` နတ်မောက်မြို့တွင် သီတဂူဆရာတော်ကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသားတစ်ဦးက လှူဒါန်းသော (ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုအထိမ်းအမှတ်) ကွန်ပျုတာကျောင်းသစ်ဖွင့်ပွဲသို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဂုဏ်ပြုပြောကြား´

အမှားပြင်ဆင်ချက်။ ။ မတ်(၂၇)ရက်နေ့က ဤသတင်းအား (မျက်စေ့ဆေးရုံအဆောက်အဦး) ဟု မှားယွင်းဖော်ပြခဲ့၍ စာဖတ်သူများကို လေးစားစွာတောင်းပန်အပ်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာ တင်အောင်၊ ဦးစိုးဝင်း၊ ဦးခင်မောင်ဝင်းနှင့် ကိုဇော်မင်းဦးပါ လူငယ်အဖွဲ့ဝင်(၁၁)ဦးတို့သည် ကားနှစ်စီးဖြင့် ယနေ့မတ်(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် နေပြည်တော်မှ မကွေးမြို့သို့ ထွက်လာကြောင်း သတင်းရရှိသည်။ ညနေ(၅)နာရီခန့်တွင် မြို့သစ်မြို့နယ် လမ်းဆုံရွာ သို့ရောက်လာကြောင်း၊ ၎င်းအဖွဲ့အား မြို့သစ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးသာအောင် နှင့်အဖွဲ့ဝင်(၅)ဦးတို့မှ နှုတ်ဆက်ကြိုဆို ကြကြောင်း၊ ထို့နောက် မကွေးမြို့ ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ ထိန်ထိန်သာ ဟော်တယ်သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိ၍ ညအိပ်ရပ်နားကြသည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့အား မကွေးမြို့နယ် NLD ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တိုင်း/ခရိုင်/ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် စုစုပေါင်း(၃၀) ဦးတို့က ၎င်းဟော်တယ်တွင် ကြိုဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မတ်(၂၈)ရက်နေ့ နံနက်(၇း၃၀)နာရီခန့်တွင် မကွေးမြို့မှ နတ်မောက်မြို့သို့ ဆက်လက် သွားရောက်ကြောင်း၊ နတ်မောက်မြို့တွင် သီတဂူဆရာတော်ဘုရားကြီးဦးစီး၍ ဘယ်လယ်ဂျီယံ နိုင်ငံသား တစ်ဦးက (ဗိုလ်ချုပ်အောင်ဆန်းအားဂုဏ်ပြုအထိမ်းအမှတ်) အဖြစ် ကွန်ပျုတာကျောင်းဆောင်သစ် (အဆောက် အဦးအသစ် လှူဒါန်းဖွင့်လှစ်ပွဲ)မှ ဖိတ်ကြား၍ တက်ရောက်လာကြောင်း၊ ၎င်းကွန်ပျုတာကျောင်းအတွက် မြန်မာငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်ခန့်လှူဒါန်းကြောင်းသိရသည်။ စစ်ကိုင်းမြို့ သီတဂူဆရာတော်ဘုရားကြီး နှင့်အတူ မကွေးတိုင်း/ခရိုင်/ မြို့နယ်မှ သံဃာတော်များ၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ်များမှ အစိုးရအဖွဲ့ဝင်များ၊ကွန်ပျုတာကျောင်း အဆောက်အဦး အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြ၍ မတ်(၂၈)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် အဆိုပါ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုမိန့်ခွန်း ပြောကြားကြောင်း သတင်းရရှိသည်။ ယခုနှစ် အမျိုးသားအောင်ပွဲနေ့တွင် နတ်မောက်မြို့ သို့ ဒေါ်စုလာရောက်ခဲ့စဉ်မှ ဓာတ်ပုံများကို အသုံးပြုထားပါသည်။
 

`မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ မှ ပွဲတော်ဈေးသည်များ၏ LED မီးဆိုင်းဘုတ်ကို လှူဒါန်းခွင့်ပြုလိုက်ပြီ..၊ ဘုရားပွဲတော်ကို မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပမည်။´

ရွှေစက်တော်ဂေါပကအဖွဲ့မှ LED ဆိုင်းဘုတ်ကို အလှူမခံ၍ နာယက ဆရာတော်ကြီးများထံတိုင်ကြားသတင်း ကိုဖော်ပြခဲ့ပါသည်။ ဆရာတော်ကြီးများ၏ ဆောင်ရွက်ချက် ကြောင့် တိုင်ကြားပြီး နောက်တစ်နေ့ မတ်(၁၇)ရက်မှာ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး လက်ခံ၍ စိုက်ထူခွင့်ပြုကြောင်း ကြားသိရသည်။ မတ်(၂၁)ရက်နေ့တွင် မန်းရွှေစက်တော်ဘုရား၏ အောက်စက်တော်ရာ ဘုရားအ၀င် မုဒ်ဦးရှေ့တွင် စိုက်ထူလှူဒါန်းပူဇော် ပြီးကြောင်း၊အဆိုပါ LED ဆိုင်းဘုတ်ရေစက်ချလှူဒါန်းပွဲကျင်းပလျှင် သတင်းမီဒီယာ များကိုပါ ဖိတ်ကြား၍ ရှင်းလင်းမည်ဟု ပွဲတော်ဈေးသည်အလှူရှင် ဦးရဲဝင်း နှင့်အဖွဲ့က ပြောသည်။ ထို့နောက် ပွဲတော်ဈေးသည်များမှ မန်းရွှေစက်တော်ဘုရားပွဲတော်တွင် (သဲမုန်းတိုင်းများကျမည်ဆို၍ ဘုရားပွဲတော်ကို စောစော သိမ်းမည်)ဆိုသော ကောလာ ဟလ သတင်းမှာ မမှန်ကြောင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက် နေ့အထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ထပ်မံပြောကြသည်။ နာယက ဆရာတော်ကြီးတစ်ပါးကလည်း ယခု ကောလာ ဟလသတင်းဖြစ်ပေါ်ရခြင်းကို ဤသို့ရှင်းပြသည်။ အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခန်း(တဲကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက မိန့်ကြားသည်။
 

``ရွှေစက်တော်ဘုရားပွဲတော် မှ ကောလာ ဟလ သတင်းများ လုံးဝ မဟုတ်ပါ (နှစ်စဉ်အတိုင်း) မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ပွဲတော်ကျင်းပပါမည်။´´

မတ်(၂၀)ရက်နေ့တွင် ကျွန်တော်တို့ မီဒီယာသတင်းသမားများထံ တယ်လီဖုန်းများဖြင့် ဘုရားဖူးလုပ်သားပြည်သူများက မေးမြန်းလာကြပါသည်။ သတင်းသမား တင်ရွှေ(မင်းဘူး) နှင့် သတင်းထောက် မန်းနဂါးတို့ကလည်း သူတို့ထံသို့ ဤသို့ ဖုန်းဆက်မေးမြန်းကြောင်း ယခုည ဖုန်းဆက်ပြောကြား၍ အထူးသတင်းရေးသားလိုက်ရပါ၏။ ``ဟလို ဆရာတို့သတင်းသမားတွေ ရွှေစက်တော်ဘုရားပွဲတော်က ထွက်လာတဲ့ သတင်းတွေကို မသိဘူးလား? ။ ရွှေစက်တော်ဘုရားပွဲတော်မှာ ဒီမတ်(၁၉)ရက်ကနေ လကုန်ရက်အတွင်း သဲမုန်းတိုင်းတွေကျမယ်..။ သွေးချောင်းစီး လိမ့်မယ်လို့ ဘုန်းကြီးတစ်ပါးရဲ့အိပ်မက်ကြောင့် ဘုရားဂေါပကအဖွဲ့က ယခု မတ်(၂၇)ရက်နေ့ ပွဲတော်ပိတ်မယ် လို့ ကောလာ ဟလ သတင်းတွေ ပျံ့နေတယ်ဗျ..။ ကျွန်တော့်တို့ ကားပေါ်မှာ ခရီးသည်တွေကလည်း မေးနေကြပါတယ်။ အဲဒါ တစ်ကယ်ဟုတ်ပါသလား..?။´´ ဟု မကွေး-ရွှေစက်တော်ကားလိုင်းမှ စပယ်ယာ ကိုမြတ်စံ မှ ဖုန်းဆက်မေးမြန်းလာပါသည်။ အဆိုပါကိစ္စအား သတင်းထောက် တင်ရွှေ(မင်းဘူး) ကို မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ထံသို့ မော်တော်ဆိုင်ကယ် ဖြင့် ချက်ချင်းသွားရောက်၍ သတင်းယူခိုင်းလိုက်ရသည်။ ထိုကိစ္စအား ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က ရှင်းလင်းဖြေကြားသည်။ `` ဒီကောလာ ဟလ သတင်းတွေက အခြေအမြစ်မရှိပါဘူး။ ဘယ်ဘုန်းကြီးက ဘယ်လိုကစပြီး အိပ်မက်မက်တာလည်း ဆိုတာ စုံးစမ်းကြည့်တော့ ဘယ်သူကမှ တိတိပပ မဖြေနိုင်ကြပါဘူး။ ဒီသတင်းတွေ လုံးဝမဟုတ်ပါဘူး။ လုံးဝ မမှန်ပါဘူးဗျာ။ ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ဖွင့်ပွဲ ဖေဖော်ဝါရီ(၁၅)ရက်ကနေ ဧပြီ(၁၇)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ နှစ်စဉ်အတိုင်းသာ ကျင်းပသွားမှာပါ။ ယခုကောလာ ဟလသတင်းမှားတွေကို ဆရာတို့ မီဒီယာသမား တွေက အများပြည်သူတွေသိအောင် ၀ိုင်းဝန်းကူညီပေးကြပါဗျာ..။´´ ဟု ရွှေစက်တော်ဂေါပကအဖွဲ့ (စီမံရေးရာဌာန) တာဝန်ခံ ဦးစိုးတင့် က The Ladies သို့ ရှင်းလင်းဖြေကြားသည်။ အထက်ပါ ကောလာ ဟလ သတင်းမှာ ယခုနှစ်ရွှေစက်တော်ဘုရားပွဲတော်သည်(ဖွင့်ပွဲ- ဖေဖော်ဝါရီ(၁၅)ရက်) မှ (ပိတ်ပွဲ- ဧပြီ(၁၇)ရက်) မြန်မာနှစ်ဆန်းတစ်ရက်ဆိုသော် ယခင်နှစ်များထက် ပွဲတော်ကျင်းပသောရက်က နည်းနေတယ် လို့ထင်ကြကြောင်း၊ ယခုနှစ် ပွဲတော်တွင် လေလံဈေးနှုန်းများမှာလည်း အဆင့်ဆင့်ဝယ်ယူရခြင်းကြောင့် ယခင်နှစ်များထက် လေလံဈေးများ အဆမတန် မြင့်မားနေကြောင်း၊ တည်ခိုခမ်း(တည်းကျောင်းခ) များကို ဈေးနှုန်းသတ်မှတ်ထားသော်လည်း မရကြောင်း၊ (မြတ်စွာဘုရားရှင်သည် မည်သည့်အလှူပစ္စည်းနှင့် မည်သူမဆို အရုပ်အလတ်အမြတ်မရွေး အလှူခံသော်လည်း) ရွှေစက်တော်ဂေါပကအဖွဲ့မှ (အထက်)အာဏာပိုင် ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရလျှင် တစ်စုံတစ်ရာ ကြီးငယ်ကိစ္စများကို မပြူလုပ်နိုင် မပြုလုပ်ဝံ့ အလှူမခံရဲကြောင်း၊ ထို့ကြောင့် ဘုရားဖူးလာကြသော ပြည်သူများထံသို့ အစစ အရာရာမှာ ၀န်ဆောင်မှုဈေးနှုန်းများတက်လာရကြောင်း၊ ဂေါပကအဖွဲ့၏ လေလံကိစ္စများ၊ နေရာချထားရေးကိစ္စများကို ပွင့်လင်းမြင်သာမှု မရှိ၍ လေလံမရလို့ နေရာမရလို့ မကြေနပ်ကြသူများက မဟုတ်မမှန်သော ကောလာ ဟလများ လွှင့်ထုတ်ခြင်းဖြစ်နိုင်ကြောင်း နာယက ပဌာန ဆရာတော်ကြီး တစ်ပါးက The Lades သို့ မိန့်ကြားသည်။
 

`မန်းရွှေစက်တော်ဘုရား တွင် ဂေါပက ဥက္ကဋ္ဌ မှ ပွဲတော်ဈေးသည်များ လှူဒါန်းသော LED မီးဆိုင်းဘုတ်ကို လက်မခံ၍ ဆရာတော်ကြီးများက ဖြေရှင်းပေးရ´

မတ်(၁၆)ရက်၊ မင်းဘူး။ ၎င်းနေ့ နံနက်(၁၀)နာရီတွင် မင်းဘူးမြို့ တိုက်သစ်ကျောင်းဆရာတော်နှင့် အေးစေတီမြောက်ကျောင်းဆရာတော်များ ထံသို့ မန်းရွှေစက်တော်ဘုရားပွဲတော်မှ ဈေးသည်များအဖွဲ့(၃၀)ဦးခန့် လိုက်ထရပ်ကား(၂)စီးဖြင့် ရောက်ရှိလာသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ မန်းရွှေစက်တော်ဘုရား ဂေါပက မှ ဈေးသည်များ လှူဒါန်းမည်ဖြစ်သော LED မီးဆိုင်းဘုတ်ကြီးကို လက်မခံ၍ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏ သြ၀ါဒဆရာတော်ကြီးများထံသို့ လာရောက်တိုင်ကြားသည်ဟု မြန်မာပို့စ် သို့ပြောသည်။ အဆိုပါအဖွဲ့မှ ဈေးသည် ဦးတင်ဝင်းကို မေးမြန်းကြည့်ရာ..၊ ``ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲတော်တွင်းက ဈေးသည်များစုပေါင်းပြီး ယခုနှစ် မန်းရွှေစက်တော်ဘုရားကြီးမှာ LED မီးဆိုင်းဘုတ်ကြီးလှူဒါန်းဖို့ ကြိုတင်ပြီး တင်ပြခဲ့ပါတယ်။ ဂေါပကရဲ့ ခွင့်ပြုချက်အရ ဈေးသည်တွေကို အလှူခံခဲ့ကြပါ တယ်။ အလှူရှင်တွေရဲ့စာရင်းတွေကိုလည်း မန်းရွှေစက်တော်ဘုရားဂေါပက မဏ္ဍာပ်က အသံချဲ့စက်နဲ့ ကြေငြာပြီး အသိပေးခဲ့ပါတယ်။ စုစုပေါင်းခြောက်သိန်းကျော်ရပါတယ်။ ဒါနဲ့ မန်းရွှေစက်တော်ဘုရားပွဲတော် LED မီးပြေးဆိုင်းဘုတ်ကြီး ကို မန္တလေးမှာ ပြုလုပ်ခဲ့တယ်။ မနေ့က မတ်(၁၅)ရက်နေ့မှာ မန်းရွှေစက်တော်ဘုရားပွဲတော်သို့ ဒီ LEDမီးဆိုင်းဘုတ်ကြီး ရောက်လာတယ်။ ကျွန်တော်တို့ ဈေးသည်တွေက ၀မ်းသာအားရနဲ့ ဂေါပကရုံးကို သွားပြီးအပ်နှံပါတယ်။ အဲဒီအချိန်မှာ မန်းရွှေစက်တော် စီမံရေးရာဂေါပကတာဝန်ခံ ဦးစိုးတင့် မရှိလို့ သူနေတဲ့ အခန်းကို လိုက်သွားကြပါတယ်။ ဦးစိုးတင့်က သူအိပ်နေတာကို နိုးရမလားဆိုပြီး `မင်းတို့ကောင်တွေ ရုံးကိစ္စကို ရုံးကစောင့်ပါ့လားကွ၊ လူမှုရေးကို နားမလည်ကြ ဘူးလား´´ဆိုပြီး အော်ငေါက်လွှတ်ပါတယ်။ သူဂေါပကရုံးကိုရောက်လာပြန်တော့လည်း မီးထွန်းပြီး ပြသထားတဲ့ ဆိုင်းဘုတ်ကြီးကို ကြည့်ပြီး ဒါဘယ်သူ့အမိန့်နဲ့ မီးထွန်းထားတာလဲဆိုပြီး အရံမီးသတ်တွေကိုခေါ်တယ်။ ဒီဆိုင်းဘုတ်ကြီးကို အောက်စက်တော်ရာ ပဌာန်းတိုက်ထဲသို့ အပို့ခိုင်းပြီး သိမ်းထားလိုက်ပါတယ်။ ယခု ဒီLED မီးဆိုင်းဘုတ်ကြီးကို အလှူမခံနိုင်ဘူး၊ လက်မခံနိုင်ဘူး လို့ ဦးစိုးတင့်က အာဏာပြပြီး ပြောလွှတ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော်တို့ မခံနိုင်လွန်းလို့ မင်းဘူးမြို့က သြ၀ါဒဆရာတော်ဘုရားကြီးများဆီကို လျှောက်ထားတိုင်ကြားဖို့ လာကြတာပါ။ မန်းရွှေစက်တော်ဘုရား ဈေးသည်တွေ စုပေါင်း လှူဒါန်းတာကို ပြေပြေလည်လည် နဲ့ ဘုရားပွဲတော်ထဲမှာတင် ဆောင်ရွက်မပေးတော့ ကျွန်တော်တို့ ဈေးသည်တွေမှာ များစွာ ခံစားကြရပါတယ်ဗျာ..။´´ ဟု မန်းရွှေစက်တော် ဘုရားပွဲတော်ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။ ယင်းကိစ္စကို ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ (စီမံရေးဌာန)ဂေါပကလူကြီး ဦးစိုးတင့်(၀၉-၄၀၁၆၄၁၄၀၀) ထံသို့ ဖုန်းဖြင့် မေးမြန်းရာ.. `` မန်းရွှေစက်တော်ဘုရား ဈေးသူဈေးသားတွေက ဖေဖော်ဝါရီ(၂၂)ရက်နေ့မှာ ကျွန်တော်တို့ ဂေါပကကို အသိမပေးဘဲ တစ်နေရာမှာ LED မီး ဆိုင်းဘုတ်အလှူခံရေးကိစ္စကို အစည်းအဝေးလုပ်တယ်လို့သိရပါတယ်။ မတ်လ(၇)ရက်နေ့မှာ အလှူခံလို့ရတဲ့ငွေများနဲ့ စာရင်းကို တင်ပြပါတယ်။ ဒီကိစ္စကို ကျွန်တော့်နေနဲ့ မန်းရွှေစက်တော်ဂေါပက ဥက္ကဋ္ဌ (မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး) သို့တင်ပြရပါတယ်။ ဂေါပက ဥက္ကဋ္ဌ က ခွင့်မပြုကြောင်း စာလည်း ကျွန်တော်ဆီမှ ရှိပါတယ်။ သူတို့ကိုလည်းပြပါတယ်။ သူတို့ဈေးသည်တွေ အရင် LED မီးဆိုင်းဘုတ်လှူမယ့်သူတစ်ဦးကလည်း ကျွန်တော်တို့ဆီကို စာရင်းပေးထားတာရှိပါတယ်။ ဒါကြောင့် သူတို့လာရောက်လှူဒါန်းတဲ့ LED မီးဆိုင်းဘုတ်ကို ခေတ္တရပ်ဆိုင်းထားရပါတယ်။ ကျွန်တော့်အနေနဲ့ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒီကိစ္စကို ဂေါပက ဥက္ကဋ္ဌ ထံ ဆက်လက်တင်ပြထားပါတယ်။ လူဆိုတာကတော့ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်လို့ လိုရာတွေကို တစ်ဘက်သတ် စွပ်စွဲပြောဆိုကြတာပါခင်ဗျာ…။´´ ဟု မေ(၁၆)ရက်၊ ည(၉)နာရီတွင် မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ မှ စီမံရေးရာဌာန ဦးစိုးတင့် က ဖုန်းဖြင့်ပြောသည်။ ယခုလှူဒါန်းမည်ဖြစ်သော LED ဆိုင်းဘုတ်ကြီးမှာ အလျားဆယ်ပေ နှင့် အနံနှစ်ပေရှိပြီး မီးပြေးစာတမ်းများမှာ (မန်းရွှေစက်တော် အောက်စက်တော်ရာဘုရား) ဘုရားဖူးလာသူများ ကျန်းမာချမ်းသာကြပါစေ၊ ဖွင့်ပွဲ ၊ ပိတ်ပွဲ ဟု ရေးသားထားကြောင်း၊ ဆိုင်းဘုတ်၏ အောက်ခြေတွင် စာလုံးအသေးဖြင့် ရွှေစက်တော်ဘုရားပွဲတော်ဈေးသူ ဈေးသားများ၏ ကောင်းမှု ဟု စာတမ်းများ ရေးသားထားကြောင်းသိရသည်။ ယင်းကိစ္စကို ရွှေစက်တော်ဘုရားဂေါပက၏ သြ၀ါဒဦးစီးနာယက ဆရာတော်ဘုရားကြီးများက ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့တို့ကို အစည်းအဝေးခေါ်၍ အမြန်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ဆရာတော်များမှ မိန့်ဆိုကြောင်း ဈေးသည် ဦးတင်ဝင်း မှ ပြောသည်။
 

`မင်းဘူးမြို့မဈေးသစ်၏ (မူလ)ရှိ ကားပါကင်နေရာ ကိစ္စကို စည်ပင်မှ ဆောင်ရွက်မပေးနိုင်သေး ´

မတ်လ(၇)ရက်နေ့တွင် ဒေါ်ခင်အုန်းတင့် နှင့်ဈေးသူ/ဈေးသားအဖွဲ့သည် မင်းဘူးမြို့မဈေးသစ် ကားပါကင် ကိစ္စကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ (ထပ်မံ)၍ စာတင်ရန် မကွေးမြို့သို့ရောက်လာကြသည်ဆို၏။ ၀န်ကြီးချုပ်ရုံးမှ မကွေးတိုင်း စည်ပင်ညွှန်ကြားရေးမှူးထံသို့ သွားရောက် တွေ့ဆုံ ခိုင်းသည်ဆို၏။ ညနေ(၄)နာရီမှာ မကွေးတိုင်းစည်ပင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်ရသည်ဟု သိရ၏။ ဒုတိယ ညွှန်ကြားရေးမှူးက မင်းဘူးမြို့မ ဈေးသစ်မှာ (မူလ)ရှိထားသော ကားပါကင်နေရာကို ရှိသင့်/ မရှိသင့် ကိစ္စအား ဈေးသစ်ဓမ္မာရုံတွင် ဈေးသူ ဈေးသား များကို အစည်းအဝေးဖိတ်ကြား၍ အများ၏ဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု အဖြေရရှိခဲ့ကြောင်း ဒေါ်ခင်အုံးတင့် နှင့်အဖွဲ့မှ မြန်မာပို့စ် သို့ပြောသည်။ ထို့ကြောင့် မတ်လ(၉)ရက်နေ့ နေ့လည်(၁)နာရီတွင် မင်းဘူးမြို့မဈေးအရှေ့ဘက် ဈေးသစ်ဓမ္မာရုံတွင် ဈေးသူဈေးသား များကို စည်ပင်မှ ဖိတ်ကြားကြောင်း သတင်းရရှိသည်။ ၎င်းအစည်းအဝေးကို နေ့လည်(၂)နာရီမှ ကျင်းပနိုင်သည်။ ၎င်းဈေး အစည်းအဝေးမတိုင်မီ ဈေးကော်မတီ(မူလ)အဖွဲ့၊ ကားပါကင်၌ ပျံကျဈေးဆိုင်ဆောက်လုပ်ရေးကော်မတီအသစ် နှင့် စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့တို့ ကြိုတင်အစည်းအဝေး မှာ (မင်းဘူးမြို့မဈေးသစ် ဈေးခေါင်းရုံးတွင်) အချိန်များ ကြာသွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဓမ္မာရုံတွင် ဖိတ်ကြား၍ နေ့(၁၂)နာရီမှာ ရောက်ရှိနေကြသော ဈေးသူ ဈေးသားများက မကြေနပ်ကြဟု ပြောဆိုကြသည်။ ယင်းအစည်းအဝေးတွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေး ကြီးကြပ်ရေးအဖွဲ့ နှင့် ဈေးကော်မတီများ ဖိတ်ကြားထားသော ဈေးသူဈေးသားများ (၂၀၀)ကျော်ခန့်တက်ရောက်ကြသည်။ ၎င်းဈေးသူ ဈေးသားများ၏ အများဆန္ဒကိုခံယူရန် ဤလူထုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ၊ စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး) ၊ စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦးနှင့် ဈေးသစ်ကော်မတီ၊ ပျံကျဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီ တို့တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူမှ အဖွင့်ပြောကြားရာတွင်.. `` ကျွန်တော်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအေးသူပါ။ ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် အပြင်ဘက်ဈေးသူဈေးသားရော အတွင်းဘက်ကဈေးသူ ဈေးသားများပါ အားလုံးကျွန်တော့်ရဲ့ ဈေးသူဈေးသား တွေဘဲ ဖြစ်ပါတယ်။ အဲဒီတော့ အပြင်ဘက်ရော အတွင်း ဘက်က ဈေးသူဈေးသားများအာလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ စိတ်ဝမ်းကွဲပြားမှုမရှိကြဘဲ ဈေးကြီးရဲ့တိုးတက်နေမှုကို ဆက်လက်ထိမ်းသိမ်းကြပါလို့ ပြောခြင်ပါတယ်။ ကျွန်တော်တို့ မင်းဘူးမှာလည်း ဈေးကြီးပျက်သွားခဲ့ဘူးတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ အပြင်ဘက်မှာ ဈေးတန်းရှိလို့ ဈေးအတွင်းထဲက မရောင်းရတာလဲ ဆိုင်ချင်လည်းဆိုင်မယ်၊ မဆိုင်ချင်လည်းမဆိုင်ပါဘူး။ ကိုယ့်ကံနဲ့ ကိုယ်တွေပါ။ အဲဒီတော့ ယခု ပြင်ဘက်ဈေးတန်းက ကားကွင်း ကားဂိတ်ဖြစ်တဲ့အတွက်လည်း ကားကွင်းပြန်လည် လုပ်ဖို့တောင်းဆိုနေကြပါတယ်။ ဒီတော့ ပြင်ဘက်တန်း ကားကွင်းမှာရောင်းချနေတဲ့ ဈေးသည်တွေကိုလည်း နေရာရရှိရေးအတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်ပေး ရပါ့မယ်။ အဲလိုဘဲ ပြင်ဘက်ဈေးတန်း ဈေးသည်တွေက နည်းနည်းပြေဆိုနေကြပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာ ကတော့ ဈေးသည်တွေ အချင်းချင်း စည်းလုံးညီညွှတ်ကြပြီး ဈေးကြီးတိုးတက်အောင်ဆောင်ရွက်ကြ ပါလို့ နိဂုံးချုပ်ပြောချင် ပါတယ်။ဟု´´မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ မှ လူထုသို့ ပြောသည်။ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှပြောဆိုချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။ ယခု ဈေတွင်းရှိဈေးသည် များနှင့် ဈေးပြင်ရှိပျံကျဈေးသည်များ လက်ရှိဖြစ်ပေါ်နေတဲ့ ယခင်က ကားပါကင်နေကိစ္စကို ပြန်လည်ဖော်ထုတ်ရေး ကို တင်ပြလာပါကြောင်း၊ သို့သော် လက်ရှိ ပျံကျဈေးသည်များကိုဖယ်ရှား၍ ကားပါကင်နေရာလုပ်လို့လည်း မရပါကြောင်း။ ဒီကိစ္စကို ဈေးကော်မတီကနေ တဆင့် စာတင်ပေးကြပါဆိုကြောင်း။ ဈေးတွင်း ဈေးပြင်ရှိ ဈေးသည်အချင်းချင်းတွေကို မျှတအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒီလောက် လူများစွာ အစည်းအဝေးတက်ရောက်လာတာကိုကြည့်ခြင်း အတွက် ဆန္ဒ တောင်းခံနေစရာမလိုတော့ပါကြောင်း။ ကျွန်တော်တို့ ဘာကိုဆက်လုပ်ရမယ်ဆိုတာကိုလည်း သိနေပါပြီဖြစ် ကြောင်း။ ယနေ့ကြွရောက်လာတဲ့ ဈေးသူ ဈေးသားများ စိတ်အေးချမ်းသာစွာနဲ့သာ ပြန်ကြပါ။ ဈေးသူ ဈေးသားများ ဖြစ်ချင်တာကို ဈေးကော်မတီကနေ တဆင့် တင်ပြပေးစေလိုပါကြောင်း။ လက်ရှိတင်ပြထားသော(၁၃)ချက် ပါစာကိုလည်းရရှိထားပါပြီ၊ မြို့နယ်စည်ပင် ကြီးကြပ်ရေးကော်မတီ မှ လက်တွေ့ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပြီး ဖြစ်သင့် ဖြစ်ထိုက်တာကို မျှမျှတတနဲ့ စဉ်းစားချင့်ချိန်၍ အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောဆိုသည်။ စည်ပင်အမှုဆောင်အရာရှိ ဦးတင့်လွင်ဦး မှလည်း ကျွန်တော်တို့ မင်းဘူးဈေးက အခြားဈေးများနှင့် ယှဉ်လျှင် အရောင်းအ၀ယ်အလွန်ကောင်းပါကြောင်း စည်ပင်ဌာနအနေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး လုံးခြုံရေး ကိစ္စတွေကို ကောင်းအောင် ဆောင်ရွက်ထားပါကြောင်း ယခု အပြင်ပျံကျဈေးသည် နဲ့ ဈေးကြီးအတွင်းရှိ ဈေးသည်များ နှစ်ပိုင်းကွဲနေလို့ ပျော့ပြောင်းညင်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နေရပါကြောင်း၊ ယခု နှစ်ဦးနှစ်ဘက်ခေါ်ယူ ညှိနှိုင်လို့ အကြမ်းအားဖြင့် ဆွေးနွေးပြီးကြပါပြီ။ ဈေးကော်မတီမှ တင်ပြချက်များကို စည်ပင်ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း စည်ပင်အမှုဆောင်အရာရှိ မှ ပြောသည်။ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်မှလည်း ဤသို့ဆို၏။ ဈေးသည်နှစ်ဖွဲ့ကွဲပြားအောင် လမ်းကြောင်း ပေါ်သို့ တင်ပေးနေတာ မဟုတ်ပါကြောင်း မူလ ဈေးကားပါကင်မရှိလျှင် ကားတွေဘယ်မှာ ရပ်ကြရမည်လည်း၊ ဈေးအတွက် ရေရှည်ကြည့် ပေးကြပါဆို၏။ လက်ရှိ ဈေးတွင်းက မူလပျံကျဈေးနေရာရော လက်ရှိလွှတ်နေတဲ့ဈေးတွင်းမြောက်ဘက်မှာ လည်းဆိုင်ခန်းပေါင်း (၄၀)ပိတ်ထားပါကြောင်း။ ဂိုဒေါင်(၈၀)လုံးရှိနေပါကြောင်း။ ဒီနေရာတွေကို အသုံးချလိုက်ရင် နှစ်ဦး နှစ်ဘက် အားလုံး အကျိုးရှိသွားပါမည်ဖြစ်ကြောင်း။ ယခု အစည်းအဝေးပြီးရင် လက်တွေ့ ကွင်းဆင်းကြည့်မယ်ဆိုလျှင် လိုက်ပြပေးမည်ဖြစ်ပါကြောင်း၊ အများဆန္ဒနှင့် အညီသာ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း အတွင်းရေးမှူး ဦးသောင်းညွှန့်မှ ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းဘူး(စကု) မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦး၊ မူလဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် တို့နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူ ဈေးသူ ဈေးသား(၇)ဦးတို့မှ အပြန်အလှန် မေးမြန်း တင်ပြ၍ ပြောဆိုကြသည်။ မူလခေါ်ဆိုသော အစည်းအဝေးမှာ အများဆန္ဒဖြင့် မဲခွဲ၍ ကားပါကင်ကိစ္စကို ဆန္ဒခံယူကြမည်ဆိုသော်လည်း မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားမည် ဟု သက်ဆိုင်ရာမှ ပြောဆိုသည်။ မင်းဘူးမြို့မဈေးသစ် ဈေးကော်မတီအသစ်ဖွဲ့စည်းရန် အထက်သို့တင်ပြ၍ ပြန်လည်စီစစ်ပြီး ဆောင်ရွက်ကြမည်ဟု ကြားသိရသည်။ မူလကားပါကင်ကွင်းတွင် လက်ရှိစည်ပင်မှ နေရာချပေးထားသော ပျံကျဈေးသည်များအား အခြားနေရာသို့ပြန်လည်ချထားပေးရေး နှင့် ဆက်လက်ထားရှိရန်အတွက် သင့် မသင့် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။ ဈေးတွင်း မှ ဈေးသည်များကလည်း ပျံကျဈေးသည်များက ဈေး၏အပြင် တွင်(၂၄)နာရီရောင်းဝယ်ဖောက်ကားနေရသော်လည်း ကျွန်တော်တို့ဈေးတွင်းမှ ဈေးသည်များကတော့ စည်ပင်မှ သတ်မှတ်ချိန်အတိုင်း အတိအကျ(နံနက်၆နာရီခွဲအထိ) စောင့်စားပြီးဖွင့်လှစ်ရောင်းချနေရကြောင်း၊ ဈေးအတွင်း၌ ပျံကျဈေးသည်များကို အပြင်ထုတ်ထား၍ ဈေးတွင်းမှာ ခြောက်ကပ်နေပြီး အရောင်းအ၀ယ်များ မကောင်းကြကြောင်း ပြောကြားသည်။ ဈေးပြင်ပနေသော လုပ်သားပြည်သူတစ်ဦး နှင့် ဈေးသည်အမျိုးသမီးလေး တစ်ဦးမှလည်း မူလက ထားရှိခဲ့သော ကားပါကင်နေရာတွင် ပျုံကျဈေးခင်းပေးထား၍ ဈေးပတ်ပတ်လည်မှာ လမ်းတွေပိတ်ဆို့မှုများဖြစ်နေပါကြောင်း၊ လမ်းတွေ ပိတ်ဆို့မှုကြောင့် တစ်လောက ဆရာတော်တစ်ပါး ယာဉ်တိုက်ခံလိုက်ရ၍ မူလကားပါကင်ကို ပြန်လည်ထားပေး ပါရန် တောင်းဆိုကြောင်း ပြောဆိုကြ၏။ ထို့နောက် (မူလ)ရှိခဲ့သော ကားပါကင်အား ဆက်လက်တည်ရှိရေးကို ဦးဆောင်သူ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်ထံမေးမြန်း အတည်ပြုခဲ့သည်။ ``ယနေ့အစည်းအဝေးမှာ ဘာကိုမျှ အဖြေမထွက်ပါဘူးဗျာ..။ နောက်ဘယ်လောက်ကြာမှ အဖြေထွက်မယ်ဆိုတာ လည်း အဖြေမပေးပါဘူး။ ကားပါကင်ဆက်လက် ထားရှိရေး မထားရှိရေးကို လူထုအများဆန္ဒနဲ့ အညီမဲခွဲဆုံးဖြတ်မယ် ဆိုပြီး ကျွန်တော်တို့ကိုခေါ်တာပါ။ ယခု ဒီ အစည်းအဝေးကျမှ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က အများဆန္ဒနဲ့ မလုပ်တော့ဘဲ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်တော့မယ်လို့ ပြောသွားပါတယ်။ သူတို့ အစကပြောတာတစ်မျိုး ယခုလုပ်တာက တစ်မျိုးဖြစ်နေတယ်၊ ဘာကိုမျှ အဖြေမထွက်သေးပါဘူးဗျာ..။´´ဟု ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် မှ မြန်မာပို့စ် သို့ပြောသည်။
 

`မင်းဘူးမြို့မဈေးသစ်ကြီး၏ (မူလ)ရှိ ကားပါကင်နေရာတွင် ဆိုင်ခန်းများဆောက်ခြင်းကို ကန့်ကွက် ဆန္ဒပြမည်ဆို၍ သက်ဆိုင်ရာမှ အများဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု ဆို´

မတ်လ(၁)ရက်နေ့ နံနက်(၉)နာရီ အချိန် မင်းဘူးမြို့မဈေးသစ်၌ ကားပါကင်ကိစ္စကို ဆန္ဒဖော်ထုတ်ရန် ဈေးသစ်ဓမ္မာရုံ သို့ လူထုအစည်းအဝေးပွဲပြုလုပ်ရန် သတင်းမီဒီယာများထံ ဖိတ်ကြားကြောင်း သတင်းရရှိသည်။ ၎င်းပွဲအား သက်ဆိုင်ရာမှ ခွင့်ပြုချက်မရ၍ ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ဖိတ်ကြားထားသော သတင်းမီဒီယာများကို မူလဈေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးသောင်းညွှန့်က ညနေပိုင်းတွင် ၎င်းကားပါကင်နေရာ ဒေါ်ခင်အုန်းတင့်ဆိုင် တွင် ထပ်မံတွေ့ဆုံ ရှင်းလင်းသည်။ `` ကျွန်တော်က မင်းဘူးမြို့မဈေးသစ်ကြီးစတင်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကထဲက ဈေးသစ်ကော်မတီဝင် အတွင်းရေးမှူးတာဝန်ယူခဲ့သူပါ၊ ဆောက်လုပ်ရေးကော်မတီမှာ ပါဝင်ခဲ့ပါတယ်။ ဈေးအင်္ဂါရပ်နဲ့အညီ နိုင်ငံတော် အကြီးအကဲ အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်အရ စနစ်တစ်ကျနဲ့ စီမံချက်ရေးဆွဲပြီး တည်ဆောက်ခဲ့ကြတာပါ။ ဒီဈေးသစ် မြေပုံကိုသာ ကြည့်ကြပါ။ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ကလည်း စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးတင့်လွင်ဦး ကိုယ်တိုင်က ကျွန်တော့်တို့အဖွဲ့နဲ့ ကျွန်တော့်ကို အတွင်းရေးမှူးတာဝန်ပေးတဲ့စာကို ထပ်မံရရှိခဲ့ပါတယ်။ ယခုထိ ပယ်ဖျက်တဲ့စာ မပေးသေးပါဘူး။ ဒါကြောင့် ယခု ကားပါကင်နေရာကို ဆိုင်ခန်းတွေဆောက်နေတာ ကျွန်တော်နဲ့ လက်ရှိဈေးကော်မတီအဖွဲ့ က လုံးဝသဘော မတူကြပါဘူး။ ဒီနေရာက မင်းဘူးမြို့မ ဈေးသစ်ကြီးရဲ့တောင်ဘက်မှာ အနယ်နယ် အရပ်ရပ်ကလာကြတဲ့ ဈေးဝယ်လာတဲ့ကားတွေ ရပ်နားဖို့ ကားပါကင် နေရာကြီးပါ။ ဧက(၁.၇၄) ကျယ်ဝန်းပါတယ်။ ဈေးရဲ့ဘေးပါတ်ပါတ်လည်မှာ မီးဘေးတားဆီးရေးအတွက် ပေ(၂၀) ပါတ်လည်ချန်ထားခဲ့ပါတယ်။ ယခင်က ကုန်စိမ်းကားတွေ က ည(၁)နာရီနောက်ပိုင်းမှာ ဒီကားပါကင်ကွင်းထဲကို ရောက်လာကြတယ်။ ကုန်ချတယ်။ နံနက်(၇)နာရီအတွင်း ကုန်စိမ်းကားတွေအပြီးချပေးခဲ့ရပါတယ်။ နံနက်(၇)နာရီကျော်တာနဲ့ လူလည်းမရှိရ၊ ကုန်လည်း မထားရပါဘူး။ နောက် ဈေးဝယ်လာတဲ့ ကားတွေရပ်နားကြရပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနှစ်မှာ ဈေးခေါင်း ဦးမြဟန်ရောက်လာတယ်။ ယခု ကားပါကင်အနောက်ဘက်မှာ ဈေးခေါင်းရုံးရှိပါတယ်။ အဲဒီရုံးကို ဈေးအနောက်မြောက် ထောင့်ကို ပြောင်းရွှေ့ခဲ့တယ်။ ဈေးခေါင်းရုံးဟောင်းနေရာဖြစ်တဲ့ ဒီကားပါကင်ထဲက နေရာကို ပုဂ္ဂိုက တစ်ဦးကို စတင်ရောင်းစားပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာတိုင်ပါတယ်၊ ယနေ့အထိအရေးမယူဘဲ တစ်ဖြည်းဖြည်းနဲ့ ဒီနေရာကို စည်ပင်ဈေးခေါင်းအဆက်ဆက် ပျံကျဈေးကောက်ကောက်ပြီး ပျံကျဈေးချပြီး ဖြစ်ပေါ်လာ ပါတယ်။ ယခင် ပျံကျဈေးနေရာက ဈေးအတွင်းမှာ ပျံကျဈေးသည်(၁၅၀)ကျော်ကို ဈေးရဲ့မြောက်ဘက်ဘေးအခြမ်းမှာ မူလကချပေးထားတာပါ။ အဲဒီနေရာကိုတော့ စည်ပင်ဈေးခေါင်းတွေက ဈေးပြင်ပက ကုန်သည်တွေ(၁၀)ဦးကို ရောင်းစား ထားကြပါတယ်။ ဈေးတွင်းက ပျံကျဈေးသည် (၁၅၀)ကိုလည်း မောင်းထုတ်ပစ်ပါတယ်။ ယခု ဒီ ကာပါကင်နေရာမှာ ပျံကျဈေးသည်(၄၈၅) ရှိကြောင်း စာရင်းကောက်လို့ ရပါတယ်။ မြို့နယ်စည်ပင်စာရင်းအရ(၅၇၅)ဦး ပျံကျဈေးသည်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီဆိုင်ခန်းတွေ ဆောက်ဖို့အစည်းအဝေး ဆုံးဖြတ်ချက်အရ(၂၀၁၃၊ ဇန်န၀ါရီလ(၁၃)ရက်နေ့မှာ) ကော်မတီအဖွဲ့ဝင်(၁၂)ဦး အပါအ၀င် ပျံကျဈေးသည်(၃၆)ဦးရဲ့ သဘောတူညီချက်နဲ့သာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ မူလဈေးကော်မတီနဲ့ ကျန်တဲ့ ပျံကျဈေးသည်များက သဘောမတူကြပါဘူး။ ဒါကြောင့် ယခု ကားပါကင်နေရာကို ယခင်လိုသာထားပေးရန်အတွက် တောင်းဆိုကြပါတယ်။ ဒီကိစ္စကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့်ထံကို ပျံကျဈေးသည်(၅၇၅)ဦးရဲ့ကိုယ်စား ဈေးသည်(၇၂)ဦးက လက်မှတ်ရေးထိုးပြီး တင်ပြထားတာ ဘာမှ အကြောင်းမထူးလို့ ကျွန်တော်တို့ ဈေးသည်တွေက ဆန္ဒဖော်ထုတ်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကို တစ်ပါတ်ကြိုတင်ပြီး တောင်းခံခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီ(၂၈)ရက်နေ့မှာ ခွင့်မပြုဘူးလို့ အကြောင်းပြန်ကြားပါတယ်။ ဒါပေမယ့် ခရိုင်ရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့တို့ ထံတင်ပြပါ့မယ်..၊ ဥပဒေနဲ့ အညီဆက်လက် ဆောင်ရွက်သွားပါ့မယ်။ ကျွန်တော်တို့ဆန္ဒဖော်ထုတ်မှာက (၁) ယခင်ကအတိုင်း ကားပါကင်နေရာကို ပြန်လည်ဖော်ထုတ်ပေးရေး (ဒို့အရေး) ။ (၂) ဒီကာပါကင်နေရာမှာ တရားမ၀င်ဆိုင်ခန်းတွေကို ရောင်းစားထားခဲ့သူများကို အရေးယူဆောင်ရွက်ပေးရေး (ဒို့အရေး)။ (၃) ဈေးအတွင်းထဲက ပျံကျဈေးသည်များရဲ့ နေရာကို ပြန်လည်နေရာချထားပေးရေး (ဒို့အရေး) ဆိုပြီး တောင်းဆိုသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…။´´ ဟု မင်းဘူးမြို့မဈေသစ်ကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်မှ ပြောသည်။ ယင်းကိစ္စအား မင်းဘူးမြို့မဈေသစ် ဈေးခေါင်း ဒု-ဦးစီးမှူး ဦးဆယ်မောင်အား မေးမြန်းရာ သူ့အနေနှင့် ပြောပိုင်ခွင့်မရှိပါကြောင်း မြန်မာပို့စ် သို့ ပြောသည်။ ၎င်း ကားပါကင်နေရာ၌ စည်ပင်သို့ မြေထောက်ခ ပေး၍ ရောင်းချလာသော ဒေါ်ခင်အုန်းတင့် သို့ မေးမြန်းရာ..၊ `` ဒီကားပါကင်နေရာကို ပျံကျဈေးသည်ဆိုင်ခန်းတွေဆောက်နေတာ ကျမတို့ကမကြေနပ်ပါဘူး။ ဒါကြောင့် (ယာယီ)မိုးထားတဲ့ ကျမဆိုင်ခန်းကို လုံးဝဖျက်မပေးပါဘူး။ ကျမဆိုင်နေရာက စည်ပင်ကိုအခွန်ဆောင်ပြီး မြေထောက်ခ နှစ်စဉ်ပေးလာခဲ့တာပါ။ ကားပါကင်နေရာအဖြစ်သာထားပေးဖို့ ကျမနဲ့အတူ အမာခံ(၁၀)ဦးက လက်မှတ်ထိုးပြီး တိုင်ကြားခဲ့ပါတယ်။ လက်မှတ်ထိုးတိုင်တဲ့ ကျမတို့ကို မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆိုပါတယ်။ ဒီပြဿနာကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးနေရှင်း ဆီအထိ သွားတွေ့ပါတယ်။ ယခုထိ ဘာမှ လုပ်မပေးသေးပါဘူး။ ဆိုင်ခန်းတွေကိုလည်း စည်ပင်က ဆက်ဆောက်နေကြပါတယ်။ ဈေးသည်တွေငွေသွင်း ပြေစာကိုလည်း ကြည့်ပါအုံး၊( မိမိသဘောဖြင့် ပေးသွင်းပါသည်။)ဆိုပြီး ကိုယ်တိုင်လက်မှတ်ထိုးပေးခဲ့ရတာပါ။ ဈေးဆောက်လုပ်ရေး ကော်မတီက ငွေလက်ခံကြောင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ငွေရပြေစာကို လက်မှတ်ရေးထိုး မပေးပါဘူး။ လိုရင်းကို ပြောရရင်တော့ ဒီကားပါကင် နေရာကို ဆိုင်ခန်းတွေ ဇွတ်အတင်းဆောက်လုပ်နေတာက စည်ပင်ဌာနက ဈေးခေါင်းတွေ က ဆိုင်ခန်းမြေနေရာတွေ ရောင်းစားခဲ့တာကို ပျောက်ကွယ်သွားအောင် ခြေရာခံမရအောင် ဖုန်းကွယ်နေတာပါ။ ဒါကြောင့် (၃၆)ဦးကော်မတီဖွဲ့ပြီး စည်ပင်က ဇွတ်အတင်း ဆောင်ရွက်နေကြတာပါ။ ဆိုင်ခန်းရသူတွေကတော့ ကြေနပ်ကြပါတယ်။ ကျမတို့က ကားပါကင်နေရာပြန်ရရေး၊ ဈေးတွင်က ပျံကျဈေးသည်နေရာကို ပြန်ချရေး၊ စည်ပင်က ဈေးကောက်တွေ ရောင်းစားခဲ့တဲ့ ဆိုင်ခန်းနေရာတွေကို ပြန်လည်ဖော်ထုတ် အရေးယူပေးရေး ဆိုပြီး ဒီကိစ္စကို ကျမတို့ ဆန္ဒဖော်ထုတ် ဖို့သက်ဆိုင်ရာသို့ တင်ကြတာပါ။ သက်ဆိုင်ရာက ခွင့်မပြုပါဘူး။ ဆက်လက်ပြီး တင်ပြတောင်းခံထားပါတယ်။ ကားပါကင်ရပ်နားဖို့ ယခု နေရာမရှိတော့လို့ ဈေးပါတ်ပါတ်လည်မှာ ဈေးဝယ်လာကြတဲ့ ဈေးကားတွေ၊ ကုန်စိမ်းလာချတဲ့ကားတွေ၊ ထော်လာဂျီတွေ၊ သုံးဘီးယာဉ်တွေ၊ မြင်းလှည်းယာဉ်တွေနဲ့ ဆိုင်ကယ်တွေက လမ်းတွေပိတ်ဆို့နေပါပြီရှင်..။´´ဟု ဒေါ်ခင်အုန်းတင့် မှ ပြောသည်။ မတ်လ(၇)ရက်နေ့တွင် ဒေါ်ခင်အုန်းတင့် နှင့်ဈေးသူ/ဈေးသားအဖွဲ့သည် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ (ထပ်မံ)၍ စာတင်ရန် မကွေးမြို့သို့ရောက်လာကြသည်ဆို၏။ ၀န်ကြီးချုပ်ရုံးမှ မကွေးတိုင်း စည်ပင်ညွှန်ကြားရေးမှူးထံသို့ သွားရောက် တွေ့ဆုံ ခိုင်းသည်။ ညနေ(၄)နာရီမှာ မကွေးတိုင်းစည်ပင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်ရသည်ဟု သိရ၏။ ဒုတိယ ညွှန်ကြားရေးမှူးက မင်းဘူးမြို့မ ဈေးသစ်မှာ (မူလ)ရှိထားသော ကားပါကင်နေရာကို ရှိသင့်/ မရှိသင့် ကိစ္စအား ဈေးဓမ္မာရုံတွင် ဈေးသူ ဈေးသား များကို အစည်းအဝေးဖိတ်ကြား၍ အများ၏ဆန္ဒအရ မဲခွဲပြီး ဆုံးဖြတ်ပေးမည် ဟု အဖြေရရှိခဲ့ကြောင်း ဒေါ်ခင်အုံးတင့် နှင့်အဖွဲ့မှ ပြောသည်။
 

“ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက်(၁/၂၀၁၃)

“ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက်(၁/၂၀၁၃) Posted on March 1, 2013 by MJA “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း”နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၏ သဘောထားကြေညာချက် (၁/၂၀၁၃) ၁။ ဤဥပဒေ၏ အခန်း(၁) တွင် “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” ၏ အဓိပ္ပါယ်ဖော်ပြချက်မပါရှိပါ။ သို့ရာတွင် အခန်း(၂)နှင့် အခန်း(၄)တို့တွင် ဖော်ပြထားချက်များအရ “မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ” သည် ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိခြင်းကိုတွေ့ရသည်။ ၂။ ထို့အပြင် “၁၉၆၂ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ”နှင့် “၁၉၃၁ခုနှစ် ပုံနှိပ်တိုက်(အရေးပေါ်အာဏာများ)အက်ဥပဒေ”တို့ကိုအသွင်ပြောင်းထားခြင်းတစ်မျိုးဟု မိမိတို့ရှုမြင်သည်။ ၃။ သတင်းသမားများအတွက် ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေမှ သတင်းလွတ်လပ်ခွင့်ဆိုင်ရာအခြေခံမူများနှင့် ဖီလာဆန့်ကျင်ဖြစ်နေပြီး ပုံနှိပ်သူများနှင့် ထုတ်ဝေသူတို့ဖက်ကို ပြန်လည်ချုပ်ကိုင်ခြင်းအားဖြင့် သတင်းသမားများ၊ စာရေးဆရာများကို ယခင်ကအတိုင်း ပြန်လည်ချုပ်ကိုင်မည့် အခြေအနေများတွေ့နေရပါသည်။ ၄။ စာနယ်ဇင်းကောင်စီ ၏ လုပ်ပိုင်ခွင့်များကိုလည်း ထိပါးနေသယောင်တွေ့မြင်ရပါသည့်အပြင် စာနယ်ဇင်းကောင်စီကပင်လျှင် ယခုဥပဒေကို ပြုစုသည်ဟု အထင်မှားဖွယ်ဖြစ်နေပါသည်။ ၅။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသည် မီဒီယာဥပဒေကြမ်းကိုရေးဆွဲလျက်ရှိရာ ယခုကြေညာလိုက်သော ပုံနှိပ်ဥပဒေကြမ်းပါ အချက်အလက်အချို့သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ရေးဆွဲနေသည့် ဥပဒေကြမ်းတွင်သာပါဝင်ရမည့်အချက်အလက်များဖြစ်နေပါသည်။ဥပမာ သတင်းအေဂျင်စီများတည်ထောင်ခြင်းသည် ပုံနှိပ်ဥပဒေနှင့်မည်ကဲ့သို့မျှ ဆီလျော်မှုမရှိပါ။ သတင်းမီဒီယာနှင့်သာသက်ဆိုင်နေပါသည်။ ပုံနှိပ်ဥပဒေသည် အခြေခံဥပဒေပါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်လိုက်သဖြင့် အခြေခံဥပဒေနှင့် လည်းညီညွတ်မှုမရှိပါ။ ၆။ တရားမ၀င်ထုတ်ဝေစာအဖြစ်ကြေညာနိုင်ခြင်း၊ယင်းအပေါ်လိုင်စင်ရုပ်သိမ်းနိုင်ခြင်းတို့သည် လက်ရှိအခြေအနေအတိုင်းဖြစ်ပြီး၊ Pre-Censorshipမဟုတ် သော်ငြားလည်း Post-Censorshipသာ ဖြစ်နေပါသည်။ ၇။ ယခု ဥပဒေကြမ်းအရဆိုပါက ပုံနှိပ်ထုတ်ဝေသူများနှင့် သတင်းမီဒီယာများသည် ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေဦးမည်ဖြစ်သည်ဟု မိမိတို့သုံးသပ်သည်။ ၈။ ထို့ကြောင့် ဥပဒအသစ်များကို အလောတကြီးပြုစုသည်ထက် တည်ဆဲဥပဒေများတွင်ပါရှိနေသည့် သတင်းမီဒီယာလောကအတွက် အနှောင့်အယှက်ဖြစ်နေသည်တို့ကို ပျက်ပြယ်စေရန်က ပိုအရေးကြီးပါသည်။ ၉။ ယခု ထုတ်ပြန်ကြေညာလိုက်သော “ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်း”ပါ အချက်အလက်အများစုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)အနေဖြင့် လုံးဝသဘောမတူနိုင်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ၁၀။ စာနယ်ဇင်၊သတင်းမီဒီယာလောကသားအများ လက်ခံနိုင်မည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အား စာနယ်ဇင်းမီဒီယာသမားများထံမှသဘောထားတောင်းခံခြင်း၊ ဖြုတ်ပယ် ဖြည့်စွက် ပြင်ဆင်မှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက် စေရန် အကြံပြုအပ်ပါသည်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်း Myanmar Journalists Association မတ်လ ၁ ရက်၊ ၂၀၁၃။ MJA မှ တဆင့်ကူးယူဖော်ပြသည်။
 

ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်း သမားများ ကန့်ကွက်ကြ

ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်း သမားများ ကန့်ကွက်ကြ မြတ်ကျော်သူ | စနေနေ့၊ မတ်လ ၀၂ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၁၀ မိနစ် အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန် ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်သူများ လေ့လာအကြံပြုနိုင်အတွက်ဟုဆိုကာ လွှတ်တော်က ရေးဆွဲထုတ်ပြန် လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာနယ်ဇင်းလောကသားများ သဘောဆန္ဒ မပါဝင်ဘဲ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာ စာနယ်ဇင်း အသင်းများက ဆိုသည်။ yangoon1 The Voice နှင့် Envoy ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ရပ်ဆိုင်းမှုကြောင့် သတင်းစာဆရာများက ထိုဂျာနယ်တိုက်များကို မီဒီယာဖိနှိပ်မှုရပ်ဟု ရေးသားထားသည့် အင်္ကျီများဝတ်ဆင်ကာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်က စုဝေးသွားရောက်ကြရာ ရဲအရာအရှိတစ်ဦးက လမ်းခရီးတွင် တားမြစ်နေစဉ်။ ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှ တဆင့် ထုတ်ပြန်လိုက်သည့် ယင်းဥပဒေကြမ်းကို ကန့်ကွက် ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(MJA)နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ယက်(MJN) တို့မှ မတ်လ ၁ ရက်နေ့တွင် ကန့်ကွက်စာများ အသီးသီး ထုတ်ပြန်လာခဲ့ကြသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေနှင့်လည်း ယင်းဥပဒေကြမ်းသည် ၎င်းတို့ကို အသိပေး၍ ရေးဆွဲခြင်းမဟုတ်ကြောင်း ကောင်စီမှ ဆရာမောင်ဝံသ က မဇ္ဈိမကို ပြောသည်။ “အခုလို ဥပဒေကြမ်း ထွက်လာတာကို စာနယ်ဇင်းကောင်စီက လုံးဝ မသိဘူး။ ထွက်လာတာကိုလည်း အံ့သြတယ်။ ဘယ်သူတွေနဲ့ ရေးဆွဲလိုက်မှန်းလည်း မသိဘူး။ ဒီကိစ္စကို မီဒီယာသမားတွေကလည်း လက်ခံနိုင်မှာမဟုတ်ဘူး” ဟု ဆိုသည်။ ထို့ပြင် ယခုထွက်လာသည့် ပုံနှိပ်/ထုတ်ဝေ ဥပဒေကြမ်းသည် စာနယ်ဇင်းကောင်စီမှ ရေးဆွဲသည့် မီဒီယာ ဥပဒေကို ဆန့်ကျင်ပြီး တခြားနည်းတနည်းဖြင့် မီဒီယာသမားများကို ချုပ်ကိုင်နိုင်ရန် ကြိုးစားထားခြင်း ဖြစ်သည်ဟု ၎င်းက ဝေဖန်လိုက်သည်။ စာနယ်ဇင်းကောင်စီက ရေးဆွဲသည့် မီဒီယာဥပဒေ ပဏာမ မူကြမ်းကို ထုတ်ပြန်ထားပြီး အဆိုပါ မူကြမ်းကို ချုပ်ကိုင်မည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းကို လွှတ်တော်က ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟုလည်း စာနယ်ဇင်းသမားများက ဝေဖန်လျက် ရှိနေကြသည်။ အဆိုပါ ဥပဒေကြမ်းတွင် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲကို အဓိပ္ပါယ်ဖော်ပြချက် မပါရှိဘဲ လုပ်ငန်းများမှ ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိကြောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ နှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်တိုက် (အရေးပေါ်အာဏာများ) အက်ဥပဒေတို့ကို အသွင်ပြောင်းထားခြင်း တစ်မျိုး ဟူ၍လည်း ရှုမြင်ကြောင်း MJA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ “ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင်စီကို မီဒီယာဥပဒေ ရေးဆွဲခိုင်းပြီးကာမှ ခုဥပဒေကြမ်းကို ထုတ်လိုက်တာဆိုတော့ ကျွန်တော်အံ့သြတယ်ဗျ၊ ပြီးတော့ အထဲက ပုဒ်မ ၇ က အရင်စိစစ်ရေးပုံစံနဲ့ ထပ်တူကျနေတဲ့ ပုံစံဖြစ်နေပြီး စိစစ်ရေးပြန်ရှိလာတယ်လို့ ခံစားရတယ်” ဟု MJU မှ ကိုဇော်သက်ထွေး က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဥပဒကြမ်း ပုဒ်မ (၇) တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော်လည်းကောင်း ဆူပူအကြမ်း ဖက်မှုကို ဖြစ်ပွားစေရန်သော်လည်းကောင်း၊ လှုံ့ဆော်ခြင်း ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် အဆိုပါအချက်များမှာ တိကျသည့် ပြဋ္ဌာန်းချက်မဟုတ်သည်ကို တွေ့ရသည်။ ထို့ပြင် ၁၉၆၂ ပုံနှိပ်သူများမှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေသည် ယခု ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ပါရှိသည်။ တဖက်တွင်လည်း သတင်းမီဒီယာ ၈ ခုကို လာမည့် ဧပြီ ၁ ရက်နေ့တွင် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ပြုထားပြီး အချိန်ကိုက်အနေဖြင့် ယခု ဥပဒေကြမ်းထွက်လာခြင်း၍ နေ့စဉ်ထုတ် သတင်းစာများအတွက် စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများကို ဖြစ်စေမည်လားဟူ၍လည်း စိုးရိမ်လျက် ရှိနေကြသည်။ “လောလောဆယ်တော့ ဥပဒေထဲက အချက်တွေကို အသေးစိတ် မပြောချင်ဘူး။ ဒါပေမယ့် ဒီဥပဒေဟာ ၁၉၆၂ ဥပဒေနဲ့ ဘာတွေကွာသလဲ၊ ဘယ်အချက်တွေက ပြန်ပြင်စရာလိုသလဲ ဆိုတာကို ကျနော် လွှတ်တော်မှာ တင်ပြသွားမှာပါ” ဟု The Voice, Hot News စသည့် သတင်းဂျာနယ်များ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။ မဇ္ဈိမ မှ တဆင့်ကူးယူဖော်ပြပါသည်။