အဖေများနေ့အား ဘလော့ကာဆရာခွန်ဆိုင်း၏ ၀ထ္ထုဖြင့် ဂုဏ်ပြုလိုက်ပါသည်။

ကျွန်တော်နဲ့ ဒုက္ခိတမောင်ညို..အပိုင်း၃-(ဇတ်သိမ်းပိုင်း)
စာရေးသူ ဘလော့ကာဆရာခွန်ဆိုင်း




“ဟုတ်မှ လုပ်ပါ၊ မောင်ညိုရာ။ မင်းကောင်မလေးကို ဘယ်လိုအစာခွံ့မှာလဲ”



ပျင်းစရာကောင်းလှတဲ့ ဒီအရပ်မှာ ရှေ့အဆောင် ခေါင်မိုးပေါ်က ခိုစုံတွဲတွေ တကောင့် တကောင် အစာခွံ့တာလဲ တခါတခါ ငေးပြီး ကျွန်တော်တို့ ဇာတ်လမ်းလုပ်ရပါတယ်။ ခုလဲ မောင်ညို နောက်ပိုး ပိုးတော့ သူ့အတွက် စဉ်းစားမိတာက ဒီကောင် သူ့ခိုမလေးကို အစာခွံ့နိုင်မှာ မဟုတ်ဘူး ဆိုတဲ့အချက်။



“အချစ်ရေ မြေပဲတွေ ကျွေးပါ့မယ်ဆိုပြီး နောက်ပိုးပေါ့ .. သားရယ်” မောင်ညိုကို ကြည့်ပြီး အားလုံး ပျော်တော့ ပျော်ကြတယ်။



ဒါပေမယ့်ဗျာ။ ဒီအပျော်လေးက မကြာရှည်လိုက်ပါဘူး။ မှတ်မှတ်ရရ ။ ၁၉၉၉ ဧပြီဒုတိယပတ် အ၀င်မှာပေါ့။



အဲဒီနေ့ မနက်စောစော ဗြုန်းစားချည်း အခန်းရှေ့ ၀န်ထမ်းတယောက် ပေါ်လာပြီး “ကဲ ခွန်ဆိုင်း ပစ္စည်းတွေအကုန်သိမ်း အထုတ်ပြင်ထား ခဏနေလာခေါ်မယ်” ဆိုတဲ့ အမိန့်ရောက်လာပါရော။ ကျွန်တော်သိလိုက်ပြီ။

“ငါတော့ရွေ့ပြီ .. ဟေ့” အခန်းထဲက လူတွေအားလုံးသိအောင်အော်ပြောလိုက်တယ်။



“အဘ ဘယ်ကို ရွေ့မှာလဲ။ ဟေ - ဘယ်သိပါ့မလဲကွာ ဝေးရာ တနေရာရာပေါ့ကွာ”



ပစ္စည်း သိမ်းတာက လွယ်တယ်။ ခေါက်ထားတဲ့ စောင်နဲ့ အနွေးထည်တွေကို (၅) ကျပ်တန် ကျွတ်ကျွတ်အိတ် (၂) လုံးထပ်ပြီး လုံးထွေး ထည့်လိုက်တာပဲ။ နောက်တအိတ်က ပလပ်စတစ် ပုဂံခွက်ယောက်စတဲ့ အသုံးအဆောင် တချို့ထည့်။ အေးတဲ့နေရာ ရောက်နိုင်တယ်။



“စောင်တွေတော့ယူ သွားမယ်ဟေ့။ တယောက်နဲ့တယောက် ရန်သတ်မနေနဲ့။ လိမ်လိမ်မာမာနေ။ အသက်ရှင်အောင် မွေးကြကွာ။ ” တိုတိုပဲမှာလို့ရတော့တယ်။



“ကိုမြဖေ - ခင်ဗျားက သိတ်မသောက်နဲ့တော့။ ကလေးနဲ့ မိန်းမ ကို သနားဦး။ နောက်ထပ် တကြိမ်ဆို (၄) ကြိမ်။ မှတ်ဖို့ကောင်းပြီ။”



“စိုးလွင် - မင်းက ငှက်ကြမ်းတဲ့ ရဲဘက်နေရာမျိုး ရောက်ရင်ရောက်မှာ။ အသက်ရှာကျန်မွေး။”



“မောင်အေး ….. မင်းကဧည့်စာရင်း မှုပါကွာ။ နှစ်ပတ်လောက်ကို နေ့တိုင်းမျက်ရည်စမ်းစမ်းလုပ်မနေစမ်းနဲ့။”



ဘာပြောရမှန်းမသိ မျက်ရည်လည်နေရင်း ဦးချနေတဲ့ ထွန်းခင်လေးကို တော့ နောက်ဆုံးမှ အဓိကထားပြီး … “အရေးအကြီးဆုံး တခုမှာမယ်ကွာ။ ငါ့ သားလေး မောင်ညိုကို အစာကျွေးကြပါ။ပစ်မထားပါနဲ့.. မောင်ထွန်းခင် တာဝန်ယူကွာ။ သူ့ကို ကယ်ရင် ကိုယ်လည်း ကုသိုလ်ရတာပဲ…၊ မင်းအသက်တခါကယ် ငါ့အသက်ဆယ်ခါကယ် လို့ဆုတောင်းပေါ့။ ရွာက အမေနဲ့ အမြန်ဆုံးပြန်ဆုံပါစေ ဆုတောင်း အစာကျွေးပေါ့။ ငါ -ငါးပိကျော်လေး တဗူးတော့ ယူသွားမယ် ကျန်တဲ့စားစရာတွေ ထားခဲ့မယ်။ မင်းတို့ ညီညီမျှမျှဝေမျှစားလိုက်ကြနော်။ မြေပဲထုတ်ကို မောင်ညိုအတွက် ထားပေးပါ။ မြေပဲ ကုန်သွားလည်း ရှိတာကျွေး၊ အငတ်တော့ မထားလိုက်ပါနဲ့။ ငါ့ကိုသတိရရင် မောင်ညို့ကို စောင့်ရှောက်ကြပါကွာ။“



ကျွန်တော် မောင်ညို့အတွက် ပူတယ်။ ဒါပေမယ့် အလွမ်းဇာတ်က ပေရှည်ဖို့ ခွင့်မပြုဘူး။ ခဏနေတော့ ကိုယ်ခြေထောက်မှာ သံခြေကျင်းတွေနဲ့ ဖြစ်နေပြီ။

“သားရေ ….. မင်းကို အဖေကြီး ကြိုးချည်ထားမိလို့ ပြန်ချည်ခံရပြီ ထင်ပါရဲ့ ……..”



မကြာခင် အလုံပိတ်ကားကြီးတွေပေါ် ရောက်သွားပြီ။ အတူတူခရီး သွားရမယ့် အဖေါ်တွေက အတော်များသား။ ကားတွေ စထွက်တော့ သေနတ်ကိုင်တွေက ခေါင်မိုးတန်း တွေပေါ်မှာ အသင့်အနေအထား။ ခေါင်းမထောင်နဲ့တဲ့။ တနေရာရောက်တော့ ကားတန်းက ယာဉ်ကြော ညှပ်နေပုံရတယ်။ သူတို့ အချင်းချင်းပြောနေတာ နားစိုက် လိုက်တော့ ရွေတိဂုံ ထီးတင်တဲ့နေ့။ လူတွေ ကြိတ်ကြိတ်တိုးနေကြသတဲ့။ ဒါဆို ကိုယ်တို့က ဗဟန်းအ၀ိုင်းကနေ ဘူတာကြီးဘက် ရွေ့နေတာဘဲ။ သိပြီ။ အညာကိုရွေ့တော့မှာ။



မွန်းနဲနဲစောင်းတော့ ဘူတာထဲ စ၀င်ရပြီ။ တဖက်က သံခြေကျင်းဆွဲ၊ တဖက်က ပြွတ်သိတ် ထည့်ထားတဲ့ ကျွတ်ကျွတ်အိတ်ကြီး နှစ်လုံးဆွဲ။ လူက စုတ်တိစုတ်ပြတ် ပုံတော်တော်ပဲ့နေမှာ။ ဘူတာ စင်းကြန် နံပါတ်(၃)ထဲကို နှစ်ယောက်တတွဲ လျှောက်ဝင် လာကြတော့ ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တခုလိုနေမယ်။ အမေတွေများတွေ့ရင် ရင်ကျိုးကြမှာ။



ရဲတွေက စစ်ကြိုခေတ် ငါးတောင့်ထိုး ရိုင်ဖယ်အစုတ်ကြီးတွေနဲ့ ဘယ်ညာနှစ်ဖက်ညှပ် အရံသင့် အနေအထားမှာ။ တချို့ရဲတွေဆီကလည်း တာဝန်အရ လုပ်နေရတာ ဆိုတဲ့ မျက်လုံးတွေကို ဖတ်မိတယ်၊ သနားတဲ့အကြည့်တွေ။



မသနားနဲ့ဗျို့။ မျှော်လင့်ပြီးသား။ ဒါတွေကို ကျုပ်တို့ ကြိုတွေးပြီးမှ ပိုင်းပိုင်းဖြတ်ဖြတ် လုပ်ခဲ့တာ။ ခင်ဗျားတို့ ဘ၀ကကော သနားစရာ မကောင်းဘူးလား။ ကျုပ်တို့ဘ၀နဲ့ ဘယ်လောက်ကွာလို့လဲ။ အဖာတရာ ယူနီဖေါင်းတွေ။ သေနတ်စုတ်တွေနဲ့။ ရဲဘ၀ကလွတ်အောင်ရုန်းလို့ရလို့လား။ ထွက်ခွင့်ရှိလို့လား။



လူတွေက စိတ်ဝင်တစား ကြည့်နေတယ်။ အနားတော့မကပ်နိုင်ဘူး။ ရုပ်ရှင်ပြန်ရိုက် ရရင် ကောင်းမှာ။ ခေါင်မိုးပေါ်က တက်ရိုက်ချင်တယ်။ အရေးထဲ ရုပ်ရှင်ရိုက်ချင်နေသေး။ ကိုအောင်နဲ့ ဂျပန်ကြီးက “ကျွန်တော်တို့ ကျောင်းသားတွေ“ လူတွေကြားအောင် အော်ပြောလိုက်တယ်။ ညစ်ပေနေတဲ့ အပေါ်ဖြူ အောက်ဖြူတွေရယ်။ ဗြုတ်စဗြင်းတောင်း ၀န်စည်စလွယ်တွေရယ်။ သံခြေကျင်း တခြွမ်းခြွမ်းတွေကြားမှာ ကျွန်တော်က ကြည်သာငြိမ်းကို ရီကျဲကျဲကြည့်တယ်။ လူတွေ ယုံပါ့မလား ဆိုတဲ့သဘောပါ့။ ဒီ အကျဉ်းသားတန်းကြီးထဲ ကျောင်းသားနဲ့ တူတဲ့လက္ခဏာ ဆိုလို့ ဘယ်သူ့ဆီ ဘာကျန်ဦးမလဲ။ စိတ်ဓါတ်လောက်ပဲ ကျန်တော့တဲ့ဟာ။ လူအုပ်ကြီးက ဝေခွဲ မရနိုင်တဲ့ တိတ်ဆိတ်ခြင်းတွေနဲ့ မှင်သက်နေ။ ရဲဘက်တွေလား၊ တကယ်ကျောင်းသားတွေလား။



ကျွန်တော်က ဘာကြောင့်မှန်းမသိ သားကို သတိရနေတယ်။ ဒီအချိန်ဆို သား အခန်းထဲဝင်လာပြီ။ သရဲတွေကို ကျော်ခွပြီး သူ့အဖေကြီးကို ရှာနေလောက်ပြီ။



“ဒီတခါတော့ အဖေကြီး မနောက်ဘူး .. သားရေ။ နေရာပြောင်း အိပ်ပြီး သားကို ကျီစားနေတာ မဟုတ်ဘူး။ အဖေကြီး တကယ်မရှိတော့တာ ဘယ်သောင် ဘယ်ကမ်း ဆိုက်မယ်မသိ၊ တကယ် ရွေ့သွားတာ၊ သား အစာ ဖြောင့်ဖြောင့်စားပြီးမှ ပြန်နော်”



ကျွန်တော့်ရင်ထဲမှာ ကြပ်လာတယ်။ ငါ မောင်ညို့ကို အပြီးခွဲခဲ့ရတာ၊ တကယ် ခွဲခဲ့ရတာပဲ။ ဒါ သေချာတယ်။ မိခင်၊ ဖခင်တွေ၊ ချစ်သူတွေ၊ သေကွဲ၊ ရှင်ကွဲ ကွဲကြရတဲ့ ဒီလမ်း။ ခရီးသွားဖေါ် အားလုံးလဲ ကိုယ့်လိုပဲ ကျန်ခဲ့ ချန်ခဲ့ရတဲ့ ချစ်သူ၊ ခင်သူတွေကို သတိရနေကြလိမ့်မယ်။ ကိုယ်ကအဟိတ် တိရိစ္ဆာန်လေး တကောင်အပေါ်တောင် ဒီလောက် သံယောဇဉ်ဖြစ်ရင် သားသမီး အရင်းတွေကို ခွဲရသူတွေ ပိုဆိုးမှာ။ ဘယ်လောက် စိတ်ထိခိုက်ကြမှာပါလိမ့်။



ဘ၀သံသရာ ရထားကြီးရဲ့ ဒီတခါ ကျွန်တော်တို့ တက်ရတဲ့ တွဲကတော့ အထူးတွဲ တမျိုး။ သံလှောင်အိမ်ကြီး တခုပါပဲ။ တွဲကို အလျားလိုက် (၂) ခြမ်း ကန့်ထားတယ်။ ထူးတာက ကျွန်တော်တို့ အကန့်ဘက်မှာ ပြုတင်းပေါက်တွေ ဖေါက်မထား။ ထုကောင်းတဲ့ သံနံရံကြီးတွေ။ အစောင့်တွေ အခြမ်းမှာတော့ ပြုတင်းပေါက်တွေရှိ။ သူတို့နဲ့ ကျွန်တော်တို့ကြားမှာ သံဇကာ။



တွဲပေါ်တက်ခါနီး စွန့်စွန့်စားစား လူတယောက်အနားကပ်လာပြီး ကွမ်းထုတ်တွေပေးတယ်။ ပေးလည်းပေး မေးလည်းမေးပေါ့။



“ဆရာ ဘယ်ပြောင်းရမှာလဲ” တဲ့ ။



လားလား။ စစ်ပြန်ကြီး ဦးနော ပါလား။ လမ်းပိတ်ဆို့မှုဆိုတဲ့ စည်ပင်ကတရား စွဲတဲ့အမှုနဲ့ ကျွန်တော့် အခန်းမှာ (၃) လ လောက်နေသွားတာ။ အမှုနာမည်ကတော့ ဘာလိုလို။ မရှင်းလို့ သေချာမေးမှ ယဉ်ကျေးအောင် သုံးထားတဲ့ နာမည်တဲ့။ အမှန်ကတော့ တောင်းရမ်းစားသောက်မှု။ ဗိုလ်ချုပ်ဈေးမှာ စားပေါက်ချောင်လို့ လုပ်ရင်းက စည်ပင်နဲ့ ငြိတာ။



“မသိသေးဘူးဗျာ… ဒီတခါ ခင်ဗျားက.. ဘူတာကြီးမှာ ခွင်ကျနေတာလား” သူက ပြုံးဖြီးဖြီး လုပ်နေတယ်။ သူတို့နဲ့ နေခဲ့တုန်း ရလာတဲ့ အထွေထွေ ဗဟုသုတတွေပေါ့။ သူတို့ခွင်တွေကို ကျက်မိနေတယ်။



“ဆရာ့မောင်ညိုလေးကျန်ခဲ့ပြီပေါ့”



“အော်..သူမှတ်မိနေရှာတာကိုး”



ကျွန်တော်ဘာမှ ပြန်မပြောနိုင်ဘူး။ ခဏပဲကြာမယ်။ ရဲက လာမောင်းထုတ်လိုက်လို့ သူ ထွက်သွားရတယ်။ ကျေးဇူးပြုဖူးရင်း ကျေးဇူး ရတတ်ပါတယ်။ တွေ့လား သားရေ အဖေကြီးကို ကွမ်းထုတ် လာကမ်းတာ။





မကြာခင် အညာဆန် လောကယ် သံသရာ ရထားကြီး ရွေ့ပါတယ်။ ဧပြီ ဒုတိယပတ်ထဲ ကူးပြီဆိုတော့ လမ်းဘူတာတွေက ချစ်စနိုး ရေတွေ စပက်နေပြီ။ အထဲကနေ အသံတွေကြားတယ်။ အစောင့်တွေက လမ်းတလျှောက် ဘူတာတွေနား ရထား ရောက်ခါနီးတဲ့အခါ ပြူတင်းပေါက်တွေကို လိုက်ပိတ်တယ်။ လူတွေမြင် စပ်စုမှာကြောက်တယ်။ တလမ်းလုံးတော့ သူတို့လည်း ပိတ်မထားနိုင်ဘူး။ ရထားတွဲက သံအိမ် သေတ္တာကြီးလို ပိတ်လှောင်၊ အိုက်စပ်နေလွန်းတော့ မွန်းကြပ်ပြီး သူတို့လည်း မနေနိုင်ပါဘူး။ အမျိုးသမီးတွဲက နောက်မှာ သတ်သတ်ပါလာသေး။ အာဂ မိန်းခလေး (၆) ယောက်ကို တွဲ တတွဲ ချိတ်ပြီး ခေါ်လာတယ်။ မိဘတွေကတော့ ပိုးလို အုထားခဲ့မှာ သေချာတယ်။



တောင်ငူရောက်တော့ တော်တော်ကြာ ရပ်တယ်။ အော်သံတွေ နားထောင်ပြီး တောင်ငူရောက်ပြီဆို တာသိတာ။ နောက်တော့ ငှက်ပြောသီးတွေ ကွမ်းယာထုတ်တွေ ဆေးလိပ်စည်းတွေ မုန့်တွေ တပုံကြီး အစောင့်တွေက လာပေးတယ်။



“ခင်ဗျားတို့ ဆက်သွယ်ရေး စက်များ ပါသလားဗျာ။ ဘယ်က ဘယ်လို သတင်းရလဲ မသိဘူး။ ခင်ဗျားတို့ ဘော်ဒါတွေက …. အသင့်စောင့်ပြီး …… ဒါတွေ ဝေခိုင်းလိုက်တယ်ဗျ”



အေးလေ အင်းစိန်က အထွက် ဒါမှမဟုတ် ဘူတာကြီး လူအုပ်ထဲက မြင်လိုက်တဲ့ တယောက်ယောက်က ဖုံးဆက် အကြောင်းကြားထားလိုက်လို့ ဖြစ်မှာပေါ့။ ကောင်းတာလုပ် ကောင်းတာဖြစ်ပါတယ် သားရေ။



ဒီခရီးကြမ်းကြီးမှာ သားကို အဖေ ထာဝရ ခွဲခဲ့ရပြီဆိုတာ အဖေသိပါတယ်။ ဘယ်သူတွေကော သူတို့ရဲ့ မိခင် ဖခင်တွေ ရင်သွေးတွေ ချစ်သူတွေကို ထာဝရ ခွဲထားရစ်ဖို့ ဒီခရီးကို နှင်နေပြီလဲ။ အဖေကြီးမသိ။ ဒီအမှောင်ထုကြီးအောက်မှာ ဒီလိုဘဲ ဒို့သားအဖရဲ့ ချစ်ခြင်းတွေ ကွေကွင်း နင်းချေ ခံရကြရဦးမယ်။



ဒီ အမှောင်ထုကြီးထဲကနေ ငြိမ်းချမ်းတဲ့ အပြာရောင် ကောင်းကင်ကြီးအောက် မရောက်ရောက်အောင် အဖေကြီးတို့ ဖေါက်ထွက်ပါ့မယ်။ ကြိုးစား လျှောက်ပါ့မယ်။ အဖေကြီး ဆုတောင်းတယ်။ သားလေးလဲ ဒုက္ခိတဘ၀က အမြန်ဆုံးလွတ်ပြီး အေးချမ်းတဲ့ ဘ၀ အမြန်ရပါစေ။ နောင်သံသရာမှာ ပြန်ဆုံကြတဲ့အခါ အဖေအရင်း သားအရင်းအဖြစ်နဲ့ ပြန်ဆုံကြရအောင်နော်။



ခွန်ဆိုင်း (၁၂.၅. ၂၀၀၉)

၉၈-၉၉ ကာလများအမှတ်တရ

စာရေးသူ ဘလော့ကာဆရာခွန်ဆိုင်း နှင့် ကောင်းကင်အနုပညာရသမဂ္ဂဇင်းအယ်ဒီတာ..ခင်ဗျား
အနုပညာရသမြောက်သော ဆရာတို့ဝထ္ထုအား ကြိုတင်ခွင့်ပြုချက်မယူခြင်းကို နားလည်ခွင့်လွတ်ပေးကြပါရန် တောင်းပန်အပ်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
(၂-၇-၂၀၀၉)နံနက်၈ နာရီ။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: