
ဖေဖော်ဝါရီ(၁၂) ရက်နေ့ နံနက်(၉း၃၀)နာရီ မှ နေ့လည်(၃း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမတွင် သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ ညီလာခံအား ကံမမြို့နယ် NLDပါတီ ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် တို့ အဖွဲ့က ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ကြီးကြပ်ရေးအဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးအေးမြင့်၊ ဒေါက်တာခင်မောင်အေး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး ဥမှော်ဘီမြို့နယ် NLDပါတီ ဒု ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ သရက်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင် တို့အဖွဲ့ တက်ရောက်ကြောင်း သိရသည်။
သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရာတွင် ညီလာခံသို့ တက်ရောက်ခွင့်ရှိသူများ (၁၆၉)ဦးကို ဖိတ်ကြားထားကြောင်း၊ ယခု ညီလာခံသို့ တက်ရောက်လာသူများ(၁၀၆) ဦးတက်ရောက်သည့်အတွက် (၆၁.၇၁) ရာခိုင်နှိုင်းဖြစ်၍ ညီလာခံ အထမြောက်ကြောင်း သိရသည်။ ညီလာခံကျင်းပရေး အခန်းအနားတွင် သဘာပတိ အဖြစ် ဦးငြိမ်းအောင်အား ရွေးချယ်ကြသည်။ သရက်မြို့နယ် NLDပါတီ အလုပ်အမှုဆောင်များ ဥက္ကဋ္ဌ ဒေါ်သင်းသင်းမူ ပါ (၁၉)ဦး၊ ဗဟိုညီလာခံကိုယ်စားလှယ် ဒေါ်သင်းသင်းမူပါ(၃)ဦး၊ သရက်ခရိုင်ညီလာခံ ကိုယ်စားလှယ်များ ဦးကျော်ဝင်း ပါ (၁၅) ဦးတို့ကို ရွေးချယ်ကြောင်း သတင်းရရှိသည်။
ယခု သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရခြင်းမှာ ၂၀၁၃ ဇန်န၀ါရီ(၂၂)ရက်နေ့က ကျင်းပခဲ့သော သရက်မြို့နယ် NLD ညီလာခံ အားပယ်ဖျက်ပြီး ပြန်လည်ကျင်းပရန် မကွေးတိုင်း NLD ပါတီညီလာခံကျင်းပရေးကော်မရှင်မှ ဆုံးဖြတ်၍ ပြန်လည်ကျင်းပရသည်ဟု ဆို၏။ ပထမ အကြိမ် ညီလာခံကျင်းပစဉ်က သရက်မြို့နယ်အတွင်း ရပ်/ကျေးအုပ်စု(၅၆) အုပ်စုရှိသည့်အနက် (၃၄)အုပ်စုမှ ညီလာခံကိုယ်စားလှယ်ပေါင်း(၁၂၉) တက်ရောက်၍ (၅၀)ရာခိုင်နှုန်းကျော်သဖြင့် တရားဝင် ကျင်းပပေးခဲ့ကြောင်း၊ သို့သော် ကျန်နေသော ရပ်/ကျေး အုပ်စု (၁၂) စုက မကြေနပ်၍ တိုင်ကြားခဲ့ခြင်းကြောင့် ယခု (ဒုတိယ) အကြိမ် ညီလာခံကို ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း မင်းတုန်းမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးတင်ဝင်းမှ ပြောသည်။
0 comments:
Post a Comment