`မကွေးမြို့တွင် နေ့ခင်းကြောင်တောင် မီးပြတ်ချိန်မှာ ရွှေဆိုင်တစ်ဆိုင်မှ ငွေကျပ်သိန်း(၃၀)ကျော်ဖိုး ရွှေဆွဲကြိုး(၆)ကုံး လုယူထွက်ပြေးမှုဖြစ်ပွား´

ဖေဖော်ဝါရီ(၂၄)ရက် နေ့လည်(၁း၃၀)အချိန်တွင် မကွေးမြို့ အထက(၁)လမ်း ကန်သာဈေးတောင်ဘက် ရှိ ဇဗ္ဘူရာစ်ရွှေဆိုင်၌ ရွှေဆွဲကြိုးတစ်ကျပ်သားခန့်(၆)ကုံး ကာလတန်ဖိုးငွေကျပ်သိန်း(၃၀)ကျော်ခန့်အား လူငယ်နှစ်ဦးမှ လုယူထွက်ပြေးသွားကြောင်းသတင်းရရှိသည်။ `` ကျမတို့ အဲဒီဆိုင်ကို စဖွင့်တာ(၄/၅)ရက်ပဲရှိပါသေးတယ်။ ရောင်းတဲ့ဝန်ထမ်းကောင်မလေးက ရှီလာ(ကုလားမလေး) နဲ့ ကျမတို့ဦးလေးတို့ (၂)ယောက်သာဆိုင်မှာရှိပါတယ်။ ဒီနေ့နေ့လယ်(၁း၃၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာတယ်။ ဆိုင်ကယ်ကို ကျမတို့ဆိုင်က ကားနဲ့ကွယ်ရပ်ပြီး စက်မရပ်ဘဲ လူတစ်ယောက် ကစောင့်နေတယ်။ ကောင်လေးအသက်ကတော့ အသက်(၃၀)လောက်ရှိမယ်။အသားဖြူတယ်။ အလုံးအရပ်ကလည်း သင့်ယုံဘဲ။ လူမြင်ရင် မှတ်မိပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ရွှေထည်တွေကိုပြခိုင်းလို့ ကောင်တာထဲက တစ်ကျပ်သားခန့်ဆွဲကြိုး(၆)ကုံး ကို ဘန်းထဲချပြပါတယ်။ အဲဒီအချိန်မှာ လျှပ်စစ်မီးကလဲပြတ်နေတော့ စီစီတီဗွီကလဲ ရိုက်မရဘူးဖြစ်သွားတယ်။ ဆွဲကြိုးဘန်းကို ချပြနေတုန်းမှာ ဦးလေးက ဆိုင်အတွင်းထဲပစ္စည်းတစ်ခုခဏ၀င်ပြီးယူနေတုန်းမှာ အဲဒီလူက ဆွဲကြိုးတွေကိုစုဆွဲယူပြီး ထွက်ပြေးသွားတာပါ။ ကုလားမလေးက အော်ပါတယ်။ ဆိုင်ဘေးကလဲ လူကရှင်းနေတော့ မမိလိုက်ပါဘူး။ ဒါပေမယ့် အဲဒီလူနှစ်ယောက်က ကျမတို့ ရန်ကင်းက ပင်မ ဇမ္ဘူရာစ်ရွှေဆိုင် နဲ့ ရန်ပယ်ဈေးက ကျမဆိုင်ကို လာလာကြည့်နေတာ(၃)ရက်လောက်ရှိနေပါပြီ..။ ဒါကြောင့်လူမြင်ရင်မှတ်မိတယ်ပြောတာပါ´´ ဟု ရန်ပယ်ဆိုင်မှ အရောင်းစာရေး ဒေါ်ချိုမာက မြန်မာပို့စ် ကိုပြောသည်။ အခင်းဖြစ်ပွားရာဆိုင်၏ အရှေ့ဘက်က အလှဘဏ် အမျိုးသား ဆံပင်ညှုပ်ဆိုင် မှ ပိုင်ရှင်ကလည်း ဤသို့ဆိုပါသည်။ `` ဒီနေ့နေ့လယ်(၁း၃၀)နာရီလောက်မှာ ဘေးက ရွှေဆိုင်ကကောင်မလေး အော်သံကို ကြားလိုက်ရပါတယ်။ သူအော်တာက ကြိုးတွေယူသွားတယ်..။ ကြိုးတွေယူသွားတယ် လုပ်ကြပါအုံးလို့ အော်တော့ ကျွန်တော်တို့က နားမလည်ဘူးဖြစ်သွားတယ်။ အဲဒီကောင်နှစ်ယောက်ကို မြင်လိုက်ရပါတယ်။ (၂)ယောက်ပါ။ ဆိုင်ကယ် ၁၂၅ (ရုပ်ဆိုး)နဲ့ လူနှစ်ဦးပါ။ တစ်ဦးက ဆိုင်ကယ်ပေါ်မှာအသင့်ရှိနေတယ်။ ဆိုင်ကယ်က ရွှေဆိုင်ရှေ့ကားနဲ့ ကွယ်နေပါတယ်။ တစ်ယောက်ကဆိုင်ထဲဝင်ပြီး ရွှေတွေလုယူ ထွက်ပြေးသွားတာပါ။ လူနှစ်ယောက်လုံးက အရွယ်တူတွေဖြစ်ပြီး ဂျင်းဘောင်ဘီတွေနဲ့ ပါ။ အဲဒီအချိန်က မီးပြတ်နေတော့ ရွှေဆိုင်ထဲက စီစီတီဗွီကလည်း မရိုက်လိုက်နိုင်ဘူးလို့ပြောပါတယ်။ ဒါပေမယ့် ဒီကောင်တွေက သူတို့ ဇမ္ဘူရာစ်ရွှေဆိုင်တွေကို ၀င်ထွက်လေ့လာနေတာ(၄/၅)ရက်တောင် ရှိနေပြီလို့ ကြားသိရပါတယ်..´´။ ဟု ၎င်းရွှေဆိုင်၏ အရှေ့ဘက်မှ အလှဘဏ် အမျိုးသားဆံပင်ညှပ်ဆရာ က မြန်မာပို့စ်ကိုပြောသည်။ ၎င်းရွှေဆိုင်မှာပိတ်ပြီး သက်ဆိုင်ရာသို့ သွားရောက်၍ အစစ်ခံထွက်ဆိုချက်များပေးနေကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ လည်း အပူတစ်ပြင်း လိုက်လံစုံစမ်းနေကြောင်း သိရှိရပါသည်။
 

0 comments: