောင်း ပြန်စဉ်းစားခဲ့သော် ကိုကျော်ငွေ အခု လက်ငင်း သားဝင်းထွန်း ပြဿနာအရေးကို ကြားလိုက်ရလေသည်။ စာရေးဆရာက အိမ်ထောင်ရေးဖောက်ပြန်မှုမျိုးဆက် အနွယ်ကို ဆက်ပြပေးသည်။ အခုသားဖြစ်သူ ၀င်းထွန်း စာရေးမလေးတစ်ဦးနှင့် ဖုံးမနိုင်၊ ဖိမရ ဖြစ်နေခြင်းကိစ္စ၊ ကိုကျော်ငွေ ချာချာလည် ရှုပ်ထွေး ဦးနှောက်ခြောက်သွားရသည်။ လွန်ခဲ့သော တစ်နှစ်ကလည်း သားဝင်းထွန်း ချစ်သူ ကောင်မလေး တစ်ယောက်နှင့် ရန်ကုန်ထွက်ပြေး၊ ရန်ကုန် တရားရုံးတွင် လက်မှတ်ထိုးပေါင်းသင်း၊ နောက် နေရပ် ပြန်လာ၊ ကောင်လေး မိဘများက သူတို့သမီး ပြန်အပ် ရက်(၂၀)ကြာလျှင် မင်္ဂလာဆောင်ပေးမည် ပြောပြီးမှ ၀င်းထွန်းဗီဇမျိုးရိုးမကောင်းဟု အကြောင်းပြဖြင့် လက်ထက်မပေးဘဲ ထားသည်။ သည်ကြားက အခု စာရေးမလေးနှင့် ဖြစ်ပျက်ခဲ့သည်။ စာရေးမလေးမိဖများက သူတို့သမီးကို လက်မှတ်ထိုးအတည်ပြုရမည်။ အကြပ်ကိုင်ပြော ဤတွင် ကိုကျော်ငွေ ဇနီးက စာရေးမလေး မိခင်မှာ ကိုယ်ရေမသန့်၊ ဒုက္ခိတမျိုးရိုးမသန့်အကြောင်းပြပြီး လုံးဝ သဘောမတူ။ ကိုကျော်ငွေမှာ ပြဿနာနှစ်ရပ်ကြား ဦးနှောက်ခြောက် နေခုနှစ်စင်းထွက် အပူမျိုးစုံခံစားမိရင်း ငြီးလိုက်သော။
“ ငါကတော့ လူသူမသိဘဲ မျိုးရိုးဗီဇ မကောင်းတဲ့ အချစ်တဏှာရူးကြီး” ပြောကွက်မှာ စာရေးဆရာ၏ ထိမိစေသော ရေးကွက် ဖြစ်ပါသည်။ ဤလို ငြီးပြရင်း သိပ်မကြာမတင် ကိုကျော်ငွေ ၀န်ထမ်းကောင်မလေးတစ်ယောက်နှင့် မှောက်မှားပြီး ဇနီး မရွှေပိုက ကြိတ်ဖြေရှင်းပေးလိုက်ရပုံကိုပါ အဆစ်ထည့်ပြလိုက်သည်။ ကိုကျော်ငွေ ကိုယ်မှောက်မှားခဲ့သမျှနှင့် သားအမှားများပေါင်းစပ်ခံစားရင်း “ ထမင်းရေပူလျှာလွှဲ” အတ္တ အမြင်အဆိုးမှားဖြင့် သွားလေသူ ဖခင်ကြီးကို - “ ခေါင်းကစားမိုးမလုံခဲ့လို့” ဟူသော ပြစ်မှားစော်ကားစကားဆိုခဲ့သည်။ ဤလိုပြစ်မှားစကားနှင့် ပြစ်မှားခဲ့ခြင်းသည် အနန္တငါးပါးဂိုဏ်းဝင် ဖခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်၍ သံသရာအထိ ဆိုးဝါးစေမည်ဟူသည်နှင့် “ ဗုဒ္ဓ” အဆုံးအဖြစ်သည့် “ ကိုယ်ကျင့်တရားနှင့်တူသော အားကိုးရာမည်သည်မရှိ” ဟူသော မှတ်ချက်ကို စာရေးဆရာက ဂွင်ကျကျ ဖော်ကြူးပြသည်။ နောက်ဆုံး ကိုကျော်ငွေတစ်ယောက် တစ်နှစ်အကြာမှာပင် အကောင်းပကတိကြီးမှ ရူးသွားရပုံဖြင့် ဇာတ်သိမ်းပေးထားသည်။ အနန္တဂိုဏ်းဝင် မွေးသခင်အား နှုတ်ဖြင့် ပြစ်မှားခဲ့ရုံဖြင့် စူးရှသော တန်ပြန်ဒဏ်ဒုက္ခဖြစ်ခြင်း၊ အဆုံးအမကို ထိမိစွာ ပြပေးခြင်း ဖြစ်ပါသည်။ ခြုံ၍ ဆိုရပါလျှင် မိန်းမငါးယောက်ယူခဲ့သော အဖိုးနှင့် အငယ်အနှောင်း သုံးလေးယောက်ထားခဲ့သည့် အဖိုးသား ဖခင်နှင့် မြေးမျိုးဆက်သား။ ထိုမှ မစူးစမ်းမဆင်ခြင်အချော့အမြူအပေးအကမ်းပရိယာယ်များကြားဆင်ကန်းတောတိုး အချစ်ကိုပုံအပ် မှားခဲ့ကြသော မိန်းကလေးများ “ သတိနှင့် အသိ ကိုယ်ကျင့်” ပညာပေးကို စာရေးဆရာသည် သူ၏ အရင်းနှီးနှင့် ထုံမွှမ်းပေးလိုက်သည်ဟု ဆိုရမည်လား။

ဝတ္ထုတို(၈) “ ပုဂ္ဂိုလ်မ၍ စားရသည်”
ထိမိသော ရှားရှားပါးပါး ဥာဏ်ကွန့်ရိုက်ချက်ကလေး ဖြစ်ပါသည်။ (၆)နှစ်အရွယ် သမီးငယ်လေးက သူ့အမြင် သူ့အသိဖြင့် ဖခင်ဖြစ်သူ ရရှိသည့် လခကို မေးလိုက်ခြင်းအား ဖခင်ဖြစ်သူက အိမ်ကန်တော့ပွဲနောက်မှ ဘိုးတော်ပုံထဲပါ“ ၀ ” တစ်လုံးက နှစ်လုံး သုံးလုံးလေးလုံး ဆတိုး ပြောပြလိုက်ရုံဖြင့် သမီးလေး ဥာဏ်ထက်ထက်ဖြင့် ဖခင်ရသည့် လခ ၈၀၀ိ/- တွင် ၀လုံးအစား သုညအဖြစ် ပြောင်းလျှက် ဖခင်လခ သုည နှစ်လုံးနောက်မှ သုညနှစ်လုံးထပ်တိုးပေးလိုက်၍ လခ၈၀၀ိ/- အစား ၈၀၀၀၀ိ/- ဖြစ်သွားရခြင်းပင်။ သမီးလေး ဥာဏ်သွား တွက်ပြပေးသည်ကို ဖခင်ဖြစ်သူ အဖြစ်မှန်အံကိုက်နေ၍ သမီးလေးကို ချီးကြူးရင်း “ မြန်မာ့တန်ခိုးနဲ့ နှစ်ဆတိုး” ဘိုးဘိုးအောင် သီချင်းသံ ကြားယောင်လိုက်မိခြင်း၊ ဆက်စပ် ပေးလိုက်ပုံကား “ ပုဂ္ဂိုလ်မ၍ စားရသည်” ခေါင်းစီး အဓိပ္ပါယ် ထိမိသလို “ လိုအပ်” “ ဖြစ်နေမှု” “ အခြေအနေ” ကိုလည်း ရိုက်ချက်လှပါပေသည်ဟု ဆိုချင်ပါသည်။

ဝတ္ထု(၉) အဖြူရောင် ခြားနားချက်
ဖြစ်ရပ်မှန်ပေါ် အခြေခံ၍ “ အမှန်နှင့်အမှား” ရလိုမှု၊ အတ္တလောဘတို့အား ကာလအခြေအနေ၊ အချိန်အခါ အပေါ် “ အဖြူ” ရောင်မှန်သော်လည်း ဆေးဗူး ကုတ်နံပါတ်ချင်းမတူ ညီပါက အဖြူရောင်နှင့် ပွတ်ခါသီခါ ခြားသွားစေသော အရောင်ပျက်အား နှိုင်းပြတင်စားထားပါသည်။ စာရေးဆရာ တင်စားနှိုင်းပြ အတွေ့အကြုံအရ ဘယ်သို့ ငြင်းနိုင်ပါမည်နည်း။

ဝတ္ထု(၁၀) “ ဆရာတော်ပေးသော ကလောင်လက်”
စာရေးဆရာ ကိုယ်တွေ့ခံစားရရှိ“ အသိ-သတိ” တရားများကို ဖွင့်ဆိုပြရင်း တိုင်တည် အဓိဠာန်ဖြစ်သည်။ စာရေးဆရာ ရရှိခဲ့သော အသိ-သတိတရားများကို စာဖတ်သူများအား မျှဝေပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။
သောက်သောက်စားစားမိုက်မှားနေသော စာရေးဆရာကို သားအရွယ် ကလေးငယ်လေးက သူဖတ်မိသော စာရေးဆရာ ပညာရှင် ဒေါက်တာ မင်းတင်မွန်၏ “ ဘ၀အောင်မြင်ရေး ကို ရှေ့ရှုကြ” ကျမ်းစာအုပ်ကလေး ဖတ်ကြည့်စမ်းပါ၊ ပြောရင်း စာအုပ်ကလေး ပေးသည်။ စာရေးဆရာ အရူးသမား ဖတ်ကြည့်မိသည့်အခါ ညအမှောင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင် လှိုင်းလေတွေကြား ဒုက္ခရောက်သေပွဲဝင်ရတော့မည်ကို တံငါ “ သတိ၊ အသိ အမှတ်တရား” ရ ဘုရား၊ တရား၊ သံဃာ သရဏဂုဏ်တော် ရွတ်ဖတ်ပူဇော် သမ္မာဒေ၀ နတ်များအား တိုင်တည်သည်။ ထိုအခါမှ သေတွင်း ဒုက္ခမှ လွတ်မြောက်ခဲ့ရသည်။ ကိုယ့်ဘ၀လမ်းကြောင်းမှန်သိ ကျင့်ကြံအားထုတ်မှု ပြုကျွတ်လွတ်မှု ရစေခြင်း၊ လမ်းညွှန်ပမာပြဖြစ်သည်။ ထို့ကြောင့် စာရေးဆရာသည် သားအရွယ်ကလေးကပင် ဤလိုပညာရှင်၏ ပညာပေးကျမ်းစာပေး ဖတ်ရှုအသိရဖတ်စေဖို့ပြောခြင်းသည်
(၁) အသိတရားရှိဖြင့် မိုက်မှားနေသော ကြီးမိုက်(လူကြီးမိုက်)ကြီးကို အသိတရား နည်းသေးသော၊ သားအရွယ် ကလေးငယ်သည် သူဖတ်ရှုမိသော ပညာရှိ စာပေကျမ်းလေးဖြင့် အမှားအမှန်မိုက်မဲမှု၊ လိမ်မှာမှု၊ အသိရခဲ့ခြင်း ပေးနိုင်ခဲ့ပုံ။
(၂) စာပေပညာအကျိုးသည် အသိအလိမ္မာကိုလည်းကောင်း၊ ဆင်ခြင် စောင့်စည်းမှု အသိအမြင်တို့ကို ပေးခြင်းဖြစ်သည်ကို လည်းကောင်း။
(၃) ငယ်ပင်ငယ်ငြား အသိကြွယ်၍ နှိုင်းဆနိုင်မှု ရှိခဲ့၍ ကြီးပင်ကြီးငြား မိုက်နေသော လူမိုက်ကြီးများအတွက် လမ်းညွှန်တစ်ရပ်၊ သို့မဟုတ် ပညာပေး“ လှောင်ပြောင်” ပြကွက် ဖြစ်ပါသည်။
ဤ(၃)ချက်ကို စာရေးဆရာ ကိုယ်တိုင် ခံယူကျင့်သုံးဘ၀အပြောင်းအလဲ ဖြစ်လာရပုံမျိုးဖြင့် သူ၏ အတ္တလောဘမောဟ အမှားနှင့် ညာဘက်လက်ကောက်ဝတ်ကို အိပ်မက်ထဲ အဖြတ်ခံရပုံ၊ ဆရာတော် တစ်ပါးက အတ္တလောဘ မောဟ နည်းသော၊ သာသနာပြုလက်သစ်ကို ပြန်တပ်ပေးလိုက်ပုံ။ ထိုညာဘက် လက်သစ်ဖြင့် ဘုရား၊ တရား၊ သံဃာ သရဏဂုံ အမြဲတည်စေလျှက် မွန်မြတ်စိတ်ထားလက်မှ ကလောင်တွင် တည်စေပြီး အကျိုးပြုဘာသာ၊ သာသနာပြု စာပေများ ရေးသားသွားရန် သစ္စာပြုသည်။ ထိုသစ္စာပြုမှုကို ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့သည့် ရွှေပေါ်ကျွန်းစေတီတော်ဝင်ကျောင်းဇေယျသိဒ္ဓိဓမ္မ ဥာဏိက ဆရာတော်ကြီးအား ရည်မှန်းတိုင်တည်ခဲ့ပြန်သည်။ ဤသည်ကား စာရေးဆရာ၏ စာပေ ကလောင်အတွက် သစ္စာပြုခြင်းအား “ ဆရာတော်ပေးသော ကလောင်လက်” ၀တ္ထုတိုလေးဖြင့် စာဖတ်သူများ သိစေ မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။
ဤသို့ဖြင့် ကျွန်တော်တို့သည်လည်း ဆရာရွှေလမ်းငွေလမ်း ၀င်းကြည်၏ ညာဘက်လက်သစ်ကလောင်မှ စာကောင်းပေမွန်များအား စောင့်မျှော်ကြိုဆိုရင်း ဆရာ၏ အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝတ္ထုတိုများ” (၁၀)ပုဒ် ခံစားရရှိမှုကို သုံးသပ် တင်ပြလိုက်ရပါသတည်း။ ။



ထက်ကောင်းလတ်(မင်းဘူး)

ဦးခင်လတ်(သင်းချိုလတ် စာပေ)
မင်းဘူးမြို့

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ဇူလိုင်လ(၃၀)ရက်၊ ည(၁၀)နာရီ ကူးယူတင်ပြပေးပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဝေဖန်ရေး ဒုတိယဆုရစာမူ-ဆရာ ထက်ကောင်းလတ်(မင်းဘူး) ini dipublish oleh shwelannwelanwinkyi pada hari Thursday, July 30, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဝေဖန်ရေး ဒုတိယဆုရစာမူ-ဆရာ ထက်ကောင်းလတ်(မင်းဘူး)
 

0 comments: