ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်း သမားများ ကန့်ကွက်ကြ

ပုံနှိပ်နှင့် ထုတ်ဝေ ဥပဒေကြမ်းကို စာနယ်ဇင်း သမားများ ကန့်ကွက်ကြ မြတ်ကျော်သူ | စနေနေ့၊ မတ်လ ၀၂ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၁၀ မိနစ် အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန် ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်သူများ လေ့လာအကြံပြုနိုင်အတွက်ဟုဆိုကာ လွှတ်တော်က ရေးဆွဲထုတ်ပြန် လိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာနယ်ဇင်းလောကသားများ သဘောဆန္ဒ မပါဝင်ဘဲ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း မြန်မာ စာနယ်ဇင်း အသင်းများက ဆိုသည်။ yangoon1 The Voice နှင့် Envoy ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့်ရပ်ဆိုင်းမှုကြောင့် သတင်းစာဆရာများက ထိုဂျာနယ်တိုက်များကို မီဒီယာဖိနှိပ်မှုရပ်ဟု ရေးသားထားသည့် အင်္ကျီများဝတ်ဆင်ကာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်က စုဝေးသွားရောက်ကြရာ ရဲအရာအရှိတစ်ဦးက လမ်းခရီးတွင် တားမြစ်နေစဉ်။ ဖေဖော်ဝါရီ ၂၇ ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှ တဆင့် ထုတ်ပြန်လိုက်သည့် ယင်းဥပဒေကြမ်းကို ကန့်ကွက် ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU)၊ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း(MJA)နှင့် မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ယက်(MJN) တို့မှ မတ်လ ၁ ရက်နေ့တွင် ကန့်ကွက်စာများ အသီးသီး ထုတ်ပြန်လာခဲ့ကြသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေနှင့်လည်း ယင်းဥပဒေကြမ်းသည် ၎င်းတို့ကို အသိပေး၍ ရေးဆွဲခြင်းမဟုတ်ကြောင်း ကောင်စီမှ ဆရာမောင်ဝံသ က မဇ္ဈိမကို ပြောသည်။ “အခုလို ဥပဒေကြမ်း ထွက်လာတာကို စာနယ်ဇင်းကောင်စီက လုံးဝ မသိဘူး။ ထွက်လာတာကိုလည်း အံ့သြတယ်။ ဘယ်သူတွေနဲ့ ရေးဆွဲလိုက်မှန်းလည်း မသိဘူး။ ဒီကိစ္စကို မီဒီယာသမားတွေကလည်း လက်ခံနိုင်မှာမဟုတ်ဘူး” ဟု ဆိုသည်။ ထို့ပြင် ယခုထွက်လာသည့် ပုံနှိပ်/ထုတ်ဝေ ဥပဒေကြမ်းသည် စာနယ်ဇင်းကောင်စီမှ ရေးဆွဲသည့် မီဒီယာ ဥပဒေကို ဆန့်ကျင်ပြီး တခြားနည်းတနည်းဖြင့် မီဒီယာသမားများကို ချုပ်ကိုင်နိုင်ရန် ကြိုးစားထားခြင်း ဖြစ်သည်ဟု ၎င်းက ဝေဖန်လိုက်သည်။ စာနယ်ဇင်းကောင်စီက ရေးဆွဲသည့် မီဒီယာဥပဒေ ပဏာမ မူကြမ်းကို ထုတ်ပြန်ထားပြီး အဆိုပါ မူကြမ်းကို ချုပ်ကိုင်မည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကြမ်းကို လွှတ်တော်က ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟုလည်း စာနယ်ဇင်းသမားများက ဝေဖန်လျက် ရှိနေကြသည်။ အဆိုပါ ဥပဒေကြမ်းတွင် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲကို အဓိပ္ပါယ်ဖော်ပြချက် မပါရှိဘဲ လုပ်ငန်းများမှ ယခင် စာပေစိစစ်ရေးနှင့် များစွာခြားနားမှုမရှိကြောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ နှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်တိုက် (အရေးပေါ်အာဏာများ) အက်ဥပဒေတို့ကို အသွင်ပြောင်းထားခြင်း တစ်မျိုး ဟူ၍လည်း ရှုမြင်ကြောင်း MJA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ “ပြန်ကြားရေးဝန်ကြီးက စာနယ်ဇင်းကောင်စီကို မီဒီယာဥပဒေ ရေးဆွဲခိုင်းပြီးကာမှ ခုဥပဒေကြမ်းကို ထုတ်လိုက်တာဆိုတော့ ကျွန်တော်အံ့သြတယ်ဗျ၊ ပြီးတော့ အထဲက ပုဒ်မ ၇ က အရင်စိစစ်ရေးပုံစံနဲ့ ထပ်တူကျနေတဲ့ ပုံစံဖြစ်နေပြီး စိစစ်ရေးပြန်ရှိလာတယ်လို့ ခံစားရတယ်” ဟု MJU မှ ကိုဇော်သက်ထွေး က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဥပဒကြမ်း ပုဒ်မ (၇) တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်သော်လည်းကောင်း ဆူပူအကြမ်း ဖက်မှုကို ဖြစ်ပွားစေရန်သော်လည်းကောင်း၊ လှုံ့ဆော်ခြင်း ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားသည့်အတွက် အဆိုပါအချက်များမှာ တိကျသည့် ပြဋ္ဌာန်းချက်မဟုတ်သည်ကို တွေ့ရသည်။ ထို့ပြင် ၁၉၆၂ ပုံနှိပ်သူများမှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေသည် ယခု ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟု ပါရှိသည်။ တဖက်တွင်လည်း သတင်းမီဒီယာ ၈ ခုကို လာမည့် ဧပြီ ၁ ရက်နေ့တွင် နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့် ပြုထားပြီး အချိန်ကိုက်အနေဖြင့် ယခု ဥပဒေကြမ်းထွက်လာခြင်း၍ နေ့စဉ်ထုတ် သတင်းစာများအတွက် စိန်ခေါ်မှု၊ ခြိမ်းခြောက်မှုများကို ဖြစ်စေမည်လားဟူ၍လည်း စိုးရိမ်လျက် ရှိနေကြသည်။ “လောလောဆယ်တော့ ဥပဒေထဲက အချက်တွေကို အသေးစိတ် မပြောချင်ဘူး။ ဒါပေမယ့် ဒီဥပဒေဟာ ၁၉၆၂ ဥပဒေနဲ့ ဘာတွေကွာသလဲ၊ ဘယ်အချက်တွေက ပြန်ပြင်စရာလိုသလဲ ဆိုတာကို ကျနော် လွှတ်တော်မှာ တင်ပြသွားမှာပါ” ဟု The Voice, Hot News စသည့် သတင်းဂျာနယ်များ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးခဲ့သည့် အောက်လွှတ်တော်အမတ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။ မဇ္ဈိမ မှ တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: