အဖေများနေ့အား ဆရာခွန်ဆိုင်း၏ ၀ထ္ထုဖြင့် ဂုဏ်ပြုလိုက်ပါသည်။

ကောင်းကင်အနုပညာရသ မဂ္ဂဇင်းမှ ဘလော့ကာဆရာခွန်ဆိုင်း၏ ၀ထ္ထုအားတင်ပြပေးပါသည်။



ကျွန်တော်နဲ့ ဒုက္ခိတမောင်ညို ….. အပိုင်း(၁)

(အမှောင်ခေတ်ထဲက သားအဖရဲ့မေတ္တာဘွဲ့)





အဲဒီတုန်းက ခိုတအုပ် ကျွန်တော့် အခန်းရှေ့မှာ အစာလာ ကောက်ကြတော့ မောင်ညိုကို “စ” သတိထားမိခဲ့တာ။ သတိထားမိခဲ့ပုံကလဲ တခြားခိုတွေ ပျံသွားလို့မှ သူကမပျံဘဲ အစာကောက်ကျန်နေခဲ့။ နောက်တခေါက် ခိုအုပ်တွေ ထပ်ကျ လာတော့လည်း မောင်ညိုတကောင်ထဲ ထူးထူးခြားခြား ကျန်ရစ်ပြီး သဲသဲမဲမဲနဲ့ အစာဆက်ကောက် နေခဲ့တာတွေကြောင့်။



ဘာကြောင့်များပါလိမ့်၊ သူအစာကောက်နေပုံက ထူးတယ်။ တမျိုးဖြစ်နေတယ်ဆိုပြီး သေချာကြည့်လိုက်တော့ အစာကို ကြိုးစားပမ်းစား ကောက်နေပေမယ့် အစာကမပါ၊ သူ့ပါးစပ်ထဲမရောက်၊ ဘယ်လိုကောက်ကောက် အစာက မပါနိုင်ဘူး ဖြစ်နေတာတွေ့တယ်။ အစာကို သူ့နှုတ်သီးလေးနဲ့ တတောက်တောက်ထိုးဆိတ် နေလိုက်တာ မရပ်မနား။ ကြိုးစားပမ်းစား။ ဒါပေမယ့် အစာက ဟိုချော် ဒီရွေ့ပါးစပ်ထဲ ပါမသွား။ လားလား။



ဘယ်ပါနိုင်ပါ့မလဲ။ သေခြာလှမ်းကြည့်မှ အောက်နှုတ်သီး တခြမ်းလုံးက ပြုတ်နေတာကိုး၊ တခုလုံးကို ပဲ့နေရှာတာပါလား။ အဲဒီ အောက်နှုတ်သီးအခြမ်းမှ မရှိပဲ အစာကို ဘယ်လိုညှက်မလဲ။ အဲဒီ အောက်မေးရိုး ဆိုပါစို့ရဲ့။ ဘာကြောင့်ဘယ်လို ဘယ်တုန်းကများ တခုလုံး ပဲ့သွားရပါလိမ့်။ လေးသီးဖြတ်မှန် လိုက်တာများလား၊ သေချာတာက အောက်နှုတ်သီး မရှိတော့ ထမင်းစေ့လေးတွေကို ညှပ်မရတော့တာ အစာကောက်မရ ဖြစ်နေတာပဲ။ အသွား တခြမ်းပဲ့သွားလို့ ညှပ်မရတဲ့ ဇာကနာတချောင်းလို။



သူ့ ဒုက္ခမသေးဘူး။ တချိန်လုံး အစာကောက်နေပေမယ့် အစာကမပါတော့ ခင်မျာ ခေါင်းတဆန့်ဆန့်၊ လည်တခါခါ ပင်ပန်းနေလိုက်တာ။ ဒီခိုလေးကို ငေးရင်း ကိုယ်တောင် စိတ်မောလာတယ်။ ငှက်နှုတ်သီးတွေ ကိစ္စလဲတွေးတယ်။ ငှက်လေးတွေကို သဘာဝကပေးလိုက်တဲ့ နှုတ်သီးတစုံရဲ့ အရေးပါပုံကို တွေးမိတယ်။ တကယ်ပဲ အပေါ်အောက် နှုတ်သီးတစုံလုံး ပြည့်စုံမှ ငှက်တွေဟာ အစာကောက်နိုင် အသက်ရှင် နိုင်မှာပါလား။ နှုတ်သီးတဖက် မရှိတာနဲ့ ဒီခိုလေး ဒုက္ခရောက်တော့တာ။ လက်နှစ်ဖက် မရှိတဲ့လူ ကျတော့ အစာမကောက်နိုင်တဲ့ ဒုက္ခ ရှိချင်ရှိမယ်။ ဒါပေမယ့် ခွံ့ကျွေးမယ့်လူ ရှိဦးမယ်။ အသက်ရှင်နိုင် သေးတယ်။ ငှက်ကျတော့ ဘယ်သူ လာခွံ့မလဲ။ ဘယ်လို အသက်ဆက်မလဲ။



အောက် နှုတ်သီးနဲ့ ညှပ်စရာမရှိလို့ သူ့လျှာလေး အကူအညီနဲ့ အစာကို လှမ်းတို့နေတာလဲ တွေ့ရဲ့။ အစာကို လျှာနဲ့ သူဆွဲဘို့ ကြိုးစားနေတာ။ ယူကြည့်နေတာ။ ဒါပေမယ့် လျှာက လျှာအလုပ်။ အစာကောက်ဖို့မှ မဟုတ်တော့ ထမင်းလုံး တလုံး ကပ်ပါသွားလောက်အောင် အသုံးမ၀င်ဘူးဖြစ်နေပုံ ရတယ်။ နှုတ်သီးနှစ်ဖက်နဲ့ ညှပ်လိုက်မှ လျှာက အစာကို ဆွဲသိမ်းလို့ရတာမျိုး။



ငှက်ကလေးတွေ ပင်ကိုယ် သဘာဝ အစာကောက်ပုံကို ကြည့်ရင် အလွန်မြန်။ မျက်စေ့ နှုတ်သီး လျှာ တချိန်ထဲ ပြိုင်တူ လှုပ်ရှားနေကြတာ။ တစပ်စပ် နဲ့ မြန်မှမြန်။ ကောက်ရမယ့် အစာကို တခါထဲ ကြည့်ပြီးသား ညှပ်ပြီးသား လျှာနဲ့ဆွဲ အာခေါင်နောက် ပို့ပြီးသား။ ကျွန်တော်ဖတ်ဖူးတဲ့ ဆောင်းပါးတခုမှာဆို လေ့ကျင့်ထားတဲ့ ခိုတကောင်ဟာ အရေအတွက် ရာပေါင်းများစွာ စုပုံထားတဲ့ စိန်ပုံထဲကနေ အပြစ်အနာအဆာပါတဲ့ စိန်လုံးလေးတွေကို တမဟုတ်ချင်း လူထက် အဆပေါင်းများစွာ မြန်မြန် ခွဲခြား ကောက်ယူနိုင်စွမ်း ရှိသတဲ့။



သူတို့ ဘယ်လောက်မြန်ဆန် သေသတ်သလဲဆိုတာ ကျွန်တော် မြေပြောင်ပြောင်မှာ စမ်းကြည့်ဖူးတယ်ဗျို့။ စိန်တွေတော့ မဟုတ်ရပါဘူးဗျာ။ လ္ဘက်အစုံသုတ် အထုတ်ထဲက နှမ်းထုတ်ကို လ္ဘက်ထဲ ထည့်မစားပဲ ခိုတွေကိုပစ် ချကျွေးတာ။ နှမ်းစေ့လေးတွေက သေးတော့ သူတို့ ကောက်ရတာ ခဲယဉ်းမယ် ကြာမယ် လွဲချော်နေမယ် ထင်တာ။ အိုး-မြန်မှမြန်၊ မြန်လိုက်တာမှ နှမ်းတထုတ် ခဏလေး။ တစပ်စပ်ကောက်သွားလိုက်ကြတာ။ တစေ့တလေတောင် လွဲချော်တာ၊ ကျန်သွားတာမရှိ။ နှစ်ခါ ပြန်ကောက်ရတာ မရှိ။ ယာယီ အခန်းဖေါ်တွေကတော့ ကျွန်တော်ကိုကြည့်၊ ဒီလူကြီး ကြောင်နေပြီလို့ စိတ်ထဲ ကြိတ်တွေးချင်လည်း တွေးနေမှာသိသား။



သိတ်မထူးပါဘူး ဒီနေရာ ရောက်လာတဲ့ လူတွေက အချိန်တခုရောက်ရင် တယောက်ဝါသနာဗီဇ တမျိုးမျိုးစီနဲ့ ကြောင်လာကြတာချဉ်းဘဲ။ “လွတ်ကြောင်” “ကြာကြောင်” “ပုန်းကြောင်” စသဖြင့်ပေါ့ဗျာ။ သိတ်လွတ်ချင်လို့ “ဗျာ” သိတ်များနေတဲ့ လူကို “လွတ်ကြောင်”။ အနေကြာလာလို့ ပုံမှန် အနေအစား မဟုတ်တော့ဘဲ စံလွဲလာသူကို “ကြာကြောင်”။ စားစရာမရှိလို့ ပြသနာရှာတာ များနေသူကို “ပုန်းကြောင်”။ ပုံတော်သလို ရောဂါနံမည် တပ်လိုက်တာပေါ့။ အချင်းချင်းနားလည် ခွင့်လွှတ် ထားနိုင်ဘို့လိုတယ်။ ကျွန်တော့်ကိုလည်း နံမည်တခုခု တပ်မှာဘဲ။ သူကြောင်တာက အရေးမကြီးဘူး။ ဒို့စားရမယ့် ရှားရှားပါးပါး လ္ဘက်သုတ်၊ နှမ်းတွေ ခိုစာလုပ်တာတော့ မမိုက်ဘူးလို့ ကြိတ်ပြောနေမှာပေါ့။ ထားတော့။ ကိုယ်က ဒီ (၁၀) ပေ ပတ်လည်လောက် အခန်းလေးရဲ့ တရားမ၀င် အခန်းလူကြီးပဲ။ ကိုယ်စီမံရာပေါ့။



သေချာတာ ဒီခို - ဒုက္ခလှလှ တွေ့နေပြီဆိုတာဘဲ။ အစာကောက်မရတော့ တနေ့တခြား ပိန်ကပ်လာ၊ ချိလာ။ ခိုအုပ်ကြီးကျလာလိုက်၊ ကျွန်တော်တို့ ပစ်ကျွေးတဲ့ ထမင်းတွေ ကောက်စားလိုက် ခဏနေတော့ ပျံသွားလိုက်၊ ဘာမှမကြာဘူး။ ဒါပေမယ့် ဒီခိုလေးကတော့ လိုက်မပျံနိုင်ရှာဘူးဗျာ။ တကောင်ထဲ နေ့စဉ်ရက်ဆက် ကျန်နေခဲ့မြဲ။ သဲသဲမဲမဲ အစာဝင်နိုး ကြိုးစားကောက်မြဲ။ သူ့ကို ကျွန်တော်ကြည့်ရင်း စိတ်မော လူမော ဖြစ်နေမိတယ်။



တချက်တချက် ဗိုက်ဆာလွန်းလို့ ထင်ပါရဲ့။ ကျွန်တော်တို့ ရေချိုးတဲ့ အုတ်ကန်နားက မြောင်းရေစပ်စပ်တွေလဲ ခဏ ခဏပြေးသောက်သေး။ ရေသောက်လို့ ရနေသေးတော့ သက်ဆိုးရှည်နေသေးတာပါ့။ ဒါလည်း သူ့လျှာလေးနဲ့ တို့လိုက် ဆွတ်လိုက် အခါခါလုပ် သောက်ရရှာတာပါ။ သူများတကာ ခိုတွေလို နှုတ်သီးနှစ်ဖက် အားရပါးရ ရေထဲနှစ် လျှာနဲ့လိမ်းယူပြီး တ၀ ခေါင်းမော့ သောက်တာမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ သူငတ်သေတော့မယ်။ ရက်တွေ ကြာလာတော့ ကောင်းကောင်း မပျံတော့ဘူး။ ဝေးဝေး မပျံနိုင်တော့ဘူး။ ပျံရာက ဒယီးဒယိုင်တွေဖြစ် ပြုတ်ကျ။ အနားကို လူကပ်လာလဲ သိတ်ဝေးဝေး မပြေးနိုင်။ အနီးအပါး အုတ်တံတိုင်း နိမ့်နိမ့်ဘောင်တွေပေါ်မှာပဲ နားနေရ။ နောက်ရက်တွေမှာ ခွေယိုင်လဲစပြုပြီ။ ထ မပျံတော့ဘူး။ ဒါနဲ့ ကျွန်တော် ရေချိုးထွက်တော့ ကောက်ပြီး အခန်းထဲ ယူလာလိုက်တယ်။



သေတော့မယ်။ သူသိတယ်။ ဒါပေမယ့် သူသေရမှာ ကြောက်နေတယ်။ ကြည့်လေ။ ကျွန်တော့်လို လူစိမ်းတယောက် လက်ထဲ တခါမှ မရောက်ဖူးတော့ သိတ်ကြောက်နေရှာတယ်။ အားမရှိ တုံတုံချိချိကြားက ကြောက်လန့်တကြား ရုန်းတယ်။ ထပျံဘို့ကြိုးစားတယ်။ ငတ်လို့မသေ အသတ်ခံပြီး သေရမယ်ထင်လို့ နေမှာပါ့။ ချိပြီး မပျံနိုင်တော့တာတောင် ဘ၀လေးကို ခုံမင်နေတုန်း၊ ရှင်လိုရှင်ငြား နေချင်တုန်း။ တွေ့လား။ ကြိုးစားရုန်းနေလိုက်တာ။



“အဘ ချက်စားမလို့လား” … နောက်ရောက်လာတဲ့ စစ်ပြေးလေးက မေးတယ်။



“အသာနေစမ်းပါကောင်လေးရာ၊”



ငါ ဘာလုပ်ပေးနိုင်မလဲ။ ဒီခိုလေးကို။ အခန်းထဲရောက်တော့ စဉ်းစားတယ်။ ခိုလေး အစာမစားရတာ ဘယ်နှစ်ရက်တောင် ရှိပါလိမ့်။ “ဆ” ကြည့်လိုက်မှ ပိုသိသာသွားတယ်။ ခိုတကောင်လုံး အလေးချိန်က ဖက်ကလေးတရွက် ကိုင်ထားရသလောက်ကို ပေါ့ပေါ့လေး ဖြစ်နေတော့တာ။ သူ့ အမွှေးပွပွတွေ ရှိနေသေးလို့သာ အလုံးအထည်ဆိုတာကို တွေ့နေရသေးတာလို့ ပြောရမယ်။ ခိုရင်အုံဆိုတာမျိုးက ပြည့်မောက်ပြီး အသားအများဆုံး ရှိနေရမှာ။ ခုတော့ ခွက်တောင်ဝင်နေတယ်။ ရင်ဘတ် အရိုးငေါငေါကိုတောင် စမ်းလို့ရနေတယ်။ ဗိုက်ကပြားကပ်လို့။ ငါဘာလုပ်ပေးရမလဲ။



လောလောဆယ် ….. နံရံမှာ ချိတ်ထားတဲ့ ရိက္ခာထုတ်ကို ချ။ မြေပဲထုတ်ကို နှိုက်။ ဒါက သူနဲ့ အသင့်တော်ဆုံး ဖြစ်မယ်။ အမြန်ဆုံး အားပြည့်မှာ။ အဆီဓါတ်၊ အသားဓါတ်၊ ကစီဓါတ် အကုန်ပါတာ မြေပဲ။ ဒီလို ကျွန်တော်တွေး။ ကဲ - ဘော်ဒါ၊ ဘော်ကျွတ်တို့ရေ … ဘာမှ မပြောကြကြေး။ ခင်ဗျားတို့ မကျန်းမာလည်း ကျုပ်ဘဲကြည့်ရတာ၊ ဟုတ်တယ် … ဟုတ်။ သူ့ခင်ဗျာ အားပြတ်နေရှာတယ်။ ခို ဆိုတာ မြေပဲကို ထမင်းထက် ပိုကြိုက်တာ ခင်ဗျားတို့ သိပါတယ်။ ကိုယ်က ဒီအခန်းမှာ အမြဲဆုံး၊ အခန်းလူကြီး၊ ကိုယ်စီမံမယ်ပေါ့။ ဒီလိုနဲ့ မြေပဲတွေကို လေးစိတ်ကွဲအောင် ထုပြီး သူ့ကို “ခွံ့” ပါတယ်။ စာကလေး သေးသေးလေးတွေတောင် အစာခွံ့သေးတာ။ ဒီ “ခို” အစာခွံ့တာလောက်တော့ ဘာခက်မလဲ။



ပျံ မပြေးအောင်တော့ ကြိုးသေးသေးလေး ကျစ်၊ သူ့ကို ချည်ထားရတာပ။ နားလည်မှု မရသေးတော့ အခန်းအပြင် ပြန်ပြေးသွားရင် သူပဲ ဒုက္ခတွေ့မှာ မဟုတ်လား။ ကြိုးချည်ထားချင်လို့ မဟုတ်ဘူး ခိုလေးရေ။ ဘ၀မှာ ကြိုးတုတ်ခံရရင် ဘယ်လိုဆိုတာ ငါလဲ နားလည် နိုင်စွမ်းပါရဲ့ကွယ်။



ဒီနေရာမှာ သူ့အရောင်က တခြားခိုတွေထက် ပိုရင့်တယ်။ မဲနေတာ “ကျီးကန်း”ကျနေတာပဲ။ ရုပ်ကလဲ တော်တော်ဆိုးမှ ဆိုး။ နှုတ်သီးတခြမ်းမရှိတော့ ပိုကြည့်ရဆိုးနေသေး။



ဒါပေမယ့် သူ့ နာမည် မောင်ညို။ သူ့ ဒုက္ခကို နေ့စဉ် တွေ့နေခဲ့ရတော့ လက်ထဲရောက်လာတဲ့ ဒီခိုလေးကို အလိုလို သနား၊ သံယောဇဉ်စိတ် ၀င်နေပြီလေ။ မိဘစိတ် ပြောမလား။ မိဘဆိုတာ ကိုယ့်သားလေး အသားသိတ်မဲနေလည်း “ငမဲ” လို့မှည့်တာမှ မဟုတ်တာ။ မောင်ညိုလို့ ပေးလိုက်ကြတာမဟုတ်လား။



ရေသန့်လေး သေခြာတိုက်။ အစာလေး ၀ီရိယစိုက်ခွံ့၊ ရက်နဲနဲ ရလာတော့ သူအား ပြန်ပြည့်လာတယ်။ အတောင် တခတ်ခတ်ဖြစ်လာတယ်။ ပျံ သွားချင်တဲ့ပုံ။ ပါးစပ်က မပြောတတ်လို့ဖြစ်မှာ၊ ပြောတတ်ရင် ကြိုးဖြည်ပေးပါဗျာလို့ ပြောမှာသေချာတယ်။



ခင်ဗျားတို့ စဉ်းစားကြည့်လေဗျာ။ ဘ၀ဘ၀တိုင်းမှာ အရေးအကြီးဆုံးက လွတ်လပ်ခြင်း မဟုတ်လား အဲဒါမရှိရင် အကုန်ဆုံးရှုံးတာပဲ။ မလွတ်မလပ် ဒီအခန်း ကျဉ်းကျဉ်း ကြပ်ကြပ်လေးထဲ မောင်ညို ဘယ်လို ပျော်မလဲ။ နားလည်နိုင်ပါတယ်။ လူတွေက အများကြီး။ မကြာခဏ အတိုး၊ အဆုတ်က ရှိသေး။ တခါ တခါ (၅) ယောက်၊ တခါ တခါ (၇) ယောက် အထိတောင်။ တလ၊ နှစ်လ သမားတွေက ကဒီး ကဒီး ၀င်လိုက် ထွက်လိုက်။ အခန်းပြောင်းလိုက်။ တောင်ယာဆင်းလိုက်။ မိလ္လာချလိုက်။ ဘောက် ဆင်းလိုက်။ အခန်းဆွေးဆွေး လူဆွေးဆွေးဆိုလို့ ကိုယ်ပဲ။



သက်ဆိုင်ရာက ကိုယ့်ကို စိတ်ဆင်းရဲနေပါစေလို့ တမင် ရည်ရွယ်ပြီး တဖက်လှည့်နဲ့ ဘ၀ မတူ၊ စရိုက် မတူသူတွေကြား တမင် ညှပ်ထည့်ထားမှတော့ ကိုယ်ကလဲ စိတ်ချမ်းသာအောင် နေတတ်ရမှာပေါ့လေ။ “ခိုး၊ဆိုး၊ခါး” လို့ အလွယ်ခေါ်တဲ့ အဖေါ်သူရဲတွေကတော့ အခန်းထဲ ၀င်လာလိုက်ကြ ထွက်သွားလိုက်ကြ။ သူခိုးနဲ့ လုယက်။ အလစ်သုတ်နဲ့ အခြေအနေမဲ့။ ခါးပိုက်နှိုက်နဲ့ ဓါးမြ၊ ဖာခေါင်းနဲ့ ဧည့်စာရင်းမတိုင်မိတာ။ စစ်ပြေးနဲ့ ရဲပြေး …. စုံမှစုံ။



မနက်မနက်ဆို မိလ္လာနံ့၊ သေးနံ့တွေလည်း ထောင်းထောင်းထ။ မောင်ညိုမပြောနဲ့၊ ကိုယ်တောင် ကျင့်တဲ့ကြားက တခါတခါ စိတ်ကြပ်တယ်။ သိတ်လွတ်လပ် ပေါ့ပါးတဲ့ ကောင်းကင်ကြီးမှာ ပျံသန်းနေတဲ့ ဘ၀ကနေ ခုလိုနေရတာ သူ့အတွက် ဘာအဓိပ္ပါယ် ရှိမလဲ။ ဘယ်ပျော်မလဲ။ ပျံပြေးချင်မှာပေါ့။


အပိုင်း(၂) ကိုဆက်လက်တင်ပြပေးပါဦးမည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခုဇူလိုင်လ(၂)ရက်၊ နံနက်(၆း၃၀)။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: