ပန်ချင်ပါလျှက် မခူးရက်ပါ.....

“ပန်ချင်ပါလျှက် မခူးရက်ပါ”
ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်


(၁)
သင်္ကြန်အကြို ဧပြီ(၁၃)ရက်။
အိမ်ရှေ့ ဗဟို မဏ္ဍပ်မှ သင်္ကြန်သီချင်းသံများကို ကြားရပြန်တော့ လွန်ခဲ့တဲ့ နှစ်က အတိတ် သင်္ကြန်ကို ပြန်လည် တမ်းတ လွမ်းနေရသူက “ချစ်နွယ်” ဆိုတဲ့ ကောင်မလေးပါ။ သူမသည် သေးသေးသွယ်သွယ် ကိုယ်လုံးကိုယ်ထည် လှလှပပ စကားသံလေးက ခတ်သွယ်သွယ် ကိုယ်လုံးကိုယ်ထည်လှလှပပ စကားသံလေးက ခတ်သွက်သွက်၊ ရယ်မောသံလေးက လောကထဲမှာရှိတဲ့ ယောက်ျားတွေကို စိန်ခေါ်ပြက်ရယ်ပြုသလိုလို ဆည်းလည်းသံစဉ်လိုလိုနဲ့ မော်ကြွားခဲ့သူ တစ်ဦးပါ။ သူ့ဘ၀၊ သူ့အလှ၊ သူ့ရဲ့ အပြုံးတွေရဲ့ နောက်ကွယ်မှာတော့..။ ပျော်သူတွေ ပျော်ခဲ့ကြရ၊ မော်ကြွားချင်သူတွေက မော်ကြွားခဲ့ကြ၊ ပူဆွေးသောကနဲ့ဘ၀ကို မျက်ကွယ်ပြုသူတွေက ဘ၀နဲ့စတေးသွားခဲ့ကြပါပြီ။ ယခုတော့အတိတ်က ပြင်လို့ မရတဲ့ ဘ၀နဲ့နောင်တ တရားနဲ့ ချစ်နွယ်ထံ သံသရာ တစ်ပတ်လည်ပြီး ပူဆွေးနေရပြီ မဟုတ်ပါလော။

(၂)
မချစ်နွယ်သည် အပျော်တမ်း တီးဝိုင်းတစ်ခုမှ အဆိုတော် တစ်ဦးဖြစ်ပြီး ၊ ဆရာ ဦးရေချမ်းသည် တီးဝိုင်း ခေါင်းဆောင်“ အဖေ ဆရာ ဦးရေချမ်း” ဟု အများက ခေါ်ကြပါသည်။ ဒီမြို့မှာ သင်္ကြန်ကျတိုင်း သူတို့ တီးဝိုင်း မပါရင် ပွဲမစည်ပါ။ ချစ်နွယ်တို့ကျတဲ့ မဏ္ဍပ်တိုင်းကို အမြဲလိုက်ကြည့်နေသူတွေက …ပညာရေး တက္ကသိုလ် ကျောင်းသားတစ်ဦး ကိုအောင်မိုးရယ် ပြင်ပ စီးပွားရေးသမား လူငယ်တစ်ဦး ကိုဝင်းမြတ်ဆိုတဲ့ကောင်လေး၊ ပြီးတော့ ချစ်နွယ်ကို အနီးကပ် အမြဲတွဲနေကြ သူငယ်ချင်း လင်းလင်းဆိုတဲ့ ယောက်ျားရှာမလေး တစ်ဦး၊ အဲဒီသုံးဦးလုံးကို အကွက်ကျကျ၊ ကျားကစားသလို ချစ်ယောင်ပြပြီး အလှည့်ကျ ချစ်တမ်း ကစားသူက ချစ်နွယ်ပါ။
ပတ်ဝန်းကျင်ကို စိန်ခေါ်ပြီး အရွဲ့တိုက်ချင်သလိုလို၊ သူများမြင်ကောင်းအောင် တွဲကြရသလိုလိုနဲ့ ရင်ထဲက (မသိစိတ်က) အိုချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိပြီး အားလုံးကို တစ်ဝက်စီ ချစ်မိနေသူကလဲ ချစ်နွယ်ပါပဲ။ ချစ်နွယ်ရဲ့ အတွင်းစိတ် (မသိစိတ်က) အမြဲကိန်းအောင်းပြီး ကြိတ်ချစ်ရတဲ့သူကတော့… “ ဆရာ ဦးရေချမ်း” တစ်ယောက်တည်းသာ ဖြစ်ပါတော့သည်။

(၃)
ဆရာ ဦးရေချမ်းက အသက်(၄၅)နှစ် ချစ်နွယ်က အသက်(၁၈)နှစ်။
သမီးနဲ့ဆရာ၊ ဆရာနဲ့သမီးအရွယ်၊ ဆရာဦးရေချမ်းက အနုပညာသည် တစ်ကိုယ်တည်း လူပျိုကြီးပါ။ အစစအရာရာ နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာတွေဟာ ချစ်နွယ်လေးကို အမြဲသွန်သင်ဆုံးမနေတဲ့သူက ဆရာ ဦးရေချမ်းပါပဲ။ ဆုံးမ စကားအပြင် ချစ်ကြောင်း၊ ကြိုက်ကြောင်း ပြောကြားတာ ကြားချင်နေသူက ချစ်နွယ်ကလေးပါ။ မိန်းမတို့ သဘာဝကို ရှေးစာဆိုပညာရှင်များက ဤသို့ ဆိုကြပါသည်..။
“ မိန်းမဟူငြားxxx သဘောအားဖြင့်xxx ယောကျာ်းတကာxxx ဆက်ဆံရာကြောင့် ပမာမယွင်းxxxx လှေနှင့်မျဉ်းလိုx စီးနင်းသူနောက်xxxxကောက်ကောက်ချည်းသာ ဆောင်ရာပါရှင့်
“ ရာဂကပ်ပွေ့---အကြိုက်သူတွေ့သော်xxxရှက်လေ့မရှိxxxxxထိုက္ကုတ္တိတို့xxxx တပ်မိမကွာxxxx မြှော့ပမာသို့ “ မိန်းမ ဟူသည် တိုရှည်မသိxxxxအလိုရှိတိုင်းxxxxထင်မိထင်ရာxxxx ပြုတတ်စွာကြောင့် ကုရာနတ္ထိ၊ ဆေးမရှိဘူးxxxx မိမိပညာxxxxသတိသာလျှင် xxxxမဟာ သြသဓဆေးမည်စွရှင့်”
“ရှေးပညာရှိတွေက အဲသလို ဆိုထားတယ်။ ချစ်နွယ်လေးရယ်၊ မင်းပညာ၊ မင်းအရွယ်လေးနဲ့ တင့်တင့်တယ်တယ်၊ သိက္ခာရှိရှိ လိမ်လိမ်မာမာ နေစမ်းပါ သမီးရယ်၊ ကောင်လေးတွေနဲ့ ရောထွေး ယှက်တင်တွဲနေတာကို လျှော့ပါ။”
ဆရာ ဦးရေချမ်း ပြောနေတာတွေက ဘ၀နီတိကျမ်း၊ ချစ်နွယ်လေး ကြားချင်တာ အချစ်ကျမ်း၊ ချစ်နွယ်လေး ကြားချင်တာက ဆရာနဲ့ သမီးရဲ့ အချစ်ဇာတ်လမ်း ပါစင်အောင် လွဲနေပေပြီ။ ဒါကြောင့် ဆရာ မကြိုက်တဲ့ ကိုအောင်မိုးနဲ့လည်း တွဲမည်၊ ကိုဝင်းမြတ်နဲ့အတူမခွဲ တစ်တွဲတွဲ အဖော်ပြုမည် ဆိုသော အရွဲ့တိုက်ချင်စိတ်နဲ့ ချစ်နွယ်လေးဟာ စိတ်သွားတိုင်း ကိုယ်ပါ ပြုလုပ်တာကတော့ ချစ်နွယ်ပါပဲ။ ကိုအောင်မိုးကလည်း ပြန်စာပေး၊ ချစ်လက်ဆောင် လက်ခံယူ၊ ကိုဝင်းမြတ်ကျပြန်တော့ ဓါတ်ပုံနဲ့ စာနှစ်စောင်ပေး၊ နာရီလက်ဆောင်ယူထား၊ လင်းလင်းနဲ့ကျပြန်တော့ အချိန်ပြည့် ဆိုသလို ခေါ်တွဲ။
တစ်ရက်ထဲမှာ နာရီလွှဲ၊ နာရီပြောင်းချိန်းတွေ့ လုပ်နေတာ၊ တစ်ဦးတည်းဇာတ်လိုက်လုပ်နေတာကတော့ ချစ်နွယ်ပါ။ အားလုံးနဲ့ တွဲပြီး သာယာနေသူကလည်း ချစ်နွယ်ပါ။
“ကေသရာဇာ ခြင်္သေ့မင်းတို့မည်သည် ဂူတစ်ခုမှာ နှစ်ကောင်မအောင်းသလို၊ မိန်းမသားဆိုတဲ့ အသဲနှစ်လုံးမှာလဲ နှစ်ယောက် အတူ မထားသင့်ပါဘူး ကလေးရယ်”။
ဆရာဦးရေချမ်းပြောစကားကို လုံးဝ နားမထောင်တော့ပဲ ပြေးထွက်သွားသူက ချစ်နွယ်။ ရင်မောပြီး ကျန်ခဲ့ရသူ ဆရာ ဦးရေချမ်း၊ ဘယ်သူတွေ လွမ်းကြရတော့မှာပဲ။
မဏ္ဍပ်ပေါ်က ဆရာဦးရေချမ်းဆိုရမယ့် ရှာပုံတော်မင်းသားကြီး သီချင်း အလှည့်ရောက်နေပြီ။ တီးလုံးသံစဉ်တွေက လေမှာ ပျံဝဲလာနေလျှက်….။
ပွဲခင်းထောင့် တစ်နေရာမှာ ဆရာဦးရေချမ်းမြင်သာအောင် ချစ်တင်းနှောပြနေသူကတော့ ချစ်နွယ်နဲ့ ကိုဝင်းမြတ်
ဆရာ ဦးရေချမ်း ရင်နာစွာဖြင့် သီချင်းတွေကို ခံစားချက်အပြည့်နဲ့ ဆိုနေလျှက်xxxxx။
****************
အချစ်ဆိုတာ ကစားစရာဆိုလျှင် ရူးသွားနိုင်ပါသည်၊ မှန်ပါ၏။ မချစ်နွယ် အယောင်ဆောင် ချစ်ဖော်တွဲတဲ့(ယောက်ျားရှာ) မကလေး လင်းလင်းဆိုတဲ့ ကောင်မလေး၊ ဆယ်တန်းစာမေးပွဲပြီးတဲ့ နွေဦးပေါက်မှာ အဆိပ်သောက်သေသွားသတဲ့လေ။ (ချစ်နွယ် တစ်ယောက် သစ္စာဖောက်လို့)သေသွားတာကို ကာယကံရှင် ချစ်နွယ်မှ တစ်ပါး မည်သူမျှ မသိလိုက်ကြပါ။ လင်းလင်း၏ အမေ ငိုပြောသံကြားရင်း ချစ်နွယ်တစ်ဦးတည်း ကြိတ်မှိတ်ပူဆွေးနေရပါချေပြီ။
“ ကြည့်စမ်းပါဦး သမီးရယ်၊ ချစ်နွယ်ရယ်၊ ညီးသူငယ်ချင်းက ညီးကို ဘယ်လောက်ချစ်သလဲ ကြည့်စမ်း၊ ညီးနဲ့ အတူတူ ရိုက်ထားတဲ့ ဓါတ်ပုံကို ရင်မှာပိုက်ပြီး၊ ဒီစာနဲ့ အတူ ရေးသားခဲ့တယ် ကြည့်စမ်းပါအုံးကွယ်”
“ကျွန်တော့်ကို ခွင့်လွှတ်ပါ အမေရယ်။ ကျွန်တော့်ဘ၀က ဘာမှ အသုံးမကျ၊ လူပိုကြီး၊ လူအတုကြီးပါ။ သစ္စာမဲ့တဲ့လူတွေနဲ့ မတွေ့ချင်တော့တာရယ်၊ ၁၀-တန်းစာမေးပွဲ မဖြေနိုင်တာရယ်တို့ကြောင့် လောကကြီးကို ရင်နာနာနဲ့ ခွဲသွားခဲ့ပါပြီလေ။ ကျွန်တော့်ကိုခွင့်လွှတ်ကြပါ။ နောက်ဘ၀ကျရင် ယောက်ျားစစ်စစ်ဖြစ်ပါရစေတော့ အမေရယ်”


လင်းလင်း

သေသူက သေသွားပေမယ့် ကျန်သူတွေကတော့ ဒေါသမုန်တိုင်းထပြီး လုံးဝမကျေနပ်နိုင်ပါ။ ဒီကိစ္စ တရားခံမှာ ချစ်နွယ်။ အဖြစ်မှန်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာက ကိုအောင်မိုးပါ။ ကိုအောင်မိုးသည် ချစ်နွယ်ကို ချစ်၏။ ချစ်နွယ် မျက်နှာများတာကိုသိ၍ စိတ်မချလို့ အမြဲ နောက်ယောင်ခံလိုက်၍ စုံစမ်းနေ၏။ တစ်နေ့တွင် ချစ်နွယ်က ကိုဝင်းမြတ်ထံ ဖုန်းဆက်ချိန်းသည်။ ယင်းကိစ္စအား ည ၁၂း၀၀ မှာ လာခဲ့ရန်၊ ပီစီအိုတယ်လီဖုန်းတစ်ခု မှ ကိုအောင်မိုး၏ သူငယ်ချင်း တယ်လီဖုန်း စာရေးမလေးက ယောက်ျားရှာမလေး လင်းလင်းနဲ့ ကိုအောင်မိုးကို ကြိုတင် အသိပေးလိုက်ပါသည်။
***************
၎င်းည ဧရာဝတီ တံတားကြီးအောက် ကမ်းစပ်တစ်နေရာမှာ ကြိုတင်ပြင်ဆင်ရောက်နေသူက ကိုဝင်းမြတ်။ အချစ်အတွက် ရဲဆေးတင်ရန် အရက်သောက်ထား၏။ ပါးစပ်မှလည်း အချစ်နတ်ပူးစကားတွေ တစ်တွတ်တွတ်ဆိုနေပေပြီ။
“ ကိုယ်တော့ မူးပြီ၊ ရူးပြီး ချစ်နွယ်လေးရေ၊ ဒီတစ်ခါ မင်း ကိုယ့်ဆီလာရင်တော့ ဒီကမ်းစပ် လှေပေါ်တင်ပြီး တစ်ပါတည်း ခေါ်သွားတော့မယ်။ ပျော်တယ် ပျော်တယ်…..”
အချိန်က ည၁၂း၀၀ နာရီ။ လမိုက်ည။
ညသည် ပိန်းပိတ်အောင် မှောင်နေ၏။ ကမ်းစပ်မှ ဧရာဝတီ မြစ်၏ လှိုင်းကြပ်ခွတ်တွေကလည်း ကိုဝင်းမြတ်ကို လက်ခုပ်သြဘာတီး ထောက်ခံနေ ကြသယောင်ဖြစ်၏။ ချစ်နွယ်ကိုယ်တိုင် ဖုန်းဆက်ခေါ်ထားတာဆိုတော့ ကိုဝင်းမြတ် အပြတ်ပျော်ပြီး မျှော်နေပေပြီ။ ဟော… စက်ဘီးကလေးနဲ့ ရောက်၍ လာချေပြီ။ လှုပ်လီလှုပ်လဲ့ မိန်းကလေးတစ်ဦး။ အကြံသမားကိုဝင်းမြတ် မျက်ကွယ်မှာ ပုန်း၍ တစ်အားဖက်ပြီး ဆွဲခေါ်သွားပါသည်။ ရုန်း၍ ကန်၍ ရင်ဆိုင်၍ ကြားရတဲ့ အသံက..။ ကိုအောင်မိုး သဲကွဲစွာ သိလိုက်ရပေသည်။
“ နွယ်လေး၊ နွယ်လေးကို မခွဲနိုင်ဘူး၊ နွယ်လေးကို ချစ်တယ်….အတူနေချင်လှပြီ၊ နွယ်လေး ဘာမှ မပြောနဲ့တော့…ကိုယ်နဲ့ လှေပေါ်ကို တပါတည်း လိုက်ခဲ့ပါတော့…အို မရုန်းနဲ့လေ…ကိုင်းကွာ…။”
ကိုဝင်းမြတ်၊ မိန်းကလေးရဲ့ ဇာတ်ပိုးကို တစ်အားရိုက်ချလိုက်ပါသည်။ မူးမူးရူးရူး သွေးဆူနေ၍ မည်သူ မည်ဝါခွဲ၍ မရနိုင်အောင်ရှိ၏။ ဘ၀ဆိုတာ တိုးတောင်းလှပေမယ့်၊ အမှားတစ်ခု ကျူးလွန်မိတိုင်း ပြန်ဖျက်၍ မရနိုင်ပါ။ ကိုအောင်မိုး ရင်နာစွာနဲ့ လမ်းလျှောက်၍ လှည့်ပြန်လာခဲ့ပေပြီ။ သက်ပြင်းတွေကို မှုတ်ထုတ်ရင်း မလှမ်းချင် လှမ်းချင် လျှောက်လာခဲ့၏။လမ်းထောင့် တစ်ခု ရောက်တော့ စက်ဘီးတစ်စီးကျော်တက်လာ၏။ သေချာကြည့်တော့ စောစောက စက်ဘီးကလေး။ ဇွတ်အတင်း တအားနင်းနေ၏။ သေချာပါသည်။ ဒါချစ်နွယ် စက်ဘီးပဲ ဖြစ်ရမည်။
“ ချစ်နွယ်…ချစ်နွယ်…ရပ်…မင်း…အို…အို…လင်းလင်း..”
ချစ်နွယ် စက်ဘီး စီး၍ နင်းလာသူမှာ ချစ်နွယ် လုံးဝမဟုတ်။ မျက်ရည်လည်ရွှဲနဲ့ ပြေးပြီုး စက်ဘီးကို ဒလကြမ်း နင်းသွားသူမှာ ယောက်ျားရှာ မလေး လင်းလင်း။
“ ဟေ့ လင်းလင်း ခဏနေဦးလေ..နေဦး။ ကိုအောင်မိုး ခေါ်သော်လည်း မရတော့ပါ။ သာ၍ သာ၍ ယခုတော့ ဘ၀ချင်း ခြားနား၍ ဝေးကွာကြပါရောလား။”
“ တောက် မိုက်ရိုင်းလိုက်တဲ့ ကောင်ကွာ၊ ငါ့မှာတော့ ချစ်နွယ်မှတ်ပြီး ရင်နာလွန်းလို့ ရှောင်ထွက်ခဲ့တာ”
ကိုအောင်မိုး တောက်ခေါက်သံ ရင်ထဲက ပြောနေတဲ့ စကားသံများ ပဲ့တင်ထပ်လျှက်..။
***************
ကိုအောင်မိုး ဒေါသကြီးစွာ ရင်နာစွာနဲ့ ချစ်နွယ်ကို လမ်းခွဲစကား ဆိုနေချေပြီ။
“ ဒီမှာ ချစ်နွယ်..မင်းက ဇာတ်ထဲက မင်းသားတွေ ပြောပြောရရင်..မြွေဟောက်လို လျှာနှစ်ခွနဲ့ လာသမျှ လက်ခံ၊ မျက်နှာ(၁၀)မျိုးနဲ့ ဒဿလို မိန်းမဆိုရင်တောင် မပြည့်စုံသေးဘူး၊ ငါတို့လို ယောက်ျားရင့်မာကြီးတွေကို လိမ်ညာလို့ အားမရသေးဘူး။ ဘ၀တူ မိန်းမ၊ ယောက်ျားရှာ မလေးတောင် မထားဘူး။ လိမ်ညာပြီး ချစ်တယ်။ ခုတော့ ဘ၀နဲ့ စတေးပြီး မသေသင့်ဘဲ သေသွားပြီ၊ အဲဒါ နင့်ကောင်…၀င်းမြတ် ယုတ်မာမှုကြောင့် ငါရဲစခန်းကို သတင်းပို့ခဲ့ပြီ။ နင့်ကောင်လဲ လင်းလင်းအမှုရော လောင်းကစားမှုနဲ့ရော ရဲကဖမ်းသွားပြီ။ မင်းလို ချစ်ဟန်ဆောင်တတ်တဲ့ မိန်းမနဲ့လည်းငါ လမ်းခွဲ ခဲ့ပါတယ်။ မင်းဘာမှ မပြောနဲ့၊ ငါမကြားချင်ဘူး၊ သစ္စာမဲ့သူတွေနဲ့ မတွေ့ချင်တော့ဘူး။”
ကြောင်သည် အသက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြွက်သေတာက အဓိက မဟုတ်ပါလား၊ ကိုအောင်မိုး တစ်ယောက် ချစ်နွယ်ကို ပြောဆို ကျောခိုင်းသွားချေပြီ။ ချစ်နွယ် တစ်ယောက် ပါးစပ်ဟောင်းလောင်းဖြင့် ငေးမော၍ ကျန်ခဲ့လေသည်။ ချစ်နွယ်မှာ အဲဒီညနေက ဆရာ ဦးရေချမ်းကို အရေးပေါ် ဆေးရုံတင်ရ၏။ ဆေးရုံကို လိုက်လာပြီး လင်းလင်းမှာ လက်ညိုးတစ်ထိုး ထိုးလာပြီး ရန်တွေ့ရှာတယ်။
“ ဒီမှာ ချစ်နွယ်….ညီးကောင်ကို အပြတ်ဖြတ်ပါဆိုတာ၊ ညီးချိန်းထားတယ်ဆိုတော့၊ ဒီကိစ္စငါသွားပြီး အပြတ်စာရင်းရှင်းမယ်။ တစ်သက်လုံး ကလေးဘ၀ထဲက ညီးနားမှာ မားမားမတ်မတ် ရပ်တည်ပြီး ပြုစုယုယပြီး ချစ်လာခဲ့တာပါ။ င့ါကို သနားပါဟယ်။ ငါတကယ်ယောက်ျား မဟုတ်လို့လားဟင်”
ကိုအောင်မိုးရဲ့ ဒေါသစကားရယ်၊ လင်းလင်း နောက်ဆုံး ပြောသွားတဲ့ သနားစရာ စကားတွေရယ်ကြောင့် ချစ်နွယ် မျက်ရည်တွေ စီးပြီး နောင်တ တရားရနေပါပြီ။ ဒါပေမယ့် ပြင်၍ မရတော့တဲ့ နောင်တတွေပါလား။

(၄)
သင်္ကြန် အတက်နေ့ည။
ဆရာကိုရေချမ်းတို့ တီးဝိုင်း ဒီနေ့ သင်္ကြန် မဏ္ဍပ်ပိတ်ပွဲ နှုတ်ဆက်ပွဲဆိုတော့ သံစဉ်တီးဝိုင်း တစ်ဖွဲ့လုံး မြိုင်မြိုင်ဆိုင်ဆိုင် တက်တက်ကြွကြွ မြူးတူးစွာ တီးခတ်သီဆိုနေကြပေပြီ။
ချစ်နွယ်သည် ဆရာကိုရေချမ်း မျက်နှာကို ခိုး၍ခိုး၍ ကြည့်ရင်း ကြည်နုးနေမိ၏။ ရင်ထဲကလည်း ဆရာကိုကြည့်ပြီး အသံတိတ် စကားတွေ ပြောနေမိပါသည်။
“ ဆရာရယ်၊ သမီးလေ ဆရာ့ဆုံးမစကား နားမထောင်ဘဲ အရွဲ့တိုက်ခဲ့မိပါတယ်။ သမီးရဲ့ရင်ထဲ မှာစပြီး နေရာယူ သံယောဇဉ်တွယ်တာ ပေးခဲ့မိတာက ဆရာပါ။ ဆရာက အချစ်မျက်လုံးကြီးနဲ့ တအားစိုက်စိုက်ကြည့်ပြီး နေခဲ့တယ်လေ။ ဆရာ့ပါးစပ်က ဘာကြောင့် ဖွင့်မပြောတာလဲဟင်။ ဆရာ ညာတယ် သိလား၊ ယခုတော့ မိန်းကလေးက စပြောရမှာလား ဆရာရယ်…သမီးလေ ဆရာ မကြိုက်တာတွေ ဒီနေ့က စပြီး ဘာမှ မလုပ်တော့ပါဘူး။ အဲဒါ ဆရာ့ကိုချစ်နေလို့နော် သိလား…ဆရာကြီး”
လူငယ်တို့အချစ်သည် လွတ်လပ်ပွင့်လင်းစွာ ချစ်တတ်ကြ၏။ စိတ်သွားတိုင်း ကိုယ်ပါကြ၏။ချစ်နွယ်တစ်ယောက် စံပယ်ပန်းထုပ်ကလေးနဲ့
“ ဒီနေ့က စပြီး ဆရာ့စကားကို နားထောင်ပါတော့မယ် ဆရာရယ်။”
တိုတောင်းပြီး ပြတ်တောင်းလှစွာသော စာတိုလေးတော့ ထည့်ပေးခဲ့ပေပြီ။
ဆရာကိုရေချမ်း၊ ချစ်နွယ်၏ စာနှင့် ပန်းထုတ်ကလေးကို လက်နှင့် ပွေ့နမ်းပြီး တိုက်ပုံအင်္ကျီအိတ်ထဲတွင် ထည့်ထားလိုက်သည်။ ဆရာကိုရေချမ်းသည် တီးဝိုင်းသို့ ဆေးရုံ တက်ရင်း ခေတ္တလာ၍ သီဆို တီးခတ်ပေးနေရခြင်း ဖြစ်၏။ ညအပြန် ချစ်နွယ်နှင့် အဖွဲ့သားများအားလုံး ဆေးရုံသို့ ဆရာကိုရေချမ်းကို ပြန်ပို့ပေးခဲ့ရပါသည်။
ယနေ့နှစ်ဆန်းနှစ်ရက်နေ့မှာ ဆရာကိုရေချမ်း ဆေးရုံမှ ဆင်းရက်ဖြစ်ပါ၏။ ချစ်နွယ်သည် ဆရာ ကိုရေချမ်း ကြိုက်နှစ်သက်တဲ့ အင်္ကျီအဖြူရောင် လက်ရှည်နှင့် ချိတ်ယောဂီရောင် ထမီကလေးဖြင့် သပ်သပ်ရပ်ရပ် မြန်မာ မိန်းကလေး ပီသစွာ ပြင်ဆင်၍ ဆရာ ကိုရေချမ်းရှိရာ ဆေးရုံအခန်းသို့ အပြေးဝင်ပြီး ကြိုရှာခဲ့ပါ၏။
ပြောင်းလဲခြင်း တရားတို့၏ သဘာဝများသည် မြန်ဆန်သွက်လက်လှပါတကား၊ အခန်းတွင်းဝယ် ဘာဆိုဘာမှ တစ်ခုမှ မရှိ။ စားပွဲခုံသေးသေးကလေးပေါ်တွင် တင်ထားတာကတော့ ချစ်နွယ် လွန်ခဲ့တဲ့ ရက်က ပေးခဲ့တဲ့ စံပယ်ပန်းခြောက်ထုပ်ကလေးနဲ့စာရွက်ဝါကျန်ကျန် စာနှစ်စောင်။ ယင်းတို့က ချစ်နွယ်ကို ဆီးကြိုနေလျှက်..။ ချစ်နွယ်လက်များ တုံယင်စွာဖြင့် မျက်ရည်တွေ ယိုစီးပြီး စာတွေကို ဖတ်နေမိလေသည်။
ပထမစာ
“ သမီး ချစ်နွယ်ရေ၊ ဆရာ ပြောတာ မရဘဲ၊ သမီးချစ်သူတွေ ထည်လဲတွဲစဉ်ကစပြီး ကဗျာလေး ရေးထားပြီး မင်းကို ဆရာချစ်မိနေတာပါ”
“ ဇရာအို ငိုခြင်း ”
အရွယ်မတူ၊ စံပယ်ဖြူကို၊ ချစ်ခဲ့မိလို့၊ ကျွမ်းလုလုအသဲတွေနဲ့ အမြဲစိတ်မချနိုင်၊ ငါက အကဲပိုနေရင်လည်း အပိုပါပဲ၊ ချစ်သူလေးတို့ လူငယ်ရွယ်တူတွေက ထာဝရ လက်တွဲ ပြုံးပျော်နေကြမှာပါ။ င့ါအသဲ ဇရာအိုကြီးကတော့ သချိုင်းကုန်းသွားဖို့သာ ပြင်ဆင်ပေးလိုက်ရင်၊ သူတို့အတွက် အကောင်းဆုံး ဖြစ်မှာ မလွဲ….ဒို့ ခွဲခွာသွားပါပြီ--ချစ်သဲ” ဆရာ့ကို ခွင့်လွှတ်ကြပါ။
ဒုတိယစာ
ချစ်နွယ်လေး ဒီစာဖတ်ရတဲ့အချိန်ဟာ ဆရာနဲ့ ဘယ်လိုမှ ဆက်သွယ်မှု မရတော့တဲ့ အချိန်ပါ။ ဆရာ့ကို မုန်းမေ့လိုက်ပါတော့ကွယ်။ ချစ်နွယ်လေးရယ်။ ဆရာ ဆေးရုံစတက်ပြီး နောက်နေ့မှာ ဆေးစစ်တဲ့ ဆေးစာ လက်မှတ်ရခဲ့ပါတယ်။ ဒီဆေးစာကပဲ ချစ်နွယ်လေးနဲ့ ဆရာ့ကို ဘ၀ခြားဖို့ ဆုံးဖြတ်ပေးလိုက်တာပဲ။ ဆရာ့မှာ(AAA)တဲ့ဗျာ။ ဆရာထိတ်လန့်ပြီး ဘုရား တလိုက်မိတယ်ကွယ် ဆရာ့ ဘ၀ဟာ ယခုအချိန်အထိ(ကိုယ်ကျင့်သီလနှင့် တူသော အားကိုးရာဟူသည်မရှိ) ဆိုတဲ့ ဘုရားစကားကို လိုက်နာလာခဲ့တာပါ။ ဘယ်က ဘယ်လို ရမှာလဲ။ ဆရာဝန်ကို မေးကြည့်တော့ ဆရာ ဆံပင်ညှပ်ရင် တစ်ခါသုံးဓါးကို မသုံးတဲ့ ဈေးပေါပေါဆိုင်မှာ ဆံပင်ညှပ်မိပါလိမ့်မယ်။ အဲဒီဓါးက ကူးနိုင်ကြောင်း၊ ဆရာဝန်က ခန့်မှန်း အဖြေပေးခဲ့ပါတယ်ကွယ်။
တစ်ခါသုံးဆေးထိုးအပ် မသုံးတဲ့ ဆေးခန်းတွေမှာ ယခင်ဆေးထိုးခဲ့ရင်လည်း အဲဒီ ရောဂါ ကူးစက်နိုင်ကြောင်း ထပ်ပြီး ပြောပါသေးတယ်။ ချစ်နွယ်လေးရေ။ ဘ၀ဆိုတာ ပန်းပမာ မကြွေ ခင်သာလန်း၊ ကြွေပြီးတော့လဲ နွမ်းသွားကြမှာပါ။ ဒို့ဘ၀က မကြွေခင်ကတည်းက ခပ်နွမ်းနွမ်း၊ သာမန်လူတွေနဲ့ စည်းဝိုင်းခြားသွားပြီး ချစ်နွယ်လေးပေးတဲ့ အချစ်ကို ရင်မှာ သိမ်းထားပြီး မင်းပေးတဲ့ စံပယ်ပန်းခြောက်တွေ ပြန်ယူသွားပါ။ မင်းကို ပေးထားခဲ့တဲ့ စာထဲကလို ဒို့ရင်မှာ ငို၍ ဝေးရာဆီသို့ ပြေးသွားပါရစေတော့၊ ရင်ထဲမှာ အရှင်လတ်လတ် လမ်းခွဲလိုက်ပါပြီ ကိုယ့်ရင်ထဲက နွယ်လေးရယ်။

ဆရာ။


အချိန်ကာလမှာ တစ်နှစ်တင်းတင်းပြည့်၍ ယခုနှစ်သင်္ကြန် ပြန်ကျနေပေပြီ။ သင်္ကြန်မဏ္ဍပ်မှ ဆရာသီဆိုခဲ့သည့် ရှာပုံတော်မင်းသားကြီး သီချင်းသံ တီးလုံးနဲ့အတူ ဆရာ့ကိုလွမ်းပြီး တမ်းတနေရသူကတော့ ချစ်နွယ်ပါ ဆရာရယ်။
ဆရာ့သီချင်းသံကြားတိုင်း မျက်ရည်တွေ ၀ိုင်းလို့၊ လွမ်းနေရပါပြီ ဆရာရယ်၊ ဆရာပြောခဲ့တဲ့ “ ဘ၀ဆိုတာ ပန်းပမာ” လို့ ဆိုခဲ့ပြီး။ ပန်းကို ပန်ချင်ပါလျှက်နဲ့ ပန်းမချွေခဲ့သူက ဆရာပါ။ ဆရာသမီးကို ချစ်ပါလျှက်နဲ့ မခံချင်စိတ်တွေကြောင့် အရွဲ့တိုက်ပြီး အချစ်သစ်တွေ အစားထိုးရှာခဲ့မိလို့ အချစ်ရူးကြီးလည်းဖြစ်၊ အားလုံးအတွက် မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းကြီးလည်း ဖြစ်ခဲ့ရပါပြီ။(ဘယ်သူမပြု မိမိမှု)ဆိုသလို ၊ သမီးရဲ့ ရင်ထဲမှာ သောက အချစ်မီးတွေ တမြေ့မြေ့ လောင်ကျွမ်းခံစားနေရပါပြီ။ ယခုလို သမီးကို ထားခဲ့ပြီး ဆရာ ခွဲသွားခဲ့တာ တစ်နှစ်ကျော် ကြာသွားခဲ့ပြီနော်။ “အင်း..သမီးကလည်း အစကနဦးရင်ထဲက ဆရာ့ကို ချစ်ခဲ့ပါလျှက်နဲ့၊ ဆရာ့ရဲ့ အချစ်အသဲပန်းကို သတ္တိရှိရှိနဲ့ ဦးဦးဖျားဖျား(ပတ်ဝန်းကျင်ကို စိန်ခေါ်ပြီး) မခူးဆွတ်ရဲခဲ့တာ သမီးရဲ့ အမှားပါ ဆရာရယ်။ ရောက်ရာအရပ်၊ ရောက်ရာဘ၀မှာ ဆရာကြားသိနိုင်ပါစေ၊ နောက်ဘ၀ဆိုတာများ တကယ်ရှိခဲ့ရင်လေ..ဆရာရဲ့ အချစ်ဦး အချစ်ထူးဘ၀နဲ့သာ၊ တူနှစ်ကိုယ်ပြုံးပျော်ပြီး၊ ထာဝရ လက်တွဲ သွားနိုင်ပါစေတော့..လို့ ယခု ဘ၀က ဆုမွန်ချွေပြီး လိုက်ခဲ့ပါရစေနော်ဆရာ…။



ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) မှ
ပြန်လည်ဖေါ်ပြအပ်ပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ပန်ချင်ပါလျှက် မခူးရက်ပါ..... ini dipublish oleh shwelannwelanwinkyi pada hari Monday, June 1, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ပန်ချင်ပါလျှက် မခူးရက်ပါ.....
 

0 comments: