`(၂၄)နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်သော မကွေးမြို့ ဇမ္ဗူရာဇ် ရွှေဆိုင်မှ ငွေကျပ်သိန်း(၃၀)ဖိုးခန့် ရွှေဆွဲကြိုး(၆)ကုံး လုယူထွက်ပြေးမှု´

ဖေဖော်ဝါရီ(၂၄)ရက် နေ့လည်(၁း၁၅)အချိန်တွင် မကွေးမြို့ အထက(၁)လမ်း ကန်သာဈေးတောင်ဘက် ရှိ ဇမ္ဗူရာဇ်ရွှေဆိုင်၌ ရွှေဆွဲကြိုးတစ်ကျပ်သားခန့်(၆)ကုံး ကာလတန်ဖိုးငွေကျပ်သိန်း(၃၀)ဖိုးခန့်အား လူငယ်နှစ်ဦးမှ လုယူ ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။ `` ကျမတို့ အဲဒီဆိုင်ကို စဖွင့်တာ(၄/၅)ရက်ပဲရှိပါသေးတယ်။ ရောင်းတဲ့ဝန်ထမ်းကောင်မလေးက သျှီလာ(ကုလားမလေး) နဲ့ ကျမတို့ဦးလေးတို့ (၂)ယောက်သာဆိုင်မှာရှိပါတယ်။ ဒီနေ့နေ့လယ်(၁း၁၅)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာတယ်။ ဆိုင်ကယ်ကို ကျမတို့ဆိုင်က ကားနဲ့ကွယ်ရပ်ပြီး စက်မရပ်ဘဲ လူတစ်ယောက် ကစောင့်နေတယ်။ ကောင်လေးအသက်ကတော့ အသက်(၃၀)လောက်ရှိမယ်။အသားဖြူတယ်။ အလုံးအရပ်ကလည်း သင့်ယုံဘဲ။ လူမြင်ရင် မှတ်မိပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ရွှေထည်တွေကိုပြခိုင်းလို့ ကောင်တာထဲက တစ်ကျပ်သားခန့်ဆွဲကြိုး(၆)ကုံး ကို ဘန်းထဲချပြပါတယ်။ အဲဒီအချိန်မှာ လျှပ်စစ်မီးကလဲပြတ်နေတော့ စီစီတီဗွီကလဲ ရိုက်မရဘူးဖြစ်သွားတယ်။ ဆွဲကြိုးဘန်းကို ချပြနေတုန်းမှာ ဦးလေးက ဆိုင်အတွင်းထဲပစ္စည်းတစ်ခုခဏ၀င်ပြီးယူနေတုန်းမှာ အဲဒီလူက ဆွဲကြိုးတွေကိုစုဆွဲယူပြီး ထွက်ပြေးသွားတာပါ။ ကုလားမလေးက အော်ပါတယ်။ ဆိုင်ဘေးကလဲ လူကရှင်းနေတော့ မမိလိုက်ပါဘူး။ ဒါပေမယ့် အဲဒီလူနှစ်ယောက်က ကျမတို့ ရန်ကင်းက ပင်မ ဇမ္ဗူရာဇ်ရွှေဆိုင် နဲ့ ရန်ပယ်ဈေးက ကျမဆိုင်တွေကို လာလာကြည့်နေတာ(၃/၄)ရက်လောက်ရှိနေပါပြီ..။ ကျမတို့ ရွှေဆိုင်တွေက စီစီတီဗွီမှာ ဓာတ်ပုံမှတ်တမ်းတွေကို ပြန်စစ်နေပါတယ်။ သူက ဂျင်းဘောင်းဘီနဲ့ ဂျင်းလွယ်အိပ်ကိုလွယ်ထားတယ်၊ ဆိုင်ကယ်ဦးထုပ်(ဟဲလမက်) ခေါင်းစွပ်ကြီးကို စွပ်ထားပါတယ်။ ဒါကြောင့်လူမြင်ရင်မှတ်မိတယ်ပြောတာပါ´´ ဟု ရန်ပယ်ဆိုင်မှ အရောင်းစာရေး ဒေါ်ချိုမာက ပြောသည်။ အခင်းဖြစ်ပွားရာဇမ္ဗူရာဇ်ရွှေဆိုင်၏ အရှေ့ဘက်က အလှဘဏ် အမျိုးသား ဆံပင်ညှုပ်ဆိုင် မှ ပိုင်ရှင်ကလည်း ဤသို့ဆိုပါသည်။ `` ဒီနေ့နေ့လယ်(၁း၃၀)နာရီလောက်မှာ ဘေးက ရွှေဆိုင်ကကောင်မလေး အော်သံကို ကြားလိုက်ရပါတယ်။ သူအော်တာက ကြိုးတွေယူသွားတယ်..။ ကြိုးတွေယူသွားတယ် လုပ်ကြပါအုံးလို့ အော်တော့ ကျွန်တော်တို့က နားမလည်ဘူးဖြစ်သွားတယ်။ အဲဒီကောင်နှစ်ယောက်ကို မြင်လိုက်ရပါတယ်။ (၂)ယောက်ပါ။ ဆိုင်ကယ်အနက် ၁၂၅ (ရုပ်ဆိုး)နဲ့ လူနှစ်ဦးပါ။ တစ်ဦးက ဆိုင်ကယ်ပေါ်မှာအသင့်ရှိနေတယ်။ ဆိုင်ကယ်က ရွှေဆိုင်ရှေ့ကားနဲ့ ကွယ်နေပါတယ်။ တစ်ယောက်ကဆိုင်ထဲဝင်ပြီး ရွှေတွေလုယူ ထွက်ပြေးသွားတာပါ။ လူနှစ်ယောက်လုံးက အရွယ်တူတွေဖြစ်ပြီး ဂျင်းဘောင်ဘီတွေနဲ့ ပါ။ အဲဒီအချိန်က မီးပြတ်နေတော့ ရွှေဆိုင်ထဲက စီစီတီဗွီကလည်း မရိုက်လိုက်နိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဒီကောင်တွေက သူတို့ ဇမ္ဗူရာဇ်ရွှေဆိုင်တွေကို ၀င်ထွက်လေ့လာနေတာ(၄/၅)ရက်တောင် ရှိနေပြီလို့ ကြားသိရပါတယ်..´´။ ဟု ၎င်းရွှေဆိုင်၏ အရှေ့ဘက်မှ အလှဘဏ် အမျိုးသားဆံပင်ညှပ်ဆရာ က ပြောသည်။ ၎င်းရွှေဆိုင်မှာပိတ်ပြီး သက်ဆိုင်ရာသို့ သွားရောက်၍ အစစ်ခံထွက်ဆိုချက်များပေးနေကြောင်း၊ ဇမ္ဗူရာဇ်ရွှေဆိုင်များ ၏ ပိုင်ရှင် ဦးသူရစိုးမှ တရားလိုပြု၍ မကွေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ(၂၄)ရက်၊ညနေ(၅း၃၇)အချိန်မှာ (ပ)၄၁/၂၀၁၃ ပုဒ်မ-၃၈၂ ဖြင့်အမှုဖွင်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှလည်း အပူတစ်ပြင်း လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။ ထိုအမှုနှင့်ပါတ်သက်၍ မကွေးမြို့မ ရဲစခန်း စခန်းမှူး ရဲအုပ်ဦးခင်မောင်ရွှေ ထံသို့ ဖေဖော်ဝါရီ(၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဖုန်းသတင်းမေးမြန်းပါသည်။ ၎င်းတရားခံများကို (၂၄)နာရီအတွင်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် တရားခံ(၂)ဦး၏ ဓာတ်ပုံများ နှင့် ဖမ်းဆီးရရှိပုံတို့ကို အသေးစိတ်သွားရောက်မေးမြန်းခဲ့ရာ ရဲစခန်းမှူးမှ ဤသို့ပြောပါ၏။ `` ဒီအမှုကို အမြန်ဆုံး အမှုမှန်ဖော်ထုတ်ပြီး သက်သေခံပစ္စည်များပါ လက်ရ ဖမ်းဆီးနိုင်အောင် မကွေးတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး တို့ရဲ့ လမ်းညွှန်ချက်များအတိုင်း ကျွန်တော်တို့ မအိပ်မနေ ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ မကွေးတိုင်း၊ ခရိုင်ရဲတပ်ဖွဲ့က ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့ နယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ်သက်အောင်စိုး၊အမှုစစ် ဒုရဲအုပ် စိုးနိုင်လင်း နဲ့ ကျွန်တော်တို့အဖွဲ့ ဖေဖော်ဝါရီ(၂၄)ရက်၊ (၁၃း၁၅)နာရီအချိန်မှာ အခင်းဖြစ်တဲ့နေရာကို ရောက်ပါတယ်။ အဓိက ဒီတရားခံကို ဖမ်းမိတာက ဇမ္ဗူရာဇ်ရွှေဆိုင်တွေထဲက စီစီတီဗွီ ဓာတ်ပုံမှတ်တမ်းတွေအရ ခြေရာခံလိုက် ရပါတယ်။ ရန်ကင်းရွှေဆိုင် ရန်ပယ်ရွှေဆိုင်တွေနဲ့ ကံသာရွှေဈေးဆိုင်တွေကို အရင်နေ့တွေကထဲက ယခု တရားခံတွေက လာရောက်လေ့လာ နေတယ်လို့ သိရပါတယ်။ စီစီတီဗွီက ထုတ်ထားတဲ့ဓာတ်ပုံအရ အလားတူ ယခင်ကပြစ်မှုကျူးလွန်သူတွေရဲ့ စာရင်းဓာတ်ပုံတွေကို ပြန်စစ်ကြည့်တယ်။ အဲဒီပုံသဏ္ဍာန် ကွင်းဆက်အရ ၀ါဂွမ်းရွာထဲက ဦးဝင်းဌေးသန်းရဲ့သား အသက်(၂၂)ခန့်ရှိ မောင်ဝင်းမင်းလတ် ဖြစ်နိုင်တာကို စုံစမ်းဖော်ထုတ်ရရှိခဲ့ပါတယ်။ ဒီကောင်လေးက ဘောင်းဘီရှည်ဝတ်တယ်၊ ဆိုင်ကယ်မပါဘဲ လမ်းသွားရင်း ဆိုင်ကယ်ဦးထုပ်(ဟဲလမက်) အစွပ်ကြီးကို အမြဲဆောင်းထားပြီး လျှောက်သွားနေကြောင်း စုံစမ်းသိရပါတယ်။ ဒါနဲ့ သူ့ကို ဖေဖော်ဝါရီ(၂၄)ရက်၊ (၂၃း၁၅) နာရီအချိန်မှာ ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ သူက ပြစ်မှုများကို ကျူးလွန်ခဲ့ပါတယ်လို့ ၀န်ခံထွက်ဆိုပါတယ်။ သူ့ရဲ့ထွက်ဆိုချက်အရ ပြစ်မူကျူးလွန်စဉ်က သူနဲ့အတူပါလာသူက ၀ါဂွမ်းကျေးရွာ အဘ ဦးတင်စိုးရဲ့သား အသက်(၂၃)ရှိ တင်ဇာထွန်း ခေါ် ဇာကြီး ပါလို့ ဖော်ပြောပါတယ်။ သူတို့နှစ်ဦး အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ကတော့ ကံသာရပ်ကွက် (၁၂)လမ်းနေတဲ့ ဘော်ဒါဆောင်ပိုင်ရှင် ကိုခိုင်မျိုးဦး ဆီကငှါးပြီး စီးလာတယ်လို့ ပြောပါတယ်။ (၂၄)ရက်နေ့ အခင်းဖြစ်တဲ့ညမှာဘဲ လုယူသွားတဲ့ရွှေဆွဲကြိုးတွေထဲက ရွှေဆွဲကြိုးတစ်ကုံးကို ကန်သာရပ်ကွက် အမှတ်(၂၀)အမိန့်ရ အပေါင်ဆိုင်ပိုင်ရှင် ကိုအောင်ထွန်းမြင့် ဆီမှာ(၃)သိန်းခွဲနဲ့ ပေါင်ထားတယ်လို့ ပြောပါတယ်။ အဲဒီရွှေဆွဲကြိုးကို ဖေဖော်ဝါရီ (၂၅)ရက်နေ့ နံနက်(၉)နာရီမှာ အပေါင်ဆိုင်အမှတ်(၂၀)သို့ သွားရောက်သိမ်းဆီးခဲ့ပါတယ်။ ကျန်တဲ့ ရွှေဆွဲကြိုး(၅)ကုံးကို တော့ ၀ါဂွမ်းရွာ ၀င်းမင်းလတ် ရဲ့အိပ်ခန်းထဲက အ၀တ်ချင်းတောင်းထဲမှာ သိမ်းထားတယ်လို့ တရားခံရဲ့က ၀န်ခံဖော်ထုတ်လို့ ဖေဖော်ဝါရီ(၂၅)ရက်၊ နံနက်(၁၁း၄၅)နာရီက သွားရောက်သိမ်းဆီးခဲ့ပါတယ်။ ရွှေဆွဲကြိုး ငါးကုံးနဲ့အတူ အပေါင်ဆိုင်က ဆွဲကြိုးတစ်ကုံးပေါင်လို့ရတဲ့ငွေထဲမှ သုံးပြီးကျန်တဲ့ငွေ (၂၄၀၀၀၀) နှစ်သိန်းလေးသောင်းကျပ် ကိုလည်း ထပ်မံသိမ်းဆီး ရမိခဲ့ပါတယ်။ တရားခံ ၀င်းမင်းလတ်၊ တရားခံ တင်ဇာထွန်း(ခ)ဇာကြီး တို့နဲ့အတူ သက်သေခံပစ္စည်းတွေကတော့ ရွှေဆိုင်အတွင်းဝင်ရောက်စဉ်က အသုံးပြုခဲ့တဲ့ ဆိုင်ကယ်ဦးထုပ်(ဟဲလမက်)အနက်တစ်လုံး၊ (၁၂၅ နယူးအန်ဘို) ဆိုင်ကယ် တစ်စီး၊ သူတို့ဝတ်ဆင်ခဲ့တဲ့ ဘောင်းဘီအနက်၊ ဘေးလွယ်အိပ်တစ်လုံးနဲ့ ရွှေဆွဲကြိုး(၆)ကုံး အလေးချိန် (၄)ကျပ်တစ်ပဲ ငါးရွေးတစ်ခြမ်း၊ သက်သေငွေကျပ် နှစ်သိန်းလေးသောင်းတို့ကို ဓာတ်ပုံ မှတ်တမ်းများ နဲ့အတူ ပူးတွဲ ဖမ်းဆီးတင်ပြပေးထားပါတယ်။ ဒီအမူကို ကျွန်တော်တို့ ရဲတပ်ဖွဲ့က (၂၄)နာရီအတွင်းမှာ ဖမ်းဆီးဖော်ထုတ်ပြီးလို့ တရားရုံးကို ဆက်လက်တင်ပို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်.. ´´။ ဟု မကွေးမြို့မ ရဲစခန်းမှူး ရဲအုပ် ဦးခင်မောင်ရွှေမှ Tht Ladies သို့ ပြောသည်။
 

0 comments: