`မင်းဘူးမြို့မဈေးသစ်၏ (မူလ)ရှိ ကားပါကင်နေရာ ကိစ္စကို စည်ပင်မှ ဆောင်ရွက်မပေးနိုင်သေး ´

မတ်လ(၇)ရက်နေ့တွင် ဒေါ်ခင်အုန်းတင့် နှင့်ဈေးသူ/ဈေးသားအဖွဲ့သည် မင်းဘူးမြို့မဈေးသစ် ကားပါကင် ကိစ္စကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံသို့ (ထပ်မံ)၍ စာတင်ရန် မကွေးမြို့သို့ရောက်လာကြသည်ဆို၏။ ၀န်ကြီးချုပ်ရုံးမှ မကွေးတိုင်း စည်ပင်ညွှန်ကြားရေးမှူးထံသို့ သွားရောက် တွေ့ဆုံ ခိုင်းသည်ဆို၏။ ညနေ(၄)နာရီမှာ မကွေးတိုင်းစည်ပင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးနှင့် တွေ့ခွင့်ရသည်ဟု သိရ၏။ ဒုတိယ ညွှန်ကြားရေးမှူးက မင်းဘူးမြို့မ ဈေးသစ်မှာ (မူလ)ရှိထားသော ကားပါကင်နေရာကို ရှိသင့်/ မရှိသင့် ကိစ္စအား ဈေးသစ်ဓမ္မာရုံတွင် ဈေးသူ ဈေးသား များကို အစည်းအဝေးဖိတ်ကြား၍ အများ၏ဆန္ဒအရ ဆုံးဖြတ်ပေးမည် ဟု အဖြေရရှိခဲ့ကြောင်း ဒေါ်ခင်အုံးတင့် နှင့်အဖွဲ့မှ မြန်မာပို့စ် သို့ပြောသည်။ ထို့ကြောင့် မတ်လ(၉)ရက်နေ့ နေ့လည်(၁)နာရီတွင် မင်းဘူးမြို့မဈေးအရှေ့ဘက် ဈေးသစ်ဓမ္မာရုံတွင် ဈေးသူဈေးသား များကို စည်ပင်မှ ဖိတ်ကြားကြောင်း သတင်းရရှိသည်။ ၎င်းအစည်းအဝေးကို နေ့လည်(၂)နာရီမှ ကျင်းပနိုင်သည်။ ၎င်းဈေး အစည်းအဝေးမတိုင်မီ ဈေးကော်မတီ(မူလ)အဖွဲ့၊ ကားပါကင်၌ ပျံကျဈေးဆိုင်ဆောက်လုပ်ရေးကော်မတီအသစ် နှင့် စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့တို့ ကြိုတင်အစည်းအဝေး မှာ (မင်းဘူးမြို့မဈေးသစ် ဈေးခေါင်းရုံးတွင်) အချိန်များ ကြာသွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဓမ္မာရုံတွင် ဖိတ်ကြား၍ နေ့(၁၂)နာရီမှာ ရောက်ရှိနေကြသော ဈေးသူ ဈေးသားများက မကြေနပ်ကြဟု ပြောဆိုကြသည်။ ယင်းအစည်းအဝေးတွင် မင်းဘူးမြို့နယ် စည်ပင်သာယာရေး ကြီးကြပ်ရေးအဖွဲ့ နှင့် ဈေးကော်မတီများ ဖိတ်ကြားထားသော ဈေးသူဈေးသားများ (၂၀၀)ကျော်ခန့်တက်ရောက်ကြသည်။ ၎င်းဈေးသူ ဈေးသားများ၏ အများဆန္ဒကိုခံယူရန် ဤလူထုအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ၊ စည်ပင်သာယာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး) ၊ စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦးနှင့် ဈေးသစ်ကော်မတီ၊ ပျံကျဆိုင်ခန်း ဆောက်လုပ်ရေးကော်မတီ တို့တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူမှ အဖွင့်ပြောကြားရာတွင်.. `` ကျွန်တော်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးအေးသူပါ။ ကျွန်တော်ဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့အတွက် အပြင်ဘက်ဈေးသူဈေးသားရော အတွင်းဘက်ကဈေးသူ ဈေးသားများပါ အားလုံးကျွန်တော့်ရဲ့ ဈေးသူဈေးသား တွေဘဲ ဖြစ်ပါတယ်။ အဲဒီတော့ အပြင်ဘက်ရော အတွင်း ဘက်က ဈေးသူဈေးသားများအာလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ စိတ်ဝမ်းကွဲပြားမှုမရှိကြဘဲ ဈေးကြီးရဲ့တိုးတက်နေမှုကို ဆက်လက်ထိမ်းသိမ်းကြပါလို့ ပြောခြင်ပါတယ်။ ကျွန်တော်တို့ မင်းဘူးမှာလည်း ဈေးကြီးပျက်သွားခဲ့ဘူးတဲ့ သာဓကတွေလည်းရှိခဲ့ပါတယ်။ အပြင်ဘက်မှာ ဈေးတန်းရှိလို့ ဈေးအတွင်းထဲက မရောင်းရတာလဲ ဆိုင်ချင်လည်းဆိုင်မယ်၊ မဆိုင်ချင်လည်းမဆိုင်ပါဘူး။ ကိုယ့်ကံနဲ့ ကိုယ်တွေပါ။ အဲဒီတော့ ယခု ပြင်ဘက်ဈေးတန်းက ကားကွင်း ကားဂိတ်ဖြစ်တဲ့အတွက်လည်း ကားကွင်းပြန်လည် လုပ်ဖို့တောင်းဆိုနေကြပါတယ်။ ဒီတော့ ပြင်ဘက်တန်း ကားကွင်းမှာရောင်းချနေတဲ့ ဈေးသည်တွေကိုလည်း နေရာရရှိရေးအတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်ပေး ရပါ့မယ်။ အဲလိုဘဲ ပြင်ဘက်ဈေးတန်း ဈေးသည်တွေက နည်းနည်းပြေဆိုနေကြပါတယ်။ အဲဒီတော့ ကျွန်တော်ပြောချင်တာ ကတော့ ဈေးသည်တွေ အချင်းချင်း စည်းလုံးညီညွှတ်ကြပြီး ဈေးကြီးတိုးတက်အောင်ဆောင်ရွက်ကြ ပါလို့ နိဂုံးချုပ်ပြောချင် ပါတယ်။ဟု´´မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ မှ လူထုသို့ ပြောသည်။ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှပြောဆိုချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။ ယခု ဈေတွင်းရှိဈေးသည် များနှင့် ဈေးပြင်ရှိပျံကျဈေးသည်များ လက်ရှိဖြစ်ပေါ်နေတဲ့ ယခင်က ကားပါကင်နေကိစ္စကို ပြန်လည်ဖော်ထုတ်ရေး ကို တင်ပြလာပါကြောင်း၊ သို့သော် လက်ရှိ ပျံကျဈေးသည်များကိုဖယ်ရှား၍ ကားပါကင်နေရာလုပ်လို့လည်း မရပါကြောင်း။ ဒီကိစ္စကို ဈေးကော်မတီကနေ တဆင့် စာတင်ပေးကြပါဆိုကြောင်း။ ဈေးတွင်း ဈေးပြင်ရှိ ဈေးသည်အချင်းချင်းတွေကို မျှတအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဒီလောက် လူများစွာ အစည်းအဝေးတက်ရောက်လာတာကိုကြည့်ခြင်း အတွက် ဆန္ဒ တောင်းခံနေစရာမလိုတော့ပါကြောင်း။ ကျွန်တော်တို့ ဘာကိုဆက်လုပ်ရမယ်ဆိုတာကိုလည်း သိနေပါပြီဖြစ် ကြောင်း။ ယနေ့ကြွရောက်လာတဲ့ ဈေးသူ ဈေးသားများ စိတ်အေးချမ်းသာစွာနဲ့သာ ပြန်ကြပါ။ ဈေးသူ ဈေးသားများ ဖြစ်ချင်တာကို ဈေးကော်မတီကနေ တဆင့် တင်ပြပေးစေလိုပါကြောင်း။ လက်ရှိတင်ပြထားသော(၁၃)ချက် ပါစာကိုလည်းရရှိထားပါပြီ၊ မြို့နယ်စည်ပင် ကြီးကြပ်ရေးကော်မတီ မှ လက်တွေ့ကွင်းဆင်းကြည့်ရှုဆောင်ရွက်ပြီး ဖြစ်သင့် ဖြစ်ထိုက်တာကို မျှမျှတတနဲ့ စဉ်းစားချင့်ချိန်၍ အမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောဆိုသည်။ စည်ပင်အမှုဆောင်အရာရှိ ဦးတင့်လွင်ဦး မှလည်း ကျွန်တော်တို့ မင်းဘူးဈေးက အခြားဈေးများနှင့် ယှဉ်လျှင် အရောင်းအ၀ယ်အလွန်ကောင်းပါကြောင်း စည်ပင်ဌာနအနေနဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေး လုံးခြုံရေး ကိစ္စတွေကို ကောင်းအောင် ဆောင်ရွက်ထားပါကြောင်း ယခု အပြင်ပျံကျဈေးသည် နဲ့ ဈေးကြီးအတွင်းရှိ ဈေးသည်များ နှစ်ပိုင်းကွဲနေလို့ ပျော့ပြောင်းညင်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နေရပါကြောင်း၊ ယခု နှစ်ဦးနှစ်ဘက်ခေါ်ယူ ညှိနှိုင်လို့ အကြမ်းအားဖြင့် ဆွေးနွေးပြီးကြပါပြီ။ ဈေးကော်မတီမှ တင်ပြချက်များကို စည်ပင်ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း စည်ပင်အမှုဆောင်အရာရှိ မှ ပြောသည်။ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်မှလည်း ဤသို့ဆို၏။ ဈေးသည်နှစ်ဖွဲ့ကွဲပြားအောင် လမ်းကြောင်း ပေါ်သို့ တင်ပေးနေတာ မဟုတ်ပါကြောင်း မူလ ဈေးကားပါကင်မရှိလျှင် ကားတွေဘယ်မှာ ရပ်ကြရမည်လည်း၊ ဈေးအတွက် ရေရှည်ကြည့် ပေးကြပါဆို၏။ လက်ရှိ ဈေးတွင်းက မူလပျံကျဈေးနေရာရော လက်ရှိလွှတ်နေတဲ့ဈေးတွင်းမြောက်ဘက်မှာ လည်းဆိုင်ခန်းပေါင်း (၄၀)ပိတ်ထားပါကြောင်း။ ဂိုဒေါင်(၈၀)လုံးရှိနေပါကြောင်း။ ဒီနေရာတွေကို အသုံးချလိုက်ရင် နှစ်ဦး နှစ်ဘက် အားလုံး အကျိုးရှိသွားပါမည်ဖြစ်ကြောင်း။ ယခု အစည်းအဝေးပြီးရင် လက်တွေ့ ကွင်းဆင်းကြည့်မယ်ဆိုလျှင် လိုက်ပြပေးမည်ဖြစ်ပါကြောင်း၊ အများဆန္ဒနှင့် အညီသာ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း အတွင်းရေးမှူး ဦးသောင်းညွှန့်မှ ရှင်းလင်းပြောကြားသည်။ ထို့နောက် မင်းဘူး(စကု) မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင်အမူဆောင်အရာရှိ ဦးတင့်လွင်ဦး၊ မူလဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် တို့နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူ ဈေးသူ ဈေးသား(၇)ဦးတို့မှ အပြန်အလှန် မေးမြန်း တင်ပြ၍ ပြောဆိုကြသည်။ မူလခေါ်ဆိုသော အစည်းအဝေးမှာ အများဆန္ဒဖြင့် မဲခွဲ၍ ကားပါကင်ကိစ္စကို ဆန္ဒခံယူကြမည်ဆိုသော်လည်း မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်သာ ဆက်လက်ဆောင်ရွက်သွားမည် ဟု သက်ဆိုင်ရာမှ ပြောဆိုသည်။ မင်းဘူးမြို့မဈေးသစ် ဈေးကော်မတီအသစ်ဖွဲ့စည်းရန် အထက်သို့တင်ပြ၍ ပြန်လည်စီစစ်ပြီး ဆောင်ရွက်ကြမည်ဟု ကြားသိရသည်။ မူလကားပါကင်ကွင်းတွင် လက်ရှိစည်ပင်မှ နေရာချပေးထားသော ပျံကျဈေးသည်များအား အခြားနေရာသို့ပြန်လည်ချထားပေးရေး နှင့် ဆက်လက်ထားရှိရန်အတွက် သင့် မသင့် ဆွေးနွေးညှိနှိုင်းကြမည်ဟု သိရသည်။ ဈေးတွင်း မှ ဈေးသည်များကလည်း ပျံကျဈေးသည်များက ဈေး၏အပြင် တွင်(၂၄)နာရီရောင်းဝယ်ဖောက်ကားနေရသော်လည်း ကျွန်တော်တို့ဈေးတွင်းမှ ဈေးသည်များကတော့ စည်ပင်မှ သတ်မှတ်ချိန်အတိုင်း အတိအကျ(နံနက်၆နာရီခွဲအထိ) စောင့်စားပြီးဖွင့်လှစ်ရောင်းချနေရကြောင်း၊ ဈေးအတွင်း၌ ပျံကျဈေးသည်များကို အပြင်ထုတ်ထား၍ ဈေးတွင်းမှာ ခြောက်ကပ်နေပြီး အရောင်းအ၀ယ်များ မကောင်းကြကြောင်း ပြောကြားသည်။ ဈေးပြင်ပနေသော လုပ်သားပြည်သူတစ်ဦး နှင့် ဈေးသည်အမျိုးသမီးလေး တစ်ဦးမှလည်း မူလက ထားရှိခဲ့သော ကားပါကင်နေရာတွင် ပျုံကျဈေးခင်းပေးထား၍ ဈေးပတ်ပတ်လည်မှာ လမ်းတွေပိတ်ဆို့မှုများဖြစ်နေပါကြောင်း၊ လမ်းတွေ ပိတ်ဆို့မှုကြောင့် တစ်လောက ဆရာတော်တစ်ပါး ယာဉ်တိုက်ခံလိုက်ရ၍ မူလကားပါကင်ကို ပြန်လည်ထားပေး ပါရန် တောင်းဆိုကြောင်း ပြောဆိုကြ၏။ ထို့နောက် (မူလ)ရှိခဲ့သော ကားပါကင်အား ဆက်လက်တည်ရှိရေးကို ဦးဆောင်သူ ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့်ထံမေးမြန်း အတည်ပြုခဲ့သည်။ ``ယနေ့အစည်းအဝေးမှာ ဘာကိုမျှ အဖြေမထွက်ပါဘူးဗျာ..။ နောက်ဘယ်လောက်ကြာမှ အဖြေထွက်မယ်ဆိုတာ လည်း အဖြေမပေးပါဘူး။ ကားပါကင်ဆက်လက် ထားရှိရေး မထားရှိရေးကို လူထုအများဆန္ဒနဲ့ အညီမဲခွဲဆုံးဖြတ်မယ် ဆိုပြီး ကျွန်တော်တို့ကိုခေါ်တာပါ။ ယခု ဒီ အစည်းအဝေးကျမှ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က အများဆန္ဒနဲ့ မလုပ်တော့ဘဲ မြို့နယ်စည်ပင်ကြီးကြပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့သာ လုပ်တော့မယ်လို့ ပြောသွားပါတယ်။ သူတို့ အစကပြောတာတစ်မျိုး ယခုလုပ်တာက တစ်မျိုးဖြစ်နေတယ်၊ ဘာကိုမျှ အဖြေမထွက်သေးပါဘူးဗျာ..။´´ဟု ဈေးကော်မတီ အတွင်းရေးမှူး ဦးသောင်းညွှန့် မှ မြန်မာပို့စ် သို့ပြောသည်။
 

0 comments: